အိုမင်းရင့်ရော်တော့... ၊ ခတ္တာပွင့်ချိန် 🖊 လူထုဒေါ်အမာ
အိုမင်းရင့်ရော်တော့
••••••••••••••••••••••
အမေ့မေ့အလျော့လျော့နဲ့ပါ
••••••••••••••••••••••••••
လူထုဒေါ်အမာ
(နို၀င်ဘာလ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်မှာ ကျရောက်မယ့် အမေ လူထုဒေါ်အမာ (၉၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် အမေ့စာ၊ အမ့စကားတွေကို အမှတ်တရအဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။ ။ မာယာ)
အမေ့ကို တနေ့က လူငယ်တဦးက အမေဒီအသက်ဒီအရွယ်ထိအောင် စာတွေ ရေးသားနေတာကို ကျွန်တော်ဖြင့် အားကျလိုက်တာ။ ကျွန်တော်ဖြင့် အမေ့လို ရေးနိုင်ချင်လိုက်တာလို့ ပြောတော့ အမေက သူ့စကားကြောင့် ၀မ်းသာရမလိုလို စိတ်ကြီး၀င်ရမလိုလို ဖြစ်မိသေးတယ်။
ဒါပေမယ့် အမေက စာကို မနေနိုင်သေးလို့သာ ရေးနေတာပါ။ စာက လူချင်းတူတူ၊ သူချင်းမျှမျှ ထိုက်ထိုက်တန်တန် စာမျိုး မထွက်တော့ပါဘူး။ အမေက အသက်ကြီးလှပြီ ဟုတ်လား။ အဲဒီတော့ မေ့တာ လျော့တာတွေက သိတ်များလာပြီပေါ့။
အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခါ အမေ့အသက်ကို သေမင်းလက်က ၀ိုင်းလုရတယ်။ ဆရာ၀န်ကြီးတွေကို အမေက ကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာ အမေဆေးရုံပေါ်တုန်းက ချောင်းကလည်း ဆိုးနေလို့ ရင်ခေါင်းအထူးကု ဆရာ၀န်ကြီး ဦး၀င်းနိုင်လည်း ကုပေးရရှာတယ်။ ဒါကို အမေက သူ့နာမည်မေ့ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်းလိုက်တာ။ အားနာလိုက်တာ။
သူက တခြားဆရာ၀န်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ အိမ်ချင်းကပ်နေတဲ့ ဆရာ၀န်ဖြစ်ပြီး၊ သူ့သားလေးနှစ်ယောက်က အမေတို့အိမ်ကို မိုးလင်းတာနဲ့ လာကစားကြတာ။ သူ့ဇနီးကဆိုရင် (မန္တလေးသူ၊ မန္တလေးသားများ) ဆိုတဲ့ အမေရေးသားတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက်သူကြီးဦးမောင်ကြီးရဲ့ မြေးပါ။ ကိုယ်နဲ့ ဒီလောက်နီးစပ် ရင်းနှီးနေတာ ဖြစ်ပေမယ့် သူ့ကို မေ့ထားခဲ့တယ်လေ။
အဲဒီတော့ အမေပြောချင်တာကတော့ ငါ့သားတို့ သမီးတို့ လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင် လုပ်ကြ။ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာက ဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင် စဖြူလာတယ်။ မျက်စိမှုန်လာတာတွေ ဖြစ်လာတယ် မဟုတ်လား။ နို့ပေမယ့် ကိုယ်က ဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ဇရာကို အံတုပါတယ်။ အဲဒီလို တုသာတုတယ် ဇရာကတော့ မှန်မှန်ကြီး ၀င်လာတာပါပဲ။
