ဝါးရင်းတုတ် 🖊 မန်းတင်

ဝါးရင်းတုတ်
••••••••••••••••

မန်းတင်

အတန်ငယ်မိုးချုပ်မှ မောင်ပြုံးချို ရုံးမှပြန်လာလေသည်။

"ဒီနေ့ တယ်မိုးချုပ်ပါလား။ ဒါလောက်တောင် အလုပ်တွေလုပ်လို့ ဘွဲ့ထူး ဂုဏ်ထူးတွေလည်း ရမှာ မဟုတ်ပါဘူး"

သူ့ဇနီးက အိမ်၀မှ ကြို၍ နှုတ်ဆက်လေသည်။

"ရတာ မရတာ အပထား၊ ၀တ္တရားကျေအောင်တော့ လုပ်ရတာပဲ ရှင်မရဲ့။ ဒီနေ့တော့ အမတော်ကြေးတွေ ထုတ်ပေးရတာက တမျိုး၊ ရာဇ၀တ်မှုတွေ ချိန်းထား တာကများတော့ နည်းနည်း မိုးချုပ်သွားတယ်ကွဲ့"

မောင်ပြုံးချိုက လေပြည်လေး မှုတ်လိုက်သည်။

"အလကားပါ၊ ဒီအလုပ်လည်း မမက်မောပါနဲ့တော့၊ အိမ်နေရတာ မရှိဘူး။ ပင်ပန်းလိုက်တာလည်း လွန်ရော၊ အလုပ်သာ ထွက်လိုက်ပါ မောင်ရယ်။ အခုနေအခါ ဝါးရင်းတုတ် ရောင်းစားတာက ဟန်ပါလိမ့်မယ်"

"ဟင် ဘယ့်နှယ့် ဝါးရင်းတုတ် ရောင်းစားရမလဲ။ ပြောစမ်းပါဦး အလုပ်ထွက်တန်လည်း ထွက်ရတာပေါ့"

"အခု ဝါးရင်းတုတ်တွေ သိပ်ခေတ်စားနေတယ်။ ဟောဒီ သတင်းစာတွေ ဖတ်ကြည့်"

သူ့ဇနီးသည် သတင်းစာများကို လှမ်းပေး၍ အတွင်းခန်းသို့ ၀င်သွားလေသည်။

မောင်ပြုံးချိုသည် သူ့ဇနီးလှမ်းပေးလိုက်သော သတင်းစာများကို လှန်လှောကြည့်ရှူနေစဉ် ဝါးရင်းတုတ်ဈေးကောင်းမည့် အရိပ်အယောင် အတိတ်နိမိတ်များကို တွေ့ရလေ၏။

' အလံနီနှင့် အလံဖြူ ကွဲပြီ '

' အလံနီက ပုလိပ်ကို ရိုက်ခြင်း '

' အလံနီကို ပုလိပ်က ရိုက်ခြင်း '

' ပြည်သူ့ရဲဘော်နှင့် အလံနီရိုက်ပွဲ '

' အလုပ်သမား အချင်းချင်း ဝါးရင်းတုတ်ပွဲ ဆင်ခြင်း '

' ဂဠုန်ဦးစော၏ ဝါးရင်းတုတ်တပ် ဖွဲ့စည်းပြီးစီးခြင်း '

မောင်ပြုံးချိုသည် သတင်းစာ အသီးသီးတို့မှ ဝါးရင်းတုတ်သံများကို ကြားနာရင်း လာဘ်မြင်လှသည့် ဇနီးသည်အား ချီးကျူးမိလေသည်။ စီးပွားရေးဆိုသည်မှာ နိုင်ငံရေးကို အယောင်ပြ၍ ရှာကြရသည်ကိုလည်း သတိမူမိသည်။ အမျိုးသားအောင်ပွဲနေ့များတွင် အလံရောင်းသူများ စီးပွားဖြစ်ပုံ၊ ဗိုလ်ချုပ်ဆေးပြင်းလိပ်၊ လွတ်လပ်ရေးမုန့်ထုပ်ကြီးတို့ကိုလည်း သတိရမိလေသည်။

