ကျေးဇူးတုံ့တင် ရှိပါလျှင်လဲ 🖋 ဝင်းတင့်ထွန်း




ကျေးဇူးတုံ့တင် ရှိပါလျှင်လဲ

ဝင်းတင့်ထွန်း

(၁)

ကတညုတ၊ ကတဝေဒီ … ကျေးဇူးရှိသူကို ကျေးဇူးဆပ်ရမယ်။ ကျေးဇူးဆပ်တာဟာ ကျေးဇူးသိတတ်တာဟာ မင်္ဂလာ … တဲ့။
 
သူ၏ကျေးဇူး၊ မထိန်မြူးနှင့်၊ ကျေးဇူးသိအပ်၊ ကျေးဇူးဆပ်သင့် … တဲ့။ တလုတ်စားဖူး သူ့ကျေးဇူး ...တဲ့။

ကျေးဇူးတရားနဲ့ပတ်သက်ပြီး ဘာသာရေးအဆုံးအမတွေမှာရော၊ လူမှုရေးအဆုံးအမတွေမှာပါ အလေးထား ဖော်ပြခဲ့ကြပါတယ်။ ကျေးဇူးတရားနဲ့ ပတ်သက်ပြီး ဇာတ်နိပါတ်ပုံပြင်ပေါင်း မြောက်မြားစွာရှိသလို သွန်သင်ချက်တွေ ဩဝါဒတွေ စကားပုံတွေ ဆိုဆုံးမချက်တွေလဲ မရေတွက်နိုင်အောင်ရှိခဲ့ပါတယ်။ ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာမှာမဆို ကျေးဇူးတရားနဲ့ ကျေးဇူးသိတတ်မှုအပေါ်အလေးတင်း တန်ဖိုးထားခဲ့ကြပါတယ်။ ကျေးဇူးကန်းခြင်းရဲ့အပြစ်နဲ့ ကျေးဇူးသိတတ်ခြင်းရဲ့ အကျိုးကို အမျိုးမျိုးအဖုံဖုံ ဖွင့်ဆိုရှင်းပြ သွန်သင်ဆုံးမခဲ့ကြပါတယ်။ ကျေးဇူးကို သိတတ်အောင် ကျေးဇူးကို အလေးထားတတ်အောင် ရှုထောင့်အဖုံဖုံ နယ်ပယ်အသီးသီးကနေ လမ်းကြောင်းပေးခဲ့ကြပြီး ကျေးဇူးကိုသိတတ်တာ ကျေးဇူးအပေါ် တုံ့ပြန်ကျေးဇူးဆပ်တတ်တာကိုလဲ အလေး အမြတ်ပြုစရာအဖြစ်၊ အနုမောဒနာပြုစရာအဖြစ်၊ ဝမ်းသာကြည်နူးစရာအဖြစ် လေးလေးနက်နက် သဘောထား ခဲ့ကြပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာနယ်မှာဆိုရင် “မင်္ဂလာ” တပါးအဖြစ်၊ ကောင်းမြတ်တင့်တယ် မှန်ကန် ကျက်သရေရှိမှုကြီးတခုအဖြစ် တိတိလင်းလင်း စာရင်းသွင်းထားခဲ့ပါတယ်။ မင်္ဂလာတရား(၃၈)ပါးထဲမှာ ကျေးဇူး သိတတ် ကျေးဇူးဆပ်ခြင်းဟာ ဧရာမမင်္ဂလာတရားကြီး တခုပါ။

ကျေးဇူးသိတတ်သူ ကျေးဇူးဆပ်သူဘက်ကလဲ နှလုံးစိတ်ဝမ်း ရွှင်လန်းစရာဖြစ်သလို၊ ကျေးဇူးအဆပ်ခံရသူ ကျေးဇူးရှိသူ ကျေးဇူးရှင်ဘက်ကလဲ ကျေးဇူးဆပ်ခြင်းကို တွေ့ရကြုံရ ပြန်လည်လက်ခံရရှိရဟာဟာ အင်မတန် ကြည်နူးစရာ နှစ်ထောင်းအားရစရာကောင်းတဲ့ကိစ္စပါပဲ။ ကြားရ သိရ မြင်ရသူများအဖို့တောင် ဝမ်းမြောက် ဝမ်းသာ ကြည်နူးစရာတခုပေါ့၊ မင်္ဂလာရှိတဲ့ကိစ္စဆိုတော့ မင်္ဂလာရှိတဲ့မြင်ကွင်း၊ မင်္ဂလာရှိတဲ့အဖြစ်နဲ့ မင်္ဂလာရှိရှိ နှစ်မြို့စရာ ကြည်နူးစရာ သာဓုခေါ်စရာပေပဲ။

“မင်္ဂလာ”ဆိုတာ ကောင်းမြတ် တင့်တယ် မှန်ကန် ကျက်သရေရှိမှုလောက်သာ အဓိပ္ပာယ်ဖော်ဆောင်တာ မဟုတ်။

“မကောင်းမှုမှ ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလံ .…. မင်္ဂလာမည်၏” ဆိုတဲ့ အနက်ကိုတောင် ထပ်ဆင့် ပေးအပ်လိုက်ပါသေးတယ်။

အဲဒီတော့ … ကျေးဇူးတရားကို သိတတ်တာ၊ တုံ့ပြန်ကျေးဇူးဆပ်တတ်တာဟာ မင်္ဂလာ။ မင်္ဂလာဆိုတာက ကောင်းမြတ်တင့်တယ် မှန်ကန်ခြင်း။ မကောင်းမှုတို့မှ ပယ်ဖျောက်တတ်ခြင်း။

ဒါပေမဲ့ … ကျေးဇူးသိတတ်သူ တပည့်တယောက်ရဲ့ကျေးဇူးဆပ်ခြင်းကို ခံယူရရှိလိုက်ရတဲ့ “ဦးချစ်ဟန်” ဆိုသူ ဒုစရိုက်သမားဟောင်းကြီးတဦးရဲ့ တကယ့်အဖြစ်အပျက်ကတော …

(၂)

သာယာဝတီထောင်က အင်္ဂလိပ်ကိုလိုနီသမားများ လက်ထက်ကတည်းက နာမည်ကြီးထောင်။ 

ဦးချစ်ဟန်တယောက် သာယာဝတီထောင်ရောက်လာရတော့ အသက်ငါးဆယ်ကျော် ခြောက်ဆယ်တွင်း ဖြစ်နေပြီ။ ငယ်စဉ်တုန်းက အိမ်နဲ့ထောင် ကူးချည်သန်းချည် ကြိမ်ဖန်များစွာရောက်ခဲ့ဝင်ခဲ့ ထွက်ခဲ့ဖူးပေမဲ့ ဒီတခါရောက်ရတာကတော့ မတန်ဆုံး။ ဘာတခုမှ မကျူးလွန်ခဲ့ရပါပဲနဲ့ ရောက်ခဲ့ရခြင်း ... တဲ့။ ဘာပဲဖြစ်ဖြစ် ထောင်နဲ့ရင်းနှီးကျွမ်းဝင်နေခဲ့ပြီးသား သူအဖို့ဒီထဲမှာ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေတော့ နောကြေနေပြီးသား။

