နင်မလစ် 🖊 နီကိုရဲ
နင်မလစ်
••••••••••••••
နီကိုရဲ
တစိမ့်စိမ့်ရွာနေသော ညမိုးစက်များကို ပို၍ လင်းနေသော လမ်းဘေး မီးရောင်အောက်တွင် တဖွဲဖွဲမြင်နေရ၏။ ကတ္တရာလမ်းမ ပေါ်တွင် တင်နေသော မိုးရေများအပေါ်သို့ ထိုမိုးစက်ကလေးများကျသည့်အခါ ရေစက်ဝိုင်းကလေးများ ထတတ်သဖြင့် ကတ္တရာလမ်းသည် အကြေးခွံထူသော အနက်ရောင် နဂါးကြီးတစ်ကောင်လို ဖြစ်နေသည်။ ကားတစ်စင်း အရှိန်ဖြင့် ဖြတ်မောင်းသွားသည့်အခါ ချိုင့်ထဲမှ ရေတွေ ဖွေးခနဲ လမ်းဘေးကို လွင့်စင် ထွက်ကုန်ကြသည်။ ထို့နောက် ညမိုးတစိမ့်စိမ့်ပြန်ရွာ၊ သစ်ပင်ကြီးတွေ ယိမ်းလှုပ်၊ အိမ်တွေ တုတ်တုတ်မျှ မလှုပ်သော မိုးစွေသည့် ညတစ်ညသာဖြစ်သည်။
သူအခုမြင်နေရသော မိုးရေစက်ဖွေးဖွေးကို အရင်ညတွေတုန်းက ရှင်းရှင်းလင်းလင်း မမြင်ဖူးခဲ့။ သူ ညစဉ် ရင်းနှီးမြင်တွေ့နေရသော သူ့အိမ်ရှေ့မှ အလင်းရောင်သည် အခုလို လင်းထိန်မနေခဲ့။ သူတို့ အိမ်ရှေ့ကို ဖြာကျလာမည့် လမ်းဘေးမီးတိုင်၏ အလင်းရောင်ကို ဆြာမိုဃ်း၏ တဲကလေးက ကာထားသောကြောင်ပ့င်ဖြစ်သည်။
တဲဟုဆိုရသော်လည်း ထိုတဲသည် လူတစ်ယောက် အိပ်သော ဆံသဆိုင်ကလေးဟုပြောလျှင် ပိုမှန်မည်ဖြစ်သည်။ ဒီနေ့ညသည် ဆြာမိုဃ်း၏ ရက်လည်ညဖြစ်သဖြင့် ဆြာမိုဃ်းတဲကို ဖျက်ပစ်လိုက်ကြပြီ ဖြစ်သည်။ ထို့ကြောင့် သူ လူမှန်းသိစကတည်းက သူ့အိမ်ရှေ့ကို ရောက်မလာသော လမ်းဘေးမီးတိုင်၏ အလင်းရောင်ကို သူဒီညမှ မြင်ရခြင်းသာဖြစ်သည်။
တဲကို ဖျက်ပြီး ပုံထားသည့် ပစ္စည်းအဟောင်းအနွမ်းများ ဖြစ်သော ဓနိများ၊ ဝါးကို လေးစိတ်ကွဲအောင် ခွဲကာ ကာထားသည့် နံရံသစ်သားတိုင် လေးငါးတိုင် စသည့် အရာများသည် သူတို့ အိမ်တစ်အိမ်ကျော်တွင် ရှိသော မြေပေါ်တွင်စုပြုံကာ နေသည်။ မိုးမှုန်စက်ဖွဲဖွဲက ဟောင်းနွမ်း နေသော ထိုပစ္စည်းများကြားထဲသို့ လေးတိလေးကန် ထိုးဆင်းလျက်ရှိ၏။ ထိုပစ္စည်းပုံများ၏ နောက်တွင်ရှိသော ငြိမ်သက်နေသည့် အရာမှာ ဆံသသံထိုင်ခုံကြီး ဖြစ်သည်။ လေကပင့်တိုက်၍ လမ်းဘေးရှိ သစ်ပင်များ ယိမ်းလှုပ်သွားသောအခါ အလင်းစက်ပြောက်များကို ထိုင်ခုံကြီးပေါ်သို့ သွားကျလျှင် သံထိုင်ခုံကြီး လှုပ်နေသည်ဟု သူခံစားရသည်။ သူ မီးမှိတ်ထားသော အိမ်ထဲမှ မိုးရေစက်များကြားတွင် လေးလေးကြီး ငြိမ်သက်အေးစက်နေမည့် လှည့်၍ရသော သံထိုင်ခုံကြီးကို ငေးနေမိသည်။
သူငယ်စဉ်ကတည်းက ထိုသံထိုင်ခုံကြီးပေါ်မှာ အကြိမ်ကြိမ် ထိုင်ခဲ့ဖူးပါသည်။
သူလေးငါးနှစ်သားကတည်းက ဆြာမိုဃ်း၏ ဆံသဆိုင်သည် ထိုနေရာတွင် ရှိနေခဲ့သည်။ ထိုဟောင်းနွမ်းနေသော တဲကလေးထဲတွင် ရှိနေတတ်သော ပစ္စည်းများကို သူ...အားလုံးလိုလို မှတ်မိနေခဲ့သည်။ ဆြာမိုဃ်း၏ ဆံသဆိုင်သည် ဓနိမိုးကာ တင်းဝါးများကို ခွဲစိတ်ကာထားသော မြေကြီးခင်းတဲကလေးသာ ဖြစ်သည်။ အထဲတွင် လက်တန်းမရှိတော့သည့် အမဲရောင်ခုံရှည် တစ်လုံးရှိပြီး ထိုခုံရှည် တစ်ဖက်စွန်းတွင် ဘာအရောင်ဟု တိတိကျကျ ပြော၍မရတော့သည့် ပိတ်စဖြင့် ချုပ်ထားသော ခေါင်းအုံးတစ်လုံး၊ ဟောင်းနွမ်းနံစော်နေသည့် အနားဖွာ အညိုရောင် စောင်တစ်ထည်ကို ခေါက်၍ တင်ထားတတ်သည်။ ထိုခုံတန်းရှည်ကြီးမှာ ညဘက်တွင် ဆြာမိုဃ်း၏ ကုတင်ဖြစ်ပြီး နေ့လယ်ဘက်တွင် ဆံပင်ညှပ်သူများ ထိုင််စောင်သ့ည့် ခုံလည်း ဖြစ်သည်။
