ရွှေဆေးလိပ် ငွေဆေးလိပ် 🖋 ဝင်းတင့်ထွန်း
ရွှေဆေးလိပ် ငွေဆေးလိပ်
ဝင်းတင့်ထွန်း
(၁)
ကမ္ဘာ့ငွေကြေးနယ်ပယ်မှာတော့ ပေါင်စတာလင်ကို အခြေခံတဲ့ နယ်ပယ်၊ ဒေါ်လာကို အခြေခံထားတဲ့ နယ်ပယ်ဆိုပြီး အမျိုးမျိုးအဖုံဖုံ ရှိပါလိမ့်မယ်။ ကျနော်တို့ဗမာပြည်တောင် ပေါင်စတာလင်နယ်ထဲ ပါနေရာက ဗိုလ်နေဝင်းလက်ထက် ဗိုလ်နေဝင်းစိတ်ဆိုးမာန်ဆိုးနဲ့ ထွက်ခဲ့မှ ပေါင်စတာလင်နယ်နဲ့ ဝေးသွားခဲ့ရတော့တယ် ဆိုပဲ။ ငွေကြေးဆိုတာ အသုံးခံယူနစ်တခုအဖြစ်နဲ့ ကုန်ပစ္စည်းဖလှယ်မှုဆိုင်ရာ ကြားခံတန်ဖိုးပစ္စည်းတခုအဖြစ်နဲ့ ပေါ်လာခဲ့တာပါ။ ငွေကြေးဆိုတာ ပေါ်လာပြီးတဲ့နောက် ရွှေကို ကျောထောက်နောက်ခံ ပြုထားတဲ့ စနစ်တို့၊ ပေါင်စတာလင် ဒါမှမဟုတ် ဒေါ်လာကို ကျောထောက်နောက်ခံ ပြုထားတဲ့ စနစ်တို့ဆိုတာတွေလဲ ရှိပါသေးတယ်။ နရသိန်ကမ္ဘာမှာတော့ ငွေကြေးစနစ်ဟာ ဆေးလိပ်။ ဆေးလိပ်ဟာ ငွေ၊ ဆေးလိပ်ဟာ ရွှေ။ ဒါပေမဲ့ တထောင်နဲ့ တထောင် အခြေခံငွေကြေးစံ ဆေးလိပ်ချင်းကတော့ မတူပြန်။
အင်းစိန်ထောင်ကြီးမှာက သနပ်ပင်မကျင်လှရဲ့ နွားဆေးလိပ်နဲ့ ကျားမသန်းဌေးရဲ့ ကျားအသေးဆေးလိပ်က အခြေခံငွေကြေး။ ဒူးယားစီးကရက်ကတော့ ရွှေပေါ့။ သာယာဝတီထောင်ကျတော့ ကြယ်ငါးပွင့်မခင်ညို ဆေးလိပ်ဟာ အများသုံးငွေ။ ပြည်ထောင်မှာကျ “ကျားပျံ” နဲ့ “နဝင်းဒေါ်သိန်းတင်” ဆေးလိပ်တို့ဟာ အများကြိုက်ငွေ။
ထောင်ထဲမှာ ငွေကို တရားဝင်ကိုင်ပြီးသုံးစွဲခွင့်မရှိတဲ့အတွက် အကျဉ်းသားတွေဟာ ဆေးလိပ်ကို ငွေအဖြစ် သဘောထားပြီး သုံးစွဲနေကြရတာပါ။ ဒါကြောင့် ထောင်ထဲမှာ ဆေးလိပ်ရှိရင် ငွေကြေးရှိနေဘိသကဲ့သို့ပါပဲ။ အင်းစိန်ထောင်ငွေကြေးဈေးကွက်ရဲ့တရားဝင် လဲလှယ်နှုန်းကတော့ နွားတလိပ် ကျားလေးနှစ်လိပ်။ ဒါကြောင့် ထောင်ဝင်စာလက်ခံရရှိသူတိုင်း၊ ရုံးထွက်အဖြစ် တရားရုံးသွားပြီး အမှုရင်ဆိုင်ရသူ အကျဉ်းသားတိုင်းဟာ ဆေးလိပ်ထုပ်ကို မပါပါအောင် မှာကြ ယူခဲ့ကြလေ့ရှိတယ်။ အင်းစိန် နရသိန်ကမ္ဘာရောက် အကျဉ်းသားများကတော့ ထုံးစံအတိုင်း နွားနဲ့ကျားပေါ့။ တခြားတံဆိပ်ဆေးလိပ် သယ်လာမိလို့ကတော့ ငွေကြေးဈေး ကွက်မှာ လဲလှယ်ရတာ တန်ဖိုးသတ်မှတ်ရတာ အခက်။ ဗမာပြည်ထဲ ကျူးဘားငွေစက္ကူကိုင်ထားမိသလို ဖြစ်သွားနိုင်တယ်။ ဒူးယားဘူးစိမ်းလေးများ မပါပါအောင် ဆွဲလာနိုင်ခဲ့လို့ကတော့ အင်းစိန်နရသိန်ကမ္ဘာမှာ “ရွှေ” ပေါ့။ တာဝန်ရှိ ဆရာကြီးဆရာလေးဆိုသူတွေကို ရွှေပေးထားလိုက်ရင် မျက်နှာကောင်းကို ရလို့တဲ့။ အဆောင်ရောက် အကျဉ်းသားဆိုလျှင်.