“ဦးချစ်ဟန်ကြီး … ဘာမှုတုန်း” လို့ အကျဉ်းသားအချင်းချင်း မေးကြမြန်းကြတော့ “ကျေးဇူး အဆပ်ခံရမှု” လို့ သူကပြန်ဖြေတယ်။ 

“ဟာ ... လုပ်စမ်းပါဦးဗျ ... ခင်ဗျားအမှုကြောင်းလေး.….” လို့ စိတ်ဝင်စားသူတွေက ဆက်လက်မေးမြန်း စူးစမ်းကြတော့ သူက ဖွဖွလေးပြုံးတယ်။

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ဦးချစ်ဟန်ကြီးဟာ အသက်ခြောက်ဆယ်တွင်း ဝင်ခဲ့ပြီ ဖြစ်ပေမဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်နေဆဲ။ သူက ကြို့ပင်ကောက်သား။ သာယာဝတီ၊ သုံးဆယ် အုတ်ဖိုကြို့ပင်ကောက်၊ လက်ပံတန်း၊ ဇီးကုန်း၊ နတ်တလင်းနယ်တဝိုက်က ထောင်ကျလာခဲ့ရသူတွေဟာ များသောအားဖြင့် သာယာဝတီထောင်ကိုပဲ ပို့တတ်တာဖြစ်တော့ သူလဲ သာယာဝတီထောင်ကိုပဲ ရောက်လာခဲ့ရတာ ဖြစ်တယ်။ သာယာဝတီထောင်ထဲ ရောက်လာကြသူ အများစုဟာ လူသတ်ဓားပြမှုတွေဖြစ်ပေမဲ့ သူကတော့ ဘယ်တုန်းကမှ လူသတ်မှုတော့မကျူးလွန်ခဲ့ဘူး၊ ဓားပြလဲမတိုက်ခဲ့ဘူး။ ငယ်စဉ်တုန်းက ခဏခဏကျူးလွန် ခဲ့ဖူးတာက ဖောက်ထွင်းမှု၊ လုယက်မှု၊ အမျိုးမျိုးသော လောင်းကစားမှု။ သူအကျွမ်းကျင်ဆုံးက ဖောက်ထွင်းမှု။

“ကိုယ်လဲ အသက်လေးဆယ့်ငါးနှစ်လောက်ကစပြီး ဒုစရိုက်မှုတွေကို စွန့်လိုက်ပါပြီ။ ကောင်းရောင်း ကောင်းဝယ်ပဲ လုပ်စားတော့မယ်ပေါ့၊ အသက်လဲ မငယ်တော့ဘူးဆိုတဲ့ အသိနဲ့ပေါ့။ အဲ … တခုတော့ရှိတာပေါ့၊ ကိုယ်နဲ့လဲရင်းနှီးပြီး ကိုယ့်အကြောင်းလဲ သိဖူးပြီးသားဖြစ်တဲ့ကောင်တွေက ဖဲဝိုင်းကြီးတွေထောင်ကြ၊ ဂျင်ဝိုင်း ကြက်ဝိုင်းကြီးတွေ ချိန်းဝိုင်းကြီးတွေအဖြစ် လုပ်ကြတဲ့အခါမှာတော့ …. ဦးလေးရယ် အကိုကြီးရယ်ကူပါဦးဆိုရင် တော့၊ နဲနဲပါးပါးလိုက်လံပြီး ဝိုင်းထိန်းလေး ပွဲထိန်းလေးလုပ်ပေးတာတော့ ရှိပါတယ်။ ကိုယ့်ပိုက်ဆံ တပြားမှ မပါပါဘူး။ ထိုးတာ လောင်းတာ ထိုင်တာလဲမလုပ်ပါဘူး။ ဘေးကနေ ပွဲအနေအထား ထိန်းပေးသိမ်းပေး၊ လိုအပ် ရင် ဖျောင်းဖျပေး လူကြည့်ပေးတာမျိုးလေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီအတွက် ဒိုင်လုပ်တဲ့ကောင်ကလဲ ကိုယ့်ကို နေ့တွက်ပေးခဲ့ပါတယ်။ ရုံးရှုံးနိုင်နိုင် ပေးရှာပါတယ်။ နိုင်ရင်တော့ များများပေါ့။ အဲဒါတောင် အသက်ငါးဆယ်ပြည့် တော့ မလုပ်တော့ပါဘူး။ ကိုယ့်ဟာကိုယ် ဝါးလေးကြိမ်လေးကိုင်ပြီး ခြင်းရက် တောင်းရက် ပလုံးရက်နဲ့ပဲ အသက် မွှေးခဲ့ပါတယ် ...”

ဦးချစ်ဟန်ကြီးက သူ့ဇာတ်ကြောင်းကို ရှည်လျားစွာ ပလ္လင်ခံနေချိန်မှာ သူ့သားရွယ် တူရွယ် အမှုပေါင်းစုံ အကျဉ်းသားငယ်လေးများက စိတ်ဝင်စားစွာ နားထောင်နေကြပါတယ်။ လူတွေရဲ့အကြောင်းကို အင်မတန် စိတ်ဝင်စားတတ်တဲ့ ကျနော်ဟာလဲ အဲဒီ နားထောင်ပရိသတ်ကြီးအတွင်းမှာ တယောက်အပါအဝင်။ ဒါပေမဲ့ ကျနော်က ဝိုင်းအပြင်ဘက် ခပ်လှမ်းလှမ်းကနေပြီး နားထောင်နေခြင်း။ 

“အဲဒီလို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက် နေထိုင်တော့မှပဲ အမှုက အိမ်ထိရောက်လာတော့ တာပါပဲ …”

ဦးချစ်ဟန်က နောက်တကြိမ်ပြုံးလိုက်ပြန်ပါတယ်။ ပရိသတ်နားဆင်သူအပေါင်းကတော့ ရှေ့လာလတ္တံ့ သောဇာတ်လမ်းကို စိတ်ဝင်စားမှုအပြည့်နဲ့ နားစွင့်ထားသူက နားစွင့်၊ ဦးချစ်ဟန်ရဲ့မျက်နှာဆီ လှမ်းကြည့်သူက လှမ်းကြည့်။

