ခြေကျင်း 🖋 ဝင်းတင့်ထွန်း
ခြေကျင်း ဝင်းတင့်ထွန်း (၁) ငယ်ငယ်တုန်းက ကလေးလေးတွေကို ဝတ်ဆင်ပေးတတ်ကြတာက ငွေခြေကျင်း။ ခြေကျင်းမှာ တချို့ဆိုရင် ခြူလေးတွေတောင် ဆွဲလို့။ ကလေးက လေးဘက်ထောက်ပြီး ပြေးလွှား ဆော့ကစားရင်ပဲဖြစ်ဖြစ်၊ မတ်တပ် လျှောက်တတ်ပြီး ဟိုဟိုဒီဒီ သွားလာလှည့်ပတ် ပျော်မြူးရင်ပဲဖြစ်ဖြစ် ခြေကျင်းနဲ့ ခြူသံဟာ တလွင်လွင် လွင်နေ တတ်တယ်။ ကြည်နူးစရာပေါ့။ ကလေးဘယ်နားရောက်နေသလဲ ဆိုတာကိုလဲ လွယ်လွယ်ကူကူ ရှာဖွေနိုင်တာပေါ့။ တကယ့်ကို မြခြူသံ။ နဲနဲအရွယ်ရောက်လာတော့ အငြိမ့်ပွဲတွေ မကြာမကြာ ကြည့်ဖူးတယ်။ အငြိမ့်မင်းသမီးတွေ တော်တော်များများဟာ ခြေကျင်းလေးတွေနဲ့။ ရွှေခြေကျင်း။ တချို့ဆိုရင် တဖက် နှစ်ကွင်း သုံးကွင်း။ မင်းသမီးရဲ့ ပြန့်ထမီ ထမီနားခတ်ခတ်ပြီး သွက်သွက်လက်လက် က, လိုက်တဲ့အခါ ရွှေခြေကျင်းလေးတွေက ဝင်းခနဲ ဝင်းခနဲ။ ဆိုင်းချက် စည်းဝါးနဲ့အတူ ခြေကျင်းသံ လွင်လွင်ကလဲ ကကွက်ထဲမှာ ပေါင်းစပ်စီးမျောလို့ အနုပညာမြောက်နေလိုက်တာ။ ခြေမှာစကား လက်ဖျားကဗျာပေါ့။ အဖေတို့ခေတ်က နာမည်ကြီး အငြိမ့်မင်းသမီးတလက်ဟာ မြခြေကျင်း မငွေမြိုင်... တဲ့။ ဇာတ်ပွဲထဲက ဇာတ်ဝင်ခန်းတခန်းမှာ ပါတဲ့ “ခြေကျင်း” ကတော့ သိပ်မကောင်း။ “ကြေးတိုက်သွင်း... ခြေကျင်းခတ်စေ” တဲ့။ ကြေးတိုက်ဆ...