ဖင်ထိုင်ခုံလယ်သာ ပေါက်ပြဲနေကာ အထဲမှ အုန်းဆံဖတ်များ ထိုးထွက်နေသည့် သံဆုံလည် ကုလားထိုင်ကြီးရှေ့တွင် အံဆွဲပါသော မှန်တင်ခုံ တစ်ခုရှိသည်။ မှန်က ညာဘက်ထောင့်တွင် ပဲ့နေကာ အလယ်တွင် အက်ကြောင်းနှစ်ခုနှင့် ပြဒါး တော်တော်ကွာနေသည်။ အတော်ချောင်နေသော အံဆွဲတွင် သော့တန်းလန်း အမြဲတမ်းရှိနေ၍ ထို အံဆွဲထဲတွင် သင်တုန်းဓားအဟောင်း တစ်ချောင်း၊ စက်ကတ်ကြေးတစ်ခု၊ လွှသွားကတ်ကြေး တစ်ချောင်း၊ ရိုးရိုးကတ်ကြေး တစ်ချောင်း၊ ကော်စများ ဖွာထွက်ကာ ချေးအထပ်ထပ် ပိတ်နေသော အနီရောင် ဘီးတစ်ချောင်း၊ မြင်းမြီးဖြင့် ပြုလုပ်ထားသော ဆံပင်ရေဆွတ် Brush တစ်ခုနှင့် ဆံပင်မှုန်များဖြင့် ရောနေသော အပေါစား ပေါင်ဒါဘူးတစ်ဘူးရှိသည်။
ဝင်ပေါက်ဘယ်ဘက် သစ်သားတိုင်တွင် တစ်တောင်ခန့်ရှိသော ခါးပတ်တစ်ခုကို ချိတ်ထား၏။ ထိုခါးပတ်ကို သင်တုန်းဓားခတ်ရန်အတွက် ဆြာမိုဃ်းက အသုံးပြုသည်။ ထိုမှန်တင်ခုံအထက်တွင် မြတ်စွာဘုရား ဓမ္မစကြာတရားဦး ပဉ္စဝဂ္ဂီငါးပါးအား ဟောကြားနေပုံ ပန်းချီစာရွက် တစ်ရွက်ရှိသည်။ ပြက္ခဒိန်မှ ဖြဲကာ ဝါးခြမ်းကွဲများကြားတွင် ကပ်ထားခြင်း ဖြစ်သည်။ သံဆုံလည်ကုလားထိုင် လက်တန်းပေါ်တွင် ဖားဥစွဲနေသော အဖြူရောင်မဟုတ်တော့သည့် ခြုံထည်တစ်ခုကို သေသေချာချာ ခေါက်တင်ထားသည်။
အပေါက်မှ ဝင်ဝင်ချင်း ဝါးခြမ်းကွဲနံရံပေါ်တွင် ဆိုင်းဘုတ်ရှိ၏။ ဆြာမိုဃ်းဆံသ၊ လူကြီးဆယ့်ငါးကျပ်၊ ကလေးတစ်ဆယ်၊ မုတ်ဆိတ် ၅ိ/- ဟုရေးထားသည်။ ထိုဆိုင်၏ ထူးခြားချက်တစ်ခုမှာ သပ်ရပ်ခြင်းနှင့် အေးမြခြင်းပင် ဖြစ်သည်။ ဆိုင်နံဘေးတွင် ပင်စည်ထွားထွား အရွက်ဖားဖား ဗာဒံပင်ကြီးတစ်ပင်က အုပ်မိုးပေးထားသဖြင့် ဆြာမိုဃ်း၏ ဆိုင်သည် နွေရာသီတွင် တော်တော်အေးနေတတ်သည်။ ခင်းထားသော မြေကြီးသည် အမြဲ (ပြော?) နေတတ်သည်။ တစ်ယောက်ခေါင်းညှပ်ပြီးသွားလျှင် ဆြာမိုဃ်းက အုန်းဆံခွံတံမြက်စည်းဖြင့် တစ်ခါလှည်းတတ်သည်။ သူ့ဆိုင်တွင် လာထိုင်သူ ဆံပင်ညှပ်သူများ ဆေးလိပ်ပြာကို မြေကြီးပေါ်ချွေချလျှင် လုံးဝမကြိုက်။
နောက်တစ်ချက်က ဝါးခြမ်းကာ နံရံတွင် ဓာတ်ပုံပါသော စာရွက်များ၊ ပြက္ခဒိန်ဟောင်းများကို သပ်သပ်ရပ်ရပ် ကပ်ထား၏။ တစ်ချို့ပြက္ခဒိန်များ တော်တော်ဟောင်းနွမ်းနေပြီ ဖြစ်၏။ မှတ်မှတ်ရရ ရုပ်ရှင်မင်းသမီး တင်တင်မူပုံ၊ စန္ဒာပုံနှင့် ဇော်ဝမ်းပုံတို့ကို တွေ့ရသည်။ ထို့နောက် မဂ္ဂဇင်းမျက်နှာဖုံးများ Time, News Week စသည့် မဂ္ဂဇင်းများထဲမှ ရောင်စုံပုံများ၊ အပြေးပြိုင်ကြသည့် ကပ္ပလီများပုံ၊ ဂြိုလ်တုလွှတ်တင်နေကြပုံ၊ ကုန်ကားကြီးတစ်စင်းရှေ့တွင် အမျိုးသမီး လေးငါးယောက် မတ်တပ်ရပ်နေပုံများကို ဝါးခြမ်း ဖြင့်ညုပ် ကာထား၏။
ဆြာမိုဃ်း မှာ အသက် (၄၅) နှစ်ခန့်ရှိပြီဟု မှန်းရသော်လည်း အရက် တော်တော် သောက်တတ်လေ့ရှိသောကြောင့် ပိန်ကပ်၍ ဗိုက်ကပူနေတတ်သည်။ မျက်နှာက ဖောသွပ်သွပ်နှင့် မျက်လုံးက အမြဲရီဝေဝေ အိပ်ရေးမဝဟု ထင်ရသည်။ စွပ်ကျယ်အကျႌကိုသာ အမြဲ ဝတ်လေ့ရှိ၏။ စကားပြောလျှင် အသံတိုးတိုးဖြင့် အေးအေးပြောလေ့ ရှိသည်။ ထူးခြားချက်မှာ ဆံပင်ကိုတော့ အမြဲသပ်သပ်ရပ်ရပ် ဖြီးလေ့ရှိသည်။ (မူး၍ မလဲသည့်နေ့များမှလွဲ၍)
သူတို့ငယ်စဉ်က သူတို့တစ်ဝိုက်တွင် ဆံသဆိုင် နှစ်ဆိုင်သာ ရှိသည်။ တစ်ဆိုင်က (၁၆) အပိုင်းထဲတွင် ရှိသော သူတိုနှင် အတော်လှမ်းသည့် မောင်ညွန့်ဆံသဖြစ်ပြီး၊ တစ်ဆိုင်ကတော့ သူတို့အိမ်မှ လှမ်းမြင်ရသည့် ဆြာမိုဃ်းဆံသဖြစ်သည်။
ငယ်စဉ်က ဆံပင်ညှပ်ရသည့်အခါ အေးစက်၍ ဖင်ထိုင်ခုံလယ်သာ မာသော ဆြာမိုဃ်း၏ ဆုံလည်ကုလားထိုြင်ကီးကိုလည်းကောင်း၊ ခေါင်းလှည့်လျှင် နားထင်ကို လက်မ လက်ခလယ်တို့ဖြင့် ဖိညှပ်တတ်သော တော်တော်နာသည့် အထိအတွေ့ကိုလည်းကောင်း၊ တော်တော်နံကာ ဆံပင်အတိုများ စိုတ်နေသဖြင် ့ ခြုံလိုက်လျှင် ယားကာ အသက်ရှူ မဝသော သူ့ခြုံထည်ကြီးကိုသော်လည်းကောင်း၊ ဆီထည့် မထားသည့် စက်ကတ်ကြေးသံ တချပ်ချပ်ဖြင့် သံဆုံလည် ကုလားထိုင်သံ တကျွိကျွိကို လည်းကောင်း၊ သူကြောက်လန့်စိုးရွံ့ခဲ့ဖူးတာ မှတ်မိသည်။
