လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၇) 🖋 နေလင်း (အ.က.သ)




လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၇)

နေလင်း (အ.က.သ)

[◾ အခန်း (၁၂) (ခ) အညာခရီး]

အချိန်ကတော့ ည(၁၂)နာရီကျော်နေပြီ။ ဆိုင်ရှင်က ကျနော်တို့ကိုမြင်ကတည်းက ကျောင်းသားတွေမှန်း သိလိုက်ပုံရတယ်။ ဆိုင်ရှင် ဦးလေးနဲ့ အဒေါ်ကြီးကပ်လာပြီးမေးတယ်။

“ကိုမောင်မောင်ဝမ်း ဘယ်လိုနေလဲ။ ကျန်းမာရေးကော ကောင်းရဲ့လား”

ကိုမောင်မောင်ဝမ်းဆိုတာကတော့ ရေနံချောင်းသား၊ မြေလတ်ပိုင်းကျောင်းသား ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူတူ သရက်ထောင်မှာ နေခဲ့ရတယ်။ ဆိုင်ရှင်တွေကတော့ ကျနော်တို့ကို လိုလေသေးမရှိ ဂရုစိုက်ရှာတယ်။ အကျဉ်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် မေ့သွားတယ်။ ရဲတွေအားလုံးလဲ သူတို့ကိုယ်သူတို့ သိမ်ငယ်သေးကျုံ့သွားပုံရတယ်။ ထမင်းစားချိန်မှာ ကျနော်တို့ကို သံကြိုးတွေဖြေပြီး လက်ထိပ်တွေ ခဏဖြုတ်ပေးထားတယ်။ အားလုံးစားပြီး ထွက်မယ်ပြင်တော့ ရဲအုပ်ကငွေရှင်းတယ်။ 

“သည်အစ်ကိုလေးတွေအတွက် ကျနော်ကို အခမဲ့ကျွေးတာပါ။ မယူပါရစေနဲ့”

လို့ ဆိုင်ရှင်ကပြောတယ်။ ကျနော်တို့ကကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တယ်။ အမှန်က ကျနော်တို့ ဆန္ဒကတော့ ယူလိုက်စေချင်တာပါပဲ။

မနက်အစောကြီးမှာ မန္တလေးမြို့ကိုရောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ၁၉၉၃ ခုနှစ်ခရစ်စမတ်စ်နေ့ကြီးမှာပါ။

အညာရဲ့ဆောင်းဟာ ကြမ်းကြမ်းတမ်းတမ်းပဲ ကျနော်တို့ကိုပွေ့ဖက်တယ်။ ကားပေါ်ကဆင်းတော့ ခြေကျင်းတွေ၊ ဒေါက်တွေနဲ့ဆိုတော့ လူတွေဝိုင်းကြည့်တာ ခံလိုက်ရသေးတယ်။ မကြာမှီ ရဲစခန်းတခုရှေ့မှာ ကျနော်တို့ကို ထိုင်ခိုင်းတယ်။ ပါလာတဲ့ရဲအုပ်က သူစစ်လွယ်အိတ်ထဲက စာအိတ် (၅)အိတ်ကို ထုတ်လိုက်တယ်။ အဲသည်အထဲက မန္တလေးထောင်ဆိုတဲ့ စာအိတ်ကို ဖွင့်လိုက်တယ်။

“မြင့်စန်း အဘအမည် ဦးဌေးမောင်” 

ကျနော်တို့အားလုံး ကြက်သေသေသွားတယ်။

“ကျန်တဲ့သူတွေက ကျနော်တို့နဲ့ ဆက်လိုက်မယ်”

ကျနော်တို့အားလုံးအခုမှ ဇာတ်ရည်လည်တော့တယ်။ ကိုမြင့်စန်းကို မန္တလေးတိုင်းရဲလက်အပ်လိုက်တယ်။ ပြီးရင် မန္တလေးထောင်ပို့မယ်ပေါ့။ ဒါဆိုကျနော်တို့တွေလည်း စာအိတ်တွေအတိုင်း တယောက်တထောင်စီဆိုတာ သဘောပေါက်လိုက်တယ်။ ကိုမြင့်စန်းကို ဝိုင်းနှုတ်ဆက်တယ်။ ကျန်းမာရေးကိုဂရုစိုက်ကြဖို့၊ အချင်းချင်း အဆက်အသွယ် မပြတ်ကြဖို့ ကိုမြင့်စန်းကမှာတယ်။ ကျနော့်ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားတယ်။ ကိုမြင့်စန်းအပြုံးက အားလုံးကို အားပေးနှစ်သိမ့်တဲ့ အပြုံးမျိုး။ ကျနော်တို့ အခြေအနေ ဆိုးလာမှန်းသိတော့ အားလုံးမျက်နှာပျက် နေတယ်။ ကျနော်တို့ကပြစ်ဒဏ်နဲ့ ထောင်ပြောင်းရတာလေ။ ပြစ်ဒဏ်တခုနဲ့ အခြားထောင်ဝင်ရတယ်ဆိုတာ အခြေအနေကို မခန့်မှန်းနိုင်ပါဘူး။ အခုလို တယောက်တကွဲစီဆိုတော့ အားငယ်မိတာအမှန်။

မန္တလေးကနေ ရွှေဘိုအသွား ကားပေါ်မှာ ကျနော်၊ ကိုမောင်မောင်မြင့်၊ ကိုနိုင်မွန် သုံးယောက်စလုံး တိတ်ဆိတ် နေတယ်။ ဗုံတို (ဇော်မင်း) ကတော့ သူ့ဘေးက အမယ်အိုတဦးကို ဘာတွေပြောပြနေမှန်းမသိ။ ရဲသားတွေအားလုံးကလည်း ကျနော်တို့ကို စာနာစွာ အနားပေးထားကြတယ်။ ကျနော်တို့ အထူးစိုးရိမ်နေတာက ကိုမောင်မောင်မြင့် ကျန်းမာရေးကိုပါ။ ကိုမောင်မောင်မြင့်မှာ အစာအိမ်ရော၊ နှလုံးရောဂါပါရှိတယ်။ အထူးသဖြင့် နားလည်နိုင်တဲ့ အဖော်ကောင်းကောင်း လိုတာအမှန်။ ရွှေဘိုထောင်ရှေ့ ကားဆိုက်တော့ အမယ်အိုကြီးက ငိုယိုပြီး ဗုံတိုကို ပုတီးတကုံးပေးတယ်။ ဘုရား၊ တရားကို မမေ့ဖို့ ပြောတယ်။

ထောင်နားက စားသောက်ဆိုင်တခုကို ခေါ်သွားပြီး ကျနော်တို့ကို ထိုင်ခိုင်းတယ်။ ရွှေဘိုစာအိတ်ဖောက်တော့ ကိုမောင်မောင်မြင့် အလှည့်ကျတယ်။ ကျနော်တို့ အားလုံးမျက်ရည်လည်နေပြီ။ ကျန်းမာရေးမကောင်းလို့ ထောင်ပိုင်ကို သေသေချာချာအပ်ပေးဖို့ ရဲအုပ်ကို ကျနော်တို့ ဝိုင်းပြောကြတယ်။ တော်တော်ကြီး ကြာတော့ ထောင်ကိုသွားအပ်တဲ့ရဲအုပ်နဲ့ ရဲသားတချို့ ပြန်ရောက်လာတယ်။ အထုပ်တထုပ် ပြန်ပါလာတယ်။ သွင်းခွင့်မရလို့ ကျနော်တို့ကို ပြန်ပေးလိုက်တယ်လို့ပြောတယ်။ အထုပ်ထဲမှာ ငါးခြောက်ထုပ်ပါတယ်။ နောက် ကိုမောင်မောင်မြင့် စီးထားတဲ့ ဖိနပ်တရံ။ သူစီးသွားတုံးကအကောင်း၊ အခုပြန်ပါလာတော့ ဖိနပ်ကပြတ်နေပြီ။ နောက်ပြီး မြေမှုန့်တွေ လူးပေနေတယ်။ ရဲအုပ် မျက်နှာပျက်နေတယ်။

“သူ့ကို ရိုက်သေးလား” 

ကျနော် မေးတာကို ရဲအုပ်က မကြားသလို ဟန်ပြုတယ်။ ရဲသားလေးရဲ့မျက်နှာက ဝန်ခံထားသလို။ ကျနော်တို့ကို ရွှေဘိုအချုပ်ကို ခေါ်သွားတယ်။ ရွှေဘိုထောင်က မြို့ထဲမှာဆိုတော့ အချုပ်ကို မြင်းလှည်းငှားသွား ရတယ်။ အချုပ်ရောက်တော့ အခန်းတခန်းရှေ့ ခေါ်သွားပြီး ကျနော်တို့ကို စစ်ဆေးပြီး အခန်းထဲထည့်တယ်။

“ဟေ့... ခြေကျင်းသံလုံးဝမထွက်စေနဲ့”

“ပြီးရင်ထိုင်ထား”

“ဟေ့ကောင်... အသံမထွက်နဲ့ လို့ပြောထားတယ်။ ငါ...”

အခန်းထဲမှာ လူရှင်းနေတယ်။ ဆူဆူညံညံအသံတွေက ကျနော်တို့ကို ရည်ရွယ်မှန်းသိလိုက်တယ်။ ကြည့်လိုက်တော့ ကပ်ရက်ဘေးခန်းက အခန်းလူကြီးလိုလို၊ လူမိုက်လိုလို ပုဂ္ဂိုလ်တွေက ကျနော်တို့ကို လက်ညှိုး ငေါက်ငေါက်ထိုး အော်ဟစ်နေတယ်။ ဒေါသက အထွဋ်အထိပ်ကို ရောက်သွားတယ်။ ကိုင်ထားတဲ့ ခြေကျင်းတံတွေကို မြေပေါ် ခပ်ပြင်းပြင်းပြစ်ချလိုက်တယ်။

ဝုန်းကနဲဆိုတဲ့အသံတွေ ဆူညံသွားတယ်။ ကြည့်လိုက်တော့ ​ဗုံတိုကပါ ဒေါသတကြီး ဖြစ်နေတဲ့ပုံ တွေ့ရတယ်။ စီးထားတဲ့ဖိနပ်ကိုကောက်ပြီး တဖက်ကအခန်းထဲကို အရှိန်ပြင်းပြင်း ပစ်လွင့်လိုက်တယ်။ အလားတူပဲ ဗုံတိုကလည်း တဖက်ကို ဖိနပ်နဲ့ ပေါက်တယ်။ ကိုနိုင်မွန်ကတော့ တုန်ရီနေတယ်။ ကျနော်တို့ ဒေါသတွေ အားလုံး သည်လူဆီကို စုပုံသွားတယ်။ လက်နဲ့ထိမရတော့ ပါးစပ်ကနေ ပြန်ဆဲတာ စုံသွားတယ်။ ရဲတွေပြေးဝင် လာတယ်။ ကျနော်တို့ကို လုံခြုံရေးယူထားတဲ့ ရဲတွေရော၊ ထောက်လှမ်းရေးတွေပါ ပြေးဝင်လာကြတယ်။ ကျနော်တို့ကို ဘာမှမပြောဘူး။ တဖက်ခန်းကို ဆဲဆိုပြီး ပုံစံထိုင်ခိုင်းတယ်။ တဖက်ခန်းက လူတွေကို ဝင်ရိုက်တယ်။ သည်တော့မှ ကျနော်တို့ သူတို့ကို ပြန်သနားသွားတယ်။

အိမ်ကြက်တွေဘဝလေ...

ကျနော်တို့ကို ထောင်မရောက်ခင် လမ်းမှာတခုခုဖြစ်မှာကို အတော်စိုးရိမ်ပုံရတယ်။ လုံးဝကိုသည်းခံ နေကြတယ်။ ညစာကို ရွှေဘိုအချုပ်က ကျွေးတာတောင်မပေးပဲ အပြင်စာမှာကျွေးတယ်။ ညရောက်တော့ ညနေက ကျနော်တို့ကို ပညာပေးဖို့ ကြိုးစားတဲ့ တဖက်ခန်းက ပုဂ္ဂိုလ်ကြီးက သံတိုင်နားကပ်ပြီး ကျနော်တို့ကို ပြန်တောင်းပန်တယ်။

”ကျနော်ကျောင်းသားတွေမှန်း မသိလို့ပါဗျာ။ ရဲဘက်ပြန်တွေထင်ပြီး တာဝန်အရ ဟောက်ရတာပါ” 

ကျနော်တို့လည်း ဗွေမယူပါဘူး။ ခရီးပမ်းပြီး စိတ်ညစ်လာလို့ ဒေါသအလွယ် ထွက်သွားကြောင်း ပြန်တောင်းပန်တယ်။ နောက်ပြီး သည်လို ဘဝတူအကျဉ်းသားအချင်းချင်း အကြောင်းမရှိပဲ ဝန်ထမ်းတွေအလိုကျ နှိပ်စက်ညှင်းပမ်းတာ မလုပ်ဖို့ သတိပေးတယ်။ ကိုနိုင်မွန်ကတော့ ကျနော်နဲ့ ဗုံတိုကို မှာရှာတယ်။

”မင်းတို့နှစ်ကောင်က စိတ်ကို အရမ်းမြန်တယ်။ သူများနယ်မြေမှာ သတိထားပါကွာ။ နောက်ထောင် တွေရောက်ရင်လည်း ဆင်ခြင်ဦး။ အခုဟာက တို့တွေကတကောင်တည်းတွေစီ ဖြစ်ကုန်ပြီ” 

အဲသည့်ညကတော့ အညာရဲ့ အငွေ့အသက်တွေအားလုံး ပျောက်ဆုံးကုန်တယ်။

နောက်တနေ့ ရွှေဘိုကနေ မုံရွာကိုထွက်တယ်။ ညောင်ပင်ဝန်းမှာ ခဏနားပြီး အစာစားတယ်။ မုန့်ဟင်းခါးစားချင်တာနဲ့ မုန့်ဟင်းခါးမှာစားတယ်။ နောက်မုံရွာကို ဆက်ထွက်တယ်။ မှတ်မှတ်ရရ ညောင်ပင်ဝန်း ငှက်ပျောသီးတန်း ဆိုင်တဆိုင်ကနေ ကျနော်တို့ကို ငှက်ပျောသီးတွေ ပေးလိုက်တယ်။ မုံရွာမရောက်ခင်မှာ ဘေးက ရဲသားတယောက်က သူလည်းကျောင်းသားပါလို့ပြောတယ်။ စာပေးစာယူ တတိယနှစ်တဲ့။ ကျနော်တို့အပေါ် စာနာတဲ့သင်္ကေတတခုပဲလို့ ကျနော်နားလည်တယ်။ မုံရွာမြို့ရောက်တော့ မုံရွာထောင်စာအိတ်ဖောက်တယ်။ ပေါက်မဲက ကျနော်။

ကျနော့်ကိုရဲအုပ်က ထောင်လိုက်ပို့တယ်။ ဗုံတိုနဲ့ ကိုနိုင်မွန်ကို အခြားရဲသားတွေနဲ့အတူ ကားဂိတ်မှာ ထားခဲ့တယ်။ မုံရွာထောင်ဝင်တယ် ဆိုရင်ပဲ ကုလားဆင်ထောင်မှူးတယောက် ထိုင်နေတာကို တွေ့တယ်။ 

”ညွှန်ချုပ်ရုံးက စာပို့ထားတဲ့ (၅) ယောက်ထဲက တယောက်လားသားညွန့်ဦး”

