လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၄) 🖋 နေလင်း (အ.က.သ)



လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၄)

နေလင်း (အ.က.သ)

[◾ အခန်း (၆) (ဂ) ကြိုးမိန့်နဲ့မသေပဲ ပေါက်ပြားနဲ့ သေရသူ]

အဲဒီကာလရဲ့ ရက်တရက်မှာ သူတို့အိမ်ဘေးက စီးပွားပြိုင်ဖက်မိသားစုထဲက လူမမယ် ကလေးငယ်ကို မည်သူတဦးတယောက်မှ မသိလိုက်တဲ့ အချိန်မှာ ဝင်းမောင်တို့သားအဖတွေ တိုင်ပင်ပြီး ကလေးငယ်ကို ကျောက်ပြင်နဲ့ထုသတ်ကာ အလောင်းကို ဝင်းမောင်တို့ သားအဖတွေက သူတို့ အိမ်ရဲ့ အိမ်သာဘေး အုတ်ကြားမှာ မြုပ်ထားပြီး လက်ရာဖျောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝင်းမောင်တို့သားအဖဟာ လူသတ် အလောင်းဖျောက်မှုကို ကျူးလွန်ခဲ့တဲ့ လူသတ်တရားခံတွေ ဖြစ်ပါတယ်။ ဘယ်သူမှ မသိရှိလိုက်တဲ့ လူသတ်မှုလို့ဆိုရပေမယ့် တစုံတယောက်သောသူက အဲဒီအရာကို သိမြင်လိုက်ပါတယ်။ အဲဒီတယောက်က အခြားသူမဟုတ်ပါဘူး။ အရွယ်မရောက်သေးတဲ့ ဝင်းမောင်ရဲ့သား ဖြစ်ပါတယ်။ အသတ်ခံရတဲ့ ကလေးငယ်နဲ့. ဝင်းမောင်ရဲ့သားဟာ အမြဲပဲ ဟိုဖက်အိမ်၊ ဒီဖက်အိမ် ဝင်ထွက် ဆော့ကစားနေကျ ကစားဖက်တွေဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့နေ့က ဝင်းမောင်တို့ သားအဖတွေ ကလေးကို ကျောက်ပျဥ်နဲ့ ထုသတ်နေတာကို ချောင်​တချောင်ကနေ ဝင်းမောင်ရဲ့သားငယ်လေးက မြင်တွေ့သွားခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို ရဲနဲ့ဆိုင်ရာက ဘယ်လိုပဲရှာရှာ ခြေရာလက်ရာ၊ သဲလွန်စ တခုလေးမှ မတွေ့ပဲ ဖြစ်နေတဲ့အချိန်မှာ ဝင်းမောင်ရဲ့သားအငယ်လေးဟာ သူ့အိမ်က အိမ်သာကိုသွားဖို့ အင်မတန် ကြောက်လန့်နေတာကို သဲလွန်စရပြီးသက်ဆိုင်ရာနဲ့ ကလေးရဲ့ကျောင်းက ဆရာမများက လူသတ်မှုကို ကြိုးပမ်းဖော်ထုတ်ကြပါတယ်။ ဝင်းမောင်သားငယ်လေးရဲ့ ထွက်ဆိုချက်အတိုင်း အိမ်သာဘေးက အုတ်နံရံကို ရှာဖွေဖော်ထုတ်တဲ့ အခါမှာတော့ ပုပ်ပွနေတဲ့ ကလေးအလောင်း သက်သေအဖြစ်ရရှိပြီး တရားရုံးမှာ တရားစွဲဆို၍ ကလေးကိုသတ်တဲ့ ဝင်းမောင်တို့ သားအဖတွေကို သေဒဏ်အဖြစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။

မြဂေါင်ဟာ အဲဒီလို ရုပ်ရှင်ရိုက်ဟန်ဆောင်နေရင်း ၁၉၈၈ အရေးအခင်းကာလ အင်းစိန်ထောင်တွင်း ဆူပူမှုဖြစ်တော့ မြဂေါင်တယောက် ခြေထောက် အကောင်းသား၊ လက်အကောင်းသားနဲ့ ထောင်ထဲမှာ သောင်းကျန်းနေပါတော့တယ်။ ၁၉၈၈ အရေးခင်းပြီးတော့ မဆလလက်ထက်တုန်းက ဖမ်းဆီးထောင်ချခဲ့တဲ့ ထောက်လှမ်းရေး မျက်မှန်တင်ဦးနဲ့ ပြည်ထဲရေးဝန်ကြီး ဘိုနီတို့ကို ပြန်လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာရေးကို ၁၉၈၉ ခုနှစ်၊ မေလမှာ အစိုးရကပေးပါတယ်။ အဲဒီအမိန့်နဲ့ အကျုံးဝင်ကာ မြဂေါင်နဲ့ဝင်းမောင်တို့သားအဖတွေ မဆလအစိုးရလက်ထက်က ချမှတ်ထားတဲ့ သေမိန့်ကြိုးဒဏ်မှုတွေက လွတ်ပြီး တသက်တကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲခဲ့ပါတယ်။

မြဂေါင်တယောက် ရုပ်ရှင်ရိုက်ဟန်ကောင်းပြီး အမျိုးမျိုးကြိုးပမ်းခဲ့လို့ သေဒဏ်ဆိုတဲ့ ကြိုးမိန့်က လွတ်ပြီးကာမှ ၁၉၉၁ ခုနှစ်တွင် အမှတ်(၄)အိပ်ဆောင်မှာ ရေကန်ဘာယာဘဝနဲ့ နောက်တကြိမ် သေဒဏ်ပြန်ကျသွားပါတော့တယ်။ ဒီတခါ သေဒဏ်ကတော့ မြဂေါင်တယောက် ဘယ်လောက်ပဲ သရုပ်ဆောင် ကောင်းပေမယ့် အသက်ပြန်ရှင်လာတော့မှာ မဟုတ်ပါဘူး။

◾ အခန်း(၇) 

(က) ထောင်ဆေးရုံဆိုသည်မှာ

ထောင်ဆေးရုံဆိုသည်မှာ (၂)ထပ်ဆောင် အဆောင်ဖြစ်ပြီး ထောင်ဗူးဝနေလာရင် ညာဖက်အခြမ်းမှာ ရှိပါတယ်။ အဲဒီထောင်ဆေးရုံမှာ အုပ်ချုပ်နေတဲ့သူကတော့ ထောင်ဆရာဝန် ဒေါက်တာစိုးကြည်ဆိုသူ ဖြစ်ပါတယ်။ ဒေါက်တာစိုးကြည်ဟာ ထောင်ကျလူနာတွေကို သတ်တဲ့နေရာမှာ သတင်းကြီးလှတဲ့ ဆရာဝန်တယောက်ဖြစ်သလို သူ့လက်ချက်နဲ့ မသေသင့်ပဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေမနည်းလှပါဘူး။ ဒေါက်တာစိုးကြည်ဟာ သခင်အားရ၊ ကျွန်ပါးဝဆိုတဲ့အတိုင်း နဝတရဲ့ လက်ကိုင်တုတ်ပီပီ အကျဉ်းသားတွေအပေါ် မညှာမတာ ရက်စက်တတ်ပါတယ်။ သူ့အထက်က သူတွေက နည်းနည်းဆိုးရင် သူကများများ ဆိုးပြလေ့ရှိပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက နိုင်ငံရေး အကျဉ်းသား ၅(ည)တွေ အစာငတ်ခံ ဆန္ဒပြတာလုပ် တုန်းက

“အစာငတ်ခံရင် ရေပါမသောက်နဲ့၊ ရေအိုးတွေပြန်သိမ်း” 

လို့ ထောင်ဝန်ထမ်းတွေကို တိုက်ရိုက်ညွှန်ကြားခဲ့သူ တယောက်ဖြစ်ပါတယ်။ အစာငတ်ခံတိုက်ပွဲဝင်နေကြ သူတွေကို ဖြိုခွဲဘို့အတွက် စစ်တပ်တွေ၊ ရဲတွေ၊ ထောင်ဝန်ထမ်းတွေက အခန်းတွေကို အကုန်ဖွင့်၊ အကျဉ်းသားတွေကို ပုံစံကြီးထိုင်ခိုင်းပြီး ဝင်ရောက် ရိုက်နှက်ပါတယ်။ ဒါအပြင် ထောင်အစာငတ်ခံ တိုက်ပွဲများကို ဖြိုခွဲတဲ့အခါ ထောင်အပြင်ကနေ ထောင်အတွင်းက အော်သံတွေ၊ ရိုက်နှက်၊ ပုတ်မောင်းသံတွေစတဲ့ အသံဗလံတွေ မကြားရအောင် “စာဥ” သီချင်းကို ထောင်ထဲမှာ ကျယ်ကျယ်လောင်လောင် ဖွင့်ထားပါတယ်။ ထောင်ဝန်ထမ်းတွေက ဆန္ဒပြသူတွေကို လူမဆန်စွာ ရိုက်နှက်နေတဲ့အချိန်မှာ ဒေါက်တာစိုးကြည်က နောက်ကနေ နေပြီး

“ဒီကောင်က ဆက်ရိုက်လို့ ရသေးတယ်၊ ဒီကောင်က ဘာမှမဖြစ်သေးဘူး၊ ဆက်ရိုက် မသေသွားရင် ပြီးရော။ ကျိုးသွားပဲ့သွားလည်း ဂရုမစိုက်နဲ့ ငါဆက်ကုမယ် မင်းတို့ရိုက်သာရိုက်” ဆိုပြီး ထောင်ဝန်ထမ်းတွေကို မြှောက်ပေး ပင့်ပေးခဲ့တာကို အစာငတ်ခံတိုက်ပွဲမှာ လူမဆန်စွာ အရိုက်ခံလိုက်ရတဲ့ ၅(ည) နိုင်ငံရေး အကျဉ်းသားတွေ မှတ်မိနေပါတယ်။ အထူးသဖြင့် “စာဥ” သီချင်းသံကြားရင် သူတို့အရိုက်ခံခဲ့ရတာကို ပြန်ပြီး သတိရနေမှာ သေချာလှပါတယ်။

ထောင်ထဲမှာ နေထိုင်မကောင်းဖြစ်လို့ ထမင်းမစားနိုင်ရင် ထောင်ကနေ ဆန်ပြုတ်ပေးပါတယ်။ ဆန်ပြုတ်ဟာ ဘယ်လိုမှ စားလို့မရအောင် ကျဲတောက်နေတဲ့ ထမင်းရည်ကျဲကျဲပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ နာဖျား မကျန်းမာတဲ့ သူတွေ၊ အစာအိမ်ဝေဒနာရှင်တွေက သူတို့အိမ်တွေကနေ စားလို့ရမယ့်အစားအစာတွေ ဥပမာ - ခေါက်ဆွဲခြောက်ထုပ်လိုမျိုးကို မှာကြပါတယ်။ အဲဒီလို ပစ္စည်းမျိုးကို ထောင်ဝင်စာကနေ ရိုးရိုးပေးမသွင်းပဲ ဒေါက်တာစိုးကြည်ရဲ့ ဆေးထောက်ခံချက်ပါမှသာ ထောင်တွင်းပေးသွင်းပါတယ်။ 

ဒီတော့မှ အဲဒီလို ထောင်ဝင်စာလက်မှတ်တွေနဲ့ ဒေါက်တာစိုးကြည်ဟာ ဝင်ငွေလမ်းဖြောင့်ခဲ့သလို စားပေါက်လဲ ချောင်ခဲ့ပါတယ်။ သူနဲ့ အဆင်ပြေတဲ့သူ၊ သူ့ကို ပေးကမ်းကျွေးမွေးတဲ့သူဆိုရင် အရာရာ ချောမွေ့နေပေမယ့် သူ့ကို မပေးကမ်းတဲ့သူဆိုရင် သေသွားလည်း လုံးဝဂရုမစိုက်တော့ပါ။ သူဟာ လူနာတွေကို သတ်ဖို့ အတွက် သေမင်းရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ထောင်ဆေးရုံအပေါ်ထပ်ဟာ ဆရာဝန်ရဲ့ ထောက်ခံချက်အပြင် ထောင်ပိုင်ရဲ့ ခွင့်ပြုချက်နဲ့ သာ နေထိုင်နိုင်တဲ့ နေရာတခုဖြစ်ပြီး အင်းစိန်ထောင်ဆေးရုံမှာ အများဆုံး နေထိုင်နိုင်ကြ သူများကတော့ အကျဉ်းဦးစီးဌာနရဲ့ ပတ်သက်သူများ ဆရာဝန်ကို လက်ဆောင်တို့ အကြေးငွေ လစဉ်ကြေးငွေ များပေးပြီး နေထိုင်နိုင်ကြသူများ ဖြစ်ပါတယ်။ အများစုမှာ စီးပွားရေး အဆင်ပြေ ချောင်လည်သူများ ဖြစ်ကြပြီး အမှန်တကယ် ကျန်းမာရေး ချွတ်ယွင်းနေသူတွေ မရှိသလောက်နည်းပါတယ်။

ထောင်ဆေးရုံဟာ ကျန်းမာသန်စွမ်းတဲ့ ”ဘောက်ချာ” တွေနဲ့ ပြည့်ကြပ်နေတတ်ပြီး အဆောင်တွေမှာတော့ ယားနာတွေ၊ ကျန်းမာရေး ချွတ်ယွင်းသူတွေနဲ့ ပြည့်ကြပ်နေတတ်တာ ထုံးစံပါပဲ။ တခါ ကျနော်တို့ အဆောင်ရဲ့ အခန်း (၈)မှာ အကျဉ်းသားတယောက်က အဆုတ်ရောဂါ မသက်မသာဖြစ်နေလို့ ညဖက်မှာ တာဝန်ကျတဲ့ ဝန်ထမ်းကို တင်ပြပါတယ်။ အဲဒီဝန်ထမ်းက ညဖက်တံခါး ဖွင့်ရတာမလွယ်ဘူး။ ဆေးရုံကို ညဖက်တက်ဖို့ ခက်တယ်ဆိုပြီး ဆေးမှူးလုပ်တဲ့သူက နားကျပ်နဲ့ ဟိုစမ်း၊ ဒီစမ်းလုပ်ပြီး ”မင်းရောဂါက ဘာမှဖြစ်တာမဟုတ်ဘူး၊ ဆေးလိပ်မသောက်နဲ့၊ တော်ကြာနေ သက်သာသွားလိမ့်မယ်” လို့ဆိုကာ လူနာကို အမိုင်နိုဆေးပြား (၂) ပြား ပေးပြီး ပြန်ထွက်သွားပါတယ်။ 

ထောင်က ဆေးမှူးပြောသလို မနက်ကျတော့ အဲဒီလူနာခမျာ သက်သာပျောက်ကင်းသွားလိုက်တာ အသက်ပါ ပျောက်ကင်းသွားတဲ့အထိပါပဲ။ မနက်မိုးလင်းတော့ အိပ်ဆောင်တံခါးတွေ ဖွင့်တဲ့အခါမှာ ညတုန်းက အဆုတ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ လူနာကတော့ အေးစက်တောင့်တင်းနေပြီး လူ့လောကကနေ စွန့်ခွာသွားပါတယ်။ ဒါနဲ့ ထောင်တွင်းသေဆုံးမှုတွေအတွက် ဆေးစစ်တာတွေလုပ်တော့ ဆရာဝန်က