ဆြာမိုဃ်းသည် ဘယ်သူ့ထံမှ ဆံပင်ညှပ်သင်ခဲ့ရသည်ဆိုတာ ဘယ်သူမှ မသိကြ၊ သူသိသည့်အရွယ်မှစ၍ ဆြာမိုဃ်း ဆံပင်ညှပ်နေသည်ကို တွေ့ရသည်။ ဆြာမိုဃ်းထံတွင် အများဆုံး ဆံပင်ညှပ်လေ့ရှိသော လူများမှာ ကလေးများသာဖြစ်သည်။ ဝေးဝေးမသွားချင်သော တစ်ခြားဆိုင်များတွင ် လူစောင့်ရတတ်သဖြင့် စိတ်မရှည်သော လူကြီး လူငယ် တစ်ယောက် နှစ်ယောက်လောက်တော့ ဆြာမိုဃ်းဆိုင်တွင် တစ်ခါတစ်ရံ ညှပ်တတ်သည်။
ဆြာမိုဃ်းဒီနေ့ ဆံပင်ဘယ်နှစ်ခေါင်း ညှပ်ရသည်ကို မေးစရာ မလိုဘဲ လမ်းတစ်လျှောက်လုံးက အိမ်တွေ အလိုလို သိကြသည်။ ညတွင် မယ်ဒလင် သံဖြင့် သီချင်းဆို သံကို ကြားရလျှင် ဆြာမိုဃ်း အနည်းဆုံး(၅) ခေါင်းလောက်တော့ ညှပ်ရပြီဆိုတာ သိကြသည်။
ဆြာမိုယ်း အခန်းထဲတွင် ရှိသော ပစ္စည်းများကို သူပြန်စဉ်းစားသည့်အခါတွင် ထိုမယ်ဒလင် ဘာကြောင့် မပါရသနည်း ဟုမေးလျှင် ထိုမယ်ဒလင်သည် ရှိလိုက်မရှိလိုက် အမြဲဖြစ်နေတတ်သောကြောင့်ဟု သူဖြေရမည်ဖြစ်သည်။ ဆံပင်ညှပ်သည့် ကလေးနည်းသော နေ့မျိုးဆိုလျှင် ဆြာမိုဃ်းသည် ထိုမယ်ဒလင်ကို ပေါင်ကာ အရက်သောက်တတ်သည်။ ပေါင်သည့်အိမ်ကလည်း သူသောက်နေကျ ဘီအီးဆိုင်ပင်ဖြစ်သည်။ ပိုက်ဆံရလျှင် ပြန်ရွေးသည်။ ပိုက်ဆံမရလျှင် ပြန်ပေါင် သောက်သည်။ ထူးခြားသည့်အချက်မှာ မယ်ဒလင်ကို ပေါင်ထားလျှင် ညဘက် ခဏသွားယူပြီး တီးတာတို့ ဘာတို့ ဘယ်တော့မှ မရှိ။ ထိုညမျိုးတွင် ဆြာမိုဃ်းက သီချင်းကို မယ်ဒလင်မပါဘဲ အလွတ်ဟဲတတ်သည်။
ဆြာမိုဃ်းထံတွင် လူငယ်များ ညနေနှင့် ညဦးပိုင်းတွင် ထိုင်လေ့ရှိကြသည်။ ဆြာမိုဃ်းက လမ်းလေးဆုံခွ ထောင့်ဆိုင် ဖြစ်သောကြောင့် ထိုနေရာတွင် ထိုင်လျှင် လမ်းပေါ်မှ မိန်းကလေးတွေအားလုံးကို မြင်ရသည်။ နေ့ခင်းတွင် အရိပ်အေးသောကြောင့် ကျားထိုး၊ Chess ထိုး၊ အအိုက်ပြေထိုင်သည့် လူငယ်များလည်း ရှိတတ်သည်။ သို့သော် ထိုလူငယ်များအားလုံး ဆြာမိုဃ်းဆိုင်ထဲသို့ ဝင်ကာ ကွဲနေသောမှန်၊ ညစ်ပတ်နေသော ဘီးတို့ဖြင့် ခေါင်းဖြီးတတ်သော်လည်း ဆြာမိုဃ်း ဆိုင်တွင် ဘယ်တော့မှ ဆံပင်ညှပ်လေ့မရှိ။ ထိုသို့ မညှပ်ကြခြင်းမှာ နောက်ပိုင်း ဆံသဆိုင်များ ခေတ်မီလာသော်လည်း ဆြာမိုဃ်းမှာ သည်ပစ္စည်းနှင့် သည်ပုံသာ ညှပ်တတ်ခြင်း၊ ဆြာမိုဃ်းဆိုင်တွင် ကလေးများသာ ညှြပ်ခင်းနှင် ့ ဆြာမိုဃ်း မူးလာလျှင် ဖြစ်ချင်တိုင်းဖြစ်လေ့ရှိသော ပုံစံကို ကြောြက်ကခြင်း တို့ကြောင့်သာ ဖြစ်သည်။
ဆြာမိုဃ်းသည် မူးပြီဆိုလျှင် တစ်ပတ်ခန့် ဆက်တိုက် မူးတတ်သည်။
တစ်ညစာ ကောင်းကောင်းသောက်ရန် ငွေရသွားလျှင် တစ်ညလုံး မပြတ်သောက်ကာ မှောက်သွားသည်အထိ သောက်သည်။ မှောက်သွားသော နေရာမှာလည်း သည်ဆံသဆိုင်ထဲမဟုတ်၊ လမ်းဘေး ကြုံရာတွင်ပင် ဖြစ်၏။ မနက်မိုးလင်းလျှင် ထိုလဲနေရာမှ အိမ်ကိုမပြန်ဘဲ တစ်နေကုန် ပိုက်ဆံလိုက်တောင်းကာ ရသမျှသောက်ပြီး လဲပြန်သည်။ ထိုအချိန်တွင် တော့ ဆြာမိုဃ်းသည် ပိုက်ဆံကို တကယ့်လမ်းဘေးက သူတောင်းစား တောင်းသလို တောင်းတတ်ခြင်းဖြစ်သည်။ ဇဝန၊ ဆယ့်ခြောက်ကွေ့၊ ဆယ့်ငါးလမ်းဆုံ၊ ဖန်လ်နေဝင်းထိပ်၊ သင်္ကန်းကျွန်းဈေးတို့တွင် သူ့ကို ပိုက်ဆံတောင်းနေတာ တွေ့ရသည်။