“တနေ့ပေါ့ .… ကိုယ်က ခြင်းတောင်းလေးတလုံးရက်နေတုန်း … အရင်က ကိုယ့်တပည့်ဖြစ်ခဲ့ဖူးသူ တယောက် ပေါက်ချလာတယ်။ အံမယ် …. ကိုယ် လူတောင် ကောင်းကောင်း မမှတ်မိချင်ဘူး။ ကိုယ်တော်ချောက တောက်တောက်ပြောင်ပြောင် ဖြစ်လို့။ ပြီးတော့ မတွေ့ကြတာကလဲ ဆယ့်လေးငါးနှစ်ရှိပြီလေ၊ အဲဒါသူက ကိုယ့်ကို ကျေးဇူးဆပ်ချင် ကန်တော့ချင်လို့ ဟိုမေးဒီမေး မေးပြီး မရောက်ရောက်အောင်လာခဲ့တာ ... တဲ့။ ဟိုတုန်း က ကိုယ်နုစဉ်ဘဝက ဖောက်ထွင်းသမားဘဝက သူ့ကို ကိုယ်က ကိုယ့်နောက်လိုက်အဖြစ် တပွဲနှစ်ပွဲ ခေါ်သုံးဖူး သလို နဲနဲပါးပါးလဲ ပညာလေးဘာလေး သင်ပေးခဲ့ဖူးတာပေါ့။ အဲဒီတုန်းက ဒီကောင်က အသက် (၂ဝ) လောက်ပဲ ရှိဦးမှာ။ ပညာဆိုတာကတော့ ကောင်းတဲ့ပညာရပ် ဘယ်ဟုတ်မလဲ၊ ဘယ်လိုအိမ် ဘယ်လိုဖောက်ရတယ်ဆိုတဲ့ ပညာမျိုးပေါ့”

ဦးချစ်ဟန်က ပြောရင်းပြောရင်း ပြုံးနေပြန်တယ်။

“တိုတိုပဲပြောကြပါစို့၊ သူက ဆရာသခင်ကျေးဇူးရှင်ဖြစ်ခဲ့ဖူးသူ ကိုယ့်ကို လုံချည်အသစ်ကျပ်ချွတ် (၅)ကွင်း၊ မိန်းမအတွက် မိန်းမဝတ်က (၃)ကွင်းနဲ့ ကန်တော့သွားတယ်။ ပိုက်ဆံကတော့ မပါပါဘူး။ အဲ … အဲဒါကနေ ထောင်ထဲဝင်ခဲ့ရတော့တာ… တပည့်ဟောင်းကြီးရဲ့ ကျေးဇူးသိတတ် ကျေးဇူးဆပ် ကောင်းမှုကြောင့် တခါတည်း ကို ထောင်တဲရောက်ခဲ့ရတော့တာ …”

“ဟင် … ဘယ်လိုဖြစ်တာလဲ”

“ဒီကိစ္စနဲ့ ဘယ်နှယ်လုပ်ထောင်ထဲဝင်ခဲ့ရတာတုန်း”

စိတ်ဝင်စားသူ ပရိသတ်ကြီးထဲက မေးခွန်းတွေ တယောက်တပေါက် ထွက်လာတယ်။ ဦးချစ်ဟန်ကြီးရဲ့ အပြောကောင်းမှုကြောင့် စိတ်ဝင်စားစွာနားဆင်နေမိတဲ့ ကျနော်တောင် နောက်ဆက်တွဲအခန်းဆက်အပေါ် မျှော်တလင့်လင့်ဖြစ်သွားမိတယ်။

“အဖြစ်က ဒီလိုလေ … ကိုယ်တော်ချော တခုတ်တရသယ်လာပြီး ကိုယ့်ကိုလာကျေးဇူးဆပ် ကန်တော့ခဲ့တဲ့ … အဲ … လှူဖွယ်ဝတ္ထုကြီးတွေလို့ ပြောကြပါစို့။ လုံချည်တွေက ပြည်ဈေးထဲက အထည်ဆိုင်တဆိုင်ကို ဖောက်ထွင်းပြီး ရလာခဲ့တာတွေတဲ့လေ။ အဲဒီတုန်းကတော့ ကိုယ်လဲဘယ်သိပါ့မလဲ။ ကိုယ့်လာကန်တော့တဲ့ပစ္စည်း သန့် သန့်ရှင်းရှင်း ဟုတ်ရဲ့လား၊ ဘယ်လိုနည်းနဲ့ ရလာတဲ့ ပစ္စည်းလဲဆိုတာတော့ ဘယ်လိုမေးလို့စစ်လို့ ဖြစ်ပါ့မလဲ။ အဲဒီတော့ သုံးလေးလအကြာမှာ ကိုယ်တော်ချောရဲ့ ဖောက်ထွင်းမှုက ပေါ်ပါလေရော။ ပုလိပ်က ထုံးစံအတိုင်း စစ်ပြီပေါ့။ အဲဒီဖောက်ထွင်းရရှိထားတဲ့ လုံချည်တွေ ဘယ်မလဲပေါ့။ သူက ရောင်းစားပြီးပြီ ဖြေပေမဲ့ ပုလိပ်က ဒီလိုလွယ်လွယ်ဖြေလို့ ရရိုးလား၊ ဘယ်မှာရောင်းသလဲ၊ ဘယ်ဈေး ဘယ်ဆိုင်းမှာ ရောင်းသလဲ လိုက်ပြ … ပေါ့။ သူရောင်းခဲ့တဲ့ ဆိုင်တွေလိုက်ပြ… ပုလိပ်က အကုန်လိုက်သိမ်း၊ ဘယ်နှထည်ရောင်းခဲ့သလဲ စစ်ကြည့်၊ နောက်ဆုံးတော့ ဖောက်ထွင်းခံရတဲ့ဆိုင်က တိုင်ချက်ပါအရေအတွက်နဲ့ ကွာနေသေးတဲ့ ဆယ်ထည်လောက်က ဘယ်မလဲပေါ့။ သူ့ခမျာ ထိန်းတော့ထိန်းရှာပါသေးတယ်။ မတတ်သာတဲ့အဆုံးမှာ အရေအတွက်ကိုက်အောင် အမှန်အတိုင်းပြောရချိန်မှာ ... ကြို့ပင်ကောက်က ဦးချစ်ဟန်ကို သွားကန်တော့ခဲ့ပါတယ်ပေါ့။ အဲဒီတော့ ပုလိပ်က ကိုယ့်ဆီလိုက်လာရော၊ ရသမျှလုံချည်လေးတွေ သက်သေခံပစ္စည်းအဖြစ် ပြန်သိမ်းပါလေရော။ ကိုယ်ကလဲ အလိုလိုနေရင်း သက်သေခံပစ္စည်းတွေပါ အခိုင်အမာရရှိထားတဲ့ သူခိုးလက်ခံ ပစ္စည်းလက်ခံ ဖြစ်သွားပါလေရော၊ နောက်ကြောင်းပြန်လှည့်ကြည့်လိုက်တော့ …. ပုလိပ်ရုံးက အမူတွဲရာဇဝင် မှတ်တမ်းဟောင်းတွေ ပြန်လှန်ကြည့်လိုက်တော့လဲ … ကိုယ်က အရင်က နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာကြီး တယောက် …. ဒီတော့ ဘယ်လို ရှင်းရှင်း ဘယ်ယုံမလဲ၊ အမှုတွဲမှာ ခိုးမှုလက်ခံ ဖောက်ထွင်းပစ္စည်းလက်ခံ၊ သူခိုးလက်ခံ။ ဒီလိုနဲ့ ထောင်ထဲဝင်ခဲ့ရ ဘာလေ ။ ဒါကြောင့်ပြောတာပေါ့။ … ကျေးဇူးသိတတ်တဲ့ တပည့်ကောင်းကြီးက ကျေးဇူးသိတတ်စွာ ဆရာကောင်း ဆရာမြတ်ကို လာရောက်ကျေးဇူးဆပ်ကန်တော့လိုက်တဲ့အတွက် ထောင်ထဲဝင်ခဲ့ရတာပါလို့၊ ကျေးဇူး အဆပ်ခံရလို့ ထောင်ထဲရောက်ခဲ့ရတာပါလို့ …”

