ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်




ငရဲဆိုတာ ဂျိုနဲ့လား

ဟံသာဝတီ ဦးဝင်းတင်

▪ မုန်ညင်းစေ့ထဲကို ခုန်ချခြင်း

၁၉၈၉ ခုနှစ် ဇူလိုင် ၄ ရက်မှာ ကျွန်တော် အင်းစိန်ထောင်ထဲရောက်သွားတယ်။ ညနေပိုင်းလေးနာရီခွဲလောက်ပေါ့။ အင်းစိန်ထောင်ဘူးဝ မလွယ်တံခါးပေါက်က ခေါင်းငုံ့ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘူးတံခါး ဂျိုင်းခနဲ ပိတ်သွားတယ်။ တံခါးပိတ်သံနဲ့အတူ ကျွန်တော်ရဲ့ အဲဒီအချိန်က အတုအယောင်
လွတ်လပ်မှုလေးတွေ၊ ရှိစုမဲ့စု လူ့အခွင့်အရေးလေးတွေ၊ ဖြူခါပြာခါကျနေတဲ့ လူ့ဂုဏ်သိက္ခာ ဆိုတာလေးတွေလည်း ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေကျမြေခကုန်ကြရတော့တယ်။




ကျွန်တော်ဝင်ရ ရောက်ရတဲ့အခန်းက ပေနှစ်ဆယ်ပတ်လည်လောက်
ရှိတဲ့ အခန်းလေးပါပဲ။ အခန်းရဲ့ ရှေ့ဘက် ဘူးတံခါးနဲ့ မျက်နှာချင်းဆိုင်မှာ ထောင်မကြီးထဲကိုဝင်တဲ့ တံခါးပေါက်ရှိတယ်။ ဝဲဘက်မှာ ထောင်ပိုင်ရုံးခန်း၊
ရှေ့နေတွေ့ ခန်းနဲ့ ထောင်ဝင်စာတွေ့ ခန်းတွေရှိတယ်။ ယာဘက်မှာ ညွှန်မှူး ရုံးခန်း၊ ဧည့်ခန်းနဲ့ သီးလုံ(သီးခြားလုံခြုံရေး) ထောင်ဝင်စာဧည့်တွေ့ ခန်းတွေ ရှိတယ်။

အခန်းထဲမှာ ထောင်မှူးတစ်ယောက်နှစ်ယောက်နဲ့ ထောင်ဝါဒါ(ဝန်ထမ်း) လေးငါးခြောက်ယောက်ကိုတွေ့ ရတယ်။ ကျွန်တော့်အိတ်ထဲမှာ ပါလာတဲ့ငွေတို့၊ အမျိုးသားမှတ်ပုံတင်ကတ်ပြားတို့၊ ဘောပင်နဲ့စာရွက်တို့ဆိုတာတွေကို သိမ်းတယ်။ ကျွန်တော့် ကိုယ်ရေးအကျဉ်းချုပ်ကို မေးတယ်။ လူကိုလည်း တစ်ကိုယ်လုံး ပွတ်စမ်းရှာဖွေသေးတယ်။ ပြီးတာနဲ့ ကျွန်တော့်ကို ထောင်ဝါဒါတချို့လက်ထဲ အပ်လိုက်တယ်။ ဘူးဝအခန်းလေးထဲကနေ ထောင်မကြီးတံခါးဖွင့်ပြီး သူတို့နဲ့အတူလိုက်သွားရတာပေါ့။ အချုပ်ရုံးကိုသွားကြမယ်တဲ့။

ထောင်ဘူးဝအခန်းကျဉ်းထဲမှာ ထောင်ကိစ္စ ဝိစ္စတွေကို ပြောနေလုပ်နေရတုန်း ကျွန်တော့်ခေါင်းထဲမှာ ထွေရာလေးပါးအတွေးထဲ ဝဲလှည့်နေတယ်။ အရင် ကြားဖူးနားဝတွေ ရှိတယ်။ ထောင်ဘူးဝ ဝင်တာနဲ့ ဆဲတာ ဆိုတာ၊ ခြိမ်းတာ ခြောက်တာ၊ ထိုးတာ ကြိတ်တာ၊ ကန်ကာ ကျောက်တာတွေ ရှိတယ်တဲ့။

အခု ကျွန်တော့်ကို ဆက်ဆံရာမှာ ကြမ်းကြမ်းရှရှ၊ ရိုင်းရိုင်းပျပျကြီးမဟုတ်ပေမဲ့၊ လူကိုလူလို လူမှန်းသိ သူမှန်းသိ ဆက်ဆံတာတော့ မဟုတ်ပါဘူး။

ကျွန်တော် အသက် (၆၀) ရောက်နေပါပြီ။ နားပျက် မျက်မှုန် အာရုံတွေ ယိုင်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် ထောင်ထဲရောက်လာတာ နိုင်ငံရေးသမား အဖြစ်နဲ့ ရောက်လာတာပါ။ တိုင်းသိပြည်သိကြီး တစ်ယောက် မဟုတ်ပေမဲ့ လူသိသူသိများတဲ့ သူတစ်ယောက်တော့ ဖြစ်တယ်လို့ ဆိုနိုင်သူတစ်ယောက်ပါ။ ဂုဏဝုတ္တိ ဝရဝုတ္တိဆိုတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ ထောက်ထားခြင်းကို ခံယူနိုင်ဖွယ်ရှိသူ လူတစ်ယောက်ဖြစ်ပါတယ်။ သို့ပါလျက် ကျွန်တော့်ကို ငုတ်တုတ်ထားပြီး ဆဲကြ၊ ဆိုကြ။ တိုင်းကြ၊ ထွာကြ။ ရိုင်းကြ၊ ပြကြ။ ညစ်ညမ်းတဲ့စကားတွေ၊ အယုတ္တ၊ အနတ္တအပြုအမူတွေ ပြောကြဆိုကြ၊ လုပ်ကြ ကိုင်ကြတာကတော့ မယုံနိုင်စရာ တရားလွန်၊ တရားမင်းပါပဲ။ ကျွန်တော့်မိတ်ဆွေ ကြေးမုံအယ်ဒီတာဟောင်း ကိုစိုးသိမ်း (ဘဏ်) သုံးခဲ့ဘူးတဲ့ ဝေါဟာရကို သတိရမိတယ်။ သူ့စကားလုံးက “အရိုင်းဘုံ”တဲ့။ ထောင်ဆိုတာ အရိုင်းဘုံကြီးပါကလား။

အချုပ်ရုံးမှာ စာရင်းသွင်းတာတွေ၊ ရေးတာမှတ်တာတွေလည်းပြီးရော၊ ကျွန်တော့်ကို တိုက်(၂)ကိုပို့လိုက်တယ်။ တိုက်(၂)ဆိုတာက တိုက်ဝင်းလို့ ခေါ်တဲ့ တိုက်ရပ်ကွက်ထဲက တိုက်အမှတ်(၂)ကိုပြောတာပါ။ တိုက်(၂)က အခန်း(၅၄)ကို ဂျိုင်းခနဲတံခါးဖွင့်တယ်။ ကျွန်တော်အထဲရောက်တာနဲ့ ဂျိုင်းခနဲ တံခါးပိတ်လိုက်တယ်။ အိပ်ရာခင်းအရွယ် ပိတ်ကြမ်းအဖြူစတစ်စ ပစ်ပေးခဲ့တယ်။ အခန်းထဲမှာ နှီးကြောဖျာကြမ်းတစ်ချပ်တော့ရှိလေရဲ့ ။ မိလ္လာအတွက် သုံးဖို့ စဉ့်အင်တုံတစ်လုံးလဲရှိသပေါ့လေ။ ဒါပဲ။ အခန်းတံခါးက ဝဲဘက်မှာ ဖောက်ထားတယ်။ ယာဘက်မှာ ပုဏ္ဏားကွယ်ရှိတယ်။ အဲဒီ့ပုဏ္ဏားကွယ်နေရာ
မှာ ဖျာခင်းထားတာပါ။

တစ်နေ့လုံး ပင်ပန်းလာခဲ့လို့ မောမောနဲ့ အိပ်ရာပေါ်လှဲအိပ်ပစ်လိုက်
တယ်။ မျက်စိစုံမှိတ်လိုက်တယ်။ စိတ်ထဲပေါ်ရာကို ခုနစ်စဉ်အမျှင်တန်းစဉ်းစားတယ်။ အတွေးနယ်ချဲ့နေမိတယ်။ ငါအရိုင်းဘုံကြီးထဲ ရောက်နေပါပေါ့လား။

