လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၅) 🖋 နေလင်း (အ.က.သ)
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၅)
နေလင်း (အ.က.သ)
[◾ အခန်း (၉) (င) ထောင်ကျစာရင်းတွေ ခိုးထုတ်တော့]
စိတ်ထဲကလည်း ဘာပဲဖြစ်ဖြစ် ကျနော့်လက်ထဲမှာ မမိတဲ့အတွက် ငြင်းရမှာပဲဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ နောက်ဆုံး ကျော်ဝဏ္ဏနဲ့ ကျနော့်ကို မျက်နှာချင်းဆိုင် ဆုံပေးလည်း ငြင်းရမှာပဲလို့ တွေးပြီး အဆောင်ကနေ စစ်ခွေးလား၊ တိုက်လား၊ သီးသန့်လား၊ တခုခုတော့ပြောင်းခံရဖို့ စောင့်နေလိုက်ပါတယ်။
နောက်တော့ (၄)ဆောင်က ကျော်ဝဏ္ဏကိုခေါ်စစ်ပါတယ်။ ကျော်ဝဏ္ဏကလဲ ထောင်မှူးကြီးလက်ထဲက စာရွက်ဟာ သူမတ်သီးကိုပေးတဲ့ စာရွက်မဟုတ်ကြောင်း၊ စာရွက်ပေါ်က လက်ရေးဟာလည်း သူ့လက်ရေးမဟုတ်ကြောင်း၊ မတ်သီးချောက်ချတာဖြစ်ကြောင်း၊ ကျနော်နဲ့လည်း အဆက်အသွယ်မရှိကြောင်း ထွက်ဆိုသွားပါတယ်။ နောက်ထပ်တခါ (၅)ဆောင်က ညီထွေးခိုင်ကို ဖိုဝိုင်းထဲမှာ စစ်ဆေးမှုပြီးတဲ့အချိန်ထိ ထားပါတယ်။
ကျနော်အဆောင်ကို ပြန်ရောက်တော့ အဆောင်က ၅(ည)တွေနဲ့ ရာဇဝတ်အကျဉ်းသားတွေ အားလုံး ကျနော် အဆောင်ပြန်ရောက်လာတာကို အံ့သြနေကြပါတယ်။ မတ်သီးချွန်လိုက်တဲ့ကိစ္စ သတင်းပြန့်နေပါတယ်။ အဆောင်မှာ မတ်သီးနဲ့ပြန်တွေ့တော့ ထောင်မှူးကြီးရှေ့မှာပြောတဲ့ မျက်နှာမျိုးမဟုတ်တော့ပဲ မျက်နှာချိုလာသွေးပါတယ်။ ကျနော်ကလည်း ဒီအမှုကိစ္စ အခြားအဆောင်ကစစ်နေတာမပြီးပြတ်သေးလို့ အပြစ်ဒဏ်မပေးသေးတာလို့ စိတ်ထဲမှာ ထင်မိပါတယ်။ ဒါမှမဟုတ် အခြားအစီအစဉ်တွေရှိလို့လား၊ ညနေထောင်ပိတ်မှ စစ်ခွေး၊ ဒါမှမဟုတ် သီးသန့် တခုခုကိုပို့မလားဆိုပြီး တွေးကာ အဆောင်က ရဲဘော်တွေကို နှုတ်ဆက်ပြီး ကျနော့်အိပ်ယာလိပ်ကို ပြင်ဆင်စောင့်ဆိုင်းနေလိုက်ပါတယ်။
ထောင်တံခါးပိတ်တဲ့အချိန်ထိ ကျနော့်ကိုလာခေါ်တာမတွေ့ရလို့ ကျနော်နဲ့ ကျနော့်ရဲဘော်တွေ ထွက်ဆိုချက်ကပဲ ကောင်းလို့လား၊ သက်သေခံစာရွက်က ကျနော်တို့ လက်ဝယ်မရှိလို့လား၊ သတင်းပေး တရားစွဲတဲ့သူက ပြစ်ဒဏ်အကျဉ်းသား ဖြစ်နေလို့လားနဲ့ လားပေါင်းများစွာတွေးမိပါတယ်။ ဒါမဟုတ်လဲ ကျနော်တို့ကို အရေးယူရင် ဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတာမို့ ထောက်လှမ်းရေးဝင်စစ်မှာကို ကြောက်လို့ပဲလား။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရှေ့မှာ စိုးလွင်တို့၊ ဉာဏ်ဝင်းတို့ကို ၅(ည)စာရင်း ထောင်အပြင်ထုတ်ဖို့ ကြံစည်မှုနဲ့ သီးသန့်ထောင် ပြောင်းရွှေ့ခံထားရတဲ့ သာဓကက ပူပူနွေးနွေးလေးရှိနေပါတယ်။
ကျနော်တို့က သူတို့ထက်သာပြီး သက်သေခံပစ္စည်းတောင် မိနေတာပါ။ ကျနော်တို့ကို ဘာကြောင့် အရေးမယူတာလဲဆိုတဲ့ အဖြေက နောက်မှ သိလာရပါတယ်။ ကျနော်တို့ အားလုံးကို ၁၉၉၁ ခုနှစ်နိုဝင်ဘာလ (၂၄)ရက်နေ့မှာ ထောင်ပြောင်းရွေ့ လိုက်ပါတယ်။ ထောင်ပြောင်းအစီအစဉ်ရှိလို့ အရေးမယူခဲ့တာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် နောက်မှုတပ်မလားဒေါက်နဲ့ တိုက်လား တခုခုပါပဲ။
◾ အခန်း(၁ဝ)
(က) ထောင်ပြောင်းပြီ
အင်းစိန်ထောင်ထဲကို ၁၉၉၁ ခုနှစ် ဘိုကလေးတိုက်ပွဲအပြီး ထောင်ကျလာသူတွေကြောင့် အင်းစိန်ထောင်အတွင်း နိုင်ငံရေးမှုတွေ အဆမတန် များပြားလာပြီး အဆောင်တဆောင်ကို အကျဉ်းသား (၁ဝဝ) ကျော်လောက် ရှိလာပါတယ်။
ဒီလို နိုင်ငံရေးမှုတွေ များလာတာကြောင့် ထောင်ပြောင်းရွေ့မယ်ဆိုတဲ့သတင်းတွေ ပေါ်ထွက်နေခဲ့တာလည်း ကြာလှပြီဖြစ်ပါတယ်။ ဘယ်နေ့ပြောင်းရမယ် ဘယ်တော့ရွေ့ရမယ်၊ ဘယ်ထောင်ကို ပြောင်းမယ် စတာတွေကို ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူးဒါနဲ့ ကျနော်တို့လည်း ဒီကိစ္စကို မသိလိုက်ဖာသာနေ လိုက်ပါတယ်။ ဒါပေမယ့် ကျနော်တို့အားလုံး မထင်မှတ်တဲ့အချိန်၊ အားလုံး သတိမထားမိကြတဲ့ ၁၉၉၁ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်မနက်အစောကြီးမှာ ထောင်ပြောင်းရွှေ့ဖို့ ဖြစ်လာပါတယ်။
မနက်အစောကြီး အဆောင်တွေကို ဝန်ထမ်းတွေရောက်လာပြီး စာရင်းမှာ နာမည်ပါတဲ့သူတွေကို ကိုယ့် ပစ္စည်းတွေယူပြီး အပြင်ကို ထွက်ခိုင်းပါတယ်။ ကျနော်တို့ (၃) ဆောင်အပြင် (၄) ဆောင်၊ (၅) ဆောင်နဲ့ တိုက်ခန်း၊ သီးသန့်ဆောင်တွေက ၅(ည) နိုင်ငံရေးသမားများ အယောက် (၂၀)စီနဲ့ စုစုပေါင်း ၅(ည) တရာကျော်ကို ခေါ်ထုတ်သွားပါတယ်။
ကျနော်တို့ အယောက်(၁၀၀)ကျော်ကို အပြင်ကိုထုတ်ပြီး မိန်းဂျေးလ်လမ်းမကြီး အတိုင်း ခေါ်သွားပါတယ်။ မိန်းဂျေးလ်လမ်းမကြီးကို ရောက်တော့ ကျနော်တို့အားလုံးရဲ့ ဆံပင်တွေကို လေးကွက်ကြား ညှပ်ပစ်ပါတယ်။ ဆံပင်ညှပ်တယ်လို့ ပြောရပေမယ့် တကယ်တမ်းကျတော့ ဆံပင်ကို ပုံပျက်ဆင်းပျက်ဖြစ်အောင် စက်ကပ်ကျေး ထိုးချတာပဲဖြစ်ပါတယ်။ ဆံပင်ညှပ်ပြီးတာနဲ့ ချက်ချင်း ခြေကျင်းရိုက်ပါတယ်။ ပြီးတော့ ထောင်ဗူးဝမှာ တန်းစီခိုင်းပါတယ်။ တန်းစီနေချိန်မှာ ဘဲဥ(၂)လုံး၊ ငပိနည်းနည်းပါတဲ့ ထမင်းထုပ်တွေ တယောက်တထုပ် ဝေပေးပါတယ်။
နောက် အကစကနေတဆင့် ရဲလက်ကို အပ်လိုက်ပါတယ်။ ရဲဝန်ထမ်းတွေက ကျနော်တို့ ၅(ည) တွေ အယောက် (၁၀၀)ကျော်ကို အင်းစိန်ဗူးဝကိုခေါ်သွားပြီး ထောင်ဗူးဝမှာ အဆင်သင့်ရှိနေတဲ့ တီအီး (၁၁)ကားနှစ်စီးဆီကို ခေါ်သွားပါတယ်။ အဲဒီကားပေါ်ကို ကျနော်တို့ အားလုံးကို တင်ဆောင်ပြီး ကားက အင်းစိန်ဘူတာကို ဦးတည်မောင်းနှင်သွားပါတယ်။ ကျနော်တို့တွေထောင်ပြင်ကို ရောက်တာနဲ့ မမြင်ရတာ ကြာပြီဖြစ်တဲ့ ပြင်ပ ကမ္ဘာရဲ့ နိစ္စဓူဝ လှုပ်ရှားမှုတွေကို တအံ့တဩကြီး ငေးစိုက်ကြည့်နေမိတယ်။
ဒါပေမယ့် ကျနော့်ခြေထောက်က သံခြေကျင်း ပြန်ငုံ့ကြည့်လိုက်တေ ရင်ထဲမှာဆတ်ကနဲ နာကျင်သွားပါတယ်။ ပြင်ပက ပုံရိပ်တွေကို အငမ်းမရ ငေးကြည့်နေမိပါတယ်။ ထောင်ထဲမှာ နေ့စဉ် ရှူရှိုက်နေရတဲ့ လေနဲ့ ထောင်ရဲ့ပြင်ပကလေက အတူတူဖြစ်ရက်သားနဲ့ အပြင်ကလေကပိုပြီး လတ်ဆတ်သန့်ရှင်းတယ်လို့ ထင်မိပါတယ်။
သေချာတာကတော့ ဒါဟာ ထောင်ကလွတ်သေးတာ မဟုတ်ပါဘူး။
ကျနော်တို့တွေ အင်းစိန်ထောင်က ပြောင်းရွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကို ဖော်ပြ လိုပါတယ်။
၁၉၉၁ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရန်ကုန်အင်းစိန် ဗဟို စံပြ အကျဉ်းထောင်မှာ သရက်အကျဉ်းထောင်သို့ ပြောင်းရွေ့ခံရသည့် စာရင်း
အမည် - ထောင်ကျနှစ်
(၁) မဂ္ဂင်ဆရာတော် (ဦးရွှေသာအေး - (၇) နှစ် မဂ္ဂင်ကျောင်းတိုက်၊ သင်္ကန်းကျွန်းမြို့နယ်
(၂) ဦးပဏ္ဏဝံသ (ဦးပြည်ကျော်) -
(၇) နှစ် သတိပဌာန်ကျောင်းတိုက်၊ တာမွေမြို့နယ်
(၃) ဦးအာစာရ (ထောင်တွင်း၌ ပျံလွန်တော်မူ) - (၇) နှစ် သရက်တောနာရီစင် ကျောင်းတိုက်၊ လမ်းမတော်မြို့နယ်
(၄) ဦးအိန္ဒိက - (၅) နှစ် ဆားလင်းကျောင်းတိုက်၊ ပုဇွန်တောင်မြို့နယ်
(၅) ဦးပညာဒီပ - (၅ ) နှစ် သိမ်တော်ကြီးကျောင်းတိုက်၊ ပန်းပဲတန်းမြို့နယ်
(၆) ဦးနန္ဒောဘာသ (ဦးနိုင်ထွန်းရွှေ) - (၅) နှစ် မွန်ကျောင်းတိုက်၊ဗဟန်းမြို့နယ်
(၇) ကိုရင် ကျော်တင့် - (၇) နှစ် မေဒေးနီကျောင်းတိုက်ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်
(၈) ကိုရင် ထူးအေး - (၄) နှစ် သုဝဏ္ဏသာမကျောင်းတိုက်၊ စမ်းချောင်းမြို့နယ်
(၉) ဦးမဲမောင် - (၇) နှစ်
(၁ဝ) ဦးခင်မောင်ကြီး - (၇) နှစ် စလင်းမြို့၊ မကွေးတိုင်း
(၁၁) ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) - (၁၀) နှစ် လူထုတိုက်၊ မန္တလေးမြို့
(၁၂) ကိုရဲ (ခ)ကိုသိန်းအောင် - (၁ဝ ) နှစ် ယင်းမာတေးသံသွင်း၊ ကျောက်တံတားမြို့နယ်
(၁၃) ကိုဇော်မင်း(ခ)ဗုံတို - (၅) နှစ်အထက်တန်းကျောင်းသား၊ အုတ်ဖို၊ ပဲခူးတိုင်း
(၁၄) ကိုဖြိုးဝေဝင်း - (၅) နှစ် တတိယနှစ်(ရူပဗေဒ) ရန်ကုန်တက္ကသိုလ် နတ္တလင်းမြို့၊ ပဲခူးတိုင်း
(၁၅) ကိုနိုင်လွင်ချို - (၁ဝ) နှစ် ချောင်းခေါင်းရွာ ပေါက်ခေါင်းမြို့၊ ပဲခူးတိုင်း
(၁၆) ကိုစောလွင် - (၅)နှစ် ရှေ့နေ၊ ဖဆပလ (ဗဟို၊ မူလအဖွဲ့ချုပ်)ရန်ကုန်
(၁၇) ကိုကျော်မင်းနိုင်(ခ)ကိုနီ - (၇) နှစ် နောက်ဆုံးနှစ်၊ စက်မှုတက္ကသိုလ်(မြို့ပြ) ရေနံချောင်းမြို့၊
(၁၈) ဒေါက်တာ ခင်ထွန်း - (၃) နှစ် ထွန်းဆေးခန်း၊ ဓမ္မာရုံကျောင်းလမ်း၊ ၆မိုင်ခွဲ၊ လှိုင်မြို့နယ်
