လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၃) 🖋 နေလင်း (အ.က.သ)



လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၃)

နေလင်း (အ.က.သ)

[◾ အခန်း (၄) (ဃ) စစ်ခွေးတိုက်မှာ နေ့စဉ်]

စောင်ကောင်းလေး တထည်လောက်တွေ့ရင် “မင်းမပေးဘူးလား၊ ပေးမလား” ဆိုပြီးအဓမ္မ အနိုင်ကျင့် လုယူတတ်ပါတယ်။ သူ့ရန်ကိုကြောက်လို့ သူတောင်းတာကိုပေးလိုက်ရင်လဲ

”မင်းဖာသာ စေတနာရှိလို့ ပေးလိုက်တာနော်၊ နောက်မှ တိုင်လားတောလား လုပ်လို့ရုံးရောက် ဘာရောက်ဖြစ်လို့ကတော့၊ ငါ့နာမည်ကျော်သူတဲ့၊ မင်းတို့ထောင်မှာ ရှိနေသမျှတော့ ငါလက်ကပြေးမလွတ်ပါဘူး” ဆိုပြီး ခြိမ်းခြောက်ပါသေးတယ်။ ကျနော်တို့အခန်းထဲက လူတချို့ကတော့ ကျော်သူရန်ကို ကြောက်ပြီး သူတို့ပိုင် ပစ္စည်းတချို့ကို ပေးလိုက်ပါတယ်။ သူများတွေ အလှည့်ပြီးတော့ ကျော်သူက ကျနော့်ဆီကို ရောက်လာပါတော့တယ်။ ကျနော်လည်း အိပ်ယာလိပ်ကို ပြလိုက်ပါတယ်။

ကျနော်အိပ်ယာလိပ်ထဲက ကျနော့်အိမ်ကနေ ထောင်ဝင်စာလာတုန်းက ပေးထားတဲ့ ရခိုင်ပုဆိုး ရွှေဝါရောင်ကို ကျော်သူ အတော်ကို သွားရေကျသွားပါတယ်။ “ဟေ့ကောင်၊ အဲဒီပုဆိုးပေးစမ်း” ဆိုပြီး ကျနော့်ဆီက တောင်းပါတော့တယ်။ ကျနော်လဲ ဒီပုဆိုးက ကျနော့်အဖေရဲ့ပုဆိုးမို့ အမှတ်တရသိမ်းထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီ့ပြင်ပစ္စည်းကို ယူပါ။ ဒီပုဆိုးကိုတော့ မပေးနိုင်ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ ကျနော့်စကားအဆုံးမှာ ကျော်သူ့မျက်နှာကြီး မည်းတက်သွားပါတယ်။ ပြီးတော့ ကျနော့် ပုဆိုးကို အတင်းအကြပ် တောင်းပါတယ်။ ကျနော်ဘယ်လိုမှ ရှင်းပြလို့မရတာကြောင့် “မပေးနိုင်ဘူး” လို့ ယတိပြတ် ပြောလိုက်ပါတယ်။ မူးယစ်ဆေးသုံးထားလို့ အသိစိတ်ပျောက်နေတဲ့ ကျော်သူဟာ ဒေါသထွက်သွားပါတယ်။

ချက်ချင်းပဲ

“မအေလိုးတွေ၊ ကျန်တဲ့အခန်းတွေနေမြဲ၊ မင်းတို့တခန်းတည်း ပုံစံကြီးထိုင်”

ဆိုပြီး စအမိန့်ပေးပါတော့တယ်။ အဲဒီအချိန်မှာ စစ်ခွေးတိုက်မှာ တာဝန်ကျ ၀န်ထမ်းတစ်ယောက်မှ မရှိပါဘူး။ စစ်ခွေးတိုက်ရဲ့ သော့တွေအားလုံးက ဆေးမူးနေတဲ့ ရာဇဝတ်သားကျော်သူရဲ့ လက်ထဲမှာ အကုန်ရှိနေတာ ကျနော့်အတွက် ကံဆိုးသွားပါတယ်။ ကျော်သူဟာ ပါးစပ်ကနေ မျိုးစုံအောင် ဆဲဆိုနေပြီး တုတ်တချောင်းကို သွားယူပါတော့တယ်။ ကျနော့အခန်းထဲက ၅(ည)တွေက ကျော်သူလိုချင်တဲ့ပုဆိုးကို ပေးလိုက်ဖို့ နားချတောင်းပန်ကြပါတယ်။