ထောင်ဆိုတာ ဒုက္ခပေါင်းစုံ ကြုံရဆုံရတဲ့ ဆင်းရဲဘုံကြီးတဲ့။ ထောင်ဆိုတာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံ ခံရတွေ့ ရမယ့် အကြမ်းဖက်ဘုံကြီးတဲ့။ ထောင်ဆိုတာ သွေးတွေချွေးတွေ မျက်ရည်တွေနဲ့ နစ်မွန်းရမယ့် အဓမ္မဘုံကြီးတဲ့။ ထောင်ဆိုတာ ပူဆွေးသောကတွေနဲ့ ကြေကွဲရင်နာရမယ့် ပရိဝေဒဘုံကြီးတဲ့။
ထောင်ဆိုတာ မဝရေစာကျွေးတာစားရပြီး အပြင်က ပေးသမျှ ကမ်းသမျှ မရ ရတာနဲ့ အသက်ဆက်ရတဲ့ အငတ်ဘုံကြီးတဲ့။ ထောင်ဆိုတာ စကားလေးမှ မပြောရ၊ သီချင်းလေးမှမဆိုရ၊ စာလေးမှမဖတ်ရ။ အသိဉာဏ်ပညာနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ လုပ်ခွင့်မရတဲ့ နလပိန်းတုံး ဘုံကြီးတဲ့။ ထောင်ဆိုတာ အကျဉ်းသားက အာဏာပိုင်တွေကိုမုန်း၊ အာဏာပိုင်တွေက အကျဉ်းသားတွေကိုမုန်း၊ အကျဉ်းသားတွေက အချင်းချင်းကိုမုန်း၊ အဲဒီလိုနဲ့ အမုန်းသံသရာ လည်နေရတဲ့ အာဃာတဘုံကြီးတဲ့။ ထောင်ဆိုတာ အာဏာပိုင်တွေက အကျဉ်း
သားချင်း မသင့်မတင့်ဖြစ်အောင် သွေးခွဲပေး၊ အကျဉ်းသားချင်း တစ်ယောက် အကြောင်း တစ်ယောက် မကောင်းပြော၊ အခွင့်သာရင် အချင်းချင်းအကြောင်း မကောင်းမှန်သမျှ အာဏာပိုင်တွေဆီ မမှန်သတင်းပို့၊ မကောင်းသတင်းတိုင်၊ မဟုတ်တန်းတရားစကားတွေနဲ့ ချောက်ချ၊ အပြစ်ဖို့၊ ဒုက္ခပေးတာတွေ နေ့စဉ်နဲ့အမျှ ခံနေရတဲ့ ထောက်လှမ်း ငေါက်ငမ်း သောက်ရမ်းဘုံကြီးတဲ့။ ထောင်ဆိုတာ တပ်သားအစ ညွှန်ချုပ်အဆုံး ထောင်အာဏာပိုင် အားလုံးက သူတို့ကိုယ်သူတို့ နယ်စားပယ်စား အပိုင်စား အဆိုင်စားတွေလို ကျင့်သုံးပြုမူ ပြောဆိုဆက်ဆံပြီး အကျဉ်းသားတိုင်းကို လူလိုမမြင် ကျွန်လိုထင်တဲ့ ဘုရင်ရူးဘုံကြီးတဲ့။ ထောင်ဆိုတာ အာဏာပိုင်တွေက ဒုစရိုက်သားတွေရယ်လို့ ထင်မြင်သတ်မှတ်ထားသူတွေကို ဒုစရိုက်မှုတွေသင်ပေး၊ ဒုစရိုက်ဓလေ့တွေကို အားပေးပြီး ဒုစရိုက်ဘဝသစ်တွေကို တစ်ကြော့ပြန်မွေးထုတ်ပေးနေတဲ့ ဒုစရိုက် ချားရဟတ်ဘုံကြီးတဲ့။

အာဟာရမပြည့်လို့၊ နာညောင်းအီလို့၊ ရောဂါဘယဖိစီးလို့ဆိုတဲ့ နည်းမျိုးစုံနဲ့ နာမကျန်းအဖြစ်ကို ရောက်မယ်မကြံနဲ့ တလားခေါက်သံ တဒေါက်ဒေါက်ကြားရမယ့် သေမင်းတမန်ဘုံကြီးတဲ့။ ထောင်ဆိုတာ သံလှောင်ချိုင့်ထဲက လူတိုင်းကိုယ်စီ ဒေါသပူစိတ်တွေ ဖိစီးခံနေကြရပြီး ထစ်ခနဲဆို ရန်ထောင် ရန်စောင် မလိုတမာအမှောင်ဓာတ်ကြီး လွှမ်းဖုံးနေတဲ့ ရန်ငါဘုံကြီးတဲ့။

အဲဒီလို အနိဌာရုံဝိသေသတွေနဲ့ ထုံလွှမ်းတဲ့လူတွေ ဖန်တီးတဲ့ ငရဲ၊ “လူ့ငရဲ” ဘုံမိုက်ဘုံဆိုးကြီးထဲကို ငါ ရောက်နေရပါပကော။

အဲဒီလို တစေ့စေ့တွေးပြီး တမြေ့မြေ့ဆွေးနေရင်း လူ့ငရဲဆိုတဲ့ စကားလုံးကို ကျွန်တော် အထပ်ထပ်အခါခါ နှုတ်မှရွတ်နေမိတယ်။ လူ့ငရဲ ... လူ့ငရဲ။

ဒီနာမည်နဲ့ ကျွန်တော် စာအုပ်တစ်အုပ်ရေးဘူးတယ်။ ပထမဆုံး အဏုမြူဗုံး အကြဲခံခဲ့ရပြီး လူပေါင်းသိန်းချီ အသက်ဆုံးရှုံးခဲ့ရတဲ့ ဂျပန်ပြည်က ဟီရိုရှီးမား
မြို့ရဲ့ အဖြစ်ဆိုးအကြောင်း သတင်းမှတ်တမ်းစာအုပ်ပါ။ အမေရိကန်ပြည်က ကမ္ဘာကျော်သတင်းစာဆရာ ဂျွန်ဟာဆေးဆိုတဲ့သူရေးတဲ့ “ဟီရိုရှီးမား” (Hiro
shima)ဆိုတဲ့ စာအုပ်ပါ။ ကျွန်တော့် ဘာသာပြန်စာအုပ်ကို “လူ့ငရဲ”လို့ အမည်ပေးခဲ့ပါတယ်။

လူ့ငရဲဆိုတဲ့ သွေးပျက်စရာစကားလုံးကို တွေးရင်း ဒုက္ခသုက္ခပေါင်းစုံ ကြုံတွေ့ နေရတဲ့ ဒီနေ့ ကိုယ့်တိုင်း ကိုယ့်ပြည်အကြောင်း၊ ကိုယ့်လူမျိုးတွေအကြောင်း၊ တစ်မြေထဲနေ တစ်ရေထဲသောက်နေကြတဲ့ ကိုယ့်တိုင်းရင်းသား
လူမျိုးတွေအကြောင်း၊ ကိုယ်နဲ့ဘဝတူ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်၊ လူ့ငရဲ ဒုက္ခ
သည်တွေ အကြောင်းတွေကို အတွေးနယ်ချဲ့နေမိတယ်။

အင်းလေ …. ဒို့တစ်ပြည်လုံးလည်း လူ့ငရဲဖြစ်နေပါပကောလား။ တစ်ပြည်လုံး ထောင်ကျနေတာပါပဲကလား။ တစ်မျိုးလုံးအကျဉ်းသားဖြစ်နေပါပဲကလား။ ထောင်ထဲမှာလို ပုံစံဝတ်စုံအပြာရောင် မဝတ်မနေရ မဝတ်ရတာက လွဲလို့ ဘယ်မှာလဲအနေအစားချောင်တာ။ ဘယ်မှာလဲအသွားအလာလွတ်လပ်တာ။ ဘယ်မှာလဲ အလှုပ်အရှားအပေါင်းအဖွဲ့ ချောမောတာ။ ဘယ်မှာလဲ အရေး အပြော လွတ်လပ်တာ ကုန်ကုန်ပြောရင် လွတ်လပ်စွာ ပညာသင်ကြားခွင့်ရယ်လို့ရှိရဲ့လား။ လွတ်လပ်စွာအသက်မွေးဝမ်းကြောင်းခွင့်ရယ်လို့ ရှိရဲ့လား။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရယ်လို့တောင် ရှိရဲ့လား။