ဟုတ်သည် မှန်သည်။ ဝါးရင်းတုတ်တွေ ခုတလော အလွန် အသုံး၀င်နေသည်။ ဝါးရင်းတုတ်သည် တို့မြန်မာတို့ စွဲကိုင်အပ်သော လက်နက်ပေတကား။ အလောင်းဘုရား လက်ထက်က ဝါးရင်းတုတ်နှင့် အနိုင်ယူခဲ့သည် မဟုတ်ပါလား။ ဦးစောလည်း ဝါးရင်းတုတ်နှင့်ပင် တန်ခိုးထွားခဲ့သည်တကား။

ယခုလည်း နေ့စဉ်သတင်းစာတွေထဲတွင် ဝါးရင်းတုတ်တွေ အစွမ်းပြနေပုံကို မကြာခဏ တွေ့ရသည်။ မိမိဇနီး ပြောသကဲ့သို့ ဝါးရင်းတုတ်ဆိုင်ကြီးတည်ရသော် ကောင်းလေစွ။ အရင်းလည်း နည်းသည်။ ငွေ၀င်လမ်းလည်း ဖြောင့်မည်။ မောင်ပြုံးချို၏ အတွင်းသန္တာန်တွင် ဝါးရင်းတုတ်ဆိုင် ဖွင့်လိုစိတ်တို့ဖြင့် ပြည့်လျှမ်းနေလေသည်။

◾◾◾

ရန်ကုန် ကုန်သည်လမ်းရှိ ခမ်းနားသည့်အဆောက်အအုံကြီးရှေ့တွင် 'ဝါးရင်းတုတ် ကုမ္ပဏီ' ဟူသော ထည်ဝါသည့် ဆိုင်းဘုတ်ကြီးကို တွေ့နိုင်ပါသည်။ ဆိုင်ရှေ့တွင်လည်း ထန်းလုံးလောက်ရှိသည့် ဝါးရင်းတုတ်ကြီးကို ကြော်ငြာအဖြစ်ဖြင့် ထောင်ထားသည်ကို တွေ့ရမည်။ 'ဝါးရင်းတုတ် အမျိုးမျိုး လက်လီလက်ကား ရနိုင်ပါသည်' ဟူသော ဆိုင်းဘုတ်လေးတခုကိုလည်း တွေ့ရသည်။ အတွင်းသို့ ၀င်သွားလျှင် ဝါးရင်းတုတ်အစားစားကို သူ့အခန်းနှင့်သူ စီရရီ လှပစွာ ဆင်ပြင်ထားသည်ကိုလည်း တွေ့ရလေသည်။ ဝါးရင်းတုတ်အမျိုးအစားတွေကလည်း စုံလှပါသည်။ အချို့ဝါးရင်းတုတ်များမှာ ဝါးရင်းတုတ်အစစ်များ ဖြစ်သည်။ အချို့မှာကား အင်းသားကို သုံးတောင်ခန့်ဖြတ်၍ အဖျားရှူးသည့် ချောမေ့ွသောတုတ်များ ဖြစ်လေသည်။ အချို့ကျွန်းသား၊ အချို့ပျဉ်းကတိုးသားများနှင့် ပြုလုပ်ထားလေသည်။

အခန်းတခုအတွင်း၌ စားပွဲတခုတွင် ထိုင်နေသူကား ကုမ္ပဏီပိုင်ရှင် ဦးပြုံးချို ဖြစ်လေသည်။ အခြားစားပွဲတွင် လက်နှိပ်စက် ရိုက်နေသူကား သူ့ဇနီး ဒေါ်တင်မကြီး ဖြစ်လေသည်။

"တင်ရဲ့၊ တို့သာယာ၀တီက သခင်နီ့ဆီ စာရေးလိုက်ပါဦး။ အခေါင်းမပါတဲ့ ကြခတ်ဝါး နှစ်တွဲလောက် ဒီလမကုန်မီ အရောက်ပို့ပါလို့"

ဦးပြုံးချိုက သူ့ဇနီးကို လှမ်း၍ ပြောလိုက်လေသည်။

"အမယ်လေး ရေးလိုက်ရတဲ့ စာကလည်း လွန်ပါရော။ ကျောအောင့်လှပြီ။ နက်ဖြန်ခါမှ ရေးတော့မယ်။ အခု ကျွန်းသားတုတ် မှာစာတောင် ရေးမပြီးသေးဘူး"