မျက်စိတို့ ဆံပင်တို့သာမက နားကပါ အကြားချို့တဲ့လာတယ်။ လူရဲ့ သတိ၊ အမှတ်အသားကလဲ နည်းနည်းချင်း လျော့ပါးပျက်စီးလာတယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ၊ နားတယ်မရှိ ကိုယ့်ခန္ဓာကိုယ်ထဲ မှန်မှန်ကြီး ၀င်လာတာပါပဲ။
လူက လူအိုလူမင်း ဖြစ်လာတာနဲ့အမျှ လွှင့်မပစ်ရသေးတာကလွဲလို့ ဘာကမှ ဟုတ်တိပတ်တိ မကောင်းတော့ပါဘူး။ ဒါကြောင့် အမေက သားတို့ သမီးတို့ကို လုပ်စရာရှိတာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင် လုပ်ကြဖို့ ပြောရတာပါ။
လူဆိုတာ စကားပီနားကြား လူတယောက်ရယ်လို့ ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့အရွယ်မှာ ပညာကို မရ အရရှာတယ်။ ပြီးတော့ ဒီလူ့လောကမှာ ငါကြီးလာရင် ငါဘာဖြစ်ချင်တယ်။ ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက် ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစား လုပ်ရတယ်။
လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။ တိုက်ပွဲ၀င်ရတယ်။ ရံှုးတဲံအခါလဲ ရံှုးတယ်။ ကိုယ်က နိုင်တဲ့အခါလဲ နိုင်တယ်။ နို့ပေမယ့် ဘ၀ဆိုတာ ဒါပဲ။ ကိုယ်သွားချင်တဲ့ဆီ ရောက်အောင် ဒီလို ဒရွတ်သီနဲ့ သွားရတာပါပဲ။
ဘ၀ဆိုတာ တိုက်ပွဲလို့ ကြီးတဲ့လူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်က ကြီးလို့ ထင်ပါရဲ့။ တိုက်ပွဲပေါင်းလဲ မရေမတွက်နိုင်ခဲ့ဘူး။ ကိုယ်ရံှုးနိမ့်ခဲ့တာတွေလဲ အများကြီးမှ အများကြီးပါ။ အခုနေ ပြန်စဉ်းစားရင် မှတ်တမ်းတင်လို့တောင် ကုန်မယ်မထင်ဘူး။ အမေ့ကို တချို့က ခေါင်းမာတယ်လို့ ဆိုတယ်။ ဟုတ်လေသလားလို့ မပြောတတ်ဘူး။ နို့ပေမယ့် ခေါင်းမမာရင် ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါ ပြန်မထနိုင်ရင် လူတကာက နင်းချေသွားလို့ လူ့နင်းပြားဘ၀နဲ့ပဲ ရှိတော့မှာပေါ့။
ငါ့သားတို့ သမီးတို့ အမေ ပြောချင်တာက ဘ၀ကို ရင်ဆိုင်တဲ့အခါ အဲဒီ တိုက်ပွဲကိုလည်း မင်းတို့ တွေ့ကြ ကြုံကြမှာ အမှန်ပဲ။ တိုက်ပွဲမှာ ကိုယ်က ရံှုးရရင်၊ ရံှုးရလေခြင်း မအောက်မေ့ပါနဲ့။ ငါလိုလူတွေ အများကြီး ဒီလိုရံှုးရာက လူလဲထရတာပဲလို့ သိလိုက်ပါ။ ပြီးတော့ ဆက်လျှောက်ပါ။ အမေဖြင့် အသက်ရှည်လွန်းလို့ တိုက်ပွဲတွေက ပိုများသလား။ ငါက ခေါင်းမာလို့ပဲ ပိုခံရသလားလို့ အောက်မေ့မိပါရဲ့။ ဒါပေမယ့်လည်း အဲဒါလည်း မဟုတ်ပါဘူး။ အမေ့လောက် အသက်မကြီးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ ကျော်လွှားနေရတဲ့လူတွေ အများကြီး ရှိတာပါ။ ဒါဟာ လူ့ဘ၀ပါပဲ။ ဒါ့ကြောင့် အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲ လုပ်ကြ။ ကိုယ်ကရံှုးရင်လဲ ပြန်ထကြ၊ ငယ်တုန်းရွယ်တုန်း ကိုယ့်မှာ အားမာန် အပြည့်ရှိတုန်း လူ့ဘ၀ရဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှားကြပါ။ ဒါဟာ ဘာမှ မဆန်းပါဘူး။ လူတိုင်းလူတိုင်းဟာ တမျိုးမဟုတ်တမျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ.... အိုလာရင် လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကို လက်မြှောက်လိုက်ရတဲ့ဘ၀ ရောက်လာလိမ့်မယ်။ ဒါ့ကြောင့် အချိန်အရွယ်ရှိတုန်း လုပ်စရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ။