ဦးချစ်ဟန်က ရှည်လျားစွာပြောဆိုရှင်းလင်းရင်း သူ့ရဲ့အမှုဇာတ်ကြောင်းကို နိဂုံးချုပ်လိုက်ပါတယ်။ ကျနော်ကတော့ သူ့ အမှုဇာတ်ကြောင်းရှင်းလင်းသံကို နားထောင်မိရင်း နိဂုံးမချုပ်နိုင်သေးတဲ့ အတွေးစတွေကို ဆက်ငင်နေမိပြန်တယ်။ ကျေးဇူးဆပ်တာ ကျေးဇူးသိတတ်တာဟာ မင်္ဂလာတရားဖြစ်ပေမဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုနည်းနဲ့ ကျေးဇူးဆပ်သလဲ၊ ကျေးဇူးတုံ့တင်ပြုသလဲဆိုတာဟာလဲ တခါတခါ အခရာကျတဲ့အခန်းက ပါနေပြန်ပါရော့လားလို့ တွေးနေမိတယ်။ ကျေးဇူးတရားနဲ့ ကျေးဇူးဆပ်မှုဆိုတာထဲမှာ ဒုစရိုက်သားနဲ့ ဒုစရိုက်များ မသက်ဆိုင်စေရလို့ပဲ နယ်နိမိတ်ထပ်မံ သတ်မှတ်ကန့် သတ်ထားဖို့များ လိုသေးသလား။ ဒုစရိုက်နယ်ရဲ့ဒုစရိုက်ကျေးဇူးဟာ မင်္ဂလာ တရားတော်နဲ့ မသက်ဆိုင်လို့ပဲယူဆရလေမလား။ ကျေးဇူးဆပ်ခြင်းအမှုပြုတာတောင် ဒုစရိုက်သမားတယောက်ရဲ့ ဒုစရိုက်နဲ့ ယှက်နွယ်တဲ့ ကျေးဇူးသိတတ်ခြင်းဟာ အန္တရာယ်လို့တော့ အနက်အဓိပ္ပာယ်ထွက်နေပြန်ပါပေါ့လား။

(၃)

တဆောင်တည်းမှာ အတူနေလာရရင်း ဦးချစ်ဟန်ကြီးနဲ့ ပိုမိုသိကျွမ်းရင်းနှီးလာရတော့မှ ဦးချစ်ဟန်ကြီးရဲ့ ငယ်ဇာတ်ကြောင်းတွေဟာ တစတစ ရုပ်လုံးပီလာခဲ့တယ်။ သူ့ရဲ့ပြောကြားချက်တွေအရ သူဟာနှယ်နှယ်ရရ ဖောက်ထွင်းသမားမဟုတ်။

ဗမာပြည်မှာ ဟိုးဟိုးကျော်ခဲ့တဲ့ ဖောက်ထွင်းမှုကြီးတမူမှာ သူဟာတွဲဘက် ဇာတ်ကောင်ဇာတ်ရံကြီးတဦး။ ဖဆပလခေတ်က နိုင်ငံတော်သမတကြီး ဒေါက်တာဘဦးရဲ့အိမ်တက်ပြီး ဖောက်ထွင်းလုယက်မှုကြီးမှာ ပါဝင်ခဲ့သူတဦး။

အဲဒီတုန်းက နိုင်ငံတော်သမတ ဒေါက်တာဘဦးအိမ် တက်ပြီး လုယက်ခဲ့ရာမှာ ဖောက်တွင်းဝိဇ္ဇာမောင်ကျော် နဲ့ သူနှစ်ဦးတည်းတဲ့...။

ဖောက်ထွင်းဝိဇ္ဇာမောင်ကျော်အကြောင်းကိုတော့ ဆရာမြသန်းတင့်က “မောင်ကျော်”ကို “ကျော်မောင်” လို့ နာမည်ပြောင်းပြီး လုံးချင်းဝတ္ထုရှည်ကြီးတပုဒ် ရေးသားသွားခဲ့ဖူးတာ တပိုင်းတစမှတ်မိနေသေးတယ်။

“အမှောင်ရိပ်ဝယ် …” ဆိုတဲ့ ဝတ္ထုကြီးပဲထင်ပါရဲ့။

ဆရာမြသန်းတင့်က ရသမြောက်စွာ ရေးဖွဲ့ဖော်ကျူးသွားခဲ့တဲ့ အဲဒီဝတ္တုကြီးကို ကောင်းကောင်းဖတ်ခဲ့ဖူးပေမဲ့ ထောင်ထဲမှာကျနော်က မေ့တေ့တေ့ဖြစ်နေပြီ။ တချို့ ဝေဝေဝါးဝါးဖြစ်နေပြီ။ အဲဒီဝတ္ထုကြီးရဲ့ အဓိက ဇာတ်ကောင်ဖြစ်ခဲ့တဲ့ မောင်ကျော်နဲ့တွဲပြီးပါဝင်ခဲ့တယ်ဆိုတဲ့ ဦးချစ်ဟန်ကြီးကို သာယာဝတီထောင်ထဲမှာပဲ အမှတ်မထင်ဆုံဆည်းမိတော့မှ အဲဒီ နိုင်ငံတော်သမ္မတအိမ် ဖောက်ထွင်းလုယက်မှုကြီးဇာတ်ကြောင်းကို ကျနော်က စိတ်ဝင်စားလွန်းစွာ မကြာခဏမေးမေးကြည့်မိတယ်။ မဟုတ်တာဟုတ်တာ အပထား၊ ဦးချစ်ဟန် ကြီးက သူ့ရဲ့ကိုယ်တွေ့ဇာတ်ကြောင်းအဖြစ် ပြန်လည်ပြောကြားရာမှာ အင်မတန်စိတ်ဝင်စားစရာ ကောင်းတာ တွေ အများကြီး။

“ခင်ဗျားတို့က ဘယ်လိုစိတ်ကူးတွေနဲ့များ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးအိမ်ကိုမှ တက်ဖောက်လိုက် ကြတာလဲဗျာ ..”လို့ တရက်မှာ မေးမိတယ်။

