ချစ်လွန်းလို့ ရောက်လာရသူပါ 🖋 ဝင်းတင့်ထွန်း



ချစ်လွန်းလို့ ရောက်လာရသူပါ


ဝင်းတင့်ထွန်း


(၁)


လောကကြီးမှာ ဒေါသ လောဘ အာဃာတ အမုန်းတရားတို့ကြောင့်မှသာ ထောင်တို့ တန်းတို့ထဲ ရောက်လာကြရတာမဟုတ်။


သစ္စာတရားကို မြတ်နိုးမှုကြောင့်၊ ယုံကြည်မှုကို ဆုပ်ကိုင်မှုကြောင့်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကောင်းစေချင်လွန်းမှုကြောင့် ထောင်ထဲ တန်းထဲ ရောက်လာကြရသူတွေလဲ အများကြီး။ ဒီကြားထဲ အင်မတန်ချစ်ခင်လွန်းလို့ သံယောဇဉ်ကြီးလှလွန်းလို့ မေတ္တာတရားကြောင့် ထောင်ထဲ ရောက်လာရသူမျိုးလဲ ရှိပါသေးတယ်ဆိုလျှင်...


ဘာတုန်း၊ အချစ်အတွက် မေတ္တာအတွက် တစုံတခုလုပ်ကိုင်ဆောင်ရွက်ရင်း ဥပဒေကြောင်းအရ ထောင်တန်းကျလာတာမျိုးများလားလို့ တွေးမိကောင်းတွေးမိကြပါလိမ့်မယ်။ မဟုတ်ပါ။


ချစ်လွန်းလို့ ထောင်ထဲဆွဲအသွင်းခံလိုက်ရတဲ့ ကျနော်တို့မိတ်ဆွေကြီး ကိုစိုးထွတ်ရဲ့အဖြစ်မျိုးကတော့ တော်တော့ကို ရှားပါးမယ့် ဇာတ်လမ်းတပုဒ်ပါ။ ကိုစိုးထွတ်ဟာ နိုင်ငံရေးသမားတဦး။ ဝေါနယ် ကဝနယ်သား၊ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ပြည်ချစ်ပါတီ နိုင်ငံရေးလှုပ်ရှားမှုတွေ ထိုင်းနယ်စပ်မှာ အခြေခံပြီး ပေါ်လာတော့ ကိုစိုးထွတ်ဟာ အဲဒီနိုင်ငံရေးလှုပ်ရှားမှုစီးကြောင်းကြီးထဲမှာ အဖွဲ့ဝင်တဦး။


ဘယ်တုန်းကမှ လက်နက်ကိုင်တော်လှန်ရေးကို လက်မခံခဲ့တဲ့၊  လက်နက်ကိုင်သူပုန်ထရေးလမ်းစဉ်ဆိုတာ အဖျက်လမ်းစဉ်လို့ တလျှောက်လုံး ကြွေးကြော်ခဲ့တဲ့၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေညာရမယ် လို့ တလျှောက်လုံး တောင်းဆိုဟောပြော ဝါဒဖြန့်ချီခဲ့တဲ့ ဦးနုကြီးကိုယ်တိုင်၊ မဆလစစ်အာဏာရှင်တို့ရဲ့ အုပ်စိုးမှု အောက်မှာ မလွှဲသာ မရှောင်သာ လက်နက်ကိုင် တော်လှန်ရေးဆိုတာကို အကောင်အထည်ဖော်လာရတော့ ဘုရားတကာတွေတော်တော်များများတောင် လက်နက်ကိုင်သူပုန် အမည်ခံလာရပါတယ်။ သမိုင်းရဲ့ သရော်ချက် ပြင်းပြင်းလို့ပဲ ခေါ်ခေါ် လောကကြီးရဲ့ လှောင်ချက်လို့ပဲ ကင်ပွန်းတပ်တပ်၊ စစ်အာဏာရှင် တဖက်သတ်အုပ်စိုး ယုတ်မာမှုအောက်မှာ လက်နက်ကိုင်လမ်းစဉ်ဟာ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးလုပ်ဆောင်ချင်သူတွေရဲ့ ဘဝပေး ရွေးလမ်းတခုဖြစ်ခဲ့ရပါတယ်။ အဲဒီ ရွေးလမ်းပေါ်မှာ ဦးနုကြီးကိုယ်တိုင် ပါဝင်လာခဲ့ရတဲ့ အဲဒီရွေးလမ်းပေါ်မှာ ကိုစိုးထွတ်ဟာလဲ ပါဝင်လျှောက်လှမ်းခဲ့ရသူ တယောက်…။


၁၉၈၀ ပြည့် မေလမှာ “ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့ကြီး အောင်မြင်စွာဖွဲ့စည်းနိုင်ခြင်း” အထိမ်းအမှတ် ဆိုတာကို ကြံဖန်ခေါင်းစဉ်တပ်ပြီး ဗိုလ်နေဝင်းက ၂/ ၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဆိုတာ ထုတ်ပြန်ပါတယ်။ လက်နက်ကိုင် တောခိုနေကြသူတွေကိုလဲ အိမ်ကနေ စိတ်ဆိုးပြီးထွက်သွားကြတဲ့ ညီအစ်ကို မောင်နှမ အရင်းတွေ ကိုယ့်အိမ်ကိုယ်ပြန်လာကြသလို သဘောထားပါတယ်လို့ ရှူဆေးချူဆေးလေး ပေးပြီး နတ်သံနှော လိုက်ပါသေးတယ်။


၂/ ၈၀ ကို ကိုင်ပြီးပြန်သွားကြသူတွေ တဖွဲဖွဲပေါ့။


ဗိုလ်သက်ထွန်းတို့တတွေ ပြန်သွားကြပါတယ်။ ဦးနုကြီးလဲ ပြန်သွားပါတယ်။ ဗိုလ်မှူးအောင်တို့ ရန်ကုန် ဘဆွေတို့တတွေလဲ ပြန်သွားကြပါတယ်။ ကိုစိုးထွတ်ကြီးလဲ ပြန်မယ်ပေါ့။