… “ခပ် … တခွက်” “ခပ် … တခွက်” နဲ့ ဘယ်တော့မှ (၉)ခွက်လောက်ထက် ပိုမချိုးရနိုင်တဲ့ ရေချိုးချခြင်းအမှုမှာ၊ “ရေကန်ဘာယာ” ဆိုသူကို တလနှစ်ဘူးလောက် ဒါမှမဟုတ် မကျင်လှနွား(၅၀)လောက် ပေးထား လိုင်းဝင်ထားနိုင်လို့ကတော့ စိတ်ကြိုက်သဘောရှိ ရေချိုးခွင့်ရသတဲ့။ ပြီးတော့ နေ့လယ်နေ့ခင်း ချေးပါ သေးပေါက်ပြုမလား၊ ဂုန်နီအိတ်စုတ်လေး ဖြစ်ကတတ်ဆန်းကာပေးထားတဲ့ ဘုရားစူးမိုးကြိုးပစ် အိမ်သာဆိုတာမှာ မိလ္လာဘုတ်ကိုင်ဆိုသူကို ကျားလေးမသန်းဌေး (၂)လိပ်မပေးလို့ကတော့ အိမ်သာတက်ခမပေးလို့ကတော့
ဒုက္ခလှလှ တွေ့သွားနိုင်တယ်။ “ဟေ့ … မပေးနိုင်ဘူး” ဆိုရင်၊ “ရတယ် … ကိုယ့်ချေး ကိုယ်ကျုံးသွား” လို့ ဘုတ်ကိုင်က အကြပ်ကိုင်ပညာပြပါလိမ့်မယ်။ ထောင်ထဲမှာ ဆိုင်ရာပိုင်ရာ နယ်စားပယ်စားတွေက အများသား။ အဆောင်ရောက်လို့ “ချက်ဟင်း” လေးများ စားချင်သေးသလား။ ပုံစံထမင်းဟင်းနဲ့ စားမဝင် မျိုမကျဖြစ်လျှင်... ဖိုကြီးထဲက တာဝန်ရှိသူကို လိုင်းဝင်ထားပြီး တလနွားဆေးလိပ်တရာ ပေးထားရင်၊ ညနေတိုင်း တယောက်စာဟင်း တခွက်တခွက် “ချိုင့်ဆွဲ” လစားသဘော လာပို့ပေးပါလိမ့်မယ်။ နွားတရာက ဒီလောက်အထိ အရှိန်ဩဇာကြီးသတဲ့။ တပတ်မှာတခါ၊ တခါမှတနပ်တည်း စားရတဲ့ “အသားစားနေ့” ပုံစံဟင်းတတုံးစားချင်ပါလျက် ကြိတ်မှိတ် အငတ်ခံပြီးပြန်ရောင်းရင် ဘာအသားဟင်းပုံစံတုံးဖြစ်ဖြစ် တတုံးနွား(၅)လိပ်ပဲ ရနိုင်တယ်။
(၂)
ကျနော်တို့တတွေ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် “တိုက်” ထဲရောက်ရတော့ ဘယ်သူမှ ထောင်ဝင်စာ ပါဆယ်မရသေး။ ဘယ်သူ့ကိုမှလဲ ရုံးတင်တရားစွဲဆိုခြင်း မပြုသေးချိန် (၅)တိုက်ထဲ ထားသူတချို့ကို (၂)တိုက်ထဲ ရွှေ့လိုက်ကြပြန်တယ်။ ကျနော် (၂)တိုက်ထဲ ရောက်သွားတယ်။
(၂)တိုက်ဟာ ကြိုးတိုက်။
(၅)တိုက်ဟာ တဖက်ရပ်တိုက်ဖြစ်ပြီး (၂)တိုက်ကျတော့ အဆောက်အဦးကြီးတခုတည်းအတွင်းမှာ မျက်နှာချင်းဆိုင် တိုက်ခန်းလေးတွေ တည်ရှိနေတဲ့တိုက်။ အလယ်မှာက လူသွားသမံတလင်း ကွက်လပ်ပြင်က ကျယ်ကျယ်။ တခြားတိုက်တွေလို တဖက်ရပ်မဟုတ်တဲ့အတွက် (၂)တိုက်ကို “ရင်ကွဲတိုက်” လို့လဲ ခေါ်ကြတယ်။
ကိုယ့်တိုက်ခန်းကနေ ရှေ့တည့်တည့်က တိုက်ခန်းကို လှမ်းမြင်နေရပေမဲ့ နှစ်ခန်းထက်တော့ ပိုမမြင်၊ ဟိုဘက်နဲ့ သည်ဘက် သံတိုင်တံခါးမကြီး ဖောက်တပ်ထားပုံက ဇစ်ဇက်ပုံသဏ္ဌာန်၊ အဲဒီတုန်းက (၂)တိုက်ဟာ ကြိုးဒဏ်ကျခံထားရသူ ကြိုးသမားတွေလဲရှိတဲ့ တကယ့်ကြိုးတိုက်။ သေဒဏ်ချ မှတ်ခြင်းခံထားရသူ ကြိုးသမားတွေလဲရှိတဲ့ တကယ့် ကြိုးတိုက်။ သေဒဏ်ချမှတ်ခြင်းခံထားရသူ ကြိုးသမားကတော့ နှစ်ဦးပဲရှိပါသေးတယ်။ တဦးက လူသတ်မှု၊ တဦးကတော့ ဓားပြလူသတ်မှု။
