အိုင်ကမ်း ယူဂိုး ရက်(စ်) နိုး 🖊 သာဓု
အိုင်ကမ်း ယူဂိုး ရက်(စ်)နိုး
••••••••••••••••••••••••••••••
သာဓု
၁၉၇၀ ခုနှစ်လောက်ဆီက ဖိုင်တွဲကြီးနှင့် ဖိတ်စာတစ်ခု သာဓု ထံ ရောက်လာ၍ ကြည့်လိုက်သောအခါ ပညာရေးနှင့် ပတ်သက်သော စာပေဆွေးနွေး နှီးနှောဖလှယ်ပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း ဖြစ်နေသည်။ သာဓု အလွန် ပြောချင်နေသော ပြဿနာဖြစ်၍ ဝမ်းသာသွားသည်။ တက်ဖြစ်အောင် တက်ခဲ့သည်။ ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးသည်။ အခြားသော အကြောင်းအရာများကို အရင်တင်ပြလျှင် ရှည်နေမည်ဖြစ်၍ လိုရင်း အင်္ဂလိပ်စာကိစ္စကိုသာ သာဓု ဖော်ပြပါတော့အံ့။
”ကျောင်းပြဇာတ်နဲ့ ပတ်သက်လို့ ဆွေးနွေးခွင့်ရတဲ့အတွက် သက်ဆိုင်ရာ ဖိတ်ကြားသူများကို အထူးပဲ ကျေးဇူးတင်လှပါ တယ်၊ သာဓု တင်ပြဆွေးနွေးချင် တဲ့အချက်ကတော့ သူ့ကျွန် ဘဝမှာ သာဓုတို့ငယ်ငယ်က ကျောင်းမှာ သရုပ်ဆောင်ခဲ့ရတဲ့ ပြဇတ်ဆန်ဆန် အင်္ဂလိပ်လို ကွန်ဆတ်သဘောမျိုးပါ၊ ပလေး မဟုတ်ပါဘူး”
”ဒါတောင် ကွန်ဆတ်လို့ အတိအကျ မပြောဘဲ “ကဲလာကြ၊ ဒီနေ့ မုန့်ဖုတ်တမ်း ကစားရအောင်” ဆိုပြီး၊ အင်္ဂလိပ်စကားနဲ့ မုန့်မျိုးစုံ အမည်များ သင်ပေးပါတယ်၊ ပေါင်မုန့်ဖုတ်တဲ့သူကို
ဘာခေါ်တယ် စသည်ဖြင့် အင်္ဂလိပ်လိုချည့် သင်၊ အင်္ဂလိပ်လို ချည့် ပြောရပါတယ်။ ရောင်းသူက ဈေးနှုန်းပြောနည်း၊ ဝယ်သူက ဈေးဆစ်နည်း စသည်ဖြင့်ပေါ့ ဗျာ၊ ဒါတင်မက ဒီမုန့်က
ဘာနဲ့ လုပ်တာလဲ၊ သကြားပါသလား၊ ထောပတ်မုန့်လား၊ ချိ(စ်)ကော ရောထားသေးသလား၊ ဘယ်လိုဂျုံမျိုးနဲ့ လုပ်တာ လဲ၊ ဂျုံကြမ်းလား၊ ဂျုံနုလား၊ စပျစ်သီးခြောက်လည်း ပါတယ်၊ ဗာဒံသီးလည်း ပါတယ်၊ ပြီးတော့ ဒီမုန့်က စတော်ဘယ်ရီယို အထဲမှာ ဌာပနာထားပါတယ် စသည်ဖြင့် အင်္ဂလိပ်စကားနဲ့ ချည်း ပြောရဆိုရတော့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဆိတ်သားမုန့်၊ အသားညှပ်မုန့်၊ ငါးညှပ်မုန့်ဆိုတာတွေ နောကျေသွားကြတော့ မုန့်တိုက်တွေ ဝင်သွားတဲ့အခါ အရောင်းစာရေး အင်္ဂလိပ် အစစ်ရော ကပြားတွေကိုပါ အင်္ဂလိပ်လိုရေရေလည်လည် ပြော နိုင်သွားပါတယ်”
“ပြီးတော့ သိမ်မွေ့ချိုသာစွာ ပြောဆို ဆက်ဆံရေးကိုပါ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားနဲ့ အဆုံးသတ်သင်ပေးမလို့