“အမှန်ပြောရရင် …. အဲဒီတုန်းက မောင်ကျော်ရော ကျနော်ရော ခြံဝင်းထဲဝင်ခဲ့ကြတဲ့အထိ သမတအိမ်မှန်း မသိဘူးဗျ။ အလုပ်မဖြစ်တာကြာတော့ ချောင်တဲ့နေရာ ဝင်လုပ်မယ်ဆိုပြီး ညကြီး အဲဒီ လူကုံတန်ရပ်ကွက်ထဲ ဝင်လာခဲ့ကြတာ။ ခြံစည်းရိုးမှာ ပုဏ္ဏရိပ်ပင်တွေ တညီတညာနဲ့ ခြံကြီးတခြံနားရောက်လာတော့ အပေါ်ထပ်မှာ ပြတင်းတပေါက် ဖွင့်ထားတဲ့ အိမ်ကြီးတအိမ် တွေ့တယ်ဗျ၊ ရာသီဥတုကပူတော့ တံခါးဖွင့်ပြီးအိပ်နေတာနဲ့ တူပါတယ်။ အောက်မှာအစောင့်လိုလို လူကလဲ အိမ်ကြီးတပတ်လှည့်ကြည့်ပြီးတာနဲ့ သူ့အစောင့်တဲဆီ ပြန်ဝင်သွားချိန်လောက်မှာ အမှောင်ရိပ်ခိုပြီး သုတ်ခနဲ ဝင်လာခဲ့ကြတယ်။ ကံကောင်းချင်တော့ ခြံစည်းရိုးထောင့်မှာ အိမ်ကို ဆေးသုတ်ဖို့ သုံးထားတဲ့ လှေကားရှည်ကြီး တစင်းလည်း တွေ့ရော အဲဒါကြီး နှစ်ယောက်သား မ, ပြီး ဖွင့်ထားတဲ့ ပြတင်းပေါက်အထိထောင်ပြီး အိမ်ထဲခပ်သုတ်သုတ် တက်လိုက်ကြတယ်။ အထဲလဲရောက်ရော နိုင်ငံတော် တံဆိပ်ကြီးက အပြူးသားနဲ့ အဲဒီကျတော့မှ ဟာ … သမတအိမ်ပါလားဆိုတာ သိတော့တာ။ ရောက်မှတော့ မထူးဘူး ချသာချကွာဆိုပြီး အနုကြမ်းစီးရတော့တာ …”

ဦးချစ်ဟန်ကြီးက ပြုံးပြီးဖြေတယ်။ ပြီးတော့ “သမတကို အနုကြမ်းစီးခဲ့တာ ဘာလက်နက်နဲ့ စီးခဲ့တယ် ထင်လဲ၊ အဲဒီအိမ်ထဲကပဲ တွေ့ရတဲ့ ပေါင်မုန့်လှီး ဓားနဲ့ ကလေးကစားတဲ့ သေနတ် … ဗျ” တဲ့။

ကျနော် တအံ့တသြဖြစ်သွားမိတယ်။ ဒီအဘိုးကြီး ခပ်တည်တည် ဖြီးနေသလားဆိုတဲ့ အကြည့်မျိုးနဲ့လဲ သူ့ကိုကြည့်လိုက်ပါတယ်။

“ပေါင်မုန့် လှီးတဲ့ ဓားကို ကျုပ်က ကိုင်၊ သူ့မြေးကစားတဲ့ သေနတ်နဲ့ တူပါတယ်၊ အဲဒီသေနတ်ကို မောင်ကျော်က ကိုင်ပြီး အတွင်းခန်းဆီ မောင်ကျော်က ဝင်သွားတယ်။ တံခါးကလဲ ဂျက်မချထားဘူး၊ အိပ်ခန်းထဲမှာ ဒေါက်တာ ဘဦးကြီးက မှိန်းပြီးအိပ်နေတယ်။ အဲ … အခန်းက ဘေးချင်းကပ်လျက်အခန်းနဲ့လဲ အတွင်းမှာ တံခါးပေါက်တခု ရှိပြီး ဆက်နေတယ်။ တံခါးကတော့ ဘယ်ဘက်က ပိတ်ထားသလဲ မသိဘူးဗျ၊ နောက်မှသိရတာက အဲဒီ သမတကြီးအခန်းနဲ့ တဆက်တည်းအခန်းက သူ့ခယ်မအိပ်တဲ့ အခန်းတဲ့ဗျ။ ဟဲဟဲ....” 

ဦးချစ်ဟန်ကြီးက သဘောကျစွာ ရယ်နေပြန်တယ်။

“ဒေါက်တာဘဦးက အဲဒီတုန်းက မိန်းမမရှိတော့ဘူးဗျ …. ဆုံးသွားပြီ...”

ပြောရင်းပြောရင်း သူကဆက်ရယ် နေတဲ့အတွက် .. “ကဲ … ဆက်ပါဦးဗျာ ဇာတ်လမ်းလေး …” လို့ ကျနော်က တရားထောက်လုပ်သလို ဇာတ်လမ်းထောက်လေးလုပ်ပြီး သတိပေးရတယ်။ 

“မောင်ကျော်က ကလေးကစားတဲ့သေနတ်နဲ့ ဒေါက်တာဘဦးနားထင် တေ့လိုက်တယ်ဆိုရင်ပဲ အဘိုးကြီးက နိုးလာတယ်၊ မောင်ကျော်က မျက်စိမှိတ်ထားခိုင်းတော့ သမတကြီးက ဘာပြောလဲသိလား၊ 'အသက်တော့ ချမ်းသာပေးပါ ...' တဲ့။ တုန်တုန်ရီရီနဲ့ မျက်စေ့ကြီးမှိတ်ပြီး ပြောတယ်။ 'ပေး … ဘယ်မလဲ မီးခံသေတ္တာသော့ ….' လို့ တောင်းတော့ အသာတကြည်ပဲ ခေါင်းအုံးအောက်လက်နဲ့စမ်းပြီး ဆွဲထုတ်ပေးတယ်။ မီးခံသေတ္တာကြီးက ဒီအခန်းထဲမှာပဲဆိုတော့ ဆွဲဖွင့်လိုက်တော့ စိန်တွေရော ရွှေထည်တွေရော ပိုက်ဆံတွေရောပေါ့။ ဒီထဲမှာ ရွှေစလွယ်ကြီးလိုဟာတောင် ပါလိုက်သေး...။ အဲဒါကြီးက မကြာသေးခင်ကမှ ယူဂိုဆလပ်သမတကြီး တီးတိုး ဗမာပြည်ရောက်လာတုန်း၊ ဗမာသမတကြီးကို ချီးမြှင့်အပ်နှင်းသွားတဲ့ ဂုဏ်ထူးဆောင် ရွှေစလွယ်တံဆိပ်ကြီး ပေါ့ဗျာ …။ ဘာမှပြောမနေနဲ့ အကုန်သိမ်းထည့်လာခဲ့တယ်။ အဲဒီလို သိမ်းကျုံးထည့်နေတုန်း … သမတကြီးက ကြောက်ကြောက်နဲ့ ဘာများပြောတယ် ထင်သလဲ .…”

ဦးချစ်ဟန်ကြီးက ပြုံးပြုံးကြီးလုပ်နေပြန်တယ်။ ဘာပဲပြောပြော သူ့ပြောဟန်ဆိုဟန်ဟာ စိတ်ဝင်စားဖွယ် အတိဆိုတော့ ကျနော်ကတော့ သူ့ရဲ့ဆက်လာလတ္တံ့သောစကားကိုပဲ နားစွင့်နေမိတယ်။

“ငါ့ … ငါ့မြေးလေးဖို့တော့ နဲနဲချန်ထားခဲ့ကြပါကွာ....” 