“မင်းပုဆိုးပေးလိုက်ပါကွာ၊ နောက်တော့ ငါတို့ပြန်ဝယ်ပေးပါ့မယ်” ဆိုပြီး အခန်းဖော်တွေက အမျိုးမျိုး တောင်းပန်ကြပါတယ်။ အမှန်တကယ်ဆို ကျနော်လဲ ဆေးသမားကျော်သူ့ကို ကြောက်ပါတယ်။ ဒါပေမယ့် ကျနော့်အဖေ ဝတ်တဲ့ ပုဆိုးမို့မြတ်နိုးတာကြောင့် သေခါမှသေပေရော့ မပေးဘူးဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဘိုဘိုထွန်းက

“နေလင်း၊ ပေးလိုက်ပါကွာ”

“နေလင်း၊ ပေးလိုက်ပါကွာ”

ဆိုတဲ့အသံတွေက တဖြည်းဖြည်း ဆူညံလာပါတယ်။ အဲဒီအချိန်ထိ စစ်ခွေးထောင်ထဲမှာ ထောင်ဝန်ထမ်းနဲ့ တူတာဆိုလို့ တယောက်မှမတွေ့ရပါဘူး။ အခန်းတံခါးပွင့်သွားပြီး ကျော်သူဟာ ကျနော့်ဆီ တန်းတန်းမတ်မတ်ကြီး လျှောက်လာပါတယ်။ အနားရောက်တာနဲ့ အခန်းထဲမှာ ပုံစံကြီးထိုင်နေတဲ့ ကျနော့်ကို သဲသဲမဲမဲကြီး မဲရိုက်ပါတော့တယ်။

“ဘုန်း”

“ဘုန်း”

ဘေးအခန်းတွေက သူတွေ ကျော်သူကို လှမ်းပြောနေကြတာတောင် ကျော်သူဟာ ပတ်ဝန်းကျင်ကို ဘာမှ ဂရုမစိုက်၊ လှည့်မကြည့်ပဲ ကျနော့်ကိုသာ မဲပြီးရိုက်နေပါတော့တယ်။ ကျနော်လည်းအသံတွေ တုန်လာပါတယ်။ အသားတွေ တဆတ်ဆတ် လှုပ်ခါလာပါတယ်။ ကျနော့မှာ ပြန်ပြီး ခုခံလို့ မရဘူး ဖြစ်နေပါတယ်။ ကျနော့်ခြေထောက်မှာ ခြေကျင်းနဲ့ဒေါက်၊ ကျော်သူက တုတ်တချောင်းနဲ့ လူလွတ်။

ကျော်သူဟာ ချည်ပြီးတုပ်ပြီးသား တိရစ္ဆာန်တကောင်ကို စိစိကြေအောင် ရိုက်သတ်နေတာနဲ့ တူပါတယ်။ ကျနော်လဲ ပထမပိုင်းသူရဲ့ တုတ်ချက်တွေကို တောင့်ခံထားနိုင်ပေမယ့် ကျော်သူရဲ့ လူမဆန်စွာရိုက်နှက်မှုအောက်မှာ
ပုံစံထိုင်နေတဲ့ပုံစံအတိုင်း နေရာမှာတင် ပုံလျက်သား လဲကျသွားပါတော့တယ်။ ခဏအကြာမှာ အသံတွေတိတ်ဆိတ်သွားပြီး ကျော်သူအခန်းထဲက ထွက်သွားပါတယ်။ ကျနော် နာကျင်မှုဒဏ်ကြောင့် ရုတ်တရက် သတိလွတ်သွားပါတယ်။ ကျနော်သတိပြန်ရတဲ့အခါမှာ စစ်ခွေးတိုက်ရဲ့ အပေါက်ဝနားမှာ ရောက်နေတာကိုတွေ့ရပြီး ထောင်ဆေးမှူးကကျနော့်ကိုဆေးတိုက်၊ ဆေးထိုးလုပ်နေတာကို တွေ့ရပါတယ်။ မကြာခင်မှာ စစ်ခွေးတိုက်ရဲ့ တိုက်မှူးတပ်ကြပ်ကြီး ဘိုကံရောက်လာပါတယ်။