ကျနော်မြင်ရတဲ့ ကျနော့်ရှေ့တည့်တည့်အခန်း(၂)ခုကတော့ ကိုရွှေမန်းတို့အခန်းနဲ့ ဝေါကိုတင်ရွှေတို့အခန်း၊ ကိုရွှေမန်းအခန်းက ကိုရွှေမန်းနဲ့ အခြားသူတဦးရှိသလို ဝေါကိုတင်ရွှေကြီးအခန်းကလဲ ကိုတင်ရွှေကြီးနဲ့ ကိုချစ်ဆောင်ဦးတို့နှစ်ဦး။ (ကိုတင်ရွှေကြီးကား ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း NLD (အန်အယ်လ်ဒီ) ဝေါလွှတ်တော်ကိုယ်စားလှယ်၊ ကျနော်တို့နဲ့ နေရစဉ် ၁၉၈၂ ကာလတုန်းကတော့၊ ၁၀(က) နိုင်ငံရေးအကျဉ်းသမား)၊ ကျနော့်ကိုတော့ စီးပွားရေးမှုနဲ့ ထောက်လှမ်းရေးကဖမ်းထားတဲ့ ပုဂ္ဂိုလ်နှစ်ဦးနဲ့ အတူထားတယ်၊ တဦးက ဦးကြင်မောင်၊ တဦးက ဦးစိုးမြင့်တဲ့။ အမှုက ကျွန်းသစ်အမှု။ နှစ်ဦးစလုံးဟာ တရွာတည်းသား၊ ဦးကြင်မောင်နဲ့ ဦးစိုးမြင့်က သူတို့အမူဟာ ဘာမှမဟုတ်၊ ကျနော့်လိုနိုင်ငံရေးမှုမဟုတ်တဲ့အတွက် မကြာခင်ပြန်လွှတ်မှာသေချာ တယ်လို့ မကြာမကြာ ပြောလေ့ရှိတယ်။
သူတို့နှစ်ယောက်စလုံးက ဆေးလိပ်ကို အသေကြိုက်။ ခက်တာက ထောင်ဝင်စာကလဲ တယောက်မှမရှိ။ ဆေးလိပ်ဟာ ဒီထဲမှာ တကယ့်ငွေ တကယ့်ရွှေ၊ အပြင်မှာတုန်းက ဆေးလိပ်ကို နဲနဲပါးပါး သောက်ခဲ့သေးပေမဲ့ ဒီထဲလိုနေရာရောက်တော့ ကျနော်ကဆေးလိပ်ကို မသောက်ဘဲနေလို့ လွယ်လွယ်ကူကူ ရနိုင်တယ်။ သူတို့မှာကတော့ တကယ့်ကို ဒုက္ခ။ ဆေးလိပ်မသောက်ရရင် မနေနိုင်။
(၅)တိုက်ထဲတုန်းကလဲ ဆေးလိပ်ကြိုက်သူတွေရဲ့ ဒုက္ခကို ကျနော်ကြိမ်ဖန်များစွာ တွေ့ဖူး ကြုံဖူး ကြားဖူး များလှပြီ။
(၅)တိုက်ရဲ့နေ့လယ်နေ့ခင်းတွေမှာ...
“မော်ထူး အိုဟာ”
“တအိုးပါ…” ဆိုတဲ့ စောဘောနယ်နဲ့ စော်စေးထူးတို့ရဲ့ အပြန်အလှန်လှမ်းဆက်သွယ်ပြောဆိုသံတွေ မကြာမကြာကြားရတယ်။ စောဘောနယ်နဲ့ စောစေးထူးတို့က ကေအဲယူက ကရင်ရဲဘော်လေးနှစ်ယောက်။ အစကတော့ ဒီကရင်ရဲဘော်လေးနှစ်ယောက် ကရင်စကားနဲ့ ဘာတွေပြောဆိုနေကြသလဲဆိုတာ ကျနော်နား မလည်။ နောက်ပိုင်း မိတ်ဆွေတဦးကပြောပြမှ “မော်ထူး အိုဟာ….” ဆိုတာ ဆေးလိပ်ရှိလားလို့ လှမ်းမေးသံ ဖြစ်ပြီး “တအိုးပါ...” ဆိုတာ “မရှိဘူး”လို့လှမ်းဖြေသံမှန်း ကျနော်သိလာရပါတော့တယ်။ မော်ထူးအိုဟာနဲ့ တအိုးပါ.. (၅)တိုက်ထဲမှာ မကြာမကြာကြားခဲ့ရတဲ့ အသံနှစ်ခုဖြစ်ခဲ့တယ်။
ကျနော့်ရဲ့ ချစ်မိတ်ဆွေ ကိုဒါသကျော်ထူးကြီးကတော့ တနေ့၊ ထတဲ့ပြီး “ရဲဘော်တို့ ရဲဘော်တို့.. တဆိတ် နားဆင်ပါခင်ဗျာ”တဲ့။ ဘာများပါလိမ့်မယ်လို့ သေသေချာချာ နားစွင့်လိုက်ကြချိန်မှာ…“ကျနော့်မှာ အစ်မတယောက်ရှိပါတယ်၊ ရုပ်ရည်လည်း မဆိုးပါဘူး၊ စိတ်နေစိတ်ထားလဲ သင့်ပါတယ်၊ အဲဒါ.. ယောက်ဖတော်ချင်တဲ့ သူများရှိရင် … ကျနော့်အစ်မကို ဆေးလိပ်နှစ်ဆယ်နဲ့ရောင်းမယ်၊ ဆေးလိပ်ပေးကြပါဗျို့...” တဲ့။