(၁၉) ကိုမြင့်ဦး - (၅) နှစ် ပေါင်မြို့၊ မွန်ပြည်နယ်
(၂ဝ)ကိုအိုက်ကို (ထောင်တွင်းသေဆုံး) - (၈) နှစ် လုပ်သားကောလိပ်၊ တတိယနှစ်(မြန်မာစာ)၊ ရန်ကုန်မြို့
(၂၁) ကိုကျော်မင်းနိုင် - (၄) နှစ် အခြေခံပညာကျောင်းသားသမဂ္ဂ(ရန်ကုန်တိုင်း)ဗိုလ်တထောင်မြို့နယ်။
(၂၂) ကိုချစ်ကိုကို (ခ) ကိုအောင်ဒင် - (၄)နှစ် နောက်ဆုံးနှစ်၊ စက်မှုတက္ကသိုလ် (စက်မှု)၊ တောင်ဥက္ကလာပမြို့နယ်
(၂၃) ဦးဇော်မျိုးဝင်း - (၇) နှစ် ဗဟိုတရားရုံးရှေ့နေ၊ ရန်ကုန်မြို့
(၂၄) ဦးအောင်မြင့်ဝင်း - (၇) နှစ် ဌာနမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ လမ်းနီလေး၊ ရန်ကုန်မြို့
(၂၅) ကိုဌေးအောင် - (၃) နှစ် တတိယနှစ် (မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ်လှည်းတန်း၊ ကမာရွတ်မြို့နယ်
(၂၆) ကိုဌေးအောင် - (၆) နှစ် ပထမနှစ်(ဒဿနိကဗေဒ)၊ အဝေးသင်တက္ကသိုလ်၊ ကမာရွတ်မြို့နယ်
(၂၇) ကိုလှဌေး - (၄) နှစ်နောက်ဆုံးနှစ် (ဓါတုဗေဒ)ရန်ကုန်တက္ကသိုလ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်
(၂၈) ကိုချစ်ညီညီ(ခ) ကိုရွှေဘုန်းလူ - (၅) နှစ် ဒုတိယနှစ်(အင်္ဂလိပ်စာ)၊ ရန်ကုန်တက္ကသိုလ်
(၂၉) ကိုစိန်လှိုင် (ခ)ကိုပြည့် - (၃) နှစ် ကမာရွတ်မြို့နယ်။
(၃ဝ) ကိုကျော်စိုး(ပုဏ္ဏား) - (၃) နှစ် တတိယနှစ် (ရေနံ)၊ စက်မှုတက္ကသိုလ်
(၃၁) ကိုစည်သူထွတ် - (၃) နှစ် ဒုတိယနှစ်၊ စက်မှုတက္ကသိုလ်မင်္ဂလာတောင်ညွန့်မြို့နယ်
(၃၂) ကိုထွန်းထွန်း - (၃) နှစ် နောက်ဆုံးနှစ် (သင်္ချာ)၊ ရန်ကုန်တက္ကသိုလ်၊ ဒေါပုံမြို့နယ်
(၃၃) ကိုထွေးမော် - (၃) နှစ် နောက်ဆုံးနှစ်(မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ်
(၃၄) ကိုညီထွေးခိုင်(ခ) ကိုရက္ခီး - (၄) နှစ် နောက်ဆုံးနှစ် (ဓါတုဗေဒ)ရန်ကုန်တက္ကသိုလ်၊ စမ်းချောင်းမြို့နယ်
(၃၅) ကိုတိတ်နိုင် - (၃) နှစ် ထားဝယ်မြို့တနင်္သာရီတိုင်း
(၃၆) ကိုတိုးတိုးထွန်း - (၅) နှစ် တတိယနှစ်(ရူပဗေဒ)၊ ပုသိမ်ဒီဂရီကောလိပ်၊ မြောင်းမြမြို့၊
(၃၇) ကိုရဲလွင်စိုး(ခ)ကိုရဲ - (၅) နှစ် အလုပ်သမားသမဂ္ဂ၊ လှိုင်သာယာမြို့နယ်ရန်ကုန်
(၃၈) ကိုလှဝေ - (၃) နှစ် ကျူရှင်ဆရာ၊ ကမာရွတ်မြို့နယ်
(၃၉) ကိုမောင်မောင်မြင့် - (၅) နှစ် ဒုတိယနှစ် (သင်္ချာ)၊ ရန်ကုန်တက္ကသိုလ်၊ တောင်ဥက္ကလာပမြို့နယ်
(၄ဝ) ကိုဝင်းနိုင်ဦး - (၃) နှစ် နောက်ဆုံးနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်
(၄၁) ကိုမောင်မောင်သန်း - (၅) နှစ် မြန်မာ့စီးပွားရေးဘဏ် (ပုဇွန်တောင်ဘဏ်ခွဲ)
(၄၂) ကိုလှမျိုးနောင်(ခ) မှန်ကြီး - (၅) နှစ် ပထမနှစ်(ဥပဒေ)၊ ရန်ကုန်တက္ကသိုလ်ကျောက်ပန်းတောင်းမြို့၊
(၄၃) ကိုအောင်ပိုင် - (၄) နှစ် ကြယ်စိမ်းလူငယ်အဖွဲ့၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်း
(၄၄) ကိုကျော်ဝဏ္ဏ - (၃) နှစ် ပထမနှစ်၊ စက်မှုတက္ကသိုလ်ဒါပုံမြို့နယ်၊ ရန်ကုန်တိုင်း
(၄၅) ကိုကျော်ဝဏ္ဏ - (၃) နှစ် အထက်တန်းကျောင်းသားပဲခူးမြို့၊ ပဲခူးတိုင်း
(၄၆) ကိုကျော်ကျော်သိန်း - (၄) နှစ် ဒုတိယနှစ်၊ဂုဏ်ထူးတန်း(သင်္ချာ)၊ရန်ကုန်တက္ကသိုလ်၊ ဗိုလ်တထောင်မြို့နယ်
(၄၇) ကိုလှဝင်း - (၂၀) နှစ် ဘိုကလေးမြို့၊ ဧရာဝတီတိုင်း
(၄၈) ကိုသားညွန့်ဦး - (၅) နှစ် ပထမနှစ်ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ကျောက်တံတားမြို့နယ်
(၄၉) ကိုနေလင်း(စာရေးသူ) - (၅) နှစ် အခြေခံပညာကျောင်းသားများ သမဂ္ဂ (ရန်ကုန်တိုင်း)၊ ပုဇွန်တောင်မြို့နယ်၊
(၅ဝ) ကိုရဲမော်ထူး - (၄) နှစ်အခြေခဲပညာ ကျောင်းသားများသမဂ္ဂ( ရန်ကုန်တိုင်း)လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်
(၅၁) ကိုရဲကျော်စွာ - (၃) နှစ်
အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ရန်ကုန်တိုင်း)၊ ဗိုလ်တထောင်မြို့နယ်
(၅၂) ကိုမြင့်စိုး (ခ)ကိုဂျော်နီ - (၁၇) နှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို)၊ လူငယ်၊ လမ်းသစ်ရိပ်သာ လမ်းမတော်မြို့နယ်
(၅၃) ကိုမြင့်ဆန်း - (၅)နှစ်
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း
(၅၄) ကိုဝင်းရွှေ - (၃) နှစ် နည်းပြ(အင်္ဂလိပ်စာ)၊ လုပ်သားကောလိပ်၊ တာမွေမြို့နယ်
(၅၅) ကိုသာမြတ်ကျော် - (၄) နှစ်
နောက်ဆုံးနှစ်၊ အပိုင်း(က)ဆေးတက္ကသိုလ်(၁)
(၅၆) ကိုအေးလွင် - (၁၅)နှစ်
တတိယနှစ်(သင်္ချာ)၊ အဝေးသင်တက္ကသိုလ်၊ မှော်ဘီမြို့နယ်
(၅၇) ကိုဇော်ဝင်းထွဋ် - (၂၀) နှစ်
အထက်တန်းကျောင်းသား၊ သာကေတမြို့
(၅၈) ကိုဇော်ဝင်းထွန်း - (၃)နှစ်
အထက်တန်းကျောင်းသား၊ ဒလမြို့နယ်
(၅၉) ကိုသိန်းထွန်းဦး - (၅) နှစ်
အခြေခံပညာကျောင်းသားများ သမဂ္ဂ၊ တောင်ဥက္ကလာပမြို့နယ်
(၆ဝ) ဦးသောင်းထွန်း - (၇) နှစ် ပဲခူးမြို့
(၆၁) ကိုမျိုးမြင့် - (၅) နှစ် နောက်ဆုံးနှစ် (သင်္ချာ)၊ ရန်ကုန်တက္ကသိုလ်၊ သာကေတမြို့နယ်
(၆၂) ကိုအောင်ကျော်မိုး (ခ)ကိုဘိုတောက် - (၃) နှစ်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ညောင်လေးပင်
(၆၃) ကိုစိုးနိုင် - (၃) နှစ်
တတိယနှစ် (သမိုင်း)
(၆၄) ကိုစိုးနိုင် - (၅) နှစ် ပုသိမ်ဒီဂရီကောလိပ်
ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့
(၆၅) ကိုနိုင်ဝင်း - (၃) နှစ်
အခြေခံပညာကျောင်းသားများသမဂ္ဂ၊ တောင်ဥက္ကလာပမြို့နယ်
(၆၆) ကိုဇော်ဇော်လှိုင် - (၃) နှစ်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ သာကေတမြို့နယ်
(၆၇) ကိုမျိုးတင့်အောင် - (၃) နှစ်
နောက်ဆုံးနှစ်၊ စီးပွားရေးတက္ကသိုလ်
(၆၈) ကိုကျော်ထွေး - (၃) နှစ်
အဝေးပြေးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်
(၆၉) ကိုစည်သူဝင်း - (၅) နှစ်
သာကေတမြို့နယ်
(၇ဝ) ကိုစိုးမြင့်(ခ) ပေါင်မုန့် - (၁၁)
နှစ်
ဒလမြို့နယ်ရန်ကုန်မြို့
(၇၁) ကိုလွင်ဦး - (၇) နှစ်
ခရမ်းမြို့နယ်၊ ရန်ကုန်မြို့
(၇၂) ကိုကြည်ဝင်း - (၇) နှစ်
ခရမ်းမြို့နယ်၊ ရန်ကုန်မြို့
(၇၃) ကိုခင်ဇော် - (၆) နှစ်
ဝေဘာဂီ၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့
(၇၄) ကိုနီတွတ်ကျော် - (၉) နှစ်
အထက်တန်းကျောင်းသား၊ တောင်ဥက္ကလာပမြို့နယ်
(၇၅) ကိုသိင်္ဂီအောင် - (၁၁) နှစ်
အထက်တန်းကျောင်းသား
(၇၆) ကိုကံမြင့် - (၆) နှစ် အလုံမြို့နယ်၊
(၇၇) ကိုမျိုးအောင်ကြည် (ခ) မျိုးမျိုး - (၇) နှစ်
(၇၈) ကိုထွန်းမြင့်အောင် - (၄) နှစ်
ဒုတိယနှစ်၊ ဂုဏ်ထူးတန်း (ပထဝီ)၊ ရန်ကုန်တက္ကသိုလ်၊ နတ်စင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်
(၇၉) ကိုနီကိုဦး - (၄) နှစ်
အထက်တန်းကျောင်းသား၊ တာမွေမြို့နယ်
(၈၀) ကိုခင်မောင်ထွန်း (ခ) ကိုကျိ၊ ၅ (ဃ) - (၅) နှစ်
ဒုတိယနှစ်၊ ရန်ကုန်တက္ကသိုလ်၊ ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့နယ်၊
(၈၁) ကိုမျိုးအောင် - (၃) နှစ်
ဒုတိယနှစ်၊ အဝေးသင်တက္ကသိုလ်
(၈၂) ကိုမောင်မောင်အေး - (၆) နှစ်
အလုပ်သမားသမဂ္ဂ
(၈၃) ကိုမိုးအောင် - (၆ )နှစ်
ကျူရှင်ဆရာ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
(၈၄) ကိုစောကျော်ငြိမ်း - (၅) နှစ်
အလုံမြို့နယ်၊ ရန်ကုန်မြို့
(၈၅) ကိုသောင်းငွေ - (၃) နှစ်
အထက်တန်းကျောင်းသား၊ မင်္ဂလာဒုံမြို့နယ်
(၈၆) ကိုနိုင်မွန် - (၅) နှစ်
နည်းပြ၊ ဒဿနိကဗေဒ၊ ရန်ကုန်တက္ကသိုလ်၊ မွန်ပြည်နယ်
(၈၇) ကိုဘိုဘိုထွန်း (ဘိုဘိုထွန်း- ရုပ်ပြ) - (၄) နှစ်
တောင်ဥက္ကလာပမြို့နယ်
(၈၈) ကိုရဲမွန် - (၃)နှစ်
အထက်တန်းကျောင်းသား၊ ကမာရွတ်မြို့နယ်
(၈၉) ကိုထိန်ဝင်းအောင် - (၄)နှစ်
နောင်းနှင်းဆီ စာအုပ်ဆိုင်၊ အင်းစိန်မြို့နယ်
(၉ဝ) ကိုစိုးမြတ် - (၁၃) နှစ် အလုံမြို့နယ်၊ ရန်ကုန်တိုင်း
(၉၁) ဦးလောအယ် ( နိုင်ငံတော်ပုန်ကန်မူ) - တသက်တကျွန်း
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)
(၉၂) ဦးဘင်ဆင် (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၉၃) ကိုထူးရွယ် (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး၊ (ကေအန်ယူ)