“မင်းတို့ကောင်တွေ အဝတ်အစားတွေ အိပ်ယာလိပ်ထဲမှာ မထားရဘူး၊ အကုန်လုံး ငါသိမ်းထားပေးမယ်၊ မင်းတို့ တိုက်ကပြန်ထွက်ရင် အားလုံးပြန်ပေးမယ်” ဆိုပြီး နာမည်နဲ့တကွသိမ်းပါတယ်။ ပြီးတော့

“မင်းတို့တွေ ဒီမှာရှိတဲ့ ရာဇ၀တ်အကျဉ်းသားတွေနဲ့ ပစ္စည်းအလျော်အစား မလုပ်ရဘူး။ ဟိုကောင် ကျော်သူ၊ တင့်ဟန်၊ စိုးမြတ်မင်းတို့ သူတို့ဆီက အနိုင်ကျင့်ပြီး ပစ္စည်းတောင်းတာသိရင် မင်းတို့ မသက်သာဘူးမှတ်”

ကျနော်တို့ဖက်လှည့်ပြီး

“မင်းတို့ကလည်း ဒီကောင်တွေ ဘာတောင်းတောင်း ပေးစရာမလိုဘူး၊ လာပြီး အနိုင်ကျင့်ရင် ငါ့ကိုလာတိုင်” လို့ပြောပြီး ထွက်သွားပါတယ်။

(င) စစ်ခွေးတိုက်က အပြန်

ကျနော်တို့ တောင်ယာလေဘာတိုက်ပွဲထဲမှာ နောက်ထပ်အရိုက်ခံရတဲ့သူ တဦးကတော့ မန္တလေးက ကိုညွန့်ဦးဆိုသူဖြစ်ပါတယ်။ ကိုညွန့်ဦးဟာ မန္တလေး ရဲအတတ်သင် သိပ္ပံကျောင်းမှာ ရဲအုပ်တာဝန်ယူခဲ့သူဖြစ်ပြီး အဲဒီသင်တန်းကျောင်းမှာ တပည့်တွေကို စာသင်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ စကားများကို ပြောခဲ့တဲ့အတွက်ကြောင့် အစိုးရကိုဆန့်ကျင်တာလို့ စွပ်စွဲပြီး ၅(ည)နဲ့ ထောင်ကျလာတဲ့ ရဲဝန်ထမ်း တယောက်ပဲဖြစ်ပါတယ်။

ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေက ရဲဆိုရင် အစိမ်းလိုက် ဝါးစားချင်လောက်အောင် မုန်းတီးကြပါတယ်။ ကိုညွန့်ဦးကို ရဲအုပ်တယောက်မှန်း သိသွားတာနဲ့ ရာဇဝတ်အကျဉ်းသားတွေနဲ့ ဝန်ထမ်းတွေက ရဲအသား ဘယ်တော့စားရမလဲဆိုပြီး တစောင်စောင် ဖြစ်နေကြပါတယ်။ ဝန်ထမ်းချဉ်ပေါင်ပင်က သူ့ကို “ကြီးမိုက်” လို့သူ့နှုတ်က ထပ်တလဲလဲ ရွတ်ကာ ကိုညွန့်ဦးကို သဲသဲမဲမဲ ရိုက်နက်ပါတော့တယ်။

“အပြင်မှာ ကောင်းကောင်းမနေချင်တဲ့ကောင်၊ ခွေးမသား”

ဆိုပြီး ပါးစပ်က ဆဲလည်းဆဲ၊ လက်က ရိုက်လည်းရိုက်ပါတယ်။ ကျနော့်အချစ်တော် ဆေးသမားကျော်သူဆိုရင် သူ့လူတွေကို