အားလုံး ပြုံးမိခဲ့ကြပါတယ်။ စိတ်မကောင်းစွာနဲ့ ပြုံးမိခဲ့တာပါ။ သူက အဲဒီလိုအတည်ပေါက်ဟာသလုပ် လေလံတင်ရုံမက၊ သူနဲ့ ရင်းနှီးတဲ့ ကျနော့်ကိုလဲ သူ့ရဲ့ဆေးလိပ်သောက်ရရေးစီမံချက်ကြီးထဲမှာ ကြံဖန်ချောက်ချ အသုံးချသွားခဲ့ပါသေးတယ်။ တည... အိပ်ချိန်လဲ မရောက်သေး အိပ်လဲမအိပ်နိုင်သေးတဲ့ ညတညမှာ၊ သံတိုင်ရှေ့မျက်နှာအပ်ပြီး ကောင်းကင်တခိုဆီ လှမ်းမျှော်ငေးငူနေမိတုန်း ညစောင့်ဝါဒါအသစ်တဦး ကျနော့်အခန်းရှေ့ရောက်လာတယ်။ ဝါဒါအသစ်ကလေးက အသက်တောင် နှစ်ဆယ်ကျော်သေးဟန်မတူပါ၊ ဝါဒါပါးလဲ ဝသေးဟန်မတူပါ။ သူက ကျနော့်အခန်းရှေ့ရောက်ပြီးမှ သုံးလေးလှမ်းဆုတ်ပြီး တိုက်ရုံးခန်းဘက်က လာနိုင်တဲ့ တခုတည်းသောအဝင်တံခါးပေါက်ဝဆီ လှမ်းကြည့်လိုက်ပါသေးတယ်။ သေချာသွားပုံရမှ ဘယ်သူမှ ဒီဘက်လာနိုင်ဖွယ်ရာမရှိတော့လို့ စိတ်ချသွားဟန်ရှိမှ သူ့ဘောင်းဘီအိတ်ထဲကနေ တစုံတခုကို ဆွဲထုတ်လိုက်ပါတယ်။ ဆေးလိပ်လေး လေးငါးခြောက်လိပ်။ ကျနော်က အံ့ဩနေမိတယ်။
“ခင်ဗျားက ဗေဒင်လက္ခဏာပညာ တော်တော်တတ်တယ်လို့ ဟိုးဘက်က ကိုကျော်ထူးက ပြောလိုက်တယ်။ အဲဒါ ကျနော့်ကြည့်ပေးစမ်းပါဗျာ...” တဲ့။
အင်း... ကိုဒါသကတော့ လုပ်လိုက်ပြန်ပြီ။ သူ့ အကြံအဖန်ဇာတ်လမ်းထဲ ငါ့ကိုမပါပါအောင် ဆွဲသွင်းလိုက်ပြီလို့ ဒက်ခနဲသိလိုက်ရင်း၊ သူ့ရဲ့ဆေးလိပ်သောက်ချင်လွန်းမှုကြီးကို စာနာနားလည်မိရင်း၊ ပေါက်တဲ့နဖူး မထူး တော့ပါဘူးဆိုတဲ့စဉ်းစားမှုမျိုးနဲ့ ကျနော့်မှာ ခပ်တည်တည်ဗေဒင်လက္ခဏာဆရာ လုပ်ရပါတော့တယ်။ တော်ပါသေးရဲ့၊ မဟာဘုတ်ဗဟုသုတလေးနဲ့ ကိုင်ရို ဗဟုသုတလေး ရှိထားပေလို့သာ။ နို့မဟုတ် မလွယ်။ နာရီဝက် လောက် ကြံဖန်ဟောလိုက်ရတယ်။
နောက်နေ့မနက် ဝါဒါတွေ မနက်ဆိုင်းညဆိုင်း လဲသွားပြီးချိန်လောက်မှာတော့ “ကဗျာဆရာရေ... ကဗျာဆရာရဲ့၊ မနေ့ညက ကျုပ်ဖန်လိုက်တဲ့အကွက်ဝင်ရဲ့လား” လို့ အော်မေးတယ်။ “ခင်ဗျား တော်တော် ပြဿနာရှာတဲ့လူ” လို့ အော်ဖြေတော့ သူက တဟားဟားရယ်နေတယ်။ ပြီးတော့ “ဆောရီးပဲ ကဗျာဆရာ... မတတ်နိုင်ဘူး၊ ခင်ဗျား အရည်အချင်းကို ယုံပြီးသား၊ အဲဒါ ဆေးလိပ်ရရင် ဂန်ဖလားချမှာ ကျနော့်ကိုပေး..” တဲ့။ အခု ဒီရင်ကွဲတိုက်ထဲရောက်လာတော့ ကိုဒါသထက်ဆိုးတဲ့ လူကြီးနှစ်ယောက်နဲ့ လာတွေ့နေရပြန်ပြီ။
“ကိုကြင်မောင်… ခင်ဗျား ရှန်စောင်လေးရောင်းဗျာ” တရက် ဦးစိုးမြင့်က မျက်မှောင်ကြီးကိုတွန့်ထားရာက အဆိုပြုချက်တင်သံ လေးလေးနက်နက် ထွက်လာတယ်။
သံတိုင်နားမျက်နှာကပ်ပြီး တောင်တောင်အီအီ လှမ်းကြည့်နေတဲ့ ဦးကြင်မောင်ရဲ့ခန္ဓာကိုယ်ကြီး တွန့်ခနဲ ဖြစ်သွားတယ်။
“ကိုစိုးမြင့်ရာ ဒါလေးတော့ မရောင်းပါရစေနဲ့ဗျာ၊ မိန်းမကိုယ်တိုင် သေသေချာချာရက်ပြီး အမှတ်တရ ထားတာလေးမို့ပါ...” တဲ့။
“အမလေး… ခင်ဗျားကလဲ ဘာအရေးကြီးလဲ၊ အိမ်ထောင်သက်တောင် နှစ်အစိတ်ကျော်ပြီပဲဟာ...”