ရပ်ကွက်ထဲမှ ဩဇာအာဏာရှိသူ၊ သူ့ကို နိုင်သူတစ်ဦးဦးက ဂုတ်ပိုးဆွဲပြီး ခေါ်မလာမချင်း သူတောင်းနေတတ်သည်။ ထိုသို့ခေါ်လာ၊ ဆူပူ မာန်မဲကာ သူ့ဆိုင်ထဲ ထည့်ထားလိုက်လျှင် အိပ်ပျော်သွားတတ်ပြီး နောက်တစ်နေ့ နံနက်တွင် စက်ကတ်ကြေးကို မြင်းမြီး brush ကလေးဖြင့် ပွတ်ကာ ဆံပင် ပြန်ညှြပ်ပန်၏။ တစ်ကိုယ်ရေ တကာယ လူပျိုတစ်ဦးမို့လား မဆိုနိုင်။ ထိုကိစ္စရပ် သွားအောင် ဖြေရှင်း ပေးသူ မရှိ။ ဆြာမိုဃ်းထိုသို့ စလုပ်ကာစကတော့ ရှက်ကြသော အစ်ကို၊ အဒေါ် ဆွေမျိုးမကင်း သူများက သွားရောက်ခေါ်ကြ၊ ဆူပူကြ လုပ်သည်။ မကြာခဏဖြစ်လာတော့ ထိုကိစ္စကို လူတွေအားလုံးက ရှက်စရာဟု မထင်ကြတော့တာလည်း ပါသည်။
ထမင်းစားလောက်ရုံ၊ အရက်အနည်းငယ် သောက်ရုံလောက်ဆိုလျှင်တော့ ဆြာမိုဃ်းသည် သူ့မယ်ဒလင်ဖြင့် သီချင်းဆို တတ်ပါသည်။ မယ်ဒလင်အတီး သိပ်အကောင်းကြီး မဟုတ်သော်လည်း သူဆိုနေကျ သီချင်းတွေကိုတော့ သူပိုင်ပိုင်နိုင်နိုင်ရ၏။ လမ်းဘေးမှာ တစ်ပတ်လောက် မူးလဲ၊ စုတ်ပြတ် ပိုက်ဆံတောင်းပြီး ပြန်ကောင်းသွားလျှင်တော့ မနေ့က လုပ်တာ သူမဟုတ်သလိုပင် အေးအေးဆေးဆေး ဆံပင်ပြန်ညှပ် တတ်သည်။
တစ်ခါက သူ ဆြာမိုဃ်းကြောင့် ပြဿနာတစ်ခု တက်ခဲဖူးသည်။ သူ မနှစ်သက်သော လူတစ်ယောက်နှင့် ပေါင်းသည့်ကိစ္စဖြစ်သည်။ ထိုစဉ် သူသည် သူ့ချစ်သူ ကောင်မလေးနှင့် BOC မှတ်တိုင်နားက ရွှေဧည့်သည် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ်ဖြစ်သည်။ ထိုင်နေသည် ဆိုသော်လည်း ပြဿနာတစ်ခုကု ိ ဖြေရှင်း နေရခြင်း ဖြစ် သည်။ သူခ့ျစ်သူက နားလည်စ ပြုသွားချိန်လည်း ဖြစ်သည်။
ချစ်သူရည်းစား စိတ်ကောက်ပြေကာစအချိန်တွင် ဆြာမိုဃ်းက ဆိုင်ထဲရောက်လာ၏။ သူ မမြင်ချင်ယောင်ဆောင်နေသော်လည်း မရ။ တစ်ခြားဝိုင်းများကို လြက်ဖန့် ပိုက်ဆံ တောင်း ပြီး သူ့ဝိုင်းသို့ တည့်တည့် ဝင်ကာလာ၏။ သူ မျက်နှာ တစ်ဖက် လွှဲထားသော်လည်း မရ၊ လြက်ဖန့်ကာ ပိုက်ဆံတောင်းသည်။ သူ့အမှားက ချက်ချင်း ပိုက်ဆံမပေးဘဲ “ကန်တော့ပါသေးရဲ့” ဟု သွားပြောမိခြင်းဖြစ်သည်။
“ဇော်ဇော် လုပ်ပါညီလေးရာ၊ ငါးကျပ်လောက်တော့ ပေးခဲ့ပါဦး”
ဆြာမိုဃ်း စကားဆုံးတော့ သူ့ချစ်သူ မျက်လုံးက သူ့ထံ ဒိုင်းခနဲ ရောကိလာ၏။ ဆြာမိုဃ်းပုံစံက ဘယ်နှရက်လမ်းဘေးမှာ လဲခဲ့သလဲမသိ။
စုတ်ပြတ်နံစော်ကာ တော်တော် အခြေအနေဆိုးနေသည်။
“လုပ်ပါ ဇော်ဇော်ရာ ကိုယ့်ရပ်ဆွေရပ်မျိုးတွေပဲ ငါးကျပ်တော့”
သူမြန်မြန်ပိုက်ဆံပေးတော့ ဆုတွေဘာတွေတောင် ပေးနေသေး၏။
သူ့အလှည့်အတွက် စိတ်ဆိုးပြေကာစ ချစ်သူနှင့် ဆက်ပြဿနာ တက်ရသည်။
“ဇော်ဇော် နင် နင်၊ ဒီလို သူတောင်းစားမျိုးနဲ့လဲ ပေါင်းတာပဲလား၊ ဟင်”
“ဟာ... မဟုတ်ဘူးဟ၊ ဆြာမိုယ်း က သူတောင်းစားမဟုတ် ဘူးဟ၊ သူက ငါတို့နားက ဆံပင်ညှပ်တဲ့လူပါ၊ သူက မူးလာရင်”
“တောြ်ပီ ဇော်ဇော် နင်ဟာ ခွေးမြီးကောက် ကျည် တောက်စွပ်ပဲ၊ ဒီလောက်စုတ်ပြတ်ပြီး လိုက်တောင်းနေတာတောင်မှ သူတောင်းစား မဟုတ်ရင်”
သူမှတ်မှတ်ရရ ချစ်သူနှင့် ပြတ်လုဆဲဆဲပင် အခြေအနေဆိုး ဝါးသွားခ့ဲရ၏။ ဆြာမိုယ်း ပြန်ကောင်းချိန်ကျတော့ သူ မြိုသိပ်ထားသော ဒေါသဖြင့် သွားရန်တွေ့ရ၏။
“Sorry ညီလေးရာ၊ အစ်ကိုလည်း မသိတော့လို့ပါ”
“ဘာလို့ မသိရမှာလဲ၊ ခင်ဗျား ကျွန်တော့်နာမည်ကိုတောင် ခေါ်သေးတာပဲ၊ အဲဒါပြဿနာဗျ သိလား၊ ဒီအတိုင်း တောင်းသွားရင် တော်သေးတယ်”
“ငါက လူရင်းဆိုပြီး အားကိုးမိတာ ထင်ပါတယ်ကွာ”
“တော်တော့ဗျာ၊ နောက် ခင်ဗျား ကျွန်တော့်ကို တွေ့ရင် ဘယ်တော့မှ မတောင်းနဲ့တော့”
ဒီတော့လည်း ဆြာမိုဃ်းက မျက်နှာငယ် လေပျော့ကလေးဖြင့် ကတိပေးရှာပါသည်။