“ဟေ့ကောင်တွေ ရဲသားစားချင်ရင် ဒီကိုလာ” ဆိုကာ ကိုညွန့်ဦးကို မြေကြီးပေါ်မှာ လိမ့်နေအောင်ကို ရိုက်နက်ပါတော့တယ်။ တိုက်ထဲမှာလဲ ထောင်မှူးအောင်ကြီး လာကြည့်တဲ့အခါတိုင်း ထိုင်ကန်တော့နေတဲ့ ပုံစံနဲ့တူတဲ့ တိုက်ပုံစံကို ထိုင်ခိုင်းထားပါတယ်။ အဲဒီပုံစံကို ကြည့်ပြီး ထောင်မှူးအောင်ကြီးက စစ်နိုင်တဲ့ စစ်သူကြီးတယောက်ရဲ့ ဟန်ပန်မျိုးနဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြီး “ကောင်းတယ်၊ ကောင်းတယ်” ပြောပြီးထွက်သွားတတ်ပါတယ်။

ကျော်သူ၊ တင့်ဟန်နဲ့ စိုးမြတ်တို့ဟာ ကျနော်တို့ဆီက ချွတ်တာ၊ ခွာတာတွေ လုပ်လို့မရတာကြောင့် အဆောင်မှာ ရှိနေတဲ့ အခြားရဲဘော်တွေဆီသွားပြီး ကျနော်တို့တွေ စားစရာမရှိလို့ ငတ်ပြတ်နေကြောင်း၊ ဒါကြောင့် ကျနော်တို့က တောင်းခိုင်းလိုက်ကြောင်း ပြောဆိုပြီး ထောင်ထဲက အဆောင်အသီးသီးမှာရှိတဲ့ ၅(ည)တွေဆီ အလှူခံထွက်ပါတော့တယ်။ ကျနော်တို့ ရဲဘော်တွေက မစားရက် မသောက်ရက်နဲ့ ကျနော့်တို့အယောက် (၆၀)အတွက် စားစရာ ပစ္စည်းတွေ ပေးလိုက်ပါတယ်။ ဒီပစ္စည်းတွေကို ကျော်သူတို့ရာဇဝတ်သားတွေနဲ့ (အကစ) ဝန်ထမ်းတွေ ပူးပေါင်းပြီး
ခွဲဝေစားသောက်လိုက်ပါတယ်။ ဒီအကြောင်းတွေကို စစ်ခွေးကလွတ်ပြီး အဆောင်ပြန်ရောက်တော့မှ အကြောင်းစုံကို ပြန်သိရတာဖြစ်ပါတယ်။ ကျနော်တို့ကိုချတဲ့ တိုက်ပိတ်၊ ဒေါက်ခတ် ပြစ်ဒဏ် (၁) လပြည့်တဲ့နေ့မှာ ရန်ကုန်တိုင်း ထောင်စုညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ခင်မောင်လတ် ရောက်လာပါတယ်။ ထောင်နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို စာအုပ်ကြီးကိုင် ရွတ်ဖတ်ပြပါတယ်။ နောက်မှ ကျွန်တော်တို့ကို ဒေါက်တွေ၊ ခြေကျင်းတွေ ဖြုတ်ပေးပြီး သိမ်းထားတဲ့ ကျနော်တို့ရဲ့ အရပ်ဝတ်တွေကို ပြန်ထုတ်ပေးပါတယ်။ ပြီးမှ မိန်းဂျေးလ်ကို ခေါ်သွားပါတော့တယ်။

