ကပ်ကြီးသုံးပါး နှနှစ်ပုဒ် 🖊 မောင်စွမ်းရည်

ဆရာကြီးမောင်စွမ်းရည် နှစ်ပုဒ်တွဲ။ မောင်စွမ်းရည် - ကပ်ကြီးသုံးပါး ကြုံဖူးတယ် (မိိုးမခ) ဧပြီ ၁၂၊ ၂၀၂၀ (နေရာတကာဂျာနယ်အွန်လိုင်း ကနေ ယူပါတယ်) အသက်တရာမနေရတောင် အမှုတရာတော့ ကြုံရတတ်ပါတယ်တဲ့။ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုစဉ်စကားတရပ်ပါ။ မှန်လိုက်တာ ကျနော်တို့များလဲ အသက်တရာနားနီးခဲ့ပြီဆိုတော့ အမှုတရာမက ကြုံခဲ့ရပြီပေါ့။ “ကပ်ကြီးသုံးပါး” တဲ့ ငယ်စဉ်ကတည်းက စွဲရတဲ့ စကားစုတရပ်ပါပဲ။ လူကြီးမိဘတွေကို ကန်တော့ရင် “ကပ်ကြီးသုံးပါး ကျော်နင်းနိုင်သူ ဖြစ်ပါစေ” ဆိုတာ ကြားရလေ့ရှိပါတယ်။ ကျွန်တော်တို့ကလည်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တဲ့။ ဒါပေမယ့် ကပ်ကြီးသုံးပါးဆိုတာ ဘာမှန်းညာမှန်း မသိခဲ့ဘူး။ ကိုယ်သိတာက ဝါးကပ်နဲ့ ကတ်ကြေးပဲ သိတာကိုး၊ လူကြီးသူမတွေ “ကျော်နင်း” စေချင်တဲ့ ကပ်ဆိုတာ မြေကြီးပေါ်မှာ ချပြီးကျော်နင်းရတဲ့ ကပ်လို့ပဲ ထင်ခဲ့တာပေါ့။ ဘုန်းတော်ကြီးများကလဲ “ဒုဗ္ဗိက္ခန္တရကပ်”၊ “သတ္တန္တရကပ်”၊ “ရောဂန္တရကပ်” တဲ့၊ ပါဠိလိုပဲ ဟောတယ်။ ကပ်ကြီးသုံးပါးက ကိုယ့်အပေါ်ကျော်နင်းသွားခဲ့တာတောင် ဘာဖြစ်လို့ ဘာဖြစ်မှန်း သိလိုက်တာမဟုတ်ဘူး။ ကျောင်းနေတော့ ဆရာဆရာမအချို့က အမေးအမြန်းထူတာ ကို သိပ်မကြိုက်လှဘူး။ ကိုယ်တိုင် ဆရာဖြစ်လာတော့လည်း တပည့်က မေးလာမ...