(၉၄) ကိုကျေးတာ (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၉၅) ကိုချိုလေး (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၉၆) ဦးဖဒို သန်းလှ (ဗိုလ်ကြီး) (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၉၇) ဦးသောမတ်စ် (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၉၈) ဦးမန်းညွန့် (နိုင်ငံတော် ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၉၉) ဆာကူးစော (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
(၁၀၀) ကိုတင်မြင့် (နိုင်ငံတော်ပုန်ကန်မှု) - တသက်တကျွန်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
ကျနော်အခု ဖော်ပြခဲ့တဲ့ ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသားတွေထဲမှာ ကျနော်အပါအဝင် စုစုပေါင်း (၁၀၀)ဟာ ပြဿနာပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်ရမယ့် နောက်ထပ်အန္တရာယ် ကြီးမားလှတဲ့ ငရဲခန်းတခုဆီကို ဦးတည်သွားနေရမှန်း ထောင်အာဏာပိုင်တွေကလွဲလို့ ဘယ်သူမှ မသိနိုင်တော့ပါ။
(ခ) သရက်ထောင် အသွား လမ်းခရီးမှာ
ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ရဲကတင်ဆောင်လာတဲ့ ကားနှစ်စီးနဲ့ အင်းစိန်ဘူတာကို ရောက်တဲ့အခါမှာ ပြည်ဖက်ကိုသွားမဲ့ ရထားကို စောင့်ရပါတယ်။ ထောင်အာဏာပိုင်တွေက ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းတာ ဘယ်သူမှမသိအောင် တိုးတိုးတိတ်တိတ် ပြုလုပ်တာကြောင့် ဒီလိုထောင်ပြောင်းတဲ့ ကိစ္စကို ပြင်ပက ပြည်သူတွေ တနည်းနည်းနဲ့ သိရအောင် လမ်းပေါ်မှာ သွားလာနေကြတဲ့ ဈေးသွားရေးလာ၊ ရုံးသွားရှံးလာတွေကို ”ကျနော်တို့တွေ နိုင်ငံရေးအကျဉ်းသမားတွေပါ” လို့ ပြောပါတယ်။
“ကျနော်တို့ကို ဒီအင်းစိန်ထောင်ကနေ နယ်ထောင်တခုကို ပြောင်းထားဖို့ ရွေ့နေကြပါတယ်” လို့ပြောပြကြပေမဲ့လည်း ကျွန်တော်တို့ အသံတွေကို ကြားလို့ လှည့်ကြည့်သွားတဲ့ သူတွေရှိသလို၊ မယုံသင်္ကာ မျက်လုံးတွေနဲ့ကြည့်ကြတဲ့ သူတွေလည်းရှိပါတယ်။ ကျနော်တို့တွေကို ရာဇဝတ်သားတွေလို ဆံပင်တွေကို ရုပ်ပျက်ဆင်းပျက် ညှပ်ထားတာ၊ စုတ်ပြတ်နေတဲ့ ကျနော်တို့ကိုကြည့်ပြီး ဒါတွေဟာ နိုင်ငံရေးအကျဉ်းသမားတွေပါ ဆိုတာ ယုံကြည်သွားနိုင်ဖို့ ခက်ခဲမယ်ဆိုတာ သိလိုက်ပါတယ်။ “သနားကြပါတယ်။ ဘာတွေလိုအပ်လဲ” လို့ မေးပြီးလာရောက် လာပေး နှစ်သိမ့်တဲ့ သူတွေရှိသလို၊
“ဟာ၊ ဒီရုပ်တွေလား နိုင်ငံရေးသမား၊ ဘယ်ကသူခိုး၊ လူဆိုးတွေလဲမသိပါဘူး”
ဆိုတဲ့စကားလုံးတွေကို ခပ်ကြမ်းကြမ်းလေး ရင်ဆိုင်ရပါတယ်။ ဘာပဲပြောပြော ကျနော်တို့ရဲ့ အပေါ်ယံကို ကြည့်ပြီး အခြေအနေကို မသိနိုင်တဲ့သူတွေကို နားလည်ပါတယ်။ သူတို့ ပြောသမျှ ခွင့်လွှတ်ရမှာပါပဲ။ ပြည်ဖက်ကိုသွား ကျနော်တို့စီးရမယ့် ရထားရောက်လာတော့ ကျနော်တို့အားလုံး ရထားပေါ်ကိုတက်ရပါတယ်။ ကျနော်တို့စီးရမယ့် အကွဲကို သီးသန့်အဖြစ် (၂) တွဲခွဲထားပြီး ရထားရဲ့ ကြမ်းပြင်ပေါ်မှာပဲ ဒီအတိုင်းထိုင်ရပါတယ်။ ရထားရဲ့ ပြတင်းပေါက်နဲ့ ကျနော်တို့ အချုပ်ခန်း သံဇကာတွေကြားမှာ လူသွားလမ်းလေးတစ်ခုရှိပြီး အဲဒီနေရာမှာ အစောင့်ရဲက စောင့်ပါတယ်။ “မင်းတို့ အခန်းထဲမှာ ဘာလုပ်လုပ်ရတယ်။ ထွက်မပြေးရင်ပြီးရော ထွက်ပြေးဖို့တော့ မကြိုးစားနဲ့ ဒီရထားလမ်းတလျှောက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေရှိတယ်” လို့ အစောင့်ကပြောပါတယ်။ ဒီတော့လည်း ကျနော်တို့က လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံရေးသီချင်းတွေ၊ ကျောင်းသားသမဂ္ဂ သီချင်းတွေကို အော်ဆိုကြပါတယ်။ မနက် (၇)နာရီမှာ အင်းစိန်ဘူတာကနေ ရထားဘီး စလိမ့်ပါတော့တယ်။
ရထားဟာ ပြည်စာပို့ရထား ဖြစ်တာကြောင့် ဘူတာစဉ်တိုင်းမှာ ရပ်ပါတယ်။ ဒီတော့ ကျနော်တို့တွေ ကလည်း ဘူတာတွေမှာရပ်တိုင်း ကျနော်တို့နဲ့ သိကျွမ်းသူတွေ ရှိမလားလို့ တွေ့နိုး၊ တွေ့နိုးနဲ့ ရှာကြပါတယ်။ ကျနော်တို့တွေက အယောက် (၁၀ဝ) တောင်ရှိတာမို့ အသိအကျွမ်းကတော့ တဦးတလေ တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးကြီး ထားမိပါတယ်။
ကံကောင်းချင်တော့ တိုက်ကြီးဘူတာ အရောက်မှာ သရက်ထောင်ကနေ နိုင်ငံရေးအမှုနဲ့ ထောင်က လွတ်လာပြီး ဈေးလိုက်ရောင်းနေတဲ့ သူတွေနဲ့ တွေ့ပါတယ်။ သူတို့တွေဟာ အင်းစိန်ထောင်မှာ နေခဲ့ပြီး သရက်ထောင်ကို ပြောင်းရွှေ့ခံရသူတွေဖြစ်ပြီး အခုထောင်ကလွတ်ကာ ဘူတာမှာ ဈေးလိုက်ရောင်းနေတာ ဖြစ်ပါတယ်။ သူတို့နဲ့တွေ့တော့ အကူအညီ အနည်းငယ်ရပါတယ်။ ကျနော်တို့တွေ ထောင်ပြာင်းရွှေ့ခံရတဲ့ကိစ္စ သက်ဆိုင်ရာမိဘတွေကို သတင်းပို့ပေးဖို့ ကိုလည်း အကူအညီပေးခဲ့ပါတယ်။
ကျနော်တို့တွေစားဖို့ ကွမ်းယာတွေနဲ့၊ ဆေးပေါ့လိပ်တွေကို တွဲအတွင်း လက်လှမ်းမှီရာ သွင်းပေးပါတယ်။ ကျနော်တို့ရထား တိုက်ကြီးဘူတာကထွက်တော့ ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာနဲ့ လက်ပြနှုတ်ဆက်ရင်း ဘူတာမှာ ကျန်ခဲ့ပါတယ်။ (ကျနော်တို့ကို ကူညီခဲ့သူတယောက်က တိုက်ကြီးက ကိုသက်ဦးလို့ ထင်ပါတယ်။ ကျနော် နာမည် သိပ်မမှတ်မိတော့ပါ။) တိုက်ကြီးကစထွက်လာကတည်းက ဘူတာတိုင်းမှာ ရထားကရပ်ပေမယ့် နောက်ထပ် အသိအကျွမ်း တယောက်မှ ထပ်မတွေ့တော့ပါ။ ညနေစောင်းရောက်တော့ ရထားဟာ ပေါင်းတည်နား နီးလာပါတယ်။ ပေါင်းတည်ဘူတာနား နီးလာလေလေ၊ ရဲဘော်တွေထဲက လူတွေခပ်လှုပ်လှုပ် ဖြစ်လာတာကြောင့် စုံစမ်းကြည့်တော့ ကျနော်တို့ ထောင်ပြောင်းအုပ်စုထဲမှာ နတ္တလင်းမြို့က ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဖြိုးဝေဝင်း (ရူပဗေဒ၊ တတိယနှစ်) ပါလာလို့ဖြစ်ပါတယ်။ သူ့ကို ကိုသက်ခိုင် (BCP)အတွဲက ဒေါက်တာ မော်ဇင်တို့နဲ့ အမှုတွဲပြီး ထောင်ကျလာတာ ဖြစ်ပါတယ်။ အခု ရထားက ပေါင်းတည် ပြီးရင် နတ္တလင်းဖြစ်တဲ့ သူ့ဇာတိကိုရောက်မှာမို့ နတ္တလင်းရောက်ရင် သူ့ရဲ့ အသိမိတ်ဆွေ တဦးတလေ တွေ့လိုတွေ့ငြားရှာဖွေကြဖို့ အားလုံးက စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။ နတ္တလင်းဘူတာကို ရောက်တော့ ကံအားလျှော်စွာဘဲ ဘူတာရုံနားမှာ ခြင်းခတ်နေတဲ့ ဖြိုးဝေဝင်းရဲ့ သူငယ်ချင်းတွေကို တွေ့လို့ အော်ဟစ် အကူအညီ တောင်းလိုက်ပါတယ်။ အကြောင်းစုံကို သေသေချာချာ ရှင်းပြလိုက်တာကြောင့် သူ့ရဲ့သူငယ်ချင်းက ဖြိုးဝေဝင်းအိမ်ကို မှီလိုမှီငြား ပြေးပြီး အကြောင်းကြား လိုက်ပါတယ်။ အားလုံးက သူတို့အိမ်က အိမ်သားတွေ ဘူတာကို ရောက်လာမယ့် အချိန်ကို စောင့်မျှော်နေတဲ့ အချိန်မှာပဲ ရထားက ဘီးစလိမ့်နေပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဖြိုးဝေဝင်းရဲ့ အိမ်ကလူတွေ အားလုံးနီးပါး ဘူတာရုံကို ပြေးလွှား ရောက်ရှိ လာပါတယ်။
ရထားက နတ္တလင်းကထွက်ခွာဖို့ အရှိန်ယူနေချိန်မှာပဲ ပြည်ဖက်က ရထားတစင်း ဝင်လာနေတာကြောင့် အလံချိုးထားလို့ ကျနော်တို့ရထားဟာ နတ္တလင်းဘူတာကို ပြန်ဆုတ်လိုက်ပါတယ်။ ပြည်ရထားကို လမ်းပေးဖို့အတွက် ဘူတာမှာ စောင့်ဖို့အချိန်ရတာကြောင့် ဖြိုးဝေဝင်းတယောက် သူ့အမေနဲ့ သူ့အိမ်က လူတွေ အားလုံး နီပါးနဲ့ စကားပြောလိုက်ရပါတယ်။ ခဏအကြာမှာ ရထားဟာ ဘူတာက ထွက်ဖို့ပြင်ဆင်နေပါတယ်။ ရထားဘီးအလိမ်မှာ သူ့အမေ၊ သူ့အဒေါ်နဲ့ သူငယ်ချင်းတွေက ငိုပြီး နှုတ်ဆက်ကြပါတယ်။ ဖြိုးဝေဂင်းရဲ့ အမေဟာ ရထားဘီးနဲ့အပြိုင် စင်္ကြန်တလျှောက် ပြေးလိုက်ပြီး သူ့သားကို နှုတ်ဆက်ပါတယ်။ ရထားတွဲရဲ့ တံခါးဘောင်ကို ဆုပ်ကိုင်ပြီး သားကိုတဖွဖွ မှာကြားနေပါတယ်။ သူ့အမေဟာ စိတ်မထိန်းနိုင်ပဲ ရထားတွဲကိုမှီပြီး သူ့သားကိုကြည့်ကာ ငိုကြွေးပါတော့တယ်။ ရထားဟာ အရှိန်အနည်းငယ် ရလာနေပြီး ဖြစ်လို့ ဖြိုးဝေဝင်းက “အမေ သားကိုစိတ်ချပါ၊ အမေဒုက္ခရောက်မယ်၊ နေခဲ့ပါ၊ မလိုက်နဲ့တော့ အမေရယ်၊ သားကိုစိတ်ချပါ” လို့ပြောတော့မှ သူ့အမေဟာ ရထားဘောင်ကို လက်ကလွှတ်ပြီး ကျန်နေခဲ့ပါတယ်။ ကျနော်တို့အားလုံးဟာ ကျန်ခဲ့တဲ့ သူ့အမေကိုစိုက်ကြည့်ရင်း. ကိုယ့်အမေတွေကို အသီးသီး ပြန်ပြီး သတိရမိသွားကြလို့ ရထားတွဲကြီး တခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။ ကျနော်တို့အားလုံးရဲ့ မိဘတွေလည်း ဒီလိုခံစားကြမှာကို တွေးပြီး ခေါင်းတွေ မသိမသာ ငုံ့ထားကြပါတယ်။