ထိုကတိကိုတော့ ဆြာမိုဃ်းက တည်ပါ၏။ တည်သည့်အတွက် ထပ်၍ ဒုက္ခရောက်ရပြန်၏။ (၄၉) ရပ်သည့် ဒီဘက် ဇဝနမှတ်တိုင်နှင့် (၃၉)ကားတွေရပ်သည့် ဇဝနမှတ်တိုင် ကို ဆက်ထားသော လမ်း ကြားကလေးတစ်ခု ဇဝနမှာရှိသည်။ မနက်နှင့်ညနေတွင် ဈေးသွားဈေးပြန်၊ ကျောင်းသွားကျောင်းပြန်နှင့် ရုံးသွားရုံးပြန် လူတို့ကြောင့် ထိုလမ်းကြား ကလေးသည် တော်တော်လူစည်သော ဖြတ်လမ်းကလေးတစ်ခုဖြစ်၏။ ထိုဖြတ်လမ်းကလေးမှာ ဆြာမိုဃ်း၏ အကောင်းဆုံး စားကျက်လည်း ဖြစ်ပါသည်။
တစ်နေ့ သူ့ချစ်သူနှင့် သူမနက်ခင်း ထိုလမ်းကလေးကို ဖြတ်ကာ လျှောက်ကြသည်။ လမ်းကျဉ်းကလေးဖြစ်သဖြင့် လူကြပ်နေသော ထိုလမ်းကလေးထဲမှာ ဆြာမိုဃ်း ပိုက်ဆံတောင်းနေတာကို တွေ့ရ၏။ ခပ်ဖြည်းဖြည်းသွားရသော လူအားလုံးကို တောင်းနေခြင်းဖြစ်၏။ သူကတော့ ခပ်တည်တည် သာနေလိုက်သည်။ သူဆြာမိုဃ်း ရှေ့ရောက် သွားတော့ လြက်ဖန့်ပြီးမှ မောြ့ကည့်ကာ လန့်သွား၏။ ပြီးတော့ သူ့ကို အားနာသလိုကြည့်ကာ
“ဟာ Sorry Sorry ဇော်ဇော် သွား သွား”
ဟု လက်ဖြင့်ဝှေ့ယမ်းကာ တောင်းခွင့်မှ ရုပ်သိမ်းပြီး pass ပေးလိုက်သည်။
“ဟင်း...ဟင်း၊ သူတောင်းစားက အထူးကင်းလွတ်ခွင့် အပေးခံ ရတဲ့လူပေါ့လေ...ဟုတ်လား”
သူ့ချစ်သူရိသော စကားကို ဘာမှပြန်မပြောနိုင်၊ ဘာကို ဒေါသထွက်ရမှန်းမလဲမသိ၊ ဘာကို စိတ်ဆိုးရမှန်းလည်း မသိ သူ ဖြစ်ခဲ့ရဖူးသည်။
သို့သော် သူဆံပင်ကိုတော့ ဆြာမိုဃ်းကောင်းနေလျှင် ဆြာမိုဃ်း ဆိုင်မှာပဲ ညှပ်လေ့ရှိပါသည်။
“အေး...မင်းကလည်း အတောင်းခံရတာတောင်မှ နည်းသေးတယ်၊ မင်းက ပတ်သက်နေတာကိုး မင်းကိုယ်မင်း ကလေးများ မှတ်နေလား”
သူငယ်ချင်းများက သူ့ကို မကျေမနပ် ပြောကြလေ့ရှိသည်။ ကလေးများသာ ညှပ်လေရ့ှိ သဖြင့် သူ့ကို တမင် ကလေးဟု ပြောခြင်း ဖြစ်၏။ ဆြာမိုယ်း ထံ တွင် ဆံပင် ညှြပ်ခင်း မှာ အချက် (၂) ချက် ရှိပါသည်။ တစ်ချက် ငယ်စဉ်ကတည်းက ညှပ်လာခြင်းကြောင့် ဖြစ်သည်။ (တစ်ခြားဆိုင်များမှာ ညှပ်လျှင် အသက်ရှူမဝသလို ခံစားရလေ့ရှိ၏) နောက်တစ်ချက်က ဆြာမိုယ်းသည် သူ့ကို တစ်ခြားလူငယ်များနှင့်မတူဘဲ အနည်းငယ် စေတနာ ထားသည်ဟု ထင်သောကြောင့်ဖြစ်သည်။
သူ ညနေဘက်တွင် လမ်းထိပ် ဆြာမိုဃ်း ဆံပင်ညှပ်ဆိုင်တွင် ထိုင်ခြင်းကို သူ့အမေက လုံးဝမကြိုက်ပါ။
“အဲဒီ အမူးသမား၊ အရူးသမား ဆိုင်ကလွဲပြီး နင်ထိုင်စရာ မရှိတော့ဘူးလားကွ၊ အဲဒီမှာက လူက လူစုံ၊ ဟိုကောင်မလေးနောက် ဒီကောင်မလေးပြောင်နဲ့ ငါမကြိုက်ဘူး မထိုင်နဲ့”
ဟု အမြဲ ဆူပူတားမြစ်လေ့ရှိသည်။ ကျွန်တော့် အမေတစ်ယေက်တည်းတောမဟုတ် ကျွန်တော်တို့နားက တစ်ခြား အမေတိုင်းလိုလိုပင် ဆြာမိုဃ်းဆိုင်ရှေ့တွင် ထိုင်ခြင်းကို မကြိုက်ကြ၊ မနှစ်သက်ကြ။
အမေပြောသလို ဆြာမိုဃ်းဆိုင်ရှေ့သည် လူစုံသည်၊ ပြဿနာ များသည် ဆိုသည့် အချက်ကတော့ ဟုတ်ပါသည်။ ထိုဆိုင်ရှေ့မှာ ညဆိုလျှင် မှောင်ရိပ်ကျသည့်အတွက် ဆေးခြောက်ရှူသည့် လူငယ်တွေ ဂီတာတီးရင်း ထိုင်တတ်သည်။ နေ့ဘက်ဆိုလျှင် အံစာဝိုင်းနှင့် ပိုက်ဆံကြေး ကျားထိုးသူများရှိသည်။ ညနေစောင်းတွင် ကောင်မလေးများကို ပြောင်သူ နောက်သူများရှိတတ်၏။ လူငယ်ချင်းရန်ဖြစ်ကြလျှင်လည်း ဆြာမိုဃ်း ဆိုင်ရှေ့မှ ချောင်းရိုက်တာများ၏။
သို့သော် သူ ထိုအရာများအားလုံးကို မလုပ်ပါ။ ရွယ်တူလူငယ်များ ရှိသဖြင် ့ သွားထိုြင်ခင်းသာဖြစ်ပါသည။် ဆြာမိုယ်းကလည်း သူ့ဆိုင်ရှေ့မှာ လူငယ်များ ကောင်မလေးများကို လှမ်းအော်စလျှင် မကြိုက်။
“ဟေ့ကောင်တွေ၊ ငါ့ဆိုင် သိက္ခာကျမယ်ကွ”
