ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်
ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်)
ဟံသာဝတီ ဦးဝင်းတင်
ခုတခါ ကျနော် စာရိုက်တင်ပေးဖို့ ရွေးချယ်လိုက်တဲ့ စာအုပ်က ဝါရင့်နိုင်ငံရေးသမားနဲ့ သတင်းစာဆရာကြီး ”ဟံသာဝတီ ဦးဝင်းတင်” ရဲ့ ”ဘာလဲဟဲ့... လူ့ငရဲ” စာအုပ်ဖြစ်ပါတယ်။ စာအုပ်မှာ အခန်း ၁၀ ခန်း၊ စာမျက်နှာ ၃၁၈ မျက်နှာ ပါရှိတာကို ကျနော့်ထုံးစံအတိုင်း အပိုင်းတွေ ခွဲပြီး တင်ပေးသွားပါမယ်။ တပိုင်းလျှင် စာအုပ်ပါ အခန်းတခန်းပြီးအောင် ရိုက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ (အခန်းတခုက စာရှည်လို့ ဖေ့စ်ဘုတ်ပို့စ်ရဲ့ စာလုံးရေ ကန့်သတ်ချက် character limit ထက် ကျော်နေရင် အဲသည်အခန်းကို ပို့စ်နှစ်ခု ခွဲပါမယ်။)
ယခု မိတ်ဆက်အဖြစ် စာအုပ်ရှေ့ပိုင်းက အမှာစာတွေ၊ စာရေးသူရဲ့ အတ္ထုပ္ပတ္တိနဲ့ မာတိကာတို့ကို တင်ဆက်လိုက်ပါတယ်။
ငနော့
◾
၁၂ - ၃ - ၂ဝ၁ဝ နေ့တွင်
ကျရောက်သော
အသက် ၈ဝ ပြည့် မွေးနေ့
အထိမ်းအမှတ်အဖြစ်
ထုတ်ဝေသည်။
DVB
Democratic Voice Of Burma
PO Box 6720
ST. Olavs Plass
N-0130 Oslo
NORWAY
◾
ပုံနှိပ်မှတ်တမ်း
စီစဉ်သူ
ကျော်သက်မင်း(DVB)
ထုတ်ဝေသူ
ဒီမိုကရက်တစ်မြန်မာ့အသံ
ဖြန့်ချိရေး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(မြန်မာနိုင်ငံ)
မျက်နှာဖုံးနှင့်အတွင်းပုံနှိပ်
ပုံနှိပ်တိုက်
ဘန်ကောက်၊
ထိုင်းနိုင်ငံ
မျက်နှာဖုံးဒီဇိုင်း
88 DAWN
ကွန်ပျူတာစာစီ
ဥမ္မာနိုင်(DVB)
ထုတ်ဝေသည့်အကြိမ်
ပထမအကြိမ်
၂ဝ၁ဝ ခုနှစ်
အုပ်ရေ
-
တန်ဖိုး
-
◾
ဘာလဲဟဲ့... လူ့ငရဲ
ဟံသာဝတီ ဦးဝင်းတင်
ဖြန့်ချိရေး
AAPP
Assistance Association for Political Prisoners
(Burma)
P.O Box 93
MAESOT, Tak Province 63110, THAILAND
◾
လူ့ငရဲထောင်ပြန် စာရေးသူရဲ့ ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား
ဒီနေ့ ၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်။
ကျွန်တော် အသက် ၈ဝ ပြည့်တယ်ဗျာ။ အသက် ၈၀ ဆိုတာ အတော်ကြီး ကြီးလွန်းပြီဗျ။ သင်္ချိုင်းမီးသင်္ဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေးတော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြော
မနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်းသိတယ်။ မီးသင်္ဂြိုလ်စက် မဝေးတော့တာလည်း သိတယ်။ ရှင်ချိန်နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း
သိတယ်။ အဲဒါတွေ သိတာထက် ပိုသိတာက လုပ်စရာတွေအများကြီး ရှိသေးတယ် ဆိုတာနဲ့ လုပ်စရာတွေကို လုပ်နိုင်သမျှ အများကြီး လုပ်သွားရဦးမယ် ဆိုတာပါပဲ။
ဒါက ဒီစာစောင်မှာ အဓိကပြောချင်တဲ့အချက်ပါ။ ဘာကြောင့်လုပ်စရာတွေ အများကြီးရှိနေရတာလဲ။ အများကြီးရှိနေမှာပေါ့ဗျ။ မရှိဘဲနေပါ့မလား။ ကျွန်တော်တို့
လို သေတွင်းသေဝရောက်နေတဲ့ လူတွေအပါအဝင် တိုင်းပြည်ရဲ့ လူငယ်လူရွယ် သွေးသစ် ဉာဏ်သစ် အားသစ်မာန်သစ်တွေကို စစ်အာဏာရှင်တွေက ဆယ်နှစ်
ဆယ်မိုး၊ နှစ်ဆယ်နှစ် နှစ်ဆယ်မိုး၊ ခြောက်ဆယ့်ငါးနှစ် ခြောက်ဆယ့်ငါးမိုး ဆိုတာမျိုးကနေ တစ်ရာကျော် နှစ်ရာကျော်မိုး ဆိုတာမျိုးတွေအထိ ထောင် သို့မဟုတ် လူ့ငရဲ... လူလုပ်တဲ့ငရဲ လူဖန်တီးတဲ့ငရဲဆိုတဲ့ ဘုံဆိုး ဘဝဆိုး အဖြစ်ဆိုး အိပ်မက်ဆိုး လောကထဲ ပို့နေ၊ ပို့ထားခဲ့တာကိုး။
ဒီတော့ လူငယ်တွေ လူလတ်တွေ၊ လူကြီးတွေ၊ သေခါနီးတွေအဖို့ လုပ်စရာတွေ အများကြီးကျန်နေတော့တာပေါ့။ ဆန်းသလားလို့ မေးနေစရာလိုဦးမလားဗျာ။
ဒါကြောင့် ကျွန်တော်တို့ ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမယ်။ ဆက်ရုန်းကန်ရဦးမယ်။ ဆက်ဦးတည်ရဦးမယ်။ ဆက်တာဝန်ထမ်းဆောင်ရဦးမယ်။ ကျွန်တော် နားလည်သလို ကျွန်တော့်စကားနဲ့ တိုတိုပဲပြောရရင် ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်ရဦးမယ်။ တမျှော်တခေါ် ခရီးကြမ်းကြီး။ ဧရာမ ဝန်ထုပ် ဝန်ပိုးကြီး။ ရင်မော စိတ်ပန်း နှစ်ကာလရှည်ကြီးဗျို့။
တကယ်တော့ ခေတ်ဝန်ကိုထမ်းကြရမှာက တစ်ပြည်ထောင်လုံးက လူထုကြီး တစ်ရပ်လုံးပါပဲ။ တစ်ပြည်လုံးကို ထောင်ချထားတော့ တစ်ပြည်လုံးက လူထုကြီး
တစ်ရပ်လုံးအဖို့ လုပ်စရာတွေ ခေတ်ဝန်တွေ တစ်ပုံတစ်ပင်ကြီး ကျန်နေတော့တာပေါ့။ ဆက်လျှောက်ရမယ့် ခေတ်လမ်းကြီးကလည်း တမျှော်တခေါ်ကြီး အရှည်အဝေးကြီး ကျန်နေတော့တာပေါ့။
တစ်ပြည်လုံးကို ထောင်ချထားတာကလည်း ဆယ်စုနှစ်တွေနဲ့ချီပြီး အကြာကြီး ကြာညောင်းခဲ့ပြီလေ။ ဒီလိုဆိုတော့ လူထုတွေကြားမှာ ထောင်ဆိုရင် ကြောက်ရမလိုလို ရွံ့ရမလိုလို ဖြုံတုံတုံစိတ်တွေ ပလုံစီနေပြီလားလို့ ထင်စရာရှိလာတယ်။ မဟုတ်ပါဘူး။ တကယ်တော့ လူထုကြီးက မကြောက်ပါဘူး။ မဖြုံပါဘူး။ ကြောက်ပြေးတွေဟောတဲ့ ထောင်ကြောက်တရားတွေကို နားယောင်ပြီး လက်သီး မဆုပ်ဝံ့သလို၊ လက်မ မထောင်ဝံ့သလို၊ လက်မောင်း မမြှောက်ဝံ့သလို၊ လက်ရုံးမတန်းဝံ့သလို ဖြစ်နေကြတာပါ။