အင်းစိန်ဘူတာက စထွက်လာကတည်းက တလမ်းလုံးဆူညံလာခဲ့တဲ့ ကျနော်တို့ ရထားတွဲကြီးဟာ နတ္တလင်းဘူတာအကျော်မှာတော့.. စကားသံတွေ တိတ်ဆိတ်သွားကြတာ ပြည်ဘူတာရောက်တဲ့ အထိပါပဲ။ ပြည်ဘူတာ ရောက်တော့ အတော်ကို မှောင်နေပြီဖြစ်ပါတယ်။ မီးလုံးမပါတဲ့ ရထားမို့ အပြင်ကိုကြည့်ရတာ တော်တော်ကိုဒုက္ခရောက်ပါတယ်။ ပြည်ဘူတာကို ရောက်တဲ့အခါမှာ ဘူတာထဲမှာ လူတွေအများကြီး စည်ကားနေတာကို တွေ့လိုက်ရပါတယ်။
လူတွေဘာ့ကြောင့် ဒီလောက် စည်ကားနေရလဲလို့ စဉ်းစားနေတုန်းမှာ ဘူတာရဲ့ အပြင်ဖက်ကိုရောက်တော့ ဘုရားပွဲဈေးတန်းနဲ့ တိုးတော့မှ (၃)နှစ်တခါကျင်းပတဲ့ ပြည်ဆံတော်ရှင်ဘုရား လှည့်လည် ပူဇော်ခံနေတာကို တွေ့ရပါတယ်။ ဘုရားပွဲဈေးကြောင့် ပြည်ဘူတာမှာ လူတွေပြည့်ကျပ်နေတာ ဖြစ်ပါတယ်။ ကျနော်တို့တွေကို ပြည်ဘူတာရုံကနေ ပြည်ထောင်ကို ခေါ်သွားတဲ့အခါ အချုပ်ကား အလုံအလောက် မရှိတာကြောင့် အချုပ်ကား(၂) ကားထဲကို လူ(၁၀၀) ပြွတ်သိပ်ကြပ်ညှပ်နေအောင် ထည့်တင်ပါတော့တယ်။ ကျနော်တို့တွေက ဒီလောက်လူတွေ အများကြီးနဲ့ အချုပ်ကားမဆန့်တာကြောင့် အကုန်လုံး မသာပေါ်သွားနိုင်တာကြောင့် နောက်ထပ် ကားတစီး ခေါ်ပေး၊ မခေါ်ပေးပါက မလိုက်နိုင်ဘူးလို့ တောင်းဆိုပါတယ်။
ဒါနဲ့ သူတို့က ကျနော်တို့ကို တောင်းပန်ပြီး ဘူတာနဲ့ ထောင်ဟာ မဝေးလှကြောင်း၊ အမြန်ဆုံး ရောက်အောင် မောင်းပေးပါ့မယ်လို့ ပြောပြပါတယ်။ ကျနော်တို့လည်း ညဖက်ကြီး ဖြစ်နေတာကြောင့် အထွေအထူး သိပ်မပြောတော့ပဲ တယောက်အပေါ်တယောက်ထပ်ပြီး ပြည်ထောင်ကို လိုက်ပါလာခဲ့ရပါတယ်။ အရေးအခင်းတုန်းက ဒီလိုပဲ ကားထဲမှာ လူတွေ အစုလိုက်အပြုံလိုက် ပိတ်တင်သယ်ဆောင်တာကြောင့် “သိမ်ဖြူကုန်း” ဖြစ်တဲ့ကိစ္စလို အသက်ရှူမဝလို့ လူတွေ သေကုန်တာတွေကို ကြားဖူးတာကြောင့် ကျနော်တို့ အားလုံးလည်း လန့်ဖြန့်နေပါတယ်။ တခါမှ မခံစားဖူးတော့ ဒီအခါငါတို့ အလှည့်များလားဆိုပြီး စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ လိုက်ပါလာခဲ့ကြပါတယ်။ အချုပ်ကားထဲမှာ ခဏလေး နေရုံရှိပါသေးတယ်။ အသက်ရှုတွေ ကြပ်ပြီး ချွေးစေးတွေ ထွက်လာပါတော့တယ်။ အသက်ရှုမရတာကြောင့် ကားပေါ်မှာ မူးတဲ့သူ၊ အန်တဲ့သူတွေကလည်း အန်ကြ၊ မူးမော်ကြ ဖြစ်ကုန်ပါတော့တယ်။ ကားမောင်းသမားကလည်း ပြောတဲ့အတိုင်း အရှိန်ကုန် ပြည်ထောင်ကို မောင်းနှင်ပေးပါတယ်။ တလမ်းလုံး အချုပ်ကားထဲမှာ ငပိသိပ်၊ ငါးချဉ်သိပ်နဲ့ ပြည်ထောင်ကိုရောက်သည်အထိ လိုက်ပါခဲ့ရပါတော့တယ်။ ပြည်ထောင်ကို ရောက်သည့်အခါမှာတော့ ထောင်အတွင်းက အဆောင်တခုတည်းမှာ ကျနော်တို့ အားလုံးကို အပေါ်ထပ်၊ အောက်ထပ်နေရာ ချပေးပါတယ်။
ပြည်ထောင်ထဲကို ဝင်ရတဲ့အခါမှာ အပြင်ဖက်မှာ ရာသီဥတုက တော်တော်လေးကို အေးနေပါပြီ။ အဲဒီ တညကို ပြည်ထောင်မှာပဲ ကုန်ဆုံးလိုက်ပြီး နောက်တနေ့ မနက်အစောကြီး သရက်မြို့ကို ခရီးဆက်ဖို့အတွက် သင်္ဘောဆိပ်ကို ထွက်လာရပါတယ်။ ပြည်သင်္ဘောဆိပ်ကို ရောက်တော့ သင်္ဘောထွက်ရက် မဟုတ်တာကြောင့် ပြည်ထောင်ကို ပြန်လာပြန်ပါတယ်။
ပြည်ထောင်ဟာ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ “ဂ” အဆင့်သာရှိတဲ့ အကျဉ်းထောင် တခု ဖြစ်ပါတယ်။ ထောင်ကို ပတ်ပတ်လည်မှာ ကာရံထားတဲ့ အုတ်ရိုးကလည်း အင်းစိန်ထောင်နဲ့စာရင် အတော်လေး နိမ့်တာကို တွေ့ရပါတယ်။
(ဂ) ဟင်းကောင်းလို့ ထမင်းတောင်းတာ
နောက်တနေ့ဖြစ်တဲ့ နိုဝင်ဘာလ(၂၅)ရက်မှာတော့ ဆောင်းအအေးဒဏ် ချမ်းချမ်းစီးစီးကြီးအောက်မှာ သရက်ထောင်ကို ဆက်သွားဖို့အတွက် ပြည်သင်္ဘောဆိပ်ကို ဆင်းရပါတယ်။. သင်္ဘောဆိပ်ရောက်တော့ ကျနော်တို့ အားလုံး အေးလွန်းလို့ ခိုက်ခိုက်တုန်အောင် ချမ်းနေကြပါတယ်။
သင်္ဘောပေါ်တက်တဲ့အခါမှာ ကျနော်တို့ သရက်ထောင်ပို့ဖို့ တာဝန်ယူထားတဲ့ ရဲတွေက သင်္ဘောရဲ့ အပေါ်ထပ်ဦးပိုင်းမှာ စုပြီးနေရာချပေးပါတယ်။ အညာဆန်သင်္ဘောကြီးနဲ့ သရက်မြို့ကို တနေကုန်နီးပါး သင်္ဘောစီးရပါတယ်။ ရေဆန်ကို ခုတ်မောင်းနေတာကြောင့် သင်္ဘောကနှေးနှေးပဲ မောင်းနေပါတယ်။ ကျနော်တို့ ထောင်ပြောင်းအုပ်စုတွေဟာ အနီးအနားက ခရီးသည်တွေနဲ့ စကားလက်ဆုံကျသွားပြီး တယောက်အကြောင်း တယောက် ပြောကြပါတယ်။ ကျနော်တို့ အဖြစ်တွေကို သိသွားတဲ့အခါမှာ ခရီးသည်တွေစိတ်မကောင်း ဖြစ်သွားကြပြီး တချို့က မျက်ရည်တွေကျကြပါတယ်။ သရက်ဆိပ်ကမ်းကို ညနေပိုင်းလောက်မှာ ကပ်တော့ သရက်ထောင်က ဝန်ထမ်းတွေက လက်နက်အပြည့်အစုံနဲ့ ကျနော်တို့ကို လာစောင့်နေပါတယ်။
ဆောင်းတွင်းဖြစ်တာကြောင့် သင်္ဘောက ကမ်းမှာ ကပ်လို့မရတာကြောင့် ရေလယ်ကောင်နား မရောက်တရောက်လောက်မှာ ရပ်တန့်ရပါတယ်။ ကျနော်တို့ အကျဉ်းသားတွေဟာ နေကျတဲ့အချိန်မှာ ရှည်လျားလှတဲ့ သဲသောင်ပြင်ကြီးကို ကိုယ့်အထုပ်ကိုဆွဲပြီး (၄၅) မိနစ်လောက် ဖြတ်ပြီး သရက်ကမ်းပေါ် ဖြတ်လျှောက်ရပါတယ်။
ကုန်းမြင့်တခုပေါ်ရောက် သွားတဲ့အခါမှာ အကျဉ်းဦးစီးဌာနပိုင် ရိမ်းဂျားကားကြီးနဲ့ ကျနော်တို့ အယောက်(၁ဝဝ) ကိုတင်ဆောင်ပြီး သရက်ထောင်ကိုပို့ ကြပါတော့တယ်။ သရက်ထောင်ကို ရောက်တဲ့အခါမှာ ကျနော်တို့ အားလုံးကို ထောင်ဗူးဝမှာ တလာစီပါတော့တယ်။ တလာစီပြီးတဲ့အခါမှာ ထောင်ထုံးစံအရ ထောင်အဝင်မှာ ပုံစံချိုးတယ်ဆိုတဲ့ စကားလုံးအတိုင်း တဘုန်းဘုန်းနဲ့ ရိုက်နှက်ပါတော့တယ်။ မှတ်ပုံတင် စာရင်းပေးတဲ့အခါ အသံတိုးလို့ဆိုပြီး တမျိုး၊ ပုံစံမကျလို့ ဆိုပြီးအပြစ်ရှာ ရိုက်နှက်ပြန်ပါတယ်။ ထောင်အင်္ကျီရင်ဘတ်ပိုင်းမှာ အပြာရောင်အဝတ်စတစကို ကပ်ထားတဲ့ (၁၂) မှတ်ရက ကျနော်တို့ကို ရိုက်နှက်တာဖြစ်ပြီး သူ့နာမည်က ငှက်ရိုး ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးကိုရိုက်နှက်ပြီးတော့ (၁)ဆောင်ရဲ့ အခန်းတခန်းထဲမှာ အားလုံးကို နေရာချပေးပါတယ်။ အခြားအခန်းတွေဖြစ်တဲ့ (၂)ခန်းနဲ့ (၃) ခန်းက ရာဇဝတ်သား အကျဉ်းသမားတွေကို အဆောင် (၂)နဲ့ အဆောင်(၄)ကို ခွဲပြီးပို့လိုက်ပါတယ်။ ကျနော်တို့အယောက်(၁၀၀) လုံးကို သီးသန့်ထားရှိပြီး အဆောင်မှာရှိတဲ့ တံခါးတွေအားလုံးကို သံပြားတွေနဲ့ ပိတ်လိုက်ပါတယ်။ ကျနော်တို့အဆောင်ရဲ့ ထောင်မှူးက မြင့်သန်းဆိုသူဖြစ်ပြီး အခန်းလူကြီး(၂) ယောက်ကတော့ ငှက်ရိုး၊ ဦးအောင်ကြီးဆိုတဲ့ ရာဇဝက်သားတွေကို ခန့်ထားပါတယ်။ ငှက်ရိုးနဲ့ အောင်ကြီးတို့ဟာ နဝတဝန်ထမ်းတွေ မျက်နှာသာပေးရင် ပေးသလို၊ မလိုရင် မလိုသလို ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် တရားလက်လွတ် ဆက်ဆံတတ်ပါတယ်။ အပြစ်ကို အမြဲလို ရှာဖွေနေပြီး တဘုန်းဘုန်းမြည်အောင် ရိုက်နှက်တတ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ကလည်း သူတို့(၂)ယောက်ကို သတိထားပြီး နေရပါတယ်။ သရက်ထောင်ကိုရောက်တာ (၁)လရှိတဲ့အခါမှာ တဆောင်တည်းမှာ ရှိနေကြတဲ့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသမားတွေကို လူခွဲပစ်ဖို့ သရက်ထောင်အာဏာပိုင်တွေက ကြံစည်ကြပါတော့တယ်။ ထောင်ပိုင်နဲ့ အပေါင်းအပါတစုတို့ဟာ ကောက်ကျစ်တဲ့အကြံအစည်တွေနဲ့ စတင်လှုပ်ရှားပါတယ်။ အင်းစိန်ထောင်ထက် ထူးခြားတာတခုကတော့ မြန်မာပြည်အလယ်ပိုင်းဒေသက သရက်ထောင်မှာ အဆောင်တိုင်း ရေတွင်းတွေရှိပါတယ်။ အကျဉ်းသားတွေ ရေတွင်းထဲကရေကို ကိုယ့်အတွက်ကို ငင်ယူရပါတယ်။
တရက်မှာ ကျနော်တို့အဆောင်ရဲ့ ထောင်မှုးမြင့်သိန်းနဲ့ (၁၂) မှတ်ရ ငှက်ရိုးတို့ဟာ သရက်ထောင်မှာ ရေကို ကိုယ့်ဖာသာကို ငင်မယူရပဲ ရေကိုသက်သက်သာသာနဲ့ အသုံးပြုနိုင်အောင်ဆိုပြီး ကျနော်တို့ အယောက်(၁၀၀) ဆီက ရေစုပ်စက်လှူဒါန်းဖို့ အလှူခံပါတယ်။ ကျနော်တို့တွေရဲ့ မိသားစုတွေ ထောင်ဝင်စာလာတွေ့တဲ့အခါ ငွေကိုမှာပြီး ထောင်ဗူးဝမှာ ငွေကို အပ်ထားရန်နဲ့ အဲဒီရေစုပ်စက်မှာ ၅(ည) များကောင်းမှုဆိုပြီး ကမ္ဗည်းထိုးပေးမယ်လို့ ပြောဆိုပါတယ်။
အပြင်ဖက်မှာ ကိုယ်ထူကိုယ်ထ ရှိပေမယ့် ထောင်တွင်းမှာပါ ကိုယ်ထူကိုယ်ထရှိပါလားလို့ အံ့အားသင့်မိပါတယ်။ ထောင်ထဲမှာ ဒီလိုကိစ္စမျိုးကို အားမပေးလိုပါဘူး။ ဒါ့ကြောင့် ကျနော်တို့ ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသမားတွေအားလုံး ရေစုပ်စက်မလှူနိုင်ကြောင်း တညီတညွတ်တည်း အဖြေပေးလိုက်ပါတယ်။ ကျနော်တို့ အကြောင်းပြန်ချက်ကို လက်ခံပြီးတဲ့နောက်မှာ ထောင်အာဏာပိုင်တွေရဲ့ လက်တုန့်ပြန်ချက် ထွက်ပေါ်လာပါတယ်။