ကျောင်းတွေ တက္ကသိုလ်တွေဆိုတာ တကျော့ပြန်ကုန်ပစ္စည်းထုတ်လုပ်ဖို့ လူငယ်တွေကို စုပစ်ထားတဲ့ အမှိုက်ပုံတွေလိုဖြစ်နေတယ် မဟုတ်လား။
အလုပ်အကိုင်တွေဆိုတာ ကုန်သည်လယ်လုပ်၊ စက်ရုံလုပ်သား စာရေးစာချီတွေကို ကျေးကျွန်လက်ပါးစေတွေလို၊ နဖားကြိုးတပ်ထားတဲ့ ဝန်ချီတိရစ္ဆာန်တွေလို ဖြစ်နေတယ် မဟုတ်လား။

စာနယ်ဇင်းတွေ၊ မီဒီယာတွေ၊ ရုပ်ရှင်သဘင် တေးသံလွှင့်တွေဆိုတာကလည်း တိုင်းသူပြည်သားတွေကို အမှန်တရား၊ အရှိတရား၊ အကြောင်းတရား၊ အကျိုးတရားတွေကို အမှန်အတိုင်း၊ အဟုတ်အတိုင်း၊ တကယ့်အတိုင်း မသိရ၊ မမြင်ရ၊ မကြားရလောက်အောင် ချိုးလိမ်ဖဲ့ဖျက်၊ ပုံပျက်ပန်းပျက် အသုံးတော်ခံနေရတဲ့ စစ်အာဏာယန္တရားရဲ့ သံမှိုဝက်အူ ခလုတ်မောင်းတံတွေလို ဖြစ်နေတယ်မဟုတ်လား။ ကုန်ကုန်ပြောရရင် ဘာသာရေး၊ သာသနာရေးဆိုတာတွေတောင် လွတ်လပ်စွာ ပို့ချသင်ယူခြင်း၊ ဟောပြောကြားနာခြင်း၊ ဝိနည်းနှင့်အညီ ကျင့်သုံးခြင်း၊ ထေရဝါဒနှင့်အညီ ကျင့်ကြံခြင်း စတဲ့ ဆရာဒကာတို့ရဲ့ သာသနာပြုလုပ်ငန်းတွေအားလုံး ပျက်သုဉ်းပြိုကွဲစပြုနေပြီ။ သွေးစွန်းတဲ့ စစ်အစိုးရရဲ့ လက်ကြမ်းကြီးနဲ့ ဆုတ်ဆွဲမှုကြောင့် သံဃာအဖွဲ့အစည်းရဲ့ သင်္ကန်းတွေ သွေးစွန်းကုန်ပြီ။ သံဃာ့ဥသျှောင် မဟာထေရ်အဆင့်ဆင့်ရဲ့ အဖွဲ့အစည်းတွေဆိုတာလည်း သောနုတ္ထိစစ်အစိုးရက ဆဒ္ဒန်ဆင်မင်းတည်းဟူသော ပြည်သူ့ဒေါသ၊ ပြည်သူ့ဆန့်ကျင်မှု၊ ပြည်သူ့မုန်းတီးမှုတို့ကို အကာအကွယ် အတားအဆီး အဟန့်အတားပြုရုံသက်သက်လောက်သာ အသုံးချခံနေရတဲ့ ရွှေဝါရောင် သင်္ကန်းအဖွဲ့အစည်းသဘောလောက် ဖြစ်နေပြီ။

မြန်မာ့လူ့အဖွဲ့အစည်းကို ငဲ့စောင်းကြည့်လိုက်ပြန်ရင်လည်း ထောင်တံတိုင်းတွေ၊ အုတ်ရိုးတွေ၊ သံဆူးကြိုးတွေကိုပဲ စိတ်အာရုံထဲမှာ မြင်လာနေကြရပြီ။

လူလူချင်းအကြား၊ ရပ်ကျေးမြို့ နယ်တိုင်းနှင့် ပြည်နယ်ချင်းအကြား၊ လူ့အဖွဲ့အစည်း၊ အတန်းအစား၊ အဆင့်အလွှာအသီးသီးအကြား “အင်းစိန်”တွေ
ခြားနေပြီ။ အုတ်တံတိုင်းတွေကန့်နေပြီ။ တစ်ပြည်လုံး “ကိုကိုးကျွန်း” ဖြစ်လာနေပြီ။ တစ်နိုင်ငံလုံး “အင်းစိန်” ဖြစ်လာနေပြီ။ တစ်မျိုးသားလုံး အကျဉ်းသား ဖြစ်လာနေပြီ။ ဒီအတိုင်းသာဖြင့် စစ်ကျွန်ဘဝ ရောက်ကြရတော့မယ်။ ကိုလိုနီကျွန်ဘဝ၊ ဖက်ဆစ်ကျွန်ဘဝ ကျရောက်ခဲ့ရဘူးတဲ့ ဒို့တိုင်း ဒို့ပြည်ထောင် ဒို့လူ့ဘောင်အတွက် အနာဂတ်ဆိုတာ အိပ်မက်ဆိုး ကြီးဖြစ်နေပြီ။ “ထောင်ပြည်တော်ကြီး” ဖြစ်နေပြီ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာနဲ့ အင်းစိန်ထောင် ဆိုတာ အနက်အဓိပ္ပာယ် ထပ်တူထပ်မျှဖြစ်နေတဲ့ ဝေါဟာရတွေဖြစ်နေပြီ။

ဗုဒ္ဓဒေသနာတွေထဲမှာ စကြာဝဠာနဲ့ မုန်ညှင်းစေ့ကို ခိုင်းနှိုင်းဟောကြားခဲ့တဲ့ စကားတွေရှိတယ်။ သိပ္ပံပညာမှာလည်း စကြာဝဠာနဲ့ အက်တမ်အနုမြူကို ထပ်တူပြုရှင်းပြတာတွေရှိတယ်။ မနေ့က ငါတို့မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုကြီးနဲ့ ဒီနေ့ ငါကျရောက်နေရတဲ့ အင်းစိန်ထောင်ကြီးဆိုတာ စကြာဝဠာနဲ့ မုန်ညင်းစေ့လိုပါပဲကလား။ ငါဟာ စကြာဝဠာထဲမှာ ဝဲလည်နေခဲ့ဘူးပြီ။

မုန်ညင်းစေ့ရဲ့ ဝတ်ဆံလို့ဆိုရမယ့် ထောင်ဘူးဝထဲကိုလည်း ရောက်ခဲ့ဘူးပြီ။

ဟော အခု မုန်ညှင်းတစ်စေ့ရဲ့ တစ်စိတ်တစ်ခြမ်းလို့ဆိုရမယ့် ကြိုးတိုက်ထဲကို ငါရောက်နေပါပေါ့ကလား။

စကြာဝဠာကို ထာဝရဘုရားသခင် ဖန်ဆင်းသလား၊ အတိုင်းမသိ ဧရာမ ပေါက်ကွဲမှုကြီး(Big Bang) က ပေါက်ဖွားပေးသလား။ ဘယ်သူ့မှ ဧကန်မသိသေး။ တွေးဆယုံမှတ်နေကြဆဲရှိသေး။ ဒါပေမဲ့ မျက်မှောက်ခေတ်မှာ မြန်မာတစ်မျိုးသားလုံး မျိုးဆက်ပေါင်းများစွာ ကြုံတွေ့ ရင်ဆိုင်နေကြရတဲ့ “ကိုကိုးကျွန်း” တွေ၊ “အင်းစိန်” တွေ၊ “ပူတာအို”တွေ၊ “ကျိုင်းတုံ” တွေ၊ “မောင်တော” တွေ၊ “ခန္တီး” တွေ၊ “ကော့သောင်း” တွေကတော့ စစ်အာဏာရှင် အစိုးရရဲ့
အကြံဆိုး၊ ဉာဏ်ဆိုး၊ လုပ်ရပ်ဆိုးတွေကြောင့် ပေါ်ပေါက်နေရပြီ။

တိုင်းသိပြည်သိကမ္ဘာသိပါပဲလေ။ အခုတော့ငါကိုယ်တိုင်နဖူးတွေ့ ဒူးတွေ့ တွေ့ပြီ။ လက်ပူးလက်ကြပ် တတ်အပ်ကြီး သိလာရပါပကောလား။