ကြောက်ပြေးတွေ၊ ကြောက်ပွဲစားတွေ၊ ကြောက်မှောင်ခိုတွေက ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး။ ထောင်ကျတဲ့ လှုပ်ရှားမှုမလုပ်ဘူးတို့ဆိုတဲ့ ထောင်ကြောက်တရား
တွေဟောနေတယ်။ ထောင်ကျခံတာ ဘာမှအကျိုးမရှိဘူးလို့ဆိုတဲ့ ထောင်ရွံ့တရားတွေ ဟောနေတယ်။
ဒီလို ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ကျခံရသူတွေ၊ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုး
အတွက် ထောင်ကျခဲ့ရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင် စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခဲ့ရသူတွေ၊ တော်လှန်ရေးတွေ၊ အရေး
တော်ပုံတွေ၊ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို
ရှုတ်ချတာပဲ။ စော်ကားတာပဲ။
ဒီလို ထောင်ကြောက်တရားတွေဟာ ဆရာတော်ဦးဝိစာရ ဂဠုန်ဆရာစံ၊ သခင်အောင်ဆန်းတို့အစ၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့ အဆုံး
ထောင်ထဲသေ၊ ထောင်ထဲငတ်၊ ထောင်ထဲဘဝဇာတ်သိမ်း၊ ထောင်ထဲ ဘဝပျက်ခဲ့ရသူတွေ အသင်္ချေအနန္တရဲ့ သမိုင်းမော်ကွန်းကို ပြက်ရယ်ပြုတာပဲ။
ဒီလို ထောင်ကြောက်တရားတွေဟာ ၁၃၀၀ပြည့် အရေးတော်ပုံကာလ၊ ခွန်နစ်ခွန်နစ်(ဆဲဗင်းဂျူလိုင်) အရေးတော်ပုံကာလ၊ ရှစ်လေးလုံးအရေးတော်ပုံ
ကာလတွေကတည်းက ဒီနေ့ ဒီရက် နက်ဖြန်များစွာတိုင်အောင် အဟုန်မပျက် အရှိန်ဆက်နေတဲ့ တော်လှန်ရေးစိတ်ဓာတ် ဇွဲမာန်တွေနဲ့ မနေ့က ထောင်ထဲဝင်ခဲ့တဲ့သူတွေ၊ ဒီနေ့ ထောင်ထဲဝင်နေတဲ့သူတွေ၊ မနက်ဖြန်ထောင်ထဲဝင်ဖို့ဟန် တပြင်ပြင်ဖြစ်နေသူတွေရဲ့ နိုင်ငံရေးမျိုးဆက်ရေးစီးကြောင်းကြီးကို ဟန့်တားပိတ်ဆို့တာလည်းဖြစ်ပါတယ်။
ရှင်းရှင်းပြောရရင် အဲဒီကြောက်ပွဲစားတွေရဲ့ ထောင်ကြောက်တရားတွေဟာ သူတို့ရဲ့ ဆရာသခင် အာဏာရှင်တွေရဲ့ အပြုတ်တိုက်လမ်းစဉ်ကို ပဲ့တင်ထပ်တဲ့၊
သံယောင်လိုက်တဲ့ တရားတွေပါပဲ။ အပြုတ်ခြောက်တဲ့ ရုတ်ဘလောက် (Road Block)
တရားတွေပါပဲ။
ဒီလိုမျိုး ထောင်ကြောက်တရားတွေကို ကျွန်တော်တို့ လက်သင့်လည်း မခံဘူး။ နားသင့်လည်းမခံဘူး။
နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးခေတ်၊ ဖတ်ဆစ်တိုက်ဖျက်ရေးခေတ်၊ လွတ်လပ်ရေးတိုက်ပွဲခေတ်၊ တစ်ပါတီအာဏာရှင်စနစ် တွန်းလှန်ရေးခေတ်၊ ဒုတိယလွတ်လပ်ရေး ကြိုးပမ်းမှုခေတ်၊ စစ်အာဏာရှင်စနစ် ဖြိုလှဲရေးခေတ် စတဲ့ သမိုင်းစဉ်ဆက် မျိုးဆက်အသီးသီးရဲ့ ဘဝတွေကို ပြန်ကြည့်ပါ။
ကိုလိုနီအစိုးရတွေ၊ ဖက်ဆစ်ကင်ပေတိုင်တွေ၊ အာဏာရှင်အကြမ်းဖက်သမားတွေဟာ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းသတ်စခန်းတွေ၊ စစ်ကြောရေး ညှဉ်းဆဲစခန်းတွေ၊ ထောင်တန်းအဓမ္မ အလုပ်စခန်းတွေ ဆိုတာတွေနဲ့
မာန်ချိုး မျိုးဖြုတ် နုတ်နုတ်စင်းခဲ့တယ်။
လူထုတွေ ကြောက်သွေးဖျန်းခဲ့သလား။ လူငယ်တွေ ကြောက်ကျောချမ်းခဲ့သလား။ သမိုင်းခြေရာ ပြန်ကောက်ပါ။ သမိုင်းရင်ခုန်သံ ပြန်ကြားပါ။ သမိုင်းသွေးနံ့၊ ချွေးနံ့ ပြန်ရှူပါ။ သမိုင်းဇာတ်ထုပ် ပြန်ကြည့်ပါ။
သမိုင်းက ဘယ်လိုကြုံးဝါးခဲ့သလဲ။
အမေကမွေး ထောင်ကကျွေးသတဲ့။
အဖေကဆင် ထောင်ကသင်သတဲ့။
လူထုတွေ ကြားကြလော့ သိကြလော့။
လူငယ်တွေ ကြားကြလော့ သိကြလော့။
ထောင်ကြောက်တရားတွေ စကားတွေ၊ အသံတွေဟာ သမိုင်းစကား မဟုတ်ဘူး။ သစ္စာပြယ်တွေ၊ သစ္စာပျက်တွေ၊ သစ္စာပြောင်းတွေ၊ သစ္စာဖျောက်တွေ၊ သစ္စာဖောက်တွေရဲ့တေးသံတွေ၊ တီးတိုးစကားတွေသာ ဖြစ်တယ်ဆိုတာ ကောင်းကောင်း သိဖို့လိုတယ်။ ကောင်းကောင်းနားလည်ဖို့လိုတယ်။ ကောင်းကောင်း သဘောပေါက်ဖို့ လိုတယ်။
အဲဒီလို ထောင်ကြောက်တရား အသံထုတ်လွှင့်ခဲ့တဲ့၊ ထောင်ကြောက်တရား စကားပြောခဲ့တဲ့သူတွေဟာ ဘယ်သမိုင်း ဘယ်ခေတ်ကာလမှာမှ သမိုင်းထဲက လူထုတွေ၊ လူငယ်တွေကို ပြူးလည်းမကြည့်နိုင်ဘူး။ ပြဲလည်းမကြည့်နိုင်ဘူး။ ပြောင်လည်း
မကြည့်နိုင်ဘူး။ ပြုံးကြည့်နိုင်ဖို့ဆိုတာတော့ ဝေးပါသေးရဲ့။ ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ဆိုတဲ့ ရှေးပညာရှိ၊ ရှေးလူကြီးတွေရဲ့ စကားကို ကြားဖူးရဲ့ မဟုတ်လား။
ထောင်ဒုက္ခတွေ၊ ထောင်ဒေါမနဿတွေ၊ ထောင်ပရိဝေဒတွေ၊ ထောင်သောကဗျာပါဒတွေ၊ ထောင်မုဒိတာတွေ၊ ထောင်ဇွဲမာန် သန္နိဌာန်တွေ၊ ထောင်တိုက်ပွဲတွေ၊ ထောင်နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ထောင်အသိအတတ်ပညာတွေ၊
ထောင်ဉာဏ်၊ ထောင်ဈာဉ်တွေ၊ ထောင်ပကတိ၊ ထောင်ဥပဓိ၊ ထောင်ယုတ္တိ၊ ထောင်သတ္တိ ဗျတ္တိ၊ ထောင် အတ္ထုပ္ပတ္တိတွေ စတဲ့ ထောင်ဇာတ်မြူး၊ ထောင်လွမ်းခန်း၊ ထောင်ပြက်လုံး၊ ထောင်ငိုချင်းတွေကို ကျွန်တော် ဆယ်စုနှစ် နှစ်စုလောက် ကြုံခဲ့ ကြားခဲ့ပါတယ်။
ဒီစာစုမှာ ကျွန်တော် ဗုဒ္ဓဘာသာ ဗြဟ္မစိုရ်တရားတွေကို မြဲမြဲလက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။ ခရစ်ယာန် ဝမ်းမြောက်ခြင်း တရားကိုမြဲမြဲလက်ကိုင်
ထားပြီး ပြန်ပြောပြပါတယ်။ ကုလသမဂ္ဂလူ့ အခွင့်အရေး ကြေညာစာတမ်းတရားကို
မြဲမြဲလက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။