အဲဒါကတော့ ရေစုပ်စက်မလှူရင် ကျနော်တို့ အဆောင်ကမိလ္လာကို မိလ္လာဘုတ်က မသိမ်းတော့ပဲ ကျနော်တို့တွေကို ကိုယ့်မိလ္လာကိုယ်သိမ်းဖို့ အကြောင်းပြန်ပါတယ်။ အဲဒီအကြောင်းပြန်ချက်နဲ့အတူ မိလ္လာဘုတ်အတွက် လူ(၅)ယောက်ရွေးပေးဖို့ တခါတည်းမှာ လိုက်တယ်။
သရက်ထောင်ရဲ့ ပထမဆုံးတိုက်ပွဲက စပြီဖြစ်လို့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်တို့က လက်မခံနိုင်ဘူးလို့ ထပ်အကြောင်းပြန်လိုက်တဲ့အခါ ကျနော်တို့လူ(၁၀၀)နဲ့ ထောင်ဝန်ထမ်းမတွေ ညှိနှိုင်းလို့ မရတော့ပဲ တင်းမာမှုတွေ ဖြစ်လာပါတယ်။ ကျနော်တို့အယောက်(၁၀၀)ကို လူစုခွဲပြီး တိုက်ခန်းတွေ၊ အခြားအဆောင်တွေကို ပို့လိုက်ပြီး ရာဇဝတ်အကျဉ်းသားတွေနဲ့စုပြီး ထားလိုက်ပါတယ်။ (၂) ဆောင်နဲ့ (၄) ဆောင်ကိုရောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ရေဆွဲလေဘာအလုပ်ချပါတယ်။ သရက်ထောင်ထဲ ရေဆွဲအလုပ်ဆိုတာ အဆောင်မှာရှိတဲ့တောင်ယာ၊ အပြင်ဖက်ကတောင်ယာ၊ မိန်းမဆောင်ကသောက်ရေနဲ့ တထောင်လုံးသုံးဖို့အတွက် ရေဆွဲရတာဖြစ်ပါတယ်။ ရှိသမျှလူတွေသုံးဖို့အတွက် ရေဆွဲပြီး ရေဆွဲတဲ့နေရာမှာ သုံးတဲ့ စက်သီးဘီးက သစ်သားနဲ့ လုပ်ထားတာမို့ ပိုပြီးအားစိုက်ဆွဲရပါတယ်။ ကြိုးတွေကလည်း ဆွေးမြေ့နေလို့ မကြာခဏ ပြတ်ပြတ် ကျပါတယ်။ ကြိုးအသစ်လဲဖို့ ထောင်ဝန်ထမ်းတွေဆီ တောင်းရင်
“နောက်တခါ ကြိုးပြတ်ရင်ထုတ်မပေးဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်၊ မရှိရင် ရေမချိုးကြနဲ့” ဆိုပြီး ဆဲဆိုပါသေးတယ်။ ကျနော်တို့ ဆွဲရတဲ့ ပုံးက ကတ္တရာခွံလို သံပုံးမျိုးဖြစ်ပြီး ရေဂါလံ(၂၀)လောက် ဆန့်ပါတယ်။ ရေတဆိုင်းကို ရေတွင်းအပေါက်ဝမှာ ရေလှယ်ပေးတဲ့သူအပါအဝင် ဆို လူ(၆)ယောက်၊ (၇)ယောက်လောက် ဆွဲရပါတယ်။ ရေတဆိုင်းကို ရေပုံး(၅၀)သက်မှတ်ပြီး တနေ့ကို ကျနော်တို့ဆွဲရတဲ့ ပုံးရေ အရေအတွက်က ပုံး (၉၀၀) ကျော်ရှိပါတယ်။ ရေပုံး (၉၀၀)ထက် ဘယ်တော့မှမနည်းတတ်ပါဘူး။ တခါတခါ ဒီထက်တောင် ကျော်သွားတတ်ပါတယ်။ နွေရာသီ ထောင်မီးဘေးအတွက် ရေကန်ကြီးနှစ်ကန်ကိုလဲ အဆင်သင့် ဖြည့်ထားရပါသေးတယ်။ ပူပြင်းလှတဲ့ အလယ်ပိုင်းဒေသရဲ့ အပူရှိန်အောက်မှာ အဝတ်ပိုင်းလေးတွေ ခြုံပြီး ရေဆွဲရပါတယ်။ ချွေးတွေ၊ သံတွေနဲ့ ရေဆွဲပြီးလို့ ထမင်းစားရတဲ့အချိန်ရောက်တော့ ဒုက္ခတမျိုးထပ်ကြုံရပါတယ်။ အဲဒါကတော့ ထမင်းထဲ သံတွေ၊ ခဲတွေပါလာတာပါ။ တမင်များထည့်ထား သလားမှတ်ရအောင် ခဲတွေပန်းကန်ပြားထဲမှာ အသံပေါင်းစုံ မြည်နေတတ်ပါတယ်။ အဲဒါကြောင့်မို့ ထမင်းကိုရေစိမ်ပြီး ခဲတွေ၊ သံတွေ ရေအောက်အနည်ထိုင်တဲ့အခါ ထမင်းကို ဆယ်ယူပြီးစားရပါတယ်။ အဲဒီအခါကျတော့ ပန်းကန်ထဲရောက်လာတဲ့ ထမင်းက တဝက်သာသာပဲရှိပါတော့တယ်။ ထမင်းမဝတာကြောင့် ကျနော်တို့တွေဟာ အခန်းလူကြီး ထောင်မှူး၊ ထောင်ပိုင်တွေကို အဆင့်ဆင့် တင်ပြကြပါတယ်။ ထောင်ပိုင်က နောက်တနေ့ ရမယ်လို့ပြောပြီး နောက်တနေ့ ကျတော့ မနက်ပိုင်းထမင်းစားချိန်မှာ ဖိုထဲကဝန်ထမ်းက ထမင်းကိုချိန်ခွင်နဲ့ သတ်မှတ်ပြီး ထမင်းပုံစံပေးပါဆာာ့တယ်။ ဒါမင်းတို့ တင်ပြလို့ အကျဉ်းထောင်လက်စွဲစာအုပ်ထဲကအတိုင်း ကျွေးတာလို့ပြောပါတယ်။ ထောင်ပိုင် တန်းစီတဲ့အခါမှာ အခြားအဆောင်က ကျနော်တို့ ရဲဘော်တွေကလည်း ထမင်းမဝကြောင်း တင်ပြပါတယ်။ အဲဒီအခါထောင်ပိုင်က “၅(ည)တွေ ထမင်းခဏခဏ တောင်းနေတာ ဖိုတာဝန်ခံ စောက်သုံးမကျလို့ပဲ၊ ပဲဟင်းကို ဘယ်လိုချက်သလဲ” လို့ ဖိုတာဝန်ခံ ဝန်ထမ်းကိုမေးပါတယ်။ ဖိုတာဝန်ခံကလည်း တောင်ယာကမုံညှင်း၊ မုံလာအောက်ကအရွက်တွေကို ဖဲ့ပြီး ပဲဟင်းထဲမှာ ထည့်ကျွေးပါတယ် လို့ပြန်လျှောက်ပါတယ်။ ထောင်ပိုင်က
“အဲဒါမင်းတို့ အသုံးမကျလို့ပေါ့ကွ၊ စေတနာကောင်းပြီး ပဲဟင်းထဲအရွက်တွေ ဘာတွေထည့်နဲ့ ဟင်းကို ကောင်းအောင်ချက်တော့ ထမင်းမဝဘူးဆိုပြီး မင်းယောက်ဖတွေက တောင်းတာပေါ့။ ဟင်းကောင်းလို့ ထမင်းတောင်းတာ။ နောက်နေ့ကစပြီး ဟင်းထဲကိုဘာ အရွက်မှမထည့်နဲ့။ ဒီအတိုင်းချက်၊ ငါလာကြည့်မယ်”
လို့ပြောလိုက်ပါတယ်။
ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားတွေဟာ နဝတရဲ့ အကျဉ်းထောင်တွေထဲမှာ ... အကျဉ်းသား တယောက်ရဲ့ ရပိုင်ခွင့်တွေကို အနစ်နာခံပြီး တောင်းကြ၊ တိုက်ပွဲဝင်နေကြတုန်းပါပဲ။ ခုလိုထမင်းမဝလို့ တောင်းဆိုကာမှ နဂိုကမှ ကောင်းနေတဲ့ ပဲဟင်းတောင် မကောင်းတော့ပါဘူး။ တချို့ အကျဉ်းသားတွေကဆို ၅(ည)တွေ သွားတောင်းလိုက်မှပဲရနေတဲ့ ပဲဟင်းလည်းပျက်၊ ထမင်းလည်း ပိုနည်းသွားတော့တယ်ဆိုပြီး ငြီးငြူနေကြပါတယ်။ ထောင်ထဲမှာ ထောင်စည်းမျဉ်းအရ တပတ်တခါ အသားဟင်းနဲ့ ကျွေးဖို့ သတ်မှတ်ထားပါတယ်။
ကျနော်တို့တွေ သရက်ထောင်ကိုရောက်တော့ တခါက အသားဟင်းစားရမဲ့နေ့မှာ အသားမကျွေးလို့ ထောင်ပိုင်ကို တင်ပြကြပါသေးတယ်။ အချို့ အကျဉ်းသားတွေက သူတို့ရဲ့ထောင်ဝင်စာက နယ်အဝေးက လာရတာမို့၊ ထောင်ဝင်စာလာမတွေ့နိုင်တာတို့ ရှိတာကြောင့် အဲဒီ အသားဟင်းလေးကိုပဲ အားထားပြီး စားနေရတာ ဖြစ်ပါတယ်။ ထောင်ပိုင်က နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ ပေးလိုက်ရတာကြောင့် အသားဟင်း ဝယ်မကျွေးနိုင်ဘူး လို့ပြန်ပြောပါတယ်။
(ဃ) ထောင်တရား စီရင်ခန်း
ထောင်ထဲမှာ အကျဉ်းထောင် ဝန်ထမ်းတွေဟာ နဝတရဲ့ထောင်တွင်း သတ်မှတ်ချက် (၂၂)ချက်ပုံစံ ဖြေဆိုရတာ ဖြစ်ပါတယ်။ အဲဒီဖြေဆိုမှုမှာ ကျနော်တို့ အဆောင်က မြင့်သန်းက ဖြေဆိုတဲ့အခါမှာ ဘယ်လိုဘယ်လို ပြဿနာ ဖြစ်လဲမသိဘူး။ အလုပ်က ပြုတ်သွားပါတော့တယ်။ သူ့နေရာကို အစားထိုး ဝင်ရောက်လာတဲ့ သူကတော့ ထောင်ပိုင်ရဲ့ လက်ရုံးတဆူဖြစ်တဲ့ ဒုတပ်ကြပ် စောလေဘယ်လ်ဆိုသူ ရောက်လာပါတယ်။
တရက်မှာ ကျနော်တို့ အဆောင် (၁)ရဲ့ (၃)ခန်းက အခန်းလူကြီး လုပ်တဲ့ အောင်ကြီးဟာ ၅(ည) အကျဉ်းသားတယောက်နဲ့ ပြဿနာ တက်ပါတယ်။ သခင်အားရ ကျွန်ပါးဝနေတဲ့ (ဒီလိုလူမျိုး ဂျပန်ခေတ်တုန်းက ဖက်ဆစ် အလိုတော်ရိ လို့ခေါ်ပါတယ်) အောင်ကြီးဟာ နိုင်ငံရေးသမားတွေအပေါ် ဘယ်လိုပုံ ညှင်းပမ်းနှိပ်စက်ရမလဲ ဆိုတာကိုအမြဲ စဉ်းစားနေသလား အောက်မေ့ရအောင်ကို ကျနော်တို့ ၅(ည) တွေအပေါ် ကောက်ကျစ်ဖို့ ကြိုးစား နေပါတယ်။
ကျနော်တို့ထဲက အသက်(၂၀)ခန့်လောက်သာ ရှိသေးတဲ့ အထက်တန်းကျောင်းသား ဇော်ဝင်းထွဋ်တယောက် နေ့ခင်းဖက် ထမင်းစားပြီးလို့ ရေသောက်တဲ့အခါမှာ ရေခွက်ထဲအနည်းငယ် ကျန်နေသေးတဲ့ ရေကို အပြင်ဖက်က ဘာယာတန်းကို သွန်လိုက်ပါတယ်။ အဲဒါကို နဝတ အလိုတော်ရိအောင်ကြီးက မိန်းဂျေးလ်ကို အကြောင်းကြားပြီး ဇော်ဝင်းထွဋ်ဟာ သူ့အသက်ကိုသတ်ဖို့ ကြံစည်အားထုတ်နေကယ်လို့ လီဆယ်ပြီးထောင်ပိုင်ကို ကုန်းချောလိုက်ပါတယ်။
နဝတ အမြဲတမ်းအော်နေတဲ့ ကြီးတဲ့အမှုသေးစေ၊ ငယ်တဲ့အမှု ပပျောက်စေ ဆိုတဲ့ဆောင်ပုဒ်ဟာ နဝတရဲ့ အကျဉ်းထောင်ထဲမှာတော့ ပြောင်းပြန် တည်ဆောက်ထားသလား ထင်ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ မပြောပလောက်တဲ့ ပြဿနာကို ပုံကြီးချဲ့ပြီး တစုံတရာ စစ်ဆေးမှု ဘာမှမလုပ်တော့ပဲ တိုက်ထဲထည့်ထားလိုက်ပါတယ်။ ပြီးတော့ ခြေကျင်းနဲ့ ဒေါက်ခတ်လိုက်ပါတယ်။ ထောင်ဝန်ထမ်တွေဟာ မြေကျင်းနဲ့ ဒေါက်တပ်ခံထားရတဲ့ ဇော်ဝင်ထွဋ်ကို မိန်းဂျေးလ်ကို ခေါ်လာပြီး ကျန်တဲ့ နိုင်ငံရေးအကျဉ်းသမားတွေကို ပြပါတယ်။ ပြီးတော့ ကျနော်တို့တွေကို စိန်ခေါ်တဲ့ စကားလုံးတွေနဲ့ မခံချိမခံသာအောင် စောင်းမြောင်းပြောဆိုပါတယ်။ အဲဒီအချိန်မှာ မြင့်သန်းနေရာကို အစားထိုးဝင်ရောက်လာတဲ့ စာလေဘယ်လ်ဟာ သူ့ခါးက ခါးပတ်ကို ဆွဲချလိုက်ပါတယ်။ ကျန်လက်တဖက်က နံပတ်တုတ်ကိုဝှေ့ ယမ်းပြီး မိန်းဂျေးရုံးခန်းရှေ့မှာ ရပ်နေတဲ့ဇော်ဝင်းထွဋ်ကို
“မင်း crossing တက်စမ်း” လို့. ကျန်တဲ့ ၅(ည)တွေရှေ့မှာ ခိုင်းပါတယ်။ ဇော်ဝင်းထွဋ်က သူခိုင်းတဲ့အတိုင်း လုံးဝမလုပ်ပါဘူး၊ စောလေဘယ်လ်က
“မင်းမတက်တက်ဘူးလား၊ ဒါဆို ဝမ်းလျားမှောက်လိုက်၊ တက်တတ်သွားမယ်”
”... ...”
“မိကျောင်းသွားတာ မင်းမြင်ဖူးမှာပေါ့၊ ဒီအတိုင်းတက်”
ဇော်ဝင်းထွဋ်က သူပြောသမျှ ဘာတစ်ခွန်းမှ ပြန်မပြောပါဘူး။ ချက်ချင်းပဲ တုတ်နဲ့ ရိုက်နက်သံတွေ တဖုန်းဖုန်း မြည်သွားပါတယ်။ နောက်ထပ်ဝန်ထမ်း နှစ်ယောက်က ဝင်ရိုက်ပြီးပါးစပ်ကနေ ဆဲနည်းမျိုးစုံနဲ့ဆဲပါတယ်။ မိကျောင်းတက်တက်ခိုင်းသံတွေ၊ ဇော်ဝင်းထွဋ်ရဲ့ ငြင်းသံတွေ...
“ဖြောင်း...”