အဲ အဲ အဲဒီစနစ်သာ ခုတိုင်ရှိနေမယ်ဆိုရင် ပြည်သူ့ဆိုင်၊ သမဝါယမဆိုင်က အရောင်းဈေးသည်တွေဟာ လူတိုင်းကြိုက် တဲ့ နှင်းဆီခိုင်တွေ ဖြစ်နေမှာပဲ”
”အဲ ဘယ်အတန်းမှာ သင်သလဲမေးရင် သုံးတန်း လေး တန်း လောက်မှာပါ၊ ပြီး အဲဒီတုန်းက ဆရာမတွေဟာ အင်မတန် စေတနာ ကောင်းကြပါတယ်၊ မုန့် အကြောင်းစုံ သင်ရုံသာမကဘဲ ကဗျာလေးပါရွတ်ပြီး မြက်မြက်ကလေး သင်ကြား ပေးလိုက်ပုံကတော့”
"Never say die
Never tell a lie
Never put your finger
in another man's pie"
“ကဲ အဲဒီအဓိပ္ပာယ်ကတော့ ကျွန်တော် ရှင်းပြစရာ မလိုပါ ဘူး၊ ခု ကြွလာကြကတည်းက သိနေကြပါပြီ၊ မုန့်အကြောင်း ကဗျာဆိုပေမယ့် သင်ခန်းစာအတုယူစရာ ပါနေတာလည်းတွေ့ ကြရပါလိမ့်မယ်၊ အဲသလို ကဗျာရွတ်ရာမှာလည်း “ကွန်ဆတ်” သဘောမျိုးလိုလို ဟန်နဲ့ သရုပ်နဲ့ လုပ်ကြ ရွတ်ကြရပါတယ်၊ ပျော်စရာလည်း သိပ်ကောင်းပါတယ်”
“အဲ နောက်ဆယ်ရက်ကြာရင် တစ်ခါ အင်္ဂလိပ်ဘာသာသင် ချိန် ရောက်ပြီဆိုရင် မှတ်ဉာဏ် ကောင်းရေးအတွက် သာဓက မော်နီတာဖြစ်လို့ သေတ္တာလွတ်တစ်ခု ရှာခဲ့ရပါတယ်။ အဲဒါ
ကျောင်းသူကျောင်းသား လေးဆယ်လောက်ဝိုင်းရပ်ပြီး သေတ္တာ ကို အလယ်မှာ ချထားရပါတယ်၊ ဆရာမက တစ်ယောက်ယောက်ကို နာမည် ခေါ်လိုက်ပြီဆိုရင် မူလက သင်ထားတဲ့ အတိုင်း
“ကျွန်မ ဒီသေတ္တာထဲမှာ ဖောင်တိန်တစ်ချောင်း ထည့်ထားပါတယ်” လို့ ပြောပြီးတာနဲ့ လက်ယာရစ်အတိုင်း နောက်တစ်ယောက်က ပထမဦးဆုံး ထည့်ထားတဲ့ပစ္စည်း ဖောင်တိန်ရယ်၊ ခဲတံရယ် အဲသလို ကိုယ်ထည့်ချင်တာကို နောက်ဆုံး ထားပြီး ရွတ်ဆိုရပါတယ်၊ အဲဒီလိုနဲ့ ဆယ်ယောက်မြောက်
ကျောင်းသာအလှည့် ရောက်တဲ့အခါဆို သူ ချွေးပြန်ပါလေရော၊ ဘာကြောင့်လဲဆိုတော့ ပထမ ဖောင်တိန်ရယ်၊ ခဲတံရယ် စသ ဖြင့် သူ့ရှေ့က ထည့်သွားတဲ့ ကိုးမျိုးစလုံးကို အစဉ်လိုက် ရွတ် ဆိုနိုင်ရမယ်၊ နောက်ဆုံးမှ သူထည့်ချင်တာ ထည့်ရပါတယ်”
”အဲဒီတုန်းက သာဓုဆိုရင် မော်နီတာလည်းဖြစ်၊ စာလည်း တော်တယ်ဆိုပြီး နောက်ဆုံး နံပတ်လေးဆယ်နေရာမှာ ရပ်နေ ရတော့ သေချင်အောင် မှတ်သား ထားရပါတယ်၊ တကယ်လို့ တစ်ဆယ့်ငါးယောက်မြောက်က မမှတ်မိ မရွတ်ဆိုနိုင်ရင် သူ အပြင်ထွက် ဒူးထောက် နေရပါလေရော၊ အဲ ဆယ့်ခြောက်