ဒီထောင်ဥပဓိ၊ ထောင်အတ္ထုပ္ပတ္တိတွေဟာ ကျယ်ကျယ်လောင်လောင်ကြီး မြည်ဟည်းဟိန်းဟောက် ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
ကျွန်တော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်။ ထောက်လှမ်းစစ်ကြောရေး လက်ချက်နဲ့ သွားတွေ အားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့ မြုံခဲ့ရတယ်။ အဲဒီလိုနေခဲ့ရတာ ရှစ်နှစ်တိတိ
ကြာတယ်။ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ် ရောဂါစွဲခဲ့ရတယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံး ခွဲစိတ်ကုသခွင့်မပေး။ ဆေးရုံမတင် ဖြစ်ချင်ရာ ဖြစ် ပစ်ထားခံခဲ့ရတယ်။ နောက်ဆုံး ခွဲစိတ်တော့ နောက်ကျလွန်းနေပြီ။ အူတွေပူးကပ် ကျပ်ညပ်ဖြစ်နေပြီ။ အာရုံကြောတွေနဲ့ ထွေးရောယှက်တင် ဖြစ်ကုန်ပြီ။ ခွဲစိတ်ဒဏ်ကြောင့် ပေါင်တစ်ဖက် နာကျင်ကိုက်ခဲ အမြဲဖြစ်နေရပြီ။ မွေးရာပါပစ္စည်းတစ်ခုဆုံးပါး
ခဲ့ရပြီ။ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသမှုမပေးခဲ့လို့ အခုဒီရောဂါက သေရွာပို့အဆင့် ရောက်နေရပြီ။
နှစ်နှစ်ဆယ်ပြည့်လုနီးပါးလုံးလုံး ကျွန်တော့်ကို တိုက်ပိတ်ထားခဲ့တယ်။ အခြား နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ်အကျဉ်းသားတွေနဲ့သာမက ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့ အသာထား လှမ်းအော်ရင်တောင် မကြားရအောင် ကျွန်တော်နဲ့ တခြား လူနေအခန်းတွေကြားမှာ
အနည်းဆုံး သုံးခန်းလေးခန်း(သုံးဆယ့်နှစ်ပေ-လေးဆယ့် ရှစ်ပေ) ခြားထားခဲ့တယ်။
နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့ အဟောသိကံ ကာလရှည်ကြီးက ကျွန်တော့်ရဲ့ဘဝ နေဝင်ချိန် လူစင်မီမှုကို ကိုက်ဖဲ့ဝါးမျိုသွားတယ်။ စာအုပ်မဖတ်ရ။ လူသူ မတွေ့ရ။
စကားမပြောရ။ လှုပ်ရှားသွားလာ မလုပ်ရ။ ဝါသနာအလုပ်တွေ၊ (ပန်းချီ၊ ဂီတ၊ စာဖတ်စာရေး၊ အိမ်မျှော်)တွေဆုံးရှုံးရ။
တိုတိုပြောရရင် ကျွန်တော့်ရဲ့ လူ့ သက်တမ်းထဲက လေးပုံတစ်ပုံလောက်ကို နင်းချေဖျက်ချေ အမှုန့်ချေ ရေမျှောပစ်ခဲ့တယ်ဗျာ။ နှမြောလိုက်တာ။ နှမြောလိုက်တာ။ အသည်းနာပါရဲ့။ နှလုံးနာပါရဲ့။ စိတ်နာပါရဲ့။
ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီးကို အော်ဟစ်တိုင်တည်လိုက်ချင်တယ်။
အသက်ရှစ်ဆယ်မှာ ကျွန်တော်နေစရာအိမ်မရှိဘူး။ သုံးစရာငွေမရှိဘူး။ တွေးစရာ ခေါင်းမရှိဘူး။ အကြံမဲ့ ဉာဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီ။ လှုပ်စရာအားမရှိဘူး။ ရောဂါတစ်သီတစ်တန်းနဲ့ အိုနာကျိုးကန်း ဖြစ်နေပြီ။ ခိုစရာ ကွန်းမရှိဘူး။
ကျောင်းကန်ဘုရား၊ ဆွေအိမ်မျိုးအိမ် မိတ်ဆွေသူငယ်ချင်းအိမ်၊ ဥယျာဉ်ပန်းခြံ၊ ရုံးပြင်ကနား၊ ဈေးကျောင်း၊ ပြခန်း၊ ဆေးရုံ၊ သုသာန်တွေကိုတောင် စိတ်လွတ်လူလွတ်
သွားလာဝင်ထွက်လုပ်လို့မရဘူး။ သွားလို့မရဘူး။ သတင်းထောက်လှမ်းရေးတပ်သားတွေ၊ မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံး တန်းလန်း။
လူ့ဘဝအရသာတွေ၊ လူသားလွတ်လပ်ခွင့်တွေ၊ နိုင်ငံသားလှုပ်ရှားခွင့်တွေ၊ ရိုးရာဓလေ့ ပေါင်းသင်းဆက်ဆံမှုတွေ၊ သတင်းသမား ရေးသားခွင့်တွေ၊ နိုင်ငံရေးသမား ထုတ်ဖော်ခွင့်တွေ ကုန်းကောက်စရာမရှိလောက်အောင် ပျောက်ဆုံးကုန်ပြီ။
ကျွန်တော် ထောင်ထဲကထွက်လာခဲ့တယ်။ အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေရပြန်ပါပကောလား။ ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ်
ပေါ့လေ။
ကျွန်တော်တို့ ကြောက်ရမှာက အင်းစိန်တွေ၊ ပူတာအိုတွေ၊ ခန္တီးတွေ၊ ကျိုင်းတုံတွေ၊ ကော့သောင်းတွေ မဟုတ်ပါဘူး။ တစ်ပြည်လုံးထောင်ကျတာကိုသာ ကြောက်ရမှာဖြစ်ပါတယ်။ တစ်ပြည်လုံး ထောင်ပွဲ ဆင်နွှဲရမယ့်လက်နက်က ထောင်မကြောက်တရား ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို အာခံအံတုတဲ့ ထောင်မကြောက်တရား လက်နက် ဖြစ်ပါတယ်။
အဲဒီလက်နက်ကို ကျွန်တော် ကိုင်စွဲထားပါတယ်။ ကိုင်စွဲနေပါတယ်။ ထောင်အသေးကို လုံးဝမကြောက်ဘဲ ထောင်အကြီးကိုဖြိုဖို့ ကျွန်တော် အားထုတ်နေပါတယ်။ တိုက်ပွဲဝင်နေပါတယ်။
ကျွန်တော်တစ်ယောက် အကြံတုံး၊ ဉာဏ်တုံး၊ နလပိန်တုံးလောက်နီးနီး
အဖြစ်နဲ့ ဘဝနေဝင်ချိန် ခရီးဆုံးကို လျှောက်နေရပြီ။
လူ့ငရဲထောင်ပြန်ထောင်ထွက်တစ်ယောက်အနေနဲ့ ဘဝလမ်းမှာ ခြေဗလာ လက်ဗလာ ဖြူခါပြာကာကျသလို ဖြစ်နေရပြီ။ ဒါပေမဲ့ ရင်ထဲ ခေါင်းထဲ စိတ်ထဲ နှလုံးထဲမှာ မီးဟုန်းဟုန်းတောက်နေတဲ့ မာန်စွယ်ကတော့ မကျိုးသေးဘူး။ ဒီမာန်တွေနဲ့ပဲ အံကြိတ်အားတင်းပြီး မသေခင် နောက်ဆုံးခရီးကြမ်းကို လှမ်းနေတာပဲ။ ဒီမာန်အားနဲ့ ခေတ်ဝန်ကို ဆက်ထမ်းသွားဦးမယ်။ ဒီမာန်အားနဲ့ ခေတ်လမ်းကို ဆက်
လျှောက်သွားဦးမယ်။
အိုမင်းမစွမ်းဆိုတာ အိုရင်မင်းမစွမ်းတော့ဘူးဆိုတာကွဲ့လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောဘူးတယ်တဲ့။ ဝါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ ပြောလေ့ရှိတယ်။