သူ့ဇနီးက ကျောကိုကော့ရင်း ပြန်ပြောလေသည်။

"သည်းခံပါ ရှင်မရာ၊ အခုလည်း လက်နှိပ်စက် စာရေးမလေးတွေ ရှာနေတုန်းမို့ပါ"

"အမယ်၊ ဒီတိုက်မယ် လက်နှိပ်စက်စာရေးမတွေ မထားရဘူးဆရာ။ ကိုယ် ပင်ပန်းရင် ပင်ပန်းပါစေ။ ကြည့်စမ်း သူ သိပ်ဉာဏ်များတာပဲ။ စာရေးမလေးတွေ နောက်ပိုးချင်ပြီ ထင်တယ်။ မရဘူး။ ဟင်း ဒါပဲ"

တင်မကြီးသည် နှုတ်ခမ်းစူ၍ မျက်စောင်းခဲလိုက်လေသည်။

' ဝါးရင်းတုတ်၊ ဝါးရင်းတုတ် '

' တိုင်းလုံးကျော်တဲ့ ဝါးရင်းတုတ် '

' ယိုးဒယားကို နိုင်ခဲ့တဲ့ ဝါးရင်းတုတ် '

' တချက်ထိရုံနှင့် မဏိကွဲမည့် ဝါးရင်းတုတ် '

' ကျွန်တော်တိ့ုတိုက်မှ အထူးစီမံ လုပ်ကိုင်ထားသော ဝါးရင်းတုတ်များကို သုံးကြည့်စမ်းပါ။ မည်မျှ လက်ဆကောင်း၍ လူတစ်ဦးခေါင်းကို ဖြောင်းခနဲ မြည်အောင် ခွဲနိုင်ကြောင်း သိရှိရပါလိမ့်မည်။ '

အထက်ပါကြော်ငြာများကို နေ့စဉ်သတင်းစာများတွင် မကြာခဏ တွေ့ရှိနိုင်ပါသည်။ မြန်မာသတင်းစာများကလည်း မြန်မာကုမ္ပဏီကြီးတခု ဖြစ်ထွန်းကြီးပွားလာသည်ကို တွေ့ချင်မြင်ချင်ကြသော အာသာဆန္ဒ ပြင်းပြလှသောကြောင့် မောင်ပြုံးချိုတို့ ကုမ္ပဏီအား အထူးအရေးပေး မြှောက်စားကြသည်။

' ယမန်နေ့ညက သာယာ၀တီခရိုင် ပေါက်တောစုကျေးရွာတွင် အရှေ့ကျောင်း ဘုန်းတော်ကြီး၏ ဒကာများနှင့် အနောက်ကျောင်း ဘုန်းတော်ကြီး ဒကာများ ရိုက်ကြရာ၊ အရှေ့ကျောင်းဘက်မှ လူပေါင်းငါးဆယ်ခန့် ဒဏ်ရာရရှိ၍ အနောက်ကျောင်းဘက်မှ သူငယ်တစ်ယောက်သာ ပွန်းပဲ့သွားသည်ဟု သိရှိရကြောင်း။ အနောက်ကျောင်းဘက်မှ ပါ၀င်ရိုက်နှက်သူများသည် မြန်မာအမျိုးသား ဦးပြုံးချိုပိုင် ဝါးရင်းတုတ်ကုမ္ပဏီမှ ရှားနှစ်တုတ်များကို အသုံးပြုကြသည်ဟု သိရှိရကြောင်း။'

ထိုကဲ့သို့ သတင်းမျိုးကို သတင်းစာများက ထည့်သွင်းဖော်ပြပေးရာ ဝါးရင်းတုတ်ကုမ္ပဏီကြီးသည် တဖြည်းဖြည်း နာမည်ကြီးလာလေသည်။ နာမည်ကြီးလာသည့်အားလျော်စွာ ဝါးရင်းတုတ်ဆိုင်ကြီးတွင်လည်း ၀ယ်သူတွေနှင့် တိုးမပေါက်အောင် စည်ကားလာလေရာ ဦးပြုံးချိုသည် အလုပ်သမားပေါင်း မြောက်မြားစွာနှင့် အလုပ်ကို တိုးချဲ့လုပ်ကိုင်ရလေသည်။