“မြန်မြန်ဝဋ်ကျွတ်သွားတာပေါ့ကွာ၊ သူ့မှာက နောက်အမှုတခုရှိသေးတယ်” တဲ့။ 

သာမန်အကျဉ်းသားတယောက်ဟာ ထောင်ဆေးရုံတက်ဖို့  အခက်အခဲတွေ အများကြီးရှိပေမယ့် ငွေကြေးချမ်းသာတဲ့ သူတွေက ထောင်ဘောက်ချာတွေနဲ့ပေါင်းပြီး ဆေးရုံမှာတင် အခန့်သားနေရုံတင်မကပဲ ထောင်ဆေးရုံကနေ အင်းစိန်ဆေးရုံကိုတောင် အလွယ်တကူ ထွက်လို့ရနေပါတယ်။ ဒီနေရာမှာ စီးပွားရေးပုဒ်မ (၅)နဲ့ ထောင်ကျလာပြီး ထောင်ဆေးရုံမှာနေထိုင်တဲ့ တရုတ်သူဌေးတယောက်အကြောင်း ပြောပြချင်ပါသေးတယ်။ ဒီလို ပြောပြတာကလည်း အဲဒီသူဌေးတရုတ်ကြီးအပေါ် မနာလိုဝန်တိုမှုကြောင့်မဟုတ်ပဲ အကျဉ်းထောင်ယန္တရား လည်ပတ်ပုံက ကမောက်ကမ ဖြစ်နေပုံကို ပြောပြချင်လို့ ဖြစ်ပါတယ်။

စီးပွားရေးပုဒ်မနဲ့ ထောင်ကျလာတဲ့ တရုတ်သူဌေးကြီးဟာ မနက်မိုးလင်းဆိုရင် အပြင်က ကြေးအိုးမှာပြီး စားသောက်ပါတယ်။ ထမင်းစားချိန်ဆိုရင်လည်း ထောင်အပြင်က ထမင်း၊ ဟင်းကိုသာ စားသောက်နိုင်ပြီး ထောင်ထဲမှာတင် အခိုင်းအစေနှစ်ယောက်နဲ့ အခန့်သားနေထိုင်ပါတယ်။ သူ့လို ရေပေါ်ဆီတွေကို နင်းပေးနှိပ်ပေးတဲ့ သူတချို့လည်း ရှိပါသေးတယ်။ ထောင်ထဲမှာ အဲဒီလို ဇိမ်ခံနေထိုင်ရုံနဲ့ အားမရသေးတဲ့အပြင် သူ့အိမ်က အိမ်သားတွေနဲ့ တွေ့ချင်ရင် ခြေထောက်မှာ ခြေကျင်းသေးသေးလေးဝတ်ပြီး ထောင်အပြင်မှာ သွားတွေ့နိုင်ပါသေးတယ်။

ထောင်ထဲမှာ ထောင်စည်းကမ်းတခုကိုမှ မလိုက်နာနိုင်ပဲ ငွေကြေးကြောင့် ထောင်ဘောက်ချာတွေဟာ ထောင်ကျတာနဲ့မှ တူပါသေးရဲ့လားလို့ မေးလိုက်ချင်ပါတယ်။ အဲဒီ ထောင်ဘောက်ချာတွေ၊ ရေပေါ်ဆီတွေက သူတို့ရဲ့ ကျေးဇူးရှင်ကြီးတွေကိုတော့ အတော့်ကို သိတတ်ပါတယ်။ ထောင်မှာက ညဖက်ထောင်ပိတ်တံခါးခေါက်ပြီဆိုရင် ဘုရားဝတ်တက်ရပါတယ်။ ပြီးတော့ ဘောက်ချာခန်းက ရေပေါ်ဆီတွေက (၃၁)ဘုံကို မေတ္တာပို့ကြပါတယ်။ ဒီအထိတော့ ဟုတ်နေပါသေးတယ်။ ပြီးတော့မှ အထူးစပါယ်ရှယ် မေတ္တာတွေ ပို့ပါတယ်။

အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ကြီး  ဇော်မင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အုံးဟန်၊ ညွှန်မှူးခင်မောင်လတ်၊ ထောင်ဆရာဝန် စိုးကြည်၊ အုံးဖေနဲ့ ထောင်ဝန်ထမ်းတွေကို နာမည်နဲ့ ရာထူးတွေတပ်ပြီး နေ့စဉ် မေတ္တာပို့တာကို ကြုံရပါတော့တယ်။ ဒီလို မေတ္တာပို့တာကို တခါမှ မကြုံဖူးသေးတဲ့ ကျနော်တို့အဖို့ ရယ်ရမလို ငိုရမလို ဖြစ်သွားပါတယ်။ ထောင်ဆေးရုံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အခန်းတခန်း ထားပေးထားပြီး အဲဒီအခန်းနဲ့ ကပ်ရက်မှာ အေအိုင်ဒီအက်စ် ရောဂါသံသယရှိသူများကို ထားတဲ့အခန်းရှိပါတယ်။ ထောင်ဆေးရုံက အခန်းတွေက တခန်းကို လူ (၁၅)ယောက်လောက် နေထိုင်နိုင်ကြပြီး နိုင်ငံရေးအကျဉ်းသား ပုဒ်မ ၅(ည) တွေထားတဲ့ အခန်းထဲမှာတော့ ညွှန်ချုပ် ဘောက်ချာတွေဖြစ်တဲ့ နဝတပတ္တမြား အမှုတွဲဖြစ်တဲ့ ပုဒ်မ (၆၊ ၁)နဲ့ ထောင်ကျလာတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးစတဲ့ စစ်တပ်အရာရှိတွေကို ထားထားပါတယ်။ အဲဒီအခန်းထဲမှာ နေထိုင်ကြသူတွေကတော့ စစ်တပ်ပြုတ် ဒေါင်ဒေါင်မြည် ယောက်ျားကြီးတွေဖြစ်ပါတယ်။

(ခ) လူသတ်ဆရာဝန်

နဝတရဲ့ အကျဉ်းထောင်အတွင်း ဘက်လိုက်မှုတွေ၊ စာရိတ္တ ခြစားမှုတွေ တပုံတပင်ကြီးထဲက ဒီအချက်တွေက အနည်းငယ်လေးတွေပဲဖြစ်ပါတယ်။ သာမန် ၅(ည) နိုင်ငံရေးအကျဉ်းသမားတယောက် ဆေးရုံကို သွားချင်ရင်တောင် ထောင်ဝန်ထမ်း အစောင့်အရှောက်နဲ့ သွားရတာပါ။ ဆေးရုံတက်ဖို့ တင်ပြလို့ ရှိရင် အလွယ်တကူမရပါဘူး။ ထောင်ဆေးရုံမှာ နေထိုင်ရင် အဆောင်မှာ နေထိုင်ရတာနဲ့ ကွာခြားမှုတွေ အများကြီး ရှိပါတယ်။ အလုပ်ကြမ်း မလုပ်ရတာ၊ ရေကို ၀၀လင်လင်ချိုးခွင့်ရတာ၊ ပုံစံမထိုင်ရတာ၊ ထမင်းစားရင် ဆေးရုံစာလို့ခေါ်တဲ့ ထမင်းနဲ့ အသားတုံးတတုံး နေ့စဉ်စားရတာ စတဲ့ အခွင့်အရေးတွေ ရရှိပါတယ်။

ကျနော်အင်းစိန်ထောင်မှာ နေရစဉ် ထောင်တွင်း လိမ်လည်မှုကြီးတခုကို ထောင်ဝန်ထမ်းတွေ ပြုလုပ်ကြ ပါတယ်။ အဲဒီလိမ်လည်မှုကတော့ ထောင်ဆေးရုံမှာပဲဖြစ်ပါတယ်။ ၁၉၉၀-၁၉၉၁ ဝန်းကျင်တရက်မှာ ထောင်ထဲမှာ အုတ်နံရံတွေ  ဆေးသုတ်ခြင်း၊ ပန်းပင်များ စိုက်ထားပြီး အလှအပများ စီချယ်ထားခြင်းတွေကြောင့် ထူးဆန်းနေတာမို့ ထောင်ဝန်ထမ်းတယောက်ကို မေးကြည့်တော့ ကုလသမဂ္ဂမှ ကိုယ်စားလှယ် မစ္စတာ ယိုဒိုယိုကိုတာ ထောင်တွင်း လာရောက်မယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ်မရောက်ခင် ထောင်ဆေးရုံက အကျဉ်းဦးစီးနဲ့ပတ်သက်တဲ့ ဆရာဝန်ကို ဆေးရုံပေါ်ငွေပေးပြီးနေထိုင်ကြတဲ့ ဘောင်ချာတွေ၊ ရေပေါ်ဆီတွေ၊ ရောဂါမရှိတဲ့သူတွေကို ထောင်အတွင်း အဆောင်တွေဆီ ခေတ္တခဏ ဆင်းနေခိုင်းပါတယ်။ အမှန်တကယ် ရောဂါဝေဒနာ ခံစားနေရသူတွေ၊ သေခါနီးလောက် ဝေဒနာပြင်းထန်တဲ့ သူတွေကို ဒီအခါကျမှ ဆေးရုံပေါ်ကို တင်လိုက်ပါတယ်။ ထောင်ဆေးရုံရဲ့ အခင်းအကျင်းတွေကို ပုံစံပြောင်းလိုက်ပြီး သန့်ရှင်းလှပတဲ့ အိပ်ယာခင်းတွေ၊ ခေါင်းအုံးတွေကို အစားထိုး ပြင်ဆင်လိုက်ပါတယ်။

ဒါအပြင် လူနာကုတင် နံဘေးက စားပွဲခုံတွေပေါ်မှာ ဆေးဝါးအပြည့်အစုံနဲ့ ခွန်အားဖြစ်စေတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဥ၊ ပေါင်မုန့်၊ နွားနို့တွေကို အစီအရီ တင်ထားပါတယ်။ အဲဒီဆေးဝါးနဲ့ စားသောက်စရာတွေကို “လက်နဲ့ တောင်မတို့ရဘူး၊ အနေအထား ပျက်သွားရင် ဧည့်သည်ပြန်တဲ့အခါ ရိုက်မယ်” လို့ ဝန်ထမ်းတွေက ခြိမ်းခြောက်ပါတယ်။

ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက် ထောင်ထဲမှာ ငွေလမ်းခင်းပြီး ပွဲခံနေလို့ရပေမယ့် ဆရာကြီးဦးသော်က၊ ဘဘဦးစိန်ဝင်းတို့ ဆိုရင် ရောဂါကို အချိန်မှီသိရက်သားနဲ့ ဆေးရုံမှာ ဆေးမရှိသေးလို့၊ အပြင်ဆေးရုံကို ထုတ်ဖို့ အထက်က အမိန့်မကျသေးလို့၊ ထောက်လှမ်းရေးက ခွင့်မပြုသေးလို့ဆိုပြီး စတဲ့အကြောင်းပြချက်တွေနဲ့ ရောဂါကို တမင်ဆိုးရွားအောင် ပြုလုပ်စေပါတယ်။ ဒါဟာ ခံစားနေရတဲ့ ဝေဒနာကို တဖြည်းဖြည်း ပိုဆိုးလာအောင် လုပ်ပြီး အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို အကွက်ကျကျ သတ်ဖြတ်နေပါတယ်။ ဘဘဦးစိန်ဝင်းနဲ့ ဆရာကြီးဦးသော်ကတို့ ခံစားနေရတဲ့ ဝေဒနာအကြောင်း အဆောင်မှာရှိကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သိရှိသွားလို့ သူတို့ဆီမှာရှိတဲ့ ဆေးဝါးတွေကို ပို့ပေးဖို့ ထောင်အာဏာပိုင်တွေကို တင်ပြကြပါတယ်။ ဆရာကြီးဦးသော်ကနဲ့ ဘဘဦးစိန်ဝင်းတို့ဟာ တိုက်ထဲမှာ နေရတာဖြစ်ပါတယ်။ အဲဒီတော့ ထောင်ဆရာဝန်နဲ့ ထောင်ပိုင်တို့က မလိုက်လျောခဲ့ပါဘူး။ ထောင်ပိုင်အုန်းဖေက 

“မလိုဘူး၊ ငါတို့ထောင်မှာရှိတယ်။ တိုက်နဲ့ မင်းတို့ ဆက်သွယ်စရာ အကြောင်းမရှိဘူး။ ထောင်ထဲမှ ကိုယ်အကြောင်းပဲ ကိုယ်ပြော၊ ထောင်ထဲမှာ ကျနော်ဆိုတာပဲရှိတယ်။ ကျနော်တို့ဆိုတာမရှိဘူး၊ ငါတို့က မတထောင်သားတွေကို အုပ်ချုပ်နေရတာ အကုန်လုံး လိုက်မလုပ်ပေးနိုင်ဘူး”

လို့ပြောပြီး ထွက်သွားပါတယ်။ သူတို့တွေမှာ ဆေးတွေရှိရင်လဲ မရှိဘူးဆိုပြီး ရောဂါ အခြေအနေ ဆိုးရွားလာအောင် ထားမှာ သေချာပါတယ်။ ဘဘဦးစိန်ဝင်းဟာ မဆလလက်ထက်တုန်းက တသက်တကျွန်း ထောင်ဒဏ်နဲ့ ကိုကိုးကျွန်းကို ပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသမားကြီး တဦးဖြစ်ပြီး ကျွန်းဖျက်သိမ်းရေး အသက်အသေခံ ဆန္ဒပြတိုက်ပွဲဝင်ခဲ့တဲ့ ရဲရဲတောက် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါတယ်။ ဒီလို ရဲရဲတောက် သတ္တိရှိပြီး အစဉ်အလာကြီးတဲ့ သူတွေကို နဝတက အစီအစဉ်ရှိရှိ ကိုယ်ချင်းစာတရား ကင်းမဲ့စွာနဲ့ သတ်ပစ်ခဲ့တာ ကျနော့် အနေနဲ့ မေ့လို့မရနိုင်ခဲ့ပါဘူး။

အဲဒီအထဲမှာ လူသတ်တရားခံတွေဖြစ်တဲ့ သူတွေထဲက နံပါတ်တစ် တရားခံဖြစ်တဲ့ ထောင်ဆရာဝန် စိုးကြည်ကိုတော့ ကျနော်ပိုလို့ မေ့မရနိုင်ခဲ့ပါ။

ဒါပေမယ့် ထောင်ဆရာဝန် ဒေါက်တာစိုးကြည်တယောက် ကျနော်သရက်ထောင် ပြောင်းရွှေ့ခံရပြီးနောက်မှာ ဝဋ်လည်သွားတဲ့ သတင်းကို သိလိုက်ရပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားတွေ သရက်ထောင်ကို ပြောင်းရွှေ့ခံရပြီး ၁၉၉၂ ခုနှစ်ထဲမှာ ဖြစ်ပါလိမ့်မယ်။ နဝတ ထောက်လှမ်ရေးတွေက နဝတ ပတ္တမြားအမှုကိစ္စကို တိုက်ရိုက်ကိုင်တွယ် စစ်ဆေးနေတဲ့ နဝတ ပတ္တမြားအရှုပ်တော်ပုံ နေပြည်တော်သန်းထွန်းရဲ့ မိန်းမဖြစ်သူကို ကျန်းမာရေး အကြောင်းပြချက်နဲ့ ထောင်ကညွှန်မှူးတွေ၊ ထောင်ပိုင်နဲ့ဆရာဝန်ကို အချင်းချင်း စည်းဝါးကိုက်ပြီး ဆေးထောက်ခံချက်တွေ ပြုလုပ်ပေးပြီး အင်းစိန်အပြင်ဆေးရုံကိုထုတ်ပေးလိုက်ပါတယ်။

နေပြည်တော်သန်းထွန်းရဲ့ မိန်းမကလည်း ခပ်ကဲကဲမို့ ဇောင်းထဲက လွှတ်လိုက်တဲ့မြင်းအလား လက်ထဲမှာရှိတဲ့ ငွေကို လမ်းခင်းပြီး အပြင်ကအစောင့်ရဲကို လာဘ်ထိုး၊ မန္တလေးထိ ကမြင်းကြော သွားထပါတော့တယ်။ အဲဒီအခါမှာ မန္တလေးက ထောက်လှမ်းရေးက အနံ့ရသွာပြီး စုံစမ်းစစ်ဆေးတော့ အမှုဟာ ကြီးကျယ်သွားပြီး ဒီအီး (DE) မဝင်တော့ပဲ ထောက်လှမ်းရေးက ခပ်ကြမ်းကြမ်း ရှင်းပါတော့တယ်။