ဒါပေမယ့် ပြန်ပုံပြန်နည်းတွေက မတူကြ။ ၂/ ၈ဝ ကိုကိုင်ပြီး ပြန်တဲ့သူတွေ ပြန်ကြချိန်မှာ ကိုစိုးထွတ်က ၂/ ၈ဝ ကိုအသုံးချပြီး ပြန်ဖို့ပြင်တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ခြေမချရတာ ကာလကြာပြီ။ ညီအစ်ကို မောင်နှမ မိဘဆွေမျိုးသားချင်းတွေနဲ့ ခွဲခွာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒီလိုအခြေအနေကောင်းမှာ ကိုယ့်ရပ်ကိုယ့်ရွာ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေဆီ အရောက်သွားပြီး မျက်နှာပြချင် နှုတ်ဆက်စမ်းချင်မိတယ်။ ဇာတိမြေရဲ့ရနံ့တွေကို တဝကြီးရှူရှိုက်ပြီး အားပါးတရ အလွမ်းဖြေချင်မိတယ်။ လက်တွေ့ဘဝရဲ့ အခြေအနေကလဲ ဒီလိုအခွင့်အရေးမျိုးကို အရယူနိုင်ဖို့ လိုအပ်နေတယ်လေ။


ထိုင်းနိုင်ငံနယ်မြေထဲမှာ ကာလပေါင်းများစွာ ရှင်သန်ကျက်စားနေခဲ့ရစဉ်အတွင်း သူ့မှာ ချစ်သူကြင်သူ ဘဝအဖော်မွန်ကလဲ ရှိနေခဲ့ပြီလေ။ သူ့ရဲ့ကန္တာရနေ့ပေါင်းများစွာ ညပေါင်းများစွာအတွင်း သူ့ဘဝရဲ့ အရိပ်ပမာ လပမာအဖြစ်၊ စမ်းရေပမာ ပန်းပမာအဖြစ် အေးစေမွှေးစေ ကြည်နူးချမ်းမြေ့စေခဲ့တဲ့ ထာဝရလက်တွဲဖော် မေတ္တာရှင် ကရုဏာရှင်က ရှိနေခဲ့မိပြီလေ။ အဲဒီ မေတ္တာရှင်က ထိုင်းမလေးတဦးဖြစ်တဲ့ တပြည်သူ မရွှေထား။


ဟောဒီကမ္ဘာမြေကြီးရဲ့ ပထဝီဝင်နယ်နိမိတ်တွေအပေါ်မှာတော့ အချုပ်အခြာအာဏာနယ်မြေတွေ တိတိကျကျ ခိုင်ခိုင်ခန့်ခန့် သတ်သတ်မှတ်မှတ် တည်ရှိကြပြီး အချုပ်အခြာအာဏာပိုင်စိုးမှု ဆိုတာ အနှစ်သာရအရကို လေးလေးနက်နက် ရှိရမှာ ယုံကြည်ခဲ့ပေမဲ့ အချစ်မေတ္တာ လူ့ကရုဏာနယ်မြေတွေအပေါ်မှာတော့ စည်းရိုးနယ်နိမိတ်နဲ့ မျဉ်းသားထားနိုင်မှုတွေ မရှိခဲ့တာ ရှိလို့မရနိုင်ခဲ့တာ သူ့ဘဝမှာ လက်တွေ့အရ သိမြင်ခံစား နားလည်နေခဲ့ရပြီ။ သူ့ဘဝမှာ သူ့ဘဝရဲ့ စမ်းရေနဲ့ကမ်းခြေဖြစ်တဲ့ တပြည်သူမရွှေထားမျှသာမက သူ့ရဲ့ရင်သွေး ရွှေစင်လဲဖြစ်တဲ့ သမီးငယ်လေးတောင် ရှိနေခဲ့ပြီ။ သမီးလေးဟာ တီတီတာတာတောင် ပြောတတ် ဆိုတတ် ရယ်မောတတ်ရင်း သူ့အသည်းနှလုံးကို သိမ်းကြုံးဆွဲငင် သံယောဇဉ်ကြိုးတွေ တရစ်ပြီးတရစ် ဆင်တတ်နေခဲ့ပြီ။


ဒီအချိန်မှာ သူ သူ့မွေးရပ်မြေဆီ ၂/ ၈၀ ကိုအသုံးချပြီး လှစ်ခနဲတခေါက်တကျင်း ပြန်ဖို့ပြင်တော့ ကြင်သူသက်ထား မရွှေထားမျက်နှာပေါ်မှာ မျက်ရည်တွေ ဝဲလို့။ “မကြာပါဘူး၊ ပြန်လာမှာပါ၊ စိတ်ချပါ” လို့ပြောတာ မယုံချင် မယုံရဲ။ ဘယ်မှာ ယုံရဲရှာပါ့မလဲ။ မယုံရဲရှာတာကိုက ကရုဏာသက်စရာ ဖြစ်ရပြန်ပြီ။ “မပြန်လို့မရ ဘူးလားကွယ်” လို့ မျက်ရည်ဝဲဝဲနဲ့ ပြောတာကိုက မေတ္တာရဲ့အတိမ်အနက် ပြဒါးတိုင်လေး ဖြစ်ရပြန်ပြီ။ သူ့ရဲ့ ပြန်ချင်စိတ်နဲ့ ပြန်ချင်တာကို မရွှေထားက နားလည်စွာ သဘောထားကြီးစွာနဲ့ တင်းတင်းကျပ်ကျပ်တော့ မတား ရှာ။ ကသိကအောက်ဖြစ်အောင် စိတ်အနှောင့်အယှက် ဖြစ်အောင်လဲ ဘာတခုလေးမှ မလုပ်ရှာ။ အဲဒီလို မလုပ်တာကိုက သနားစရာတမျိုး ဖြစ်နေပြန်တယ်။ နှလုံးသားကို တင်းတင်းချည်လိုက်တဲ့ ကြိုးတချောင်း ဖြစ်နေခဲ့တယ်။