ဦးပြုံးချိုသည် သူ့အခန်းကလေးတွင် အထူးအလုပ်များလျက်ရှိသည်။ အပြင်တွင်လည်း ဝါးရင်းတုတ်၀ယ်ယူသူတွေနှင့် ပြည့်နှက်လျက်ရှိသည်။ သူတို့ စကားပြောသံတွေကလည်း ဆူညံလျက်ရှိသည်။

လူငယ်တယောက်သည် ဖိနပ်သံပြင်းပြင်းနှင့် ဦးပြုံးချို အခန်းတွင်းသို့ ၀င်လာလေသည်။

"ဦးပြုံးချို ဆိုတာ ခင်ဗျားလား"

လူငယ်က ခပ်ဆတ်ဆတ် မေးလေ၏။

"ဟုတ်ပါတယ်"

ဦးပြုံးချိုက ခပ်အေးအေး ဖြေ၏။

"ကျုပ်တို့ တပ်ဖွဲ့အတွက် ဝါးရင်းတုတ် ၅၀၀ လိုချင်တယ်"

"ရပါစေ့မယ်"

"ဘယ်ဈေးလဲ"

"တစ်ချောင်း နှစ်ကျပ်၊ ငါးရာဆိုတော့ ၁၀၀၀"

"ကောင်းပါပြီ၊ ဒီလမကုန်ခင် လိုချင်တယ်"

"ရပါစေ့မယ်"

လူငယ်သည် စရန်ပေးပြီးနောက် ထွက်သွား၏။

သူငယ်မတစ်ယောက် လုံချည်တိုတို အင်္ကျီီလက်မောင်းပင့်လျက် ၀င်လာပြန်သည်။

"ခုတင်က ဟိုလူ ဝါးရင်းတုတ် ဘယ်လောက် မှာသွားသလဲ"

"ငါးရာ"

ဦးပြုံးချိုက ဖြေ၏။

"ကျွန်မတို့ အမျိုးသမီးတပ်ဖွဲ့အတွက် ၁၅၀၀ မှာချင်တယ်။ ရှားနှစ်တုတ်၊ အရင်းတုတ်တုတ် လိုချင်တယ်"

"ကောင်းပါပြီ၊ ရပါစေ့မယ်။ တစ်ချောင်းကို သုံးကျပ်ကျမယ်"

"ကိစ္စမရှိပါဘူး၊ လုပ်ထားပါ၊ ရော့ စရန်ငွေ တစ်ထောင်"

မိန်းမပျိုထွက်သွားပြီးနောက် ပုလိပ်အရာရှိတစ်ယောက် ၀င်လာပြန်လေ၏။

"ဦးပြုံးချိုဆိုတာ ဦး လား"

"မှန်ပါတယ်"

"ကျွန်တော်တို့ ပုလိပ်အဖွဲ့ကြီးအတွက် အနံနှစ်တောင်၊ အရင်း နှစ်လက်မ၊ အဖျား တစ်လက်မခွဲရှိတဲ့ ပျဉ်းကတိုးသားတုတ် လိုချင်ပါတယ်"

"ဘယ်လောက်ယူမလဲ"

"သုံးထောင်"

"ပျဉ်းကတိုးသားက ရှားတယ်၊ ဒီတော့ ဈေးနည်းနည်းကြီးလိမ့်မယ်"

"အမိန့်ရှိပါဦး"

"တစ်ချောင်း ငါးကျပ်"

"လုပ်သာလုပ်ပါ၊ ကျွန်တော်တို့မယ် ရန်ပုံငွေ တောင့်ပါတယ်"

"မောင်တို့မယ် နံပါတ်တုတ်တွေ ရှိသားပဲ"

"အဲဒါတွေက တိုတယ်။ လက်ဆ မကောင်းဘူး။ ကျွန်တော်တို့ဟာ တကယ့်လွတ်လပ်ရေးကို အမိအရတိုက်နေတဲ့ လူထုပုလိပ်တွေပါ။ ဒီလို လွတ်လပ်ရေးလမ်းကြောင်းမယ် အနှောင့်အယှက်လုပ်တဲ့လူတွေ အဲဒီ ပျဉ်းကတိုးသားတုတ်နဲ့ နှက်ရမှာပဲ"