“မဟုတ်ဘူး ကိုစိုးမြင့်ရဲ့၊ ဒီစောင်လေးက အိမ်ထောင်ဦးပစ္စည်းဗျ။ အိမ်မှာ ဧည့်သည်စောင်သည်လာရင်တောင် ဒီစောင်တော့ ထုတ်မပေးခဲ့ဘူးဗျ၊ ဒါကြောင့်လဲ ခုထိအသစ်အတိုင်းပဲ အရောင်တောင်မညှိုးဘူး။ ခုမှ…. ထောက်လှမ်းရေးတွေလာဆွဲမှ ဒီစောင်လေးကို မိန်းမက တမင်မှတ်မှတ်သားသားထည့်ပေးလိုက်တာ”
“ခင်ဗျားဗျာ... ကြံဖန် နှမျောနေတယ်၊ ကျုပ်မှာပါလာတဲ့ တက်ထရွက်တိုက်ပုံတောင် ထုတ်လဲပြီးပြီ။ အဲဒါ ပွဲနေပွဲထိုင်ဝတ်ဖို့ ကျုပ်မိန်းမက သေချာတိုင်းချုပ်ပေးထားတာ။ အဲဒါလဲ ဒီထဲမှာ နွားတရာပဲရတယ်။ ဒါတောင် အပြည့်မရပါဘူး၊ ထမင်းထိုးဓားပြက ရောင်းပေးခပွဲခဆယ်လိပ် ဖြတ်သွားတယ်၊ အဲဒါလဲ ခင်ဗျားအသိပဲ... ကျုပ်တို့နှစ်ယောက် အတူတူသောက်ခဲ့ကြတာပဲ။ ဒီတခါတော့ ခင်ဗျားရောင်းဖို့ သင့်တာပေါ့”
ဦးကြင်မောင်မျက်နှာကြီးမှာ ပြိုတော့မယ့်မိုးနှယ် ဖြစ်လာတယ်။ ကျနော်က ဖျာစုတ်လေးပေါ်မှာလှဲရင်း သူတို့နှစ်ယောက်မျက်နှာတွေကို ငေးမောကြည့်နေမိတယ်။ ခဏကြာတော့...
“ကျနော့် ပုဆိုးလေးရောင်းလိုက်မယ်ဗျာ၊ စောင်လေးတော့ မလုပ်ပါနဲ့၊ ပုဆိုးကလဲ မှတ်မှတ်ရရ သုံးခါပဲ ဝတ်ဖူးသေးတာပါ၊ ဒီထဲမှာ တခါမှတောင်မဝတ်ဖူးဘူး...”
ဦးကြင်မောင်က လေပြေထိုးရှာတယ်။ မျက်နှာပေါ်မှာတော့ အကြီးအကျယ် စိတ်မကောင်းဖြစ်နေဟန်ဟာ မဖုံးနိုင်မဖိနိုင် အထင်းသားပေါ်လို့။ ပြီးခဲ့တဲ့နှစ်ရက်ကလဲ အခုလိုအကြီးအကျယ် မျက်နှာကြီးအိုစာသွားပြီး တနေ့လုံးသက်ပြင်းတွေ တဖွဖွဖြစ်နေတာ ကျနော်ပြန်သတိရမိတယ်။ အဲဒီနေ့က မျက်နှာထားအတည်ပေါက်နဲ့ ခပ်နောက်နောက်ခပ်ခြောက်ခြောက်ပြောတတ်တဲ့ နှစ်ရစ်ဝါဒါအကြပ်တယောက် ကျနော်တို့အခန်းရှေ့ ရပ်လာတယ်။
ဦးကြင်မောင်ကြီးက မျက်နှာချင်းဆိုင်အခန်းက ကိုမြင့်လှမ်းပစ်ပေးလာလို့ရလာတဲ့ ဆေးလိပ်တိုလေး လက်ကကိုင်ပြီး မီးလေးတတို့လောက်ရနိုင်ဖို့ စကားစရှာပြောရင်း ဆေးလိပ်မီးတောင်းတယ်။
“ကျနော်တို့နှစ်ယောက်က သစ်မှုပါ၊ သူ့လို နိုင်ငံရေးမဟုတ်ပါဘူး၊ နိုင်ငံရေးသမားလဲ မဟုတ်ပါဘူး၊ အမှုကလဲ ကြီးကြီးကျယ်ကျယ်မဟုတ်ပါ ဆရာရယ်...” ကျနော့်ကိုလက်ညှိုးထိုးပြရင်း လေအေးအေးလေးနဲ့ အဖွင့် စကားချီတော့...
“ခင်ဗျားတို့က ကျွန်းမှုမဟုတ်လား”လို့ ဝါဒါအကြပ်က ပြန်မေးတယ်။ ဦးကြင်မောင်ကပြုံးလိုက်ပြီး .