သူတို့က ကြိုသိနေတယ်။ ကျနော်ကို ဖိနပ်ချွတ်ခိုင်းတယ်။ အထုပ်တွေအားလုံးကိုဖြဲဆုတ်ပြီး မြေကြီးပေါ် ပုံချလိုက်တယ်။ အဝတ်တွေအားလုံးကို နင်းခြေဆုတ်ဖြဲတယ်။ 

”ဟေ့ကောင် ပုံစံထိုင်လေကွာ၊ မင်းအပြစ်တွေ မင်းသိတယ်မဟုတ်လား။ ငါတို့ထောင်မှာတော့ လုံးဝမရဘူးမှတ်။ ဟေ့ကောင် ဘာငိုင်နေတာလဲ”

အတော်ကြာအထိ ကျနော်ငိုင်နေတယ်။ ပြီးခဲ့တဲ့လမ်းပေါ်က လူတွေရဲ့ အကြည့်ကိုသတိရတယ်။ ကား ပေါ်က ရှုခင်းလေးတွေကို တမ်းတမိတယ်။ ညောင်ပင်ဝန်းက မုန့်ဆိုင်လေးကို ပြေးမြင်တယ်။ နောက်သရက်ထောင်က ကျန်ခဲ့တဲ့ရဲဘော်တွေနဲ့ မုံရွာကားဂိတ်မှာကျန်ခဲ့တဲ့ ရဲဘော် (၂) ဦး၊ မန္တလေးနဲ့ ရွှေဘိုမှာ ကျန်ခဲ့တဲ့ ရဲဘော် (၂) ဦးကို သတိရမိတယ်။ ပြီးတော့ ကျနော်တယောက်တည်း ဖြစ်သွားပြီဆိုတာ သိလိုက်တယ်။

“ထိုင်ဆိုတာမရဘူးလားကွာ” 

ကျောပြင်ကို ပြင်းထန်တဲ့အရှိန်တခု ရုတ်တရက် ဆောင့်ကျလာတယ်။ နာကျင်ရမှန်းမသိခင်မှာ ရှေ့က ထောင်မှူးရဲ့ စစ်ဖိနပ်ကြားထဲကို တကိုယ်လုံးပစ်ကျသွားတယ်။ ထောင်ဆိုတာကို ပြန်သတိရတယ်။

◾ အခန်း(၁၃)

(က) ထောင်တွင်း သတင်းစာ အတိုအထွာ

သရက်ထောင်မှာ မနက်မိုးလင်းရင် ဆန်ပြုတ်သောက်ဖို့အတွက် ဆန်ပြုတ်တန်းစီရပါတယ်။ ပြီးတဲ့အခါကျမှ ကိုယ့်ဆိုင်ရာဆိုင်ရာအလုပ်ကို လုပ်ရပါတယ်။ အလုပ်အားရင်ကျနော်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုနီ (ကျော်နိုင်မင်း)တို့ နှစ်ယောက်ပေါင်းပြီး သတင်းစာ ဖတ်ကြပါတယ်။

သတင်းစာဖတ်ရတယ်ဆိုတော့ ထောင်ထဲမှာ အဆင်ပြေကောင်း ပြေကြတယ်လို့ထင်သွားနိုင်ပါတယ်။ မဟုတ်ပါဘူး။ ကျနော်တို့ ဖတ်တဲ့သတင်းစာက ဒီလိုပါ။ ထောင်ထဲက ထောင်ဝင်စာမှာ သွင်းယူလာတဲ့ ဆေးပေါ့လိပ်တွေကိုသောက်ပြီး ကျန်တဲ့အတိုတွေကို လိုက်ကောက်ပါတယ်။ အဲဒီလိုကောက်ရတဲ့ ဖင်စီခံအပိုင်းတွေကို စုပြီး ရေဇလုံတခုမှာ စိမ်ထားလိုက်ပါတယ်။ နည်းနည်းကြာတဲ့အခါကျမှ ဆေးပေါ့လိပ် ဖင်စီခံအတွင်းက သတင်းစာ စက္ကူပိုင်းလေးတွေကို ဖတ်ရပါတယ်။ ဒါဟာတရားဝင် ဖတ်ရတဲ့ ထောင်ထဲက သတင်းစာပါ။ အဲဒီ သတင်းစာရွက် အတိုအထွာလေးတွေကို အထင်တော့မသေးလိုက်ပါနဲ့။

တကြိမ်တုန်းက နဝတခေါ်ယူတဲ့ အမျိုးသားညီလာခံကြီးရဲ့ အခြေခံမူ(၆)ချက်စလုံးကို အဲဒီအပိုင်းအစလေးတွေထဲက တိတိကျကျဖတ်လိုက်ရလို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး သိခဲ့ရတယ်။ အဲဒီအခြေခံမူပါတဲ့ နောက်ဆုံးအချက်ဖြစ်တဲ့...

“အနာဂတ်နိုင်ငံတော်မှာ တပ်မတော်က အခန်းကဏ္ဍတရပ် အနေဖြင့် ဦးဆောင်ပါဝင်နိုင်ရေး”

ဆိုတဲ့အချက် တချက်တည်းနဲ့ အမျိုးသားညီလာခံကြီးဟာ အတုအယောင်ပဲ၊ စစ်တပ်အလိုကျ ကပြရမယ့် ညီလာခံပဲဆိုတာ ထောင်ထဲမှာတင် သိလိုက်ကြပါတယ်။

အဲဒီသတင်းစာအတိုလေးကပဲ ကုလသမဂ္ဂကိုယ်စားလှယ်တွေ မြန်မာပြည်လာရောက် စုံစမ်းတဲ့ သတင်းမျိုးတွေ ဖတ်ရသလိုဆောင်းပါးတို့နာရေးတို့ ဟိုတပိုင်းပြတ်၊ ဒီတပိုင်းပြတ်သတင်းလေးတွေကို ဆေးပေါ့ လိပ်စော်နံ ကြားမှဖတ်ရတာ အရသာတမျိုးရှိလှပါတယ်။

အမျိုးသားညီလာခံကြီး အပြင်မှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့အခါမှာ ကျနော်တို့ ၅(ည)တွေရဲ့ ထောင်ဝင်စာတွေကို အကစ ဝန်ထမ်းတွေစောင့်ကြပ်ရုံမကပဲ ထောက်လှမ်းရေးတွေပါ ရောက်ရှိလာပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေရောက်ရင် ကျနော်တို့ထက်ပိုပြီး ထောင်အာဏာပိုင်တွေက တလေးတစား အသိအမှတ်ပြုတဲ့အနေနဲ့ ထောင်လှန့်တတ်ပါတယ်။ ညဖက်ဆိုရင် ကိုယ့်အခန်းထဲမှာကိုယ် ထမင်းစားဝိုင်းလေး တွေစုပြီး၊ ရေနွေးသောက်ရင်း စကားစမြည် ပြောကြပါတယ်။ တခါတလေကိုညို (စာရေးဆရာ-ညီပုလေး) ဆရာမ လူထုဒေါ်အမာရဲ့သားက သူရေးခဲ့တဲ့ဝတ္တုတိုလေးတွေ၊ အပယ်ခံလိုက်ရတဲ့စာတွေအကြောင်း ပြောပြတတ်သလို၊ အခြားသူတွေကလည်း သူတို့အတွေ့အကြုံ၊ သူတို့ဒေသအကြောင်းနဲ့ ဗဟုသုတဖြစ်ဖွယ်တွေကို စကားဝိုင်းတတ် ကြပါတယ်။

ဒီလိုစကားဝိုင်းလုပ်ဖို့ အခွင့်အရေးကလည်း ထောင်ထဲမှာ လသာတဲ့နေ့(ထောင်အာဏာပိုင်တွေ ကြည်ဖြူ နေလို့ မုန်တိုင်းကင်းတဲ့နေ့) မျိုးတွေမှာပဲ ရတောင့်ရခဲ ရတာဖြစ်ပါတယ်။ တချို့ကျတော့လည်း ကိုယ့်အိပ်ယာမှာကိုယ် လှဲလျောင်းပြီးဟိုဟိုဒီဒီ ပြောကြ၊ သီချင်းတွေဆိုတဲ့သူကဆိုကြ၊ ဝဲကုတ်တဲ့သူတွေက ကုတ်ကြနဲ့ ည(၉)နာရီအိပ်ဖို့ အချိန်မကျမချင်း လှုပ်ရှား အသက်ဝင်နေတတ်ပါတယ်။ သရက်ထောင်ထဲမှာ ပန်းချီဆရာ ပေါ်ဦးသက် သေဆုံးသွားတာနဲ့ ပက်သက်ပြီး ကိုညိုက မှတ်မှတ်ရရ ဝမ်းနည်းစကားပြောဖူးပါတယ်။

ကျနော်တို့နေထိုင်တဲ့ သရက်ထောင်ကို ၁၈၉၆ ခုနှစ်ကဆောက်လုပ်တာဖြစ်ပြီးကာလ အတော်ကြာ ရှည်နေပြီတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။ သရက်ထောင်မှာ အကျဉ်းသားအသစ် ရောက်လာပြီဆိုရင် ထောင်ပိုင် ကြည့်တယ် ဆိုတာရှိပါတယ်။ လူနဲ့ ဝရမ်းပါအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာကို ခေါ်ပါတယ်။ အဲဒီလို အကျဉ်းသားသစ်ကို ထောင်ပိုင် စစ်ဆေးနေတဲ့အချိန်မှာ ထောင်ကျရုံးက အရာရှိက မေးခွန်းတွေမေးပြီး အကျဉ်းသားက အင်္ကျီချွတ်ပြီး ဖြေရပါတယ်။ ထောင်နံပတ်တို့၊ နာမည်တို့မေးပြီး အိမ်ထောင်ရှိလားဆိုရင် ရှိရင် “ရှိ” လို့ တလုံးတည်း ဖြေရပါတယ်။ ရှိပါတယ်လို့ သွားဖြေမိရင်တော့ ကျောပြင်ကိုဗြောတင်ခံရမှာ သေချာပါတယ်။ အိမ်ထောင်ရှိလို့ ဖြေပြီးရင် သားတယောက်၊ သမီးနှစ်ယောက်ရှိတယ်.. ဆိုရင်လည်း “ရှိ၊ သားတယောက်၊ သမီးတယောက်” တိုတိုပြတ်ပြတ်ပဲ ဖြေရပါတယ်။

စာတတ်သလားလို့မေးရင် “တတ်”၊ မတတ်ရင်“မတတ်” လို့ပြောရပါတယ်။ တခါက အကျဉ်းသား တယောက်က သူ့ကို စာတတ်သလားလို့မေးတော့ “တတ်” လို့မဖြေပဲ “မှတ်” လို့ဖြေလိုက်တယ်။ အားလုံးက ဝိုင်းရယ်နေတုန်း နဘန်းတချက် အုပ်ခံလိုက်ရတယ်။ သူမေးတော့ သူက စာကိုရေးတတ်ဖတ်တတ်ရုံမဟုတ်ပဲ မွှတ်နေအောင်ပြောတတ်၊ ရေးတတ်တာကြောင့် “မွှတ်” လို့ ဖြေကြောင်းပြန် ပြောပါတယ်။ သရက်ထောင်မှာ နေရစဉ် အစာလည်းစား၊ လေးသံလည်း နားထောင်ဆိုသလို မိန်းဂျေးလ်ကအော်တဲ့ ပုံစံအသံကိုနားထောင်ပြီး ပုံစံထိုင် ရပါတယ်။ ပုံစံသံကြားလို့ မထိုင်မိရင်တော့ ခြေကျင်းဒေါက်တွေ ရောက်လာနိုင်ပါတယ်။ မိန်းဂျေးလ်မှာ တံခါးစောင့် တဲ့ ရာဇဝတ်အကျဉ်းသား တယောက်ရှိပြီး သူ့အသံက ကောင်းခြင်းငါးဖြာ ပြည့်စုံလောက်အောင်ကို အသံကျယ်ကျယ် အော်နိုင်ပါတယ်။

သူ့နာမည်က ဒါးပေါက်ဖြစ်ပြီး သူပါးစပ်ဖြဲလိုက်ရင် ရေမြင်းနဲ့တူပါတယ်။ အသံကျယ်ကျယ် အော်နိုင်တာ ကြောင့် ထောင်ပိုင်က သဘောကျပြီး ဒါးပေါက်ကို တံခါးစောင့်ခန့်ထားပါတယ်။ ဒါးပေါက်က ပုံစံအော်ရင် အသံသုံးမျိုးနဲ့ အော်ရပါတယ်။ သူအော်တဲ့အသံကို နားထောင်ပြီး မိန်းဂျေလ်းမှာ ဘယ်သူလာတယ်ဆိုတာ မကြည့်ပဲနဲ့ သိနိုင်ပါတယ်။ ပုံစံကို အသံအကျယ်ကြီးနဲ့ ကြာကြာလေး ဆွဲပြီးအော်ရင် ထောင်ပိုင်ကြီး လာတာဖြစ်ပါတယ်။ ပုံစံကိုအသံကျယ်အောင် အော်ပေမယ့် ကြာအောင်မဆွဲပဲအော်ရင် ထောင်ပိုင်လေး လာတာ ဖြစ်ပြီး ပုံစံလို့ တိုတိုတုတ်တုတ်အော်ရင် ထောင်မှူးလာတာ ဖြစ်ပါတယ်။

(ခ) ကိုအိုက်ကို သေဆုံးမှု

အင်းစိန်ထောင်အတွင်းမှာ ကျနော်တို့ နေခဲ့ရစဉ်တုံးက လူတယောက်ရဲ့အသက်ကို ဖက်ရွက် ပမာတောင် သဘောမထားပဲ သတ်ဖြတ်မှုတွေကို အများကြီး ကြုံခဲ့ရဖူးပါတယ်။ အခုသရက်ထောင် အတွင်း မှာလည်း အကျဉ်းသားတွေရဲ့ အသက်အန္တရာယ် ထိခိုက်ခဲ့တဲ့ အကြောင်းတွေ ရှိနေပါ သေးတယ်။

သရက်ထောင်မှာ ထောင်ဆရာဝန် ဒေါ်ဆွေဆွေဝင်းဆိုတဲ့ အမျိုးသမီး ဆရာဝန်တယောက် ရှိပါတယ်။ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ အထိ သရက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အင်းစိန် ထောင်က လူသတ်ဆရာဝန် စိုးကြည်နဲ့ မတူတာတွေရှိပါတယ်။. ဒေါက်တာဒေါ်ဆွေဆွေဝင်းဟာ ဒေါက်တာစိုးကြည်လောက် ထောင်အတွင်း လုပ်ပိုင်ခွင့် အာဏာ ဘာမှမရှိပါဘူး။ ထောင်အတွင်း အရာရာကို ထောင်ပိုင်သောင်းညွှန့်က ထိန်းချုပ်ကွပ်ကဲနေတာ ဖြစ်ပါတယ်။ အားလုံးက သောင်းညွန့် ကို ကြောက်ရွံ့နေရတာ ဖြစ်ပါတယ်။

ဒေါ်ဆွေဆွေဝင်းဟာ လူသတ်ဆရာဝန် စိုးကြည်လို ယုတ်မာတဲ့စိတ်ထားမျိုးမရှိပဲ သဘော ထားပြည့်ဝတဲ့ ဆရာဝန်ကောင်းတယောက် ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဒေါက်တာဒေါ်ဆွေဆွေဝင်းဟာ သရက်ထောင်ဆရာဝန်အဖြစ်ကနေ ထွက်ပြီး ကျမ်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ် တာဝန် ပြောင်းလုပ်ကိုင်သွားပါတယ်။ ဒေါ်ဆွေဆွေဝင်း မရှိတဲ့ နောက်ပိုင်းမှာ ကျနော်တို့ သရက်ထောင်မှာ ဆရာဝန်မရှိပဲ ဆေးမှူးစောထွန်းအောင်ကြည်နဲ့ ကျော်မြင့်ဆိုတဲ့ အကစ ဝန်ထမ်းနှစ်ယောက်နဲ့ပဲ နှစ်ပါးသွားရပါတော့တယ်။ ထောင်ကခန့်ထားတဲ့ ဆေးမှူးဆိုတာ ဆေးဝါးအကြောင်းဘယ်လောက် နားလည်သလဲ မပြောတတ်ပါဘူး။ အကြောဆေးတလုံးကိုတောင် ဖြောင့်ဖြောင့် တန်းတန်း လျောလျောရှုရှု မထိုးတတ်ပါဘူး။