သူ ထွက်သွားပြီးနောက် လူငယ်တစ်ယောက် ၀င်လာကာ အလျားလေးတောင်ရှိ ဝါးရင်းတုတ်စစ်များကို လာမှာပြန်သည်။ ထိပ်တွင် သံချွန်များ တပ်ပေးရန်ကိုလည်း တိုးတိုးညွှန်ကြားလေသည်။

ဦးပြုံးချိုသည် အထူး၀မ်းသာလျက် ရှိတော့သည်။ မှာထားသော ဝါးရင်းတုတ်များကိုလည်း ရက်ချိန်းတွင် အဆင်သင့်ဖြစ်ရန် အထူးကြိုးပမ်းလျက် တပည့်လက်သား စုံလင်စွာနှင့် လုပ်ကိုင်လျက်ရှိသည်။ ချိန်းရက်တွင် ဝါးရင်းတုတ်အသီးသီးကို သက်ဆိုင်ရာ အသင်းအဖွဲ့များသို့ အပ်လိုက်ပြီးသော် ရရှိသော ငွေပေါင်း မြောက်မြားစွာတို့ကို ဘဏ်တိုက်သို့ အပ်နှံရန် ကားကြီးကို ကိုယ်တိုင်မောင်း၍ ထွက်လာစဉ် အတွင်း၀န်ရုံးအနီးသို့ ရောက်လာသောအခါ ဆူညံသော အသံများကို ကြားရလေသည်။ သူသည် လမ်းထောင့်တခုတွင် ကားကိုရပ်၍ အရိပ်အခြည်ကို ကြည့်နေစဉ် လက်၀ဲဘက်မှ အလံပေါင်းမြောက်မြားစွာကို လွှင့်ထူ၍ ချီတက်လာသော လူထုကြီးကို တွေ့ရလေသည်။ သူတို့သည် ကြွေးကြော်သံအမျိုးမျိုးကို အော်ဟစ်လာကြလေသည်။

ထိုစဉ်တွင် လက်ယာဘက်မှ ချီတက်လာသော အလားတူ လူထုကြီးကို တွေ့မြင်ရပြန်သည်။ သူတို့လည်း အလံအမျိုးမျိုးကို လွှင့်ထူ၍ ကြွေးကြော်သံအမျိုးမျိုးကို ဟစ်ကြွေးလာကြလေသည်။ ကြည့်နေစဉ်ပင် တပ်ဦးနှစ်ခု ဆုံမိကြရာ နှစ်ဖက်သောလူထုသည် ဆူညံသောအသံများကို ပြုကာ တဖက်နှင့် တဖက် ရိုက်ကြလေတော့သည်။ သူတို့လက်ထဲတွင် ပါလာသော ဝါးရင်းတုတ်အမျိုးမျိုးတို့နှင့် တစ်ဦးကိုတစ်ဦး အသနားအညှာတာ ကင်းမဲ့စွာ ဦးခေါင်းများကို ရိုက်ခွဲကြကုန်သည်။ မောင်ပြုံးချိုသည် မိမိဆိုင်မှ ဝါးရင်းတုတ်တို့၏ စွမ်းရည်ကို အကဲခပ်ကြည့်ရှူနေစဉ် ဖြောင်ဖြောင်မြည်သော အသံတို့သည် ပဲ့တင်ထပ်လျက် မြေပေါ်တွင် သွေးရဲရဲ သံရဲရဲနှင့် အတုံးအရုံး လဲကြကုန်သည်။

"ဟင် ဘယ့်နှယ်ပါလိမ့်။ နှစ်ဖက်စလုံးက 'လွတ်လပ်ရေး၊ လွတ်လပ်ရေး' နဲ့ အော်နေတယ်။ အော်နေတာချင်းတူလျက်နဲ့ ဘာပြုလို့ ရိုက်နေကြပါလိမ့်"

သူ့အနားတွင် ရပ်နေသော အမယ်အိုကြီး တစ်ယောက်က ညည်းညူလေသည်။

ဦးပြုံးချိုသည် သူ့ကို လှည့်ကြည့်၍ မျက်နှာလွှဲလိုက်ကာ ရိုက်ပွဲကိုပင် ကြည့်မြဲ ကြည့်နေပြန်လေသည်။ ထိုကဲ့သို့ တဖြောင်းဖြောင်း ရိုက်နေကြစဉ် ပုလိပ်တို့သည် အလျှိုအလျှို ထွက်ပေါ်လာကြပြန်ကာ နှစ်ဖက်သော လူထုကြီးကို ပျဉ်းကတိုးတုတ်နှင့် ရိုက်ခွဲကြပြန်လေသည်။