ဘာပဲဖြစ်ဖြစ် ပြန်ကိုပြန်မယ်၊ မွေးရပ်မြေကို ရောက်အောင်ကိုသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူပြန်လာခဲ့တယ်။ ကြင်သူက မျက်ရည်တွေတဝဲဝဲနဲ့ သမီးလေးလက်ကိုဆွဲပြီး သူ့ရဲ့မွေးရပ်မြေသို့ အပြန်ခရီးကို တဖက်သော နယ်စပ်မျဉ်းကြောင်းကနေ လိုက်ပို့ရှာတယ်။ “မင်း ... လိမ်တာ နေမှာပါ၊ မင်း ... ပြန်လာတော့မှာ မဟုတ်တော့ဘူး ထင်ပါတယ်...” လို့လဲ ရှိုက်သံတွေ ဝေ့ဝေ့ကြားကနေ မယုံမရဲစိတ်နဲ့ တတွတ်တွတ် ပြောရှာတယ်။ “စိတ်ချပါ … ငါပြန်လာမှာပါ၊ ငါမလိမ်ပါဘူး” လို့ အထပ်ထပ်ပြောတာတောင် ပြည့်ပြည့်၀၀ ယုံဝံ့ရှာဟန် မတူပါ။ အပြစ်ကင်းစင်ရှာတဲ့ သမီးလေးကတော့ သူ့မျက်နှာကို မျက်လုံးကြီးအဝိုင်းသားနဲ့ကြည့်ပြီး “ဖေဖေရယ်... မြန်မြန်ပြန်လာခဲ့နော်…” လို့ သံယောဇဉ်ဖွဲ့နှောင်မှုကို အသံတိတ် ဘာသာစကားတွေနဲ့ ပြောနေခဲ့တယ်။ လမ်းတလျှောက်လုံး သည်မြင်ကွင်း သည်အသံ သည်မျက်လုံးတွေကို ကြိမ်ဖန်များစွာ မြင်မြင်နေရင်းက သူ့ဇာတိရွာမြေပြန်ရောက်တော့ သူ့ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေက ဝိုင်းဝိုင်းလည်အောင် ကြိုကြ တယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေခဲရတဲ့ သူ့အပေါ် နွေးနွေးထွေးထွေး ပြုမူကြတယ်။ သံယောဇဉ်ရဲ့ အမှတ်အသားတွေကို သူတို့ဖော်ပြတတ်သလို ဒေါင့်ပေါင်းစုံကနေ ဖော်ပြခဲ့ကြတယ်။ သူလဲ အတိုးချပြီး ကျေနပ်ကြည်နူးရတာ အမှန်ပါ။


ဒါပေမဲ့ ကြည်နူးရမှုကတော့ သိပ်မကြာပါ။ ခွဲခွာခဲ့ရတာ ကာလကြာပြီဖြစ်တဲ့ မွေးရပ်မြေနဲ့ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမတွေကို လာရောက်နှုတ်ဆက်တာသာဖြစ်ပြီး၊ အစကတည်းက ပြန်ဖို့ဆုံးဖြတ်ချက်ပါပြီးသား ဖြစ်တဲ့အတွက် ပြန်ဖို့ ပြင်ပါတယ်။ ဇနီးနဲ့ သမီးလေးဆီ ပြန်ဖို့ပြင်ပါတယ်။ 


သူက သူ့ရဲ့ ညီအစ်ကို မောင်နှမ အရင်းအချာတွေကို သူ့ရဲ့အကြောင်းထုပ္ပတ် ဘဝမှန်ကို လိုအပ်သလို ရှင်းလင်းပြောပြတာ လုပ်ခဲ့ပါတယ်။ သူ့မှာ ထိုင်းနိုင်ငံသူ ထိုင်းအမျိုးသမီးဇနီးသည်နဲ့ သမီးလေးလဲရှိနေပြီ ဖြစ်တဲ့အကြောင်း၊ ၂/၈ဝ ကြေညာချက်ကိုအသုံးချပြီး နှစ်ပေါင်းများစွာကွဲကွာနေခဲ့ရတဲ့ ဇာတိမြေနဲ့ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေကို တွေ့ချင်မြင်ချင်လွန်းလို့ မရောက်ရောက်အောင်လာခဲ့တာဖြစ်တဲ့အတွက် သူ့အပေါ် နားလည်ကျေနပ်ပေးကြပါတော့ဆိုတဲ့အကြောင်းတွေ ပြောဆိုရှင်းလင်း ဖျောင်းဖျခဲ့ပါတယ်။


သူ့ရဲ့ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေကလဲ သံယောဇဉ်ကြီးလွန်းလှတဲ့သူ့အပေါ် သံယောဇဉ်စိတ် မေတ္တာစိတ်တွေနဲ့ပဲ မပြန်တော့ဖို့ အကြောင်း သည်မှာပဲနေတော့ဖို့အကြောင်း မျက်ရည်လည်ရွဲနဲ့ ပြန်လည် တုံ့ပြန်တောင်းခံ ဖျောင်းဖျကြပါတယ်။ သူက ရင်နင့်စွာနဲ့ ခေါင်းခါပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့…


သူ့အပေါ် သံယောဇဉ်ကြီးမားလှတဲ့ သူ့ရဲ့ညီအစ်ကို မောင်နှမတစုရဲ့စဉ်းစားရွေးချယ်ပုံက… ထိုင်းနိုင်ငံကိုပြန်သွားရင် နောင်ဘယ်တော့မှ တွေ့ရပါတော့မလဲ၊ တွေ့ချင်မှတောင် တွေ့နိုင်မှာမဟုတ်တော့တဲ့ အခြေအနေမျိုးအထိလဲ ဖြစ်သွားနိုင်တယ်။ တနိုင်ငံစီ ဖြစ်သွားရပြီ မဟုတ်လား။ ဒီမှာဆိုလျှင် နောက်ဆုံး ထောင်ထဲရောက်သွားရပြီ ဆိုရင်တောင် ထောင်ကလွတ်ရင် ပြန်တွေ့ရမှာပဲ။ ဘယ်မှာမှ သွားလို့မရတော့ပဲ ပြန်တွေ့နိုင်မှာပဲလို့ သူတို့မီသမျှ ဉာဏ်လေးလောက်နဲ့ စဉ်းစားကြပြီး၊ စိတ်ဆိုးချင်ဆိုး၊ စိတ်နာချင်နာ ဒီလမ်းကပဲ ကောင်းသေးတယ်လို့ သဘောထားပြီး၊ ထိုင်းနိုင်ငံဆီ ပြန်လို့ မရတော့အောင်ဆိုတဲ့ တွေးလုံးတိမ်တိမ်လေးတွေနဲ့ပဲ အံကိုတင်းပြီး ထောက်လှမ်းရေးဆိုတာကို သွားပြီး လက်တို့လိုက်ကြပါတယ်။ ရလဒ်အဖြစ် ကိုစိုးထွတ် အဖမ်းခံလိုက်ရပါတယ်။