စစ်ခွေးတိုက်နဲ့ ပတ်သက်ပြီး ဒီနေရာမှာ နည်းနည်း ရှင်းပြချင်တာ ရှိပါတယ်။ အင်းစိန်ထောင်ထဲက နာမည်ကြီး စစ်ခွေးထောင်မှာ ခွေးတွေ (၁၀)ကောင်ထက်မနည်း မွေးထားပြီး အဲဒီခွေးတွေက နိုင်ငံခြားခွေးမျိုးတွေနဲ့ စပ်ထားကာ ဖြစ်ပါတယ်။ အဲဒီခွေးတွေကို ထောင်အာဏာပိုင်တွေက မဝယ်နိုင်လို. စိန်ဂေဟာပိုင်ရှင် တရုတ်သူဌေးက လှူဒါန်းထားတာ ဖြစ်ပါတယ်။ ခွေးတွေကို နေ့စဉ်ပုံမှန်ကျွေးဖို့ အမဲသားနဲ့ စွပ်ပြုတ်ရည် သတ်မှတ်ထားပေမယ့် ခွေးတွေကို ကျွေးဖို့ တာဝန်ကျတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက သူတို့အတွက် ချက်ပြုတ်စားသောက် ကြပါတယ်။ စိန်ဂေဟာတရုတ်သူဌေး ကောင်းမှုကြောင့် အကျဉ်းထောင်ထဲမှာ မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ ခွေးတွေဟာ ထောင်ဝန်ထမ်းတွေကြောင့် အငတ်ဘေးဆိုက်ပြီး ပိန်လှီနေတာကို တွေ့ရပါတယ်။ တချို့ခွေးတွေဆို ငတ်မွတ်မှုကြောင့် သေသွားကြပါတယ်။ အဲဒီလို သေသွားတဲ့ခွေးတွေကို သတ်ဖြတ်စားသောက်ကြဖို့ ရာဇဝတ်အကျဉ်းသားတွေက စောင့်ဆိုင်းနေတတ်ကြပါတယ်။ အကစ (ကျနော်တို့ကတော့ အကုန်စားလို့ ခေါ်ဝေါ်ပါတယ်) ဝန်ထမ်းတွေဟာ အဲဒီခွေးတွေနဲ့ အပတ်စဉ် စစ်ရေးပြ ပူးတွဲလုပ်ကြပေမယ့် ခွေးကတခြား၊ လူကတခြားနဲ့ အမြဲပဲ ညီညီညာညာမရှိပါဘူး။ စစ်ခွေးတိုက်က ခွေးတွေဟာ ပြန်လမ်းမရှိတဲ့ ခွေးတွေပဲ ဖြစ်ပါတယ်။

◾ အခန်း(၅)

(က) မစားသင့်တဲ့အသီး စားမိလို့

ကျနော်တို့ အယောက် (၆ဝ)ကျော်ကို အဆောင် (၃)၊ (၄)နဲ့ (၅)ဆောင်တွေကို အသီးသီး လူစုခွဲ ပို့လိုက် ပါတယ်။ ကျနော်က အဆောင် (၃) ကိုရောက်ပါတယ်။ ကျနော် အိပ်ဆောင် (၃)ကိုရောက်ပြီး မကြာခင်မှာပဲ ကျနော်တို့ နေတဲ့အဆောင် (၄)က ထောင်မှူးအောင်ကြီးတယောက် မစားသင့်တဲ့ အသီးစားမိပြီး အဆိပ်သင့်သွားပါတော့တယ်။

မစားသင့်တဲ့ အသီးစားခဲ့တဲ့ ထောင်မှူးအောင်ကြီးရဲ့ ပြဿနာကတော့ နဝတပတ္တမြားကိစ္စနဲ့ ထောင်ကျလာတဲ့ နေပြည်တော်သန်းထွန်းတို့ဆီက လာဘ်စားခဲ့တဲ့ ပြဿနာပါပဲ။ ကျနော်အဆောင် (၄)မှာနေခဲ့တုန်းက နေပြည်တော်သန်းထွန်း အမှုတွဲတွေ ထောင်တန်းစီကျလာပါတယ်။ သူတို့ပြဿနာက နဝတပတ္တမြား အရှုပ်တော်ပုံကြီး ဖြစ်လို့ သူတို့အမှုကို စစ်ထောက်လှမ်းရေးကနေ တိုက်ရိုက် ကိုင်တွယ်နေပါတယ်။ အဲဒီအမှုစစ်ဆေးချိန်မှာ ထောင်မှုးအောင်ကြီးက နေပြည်တော်သန်းထွန်းတို့ဆီက ငွေကိုယူပြီး အကြီးအကျယ် လာဘ်စားလိုက်ပါတယ်။ ထောင်မှုးအောင်ကြီး လာဘ်စားတဲ့ကိစ္စကို ထောက်လှမ်းရေးက သိသွားပြီး သူ့ကို ခေါ်စစ်ဆေးပါတော့တယ်။ ဘူးပေါ်သလို ပေါ်သွားတာကြောင့် ထောင်မှူးအောင်ကြီးကို အင်းစိန်ထောင်ကနေ ရဲဘက်ပြောင်းရွှေ့ဖို့ အမိန့်ချလိုက်ပါတယ်။ ထောင်မှူးအောင်ကြီးလည်း ရှက်ရှက်နဲ့ အလုပ်က နှုတ်ထွက် သွားပါတော့တယ်။