ဟု အမြဲ ကန့်ကွက်တတ်၏။ သို့သော် ဘယ်လူငယ်ကမှတော့ ဂရုမစိုက်တတ်ကြ၊ စ မြဲ၊ အော်မြဲသာဖြစ်၏။ တစ်ခါတစ်ရံ သူတို့ ဆေးခြောက်ရှူနေချိန်ရောက်သွားလျှင် ဆြာမိုဃ်းက သူ့ကို နှင်လွှတ်တတ် သည်။ လက်ကုတ်ခေါ်ကာ တိုးတို တားမြစ်သည်။
“ဇော်ဇော် မင်းပြန်၊ သူတို့ လုပ်တာ ကိစ္စမရှိဘူး၊ မင်းကို ပြဿနာတက်မယ်။ မင်းက တက္ကသိုလ်ကျောင်းသား အညွန့်နဲ့ ပြန် ပြန် ပြန်”
ထို့ကြောင့် ဆြာမိုဃ်းဆိုင်ရှေ့သည် အမေ့ မကျေနပ်ခြင်း တစ်ဝက်သာ မှန်သဖြင့် သူ သိပ် စကား နားမထောင်ဘဲ သွားထိုင်တတ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဆြာမိုဃ်းနှင့် သူ့အကြားမှာ ဆက်သွယ်ချက် တစ်ခုရှိသေးသည်။ ထိုအချက်ကတော့ တစ်လတစ်ခါ သို့မဟုတ် နှစ်လတစ်ခါလောက်သာ ကြုံတတ်၏။ ဆြာမိုဃ်း ခေါင်းဆယ်ခေါင်း၊ ဆယ့်ငါးခေါင်းလောက်ရ၊ မယ်ဒလင်ပြန်ရွေး၊ သင့်တော်သလောက်ပဲ သောက်ကာ မယ်ဒလင်တီးသော ညမျိုးတွင် သူ ဆြာမိုဃ်း တဲထဲသို့ သွားတတ်သည်။ ဆြာမိုဃ်းမူးလာလျှင် တီးသည့် သီချင်းက အမြဲတမ်း ၄၊ ၅ ပုဒ်သာဖြစ်ပါသည်။ ညစဉ် ဒါကိုပဲ အမြဲတီး၏။ တွံတေးသိန်းတန်၏ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ မှာချင်တယ် မေမလွမ်းနဲ့၊ ပန်းနွယ်က စိမ်း၊ နှမလက်လျှော့နှင့် ကိုတင်လှိုင်၏ အမုန်းခွန်အားတို့သာဖြစ်၏။ သောက် ကောင်းရုံ အသံဖြင့် လက်ကွက်ကျကျ တီးတတ်သောကြောင့် ကျွန်တော် (သူ?) စာကျက်ရင်း မနေနိုင် သူ့တဲထဲသွားကာ သူ နှင့် အတူ လိုက်တီးတတ်သည်။
ဆြာမိုဃ်းကတော့ မယ်ဒလင် ကလေးတီးလိုက် ဟဲလိုက်၊ ဘီအီးကလေး မော့လိုက်။
“ဆြာမိုဃ်း၊ အရက်က ကောင်းလားဗျ”
အရက်ဆိုသည်မှာ ခါးမှန်း၊ နံမှန်း မကောင်းမှန်းကိုတော့ မသောက်ဖူးသော်လည်း သူသိပါသည်။ ဆြာမိုဃ်း ပက်ပက်စက်စက် သောက်နေပုံကို ကြည့်၍ သူမိမေးခြင်းသာဖြစ်သည်။ ဆြာမိုဃ်းက အရက်ကို ရေနွေးကြမ်းသောက်သော ကြွေပန်းကန်ကလေးဖြင့် ငှဲ့ကာ “ကျွတ်” ခနဲ မြည်အောင် တစ်ကြိုက်တည်း မော့ခြင်းဖြစ်၏။ အရက်ပုလင်းကို သေသေချာချာ ဂရုစိုက် မ, ပုံ၊ ကြွေပန်းကန်လုံး ထဲသို့ ဖြေးညှင်းစွာ ထည့်ပုံ၊ အရက်ခွက်ကို မ, ကာ နှုတ်ခမ်းတွင် မော့လိုက်ချိန်တွင် မျက်လုံးကို မှိတ်လိုက် ပုံ ကို ကြည်က့ာ သူ့အထင် တွင် အရက်သည် တော်တော်ချိုနေသလားဟု ထင်မိ၍ မေးခြင်းသာဖြစ်သည်။
“ဟား၊ ဘယ်ကကောင်းရမှာလဲ၊ အရက်ဆိုတာ လုံးဝမကောင်းဘူး၊ မင်းသောက်ဖို့ စိတ်မကူးနဲ့၊ မင်းက အညွန့်နဲ့လူ၊ တက္ကသိုလ် ကျောင်းသား၊ ငါတို့က ဘဝဆုံးနေပြီ၊ အရက်ဟာ ဘယ်တော့မှ မကောင်းဘူး၊ မင်းအမြဲမှတ်ထား”
ဆြာမိုဃ်း စကားကိုဖြတ်ကာ မယ်ဒလင်တီးကွက်စမ်း၏။ သူသိပါသည်။ “ပန်းနွယ်ကစိမ်း” ဖြစ်သည်။
ပန်းနွယ်ကစိမ်း
ပန်းနွယ်ကစိမ်း...တယ်။
စုံနံ့သာမြိုင်...ရှာပုံဖွင့်ပါလို့ရယ်။
ရင်နင့်အောင် ချစ်ရှာလွန်းသူ အပူတပြင်း ရှာဖွေတယ် ရေမြေ...ဆုံး ဆုံးစေတကယ် လှဂမုန်းနွယ် ချစ်သက်ဦးရယ် ဘဝဆုံးတကယ်မပစ်ရက်ဘူး ကွယ်”
သီချင်းဆုံးတော့... ”ကွတ်”ခနဲ မြည်အောင် သောက်ပြန်၏။
“ဆြာမိုဃ်း ရေမရောဘူးလား။ အမြည်းရော မစားဘူးလား”
“အမြည်း က ဆိုင်မှာ တုန်းကတော ့ စားခဲပါတယ်။ ရေက ရောပြီး သားကွ။ ငါက ပုလင်းထဲတစ်ခါတည်း ရောထားခဲ့တာ ရေရောနေရင် အလုပ်ရှုပ်လို့”
“ကျွန်တော်မေးမယ်...မေးမယ်နဲ့ ကြာပြီ၊ ကျွန်တော်တို့သိတတ် ကတည်းက ဆြာမိုဃ်းက ဒီသီချင်းတွေချည်းပဲ တီးနေတာ တခြားသီချင်း မရှိဘူးလား”
သူ့စကားကြောင့် ဆြာမိုဃ်းက ပွေ့ထားသော မယ်ဒလင်ကို ရင်မှာပိုက်ကာ ငေးနေသည်။ ပြီးတော့မှ လေးလေးနက်နက်ဖြေ၏။
“ငါက ဒီသီချင်းတွေပဲ ကြိုက်တာကိုးကွ။ ဒီအပြင်ကောင်းတဲ့ သီချင်းတွေ အများကြီး။ ဒါပေမယ် ့ ငါ မတီး တတ် ဘူး။ ငါကတော ့ ဒါပဲ”