ဒီတခါတော့ ကျနော်ပါ ပြုံးလိုက်မိတယ်။

“အဲဒီတော့ မောင်ကျော်က ဘယ်လိုပြောတယ်ထင်သလဲ ….”

သူကထပ်ပြီး ပဟေဠိဖွက်(ဝှက်)စကားကို ဆိုပြန်တယ်။ 

“မောင်ကျော်က ဒုစရိုက်သမား ဖောက်ထွင်းဝိဇ္ဇာသာဖြစ်တာ စာတော့အတော်ဖတ်တဲ့ လူ၊ လျှို့ဝှက်သဲဖို ဝတ္ထု စုံထောက်ဝတ္ထုတွေကတော့ သူ့အသည်းစွဲပေါ့။ စာစုံလဲ အတော်ဖတ်တဲ့လူ … ဗဟုသုတရှိတဲ့လူလေ... အဲဒီတော့ … ဒေါက်တာဘဦးကို ပြောလိုက်တာက 'ခင်ဗျားလို ... လယ်သမားသူပုန်ကြီး တော်လှန်ရေးခေါင်းဆောင်ကြီး ဆရာစံကို ကြိုးမိန့်ပေး သတ်ခဲ့တဲ့အထဲ ပါခဲ့တဲ့သူကို ဘာလိုညှာနေရမှာလဲ.….' တဲ့။ ဒေါက်တာဘဦး ကိုယ်ကြီး တွန့်ခနဲဖြစ်သွားတာပဲ”

ဦးချစ်ဟန်က စကားစကို ခေတ္တဖြတ်ရင်း နားနေပြန်တယ်။ “ကဲ ကဲ ဆက်ပါဦးဗျ ” လို့ ကျနော်က လောဆော်လိုက်မှ … “နောက်တော့ ဒေါက်တာဘဦးကို အမှောက်ခိုင်း၊ ပါးစပ်ထဲအဝတ်ဆို့၊ လက်ကိုနောက်ပြန်ချည်ထားခဲ့ပြီး … 'မလှုပ်နဲ့နော် … လှုပ်ရင်တော့ သေပြီ မှတ်' လို့ ခြောက်ထားခဲ့ပြီး၊ မီးခံသေတ္တာထဲက ရနိုင်သမျှ အကုန်စု သိမ်းကျုံးထည့်လာခဲ့ကြတဲ့ အထုပ်နဲ့ ခပ်သုတ်သုတ် ပြန်ဆင်းလာခဲ့ကြတယ်။ ဘယ်သူမှ မသိလိုက်ကြဘူး။ ဘယ်အစောင့်မှလဲ မတွေ့လိုက်ကြရဘူး။ တီးတိုး ပေးတဲ့ ဂုဏ်ထူးဆောင်ရွှေစလွယ်လို ဟာကြီးတော့ အဲဒီရပ်ကွက်အကျော်က အမှိုက်ပုံတခုဘေး ထိုးဝှက်မြှုပ်နှံ ထားခဲ့ကြပြီး အောင်အောင်မြင်မြင် စခန်းသိမ်းနိုင်ခဲ့ကြတယ်။ နောက်ရပ်ကွက်တခုကျော်လောက် ရောက်တော့ ရဲကားတွေ ရဲကားတွေ ဟွန်းသံအရှည်ကြီးတွေ ဆွဲပြီး ဒေါက်တာဘဦး နေအိမ်ရပ်ကွက်ဆီ ဒရကြမ်းမောင်း သွားတာတွေ့လိုက်ရတော့တာပါပဲ။ မိုးလင်းတော့မယ်လေ … ကုန်စိမ်းသမားတွေ မနက်စောစောအလုပ်ဆင်းရမယ့်သူတွေတောင် ဟိုနားဒီနား တွေ့နေရပြီလေ …”

ဦးချစ်ဟန်ကြီးက သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်ပြီး သူ့ ဆေးလိပ်တိုကို မီးညှိပါလေတော့တယ်။ “နောက် … ဘယ်လိုဖြစ်တုန်းဗျ” ကျနော်က သိချင်ဇောနဲ့ ထပ်မေးပြန်ပါတယ်။

“ခုတင်က ပြောခဲ့သလိုပဲလေ... 'ခင်ဗျားလို လယ်သမားသူပုန်ကြီး ဆရာစံကို ကြိုးမိန့်ပေးသတ်ခဲ့တဲ့ အထဲပါခဲ့တဲ့သူကို ဘာလို့ ညှာနေရမှာလဲဗျ' ဆိုတဲ့ မောင်ကျော်ရဲ့ ကြီးကြီးကျယ်ကျယ် ခပ်တည်တည် ပြောခဲ့တဲ့ စကားက တော်တော့်ကိုတာသွားခဲ့တယ်၊ တရားခံအစစ် ဖော်ထုတ်ရေးကို ခက်သွားခဲ့ရတော့တဲ့အထိ ထိရောက်ခဲ့တယ် ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီစကားကိုကိုင်ပြီး ဒီအမှုဟာ ရိုးရိုးအမှုမဟုတ်၊ ရိုးရိုးတရားခံမဟုတ်၊ နိုင်ငံရေးနွယ်တဲ့ နိုင်ငံရေးပါတဲ့ တရားခံတွေက ကျူးလွန်တဲ့အမှု၊ နိုင်ငံရေးဖောက်ထွင်းဓားပြမှုလို့ သုံးသပ်ကြည့် မြင်ခဲ့ကြဆိုပဲ။ တော်တော်နဲ့အမှုမဖော်ထုတ်နိုင်ဘဲ စကော့တလန်ယာဒ်ကိုတောင် လှမ်းအကူအညီတောင်းရတဲ့ အထိလို့ပြောကြတာပဲ။ နောက်ပိုင်း မောင်ကျော်လဲ ခြေရာဖျောက်၊ ကျုပ်လဲ ခြေရာဖျောက်၊ ရန်ကုန်မကပ်ကြ တော့ဘဲ တယောက်တနေရာစီ နယ်ပြေးပြီး ဇာတ်မြှုပ်ကြတော့တာပေါ့ .…”

အဲဒီလိုစကားပြောကောင်းနေတုန်းမှာပဲ “အလုပ်ကြီး တန်းစီ ….” ဆိုတဲ့ တန်းစီးတကောင်ရဲ့ သတိပေး အော်ဟစ်လိုက်သံကြောင့် ကျနော်တို့လဲ ကရောသောပါး လူချင်းခွဲလိုက်ရပါတော့တယ်။

(၄)

အလုပ်ကြီး နားရက်တရက်မှာတော့ ... အေးအေးဆေးဆေး ထိုင်ဖြစ်ကြရင်း၊ တချိန်က နိုင်ငံတော်သမတအိမ် ဖောက်ထွင်းလုယက် အနုကြမ်းစီးမှုကြီးအကြောင်း ဦးချစ်ဟန်ကြီးနဲ့ စကားဆက်မိကြပြန်တယ်။
 
“အဲဒီတုန်းက အမှုက ဘယ်လို နိဂုံးချုပ်သွားလဲဗျ”

“ဟာ … တန်တယ်ဗျာ.… တန်တယ် ... မောင်ကျော်မှ ငါးနှစ်ထဲပဲ ထင်တယ်၊ ဈေးတည့်သွားကြတာ.….”