”ခွေးမသား... ခေါင်းမာတဲ့ကောင်၊ ရိုက်စမ်း ရိုက်စမ်း”
ကျနော်တို့တွေ အားလုံး ရှေ့မှာ ဇော်ဝင်းထွဋ်ကို ခွေးရိုက်၊ နွားရိုက် ရိုက်နှက်နေပါတယ်။ ကျနော်တို့လည်း ဆက်ကြည့်နေဖို့ ခွန်အားမရှိတော့ပါ။ ရေဆွဲတဲ့အလုပ်ကို ဆက်လုပ်ဖို့. အနိဌာရုံကို ကျောခိုင်းလိုက်ပါတယ်။ ကျနော်တို့မြင်ကွင်းမှာ မရှိတော့တဲ့နောက်ပိုင်း သရဲမရဲစီးမတတ် ဝိုင်းရိုက်ကြပြီး ဖိုရှေ့အရောက်ခေါ်သွားပါတယ်။ ဖိုရှေ့ရောက်တော့ ဝမ်းလျားထိုးခိုင်းပြီး အတင်းအဓမ္မ မိကျောင်းတက် တက်ခိုင်းပါတယ်။ ဇော်ဝင်းထွဋ်ဟာ အင်မတန်ကို ချီးကျူးစရာ ကောင်းလောက်တဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ခံယူချက်ကို လုံးဝ အတိမ်း အစောင်းမခံပဲ အသားနာခံပြီး ခိုင်းသမျှကို အာခံအန်တုသွားပါတယ်။ စောလေဘယ်လ်တို့ဟာ ဇော်ဝင်းထွဋ်ကို တရွတ်တိုက် ဆွဲခေါ်ပြီး တိုက်ရှေ့ကို ပြန်သယ်လာပါတယ်။ ကိုက်ခန်းထဲကို လေးဖက်ထောက် မိကျောင်းတက် ဝင်ခိုင်းပြီး သူတို့ကနောက်ကနေ ခွေးလိုက်ဆွဲသလို ရိုက်နှက်ပြန်ပါတယ်။ ထောင်ဝန်ထမ်းတွေ မတရားရိုက်နှက်တာကို မခံနိုင်တော့လို့ ဘေးကနေ ဝင်ရောက် ပြောဆိုတဲ့ သူတွေ ကိုလည်း တိုက်ထဲသွင်းပြီး တိုက်ပိတ်လိုက်ပါတယ်။ တိုက်ခန်းထဲကို လူမဆန်စွာရောက်ရှိသွားခဲ့တဲ့ ဇော်ဝင်းထွဋ်ခမျာ ခန္ဓာကိုယ်တခုလုံး မြင်ရက်စရာမရှိအောင် ညိုမည်းနေပြီး ရုပ်ပျက်ဆင်းပျက် မတရားလုပ်ခံရတဲ့ ဒဏ်ရာတွေနဲ့ အရေခွံတွေ စုတ်ပြတ်နေပါတယ်။ တချို့ နေရာမှာ သွေးတွေစိမ့်ထွက်နေပါတယ်။ ဒီအကြောင်းတွေကို အဲဒီတုန်းက တိုက်ထဲမှာရှိနေတဲ့ ကိုဝင်းနိုင်ဦး(ယခု- DVB ၌ တာဝန် ထမ်းဆောင်နေသူ) တယောက် ကောင်းကောင်းသိပါတယ်။
◾ အခန်း(၁၁)
(က) ထောင်ဝင်စာ တိုက်ပွဲ
သရက်ထောင်ကို ရောက်လာတဲ့ အကျဉ်းသားမှန်သမျှ ရေဆွဲတဲ့အလုပ်ကို အရင်ဦးဆုံး လုပ်ရတယ်လို့ ပြောကြပါတယ်။ ကျနော်တို့လည်း ရောက်ကာစမို့ အခြေအနေတွေကို အသေအချာ မသိသေးတာကြောင့် သည်းခံနေပြီး နေ့တိုင်းအညာနေ ပူပူခြစ်ခြစ်အောက်မှာ ရေပုံးပေါင်း (၉၀၀) ကျော်ကို ဆွဲနေလိုက်ပါတယ်။ (၄) လကျော် (၅)လ ရောက်တဲ့အထိ ရေဆွဲလေဘာမှာ ရှိနေတဲ့ ကျနော်တို့ ၅(ည)တွေကို အခြားအလုပ် ဘုတ် ပြောင်းမပေးပါဘူး။ ကျနော်တို့အဆောင်က အဆောင်မှူးကို တင်ပြတော့ “မင်းတို့ အမှုတွေက အပြင်ထွက်ပြီး လုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူး။ ဒါ့ကြောင့် ထောင်ထဲက ရေဆွဲလေဘာ ချပေးတာကွ”
လို့ပြန်ပြောပါတယ်။ အမှန်တကယ်တော့ သူတို့တွေဟာ ၅(ည)သား တိုက်ရိုက်မစားရလို့ သွယ်ဝိုက်စားနေကြပြီး ကြိတ်ဝမ်းသာနေတဲ့ ကောင်တွေမှန်း သိသာပါတယ်။ ရေဆွဲလေဘာမှာ ကျနော်တို့ နိုင်ငံရေးအမှုတွေထဲမှာ တခါတလေ ရာဇဝတ် အကျဉ်းသား (၁) ဦး၊ (၂) ဦးပါတတ်ပါတယ်။ ကျန်တာတွေကတော့ ထုံးစံအတိုင်း ၅(ည)တွေပါပဲ။ မျက်စိလည် လမ်းမှားပြီး ရေဆွဲလေဘာကို ရောက်လာတတ်တဲ့ ရာဇဝတ်အကျဉ်းသား ဆိုတာကလည်း ပြစ်ဒဏ်တခုကို ကျူးလွန်မိလို့ တပတ်တန်သည် ဖြစ်စေ၊ နှစ်ပတ်တန်သည်ဖြစ်စေ ရေဆွဲဖို့ကျလာတတ်တာမျိုးပဲ ဖြစ်ပါတယ်။
မြန်မာပြည်အလယ်ပိုင်းရဲ့ ခြစ်ခြစ်တောက်နေတဲ့ နေပူရှိန်အောက်မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အင်္ကျီလက်ရှည်ဝတ်၊ ပုဆိုးပိုင်းတွေကို ခေါင်းမှာ ပေါင်းပြီး ချွေးဒီးဒီးကျအောင် ရေဆွဲခဲ့ပါတယ်။ ရေဆွဲရင်းဝတ်တဲ့
ကျနော်တို့ရဲ့ ဇင်သားလက်ရှည် အင်္ကျီတွေဟာ ချွေးနဲ့ ဆွေးမြေ့ပြီး စုတ်ပြဲတဲ့အဆင့်ကို တောင်ရောက်နေပါတယ်။
ထောင်ထဲမှာ ထောင်လက်စွဲ ဥပဒေအရ (၃)လတခါ ပုံစံအင်္ကျီထုတ်ပေးရမယ်လို့ သတ်မှတ်ထားပေမယ့် ကျနော်သရက်ထောင်က လွတ်တဲ့အထိ သရက်ထောင်မှာ ထောင်ပုံစံဝတ်စုံ တစုံမှ မရဘူးပါ။ သရက်ထောင်ဟာ ကျနော်တို့လို နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်း အကျဉ်းသားတယောက် ရပိုင်ခွင့်ရှိတဲ့ အရာတွေကို တောင်းဆိုပေမယ့်လည်း ထောင်အာဏာပိုင်တွေရဲ့ အဖြေကတော့ တုတ်နဲ့ရိုက်၊ ပြစ်ဒဏ်ခတ်လိုက်တာပါပဲ။ ပြေလည်အောင် ဖြေရှင်းပေးတာတွေမရှိပါဘူး။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသမားတွေကို မှရွေးပြီး ကြိုတင်စီမံမှုနဲ့ တရားလက်လွတ်ပြု လုပ်နေပါတယ်။.ဒီလိုပြုလုပ်နေတာကို အပြင်ကလူတွေ၊ အကျဉ်းသားတွေရဲ့ သက်ဆိုင်ရာ မိဘတွေဆီ သတင်းမပေါက်ကြားရအောင် ထောင်ဝင်စာတွေ့တဲ့အခါမှာ တင်းကြပ်မှုတွေ ပြုလုပ်ပါတော့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့တဲ့အခါမှာ အနားကနေ ဝန်ထမ်းတွေ (၂)ဦးလောက်
စောင့်နေပါတယ်။ ထောင်ဝင်စာ တွေ့နေတဲ့အချိန်မှာ နိုင်ငံရေးအကြောင်း၊ ထောင်ထဲက အခြေအနေ အကြောင်း
ပြောမိရင် ထောင်ဝင်စာကို ချက်ချင်းရပ်စဲပစ်ပါတယ်။ အဲဒီအပြင် ထောင်ထဲမှာ ၅(ည) တဦးဦးက တင်ပြမှုတွေ၊
ဆင့်ကဲဆင့်ကဲ မေးခွန်းထုတ်မှုက္ခေ၊ လုပ်လာလို့ရှိရင်လည်း ထောင်ဝင်စာကို ကြပ်တည်းတဲ့ စည်းကမ်းအမိန့်တွေ ထုတ်ပြီး အကြပ်ပြန်ကိုင်တတ်ပါသေးတယ်။
ရန်ကုန်ကနေကျနော်တို့ ဆီလာတဲ့ မိသားစုတွေအဖို့ မြန်မာပြည်အလယ်ပိုင်းက သရက်မြို့ကို နှစ်ပတ်တခါ လာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မိဘတွေက ငွေကြေးတတ်နိုင်တဲ့ သူတွေဖြစ်ရင်တောင်မှ ခရီးကြမ်းလွန်းလှတဲ့ နေရာတခုကို ပင်ပန်းလွန်းတာကြောင့် မလာနိုင်ပါဘူး။ ပုံမှန် တလတခါကိုတောင် အနိုင်နိုင်လာတွေ့ နေရတာဖြစ်ပါတယ်။ ဒီလိုတော်တန်ရုံ မလွယ်ကူလှတဲ့ ထောင်ဝင်စာလေးကို ထောင်အာဏာပိုင်တွေက ကန့် သတ်မှုတွေ ပြုလုပ်လာပါတော့တယ်။ ဒီနေရာမှာ ထောင်ဝင်စာကိစ္စနဲ့ ပတ်သက်ပြီး သရက်ထောင်အတွင်း တိုက်ပွဲနှစ်ကြိမ် တိုက်ခဲ့ရတာကို တင်ပြလိုပါတယ်။
တကြိမ်ကတော့ ကျနော်ကိုယ်တိုင် ပြောပြတာထက် အဲဒီတိုက်ပွဲကို ကိုယ်တိုင်တိုက်ခဲ့တဲ့ ကာယကံရှင်က ပြောတာ ပိုပြီးတိကျခိုင်မာတာကြောင့် ဒီနေရာမှာ ဖော်ပြလိုက်ပါတယ်။
(...)
၁၉၈၈-ဗကသ၊ အာဏာသိမ်းပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကမာရွတ်မြို့နယ် လူငယ်ဆက်သွယ်ရေး တာဝန်ခံအဖြစ် လှုပ်ရှားခဲ့သည်။
၁၉၈၉ ဖေဖော်ဝါရီလ လူ့ဘောင်သစ်ပါတီသို့ ဝင်ရောက်ပြီး ကမာရွတ်မြို့နယ် စည်းရုံးရေးမှုးတာဝန်ယူ ထမ်းဆောင်ခဲ့သည်။
၁၉၈၉ ဧပြီလ ABSDF မြောက်ပိုင်း တပ်ရင်း(၇၀၁)သို့တောခိုခဲ့ပြီး ၁၉၈၉ စက်တင်ဘာလမှာ မူဆယ်၊ မဝတရုံးသို့သတင်းပို့၍ အာဏာပိုင်များမှ မိဘများထံသို့ အပ်နှံခဲ့သည်။
၁၉၈၉ နိုဝင်ဘာလမှာ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကော်မတီမှာ တာဝန်ယူခဲ့သည်။
၁၉၉ဝ မေလ၌ ဗကသများအဖွဲ့ချုပ် (အောက်ဗမာပြည်) ၌ ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၁ မေလ၌ စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးမှုအားခံရပြီး ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ်(၆)နှစ် အင်းစိန်ထောင်၌ ကျခံခဲ့ရသည်။
၁၉၉၅ ဩဂုတ်လ သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ဗကသများအဖွဲ့ချုပ် (အောက်ဗမာပြည်) ဗဟို စည်းရုံးရေးကော်မတီ၌ ဆက်လက်တာဝန်ယူခဲ့သည်။
၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် စစ်ထောက်လှမ်းရေး၏ လိုက်လံဖမ်းဆီးသဖြင့် ၁၉၉၇ ဖေဖော်ဝါရီလမှာ ထိုင်းမြန်မာနယ်စပ်သို့ ဆုတ်ခွာ တိမ်းရှောင်ခဲ့သည်။ ထို့နောက် လွတ်မြောက်နယ်မြေသို့ ပြောင်းရွှေ့လာသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၌ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ဩဂုတ်လ၌ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ကော်မတီတွင် အခုချိန်ထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
၁၉၉၉ ဒီဇင်ဘာလ၌ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံ ၌လည်း ပါဝင်ဆောင်ရွက်နေပြီး မြန်မာပြည် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက် နေဆဲဖြစ်သည်။
၁၉၉၂ ခုနှစ် မေလထဲမှာ ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့အဆောင် (၄) မှာ ထမင်းစားရတာမဝဘူး။
လုံလောက်အောင်လည်း မပေးတဲ့အတွက် အဆောင်မှုးတပ်ကြပ် ဘိုကံကို တင်ပြပါတယ်။ အဆောင်မှူးက ဖိုတာဝန်ခံအောင်စိုးကို ထမင်းအပိုပေးဖို့ ပြောတယ်။ ဒါပေမယ့် အောင်စိုးက ထမင်းအပို မပေးနိုင်ဘူးဆိုပြီး ပြန်သွားပါတယ်။
အဲဒါကို ၅(ည)တွေက မကျေနပ်ကြလို့ မိန်းဂျေးလ်ထောင်မှူး ကျော်ဆန်းဦးကို သွားတိုင်တယ်။
မိန်းဂျေးလ် ထောင်မှူးက ဒီကိစ္စကိုမဖြေရှင်းပေးပဲ ထောင်ပိုင်ကိုတင်ပြပါတယ်။ ထောင်ပိုင်ကလည်း ဒီလောက် ထမင်းစားကောင်းနေတာ ဟင်းကောင်းလို့ဆိုပြီး ထောင်ထဲကပဲဟင်းလည်း တိတိကျကျလုပ်၊ ထောင်ဝင်စာတွေလည်း ကန့်သတ်တယ်။ အိမ်ကမိဘတွေလည်း နယ်ဝေးကလာရတာ ပင်ပန်းတယ်။ ထောင်ဝင်စာအထုပ် များတယ်ဆိုရင် အဲဒီထောင်ဝင်စာတွေနဲ့ လူတွေ ထမင်းစားကောင်းနေတယ်။ စည်းစည်းလုံးလုံး ဖြစ်နေတယ်။ ရိုးရိုးသာမန် အကျဉ်းသားတွေကိုလည်း ထောင်ဝင်စာတွေနဲ့ စည်းရုံးနေတယ်။
ဒီလိုအမြင်နဲ့ ထောင်ဝင်စာကို ကန့်သတ်မယ်ဆိုပြီးတော့ အမိန့်ထွက်လာပါတယ်။ ထောင်ဝင်စာ