ယောက်မြောက်က ဆက်ရွတ်ရပါတယ်၊ တစ်ခါတစ်လေ ဆယ့်ကိုးယောက်မြောက်လောက်က မဖြေနိုင်ဖြစ်သွားတာ အမှတ် ၄၀ သာဓုဆီ ရောက်လာပါလေရော၊ ရွတ်တဲ့အခါလည်း ရွတ် နိုင်၊ ဒူးထောက်တဲ့အခါလည်း ထောက်ရ၊ ပျော်စရာ ကောင်းရုံ မက အခေါ်အဝေါ်တွေပါ အင်္ဂလိပ်လိုချည်ရွတ်ရလို့ သားရေ ဖိနပ်၊ ရွက်ထည်ဖိနပ်၊ ဖိနပ်ကြိုး၊ လက်ပတ်နာရီ၊ အိတ်ဆောင် နာရီ၊ တိုင်ကပ်နာရီ၊ နှိုးစက်နာရီ၊ ဆပ်ပြာဘူး၊ ဖန်ခွက်၊
ရေချိုင့်ပါမကျန် အင်္ဂလိပ်လို ခေါ်တတ် မှတ်မိသွားပါတယ်၊ ဒါလည်း ကွန်ဆက်လို သဘောမျိုးပါပဲ၊ ခုခေတ်တော့ ကလေး ပြဇတ် ပေါ့ခင်ဗျာ”
”သာဓုဟာ ငယ်ငယ်ကတည်းက အင်မတန် စပ်စုတတ်ပါ တယ်၊ မသိတာရှိရင် ချက်ချင်းမေးတတ်ပါတယ်၊ တစ်ခါက အဲသလို သဘောမျိုး ဟင်းသီးဟင်းရွက် ရောင်းတမ်းကစား ကြပြီး နေ့လယ် မုန့်စားလွှတ်တော့ အတန်းပိုင်ဆရာမက “ဒီနေ့ ဘာပလေးလည်းဟေ့” လို့ မေးတော့ သာဓု ကြောင်သွား ပါတယ်။ “မမ၊ ဘာ “ပလေး” ကို ပြောတာလဲလို့ ပြန်မေးတော့မှ ဆရာမက မင်းတို့ အင်္ဂလိပ်စာပြဆရာမက ဈေးရောင်းတမ်း၊ အင်္ကျီချုပ်တမ်း၊ ရတနာသေတ္တာပစ္စည်း ထည့်တမ်းဆိုပြီး စာ သင်တယ်မဟုတ်လား၊ အဲဒါကို အင်္ဂလိပ်လို “ပလေး” လို့ခေါ် တယ်” “ဟင် တီချာကတော့ ကွန်ဆတ်လို့ ပြောတယ် မမ” ‘သြော် အေး အေး၊ “ပလေး” လို့ တီချာမသင်တာ တခြား
ကြောင့်မဟုတ်ဘူး၊ မင်းတို့က အတန်းလည်း ငယ်သေးတယ်၊ ဦးနှောက်လည်း နုသေးတယ် မဟုတ်လား၊ ခုဆိုရင် (Play) ဆို တာကို ကစားတာလို့ပဲ မင်းတို့သိတယ် မဟုတ်လား၊ ပြဇာတ် ကိုပါ ”ပလေး” လို့ သုံးလိုက်ပြောလိုက်ရင် မင်းတို့ ခေါင်းရှုပ် သွားမှာစိုးလို့ ထင်ပါရဲ့၊ စကားလုံးမထပ်အောင် ကွန်ဆတ်လို့ ပြောင်းပြီးပြောတာ ဖြစ်လိမ့်မယ် တဲ့”
”အဲသလောက်အထိ ကလေးများရဲ့ ဦးနှောက်အခြေအနေကို ကြည့်ပြီး စေတနာထားကြတာ တွေ့ရပါတယ်၊ သူ့အရွယ်နဲ့ သူ့စကား အနုအရင့်ကိုပါ ရွေးသင်ကြပါတယ်”