ကျီးကန်းမျိုးတွေဆိုပြီး ကျနော်တို့ ၅(ည) တွေကို ထောင်ပိုင်လှကြည်ဆီမှာ ဂတုံးကတိုက်လုပ်ခဲ့တဲ့ ထောင်မူးအောင်ကြီးကို ကြည့်ပြီး ဝဋ်ဆိုတာချက်ချင်း လည်တတ်ပါလားလို့ တွေးမိပါတယ်။ လာဘ်စားတာကြောင့် ထောင်မကျတာပဲ ကံကောင်းသွားပါတယ်။ နေပြည်တော်သန်းထွန်းဆိုတဲ့ သူက မန္တလေးမှာ နာမည်တလုံးနဲ့ နေထိုင်တဲ့ နာမည်ကြီး ပြည့်တန်ဆာခေါင်းဆောင်တယောက် ဖြစ်တယ်လို့ သိရပါတယ်။ နဝတ ဗိုလ်ချုပ်ကြီးတွေထဲက ဗိုလ်ချုပ်ထွန်းကြည်နဲ့ အတော်လေးပိုင်တယ် ဆိုပြီးသတင်းဖြစ်နေပါတယ်။

မန္တလေးမှာ တိုက်အမြင့်ကြီးဆောက်ပြီး အဲဒီမှာ ဂျင်ဝိုင်းနဲ့ ပြည့်တန်ဆာခန်းတွေကို တရားဝင်နီးပါး လုပ်ကိုင်နေတယ်လို့လဲ မန္တလေးမှာ နေထိုင်ခဲ့တဲ့ သူတွေက ပြောပြပါတယ်။ ကျနော်က “ဒါနဲ့ ခင်ဗျားတို့က ရဲကိုတိုင်ပြီး မဖမ်းခိုင်းဘူးလား” လို့မေးတော့ “သတင်းပေးတဲ့သူကိုတောင် ရဲကပြန်ဖမ်းတာဗျ၊ လေးကောင်ဂျင်ဝိုင်းကို သူ့တိုက်အောက် သမံတလင်းမှာ သင်္ဘောဆေးသုတ်ပြီး ဒိုင်လုပ်နေတာ မန္တလေးမှာ သန်းထွန်းတယောက်ပဲ ရှိတယ်” လို့ပြန်ပြောပါတယ်။ အခု နေပြည်တော်သန်းထွန်းတို့ဖြစ်တဲ့ နဝတပတ္တမြားကိစ္စဟာ သူတို့နဲ့ နဝတစစ်ဗိုလ်ချုပ်တွေ အဝေအစား မတည့်ရာကနေ ပြဿနာဖြစ်ပွားခဲ့မှန်း သိသာလှပါတယ်။ စစ်တပ်ထဲက ဒုဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးတွေ၊ အရာရှိတွေအများကြီး နေပြည်တော် သန်းထွန်းနဲ့ ထောင်ကျလာတာကိုတွေ့ရပါတယ်။ သူခိုးချင်းအတူတူ အာဏာသိပ်မရှိတဲ့ သူခိုးက ထောင်နန်းစံရတာပဲ ဖြစ်ပါတယ်။