တိုက်-၂ ထဲက အခန်းအမှတ်-၅၄ မှာ ဖျာကြမ်းပေါ်လှဲလျောင်းရင်း ကျွန်တော် အဲဒီလိုပဲ စဉ်းစားနေမိတယ်။ လူ့ငရဲရဲ့ ကနဦးအတွေးပူများလို့ပဲဆိုချင်ပါရဲ့။

▪ အရေးတော်ပုံ တပ်သားကွဟေ့

ကျွန်တော့်မှာ ပြန်မတွေးဘဲ အမြဲရေးရေးပေါ်တဲ့ စကားတစ်လုံးရှိတယ်။

အရေးတော်ပုံတပ်သားဆိုတဲ့ စကားလုံးပဲ။ စာအုပ်တစ်အုပ်ရဲ့ နာမည်ဖြစ်ပါတယ်။ ကျွန်တော် ဆယ့်တစ်နှစ်သားလောက်မှာ ဝတ္ထုစာအုပ်တစ်အုပ်ဖတ်ရ
တယ်။ “အရေးတော်ပုံတပ်သား” တဲ့။ ရေးတဲ့လူက ရဲထွန်းလင်းတဲ့။ နောင်မှ သိရတာက စာရေးဆရာဟာ နဂါးဒေါ်ဦးရဲ့ခင်ပွန်း ကာယဗလဦးနေဝင်းဆိုတဲ့
ပုဂ္ဂိုလ်တဲ့။ လူထုဒေါ်အမာရဲ့ ခဲအိုတော်တဲ့သူပေါ့။

အဲဒီစာအုပ် နောက်ထပ်မဖတ်ရတော့ဘူး။ ပြန်ရှာလို့လည်း မတွေ့တော့ဘူး။ ဇာတ်လမ်းဇာတ်ကွက် ဇာတ်ဆောင်ဇာတ်ပို့တွေရဲ့ အမည်တွေလည်း မမှတ်မိတော့ဘူး။ စာအုပ်အမည်ပဲ စွဲစွဲမြဲမြဲရင်ထဲမှာ၊ ခေါင်းထဲမှာ ငြိတွယ်နေခဲ့တယ်။ ကျောင်းသားငယ်ဘဝမှာလည်း မမေ့၊ တက္ကသိုလ်ကျောင်းသားဘဝ
မှာလည်းမမေ့၊ သတင်းစာသမားဘဝမှာလည်း မမေ့၊ နိုင်ငံရေးသမားဘဝမှာလည်း မမေ့၊ အခု အကျဉ်းသားဘဝရောက်တော့လည်း မမေ့။

ဒီလိုနဲ့ကိုယ်တိုင်လည်း အရေးတော်ပုံတပ်သားဘဝကို ခုံမင်ဖက်တွယ်မိလာတယ်။ ကျင့်ကြံခံယူမိလာတယ်။ ကြွေးကြော်ကြုံးဝါးမိလာတယ်။ အရေးတော်ပုံတပ်သား စိတ်ဓာတ်မာန်သွင်းပြီး ဘဝကိုဖြတ်သန်းတယ်။

ဖတ်ဆစ်တော်လှန်ရေးခေတ်မှာ ဆွေမျိုးသားချင်းတစ်သိုက်လုံးဟာ ဂျပန်ဖက်ဆစ်တော်လှန်ရေး အင်အားစုဝင်တွေ ဖြစ်ခဲ့တယ်။ ကျွန်တော်လည်း တစ်ထောင့်တစ်နေရာက ဖက်ဆစ်တော်လှန်ရေး အရေးတော်ပုံတပ်သား ဖြစ်ခဲ့ဘူးတယ်။ နယ်ချဲ့ကိုလိုနီတိုက်ဖျက်ရေးခေတ်မှာ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်၊ ကျောင်းသားရဲခေါင် တပ်ဦးခေါင်းဆောင်၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဆိုတဲ့ တာဝန်တွေကိုထမ်းရင်း၊ နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး အရေးတော်ပုံတပ်သား ဖြစ်ခဲ့ဖူးတယ်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံမှာလည်း စာနယ်ဇင်း သပိတ်သမားတစ်ဦးအဖြစ်နဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားဖြစ်ခဲ့တယ်။

နေ့စဉ်ဘဝမှာလည်း အရေးတော်ပုံတပ်သားအဖြစ်နဲ့ပဲ ကျင့်ကြံခံယူ
ဖြတ်သန်းနေခဲ့တယ်လို့ပြောရင် အများက မဲ့စရာဖြစ်နိုင်ပါတယ်။ မဲ့ကာမှ မဲ့ရော ကျွန်တော်ကတော့ ငါ အရေးတော်ပုံတပ်သားကွဟေ့လို့ပဲ ရိုကျိုးနှိမ့်ချစွာ လက်မ
ထောင်ချင်ပါတယ်။ တစ်နေ့တာဘဝကို ဖြတ်သန်းတိုင်း အထွေထွေသော အဓမ္မစနစ်ဆိုးရဲ့အုတ်ရိုးကို ခေါင်းနဲ့တိုက်ဖြိုမယ်ဟေ့ဆိုတဲ့စိတ် မွေးတယ်။
အမျိုးမျိုးသော ဖိစီးနှောင်ဖွဲ့မှုတွေရဲ့ ထိပ်တုံးတွေကို ခြေနဲ့ဆောင့်ကန် ဖြုတ်မယ်ဟေ့ဆိုတဲ့စိတ်မွေးတယ်။ အကြောင်းကြောင်းသော မညီမျှတွေရဲ့ လက်ပြန်ကြိုးကို သွားနဲ့ကိုက်ဖြတ်မယ်ဟေ့ ဆိုတဲ့ စိတ်မွေးတယ်။ ပရစပါးခင်း၊ အတ္တကောက်သင်းစိတ် မွေးတယ်။ အတောင်သာလျှင်ဝန်ရှိသော ငှက်ငယ်စိတ်မွေးတယ်။ အရောင်အဝါကင်းပ အညတြစိတ်မွေးတယ်။ ဖြောင့်ဖြောင့်လိုက်လျှောက် နောက်နွားစိတ်မွေးတယ်။ ယုံကြည်ချက်နဲ့ အသက်ရှင်မယ်ဆိုတဲ့စိတ် မွေးတယ်။
ဒီလိုမျိုးစိတ်တွေထားနိုင်မှသာ အရေးတော်ပုံတပ်သား အမည်ခံနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုမျိုး ယုံကြည်ရင်းနဲ့ အသက်ရှည်ခဲ့တယ်။ ဒီလိုမျိုး ယုံကြည်ချက်နဲ့ အသက် ၆ဝ မှာ ထောင်ထဲရောက်ခဲ့တယ်။ ထောင်နှစ် ၂ဝ ကျတော့ အသက် ၈၀ အထိလည်း ဒီစိတ်မျိုးမွေးသွားနိုင်မယ်လို့ ယုံကြည်တယ်။

အဲ့ဒီယုံကြည်ချက်နဲ့ ထောင်သက်ရှည်ပေဦးတော့မယ်ပေါ့လေ။ နင်လားဟဲ့ ငရဲ၊ ငါကွဟေ့ အရေးတော်ပုံတပ်သား။ ဒီလိုကြုံးဝါးသံနဲ့ပဲ ထောင်သက်နှစ် ၂ဝ ခရီးရှည်ကြီး ဆက်ကြဦးစို့ရဲ့ပေါ့။

▪ အရေးတော်ပုံ မသေ

စကြာဝဠာထောင်ပဲဖြစ်ဖြစ်၊ မုံညှင်းစေ့ထောင်ပဲဖြစ်ဖြစ်၊ ထောင်ဟာ ထောင်ပဲ၊ တံတိုင်းဟာ တံတိုင်းပဲ၊ သံတိုင်ဟာသံတိုင်ပဲ၊ ထိပ်တုံးဟာ ထိပ်တုံးပဲ၊ အချုပ်သားဟာ အချုပ်သားပဲ၊ ထောင်သားဟာ ထောင်သားပဲ၊ အကျဉ်းသားဟာ အကျဉ်းသားပဲ။ ငါ ဘာလဲ တွေးငေးဆွေးမေးနေစရာမလိုတော့။

ငါ ဘယ်လိုပြုံးမလဲ၊ ငါဘယ်လိုမုန်းမလဲ၊ ငါဘယ်လိုရုန်းမလဲ၊ ငါဘယ်လို ဝုန်းမလဲ၊ ငါဘယ်လိုဆုံးမလဲ၊ ငါဘယ်လိုသုဉ်းမလဲ၊ ငါဘယ်လိုကြံမလဲ၊ ငါ ဘယ်လိုဖန်မလဲ၊ ငါဘယ်လိုခံမလဲ၊ ငါဘယ်လို လှန်မလဲ၊ ငါဘယ်လိုညံမလဲ၊
ငါဘယ်လိုထန်မလဲ။ ငါဘယ်လို နှံမလဲ။

ငါ့အဖို့ ထောင်ဘဝဟာ ထူးထူးခြားခြား အရေးထားလောက်စရာမရှိပါဘူး။ မကောင်းမကြံနဲ့၊ မမှန်မလုပ်နဲ့၊ မဟုတ်မပြောနဲ့ ဆိုတဲ့စကားမျိုးကို ဘိုးကြီးဆီကလည်းကြား၊ ဘွားကြီးဆီကလည်းကြား၊ အဖေဆီကလည်းကြား၊ အမေဆီကလည်းကြား၊ ဦးလေးသွေးရင်းတွေဆီကလည်း ကြားလာခဲ့သူပီပီ ဘဝတစ်လျှောက်လုံး မဟုတ်မခံစိတ် မြဲမြံခဲ့တယ်။ အဓမ္မဖြစ်ရပ် လုပ်ရပ်မှန်သမျှကို တွန်းလှန်ခဲ့တယ်။ မတရားမှုမှန်သမျှကို ခံချခဲ့တယ်။ နိမ့်လူခံလူတွေဘက်က စာနာရပ်တည်ခဲ့တယ်။ အနေအစား အားလုံးမှာ အများနဲ့ဝေမျှပြီး ချို့တဲ့မှုကိုခံယူခဲ့တယ်။ လက်ဝါးကိုအမြဲဖြန့်ခဲ့တယ်။ လက်ဆုပ်ကိုအစဉ်ဖြည်ခဲ့တယ်။ ငါ့ဘဝဟာ ဘယ်တုန်းကမှ မပြည့်စုံဘူး။ ဘယ်တုန်းကမှလည်း မခေါင်းပါးဘူး၊ ဂုဏ်သိမ်သြဇာ မရှိဘူး၊ စည်းစိမ်ဥစ္စာမရှိဘူး။ ဒါပေမဲ့ ကမ္ဘာ့ဒဿနကျမ်းတွေမှာ လာတဲ့အတိုင်း စိတ်ဝတ်စံနှုန်းတွေ၊ ကျင့်ဝတ်စံနှုန်းတွေ ရှိတယ်။ ဗုဒ္ဓဒေသနာတွေမှာလာတဲ့ ဗြဟ္မစိုရ်တရားတွေရှိတယ်။ ခရစ်ဝင် သြဝါဒစာတွေမှာလာတဲ့ “ဝမ်းမြောက်ခြင်း” စိတ်ထားတွေရှိတယ်။

အဲဒီလို ကိုယ့်ကိုယ်ကိုဖော် မသူတော်တရားတွေကို တွေးဆနေမိပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိတာတွေကလည်း တနုံ့နုံ့ ပေါ်လာနေတာပါပဲ။

ကျွန်တော်က တကယ်တော့ အနာအဆာအပဲ့အကြေများတဲ့သူ၊ ရှက်တတ်ကြောက်တတ် အားနာတတ် ခေါင်းမခါတတ်တဲ့သူ၊ အကြောင်းအကျိုး မချိန်မချင့်၊ တုံးတိုက်ကမ်းတိုက် မလုပ်တတ်သူ၊ မျက်လုံးစုံမှိတ် ရန်ငါမပြတ်
တတ်သူ၊ မာန်တင်းပေမယ့် ဉာဏ်ကင်းစင်စိတ်မထားသူ၊ ရဲဘော်စိတ်ကို ရင်နဲ့ အပြည့် ပိုက်ထွေးထားပေမယ့် အဖော်ကောင်းရုံနဲ့ ငရဲကောက်ကောက်မလိုက်သူ၊ သွေးစည်းညီညွတ်ရေးကို ထာဝစဉ်အလေးထားပေမယ့် ကိုယ်ယုံကြည်ရာ၊ ကိုယ်ဦးထိပ်ပန်ဆင်ရာ မူဝါဒသဘောတရားတွေကို စွန့်ပစ်ပြီး လူတိုင်းနဲ့ လက်ချင်းချိတ်ဖို့ စိတ်မကူးသူ။ ဒီလို စိတ်ခံတွေကြောင့် ဘဝအချိုးအကွေ့တွေမှာ ကျွန်တော်ဟာ သင်းကွဲအုပ်ကွဲလို ဖြစ်ခဲ့ရတတ်တယ်။ ဒါပေမဲ့ ဘယ်တုန်းကမှတော့ တစ်ကောင်ကြွက်မဖြစ်ခဲ့ဘူး။ ကိုယ့်ရဲဘော်စိတ်ကြောင့် ကိုယ့်ကို အမာခံဝန်းရံသူတွေ အများကြီး အမြဲရှိခဲ့တယ်။

မာန်တင်းသလို ဉာဏ်လင်းနိုင်ရမယ်၊ မာန်ဟိန်းသလို ဉာဏ်ထိန်းနိုင်ရမယ်။ မာန်ဆန့်နိုင်သလို ဉာဏ်သန့်နိုင်ရမယ်ဆိုတဲ့ အာစရိယဝါဒကို ထာဝစဉ် ခေါင်းထဲမှာ ထည့်သွင်း၊ ရင်တွင်းမှာပိုက်ထွေးသူဖြစ်တယ်။ ကျွန်တော့်ဘဝခရီးမှာ မကြာခဏ လမ်းဘေးကန်ချတာခံခဲ့ရဘူးတယ်။ ဒါပေမဲ့ ဘဝနွံမှာမနစ်ခဲ့ရဘူး။ ယုံကြည်ချက်ပန်းတိုင်ကို ဦးတည်မပျက် ခရီးဆက်နိုင်ခဲ့တယ်။ ပန်းတိုင်
ရောက်မရောက် ကံသေကံမ မပြောနိုင်ပေမဲ့ ပန်းတိုင်မပျောက်တာတော့ သေချာတယ်။ ခုလည်း ထောင်ထဲရောက်လာရပြန်ပြီ။ ကိုယ်ယုံကြည်ရာ ဒီမိုကရေစီ နိုင်ငံရေးပန်းတိုင်၊ အရေးတော်ပုံတပ်သားဘဝ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရမည်မှာ မလွဲပါလို့ပဲ ကြုံးဝါးနေမိတယ်။ ခေတ်ဝန်ကိုထမ်းပြီး၊ ခေတ်လမ်းကို လျှောက်တဲ့သူတိုင်း ကြုံမြဲဓမ္မတာ မဟုတ်လား။

ဟိုတွေးဒီတွေးလုပ်ရင်း ခေါင်းထဲစဉ်းစားမိတာတွေ၊ ရင်ထဲခံစားရတာတွေ အများကြီးပေါ်လာတယ်။

တစ်ခါက ”မြမြို့ရိုးကျော်၊ ကမ္ဘာမျှော်ကြည့်တော့” ဆိုတဲ့ ဆောင်းပါး ခေါင်းစဉ်တစ်ခုကို ကျွန်တော်သုံးခဲ့ဘူးတယ်။ အခုလည်း ထောင်တံတိုင်းကျော်၊ ကမ္ဘာမျှော်ကြည့်မိတယ်။ ၁၉၉ဝ တစ်ဝိုက်မှာ ကမ္ဘာအနှံ့ အပြောင်းအလဲကြီးတွေ ပေါ်လာနေတယ်။ အရှေ့ဂျာမနီ ဘာလင်တံတိုင်းလို ဖိနှိပ်ခွဲခြားစိုးမိုးမှု
အမှတ်အသားတွေ ပြိုလဲကုန်တယ်။ တိန်အာမင်ရင်ပြင် တရုတ်ကျောင်းသား ဆန္ဒပြပွဲလို တစ်ပါတီစိုးမိုးမှုကို အံတုခြင်းတွေပေါ်လာတယ်။ တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလားရှေ့ဆောင်တဲ့ တောင်အာဖရိက အသားအရောင် ခွဲခြားမှုတိုက်ပွဲကြီးတွေ အောင်ပွဲခံလာတယ်။ နှစ်(၇၀)ကျော် တစ်ပါတီကြီးစိုးခဲ့တဲ့ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတယ်။ အင်ဒိုနီးရှားအကျင့်ပျက်တစ်ပါတီ အာဏာရှင်ဗိုလ်ချုပ်ကြီး ဆူဟာတိုအစိုးရ ပြုတ်ကျသွားတယ်။

ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ် စိုးမိုးတုန်းပဲ။ စစ်အာဏာယန္တရားကြီး နင်းကြိတ်ဆဲပဲ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက မဆလတစ်ပါတီ အာဏာရှင်စနစ်ကို ရိုက်ချိုးချေမှုန်းနိုင်ခဲ့တယ်။ ၁၉၉ဝ ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲကြီးက စစ်အာဏာရှင်စနစ် စိုးမိုးမှုကို သမိုင်းဝင် ငြင်းဆန်ပယ်ချနိုင်ခဲ့တယ်။ စစ်အာဏာယန္တရားကြီး ကသောင်းကနင်း ဖြစ်သွားတယ်။ ရှေ့တိုးနောက်ဆုတ် ဖြစ်သွားခဲ့တယ်။ အင်ဂျင်ကျိုးပျက် ဖွတ်ချက် ဖွတ်ချက် ဖြစ်သွားတယ်။ ရပ်ဆိုင်းသွားခြင်းတော့ မရှိဘူး။

ဂျာအေးသီချင်းထဲကလိုပဲ ပြည်သူတွေကတော့ ငိုရဆဲပဲ။ အမှောင်တွင်းက ကယ်ထုတ်ဖို့ အရေးတော်ပုံ နောက်ဆက်တွဲ လှုပ်ရှားမှုတွေက ထရံပေါက်က ခြေထောက်ကိုဆွဲပေမယ့် တွဲလွဲပဲဖြစ်နေတယ်။ ပလ္လင်ပေါ်ကမျောက်ကတော့ ဆင်းတက်လို့ ပြေးနေတုန်းပဲ။ ပြည်သူ့ဆန္ဒသဘောထားတွေ။ ပြည်သူ့ အာဏာတွေ။ ပြည်သူ့တရားဥပဒေတွေ။ ပြည်သူ့လွှတ်တော်တွေဆိုတာ စစ်ဖိနပ်ရဲ့ နင်းချေခံရတုန်းပဲ။

ဘုရားကား အောက်၊ မျောက်ကား အထက်ဆိုတာ ဒီနေ့ ငါတို့ပြည်သူ
တွေ ရင်ဆိုင်ကြုံတွေ့ ငိုညည်းခံစားနေကြရတဲ့ ဘဝပါပဲကလား။ ငါတို့အရေးတော်ပုံတွေ မပြီးဆုံးသေး။ မပြီးတမ်း မပြတ်တမ်း တစ်ခုပြီးတစ်ခု ဆက်လက် ဆင်နွှဲသွားကြရဦးမှာပါတကား။ လူတွေ သေရင်သေမယ်။ အရေးတော်ပုံ မသေ။
ဒီမိုကရေစီအရေးတော်ပုံကြီး သက်တော်ရာကျော်ရှည်ပါစေ။

▪ စစ်ကြောရေးသို့ ချီတက်ခြင်း

အရေးတော်ပုံ တပ်သားခံယူချက်နဲ့ အရေးတော်ပုံစိတ်ဓာတ်ဟာ ကျွန်တော့်ရဲ့စာပေသမားဘဝ၊ နိုင်ငံရေးသမားဘဝတွေကို တစ်ခဲနက်ကြီးကို လွှမ်းမိုးခဲ့တယ်၊ ကြီးစိုးခဲ့တယ်၊ သြဇာညောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ဘဝအမြင်
တွေ၊ စာပေအမြင်တွေ စာနယ်ဇင်းအမြင်တွေ၊ နိုင်ငံရေးအမြင်တွေကို ထိန်းမတ်လမ်းပြနေခဲ့တယ်၊ ကျွန်တော်ဟာ တစ်ဘဝလုံး အရေးတော်ပုံတပ်သား
လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တယ်။ ဒီနေ့ခေတ်ကြီးဟာ အရေးတော်ပုံ ခေတ်ကြီးပဲ။ ဒီနေ့ခေတ်ရဲ့ တာဝန်ဟာ အရေးတော်ပုံတာဝန်ပဲ။ ဒီနေ့ခေတ်ရဲ့ လမ်းကြောင်းဟာ အရေးတော်ပုံလမ်းကြောင်းပဲလို့ ကျွန်တော် ယုံမှတ်စွဲမြဲခဲ့တယ်။

ဘာလမ်းကြောင်းလဲ၊ ဘာတာဝန်လဲလို့ မေးရင် မတရားမှုတွေ၊ အဓမ္မမှုတွေ၊ ချိုးနှိမ်ချုပ်ချယ်မှုတွေ၊ ဖိနှိပ်နင်းချေမှုတွေ၊ စိုးမိုးချယ်လှယ်မှုတွေကို
ဆန့်ကျင်တဲ့လမ်းကြောင်းပဲ။ အဓမ္မဝါဒတွေ။ အကြမ်းဖက်လုပ်ရပ်တွေ၊ အရိုင်းဘုံစိတ်ဓာတ်တွေကို ဆန့်ကျင်ဖို့၊ အာခံအန်တုဖို့၊ တွန်းလှန်ချေမှုန်းဖို့ တာဝန်တွေပဲလို့ အတိုဆုံးအရှင်းဆုံး ပြောချင်တယ်။

ခေါင်းထဲကအတွေးပူတွေဟာ ကျွန်တော့်ရင်ထဲက နှလုံးသားကိုလောင်မြိုက်နေတယ်။ အဓမ္မမှုတွေ အရိုင်းဘုံအကျင့်ဆိုးတွေကို ဆန့်ကျင်တာ၊ အာခံ အံတုတာ တိုက်ဖျက်တာဟာ လက်စားချေနေတာလားလို့ မေးရင် ဟုတ်တယ် လို့ပဲ ပြောင်ပြောင်ပြောရမှာပဲ။ ဟုတ်တယ်လေ။ အဓမ္မမှုတွေကို ငုံ့ခံနေသမျှ အဓမ္မမှုတွေဟာ အဓမ္မစနစ်ကိုသာ မွေးထုတ်ထူထောင်သွားမှာ ဧကန်ပဲ။ အဓမ္မစနစ် ကြီးထွားလာတာနဲ့အမျှ အေးချမ်းသာယာ၊ တည်ငြိမ်မျှတ ချစ်ကြည် ငြိမ်းချမ်းတဲ့လူ့ ဘောင် လူ့လောကဆိုတာ ဘယ်တော့မှမရှိနိုင်ဘူး၊ ဒါကြောင့် လူ့သမိုင်းတစ်လျှောက်လုံးဟာ အဓမ္မစရိုက်ဆိုးတွေ၊ အကျင့်ဆိုးတွေ၊ စိတ်ဓာတ်ဆိုးတွေကို တွန်းလှန်အံတုဖြိုဖျက်ချေမှုန်းခဲ့တဲ့ သမိုင်းဖြစ်ခဲ့တာပဲ။

သက်ဦးဆံပိုင်စနစ်လို၊ ပဒေသရာဇ်မင်းစိုးရာဇာစနစ်လို အဓမ္မစနစ်တွေကိုသာ မတွန်းလှန်မချေမှုန်းနိုင်ခဲ့ရင် ကျွန်တော်တို့နေထိုင်နေကြတဲ့ ဒီနေ့ခေတ်ဟာ အရိုင်းဘုံကြီးအဖြစ်နဲ့သာ အပူမီးတောက်လောင်နေမှာပဲ၊ လူဖန်တီးထားတဲ့ လူ့ငရဲကြီး ဖြစ်နေမှာပဲ။ လူဖန်တီးထားတဲ့ အဝီစိကြီးဖြစ်နေမှာပဲ။

အမှောင်ရိပ်ကြီး ဖုံးလာပြီ၊ ကျွန်တော့်အတွေးတွေလည်း မှောင်မှိုင်းသထက် မှောင်မှိုင်းလာတယ်။ မှောင်လွန်းမက မှောင်တော့ ရှေ့ဘာဆက်တွေးရမယ် ဆိုတာတောင် မသိတတ်အောင်ဖြစ်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာ
စစ်အာဏာရှင်တွေဟာ သောင်းကျန်းသထက် သောင်းကျန်းလာတယ်။ အတင့်
ရဲသထက် ရဲလာတယ်။ ရမ်းကားသထက် ရမ်းကားလာတယ်။

ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီအတိုင်းငုံ့ခံသွားကြရတော့မှာလား။ စုံဆယ်ဖြာနဲ့ ပြေရာပြေကြောင်း လုပ်ကြရတော့မှာလား။ ဖြစ်သမျှအကြောင်း
အကောင်းချည်းဆိုပြီး မေ့ပျောက်ပစ်လိုက်ကြရတော့မှာလား။ နေသေးသပ ချုံထဲကဆိုပြီး ချိုသွေးနေကြရတော့မှာလား။

ကမ္ဘာမကြေဘူးစိတ်ဓာတ်နဲ့ မကြေဘူးကွ မကြေဘူးဆိုပြီး အံတကြိတ်ကြိတ် လုပ်နေကြရတော့မှာလား။ ရှစ်လေးလုံးကာလတုန်းက ကျောင်းသားလူငယ်တွေ ဆိုခဲ့တဲ့ ကမ္ဘာမကြေဘူးသီချင်းကို အော်နေရုံနဲ့ ပြီးရတော့မှာလား၊
ကျွန်တော်တို့ကမ္ဘာကြေလည်း ကမ္ဘာက ကမ္ဘာကြေကြမှာလား၊ ကမ္ဘာကြီးက ကမ္ဘာမကြေပေမယ့် နိုင်ငံရေးခေါင်းဆောင်ကြီးတွေ၊ ပြည်သူ့ကိုယ်စားလှယ်ကြီးတွေ၊ အစိုးရလူကြီးတွေက ကမ္ဘာကြေတယ်ဟေ့၊ ငါကြေတယ်ဟေ့လို့ဆိုလာကြရင်ကော။ ရှစ်လေးလုံးကာလအတွင်းက ဝန်ကြီးချုပ်ဟောင်းဦးနုက “ချေနှစ်ချေ” ကို ပြောဘူးပြီမဟုတ်လား။ လက်စားချေနဲ့ သင်ပုန်းချေမှာ သူကတော့ သင်ပုန်းချေတာကိုပဲ လက်ခံတယ်တဲ့လေ။

ကဲ ဘယ့်နှယ်ရှိစ။ ကောင်းတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်လို
သင်ပုန်းချေမှာလဲ။ ဘယ်သူတွေကို ချေမှာလဲ။ ဘယ်လောက်ချေမှာလဲ။ ဘယ်လိုနည်းနဲ့ ချေမှာလဲ။ ခေါင်းဆောင်ဆိုသူ၊ အနိုင်ရပါတီဆိုသူ၊ အာဏာရအစိုးရ ဆိုသူတို့က သင်ပုန်းချေတယ်ဆိုရုံနဲ့ ကိစ္စပြီးရော၊ ပြတ်ရောလို့ ဆိုနိုင်ပါ့မလား။

ပြည်သူအများ ခံစားကြရသမျှဆိုတာတွေ ဘယ်သွားထားမလဲ။ အဲဒါတွေ သင်ပုန်းကြေပါ့မလား။ မေ့မေ့ပျောက်ပျောက် ပြီးပြီးပြတ်ပြတ် ဖြစ်ပါ့မလား၊ ဝေးသေးလို့ထင်မိပါရဲ့။ ဒီကိစ္စကခံယူချက်နဲ့လည်းဆိုင်တယ်။ ခံစားချက်နဲ့လည်း ဆိုင်တယ်။ အမိန့်ထုတ်ပြန်ကြေညာရုံနဲ့ ကိစ္စပြီးပြတ်နိုင်တာမျိုး မဟုတ်ဘူးလေ၊ ဥပဒေပြဌာန်းရုံနဲ့ ပြီးစတမ်းမျိုးမဟုတ်ဘူးလေ။ ဒါတွေကိုပါ ငါတို့ ကြိုတွေးထားရမယ်။

ထားပါတော့လေ။ တကယ်တော့ ဒီကိစ္စက ပြီးခဲ့တာတွေ၊ ကြုံခဲ့တာတွေ၊ ဖြတ်သန်းခဲ့တာတွေအတွက်သာ ပြောနိုင်တာ။ စစ်အာဏာရှင်တွေ ထင်တိုင်းကြဲနေပုံမျိုးနဲ့တော့ဖြင့် ငါတို့ရှေ့လျှောက် ခံကြရဦးမယ်၊ နာကြရဦးမယ်၊ သေကြရဦးမယ်။ အဲဒါတွေအတွက်ကကော သင်ပုန်းချေမလား၊ ကမ္ဘာမကြေ
ဘူးလား။

ဒီကိစ္စကိုစဉ်းစားတဲ့အခါ တစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ခံစားချက်အမြင်နဲ့ ပါတီ အဖွဲ့အစည်း၊ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်း (လွှတ်တော်ဆိုပါတော့) ပြည်သူ့အာဏာရအဖွဲ့အစည်း (အစိုးရအဖွဲ့) ဆိုတာတွေရဲ့ သဘောထားအမြော်အမြင်တွေကို ဆက်လက်ညှိနှိုင်းဖို့လိုမယ်။ ဒါ့အပြင် တောင်အာဖရိကနိုင်ငံမှာ လုပ်သလိုမျိုး အမှန်တရားရှာဖွေရေးကော်မရှင်ဆိုတာမျိုးနဲ့ ဘက်ပေါင်းစုံ အဖြေရှာဖို့ ဖြေရှင်းဖို့လိုမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကို ညှိနှိုင်းဖို့ လိုမယ်။

အာဏာရှင်တွေ ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲဖို့ လိုမယ်။ နောင်တစကား၊ တောင်းပန်စကား၊ ဝန်ချစကားတွေ ထုတ်ဖော်ဖို့လိုမယ်။ တိုင်းပြည်နဲ့ ချီပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေက ငှက်ပျောပွဲ အုန်းပွဲထိုးပြီး စုံဆယ်ဖြာ လက်အုပ်မိုးရုံနဲ့ ပြီးစတမ်းကိစ္စမျိုး မဟုတ်ဘူးလေ။

တကယ်တော့ ရှစ်လေးလုံးအရေးတော်ပုံလို ဖြစ်ရပ်ကြီးဟာ တစ်မျိုးသားလုံး ခံခဲ့ရတဲ့ ရင်ကွဲအသည်းနာကိစ္စကြီး မဟုတ်လား၊ ဒါကို နောင်သမိုင်းတစ်ခေတ်မှာ ပြဿနာဆစ်ပိုင်း ဖြေရှင်းကြတဲ့အခါ တစ်မျိုးသားလုံး ပါဝင်ညှိနှိုင်း ဖြေရှင်းကြရပေဦးမှာပေါ့။

လောလောဆယ်မှာ ငါတို့ ထောင်သွင်းအကျဉ်းခံနေရပြီ။ ညဉ်းပန်း
နှိပ်စက် စစ်ကြောမှုတွေ တစ်လှေကြီးခံကြရပေဦးတော့မယ်။ လူ့ငရဲဘုံကြီးထဲမှာ မရေမတွက်နိုင်လောက်ဘဲ နေ့တွေ လတွေ နှစ်တွေ ကာလတာရှည်စွာ
ခံစားကြရဦးတော့မယ်။ သေသူသေမယ်။ ရှင်သူရှင်မယ်။ မသေကျန်ရစ် လောကငရဲဝဋ်ကျွတ်သူတို့လည်း ရုပ်ပိုင်းစိတ်ပိုင်း မိမွေးတိုင်း ဖမွေးတိုင်း ရှိကောင်းမှ ရှိပေလိမ့်မယ်။ အုတ်တံတိုင်းပြင်ပ ဘဝသစ်ကို လူပီသစွာ ရင်ဆိုင်တည်ဆောက်ထူထောင် ဖြတ်သန်းနိုင်ကြပါ့မလား။ စိတ်ဓာတ်တွေပျက်၊ ခံယူချက်တွေပျက်၊ ဘဝတွေပျက်နဲ့ လောကငရဲသစ်ကို ကျော်လွှားကြရဦးမှာလား။

မတွေးဝံ့စရာပါဘဲ။ မတွေးဝံ့စရာကို ဘာဖြစ်လို့ စိတ်ပိန်အချိန်ဖြုန်း
နှလုံးသွေးပျက်ခံပြီး တွေးနေတော့မှာလဲ။ ငါတို့အရှေ့မှာ အမှောင်ထု အမှောင်တိုက်မှတစ်ပါး အခြားမရှိဆိုရင်တောင် ငါတို့ရဲ့ စွန့်လွှတ်မှုတွေ၊ ခါးစည်းခံမှုတွေဟာ သမိုင်းမှာ အဟောသိကံဖြစ်မှာ မဟုတ်ဘူး။ အာဇာနည်မျိုး သေရိုး
မရှိတဲ့အတိုင်း ငါတို့ဘဝတွေ ဘယ်တော့မှ မသေဘူး။ ငါတို့ဘယ်တော့မှ ခေါင်းငုံ့မခံဘူး။ ငါတို့ ဘယ်တော့မှ နှုတ်မဆိတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနိုင်မခံ ကဗျာထဲကလို ဒူးမထောက် လက်မမြှောက်စတမ်းပါပဲ။ ငါတို့တစ်တွေ သေသွားခဲ့ရင်တောင်မှ သမိုင်းသက်သေခံအသံတွေကတော့ ဟုန်းဟုန်းတောက်
မြည်ဟိန်းနေဦးမှာပါ။ ယုတ်စွအဆုံး မြန်မာဆိုရိုးစကားရှိတဲ့အတိုင်း အရိုးတွန်လိမ့်ဦးမပေါ့။

သွားကြွေခါးကျိုး၊ သေတောတိုးလည်း 

အရိုးတွေတော့၊ တွန်လိမ့်မယ်။

ကြိုးတိုက်ထဲက အခန်း-၅၄ မှာ ကျွန်တော်တစ်ယောက်တည်း စိတ်
ကျင်ကျင် ရင်နာနာနဲ့ အတွေးလွန်နေတုန်း ဂျိုင်းခနဲ သံတံခါးဖွင့်သံကြီးကြားလိုက်ရတယ်။ “လိုက်ခဲ့”တဲ့။ ထောင်ဝါဒါနှစ်ယောက် လာခေါ်တယ်။ သူတို့လုပ်ပုံက လုပ်ရိုးလုပ်စဉ်လို အေးတိအေးစက်၊ ပိုင်စိုးပိုင်နင်း မထေမဲ့မြင်လုပ်နေသလို ထင်ရတယ်။

ကျွန်တော့်စိတ်ထဲ ထောင်းခနဲ မီးပွင့်သွားတယ်။

“မင်းတို့ခေါ်တိုင်း လိုက်ရမှာလားကွ၊ ဘယ်သူကခေါ်ခိုင်းတာလဲ၊ ဘယ်ကိုလိုက်ရမှာလဲ၊ ဘာကိစ္စလဲ၊ ဘယ်မှာလဲ ဆင့်ခေါ်စာ”

ကျွန်တော့်အသံတွေ ကျယ်သထက်ကျယ်လာတယ်။ အော်သံဟစ်သံတွေ ဖြစ်လာတယ်။

“မလိုက်ဘူးကွ မလိုက်ဘူး”

 ကျွန်တော် အာဗြဲအော်တယ်။

“ငါအကျဉ်းသားကွ။ ငါထောင်ခန်းထဲရောက်နေပြီ။ ဘယ်သူခေါ်ခေါ်
လိုက်စရာမလိုဘူး။ ဘယ်သူကမှလည်း ခေါ်ခွင့်မရှိဘူး”

ဘေးကအခန်းတွေ၊ ရှေ့ကအခန်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ ကရင်တော်လှန်ရေးအကျဉ်းသားတွေ ရှိတယ်။ ကြိုးဒဏ်အကျဉ်းသားတွေ ရှိတယ်။ အားလုံး ကျွန်တော့်ကို ပြူးတူးကြောင်တောင် ကြည့်နေကြတယ်။ ဘယ်သူမှ ဘာစကားမှ မပြောကြဘူး။

ထောင်ဝါဒါတွေ တန့်သွားတယ်။ ကြောင်သွားတယ်။ ပြီးမှ “ဒါထုံးစံပဲ အဘ လိုက်ခဲ့ပါ” တဲ့။

ကျွန်တော့်ကို ဝိုင်းကြည့်နေကြတဲ့ အခြားအကျဉ်းသားတွေကို ကျွန်
တော် ပတ်ပတ်လည်လှည့်ကြည့်လိုက်တယ်။ သူတို့မျက်နှာတွေက စကားတွေ အများကြီးပြောနေကြတယ်။

“ဟုတ်တယ် အဘ ထုံးစံပဲ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး”

“ဘယ်ကိုလိုက်ရမှာလဲ”လို့ ထောင်ဝါဒါတစ်ယောက်ကို မေးတယ်။
စစ်ကြောရေးကိုတဲ့။ စစ်ကြောရေးဆိုတာ ထောင်လောကမှာ ငရဲခန်းလို့အဓိပ္ပာယ်ပေါက်တဲ့ ဝေါဟာရတစ်လုံးဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် နည်းနည်း ဖြုံသွားတယ်။ ဒေါ်စုပြောဖူးတဲ့ စကားကိုလည်း ဖျတ်ခနဲ ကျွန်တော် အမှတ်ရမိလိုက်တယ်။

ဒေါ်စု တစ်ခါကပြောခဲ့ဘူးတယ်။ “ကျွန်မ စစ်ကြောရေးမှာ လက်သည်းခွံခွာတာမျိုး၊ မျက်နှာပိတ်ရေလောင်းတာမျိုး၊ ညှို့ သကျည်း ဝါးလုံးလှိမ့်တာမျိုး
တွေလုပ်ခံရမှာ မကြောက်ဘူး။ စစ်ကြောရေးလုပ်သူတွေရှေ့မှာနာလို့မျက်နှာရှုံ့ မိတာတို့၊ အော်သံထွက်မိမှာတို့ပဲ ကြောက်တယ်။ နာလွန်းရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်ရင် အတော်ရှက်စရာကောင်းတယ်လို့ထင်တယ်။ ကိုယ့်ကို ညှဉ်းပန်းနေတဲ့ လူတွေရှေ့မှာ အော်မိ၊ ညည်းမိ၊ မဲ့မိ၊ တွန့်မိတာမျိုးမဖြစ်ချင်ဘူး။ လူဆိုတော့ ညှဉ်းရင်နာမှာပေါ့၊ နာရင် တွန့်မိအော်မိမှာပေါ့။ ကျွန်မကတော့ အဲဒါမျိုးဖြစ်မိမှာစိုးတယ်၊ ဖြစ်မိရင်လည်း ရှက်စရာကောင်းတယ်လို့
ထင်တယ်” တဲ့။

အခု ကျွန်တော် စစ်ကြောရေးကို ချီတက်နေပြီ။ ချီတက်တယ်လို့ပြောရတာက ကျွန်တော် ရင်ကော့ပြီးလိုက်သွားနေလို့ပါပဲ။ စစ်ကြောရေးမှာ ညှဉ်းပမ်းလိမ့်မယ်၊ မအိပ်ရမနားရ မေးလိမ့်မယ်။ မစားရ မသောက်ရ ထားလိမ့်မယ်။
ဒါတွေထက် ဆိုးရွားရက်စက်မှုကတော့ စိတ်ပိုင်းညှဉ်းပန်းမှု။ စိတ်ပိုင်းအငတ်ထားမှု၊ စိတ်ပိုင်းနားခိုဆိတ်ငြိမ်ခြင်း မပေးမှုတွေပဲပေါ့။ ဖြစ်ချင်ရာဖြစ်ပေါ့ကွာ။ ငါလည်း ဒေါ်စုလိုပဲ ပါးကွက်သားတွေရှေ့မှာ အရှက်မရချင်ဘူး။ အဲဒီလို စိတ်ဓာတ်ရှိတဲ့လူပဲကွာ။ တွေ့ကြသေးတာပေါ့။

ငရဲဆိုတာ ချိုနဲ့လား။

(ဟံသာဝတီဦးဝင်းတင်၊ ဘာလဲဟဲ့... လူ့ငရဲ ပီဒီအက်ဖ် စာမျက်နှာ ၂၄ - ၄၄)

စာရိုက် - ငနော့

Comments

Popular posts from this blog

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်