“သက်ဆိုင်ရာ” ဆိုတဲ့ အကောင်များက ကိုစိုးထွတ်ကို လက်ထိပ်ခတ်ပေးလိုက်ကြပါတယ်။ ဒီလိုနဲ့ ပုဒ်မ ၁၇(၁)(၂)ဆိုတဲ့ ဘွဲ့ထူးနဲ့ ကိုစိုးထွတ်တယောက် နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာခဲ့ရပါတော့တယ်။


ပုဒ်မ ၅၊ ည ဆိုတဲ့ ဘွဲ့ထူးနဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကျနော်ဟာ တိုက်တကာစုံအောင်နေခဲ့ရဖူးပေမဲ့ ကိုစိုးထွတ်ကြီးနဲ့တိုက်ထဲမှာ အတူမဆုံခဲ့ရဖူးပါ။ ဒါပေမဲ့ ကိုစိုးထွတ်ရဲ့ နာမည်နဲ့ ကိုစိုးထွတ်ရဲ့ဇာတ်လမ်း တစိတ်တပိုင်းကို ကိုစိုးထွတ်နဲ့အတူ နေခဲ့ရဖူးသူတွေဆီကနေတဆင့် ကျနော်ကြားသိရင်းနှီးနေခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် ပုဒ်မ ၅၊ ည နှစ်ခုထပ်နဲ့ နှစ်မှုစလုံး ထောင်ချခံရပြီးတဲ့နောက် တိုက်ကနေ ထောင်ကျဆောင်ကို ရောက်လာရတဲ့အခါ၊ (၁)ဆောင်မှာ ကိုစိုးထွတ်နဲ့တဆောင်တည်း ဖြစ်လာရရုံမက၊ အလုပ်ကြီးထဲမှာလဲ အလုပ်တူတွေဖြစ်လာရပါတော့တယ်။ ကျနော့်ကို အလုပ်ချထားပေးခြင်းခံရတာက ဖိနပ်ချုပ်ဘုတ်၊ ကိုစိုးထွတ်လဲ ဖိနပ်ချုပ်ဘုတ်။


ကျနော်တို့နိုင်ငံရေးသမားတွေကို အလုပ်ကြီးဘုတ်တခုတည်းမှာအတူချထားမပေးဘဲ၊ ထောင်အာဏာပိုင်တွေက ဘုတ်မတူတာတွေ ဖြန့်ခွဲချထားပေးပါတယ်။ ဖိနပ်ချုပ်၊ ယက်ကန်း၊ လက်သမားစတဲ့ ဘုတ်တွေမှာ ကျနော်တို့ရဲ့ ရဲဘော်တွေ ကျနော်တို့နိုင်ငံရေးသမားတွေ ချထားခြင်းခံရပါတယ်။


ကျနော်တို့ ဖိနပ်ချုပ်ဘုတ်မှာကို ၅၊ ညတွေအဖြစ် ကျနော်၊ ဗိုလ်ဇင်ကော့၊ စိုးဝင်း၊ ကိုမောင်မောင်တိတ်၊ ဦးထွန်းမြင့်၊ ဦးမြစိန်၊ ဦးအောင်ကြည်၊ ကိုဌေးအောင်(ဇင်လင်း) စတဲ့သူတွေရှိပြီး၊ ၁၇(၁၂)တွေအဖြစ်က ကိုစိုးထွတ်၊ စောရှက်ဖ၊ ချာလီ စတဲ့သူတွေရှိပါတယ်။


ကိုစိုးထွတ်၊ စောရှက်ဖ၊ ချာလီတို့နဲ့ ဗိုလ်ဇင်ကော့၊ စိုးဝင်း၊ ကျနော်တို့က ဖိနပ်ချုပ်မှာမှ ရုံလည်း တရုံတည်း။ ကျနော်၊ ဗိုလ်ဇင်ကော့၊ စိုးဝင်းတို့က ဖိနပ်ခွာရိုက်၊ ကိုစိုးထွတ်နဲ့ စောရှက်ဖကြီးကတော့ ဖိနပ်ချုပ် စက်ကိုင်။ မျက်နှာပေါ်မှာ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးငုတ်တိုတွေ အပြိုင်းအရိုင်းနဲ့ ကိုစိုးထွတ်ကြီးက အမြဲတန်း ပြုံးပြုံးပြုံးပြုံးနဲ့ နေတတ်တယ်။ ရင်ထဲမှာလွယ်ထားရတဲ့ ဝေဒနာတွေအတိုင်းသာနေရမယ်ဆိုရင် သူ့မျက်နှာပေါ် အပြုံးလေးတစတောင် ထင်နိုင်ဖွယ်ရာမရှိ။ ဒါပေမဲ့ နိုင်ငံရေးသမားအဖြစ်က လာခဲ့တဲ့သူဟာ ဒီလို အကျဉ်းထောင် အတွင်းမှာ အံတင်းရင်းက ပြုံးပြီးနေနိုင်ခဲ့တယ်။