ဟုတ်ကဲ့။ ကျွန်တော် အိုပါပြီ။ မစွမ်းတော့ပါဘူး။ ဒါပေမဲ့ မာန်တော့ မလျှော့ပါဘူး။ မာန မပါးပါဘူး၊ အားမလျှော့ပါဘူး။ စိတ်မပျော့ပါဘူး။ စွမ်းသေးသမျှ အတိုင်းအဆနဲ့ ခေတ်ကိုအလုပ်အကျွေးပြုသွားဦးမယ်။ လူ့ဘောင်လောကရဲ့ အစေအစားခံသွားဦးမယ်။ အဖွဲ့အစည်း၊ အပေါင်းအသင်းတာဝန်တွေကို ကျိုးနွံ ထမ်းရွက်သွားဦးမယ်။
ကဗျာဆရာကြီးတင်မိုးရဲ့ ကဗျာထဲကလို ဆေးလိပ်တိုမှန်း ကျွန်တော် သိနေပါတယ်။ နေညိုချိန်မှန်း ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ငါ့ကိုပြန်ပို့ ကြပါလေလို့
မရေရွတ်အားသေးဘူးဗျာ။
ကွင်းညီချင်ညီ၊ မညီချင်နေ ကျွန်တော် ကွင်းထဲမှာ ကစားဦးမယ်။ ကစားဖို့ တာဝန်ရှိသေးတယ်လို့ ထင်သဗျာ။
အမြစ်ပဲပွားပွား၊ ပင်စည်ပဲထွားထွား၊ အာဏာရှင်စနစ် အဆိပ်သစ်ပင်ကြီးကို
အရွက်ချွေ၊ အကိုင်းခုတ်ပြီး သစ်ငုတ်တို လုပ်ပစ်ရဦးမယ်။ အဲဒါတွေလုပ်ဖို့ တာဝန်ကျန်
နေသေးတယ်လို့ထင်သဗျာ။
ဒါတွေဟာ ကျွန်တော့်ရဲ့ သေတွင်းသေဝ သုသာန် တစပြင်က ရင်ဖွင့်သံ၊ အော်ဟစ်သံ၊ ကြုံးဝါးသံပဲ။ ကြားကြရရဲ့လား။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီအသံတွေဟာ ကျယ်လောင်မြည်ဟိန်းလိမ့်မယ်လို့ ထင်မိတယ်။ မကျယ်မဟိန်းတောင်
လူတိုင်းသဲ့သဲ့တော့ ကြားကြရလိမ့်မယ်လို့ ထင်မိတယ်။
ကြားရတယ်၊ ကြားကြတယ်ဆိုရင် စကားလက်ဆင့်ကမ်းကြပါဘိလို့ ပန်ကြားပါတယ် ခင်ဗျား။
ဒီစာစုကို အလွန်ရိုကျိုး နှိမ့်ချစွာရေးပါတယ်။ ထောင်အကြောင်း ကျွန်တော် များများမသိခဲ့ပါဘူး။ နှစ်နှစ်ဆယ်နီးပါး တစ်ကောင်ကြွက်လို တိုက်ပိတ်ခံနေခဲ့ရလို့ ထောင်အကြောင်း ကျွန်တော်ကောင်းကောင်းမသိခဲ့ရပါ။
ထောင်ဆိုတာ နိုင်ငံရေးသမားကို ထုသားပေသားရအောင် မီးသားတင်ပေးတဲ့ နေရာဟေ့။ ထောင်ဆိုတာ လူတွေ(နိုင်ငံရေးသမားသာမဟုတ်။ သာမန်အကျဉ်းသား
တွေပါ)ကို လူသားချင်းစာနာစိတ်ကင်းအောင် လုပ်တဲ့နေရာဟေ့၊ ငါလူသား တစ်ယောက်ပါလားဆိုတဲ့ စိတ်ထားပျက်ပြားအောင် လုပ်တဲ့နေရာ ဟေ့၊ ဘယ်ဘဝ ရောက်ရောက် လူမဆန်တဲ့ ကြီးနိုင်ငယ်ညှဉ်းမှု၊ နှိပ်စက်ကလူမှု၊ ဗိုလ်ကျစိုးမိုးမှု၊ အဓမ္မမှု၊ သွေးခွဲဖိနှိပ်မှု၊ အာဏာပြချုပ်ချယ်မှုတွေ ထင်ရာစိုင်းတဲ့နေရာဟေ့။ အကြောက်
တရားသွင်းတဲ့နေရာဟေ့။ ကိုယ်ကျင့်သိက္ခာ ခိုင်ခိုင်မာမာနဲ့ ငုံ့မခံတဲ့လူသားစိတ်ကို ကျိုးပဲ့ကျေမွအောင် လုပ်တဲ့နေရာဟေ့။
ဒီလို ကြွေးကြော်သံကို ကြွေးကြော်ရမှန်းလောက်တော့ ကျွန်တော် သိခဲ့ရပါတယ်။ အဲဒီအသိကို လူတိုင်းသိအောင် လှုံ့ဆော်ရကောင်းမှန်းတော့ ကျွန်တော် သိခဲ့ပါတယ်။
တစ်ပြည်လုံး တစ်မျိုးလုံး ထောင်ချထားတာကို ဆန့်ကျင်ရကောင်းမှန်း ကျွန်တော် သိခဲ့ပါတယ်။ လူချင်းအကြား၊ လူမျိုးချင်းအကြား၊ ဘဝချင်းအကြားတွေမှာ အကျဉ်းထောင်တွေရဲ့ အုတ်တံတိုင်းလိုမျိုးတွေ ခြားကန့်ကာရံထားနေတာတွေကို
ဖြိုချဖို့ အားထုတ်ရကောင်းမှန်း ကျွန်တော်သိခဲ့ပါတယ်။ လူတွေရဲ့ စိတ်နှလုံးထဲမှာ စိမ့်ဝင်ဝါးမျို၊ ကိန်းအောင်းဖိစီးနေတဲ့ ထောင်ကျင့်ထောင် ကြံစိတ်ထားတွေ၊ ထောင်ကြောက်၊ ထောင်ခြောက်စိတ်ထားတွေကို ချေဖျက်ဖယ်ရှားဖို့ ကြိုးစားရကောင်းမှန်း
ကျွန်တော်သိခဲ့ပါတယ်။
ဒီအသိ၊ ဒီအမြင်တွေနဲ့ ဒီစာစုကို ကျွန်တော်ရေးပါတယ်။ ထောင်ဆိုတာ ဒါပဲဟဲ့ဆိုတဲ့ ငါတွေ့ ၊ ငါသိ၊ ငါမြင်၊ ငါကြားစိတ် လုံးဝမထားပါ။ ရိုကျိုးနှိမ့်ချတဲ့ စိတ်နဲ့ ရေးပါတယ်။
ထောင်ထဲမှာ အသက်စွန့်ခဲ့တဲ့သူတွေ၊ ထောင်ထဲမှာ ရုန်းကန်လှုပ်ရှားခဲ့သူတွေ၊ ထောင်ထဲမှာ အတိဒုက္ခရောက်ခဲ့ရသူတွေ၊ ထောင်ထဲမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကြီးစွာကြုံတွေ့ပြီး စိတ်ဓာတ်ပြိုကွဲခဲ့ရသူတွေ၊ ကျိုးခဲ့ပဲ့ခဲ့ ပြယ်ခဲ့ ပျက်ခဲ့တဲ့ ထောင်ပြင်ပ
ဘဝကို ခက်ခဲကျပ်တည်းစွာ ကျော်လွှားရုန်းကန် ပြန်လည်ထူထောင်နေရသူတွေ။
အဲဒီလို စွန့်လွှတ်အနစ်နာခံခဲ့သူအားလုံးကို လေးစားဂုဏ်ပြုတဲ့ ဂါရဝ၊ နီဝါတစိတ်ထားတွေနဲ့ ဒီစာစုကို ကျွန်တော် ရေးပါတယ်။
အထူးသဖြင့်ကတော့ နှစ်ငါးဆယ်ကျော် မြန်မာ့သမိုင်းမှာ မှေးမှိန်ရုံမက ပျောက်ကွယ်နေခဲ့တယ်လို့ ဆိုရမလောက် အခြေဆိုးဆိုက်နေတဲ့ ထောင်ဘဝစာပေတွေ၊ အကျဉ်းသားဘဝစာပေတွေ၊ နရသိန်အဖြစ်ဆိုးစာပေတွေရဲ့ ဟင်းလင်းကွက်လပ်မှာ တစ်ဆုပ်တစ်ဖဲ့ ဖြည့်တင်းချင်တဲ့စိတ် အားဖြည့်ချင်တဲ့စိတ်နဲ့ ဒီစာစုကို ကျွန်တော် ရေးပါတယ်။
ဒီလို “လူ့ငရဲစာပေ” ဟင်းလင်းကွက်လပ်ကြီး ဖြစ်ခဲ့ရတာလည်း တစ်ပါတီ အာဏာရှင်စနစ်ယန္တရား၊ စစ်အာဏာရှင်စနစ်ယန္တရားတွေရဲ့ ကြိတ်နင်းဝါးချေမှု
ကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော် ထင်ထင်လင်းလင်းသိပါတယ်။ ကုန်ကုန်ပြောရရင်
ထောင်ဆိုတဲ့ဝေါဟာရကိုတောင် သုံးခွင့်မရတဲ့ကလောင် ချည်တုပ်မှုတွေက အဲဒီကာလတွေမှာ ပေါ်ပေါက်ကြီးစိုးနေခဲ့ပါတယ်။ “ဆိတ်ဖလူးနံ့ သင်းတဲ့နေရာ” တို့၊ “နရသိန်” တို့၊ “မော်စကို” တို့၊ “အင်းစိန်တောရ” တို့၊ “အဝေးတစ်နေရာ” တို့ ဆိုတဲ့ ဝေါဟာရတွေကို
အစားထိုးသုံးစွဲခဲ့ကြရပါတယ်။ ထောင်ကျတာကိုလည်း “ခရီးသွားနေတယ်” တို့၊ “အဝေးရောက်နေတယ်” တို့ ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးရေးသားခဲ့ကြရပါတယ်။
လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ကာလမှာ ဆိုးသွမ်းကြမ်းကြုတ်လှတဲ့ သာယာဝတီထောင်တို့၊ အင်းစိန်ထောင်တို့ သတင်းကြီးခဲ့ပါတယ်။ စစ်အစိုးရ ၁၉၅၈-၆ဝ လက်ထက်မှာ ကိုကိုကျွန်းအကျဉ်းစခန်းကြီး ပေါ်ထွက်ခဲ့ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ်ခေတ်နဲ့ လက်ရှိစစ်အာဏာရှင်စနစ်ခေတ်တွေမှာ ထောင်တိုင်းဟာ အင်းစိန်ထောင်နဲ့ တန်းတူရည်တူ နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ အင်းစိန်
လောက်တော့ ထောင်တိုင်းဆိုးတယ်၊ ကြမ်းတယ်၊ ယုတ်တယ်ဆိုတဲ့ ပြောစမှတ်မျိုး ပေါ်ထွက်ခဲ့တယ်။ ဒီအကျဉ်းစခန်းတွေ၊ ထောင်တွေမှာ လူတိုင်းနီးပါး အကျဉ်းသားဘဝကျရောက်ကြုံတွေ့ခဲ့ရဘူးတယ်။ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေ၊ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေ၊ ဘုန်းကြီးရဟန်းတွေ၊ အမျိုးသမီး
တွေ၊ တိုင်းရင်းသားတွေ၊ အသက်မစေ့လူလားမမြောက်သူတွေ အားလုံးလိုလို အဲဒီ နေရာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ဆုံတွေ့ခဲ့ကြရဘူးကြပါတယ်။ ထောင်ဒဏ် ထောင်
ဒုက္ခ တွေခံစားခဲ့ကြရဘူးပါတယ်။
နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပညာရှင်တွေဟာ ကောင်းကောင်းလှလှ စာရေးတတ်သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ထောင်စာအုပ်တွေ ဟုတ္တိပတ္တိ မထွက်ခဲ့ပါဘူး။ ဦးနုရဲ့ “ရက်စက်ပါပေ့ကွယ်”၊ လူထု ဦးလှရဲ့ “ထောင်နဲ့
လူသား”၊ ဦးသိန်းဖေမြင့်ရဲ့ “ထောင်အတွေ့ အကြုံ” ဝတ္ထုဆောင်းပါးတွေတို့၊
မောင်နေဝင်းရဲ့ “မိုးမြေသိမ့်သိမ့်”၊ ကိုကိုလေးရဲ့ ”ဘာလဲဟဲ့ ကိုကိုးကျွန်း” တို့၊ မောင်ချစ်ရဲ
တို့။ အခြားစာရေးဆရာတစ်ယောက်နှစ်ယောက်တို့ရဲ့ ထောင်အကြောင်း၊ ကိုကိုးကျွန်း
အကြောင်း စာအုပ်တချို့သာ ပေါ်ထွက်ခဲ့ပါတယ်။ ဗန်းမော်တင်အောင်ရဲ့ ကိုကိုးကျွန်း
နိုင်ငံရေးအကျဉ်းသားဘဝ ဝတ္ထုရှည်ကြီးတစ်ပုဒ်ရှိတယ် ကြားဘူးရဲ့။ စုံစမ်းလို့တော့ မရ။ ကျွန်တော် အမှတ်အသားပြုမိသလောက် ရေးရတာပါ။ အပြည့်အစုံတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ထောင်ဘဝအတွေ့ အကြုံနဲ့ ထောင်စာပေရေးဖွဲ့မှုက မြင့်မိုရ်တောင်နဲ့ ဆီးစေ့လို ထုထည်ပမာဏ ကွာခြားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ၁၃၀၀ ပြည့်အရေးတော်ပုံကာလက ထောင်စာပေတစ်အုပ်ထွက်ခဲ့ပါတယ်။ တိုးတက်ရေးသတင်းစာ အယ်ဒီတာ သခင်အုန်းမြင့်
(ဒီစာစုထွက်ချိန်အထိ သက်ရှည်လှုပ်ရှားဆဲရှိနေသူ) တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။
“ထောင့်အရသာ” အမည်ရှိတဲ့ စာအုပ်ဖြစ်ပါတယ်။ ဂျာနယ်ကျော် စာအုပ်တိုက်က ထုတ်ပါတယ်။ အဲဒီအချိန်က တိုင်းသိပြည်သိ ရဲရဲတောက် ထောင်ထွက်သခင်
ခေါင်းဆောင်တွေရဲ့ ရေးသားချက်တွေကို စုပေါင်းထုတ်တာပါ။ သခင်ကိုကိုလေး၊ သခင်စံထွန်းလှ၊ သခင်ဧကြည်၊ သခင်သန်းထွန်း၊ သခင်သင်၊ သခင်မျိုးညွန့်၊
သခင်လှမောင်တို့ ပါဝင်ရေးသားခဲ့ကြပါတယ်။
တည်းဖြတ်သူ သခင်အုန်းမြင့်က “ဤစာအုပ်ကို ဖတ်ရှုရသော ရဲဘော်အပေါင်းတို့သည် ထောင်ထဲသို့ကျလိုစိတ် တဖွားဖွားပေါ်ပေါက်ပါစေသတည်း”လို့
ရေးပါတယ်။
ဒီလိုစာအုပ်တွေဟာ နိုင်ငံရဲ့အရေးအရာ၊ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူလူထုရဲ့ ဒုက္ခသုက္ခတွေကို ဘာနဲ့ရင်းရရင်းရ၊ ဘာတွေပဲစွန့် ရစွန့်ရ၊ ဘယ်လိုပဲလုပ်ရ လုပ်ရ မကြောက်မရွံ့၊ နောက်မတွန့်တဲ့ အာဇာနည်စိတ်နဲ့ ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်းကို လျှောက်ချင်တဲ့ခေတ်လူငယ်တွေရဲ့ အားသစ်မာန်သစ်တွေကို မီးဟုန်း
ဟုန်းတောက်စေနိုင်ခဲ့ပါတယ်။
အဲဒီလို ထောင်စာပေရဲ့ ဩဇာတန်ခိုးတွေကို ရိုကျိုးပူဇော်၊ အားကျလိုက်နာတဲ့
စိတ်ထားစေတနာတွေနဲ့ ဒီထောင်အတွေ့ အကြုံစာစုကို ကျွန်တော် ရေးပါတယ်။
ရှေးခေတ်အခါက ထောင်ရှင်လူထွက်တွေရော၊ ထောင်ကိုရင်လောင်းတွေရော၊
တိုင်းချစ်ပြည်ချစ် မျိုးချစ်တွေပါအားလုံး တစ်ခဲနက် ဟိန်းဟိန်းကျော်အော်ခဲ့တဲ့ ကြွေးကြော်သံ ရှိခဲ့ပါတယ်။ ကြွေးကြော်သံက ဒီလိုပါ။
ထောင်ကြီးထောင်ကြီး ချဲ့ထား၊ ချဲ့ထား။
ထောင်ကို ထောင်ကို မကြောက်၊ မကြောက်။
ဒီကြွေးကြော်သံတွေ။ ဒီကြွေးကြော်သံကပေးတဲ့ တော်လှန်မာန် ဉာဏ် သတ္တိတွေ။ ဒီတော်လှန်မာန် ဉာဏ်သတ္တိတွေရဲ့ စွမ်းအားတွေ။ ဒါတွေအားလုံး ပေါင်းစည်း
ပါဝင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ အမျိုးသားစည်းလုံးညီညွတ်ရေး
တိုက်ပွဲတွေက နယ်ချဲ့ကိုလိုနီကျွန်စနစ်၊ ကျွန်ခေတ်၊ ကျွန်အဖြစ်ဆိုးတွေကို တွန်းလှန် ချေမှုန်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးကြီး၊ အချုပ်အချာ အာဏာပိုင်မှုကြီး၊ ပြည်ထောင်စုကြီးကို တစ်မျိုးသားလုံး တည်ဆောက် ဖန်တီးနိုင်ခဲ့ကြပါတယ်။
ကျွန်တော်လည်း ဒီစာစုကို ရေးသားထုတ်ဝေပြီး အောက်ပါအတိုင်းပဲ ကြွေးကြော်ပါတယ်။ လှုံ့ဆော်ပါတယ်။ တိုက်တွန်းပါတယ်။
ရဲဘော် လုပ်ဖော်၊ လူထု လူငယ်အပေါင်းတို့ ...