“ဟုတ်ပါတယ်၊ ကျွန်းဆိုပေမဲ့ ရေမျောကမ်းတင်ကျွန်းပါ”
“အမလေး ရေမျောကမ်းတင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျွန်းဟာ ကျွန်းပေါ့။ နိုင်ငံရေးမှုကမှ လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်တွေဘာတွေ ထွက်လာရင် ဒိုင်းခနဲအရင်လွတ်သွားနိုင်တယ်၊ ကျွန်းကတော့...” ဦးကြင်မောင်ကြီးမှာ မျက်လုံးလေးပေကလပ်ပေကလပ် ဖြစ်လာတယ်။
“…ကျွန်းဆိုတာ… အင်္ဂလိပ်ခေတ်ကဆိုရင်.. သွားကြားထိုး နားပန်းပန်တောင်မရဘူး သေဒဏ်ပဲ၊ အင်မတန်အမှုကြီးတာ...”လို့ဖြဲခြောက်သွားရင်း မီးခြစ်လေးတခြစ်ခြစ်ပြီး မီးညှိပေးသွားခဲ့တယ်။ ဦးကြင်မောင်ကြီး ဆေးလိပ်တိုလေးတောင် ကောင်းကောင်းမသောက်နိုင်ရှာခဲ့။ တနေ့လုံး မျက်နှာကြီးညိုနေခဲ့ပုံမှာ ခုလိုပုံအတိုင်း တထေရာတည်း။ ကျနော့်မှာ ပြုံးရ အခက် ရီရအခက်၊ ရီလဲ မရီရက်ပြန်။
(၃)
ကနေ့တော့ မနက်အစောကြီးကတည်းက၊ ဆေးလိပ်စစ်ဆင်ရေးကြီးကို အပြင်းထန်ဆုံး ဆင်နွှဲဖို့ အရာရာ ပြင်ဆင်ညှိနှိုင်းရေးဆွဲထားကြပြီးပြီ။
ဒီဆေးလိပ်စစ်ဆင်ရေးမျိုးက ခါတိုင်းလဲ ပုံမှန်လိုလို ဆင်နွှဲနေကြ။ အရင်တုန်းကတော့ သမရိုးကျအဆင့်နဲ့ ဆင်နွှဲပြီး ကနေ့တော့ ပြင်းပြင်းထန်ထန် ဆင်နွှဲဖို့အထိ ရည်စူးပြင်ဆင်ထားတာဖြစ်ပါတယ်။
မနက်ဂန်ဖလားချမှာ ကျနော်တယောက်တည်းက သောက်ရေအိုးရေဖြည့်ရေးရော သေးဂန်ဖလားချရေးကိုပါ တာဝန်ယူရမယ်။ ဦးစိုးမြင့်က ချေးဂံဖလားကိုချပြီး အချိန်ကိုတတ်နိုင်သမျှဆွဲရင်း အဆူအငေါက် ခံတန် ခံရပါမယ်။ အရပ်အမောင်းထောင်ထောင်နဲ့ အပြေးအလွှားလဲမြန်လှတဲ့ ဦးကြင်မောင်ကြီးက ကြိုးသမားနှစ်ဦးရဲ့ နေရာတဝိုက်က ကြိုးသမားနဲ့ကြိုးစောင့်ဝါဒါတွေပစ်ချထားတဲ့ဆေးလိပ်တိုတွေကို တတ်နိုင်သမျှ မျက်စိရှင်ရှင် လျင်လျင်သွက်သွက်နဲ့ မရရအောင် ကောက်ယူရမယ်။ ကိုယ့်အရင်ဂန်ဖလားချသွားတဲ့သူတွေထဲကလဲ ဣန္ဒြေမပျက်ကောက်ယူသွားကြဦးမှာဖြစ်တဲ့အတွက် များများတော့မရနိုင်မှာ သေချာတယ်။ မရရင် ကြိုးသမားဆီကဖြစ်ဖြစ် တတိုရရ တောင်းဖြစ်အောင် တောင်းလာဖို့။
တခန်းပြီးတခန်း ဂံဖလားချဖွင့်နေပြီ။ တခါဖွင့် ရှေ့ဘက်တခန်း၊ နောက်ဘက် တခန်းနှုန်း၊ ဦးကြင်မောင်ကြီး က လည်ပင်းတရှည်ရှည်။ ကျနော်တို့သုံးဦးသား ပုဆိုးကိုတိုတိုဝတ်ထားကြရုံမက သေးဂန်ဖလားနဲ့ ချေးဂန်ဖလားကိုလဲ အသင့်ပြင်ထားပြီးပြီ။
“ထွက်” ဆိုတဲ့ အသံနဲ့အတူ သံတံခါးမ,ဂလန့် တံကြီးဆွဲဖွင့်လိုက်တာနဲ့ ကျနော်ကသောက်ရေအိုးကိုဆွဲပြီး ပြေးရတယ်။ တိုက်ကြီးရဲ့ အပြင်ဘက်မှာ သေးအတွက်သွန်ဖို့ စည်ပိုင်းပြတ်တလုံး၊ ချေးအတွက်က တလုံး၊ အနီးမှာဆေးဖို့ ရေစဉ့်အိုးကြီးတလုံး။ ခပ်လှမ်းလှမ်းကနေရာမှာ သောက်ရေပြေး ဖြည့်နေတုန်း ဦးစိုးမြင့်ကြီးက တုန်တုန် တုန်တုန်နဲ့ ချေးဂန်ဖလားကို ဖြည်းဖြည်းချင်း သွန်နေတယ်။