“ကျနော်က ကျနော့် ညီအစ်ကို မောင်နှမတွေက ကျနော့်ကိုချစ်လွန်းလို့ ထောင်ကျခဲ့ရတာပါဗျာ” လို့ ကြေကွဲစွာ ရယ်မောတတ်တယ်။ အလုပ်ကြီး ဖိနပ်ချုပ်ရုံထဲမှာ လက်မရှိတော့တဲ့အင်္ကျီကြီးကို ဝတ်ထားတတ်ပြီး၊ ပုဆိုးကိုလဲ တိုတိုပါအောင်ဝတ်ထားတတ်တဲ့ သူ့ပုံဟာ တခါတရံကျ ရိုးတံတွေ့ပြိုင်းပြိုင်းထနေတဲ့ ကန္တာရသစ်ပင်အိုကြီး တပင်လိုလဲဖြစ်နေတတ်တယ်။ ရိုးတံတွေ အပြိုင်းပြိုင်းထပြီး မြင်ရတာ အထီးကျန်ဆန်လွန်းသယောင် ရှိပေမဲ့ ရေသောက်မြစ်ရှိပြီးသား ရှင်သန်နေဆဲ ဒီသစ်ပင်ကြီးဟာ တနေ့ ရွက်သစ်ပူးနုတွေတဝေဝေနဲ့ ပြန်လည် နုပျိုလန်းမြ စိမ်းစိုလာဦးမှာကိုတော့ လူတိုင်းမြင်နိုင်ကြလိမ့်မယ်မဟုတ်ပါ။ 


“လာကြဗျို့… ရေနွေးကြမ်းရပြီ”


တနေ့လယ်ခင်း အားလပ်ချိန်မှာ ကျနော်တို့ရဲ့ စောကြက်ဖကြီးက ကျနော်တို့ကို တိုးတိုးလှမ်းခေါ်တယ်။


သူ့ခမြာ ကျယ်ကျယ်ခေါ်လို့တော့ မဖြစ်။ ဒီကိစ္စက သိသာသိစေမမြင်စေနဲ့ လုပ်ရတဲ့ကိစ္စ။ ထောင်ထဲမှာ တရားဝင်အားဖြင့် ရေနွေးကြမ်း တည်သောက်ဖို့နေနေသာသာ မီးခြစ်တောင်ကိုင်ခွင့်ရှိတာမဟုတ်။ ဒီကြားထဲက တာဝန်ကျ ထောင်အာဏာပိုင် ပါးကွက်သားတွေမသိအောင် အကြံအဖန်အမျိုးမျိုးနဲ့ ရေနွေးကြမ်းသောက်ရအောင် တည်ရတာမျိုး ဖြစ်ပါတယ်။ များများစားစားလဲ တည်နိုင်တာမဟုတ်။ ဒါကြောင့် နောက်တချက်က လူအားလုံးကိုလဲ လာသောက်ဖို့ ဖိတ်မန္တက မပြုနိုင်။ ရင်းရာရင်းရာ၊ နီးရာနီးရာအလိုက်ပဲ ဝိုင်းဖွဲ့ရတဲ့သဘော။ ကိုစိုးထွတ်ကိုင်ရရာ ဖိနပ်ချုပ်စက်ကြီးရဲ့ဘေးက ကျဉ်းကျဉ်းကျပ်ကျပ်နေရာမှာ ကျနော်၊ ဗိုလ်ဇင်ကော့၊ ကိုစိုးထွတ်နဲ့ စောကြက်ဖကြီးတို့ ခေါင်းချင်းဆိုင် ထိုင်ဖြစ်ကြတယ်။

 

ကျနော်တို့ သွားလေရာ သယ်သွားရတဲ့ လက်စွဲတော် ကြွပ်ကြွပ်အိတ်လေးတွေထဲက ပုံစံဒန်ပန်းကန်လုံးလေးတွေ ထုတ်ပြီး စောကြက်ဖကြီးရှေ့ချပေးလိုက်ရတယ်။ စောရှက်ဖကြီးက ကရင်အမျိုးသား။ အရပ်ကပုပြတ်ပြတ်လေးသာ ဖြစ်ပေမဲ့ မေးရိုးကားကား မျက်နှာ ပြားပြားကြီးနဲ့ ဆံပင်တွေက အမောက်လိုထောင်နေတော့၊ “စောရှက်ဖ”ဆိုတဲ့ သူ့နံမည်နဲ့ အသံထွက် မတိမ်းမယိမ်းလဲဖြစ်၊ သူ့ကို ချစ်စနိုးခေါ်တာလဲဖြစ်အောင် “စောကြက်ဖကြီး”လို့ ကျနော်တို့တတွေက ခေါ်ကြတယ်။ ကျနော်တို့တွေရဲ့ ဒန်ပန်းကန်လေးတွေထဲရော သူ့ပန်းကန်လေးထဲပါ ရေနွေးကြမ်းတွေကို မျှဝေထည့် ပေးရုံမက၊ စောကြက်ဖကြီးက တလောလေးကမှ သူ့အိမ်က ထောင်ဝင်စာလာထားလို့ရထားတဲ့ ထောင်ဝင်စာထုပ်သေးသေးထဲက ထန်းလျက်ခဲထုပ်လေးကိုလဲ ဖြည်ပြီး တယောက်တလုံးစီ ဝေပေးသေးတယ်။ စောကြက်ဖကြီးက ထန်းလျက်ခဲလေးကို နတ်သုဒ္ဓါမှီဝဲသလို မှီဝဲရင်း ရေနွေးကြမ်းပန်းကန် ဒန်ပန်းကန်လုံး မဲညစ်ညစ်ကို လက်နှစ်ဖက်နဲ့ ဂရုတစိုက်စုံကိုင်ရင်း တဖူးဖူးမှုတ်နေတာမြင်ရတော့...