အဲဒီမှာ ရန်ကုန်တိုင်း ထောင်အုပ်စုညွှန်မှူး ဒုတိယဗိုလ်မှူးကြီး (ယခု-ငြိမ်း) ခင်မောင်လတ် တယောက် ထောင်(၆)လ ကျသွားပါတယ်။ ခင်မောင်လတ်ဟာ ထောင်ဝတ်စုံအဖြူ (ပုံစံဝတ်စုံ) ဝတ်ပြီး အထူးတိုက်မှာ နေရပါတယ်။ တချိန်တုန်းက သူလာရင် အကျဉ်းသားတွေအားလုံးက သူ့ကို ပုံစံအရိုအသေ ပေးတာကို အပေါ်စီးကနေ ကြည့်သွားရတဲ့စစ်ဖိနပ်ဝတ် လူကြီးတယောက်ဟာ အခုဆို သူတို့အချင်းချင်း အစာအဝေ မတည့်မှုတွေကြောင့် တိုက်အတွင်း ပုံစုံထိုင် ခေါင်းငုံ့နေရပါတော့တယ်။ နောက်ဆက်တွဲအမှုသည် ထောင်ပိုင်အုန်းဖေ တယောက် ကတော့ ရဲဘက်ကို ပြောင်းရွှေ့ခံရပြီး ဗိုလ်မှူးသာဦး ဆိုသူရောက်လာပါတယ်။ ဒီအမှုတွဲထဲမှာ တစိတ်တဝမ်းတည်း ကြံရာပါလူသတ်ကောင် ဆရာဝန် ဒေါက်တာစိုးကြည်ကိုတော့ နယ်ထောင်တခုကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒီတော့မှ စိုးကြည်လည်း ရှက်ရှက်နဲ့ အလုပ်ကထွက်ပြီး အခုတော့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်ပြီး ဆေးခန်းဖွင့်ထားတယ်လို့ သိပါတယ်။

သူ့ သတင်းကိုကြားတော့ ဒီကောင်ကြီး ဝဋ်လည်ပြီဆိုပြီး ထောင်တွင်းမှာ သူ့ကြောင့် မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးသမားကြီးတွေ အတွက် ကျေနပ်သွားခဲ့တယ်။ နောက်တော့ သံဝေဂပါ ရမိပါတယ်။ လူသတ်ကောင် ဆရာဝန်စိုးကြည်တယောက် ဖြစ်တတ် ပျက်တတ်တဲ့ လောကဓံနယ်ထဲက ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တဲ့ သားကောင်လေးတကောင် ပမာပါပဲ။

◾ အခန်း(၈)

(က) အိတ်ခ်ျအိုင်ဗွီရောဂါပိုးပျံ့နှံ့ နေပုံ

ထောင်အတွင်း အိတ်ခ်ျအိုင်ဗွီရောဂါပိုးတွေ ပျံ့နှံ့ပြီး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းတွေကို ပြောချင်ပါတယ်။

ရှေ့ပိုင်းမှာ တင်ပြခဲ့သလို ထောင်အတွင်း အကျဉ်းသားအချင်းချင်း အဓမ္မလိင်တူ ဆက်ဆံမှုတွေကြောင့် ဒီရောဂါကူးစက်မှုတွေ ရှိနေသလို ထောင်ဆေးရုံမှာ ပုံမှန်အသုံးပြုနေတဲ့ ဆေးထိုးအပ်ကနေ တဆင့် ကူးစက်မှုတွေ ဒုနဲ့ဒေးရှိနေပါတယ်။

ထောင်အတွင်း နေထိုင်ရာမှာမသန့်ရှင်းမှုတွေ အမြောက်အများ ရှိနေလို့ ကျနော် ကိုယ်တိုင် ယားနာတွေ ပေါက်ခဲ့ပါသေးတယ်။ ယားနာတွေပျောက်ဖို့ အိမ်ကနေပြီး ဆေးတွေမှာရပါတယ်။ အဲဒီ မှာထားတဲ့ဆေးတွေ (အထူးသဖြင့် ပင်နယ်ဆလင်ဆေး) နဲ့ ဆေးရုံက မိုးရေနဲ့ရောပြီး တရက်တခါမှန်မှန် သွားထိုးရပါတယ်။ အင်းစိန်ထောင်မှာ ညနေ (၅)နာရီဆိုရင် အဆောင် (၅)က အကျဉ်းသားတွေတန်းစီပြီး ထောင်ဆေးရုံကို ပြဖို့ သွားရပါတယ်။ ဆေးရုံက ဆရာဝန်တွေကတော့ လူနာတွေကိုကြည့်ပြီး ဘာစပိုရို၊ ဒါမှမဟုတ် တက်ဖလက်စာဖာ ဆေးကလွဲပြီး ကျန်တဲ့ဆေး ဘာမှမပေးပါဘူး။

ဆေးထိုးဖို့ လိုတဲ့သူတွေ၊ ယားနာပေါက်နေတဲ့သူတွေ၊ ကူးစက်ရောဂါ ရှိနေတဲ့သူတွေ အားလုံးကို ဆေးထိုးဖို့တန်းစီထားခိုင်းပါတယ်။ ပထမဦးဆုံး ရေနွေးနဲ့ ပြုတ်ထားတဲ့ အိုးထဲက ဆေးထိုးအပ်ကို ယူလိုက်ပြီး ဆေးထိုးမဲ့ ဖန်ချောင်းမှာ တပ်ပါတယ်။ ပြီးမှဆေးပုလင်းထဲက ဆေးရည်တွေကိုစုပ်ယူ အပ်ကိုဖန်ချောင်းကနေ ပြန်ဖြုတ်လိုက်ပါတယ်။ ဖြုတ်လိုက်တဲ့အပ်ကို လက်ချောင်းများကြားမှာ ညှပ်လိုက်ပြီးဆေးထိုးခံရမယ့်သူရဲ့ တင်ပါးကို တချက်နှစ်ချက်ရိုက်ပါတယ်။ ဒီလိုရိုက်ပြီး လက်မှာညှပ်ထားတဲ့အပ်ကို တင်ပါးပေါ်ကို စိုက်ပြီးရိုက်ချလိုက်ပါတယ်။ တင်ပါးထဲ အပ်ရောက်သွားပြီးဆိုမှ ဆေးထိုးတံ ဖန်ပြွန်ချောင်းကိုအပ်နဲ့ တပ်ပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာနဲ့ ဆေးထိုးပါတယ်။ တယောက်ပြီးရင် တင်ပါးကအပ်ကိုဖြုတ် ဒီအတိုင်းပဲ အခြားတယောက်ကို ခေါ်ပြီး ပထမနည်းတူ အပ်နဲ့ စိုက်၊ ဖန်ပြွန်တပ်ဆေးထိုးချပါတယ်။ ဆေးထိုးအပ် တချောင်းတည်းနဲ့ လူပေါင်းများစွာကို ဖန်ချောင်းထဲက ဆေးရည်မကုန်မချင်း ထပ်တလဲလဲ ထိုးပါတယ်။ ဒီလိုဆေးထိုးမှုမျိုးကို ထောင်အတွင်း နေ့စဉ်လိုလို ပြုလုပ်ဆောင်ရွက်ပါတယ်။ ကျနော်လည်း အထက်ပါ နည်းလမ်းတွေအတိုင်း ဆေးထိုးခံခဲ့ရဖူးပြီး တဦးနဲ့တဦး ရောဂါပိုးကူးစက်မှု အဖြစ်များဆုံး ဖြစ်နိုင်တဲ့နည်း ဖြစ်ပါတယ်။

ကျနော်တို့ကို ဆေးထိုးပေးတဲ့ သူတွေကလည်း ထောင်က ဆရာဝန်တို့၊ ဆေးမှူးတို့မဟုတ်ကြပဲ ဘိန်းဖြူမှုနဲ့ ထောင်ကျလာတဲ့ ပုဒ်မ ၁၄(ဃ) အကျဉ်းသားတွေ ဖြစ်ပါတယ်။ (ဆေးထိုးတဲ့အခါမှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ထောင်ကျ လာသူတွေကသာ ဆေးထိုးပေးရတဲ့ အကြောင်းရင်းကတော့ ထောင်ဝန်ထမ်းတွေ၊ ဆေးမှူးတွေဆရာဝန်တွေ အကြောဆေးထိုးတဲ့အခါမှာ အပ်နဲ့(၃)ကြိမ်၊ (၄)ကြိမ်လောက် အကြောရှာလို့ ခံရတဲ့လူနာမှာ အင်မတန်ကို နာကျင်ရပါတယ်။ ဒါကြောင့် ဆေးထိုးတဲ့အခါမှာ လက်မတုန်ပဲ ညင်ညင်သာသာ ထိုးပေးနေကြတဲ့ ဘိန်းစား ပုဒ်မ ၁၄(ဃ) တွေကသာ ဆေးထိုးပေးလေ့ရှိပါတယ်။ နောက်ထပ် ရောဂါကူးစက်နိုင်တဲ့ နည်းတခုကတော့ ထောင်ထဲကို ရောက်လာတဲ့သူမှန်သမျှ ပြုလုပ်နေကြလေ့ရှိတဲ့ ဆေးမှင်ကြောင်ထိုးတဲ့ ကိစ္စပါပဲ။

ထောင်ထဲမှာ ထောင်ကျလာသူများက သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်တရအနေနဲ့ ရက်စွဲတို့၊ ခုနှစ်သက္ကရာဇ်တို့၊ ရုပ်ပုံအလှတို့ကို ရေးထိုးလေ့ရှိပါတယ်အဲဒီလို ဆေးမှင်ကြောင် ထိုးတဲ့အခါမှာ ထောင်တွင်းက တွေ့ရာ သံချွန်သံတိုသံချောင်းလေးတွေနဲ့ စုတ်တံအဖြစ် အသုံးပြုပြီး ဆေးမှင်ကြောင် ထိုးပါတယ်။ ဒီလိုပြုမှုတာဟာ ထောင်တွင်း မဆန်းလှတဲ့ ကိစ္စဖြစ်ပါတယ်။ အကျဉ်းသားတွေ အဲဒီလို စုတ်ထိုးထားတာကို ထောင်ဝန်ထမ်းတွေ တွေ့ရင် အဓမ္မချုပ်ပြီး ဖျက်ပစ်ပါတယ်။ အကစ ဝန်ထမ်း တော်တော်များများက အကျဉ်းသားတွေ တမင်တကာ အသားနာအောင် ဖျက်တဲ့အခါမှာလည်း အမဲကွက်ကြီးဖြစ်အောင် ပြုလုပ်လေ့ရှိပါတယ်။

ရန်ကုန်တိုင်း အခြေခံကျောင်းသားသမဂ္ဂကနေ ထောင်ကျလာတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ရဲတေဇ ဆိုရင် သူ့ရဲ့လက်မောင်းမှာ အကစဝန်ထမ်းတွေက အသားနာအောင် တမင်ပြုလုပ် ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိပါတယ်။ အိတ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်နိုင်တဲ့ နောက်ထပ်တနည်းကတော့ ထောင်ထဲကို ရောက်ရှိလာတဲ့ ရာဇဝတ်မှုအကျဉ်းသမားတွေ တော်တော်ပြုလုပ်လေ့ရှိတဲ့ ကိစ္စကတော့ လိင်တန်ဆာထဲကို ဖန်စအလုံးများ ထည့်သွင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ဂေါ်လီထည့်တယ်လို့ ခေါ်ဝေါ်ကြပါတယ်။ တန်ဆာအတွင်းကိုထည့်တဲ့ ဖန်လုံးတွေကို ထောင်အတွင်း ချောင်ကြို ချောင်ကြားကရတဲ့ ဖန်ကွဲစတွေကို သမံတလင်းနဲ့ ပွတ်တိုက်ပြီး ဂေါ်လီလုံး အသေးစား အရွယ်လေးထိရအောင် ပွတ်တိုက်သွေးယူပါတယ်။

လိုချင်တဲ့ပမာဏ အရွယ်အစား ရလာတဲ့အခါ လိင်တံတန်ဆာရဲ့ အပေါ်ယံအရေပြားကို ဘရိတ်ဓါးနဲ့ ခွဲချလိုက်ပါတယ်ပြီးမှ ကွဲဟသွားတဲ့ အရေပြားထဲကို အသင့်သွေးပြီးသား ဖန်ဂေါ်လီလေးတွေကို ထည့်သွင်းပြီး ဘာကာကွယ်ဆေးမှ မထည့်ပဲ ဒီအတိုင်း ထားလိုက်ပါတယ်။ ဒီအတိုင်း အနာကျက်သွားသူတွေရှိသလို၊ အနာရင်းပြီး မေးခိုင်ပိုး ဝင်သွားသူများကိုလည်း တွေ့ရပါတယ်။ အရေပြားခွဲတဲ့နေရာမှာ အသုံးပြုတဲ့ ဘရိတ်ဓါးကိုလည်း အသုံးမပြုခင် အရက်ပြန်သုတ် လိမ်းခြင်းလုံးဝမရှိပဲ အဲဒီဓါးနဲ့ တယောက်တလှည့် အသုံးပြုကြပါတယ်။

ဒီလို ဂေါ်လီကို ကျွမ်းကျွမ်းကျင်ကျင် ထည့်ပေးတဲ့သူကို အဖိုးအခအဖြစ် ဆေးလိပ်(၁၀) လိပ် ဒါမှမဟုတ်(၁၅)လိပ်ခန့်လောက် ပေးပါတယ်။ ဒီလို လိင်တန်ဆာထဲ ဖန်ဂေါ်လီလုံးထည့်သွင်းတာဟာ အမျိုးသမီးများနဲ့ လိင်ဆက်ဆံတဲ့အခါ လိင်အရသာပိုမို ကောင်းမွန်စွာခံစားနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဝန်ထမ်းများဟာ ထောင်အကျဉ်းသားထဲက အိတ်ခ်ျအိုင်ဗွီ ရောဂါရှိတယ်လို့ သံသယရှိသူတွေကို အခန်းတခန်းတည်းမှာ စုစည်းပြီး ထားရှိပါတယ်။

ထောင်ထဲရောက်ပြီးမှ အိတ်ချ်အိုင်ဗွီရောဂါ ကူးစက်ခံလိုက်ရတယ်လို့ သံသယရှိခံခဲ့ရတဲ့ အရင်တုန်းက ကျနော်နဲ့ ရင်းနှီးခဲ့ဖူးတဲ့ သူတယောက်ကိုလည်း ထောင်ဝန်ထမ်းတွေက အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိတယ်လို့ စာရင်းသွင်းခံရပြီး ရောဂါပိုးရှိတဲ့သူတွေနေတဲ့ အခန်းထဲကို ပို့လိုက်ပါတယ်။ အဲဒီရောဂါပိုးရှိတဲ့ အခန်းထဲက လူတွေမှာ အိတ်ခ်ျအိုင်ဗွီရောဂါပိုး အမှန်တကယ် ရှိတယ်မရှိဘူးဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေကို ဝန်ထမ်းတွေက သေချာခိုင်မာတဲ့ ဆေးစစ်မှုတွေ မပြုလုပ်ခဲ့ကြလိုပဲ ဖြစ်ပါတယ်။

(ခ) ရန်ကုန်မြို့ရဲ့ ဘိန်းစခန်း

အင်းစိန်ထောင်အတွင်း မူးယစ်ဆေးဝါး အခြေအနေတွေထဲက ကျနော်သိသလောက် အနည်းငယ် ပြောပြလိုပါတယ်။ ထောင်ထဲမှာ မူးယစ်ဆေးဝါးရရှိဖို့ အင်မတန်မှ လွယ်ကူလှပါတယ်။ အင်းစိန်ထောင်ကြီးဟာ ရန်ကုန်မြို့ ဘိန်းစခန်းတခုလို့ ပြောရင်မမှားပါဘူး။ ဘိန်းဖြူကို ထောင်အတွင်း အလွယ်တကူ ရရှိနိုင်ပြီး တရားဝင် သုံးစွဲခွင့် ပြုထားသလား အောက်မေ့ရအောင် မူးယစ်ဆေးသုံးစွဲမှု ပေါများလှပါတယ်။