(ခ) ထောင်အတွင်း နိစ္စဓူဝ

အဆောင် (၃)မှာနေရတုန်း မနက်ဆိုရင် ကိုယ့်ထောင်ဝင်စာတုန်းက ပါလာတဲ့ မုန့်ပဲသရေစာလေးတွေကို အချင်းချင်း ဝေမျှစားသောက်ကြပြီး တောင်ယာကိုဆင်း အလုပ်လုပ်ရပါတယ်။ ထောင်မှာရှိတဲ့ ရေပေါ်ဆီ လူတန်းစားအချို့က ထောင်မှာ မနက်ပိုင်း အကျဉ်းသားတွေကျွေးဖို့ ဖိုကြီးထဲမှာချက်ထားတဲ့ ပဲဟင်းရည်ထဲက အနှစ်တွေကိုခပ်ပြီး ထမင်းပူပူဆီဆမ်းထားတာနဲ့ မနက်ပိုင်းဆို စားသောက်ကြပါတယ်။

မနက်ပိုင်းစာစောထဲမှာ သူတို့က ပိုက်ဆံပေးပြီး အလုပ်ဖြစ်နေပါတယ်။ ကျန်တဲ့ အကျဉ်းသားတွေ ထမင်းစားတဲ့ အချိန်ရောက်တော့ ပဲဟင်းရည်ဟာ ရေတွေချည်းသက်သက် ဖြစ်နေပါတော့တယ်။ ကျနော်တို့ကိုကျွေးတဲ့ ထမင်းကလည်း မာကျောလှပြီး အခန့်မသင့်ရင် သဲတွေ၊ ခဲတွေ ပါလာတတ်ပါသေးတယ်။ အစာအိမ်ရှိသူများအတွက် အဲဒီထမင်းကို စားသောက်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။

“ထမင်းဝေမယ်ဟေ့၊ (၁) ခန်းတန်းစီ”

လို့ဘုတ်ကိုင် ခေါင်းဖြူရခိုင်က အော်လိုက်ရင် ထမင်းပန်းကန်လေးတွေကိုင်ပြီး ထမင်းတိုးရပါတော့တယ်။ ကျဲတောက်တောက် ပဲရည်ကိုဆမ်းပြီး အိမ်ကပို့ထားတဲ့ဆား၊ အချိုမှုန့်တွေထည့်ပြီး ငပိကြော်နဲ့ သမုဒ္ဒရာ ဝမ်းတထွာအတွက် ဖြည့်တင်းရပါတယ်။ ကျနော်တို့ ၅(ည)အကျဉ်းသားတွေဟာ ထောင်ထဲမှာ ချက်ဟင်းဆိုတဲ့ မီးနဲ့ထိတွေ့ထားတဲ့ဟင်းကို စားသောက်ရဖို့ဆိုတာ ရာဇဝတ်အကျဉ်းသားတွေလောက် မလွယ်ကူလှပါဘူး။ အဲဒီလိုမီးနဲ့ ချက်ထားတဲ့ဟင်းမျိုးကို ထောင်ထဲက၊ ပိုင်ရာဆိုင်ရာတွေ၊ ထောင်မှုးရုံးခန်းနားမှာနေတဲ့ ထောင်မှုးဖိနပ်တိုက်၊ ဦးထုပ်တိုက်နဲ့ကပ်မြှောင်တွေ၊ တန်းစီးတို့၊ တံခါးစောင့်တို့လို လူမျိုးတွေအတွက် စားသောက်ရဖို့ အင်မတန်မှ လွယ်ကူလှတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ ကျနော်တို့ ၅(ည)သမားတွေထဲက နာမကျန်းဖြစ်လို့ ရေနွေးတခွက် သောက်ဖို့ဟာ အလွန်ခက်ခဲပါတယ်။ ကျနော်တို့တွေ ထမင်းစားပြီး တနာရီလောက် နားခွင့်ရပါတယ်။ ထမင်းလုံးစီပြီး နားနေချိန်မှာ

“တက်မယ်ဟေ့... တက်မယ်၊ ကိုယ့်အခန်းကိုယ်ဝင်ထားမယ်”