ဆေးမှူးအကူအနေနဲ့ ဘေးကနေပါလာတက်တဲ့ ”ဘစ” တွေကပဲ ဆေးထိုးတဲ့အခါမှာ ကျွမ်းကျင်မှု ရှိပါတယ်။ ဒါတွေကိုသိထားတဲ့ အကျဉ်းသားတော်တော်များများက ရောဂါဖြစ်ရင် ဆေးမှူးနဲ့ မပြရဲပဲ ထောင်ဝင်စာကပို့တဲ့ သောက်ဆေးလေးတွေနဲ့ ကုသနေရပါတယ်။ ထောင်မှာကလည်း ဆေးဝါးစုံစုံလင်လင်မရှိလို့ ​တခါတလေ ထောင်မှူးတွေကိုယ်တိုင် အကျဉ်းသားတွေဆီက လာလာ တောင်းတတ်ပါသေးတယ်။ ဒီလိုဆေးဝါး လိုအပ်မှုနဲ့ ကုသမှုချို့တဲ့တာတွေကို ထောင်အာဏာပိုင်တွေက ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး လျစ်လျူရှု နေပါတယ်။

ကျနော်တို့ အင်းစိန်ထောင်က ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားထဲက လုပ်သားကော လိပ်မှာ မြန်မာစာအဓိကနဲ့ တတိယနှစ်တက်နေတဲ့ ကျောင်းသားတယောက်ဖြစ်တဲ့ ကိုအိုက်ကို တယောက်ရှိပါတယ်။ သူဟာ ၁၉၉ဝ ပြည့်နှစ်က စစ်ခုံရုံးကနေ သူ့ကိုအလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်ချခဲ့ပါတယ်။ ကိုအိုက်ကိုဟာ အသက် (၃၀) ပေမဲ့ သူ့ခန္ဓာကိုယ် အချိုးအစားက ပုပုညှပ်ညှပ်လေးဖြစ်ပြီး ဗိုက်ကလေးပူပူနဲ့ ကလေးတယောက်လိုပုံစံမို့ ထောင်ထဲမှာ သူ့ကိုလူတိုင်းက ချစ်ခင်နှစ်သက်ကြပါတယ်။ ၁၉၉၃-၁၉၉၄ ကြားကာလမှာ ကိုအိုက်ကိုတယောက် သာမာန်ရိုးရိုး နေမကောင်းဖြစ်ပါတယ်။ နေမကောင်းတာ ရက်ကြာ လာတာနဲ့အမျှ အဖျားကပုံမှန်တိုးလာပြီး တိုက်ဖွိုက်ဖြစ်ချင်တဲ့ လက္ခဏာမျိုးတွေ တွေ့မြင်လာရပါတယ်။ အဆောင်ကတမံတလင်းက အေးစက်နေတာကြောင့် ဆေးရုံမှာ နွေးနွေးထွေးထွေးရှိလို့ ဆေးရုံတက်ဖို့ လိုတယ်လို့ ဆေးမှူးကပြောပါတယ်။

ထောင်ထဲက ဆေးရုံဆိုတာ နာမည်သာရှိပြီး ကုတင်နှစ်လုံးတည်းနဲ့ ဖြစ်ပါတယ်။ ဘာဆေးဝါးမှ ရှိတာလည်း မဟုတ်ပါဘူး။ အဆောင်ကမှ ဘာပဲပြောပြော အရေးဆို လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကူညီအားပေးမှု တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဆေးမှူးက ဆေးရုံတက်ခိုင်းနေတာဆိုတော့ ငြင်းဆိုလို့ နောက်ပိုင်း တခုခုဖြစ်ရင် အပြစ်ဖြစ်မှာစိုးတာကြောင့် ကိုအိုက်ကို ဆေးရုံတက်ဖို့ ဆုံး ဖြတ်လိုက် ပါတယ်။

ကိုအိုက်ကိုတယောက် ထောင်ဆေးရုံရောက်သွားပေမယ့် ဘာမှထူးထူးခြား ပြောင်းလဲမှုတွေ မတွေ့ရပါဘူး။ ကျန်တဲ့ (၅)ညတွေကလည်း ကိုအိုက်ကိုအတွက် လိုအပ်တဲ့ဆေးဝါးတွေ၊ ငွေကြေး တွေကို ပေးကြ ပါတယ်။ ဆေးမှူးက

”ဘာမှမစိုးရိမ်နဲ့။ အခုထိတော့ ရောဂါရှာလို့မတွေ့သေးဘူး။ ဆေးပြောင်းပြီး တခုချင်း တခုချင်း စမ်းသပ်ပြီး တိုက်နေတယ်” လို့ ပြောပါတယ်။ ကိုအိုက်ကိုကတော့ ဆေးရုံတက်နေရတာ ကြာနေပေမယ့် ရောဂါထူးထူးခြားခြား ပျောက်သွားတာမဟုတ်လို့... အဆောင်ကိုမကြာခင် ပြန်ဆင်းလာမယ်လို့ ပြောပါတယ်။ နောက်ကိုအိုက်ကိုကို အပြင်ဆေးရုံကို ထုတ်သွားတယ် လို့သိရပါတယ်။ အကစဝန်ထမ်းတွေက အဆောင်မှာကျန်ခဲ့တဲ့ ကိုအိုက်ကိုရဲ့အဝတ်အစားတွေကို လာတောင်းပါတယ်။ ကျနော်တို့တွေက စိတ်ပူပြီး မေးမြန်းကြတော့ ဘာမှမဖြစ်ပါဘူး။ အခြေအနေကောင်းပါတယ်။ ထူးရင်ပြောမယ်” လို့ ပြောပြီး အဖြစ်မှန်ကို ဖုံးကွယ်ကြပါတယ်။

အမှန်ကတော့ ထောင်ဆေးရုံကနေ အပြင်ဆေးရုံကိုထုတ်တဲ့အချိန်မှာ ကိုအိုက်ကိုရဲ့ အခြေအနေဟာ အင်မတန်ဆိုးရွားနေပြီး ထောင်ဗူးဝမှာတင် အသက်ပျောက်နေပြီလို့ သိရပါတယ်။ ဆေးရုံမှာရှိတဲ့ ၅(ည)တွေပြောပြချက်အရ ကိုအိုက်ကိုကို ဆေးရုံကနေ အပြင်ထုတ်တော့ အသားတွေမဲနေပြီး  ငြိမ်သက်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ နောက်တရက်မှာ ထောင်ပိုင် နဲ့ထောင်မှူးတွေက ၅(ည) တွေအားလုံးကို(၁) ဆောင် (၂) ခန်းမှာ တန်းစီ စုခိုင်းထားပြီး သူတို့အနေနဲ့ ကိုအိုက်ကိုရဲ့ အသက်ကို အတတ်နိုင်ဆုံး လုယူကြိုးစားခဲ့ပေမယ့် ရောဂါအခြေအနေက ကျွမ်းနေလို့၊ ရောဂါကဦးသွားလို့ ဆေးရုံမှာပဲ သေဆုံးသွားပါတယ်လို့ မရေမရာ ပြောပါတယ်။ ကျနော်တို့တွေက ဘာရောဂါနဲ့ ဆုံးတာလဲလို့မေးတော့ ဆရာဝန်တွေလည်း ခွဲစိတ်ပြီး ရောဂါရှာဖွေနေပါတယ်။ ရှာတွေ့ရင်ပြောပါမယ်လို့အဖြေပြန်ပေးပါတယ်။ နောက်တော့ 

”မင်းတို့ သူငယ်ချင်းရဲ့ နောက်ဆုံးဈာပနကို မင်းတို့ ဘယ်လိုလုပ်စေချင်လဲ။ ငါတို့ အတတ်နိုင်ဆုံး လုပ်ပေးပါမယ်။ ထောင်ထဲမှာတော့ ဘာမှမလုပ်ရဘူး”

ကျနော်တို့ထဲက တယောက်က “ကျနော်တို့ ဈာပနလိုက်ပို့လို့ ရမလား” လို့မေးတော့

”ဒါတော့မဖြစ်နိုင်ပါဘူး။ ဒီ့ပြင် အကျဉ်းသားဆိုရင် ဒို့လုပ်ပေးလို့ရတယ်။ မင်းတို့က ၅(ည) တွေဖြစ်လို့ အပြင်ထုတ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒို့အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေမိသားစုတွေလိုက်ပို့မှာပါ။ နောက်ပြီး အိမ်ကသူတို့ရောက်လာရင်လည်း အိုက်ကိုရဲ့မိသားစုကိုလည်း အကြောင်းကြားထားတယ်။ အလောင်းကိုဘယ်လိုလုပ်ချင်လဲဆိုတာ ဒို့တိုင်ပင်ရဦးမှာပါ။ ခုချိန်ထိတော့ အိုက်ကိုတို့ ရောက်မလာသေးပါဘူး”

ဒါနဲ့ပဲ ကိုအိုက်ကိုရဲ့ ဈာပနအတွက် ထောင်ထဲက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းငွေထည့်ပြီး ပန်းခွေယပ်တောင်၊ ကန်တော့ပွဲတွေပြုလုပ်ပြီး အသုဘလာသူတွေကို ဖျော်ရည်တိုက်တာတွေ အုတ်ဂူမြေပုံ ဆောက်လုပ်တာတွေကို ထောင်ပိုင်နဲ့ ညှိပြီး ပြုလုပ်ကြပါတယ်။ ထောင်မှူး ဦးအေးလှိုင်က ”သူ့ရောဂါက မွေးထားတာကြာပြီ။ အခုမှ မရှုနိုင်၊ မကယ်နိုင်ဖြစ်တာ” လို့ ပြောပါတယ်။ ကျနော်တို့ လက်လှမ်းမှီသလောက်စုံစမ်းကြည့်တော့ ဆေးရုံက ၅(ည) တွေရဲ့ ပြောပြချက်အရ ဆေးမှူးက ဆေးထိုးပေးအပြီးမှာ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ကိုအိုက်ကို ကိုအပြင်ဆေးရုံ ထုတ်ဖို့စီစဉ်ကြကြောင်း၊ အဲဒီလိုစီစဉ်ရာမှာ ထောင်အပြင်မှာ တာဝန်ယူစောင့်ပေးမယ့် ရဲဝန်ထမ်း မရှိသေးတာကြောင့် စောင့်နေရကြောင်း၊ ရန်ကုန်ကအကျဉ်းဦးစီးဌာန ညွှန်ချုပ်ထံ အကြောင်းကြားရခြင်း၊ သရက်နယ်မြေခံထောက်လှမ်းရေးထံ ခွင့်ပြုချက်တောင်းခံရခြင်း၊ ထောင်ပြင်ထုတ်ယူခွင့် တောင်းခံနေရခြင်းတွေ ရှိနေသေးကြောင်း၊ အဲဒီလိုအချိန်တွေ မကြာသင့်ပဲကြာပြီးမှ ကိုအိုက်ကို ကိုအပြင် ဆေးရုံသို့ ထုတ်ယူသွားတာ ဖြစ်ကြောင်း သိရပါတယ်။

အမှန်ကတော့ ကိုအိုက်ကို ရဲ့အလောင်းကို ထောင်ထဲကနေ အပြင်ကို ထုတ်ယူသွား တာဖြစ်ပါတယ်။ ထောင်ဆေးရုံက ထွက်လာကတည်းက ကိုအိုက်ကိုတယောက် အသက်မရှိတော့ပါ။ ထောင်ထဲကနေ အပြင်ကို လာဘ်ထိုးပြီး လွယ်လင့်တကူ သွားနေကြသူတွေရှိသလို၊ အချို့ဆို မန္တလေး အထိသွားတဲ့သူတွေရှိပါတယ်အခုလို သေရေးရှင်ရေးကိစ္စမှာတော့ ထောင်အပြင်ထုတ်ဖို့ ခက်ခဲပါတယ် လို့ဖြစ်လာပါတယ်။ မသေသင့်ပဲ သေဆုံးခဲ့တဲ့ သူတွေ၊ ရေတိမ်နစ်ခဲ့သူတွေ အများကြီး၊ အများကြီး...။

ထောင်မှူးတွေက နားလည်မှုနဲ့ ခွင့်ပြုလို့ ကိုအိုက်ကိုအတွက် ရည်စူးပြီး (၁) ဆောင် (၃) ခန်းမှာပဲ ထောင်တွင်းရှိ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းသွတ်တရားနာတာကို ပြုလုပ်ပါတယ်။ ဦးဇင်းဦးအာစရနဲ့ ဆရာတော် ပဏ္ဏဝံသ (ဦးပြည်ကျော်) တို့က “အဝိဇ္ဇာပစ္စယာ `သင်္ခါရ” တရားအစရှိတဲ့ မတည်မြဲတဲ့အကြောင်း တရားတော်များ ဟောကြားပြီး ကိုအိုက်ကို ကို ရည်စူးဆွမ်း သွတ်ခဲ့ပါတယ်။ ကေအန်ယူကနေ ထောင်ကျလာတဲ့ ကရင်အမျိုးသား ဖထီးကြီးတွေကလည်း ခရစ်ယာန် တရားတော်နဲ့အညီ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ပြီး ကွယ်လွန်သူအတွက် ရည်စူးပြီး ဓမ္မတေးသီချင်းကို သီဆိုပါတယ်။

“အိုငြိမ်းဖွယ်ရာ × × × မြတ်မင်္ဂလာ ငါပြုမူတိုင်း × × × ငါသွားလေရာ × xxx

သခင်ယေရှု × စောင့်ထိန်းမှုလေ xxx လက်ရုံးတော်ပင် ××× ငါ့လက်ကိုင်ပေး xxx

(ပို့ဆောင်တော်မူသော ကျေးဇူးရှင် × ပို့ဆောင်တော်မူပါ ××× ကာလအစဉ် သစ္စာရှိစွာ xxx နောက်တော်လိုက်မည် xxx ပို့ဆောင်တော်မူသောကြောင့်ပေတည်း × × × ) X

မကြာမမြင့် × ငါတို့များသည် x X X သေခြင်းမြစ်ကမ်း x ကူးစိမ့်သောငှာ × × ×

ပို့ဆောင်အရှင် ယေရှုကိုယ်စား X X xxx

တိတ်ဆိတ် အေးချမ်းလှတဲ့ ဓမ္မတေးသီချင်းသံတွေကြားမှာ ဆုတောင်းပွဲလာသူတွေ မျက်ရည်တွေ စီးကျ လာကြတယ်။ မျက်ရည်တွေ...။ ကိုအိုက်ကိုအတွက် ဝမ်းနည်းတဲ့မျက်ရည်၊ ဂုဏ်ယူတဲ့ မျက်ရည် နာကြည်းတဲ့မျက်ရည်တွေ ကိုအိုက်ကိုရဲ့ ဈာပနအခမ်းအနားပွဲလေးမှာ ကျနော် တို့တတွေ သံဓိဌာန်တခု မြဲမြဲမြံမြံ ချလိုက်ကြပါတယ်။ 

”မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေးအတွက် ထောင်တွင်းမှာ အသက်ပေးသွားတဲ့ ရဲဘော်အိုက်ကို အတွက် ကျနော်တို့အားကို နှစ်ဆတိုးပြီး မြန်မာပြည်ဒီမိုကရေစီ မရမချင်းဆက်လက် တိုက်ပွဲဝင်သွားကြမယ်”

ကျနော်တို့ကို ထောင်အာဏာပိုင်တွေ လိုက်လျောမှုတွေ ပြုလုပ်နေခဲ့ပေမယ့် ကိုအိုက်ကို သေဆုံးရတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ မရိုးသားမှုတွေ အများကြီးရှိပြီး သံသယတွေ ကျန်နေခဲ့ပါတယ်။ ကိုအိုက်ကို သေဆုံးရတဲ့ရောဂါကို သိခွင့်မပေးတာ၊ အရင်ကျနော် တို့တွေနဲ့ အတူတူနေစဉ်တုန်းက ကိုအိုက်ကိုမှာ ရောဂါကြီးကြီးကျယ်ကျယ်မရှိခဲ့တာ၊ ပြီးတော့သူ့မှာ ဘာရောဂါမှ မဖြစ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် သရက်ထောင်အာဏာပိုင်တွေရဲ့ ပေါ့လျော့ မှုကြောင့် ကျနော်တို့ရဲ့ ရဲဘော်တဦး မသေသင့်ပဲ သေဆုံးခဲ့တယ်။

ကြယ်တပွင့် အကြွေစောခဲ့တယ်။ နဝတရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံရေး အကျဉ်းသမားတွေ ထောင်တွင်သေဆုံးရတာတွေ အများကြီးရှိပါတယ်။

ယုံကြည်ချက်ကြောင့် တိုက်ပွဲဝင်ရင်း အညတရကျောင်းသားလေး ကိုအိုက်ကိုတယောက် သရက်ထောင်မှာ နဝတရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် အမှန်တကယ်ကို သေဆုံးခဲ့ပါပြီ။ နဝတ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ သက်သေခံတခုအနေနဲ့ မြန်မာပြည်အလယ်ပိုင်းက သရက်ထောင်မှာ ကိုအိုက်ကိုရဲ့ အုတ်ဂူကလေးက သက်သေပြနေပါတယ်။

ရဲဘော်အိုက်ကို ကောင်းရာသုဂတိလားပါစေ ...။

◾ အခန်း(၁၄) 

(က) ရှားရှားပါးပါး ခေါင်းဖြတ်သတ်မှု

ကျနော်သရက်ထောင်မှာနေခဲ့ရစဉ် နောက်ပိုင်းတလျှောက်လုံး ဆရာဝန်မရှိပဲ နေခဲ့ရပါတယ်။ ကိုအိုက်ကို သေဆုံးသွားပြီး နောက်ပိုင်းမှာ နောက်ထပ်အသက်ဆုံးရှုံးခဲ့တဲ့ တဦးကတော့ ဦးဇင်း ဦအာစာရပဲ ဖြစ်ပါတယ်။

ဦးဇင်းအာစာရဟာ ရန်ကုန်မြို့ ဘုန်းကြီးလမ်း သရက်တောကျောင်းတိုက်ထဲက နာရီစင် ကျောင်းတိုက်က ရဟန်းတပါးဖြစ်ပါတယ်။ ပတ္တနိကုဇ္ဇနကံဆောင်မှုကြောင့် ထောင်ဒဏ်(၇)နှစ်ကျခံခဲ့တဲ့ သံဃာတော် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချထားတဲ့ စာတွေနဲ့ လက်နက်အချို့ကိုင်ဆောင်ထားတဲ့ ဗိုလ်ကြီးစည်သူတို့အဖွဲ့ကို လက်ပူးလက်ကြပ်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခေါင်းဖြတ်သတ်ခံရမယ့်ဘေးက ကယ်တင်ခဲ့တဲ့ ရဲရဲတောက် သံဃာတော်တပါးဖြစ်ပြီး ရန်ကုန်တိုင်းရဟန်းပျိုသမဂ္ဂကလည်း ဖြစ်ပါတယ်။

ဗိုလ်ကြီးစည်သူနဲ့ ထောက်လှမ်းရေးအချို့ကို ထိန်းသိမ်းထားစဉ် အမှတ်(၄)စစ်ဒေသက ဗိုလ်မှုးလင်းမောင်ကိုယ်တိုင် စစ်ကားတွေ၊ စစ်အမြှောက်ကားတွေနဲ့ ရောက်လာပြီး သူတို့လူတွေကို ပြန်လွှတ်ပေးဖို့ ဦးဇင်းဆီ တောင်းဆိုခဲ့ပါတယ်။ ဦးဇင်းအာစရက ကမ္ဘာအေးက နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က တဆင့် ဗိုလ်ကြီးစည်သူနဲ့ ထောက်လှမ်းရေးအပါအဝင်တွေကို အန္တရာယ်ကင်းစွာနဲ့ ဗိုလ်မှုးလွန်းမောင် (ယခု-နအဖ ဝန်ကြီးချုပ်ရုံး ဝန်ကြီး)ကို လွှဲပြောင်းပေးခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ်ကျတော့ ဦးဇင်းဦးအာစရကို ထောက်လှမ်းရေးက ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ စစ်ကြောရေးစခန်းကို ရောက်တော့ ဗိုလ်ကြီးစည်သူက “မင်းမဟုတ်လား အရေးအခင်းတုန်းက ငါ့ကို လုပ်ထားတာ” ဆိုပြီး ကလဲ့စားချေတဲ့အနေနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကို ပြုလုပ်ပါတယ်။ ဦးပဉ္ဇင်းဟာ ထောင်ထဲမှာ ကျန်းမာရေး လိုက်စားခြင်း၊ အင်္ဂလိပ်စာပေများ လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ ဦးပဉ္ဇင်းရဲ့ ခန္ဓာကိုယ် အနေအထားဟာ တောင့်တင်းလှပပြီး သန်မာထွားကြိုင်းပါတယ်။ ကျနော်တို့ ထောင်ကလွတ်ပြီးတဲ့နောက်ပိုင်းမှာ ဦးပဉ္စင်း တယောက် ထောင်အတွင်း ပျံလွန်တော်မူသွားတယ်လို့ သိလိုက်ရပါတယ်။ ဒီသတင်းကြားတော့ ကျနော် မယုံကြည်နိုင်အောင်ကို ဖြစ်သွားပါတယ်။ ကိုအိုက်ကို သေဆုံးခဲ့တဲ့ပုံမျိုးပဲလားလို့ ကျနော် ပြေးမြင်ယောင်မိပါသေး တယ်။

ကျနော်ထပ်ပြောချင်တဲ့ အချက်တခုကတော့ သရက်ထောင်မှာ ဖြစ်ပွားခဲ့တဲ့ ရှားရှားပါးပါး ခေါင်းဖြတ် သတ်မှု အကြောင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ သရက်ထောင်ထဲမှာ ထမင်း ဟင်းချက်ရဖို့ ဖိုကြီးထဲမှာ တာဝန်ခံ ဖိုခေါင်းတယောက်ရှိပါတယ်။ သူကတော့ ရာဇဝတ်အကျဉ်းသားဘဲဥဆိုသူ ဖြစ်ပါတယ်။ သူက ဖိုထဲမှာ နေ့စဉ် ချက်ပြုတ်ရတဲ့ ထမင်းနဲ့ဟင်းကို ထောင်ပိုင်ထံ နေ့စဉ်တင်ပြရပြီး ထောင်ပိုင်နဲ့ နေ့စဉ်တွေ့ရတဲ့ သူလည်း ဖြစ်ပါတယ်။

ထောင်ပိုင်သောင်းညွန့်ကလည်း ဘဲဥကိုလူယုံမွေးပြီး ထောင်ထဲကသတင်းတွေကို စုံစမ်းပါတယ်။ ထောင်ထဲက အကျဉ်းသားတွေကို ဘယ်သူကဘယ်လို ဘာညာ၊ မကောင်းဘူး ကောင်းတယ် အစရှိသဖြင့် ထောင်ပိုင်ကို သတင်းပို့ပြီး အချွန်အတက်လေးတွေ လုပ်တတ်ပါတယ်။ ထောင်ပိုင်ကလည်း သူပြောသမျှကို ယုံကြည်ပြီး အကျဉ်းသားတွေကို ရိုက်နှက်အပြစ်ပေးတတ်တာကြောင့် အကျဉ်းသားတွေက ဘဲဥဆိုရင် ဝေးဝေးကနေ ရှောင်ကြပါတယ်။

ဘဲဥကောင်းမှုကြောင့် ဘဲဥနဲ့မတည့်တဲ့သူတွေ ၅(ည)တွေ ဒုက္ခအတော် ရောက်ဖူးကြပါတယ်။ ဘဲဥ ခေါင်းဆောင်အဖြစ်နဲ့ တာဝန်ယူအုပ်ချုပ်တဲ့ ဖိုကြီးမှာ အလုပ်လုပ်တဲ့ ဝင်းဦးဆိုတဲ့ အကျဉ်းသား တယောက် ရှိပါတယ်။ ဘဲဥကထောင်ပိုင်နဲ့ ပိုင်တယ်ဆိုပြီး အရှိန်အဝါတွေထုတ်သုံး၊ သူ့လက်အောက်က အကျဉ်းသားတွေကို မတရားရိုက်နှက် ဆဲဆိုတာတွေ လုပ်လာပါတယ်။ အဲဒီမှာ ဘဲဥနဲ့ ဝင်းဦးတို့ တယောက်နဲ့တယောက် အစာမကြေမှုတွေ ရှိလာပါတယ်။ ရန်ငြိုး၊ ရန်စတွေ ရှိလာကြပါတယ်။

တနေ့မှာ ဝင်းဦးက ဟင်းချက်တဲ့ ဆီ(၂၅)ကျပ်သားတဗူးကို သိမ်းထားတာကို ဘဲဥကတွေ့သွားပြီး ”မင်းခိုးထားတာ မဟုတ်လား၊ မင်းကို ထောင်ပိုင်ရုံးခန်း တင်ရမယ် မင်းကိုဖိုထဲမှာ မထားဘူး” စသဖြင့် မျိုးစုံအောင်ဆဲဆို ကြိမ်းမောင်းပါတော့တယ်။ ဝင်းဦးကလည်း သူ့ကိုရုံးမတင်ဖို့ပြောပါတယ်။ ဘဲဥက “မတင်လို့ရမလားကွ၊ ငါ့ဖိုထဲမှာ သူခိုးမထားဘူး” လို့ ပြန်ပြောပါတယ်။ ဝင်းဦးလည်း ဘဲဥကို ဘာမှမပြောပဲ သူလုပ်စရာ ရှိတာကို ဆက်လုပ်နေပါတယ်။ ဘဲဥတယောက်မီးဖိုဘေးမှာ ရေနွေးတည်နေရင်းတဲ့ အချိန်မှာ ဝင်းဦးကသူ့နောက်ကနေ ရုတ်တရက်ပေါ်လာပြီး ဘာမပြော၊ ညာမပြောနဲ့ ဘဲဥရဲ့ခေါင်းကို သူ့လက်ထဲကဓါးနဲ့ ခုတ်ချလိုက်ပါတယ်။ ”အမလေး” ဆိုတဲ့ အသံနဲ့အတူ ဘဲဥတယောက် ခေါင်းငိုက်စိုက် ကျသွားပါတယ်။ ဝင်းဦးကနောက်ထပ် နှစ်ချက်၊ သုံးချက်ဆက်တိုက် ခုတ်ချလိုက်တော့ ဘဲဥခေါင်းပြတ်ကျသွားပါတယ်။ ဝင်းဦးက ပါးစပ်ကနေ...

”ချွန်ချင်ဦး၊ တက်ချင်ဦးကွာ” ဆိုပြီး တတွတ်တွတ် ရွတ်နေပါတယ်။ ဘဲဥသေနေတာတောင်မှ ဝင်းဦးက မျက်လုံးနီကြီးနဲ့ သဲကြီးမဲကြီး သွေးရူးသွေးတန်း ခုတ်နေပါတော့တယ်။ ဘဲဥခေါင်းပြတ်သွားပြီး တော်တော်ကြာလေးမှ ထောင်ပိုင်တို့၊ ထောင်ဝန်ထမ်းတွေ အူယားဖားယား ပြေးလာကြပါတယ်။

ထောင်အာဏာပိုင်တွေ အားလုံးနီးပါး ထောင်ဝန်ထမ်း မိသားစုပြေးပွဲ ပြိုင်ပွဲကို ”မြန်မာ့ အားကစား၊ ကမ္ဘာကို လွှမ်းစေရမယ်” ဆိုတဲ့သီချင်းသံနဲ့ ပျော်မြူးနေတာကြောင့်မို့ ဘဲဥခေါင်းပြတ် သွားတာကို သူတို့တွေ ချက်ချင်း မသိလိုက်ကြပါဘူး။ ဝင်းဦးသတ်တဲ့ဓါးဟာ လွန်ခဲ့တဲ့ (၂)ရက် လောက်ကမှ ဘဲဥကိုယ်တိုင် ချွန်မြနေအောင် သွေးထားတာမို့ ဘဲဥတယောက် သွေးတဲ့ဓါးနဲ့ သူကိုယ်တိုင် အသတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ဘဲဥရဲ့ လုပ်ရပ်တွေဟာ ထောင်ပိုင်ကိုသာ အကျိုးဖြစ်ထွန်းစေပြီး ဘဝတူအကျဉ်းသားတွေကို ဖိနှိပ်တဲ့ ရလဒ်အဖြစ် အခုလို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ဝင်းဦးကတော့ နောက်အမှုတပ်ပြီး တရားရုံးမှာ နောက်ထပ် ထောင်ဒဏ်ကျသွား ပါတယ်။ ဘဲဥခေါင်း ဖြတ်သတ်ခံလိုက်ရပြီး နောက်ပိုင်း၊ ထောင်မှူးတွေကို သတင်းပို့ပေးပြီး အချွန်အတက်တွေလုပ်နေတဲ့ အခြားသူတွေလည်း ကြောက်ဒူးတုန် သွားကြပါတယ်။ ဘာပဲပြောပြော ထောင်ပိုင်သောင်းညွှန့်ကတော့ အကျဉ်းသားတွေအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းလိုက်တာဖြစ်ပါတယ်။

(ခ) အမျိုးသားညီလာခံနဲ့ တိုက်ပိတ်ဒဏ်

သရက်နယ်မြေခံ ထောက်လှမ်းရေးတွေက သရက်ထောင်မှာ ရှိတဲ့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား တွေဟာ နဝတရဲ့၊ အမျိုးသားညီလာခံကို ဆန့်ကျင်ဖို့. လှုပ်ရှားမှုတွေကြံစည် နေကြောင်း၊ BCP တွေ စည်းရုံး ရေးဆင်းနေကြောင်း သတင်းရတယ်ဆိုပြီး ကျနော်တို့ သရက်ထောင်ကို ၁၉၉၃ ခုနှစ် စက်တင်ဘာလထဲ ထောက်လှမ်းရေး ဝင်စစ်ပါတယ်။

ပထမဆုံးကျနော့်ကို ထောက်လှမ်းရေးက ခေါ်ပြီး ဗူးဝမှာ စစ်ဆေးပါတယ်။ သူတို့တွေက “မင်းတို့တွေ အခုအပြင်မှာ အစိုးရက ကြီးမှူးကျင်းပနေတဲ့ အမျိုးသားညီလာခံကို ဆန့်ကျင်ဖို့ လုပ်နေ တယ်။ မင်းကိုယ်တိုင်လည်း ဆန့် ကျင်ဖို့ လိုက်စည်းရုံးနေတယ်” ဆိုပြီးစွပ်စွဲပါတယ်။ နောက်ညဖက်တွေမှာ ကျနော်တို့ အချင်းချင်းစာအုပ် စာပေအကြောင်း၊ အခြားဗဟုသုတတွေ အကြောင်းဆွေးနွေး တာကိုလည်း BCP အမှုနဲ့ ကျလာတဲ့သူတွေက ကျနော်တို့ကျောင်းသားတွေကို စည်းရုံးရေးဆင်းနေပြီး ထောင်ကလွတ်တဲ့ အခါ ကျရင် သူတို့ပါတီက တည်ထောင်ထားတဲ့ DPA (Democratic Patriot Army )ကို စေလွှတ်ဖို့ လုပ်နေတယ် ဆိုတာ မှန်သလားဆိုပြီး မေးမြန်းပါတယ်။

ကျနော်ကလည်း အပြင်မှာ အမျိုးသားညီလာခံ ကျင်းပနေတဲ့အကြောင်း သိရှိကြောင်း၊ ဒါပေမယ့် ဘယ်အချက်တွေအပေါ်မှာ ဘယ်သူတွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးနေတယ်။ ကျင်းပနေတယ်ဆိုတာ မသိကြောင်း၊ ကျနော်တို့အနေနဲ့ ထောက်ခံမှုလဲ မပြုနိုင်သလို၊ ဆန့်ကျင်မှုလဲ မပြုနိုင်ကြောင်း၊ အမျိုးသားညီလာခံ ကျင်းပနေတဲ့ အချိန်ကစပြီး ထောင်ဝင်စာမှာတောင် ထောက်လှမ်းရေးတွေကိုယ်တိုင် စောင့်ကြပ်နေတာဖြစ်ကြောင်း၊ တိကျခိုင်မာတဲ့ ဘာအချက်မှ မသိသေးတဲ့အတွက် အခုနဝတ ခေါ်ယူနေတဲ့ အမျိုးသားညီလာခံကို ထင်မြင်ချက် ပေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ဒါကြောင့် ဒီသတင်းဟာ မဖြစ်နိုင်ကြောင်း ကျနော်ကပြန်ပြောလိုက်ပါတယ်။ ကျနော်ကဆက်ပြီး ညဖက်တွေမှာ စကားပြောတဲ့အခါမှာ ဗဟုသုတဖြစ်ဖွယ်အကြောင်းတွေ၊ ဘာသာရေးအကြောင်း၊ ကျနော်တို့ဖတ်ခဲ့ရတဲ့ စာအုပ်အကြောင်းတွေအဖြစ်အပျက်တွေကို ဖလှယ်ပြောဆိုကြတာပဲ ဖြစ်ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP)ကနေ စည်းရုံးရေးတွေဆင်းပြီး DPA တပ်ထဲ ကျောင်းသားတွေလွှတ်ဖို့ ထောင်ထဲမှာ အစီအစဉ်ရှိတယ်ဆိုတာ ကျနော်တို့ကို မလိုသူတွေက ပြောတာဖြစ်ကြောင်း ပြန်ရှင်းလိုက်ပါတယ်။

ကျနော့်ကိုစစ်ပြီးတော့ ကိုညို (ခ) ကိုငြိမ်းချမ်း (စာရေးဆရာညီပုလေး)၊ ဦးအောင်မြင့်ဝင်း၊ ကိုခင်ဇော်နဲ့ ကိုအောင်ဒင်တို့ကို ခေါ်ယူပြီး စစ်ပါတယ်။ ပြီးတော့ကျနော်တို့ အားလုံးကို တိုက်ထဲပို့လိုက်ပါတယ်။ တိုက်ထဲ ရောက်တော့ ကျနော်တို့ ဘေးချင်းကပ်အခန်းမှာက မင်းဇေယျာနဲ့ လှမျိုးနောင်(ခ)မှန်ကြီးတို့ ရှိပါတယ်။ ထောက်လှမ်းရေးက အမှုစစ်မပြီးမချင်း နောက်အမှုများထပ်ဖွင့်ပြီး အရေးယူဦးမလားလို့ စိုးရိမ်စိတ်တွေနဲ့ တိုက်ထဲမှာ နေရပါတယ်။

တိုက်ထဲမှာ ညဖက်ထောင်ပိတ်သံချောင်းခေါက် ပြီးရင် ကိုယ့်အခန်းနဲ့ ကိုယ် သီချင်းလေးတွေ ညည်းတတ်ပါတယ်။ ကိုငြိမ်းချမ်းကတော့ မန္တလေးသားပီပီ သူတို့မန္တလေးမြို့၊ မန္တလေးအကြောင်းမပါရင် ထမင်းစား လို့မဝင်ဘူးလို့ ဆိုရမှာပါပဲ။ သီချင်းဆိုပြီဆိုရင်လည်း နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်းတို့ရဲ့ သီချင်းတွေမှ ရွေးပြီးကြိုက်တတ်ပါတယ်။ မြို့ချစ်စိတ်အပြည်ရှိတာမို့ ကျနော်တို့က ကိုမြို့ချစ်လို့ တခါတလေ ခေါ်ပါတယ်။ ကိုငြိမ်းချမ်းက တခါတခါတော့ ကျနော့်အခန်းကို သီချင်းတောင်းတတ်ပါတယ်။ ကျနော်ကလည်း ဖိုးဆိုချင်ဆိုတော့ သူတို့တွေ မတောင်းခင်ကတည်းက ဆိုချင်နေတဲ့ကောင် ဖြစ်ပါတယ်။

ဒါ့ကြောင့် သရက်ထောင်ရဲ့ တိုက်ခန်းတွေမှာ နေရတဲ့ညတွေမှာ ဆိုရင် စစ်ကိုင်းတောင်၊ မန်းတောင်လက်ျာ၊ ပုညရှင်၊ ရေချိုးဆိပ်၊ ရတနာပုံ၊ ပြည်တော်ဝင်၊ ရွှေပြည်စိုး စတဲ့သီချင်းသံလေးတွေ ပျံ့လွှင့်နေတတ်ပါတယ်။ မန်းတောင်လက်ျာသီချင်းကို (၁)ဆောင်(၃)ခန်းက ဆိုင်းဆရာဂေါ်ကီဆီက သင်ယူခဲ့တာဖြစ်ပါတယ်။ ကျနော့် အလှည့်ပြီးရင် အန်ကယ်ကြီး ဦးအောင်မြင့်ဝင်းဆီ သီချင်းတောင်းတော့ သူက စိန်ခြူးကြာညောင် ဘောလယ်ကို ဆိုပြတတ်ပါတယ်။ သီချင်းဆုံးတဲ့အခါမှာ ကိုညိုက

”စိန်ခြူးကြာညောင် ဘောလယ်လို့ ဘာ့ကြောင့်နာမည်ပေးတာလဲ၊ မင်းသိလား” လို့ ကျနော့်ကို မေးပါတယ်။ ကျနော်ကလဲ မသိလို့ ရှင်းစမ်းပါဦးဆိုတော့...

”ကနောင်မင်းသားကြီးဟာ သူ့အဆောင်ကိုမလာပဲ အခြားအပျိုဆောင်တွေကို ဝင်နေလို့ လှိုင်ထိပ်ခေါင်တင်က ဒီစိန်ခြူးဘောလယ်ကိုစပ်ပြီး ဆိုတော့မှ ကနောင်မင်းသားကြီးလည်း ဘောလယ်သံကြားတော့မှ လာတယ်” လို့ပြောပါတယ်။ ကျနော်တို့တွေအားလုံးလဲ ကိုညိုရဲ့ဟာသကို ကြားရလို့  အူတက်အောင် ရယ်ရပါသေးတယ်။

တိုက်ထဲတယောက်တခန်းစီ နေနေကြတဲ့ အချိန်မှာ သီချင်းတပုဒ်စီ ဆိုရတာ ပျော်စရာတခုပါပဲ။ သီချင်းတွေထဲမှာလည်း စိတ်တက်ကြွဖွယ် သီချင်းတွေ ပါတတ်ပါတယ်။ ကိုညို သီချင်းဆိုတဲ့ အလှည့် ရောက်တယ် ဆိုရင် သူ့ရဲ့ပင်ကို အညာသံကြီးနဲ့

”မန္တလေး × × × ကျုပ်တို့ရတနာပုံနေပြည် တင့်တယ်သာယာစည်ကား x ဟိုတုန်းခါကပေ x အဲဒါတွေမမေ့ကြနဲ့ ရှေ့ဆက်ကာစီမံကြစို့လေ ဟုတ်ပါပြီဗျို့” 

ပြည်တော်ဝင်သီချင်းကို ဟန်ပါပါဆိုပြတတ်ပါတယ်။ ကိုခင်ဇော်ကတော့ စတူဒီယို သီချင်းတွေထဲက ခိုင်ထူးနဲ့ ခင်မောင်တိုး သီချင်းတွေကို ဆိုပြတတ်ပါတယ်။

(ဒီနေရာမှာ အလျှင်းသင့်လို့ ကျနော်ထောင်တွင်းမှာ သင်ယူခဲ့ရတဲ့ နိုင်ငံရေးသီချင်းတွေကို ဗဟုသုတ အနေနဲ့ဖြစ်စေ၊ လေ့လာလို့ရအောင်ဖြစ်စေ ဖော်ပြလိုပါတယ်။ မူရင်းစာသားအတိုင်း အနည်းငယ်လွှဲချော်မှုရှိရင်လည်း သည်းခံခွင့်လွှတ်စေချင်ပါတယ်။)

7 July အမှတ်တရ သီချင်းတပုဒ်

ညံမစဲတဲ့ × တို့ရဲ့ကြွေးကြော်သံ တဗိုလ်ကျ × တဗိုလ်တက် × × × ဆင်ကာနွှဲခဲ့ပြန် တို့ကျောင်းသားရဲ့ကြွေးကြော်သံ တပြည်လုံးခြိမ့်ခြိမ့်သဲကာညံ တက္ကသိုလ် ဗိမ္မာန်မြေယံ x XX စစ်ချီတက်ဖို့ ခွန်းမိန့်ဟစ်ကြွေးသံ × × × လူယုတ်မသမာ စစ်အုပ်စုရဲ့ ဗုံးသံ သောသောညံ x XXX မြေမှာခလေပြန် ကမ္ဘာမကြေနိုင်တဲ့ တို့ရဲ့ဒီဗိမ္မာန် X X

(ခွပ်ဒေါင်းအလံ ခွပ်ဒေါင်းအလံ ရောင်နီဖြာလျှမ်းခွပ်ဒေါင်းအလံ XX တိမ်ထက်ဝဠာ လေထဲပျံ × × × သွေးစည်းတိုက်မယ် တို့အောင်လံ ) xxx 

အာကာဝေဟင် x x x တလူလူပျံကာ မြူးလွင့်ခဲ့ပြန် - တို့ရဲ့အဓိဌာန် မမေ့နိုင်တဲ့ xxXXX ကြွေးကြော်သံ မိုးယံတစ်ခွင်လုံး × × × တို့ရဲ့စစ်ချီသံ x 

အာဇာနည်ထောင်သောင်း ××× ပြည်သူအကျိုးအတွက် ××× အသက်စွန့်ခဲ့ပြန် ××× ရဲမာန်တွေဖွံ့ဖြိုးခဲ့တာအမှန် ××× စစ်အစိုးရကို ကြေပြုန်းရအောင်  ပြည်သူမိဘအပေါင်းနဲ့ မြဲမြဲမြံမြံ ××× သေချာစွာ တိုက်မည်အမှန် ခိုင်ခိုင်မာမာတို့ရဲ့ × သံဓိဌာန် × XX
 
(ခွပ်ဒေါင်းအလံ - တို့ အောင်လံ) X X XXX

7 July အမှတ်တရ သီချင်းတပုဒ်

(စိန်ပန်းတွေငို - ကံကော်ငိုလို့ x သစ်ပုတ်ပင်အိုမရဲ့ ရှိုက်သံကို xxx မကြားလိုက်ဖူးလား xx XX X X ရဲဘော်ရေ × × × ရဲဘော်ရေ × × ×)

အဓိပတိလမ်းက × × ကတ္တရာစေးတွေ - ခွာကြည့်စမ်းကြဟေ့ စေးထန်း သွေးစက်မြစ်မ ရေလိုပေ အင်းယားရေမခြောက်သမျှ မပျောက်နိုင်ဘူးလေ ဂျူလိုင် (၇) ရက်ရဲ့ × xxx သွေးစက်သမိုင်းကြောင်းတွေ - × × ပြန်ပြောင်းပြောနေ

မုတ်သုန်ဦးရဲ့ တိမ်ဦးလေပြေ x x
ခွပ်ဒေါင်းမြူးကြွနေ ××× ရွှေဘိုအင်းဝ၊ ရာမည မန္တလေးဆောင် ××× မီးတောင်တွေပေါက်ကွဲကာ တိုက်ပွဲစလို့နေ ××× တဖက်သတ် အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပစ်ရမလေ ××× ကျောင်းသားအခွင့်အရေး ကာကွယ်ရေး x x x ပေး x x x ပေးရမလေ × × × × ဒို့ တောင်းဆိုနေ တိုက်ယူမလေ ×  ထောင်နဲ့မခြားတဲ့ အဆောင်ရဲ့တံခါးတွေ × ကြွေးကြော်သံမြည်ဟီး ခုတ်ပိုင်းချိုးဖြတ်ချေ တက္ကသိုလ်နယ်မြေ × လူပင်လယ်ကြီးဖုံးလွှမ်းနေ xx×

××× စစ်အုပ်စုထိပ်သီးတွေ အရှက်ကြီးရှက်လို့ အမျက်မီးထွက်နေ ×× မင်းသား ခေါင်းပေါင်းကျွတ်ကြလို့ x ဘီလူးစွယ်ရုပ်တို့ ××× ငုတ်တုတ်ပေါ်လာပေ xxx xxx

ဂျီသရီးမောင်းပြန် ပစ်ခတ်သံတွေ - စစ်ဖိနပ်သံတွေ ဟိန်းညံတကျောင်းလုံး x XXX xxx မီးခိုးယမ်းငွေ့ ဖုံးလွှမ်းဝေ ကံ့ကော်မမွှေးမြ စိန်ပန်းပွင့်တို့ မွမွကြေ × × × အောင်ကျော်၏ ကျောက်တိုင် သွေးပတ်လည်အိုင်နေ × ရင်ပြင်နီမြက်ခင်းလမ်း နီမြန်းသွေးပေ မကြေ xxx xxx ဒို့မကြေနိုင်ပေ × x x x မသေ x x x ရဲဘော်တို့မသေနိုင်ပေ × xxx ဓား ဓားချင်းရှင်းကြမလေ - လှံ လှံချင်းရှင်းကြမလေ ဖက်ဆစ်နေဝင်း ကြိမ်းဝါးသံတွေ x * ပြည်သူတွေကို စစ်ကြေငြာလိုက်ပေ

ယုတ်မာရက်စက် x စစ်အာဏာရူးလူရိုင်းတွေ သမိုင်းကိုဖျက်ဆီးဖို့ကြံနေ x 

ဂျူလိုင် (၈) ရက် နံနက် (၅)နာရီ တော်လဲသံကြီး မြည်ဟီးသိမ့်တုန် xxx သမဂ္ဂအဆောက်အအုံ × × × အုတ်ပုံဖြစ်ရပြီ သမဂ္ဂအုတ်မြစ်ကို ကျွဲရိုင်းစက်ဖြင့် ထိုးဖျက်ဖြို × xxx
xxxX X မပြို × သမဂ္ဂမပြိုနိုင်ပြီ xxx XX မပြိုနိုင်ပြီ 

ဒို့အဓိဌာန်စို့လေ × ငါတို့တတွေအဓိဌာန်ဆိုပါမည် xx ဒို့ကျောင်းသူ ကျောင်းသားအပေါင်းတို့သည် ခွပ်ဒေါင်းအလံတော်အောက် ညီရင်းအစ်ကိုမောင်ရင်းနှမပမာ x

xxx ခေတ်သစ်ရောက်ရမည် × × × × × × သမိုင်းသစ်ဆောက်ရမည် ဒီမိုကရေစီ XXX X X စုံစုံညီညီ ပညာရေးအတွက် ဒို့သွေးချွေးကို စတေးမည် - အရေးတော်ပုံ ဒို့အရေးတော်ပုံ xx အောင်ပါမည်

ဇူလိုင်အမည်

နီသောဒို့သွေးသားနဲ့ xxx ရေးထားခဲ့သည် * ဇူလိုင်အမည် × × × ဇူလိုင်အမည် x တော်လှန်သော အမျိုးသားစိတ်ဓာတ် × ပေးခဲ့သည် xxx မွေးခဲ့သည် - သွေးနဲ့ အညီ × × × ဇူလိုင်အရေးတော်ပုံသည် 

ဇူလိုင်(၇) မော်ကွန်းသစ်မည် ခွပ်ဒေါင်းပျံဝဲ × × × ရဲရဲတိုက်မည် x စစ်ဘီလူးသဘက် xxx xxx xxx အကြမ်းဖက်နေသည်××× မောင်းပြန်စစ်သေနတ် × တရစပ်ပစ်ကာ × ယုတ်မာရက်စက် xxx XX × သွေး ပွက်ပွက်နီနီ × ကမ္ဘာမြေတုန်စေ့မည် * သွေးနီသော်လည်း အောင်လံမလှဲခဲ့ပြီ × xxx xxx × × ×  × × × ဘာမထိ ဇာနည်စိတ်ဓာတ် ×××ကြီးမြတ်လှသည်××× မိဘပြည်သူအပေါင်းနဲ့ xxx တစ်ကမ္ဘာလုံးကထောက်ခံလို့သာ x တော်လှန်ရေးမှာ ပေါင်းစည်းလို့သာ စစ်အာဏာကို ဖြိုဖျက်ပစ်မည် လက်နက်ကိုင်စွဲ xxx တိုက်ရမည် ကျေးရွာလယ်ကွင်းဆင်းရမည် တစ်ညီတည်း × × ×တစ်ညာတည်း လက်တွဲကာ XX တော်လှန်မည် x < ဇူလိုင်ဇာနည် ××× အလေးနီပြုကာ x ငါတို့ အဓိဌာန်သည် × × x x

၁၃ဝဝ ပြည့် ရေနံမြေ သပိတ်တပ်ကြီးရဲ့ စစ်ချီတေး

သပိတ် ××× သပိတ် ××× မှောက် . မှောက် x 
မီးတုတ် မီးတုတ် × ရှို ××× ရှို့
သခင်မျိုးဟေ့ < ဒို့ဗမာ XX

( ရေနံမြေသပိတ်တပ်ကြီး x ချီတက်လာပါပြီ ရန်သူနယ်ချဲ့ အလံကို လှဲဖို့ကြံစည်သည်)၂

ရာခိုင်နှုန်းပြည့် အခွင့်အရေးမရသမျှသည် . ဒို့မကျေနပ်ပြီး အရိုးတောင်လိုပုံ X XXX သွေးချောင်းစီးလည်း ဒို့တွေမကြောင့်တော့သည် နယ်ချဲ့အလံကို လှဲမည် X X တိုက်ဖျက်မည် 

(ဒို့လယ်သမားတွေ ဒို့အလုပ်သမားတွေ စုရုံးပေါင်းစည်းလို့ညီ လယ်ရှင် ဓနရှင် အရင်းရှင်များ အမြစ်ပါတိုက်ပစ်မည် လူတန်းစေ့အခွင့်အရေးမရသမျှသည်× ရအောင်x ရအောင် × အရိုးကြေကြေ အရေခမ်းခမ်း × မသွေတန်းမောင်းထုတ်စစ်ဆင်မည် × : x x XX xxx)၂

ငါတို့ကျောင်းသားတွေသည် × ငါတို့ကျောင်းသားတွေသည် * ကျွန်ပညာရေးစနစ်ကို မလိုလားပြီ

- သခင်ပညာရေးစနစ်သာ ဒို့တွေလိုလားသည် x ဒို့အခွင့်အရေး ဒို့သာတိုက်မည် မှုများ အောင်ပွဲသိမ်းခံမည် × xx

သပိတ်××× သပိတ် xxx မှောက် မှောက် xxx 
မီးတုတ် မီးတုတ် ရှို့××× ရှို XXX
သခင်မျိုးဟေ့ x ဒို့ဗမာ xxx

ကိုလိုနီပညာရေး x အလိုမရှိ ကျွန်ပညာရေး အလိုမရှိ အရေးတော်ပုံ ××× အောင်ရမည်

ဗမာပြည် ကွန်မြူနစ်ပါတီ စစ်ချီတေး

ပြည်သူ့တပ်မတော် ချီတက်ခဲ့ပြီ xxx ပြည်သူ့အတွက် ဦးထိပ်ပန်ဆင်  အသက်ကို ဘာမထီ 'x
× ကွန်မြူနစ်ပါတီ ဒို့များရှေ့ဆောင် x xxx  မော်စီတုန်းအတွေးအခေါ် xxx အောင်လံ xxx လွှင့်ထူကာတိုက်မည်

တောတောင်၊ မြစ်၊ ချောင်း ××× မိုးရေထဲဆီ ×××ချီတက်လို့ တိုက်ခိုက်မည် ရန်သူကိုလှံစွပ်ထိုးကာ ××× တစ်ဟုန် ထိုးစီးပစ်မည် x

ရှုလော့စစ်သည် ရှေ့တန်းကစစ်သည် ဂျိန်းဖော၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်း စုံညီ x x လူမျိုးစုံချစ်ကြည် ဒို့ဗမာပြည် မကြာမီ လွတ်မြောက်စေမည် xxx × × လယ်သမားတွေ လယ်ပိုင်ရမည် အလုပ်သမားတွေအာဏာရမည် အဖိနှိပ်မခံပြီ × အချယ်အလှယ်မခံပြီ XXX x တွန်းလှန်ခဲ့ပြီ ကြွေးကြော်ပြန်ပါသည် x ပြည်သူ့တပ်မတော် ××× ချီတက်လာပါပြီ× × xxx xxx xxx XX

ရဲဘော်သိန်းကြည်

(ကျွန်းတိုက်ပွဲဝင်ရင်း ကျဆုံးသွားသော ရဲဘော်သိန်းကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် သီချင်းဖြစ်ပါသည်။)

သို့ x ချစ်လှစွာသောx ရဲဘော်သိန်းကြည် ရန်သူနေဝင်းရဲ့ လူမဆန်တဲ့ ညှင်းပမ်းမှုကို - တွန်းလှန်ဖြိုဖျက် × တိုက်ခိုက်ရင်းနဲ့ အောင်မြင်စွာ xxx အသက်ကိုစတေးခဲ့သည် - xxx သင့်နှလုံးသားသည် လှံသွားလိုထက်မြက် xxx သံမဏိဓါးလို မာကြောလှသည်

တော်လှန်တဲ့သူရဲကောင်းအဖြစ်နဲ့ × × × ထာဝစဉ်တောက်ပနေမယ့် × ကြယ်ပွင့်နီနီ ငါတို့နှလုံးအိမ်ဆီ xxx xxx× ရာအသင်္ချေ × × × တည်နေဦးတော့မည် XX 

ဘဝမှန်ကန်ပီပြင်လှသည့် သင့်ရဲ့တသက်တာသည် xxx ၄၈ စိတ်ဓာတ်နဲ့အညီ × × × × သေရဲ သတ်ရဲ × အနိုင်ယူရဲသည် စည်းစည်းလုံးလုံးနဲ့ XX ဆက်တိုက်ကြလို့ မှာခဲ့ပြန်ပါသည် ×သင့်ဇွဲသတ္တိအောင်လံနီ × × × ငါတို့ဆက်လက်လွှင့်ထူမည် ရန်သူကို ကမ္ဘာမကြေစတမ်းဟေ့  တိုက်ခိုက်ချေမှုန်း... သုတ်သင်မည် ကျွန်းရိုင်းမြေမှာ X xxx မုန်တိုင်းထန်စေမည် - xxx

ဗိုလ်ရှုသဘင်

(မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးသည့်နောက် နိုင်ငံတော်သမ္မတအား စစ်တပ်မှ ချီတက်အလေးပြုရသည့် ဗိုလ်ရှုသဘင်ဆင်နွှဲပုံကို ရေးသားစပ်ဆိုထားသည့် သီချင်းဖြစ်ပါသည်။ အဆိုပါသီချင်းအား အဆိုတော်မေလှမြိုင်မှ သီဆိုခဲ့သည့်တေးသီချင်းဖြစ်ပါသည်။ ဗိုလ်ရှုသဘင် ဆင်ယင်ကျင်းပသည့်နေရာသည် ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်ရှေ့ (ယခု- ပြည်သူ့ရင်ပြင်နေရာ) ဖြစ်ပါသည်။)

ထူးမြတ်တဲ့စံဌာနီ လွတ်လပ်တဲ့ဗမာပြည် မကျွတ်အစဉ် လွှတ်သဘင် xx သဲညံစည် ဗမာ့ဟန်ရေး ရှေးထုံးမပျက်အောင် xxx x x ဆင်နွှဲခဲ့ပြီ သဘင်ပွဲ XXX မရိုးစည်မောင်း x ငြိမ့်ညောင်းဝေဝေစည် x xxx (စည်တော်သံ)

XXX မင်းပေါင်းစုံစုံညီ ဗိုလ်ရှုသဘင် ခမ်းမဆီ xxx လျမ်းပကြိုင်လှိုင်ဝေစည် XX နိုင်ငံတော်သမ္မတကြွချီ × အောင်လံတော်ကို အလေးပြုရမည် ဗိုလ်ရှုသဘင်ဆင်ယင်တဲ့အခါမှီ X X ကြည်းရေလေ စစ်သမီးမကျန်ရ ဗမာ့တပ်မတော် စုံစုံညီ ချီတက်ကာပဲ အလေးပြု ကြရသည်။ 

× × လာလာချေပြီ × ပျို့ချစ်ဦးရဲ့ ထူးတဲ့ဇာနည်- တပ်မတော် အောင်စစ်သည် x XX မှန်းဆတဲ့သူတွေလည်း x - သူလည်းပါချေပြီ ညိုညိုမဲ့မဲ့ သဲသဲညံစီ ကြွေးကြော်နေကြသည် xxx xxx မှန်းဆတဲ့သူတွေထဲ x သူလည်းပါချေပြီ ပုဝါဖြူလေး ဝှေ့ကာယမ်းမည် မောင်ကလည်း xxx မေ့ကိုတွေ့ပြီ × မေကလည်း မောင့်ကိုတွေ့ပြီ x အားပေးကြွေးကြော်သံပြိုင်ညီ × လွှတ်သဘင်ပွဲ - XX ဆင်နွှဲခါတော်မှီ ×

ငြိမ်းချမ်းရေး

X X x ကမ္ဘာလူမှန်သမျှ × နှစ်ဖြာတူကြံဆ အမှန်ပ ပန်ကြားမှာ စစ်ဆိုသည်မှာ ×အနှုတ်လက္ခဏာ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာx × × ရေပမာ × X X လေပမာ x x x လွတ်လွတ်လပ်လပ် ခံစားလိုကြရှာ အဲဒါငြိမ်းချမ်းရေး အရသာ × × × ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ xxx

လူသားနွယ်အား ဆိတ်သုဉ်းစေမယ့် ×အဏုမြူအန္တရာယ်ကို ကာကွယ်ပါ အင်အားဖြင့်လည်း အနိုင်ကျင့်မှုကို အဆုံးသတ်စေချင်တာ နိုင်ငံအချင်းချင်း X X X xxxX ပူးပေါင်းဆောင်ရွက်ရေးသာ x × × မနှေးကာ × ×x ပေးပါနည်းလမ်းရှာဖွေပါ × 

ဂျိုးဖြူ ဂျိုးဖြူ အဆင့်ဆင့်ကူလို့ xx < (ဝဲကာ × × × ဝဲကာ)၄ × ကမ္ဘာလူမှန်သမျှ × ရန်မခရှာ အရေးဆိုဖန်ခါ တေးဆိုတံတျာ အဏုမြူဗုံးပိတ်ပစ်ပါ X X အဏုမြူဗုံးပိတ်ပစ်ပါ × × × စစ်ကိုမလိုပါ > စစ်ကိုမလိုပါ ××× ငြိမ်းချမ်းရေးသာ x အပေါင်းလက္ခဏာ xxx xxx

xxx ငြိမ်းချမ်းရေးသာရရင် × ဒို့ပျော်ရွှင်မှာ စေတီပုထိုးများနဲ့ ကျောင်းကန်ဇရပ်သာ xxx ဪ 
ငြိမ်းချမ်းရေးသာရရင် ဒို့ပျော်ရွှင်မှာ X စေတီပုထိုးများနဲ့ 
ကျောင်းကန်ဇရပ်သာ × × × စိမ်းလန်းဝေဆာ × × × ရွှေပဒေသာ × × × လယ်လုပ်သူတိုင်းလယ်ပိုင်မှာ XXX
အလုပ်ရုံ၊ စက်ရုံ ဆူညံစွာ တူကိုပေး တံစဉ်ကိုပေး လူသုံးပစ္စည်းခိုင်ဖြီးပေါရာ ထုတ်လုပ်နေမှာ XX × × ရွှေပဒေသာ × × × ခေတ်ကိုလည်း × ရောက်ရမှာ ပန်းချီပြုံး - ပန်းပုပြုံး သူငါအားလုံးပြုံးကြမှ အခါကိုကြိုလင့်ဖို့ရာ XXX အရေးဆိုကြ × × × ₂ xx xx xx အရေးဆိုကြ XXX အဏုမြူဗုံးပိတ်ပစ်ပါ - စစ်ကိုမလိုပါ စစ်ကိုမလိုပါ × × × (ငြိမ်းချမ်းရေးသာ)၂ × xxx
× × ပေးကာ xxx ပေးကြပါ

စစ်ဖြစ်လာပြီ ဆိုမှဖြင့်ကာ မိခင်တကွဲ သားတကွဲနဲ့ သေပွဲဝင်ရှာ XXX xxx xxx အရောင်အသွေးမခွဲခြားပါ × × × ဘာသာမရွေးနာ × × × သွေးချောင်းစီးတဲ့ကမ္ဘာအနှံ့ အပြားမှာ x စက်ရုံ - အလုပ်ရုံ x လယ်ယာကိုင်းကျွန်း မီးလောင်ကျွမ်းရရှာ ပြာတိအလွှမ်း xxx XX စာကြည့်ခန်းတွေလည်း ချိတ်ပိတ်ဆိတ်ငြိမ်စွာ ပန်းချီ ပန်းပုမပြုပြင်ပါ × < ကလောင်ငို xxx  စုတ်ငို
စောင်းအိုလည်းငို အမျိုးသားဖျက်တဲ့ အဆိတ်ဗုံးနဲ့ အဆုံးသတ်လိုကြတဲ့ × စစ်ဝါဒီတွေပါ XXX
မချစ်ပါပြီသင့်ကိုသာ မချစ်ပါပြီသင့်ကိုသာ လာ လာ အရေးဆိုကြ × × × × အရေးဆိုကြ
(အဏုမြူဗုံး x ပိတ်ပစ်ပါ)၂ × ×
xxx စစ်ကိုမလိုပါ × စစ်ကိုမလိုပါ
xx ငြိမ်းချမ်းရေးသာ - အပေါင်းလက္ခဏာ

◾ အခန်း(၁၅)

တွဲဖက်ထောင်သံတိုင်ကြားက

ယခုဖော်ပြမဲ့ အကြောင်းအရာကတော့ တွဲဖက်ထောင်လို့ အသိများကြတဲ့ သီးသန့်အကျဉ်းထောင် အတွင်းက နိုင်ငံရေးအကျဉ်းသားများဘဝနှင့် သီးသန့်ထောင်အကြောင်း သိရှိနိုင်ရန် အတွက် သီးသန့်ထောင်မှာ (၄)နှစ်အကျဉ်းကျခံရတဲ့ ကိုဘုန်းမြင့်ထွန်းရဲ့ အတွေ့အကြုံ၊ ခံစားမှုတွေကို တင်ပြလိုပါတယ်။

ကျနော် စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးမှုကိုခံရပြီး အင်းစိန်ထောင်ကို ရောက်ရှိခဲ့သော်လည်း တွဲဖက်ထောင်လို့ လူသိများတဲ့ သီးသန့်ထောင်မှာသာ ထောင်သက်(၄)နှစ်ဖြင့် အကျဉ်းစံဘဝကို ကုန်လွန်ခဲ့ရပါတယ်။

ထောက်လှမ်းရေးစခန်းကနေ ထောင်ကိုရောက်ကာစမှာ ကျနော့်တကိုယ်လုံး ဒဏ်ရာဗလပွနှင့် ခန္ဓာကိုယ်တစ်ခုလုံး အညိုအမဲစွဲနေတာကြောင့် တာဝန်ကျထောင်မှူးက လက်ခံဖို့ ငြင်းဆန်လိုက်ပါတယ်။ ကျနော့်ကို ထောင်ကိုပို့ရန် တာဝန်ကျတဲ့ ထောက်လှမ်းရေးက ကျနော့်ကိုထောင်မှာ လက်မခံနိုင်ဘူးဆိုရင် လက်မှတ်ထိုးပေးပါ ဆိုပြီး အကြပ်ကိုင်လာတာကြောင့် ထောင်မှူးလည်း မတတ်သာတဲ့အဆုံး လက်ခံလိုက်ပါတယ်။

နောက်တော့ ပုံစံ ထိုင်ခိုင်းပြီး ထောင်ကျစာရင်း ယူပါတယ်။ ပြီးတော့ တွဲဖက်ဆောင်အဆောင်(၁)က ဝန်ထမ်းတယောက်ကို လှမ်းခေါ်ပြီး ကျနော့်ကိုအဆောင်(၁)မှာ ထားဖို့ပြောပါတယ်။

သိပ်မကြာပါဘူး။ ထောင်ဝန်ထမ်းက ကျနော့ခေါင်းကို စောင်ဖြင့်အုပ်ပြီး အဆောင်(၁)ကို ခေါ်သွားပါတယ်။ အခန်း(၄)မှာ ကျနော့်ကိုထားပါတယ်။ ကျနော်အခန်း(၄)ကို စရောက်တဲ့အချိန်မှာ ရေချိုးချတဲ့ အချိန်ဖြစ်နေတာ ကြောင့် ဘယ်သူမှမရှိပါဘူး။ ကျနော်နေရတဲ့အခန်းက (၇)ပေ၊ (၆)ပေကျယ်တဲ့ အခန်းကျဉ်းလေးဖြစ်ပြီး အခန်းတံခါးမှာ (၆)ပေ၊ (၃)ပေခန့် သာရှိတဲ့ သံတိုင်တံခါးဖြစ်ပါတယ်။ တံခါးကိုတော့ အပေါ်(၁)ပေ၊ အောက်(၁)ပေခန့် အလွတ်ထားပြီး သံပြားဖြင့် အပြည့် ကာထားပါတယ်။ နောက်မှပြန်သိရသည်မှာ သီးသန့်ရှိ တိုက်ခန်းများမှာ အသစ်ဆောက်ထားတာ ဖြစ်တာကြောင့် (၈)ပေ ပတ်လည်ဖြင့် စနစ်တကျတည်ဆောက်ထားခြင်း မဟုတ်ကြောင်း သိရပါတယ်။ ရေချိုးဆင်းပြီး ပြန်လာကြသူများ လမ်းလျှောက်နေကြစဉ် ကျနော့်ကို စတင်မှတ်မိသွားသူမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လူငယ်)မှ ကိုရန်အောင်ဖြစ်ပြီး သူကကျနော့်ကို “မောင်ဘုန်း” လို့ခေါ်ပြီး စနှုတ်ဆက်ပါတယ်။ ကျနော်လက်ကိုလှမ်း ပြလိုက်တာကို ထောင်ဝန်ထမ်းတွေမြင်သွားပြီး ”မင်းအမေ့လင် အိမ်မဟုတ်ဘူး။ ဆွေမျိုးစပ်မနေနဲ့” ဆိုပြီး လှမ်းဆဲပါတယ်။ လမ်းလျှောက်ချိန်ကုန်လို့ တံခါးပိတ်ဖို့ ဝန်ထမ်းက လှမ်းအော်ပါတယ်။ အခန်းတွင်း ပြန်ရောက်တဲ့အခါမှာ ကျနော့်အခန်းတွင်းသို့ အခန်းဖော် (၄)ဦး ဝင်လာပါတယ်အချင်းချင်း မိတ်ဆက် စကားပြောကြတဲ့အခါမှာ (၃)ဦးမှာ ဆရာတော်ကြီးများ ဖြစ်တာကို သိလိုက်ရပါတယ်။

ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်ကြောင့် အဖမ်းခံရပြီး သီးသန့် ထောင်ကျနေခြင်း ဖြစ်ကြပြီး ဆရာတော်ကြီးများမှာ ရန်ကင်းမြို့နယ် မေဒေးနီကျောင်းတိုက် ဆရာတော် ဦးဥာဏဘိဝံသ၊ မရမ်းကုန်းမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးဣန္ဒိယနှင့် စာချကိုယ်တော် ဦးဥာဏိဿရတို့ဖြစ်တယ်။ ကျန်တယောက်ကတော့ ကျနော်စစ်ကြောရေးစခန်းမှာ ရှိနေစဉ် အသံကြားဖူးလိုက်တဲ့ ရှေ့နေဦးစောလွင် (ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး၊ ယခု-ကွယ်လွန်) ဖြစ်ပါတယ်။

ညနေ(၄)နာရီလောက်မှာ ညစာထမင်းကျွေးပါတယ်။ (၅)နာရီခွဲလောက်မှာ သီးသန့်ထောင်က အကျဉ်းသား အားလုံး ပုံစံထိုင်ခိုင်းပြီး လူစစ်ပါတယ်။ ပုံစံထိုင်နေစဉ်မှာပဲ ကျနော်တို့အခန်းရှေ့ကို စောင်ခြုံထားသည့် လူနှစ်ယောက်ကို ခေါ်လာပြီး တဦးကို ကျနော်တို့အခန်းတွင်း သွင်းလိုက်ပါတယ်။ နောက်တဦးကိုတော့ ဘေးကပ်ရက် အခန်းက အခန်း(၅)ထဲ ထည့်လိုက်ပါတယ်။ ကျနော်တို့အခန်းထဲ ရောက်လာသူက ဆရာတော် တပါးပဲဖြစ်ပြီး ဘေးကပ်ရက်အခန်းကို ရောက်သွားသူက ဦးကင်းစိန်(ပြည်သူတိုးတက်ရေးပါတီ၊ ပြည်မြို့က) ဖြစ်ပါတယ်။ ထောင်ပိတ်ချိန်ရောက်တော့ တန်းဖြုတ်ပြီး အနားရပါတယ်။

ကျနော်တို့အခန်းထဲမှာ ဘုန်းကြီး(၄)ပါး၊ လူနှစ်ယောက် စုစုပေါင်း(၆)ယောက်ဖြစ်ပါတယ်။ ည(၉)နာရီထိုး အိပ်ချိန်ရောက်တော့ မအိပ်ချင်လည်း အခန်းထဲမှာရှိတဲ့ ဖျာကြမ်း(၃)ချပ်ပေါ်မှာ လှဲနေရပါတယ်။ ကျနော်နဲ့ ရှေ့နေဦးစောလွင်ကတော့ ဆရာတော်(၄)ပါးရဲ့ ခြေရင်းမှာနေရာယူပါတယ်။ အခန်းထောင့်မှာတော့ ကျင်ကြီးကျင်ငယ်စွန့်တဲ့ ဂန်ဖလား(၂)လုံးရှိပါတယ်။ ထောက်လှမ်းရေးစခန်းမှာ ညှင်းပမ်းနှိပ်စက်မှုများအိပ်ရေးပျက်မှုများကြောင့် ခဏချင်းမှာပဲ ကျနော်အိပ်မောကျသွားပါတယ်။

ဆတ်ကနဲ တရေးနိုးလာတဲ့အခါမှာ တကိုယ်လုံး ကိုက်ခဲနာကျင်နေပြီး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ပြန်အိပ်လို့မရပဲ နာကျင်နေပါတယ်။ အခန်းအပြင်ဖက်မှာရှိတဲ့ ရေအိုးကနေ ရေတခွက် သောက်ပြီး ပြန်လှဲနေလိုက်ပါတယ်။ မနက်(၄)နာရီလောက် အာရုံတက်ခါနီးမှာ ဆရာတော်ဦးဣန္ဒြိယ ထလာပြီး သံတိုင်ကိုကိုင်ကာ(၂၄)ပဌာန်းဒေသနာကို ရွတ်ဖတ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အကျဉ်းထောင်ကနေ ဆရာတော်ရဲ့ပဌာန်းရွတ်ဖတ်သံ ကြည်ညိုဖွယ် ပျံ့လွင့်နေပါတယ်။ ဗုဒ္ဓရဲသားတော်များဟာ စစ်အစိုးရရဲ့အကျဉ်းထောင်အတွင်း လူဝတ်လဲခံရပေမယ့် ရဟန်းတို့ရဲ့ ဝိနည်းတော်အတိုင်း ကျင့်ကြံနေထိုင်ကြတဲ့အတွက် သာသနာတော်အတွက် ရင်နင့်အောင် ခံစားလိုက်ရပါတယ်။

မနက်(၆)နာရီမှာ “ထိုင်ထားမယ်ဟေ့” ဆိုတဲ့ ငှက်ဆိုးထိုးသံကြီးနဲ့အတူ သီးသန့်ထောင် အဆောင်တိုင်း ဆူညံစွာထွက်ပေါ်လာပါတယ်။ ပုံစံထိုင်မျက်နှာသစ်ပြီး လမ်းလျှောက်ချိန် (၅)မိနစ်ပြည့်တော့ အခန်းထဲပြန်ဝင်လာရပါတယ်။ အခန်းထဲမှာ ထိုင်နေပြီး တူရူမှာ မြင်ရတဲ့ တောင်ယာစိုက်ခင်းများကို ငေးကြည့်နေမိပါတယ်။.အခြားအခန်းက ရဲဘော်တွေဆင်းလာပြီး ထုံးစံအတိုင်း လုပ်ပြီး တချို့က ကျနော်နဲ့ စကားစမြည် လာပြောပါတယ်။

ကိုရန်အောင်က ဟိုဖက်အဆောင်မှာ တင်လှိုင်နဲ့ စိုးလွင်တို့ရှိကြောင်း၊ အနောက်ဖက်မှာ အမတ်များရှိကြောင်း ပြောပြပါတယ်။ အကျဉ်းသားတွေအားလုံး အခန်းထဲပြန်ဝင်ပြီး နောက်မှာ အပေါ်ထပ်ကနေ ထိုင်းများ ဆင်းလာကြပါတယ်။ သူတို့တွေဟာ ရေမျောထိုင်းတွေဖြစ်ပြီး မြန်မာ့ ရေပိုင်နက်အတွင်း ငါးခိုးဖမ်းမှုကြောင့် ထောင်ကျလာခြင်းဖြစ်တယ်လို့ ဆရာတော်များက ပြောပြ ပါတယ်။ မနက်(၁၀)နာရီခွဲ ထမင်းကားလာတဲ့အချိန်မှာ ထိုင်းတယောက် ကျနော်တို့အခန်းရှေ့ ရောက်လာပြီး(ထိုင်းများမှာ ထမင်းကားလာလျှင် အဆောင်ကူးခွင့်ရှိပါသည်) မောင်ဘုန်းဟု ကျနော့် နာမည်ကို မပီမသခေါ်ကာ အခန်းထဲသို့ ငပိကြော်ထုပ် တထုပ် နှင့် ဖျာကြမ်းမှ ဖြုတ်ထားသည့် အစများကို အပ်ချည်ကြိုးဖြင့် ချည်ထားသည့် အရာတစ်ခု ပစ်ထည့်ပေးပါတယ်။

ဖျာကြမ်းဝါးပြားအစပေါ်မှာ စာများရေးထားတာကြောင့် ဖတ်ကြည့်တဲ့အခါမှာ တင်လှိုင်က သူ့ရုံးထုတ်ရက်မှာ အိမ်ကို ဘာမှာမလဲ ဘာအမှုနဲ့ဝင်တာလဲ၊ ကျန်းမာရေးဂရုစိုက်ဖို့၊ စိုးလွင်၊ ထွန်းထွန်း၊ မိုးအောင်၊ ခင်ဇော်နှင့် အခြားရဲဘော်များလည်း ရှိနေကြောင်း၊ အားလုံးက သတိရနေကြောင်း ရေးထားပါတယ်။ ကျနော်ရင်ထဲ လှိုက်ကနဲ ဝမ်းသာသွားပါတယ်။ နောက် အထုပ်ထဲမှာပါလာတဲ့ ဘလချောင်ကြော်၊ ငပိကြော်၊ မြေပဲတို့ကို ဆရာတော်များထံ အပ်နှံ ထားလိုက်ပါတယ်။

နေ့လယ်ခင်း(၁၂)နာရီထိုးတော့ ထိုင်းတွေ အပေါ်ထပ်ကို ပြန်တက်သွားပါတယ်။ အဆောင်ထဲမှာ အတော်ရှင်းလင်းသွားတဲ့ အချိန်ကျမှ အခန်းတွင်း ဆရာတော်များနဲ့ စကားလက်ဆုံ ကျပါတယ်။ မန္တလေးမှာ ကျနော်တွေ့ကြုံခဲ့ရတဲ့ ဆရာတော်ဦးရေဝတနှင့် မြတောင်တိုက်၊ မစိုးရိမ်တိုက်၊ စလင်းကျောင်းတိုက်တို့က သံဃာတော်များ၏ လှုပ်ရှားမှုများအကြောင်း လေးပြင်လေးရပ် သံဃာ သမဂ္ဂီ၏ လှုပ်ရှားမှုတို့ကို ဆရာတော်များအား ပြောပြပါတယ်။ ညနေစောင်းရောက်တော့ ကျနော့် ခန္ဓာကိုယ်က ဒဏ်ရာတွေ နာကျင်လာတယ်။

ညနေစာ ထမင်းစားချိန်ရောက်တာမို့ ထိုင်းတွေလည်း အောက်ထပ်ဆင်းလာပါတယ်။ တစ်ယောက် ကျနော့်ဆီလာပြီး စကားပြောပါတယ်။ သူပြောတာ ကျနော်လည်း ဘာမှနားမလည် တာကြောင့် ခြေဟန်လက်ဟန်နဲ့ . သာစကားပြောရပါတယ်။ ကျနော့်ကိုယ်ပေါ်က ဒဏ်ရာတွေ၊ အညိုအမဲစွဲနေတာကို မြင်သွားတော့ သူစိတ်မကောင်း ဖြစ်သွားပါတယ်ရှေ့နေစောလွင်က သူ့ဆီက ဆေးလိမ်းစရာ တခုခုတောင်းတော့ သူအပေါ်ပြန်တက်သွားပြီး ထိုင်းပရုတ်ဆီဗူး တခု ယူလာပေးပါတယ်။

တနေ့တာအတွက် ကျင်ကြီးကျင်ငယ်စွန့်ဖို့ ဒီအချိန်မှာ အကျင့်လုပ်ထားဖို့ ဆရာတော်တပါးက ပြောပါတယ်။ ဂန်ဖလားချချိန် နောက်တချိန်ရှိသေးတယ်လို့ ထပ်ပြောပါတယ်။ လေဝင်လေထွက်မကောင်းသည့် အခန်းတွင် ကျင်ကြီးစွန့်ပြီးပါက အနံ့အသက်များ ပျောက်အောင် ပုဆိုးပိုင်းဖြင့် ခါထုတ်ပစ်ရပါတယ်။

ညနေ(၅)နာရီခွဲတော့ ဆေးမှူးရောက်လာပါတယ်။ ကျနော့်ကိုယ်၊ လက်တွေကိုက်ခဲနေလို့ သောက်ဆေးလိမ်းဆေးပေးဖို့ တောင်းတော့ “မင်းကဘာအမှုလဲ၊ ငါ့ကိုဆရာလာမလုပ်နဲ့၊ ဖြစ်တဲ့ရောဂါကိုသာပြော” လို့ကြိမ်းမောင်းပြီး ဘာစပိုရိုနဲ့ ဆော်ဒါမစ်(၃)လုံးစီပေးကာ ပြန်ထွက်သွားပါတယ်။ ည(၈)နာရီလောက်ကျတော့ အဆောင်ကြပ်(လက်မောင်းရစ် သုံးရစ်အဆင့်ရှိသူ) ထောင်ကြပ် ခင်မောင်လတ်ဆိုသူ မူး၍ရောက်လာပြီး သံဃာတော်များကို ဆဲရေးတိုင်းထွာပါတယ်။

”မိန်းမရှုပ်၊ အရက်သောက်၊ မဟုတ်တာအကုန်လုပ်လို့ အဖမ်းခံရတာ နည်းသေးတယ်” လို့လည်း ပြောပါတယ်။ ကျနော်တို့က ခင်ဗျားစွပ်စွဲနေတာတွေ မဟုတ်ကြောင်းဆရာတော်တွေဟာ “ပတ္တနိကုဇ္ဇန ကံဆောင်ခြင်း” ကြောင့် ထောင်ကျလာတဲ့ သံဃာတော်တွေ ဖြစ်ကြောင်း ပြန်ရှင်းပြလို့ သူကိုအထက်လူကြီးတွေက ဒီလိုပြောပြီးအပ်ခဲ့တာကြောင့် ခုလိုပြောဆိုပြီး ပြန်ငြင်းနေပါသေးတယ်။ နောက်တနေ့ မနက်ကျတော့မှ သူပြောခဲ့တာတွေအတွက် မှားယွင်းကြောင်း ဆရာတော်တွေဆီ ဝန်ချတောင်းပန်ပါတယ်။ ပြီးတော့ ဆရာတော်ကြီးများအတွက် နံနက်စာ ဆန်ပြုတ်ကပ်ပါတယ်။

ည(၈)နာရီလောက်မှာ တဖက်ခန်းမှ ညောင်ရွှေအမတ် ကိုအုန်းမောင်ရဲ့ သီချင်းညည်းသံ ကိုကြားရပါတယ်။ အခန်းတွင် ထိုင်နေစဉ် အနောက်ဖက်ခန်းက နံရံကိုခဲနဲ့ ခေါက်တဲ့ အသံကြားရတာကြောင့် ဆရာတော်တပါးကို မေးလိုက်မိတယ်။ တဖက်နဲ့တဖက် သတင်းမေး နေတာလို့ အဖြေပြန်ပေးပါတယ်။ ကျနော်ရုတ်တရက် နားမလည် ဖြစ်သွားတာကြောင့် သတင်းမေးပုံ၊ သတင်းပေးပုံတွေကို ရှင်းပြပါတယ်။

အေ၊ ဘီ၊ စီ၊ ဒီအတွက် အေဆိုရင် တချက်ခေါက်ပြီး၊ ဘီဆိုရင် နှစ်ချက်စသဖြင့် ချက်ရေအများကိုရိုက်ပြီး စာလုံးတလုံးပြီးပါက နှစ်စက္ကန့်လောက်ခြားပြီး ခပ်မြန်မြန် သုံးလေးချက် ရိုက်ကာ အပြန်အလှန် မေးကြတာပဲ ဖြစ်ပါတယ်။ တဖက်က လိုက်မှတ်တဲ့သူက ကြမ်းပြင်မှာ လိုက်ရေးပြီး နားမလည်တာကို ပြန်မေးပါတယ်။ ထောင်အတွင်းအခက်အခဲတွေ ဒီလောက် များပြားနေတဲ့ကြားက သတင်းယူပုံကို ကြည့်ပြီး ကျနော်တော်တော် လေးစားသွားရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထောင်ပိုင်တန်းစီရှိတယ်လို့ ရှေ့နေဦးစောလွင်ကပြောပြီး ထောင်ပိုင်လာတဲ့အခါ တင်ပြစရာတွေကို တင်ပြဖို့ ပုံစံရပ်ပြီးတင်ပြနိုင်ကြောင်း ပြောပါတယ်။ ထောင်ပိုင်လာရင် ဆရာဝန်ကြီး ပါလာမှာ သေချာတာကြောင့် ဆရာတော်ကြီးတွေဟာ ခေါင်းမူးပြီး ကျန်းမာရေး သိပ်မကောင်းတာကြောင့် တင်ပြဖို့ပြောတော့ ဆရာတော်ကြီးများက သဘောတူကြပါတယ်။ ထောင်ပိုင်လာတဲ့အခါမှာ အဆောင်မှူးက ဘာတင်ပြစရာရှိလို့လဲ မေးပါတယ်။ ကျန်းမာရေးကိစ္စလို့ ပြောတာကြောင့် နောက်မှာ ဆရာဝန်ကြီးပါလာတယ်။ ဆရာဝန်ကိုပြပါလို့ ပြန်ပြောပါတယ်။

အဲဒီအချိန်မှာ အခန်း(၃)က ဗလကြီးဆိုတဲ့ ကျောင်းသားတယောက်က သွားကိုက်ပြီး အစာမစားနိုင်တဲ့ ကိစ္စကိုတင်ပြပါတယ်။ ဆရာဝန်က ဘယ်ဖက်က နာတာလဲလို့ မေးတော့ အဲဒီကျောင်းသားက ညာဖက်အံသွား နာနေတာလို့ ပြန်ဖြေပါတယ်။ ဆရာဝန်က ”ဒါဆိုရင် ဘယ်ဖက်သွားက ကောင်းနေတော့ ဘယ်ဖက်သွားနဲ့ ဝါး” လို့ပြောပြီး ထွက်သွားပါတယ်။ ကျနော်တို့ အခန်းရှေ့ကိုရောက်လာတော့ ဆရာတော်ကြီးများက ထိုင်ရင်းထရင်း အားနည်းတာကြောင့် ခေါင်းမူးပြီး မျက်လုံးတွေ ပြာဝေလာတယ်လို့ တင်ပြပါတယ်။ ဒါကို ဆရာဝန်က ထိုင်ရင်ဖြေးဖြေးထိုင်၊ ထရင်ဖြေးဖြေးထ ပျောက်သွားမှာပါလို့ ပြောပြီး တခြားခန်းကို ထွက်သွားပါတယ်။ အခြားခန်းက တာမွေ(အကသ)က ကိုမြင့်အောင်က သူ့တကိုယ်လုံးမှာ ဝဲတွေပေါက်နေတာကြောင့် အရေပြားတစ်ခုလုံးယားပြီး အဖုတွေထွက်နေတယ်လို့ တင်ပြတော့ အရိုးထဲကကော မယားဘူးလား လို့ မေးပြီး ဘာမှ မစမ်းသပ်ပဲ ပြန်ထွက်သွားပါတယ်။ 

အဲဒီဆရာဝန်ဟာ ထောင်ဆရာဝန် စိုးကြည်ဆိုတာ ဖြစ်ပါတယ်။ သူဟာလာဘ်စားရာမှာ အင်မတန်မှ နာမည်ကြီးပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် အလွန်ရက်စက်လှသူဖြစ်ပါတယ်။ ကျနော်သီးသန့် ထောင်ရောက်ပြီး(၂)ရက်ခန့် အကြာမှာပဲ လာဘ်စားမှု၊ ဦးခင်မောင်မြင့်(ပြည်သူ တိုးတက်ရေးပါတီဥက္ကဌ၊ ကျောင်းသားခေါင်းဆောင် ရကသ-ဥက္ကဌ)နှင့် ဗိုလ်မှူးဘသော် (မောင်သော်က) သေဆုံးမှုတွေမှာ အချိန်ကြန့်ကြာမှုတွေကြောင့် ရာထူးကဖြုတ်ချခံရပြီး ပင်စင်ပေးခြင်း ခံခဲ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသမားတွေက မသေဆုံးသင့်ပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ အဓိကတရားခံကတော့ သူပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အကျဉ်းသားအားလုံးရဲ့ ကျန်းမာရေးဟာ သူ့ရဲ့မှတ်ချက်အပေါ်မှာ မူတည်နေတာကြောင့် ဖြစ်ပါတယ်။

တရက်မှာ မဆလ ဗဟိုကော်မတီပြုတ် ဦးဘိုသိန်းရဲ့ ညီဖြစ်သူ ဒုတိယဗိုလ်မှုးကြီး သီဟသူရစိုးသိန်းသည် သွေးတိုးရောဂါနဲ့ သွေးတက်နေစဉ် ဆရာဝန်ကိုခေါ်သော်လည်း အချိန်မှီ ရောက်မလာတာကြောင့် သွေးတိုးခေါင်းမူးသည့် ဝေဒနာကို အကြီးအကျယ် ခံစားနေရပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့အခန်းထဲက ဆရာတော်ကြီးတပါးက သံပုရာသီးအစေ့ကို ထောင်ဝန်ထမ်းတဦးအား အမြန်ဆုံးရှာခိုင်းပါတယ်။ သံပုရာသီးအစေ့ကို ဝါးစားခိုင်းတော့မှ သက်သာသွားပါတယ်။ နောက်ကျတော့ ဆရာတော်ကြီးကို ကျေးဇူးတင်လွန်းလို့ စားစရာမုန့်ကြွပ်တထုပ်(သူတို့သည် ထောင်အတွင်း အထူးစပါယ်ရှယ် အခွင့်အရေးများရရှိ နေသဖြင့်)လာကန်တော့သွားပါတယ်။

တခါတုန်းကလည်း ကျနော်တို့အခန်းနဲ့ အခြားအခန်းက ရဲဘော်တွေ ဝမ်းကိုက်ရောဂါဖြစ်တုန်းက ထောင်ကဆေးမှူးဆိုသူ ခင်မောင်နွယ် ရောက်လာပြီးသူပေးတဲ့ တက်ထရာဆိုက်ကလင်း ကလိုရိုဖီနီကောနှင့် ဘတ်စပရိုဆေးများကို ပေးသော်လည်း ရောဂါမသက်သာပဲ ပိုပြီးသာ ဆိုးရွားလာနေပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနောက်ခန်းက ဆရာဝန်ဦးဇော်မြင့်မောင် ဆိုသူကို ရေချိုးဆင်းချိန်မှာ မေးကြည့်တော့ သူကနေပြီး ဆေးတွေကို အခွံချွတ်၍မြည်းကြည့်ရန်၊ ဆေးအစစ်ဆိုပါက ဆေးအနံ့ရပြီး အရသာမှာလည်း ခါးသက်သက် ရှိကြောင်း ပြောတာကြောင့် ဆေးမှူးပေးတဲ့ ဆေးတွေကို စစ်ဆေးကြည့်ပါတယ်။

ဆေးတောင့်တွေထဲမှာ ပဲမှုန့်တွေထည့်ထားတဲ့ ဆေးအတုတွေကို အံ့ဩဖွယ် တွေ့လိုက်ရပါတယ်။ ဒီကိစ္စကို ဆေးမှူးကိုတင်ပြတော့ သူမသိဘူး၊ ထောင်ဆေးရုံက ပေးတဲ့ဆေးတွေ ဖြစ်ကြောင်း ပြန်ပြောပါတယ်။ အဲဒီနောက်ပိုင်း အိမ်ကနေ သောက်ဆေးတွေပြန်မှာ ပြီးရဲဘော်တွေကို ပြန်ဝေလိုက်ရတော့မှပဲ ဝေဒနာ သက်သာရာ ရခဲ့ပါတယ်။ ကျနော့်အခန်းဖေါ်ရဲ့ ပြောပြချက်အရ (သူကနောက်ပိုင်း အခန်း(၇)ကို ပြောင်းရွေ့ခံခဲ့ရပါတယ်) ဦးစိန်ဝင်း(သုံးခွ) (ကျွန်းတိုက်ပွဲတွင် အစာငတ်ခံတိုက်ပွဲဝင်ခဲ့သူ)ထောင်အတွင်း သေဆုံးရပုံမှာ ဝမ်းကိုက်ရောဂါပိုးကြောင့် အစာပင် မစားနိုင်ပဲ ဝမ်းဗိုက် တဖြည်းဖြည်း ပူလာပြီး နောက်ဆုံးအသက်ပါ ပါသွားရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဦးစိန်ဝင်းဟာ အသက်ပင်သေခဲ့သော်ငြားလည်း နာမည်မသေခဲ့သည့်၊ ရဲဘော်တွေကြားထဲ အတုယူဖွယ်ကောင်းသည့် သူရဲကောင်း တယောက်ဖြစ်ပါတယ်။ သူဟာ စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ခင်ညွန့်နဲ့ ပုဂ္ဂိုလ်ရေးအရ အင်မတန်ရင်းနှီးသော်လည်း သူရုံးထုတ်တုန်းက လာတွေ့တဲ့ထောက်လှမ်းရေးက ဦးလေးဘာ လိုသေးလဲလို့မေးတော့ ဘာမှမလိုချင်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပဲလိုချင်တယ် လို့ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။
 
ကျနော်တို့တွေသည် မြန်မာပြည်ဒီမိုကရေစီရရေး၊ လူ့အခွင့်အရေး အပြည့်အဝခံစားနိုင်ရန် အတွက် ထောင်အတွင်းအပြင် တိုက်ပွဲများ ဆင်နွဲခဲ့ကြတယ်။ တချို့ရဲဘော်တွေ အသက်ပေး စွန့် လွှတ်ခဲ့ကြတယ်။

တွဲဘက်ထောင်သံတိုင်ကြားကနေ မြန်မာပြည်ကြီးအကြောင်း ကျနော် ခါးခါးသက်သက် တွေးနေမိပြန်တယ်။ 

(အခန်း ၁၅ ပြီး။ ဆက်ရန်...)

(ပီဒီအက်ဖ် စာမျက်နှာ ၁၁၃-၁၃၂)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်