“ကိုကြက်ဖကြီး… ခင်ဗျားရေနွေးကြမ်းသောက်ဖို့ တဖူးဖူးမှုတ်နေတာကလဲ ကလဲရီနက် (Clarinet) မှုတ်တာများ သတိရနေသလား” လို့ ကျနော်က စမိတယ်။


ကိုကြက်ဖကြီးက ဟက်ခနဲတချက်ရီပြီး “ဒီမှာလေတောင် မချွန်အားပါဘူးဗျာ”လို့ ပြောရှာတယ်။ ဒီထဲမှာ ဖြစ်သလို နေထိုင်နေရရှာတဲ့ ကိုစောကြက်ဖကြီးဟာ တကယ်က တကယ့်ဂီတပညာရှင် ဆိုဗီယက်က အနုပညာ တက္ကသိုလ်တခုကနေ လေမှုတ်တူရိယာနဲ့ ဘွဲ့တောင်ရလာခဲ့တဲ့သူ။ အခုတော့ လေတောင်မချွန်နိုင်ဘဲ ဖိနပ်ချုပ် စက်ကိုင်နေရတဲ့ဘဝ။ ကေအဲင်ယူနဲ့ပတ်သက်ပြီး မတရားသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)(၂) နဲ့ ထောင်ဒဏ်(၃) နှစ် ချမှတ်ခံထားရသူ။


“ကိုစိုးထွတ်ကြီးကတော့ တဖြေးဖြေးနဲ့လွတ်ဖို့နီးလာပြီပေါ့နော်...” လို့ ဗိုလ်ဇင်ကော့က ကိုစိုးထွတ်ကြီးကို မေးတယ်။


“အင်း… နီးလာပြီ၊ လွတ်ရင်တော့ မဖြစ်ဖြစ်အောင် သမီးနဲ့ဇနီးဆီ ပြေးနိုင်အောင်ကြိုးစားရမှာပဲ။ ဒီက ဆွေမျိုးသားချင်းတွေကတော့ တသက်မမေ့နိုင်အောင်ကို နှုတ်ဆက်လိုက်ကြပြီးပြီပဲဗျာ။ ကျနော်ကလဲ တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးပြီပဲ”


“အေးဗျာ… ခင်ဗျားအဖြစ်ကလဲ…”


“ဒါကြောင့် ကျနော် ခဏခဏပြောနေဖြစ်တာပေါ့၊ ကျနော်က ကျနော့်ဆွေမျိုးသားချင်းတွေက ချစ်လွန်း လို့ ထောင်ကျလာခဲ့ရတာပါလို့။ သူတို့ကတော့ ကျနော်ဒီလို ထောင်ကျသွားရရင် ထောင်ကလွတ်လာရင် ဘယ်မှသွားလို့ရမှာ မဟုတ်တော့ဘူးလို့များ တွက်ရတယ်လို့ဗျာ။ အေးလေ… သူတို့တွေခမျာလဲ…” 


ကိုစိုးထွတ်ကြီးက သက်ပြင်းဖွဖွနဲ့ပြောရှာတယ်။


“ခင်ဗျားဇနီးနဲ့ သမီးလေးကတော့ ဘယ်လိုများ ထင်မလဲ မသိဘူးနော်...” 


ကျနော်က စာနာစိတ်သက်သက်နဲ့ပဲ တွေးတွေးဆဆပြောမိတယ်။


“ကျနော် စိတ်မကောင်းဘူးဗျာ၊ ကျနော် ဗမာပြည်ဘက်ထွက်လာမယ့်အချိန်... သူတို့ သားအမိ ကျနော့်ကိုလိုက်ပို့ရင်းနဲ့ မင်းလိမ်တာနေမှာပါ... မင်းပြန်လာမှာမဟုတ်တော့ဘူး ထင်ပါတယ်.. လို့ မျက်ရည်လေးတဝဲဝဲနဲ့ ပြောနေတဲ့ပုံကိုပဲ ခဏခဏ သတိရနေတယ်ဗျာ။ အခုတော့… သူတို့ဆီ ပြန်မရောက်လာနိုင်ပဲ ဒါလောက်တောင်ကာလတွေ နှစ်တွေလတွေ ကြာနေပြီဆိုတော့... သူတို့စိတ်ထဲ ကျနော်လိမ်သွားတာလို့ တထစ်ချစွဲသွားနိုင်တာပေါ့ဗျာ၊ ကျနော်မလိမ်ပါဘူးဗျာ... ပြန်ကိုပြန်မှာပါ၊ သူတို့သားအမိဆီရောက်အောင် ပြန်မှာပါ၊ သူတို့ခမြာ ကျနော်ထောင်ထဲ ဒီလိုဘဝရောက်နေတာ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ...”


ကိုစိုးထွတ်အသံပေါ်မှာ တကယ့်ကိုကြေကွဲရိပ်တွေ စွန်းထင်ဆိုင်းတွဲ့နေခဲ့တယ်။ 


“ဗိုလ်မှူးအောင်ကတော့ ကျနော့်ကို လွတ်စေချင်တဲ့ စေတနာနဲ့ တရားရုံးမှာ ကျနော့်ဘက်ကနေ သက်သေအဖြစ် ထွက်ပေးရှာပါတယ်။ ဒါပေမဲ့ မရပါဘူးဗျာ။ ၁၇(၁)(၂)က ပုဒ်မတပ်ပြီးရင် အနဲဆုံးကြမ်းခင်းဈေး ရှိပြီးသားပဲ”


ကျနော်တို့အားလုံး သက်ပြင်းကိုယ်စီ ရှိုက်မိကြပါတယ်။ 


“ကျနော် ပြန်ဖြစ်အောင်ကိုပြန်မှာ၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားပြီးပြန်မှာ၊ ကျနော်မလိမ်ခဲ့ဘူး ဆိုတာ ပြကို ပြရမယ်။ ပြီးတော့ ဒီလိုစစ်အာဏာရှင်တွေရဲ့ အုပ်စိုးမှုအောက်မှာလဲ ကျနော်မနေချင်ပါဘူးဗျာ။ ကျနော်… ဟိုကို ပြန်ရောက်ရင် ပန်းပဲဆက်ထုမယ်... ကိုယ့်ပန်းပဲဖိုမှာ ပန်းပဲထုပြီး အသက်မွေးရင်း တိုင်းပြည်ရဲ့အခြေအနေကို လှမ်းကြည့်နေမယ်ဗျာ...”