လူထုကြီးကလည်း ပြန်လှန်ခုခံကြရာ ပုလိပ်ရော လူထုပါ ထွေးလုံးရစ်ပတ်လျက် အတုံးအရုံး လဲကုန်ကြလေသည်။ မောင်ပြုံးချိုလည်း အထိတ်တလန့်ဖြစ်ကာ ကားပေါ်မှ ဆင်း၍ အနီးမှ အမယ်အိုကြီးကို သတိရသဖြင့် လှည့်ကြည့်ရာ သူသည် ထိပ်ကွဲ၍ လဲနေသည်ကို တွေ့ရလေသည်။ သူသာမက မောင်ပြုံးချိုအနားရှိ လူအပေါင်းတို့သည် တစ်ယောက်မကျန် ထိပ်အက်လျက် ပက်လက်တမျိုး မှောက်လျက်တဖုံ သွေးအိုင်ထဲတွင် လဲနေကြသည်ကို တွေ့ရလေ၏။ မောင်ပြုံးချိုသည် အနီးအနား ပတ်၀န်းကျင်ကို လှည့်ကြည့်လိုက်ရာ အထူးတုန်လှုပ်ချောက်ချားသွားလေသည်။ မကြာသေးမီက အသံကုန်အော်ဟစ်နေသူအပေါင်းသည် ဝါးရင်းတုတ်ကိုယ်စီနှင့် အတုံးအရုံး လဲနေကြလေသည်။ ပတ်၀န်းကျင်တခုလုံးသည် လူသေတို့ စွန့်ပစ်ရာ သုသာန်တစပြင်ကြီးနှင့် တူနေလေသည်။ သူသည် ငွေထုပ်ကြီးကို ပိုက်ကာ တွေေ၀လျက်ရှိစဉ် လေယာဉ်အုပ်ကြီး ပျံသန်းလာသကဲ့သို့ အသံများကို ခပ်သဲ့သဲ့မျှ ကြားရလေရာ ငွေထုပ်ကြီးကို ပစ်ချကာ မြောင်းထဲသို့ ဆင်း၍ ၀ပ်နေလေသည်။ သူကြားနေရသော အသံများသည် တစတစ နီးကပ်လာလေရာ ကျယ်ကျယ်၍ လာလေသည်။ နောက်ဆုံး၌ မောင်ပြုံးချို၏ ဦးခေါင်းထက်သို့ ရောက်ရှိလာလျက် '၀ုန်း ၀ုန်း' ဟူသော အသံများကို ကြားရလေရာ ဗုံးချနေပြီဟု အောက်မေ့ကာ မျက်နှာမဖော်ရဲအောင် ရှိလေသည်။ အတန်ကြာသောအခါ အသံငြိမ်သွား၍ အမှတ်တမဲ့ ကြည့်လိုက်ရာ လေယာဉ်ပျံများကိုကား မမြင်ရ။ သိန်းသန်းမက မရေတွက်နိုင်သော လင်းတအပေါင်းတို့သည် အတုံးအရုံး လဲနေကြသည့်ခန္ဓာကိုယ်တို့ပေါ်တွင် ရပ်နားထိုးဆိတ်နေကြသည်ကို တွေ့မြင်ရလေသည်။ ထိုအခါကျမှ သူကြားရသော အသံကား လင်းတတို့၏ အတောင်ပံသံဖြစ်၍ '၀ုန်း ၀ုန်း' ဟူသော အသံကား မြေသို့ ထိုးဆင်းချသော အသံဖြစ်ကြောင်းကို သိရှိရလေသည်။