ဦးကြင်မောင်ကြီးကတော့ လေရဲ့အဟုန်မျိုးနဲ့ ကြိုးသမားအခန်းရှေ့က ကြိုးစောင့်ဝါဒါတွေ လဲလျောင်းစောင့်လင့်ရာ သံခုတင်လေးနှစ်လုံးဘေး အပြေးအလွှားလှည့်ပတ်ပြီး ဆေးလိပ်တိုတွေ ရှာဖွေနေတယ်။ ကျနော် သေးဂန်ဖလားကြီးသယ်လာချိန်မှာတော့ ဦးကြင်မောင်ကြီးဟာ လေးဘက်ကြီးထောက်ပြီး သံခုတင်အောက်အလယ်လောက်ဆီက ဆေးလိပ်တိုတတိုကို အရဲစွန့်ကောက်နေပုံရတယ်။ ဂန်ဖလားချ တာဝန်ကျကြီးကြပ်သူ ဝါဒါက သားရေခါးပတ်တရမ်းရမ်းနဲ့ ဦးစိုးမြင့်ကြီးကို ဂန်ဖလားမြန်မြန်ဆေးဖို့ ပြောနေတယ်။ အသံက ခပ်ထန်ထန်။ ဝါဒါတယောက်ကတော့ တိုက်တွင်းဆီလှမ်းကြည့်ရင်း “ဟိုအဘိုးကြီးက ဘာလုပ်နေတာတုန်း”လို့ ဦးကြင်မောင်ကို လှမ်းငေါက်တယ်။ သုံးယောက်လုံး အခန်းပြန်ရောက်ကြပြီး ကျနော်တို့တံခါးကြီးကို ဂျိုင်းခနဲ ပိတ်ပြီး ချိန်မှာတော့ ဖျာစုတ်လေးကိုကမန်းကတန်းကာပေးလိုက်ရတယ်။ တခန်းချင်း ဂန်ဖလားချချိန်မှာ “ဖျာ ထောင်၊ နောက်လှည့် တန်းစီထား” ဆိုတာဟာ ထောင်တွင်းတိုက်ဥပဒေသတခု ဖြစ်ပါတယ်။ ဦးကြင်မောင်က မောမောနဲ့ထိုင်ချလိုက်ပြီး သူ့ပုဆိုးခါးပိုက်ထောင်လေးကို ဂရုတစိုက်ဖြည်ချလိုက်ပါတယ်။ သုံးလက်မလောက်ရှည်မယ့် ထိပ်ဖျားမီးတပိုင်းကျွမ်း ဆေးလိပ်တိုလေးက တလိပ်၊ နှစ်လက်မလောက်ရှိ မယ့် ဆေးလိပ်တိုလေးက သုံးလိပ်။ ဒါလေးတွေအားလုံးဟာ ကနေ့ စစ်ဆင်ရေးကြီးတခုလုံးရဲ့ ရလဒ်။
“ဒါပဲ ရတယ်ဗျာ… ဒီအရှည်လေးက ဖင်ကျပ်နေလို့သောက်မကောင်းလို့ ပစ်ထားတာပဲလား၊ မီးကူးမညီ လို့ ပစ်ထားတာပဲလား မသိဘူး၊ ခုတင်အောက်အထိ လေးဘက်ထောက်ကောက်ယူရတယ်။ မောင်မင်းကြီး သားတို့ကတော့ ကြိုးစောင့်ဝါဒါတွေဆိုတော့ သောက်မကောင်း လွှင့်ပစ်လိုက်မှာပဲ၊ အလှည့်ကျ တညလုံး ကြိုးသမားကို ထိုင်စောင့်ကြည့်နေရတာဆိုတော့ ကုတင်လေးပေါ်လှဲရင်း တလိပ်ပြီးတလိပ်နေမှာပေါ့၊ သူတို့ သောက်မကောင်းလို့ များများလွှင့်ပစ်လေ.. ရှည်ရှည်ရလေပေါ့” ဦးကြင်မောင်ကြီးကပြောရင်း နဖူးပြင်ပေါ်က ချွေးစတွေကို ပုဆိုးနဲ့ သုတ်ပစ်နေရှာတယ်။
ဂန်ဖလားချချိန်ပြီးသွားတဲ့နောက်မှာတော့ သူ့ရဲ့အမြတ်နိုးဆုံး ရှန်စောင်လေးကို ခေါင်းအုံးလုပ်ထားရာက နေ စနစ်တကျ ခေါက်ချိုးဖြန့်ခင်းလိုက်တယ်။ ဆေးလိပ်တိုလေးသုံးခုကို စောင်ပေါ်တင်၊ တခုချင်းတံဆိပ်ပတ်ခွာ၊ ပြီးတော့ သနပ်ဖက်တိုလေးပါ မကျိုးမပဲ့ရအောင် ယုယုယယခွာချလိုက်တဲ့အခါ မီးတပိုင်းကျွမ်း ဆေးရိုးဆေးစပ် မှုန်လေးတွေ ထွက်ကျလာတယ်။ အတိုဆုံးဆေးလိပ်ကိုလေး သုံးခုပေါင်းပါမှ ဆေးရိုးဆေးစပ်မှုန်လေးတွေက ဆီးဖြူသီးကြီးကြီးတစ်လုံးစာထက် မပိုနိုင်။ ဦးစိုးမြင့်က သနပ်ဖက်စလေးကောက်ယူပြီး သောက်ရေခွက်နဲ့ ရေစိမ်နှူးတာလုပ်တယ်။ နောက်... စောင်ပေါ်က မီးသင့်ဆေးစပ်မှုန်လေးတွေနဲနဲချင်းယူပြီး သနပ်ဖက်စလေးနဲ့ ဗီဒီဆေးလိပ်သေးသေးလေးဖြစ်အောင် လိပ်တယ်။ ဗီဒီလိပ်လေးတောင် ရတာမှနှစ်လိပ်ထဲ။ တယောက်တလိပ်စီ။