ဒေါ်အမာ။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နို၀င်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။
လမင်းတရာစာပေ ကိုအေးဝင်းရဲ့ ”မာယာ အွန်လိုင်းမဂ္ဂဇင်း” ဘလော့ဂ်ကနေ ကူးယူပါတယ်။
စလေ ငနော့
____________________
ခတ္တာပွင့်ချိန်
••••••••••••••••
လူထုဒေါ်အမာ
ကျွန်မခင်ပွန်း ဦးလှ ဆုံးသွားတာ ဒီနှစ် သြဂုတ်လဆိုရင် ၁၄ နှစ်ပြည့်ပါတော့မယ်။ သူ့ကို မေ့တယ် လို့ ကျွန်မအနေနဲ့ မရှိပေမယ့် ခတ္တာတွေ ပွင့်ပြီဆိုရင် ထူးထူးလည်လည် သူ့ကို သတိရတယ်။ ဦးလှက မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားမှန်မှန်ရှိခိုးတဲ့လူပါ။ သူနဲ့ ကျွန်မ အိမ်ထောင်ကျလို့ သူ မန္တလေး ပြောင်းလာတဲ့ အခါမှာတော့ သူ သယ်ယူရွှေ့ပြောင်းလာတဲ့ ပစ္စည်းထဲက ဘုရားကျောင်းဆောင်ကလေး တစ်ခုထဲမှာ ဒက္ခိဏသာခါ ဆင်းတုကလေးတစ်ဆူ ပါလာပါတယ်။
သူက ဒီဆင်းတုကလေးဟာ သူ့ကို ဆန်းကဖေး ဦးထွန်းရင် ရဲ့ အစ်ကို “ဦးလေးကြီး” လို့ အများက ခေါ်ကြတဲ့ ဦးတင်ပွက “ကိုလှ ကိုးကွယ်ဖို့ဆိုပြီး” ပေးထားတာတဲ့။ သူ မန္တလေးကို ပြောင်းရတာက ကြီးပွားရေး မဂ္ဂဇင်း တစ်ဘက်နဲ့မို့ အကုန်မပြောင်းနိုင်သေးဘဲ ရန်ကုန်နေလိုက် မန္တလေးနေလိုက်ဖြစ်နေတော့ သူနဲ့အတူ မန္တလေး လိုက်ပြောင်းလာတဲ့ သူ့တပည့် ကိုကံရှိန်ကို ဦးလှက သူ့ဘုရားဆွမ်းတော် မပြတ်ကပ်ဖို့ တာ၀န်ပေးလိုက်သတဲ့။
သူ ဘုရားမှန်မှန်ရှိခိုးတဲ့အလေ့ကလည်း သူကျွန်မနဲ့ အိမ်ထောင် မကျခင် လူပျိုဘ၀ကတည်းက ဖြစ်တယ်လို့ ပန်းချီဆရာ ဦးအုန်းလွင်က ပြောပါတယ်။
ရန်ကုန်မှာ နေကြတော့ နံနက်တိုင်ရင် မုန့်ဟင်းခါးစားရအောင် ပန်းချီဆရာ ဦးအုန်းလွင်နဲ့ ဆရာဇ၀န ကိုသိန်းတို့က ကြီးပွားရေးတိုက် ကိုလှဆီလာကြရောတဲ့။ လာရင် ကိုလှက ဘုရားရှိခိုးလို့ မပြီးသေးဘူး။ အဲ့ဒီတော့ သူပြီးတဲ့အထိ အောင့်အည်းစောင့်ပြီးမှ မုန့်ဟင်းခါး စားကြရသတဲ့။
ကျွန်မတို့ မန္တလေးမှာ နေကြတော့လည်း ရတနာ သုံးပါးကို ကိုင်းရှိုင်းတာက ကျွန်မထက် လေးနက်လေတော့ သူစိတ်ချမ်းသာအောင် ဘုရားစင်မှာ ပန်းလှလှပပ လန်းလန်းဆန်းဆန်းရှိအောင် ကျွန်မက ဂရုစိုက်ပါတယ်။ ဘုရားပန်းတွေ သိပ်လှနေတဲ့ အခါဆိုရင် “ကောင်းတယ်ကွာ ၊ စိတ်ချမ်းသာတယ်” လို့ သူက ပြောတတ်တယ်။ ဒါပေမယ့် ဘာပန်းတင်ပါ ၊ ဘာပန်းမတင်ပါနဲ့ လို့ ပြောလေ့မရှိပါဘူး။