“ဗျာ … ဘယ်လိုဈေးတည့်သွားရတာလဲ”

သူက ကျနော့်အမေးကို နားထောင်ရင်း ပြုံးလိုက်ပြန်တယ်။ “ဒီလိုဗျ ... တရားရုံးရောက်တော့ ကျနော်တို့ တရားခံများဘက်က ရှေ့နေကလဲ ကောင်းတယ်ဗျ၊ လာ သတင်းယူကြ နားထောင်ကြတဲ့ ပရိသတ်ကြီးကလဲ သတင်းထောက်တွေရော ဘာတွေရောအစုံဗျ။ ဟိုး .. တနေ့က ကျနော်ပြောတဲ့အထဲပါတယ်မှုတ်လား … သမတကြီးအိပ်နေတဲ့အခန်းက … သမတကြီးအခန်း ခယ်မ အခန်းနဲ့ တဆက်တည်း ဆိုတာလေ။ အတွင်းမှာ တံခါးတချပ်ပဲ ရှိတယ်ဆိုတာလေ … ။ အဲဒီတော့ အမှုနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်၊ ရှေ့နေကြီးက အဲဒီအခန်း ဖွဲ့စည်းထားတာကိုပဲ မပါပါအောင်ထည့်ပြီး တရားခံကိုမေးလိုက်၊ ကြံဖန်ပြီး ကျူးလွန်ခဲ့သူများဟာ အေးအေးညင်ညင်သာသာနဲ့ပဲ အကြမ်းဖက်တာမရှိ ပစ္စည်းတွေ ရယူခဲ့ကြတယ်ဆိုတာ ပေါ်အောင် မေးသလိုလိုနဲ့ လုပ်လိုက်ဆိုတော့ ... သတင်းထောက်တွေ နားဆင်သူတွေ ပွဲကျစရာကြီးပေါ့ဗျာ။ တရားလိုက နိုင်ငံတော်သမတကြီးဆိုတော့ ဘာတွေပြောခဲ့ကြတယ် ဘယ်လိုရှိခဲ့တယ် ဆိုတာလဲ၊ တရားခံရှေ့နေ က ပယ်ပယ်နယ်နယ် တရားလိုကို အဓိကထားပြီး မေးရမြန်းရ မေးခွန်းထုတ်ရဦးမှာလေ …။ တရားခံမောင်ကျော်ကလဲ လူပါးဗျ၊ အကုန်ပြောဦးမှာ။ အဲဒီတော့ သမတကြီးအဖို့ မဟာအရှက်တော်အခွဲခံရသလို ဖြစ်မှာတွေကလဲ အများကြီးဆိုတော့ … သမတကြီးဘက်ကနေ မောင်ကျော်ကို လာညှိတယ်။ သမတကြီးမှာလဲ နိုင်ငံတော် ကိစ္စကြီးတွေက အများသားမို့ ခဏခဏ ရုံးတော်မလာနိုင်ဘူး၊ မလာချင်ဘူး။ မောင်ကျော်ဘက်ကလဲ တခြားဟာ တွေ ဘာမှ ပြောမနေနဲ့တော့။ လျှော့လျှော့ပေါ့ပေါ့နဲ့ အနဲဆုံး ထောင်ဒဏ်ချပေးမယ်ပေါ့။ အဲဒီလို အခိုင်အမာ အာမခံကြပြီး ဈေးတည့်သွားခဲ့တာ” 

ဒီတခါ ပြုံးလိုက်မိသူကတော့ ကျနော်။

“ဒါဖြင့် … ”

”ဟုတ်တယ်၊ ဒါအရေးကြီးတယ် ….” 

ဦးချစ်ဟန်က ခေါင်းညိတ်ရင်း မတွေးတွေးဆဆငေးနေတယ်။ ပြီးတော့မှ...

“အင်း ၊ ဒါလဲ ကျေးဇူးဆပ်မှု တမျိုးလို့ပဲ ပြောရမလား မသိပါဘူးဗျာ ... ဟဲဟဲ” လို့ စကားပလ္လင်ခံပြန်တယ်။ 