ကန့်သတ်တယ် ဆိုတဲ့အကြောင်းနဲ့ သွင်းခွင့်ရတဲ့ ပစ္စည်းစာရင်းကို မိန်းဂျေးလ်ဘုတ်မှာ ကြေငြာပြီး ကပ်ပါတယ်။ သွင်းခွင့်ပေးတဲ့ ပစ္စည်းက သစ်သီးဆိုရင် ဥပမာငှက်ပျောသီးဆိုရင် တဖီး၊ ကျွဲကောသီးဆိုရင် တလုံး၊ သံပုရာသီးဆိုရင် (၁၀)လုံး၊ သကြား ၂၅ ကျပ်သား၊ ငပိကြော်တထုပ်၊ အသားကြော်တထုပ်၊ ပစ္စည်းအမျိုးအမည် (၄-၅) မျိုးခန့်ပဲ ပါဝင်ပါတယ်။ အဲဒီလိုအမိန့်စာ ထွက်လာတော့ ပထမတရက်မှာ ပဲ(၄)ဆောင်ကအခန်း (၂)၊ (၃)ခန်းတွေမှာရှိကြတဲ့ ၅(ည)တွေညှိကြတယ်။ အဓိကညှိတာကတော့ အမိန့်က သောကြာနေ့က ထုတ်လိုက်တာဆိုတော့ စနေ၊ တနင်္ဂနွေကြားရက်ခံသွားတာကြောင့် အချင်းချင်းတိုင်ပင်ချိန် ရသွားတယ်။
အခြား(၁)ဆောင်(၂)ဆောင်နဲ့၊ (၄)ဆောင်အားလုံး ဒီကိစ္စကိုညှိကြမယ်။ ပထမဦးဆုံး ကျနော်တို့ အဆောင်က ညှိကြတာကတော့ အကယ်၍ အမိန့်ကြော်ငြာချက်ထဲမှာပါတဲ့ အတိုင်း ထောင်ဝင်စာကန့် သတ်ရင် မယူဘူး၊ မယူဘဲနဲ့ ပြန်လာမယ်။ ပြီးရင် ဒီကိစ္စကို မိမိအိမ်တွေကို တရားဝင်ပြောမယ်။ ထောင်ထဲမှာ ဥပဒေနဲ့ မညီညွတ်တာတွေ လုပ်နေတယ်။ ဒါ့ကြောင့် အကျဉ်းဦးစီးဌာန၊ ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနတွေဆီကို စာတင်ခိုင်းမယ်လို့ အားလုံးညှိနှိုင်းပါတယ်။ ထောင်ဝင်စာလာတဲ့ အခါမှာ ပြောမယ်လို့။ အဲဒီလိုညှိကြတဲ့ အခါကြတော့ (၄)ဆောင်မှာရှိတဲ့ ၅(ည)တွေအကုန်လုံး သဘောတူတယ်။
လာမယ့် တနင်္လာနေ့ကစပြီး ထောင်ဝင်စာ ပထမဆုံးလာတဲ့သူက စတိုက်ရမယ်။ အိမ်တွေကို မတရားမှုတွေကို ပြောပြရမယ်။ အဲဒီလိုထောင်ဝင် စာမှာပြောလို့ အရိုက်ခံပြီးတိုက်ပိတ်ရင် နောက်တယောက်က ဆက်တိုက်ရမယ်။ နောက်လူတွေ ဆက်တိုက်ဆက်တိုက် ဒီတိုက်ပွဲမအောင်မချင်း ကျနော်တို့ လုပ်ကြမယ် လို့ ညှိပြီး (၁)ဆောင်ကော၊ (၂)ဆောင်ကိုပါသတင်းပို့လိုက်တယ်။
တနင်္လာနေ့ကျတော့ (၁)ဆောင်က ကိုကျော်ထွေးထင်တယ်။ သူအရင် ထောင်ဝင်စာသွားတယ်။ သူ့အိမ်က ထောင်ဝင်စာနည်းလို့ ပြဿနာမတက်ပဲပြန်လာတယ်။ နောက်သူပြီးတဲ့အခါကျတော့ ကျနော်တို့အဆောင်(၄)က ကျနော်အရင်ထွက်ရပါတယ်။ ထွက်သွားတော့၊ ထွက်သွားခါနီးမှာ အဆောင်ကသားညွန့်ဦးတို့၊ ဗုံတိုတို့ကို ညှိတယ်ပေါ့။ နဂိုဆုံးဖြတ်ချက် အတိုင်းပဲ ဆက်ပြီးတိုက်ပေါ့ဆိုပြီး ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော် ထောင်ဝင်စာ ထွက်သွားတဲ့အချိန်က (၁၂)နာရီ (၁၅)မိနစ်လောက်ရှိမယ်။ ထောင်ဝင်စာခန်းမှာ ကျနော်အိမ်နဲ့ စကားပြောနေတုန်း ကြွပ်ကြွပ်အိတ်နဲ့ (၃)ထုပ်လောက်ရှိတဲ့ ထောင်ဝင်စာပစ္စည်းတွေကို ဒါမသွင်းရဘူး၊ ဒါမသွင်းရဘူးနဲ့ ဖယ်လိုက်တာ တဝက်လောက်တောင် မရတော့ပဲဖြစ်သွားတယ်။
အဲဒီတုန်းက ထောင်ဝင်စာခန်းမှာ အရာခံဗိုလ် ဦးကျော်ရှိန်နဲ့ ထောင်မှူးဦးလှအေးတို့ သူတို့ (၂)ယောက် တာဝန်ကျပါတယ်။ ထောင်ဝင်စာကို ကျနော့်အစ်မနဲ့ အဖေလာတွေ့တာပါ။ ထောင်ဝင်စာတွေ့တော့ အစ်မက “နင်တို့ကို ထောင်ဝင်စာ ကန့်သတ်ထားတယ်လို့ကြားတယ်၊ ဟိုဟာပဲသွင်းရမယ်၊ ဒီဟာပဲ သွင်းရမယ်လို့ပြောတယ်တဲ့၊ ငါကတော့အကုန် ယူလာခဲ့တယ်။ နင်ယူလို့ရရင် ယူထားလိုက်ပါ” လို့ပြောတယ်။ ကျနော်လည်း “အေး၊ ဟုတ်တယ်” လို့ပြောတုန်းပဲရှိသေးတယ် သွင်းခွင့်ပေးတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ ခြောက်ပုံတပုံလောက်ပဲ ကျန်တော့တယ်။
ကျနော့်အစ်မလည်း မျက်စိမျက်နှာ ပျက်နေတယ်။ အဲဒီအချိန်မှာ ကျနော်က “ဒီပစ္စည်းတွေ နင်တို့ အကုန်ပြန်ယူသွားလိုက်” လို့ပြောပြီး ထောင်ထဲမှာကပ်ထားတဲ့ စာရင်းအတိုင်း ပါးစပ်ကနေ ရွတ်ပြလိုက်တယ်။ အသားဆိုရင် (၂၅)ကျပ်သား၊ ငှက်ပျောသီးဆိုရင်တဖီး စသည်ဖြင့် ရွတ်ပြလိုက်တယ်။ အဲဒီရွတ်ပြတဲ့စာရင်းကို အစ်မကိုလိုက်မှတ်ခိုင်းတယ်။ ပြီးတဲ့အခါ သရက်ထောင်မှာ တလကို တခါလောက်ပဲ ထောင်ဝင်စာတွေ့ တဲ့အခါမှာ အိမ်ကပေးလိုက်တဲ့ ပစ္စည်းထဲက ငါးပိကြော် (၂၅) ကျပ်သားကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့၊ ဒီကိစ္စတွေဟာလဲ မတရားဘူး၊ အဲဒီတော့ ဒီကိစ္စတွေကို အကျဉ်းဦးစီးဌာနကို တိုင်စာပို့ပေးပါ။ တိုင်တဲ့အခါ အမည်၊ မှတ်ပုံတင်နံပတ်နဲ့ သေသေချာချာတိုင်ပါ။ မိတ္တူကို ပြည်ထဲရေး ဝန်ကြီးဌာနကို ပို့ပေးပါလို့ ကျနော့်အစ်မကို မှာလိုက်တယ်။
ဒီအကြောင်းတွေကို ဘီဘီစီ၊ ဗွီအိုအေ တို့ကိုသိရအောင်၊ အပြင်မှာကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပို့ခိုင်းပါလို့ မှာလိုက်တယ်။ ကျနော်က အစ်မကိုပြောတဲ့အခါမှာ ထောင်မှူးရှေ့မှာတင် ဗြောင်ကိုပြောလိုက်တာ၊ ကျနော့်အစ်မလည်း ဒီကိစ္စကို စာနဲ့ရေးပြီး လိုက်မှတ်လိုက်တယ်။ ထောင်မှုးကလန့် သွားပြီး
“ဟေ့ကောင် မင်းဒီလိုမပြောနဲ့” ဆိုပြီး ကျနော့်ကို ထောင်ဝင်စာခန်းထဲကနေ ထုတ်သွားပါတယ်။ ကျနော့်အစ်မက သူလိုက်ရေးထားတဲ့ စာရွက်ကို သူ့ရင်ဖုံးအင်္ကျီကြားထဲ ထည့်လိုက်တယ်။ ဒါကိုထောင်မှူးက မြင်သွားတော့ စာရွက်ကိုအတင်းလိုက်တောင်းတယ်။ ကျနော့်အစ်မက မပေးဘူးလို့ပြောတော့ ထောင်ပိုင်နဲ့ တိုင်မယ်ဆိုပြီး အဖေနဲ့ အစ်မကို ထောင်ပိုင်ရုံးခန်းထဲ ခေါ်သွားပါတယ်။ ထောင်ဝင်စာအခန်းထဲမှာတော့ ကျနော်ကျန်ခဲ့တယ်။ အဲဒီမှာတင် တုတ်အသင့်ကိုင်ထားတဲ့ ထောင်ဝါဒါဝန်ထမ်း သက်ထွန်း၊ ကိုဝင်းအောင်ရယ်၊ အဲဒီနှစ်ယောက်က ကျနော့်ကို စောင့်နေပါတယ်။ ထောင်ပိုင်ရုံးခန်းမှာတော့ ကျနော့်အစ်မနဲ့ ထောင်ပိုင်တို့ စကားများနေကြပါတယ်။ အတော်ငြင်းခုံပြီး တဲ့အခါမှာ ထောင်ပိုင်က ညှိနှိုင်းမှုတခုလုပ်ပါတယ်။ ထောင်ဝင်စာပစ္စည်းတွေ အကုန်လုံးထားခဲ့၊ အကုန်လုံးပေးမယ်။ ဒါပေမယ့် တိုင်ခိုင်းတဲ့ဟာကိုတော့ မတိုင်ပါနဲ့။ နောက်ပြီးတော့ သိမ်းထားတဲ့ ရင်ဖုံးကြားထဲကစာကို သူတို့ကို ပေးပါလို့ ပြောပါတယ်။ ကျနော့အစ်မကလည်း မပေးဘူး။ ကျနော်နဲ့ လူချင်းထပ်တွေ့ချင်တယ်လို့ ပြောပါတယ်။ ထပ်တွေ့ခွင့်တောင်းတယ်၊ ပစ္စည်းတွေလည်း အကုန်ပေးခဲ့ချင်တယ်လို့လည်းပြောတယ်။ နောက်လူတွေကိုလည်း ကန့်သတ်မှုတွေမလုပ်ပဲ ပစ္စည်းသွင်းခွင့်ပေးဖို့ တောင်းဆိုတယ်။ မရပါဘူး။ ထောင်ပိုင်က ကျနော့်အစ်မကို တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့ တရားစွဲလို့ရမယ်ဆိုပြီး အကျပ်ကိုင် ခြိမ်းခြောက်ပါတယ်။ ကျနော့်အစ်မကလည်း
“ရှင်စွဲလို့ ရရင်စွဲ၊ ရှင်တို့မတရားလုပ်တာကိုလည်း ကျမက ပြန်တရားစွဲမယ်” လို့ပြောနေတဲ့ အသံတွေကို ခပ်လှမ်းလှမ်းကနေ ကျနော်ကြားနေရပါတယ်။ နောက်ဘာတခုမှ ညှိနှိုင်းမရပဲ အစ်မနဲ့အဖေ ပြန်ထွက်လာပြီး ထောင်ဝင်စာပစ္စည်းတွေ အကုန်လုံး ပြန်ယူသွားပါတယ်။ ပြီးတဲ့အခါမှာ ထောင်ပိုင်က ကျနော့်ကိုခေါ်ပါတယ်။ ထောင်ပိုင်ရုံးခန်းထဲရောက်တော့ ထောင်ပိုင်က
“မင်းအေးအေး ဆေးဆေးတင်ပြလို့ ရရဲ့သားနဲ့ မင်းဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ထောင်ပိုင်တန်းစီမှာ တင်ပြလို့ရတယ်။ မိန်းဂျေးလ်ထောင်မှူးဆီမှာ တင်ပြလို့ရတယ်။ ဒါကို မင်းကကျော်ပြီးတော့ အပြင်ကိုတိုင်ခိုင်းဖို့ အထဲက နေလုပ်တယ်ဆိုတော့ မင်းဟာအပြစ်ရှိတယ်။ Burma jail manual ထောင်လက်စွဲ ဥပဒေနဲ့ ငြိတယ်။ အပြစ်ရှိတဲ့သူကို ဘယ်လိုအရေးယူရမလဲဆိုတာ မင်းသိတယ်မဟုတ်လား” ကျနော်ကလည်း
“ထောင်ဥပဒေအတိုင်း ကျနော့်ကို တိုက်ပိတ်လို့ရတယ်၊ ခြေကျင်း၊ ဒေါက်ခတ်ပြီး ကော်စား ပြစ်ဒဏ်
ပေးလို့ရတယ်”
လို့ပြန်ဖြေလိုက်ပါတယ်။ အဲဒီမှာ ထောင်ပိုင်က
“မင်းကိုရိုက်လို့ရသေးတယ်” လို့ပြောပြီး ဝုန်းကနဲထရပ်လိုက်ပါတယ်။ အဲဒီအချိန်က ထောင်ပိုင်က ယူနီ ဖောင်းဝတ်မထားပါဘူး။ စွပ်ကျယ်လေးပဲဝတ်ထားပါတယ်။ ထောင်ပိုင်က “မင်းတို့အပေါ်မှာ ငါသဘောထားကြီးကြောင်း ပြတဲ့အနေနဲ့ မင်းတို့ ထောင်ဝင်စာတွေ့ တဲ့အခါမှာ ပုံစံ(၁၀)တောင် ငါတို့မစစ်ပဲ တွေ့ခွင့်ပေးတယ်။ ငါ့ဖက်ကဒီလောက် လိုက်လျောတာတောင် မင်းဒီလိုလုပ်ဖို့ မကောင်းဘူးပေါ့”
ကျနော်ကပုံစံ (၁၀)ဆိုတဲ့ သန်းကောင်စာရင်း စာရွက်ကို ထောင်ဝင်စာတွေ့တဲ့ အခါယူလာရင် အိမ်က ဒီကိုလာရတာ ညအိပ်ခရီးထွက်လာရတာ၊ ဒီလိုပုံစံ(၁၀)ကို ယူလာတဲ့ညမှာ ရန်ကုန်အိမ်မှာ သန်းကောင် စာရင်းစစ်ရင် ပုံစံ(၁ဝ)မရှိရင် အဖမ်းခံရမှာ၊ ဒါ့ကြောင့် မိတ္တူကိုပဲ အများဆုံးယူလာနိုင်မှာပဲလို့ ပြန်ရှင်းပြလိုက်
ပါတယ်။ ထောင်ပိုင်က “ဒါတော့ငါမတတ်နိုင်ဘူး။ အထက်ကညွှန်ကြားလို့ လုပ်ရတာ”လို့ပြောပြီး ကျနော်နဲ့ ဆက်စကားများပါတယ်။ အချေအတင် တော်တော်လေးပြောနေတုန်း နောက်ဆုံးမှာ ထောင်ပိုင်သောင်းညွန့် ကိုယ်တိုင် ကျနော့်ကို နဘန်ကျင်းပါတယ်။ ပြီးတဲ့အခါမှာ ထောင်ပိုင်နံဘေးမှာရှိနေတဲ့ ထောင်မှုး(၃)ယောက် ဖြစ်တဲ့ ကျော်ဆန်းဦး၊ ဦးအေးလှိုင်နဲ့ ထောင်ဝင်စာက ထောင်မှူးလှအေးတို့က ကျနော့်ကို ဝိုင်းရိုက်ကြပါတယ်။ ထောင်ပိုင်အခန်းထဲမှာတင် အချက်(၅၀)လောက်ရှိမယ်။ ဝိုင်းရိုက်ပြီးတော့
“မင်းသွားတော့ မင်းအဆောင်မင်းပြန်တော့”