သူသည် ထိုနေရာမှ "ကမ်ဘာကြီး ပျက်စီးတော့မည်။ ကမ်ဘာကြီး ပျက်စီးတော့မည်" ဟု လောကဗြူဟာ နတ်သားကဲ့သို့ အသံကုန် ကြွေးကြော်ရင်း တဟုန်ထိုး ပြေးလေတော့သည်။ တစ်လမ်းလုံး ဝါးရင်းတုတ်ဒဏ်ရာနှင့် ဟက်တက်ပြဲကာ ခန္ဓာကြွေနေကြကုန်သော အာဇာနည်အပေါင်းကိုပင် ဦးညွှတ်ကာ အရိုအသေ မပြုနိုင်တော့ဘဲ ခုန်ကျော်ပြေးလွှားနေလေသည်။ သူသည် အမောဆိုက်မတတ် မရပ်မနား ပြေးလွှားနေသော်လည်း လမ်းပေါ်တွင် အဖော်ဟူ၍ တစ်ယောက်မျှ မတွေ့ရကား စိတ်အားငယ်လာလေသည်။ ဝါးရင်းတုတ်ဒဏ်ရာဖြင့် တစ်မျိုးလုံးပင် ပြုတ်ပြုတ်ပြုန်းကုန်ပြီလော။ တစ်မျိုးလုံးပင် လင်းတတို့၏ အစာ ဖြစ်ကုန်ပြီလော။ သူသည် သည်းတုန်အူတုန် ယူကျုံးမရ ဖြစ်လာလေသည်။ ထိုအချိန်တွင် လမး်ဘေးတိုက်ကြားထဲမှ လူတစ်ယောက်သည် အလံကြီးကိုကိုင်၍ ထွက်လာကာ မောင်ပြုံးချိုအား အလံတိုင် ဝါးရင်းတုတ်နှင့် တအားလွှဲရိုက်လိုက်ရာ ရှောင်ကောင်းသဖြင့်သာ ထိပ်မကွဲဘဲ ပခုံးကို ထိလေသည်။

◾◾◾

"အမယ်လေးဗျ"

မောင်ပြုံးချိုသည် အလန့်တကြား အော်မိလေသည်။

"ဘယ့်နှယ် ဖြစ်နေတာလဲ။ ညနေကြီး အိပ်နေလိုက်တာ ထပါ။ ရေချိုးပြီးရင် ထမင်းစားကြမယ်"

မောင်ပြုံးချို၏ ဇနီးသည် ပခုံးကိုပုတ်၍ နှိုးလေသည်။ ထိုအခါကျမှ မောင်ပြုံးချိုသည် သတင်းစာတွေ တပုံကြီး ပေါင်ပေါ်တင်လျက် အိပ်ပျော်နေရာမှ ကယောင်ကတမ်း ထကာ ရေချိုးခန်းရှိရာသို့ လှမ်းလေသည်။

သူသည် ခပ်သွက်သွက် ရေချိုးပြီးလျှင် ထမင်းပွဲရှိရာသို့ ရောက်လာလေသည်။

ထမင်းပွဲတွင်ကား ခဲဖွယ်ဘောဇဉ်တို့ကို သူမမြင်နိုင်။ အိပ်မက်ထဲမှ ဝါးရင်းတုတ်များ၊ ထိပ်ဟက်တက်ကွဲများနှင့် လင်းတများကိုသာ မြင်ယောင်နေတော့သည်။

စင်စစ်အားဖြင့် မောင်ပြုံးချိုသည် အလုပ်မှထွက်၍ ဝါးရင်းတုတ်ဆိုင်လည်း မတည်ထောင်ရသေးပါ။ အချင်းချင်းလည်း အိပ်မက်ထဲမှာကဲ့သို့ အကြီးအကျယ် မရိုက်သတ်ကြသေးပါ။ ဂိဇ္ဈကုတ်တောင်မှ သိန်းသန်းမက မြားမြောင်လှစွာသော လင်းတအပေါင်းတို့လည်း တို့မြန်မာများ၏ အသားအသွေး အူသည်းအစုံတို့ စားသုံးသောက်မျိုရန် မရောက်လာကြသေးပါ။

မန်းတင်

(ဂျာနယ်ကျော် ၁၉၄၇ ဖေဖော်ဝါရီ)

ဆရာ မန်းတင်ရဲ့ မြို့ပိုင်မောင်ပြုံးချို ၀တၳုတို ပေါင်းချုပ်ထဲမှ ကူးယူ ဖော်ပြသည်။

”ကာရန်မဲ့ အတွေးစများ” ဘလော့ဂ်ကနေ ကူးယူပါတယ်။

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်