“ဟဲ ဟဲ ဒါဆို ဆြာမိုယ်းမှာ ဇာတ်လမ်းတွေ ဘာတွေ ရှိနေပြီ ထင်တယ် ဟုတ်လား”
လမ်းဘေး မီးတိုင်အလင်းက ဆြာမိုဃ်းနှာခေါင်းအောက်ကို ကျနေသဖြင့် ဆြာမိုဃ်း၏ စပ်ဖြဲဖြဲအပြုံးကို မြင်နေရ၏။
“ရှိတာပေါ့ ကွ။ လူဆိုတာ အချစ်နဲ့ နေတာပဲ”
“လုပ်စမ်းပါဦးဗျ။ ဘယ်သူလဲ”
“မင်းကလည်းကွာ...မသိချင်ပါနဲ့ ပြောနေတော့ ဘာထူးမှာလဲ”
“လုပ်စမ်းပါဗျာ ဘာပဲဖြစ်ဖြစ်ပေါ့”
“ဟာ...အဲဒီလိုတော့ မရဘူးကွ။ ဘာပဲဖြစ်ဖြစ်တော့ မရဘူး။ ငါက တစ်ဘဝလုံးဖြစ်ခဲ့ရတာ အဲဒီလိုတော့ မဖြစ်ဘူး”
“မဟုတ်ဘူးလေ ကျွန်တော် ပြောတာ”
သူ့စကားမဆုံး ဆြာမိုဃ်းက လက်ကွက်ကို စမ်းပြန်၏။ ဒီတစ်ခါ တော့ “အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ” ဖြစ်သည်။ သီချင်းဆုံးသွားတော့ ဆြာမိုဃ်း အမှောင်ထဲမှာ အကြာကြီးငြိမ်နေသည်။ ပြီးတော့ မယ်ဒလင်ကို ပွေ့လျက် ဆေးပေါ့လိပ်ကို ဖွာ၏။
“ငါချစ်တဲ့ကောင်မလေးက ဒီရွာကပဲကွ။ ငါ့လိုပဲ ဒီရွာမွေးပဲ”
ဆြာမိုဃ်းရွာဟု ပြောခြင်းမှာ သူတို့နေသော ဘောက်ထော်ကိုပင် ပြောခြင်း ဖြစ၏။ ဟိုး နှစ် (၈၀) ခန့်က သူတို့နေသော ဇ/တောင၊် ဇ/မြောက် ၁၆/ စသော ရပ်ကွက်တွေ ပေါင်းစုထားသည့်နေရာကို ဘောက်ထော်ရွာ ဟု ခေါ်သည်။ နောက်တော့ ရွာထိပ်တွင် နတ်စင်ကလေးရှိသဖြင့် နတ်စင်ဘောက်ထော်ရွာဟု ခေါ်ကြသည်။ ထ့ိုကြောင့် ယခုတိုက်အိမ်များနှင့် သူဌေးများနေရာ ဝင်ဒါမီ ယာဘောက်ထော်နှင့် တစ်ဆက်တည်း ဆိုသော်လည်း လူမှုရေးရာ အခြေအနေပါ ကွဲပြားသော နတ်စင် ဘောက်ထော် ရွာပင်ဖြစ်ပါသည်။ သူ့အဖေကြီး အမေကြီးများလည်း ဘောက်ထော်ရွာမွေး၊ သူ့အဖေအမေများလည်း ဘောက်ထော်ရွာမွေး။ ဆြာမိုဃ်း ဘိုးစဉ် ဘောင်ဆက်လည်း ဘောက်ထော်ရွာမွေးသာဖြစ်သည်။
“သူက ကွမ်းတောင်ကိုင်တွေ ဘာတွေမဟုတ်ဘူး။ ဒါပေမယ့် တော်တော်စွာတယ်ကွ”
သူငြိမ်ပြီး နားထောင်နေသည်။
“မသိန်းညွန့်ရေတွင်းနားမှာ သူနဲ့ ငါ တစ်ကြိမ်ပဲတွေ့တယ်၊ ငါ စကားပြောတော ့ သူက ငါကို ပစ်တွန်းပြီး ထွက်သွားတာကွ၊ အဲဒါပါပဲ ကွာ”
“ဟာ ဆြာမိုဃ်းကလဲ၊ ဘယ်လိုကြီးလဲ၊ သေသေချာချာ ပြောမှာပေါ့”
“အဲဒါပဲလေ၊ အဲဒါသေသေချာချာပဲ၊ ဒါပဲ”
“နေပါဦး အဲဒီကောင်မလေးက ဘယ်သူလဲ”
“ဘာထူးမှာလဲကွာ၊ မင်းသိတော့ ဘာထူးမှာလဲ၊ အလကားပဲ”
“မဟုတ်ဘူးလေဗျာ၊ နောက် ဘာဖြစ်သွားလဲ”
ဆြာမိုယ်းက ခွက်ကို ယုယုယယ ငှဲ့ကာ “ကွတ်” ပြန်၏။ သူ့ ရင်ဘတ်ထဲက မယ်ဒလင်ကြီးကို ဘေးနားချလိုက်ပြီဖြစ်သည်။
“သူက သူဌေးသားတစ်ယောက်နဲ့ ယူလိုက်တယ်ကွ၊ သူ့ မင်္ဂလာ ဆောင်ကလည်း စည်လိုက်တာကွာ၊ ငါတို့ရွာမှာ အဲဒီ မင်္ဂလာဆောင် လောက် လူများတာ၊ အလျှံပယ် ကျွေးတာ ဘယ်ရှိမှာလဲ၊ ထမင်း ကျွေးတယ၊် မုန်ဟ့င်းခါးကျွေးတယ်၊ ကော်ဖီနဲ့ ရေခဲမုန် ကျွေးတယ၊် အဲ...အဲ...ပြီး တော့ နင်မလစ်တွေပါ တိုက်တာကွ၊ တစ်ရွာလုံး ဗိုက်ခွေးနမ်းပဲ”
လမ်းဘေးမီးတိုင် အလင်းရှိရာ နေရာကွက်လပ်ကလေးသို့ အားရပါးရ စကားပြောနေသော ဆြာမိုဃ်း မျက်နှာဝင်းလာသည့်အခါတွင် ကျေနပ်ကာ ပြုံးနေသော ပုံစံကို လှစ်ခနဲ လှစ်ခနဲ သူတွေ့ရ၏။
“နင်မလစ်တွေ ဘာတွေတိုက်တာ၊ ငါတို့ရွာမှာ ပထမဆုံးပဲ၊ မင်္ဂလာဆောင်ကို နင်မလစ်တိုက်တာ သူပဲရှိတာကွ၊ စည်လိုက်တဲ့ မင်္ဂလာဆောင်ကွာ၊ တကယ်ပါ နင်မလစ်တွေတိုက်တာ”
“နင်မလစ်ဆိုတာ အခု အအေးပုလင်းကို ပြောတာမဟုတ်လား၊ အဲဒါ ဆန်းသလား ဆြာမိုဃ်းရာ”
“ဟ အဲဒီတုန်းက နင်မလစ်က မင်းတို့ အခုအအေးတွေလို မဟုတ်ဘူးကွ၊ သိပ်ကောင်းတာ သူက ဒန်အိုးထဲ ဖောက်ထည့်ပြီး ရေခဲစိမ်တိုက်တာ မဟုတ်ဘူး။ ရေခဲစိမ်ပြီးသား တစ်ယောက်တစ်လုံး ကလေးရော လူကြီးရော တစ်ယောက်တစ်လုံးပဲ၊ တကယ်ပါကွာ၊ မင်းကို မြင်စေချင်တယ်”