”အဲသလိုနဲ့ ပလေးလို သဘောမျိုး ကဗျာ လင်္ကာတွေနဲ့ ဘာသင်သေးသလဲဆိုရင် ဟင်းသီးဟင်းရွက် ရောင်းတာဝယ်တာ၊ အခေါ်အဝေါ်၊ အိမ်ဆောက်တမ်း ကစားတဲ့အခါလည်း လက်သမား၊ ပန်းရံဆရာ၊ သစ်သား၊ အုတ်၊ အင်္ဂတေ၊ ထုံး၊ သဲ၊ စူး၊ ဆောက်၊ လွှ၊ လက်တွန်းလှည်း၊ တံခါး၊ ကလန့် စတဲ့ ပစ္စည်းတွေရဲ့ အင်္ဂလိပ်လို အခေါ်အဝေါ်၊ အဲသလို ကစားရင်းနဲ့ သင်ပေးတာ သာဓု ငါးတန်း ရောက်တော့ အင်္ဂလိပ်ကော်မစ် စာအုပ်တွေ၊ ချာလီချက်ပလင် ကာတွန်း၊ ဘတ် စတီကီးကွန်း၊ ဟာရိုလွိုက်လောရယ်နဲ့ ဟာဒီ၊ တာဇံ၊ မစ်ကီမောက် ဆိုတဲ့ စာအုပ်တွေ မွှတ်နေအောင် ဖတ်တတ်နေပါပြီ”
“ခုတော့ အင်္ဂလိပ်စာကို ငါးတန်းကျမှ စသင်တယ်ဆိုတာ ဘာရည်ရွယ်ချက်လို့ စဉ်းစားလို့မရခဲ့ပါဘူး၊ မြန်မာစာကို ဦး စားပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဆိုရင်လည်း ဒီသူငယ် တန်းက ငါးတန်းအထိ ဘယ်လို မြန်မာစာတွေကို ဦးစားပေး နေပါသလဲ၊ အင်္ဂလိပ်စာကို အထင်ကြီးသွားမှာ စိုးလို့လား၊ စိုးရိမ်မှုဟာလည်း မမှန်ပါဘူး၊ ဘယ်လိုပဲ အင်္ဂလိပ်စာကို အထင်ကြီးပြီး မြန်မာပြည်မှာ နေကြသရွေ့ကတော့ သုံးချင် တိုင်း နေရာတကာ သုံးလို့မရပါဘူး”
”အမှန်ကတော့ အင်္ဂလိပ်စာဟာ တတ်ကို တတ်ထားသင့်တဲ့ ဘာသာရပ် ဖြစ်ပါတယ်၊ ဥပမာ သာဓုဆိုရင် ရုပ်ရှင်နဲ့ ပတ် သတ်သ၍ ပညာယူစရာ၊ ဖတ်စရာ မြန်မာစာအုပ် မရှိပါဘူး၊ ကင်မရာတို့၊ ရီကော်ဒါတို့၊ ဓာတ်ပုံကူးဆေးပညာတို့ပါ မကျန် အင်္ဂလိပ် စာအုပ်ကိုပဲ အားကိုးနေရပါတယ်၊ တရုတ်ရော၊ ရုရှရော၊ အင်္ဂလိပ်စာ အင်္ဂလိပ်စကားနဲ့ မကင်းပါဘူး၊ သီးခြားကို သင်တန်းဖွင့် သင်ကြား ပေးနေကြပါတယ်၊ ကမ်ဘာသုံးစကား ဖြစ်လို့ ကမ်ဘာသိအောင် လုပ်ချင်သမျှ အင်္ဂလိပ်လိုရေးပြီး ထုတ်ဝေနေကြရပါတယ်”
”အခုဆိုရင် ဂျပန်တွေဟာ စစ်ကြိုခေတ်ကထက် အင်္ဂလိပ် စာစကားကို မွှတ်နေအောင် တတ်ရုံမက သူတို့ပစ္စည်း ကြော် ငြာရာမှာ အမေရိကန် အင်္ဂလိပ်တွေပါ လက်ဖျားခါ နေရပါ တယ်၊ သူတို့ ကုန်ပစ္စည်းတွေဟာလည်း အင်္ဂလိပ် အမေရိကန် ဆန်ဆန် နာမည်ပေးပြီး ထူးထူးခြားခြား ကြော်ငြာတတ်လို့ ကမ်ဘာ့စီးပွားရေးမှာ တတိယနေရာကို ရောက်နေပါပြီ၊ တကယ်
လို့ ဂျပန်တွေဟာ အင်္ဂလိပ်စကားကို ဟုတ်တိပတ်တိ မတတ်ရင် ဘယ်လိုကြော်ငြာရေးမလဲ၊ အင်္ဂလိပ် အမေရိကန် စာအုပ်တွေ ဘယ်လိုဖတ်ကြမလဲ”