စစ်အာဏာရှင် စနစ်ဆိုးရဲ့ လူ့ငရဲကျိန်စာမှ ကျော်နင်းလွတ်မြောက်နိုင်အောင်တိုက်ပွဲဝင်ကြ။
စစ်အာဏာရှင် စနစ်ရိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုစက်ကွင်းမှ ကျော်နင်း လွတ်မြောက်နိုင်အောင် တိုက်ပွဲဝင်ကြ။
ဝင်းတင်
၁၂ မတ်လ၊ ၂၀၁၀
အင်းစိန်ထောင်အနီး
◾
စာရေးသူရဲ့ အတ်ထုပ်ပတ်တိ
၁၉၃ဝ၊ မတ်လ ၁၂ ရက်၊ ၁၂၉၁ခု တပေါင်းလဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့မွေး။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ဇာတိ။
အဖ ဦးပု(ကုန်သည်)၊ အမိ ဒေါ်အမာ။
ရန်ကုန်မြို့၊ လမ်းမတော်မြို့ မအထက်တန်းကျောင်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်စာသင်သား။
၁၉၄၇ ဒဂုန်မဂ္ဂဇင်း ကဗျာစရေး။
၁၉၄၇-၄၈ ကြို့ပင်ကောက်မြို့ အမျိုးသားအထက်တန်းကျောင်း
ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ။
၁၉၄၉ အကျိုးဆောင်ဂျာနယ်၊ သံတော်ဆင့်သတင်းစာ အလုပ်သင်။
၁၉၅၀ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း(စာပေဗိမာန်)
စာပြုလက်ထောက်အယ်ဒီတာ၊ အေအက်ဖ်ပီ ပြင်သစ်သတင်းဌာန အယ်ဒီတာ။
၁၉၅၂ ဝိဇ္ဇာဘွဲ့ ရ။
၁၉၅၅-၅၇ နယ်သာလန်နိုင်ငံ၊ အမ်စတာဒတ်မြို့၊ ဂျမ်ဘာတန် (သမာမိတ္တ) စာအုပ်ကုမ္ပဏီ အယ်ဒီတာ။
၁၉၅၇-၅၈ ကြေးမုံသတင်းစာ အယ်ဒီတာ။
၁၉၅၈-၆ဝ ပြည်သူ့အိုးဝေသတင်းစာ တာဝန်ခံအယ်ဒီတာ။
၁၉၆ဝ-၆၉ ကြေးမုံသတင်းစာ အမှုဆောင်အယ်ဒီတာ။
၁၉၆၂ ခု အပြည်ပြည်ဆိုင်ရာ သတင်းစာဆရာများအဖွဲ့ချုပ် (International Journalists
Organization-IOJ) မြန်မာနိုင်ငံဆိုင်ရာစည်းရုံးရေးမှူး။
၁၉၆၂-၆၄ မြန်မာနိုင်ငံသတင်းစာဆရာအသင်း အတွင်းရေးမှူး၊
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူး။
၁၉၆၉-၇၈ မန္တလေး၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်။
၁၉၇၈ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်။
၁၉၇၈ မန္တလေးတိုင်း အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ။
၁၉၈၈ မြန်မာနိုင်ငံဆိုင်ရာ စာနယ်ဇင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ။
၁၉၈၈ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူများအဖွဲ့ဝင်။
၁၉၈၈-၈၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး။
၁၉၈၉-၂ဝဝ၈ နိုင်ငံရေးအကျဉ်းသား။
၂ဝဝ၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်။
◾
ရရှိခဲ့သောဆုများစာရင်း
(1) In 2001, UNESCO/Guillermo Cano World Press Freedom Prize
(2) In 2001 World Association of Newspapers
(WAN) Golden Pen of Freedom Award
(3) In 2006 Dectember: RSF (Reporters Without Border) Journalist Prize
(4) In 2008 October 8th in Leipzig, Germany
"prize for the freedom and the future of the media" Award
◾
နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့စကား
ဆရာဦးဝင်းတင်ရဲ့ အကျဉ်းထောင်မှလွတ်ပြီး ပထမဆုံးရေးသားသော ဆောင်းပါးတွေကို စုစည်းပြီး “ဘာလဲဟဲ့... လူ့ငရဲ” စာစုအဖြစ် ပုံနှိပ်ထုတ်ဝေမယ်လို့ စပြီးတော့ကြားကတည်းက အတော်စိတ်ဝင်စားပြီး ဖတ်ချင်နေခဲ့တယ်။
ဒီစာအုပ်အတွက် အမှာစာရေးပေးဖို့ ထုတ်ဝေသူတွေက ပြောလာတဲ့အခါ မဝံ့မရဲဖြစ်ခြင်းနဲ့ ဖော်မပြတတ်အောင် ဂုဏ်ယူမိခြင်းတွေ တစ်ပြိုင်တည်း ခံစားလိုက်ရပါတယ်။ ဆောင်းပါးတွေကို ဖတ်လိုက်ရတဲ့အခါ ဆောင်းပါးဆိုတာထက် ကိုယ်တွေ့မှတ်တမ်းတွေ၊ ဘဝနဲ့ရင်းပြီး ရယူခဲ့ရတဲ့ မှတ်တမ်းတွေ ဖြစ်နေတာကို တွေ့ ရပါတယ်။
ဆရာဟာ ဒီဆောင်းပါးတွေကို စကားလုံးနုနုတွေနဲ့ သုံးမထားဘူး။
စကားလုံး အမာတွေနဲ့သာ သုံးထားတာတွေ့ ရတယ်။
ဒီလိုသုံးနှုန်းထားတာဟာ သဘာဝလည်းကျပါတယ်။ ဆရာဖြတ်ခဲ့ရတဲ့ ခရီးကြမ်းကို ပုံဖော်ဖို့ဆိုရင် စကားလုံး နုနုရွရွတွေနဲ့ ဘယ်မှာပုံဖော်လို့ လုံလောက်နိုင်ပါ့မလဲ။
အကျဉ်းထောင်များအတွင်း ညှဉ်းပမ်းနှိပ်စက်မှုခံရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကိုယ်တွေ့မှတ်တမ်းများနဲ့ ဖော်ပြထားတယ်။ စစ်အစိုးရလက်အောက် တရားရေးစနစ်ရဲ့ ညစ်ပတ်မှုတွေ၊ ဝိညာဉ်ကင်းမဲ့နေမှုတွေ၊ အဲဒီတရားရေးစနစ်ကိုယ်တိုင် အနိုင့်အထက်ပြုခြင်း ခံနေရတာတွေကို ဆရာဟာ အချက်အလက် အတိအကျနဲ့ သူ့ဆောင်းပါးတွေမှာ ထောက်ပြထား
တယ်။ စစ်ထောက်လှမ်းရေးတွေရဲ့ လက်သည်းခွံ မခွာရုံတမယ် လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဉာဏ်နီဉာဏ်နက် မျိုးစုံသုံးပြီး အမှုမဖြစ် ဖြစ်အောင် အတင်းအဓမ္မ တည်ဆောက်တာတွေကို ဆရာက သူ့အတွေ့အကြုံတွေကို အခြေခံပြီး ကွက်ကွက်ကွင်းကွင်း ထောက်ပြထားပါတယ်။