ဆိုပြီး လွှတ်လိုက်ပါတယ်။ ထောင်ပိုင်ရုံးခန်းက ထွက်တာနဲ့ ကျနော့်ကို ခေါင်းဆက်တိုက် ငုံ့ခိုင်းထားပါတယ်။ ထောင်ပိုင်ရုံးခန်းက ထွက်တာနဲ့ ဗူးဝရောက်တယ်။ ဗူးဝထဲမှာ ဝန်ထမ်းတွေရှိတယ်။ အဲဒီဝန်ထမ်းက တခါဝိုင်း ရိုက် ပါတယ်။ ကျနော်လည်း အရိုက်ခံနေရင်းနဲ့ပဲ ဗူးဝကနေ အဆောင်ကို လမ်းလျှောက်ပြန်လာရပါတယ်။ ကျနော်ပြန်လာတော့ မွန်းလွဲနေပြီး လမ်းတလျှောက်လုံး စောလေဘယ်လ်၊ သက်ထွန်း၊ စောထွန်း၊ အောင်ကြည်တို့က တုတ်နဲ့ ရိုက်ပြီး အဆောင်ကို ခေါ်လာပါတယ်။ ပါးစပ်ကလည်း “မင်းနောက်တခါ ထောင်ပိုင်ကို ကလန်ကဆန်လုပ်ဦးမလား” လို့ပြောပြီး ရိုက်ပါတယ်။ “မင်းတို့ ထောင်ထဲမှာ နေချင်သလို နေလို့မရဘူးကွ၊ ကိုယ့်ဘဝကို နားမလည်ဘူး” ဘာညာဆိုပြီး လမ်းတလျှောက်လုံးရိုက်လာပါတယ်။ မိန်းဂျေးလ်ရောက်တော့ ကျနော်ထင်တယ်။ အချက် (၁၈၀)၊ (၂၀၀)လောက်ရှိမယ်။ မိန်းဂျေးလ်ရောက်တော့ ကျနော့်ကို “ကျနော် နောက်ကို ဒီလိုမလုပ်တော့ပါဘူး” လို့ (၃)ကြိမ် (၃)ခါအော်ခိုင်းပါတယ်။ ပြီးတဲ့အခါမှာ အသံတိုးတယ်ဆိုပြီး ထပ်ရိုက်ပါတယ်။ မိန်းဂျေးလ် ရောက်တော့ အဆောင်ကရဲဘော်တွေ ထွက်ကြည့်နေပါတယ်။ ကျနော်တို့ အဆောင်က ရေဆွဲနေတဲ့ သူတွေကလည်း ဝုန်းဆိုပြေးလာတော့ ထောင်ဆူမယ့်ပုံစံမျိုး ဖြစ်လာတာကြောင့် ဝန်ထမ်းတွေက ခရာမှုတ်ပြီး “ပုံစံ” လို့ အော် လိုက်ပါတယ်။ ထောင်ထဲက အကျဉ်းသားတွေအားလုံး ငြိမ်ကျသွားပါတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ထပ်ရိုက်ပါတယ်။ ပြီးမှ ကျနော့်ကို အဆောင်ထဲသွင်းလိုက်ပါတယ်။ အဆောင်ထဲကို ရောက်တဲ့အချိန်မှာပဲ ကျနော့်ကို ရေဆွဲခိုင်းတယ်။
ရေဆွဲတဲ့အခါမှာ (၂)ဆိုင်းရှိပါတယ်။ တဆိုင်းဆွဲရင် ကျန်တဲ့ တဆိုင်းကနားရပါတယ်။ ကျနော့်ကို နှစ်ဆိုင်းစလုံးမှာ ဝင်ဆွဲခိုင်းပြီး အနားမပေးပါဘူး။ ပြစ်ဒဏ်သဘောပါ။ ညနေအဆောင်တွေအားလုံး ရေဆွဲသိမ်းတော့မှ နားခွင့်ရပါတယ်။ နေ့ခင်းတုန်းက အရိုက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို (၄)ဆောင် (၃)ခန်းက ကိုကြည်လွင်က ဆေးထည့်ပေးပါတယ်။ ညနေ တန်းပိတ်တဲ့အခါကျတော့ ကျနော့်ကို အဆောင်ပြောင်းလိုက်ပါတယ်။ ရာဇ၀တ်အကျဉ်းသားတွေချည်းသက်သက်ထားတဲ့ အမှတ် (၂)အိပ်ဆောင်ကို ပို့လိုက်ပါတယ်။ ထောင်ပိုင်က ကျနော့် ကို Isolate အထီးကျန်ဖြစ်အောင် တယောက်တည်း ထားပါတယ်။
နောက်ပိုင်းမှာတော့ ထောင်ဝင်စာ လမ်းပွင့်သွားပြီး နဂိုသတ်မှတ်ချက်တွေ ပျောက်ကွယ်သွားပါတယ်။
(ခ) ထောင်ဝင်စာ ပုံစံ တိုက်ပွဲ
ထောင်ဝင်စာနဲ့ ပတ်သက်ပြီးနောက်တခုကတော့ ထောင်ဝင်စာမှာ ပုံစံထိုင်ခိုင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ အကျဉ်းသားတွေဟာ ထောင်ထဲမှာ ထောင်မှူး၊ ထောင်ပိုင်တို့ လာတဲ့အခါမှာ အရိုအသေ ပေးရတဲ့အနေနဲ့ ပုံစံထိုင်ရပါတယ်။ ပုံစံဆိုတဲ့ အသံကြားရရင် ရောက်တဲ့နေရာမှာ ချက်ချင်း ပုံစံထိုင်ရပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ထောင်ပိုင်က ထောင်ဝင်စာတွေ့တဲ့ အခါမှာလည်း ထောင်ဝင်စာအခန်းထဲမှာ ပုံစံထိုင်ရမယ်လို့ အမိန့်ထုတ်ပါတယ်။ ပုံစံမထိုင်တဲ့သူကို ပြစ်ဒဏ်ပေးမယ်လို့ ပြောပါတယ်။ ဒီလိုအမိန့်မျိုးကို မြန်မာပြည်က နာမည်ဆိုးနဲ့ အကျော်ကြားဆုံးဖြစ်တဲ့ အင်းစိန်ထောင်မှာတောင် မကြားဖူးတဲ့ အမိန့်မျိုးဖြစ်ပါတယ်။ ကျနော်တို့တွေ အင်းစိန်ထောင်မှာ ထောင်ဝင်စာ တွေ့ရတုန်းက ထောင်ပိုင်ဇော်အုန်း ကိုယ်တိုင်လိုက်ကြည့်တာပါ။ ဘာပုံစံမ မထိုင်ခဲ့ရပါဘူး။ ကိုယ့်အိမ်နဲ့ကိုယ် စကားကောင်းကောင်းပြောခွင့် ရပါသေးတယ်။ အခုလို သရက်ထောင်ပိုင် သောင်းညွှန့်ရဲ့ အမိန့်ကို
ကျနော်တို့၅(ည)တွေအားလုံး အာခံကြဖို့ အဆောင်အသီးသီးက ၅(ည)တွေအချင်းချင်း တိုင်ပင်ကြပါတယ်။ ကျနော်တို့ ထောင်ထဲမှာ ပုံစံထိုင်ရတာကို ကန့်ကွက်တာမျိုးမဟုတ်ပါ။ ဒါဟာ ထောင်ဥပဒေမှာ ပါထားတာကြောင့် ကျနော်တို့ လိုက်နာရမှာပါ။ အခုကိစ္စက ကိုယ့်မိသားစုနဲ့ တလမှာ တခါရှားရှားပါးပါး တွေ့ ရတဲ့ အချိန်လေးမှာ၊ ထောင်ဝင်စာအခန်းထဲမှာ ပုံစံထိုင်ရမယ်ဆိုတာကို လက်မခံနိုင်ပါဘူး။ ရပ်ဝေး၊ နယ်ဝေးကနေ ပင်ပမ်းကြီးလှစွာနဲ့ ကျနော်တို့ကို လာတွေ့တဲ့ မိဘအိမ်သားတွေရှေ့မှာ ရတဲ့ (၁၀)မိနစ်၊ (၁၅) မိနစ်လေးမှာ ပုံစံထိုင်ဖို့ ကျတော်တို့ ငြင်းဆိုပါတယ်။ ထောင်ဝင်စာတွေ့ရတဲ့ အချိန်လေးဟာ အကျဉ်းသားတယောက်ရဲ့ ရသင့် ရထိုက်တဲ့ ကိုယ်ပိုင်အချိန်လေးပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ထောင်ဝင်စာတွေ့ရတဲ့အချိန် မိဘ၊ ဆွေမျိုးတွေရှေ့မှာ ပုံစံမထိုင်နိုင်ဘူးလို့ အားလုံးဆုံးဖြတ်လိုက်ပါတယ်။ ထောင်ဝင်စာလာခေါ်တဲ့အခါမှာ ပထမအနေနဲ့ ထောင်ဝင်စာခန်းမှာ တာဝန်ကျတဲ့ဝန်ထမ်းကို ထောင်ဝင်စာတွေ့ရတဲ့အခါမှာ ပုံစံထိုင်ရမလား၊ မရဘူးလားလို့ မေးမြန်းမယ်။ ပုံစံမထိုင်ရဘူးဆိုရင် တွေ့မယ်။ ထိုင်ရမယ်ဆိုရင် ထောင်ဝင်စာကိုငြင်းပယ်မယ်။ ထောင်ဝင်စာကို ငြင်းပယ်တဲ့ပုံစံမျိုးနဲ့ စတိုက်မယ်လို့ ဆုံးဖြတ် သဘောတူကြတယ်။ အကယ်လို့ ကျနော်တို့ ၅(ည) တွေက ထောင်ဝင်စာကို ငြင်းပယ်တယ်ဆိုရင် ခရီးဝေးကြီးကနေ ပင်ပင်ပန်းပန်းလာရတဲ့ အိမ်တွေက ဘာဖြစ်လို့လဲလို့မေးကြ၊ စုံစမ်းကြတော့မှာသေချာပါတယ်။ မိသားစုတွေနဲ့ ပြဿနာတစုံတရာမရှိတဲ့ ကျနော်တို့က ထောင်ဝင်စာမတွေ့နိုင်ဘူးလို့ ငြင်းဆန်ရင် အကြောင်းတခုခုတော့ ရှိမယ်လို့ အိမ်တွေက တွေးမိကြမှာ ဖြစ်ပါတယ်။
အဲဒီကနေတဆင့် ထောင်ပိုင်ကို ဖိအားပေးမေးမြန်းကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျမှ မိဘတွေက ထောင်ပိုင်ရဲ့ယုတ်မာမှုကို သိသွားကြမှာဖြစ်ပြီး ထောင်ပိုင်ရဲ့ ဘီလူးရုပ်ကို ဆွဲထုတ်နိုင်မယ့် အချက်တချက်လည်း ဖြစ်ပါတယ်။ ထောင်ဝင်စာငြင်းပယ်လို့ တယောက်တိုက်ထဲ ရောက်သွားရင် နောက်တယောက်က ဆက်တိုက်ကြဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီတိုက်ပွဲဟာ ကျနော်တို့လို ၅(ည)တွေရဲ့ “ဂုဏ်သိက္ခာ တိုက်ပွဲ” လည်းဖြစ်ပါတယ်။
ထောင်ဝင်စာတွေ့ ဖို့ အဲဒီနေ့က ပထမဦးလူကတော့ အဆောင် (၄) က စက်မှုတက္ကသိုလ်က ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ စည်သူထွဋ်ပဲ ဖြစ်ပါတယ်။ စည်သူထွဋ်က ထောင်ဝင်စာခန်းထဲမှာ ပုံစံမထိုင်နိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ပြစ်ဒဏ်ဆိုပြီး သူ့ကိုတိုက်ထဲပို့လိုက်ပါတယ်။ နောက်အမှတ် (၁)အိပ်ဆောင်က ချစ်ကိုကို (ခ)အောင်ဒင်နဲ့ ချစ်ညီညီ (ခ)ရွှေဘုန်းလူ (တာရာမင်းဝေ)တို့ ညီအစ်ကိုနှစ်ဦးကို အလှည့်ကျပါတယ်။ သူတို့နှစ်ဦး လည်း ပုံစံမထိုင်နိုင်ဘူးလို့ ပြောတာကြောင့် တိုက်ထဲပို့လိုက်ပါတယ်။ အဲဒီတော့ ဒီအတိုင်းသာ ၅(ည) တွေ ထောင်ဝင်စာလာတိုင်း မတွေ့နိုင်ဘူးပြောလို့ တိုက်ထဲသာပို့နေရရင် ကြာရင်မလွယ်ဘူးလို့ ထောင်ပိုင်နဲ့ အပေါင်းအပါတွေ တွေးမိသွားလား မပြောတတ်တော့ပါ။ ထောင်ပိုင်သောင်းညွန့် တယောက် နောက်ဆုတ်သွားပြီး
ထောင်ဝင်စာတွေ့စဉ် ပုံစံထိုင်ရမယ်ဆိုတဲ့ သူ့ရဲ့အမိန့်ကို ရုတ်သိမ်း ပေးလိုက်ပါတော့တယ်။
ဒီကိစ္စမျိုးဟာ နဝတရဲ့ လက်ကိုင်တုတ်တွေဟာ အာဏာကို ဖိနှိပ်ဖို့ သက်သက်သာ ကျင့်သုံးတတ်ကြောင်း သိသာစေတဲ့ အချက်တချက်လည်းဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသရဲ့ ရာသီဥတုဒဏ်ကြားက ထောင်တွင်းတိုက်ပွဲတွေဟာ ထောင်ပိုင်နဲ့ အပေါင်းအပါတွေ ဖိနှိပ်တိုင်း ဖြစ်ပွားလာတတ်ပါတော့တယ်။
ဒီနေရာမှာ ထောင်ဝင်စာပုံစံတိုက်ပွဲကို စတင်ဦးဆောင်တိုက်ခဲ့တဲ့ ကိုစည်သူထွဋ်က သူ့ရဲ့ အတွေ့အကြုံကို တင်ပြထားပါတယ်။
စည်သူထွဋ်
စက်မှုတက္ကသိုလ် ကျောင်းသားခေါင်းဆောင်။
၁၉၈၈ ၌ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက်နေခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း သားသမဂ္ဂ၌ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သည်။
၁၉၈၉ ဇူလိုင်လ၌ ဒီမိုကရက်တစ် ကျောင်းသားလူငယ်များအဖွဲ့ (ရန်ကုန်တိုင်း)၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၉ စက်တင်ဘာလ၌ ကျောင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
၁၉၈၉-၁၉၉ဝ ၌ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂ၌ ဒုတိယဥက္ကဌတာဝန်ကို ထမ်း ဆောင်ခဲ့သည်။
၁၉၉၀ မတ်လ (၁၃ )ရက်နေ့တွင် စစ်ထောက်လှမ်းရေး၏ ရှောင်တခင်ဖမ်းဆီးမှုကို ခံခဲ့ရပြီး အင်းစိန်ထောင်၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် ချခံခဲ့ရသည်။
၁၉၉၂ ဇွန်လ (၂၇)ရက်နေ့တွင် သရက်ထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။ ထို့နောက် ကိုတိတ်နိုင်၊ ကိုစိုးနိုင်တို့ နှင့်အတူ ဆေးဆိုင်ဖွင့်လှစ်ပြီး အကျဉ်း ထောင်အတွင်းသို့ ဆေးပါးထောက်ပံ့သည့် လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
၁၉၉၃ ပြည်ပသို့ထွက်ခွာခဲ့ပြီး ယခုအခါ ဩစတေးသျှနိုင်ငံ ဆစ်ဒနီမြို့၌ နေထိုင်လျက်ရှိပြီး မြန်မာပြည်ဒီမိုကရေစီရေးအတွက် ထောင့်တနေရာမှ ကြိုးစား ဆောင်ရွက်နေဆဲ ဖြစ်သည်။
ထောင်ဝင်စာခန်းမှာ ပုံစံထိုင်ရမယ်လို့ သိလိုက်ရတဲ့အချိန်မှာ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ အတော် စိတ်ထိခိုက်ကြတယ်။
(ဆက်ရန်...)
(ပီဒီအက်ဖ် စာမျက်နှာ ၇၈-၉၇)
စာရိုက် - ငနော့
Comments
Post a Comment