“အေးပေါ့ကွာ၊ ဒါပေမယ့် ငါကျေနပ်ပါတယ်။ သူက နင်မလစ် တိုက်နိုင်တဲ့ လူနဲ့ရတာကိုးကွ”
ထို ညတစ်ညလုံး ထိုနင်မလစ်က မတက်သဖြင့် သူ ဆြာမိုဃ်း မူးပြီဟု ယူဆကာ ပြန်လာခဲ့သည်။ သူ ခြင်ထောင်ထဲရောက်မှ အသံဝါကြီးကို ကြားရ၏။
“ခု တော့ ဖြင့် မနေသာ၊
တစ်ပြည်ရွာသို့ သွေခွာလို့ ပြေးခဲ့ပြီကွယ်၊ မကြင်နာလို့တော့ မဟုတ်ပါဘူး၊ မယှဉ်သာလို့ ဆုတ်လာသူ တစ်ဦး ဘဝ၀ယ် ချစ်သူရှိရာ မလာဝံ့ဝံ့ ဗျာသင့် ပူလှိုင် ကြွှယ်”
နောက်ညများတွင် ဆြာမိုဃ်းအသံကြားသော်လည်း သူ သိမ်မသွားဖြစ်၊ စာတွေလုပ်နေ၏။ တစ်ခါတစ်ရံ ခြင်ထောင်ထဲရောက်မှ အသံကြားရသည့်အခါ နားထောင် ရင်း ဆြာမိုယ်း ဇာတ်လမ်းကို စိတ် မှန်း နှင့် စဉ်းစားနေမိတတ်သည်။ ရောက်သွားသည့်အခါတွင်လည်း ဆြာမိုဃ်း “နင်မလစ်” တွေပဲ ပြောပြောနေသဖြင့် ရယ်ချင်ကာ ပြန်ပြန်လာခဲ့ရ၏။ ထိုထက်ပိုပြီး သူဘာမှ မသိခဲ့ရ။
ဆြာမိုဃ်း “နှမလက်လျှော့နေလေတော့” သီချင်းဆိုတိုင်း သူကတော့ “နင်မလစ်လက်လျှော့ နေလေတော့” ဟု တွေးကာ ခြင်ထောင်ထဲမှာ ပြုံးတတ်သည်။ မသွားဖြစ်တော့သည့် နောက်တစ်ချက် ကလည်း တစ်ည သူ ဆြာမိုဃ်းလက်သံနှင့် အပေးအယူတည့်နေတုန်း နိုးလာသော အမေနှင့်ကြုံကာ ကောင်းကောင်းအဆူခံလိုက်ရသောကြောင့် ဖြစ်သည်။ အခုတော့ သူအိမ်ရှေ့ လမ်းမီးရောင်ကို အပြည့်အဝရနေသည်။
အလင်းရောင်ပြောင်းသဖြင့် နေ့စဉ် တွေ့နေကျထက် တစ်မျိုး ဆန်းနေသလို ထင် ရသည်။ အခုတော့ ဆြာမိုယ်း သေပြီ။ မိသားစုမရှိ၊ ပိုက်ဆံတောင်း တတ်သော အရက်သမားသေသဖြင် ့ အသုဘက မစည်။ အိမ် မရှိသဖြင့် ဖဲဒိုင် ခံခြင်း၊ ဘာခြင်းလဲမရှိ။ သူ့အစ်မကတော့ ဘုန်း ကြီး ဆွမ်းသွတ်ပေးသည်။ ရက်လည်သည့်ညပဲ ဆြာမိုဃ်းတဲကို ဖျက်ပစ်လိုက် ကြသည်။
ဆြာမိုယ်း အသုဘကို သူ လည်း လိုက် မပို့လိုက်ရပါ။ ကျောင်းမှာ လက်တွေ့ရက်နှင့် တိုက်ဆိုင်နေသဖြင့် ဘယ်လိုမှ အချိန်မအားခဲ့။ သူငေးနေချိန်တွင် ညမိုးက တိုးကာရွာလာ၏။ စန္ဒယားဆရာ လက်ကွက်စမ်းသလို အိမ်ခေါင်မိုး ပေါ်ကို မိုးပေါြက်ကီးတွေ တဝုန်းဝုန်း ကျလာသည်။ မိုးပေါြက်ကီး ကျလာသဖြင့် ဆြာမိုဃ်း၏ ဆုံလည်ကုလားထိုင်နှင့် တဲဟောင်း ဖျက်ထားသော ပစ္စည်းအစုတ်ပုံများ ဝေဝါးသွားကြသည်။
“ဟဲ့ ကိုဇော် မအိပ်သေးဘူးလား၊ ဘယ် အချိန်ရှြိပီ လဲ”
တစ်ရေးနိုးလာဟန်တူသော အမေက အိမ်ရှေ့မှာ ထိုင်ပြီး လမ်းမဘက်တွင် ငေးနေသော သူ့ကို မေးသည်။
“ဟုတ်တယ်အမေ၊ အိပ်မရတာနဲ့”
အမေက အိပ်ရေးဝလာဟန်ဖြင့် အိပ်ယာထဲ ပြန်မဝင်သေးဘဲ ခုံမှာ ဝင်ထိုင်သည်။
“အမေ နေ့လယ်က အသုဘပို့သေးလား”
“နင့်အဖေပို့တယ်လေ”
“သားလည်း လက်တွေ့ရှိ တာနဲ ့ ဘယ်လိုမှ မအားတာနဲ”
“အမယ်လေး၊ ကိုယ့် ကျောင်းသွားစရာရှိတာ သွားပေါ၊့ ဖျက်နေစရာ မလိုပါဘူး၊ ဒီလို အရက်သမား တစ်နေ့ မသေ၊ တစ်နေ့သေမှာပဲ။ သေသွား အေးတောင် အေးသေးတယ်။ သူတောင်းစား သာသာရှိတဲ့ဟာ။ ဘာဆိုင်လဲ”
အမေက ဒေါသဖြင့်ပြောကာ စားပွဲပေါ်မှ ရေနွေကြမ်းအိုးကို ကောက်ငှဲ့ကာ သောက်၏။ သူ အမေ့မျက်နှာကိုကြည့်ကာ ရင်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့သည်။
“အမေ၊ အမေတို့ မင်္ဂလာဆောင်တုန်းက နင်မလစ်တွေ၊ ဘာတွေတိုက်သေးလား”
“နင်မလစ်၊ အေး တိုက်တယ်လေ ဘာဖြစ်လို့လဲ”
၁၉၉၆၊ ဒီဇင်ဘာ
မုဒိတာ
ဆရာနီကိုရဲ၊ သံစုံကြူးတဲ့ည ၀တ္တုတိုစု ပီဒီအက်ဖ်၊ စာမျက်နှာ ၁၄၅ - ၁၆၇။
စာရိုက် - စလေ ငနော့
Comments
Post a Comment