အင်းစိန်ထောင်အတွင်းကို ဘိန်းဖြူ တွေ၊ အခြားမှုးယစ်ဆေးဝါးတွေ ရောက်ရှိလာတဲ့ ပုံစံအမျိုးမျိုးရှိပါတယ်။ တမျိုးက အချုပ်ဆောင်ကနေပြီး ရန်ကုန်မြို့လယ်ခေါင်ထဲကို တရားရုံးထွက်တဲ့ လူတွေကနေ တဆင့် ရောက်ရှိ နိုင်ပါတယ်။ နောက်တမျိုးကတော့ ထောင်ဝန်ထမ်းတွေက တဆင့်ထောင်တွင်းသို့ သွင်းယူတဲ့နည်းနဲ့ ရောက်ရှိနိုင်ပါတယ်။

အဲဒီအထဲက တမျိုးထူးခြားတဲ့ နည်းကတော့ ထောင်ဝန်ထမ်းဟာ သူတာဝန်ကျတဲ့အချိန် ထောင်တွင်းကို ဝင်တဲ့အခါမှာ သူ့ခန္ဓာကိုယ်မှာ တပါတည်း ယူဆောင်လာပါတယ်။ ပြီးတော့ ထောင်ထဲမှာ ဆေးတန်ဖိုး သတ်မှတ်ပြီး ရောင်းချတဲ့နည်း ဖြစ်ပါတယ်။ နောက်တခုက ထောင်ဗူးဝမှာ စစ်ဆေးမှုကြပ်တည်းတဲ့အခါ (တလာစီတဲ့အခါ) ထောင်နံရံထောင့်တွေရဲ့ အပေါ်ရှိ လင့်စင်(ကင်းစင်)မှာရှိတဲ့ ဝန်ထမ်းနဲ့ ထောင်တွင်းက ဝန်ထမ်း အချင်းချင်း နားလည်မှုယူပြီး ကင်း​စင်ပေါ်ကနေ ကြိုးနဲ့ချပေးတဲ့ နည်းလည်းရှိပါတယ်။ အချုပ်ထွက် အချုပ်သားတွေ ယူလာပုံကတော့ မြို့ထဲကိုရုံးထွက်တဲ့အခါမှာ ရဲစောင့်ရှောက်တဲ့ ရဲစခန်းထဲမှာ မူးယစ်ဆေးဝါးတွေကို ပလတ်စတစ်တွေနဲ့ အထပ်ထပ်ပတ်ပြီး အချုပ်ခန်းထဲမှာပဲ ပါးစပ်ထဲ မျိုချလိုက်ပါတယ်။ အဲဒီအတိုင်း ဗိုက်ထဲမှာထည့်ပြီး ထောင်ထဲကို သွင်းယူလာပါတယ်။ ထောင်ထဲရောက်ပြီး နောက်တနေ့ အိမ်သာတက်တဲ့ အခါကျမှ မနေ့က မျိုချထားခဲ့တဲ့ ဘိန်းဖြူထုပ်ကို မစင်ပုံထဲကနေ ပြန်ရှာယူပါတယ်။ ပြီးမှ ပလတ်စတစ်ကိုဖြည်ပြီး ဘိန်းဖြူမှုန့်ကို ဆေးလိပ်ထဲ ထည့်သွင်း အသုံးပြုကြပါတယ်။ အဲဒီနည်းအတိုင်း အချို့ အကျဉ်းသားတွေက ပိုက်ဆံကို အထုပ်ပြုလုပ်ပြီး သွင်းပါတယ်။ ပလတ်စတစ်နဲ့ သွင်းယူတဲ့အခါမှာ ဘိန်းဖြူကိုပတ်ထားတဲ့ ပလတ်စတစ်က ပါးလွှာခဲ့ရင် အစာအိမ်အတွင်း အိတ်ပေါက်ပြီး ဘိန်းဖြူများ ခန္ဓာကိုယ်တခုလုံး ပျံ့နှံ့သွားပါတော့တယ်။

ဘိန်းဖြူတွေ အဆမတန် ခန္ဓာကိုယ်ထဲ ပျံ့နှံ့ပါက သေလုမျောပါးခံစားရပြီး ချက်ချင်းလက်ငင်း အသက်ပျောက်သွားသူတွေလည်း ရှိပါတယ်။ တချို့ ကတော့ ဝမ်းဗိုက်အတွင်း မျိုမချပဲ စအိုဝအတွင်းမှာ ထည့်ပြီး သယ်ဆောင်တတ်ပါတယ်။ ဒါပေမယ့် အဲဒီနည်းက စိတ်ချရမှု နည်းပါးတာကြောင့် သိပ်အသုံးမပြုကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းကို ထောင်ဝန်ထမ်းတွေ တော်တော်များများက သိရှိကြပြီး အချုပ်ကနေအပြန် ထောင်အဝင် တလာစီတဲ့အခါ အောက်ကိုကုန်းခိုင်းပြီး စအိုဝထဲကို လက်ညှိုးထိုး ရှာဖွေကာ ဖမ်းဆီးလေ့ ရှိသောကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် ဒါကလည်း ရံဖန်ရံခါမှသာ ပြုလုပ်တတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်ကိုယ်တွေ့ ကြုံရတဲ့ အဖြစ်အပျက်လေးတခုကို ပြောပြပါမယ်။ အင်းစိန်ထောင်ကို ဆေးမှူးအဖြစ် ကိုထွန်းထွန်းဦးဆိုသူတစ်ယောက် ထောင်ဒဏ်နှစ်ရှည်ကျလာပါတယ်။ ကျနော်တို့အဆောင်က ထောင်မှူးဦးစိုးဦးရဲ့ စာရေးသဘောမျိုး လုပ်ကိုင်ရလို့ ကျနော်တို့ အဆောင်(၃)မှာ နည်းနည်းအရေးပါ အရာရောက်ပါတယ်။ တနေ့မှာ ကိုထွန်းထွန်းဦးဟာ အဆောင်မှာ ထောင်မှူးမရှိခိုက် နှာခေါင်းထဲကို ဘိန်းဖြူမှုန့်..ရှူသွင်းပါတယ်။ သူရှုရှိုက်နေတုန်း ကျနော်တို့ မျက်စိရှေ့မှာတင် ရုတ်တရက် လဲကျသွားပါတယ်။

မကြာခင် အကြောင်းကြားလိုက်လို့ သတိလစ်မေ့မျောနေတဲ့ ကိုထွန်းထွန်းဦးကို ထောင်ဆေးရုံက ဆေးမှူးက ဆေးရုံကို ချက်ချင်း ခေါ်ဆောင်သွားပါတယ်။ ဆေးရုံကိုရောက်တော့ ကိုထွန်းထွန်းဦးတယောက် အသက်မရှိတော့တာ တွေ့ရပါတယ်။ ဘိန်းဖြူသမားအချင်းချင်း ပြောဆိုချက်တွေအရ ရှုသွင်းလိုက်တဲ့ အမှုန့်တွေဟာ ဘိန်းဖြူ အစစ် မဟုတ်လို့ ကိုထွန်းထွန်းဦး တယောက် အသက်ရှုလမ်းကြောင်းပိတ်ပြီး သေသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဘိန်းဖြူအစစ်ဆိုရင် ရှုရှိုက်လိုက်ရုံနဲ့ သွေးကြောထဲမှာချက်ချင်း အရည်ပျော်သွားတတ်ပြီး အစစ်မဟုတ်ပါက လေပြွန်ထဲမှာ အခဲဖြစ်သွားပြီး အသက်ရှုလမ်းကြောင်း ပိတ်ဆို့ပြီး သေနိုင်ကြောင်း သိလိုက်ရပါတယ်။

ကိုထွန်းထွန်းဦး သေဆုံးတဲ့အမှုကို ထောင်အတွင်းရှိ ထောင်မှူး ထောင်ပိုင်တို့က ထောင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်မှားလို့ သေဆုံးတာဖြစ်ကြောင်း ရဲလက်အပ်ပြီး လိမ်လည်အမှုဖွင့်ခဲ့ပါတယ်။ တကယ်လို့ ဖြစ်ရပ်မှန်အတိုင်း ရဲလက်အပ်ပြီး အမှုဖွင့်ခဲ့ပါက မေးခွန်းတွေ အမြောက်အများ ထွက်လာမှာဖြစ်ပါတယ်။ ကိုထွန်းထွန်းဦးသုံးစွဲသော မူးယစ်ဆေး ဘယ်ကရသလဲ၊ ထောင်တွင်းကို မူးယစ်ဆေး ဘယ်သူယူဆောင်လာသလဲ။ ထောင်ထဲမှာ မူးယစ်ဆေးသုံးဖို့ လုံခြုံသော နေရာတွေရှိလား။ ထောင်မှူးတွေ ဘာလုပ်နေလဲ။ ထောင်ပိုင်က စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ လျော့နည်းနေလား။ ဒီမေးခွန်းတွေ ရင်ဆိုင်လိုက်ပါက ထောင်မှာရှိတဲ့ အကစ ဝန်ထမ်းတွေအားလုံး အလုပ်ပြုတ်၊ ပြဿနာပေါင်း သောင်းခြောက်ထောင်တွေ ပေါ်ထွက်၊ ဒီအီး (DE)ဆိုတဲ့ စစ်ဆေးမှုဝင်၊ ဒီလိုကိစ္စမျိုးတွေကို ရင်ဆိုင်ဖို့ ထောင်ဝန်ထမ်းတွေအားလုံး တညီတညွတ်တည်း လက်ရှောင်လိုက်ကြပါတယ်။ ထောင်အတွင်း အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်လေးဖြစ်ပါတယ်ဘိန်းမှု မူးယစ်ဆေးမှုတွေနဲ့ ထောင်ကျလာတဲ့သူတွေကို ”ဘစ” လို့ ခေါ်ဝေါ်ကြပြီး ထောင်ထဲရောက်လာတဲ့ ဘစတွေထဲမှာလည်း စီနီယာ၊ ဂျူနီယာ ဆိုပြီးခွဲခြား သတ်မှတ်ထားတာလည်း ရှိပါတယ်။ ဒါကို သူတို့ ဘစ အချင်းချင်း သတ်မှတ်ချက် ဖြစ်ပါတယ်။ သူတို့ အချင်းချင်း အဆင့် သတ်မှတ်တဲ့ပုံစံက ဘိန်းဖြူကို ဘယ်တုန်းက စသုံးတာလဲအပေါ်မှာ အခြေခံပါတယ်။

၁၉၈၈ ခုနှစ် ရှေ့ပိုင်းမှာ ဘိန်းဖြူစသုံးတဲ့သူကို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ဘိန်းဖြူစသုံးတဲ့သူက လေးစားသမှု ပြုရပါတယ်။ ၁၉၈၈ ခုနှစ် ရှေ့ပိုင်းကတည်းက ဘိန်းဖြူစသုံးတဲ့ တွေဟာ အဲဒီအချိန်ကာလက ဘိန်းဖြူသုံးစွဲတဲ့အခါမှာ ရှာဖွေရခက်ခဲခြင်း၊ ဈေးကြီးခြင်းနဲ့ ဘိန်းတန်ဖိုး မြင့်မားနေခြင်းဖြစ်နေတဲ့ အချိန်အခါမို့ ပိုက်ဆံငွေကြေး တတ်နိုင်တဲ့အပြင် ဘိန်းဖြူကို အမှန်တကယ် သုံးစွဲသူတွေဖြစ်တဲ့ ဘိန်းစားမျိုးပါ။

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဘိန်းဖြူ စသုံးတဲ့သူကတော့ ဘိန်းဖြူဆိုတာ နေရာတကာမှာ လွယ်လင့်တကူ နေရာတိုင်းရနိုင်ခြင်း၊ ဘိန်းဖြူဈေး သိပ်မမြင့်မားခြင်း၊ ဘိန်းဖြူ ပေါများခြင်းရှိတဲ့ကာလမို့ ဘိန်းဖြူ ပေါမှ စားတဲ့ ဘိန်းစားမျိုးဆိုပြီး ခွဲခြားထားတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကို ဆရာအဆင့်အထိ သုံးစွဲတဲ့ပုဂ္ဂိုလ်တွေအထိ ထောင်ထဲမှာ ရှိပါတယ်။

◾ အခန်း(၉) 

(က) ကွက်စိပ်ဆရာ မဟာဘုတ်

အင်းစိန်ထောင်ဆိုတာဟာ အုတ်နံရံလေးဖက်လေးတန် ပိတ်ကာထားတဲ့ နေရာဒေသကြီး တခုဖြစ်ပေမယ့် အဲဒီနံရံလေးဖက်ကြားမှာပဲ သတင်းတွေမျိုးစုံ ပြန့်နှံ့နေတတ်ပါတယ်။ ထောင်တွင်းပျံ့နှံ့ နေတယ်တဲ့ သတင်းတွေဟာ ကိုးဆယ်ရာခိုင်နှုန်းလောက် မမှန်တာများပါတယ်။

ထောင်ကနေ လွတ်တဲ့သတင်း၊ နိုင်ငံရေးသတင်း၊ အပြင်ဖက်က သတင်းမျိုးစုံကို တစိတ်ကို တအိတ်လုပ်ပြီး ပြောကြပါတယ်။ ထောင်ထဲမှာအပတ်စဉ် ထောင်ကနေ လွတ်တဲ့သတင်းကတော့  အကျဉ်းသားတွေကြား ရေပန်းစားတဲ့ သတင်းအဖြစ် ထိပ်တန်းမှာ အမြဲနေရာယူတတ်ပါတယ်။ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့လို နေ့မျိုးတွေမှာ လွတ်ငြိမ်းခွင့်ကို စောင့်စားတတ်ကြပါတယ်။ တကြိမ် ဘိုကလေးမြို့မှာ တိုက်ပွဲဖြစ်သွားတဲ့သတင်းဟာ နာရီပိုင်းအတွင်း ထောင်ထဲမှာ ပျံ့နှံ့သွားပါတယ်။ သတင်းဟာ တဖြည်းဖြည်းကားလာပြီး မကြာခင်မှာပဲ ရန်ကုန်ကို ဝင်သိမ်းတော့ မလိုလို ကောလဟာလတွေ ဖြစ်ပေါ်လာပါသေးတယ်။ ထောင်ထဲမှာ ရတဲ့သတင်းတပုဒ်ကို အခြေခံပြီး တယောက်နဲ့ တယောက် စိတ်ပြေလက်ပျောက် နောက်တတ်ကြပါတယ်။

“ဟေ့ ကြားပြီးပြီးလား” 

“ဘာလဲကွ”

“ဖျာပုံကို သိမ်းလိုက်ပြီတဲ့” 

“ဒီနေ့လား”

“အေး၊ နေ့ခင်းကပဲသိမ်း လိုက်တာ” 

“ဘယ်သူတွေဦးဆောင်ပြီး သိမ်းလိုက်တာလဲ”

”(၁) ခန်း အခန်းသန့်က ဦးဇောတိကတို့လေ”

“ဝါး...ဟား... ဟား”

“ဟာ... ဒီကောင်တွေတော်တော် ရှုပ်တဲ့ ကောင်တွေ ” 

ထောင်ထဲကို နည်းလမ်းပေါင်းစုံနဲ့ ရောက်လာတဲ့ သတင်းတွေ အပေါ် အမျိုးမျိုးဆွေးနွေးကြ၊ ငြင်းခုံကြနဲ့ ပျော်ရွှင်မှုတွေ ဖန်တီးရပါတယ်။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆိုရင် အလုပ်တွေ အားလုံးနားရ ပါတယ်။ အဲဒီလို အလုပ်နားပြီးဆိုရင် အဆောင်တွေမှာ လူတွေ ပြည့်နှက်နေတတ်ပါတယ်။ အဲဒီမှာ ထူးခြားတာက ပိတ်ရက်မျိုးတွေမှာ အဆောင်(၃)ရဲ့ မိလ္လာကန်ဖက်မှာ အကျဉ်းသားတွေစုပြုံပြီး ထိုင်နေတတ်တာကို တွေ့ရပါတယ်။ နံစော်ညစ်ပတ်လှတဲ့ မိလ္လာကန်နားမှာ ဒီလောက်လူတွေ အများကြီး ဘာကြောင့် သွားထိုင်နေရတာလဲလို့ မေးစရာရှိပါတယ်။