“ဒီလိုတဲ့ဗျ ... နိုင်ငံတော်သမတ အိမ်ဖောက်ထွင်းခံရမှုကြီးက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး သတင်းစာတွေ အစောင်စောင်က အမျိုးမျိုးရေးကြတယ်။ အမှုက တရားခံမဖော်ထုတ်နိုင်ဘဲ လတွေကြာလာလေ … စုံထောက် အဖွဲ့ကြီးတို့ ပုလိပ်အဖွဲ့ကြီးတို့ဆိုတာလဲ ခေါင်းမဖော်နိုင်အောင် နာမည်ပျက်လေပေါ့ဗျာ။ နိုင်ငံတော် သမတ ကြီးလဲ ခေါင်းမဖော်နိုင်ပေါ့ဗျာ။ မောင်ကျော်ကတော့ မေမြို့ဘက် သွားခိုနေပြီး ကောင်းကောင်းကို နှပ်နေတာပေါ့။ စိန်အကောင်းစားလေးတွေထုခွဲပြီး သူဌေးကြီးတယောက်လိုကို တိုက်တလုံးနဲ့ စံနေတာတဲ့ဗျ။ ဒီလူက တော်တော်လဲ အဆင့်မြင့်မြင့် ဇိမ်ခံတတ်တဲ့သူ။ အဲဒီတုန်းက ဖောက်ထွင်းမှုကို ဘယ်လိုမှ ခြေရာခံမရတော့ အစိုးရမင်းများ ဒေါသူပုန်ထပြီး … ဖောက်ထွင်းနာမည်ရှိသူမှန်သမျှ ရာဇဝင်လူဆိုးစာရင်းရှိသူမှန်သမျှ ကျော်စောပုဒ်မတွေနဲ့ အကုန်တပြည်လုံး ထောင်ထဲထည့်ပါလေရော။ ဘာမဆိုင်ညာမဆိုင် ရာဇဝင်လူဆိုးမှန်သမျှ ကပ်သင့်ကြတာပေါ့။ နယ်ကလူတွေလဲ ကပ်သင့်၊ ထောင်ပေါင်းစုံအပို့ခံ၊ အချုပ်ခံထားကြရတယ်၊ အဲဒီအချိန်မှာ ကျုပ်တို့မောင်ကျော် ကြီးက ရန်ကုန်ဆင်းပြီး သူနဲ့ရင်းနှီးတဲ့ရာဇဝင်လူဆိုးတယောက် မိန်းမဆီ သွားပြီး သူတို့မိသားစုရဲ့ ဒုက္ခကို ကူညီ ပေးကမ်းတာတွေ လုပ်ပါလေရော။ ကူညီတာမှ ပိုက်ဆံရာနဲ့ချီ ပေးတာတဲ့။ ထောင်ဝင်စာလေးဘာလေးလဲ သွားပို့လိုက်ပေါ့။ အဲဒီတော့ ထောင်ဝင်စာတောင် မသွားနိုင်လို့ လင်သားကို ဒီအတိုင်း ပစ်ထားရတဲ့ မိန်းမက ထောင်ဝင် စာ အထုပ်ကြီးကြီးနဲ့ကို သူ့လင်ရှိတဲ့ ပုသိမ်ထောင်လား ဘာလား အဲဒီကို သွားပါလေရော။ ယူသွားတာတွေကလဲ ပန်းသီးတို့ ကိတ်တို့ အကြော်အလှော်တို့နဲ့ အကောင်းစားတွေနဲ့ချည့်ပေါ့။ အဲဒီတုန်းက တရာနှစ်ရာဆိုတာ နည်းတဲ့ငွေမှ မဟုတ်တာ။ ယောက်ျားကိုယ်တိုင် အံ့သြယူရတာပေါ့။ အဲဒီတော့ ဒီလောက် ကောင်းကောင်းများများ ပို့နိုင်တာ မိန်းမ ဘယ်ကရသလဲပေါ့။ မိန်းမကလဲ ဝမ်းမြောက်ဝမ်းသာ ရှင်းပြတယ်၊ ကိုမောင်ကျော်ကြီး ကောင်းစားတောက်ပြောင်နေပြီး မမေ့မလျော့ လာပြုကူညီသွား ပေးကမ်းသွားတယ်ပေါ့။ ယောက်ျားက ချက်ဆို နားခွက်က မီးတောက်တဲ့လူမျိုး၊ မြွေမြွေချင်း ခြေမြင်တဲ့ သူမျိုးဆိုတော့ အထာပေါက်သွားတယ်။ ဒါနဲ့ သူက စဉ်းစားမှာပေါ့။ သူအပါအဝင် သူ့လို ရာဇဝင်နာမည်ကြီးတွေ ဘာမဆိုင်ညာမဆိုင် ဆွဲအချုပ်ခံနေရတာလည်း နှစ်နဲ့ချီကြာ နေပြီဆိုတော့ သူလည်းထွက်ချင်နေပြီလေ။ အဲဒီမှာ ... တိုတိုပြောကြပါစို့၊ သူနေတဲ့ နယ်ထောင်ထဲ မင်းကြီးကိုယ်တိုင် ဝင်အစစ်မှာ သူက ထောင်ပိုင်ကြီးကို တွေ့ပြီး မင်းကြီးကိုခေါ်ပေးပါ... အရေးအကြီးဆုံး သတင်းတခု သူပေးမယ်။ မတန်ရင် ကြိုက်သလို အရေးယူပေါ့။ နောက်ဆုံးမင်းကြီးနဲ့ တွေ့ကြပြီး သူ့ကို လွှတ်ဝရမ်းထုတ်ပေး၊ အာမခံ၊ အစိုးရ ခေါင်းခဲနေရတဲ့ကိစ္စ သူပြောမယ်ပေါ့။ သဘောတူညီချက်ရပြီးတဲ့အခါ 'ဒါ ဘယ်သူမှမဖြစ်နိုင်ဘူး၊ မောင်ကျော်ပဲ ဖြစ်မယ်' ဆိုတဲ့ 'တစ်' ကို ပေးလိုက်ပါလေရော။ အဲဒီမှာ မောင်ကျော် ဘယ်ရောက်နေသလဲစုံထောက်နဲ့ ပုလိပ်တွေ ရှာကြပါလေရော။ ခြေရာခံစရာ ရသွားပေမဲ့ တော်တော်နဲ့ မမိဘူး။ မိမဲ့ မိတော့ ဘယ်လိုမိတယ်ထင်သလဲ” 

ဦးချစ်ဟန်က သူ့ရဲ့ထုံးစံအတိုင်း ပဟေဠိထုတ်ပြန်လာတယ်။ ကျနော်က သူ့မျက်နှာကို မော့ကြည့်နေမိတယ်။ 

“မောင်ကျော်က ရန်ကုန်ကို ခြေညောင်းလက်ဆန့် ခရီးထွက်တော်မူပြန်တာခင်ဗျ။ အဲဒီခေတ်က အကောင်းစားသက္ကလတ်ဦးထုပ်နဲ့ အကောင်းစားအဝတ်အစားကို ရှိုးကျကျ ဝတ်စားဆင်ယင်ထားတဲ့အပြင် ဈေးကြီးပေးရတဲ့ ဒန်ဟီးဆေးတံကို ကိုက်လို့တဲ့ခင်ဗျ။ ရန်ကုန်ဘူတာကြီးမရောက်ခင် ပုဇွန်တောင်ဘူတာမှာတင် ကောက်ဆင်းလိုက်ပြီး မနက်အစောကြီး ဝေလီဝေလင်းမှာ အစောကြီး ဖွင့်နေတဲ့ လက်ဖက်ရည်ဆိုင်တဆိုင်တွင်း ဝင်ပြီး အကောင်းစားတွေမှာပြီး ပွဲတော်တည်တော့တာပေါ့။ အဲဒီအချိန်မှာ မောင်ကျော်ရဲ့ ပုံကို ကောင်းကောင်း ကျက်မိပြီး မောင်ကျော်ရဲ့ အနံ့ ရလိုရငြား လိုက်နေတဲ့ ပုလိပ်အမှုထမ်းအရာရှိတယောက်ကလည်း အဲဒီဆိုင်ထဲ ရောက်နေတာနဲ့ သွားတိုးပါရော။ အဲဒီမှာတင် လူကြီးလူကောင်းဂိုက်အပြည့်နဲ့ မောင်ကျော်ဟာ 'ခင်ဗျားမောင်ကျော်မဟုတ်လား' ဆိုပြီး ကောက်အဆွဲခံလိုက်ရတော့တာပါပဲ။ အဲဒီကနေ သူ့အမှုတွဲတွေလဲ ပေါ်ပြီး ထောင်ထဲဝင်ကြရတော့တာပါပဲ။ ဒါ့ကြောင့် ကျနော် ခုတင်က ပြောတာလေ... ဆရာလေး စဥ်းစားကြည့်... ဒါလဲ ကျေးဇူးအဆပ်ခံရခြင်း တမျိုးလို့ပဲ ပြောရမလားဆိုတာလေ .. ဟဲဟဲ”

ဦးချစ်ဟန်ကြီးက တဟဲဟဲ ရယ်နေပါတော့တယ်။ 

ဦးချစ်ဟန်ကြီးပြောတာ ဟုတ်တာမဟုတ်တာ ခဏထား။ ကျနော့်မှာ သူ့မျက်နှာကိုငေးကြည့်မိရင်း ပင့်သက်တခုချမိပြန်ပါတယ်။ 

ဝင်းတင့်ထွန်း

(ဆရာ ဝင်းတင့်ထွန်း၊ (၆)တိုက်မှာ လောက်ကိုက်တာ ခံဖူးသလား နှင့် အခြားထောင်ဝတ္ထုတိုများ ပီဒီအက်ဖ် စာမျက်နှာ ၃၂-၄၀)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်