နဲနဲရှည်တဲ့ဆေးလိပ်တိုလေးကိုတော့ ဒီအတိုင်းပဲ နှစ်ဦးခွဲသောက်ဖို့ပြင်ဆင်ကြပြီး၊ မီးလေးတတို့ရဖို့ မျှော်ကြပြန်တယ်။ ဝါဒါတယောက် ဖိနပ်ခွာသံတဖျောက်ဖျောက်ဖြတ်အလာ ဦးကြင်မောင်က မျှော်လင့်ခြင်း မျက်စိတွေနဲ့ လှမ်းကြည့်တယ်။ ခေါ်လိုက်မယ်ဟန်ပြင်ပြီးမှ သူ့ပါးစပ်ကို ကမန်းကတန်း ပိတ်လိုက်တယ်။ ကျနော်ပါစောင်းပြီး သူတို့နဲ့အတူကြည့်လိုက်တော့ ဝါဒါအောင်သန်း။
အရင်တခါ “မီးလေးတတို့လောက် ဆရာ” လို့ ဦးကြင်မောင်ကပြောမိတော့ “မီးတော့မရှိဘူး၊ -ီး ပဲ ရှိတယ်” လို့ ပြောတဲ့အကောင်။ တော်တော်ဆိုးတဲ့အကောင်။ ဒါကြောင့် မတောင်းရဲ၊ အခြေအနေကောင်းနိုင်မယ့် ဝါဒါကို စိတ်ရှည်ရှည် ဆက်စောင့်နေရှာတယ်။
နာရီဝက်လောက်အကြာ ဝါဒါအိုကြီးတယောက်လာမှ မီးကိစ္စ အောင်မြင်စွာညှိခွင့်ရတော့တယ်။ ဦးစိုးမြင့် မျက်နှာကြီး ဝင်းထိန်သွားလိုက်ပုံများ မှိုကျင်းကြီးကိုခလုတ်တိုက်မိလိုက်တဲ့ မှိုရှာသူလိုမျိုး၊
“ကိုကြင်မောင်…. တယောက်တလှဲ့ ... နှစ်ဖွာစီပဲ ဖွာကြေးနော်...”
ခေါင်းညိတ်ပြပြီး ဦးစိုးမြင့်ကို အရင်ကမ်းပေးတယ်။ ဘာလို့လဲဆိုတော့ ဝါဒါအိုကြီးဆီက ဆေးလိပ်မီးနဲ့ သူ့ဆေးလိပ်တိုမီးညှိတုန်းက မီးတော်တော်နဲ့မစွဲနိုင်တဲ့ သူ့ဆေးလိပ်တိုကို တချက်နှစ်ချက်ဖွာလိုက်၊ ဝါဒါကြီး ဆေးလိပ်ရှည်ဘက်ကနေပြီး လေးငါးချက်အားရပါးရဖွာလိုက်နဲ့ မီးညှိခြင်းကိစ္စအောင်မြင်ချိန်မှာ ဦးကြင်မောင် ကြီးဟာ ဝါဒါကြီးရဲ့ ဆေးလိပ်အကောင်းစားကို တော်တော်ဖွာလိုက်ပြီးသား ဖြစ်နေပြီ။
ဦးစိုးမြင့်က ဆေးလိပ်တိုကို ဖြည်းဖြည်းချင်း နှစ်ထောင်းအားရ ဖွာလိုက်တယ်။ နှစ်ဖွာတိတိ ဖွာပြီး ဦးကြင်မောင်ဆီ သစ္စာရှိရှိကမ်းပေးလိုက်တယ်။ ဦးကြင်မောင်က လက်ကလေးနဲ့ အုပ်ပြီး စတင်ဖွာရှိုက်လိုက်ချိန်မှာတော့...
“ကိုကြင်မောင်... ခင်ဗျားဟာ ရိုးရိုးဖွာဗျာ၊ ဘယ့်နှယ်... ဘိန်းစားပြောင်းဆွဲတာလို တအားကြီးအရှည်ကြီး ရှိုက်ဖွာလို့ကတော့ ဘယ်ခံနိုင်မလဲဗျ...” ဦးစိုးမြင့်က ကဗျာကရာ ကန့်ကွက်တယ်။ ကျနော့်မှာ သူတို့နှစ်ဦးကို ကြည့်ရင်း ကြေကြေကွဲကွဲပင့်သက်တွေသာ ဖြာနေမိတော့တယ်။
ဪ... ဒီနေရာဟာ ထောင်ဆိုတာပါကလား။
ဒီထောင်ထဲမှာဖြင့် ဆေးလိပ်ဟာ ရွှေ၊ ဆေးလိပ်ဟာ ငွေပါကလား။
ဦးကြင်မောင်ကြီးမြတ်နိုးလှတဲ့၊ သူ့မိန်းမကိုယ်တိုင်ယက်ပေးထားတယ်ဆိုတဲ့ ရှန်စောင်နီလေးဟာ ဦးကြင်မောင်ကြီးတယောက် ဒီထောင်ထဲကနေ ထွက်ရချိန်အထိ၊ ကိုယ်နဲ့မကွာ သစ္စာရှိရှိ ပြန်လည် လိုက်ပါနိုင်စွမ်း ရှိမှ ရှိပါ့လေမလား။ ကျနော် သက်ပြင်းဖွဖွကိုသာ ချနေမိပါတယ်။
(ဆရာဝင်းတင့်ထွန်း၊ (၆)တိုက်မှာ လောက်ကိုက်တာ ခံရဖူးသလား နှင့် အခြားထောင်ဝတ္ထုတိုများ ပီဒီအက်ဖ် စာမျက်နှာ ၁၆-၂၃)
စာရိုက် - ငနော့
Comments
Post a Comment