အကျဉ်းသားတွေ အမြောက်အများ မိလ္လာကန်ကို လာပြီး လာထိုင်အောင် ထိန်းထားတဲ့ ပုဂ္ဂိုလ်ကျော်ကတော့ “မဟာဘုတ်” လို့ခေါ်တဲ့ ရာဇဝတ်အကျဉ်းသားတဦး ဖြစ်ပါတယ်။ မဟာဘုတ်ဟာ ဝတ္တုဇာတ်လမ်းတွေကို အကျဉ်းသားတွေ အပျင်းပြေအောင် ပြောတတ်ပြီး ဘာသာပြန်သိုင်းဝတ္တုတွေ အကုန်လုံး နီးပါး မျိုချထားသလား အောက်မေ့ရအောင် ဇာတ်လမ်းပြောကောင်းသူ တယောက် ဖြစ်ပါတယ်။

မဟာဘုတ် တစ်ယောက် မိလ္လာကန်ဘောင်ပေါ်တက်ပြီး ပုံပြောပြီးဆိုရင် အကျဉ်းသားတွေအားလုံး အောက်ကနေ ပါးစပ်အဟောင်းသားလေးတွေနဲ့ဖြစ်သွားတတ်ပါတယ်။ နံစော်နေတဲ့ မိလ္လာကန်ကြီးဘေးမှာ အကျဉ်းသားတွေ အားလုံးနီးပါး  အပ်သံမကြားရလောက်အောင် တိတ်ဆိတ်နေပြီး မဟာဘုတ် ပြောပြတဲ့ ဇာတ်လမ်းပမာကို နားသောတဆင်ကြပါတယ်။

လူအုပ်က တဖြည်းဖြည်းများလာလို့ လူစုခွဲဖို့ရောက်လာတဲ့ စည်းကမ်းထိန်း သန်းအောင်ကိုယ်တိုင် မဟာဘုတ်ရဲ့ လေကြောထဲ မျောဝင်သွားပြီး သူပါလူအုပ်ထဲ ဝင်နားထောင်ရအောင် မဟာဘုတ်က ပုံပြောကောင်းလှပါတယ်။ မဟာဘုတ်က ဇာတ်ထုပ်တွေ တခုနဲ့ တခု မထပ်အောင်၊ အများစိတ်ဝင်စားအောင် အမူအရာတွေနဲ့ ပြောတတ်ပါတယ်။ သူပုံပြောရင် စားဖို့အတွက်လည်း လာနားထောင်တဲ့ သူတွေက ကွမ်းယာလေးတွေ အဆင်သင့် ဝယ်ပေးထားရပါတယ်။

ကွမ်းယာကို တမြုံ့မြုံ့ဝါးရင်း ဇတ်လမ်းပမာလေးတွေကို ဟန်ပန်အမူအယာ အမျိုးမျိုးနဲ့ သရုပ်ဆောင်ပြီး ပြောပြတဲ့ မဟာဘုတ်ကို ထောင်ထဲက အကျဉ်းသားတွေတင် စိတ်ဝင်တစား နားထောင်တာ မဟုတ်ပါဘူး။ ထောင်မှုးဦးစိုးဦးကိုယ်တိုင် ကွမ်းယာတထုပ်နဲ့ မဟာဘုတ်ကိုပင့်ပြီး သူ့ရုံးခန်းထဲခေါ်ပြီး ဟောပြောခိုင်းရတဲ့အထိ မဟာဘုတ်ဟာ ထောင်ထဲမှာ အပြောကောင်းတဲ့ ကွက်စိပ်ဆရာကြီးတဆူပါပဲ။ သူပြောပြတတ်တဲ့ ဇာတ်ထုပ်တထုပ်ဟာ ရုပ်ရှင်ကားတကား နီးပါးစာ (၂) နာရီ၊ (၃) နာရီလောက် ကြာအောင် အကွက်စိပ်စိပ် ပြောနိုင်ပါတယ်။ သူပြောတဲ့ ဇာတ်ထုပ်ပြီးပြီးဆိုရင် လာနားထောင်တဲ့ လူအုပ်ကြီးတွေ သူ့နေရာသူ ပြန်ကြတာ ရုပ်ရှင်ကရုံခါပြီး လွှတ်လိုက်သလား အောက်မေ့ရပါတယ်။

(ခ) ထောင်အတွင်း ဘုရားတည်

ထောင်ထဲမှာ ထောင်လုံခြုံရေးကို ကာကွယ်တဲ့ သတင်းမျိုးပေးတာ၊ မိလ္လာကျုံးတဲ့ အလုပ်မျိုးလုပ်တာ၊ ညဖက်ကင်းစောင့်ရတဲ့ ဘာယာအလုပ်မျိုး လုပ်တာတွေကို ထောင်ထဲမှာ အထူးလျှော့ရက် ပေးပါတယ်။ (၃) ဘို့ (၁) ဘို့ ကိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ ထောင် (၃)နှစ်ကျ လာတဲ့သူက (၁)နှစ်လျော့ရက်တာကိုဆိုလိုပါတယ်။ ထောင်ထဲမှာမြွေအရှင် ဖမ်းမိလို့ ရုံးတင်ရင်လည်း လျော့ရက်ခံစားခွင့်ရတတ်ပါတယ်။ ဒါကြောင့် အလုပ်ကြီးနဲ့ တောင်ယာဖက်မှာ အကျဉ်းသားတွေက မြွေလိုက်ဖမ်းကြလို့ ထောင်ထဲမှာ မြွေနဲ့တူတဲ့ သတ္တဝါ တကောင်မှ မရှိပါဘူး။

ကျနော်တို့ (၃)ဆောင်ရဲ့ အနောက်ဖက်မှာ သရက်ပင် ညောင်ပင်တွေရဲ့အောက်မှာ ဘုရားဝင်း ဆိုတာရှိပါတယ်။ ဘုရားဝင်းတွင်းက ဘုရားရုပ်ပွားတော်ပုံတွေက ရွှံ့နဲ့ထုလုပ်ထားရတာမို့၊ မိုးဒဏ်၊ လေဒဏ် တွေကြောင့် ပျက်စီးကုန်ကြပါတယ်။

ကျနော်တို့ အဆောင်ရဲ့ထောင်မှူး ဦးစိုးဦးကို အရင်တုန်းက  အကျဉ်းသားတွေက “ပျား” လို့ ကင်ပွန်းတပ်ကြပါတယ်။ ပျားဆိုတာ တုပ်တတ်တဲ့ သဘောရှိသလို၊ ဦးစိုးဦးဟာလည်း ၅(ည)တွေအပေါ် ပြဿနာရှာ ရိုက်တတ်လွန်းတာကြောင့် ဖြစ်ပါတယ်။ ဦးစိုးဦးဆိုတာ ၅(ည) တွေနဲ့ ပတ်သက်ပြီး တကြိမ် ပြဿနာတက်ဖူးပါတယ်။ နောက်ပိုင်း သူက ကျနော်တို့ ၅(ည)တွေအပေါ် နားလည်မှု ရသွားတာလား၊ အမြင်မှန် ရသွားတာလား မပြောတတ်ပါ။ ကျနော်တို့ ၅(ည)တွေနဲ့ ပတ်သက်ပြီး အဆင်ပြေပြေ ဆက်ဆံလာပါတယ်။ ထောင်မှာ ၅(ည)တွေနဲ့ ထောင်မှုးတိုင်း အဆင်မပြေ ဖြစ်ကြတာက ထုံးစံလိုဖြစ်နေပေမယ့်.. ဦးစိုးဦးကတော့ ၅(ည)တွေနဲ့ အတူတူ ခြင်းလုံးခတ်ပါတယ်။ တောင်ယာထဲမှာလည်း သူကိုယ်တိုင် ခါးတောင်ကျိုက်ပြီး ၅(ည)တွေနဲ့ အတူတူအလုပ်လုပ် ပါတယ်။

တောင်ယာကထွက်တဲ့ သီးနှံတွေကို သူကိုယ်တိုင် ကုလားပဲဟင်းနဲ့ ရောနှောချက်ပြုတ် အကျဉ်းသားတိုင်းကို အဆင်ပြေသလို ဝေငှပေးပါတယ်။ ဒါကြောင့် ကျနော်တို့ အဆောင်(၃)ကို ဒီမိုကရေစီဆောင် ဆိုပြီး တချို့က ခေါ်ဝေါ်ပါတယ်။ ကျနော်တို့ အဆောင်မှာ ဒီလိုဖြစ်နေတာကို အခြားအဆောင်က ထောင်မှူးတွေက မကျေနပ်ကြပါဘူး။ ထောင်မှုးဦးစိုးဦးဟာ နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ ကျလာတဲသံဃာတော်တွေ၊ ဆရာတော်ကြီးတွေကို ဂရုတစိုက် ဆက်ဆံပါတယ်။ ဆရာတော်ကြီးတွေကို ပုံစံဝတ်စုံပေးခြင်း၊ ဆရာတော်ကြီးများနဲ့ တရားဓမ္မဆွေးနွေးခြင်း၊ တရားစာအုပ်တွေကို ဖတ်ရှုခွင့်ပေးခြင်းတွေ လုပ်ပေးပါတယ်။ ဦးစိုးဦးအုပ်ချုပ်တဲ့ ကျနော်တို့ အဆောင်မှာ ပြဿနာ ကြီးကြီးကျယ်ကျယ်တက်တာတွေ မရှိသလောက်ပါပဲ။

ပြဿနာတက်ရင်လည်း တော်ရုံတန်ရုံ အမှုသေးလေးတွေကို သူ့ရုံးခန်းထဲမှာ ပြီးစေပါတယ်။ အခြား အဆောင်တွေမှာ လူသတ်မှုတွေ အမြောက်အများ ရှိနေချိန်မှာ ကျနော်တို့အဆောင်က ရာဇဝတ်သမားတွေ ခေါင်းထောင် မထရဲကြပါဘူး။

ဒီလိုထောင်မှူးနဲ့ အဆင်ပြေပြေနေရချိန်မှာ ကျနော်တို့ ၅(ည)တွေကို နားလည်မှုရှိလာတဲ့ ဦးစိုးဦးဟာ ကျနော်တို့နဲ့ ကြာကြာမခိုင်မြဲခဲ့ပါဘူး။ ၅(ည)တွေစည်းရုံးရေးကောင်းတာကြောင့်လား ဘာလားမပြောတတ်ပါ။ ထောင်မှုးဦးစိုးဦးဟာ အလုပ်ကနေ ထွက်စာတင်ပြီး အကျဉ်းဦးစီးဌာနရဲ့ ဝန်ထမ်းဘဝက အပြီးအပိုင် ထွက်သွားပါတော့တယ်။

သူထောင်မှုးဘဝ မနှုတ်ထွက်ခင် ထောင်တွင်းကောင်းမှုကုသိုလ် တခုကို ကျနော်တို့၅(ည)တွေနဲ့ ပြုလုပ်ခဲ့ ပါသေးတယ်။ နဝတရဲ့ ကောင်းမှုကြောင့် ထောင်ထဲကို ရောက်ရှိလာတဲ့ ဦးကျော်ကျော် (နဝတရဲ့ လက်ရှိဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်ခင်ရဲ့ ယောက်ဖတော်စပ်သူ) ဦးစိုးဦးနဲ့အတူ တိုင်ပင်ပြီး ဘုရားဆင်းထုတော်တဆူကို ထောင်တွင်းတည်ထားဖို့ ပြုလုပ်ပါတယ်။

ဦးကျော်ကျော်ဟာ အသက်(၅၀) ဝန်းကျင်ခန့်ရှိပြီး ဦးအုန်းသန်းတို့နဲ့ အမှုတွဲတွေဖြစ်ပါတယ်။ ဦးကျော်ကျော်ဟာ ဦးစိုးဦးနဲ့အတူ ဉာဏ်တော် (၂)ပေခန့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် တဆူကို အပြင်ကနေမှာယူပြီး ကျနော်တို့အဆောင် (၃) မှာ တည်ထားကိုးကွယ်ဖို့ ထောင်တွင်းကို ပင့်ဆောင်ဖို့ ပြုလုပ်ပါတယ်။ ဘုရားကျောက်ဆင်းထု ရုပ်ပွားတော် စံပယ်ကိန်းဝပ်ဖို့အတွက် ဂန္ဓာကုဋီတိုက်ကို ဆောက်လုပ်ခြင်း၊ ဉာဏ်တော် (၆) ပေခန့်. ရှိတဲ့ စေတီတဆူအား ရွှေသင်္ကန်းကပ်ခြင်းတွေကို ၅(ည) နိုင်ငံရေးအကျဉ်းသားများ ကောင်းမှုအဖြစ် ပြုလုပ်ပါတယ်။

မဂ္ဂင်ဆရာတော်ကြီး အမှူးပြုပြီး ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ကျောင်းတိုက်က ဆရာတော်ကြီးများဖြစ်ကြတဲ့ ဆရာတော်ဦးစိတ္တနဲ့ ဦးဗြဟ္မာသီရိတို့ (၂)ပါးနဲ့ အတူ ဘုရားအနေကဇာတင်ပွဲနဲ့ ရေစက်ချ အခမ်းအနားလေးကို ပြုလုပ်ခဲ့ကြပါတယ်။ အင်းစိန်ထောင်အတွင်းမှာ ဘုရား(၃)ဆူ ရှိပါတယ်။ တဆူကတော့ မိန်းဂျေးကျောင်းတိုက်ပေါ်မှာ ဂဠုန်ဦးစော တည်ထားခဲ့တယ်လို့ ပြောကြတဲ့ ဘုရားတဆူ၊ အထူးတိုက်ခန်းများဝင်းအတွင်းရှိ ဘုရားဝင်းမှာ တဆူနဲ့ အမှတ်(၃)အိပ်ဆောင်က ၅(ည) နိုင်ငံရေးအကျဉ်းသားများ ကောင်းမှု တဆူတို့ဖြစ်ပါတယ်။ ဘုရားဝင်းမှာ သန့်ရှင်းရေးအတွက် ခန့်ထားတဲ့ ဘုရားလူကြီး (၃)ယောက် ရှိပြီး သူတို့ကတော့ မောင်သက်၊ ဒေးဗစ်ချန်းနဲ့ ဦးတုတ်ကြီးတို့ဖြစ်ပါတယ်။ အဲဒီအထဲက ဘုရားလူကြီးဦးတုတ်ကြီးရဲ့အမှုက အဆန်းတကြယ်တော့ မဟုတ်ပေမယ့် နည်းနည်းတော့ အံ့ဩဖို့ကောင်းပါတယ်။ ဦးတုတ်ကြီးဟာ သူရဲ့မယားကပါလာတဲ့ သမီးကို အလိုတူလိင်ဆက်ဆံ ပြုကျင့်တာကို မိန်းမဖြစ်သူက သူ့သမီးကို အဓမ္မမုဒိန်းကျင့်ပါတယ်လို့ တရားစွဲဆိုခဲ့လို့ ပုဒ်မ(၃၇၆)နဲ ထောင်ကျလာတာ ဖြစ်ပါတယ်။

ဘုရားဝင်းနားမှာ မောင်သက်၊ ဒေးဗစ်ချန်းနဲ့ ဦးတုတ်ကြီးတို့ (၃) ယောက်ကို ထောင်ထဲ ယင်ကောင်တွေ များလာလို့ နှိမ်နင်းဖို့ အတွက် ထောင်မှုးက တာဝန်ပေး ပါတယ်။