အဲ ခတ္တာပွင့်ကို ပန်းသည်ခေါင်းပေါ်မှာဖြစ်ဖြစ် မြင်လိုက်ရင်တော့ “ခတ္တာပွင့် ဘုရားတင်ကွာ” တဲ့လေ။
သူက “ခတ္တာပွင့်” လို့ပဲ ခေါ်တယ်။ ခတ္တာပန်း လို့ မခေါ်ဘူး။ ကျွန်မကိုလည်း အဲ့ဒီလိုပဲ အခေါ်ခိုင်းတယ်။
ခတ္တာပွင့်က ကျွန်မတို့ဆီမှာ မတ်လကုန် ဧပြီလဆန်းရင် ပေါ်ပါပြီ။ ကျွန်မသမီးက ခတ္တာဥတွေ ရှာလာပြီး အိမ်က ပန်းအိုး တွေထဲမှာ စိုက်ထားတော့လည်း ရေလောင်းပေးပြီး နေပူတဲ့နေရာမှာ ရှိတဲ့ ပန်းအိုးထဲက ဥဟာ မတ်လဆန်းတယ် ဆိုရင် အဖူးကြီးတွေ ဘွားခနဲ ဥထဲက ထွက်လာပြီး ရက်ပိုင်းအတွင်းမှာ ပွင့်တော့တာပဲ။
မေမြို့ (ပြင်ဦးလွင်) ကတော့ ပန်းရောင် ခတ္တာပွင့်တွေ အများကြီး လာတာပဲ။ အဲ့ဒီခတ္တာတွေက တစ်ခိုင်မှာ အပွင့်လေးပွင့် ပွင့်လို့ သူ့ကို တချို့က “လေးကျွန်းစကြာ” တဲ့။ တချို့က “လေးပွင့် တစ်ခိုင်” တဲ့။ အဲ့ဒီခတ္တာပွင့်တွေက စိုက်ရတာ မဟုတ်ဘဲ အလေ့ကျပေါက်တာတွေကို ခူးပြီး ရောင်းတာမို့ ဈေးလည်းပေါပါတယ်။
ခတ္တာပွင့် အနီရဲရဲကြီးတွေ၊ အဖြူကြီးတွေ အကျားကြီးတွေ ကတော့ လူစိုက်တဲ့ ခတ္တာပန်းတွေမို့ ဈေးလည်းကြီးတယ်၊ ဘုရား ပန်းအိုးမှာလည်း ပန်းရောင်မျိုးထက် ပိုပြီးရက်ထားခံတယ်။ သူက အပွင့်ကြီးတွေလည်း ကြီးတယ်လေ။
ပြီးခဲ့တဲ့ ၄ ၊ ၅၊ ၁၀ နှစ်ကတော့ Easter Lily လို့ အင်္ဂလိပ်လိုခေါ်တဲ့ အဖြူပွင့်ကြီးတွေ ပေါ်လာပြန်တယ်။ ကျွန်မတို့ဆီကို မိုးကုတ်ကလာတာ ဖြစ်လို့ ကျွန်မတို့ပန်းသည်တွေက “မိုးကုတ်ခတ္တာ” လို့ ခေါ်ကြတယ်။ သူက အပွင့်ကတော့ ခတ္တာပွင့်ပုံစံပါပဲ။ ဒါပေမယ့် အရိုးတွေ အရွက်တွေကရှည်ပြီး ခတ္တာတွေနဲ့ မတူလှဘူး။ သူက ပန်းထိုးထားရင် အပွင့်ရော အဖူးရော အငုံရော တဖြည်းဖြည်း ချင်း ပန်းအိုးထဲမှာပဲ ပွင့်လိုက်လာတာမို့ ပူပြင်းတဲ့ မန္တလေးမှာ တောင် ဆယ့်လေးငါးရက် အထိုးခံတယ်။
ဒါကြောင့် ဒီခတ္တာပွင့်ကြီးတွေ ဘုရားအိုးမှာ ထိုးရတာ လန်းနေတာ ကြာကြာတွေ့ရတော့ ဘုရားရှိခိုးရင်းလည်း ဦးလှကို သတိရ ရတယ်။
ဦးလှက “ခတ္တာပန်းလို့ မခေါ်ပါနဲ့ကွ ၊ “ခတ္တာပွင့်” လို့ ခေါ် “ လို့ ကျွန်မကို ပြောတာ ဘာလို့လဲလို့ မေးတော့ ဒီအပွင့် ဘုရားတင်တော့ ခတ်ထားတာတွေ ပွင့်လာပါစေလို့ ဆုတောင်းလို့ ကောင်းသတဲ့လေ။
သြော် -ဦးလှ၊ ဦးလှ။
ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်ရယ်…
ခုနေများ သူနဲ့ ကျွန်မ ဆက်သွယ်လို့ ရသေးတယ် ၊ ဆက်သွယ်နိုင်တယ် ဆိုရင်ဖြင့်-
“အဖေကြီးရေ - အဖေကြီး မရှိတော့ပေမယ့် ခတ္တာပွင့်တွေကို ကျွန်မ မပြတ်ဘုရားတင်ပါတယ်။ ခုလည်း ဘုရားတင်တုန်း ဆုတောင်းတုန်းပါပဲ” လို့ ပြောချင်လှပါတယ်။
လူထုဒေါ်အမာ
ရနံ့သစ်မဂ္ဂဇင်း ၊ ၁၉၉၆ ၊ဇူလိုင်လ
source.... ကောင်းကင်
”White Dreams” ဘလော့ဂ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment