ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်
ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁)
ဟံသာဝတီ ဦးဝင်းတင်
▪ စု-လွှတ်-တွေ့
၁၉၉၃ နှစ်ဦးလောက်ကလို့ထင်တယ်။ အထူးဆောင်တိုက်-၂ မှာ
ကျွန်တော် ခဏပြန်ရောက်နေ တယ်။ ကျွန်တော်က အခန်း-၂ မှာ။ ဇာဂနာက အခန်း-၁ မှာ။
ဇာဂနာက သတင်းစကားဆန်းတစ်ခုပါးတယ်။ တိုက်ရှည်(ဆယ်ခန်း
တွဲ) အခန်း-၁ မှာ ရောက်နေတဲ့ ဗိုလ်ကြီးဝင်းထိန်ဆီက သတင်းစကားပါ။
ဗိုလ်ကြီးဝင်းထိန်က ပြောတယ်တဲ့။ မနေ့က ဘီလ်ရစ်ချတ်ဆန်နဲ့တွေ့ တုန်းက ထောင်ထဲမှာ နေရထိုင်ရ၊ စားရသောက်ရတဲ့ကိစ္စလောက်ပဲ သူပြောခဲ့မိတယ်
တဲ့။ ဦးဝင်းတင်က “စု-လွှတ်-တွေ့ ” ကိစ္စ ပြောခဲ့တယ်ဆိုတာကြားတော့ သူ့ကိုယ်သူ အပြစ်တင်နေမိတယ်တဲ့။ အိပ်လို့တောင်မပျော်ဘူးတဲ့။
ဟုတ်တယ်။ မနေ့က ကျွန်တော်တို့ ထောင်ဘူးဝကို ခေါ်ထုတ်ခံရတယ်။ ဘူးဝက ညွှန်မှူးရုံးမှာ အမေရိကန်လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆန်နဲ့တွေ့တယ်။ ဗိုလ်ကြီးဝင်းထိန်ရယ်၊ မသီတာ (စမ်းချောင်း) ရယ်။ နိုင်ငံရေးအကျဉ်းသားလား ဘာလားမသိရတဲ့ အခြားအကျဉ်းသားနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ စုစုပေါင်းငါးယောက်တွေ့ ခဲ့ရတာပါ။ (ဒီသတင်းကို နောက်တစ်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့တယ်။)
တစ်ယောက်ချင်းတွေ့ ရတာဆိုတော့ ဘယ်သူက ဘယ်သူ့အရင်တွေ့တယ်၊ နောက်မှတွေ့ တယ်ဆိုတာ ကျွန်တော် မသိဘူး။
ကျွန်တော့်ကို ထောင်ဝတ်စုံသစ် အင်္ကျီဖြူ လုံချည်ဖြူထုတ်ပေးတယ်။ အဲဒီအချိန်က ထောင်ဝတ်စုံက အပြာမဟုတ်ဘူး။ အဖြူရောင်ပါ။ ကျွန်တော့်ကို အထူးဆောင်က ထောင်ဘူးဝအထိ ကားနဲ့ခေါ်သွားတယ်။ ခေါင်းကို အဝတ်အိတ်စွပ်ပြီး မျက်နှာအုပ်ထားတယ်။ ဘူးဝရောက်တော့ ထောင်ပိုင် ဗိုလ်ကြီး
သာဦးက ကားနားလာပြီး ဆလံပေးတယ်။ (ဆလံပေးတယ်ဆိုတာ စစ်တပ်အလေးပြုနည်းကိုပြောတာ။) ကားတံခါးတော့ ဖွင့်မပေးဘူး။ ကားတံခါးလည်း မရှိဘူးလေ။ ကားက နံပါတ်မရှိတဲ့ကား။ စစ်ကြိုခေတ်က ကား။ စုတ်ပြတ်ကျိုးပဲ့ ကြွေကျနေပြီ။ ထောင်မကြီးထဲက မနက်ည ထမင်း၊ တာလဘောဟင်း၊ ပဲဟင်း၊
ငါးပိတွေကို ကပ်လျက်မှာရှိတဲ့ သီးသန့်ထောင် (ယခင်အခေါ် တွဲဘက်ဆောင်) ပို့ပေးနေတဲ့ကား။ ကျွန်တော်က အဲဒီကလေးကစားစရာသာသာ ကားစုတ်
ကားပြတ်ပေါ်မှာ ခေါင်းစွပ်မျက်နှာဖုံးပြီး အခန့်သားလိုက်လာခဲ့တာ။ ဟော ခေါင်းစွပ်လည်းဖွင့်လိုက်ရော “ထောင်တော်ရဲ့ အကြီးအကဲ” ထောင်ပိုင် ဗိုလ်ကြီး
သာဦးက ကားဘေးမှာ ကျိုးနွံရိုသေမှုအပြည့်နဲ့ အလေးပြုဆလံပေးလို့။
နောက်မှာ ညွှန်မှူး ထပ်ချပ်ပါလာတယ်။ ကျွန်တော့်ကို ထောင်ဘူးထဲ
ခေါ်သွားတယ်။ ညွှန်မှူးရုံးဧည့်ခန်းဘက် ဆက်ခေါ်သွားတယ်။ အခန်းဝ တံခါးဆွဲမဖွင့်ခင် “အထဲမှာ အမေရိကန်အမတ်နဲ့ ကုလသမဂ္ဂအရာရှိ ရောက်နေတယ်။ ဝင်ပါ” လို့ ပြောတယ်။
လူကြီးလူကျယ် တစ်ယောက်ယောက်နဲ့ တွေ့ ရတော့မယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။
ထောင်ရဲ့ဖြစ်မြဲသဘောက လူကြီးလာမယ်ဆိုရင် ကောလဟလထွက်
ပြီ။ ယုတ်စွအဆုံး ညွှန်မှူး ညွှန်ချုပ်လာမယ်ဆိုတာလောက်တောင်မှ ထောင်ထဲမှာ တစ်ရက်စောပြီး ကောလဟလပြန့်တယ်။ ပြင်ပက လူကြီးလာမယ်ဆိုတာမျိုးကတော့ မကြားမသိသူရယ်လို့ မရှိဘူး။ အမှိုက်ပုံမီးခိုးအူသလို တစိမ့်
စိမ့်လွင့်ထွက်ရုံ မဟုတ်ဘူး။ တောမီးလောင်သလိုကို တဟုန်းဟုန်းပြန့်ထွက်တာ။ ကျွန်တော်တို့ကြားနေတဲ့ သတင်းက အဲဒီအချိန်က လူ့အခွင့်အရေး
ကိုယ်စားလှယ်လုပ်နေတဲ့ ဂျပန်မကြီး အိုဂါးတားလိုလို ဘယ်သူလိုလို ဘယ်ဝါလိုလို လာမယ်တွေ့ မယ်ဆိုတာပါ။
ဟော... ခုတော့ အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဋ္ဌ ဘီလ်ရစ်ချတ်ဆန်တဲ့။ တံခါးဝရောက်မှသိရတာ။ အခန်းထဲ ဝင်လိုက်တော့ ထောင်အခြေစိုက် ထောက်လှမ်းရေးစခန်း တာဝန်ခံ ဦးဆောင်ပြီး ထောင်ညွှန်ချုပ်၊ ညွှန်မှူးတွေ၊ ထောင်အရာရှိကြီးတွေ၊
ထောင်ဆရာဝန်ကြီးတွေ၊ ပြင်ပက ရဲကြီးတွေ၊ နိုင်ငံခြားရေးရုံးက အရာရှိကြီးတွေ၊ အုပ်ချုပ်ရေးဌာန အရာရှိကြီးတွေ တန်းစီရပ်နေတာတွေ့ ရတယ်။ သူတို့ရှေ့မှာ စားပွဲတစ်လုံးရှိတယ်။ စားပွဲမှာ နိုင်ငံခြားသားသုံးယောက် ထိုင်နေတယ်၊ စားပွဲဘေးမှာ တိုက်ပုံဝတ်ထောက်လှမ်းရေးလား၊ စကားပြန်လားမသိ။ လူတစ်ယောက်ရှိတယ်။ စားပွဲပေါ်မှာ အသံသွင်းစက်တွေ တထွေးကြီးချထား
တယ်။
ကျွန်တော့်ကို စားပွဲမှာထိုင်ခိုင်းတယ်။ နိုင်ငံခြားသားတွေနဲ့ မိတ်ဆက်ပေးတယ်။ ရစ်ချတ်ဆန်နဲ့ပါလာသူတွေက ကုလသမဂ္ဂအရာရှိတစ်ဦးတဲ့။ နာမည် မမှတ်မိဘူး။ နယ်သာလန်နိုင်ငံသား ဒတ်ချ်လူမျိုးတစ်ယောက်။ နောက်
တစ်ယောက်က အမေရိကန်သံရုံးက အရာရှိတဲ့။
အချိန်သတ်မှတ်ချက် ဘယ်လောက်ရှိမှန်း မသိလို့ ကျွန်တော် မြန်မြန်ပဲ စကားစပြောတယ်။
“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား အများစု သဘောတူတဲ့ နိုင်ငံရေးလမ်းစဉ်တစ်ခုရှိတယ်။ စု-လွှတ်-တွေ့ ပဲ။ စုဆိုတာ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့။ လွှတ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ ပါလီမန်လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးဖို့။ တွေ့ ဆိုတာ ဒီမိုကရေစီအတိုက်အခံအင်အားစုပါတီ ၁ဝဝ ကျော်က လုပ်ခွင့်အာဏာ (Mandate) ပေးအပ်ထားတဲ့ပုဂ္ဂိုလ်နဲ့ နဝတရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (Dialogue) လုပ်ဖို့ပါ။
ရစ်ချတ်ဆန်က မေးပါတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်နိုင်မယ်လို့ ထင်သလားတဲ့။
ကျွန်တော်မထင်ပါဘူး။ ဒါပေမဲ့ တောင်းဆိုချက်က ဒီချုပ်(NLD)ဖွဲ့ပြီးစရက်ပိုင်းကတည်းကရှိခဲ့တာပါ။ ဒီချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး အဲဒီအချိန်က နဝတအတွင်းရေးမှူး(၁) ဗိုလ်ချုပ်
ခင်ညွန့်ဆီကို စာရေးတောင်းဆိုခဲ့တာပါ။ အခုလည်း ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ဒီတောင်းဆိုချက်ကို ကိုင်စွဲထားပါတယ်လို့ ကျွန်တော် အဖြေပေးပါတယ်။
ဒီတောင်းဆိုချက်အပေါ်မှာသာ အကျဉ်းသားအားလုံး သဘောတူတာ မဟုတ်ဘူး။ စု-လွှတ်-တွေ့ တောင်းဆိုချက်အားလုံးကို နိုင်ငံရေးအကျဉ်းသား
အားလုံးသဘောတူတယ်။ ကျွန်တော် အဲဒီလိုပဲ အခိုင်အမာပြောပါတယ်။
ဒီတောင်းဆိုချက်သုံးရပ်လုံးဟာ ဒီချုပ်ရဲ့ တောင်းဆိုချက်တွေပဲ။ ဒီချုပ် စဖွဲ့ကတည်းကရှိခဲ့တာ။ လွှတ်တော်တောင်းဆိုချက်ကလည်း ဒီချုပ်ရဲ့အဓိက
တောင်းဆိုချက်ပါ။ ဒါတွေကို နိုင်ငံရေးအင်အားစုတိုင်း၊ နိုင်ငံရေးခေါင်းဆောင်တိုင်း၊ နိုင်ငံရေးလှုပ်ရှားသူတိုင်း၊ နိုင်ငံရေးကိုအလေးထားသူတိုင်း ကိုင်စွဲ ထောက်ခံဝန်းရံအားပေးခဲ့ကြပါတယ်။ ထောင်ထဲမှာလည်း ဒီသဘောထားတွေအတိုင်း ရပ်တည်ပါတယ်။
ဒီကိစ္စမှာ ကျွန်တော် ပါဝင်ပတ်သက်တဲ့အခန်းကလေးတစ်ခုရှိတယ်။ ထောင်ထဲမှာ ညှိကြတော့ စု-လွှတ်-တွေ့လား။ စု-တွေ့ -လွှတ်လား။ ပြဿနာ ပေါ်တယ်။ လွှတ်တော်ခေါ်ယူဖွဲ့စည်းရေး အရင်တောင်းမလား။ တွေ့ဆုံဆွေး
နွေးရေး အရင်တောင်းမလား။
တွေ့ဆုံဆွေးနွေးပွဲ အရင်လုပ်နိုင်မှ နိုင်ငံရေးညှိလို့ရပြီး လွှတ်တော်ခေါ်လို့ ရနိုင်တယ်လို့ ယူဆသူတွေရှိတယ်။ လွှတ်တော်ခေါ်မှ တရားဝင်မှုအား၊ ပြည်သူ့အား၊ နိုင်ငံတကာအားတွေပေါ်လာပြီး တွေ့ ဆုံဆွေးနွေးပွဲဖြစ်နိုင်မယ်လို့
ယူဆ သူတွေရှိတယ်။ လွှတ်တော်ခေါ်ဖို့တောင်းတာ၊ ဒီချုပ်က အာဏာလက်ဦးချင်လို့ ဆိုသူတွေလည်းရှိတယ်။ တွေ့ဆုံဆွေးနွေးပွဲဟာ တရားဝင်အစိုးရနဲ့
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ဆွေးနွေးဖို့ပဲ။ စစ်တပ်နဲ့မဟုတ်ဘူး။
စစ်တပ်က ဘက်(side)မဟုတ်။ အစိုးရဘက်ကသာပါဝင်ရမယ့်လူ (seat) သာ ဖြစ်တယ်ဆိုတဲ့ အသံတွေလည်းရှိတယ်။
ဒါတွေအားလုံးကို ဝိုင်းညှိကြတယ်။ နောက်ဆုံး စု-လွှတ်-တွေ့ လမ်းကြောင်း အပြီးအပြတ်ပေါ်လာတယ်။ ဝိုင်းဝန်းညှိနှိုင်းသူတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်ပါဝင်ခဲ့တယ်။ အခု ဘီလ်ရစ်ချတ်ဆန်ကတစ်ဆင့် ကမ္ဘာသိ
ကြေညာဖော်ထုတ်နိုင်လိုက်ပြီ ဖြစ်ပါတယ်။
(တခြားတွေ့ခွင့်ရသူတွေ ဒီကိစ္စပြောမပြော ကျွန်တော် မသိနိုင်ခဲ့ဘူး။ ဗိုလ်ကြီးဝင်းထိန် မပြောဖြစ်ခဲ့တာတော့ သေချာတယ်။ ဒါကြောင့် ရစ်ချတ်ဆန်နဲ့ ကျွန်တော်ပြောခဲ့တာတွေကြားတယ်။ နိုင်ငံရေးကိစ္စ သူမပြောလိုက်မိတာ
ကို စိတ်မကောင်းဖြစ်တယ်။ အိပ်လို့တောင် မပျော်ဘူးတဲ့လေ။ ဒါဟာ ဗိုလ်ကြီးဝင်းထိန်ရဲ့ ရိုးသားပွင့်လင်းတဲ့ အရင်းခံစိတ်က ပွင့်အန်ထွက်လာတဲ့ နိုင်ငံရေး
သဘောထားပဲလို့ ကျွန်တော် မှတ်ယူတယ်။ သူ့ရဲ့ မုဒိတာစကားကြောင့် ကျွန်တော်ဂုဏ်ယူတယ်။ ကိုယ့်အတွက် ဂုဏ်ယူတာထက် သူ့ရဲ့ ရိုးသားပွင့်လင်းတဲ့ နိုင်ငံရေးအသိ အရင်းခံစိတ်အတွက် ပိုဂုဏ်ယူပါတယ်။)
ဘီလ်ရစ်ချတ်ဆန်က ကျွန်တော့်ကို မေးခွန်းတွေမေးတယ်။ နေရေး
ထိုင်ရေး စားရေးသောက်ရေး ကျန်းမာရေးကိစ္စတွေပေါ့။
ထောင်ထဲမှာ လူလိုမနေရ။ လူလိုမအိပ်ရ။ လူလိုမစားရ။ ဆေးဝါးကုသမှုမရှိ။ မပြည့်စုံတာလောက်ကို ပြောတာမဟုတ်။ ရှိကိုမရှိတာ။ လုံးဝမရှိတာကို ပြောတာ။ ထောက်လှမ်းရေးလက်သံပြောင်လို့ ကျွန်တော့်ပါးစပ် ပြောင်တလင်း ခါသွားတယ်။ အခုသုံးလေးနှစ်ရှိပြီ။ သွားစိုက်ခွင့်တောင်းတာ လုံးဝမရဘူး။
နောက်ထပ်ဘယ်နှနှစ်နေရဦးမယ်မသိဘူး။ ထောင်ကကျွေးတဲ့ ဆန်လုံးတီး ထမင်း “ခွေးအန်ဖတ်”(၁၃ဝဝ ပြည့်ကထုတ်ခဲ့တဲ့ “ထောင့်အရသာ”ဆိုတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ထဲမှာ သုံးတဲ့ စကားလုံး) ကို သွားမရှိတဲ့ ပါးစပ်ထဲက သွားဖုံးနဲ့ ပွတ်ချေနေရတယ်။ ဘယ်လောက်ဒုက္ခရောက်မလဲ စဉ်းစားကြည့်ပေါ့။
အပူပိုင်း ချုံနွယ်ပိတ်ပေါင်းထူတဲ့အရပ်မှာ ခြင်ထောင်သုံးခွင့်မရှိဘဲ အိပ်ရတာ။ အကာအရံမရှိတဲ့ အခန်း ကြမ်းပေါ်မှာ အိပ်ရတာ ဘယ်လိုနေမလဲ စဉ်းစားသာ
ကြည့်။
ကျွန်တော် ကာယိကဒုက္ခတွေ သိပ်မပြောလိုက်ပါဘူး။ စိတ်ပိုင်းဒုက္ခထဲကလည်း နည်းနည်းပဲ ထောက်ပြလိုက်ပါတယ်။
“ကျွန်တော်တို့ စာမဖတ်ရဘူးဗျာ။ စာမရေးရဘူးဗျာ။ သီချင်းမဆိုရ
ဘူးဗျာ။ အင်္ဂလိပ်စကားမှာ Genocide မျိုးဖြုတ်မှုဆိုတဲ့စကားရှိတယ်။ ကျွန်တော်တို့ ထောင်ထဲမှာ ကြုံနေရတာက ဉာဏ်ဖြုတ်မှုဗျ။ ကျွန်တော်တို့တွေကို
အသိဉာဏ်မျိုးတုံးပြီး နလပိန်းတုံးဖြစ်အောင် လုပ်နေတာ။ အင်္ဂလိပ်စကားမှာ ရှိမရှိတော့ ကျွန်တော် မသိဘူး။ ဒီမှာ စစ်အစိုးရကျူးလွန်နေတာက Intelectocite
ဗျ။ Intelect ကို မျိုးဖြုတ်နေတာ။ ဒါတွေအားလုံးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေပဲ။ ကျွန်တော်တို့ တစ်ပြည်လုံး လူဖန်ဆင်းတဲ့ငရဲဘုံကြီးထဲ
ရောက်နေတယ်”
ဘီလ်ရစ်ချတ်ဆန်က မေးတယ်။
“အခုလုပ်နေတဲ့ အမျိုးသားညီလာခံကိစ္စ ဘယ်လိုသဘောရှိသလဲ”
“ဒီညီလာခံဆိုတာက ရွှေရေစိမ်ကြီးဗျ။ (Gold Plated)။ အတုအယောင်ကြီးဗျ။ (Sham)။ စစ်အစစ်နဲ့ ဒီမိုကရေစီကပြား ညားခိုင်းနေတာဗျ။ (Half breed)။ ဒါကြီးကို ကျွန်တော်တို့ လုံးဝ လုံးဝ လက်မခံဘူး။ ဖျက်သိမ်းပစ်ရမှာပဲ။ သပိတ်မှောက်ပစ်ရမှာပဲ”
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ စရာရှိတယ်။ ဘာများမှာချင်သေးလဲ”
“ခင်ဗျားကြားဘူးမလား မသိဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ကမ္ဘာ
ကျော် ကာတွန်းဆရာကြီးဒေးဗစ်လိုးက လန်ဒန်တိုင်းမ်စ်သတင်းစာမှာကာတွန်းတစ်ပုံရေးတယ်။ ဝန်ကြီးချုပ်ချာချီနောက်မှာ လူထုကြီးချီတက်နေတဲ့ပုံပဲ။
ကာတွန်းပုံစာက “လှည့်မကြည့်နဲ့။ အားလုံး ခင်ဗျားနောက်မှာ ရှိတယ် ချာချီ” တဲ့”
“လှည့်မကြည့်နဲ့ ဒေါ်စု နိုင်ငံရေးအကျဉ်းသားအားလုံး ခင်ဗျား နောက်မှာ ရှိတယ်”လို့ ကျွန်တော် ကာတွန်းစကားမှာချင်တယ်ဗျာ။ ကိုယ့်လမ်းအတိုင်းပဲ မောင်း (Stay the course)လို့ ကျွန်တော် သင်္ဘောသားစကား မှာချင်တယ်ဗျာ”
ရစ်ချတ်ဆန်နဲ့ စကားဝိုင်းကတော့ ဒါပါပဲ။
အထူးဆောင်မှာ ကျွန်တော်ကျောနွေးအောင် မနေလိုက်ရပါဘူး။ နေရင်း ဝက်စားကျင်း ပြန်ရောက်သွားတယ်။ ခြင်တောထဲ အိပ်မြဲအိပ်ရတယ်။ ပုရွက်ဆိတ်တောထဲ ထိုင်မြဲထိုင်ရတယ်။ သွားဗလာပါးစပ်နဲ့ ဆန်လုံးညိုဟပ်မြဲ
ဟပ်ရတယ်။ ဒီလိုထောင်ခရီးကြမ်း၊ လူ့ငရဲမီးလောင်ပြင်ကို နောက်ထပ် ဆယ်လေးငါးနှစ်ဖြတ်ရဦးမယ်။
ကျွန်တော် မသေဘူး။ ရစ်ချတ်ဆန်ကို ကျွန်တော် ပြောပြခွင့်ရလိုက်တဲ့ “စု-လွှတ်-တွေ့” လည်း မသေဘူး။ စု-လွှတ်-တွေ့ဟာ ထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေ၊ ထောင်တွင်း အခွင့်အရေးတိုက်ပွဲတွေ၊ ထောင်တွင်းစစ်ကြောရေး ဦးနှောက်ဆေးမှုတွေ၊ စိတ်
ပိုင်းဆိုင်ရာ လူ့ငရဲတွေကို ကျွန်တော်တို့အသက်နဲ့ကိုယ် အိုးစားမကွဲဘဲ ကျော်နိုင်
စေခဲ့တယ်။
ဒီနေ့ဒီအခါလို ရင့်ရော်တဲ့စစ်အာဏာရှင်စနစ်ကနေ မရင့်ကျက်တဲ့ ခွေးတူဝက်တူသတ္တဝါလို စစ်တူလူတူနဖားကြိုးတပ် ဒီမိုကရေစီစနစ်ဆီ ရုပ်ပြောင်းရုပ်လွှဲ သုံးလေးငါးကိုယ်ခွဲနေတဲ့အချိန်ထိလည်း “စု-လွှတ်-တွေ့” ဟာ
ရှင်သန်လန်းဆန်းနေဆဲပါ။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ခွင့်တူညီမျှဝါဒဖြူစင်တဲ့ စစ်မှန်သောပြည်ထောင်စု တည်ထောင်ရေး စတဲ့ ခေတ်ရဲ့ ဆန္ဒသဘောထားတွေ ပေါင်းဆုံစည်းလုံးနေတဲ့
စု-လွှတ်-တွေ့ ။ လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံးရဲ့ တောင်းဆိုချက်တွေ
ဝိညာဉ်တွယ်တဲ့ စု-လွှတ်-တွေ့ ။ တောင်းဆိုချက်ဆန္ဒသဘောထားတွေ အားလုံး စီးဆင်းစိမ့်ဝင်တဲ့ “စု-လွှတ်-တွေ့”။
ဆယ်စုနှစ်သုံးလီနီးပါးကာလအတွင်း သစ္စာပြယ်တွေ၊ သစ္စာပြောင်းတွေ၊ သစ္စာဖျက်တွေ၊ သစ္စာဖောက်တွေက ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ သစ္စာတရား၊ ၁၉၉ဝ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်မှုရဲ့ သစ္စာတရားတွေကို ဘယ်လိုပဲ အိုးမဲသုတ်သုတ်၊ ရေရောရော၊ ဓာတ်ဖျက်ဖျက် စု-လွှတ်-တွေ့ ရဲ့ အနှစ်တရားတွေက လန်းဆန်းဝေဆာတုန်း။
ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေး၊ ၁၉၉ဝ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲရလဒ် လေးစားလိုက်နာ၊ အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကျင်းပဆိုတဲ့ တောင်းဆိုချက်တွေကလည်း ဒီနေ့အထိ ကျယ်လောင်စွာ မြည်ဟီးတုန်းပါပဲ။
ကာလပေါ်သမိုင်းလူပြက် ပြည်သစ္စာဖျက်တိုင်း သစ္စာဖောက်တွေရဲ့ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးတောင်းဆိုချက်ဆိုင်ရာ ရုပ်
ပြောင်း ရုပ်လွှဲလုပ်တမ်းကစားမှုတွေ၊ စစ်အာဏာရှင်တွေက ခါးမတို့ခင်က ယားတယ်အကို မာယာဆောင်မှုတွေကို “စု-လွှတ်-တွေ့ ” နဲ့ သူ့ရဲ့ဆင့်ပွား ကိုယ်ပွား နိုင်ငံရေး တရားစစ် တရားမှန်တွေက နိုင်ငံရေး ဥပေက္ခာတရား
အပြုံးများနဲ့ မမှိတ်မသုန် စိုက်ကြည့်နေမှာပါ။
▪ အမေစု ရွှေရတု သပြေနု ဇေယျတု
နိုင်ငံရေးအကျဉ်းသား လူငယ်အားလုံးပျော်နေကြတယ်။ လက်ခုပ် လက်ဝါးတီးကြ၊ အချင်းချင်း ကျောသပ်ကြ၊ အမေစုကွဟေ့ အော်ကြ၊ ရွှေရတုကွ
ဟေ့ ဟစ်ကြ၊ သပြေနုကွဟေ့ ဟိန်းကြ၊ ဇေယျတုကွဟေ့ ဟောက်ကြ။
၁၉၉၅ နှစ်ဆန်းလောက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် နှစ်ငါးဆယ် ပြည့်မယ့်နှစ်လေ။ တိုက်-၃က လူငယ်တချို့ အကြံရတယ်။ အမေစုရွှေရတုပွဲ
လုပ်မယ်။ လူငယ်တချို့က တစ်မျိုးအကြံရတယ်။ အမေစုဆီ သပြေနုဇေယျတု ကမ်းမယ်။ ဘယ်မှာလဲ သပြေပင်။ ဘယ်မှာလဲ ခရုသင်း။
”တကယ့်သပြေနုပို့မယ် ပြောတာ မဟုတ်ဘူးကွ။ တကယ့်ခရုသင်း
မှုတ်ပြီး ဇေယျတုဟစ်မယ်ပြောတာ မဟုတ်ဘူးကွ။ သပြေနုနဲ့တူတဲ့ စက္ကူပေါ်မှာ၊ ဒါမှမဟုတ် ပလတ်စတစ်ပေါ်မှာ၊ ဒါမှမဟုတ် အဝတ်စပေါ်မှာ သဝဏ်လွှာရေးမယ်။ သဝဏ်လွှာထဲမှာ ဇေယျတုနဲ့တူတဲ့ အောင်စိတ်အောင်မာန်
အောင်သံတွေ ရေးမယ်ကွာ”
တိုက်ဝင်းထဲက တိုက်ပေါင်းစုံမှာ လူငယ်တွေညှိကြတယ်။ သဝဏ်လွှာကို ပိတ်စပေါ်မှာ ရေးဖို့ သဘောတူတယ်။ အပြင်က တက်ထရွန်လုံချည်ဖြူတွေ သွင်းတယ်။ စာလုံးပေါ်လွင်အောင်ရေးဖို့ ဂျဲပင်တွေ၊ ဆော့ပင်တွေ၊ မင်စိုဘောပင်တွေသွင်းတယ်။ သဝဏ်စာတွေကို တစ်ဦးချင်းစိတ်ကြိုက်၊ ဒါပေမဲ့ တိုနိုင်သမျှ တိုတိုရေးဖို့ ညှိကြတယ်။
ဒေါ်စု ရွှေရတုမွေးနေ့ ၁၉၉၅ ဇွန် ၁၉ မတိုင်ခင် သပြေနုအပြင်အရောက် ပို့ဖို့ စိုင်းပြင်းကြတော့တယ်။
သပြေနုအဝတ်စတွေက ဝန်ထမ်းကတစ်ဆင့်အပြင်ထုတ်ရမှာ။ အဝတ်စ အပြင်ထုတ်နည်း စဉ်းစားကြတယ်။ (ဘယ်လိုထုတ်တယ်ဆိုတာ ရေးမပြပါရစေနဲ့)။ အဝတ်စဆိုတော့ သယ်ရယူရ ထောင်ဘူးဝဖြတ်ရသန်းရ လွယ်တာပေါ့။
အဝတ်စတွေကို ရှပ်အင်္ကျီကျောဘက်ခြမ်းအရွယ်လောက်ဖြတ်တယ်။ တိုက်တိုင်းကို တစ်စစီလောက်ပေးတယ်။ ရေးချင်သူတိုင်းရေးနိုင်ဖို့ စီစဉ်တယ်။
ဘောပင်ကိစ္စကလည်း တကယ်လုပ်တော့ အတော်ခက်သား။ ဘောပင် ထောင်ထဲသွင်းဖို့ဆိုတာ နည်းလမ်းရွေးစရာ သိပ်မရှိဘူး။ ထောင်ဝင်စာက သွင်းဖို့လည်း သိပ်မလွယ်ဘူး။ ဒီလောက်အချောင်းကြီးကို ဘယ်အထုပ်ကြားညှပ်မလဲ။ ဘယ်စားစရာထဲ ထိုးမလဲ။ ဘယ်ပစ္စည်းကြားလိပ်မလဲ။ ဒီတော့ ဝန်ထမ်းကတစ်ဆင့်ပဲ သွင်းရတော့မှာပေါ့။ ဝန်ထမ်းနဲ့သွင်းတယ်ဆိုတော့ ဝန်ထမ်းကိုပဲ
ပုံအပ်လိုက်ရတော့မှာပေါ့။ ဘောပင်တွေသွင်းဖို့ ဝန်ထမ်းကိုလွှဲတော့ ဝန်ထမ်းသုံး ဘောပင်မျိုးပဲရမယ်။ လိုချင်တဲ့ဂျဲပင်မျိုး၊ ယူနီပင်မျိုး၊ မင်စုံပင်မျိုးဆိုတာတွေ ရဖို့မသေချာဘူး၊ ရွေးနေလို့ မဖြစ်တော့ဘူး။ တွေ့ ရာဘောပင်ကို မြန်
မြန်သာသွင်းခဲ့ မောင်ရယ်လို့ ဝန်ထမ်းကိုမှာရတယ်။ ဒီတော့ တချို့ တိုက်တွေအဖို့ ရေးရသားရ အဆင်မပြေလှဘူး။
ရေးတဲ့သားတဲ့အဆင့်ရောက်လာတယ်။ တချို့ကပွဲကြီးလမ်းကြီးတွေကို ပို့တဲ့ တကယ့်စာဝင်ပေမြောက် သဝဏ်လွှာလို၊ မင်္ဂလာသြဘာစာလို တခမ်းတနား ရေးဖွဲ့ချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ပြောချင်တာလေးတွေ၊ ဒေါ်စု သိစေချင်တာလေးတွေ စုံစေ့အောင်လက်တဝါးစာ မဟုတ်တောင် လေးငါးဆယ်ကြောင်းလောက်တော့ မရရအောင် ရေးချင်တယ်။ လူ့စိတ်သဘာဝပဲ။ အကျဉ်းသားစိတ်သဘာဝပဲ။
အန်တီ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ
ဆိုတာလောက်ပဲ ရေးသူတွေလည်းရှိတယ်။ သတိအမျိုးမျိုးပေးထားတဲ့ကြားက ရှည်လို့ရသလောက် ရှည်ရှည်ရေးသူတွေလည်း ရှိတယ်။ ပန်းပွင့်ပုံလို၊ ရေမြေတောတောင်ပုံလို၊ ထောင်မြင်ကွင်းပုံလိုမျိုးတွေ ရေးထည့်သူက ရေးထည့်ကြတယ်။ ကာတွန်းဆွဲထည့်သူတောင်ပါသေး။
ကျွန်တော်ကတော့ အရေးကြီးဆုံး နိုင်ငံရေးသတင်းစကားလို့ ထင်မြင်မိတဲ့ ‘စု-လွှတ်-တွေ့’ ကိုပဲ စာလေးငါးဆယ်ကြောင်း ရေးထည့်လိုက်တယ်။
ကျွန်တော့်အခန်းနီးချင်းတွေကလည်း အဲဒီသဝဏ်စကားအောက်မှာပဲ လက်မှတ်ဝိုင်းထိုးကြတယ်။ 'စု'ဆိုတာ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်း
ချက်မရှိလွှတ်ပေးရေး၊ ‘လွှတ်’ဆိုတာ ၁၉၉ဝ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော်အမြန်ဆုံးခေါ်ယူဖွဲ့စည်းရေး၊ ‘တွေ့”
ဆိုတာ ဒီမိုကရေစီအတိုက်အခံ အင်အားစုများနဲ့ နဝတစစ်ကောင်စီတို့ နိုင်ငံရေး
တွေ့ဆုံဆွေးနွေးရေး ဖြစ်တယ်ဆိုတာကိုတောင် ရှင်းမပြနိုင်ပါဘူး။ စုနဲ့လွှတ်ကို တစ်တွဲတည်းပေါင်းဖတ်ပြီး ဒေါ်စုလွှတ်ပေးဖို့ တောင်းတာပဲလို့ ထင်တတ်ကြတယ် မဟုတ်လား။ ဒေါ်စုလည်း အဲဒီလို တွေးမိမလားလို့ စိုးရိမ်မိတယ်။ အမေရိကန်လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆန်နဲ့ ဒေါ်စုတွေ့ မှာပဲ။ အမတ်ကလည်း ရှင်းပြဖြစ်မှာပဲလို့ စိတ်ဖြေရတယ်။
ကျွန်တော်တို့တွေ အားလုံး သပြေနုအဝတ်စပေါ်မှာ ဇေယျတုသဝဏ်
စကားတွေ ရေးပြီးကြတော့ သပြေနုကို ထောင်ပြင်ထုတ်ကြတာပေါ့။ အဝတ်စတွေဆိုတော့ ထောင်ပြင်ထုတ်ရာမှာ သိပ်အခက်အခဲမရှိလှပါဘူး။ အဝတ်စက စက္ကူရွက်ထက်တော့ သိုရဝှက်ရလွယ်တယ်လေ။
ဒီလိုနဲ့ “အမေစု ရွှေရတု သပြေနု ဇေယျတု” ထောင်ပြင်ရောက်သွား
တယ်။ ဒေါ်စုလက် ရောက်မရောက်တော့ ဧကန်ဧကမသိဘူး။ ရောက်မှာပါ။ ရောက်ကို ရောက်မှာပါ။ ကျွန်တော်တို့အဖို့ကတော့ ဒေါ်စုလက်ရောက်တာ မရောက်တာထက် နိုင်ငံရေးလုပ်ငန်းတစ်ခုကို လှုပ်ရှားမှုပုံသဏ္ဌာန်နဲ့ အကောင်အထည်ဖော်နိုင်ခဲ့တာဟာ အောင်မြင်မှုပါပဲ။ အဲဒီလိုပဲ တထစ်ချပြောချင်ပါတယ်။
အထူးသဖြင့် ပြောချင်တာတစ်ခုရှိပါတယ်။
ဒီရွှေရတုသဝဏ်လွှာ လှုပ်ရှားမှုဖော်လိုက်နိုင်တာဟာ နောင်လာမယ့် နိုင်ငံရေးမုန်တိုင်းတွေအတွက် မျိုးစေ့ကြဲတာဖြစ်တယ်။ တာလွှတ်ခရာသံပေးတာ ဖြစ်တယ်။ ဒီရွှေရတုသဝဏ်လွှာလှုပ်ရှားမှုမှာ မြစ်ဖျားခံပြီး အခြား အခြားသော ထောင်ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်းတွေ ထန်ခဲ့တယ်ဆိုတာ ပြောချင်ပါတယ်။
အင်းစိန်ထောင်မှာသာမက တစ်ပြည်လုံးမှာရှိတဲ့ ထောင်ကြီးထောင်ငယ်တွေ၊ အလုပ်စခန်းတွေမှာ ပေါ်ပေါက်ကြုံတွေ့ နေရတဲ့ လူမဆန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း၊ တောရိုင်းတိရစ္ဆာန်စိတ်နဲ့ ကျူးလွန်
ခဲ့တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေအကြောင်း၊ ဗြဟ္မစိုရ်တရား အကင်းမဲ့ဆုံး စိတ်မိုက်စိတ်ရိုင်းတွေနဲ့ အကျဉ်းသားတွေအပေါ် ကျင့်သုံးခဲ့တဲ့ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေအကြောင်း။ အဲဒါတွေအားလုံးကို လေ့လာစုဆောင်း စာတမ်းကြီးပြုစုပြီး ကုလသမဂ္ဂ အတွင်းဝန်ချုပ်ဆီပို့ခဲ့တယ်။ အဲဒီ ကုလသမဂ္ဂစာတမ်း
လှုပ်ရှားမှုမျိုးမှာ နိုင်ငံရေးအကျဉ်းသားအားလုံး နိုးနိုးကြားကြား တက်တက်
ကြွကြွပါဝင်လှုပ်ရှားခဲ့ကြတယ်။ ဒါမျိုးဟာ ဒီရွှေရတုသဝဏ်လွှာ လှုပ်ရှားမှုရဲ့ အကျိုးဆက်ပေပဲလို့ ဆိုရမှာပါ။
နောင်လာမယ့် ထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုတိုင်းဟာ ဒီ စု-လွှတ်-တွေ့ လှုပ်ရှားမှုမှာ မြစ်ဖျားခံပြီး စီးဆင်းခဲ့တယ်။
ဒီရွှေရတုသဝဏ်လွှာ လှုပ်ရှားမှုက သွေးထိုးပေးလိုက်တဲ့ မာန်ဉာဏ်
သတ္တိတွေရဲ့ စွမ်းအားကြောင့် စာပေအနုပညာဆိုင်ရာ အားထုတ်မှုတွေ တသီတတန်းကြီး ပေါ်ထွက်လာခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားများ
အကြားမှာ အကြောက်တရား ကင်းစင်ကွယ်ပျောက်ကုန်တယ်။ လုပ်ငန်း လုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက် ဘယ်လိုအခက်အခဲကိုမဆို ကျော်နင်း ဖြတ်သန်းနိုင်ဖို့အတွက် လိုလျှင်ကြံဆ နည်းလမ်းတွေရလာတယ်။
ထောင်အဆင့်မှာ မင်းမူစိုးမိုးနေတဲ့ ထောင်/ထောက်အာဏာရှင်ပေါက်စ ပိစိကွေးတွေကို ကြောက်ရေးမစိုက်တော့ဘူး။ ကြောက်စာရင်းမသွင်းတော့ဘူး။
ကိုယ်အော်သင့်တာ ရဲရဲအော်တယ်။ ကိုယ်လုပ်စရာရှိတာ ရဲရဲလုပ်တယ်။ ကိုယ်လှုပ်သင့်တာ ရဲရဲလှုပ်တယ်။ ကိုယ်ဖော်သင့်တာ ရဲရဲဖော်တယ်။
ဒီစိတ်ဓာတ်၊ ဒီအားမာန်၊ ဒီမကြောက်တရားတွေနဲ့ လုပ်ကြကိုင်ကြ လှုပ်ရှားကြလို့ နိုင်ငံရေးအခမ်းအနားတွေ၊ နိုင်ငံအထိမ်းအမှတ်ပွဲတွေ၊ နိုင်ငံရေး
ဆွေးနွေးပွဲတွေ၊ နိုင်ငံရေးဟောပြောပွဲတွေ စဉ်တိုက်ဆက်တိုက် ကျင်းပနိုင်ခဲ့တယ်။ နိုင်ငံရေးအလုပ်တွေ အများကြီးပြီးမြောက်လာခဲ့တယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ သတင်းလွှာတွေ၊ အထိမ်းအမှတ်စာအုပ်တွေ အများကြီးထုတ်နိုင်ခဲ့တယ်။
ဒီလိုနဲ့ပဲ ထောင်ပုံစံခွက်ထဲမှာ မုန်တိုင်းတွေ ထန်ခဲ့လေရဲ့။
▪ အလုပ်ဆို နိုး ဘုတ်ဆို နိုး
ထောင်ဆိုတာ ဘာလဲ။ ထောင်အလုပ်က ဘာလဲ။
ထောင်ဆိုတာ လွတ်လပ်မှု ပိတ်ပင်တာ၊ လွတ်လပ်မှုရုတ်သိမ်းတာ၊
လွတ်လပ်မှုဖျက်ဆီးတာဆိုတဲ့ လုပ်ငန်းကိုအဓိကထား လုပ်တဲ့နေရာပါ။
ဒီလိုလွတ်လပ်မှုဆိုတာ လေသံမှမထွက်အောင် နည်းမျိုးစုံနဲ့ ပိတ်ဟယ် ဆီးဟယ်လုပ်နေတဲ့ အကျဉ်းဦးစီးဌာနဟာ နိုင်ငံရေး အကျဉ်းသားတွေကို နည်းလမ်းနှစ်သွယ်နဲ့ ကိုင်တွယ်ပါတယ်။
ပထမနည်းလမ်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခေါင်းကိုလှည့်တဲ့ နည်းလမ်းပေါ့။ ခေါင်းကိုလှည့်တယ်ဆိုတာက နိုင်ငံရေးအကျဉ်းသားတွေရဲ့ နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်၊ တောင်းဆိုချက် စတဲ့ ယုံကြည်ချက်ပိုင်းဆိုင်ရာ အနေအထားတွေကို ခလောက်ဆန်ပစ်ဖို့၊ ပြောင်းပြန်လှန်ပစ်ဖို့၊ မွှေနှောက်ချောက်ချားပစ်ဖို့ဆိုတဲ့ အလုပ်တွေကို လုပ်တဲ့နည်းဖြစ်ပါတယ်။ ဦးနှောက်ဆေးတဲ့အလုပ်။
နိုင်ငံရေးအကျဉ်းသားတစ်ယောက် ထောင်ထဲရောက်လာပြီဆိုတာနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ မတွေ့ရအောင် ခွဲခြားထားလိုက်တယ်။ နေရေး ထိုင်ရေး စားရေး သောက်ရေးအဝဝ အဆင်မပြေအောင် လုပ်ထားတယ်။ ဘယ်သူနဲ့စကားမပြောနဲ့။ ဘယ်သူလာဆက်ဆက် ဘယ်လိုမှပြန်မပြောနဲ့၊ ပြန်မမေးနဲ့၊ ပြန်မချိတ်နဲ့ ဆိုတာမျိုးတွေနဲ့ တားလားဆီးလားလုပ်တယ်။
နိုင်ငံရေးအကျဉ်းသားအဖို့ ထောင်ဆိုတာ ငါ့အဖို့ လွတ်လပ်ခြင်းတွေ
လက်လွတ်ဆုံးရှုံးရမယ့်နေရာပဲ။ လွတ်လပ်ခွင့်ရအောင် ရှာယူမယ်ဆိုပြီး ထိုးဖောက်လုပ်ရင် လွတ်လပ်ခွင့်တွေ ပိုဆုံးရှုံးမှာပါကလားလို့ သဘောပေါက်လာအောင် လုပ်တယ်။
ဒီလိုနဲ့ လူတိုင်း ထောင်ထဲရောက်လာတာနဲ့ နာရီပိုင်း ရက်ပိုင်းအတွင်း အသိဉာဏ်နှစ်မျိုးရလာတယ်။ တစ်မျိုးက ငါ့မှာ လွတ်လပ်ခွင့်တွေအားလုံး
ဆုံးသွားပြီဆိုတဲ့အသိ။ နောက်တစ်မျိုးက လွတ်လပ်ခွင့်ရှာရင် လွတ်လပ်ခွင့် ပိုဆုံးမယ်ဆိုတဲ့ နောက်ထပ်အသိ။ နောက်ဆုံးတော့ တော်ရုံတန်ရုံ အကျဉ်းသားဟာ လွတ်လပ်ခွင့်ဆိုတာကို မတို့ဝံ့မထိဝံ့တဲ့လူစား ဖြစ်လာတယ်။
အေးအေးနေတာ ကောင်းပါတယ်ဆိုတဲ့ အရှုံးခံစိတ်မျိုးဝင်သွားရော။
ဒီကနေတစ်ဆင့် နိုင်ငံရေးအကျဉ်းသားရဲ့ခေါင်းကို လှည့်တယ်။ လွတ်လပ်ခွင့်ဆိုလို့ ဘာမှမရှိတော့ပါလားလို့ သဘောပေါက်လာပြီဖြစ်တဲ့ အကျဉ်းသားဆိုတာ ခေါင်းလှည့်ဖို့ သိပ်မခက်တော့ဘူး။ ထောင်အာဏာပိုင်တွေဟာ
အဲဒီအလုပ်ကို ထောက်လှမ်းရေးနဲ့ လက်တွဲလုပ်တယ်။ ထောက်လှမ်းရေးကလည်း ထောင်ထဲမှာတင် အခြေစိုက်စခန်းချနေတာ။ တခမ်းတနားနေတာ။
တမင်းတချင်း ဟိတ်နဲ့ဟန်နဲ့နေတာ။ ထောက်လှမ်းရေးတပ်သားလောက်ကို အရာရှိထောင်မှူးက ကြောက်နေရတဲ့အဖြစ်။
ထောက်ကိုထောင်က ကြောက်ရတာလည်း မဆန်းဘူး။ ထောင်အထက်ပိုင်းမှာကိုက ဒူးတုန်နေတာ။ ထောင်ဒိတ်တွေက ထောက်ချာတိတ်တွေကို ဖူးဖူးမှုတ်နေရတာကိုး။ ကြားဖူးတာ ပြောရရင် ထောက်လှမ်းရေး တစ်ရစ်နှစ်ရစ်
(တပ်ကြပ်)ကို ထောင်အခွေအပွင့် အရာရှိကြီးတွေကိုယ်တိုင်က ညနေတိုင်း အိမ်ခေါ် အရက်တိုက်သတဲ့။ ထောင်ထဲကို ညဉ့်နက်သန်းခေါင် ပြန်ဝင်ခွင့်ပေး
သတဲ့။
မျက်မြင်တွေ့ဘူးတာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် ထောက်လှမ်းရေးစခန်းတာဝန်ခံ ဗိုလ်မှူးတစ်ဦးနေပြသွားပုံပါ။ သူ တစ်ခါတလေ အထူးဆောင်ထဲမှာရှိတဲ့ ထောက်လှမ်းရေးစခန်းရုံးကိုလာတယ်။ ကားနဲ့လာတယ်။ ခွေးပါလာတယ်။ ခွေးကို ခွေးကိုင်တပည့်က အထူးဆောင်ထဲမှာ ဆော့ခိုင်းတယ်။ လွတ်လပ်တဲ့ခွေးဖြူလေးက ပြေးလို့ဆော့လို့။ မလွတ်လပ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက သံတိုင်ကြားက မျှော်လို့ ငေးလို့။ ထောက်လှမ်းရေး အချစ်တော် ခွေးလောက်မှ ငါတို့မလွတ်လပ်ပါကလား။ နိုင်ငံရေးအကျဉ်းသား
တွေ တက်ခေါက်ကြတယ်။ ခွေးက သူ့ကိုခေါ်တယ်ထင်လို့ အခန်းရှေ့ပြေးလာတယ်။ သံတိုင်ကြားက ငနဲသားလူတွေကို တွေ့တော့ ရှေ့ သစ်သားတံခါးကို
သေးငေါ့ပန်းသွားသတဲ့ဗျာ။ ကောင်းရော။
ထောက်လှမ်းရေးတွေက ခွေးသာချစ်တာ။ လူကိုမချစ်ဘူး။ အကျဉ်းသားဆို ပိုမချစ်ဘူး။ နိုင်ငံရေးအကျဉ်းသားဆို မချစ်ဆုံးပေါ့။ မုန်းတောင်မုန်းကြထင်ပ။
ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ခေါင်းလှည့်လုပ်ငန်းအတွက် ထောက်လှမ်းရေးကိုလက်ခွဲချတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လှိုင်ဘောလယ်တဲ့အချိန်မျိုးမှာ ထောက်လှမ်းရေးတွေ လက်မလည်ဘူး။ စစ်ကြော
ရေးအခန်းနှစ်ခန်းသာရှိတဲ့ ထောက်လှမ်းရေးစခန်းရုံး ရုံလျှံတယ်။ ရုံလျှံတယ် ဆိုပြီး ပြန်သွားလို့ရတာ မဟုတ်ဘူး။ စောင့်။
တစ်ခါကဆို ထောက်လှမ်းရေးရုံလျှံလို့ ကျွန်တော်နှင်းတောထဲမှာ
တစ်ညလုံးထိုင်စောင့်ခဲ့ရဘူးတယ်။ အချိန်က ဒီဇင်ဘာလ။ နေရာက အထူးဆောင်ဝက စေတီကလေးဘေးမှာ။ ထောင်ပုံစံအင်္ကျီနဲ့၊ ခေါင်းစွပ်နဲ့၊ လက်နောက်ပြန်ခတ်လက်ထိပ်နဲ့။ ၁၉၆၂က ဆိုဗီယက်လေ့လာရေးခရီးမှာရောက်ခဲ့ဘူးတဲ့ မြောက်ဝင်ရိုးစွန်းထဲက မူးရ်မန့်ခ်စ်မြို့မှာတောင် ဒီလောက်မချမ်းခဲ့ဘူး။ ဪ .. ဟိုတုန်းက အသက်သုံးဆယ်ကျော်။ အခုက ခြောက်ဆယ်ကျော်ကိုး။
စစ်ကြောရေးမှာ သတင်းအချက်အလက် မေးရုံမေးတာ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားရဲ့ ခေါင်းကိုလှည့်တယ်။ တစ်ပတ်လည်အောင်လှည့်တာလည်းရှိတယ်။ ပတ်ချာလည်အောင် လှည့်တာလည်းရှိတယ်။ သုံးတဲ့နည်းကတော့ ညှဉ်းပမ်းမှုပေါ့။ နည်းမျိုးကတော့စုံပါပေ့ သောင်းခြောက်ထောင်ပဲ။
ခဏခဏ စစ်ကြောရေးဝင်ရတာ များလာတော့ ဆွေမျိုးမေ့သွားတယ်။ ပါတီအဖွဲ့အစည်းမေ့သွားမယ်။ ရဲဘော်ရဲဘက် မေ့သွားမယ်။ ခေါင်းဆောင် မေ့သွားမယ်။ မေ့ရာကနေ သူတို့ခိုင်းတဲ့အတိုင်း မှတ်မှားမိတတ်တယ်။ ဆွေမျိုး မသိ။ ပါတီမရှိ။ ဒေါ်စု အာဏာရှင်ဆန်တယ်တို့၊ ဦးတင်ဦး အမိန့်ပေးတယ်တို့။ ဒါမျိုးတွေပြောတတ်လာတယ်။ ရပါပြီ။ နိုင်ငံရေးအကျဉ်းသား ခေါင်းတစ်ပတ်
လည်ပြီ။ ချာချာလည်ပြီ။
နိုင်ငံရေးအကျဉ်းသား ခေါင်းလှည့်တာ ထောက်ကလုပ်တော့ လက်လှုပ်တာ ထောင်ကလုပ်တယ်။
လက်လှုပ်တယ်ဆိုတာ နိုင်ငံရေးအကျဉ်းသားကို အလုပ်လုပ်ခိုင်းတာကို ပြောတာ။ စစ်အစိုးရအဆိုက နိုင်ငံရေးအကျဉ်းသားမရှိဘူးတဲ့။ ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျတဲ့ ပြစ်ခံအကျဉ်းသားချည်းပဲတဲ့။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားမှန်သမျှ ထောင်ကျရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချည်းပဲ။ ဒေါ်စုလို ခေါင်းဆောင်ကြီးတောင် ထောင်သုံးနှစ်ကျတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေ။
ဒီတော့ နိုင်ငံရေးအကျဉ်းသားကို အလုပ်ခိုင်းတယ်။ အကဲစမ်းတယ်။ အချိုသပ်တယ်။ အမှတ်ပေးတယ်။ နိုင်ငံရေးအကျဉ်းသား အလုပ်လုပ်အောင်
ပထမ ချော့ခိုင်းတယ်။ အလုပ်နာမည်လှလှတပ်ပြီး မြှောက်ခိုင်းတယ်။ အလုပ်လုပ်ကြေး ‘ကွာ' လို့ခေါ်တဲ့ လေးလပတ်လျှော့ရက်အမှတ် လှိုင်လှိုင်ပေးတယ်။
ကျွန်တော့်ပထမအမှုတွဲ စိုးသိမ်းဆိုတဲ့လူငယ်ကို တရားရုံးမှာတွေ့ တယ်။ သူ့ရဲ့ထောင်တွင်းအလုပ်စွန့်စားခန်းတွေကို နားအီအောင်ကြားရတယ်။ သူ ထမင်းဘုတ်လုပ်ပုံ၊ ထောင်သားတွေကို သူထမင်းဝေပုံ၊ သူ့ကိုထောင်သား
တွေက ဟင်းတွေတပုံတခေါင်းကြီးပြန်ပေးပုံတွေကို တစ်ဝကြီးပြောတယ်။ ဪ... ဪ လို့ပဲ ကျွန်တော် ပြန်ပြောနိုင်တော့တယ်။
၁၉၉၁ မှ ကျွန်တော် တိုက်-၃ ရောက်သွားတယ်။ သီးလုံ(သီးခြားလုံခြုံရေး)အကျဉ်းသားဆိုပြီး တစ်ချိန်လုံးတိုက်ပိတ်ထားတယ်။ တစ်နေ့ ရေချိုးချိန် ၁၅ မိနစ်နဲ့၊ နှစ်ပတ်တစ်ခါ ထောင်ဝင်စာထွက်ချိန်လောက်ပဲ တံခါးဖွင့်ပေးတယ်။ တခြားနိုင်ငံရေးအကျဉ်းသားတွေလည်း ဒီလိုပါပဲ။ တံခါးဖွင့်ချိန် တစ်နေ့ နည်းနည်းပဲ ရကြတယ်။ တစ်နေ့တစ်နေ့ ရှစ်ပေဆယ်ပေခန်းထဲမှာ တငုတ်တုတ်တုတ် ထိုင်ငေး ထိုင်တွေး ထိုင်ဆွေးရတော့တာပဲ။
စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခကတော့ အပြင်ထွက်ရတယ်။ ဗေဒင်ဘုတ်ကိုင်တဲ့။ နေ့လယ်ဆိုရင် သူ့ကိုတံခါးဖွင့်ပေးပြီး တိုက်ရုံးခန်းခေါ်သွားတယ်။ လက်ဖက်ရည်တိုက်တယ်။ မုန့်ကျွေးတယ်။ ထောင်မှူးယူလာတဲ့ မွေးနေ့စာရင်းတွေကိုကြည့်ပြီး ဗေဒင်ဟောရတယ်။ သူက ဗေဒင်မှာ အတော်ကျွမ်းပေသကိုး။
၁၉၉၃ လောက်မှာ တိုက်-၃ က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မှူးက လာပြောတယ်။ ကိုယ့်အခန်းကို ကိုယ်ရှင်းကြပါတဲ့။ တံခါးတစ်နေ့ခင်းလုံး ဖွင့်ပေးမယ်တဲ့။ ကျွန်တော်တို့က ဘာဆင်ခြေမှမပေးဘဲ တောက်တောက်ခါးခါး ငြင်းလိုက်တယ်။ တချို့တလေတော့ ခိုင်းတာလုပ်ဟန်တူရဲ့။ အခန်း
တံခါးပိတ်ထားတော့ မမြင်ရဘူး။ သတင်းကြားရတာက နိုင်ငံခြားဧည့်တွေ ထောင်ထဲဝင်မှာမို့ လုပ်ခိုင်းတာဆိုပဲ။
ကျွန်တော် ထောင်ထဲရောက်စ ၁၉၈၉ မှာ အဆောင်-၅ ရောက်သွားတယ်။ အမှုတွဲ သူရဦးငွေလှိုင်နဲ့ တစ်ခန်းစီနေရတယ်။ တစ်နေ့မှာ ထောင်မှူး လာတွေ့ တယ်။ ကျွန်တော်နဲ့သူရဦးငွေလှိုင်ကို အလုပ်တာဝန်ပေးချင်တယ်တဲ့။
ဘုရားဘုတ်လုပ်ပါတဲ့။ မနက်တိုင် ဘုရားမှာမြက်ကလေးဘာလေးနှုတ်၊ အမှိုက်ကလေးဘာလေး ရှင်းပေါ့တဲ့။ လွတ်လွတ်လပ်လပ် ရေချိုးခွင့်ပေးမယ်တဲ့။ ကျွန်
တော် ငြင်းလိုက်တယ်။ ဘုရားဝေယျာဝစ္စကိစ္စပဲ ဖြစ်ပါစေ။ ထောင်ကခိုင်းလို့ကတော့ မလုပ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဦးငွေလှိုင်ကလည်း ကျွန်တော်နဲ့
တစ်သဘောထားတည်းပါပဲ။
(အဆောင်-၅ ထဲမှာ စေတီလေးတစ်ဆူရှိတယ်။ ဘွဲ့ တော်က 'လွတ်
ကျွတ်စေတီ' တဲ့။ လွတ်ကျွတ်ဆိုတာ လယ်တီဆရာတော်ဘုရားကြီးရဲ့စကားလုံးဗျ။ ထောင်ကျနေသူတိုင်း ရင်ထဲငြိသွားတဲ့ ဘွဲ့ အမည်ပေါ့။)
၁၉၉၇ မှာ ကျွန်တော် ထောင်တွင်းဆေးရုံတက်ရတယ်။ သုံးလေးကြိမ်မြောက်တက်ခြင်းပေါ့။ အဲဒီအချိန်မှာ နာမည်မေ့နေတဲ့ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ တယ်။ သူက ဗဟန်း ‘ဘာဂျော်ဂျီကုန်း’မှာနေတယ်။ ကမ္ဘာအေးဘုရားလမ်းနဲ့ ဓမ္မစေတီဘုရားလမ်းဆုံတဲ့ ကုန်းမြင့်ပေါ်မှာရှိတယ်။ ရပ်ကွက် မြေကွက် အရောင်းအဝယ်ကိစ္စနဲ့ သူထောင်ကျလာတာ။ နိုင်ငံရေးအကျဉ်းသား အခန်း (M-5) မှာ အခန်းလူကြီးလုပ်နေတယ်။ (ဦးနေဝင်းရဲ့ ကွယ်လွန်သူဇနီး ဒေါ်ခင်မေ
သန်းရဲ့ဖခင် ဒေါက်တာဘသန်းအိမ်မှာ သူငယ်ငယ်ကနေခဲ့ဘူးသတဲ့။)
တစ်နေ့မှာ သူက နိုင်ငံရေးအကျဉ်းသားတွေကို ခိုင်းတယ်။ အခန်းသန့်ရှင်းရေးလုပ်ရမယ်တဲ့။ ကိုယ့်အိပ်ရာကွက်ကို ကိုယ်တာဝန်ယူပါတဲ့။ အထက်က ခိုင်းတာတဲ့။ ကျွန်တော် အပြတ်ငြင်းပစ်လိုက်တယ်။ ခိုင်းမရတဲ့အဆုံး အခန်း
လူကြီးကိုယ်တိုင် ကျွန်တော့်အိပ်ရာကွက်ကို နေ့တိုင်းသန့်ရှင်းရေး လုပ်ပေးတယ်။ လေးငါးလကြာတယ်။ ကျွန်တော် ဆေးရုံကဆင်းတဲ့အထိပဲ။ အဘိုးကြီးကို အားနာတယ်။ မတတ်နိုင်ဘူးလေ။
နိုင်ငံရေးအကျဉ်းသားခေါင်းလှည့်တာကို ထောက်လှမ်းရေးက နည်း
မျိုးစုံ ညှင်းပမ်းနှိပ်စက်မှုလက်နက်တွေ သုံးပြီးလုပ်တာ။ ဒီတော့ အလှည့်ခံရမှာပေါ့။ ကိုယ့်ခေါင်းတကယ်မလည်အောင် ထိန်းဖို့ပဲလိုတာပေါ့။ ထောင်က
နိုင်ငံရေးအကျဉ်းသား လက်လှုပ်အောင် လုပ်တာကိုတော့ ပြောင်ပြောင်ငြင်းရမှာပဲပေါ့။ သူတို့က တရားမဝင်ခိုင်းတာပဲ။ ခိုင်းလို့ရမလားထင်ပြီးခိုင်းတာ။ ခိုင်း
လို့ရမယ်ထင်ပြီး ခိုင်းတာ။ ကျွန်တော်တို့က ငြင်းရုံပဲပေါ့။ မလုပ်ဘူးကွဟေ့ မလုပ်ဘူး။ ချော့ခိုင်းလည်း မလုပ်ဘူး။ မြှောက်ခိုင်းလည်းမလုပ်ဘူး။ ဟောက်ခိုင်းလည်း မလုပ်ဘူး။ ခြောက်ခိုင်းလည်း မလုပ်ဘူး။
အလုပ်ဆို နိုး၊ ဘုတ်ဆို နိုး ပဲကွဟေ့။ နိုး နိုး နိုး နိုး။ အင်္ဂလိပ်အစိုးရခေတ်က နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်မှာ
အလုပ်ခိုင်းတာကို ရိုးရိုးငြင်းတာတောင်မဟုတ်ဘူး။ အစာငတ်ခံဆန္ဒပြပြီးကို ငြင်းတာ။
၁၃ဝဝ ပြည့်ထုတ် သခင်အုန်းမြင့်ရဲ့ ‘ထောင့်အရသာ” စာအုပ်မှာ သခင်လှမောင်က ရေးခဲ့တယ်။ သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ပေးတယ်။ အလုပ်ခိုင်းတော့ သူကခေါင်းခါတယ်။ အစာငတ်ခံပြီးငြင်းတယ်။ အစာငတ်ခံသုံးရက်
မြောက်မှာ တရားသူကြီးကိုယ်တိုင် ထောင်ထဲလာပြီး အလုပ်ကြမ်းအမိန့်ကို ပြင်ပေးရတယ်။
သခင်လှမောင်ဆိုတာက ဗြိတိသျှဘုရင်ပုံပါ စာပို့တံဆိပ်ခေါင်းကို စာအိတ်ပေါ်မှာ ပြောင်းပြန်ကပ်တယ်။ “ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်” လို့ အောက်ကစာရေးတယ်။ ဒါနဲ့ ထောင်ကျခဲ့ရတဲ့ နာမည်ကျော် သခင်ခေါင်းဆောင်တစ်ဦးပေါ့။
ကျွန်တော် ပြောချင်တာက “နိုင်ငံရေးအကျဉ်းသားတွေက ထောင်ထဲရောက်ရင် ခေါင်းလှည့်ခံရမယ်။ လက်လှုပ်ခိုင်းလိမ့်မယ်။ ခေါင်းမလည်ကြစေနဲ့။ လက်မလှုပ်ကြပါနဲ့”။
ခွေးခေါင်းပြောင်းပြန် သခင်လှမောင်ကို စံနမူနာထားကြ။
▪ ဟားတိုက်ပွဲ
ဟားတိုက်တယ်ဆိုတာ အားရပါးရ ရယ်တာပေါ့။ မပြုံးဘဲ ဝါးလုံးကွဲ
ရယ်တယ်ဆိုတာမျိုးပေါ့။ တစ်ဖက်သားကို လှောင်ချင်ပြောင်ချင်တဲ့ စိတ်နဲ့ ရယ်ပွဲဖွဲ့တာကိုလည်း ဟားတိုက်တယ်လို့ ခေါ်တာပေါ့။ ကလေး သူငယ် လူပျို လူရွယ်တွေ ပြောကြဆိုကြ ရယ်ကြ မောကြ လုပ်နေတာမျိုးကိုလည်း ဟား တိုက်နေတယ်လို့ လူကြီးသူမတွေက ပြောကြတာပါပဲ။
ထောင်ထဲမှာ အာဏာပိုင်တွေကို မထေမဲ့မြင်လုပ်ပြီး အကြောင်းမဲ့
တဟားဟား ရယ်ကြတာကျတော့ ဟားတိုက်ပွဲလို့ ခေါ်တယ်။ တဟားဟားနဲ့ တိုက်ပွဲဝင်တယ်လို့ဆိုတာပါ။ ၁၉၈၉ စက်တင်ဘာလထဲမှာ ကျွန်တော် တိုက်ခြောက်ကိုရောက်သွားတယ်။ တိုက်ခြောက်ဆိုတာက တိုက်ဝင်းထဲက တိုက်တစ်လုံးပါပဲ။ တိုက်တွေထဲမှာ အသေးဆုံးတိုက်ပဲ။ အခန်းဆယ်ခန်းပဲရှိတယ်။
အခန်းတွေက ကျဉ်းမြောင်းလိုက်တာ မပြောပါနဲ့တော့။ ဖင်မလှည့်သာ ခေါင်းမလှည့်သာဘဲ။ အခန်းအကျယ်က ရှစ်ပေဆယ်ပေလောက်ပဲရှိတယ်။ နောက်
ဘက်နံရံမှာ လေသာပြတင်းတစ်ခု ဖောက်ထားတယ်။ တစ်ပေပတ်လည်လောက်လားပဲ ရှိတယ်။ တိုက်ဝင်းအုတ်နံရံက တိုက်ခြောက်နဲ့ ကပ်နေလို့သာပြတင်းက အလင်းမဝင်နိုင်ဘူး။ လေလည်း မဝင်နိုင်ဘူး။
အခန်းရဲ့ရှေ့မှာ သုံးပေအကျယ် ကွက်လပ်ရှိတယ်။ အဲဒီကွက်လပ်မှာ သစ်သားတံခါးတစ်ခုရှိတယ်။ အကျဉ်းသားထားတဲ့ အခန်းမှာတော့ သံတံခါး ပိတ်ထားတာပေါ့။ သစ်သားတံခါးက အပြင်ကို မမြင်စေချင်တဲ့အခါ အပြင်က
လူနဲ့ လက်ပြခြေပြ မလုပ်စေချင်တဲ့အခါ အကျဉ်းခန်းကို မှောင်ချချင်တဲ့အခါ ပိတ်ထားတဲ့ တံခါးပါ။ အဲဒီသစ်သားတံခါးကို ပိတ်ထားတဲ့အခါ လူရိပ်လူယောင် အလင်းရောင်တွေကို မမြင်ရယုံမဟုတ်ဘူး။ လေပါမဝင်တော့လို့ ကျဉ်းလှောင်မှောင်ပိန်းနေတဲ့ အခန်းထဲမှာ အသက်ရှူပါကျပ်ပြီး မွန်းနေရတော့တာပေါ့။
တိုက်ခြောက်ဟာ တိုက်ဝင်းတစ်ခုလုံးမှာရှိတဲ့ တိုက်တစ်က တိုက်ငါး
အထိ တိုက်တွေထဲက အကျဉ်းသားတွေကို ပြစ်ဒဏ်ပေးချင်တဲ့အခါ ပိတ်လှောင်ထားတဲ့တိုက်ပါ။
၁၉၈၈ နောက်ပိုင်းမှာတော့ စစ်ကြောရေးလုပ်ဆဲ နိုင်ငံရေးအကျဉ်းသားတွေကို ပိတ်လှောင်ထားတဲ့ အထူးပြစ်ဒဏ်တိုက်သဘောမျိုး ဖြစ်နေပြီ။
ကျွန်တော်တိုက်ခြောက်ကို ရောက်သွားတော့ သုံးရောင်ခြယ်က မြတ်စံတို့အဖွဲ့ရှိနေကြတယ်။ တခြားသူတွေကိုတော့ မသိဘူး။ မြတ်စံကတော့ ဒေါ်စု လုံခြုံရေးကို တာဝန်ယူခဲ့ဘူးတဲ့သူ။ ဒါကြောင့် တရင်းတနှီး သိခဲ့ဘူးတယ်။
ဒါကြောင့် မှတ်မိနေတယ်။ ဒါအပြင် သူ့အဖေ ကိုမင်းနွယ်ဆွေကလည်း ကျွန်တော်နဲ့ ကြေးမုံသတင်းစာမှာ အတူလုပ်ခဲ့ဘူးသူ ဖြစ်နေလို့ သိနေတာပါ။
ကျွန်တော်နေရတဲ့ အခန်းရှစ်ရဲ့ဘေးက ကပ်လျက်အခန်းကိုးမှာ တရုတ်လူငယ်တစ်ယောက်ရှိနေတယ်။ နာမည်တွေ ဘာတွေမသိပါဘူး။ ရန်ကုန် တရုတ်တန်းဘက်ဆိုတာလောက်ပဲသိတယ်။ အဲဒီတရုတ်ကလေးက ရှစ်လေးလုံး
အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာတဲ့။ ထောင်ထဲရောက်တော့လည်း ဘယ်သူ့စကားမှ နားမထောင်ဘဲ သူပြောချင်ရာပြော၊ သူလုပ်ချင်ရာ လုပ်နေတာပဲတဲ့။
နောက်ဆုံးတော့ အထူးပြစ်ဒဏ် တိုက်ခြောက်ကို ရောက်လာတာပဲတဲ့။
ကျွန်တော် ရောက်ကတည်းက တရုတ်ကလေးရဲ့ ဟားဟားရယ်သံကို အချိန်ပြည့် ကြားနေရတယ်။ သုံးလေးရက်ကြာတော့ နှစ်ရစ်တပ်ကြပ်တစ်ဦး ရောက်လာတယ်။ ဟေ့ကောင် မင်း တဟားဟားလုပ်နေတာတွေရပ်လို့ တား
တယ်။ တရုတ်ကလေးရဲ့ တဟားဟားကတော့ မရပ်တဲ့အပြင်ပိုကျယ်လောင် မြည်ဟိန်းလာတယ်။
တပ်ကြပ်က ထပ်အော်တယ်၊ တရုတ်ရယ်သံက ပိုကျယ်လာတယ်။ ရပ် ရပ် ရပ် ရပ် ဆိုတဲ့အမိန့်သံနဲ့ ဟား ဟား ဟား ဟား ဆိုတဲ့ အာခံအံတုရယ်သံက အပြိုင်ပေါ်ထွက်လာနေတယ်။ ကျွန်တော့်အတွက်တော့ အသံထွက်ပွဲကောင်းတစ်ခု ကြည့်နေသလို ဖြစ်နေတယ်။
အတော်ကြီး ကြာသွားတယ်။ နောက်ဆုံးတော့ တပ်ကြပ်က တရုတ်ကလေးရဲ့အခန်းတံခါး လာဖွင့်တယ်။ အပြင်ဘက်ကို ခေါ်ထုတ်တယ်။ တရုတ်ကလေးက အေးအေးပဲလိုက်သွားတယ်။ ပါးစပ်ကတော့ အသံပိတ်မသွားဘူး။
တဟားဟားပဲ။ တိုက်ခြောက်နဲ့ကပ်လျက် တိုက်ရုံးခန်းဘက်ကိုခေါ်သွားတယ်။
တရုတ်ကလည်း တဟားဟားရယ်ရင်း လိုက်သွားတယ်။ လူတွေကိုတော့ မမြင် ရတော့ဘူး။ ရယ်သံနဲ့ဆဲသံတွေကိုပဲ ကြားရတော့တယ်။ တိတ်ခိုင်းသံတွေ ဆဲသံတွေ ကြိမ်းသံတွေကို ပိုလို့ကြားနေရတယ်။ တဟားဟားသံကတော့ မပျောက်ဘူး။ တဟားဟားပဲ။
အဲဒီနေ့က တစ်နေ့လည်လုံး ဆဲသံတွေ ဟားသံတွေပဲကြားနေရတယ်။ အတော်ကို အချိန်ကြာတယ်။ တဟားဟားပဲ။ နောက်ဆုံး ဝုန်းဝုန်း ဘုန်းဘုန်းသံတွေကြားရတယ်။ ရိုက်တာနှက်တာ ထိုးတာ ကြိတ်တာတွေ လုပ်တယ်နဲ့
တူရဲ့။ ဟားဟားသံကတော့ တိတ်မသွားဘူး။ တဟားဟားပဲ။ နောက်ထပ် ဝုန်းဒိုင်းသံတွေကိုကြားရတယ်။ ဟားဟားသံတွေလည်း ကြားနေရတယ်။
နောက်ဆုံးတော့ အသံတွေ တိတ်သွားတယ်။
တရုတ်ကလေးလည်း ကျွန်တော့်အခန်းဘေးက အခန်းကိုပြန်ရောက်မလာတော့ဘူး။ စစ်ကြောရေးရောက်သွားသလား။ စစ်ခွေးတိုက် ရောက်သွားသလားမသိတော့ဘူး။ ထောင်ထဲမှာ အာခံသူတွေ၊ အမိန့်လွန်ဆန်သူတွေရဲ့
သွားရာလမ်းပဲလေ။ ခေါ်တော့ လိုက်ရမှာပေါ့။ ပို့တော့ ရောက်ရမှာပေါ့။ စစ်တော့ ဖြေရမှာပေါ့။ ရိုက်တော့ နာရမှာပေါ့။ ရိုက်ရုံနဲ့ အားမရလို့ ညှဉ်းပန်းတော့လည်း ကျိုးလိုက် ပဲ့လိုက် သေလိုက်ဖြစ်ရုံပဲပေါ့။
တရုတ်ကလေးအကြောင်း နောက်ထပ် ဘာမှမသိရတော့ဘူး။ ဘယ်သူ့ကိုမှလည်း မေးလို့ရစရာအကြောင်း မရှိတော့ဘူး။ သေသလား ရှင်သလားလည်း မသိရတော့ဘူး။ တဟားဟား ရယ်နိုင်သေးရဲ့လား။ တဟီးဟီးငိုနေရ
ရော့လား။ ဘယ်လိုမှ မသိနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ထောင်ထဲက အာဏာရှင် ပိစိကွေးတွေကို ဟားတိုက်ပွဲ ဆင်သွားတဲ့ အမည်မသိ အရေးတော်ပုံတပ်သား တရုတ်ကလေးကို ကျွန်တော် မမေ့ဘူး။
သူ့အကြောင်း ကျွန်တော် လူတိုင်းကိုပြောပြမိတယ်။ သူကကြောင်တာ၊ ရူးတာမဟုတ်ဘူး။ အာဏာရှင်တွေသာ ကြောင်တာ ရူးနေကြတာ။ အာဏာကြောင်နေကြတာ။ အာဏာရူးနေကြတာ။ ဒါတွေကို မြင်လို့ တရုတ်ကလေးက
တဟားဟားရယ်ပြီး ပြစ်တင်နေတာ။ ရှုံ့ချနေတာ။ ဟားတိုက်ပွဲဆင်နေတာပါ။
အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေထဲမှာ ဒီလိုဟားတိုက်ပွဲကလည်း တစ်ခုအပါအဝင် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုကြရမှာပါ။ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရှင်တွေက နေပြည်တော်မှာသာရှိတာ မဟုတ်ဘူး။ အစိုးရဌာနတိုင်းမှာလည်း အာဏာရှင်ပေါက်စတွေရှိတယ်။ မြို့ရွာ
ရပ်ကွက်တိုင်းမှာလည်း အာဏာရှင်ပေါက်စတွေရှိတယ်။ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအသင်း အပင်းတွေမှာတောင် အာဏာရှင်
တပူးရိုင်း တပိုင်းရူးတွေကို ရှောင်မလွတ်နိုင်အောင် တွေ့ နေရတယ်။
ဒီလိုမစင်တွင်းထဲ လောက်ပြည့်နေလို့ ဗောင်းလန်အောင် ပေါနေတဲ့
အာဏာရှင်သကောင့်သားတွေကို မြင်တိုင်းသာ ကြောက်နေကြရရင်လည်း သေဖို့ပဲကောင်းတော့မှာပေါ့။ ဒီတော့ ထောင်ထဲက အာဏာရှင် ပိစိကွေးတွေကို ဟားတိုက်သွားတဲ့ တရုတ်ကလေးနည်းကိုယူပြီး ကျွန်တော်တို့အားလုံး အာဏာရှင်မှန်သမျှ အမြီးမထောင်ဝံ့အောင်၊ နားရွက်မခတ်ဝံ့အောင် ဟားတိုက်ပွဲ ဆင်ကြရင်ကောင်းမလားလို့ အတွေးပေါက်မိတယ်။
ကျွန်တော့်မိတ်ဆွေ ရဲဘော်တွေထဲမှာလည်း တရုတ်ကလေးလို လူတွေ ရှိပါတယ်။ ကောက်ခါငင်ခါ ပြောပြရရင် ကိုမိုးသူလို လူမျိုးပေါ့။ ကိုမိုးသူက ဒီချုပ်အဖွဲ့ စကတည်းက ဗဟိုကော်မတီဝင်အဖြစ် ပါဝင်လာခဲ့တယ်။ ပါတီမှာ
သူ့ခြေသူ့လက်ချည်းပဲလို့ ပြောရလောက်အောင် တွင်ကျယ်ပေါက်ရောက်ခဲ့တယ်။ မတွင်ကျယ်ဘဲ ဘယ်နေပါ့မလဲ။ သူက တဟားဟားနဲ့ လူတိုင်းနဲ့စကားပေါက်ခဲ့တဲ့သူကိုး။
ဒါ့အပြင် အာဏာရှင် ပေါက်စတွေနဲ့ တွေ့တဲ့အခါလည်း တဟားဟား လုပ်ပစ်လို့ နာနာဘာဝ ဝိနာဘာဝ ကြီးငယ်တွေ နဝေတိမ်တောင်ဖြစ်သွားခဲ့ရတာ နည်းမှတ်လို့။ ထောင်ထဲရောက်၊ စစ်ကြောရေးတွေ့၊ ကြိုးတိုက်ဝင်။ ဒါတောင် တဟားဟားနဲ့။ ထောင်အာဏာရှင် ပိစိကွေးတွေ “ကွေး”ကုန်တာ
နည်းရော့လား။
ကိုမိုးသူ ဟားတိုက်သံတွေကို နားထောင်ရင်း ကျွန်တော် ကဗျာတစ်ပုဒ် ရေးဘူးတယ်။
အာဏာရှင် တပူးရိုင်းတွေ
ဟားဟားသံ ဝိုင်းဝိုင်းပတ်တော့
အရူးမီးဝိုင်း ဇာတ်ခင်းကြ
ငိုချင်း ချလိုချ ဘီလူးကြိမ်း ကြိမ်းလိုကြိမ်း
ဟိန်းလိုက် ဟောက်လိုက်
ကြိမ်းလိုက် ငေါက်လိုက်
ကြောက်မယ်ထင်သလား။
ဟားဟား ဟားဟား
ဟား ဟား ဟား။
တရုတ်ကလေးလို လူတွေ၊ ကိုမိုးသူလိုလူတွေ တပ်ရင်းတစ်ရင်းစာ
လောက်သာ စုလို့ရရင် ဟားတိုက်ပွဲ ကောင်းကောင်းဆင်နိုင်မယ်။ စစ်အာဏာရှင် ဆိုတာမျိုးတွေ ရူးကုန်နိုင်တယ်။ ဝတ်အသင်းတစ်သင်းစာလောက် စုလို့ ရရင် ဟားတိုက်ပွဲ ကောင်းကောင်းဆင်နိုင်မယ်။ ကြံ့ဖွံ့ဆိုတာမျိုးတွေ ဝလချည်းလည်ကုန်နိုင်တယ်။
ထောင်ထဲသွင်းသွင်း၊ စစ်ကြောရေးခေါ်ခေါ်၊ စစ်ခွေးပို့ပို့ မကြောက်တမ်း၊ မဆုတ်တမ်း၊ လူတိုင်းက ဟားတိုက်ပွဲ ဆင်ဝံ့ကြရင် ကျွန်တော်တို့နိုင်ငံကြီး အာဏာရှင် ကင်းမဲ့ဇုန်ဖြစ်နိုင်လောက်ပေရဲ့။
(ဟံသာဝတီ ဦးဝင်းတင်၊ ဘာလဲဟဲ့... လူ့ငရဲ ပီဒီအက်ဖ် စာမျက်နှာ ၄၅ - ၇၀)
စာရိုက် - ငနော့
Comments
Post a Comment