ခံစားမှုအပြည့်နဲ့ ပြောပြနေတဲ့ သူ့စကားသံကို ဆက်လက်နားစွင့်နေမိခဲ့ကြတယ်။ 


“ခင်ဗျားတို့လဲ နောင်… အကြောင်းကြောင်းနဲ့ ထိုင်းနယ်စပ်ဖက်များ ရောက်လာခဲ့လို့ရှိရင် အချိန်မရွေး ကျနော့်ကို လာတွေ့ကြပါ။ ပန်းပဲထုတဲ့ဗမာကြီးလို့ပြောရင် ကျနော့်နာမည်ကို ပြောလိုက်ရင် အဲဒီဘက်မှာ သိကြပါတယ်ဗျာ။ လူဆိုတာ ပြောလို့ရတာမဟုတ်ဘူး။ တကြောင်းမဟုတ်တကြောင်းနဲ့ ရောက်ဖြစ်ချင်ရောက် ဖြစ်တာ။ နိုင်ငံရေးသမားဆိုတာ ပိုတောင် အဲဒီလိုကြုံနိုင်သေးတယ်...”


ကိုစိုးထွတ်ကြီးက သူတောင်ထောင်က မထွက်ရသေးခင်ကတည်းက ကျနော်တို့ကို ကြိုတင်ဖိတ်မန္တက ပြုနေခဲ့တယ်။ သူ့စကားတွေက သူမုချ ပြန်ကိုပြန်မယ်ဆိုတာ အခိုင်အမာ ဖော်ညွှန်းနေရုံမက၊ သူ့ကြင်သူဟာ သူ့ကို သူတို့နှစ်ယောက် ဒိုးတူဘောင်ဖက် လုပ်ကိုင်စားသောက် နေထိုင်ခဲ့ကြတဲ့ ပန်းပဲဖိုလေးကနေ၊ သူပြန်လာ မယ့်အချိန်ကို မမှိတ်မသုန်စောင့်လင့်ကြိုဆိုနေမှာကို သံသယကင်းစွာ အခိုင်အမာယုံကြည်နေတာကိုလဲ ထင်ဟပ်ပေါ်လွင်နေခဲ့တယ်။ ဪ… သူ့ချစ်သူရဲ့ သစ္စာအသည်းနှလုံးကို စိုးစဉ်းမှသံသယမဝင် ယုံကြည် လေးနက်လွန်းလိုက်တာလို့ ခံစားမိရင်း ကျနော့်မှာ ကြေကွဲမှုတွေကြားကနေ ကြည်နူးဆွတ်ပျံ့သလိုလိုတောင် ဖြစ်လိုက်သေးတယ်။ ကျနော်က ဆွတ်ပျံ့လွမ်းမောဖွယ်တွေကို ရင်ခုန်တတ်သူဆိုတော့ တခါမှမမြင်ဖူးတဲ့ သူ့ရဲ့ ကြင်သူ သက်လယ် တပြည်သူမရွှေထားနဲ့ သူ့ရဲ့အပြန်ကိုတိုးတိတ်စွာ စောင့်လင့်ငေးမျှော်နေရှာမယ့် မျက်လုံးလေး အဝိုင်းသားနဲ့ သမီးငယ်လေးရဲ့ မျက်နှာတွေကိုပါ အာရုံထဲမှာ ပုံဖော်ကြည့်ရင်း မြင်မိမြင်ယောင် ဖြစ်လာခဲ့တယ်။ တနေညိုတိုင်း ပန်းပဲဖိုအဝင်လမ်းဆီ ငေးရီမျှော်ရှုနေရှာမယ့် ထိုင်းအမျိုးသမီးလေး တယောက်ဟာ သူ့သမီးလေးကို လက်ဆွဲလို့ပေါ့။ ပြီးတော့ ဗမာပြည်ဘက်ကို မျက်ရည်တဝဲဝဲနဲ့ တမေ့တမောကြီး လှမ်းကြည့်လို့ပေါ့။


(၃)


နောက်ပိုင်းမှာ ကိုစိုးထွတ်အကြောင်း ကျနော်မကြားရတော့။


ကျနော်တို့ ၅၊ ည အုပ်စုကို စစ်အစိုးရက ထောင်တွေ့ခွဲပြီး ပြောင်းရွှေ့ပစ်လိုက်တော့ ကျနော်က သာယာဝတီထောင် ရောက်သွားတယ်။ ဗိုလ်ဇင်ကော့တို့ ကိုစိုးဝင်းတို့တွေကတော့ တောင်ငူထောင်လိုလို ကြားရတယ်။


ကျနော်နဲ့အတူ သာယာဝတီထောင်ပါလာခဲ့တဲ့ ဦးထွန်းရှိန်ကြီးနဲ့ စကားစပ်မိကြရင်း ဒီအချိန်ဆို ကိုစိုးထွတ် ကြီးတယောက်တော့ ထိုင်းနယ်မြေကိုပြန်ရောက်ပြီး သူ့ဇနီး သူ့သမီးတွေနဲ့များ ပျော်ရွှင်စွာ ပြန်လည် ဆုံတွေ့နေလောက်ပြီလားလို့တော့ ပြောမိဆိုမိ တွေးကြည့်ဖြစ်မိသေးတယ်။ ကျနော်ကိုယ်တိုင် ထောင်ကျနှစ်ပြည့်လို့လွတ်မြောက်လာရပြီးတဲ့နောက်ပိုင်း ရုန်းရင်းကန်ရင်း ပြေးလွှားရရင်းက ရာသီစက်ဝန်းတွေ အကြိမ်ကြိမ်ကျော်လာခဲ့တယ်။ နိုင်ငံရေးသတ္တဝါတဦးဖြစ်ခဲ့ရတဲ့ ကျနော်ဟာ နိုင်ငံရေးဝဲသြဃကြီးထဲမှာပဲ အကြိမ်ကြိမ်ဝရမ်းပြေးလဲ ဖြစ်နေခဲ့ရတယ်။

 

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွဲနှိပ်ကွပ်မှုရဲ့ အကျိုးဆက်တခုအဖြစ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ ကျောင်းသားလူငယ်တွေ နိုင်ငံရေးစိတ်ဓာတ်ပြင်းပြသူတွေ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ထောင်ပေါင်းများစွာ ထိုင်းနယ်စပ်တလျှောက် ထိုင်းနယ်မြေတလျှောက် ရောက်သွားကြရချိန်မှာ၊ မှတ်မှတ်ထင်ထင် ကိုစိုးထွတ်ကြီးကို သတိရနေမိသလို ကိုစိုးထွတ်ကြီးကော ဘာတွေများ လုပ်ကိုင်နေသလဲလို့လဲ အတွေးတချက် ဝင်ခဲ့မိသေးတယ်။