ယင်ကောင်တွေကို သရက်ပြားတွေချ၊ ပလတ်စတစ်အိတ်နဲ့ ထောင်ဖမ်းလာပြီး ဖမ်းမိသမျှ ယင်ကောင်တွေကို စာရင်းလုပ် ထောင်မှူးထံ တင်ပြရပါတယ်။ နောက်ပိုင်းယင်ကောင် ဖမ်းတာကို ရေသာခိုလာပြီး ထမင်းလုံးတွေကို မီးသွေးသုတ်ပြီး၊ မနေ့ကဖမ်းပြီး ရုံးခန်းကိုပြထားပြီးသား ယင်ကောင်တွေကိုလွှင့်မပစ်ပဲ ပြန်ပြတာကတဖုံ နေ့တွက်ကိုက်ဖို့ ဘုရားလူကြီး(၃)ယောက် ကုလားဖန်ထိုးကြပါတယ်။

နောက်ပိုင်းထောင်မှုးက မသင်္ကာလို့ ယင်ကောင်တကောင်ချင်း စစ်ကြည့်တော့ ယင်ကောင်အပုတ်တွေ၊ ခေါင်းပြတ်တွေ၊ ပုရွက်ဆိတ်ကိုက်ထားတဲ့ အကောင်တွေ၊ ထမင်းလုံးကို ဖုံသုတ်ထားတဲ့ ဟာတွေ အကုန်လုံးမိသွားလို့ ဘုရားလူကြီး(၃)ယောက် ကျောပေါ် ဗျောတင်ခံရပါတော့တယ်။ ထောင်ထဲမှာ ဒီလိုလူစုံတက်စုံစရိုက်မျိုးစုံကိုလည်း တွေ့ရပါသေးတယ်။

(ဂ) ရေဒီယိုဝယ်ပေးမိလို့ ထောင်ကျလာတာ

ထောင်ထဲမှာနိုင်ငံရေး ပုဒ်မတွေနဲ့ ထောင်ကျလာသူတွေထဲမှာ ကြံကြံဖန်ဖန် အမှုတခု ပါလာတာကို ကြုံရပါသေးတယ်။

သူကတော့ မင်္ဂလာဒုံ မြို့နယ်က  အခြေခံပညာ အထက်တန်းကျောင်းသား တယောက်ဖြစ်တဲ့ ရဲဘော်သောင်းငွေဆိုသူ ဖြစ်ပါတယ်။ သူ့အမှုက နိုင်ငံတော်အလံကို သေးနဲ့ပန်းတဲ့အမှုပါ။ ရဲဘော်သောင်းငွေဟာ သူ့ကျောင်းမှာရှိတဲ့ နိုင်ငံတော်အလံကို သေးနဲ့ပန်းလို့ ပုဒ်မ ၅(ဠ)အမှုတပ်ပြီး ထောင်ကျလာတာဖြစ်ပါတယ်။ သူ့ရဲ့အမှုတွဲပုဒ်မကို ထောင်ပုံစံနံပါတ်ကြီး ရေးတဲ့အခါမှာ ထောင်ဝန်ထမ်းတွေ အခက်ကြုံရပါတယ်။ “ဠ” ကိုထောင်စာရေးက မရေးတတ်လို့ ဒုက္ခရောက်ရတာပါ။ ဒါကြောင့် ဝန်ထမ်းတွေကို (၄)တန်းတောင်အောင်တဲ့ ကောင်တွေ မဟုတ်ဘူးလို့ပြောရင် သူတို့ကပဲ စိတ်ဆိုးကြပါသေးတယ်။

နဝတကတော့ သူ့အာဏာကိုထိပါးလာတဲ့ သူတွေမှန်သမျှ မဲမဲမြင် ရန်သူလို့သတ်မှတ်ပြီး အကုန်ဖမ်းတာကြောင့် ၁၉၉ဝ ခုနှစ် လူဖမ်းပွဲကြီးမှာ ဘာမဆိုင်၊ ညာမဆိုင်၊ ဘုမသိဘမသိ ထောင်ကျလာသူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက နိုင်ငံရေးဆိုတာ ဘာဆိုဘာမှနားမလည်၊ မသိပဲ ထောင်ကျလာတဲ့ သူတယောက်အကြောင်း ကြုံတုန်းပြောပြချင် ပါသေးတယ်။ သူ့နာမည်က ဦးချစ်ထွန်းလို့ ခေါ်ပြီး အင်းစိန်ထောင်ကို ထောင်ဒဏ်(၇)နှစ်ကျလာတဲ့ အကျဉ်းသားတယောက် ဖြစ်ပါတယ်။

သူက ဦးကျော်မြ (BCP)နဲ့ အမှုတွဲပြီး ထောင်ကျလာတာဖြစ်ပါတယ်။ အမှုတွဲပုံကလည်း ဒီလိုရှိပါတယ်။ ဦးကျော်မြနဲ့ ဦးချစ်ထွန်းဟာ အိမ်နီးနားချင်းတွေ ဖြစ်တာကြောင့် ခင်မင်ရင်နှီးနေတဲ့ သူတွေ ဖြစ်ပါတယ်။

ဦးချစ်ထွန်းက လျှပ်စစ်နဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းတာကြောင့် ဦးကျော်မြက ရေဒီယိုကောင်းကောင်း လိုချင်လို့ ဘယ်အမျိုးအစား၊ ဘယ်လိုပုံဝယ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အကူအညီ တောင်းပါတယ်။ ဦးကျော်မြ လိုချင်တဲ့ ရေဒီယိုအမျိုးအစားကို ဝယ်ပေးလိုက်တာကြောင့် ဦးချစ်ထွန်းတစ်ယောက် ဘီစီပီနဲ့ အမှုတွဲပြီး ထောင်ထဲ ရောက်ခဲ့တာဖြစ်ပါတယ်အခြားဘာဆိုဘာမှ အထောက်အထားမရှိပဲ ရေဒီယိုတလုံး ဝယ်ပေးမိတာနဲ့ ထောင်(၇)နှစ်ချရသလား ဆိုပြီးဦးချစ်ထွန်းခမျာ ယူကျုံးမရ ဖြစ်နေပါတော့တယ်။ သူဟာ ဦးကျော်မြနဲ့ နိုင်ငံရေးကင်းရှင်းကြောင်း ဘယ်လိုမှ ပတ်သက်မှုမရှိကြောင်း ပြောဆိုပြီး အယူခံတင်ထားလို့ သူမကြာခင်လွတ်တော့မှာ  ကျိန်းသေတယ်လို့ စိတ်ထိခိုက်မှုနဲ့ ပြောလေ့ရှိပါတယ်။ ထောင်ထဲမှာနေရတာ ကြာလာတဲ့အခါမှာ သူ့ကိုယ်သူ မလွတ်တော့ဘူးလို့ တဖြည်းဖြည်း ယူဆလာပြီး စိတ်ဓာတ်တွေကျဆင်း၊ ထမင်းမစား၊ ဟင်းမစားနဲ့ ကျန်းမာရေး ထိခိုက်လာပါတော့တယ်။ စိတ်အားငယ်ပြီး တဖြည်းဖြည်း ချွတ်ယွင်းလာတဲ့သူကို အချို့က အားပေးဖို့နေနေသာသာ နောက်ပြောင်ကြပါတယ်။

“ဦးချစ်ထွန်း၊ ထောင်မှူးရုံးခန်းကခေါ်နေတယ်။ ခင်ဗျားလွတ်ပြီအရပ်ဝတ်လဲပြီးသွား” ဆိုပြီး နောက်ပြောင်ကြရင် ဦးချစ်ထွန်းခမျာ အဟုတ်မှတ်ပြီး ရှိသမျှပစ္စည်းလေးတွေ ထုပ်ပိုး၊ အရပ်ဝတ် လဲကာ ထောင်မှုးရုံးခန်းကို အမောတကော ပြေးသွားပါတယ်။ မဟုတ်မှန်းလဲသိတော့ သူ့ကိုလွှတ်ပေးဖို့ တတွတ်တွတ် ပြောဆိုပါတော့တယ်။ နောက်ဆုံး သူ့အခန်းလေးကို စိတ်ပျက် အားလျှော့မှုတွေနဲ့ ပြန်လာပါတယ်။ နောက်ပိုင်း ထောင်ကနေ သူ့ကိုလွှတ်ပေးဖို့ တစာစာ တောင်းဆို နေပါတော့တယ်။

(ဃ) ထောင်တွင်း ငွေကြေးလဲလှယ်စနစ်

ထောင်ထဲမှာငွေကြေးကို တရားဝင် ကိုင်တွယ်သုံးစွဲခွင့် မရှိသလို စာရွက်၊ ခဲတံနဲ့ အချွန်အတက်နဲ့ တူတာမှန်သမျှကို ထောင်ထဲ လုံးဝပေးသွင်းခွင့် မပြုပါဘူး။ တစ်ခါ သွားတိုက်တံရဲ့နောက်ပိုင်းကို ချွန်နေအောင်သွေးပြီး လူသတ်ရာမှာ အသုံးပြုခဲ့လို့ နောက်ပိုင်းသွားတိုက်တံကို ထက်ပိုင်းချိုးပြီးမှသာ သွင်းခွင့်ပြုပါတော့တယ်။

အချိုမှုန့်နဲ့ ဆေးလိပ်ကိုတော့ ထောင်ဝန်ထမ်းသက်သာ ချောင်ချိရေးဆိုင်က ဝယ်ယူမှသာ ထောင်တွင်း သွင်းခွင့်ပြုပါတယ်။ ပြင်ပကဝယ်လာတဲ့ ဆေးလိပ်ဆိုရင် သွင်းခွင့်မပြုပါဘူး။ ဆေးလိပ်ဆိုတာ ထောင်အတွင်း သူ့နေရာနဲ့သူ အဆင်ပြေချောမွေ့စွာ ဆက်ဆံနိုင်ဖို့အတွက် ငွေကြေးအဖြစ်အသုံးပြုရတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဆေးလိပ်ဆိုတာကလည်း နွားတံဆိပ်မကျင်လှမှသာ အသုံးပြုလို့ရတာဖြစ်ပြီး ထောင်ထဲမှာ လူကြိုက်များလှတဲ့ ဆေးလိပ်ဖြစ်ပါတယ်။

ထောင်ထဲအကျဉ်းသားတွေ သုံးစွဲဖို့အတွက် ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်က ရောင်းချတဲ့ဆေးလိပ်က ကန်ထရိုက်ဆွဲကြတာကလည်း သူ့ထက်ငါအပြိုင်အဆိုင် ဖြစ်နေပါတယ်။ ထောင်အကျဉ်းသားတွေ ပြစ်ဒဏ်ဖြစ်တဲ့အခါကျရင် ရဲဘက်ထွက်ရင် ခတ်တဲ့ခြေကျင်းတွေ ထောင်မှာ မလုံမလောက် ဖြစ်နေတဲ့အတွက် ဂျိုးသိန်းဆေးပေါ့လိပ်ပိုင်ရှင်က အကျဉ်းဦးစီးဌာနကို ခြေကျင်းလှူဒါန်းလို့ ထောင်ထဲကို နွားတံဆိပ် မကျင်လှဆေးပေါ့လိပ်က ကန်ထရိုက်မရပဲ ဂျိုးသိန်းဆေးပေါ့လိပ်ကိုပဲ သွင်းခွင့်ပြုခဲ့ပြန်ပါတယ်။ ထောင်ထဲက ဈေးကွက် စီးပွားရေးမှာတောင် နဝတအစိုးရကို လှူဒါန်းနိုင်တဲ့ သူကသာ တပန်းသာပါတယ်။

အခြားငွေကြေး သတ်မှတ်ချက်တခုကတော့ ၁၉၉ဝ ခုနှစ်အတွင်းမှာပဲ အာဂျီနိုမိုတိုအချိုမှုန့် တထုပ် အသေးတထုပ်ကို ငွေ(၁၀)ကျပ်တန် ပစ္စည်းအဖြစ် သတ်မှတ်ပြီး (၁၀)တန် ငွေစက္ကူအစား အသုံးပြုရပါတယ်။ ထောင်အတွင်းမှာ လျှက်တပြက်ဆိုသလို သတင်းတခုကြားပြီးဆိုရင် ကြားရင်ကြားသလို ရှာဖွေရေး ဝင်ပါတယ်။ အဲဒီလို ရှာဖွေရေးဝင်တာမျိုးကို တလာစီတယ်လို့ ခေါ်ပါတယ်။ ထောင်ထဲမှာ တလာစီတဲ့အခါ မနက်စောစောပိုင်း အိပ်ဆောင်တွေ မဖွင့်ခင်မှာ များသောအားဖြင့် ပြုလုပ်လေ့ရှိပါတယ်။ ရှာဖွေရေးလုပ်ပြီဆိုရင် ထောင်ဝန်ထမ်းတွေက တုတ်တွေကို ကိုင်ဆောင်ပြီး အဆောင်တွေထဲဝင်လာပြီး အကျဉ်းသားတွေကို တဦးချင်း အပြင်ထွက်ခိုင်းပြီး ခန္ဓာကိုယ်ပေါ်မှာ အရင်ဆုံးရှာဖွေပါတယ်။ ဘာမှမတွေ့ရင် အပြင်ဖက်မှာ ထိုင်ခိုင်းထားပြီး အကျဉ်းသားတွေ မရှိတော့တဲ့ အိပ်ဆောင်တွေထဲဝင်ပြီး အိပ်ယာလိပ်တွေကို တခုချင်း ရှုပ်ပွသွားအောင်၊ ကျေနပ်လောက်အောင်ဖွပြီး ရှာပါတယ်။

အဲဒီလိုရှာနေရင်း သူတို့သွားရေကျတဲ့ ပစ္စည်းလေးများ တွေ့လို့ကတော့ ဘာမပြော၊ ညာမပြောနဲ့ အိတ်ထဲ ကောက်ထည့်သွားတက်ပါတယ်။ အကျဉ်းသားတွေရဲ့ အိပ်ယာလိပ်တွေထဲမှာ ပိုက်ဆံတွေ တွေ့ရင်တောင် ရုံးတင်မယ့်အစား သူတို့ကိုယ်ထဲ မသိမသာ ထည့်သွားတတ်ပါတယ်။ ပစ္စည်းရှာဖွေတယ် ဆိုတာက ကာယကံရှင် တွေရဲ့ ရှေ့မှာ ပြုလုပ်တာမဟုတ်တဲ့အတွက် ထောင်ဝန်ထမ်းတွေကို ယုံကြည်စိတ်ချလို့ မရနိုင်ပါဘူး။

အကျဉ်းသားတွေ ပစ္စည်းပျောက်လို့ တင်ပြရင်လည်း မသိချင်ယောင်ဆောင်ပြီး တင်ပြတဲ့သူကိုတောင် ပြန်ဟိန်းဟောက်ပါသေးတယ်။ ဆရာဝန်က ဆေးစာနဲ့ခွင့်ပြုထားတဲ့ ဆေးဝါးတွေကို တွေ့ရင်လည်း မင်းတို့လက်ထဲမှာ ဒီလောက်အများကြီးမထားရဘူး ဆိုကာ သိမ်းယူသွားတတ်ပါတယ်။  အဲဒီလိုသိမ်းဆည်းတဲ့ပစ္စည်းတွေကလည်း ရှာဖွေရေးပုံစံနဲ့ သိမ်းဆည်းတာမဟုတ်ပဲ စာရင်းဖျောက်ပြီး သူတို့အိမ်တွေကို ယူသွားတာသေချာပါတယ်

ပုံမှန်အားဖြင့် အကျဉ်းသားတွေဟာ (၂)ပတ်တခါ ထောင်ဝင်စာတွေ့ ခွင့်ရပါတယ်။ မိသားစုနဲ့ တလကို နှစ်ကြိမ်လောက် တွေ့ခွင့်ရနိုင်တဲ့ ကာလလေးဖြစ်တာကြောင့် ထောင်ကျလာသူ တော်တော်များများ အရမ်း တန်ဖိုးထားကြပါတယ်။ ထောင်ဝင်စာတွေ့ရတဲ့အခါ သံဇကာ(၄)ထပ်နဲ့ ကာရံထားတဲ့ထောင်ဝင်စာအခန်းမှာ အိမ်ကမိဘ၊ မိသားစုတွေနဲ့ (၁၅)မိနစ်ခန့် တွေ့ကြုံစကားပြောလို့ရပါတယ်။ သာမန်အကျဉ်းသားတွေအနေနဲ့ လွတ်လွတ်လပ်လပ် စကားပြောဆိုလို့ရပေမယ့် ကျနော်တို့လို နိုင်ငံရေးအကျဉ်းသမားတွေ ထောင်ဝင်စာ တွေ့ရင်တော့ ကိုယ့်အိမ်တွေက အိမ်သားတွေရဲ့နောက်မှာ ထောင်ဝန်ထမ်းတွေရှိနေပြီး ကျနော်တို့တွေရဲ့ နောက်မှာလည်း ဘာတွေပြောတယ်၊ ဆိုတယ်ဆိုတာကို စောင့်နားထောင်နေတဲ့ ဝန်ထမ်းတွေရှိနေပါတယ်။

နှစ်ပတ်မှာ တခါသာ၊ တခါမှာ (၁၅)မိနစ်လောက်သာ တွေ့ခွင့်ရတဲ့အချိန်လေးမှာ ကိုယ့်အိမ်က မိသားစုနဲ့ကိုယ် လွတ်လွတ်လပ်လပ် စကားပြောလို့ မရခဲ့ပါဘူး။ ထောင်ဝင်စာတွေ့ရတဲ့ အခန်းကလည်း အင်မတန်ကို ကျဉ်းမြောင်းပြီး အကျဉ်းသားတွေ ပြည့်ကျပ်နေတက်လို့ စကားပြောရင်လည်း အော်ဟစ်ပြီး ပြောရပါတယ်။ ထောင်ဝင်စာအခန်းမှာ တာဝန်ကျတဲ့ ထောင်ဝန်ထမ်းအရာရှိကို နှစ်ကြိမ်ဆိုလည်းဟုတ်၊ သုံးကြိမ်ဆိုလည်းဟုတ် ခွင့်တောင်းရတတ်ပါတယ်။ ထောင်ဝင်စာ လိုင်းကြေးပိုက်ဆံပေးလိုက်ရင်တော့ ဘယ်နှကြိမ်မဆို တွေ့ခွင့်ရတတ်ပါတယ်။

ထောင်အပြင်ဖက် စစ်ဆေးရေးဂိတ်တွေက အထပ်ထပ်စစ်ဆေးပြီး သွင်းခွင့်ပြုထားတဲ့ ပစ္စည်းတွေသာပါတဲ့ ကျနော့်ရဲ့ ထောင်ဝင်စာပစ္စည်းတွေကို ကျနော့်အိမ်သားတွေနဲ့တွေ့ပြီးလို့ အိမ်ကလူတွေထောင်ဝင်စာခန်းက ပြန်ထွက်သွားပြီးမှ ခွင့်ပြုချက်ရပြီးတဲ့ ပစ္စည်းတွေကို ပေးပါတယ်။ တခါတလေ ခွင့်ပြုထားတဲ့ပစ္စည်းတွေထဲက သူတို့လိုချင်တဲ့ပစ္စည်းရှိရင် “ဒါမရဘူးကွ၊ ဟိုဟာသွင်းခွင့်မပေးဘူး” ဆိုပြီး ပစ္စည်းအချို့ကို သိမ်းဆည်းသွားတက်ပါတယ်။ ဝန်ထမ်းတွေကို လိုင်းကြေးပိုက်ဆံပေးထားတဲ့ သူတွေကိုကျတော့ မုန့်ဟင်းခါးတို့၊ ဒန်ပေါက်တို့တောင် အပြင်က သွင်းခွင့်ပြုတာကို မျက်မြင်တွေ့ရပါတယ်။ ပြီးတော့ သွင်းခွင့်မပြုပဲ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို သူတို့ဝန်ထမ်းတွေ အချင်းချင်း စားသောက်ကြပါတော့တယ်

တခါတုန်းက အကျဉ်းသားတယောက်က အဲဒီလို ထောင်ဝင်စာခန်းမှာ ဝန်ထမ်းတွေ မတရားအကြိမ်ပေါင်းများစွာ ပြုလုပ်တာကို သည်းမခံနိုင်တော့လို့ ထောင်ထဲကိုသွင်းခွင့်မပေးတဲ့ လက်ဖက်ကို အိမ်ကမှာယူပြီး လက်ဖက်ထဲကို ကနခို(မြန်မာ့တိုင်းရင်းဆေးတမျိုး)ကို ထောင်းပြီးတဲ့ အမှုန့်နဲ့ဆီကိုရောပြီး ထောင်ဝင်စာကို ယူလာဖို့ သူ့အိမ်က မိသားစုကိုမှာလိုက်ပါတယ်။ ထောင်ဝင်စာတွေ့ ချိန်ရောက်တော့ ထင်ထားတဲ့အတိုင်း ထောင်ဝင်စာဝန်ထမ်းတွေက လက်ဖက်ထုပ်ကို သွင်းခွင့်မပေးဘူးဟုပြောကာ လက်ဖက်ထုပ်ကို သိမ်းကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုပ်ပါတယ်။

နောက်တနေ့ ကျတော့ ထောင်ဝင်စာဝန်ထမ်း တယောက် အကျဉ်းသားဆီက မတရားသိမ်းယူထားတဲ့ ကနခိုပါဝင်တဲ့ လက်ဖက်ကိုစားမိလို့ ဝမ်းလျှောပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီဝန်ထမ်းခမျာ နှစ်ရက်လောက် ခွင့်ယူလိုက်ရပါတယ်။ အကစ (အကုန်စား) ဝန်ထမ်းတွေဟာ အကျဉ်းသားတွေဆီက ပစ္စည်းတွေကိုမတရား သိမ်းယူပြီး
စားသောက်နေကြမှန်း ဒီတချက်က ထင်ရှားသွားပါတယ်။ အဲဒီလို လက်ဖက်ထဲကို ကနခို ထည့်ခဲ့တဲ့သူကတော့ ကျနော်တို့(၃)ဆောင်ကပါ။ နာမည်ကတော့ မပြောတော့ပါဘူး။

(င) ထောင်ကျစာရင်းတွေ ခိုးထုတ်တော့

၁၉၉၁ ခုနှစ်ထဲမှာ အင်းစိန်ထောင်ထဲကို ကုလသမဂ္ဂက အထူးစုံစမ်းရေးကိုယ်စားလှယ်ကြီး ရောက်လာခဲ့ပါတယ်။. နဝတ အာဏာပိုင်တွေက ထောင်ဆေးရုံ၊ အမျိုးသမီးဆောင်နဲ့ တိုက်အချို့ကိုပဲ ကြည့်ခွင့်ပေးပါတယ်။

ထောင်ဝင်စာခန်းကို ကုလသမဂ္ဂကိုယ်စားလှယ်ကြီး သွားရောက်ကြည့်တော့ နိုင်ငံရေးအကျဉ်းသား ရှိပေမယ့် စီးပွားရေးပုဒ်မ(၅)နဲ့ ထောင်ကျလာတဲ့သူတွေကို ထောင်ဝင်စာခန်းမှာ လူအနည်းငယ်နဲ့ ကျကျနန တွေ့ခွင့်ပေးတာကို ဟန်ဆောင်ပြပါတယ်။ အမှန်တကယ်မှာတော့ ထောင်ဝင်စာတွေ့ရတဲ့ အခန်းကျဉ်းလေးထဲမှာ မီးရောင်မပြည့်မစုံနဲ့ လူတွေပြည့်နှက်နေအောင် ထည့်ပြီးတွေ့ရတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေ ထောင်ဝင်စာတွေ့ ပုံခြင်း မတူပါဘူး။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသမားတွေကျတော့ ထောင်ဝင်စာမှာ ဘာပြောလဲ ဆိုပြီး မျက်လုံးဒေါက်ထောက် ကြည့်နေတက်ပါတယ်။ ထောင်ဝင်စာခန်းမှာ လူတွေများလွန်းလို့ တယောက်နဲ့ တယောက် စကားပြောရင်း အော်ပြီး ပြောရပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်ကြီး လာတဲ့နေ့က ထောင်ကကျွေးတဲ့ထမင်းက ခါတိုင်းနဲ့မတူ ထူးထူးခြားခြား ပျော့ပျော့ပြောင်းပြောင်း စားရပါတယ်။ ပဲဟင်းဆိုလည်း အရင်ရက်တွေက ပဲဟင်းနဲ့ မတူပဲ ပဲဟင်းဆိုတဲ့ အမည်နာမနဲ့ပြည့်စုံလှတဲ့ ပဲဟင်းကို စားရတယ်။

နောက်နေ့တွေကျတော့ ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်သွားပြန်ပါတယ်။ ထမင်းကလည်း မာလိုက်တာမှ ဒေါင်ဒေါင်မြည်အောင်မာပြီး အရောင်ကလည်း ကောက်ညှင်းငချိတ်လား မှတ်ရအောင် မဲတူးနေပါတယ်။ ပဲဟင်းဆိုလည်း ပဲအရောင်ပဲ ပါတော့တယ်။ ကျနော်တို့ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေး အမှုတွေ အများကြီး ရှိနေတာကို ကုလသမဂ္ဂကိုယ်စားလှယ်တွေ မတွေ့ရအောင်မသိရအောင် ဖုံးထားပြီး ရာဇဝတ်အကျဉ်းသားတွေနဲ့ ရောနှောထားပါတယ်။ အဆောင်ကို လည်းလာရောက်ကြည့် ခွင့်မပေးပါဘူး။

နဝတက ကမ္ဘာကိုတောင် ဗြောင်လိမ်ပြောင်စား လုပ်နေတာကို ကမ္ဘာက ထင်ထင်ရှားရှား သိလာစေဖို့ နောင်တကြိမ်မှာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂပဲဖြစ်ဖြစ် လာရောက် စစ်ဆေးတဲ့အခါ နိုင်ငံရေး အကျဉ်းသားတွေ ထောင်နံပတ်၊ နာမည်နဲ့ ဘယ်အဆောင်မှာ ရှိတယ်ဆိုတာ တိတိကျကျ သိရအောင်လုပ်ဖို့ စိတ်ကူးရလာပါတယ်။ ဒီစိတ်ကူးကို နိုင်ငံရေးသမားတွေ အားလုံးထဲပြလိုက်ရင် အောင်မြင်တာထက် သတင်းပေါက်သွားနိုင်တဲ့အတွက် ကျနော်နဲ့စိတ်တူ၊ ကိုယ်တူရဲဘော်တွေနဲ့ ဒီကိစ္စတွေကို တာဝန်ယူနိုင်တဲ့ သူတွေကို ရှာရပါတယ်။

ပထမဦးဆုံး သားညွန့်ဦးနဲ့ တိုင်ပင်ပါတယ်။ သားညွန့်ဦးက လိုလိုလားလား တာဝန်ယူ လက်ခံတဲ့အတွက် နောက်တယောက်ဖြစ်တဲ့ ရဲကျော်စွာကို ချဉ်းကပ်ပါတယ်။ လုပ်ငန်းလုပ်ဖို့ သူတို့ သဘောတူကြတယ်။ ဒီလိုနဲ့ ကျနော်တို့အမှတ်(၃)ဆောင်မှာရှိတဲ့ နိုင်ငံရေးသမားအကျဉ်းသားစာရင်းကို ကောက်ယူဖို့ ကျနော်တို့(၃)ဦး တာဝန်ခွဲကြပါတယ်။ ရဲကျော်စွာက စာရွက်နဲ့ ဘောလ်ပင်ရှာဖို့ တာဝန်ယူရပြီး အဆောင်မှာရှိတဲ့ နိုင်ငံရေးသမားတွေရဲ့ ထောင်နံပတ်၊ ထောင်ကျနှစ်၊ ပုဒ်မ၊ အဖွဲ့အစည်း၊ အခန်းနံပတ် တွေကို တခုချင်းစုံစမ်းဖို့ သတ်မှတ်ပါတယ်။ ဒါ့အပြင် အခြားသူဘာမှ မသိစေရပါ။ သားညွန့်ဦးက ရဲကျော်စွာ လိုက်လံစုဆောင်းထားတဲ့ အချက်အလက်တွေကို ညဖက် (ဒါမှမဟုတ်) မနက်အာရုဏ်မှာ အိပ်ယာထဲ စောင်ခြုံပြီး လျှို့လျှို့ဝှက်ဝှက်နဲ့ ရေးရပါတယ်။ ကျနော်က အခြားအဆောင်နဲ့ တိုက်တွေရှိ စာရင်းတွေရဖို့အတွက် ဆက်သွယ်ရတဲ့တာဝန်ကိုယူပြီး အပြီးသတ် ထောင်စာရင်းကို အပြင်ကိုထုတ်ဖို့ တာဝန်ယူရပါတယ်။ ကျနော်တို့(၃)ဆောင်မှာ ရဲကျော်စွာနဲ့ သားညွန့်ဦးတို့ရဲ့ တာဝန်ပြီးသွားတဲ့အခါမှာ စာရွက်ကို ထောင်အပြင်ထုတ်ဖို့ ကျနော် ကြိုးစားရပါတယ်။ စာရွက်ထောင်အပြင်ကို ရောက်ဖို့ ဆိုတာ ထောင်ဝန်ထမ်း (သို့မဟုတ်) အကျဉ်းသားအရာရှိတဦးဦးရဲ့ အကူအညီ လိုတယ်ဆိုတာ ကျနော် ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါကြောင့် ထောင်ဝင်စာခန်းမှာ တာဝန်ကျနေတဲ့ ကုလားမတ်သီးကို စည်းရုံးရေးဆင်းရပါတော့တယ်။

မတ်သီးက (၄)ဆောင်ကပြောင်းလာတဲ့ သူဆိုတော့ သူ့ရဲ့နောက်ကြောင်းကို (၄)ဆောင်မှာစုံစမ်းကြည့်တော့ ကျော်ဝဏ္ဏတို့က အခြေအနေကောင်းတယ်လို့ မီးစိမ်းပြတော့မှ ရာဇဝတ်အကျဉ်းသား မတ်သီးကို ငွေထိုး စည်းရုံးရပါတယ်။ ကျနော်တို့ (၃)ဆောင်က အကျဉ်းသား (၁၀၀)ကျော် စာရင်း ပြီးသွားတဲ့အတွက် အမှတ် (၄) ဆောင်အတွက် ကျော်ဝဏ္ဏနဲ့ အမှတ် (၅)အိပ်ဆောင်အတွက် ညီထွေးခိုင်(ရက္ခီး)တို့ကို စာရင်းကောက်ယူဖို့ မီးစိမ်းပြ လိုက်ပါတယ်။

(၃) ဆောင်က နိုင်ငံရေးအကျဉ်းသား စာရင်းဟာ မတ်သီးရဲ့ကူညီမှုကြောင့် စိတ်ချလုံခြုံရတဲ့ အထူး ဆက်သွယ်ရေး လမ်းကြောင်းတဆင့် ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးတခုကို ချောမောစွာ ရောက်ရှိသွားပါတယ်။ ဒုတိယအနေနဲ့ (၄)ဆောင်နဲ့ (၅)ဆောင်စာရင်းကို ကောက်ယူတဲ့အခါမှာ တိကျတဲ့စာရင်းကို မရသေးတာရယ်၊ လုံခြုံရေးတွေ ကျပ်တည်းနေတာရယ်ကြောင့် အချိန်အနည်းငယ် စောင့်နေရပါတယ်။ အဲဒီအချိန်မှာ ကံဆိုးချင်လို့လားမသိ။ (၃) ဆောင်အခန်း (၂)က စိုးလွင် (အကသ)နဲ့ ကိုဉာဏ်ဝင်းတို့ကို ထောင်မှူးရုံးခန်းနားမှာ မှီခိုစားသောက်နေတဲ့ ၅(ည)အရေခြုံတွေက အတို့အထောင် လုပ်လိုက်တာကြောင့် ထောင်တွင်း ၅(ည) စာရင်းကောက်ခံမှုနဲ့ သူတို့ကို မိန်းဂျေးလ်မှာ စစ်ဆေးပါတယ်။