“နောက်ဆုံး ကျွန်တော်မေးချင်တာ ခု ငါးတန်းရောက်မှ အင်္ဂလိပ်စာ စသင်ဖို့ စနစ်သစ်ထွင်တဲ့ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ် များခင်ဗျာ၊ လူကြီးမင်းတို့ကော အခု အင်္ဂလိပ်စာနဲ့ ကင်းနိုင် နေပါပြီလား၊ ဘယ်လိုအကြောင်းကြောင့် လက်ရှိ ကလေးတွေ အပေါ်မှာ အင်္ဂလိပ်စာ တွန့်တိုနေပါသလဲ၊ ငါးတန်းရောက်မှ အရွယ်ထောက်နေမှ အေ ဘီ စီ ဒီ ဆိုတာတွေ၊ စီအေတီ ကတ် ဆိုတာတွေ သင်နေရ တော့ ဒီကလေးတွေ မရှက်ပေဘူးလား၊ တတ်တတ် မတတ်တတ် အတန်းနဲ့ အသက်အရွယ်နဲ့ လိုက်အောင် တွန်းသင်တဲ့စနစ်ဟာကော နည်းလမ်းမှန်ပါရဲ့ လား၊ ခုခေတ်ကလေးတွေ အင်္ဂလိပ်စာ တဖုတ်ဖုတ်ကျနေတာနဲ့ ပတ်သက်လို့ ”အိုင်ကမ်း-ယူဂိုး-ရက်စ်နိုး” နဲ့ အချိန်ကုန်နေတာနဲ့ ပတ်သက်လို့ သင်တဲ့ ဆရာ ဆရာမတွေချည်း အပြစ်ဖို့လို့ မရပါဘူး၊ ယခုခေတ် ငါးတန်းကျောင်းသား ကျောင်းသူ ကိုး နှစ်ဆယ်နှစ်အရွယ်ရောက်မှ သူငယ်တန်းအဖြစ် မြန်မာစာသင် ပြီး စမ်းကြည့်ရင် အဖြေပေါ်လာပါလိမ့်မယ်”
“ကလေးတွေရဲ့ နောင်ရေးကိုတွေးပြီး စိတ်မောလွန်းလို့ သာဓု ပြောတာပါ၊ လူကြီးမင်းများကို ကျွန်တော် ကန်တော့ပါတယ်၊ မှားတာပါရင် ခွင့်လွှတ်ကြပါ၊ မြန်မာကျောင်းသား
ကျောင်းသူ တစ်ယောက်ဟာ ဘာသာ ဆယ်မျိုးတတ်ရင် ပို မကောင်းပေဘူးလား၊ တိုင်းပြည်အတွက် အကျိုးမဖြစ်နိုင်ဘူးလား”
“ပြန်ပြီး စဉ်းစားတော်မူကြပါ၊ အာရှတိုက်မှာ အင်္ဂလိပ် စကားကို အလုအယက် သင်နေကြပါပြီ၊ ကိုယ့်ဖို့ အကျိုးရှိ
ကြောင်း သဘောပေါက်နေကြပါပြီ၊ မြန်မာတွေ နောက်ကျ ကျန်ရစ်နေပါပြီ၊ လက်ရှိ ပါမောက္ခကြီးတွေ တတ်သလို မြန်မာ့စွယ်စုံပညာရှိဆိုလို့ နောင်တစ်ခေတ်မှာ လက်ညှိုးထိုးပြ စရာ ရှာမတွေ့ ဖြစ်နေမလားဆိုတာ သာဓု အလွန်အမင်း စိုး ရိမ်နေပါတယ်၊ သင်ပေးတော်မူကြပါ၊ အင်္ဂလိပ်စာကို သူငယ် တန်းကစ သင်တော်မူကြပါလို့ ရှိခိုးမေတ္တာရပ်ခံရင်း နိဂုံးချုပ် ပါရစေတော့ ခင်ဗျား”
ဤလို သာဓု ကလေးများအတွက် ရင်ထုမနာဖြစ်ပြီး ဟောဟောဒိုင်းဒိုင် ပြောချလိုက်မိသည်။ နောက်ရက်များတွင် သာဓု ဆွေးနွေးခွင့် မရတော့သည်သာမက နှီးနှောဖလှယ်ပွဲနှင့် ပတ်သက်၍ ထွက်လာသော စာတမ်းများတွင်လည်း သာဓုဆွေးနွေးချက် ဘာတစ်ခုမျှ ပါမလာတော့ ချေတကား။
ထို့နောက်ပိုင်း နှီးနှောပွဲများ အတွက်လည်း သာဓုသည် “အင်း ဖိတ်စာမရ”။
ဆရာသာဓု၊ သာဓု လူဝါးဝတယ် ပီဒီအက်ဖ်၊ စာမျက်နှာ ၁၅၉ - ၁၆၇။
စာရိုက် - စလေ ငနော့
Comments
Post a Comment