ကျနော်လဲ ထိုင်းနယ်မြေဘက်ဆီသာ ပြေးခဲ့ရမယ်ဆိုရင်တော့ အင်းစိန်ထောင် ဖိနပ်ချုပ်အလုပ်ကြီးဘက်မှာ တဘုတ်တည်းသားချင်းတွေ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသား ဘဝတူချင်း ဖြစ်ခဲ့ဖူးတဲ့ ကိုစိုးထွတ်ကြီးကို မတွေ့ တွေ့အောင် ရှာဖြစ် တွေ့ဖြစ်ခဲ့ဦးမှာပါ။ ဒါပေမဲ့ ကျနော်က အဲဒီဘက်ဆီ မရောက်ဖြစ်။ ပြည်ပဆီ ထွက်ပြေးခဲ့ရတာချင်း တူပေမဲ့ ထိုင်းနယ်မြေဆီ ခြေမချဖြစ်။


ကာလတခုအကြာမှာတော့ ကိုစိုးထွတ်ကြီးနာမည်ကို ကျနော်ပြန်ပြီး ကြားလာရပြန်ပါတယ်။ ကျနော် တို့ ကိုစိုးထွတ်ပဲလား နံမည်တူကိုစိုးထွတ်ပဲလားဆိုပြီး ဝေဝေဝါးဝါးမသဲမကွဲ ဖြစ်နေမိပြန်ပါတယ်။ ကျနော်က ကျနော်တို့ဘက်ဆီ ရောက်ရောက်လာတဲ့ မိတ်ဆွေတဦးကို “သူ့အမျိုးသမီးက ထိုင်းအမျိုးသမီးလေ … ပန်းပုထုတဲ့ ကိုစိုးထွတ်လား” လို့ သေချာအောင် မေးမြန်းကြည့်မိနေသေးတယ်။ အဲဒီကျတော့မှ မလွဲနိုင်တော့၊ ကျနော်တို့မိတ်ဆွေကြီး ကိုစိုးထွတ်။


တလောကတော့ ကျနော်နဲ့ အင်မတန်ရင်းနှီးတဲ့ ကျောင်းသားခေါင်းဆောင်လေးတယောက်ရောက်လာတယ်။ သူနဲ့ စကားစမြည် ထွေရာလေးပါးပြောဖြစ်ကြရင်း “မင်း… ပန်းပုထုတဲ့ ကိုစိုးထွတ်ဆိုတာ သိလား” လို့ မေးကြည့်မိပြန်တယ်။ ဘာရယ်မဟုတ်၊ တချိန်က အင်းစိန်ထောင်အတွင်း အလုပ်ကြီးဘုတ်တခုအတွင်း အတူတူ နေဖြစ်ခဲ့ကြတဲ့ သံယောဇဉ်စိတ်နဲ့ပါ။


“ဟာ... သိတာပေါ့ ဦးရယ်... ကျနော်တို့ရဲဘော်တွေက အဘ အဘနဲ့ ခေါ်နေကြတာဗျ...” 


“ဟေ..” ခနဲ ဖြစ်သွားမိတယ်။ ကျနော်က ကိုယ့်ကိုယ်ကိုယ်  ဘယ်တုန်းကမှ ကြီးတယ်ထင်မထားမိတော့ ကိုစိုးထွတ်တယောက် “အဘ” ဖြစ်သွားတာကို အံ့ဩသလို ဖြစ်သွားမိတယ်။ 


“ကျနော်တို့ရဲ့ ရဲဘော်တွေ... အဲဒီဘက်မှာ နေရတဲ့ ရဲဘော်တွေဟာ အဘရဲ့ဇနီးကို တော်တော်ချစ်ကြ တယ်ဗျ၊ ဝယ်စရာ ခြမ်းစရာ ကိစ္စဖြစ်ဖြစ် ဘာကိစ္စဖြစ်ဖြစ် ထိုင်းဘာသာစကားနဲ့ ပတ်သက်ပြီး အဘဇနီးကိုပဲ အားကိုးရတယ်။ ဘာဖြစ်ဖြစ် တပင်တပန်းလိုက်လံကူညီရှာပါတယ်...”


သူ့စကားကိုကြားရရင်း ကျနော့်မှာ ကြည်နူးသွားရပြန်တယ်။ 


“ဦးစိုးထွတ်ကြီးကတော့ တခေါင်းလုံး ဖွေးဖွေးဖြူနေပြီ”


ကျနော့်မှာ အံ့ဩမိရင်းပြုံးမိရပြန်တယ်။


ကိုစိုးထွတ် မျက်နှာကိုလဲ ကျနော်ပြန်လည် ပုံဖော်ကြည့်နေမိတယ်။ ခေါင်းမွှေးတွေ ဖွေးဖွေးဖြူနေတဲ့ ကိုစိုးထွတ်ကြီးဟာ ပြုံးလို့ပါလား။ 


”ကျနော်ပြန်မှာ… သူတို့သားအမိဆီ မရောက်ရောက်အောင်ကို ပြန်မှာ… ခုလောက်ဆို… ကျနော် သူ့ကို လိမ်သွားတာလို့ပဲ စွဲများသွားပြီလား မသိပါဘူးဗျာ...” ဆိုတဲ့ ကိုစိုးထွတ်ကြီးရဲ့ တချိန်က အသံတွေကိုလဲ လန်းဆတ်စွာ ပြန်လည်ကြားယောင်နေမိပါတယ်။ ။ 


ဝင်းတင့်ထွန်း


(ဆရာဝင်းတင့်ထွန်း၊ (၆)တိုက်မှာ လောက်ကိုက်တာ ခံရဖူးသလား နှင့် အခြားထောင်ဝတ္ထုတိုများ ပီဒီအက်ဖ် စာမျက်နှာ ၂၄-၃၁)


စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်