နအဖ စစ်အုပ်စုရဲ့ ဒီဆောင်ရွက်မှုတွေဟာ နိုင်ငံရေးသမားတွေကို
နိုင်ငံရေးကို စွန့်လွှတ်သွားအောင်၊ ကြောက်သွားအောင်၊ နိုင်ငံရေးကို ဆက်မလုပ်ရဲအောင် ဦးချိုးပစ်တာ၊ နိုင်ငံရေး နိုးကြားတက်ကြွ လန်းဆန်နေမှုကို အသေသတ်ပစ်တာ ဖြစ်ကြောင်း ဆရာက ပြတ်ပြတ်သားသား ရှုမြင်ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးသမားတွေဟာ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်
အစိုးရရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပါတယ်။
ဘယ်လောက်ဖိနှိပ်မှုတွေကြီးနေပါစေ၊ ဘယ်လောက်ဦးချိုးပစ်ဖို့၊ အသေသတ်ပစ်ဖို့ စစ်အစိုးရဘက်က ကြိုးစားနေပါစေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရင်ထဲက အမှန်တရားကို သေအောင်သတ်ပစ်လို့ မရဘူးဆိုတာ ဆရာအပါအဝင် နိုင်ငံရေးအကျဉ်းသားများရဲ့ အကျဉ်းထောင်တွင်း လှုပ်ရှားမှုများက အကောင်း
ဆုံး သက်သေပြခဲ့ပါပြီ။
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုင်စွဲထားတဲ့ စု၊ လွှတ်၊ တွေ့ လုပ်ငန်းစဉ်(ရွှေဂုံတိုင်ကြေညာစာတမ်း)ကြီးရဲ့ အခြေခံအစပြုချက် (အမြုတေ) ဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ အသည်းသန်ဆုံးနေရာဖြစ်တဲ့ အကျဉ်းထောင်ထဲက စတင်လိုက်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှစ်ငါးဆယ်ပြည့် မွေးနေ့အတွက် အကျဉ်းထောင်ထဲက ပေးပို့လိုက်တဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီလုပ်ငန်းစဉ်ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။
ဒီတစ်ချက်တည်းနဲ့တင် စစ်အစိုးရရဲ့ ရည်မှန်းချက် ဘယ်လိုမှမပေါက်မြောက်ဘူးဆိုတာ ထင်ရှားလှပါတယ်။
ဆရာဟာ ရက်ပေါင်း ၇ဝဝဝ ကျော် အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ပြီးပြီ။ အဲဒီရက်ပေါင်း ၇ဝဝဝ ကျော် လုံးလုံးမှာ ဆရာဟာ တစ်ချက်ကလေးမှ မနားခဲ့ဘူး။ တောက်လျှောက် တိုက်ပွဲဆင်ခဲ့တယ်။ စစ်အာဏာရှင်စနစ်
ဖယ်ရှားရေးနဲ့ ဒီမိုကရေစီအပြည့်အဝ ရရှိရေးအတွက် မနားတမ်းတိုက်ပွဲဆင်ခဲ့တယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဆရာ ပြန်လည်လွတ်
မြောက်လာပါတယ်။
တကယ်ဆိုရင် ဆရာပြောသလို ဆရာဟာ ထောင်ကလေးထဲကနေ
သန်းပေါင်း ၆၀ သော ပြည်သူတွေကျနေတဲ့ ထောင်ကြီးထဲကို အပြောင်းခံလိုက်ရတာပါပဲ။ စစ်အစိုးရဟာ ဆရာ့ရဲ့ နိုင်ငံရေး လွတ်လပ်စွာ လှုပ်ရှားခွင့်ကို
ကန့်သတ်ထားရုံတင်မက နိုင်ငံသားတစ်ယောက်အဖြစ် နေထိုင်ရှင်သန်ခွင့်ကိုပါ
အစွမ်းကုန် ကန့်သတ်ထားပါတယ်။
ဘယ်လိုပင် ကန့်သတ်တားမြစ်ထားစေကာမူ ဆရာကတော့ အမှန်
တရားအတွက်၊ ပြည်သူတွေအတွက် ပြည်သူတွေနဲ့အတူ တစ်စက္ကန့်မနား တိုက်ပွဲဆင်နေတာတွေဟာ “ဘာလဲ... လူ့ငရဲ” ဆိုတဲ့ ဆရာရဲ့ ကြွေးကြော်သံနဲ့ အလွန့်ကိုပဲ တစ်သားတည်း၊ တစ်ထပ်တည်း ကျနေတယ်လို့ အလေးအနက်
ယုံကြည်မိပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
မတ်လ ၁၂ရက်၊ ၂၀၁၀
◾
ထုတ်ဝေသူ့ အမှာစာ
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက အောက်ဆုံးအနားမှာ ပါပါတယ်။ မွေးကင်းစ ကလေးငယ်တွေ သေတဲ့နှုန်းမှာလည်း အများဆုံးဆိုတဲ့ နိုင်ငံတွေစာရင်းမှာလည်း ပါနေပါတယ်။ မူလတန်းတောင် ပြီးအောင်
မတတ်နိုင်ဘဲ ကျောင်းထွက်သွားကြတဲ့ ကျောင်းသားအများဆုံး စာရင်းမှာလည်း မြန်မာပြည်ပါတာပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂကထုတ်တဲ့ စာရင်းဇယားတွေကို လှန်ကြည့်ရင် မြန်မာနိုင်ငံက အောက်ဆုံးမဟုတ်ရင်တောင်၊ မကောင်းဆုံး၊ အဆိုးဆုံးရပ်ကွက်ထဲက မလွတ်ပါဘူး။ နောက်ဆုံး မြန်မာတွေ တဖြည်းဖြည်း အသက်တိုလာနေတယ်။ အရပ်ပုလာနေတယ်တဲ့။
ဒါတွေရဲ့ အဓိကတရားခံက စစ်အာဏာရှင် စနစ်ကြောင့် တစ်ပါတီ
အာဏာရှင်စနစ်ကြောင့်လို့ အလွယ်ပြောလို့ ရပါတယ်။ အဲဒါဆို ဝေးဝေး မကြည့်ပါနဲ့။ အိမ်နီးချင်း စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့ပဲကြည့်ပါ။
စင်္ကာပူက တစ်ပါတီအာဏာရှင် နိုင်ငံမဟုတ်ပေမယ့် သတင်းစာလွတ်လပ်ခွင့်လည်းမရှိ။ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်လည်းမပေးဘဲ တစ်ပါတီဆန်ဆန်
ဆယ်စုနှစ်ပေါင်း အတော်များများ အုပ်ချုပ်နေပေမယ့် အခု ကမ္ဘာ့ထိပ်တန်းစာရင်းမှာ ဝင်နေတာပါ။ အဲ မလေးရှားကလည်း အလားတူပါပဲ။ စင်္ကာပူလောက် မချမ်းသာရင်တောင် အာရှနိုင်ငံတွေကြား ထိပ်ဆုံးစာရင်းမှာ ပါပါတယ်။ ဗီယက်နမ်နိုင်ငံရော တစ်ပါတီကွန်မြူနစ်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်နေတာ၊ ဈေးကွက်စီးပွားရေးကို စပြောင်းခဲ့တာကလည်း မြန်မာနိုင်ငံနဲ့ တစ်ချိန်တည်း။ ၁၉၈၈ ခုနှစ်က။ ဒါပေမဲ့ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးက
မြန်မာနဲ့နှိုင်းယှဉ်ရင် အင်မတန်ကွာသွားပါပြီ။
အဖြေက ရှင်းပါတယ်။ ဒီနိုင်ငံတွေက ပညာရှင်တွေကို အိမ်ဦးခန်းမှာ
မထားရင်တောင် ဒီလူတွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ဝေဖန်ချက်တွေကို အလေးအနက်ထား ဆည်းပူးကြတာပါ။ မြန်မာနိုင်ငံမှာက ဒီလိုမဟုတ်ပါဘူး။ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်အကျွေးပြုမယ့် ပါမောက္ခတွေ၊ ဆရာ ဝန်တွေသမားတော်ကြီးတွေ၊ ရှေ့နေတွေ၊ စာရေးဆရာတွေအနုပညာရှင် တွေ၊ သတင်းစာဆရာတွေ၊ ကျောင်းသား ကျောင်းသူ လူငယ်တွေ၊ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချခဲ့တယ်။ ချထားတယ်။
မြန်မာနိုင်ငံအတွက် အဖိုးမဖြတ် တန်ဖိုးရှိလှတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ စာရေးဆရာ မောင်သော်က၊ ရှေ့နေကြီး မုံရွာဦးတင်ရွှေ၊ ဗိသုကာ ဦးကျော်မင်း၊ ကဗျာဆရာတင်မိုး စတဲ့ စတဲ့ မြန်မာကျော်၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊ ပညာရှင် တွေ၊ အိမ်ဦးခန်းမှာထားပြီး သူတို့စကားကိုနားထောင်၊ ဆင်ခြင်၊ အတုယူရမယ့် ပုဂ္ဂိုလ်တွေကို ထောင်ထဲထည့်ပြီး၊ အခုဆို ကွယ်လွန်လို့တောင် သွားကြပါပြီ။ မဆလခေတ်က ပြောကြတဲ့ စကားရှိပါတယ်။ 'ခ’ သုံးလုံးပေါ်လစီခေါင်းညိတ်၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့။ ဒီပေါ်လစီနဲ့ ဘယ်တိုင်းပြည်၊ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်အဖွဲ့ ၊ ဘယ်လုပ်ငန်းကိုမှ တိုးတက်အောင်မြင်အောင် လုပ်လို့မရနိုင်ပါဘူး။
ဆရာဦးဝင်းတင် အသက် ၈ဝ ရှိသွားပြီ။ သူပြောနေကျစကားရှိပါ တယ်။ အသက်ကြီးလာလေလေလုပ်စရာတွေက များလာလေလေပဲတဲ့။ သူ့ မှာ လုပ်ချင်တာတွေအများကြီး၊ ပြောချင်တာတွေအများကြီး၊ ပြောသင့်တာတွေ အများကြီး။ သူက မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်တဲ့သူ၊ ဖီဆန်နေတဲ့သူ။ အနှစ် ၂၀ လုံးလုံး 'ခ’ သုံးလုံးပေါ်လစီကို လူ့ငရဲခန်းထဲမှာ ဖီဆန်ခဲ့တဲ့သူ။ အိမ်ဦးခန်းမှာထားပြီး သူပြောတဲ့စကားတွေကို လေ့လာ၊ ဆည်းပူး၊ ကျင့်ကြံထိုက်တဲ့သူ။ သတင်းသမားပီသတဲ့သူ။
သူ့ရဲ့စာအုပ်ကို ထုတ်ဝေခွင့်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။
တန်ဖိုးထားထိုက်သူကို တန်ဖိုးထားတတ်ကြပါစေ။ လူအချင်းချင်း မုဒိတာပွားနိုင်ကြပါစေ။
ဒီမိုကရက်တစ်မြန်မာ့အသံ
၁၂၊ မတ် ၊ ၂၀၁၀
◾
မာတိကာ
(စာမျက်နှာနံပါတ်တွေကို ထည့်မရိုက်ဘဲ ချန်လှပ်ထားပါတယ်။)
▪ ငရဲဆိုတာဂျိုနဲ့လား
- မုန်ညင်းစေ့ထဲကို ခုန်ချခြင်း
- အရေးတော်ပုံတပ်သား
- အရေးတော်ပုံမသေ
- စစ်ကြောရေးသို့ ချီတက်ခြင်း
▪ ပုံစံခွက်ထဲက နိုင်ငံရေး မုန်တိုင်း(၁)
- စု-လွှတ်-တွေ့
- အမေစု ရွှေရတု သပြေနု ဇေယျတု
- အလုပ်ဆိုနိုး ဘုတ်ဆိုနိုး
- ဟားတိုက်ပွဲ
▪ ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း(၂)
- နှစ်ဆင့် နှစ်လွှာ နင်ငါ မိတ်ဆွေ
- ပီပီတွေလွှတ် လွှတ်တော်ခေါ်
- ကြက်တူရွေးတွန်သံ
- နိုး သံခြေကျင်း နိုး ထမင်း
▪ ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း(၃)
- မမေ့သူမှ မလွတ်သူသို
- စစ်ခွေးပြစ်ဒဏ်တိုက် စစ်ခွေးတရားရုံး
- ရွှေပေလွှာပျံကာဝဲ
- တေးတိုက်ပွဲ
▪ လူ့ငရဲကိုပြန်လည်လောင်မြိုက်ခြင်း(၁)
- ကိုယ်စိတ်ကျိုးပဲ့ စောင်းရွဲ့ဘဝ
- လွတ်ရာကျွတ်ရာ ဝေးရာအေးရာ
- လုံချည်ဗလာ ထောင်ဝင်စာ
- အသေမစိတ်စေနဲ့
▪ လူ့ငရဲကိုပြန်လည်လောင်မြိုက်ခြင်း(၂)
- အစာမကြေဘူး ကမ္ဘာမကြေဘူး
- ထိပ်ထားနဲ့သေနာ
- သပိတ်သွတ် ကုသိုလ်ဘာဂ အမျှ အမျှ
- နိုးထသူတို့ ခေါင်းခွံများ
▪ လူ့ငရဲကိုပြန်လည်လောင်မြိုက်ခြင်း(၃)
- ခေါင်းလောင်းထိုးသံ ဘယ်သူ့ကံ
- ပင်ညဲရိုးရဲ့ဂျပိုးဟိန်းသံ
- ထောင်နံရံတွေမှာ ပါးစပ်တွေရှိတယ်
- အန္တိဒဏ္ဍာရီ
- အန္တိဒဏ္ဍာရီနှင့် အန္တိများစွာ
▪ လူ့ငရဲကိုပြန်လည်လောင်မြိုက်ခြင်း(၄)
- သံတိုင်သံတံခါးကိုဖြတ် သေနတ်တွေကွင်း
- ရုပ်မသေးကြိုးမကိုင်
- နိုင်ငံရေးသယံဇာတရင်းမြစ်
- သံသရာဝဲလည်စောင်တစ်ထည်
▪ လူ့ငရဲကိုပြန်လည်လောင်မြိုက်ခြင်း(၅)
- ဖေဖေကြီးနဲ့ သမီးလေးဟီးရိုး
- ပုံစံမလို အဝစား
- စစ်ခွေးသံတိုင်ကြားက ရွှေမြစ်
- ငရဲခန်းနဲ့ မေတ္တာဘုံ
- နိုင်ငံရေးအမွေကြီးခံများ
▪ နေရစ်တော့လူ့ငရဲ
- စကြာဝဠာကို သံတိုင်ကြားက ချောင်းကြည့်ခြင်း
- အနာဂတ်သို့ပြန်သွားခြင်း
- စစ်ကျွန်ခေတ်မှာ လူရာမဝင်ချင်
- အခါတော်ရောက်ချိန်
(ဟံသာဝတီ ဦးဝင်းတင်၊ ဘာလဲဟဲ့... လူ့ငရဲ ပီဒီအက်ဖ် စာမျက်နှာ ၁ - ၂၃)
စာရိုက် - ငနော့
Comments
Post a Comment