စိုးလွင်တို့ဆီက စာရွက်စာတမ်း တခုမှမရတဲ့အပြင် စွဲချက်မခိုင်လုံတဲ့ကြားက သူတို့ကို သီးသန့် အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ကျနော်တို့တတွေလည်း ဘုရားတပြီး ဆုတောင်းနေရပေမယ့် ထောင်အာဏာပိုင်တွေက မရိပ်မိတာရယ်၊ စိုးလွင် တာဝန်ကျေပွန်တာရယ်ကြောင့် ဒီကိစ္စက ပြီးသွားခဲ့ပါတယ်။ မကြာခင်မှာပဲ  အကုသိုလ်တွေ.အတုံးလိုက် အတစ်လိုက် ဝင်လာပါတော့တယ်။ စိုးလွင်တို့ကိစ္စပြီးသွားပေမယ့် (၄)ဆောင်က အခြေခံကျောင်းသားတယာက် ဖြစ်တဲ့မနှဲလေးက ထောင်မြေပုံကို သေသေချာချာရေးဆွဲပြီး အပြင်ကိုထုတ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ ထောင်တွင်း တလာစီတဲ့အခါမှာ မိသွားပါတော့တယ်။

ထောင်မြေပုံကိုမြင်တော့ ထောင်အာဏာပိုင်တွေ မျက်လုံးပြူးသွားပါတယ်။ ထောင်မြေပုံဟာ စကေးကိုက်ပြီး သေသေသပ်သပ် ရေးဆွဲထားကာ အသေးစိတ် ဖော်ပြထားတာကြောင့် ကြောက်လန့်သွားပါတယ်။ ချက်ချင်း ထောင်တွင်း ရှာဖွေရေးတွေ ဆက်တိုက်ဝင်ပါတော့တယ်။ ထောင်မြေပုံခိုးထုတ်တဲ့ မနှဲလေးကိုတော့ ဒေါက်နဲ့ပြစ်ဒဏ်တပ်ပြီး သီးသန့်တိုက်ကိုပို့လိုက်ပြီး ၅(ည)တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို မျက်လုံးဒေါက်ထောက် ကြည့်နေပါတော့တယ်။ ကျနော်တို့လည်း ထောင်တွင်းအခြေအနေ အေးချမ်းအောင်  စောင့်ကြည့်နေရင်း ရာသီကောင်းလာပြီး အနည်းငယ် သာယာလာချိန်မှာတော့ (၄)ဆောင်က ကျော်ဝဏ္ဏထံကို စာရင်းသွင်းယူဖို့ မတ်သီးကို လွှတ်လိုက်ပါတယ်။ ကျော်ဝဏ္ဏကလည်း ထောင်မြေပုံကိစ္စကြောင့် အဆောင်တွင်းစာရွက်၊ ဘောလ်ပင်ကြပ်တည်း နေလို့ စာရင်းပြုစုလို့မပြီးသေးတာကြောင့် ခဏနေဖို့ ပြောပါတယ်။ ဒါကြောင့် (၅)ဆောင်က ညီထွေးခိုင်ထံ အကြောင်းကြားတော့ အချောသတ်နေလို့ (၁)ရက်စောင့်ပါလို့ စောင့်နေစဉ် မတ်သီးက ဖောက်ပြန် လာပါတော့တယ်။

ဖြစ်ပုံက မတ်သီးဟာ ထောင်ဝင်စာအခန်းမှာ ဆရာသမားတဆူလို စားချင်တိုင်းစား၊ သောက်ချင်တိုင်း သောက်ပြီး အောက်ခြေလွတ်လာပါတယ်။ နောက် မူးယစ်ဆေးသုံးပါသေးတယ်။ ထောင်ဝင်စာမှာ တာဝန်ကျစဉ် မတ်သီးဆေးသုံးတာကို  ထောင်မှုးကြီးလှမြင့်တွေ့သွားပြီး အဆောင်ပြင်ပမထွက်ရဆိုပြီး ဒေါက်ခတ်ပြစ်ဒဏ် ပေးလိုက်ပါတယ်။

အဲဒီမှာ မတ်သီးက ဇာတိရုပ်ပြလာပါတယ်။ သူ့ရဲ့ခြေထောက်က ဒေါက်နဲ့ ပြစ်ဒဏ်လွှတ်ဖို့ လွတ်မြောက်ရာလမ်းအတွက် ကျနော်တို့ဖက်ကို မြားဦး ချိန်လာပါတော့တယ်။ ကျနော်တို့ကလည်း မတ်သီးအခြေအနေ မူမမှန်တာကြောင့် ကိစ္စဝိစ္စတွေအားလုံး ဖျောက်ဖျက်ဖို့ သတိပေးလိုက်ချိန်မှာတော့ (၅)ဆောင်ပဲ အချိန်မှီလိုက်ပြီး (၄)ဆောင်က ကျော်ဝဏ္ဏရဲ့ နိုင်ငံရေးသမား စာရွက်စာတမ်းဟာ မတ်သီးရဲ့လက်ထဲ ရောက်ရှိနေနှင့်ပြီး ဖြစ်ပါတော့တယ်။

၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာ ပြဿနာက စတင်ပါတော့တယ်။ မတ်သီးက သူ့ရဲ့ဒေါက်ခတ်ပြစ်ဒဏ် လွတ်လိုလွတ်ငြား မိန်းဂျေးရုံးမှာ ကျနော်တို့ကိစ္စတိုင်တန်းပြီး ကျော်ဝဏ္ဏက ကျနော့်ကိုပေးလိုက်တဲ့ စာရင်းစာရွက်ကို သက်သေအဖြစ်နဲ့ ရုံးတင်လိုက်ပါတယ်။ ထင်ထားတဲ့အတိုင်း ကျနော့်နာမည်နဲ့ ထောင်ကျပုဒ်မကို ရွတ်ပြီး မိန်းဂျေးလ်တာဝန်ကျ တပ်သား ဝင်းမြင့်က လာခေါ်ပါတယ်။

မိန်းဂျေးလ်ရောက်တော့ ရုံးခန်းထဲမှာ ထိုင်ခိုင်းပြီး ထောင်မှုးကြီးလှမြင့်က စမေးပါတယ်။ 

“မင်းတို့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် မနေဘူး။ ဟိုတိုင်ဒီတိုင်နဲ့ ဇယားလာရှုပ်နေတယ်။ မင်းဘာတွေလုပ်နေလဲ ငါ့ကိုပြောစမ်း”

ကျနော်က ”ဘာမှမလုပ်ပါဘူး။ ထောင်ကခိုင်းတဲ့ တောင်ယာကို လုပ်နေပါတယ်။ ကျနော်ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေတာ အကျဉ်းသားတိုင်း သိပါတယ်” လို့ပြန်ပြောလိုက်ပါတယ်။

“မင်းကသာ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေထိုင်နေတယ်လေး၊ ဘာလေးနဲ့။ ထောင်ထဲမှာ မင်းဘာတွေလုပ်နေတယ်ဆိုတာ ဒို့ သိလို့ မင်းကို စောင့်ကြည့်နေတာ ကြာပြီ။ ဒါမင်းသိလား”

“မသိပါဘူး”

“မင်းစာရွက်စာတမ်းတွေစု၊ ဟိုအဆောင် ဒီအဆောင်က ၅(ည) စာရင်းတွေတောင်း၊ ထောင်အပြင်ထုတ်ပြီး မရောက်သင့်၊ မရောက်ထိုက်တဲ့နေရာတွေကိုပို့ဖို့ ကြိုးစားနေတယ်ဆိုရင် မင်းဘာငြင်းမလဲ”
 
“ကျနော်ထောင်မှူးကြီး ပြောတာတွေ ဘာမှနားမလည်ဘူး”

“မင်းကို ရှင်းရှင်းပဲပြောမယ်။ မင်းမတ်သီးကို အကူအညီတောင်းပြီး ၅(ည)အဆောင်က စာရင်းတွေပြုစုပြီး ထောင်အပြင်ထုတ်ဖို့နဲ့ သတင်းစာ ဖတ်ရှုခွင့်ရအောင် စည်းရုံးခဲ့တယ်ဆို” 

“ဒါလုံးဝမဟုတ်ပါဘူး။ တမင်လုပ်ကြံပြီး ကျနော့်ကို မနာလိုတဲ့ ချောက်တွန်းချင်တဲ့သူတွေက ပြုလုပ်တာပါ”

“ဘာတမင်လုပ်ကြံမှာလဲ။ မင်းကိုယ်တိုင် မတ်သီးကို အဲဒီအကူအညီတွေ မတောင်းခဲ့ဘူးလား”

““မတောင်းခဲ့ဖူးပါဘူး”

“ဒါဆို ကျော်ဝဏ္ဏက မင်းဆီကိုပို့လိုက်တဲ့ ၅(ည)စာရင်းစာရွက်၊ ဟောဒီမှာ (စာရွက်တခုကို ကျနော့်ကို ပြပါတယ်။ အဲဒီစာရွက်က ကျော်ဝဏ္ဏကျနော့ဆီ မတ်သီးကတဆင့်ပို့လိုက်တဲ့စာရွက်ပါ) မင်းက ထောင်အပြင် ထုတ်ဖို့ တောင်းလို့ ကျော်ဝဏ္ဏကရေးပြီး မတ်သီးကနေတဆင့် ပို့ခိုင်းတာဆိုရင်ကော မင်းဘာ ငြင်းဦးမလဲ” 

“ကျနော် ဒီကိစ္စတွေ လုံးဝမသိဘူး။ အခုထောင်မှူးကြီး ပြောမှ အံ့ဩမိပါတယ်။ ကျော်ဝဏ္ဏနဲ့ ကျနော် အဆက်အသွယ်မရှိပါဘူး”

“ကျော်ဝဏ္ဏနဲ့ မင်းနဲ့ အမှုတွဲလား”

“မဟုတ်ပါဘူး”

“မင်းရှေ့မှာ သက်သေခံပစ္စည်းတွေနဲ့ တကွ မိနေတာ မင်းဘာငြင်းမှာလဲ”

“ကျနော့်လက်ထဲမှာ မိတာမဟုတ်ပါဘူး။ ဒီကိစ္စကို ကျနော်လုံးဝမသိပါဘူး။ ကျနော့်ကို မနာလိုတဲ့သူ တဦးဦးက လုပ်ကြံဇာတ်ခင်းပြီး ပြောတာဖြစ်ပါတယ်” 

“ကောင်းပြီ။ မတ်သီးကိုသွားခေါ်စမ်း။ (မိန်းဂျေးလ်ဝန်ထမ်း တဦးကို (၃)ဆောင်မှာ ဒေါက်ခတ်ပြစ်ဒဏ်နဲ့ နေနေတဲ့ မတ်သီးကိုသွားခေါ်ခိုင်းပါတယ်။ ပြီးတော့ ကျနော့်ဖက်လှည့်ပြီး) ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် မနေချင်ဘူး။ ဟုတ်လား” 

လှမြင့်က ခဏအကြာမှာ ဒေါက်တပ်ထားတဲ့ မတ်သီး မိန်းဂျေးလ်ရုံးခန်းရှေ့ ရောက်လာပါတယ်။ ထောင်မှူးကြီးက

“မတ်သီး။ နေလင်းက မင်းကိုဘာပြောသလဲ”

မတ်သီးက မျက်နှာထားမာမာနဲ့ ကျနော့ကို ၅(ည)စာရင်း ထောင်အပြင် ထုတ်ပေးဖို့နဲ့ သတင်းစာ ဖတ်ရှုခွင့်ရရန် သတင်းစာ တောင်းပါတယ်လို့ ပြောလိုက်ပါတယ်။ ထောင်မှူးလှမြင့်က “အေး... မင်းပြန်လို့ရပြီ” ဆိုပြီးမတ်သီးကို “အဆောင်ပြန်ပို့လိုက်” လို့ ခိုင်းလိုက်ပါတယ်။ ပြီးတော့ ကျနော့်ဖက်လှည့်ပြီး 

”မင်းဘာငြင်းမှာလဲ”

“မင်းမှာ စာရင်းစာရွက်တွေရှိရင်.. ထုတ်ပေး။ အသားအနာမခံနဲ့။ မတ်သီးကလည်းထွက်ဆိုပြီးပြီ။ ဟောဒီမှာလည်း ကျော်ဝဏ္ဏကပေးလိုက်တဲ့ ၅(ည)စာရင်း”

“ဒီကိစ္စကို ကျနော်လုံးဝမသိပါဘူး။ မတ်သီးပြောသွားတဲ့စကားက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြစ်ဒဏ်နဲ့ အကျဉ်းသားတယောက်ရဲ့ ထွက်ဆိုချက်က ရာခိုင်နှုန်းပြည့်မှန်ကန် နိုင်ပါ့မလားဆိုတာ ထောင်မှူးကြီး စဉ်းစားကြည့်ပါ။ အခု မတ်သီးဟာ ထောင်ထဲမှာစည်းကမ်းဖောက်လို့ သူ့ကိုဒေါက်ခတ် ပြစ်ဒဏ်ပေးထားတာကို သူလွတ်ရာလွတ်ကြောင်းရှာတဲ့ အနေနဲ့ ကျနော့်အပေါ် အကွက်ဆင်ပြီး ၅(ည)စာရင်းပါတဲ့စာရွက်နဲ့ ရုံးမှာ လာတိုင်တန်းတာ မဖြစ်နိုင်ဘူးလားခင်ဗျာ။ အခုလောလောဆယ်မှာ မတ်သီးဟာ ပြစ်ဒဏ်ဖြစ်နေတဲ့ အကျဉ်းသား ဖြစ်နေပြီး ကျနော်က သာမန်အကျဉ်းသား ဖြစ်နေပါတယ်။ ဘယ်စကား မှန်နိုင်တယ်ဆိုတာ ထောင်မှူးကြီး စဉ်းစား ကြည့်ပါ”

“မင်းလုံးဝ မသိဘူးလား”

“မသိပါဘူး”

“ညီထွေးခိုင်ကိုကော မင်းသိလား”

“သိပါတယ်”

“ဘယ်လိုပတ်သက်သလဲ”

“ကျနော့်တို့ အမှုတွဲတွေပါ”
 
“အဆက်အသွယ်ရှိလား”

“ကျနော်နဲ့ ထောင်ကျကတည်းက ကွဲသွားတာ အဆက်အသွယ် မရှိတော့ပါဘူး” 

“အေး၊ ကောင်းပြီ။ လိုအပ်လို့ ထပ်စစ်ဆေးစရာရှိရင် ခေါ်လိုက်မယ်”

“ဟေ့။ သူ့ကိုမိန်းဂျေးလ်က ဖိုဝိုင်းထဲမှာ ထည့်ထားလိုက်”

လို့ပြောပြီး ဖိုဝိုင်းထဲမှာ ကျနော့်ကို တယောက်တည်း ထားလိုက်ပါတယ်။ မိန်းဂျေးလ်က ကျနော်နဲ့ သိတဲ့ဘစ ဇော်လွင်ကိုခေါ်ပြီး မတ်သီးချွန်လိုက်လို့ ကျနော်ပြဿနာ တက်နေပြီလို့ သတင်းပို့ လိုက်ပါတယ်။

စိတ်ထဲကလည်း ဘာပဲဖြစ်ဖြစ် ကျနော့်လက်ထဲမှာ မမိတဲ့အတွက် ငြင်းရမှာပဲဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ 

(ဆက်ရန်...)

(ပီဒီအက်ဖ် စာမျက်နှာ ၆၂-၇၈)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်