ဆိုပြီး အခန်းတွင်းကိုဝင်ကာ ပထမ ကစ်ပုံ ပုံရပါတယ်။ ကစ်ပုံ ပုံတယ်ဆိုတာကတော့ အကျဉ်းသားတွေရဲ့ အိပ်ယာလိပ်တွေကို ဆယ်ပြားစေ့ပုံစံ အထပ်လိုက်စီပြီး အပေါ်ကနေ စောင်အုပ်ထားတဲ့ပုံကို ခေါ်ပါတယ်။ ပြီးတော့ သန့်ရှင်းရေးလုပ်ရပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါကျရင် တပတ်တခါ အကျဉ်းသားတွေ ရရှိတဲ့ စတုရန်းပုံစံ ဆပ်ပြာတုံးသေးသေးလေးနဲ့ ခေါင်းလိမ်းဖို့ဆီ ရပါတယ်။ ဆေးလိပ်ကြိုက်သူတွေကတော့ သူတို့ရတဲ့ ဆပ်ပြာတုံးလေးနဲ့ ဆေးလိပ်(၅)လိပ်ကို လဲလှယ်ပါတယ်။ အကျဉ်းသားတွေဆီက လဲလှယ်လို့ရတဲ့ ဆပ်ပြာတုံးကို ထောင်ဝန်ထမ်းတွေက အင်းစိန်ဈေးမှာ ပြန်ရောင်းပါတယ်။ တခါကဆို ကျနော်တို့ (၃)ဆောင်မှာ ထောင်ထဲကို လူကြီးလာဖို့ ရှိရင် ခေါင်းလိမ်းဖို့ ဆီကိုထုတ်မပေးတော့ဘဲ အဲဒီဆီကို ခြေနင်းကြမ်းပြင်ကို တန်ဆာဆင်တဲ့အနေနဲ့ ပြောင်လက်နေအောင် သုတ်ခိုင်းပါတယ်။

အဲဒီလူကြီးဆိုတာကလည်း လာမယ်လို့ပြောပြီး တနာရီ၊ နှစ်နာရီနဲ့ ပေါ်မလာတတ်ပါ။ လူကြီးလာမယ်ဆိုလို့ ကျနော်တို့တွေကို ပုံစံဝတ် ဝတ်ပြီး သေသေချာချာ ပြင်ဆင်ခိုင်းထားပါတယ်။ တော်တော်နဲ့ ပေါ်မလာတာကြောင့် အကျဉ်းသားတွေက ကိုယ့်နေရာကိုယ် လှဲအိပ်နေကြပါတယ်။ “ပုံစံ” လို့ကြားလိုက်ရပြီး ချက်ချင်း ထထိုင်ကြည့်လိုက်တော့ လူကြီးဆိုတာက အခန်းကို ကျော်ဖြတ်သွားပါတယ်။ ဘယ်အခန်းကိုမှ သေသေချာချာ ကြည့်ရှုသွားတာလည်း မတွေ့ရပါဘူး။ အဲဒီလူကြီးဆိုတာ အခန်းတွေထဲကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်မယ်ဆိုရင် အခန်းတွေထဲမှာ အတုံးအရုံး အိပ်ပျော်နေတဲ့ အကျဉ်းသားတွေကို တွေ့ရမှာမလွဲပါဘူး။ တခါလည်း လူကြီးဆိုသူက အဆောင်တွေ လိုက်စစ်ဆေးမယ်ဆိုလို့ သေသေချာချာ ပြင်ဆင်ထားကာမှ သူ့ရဲ့ မာဇဒါ ဂျစ်ကားနဲ့ ထောင်ထဲကိုဝင်လာပြီး တောင်ယာခင်းတွေက ကိုက်လန်၊ မုန်လာဥ၊ ဟင်းနုနွယ်နဲ့ အခြားဟင်းသီးဟင်းရွက်တွေကို အလုပ်ကြီးဘက်ကနေ ခူးယူပြီး ပြန်သွားတာကိုလည်း ကြုံရပါသေးတယ်။ သူတို့ လူကြီးအလာကို နာရီနဲ့ချီပြီး ထိုင်စောင့်နေရတဲ့ အကျဉ်းသားတွေက ကြာတော့ စိတ်မရှည်ကြတော့ပါဘူး။ လူကြီးလာမယ်ဆိုရင် ပြက်လုံးတခုလို ဖြစ်သွားတတ်ပြီး နေ့ခင်းဖက်တွေမှာ “တက်မယ်ဟေ့... တက်မယ်ဟေ့၊ ကိုယ့်အခန်းကိုဝင်ထားမယ်” ဆိုတဲ့အသံကြားရရင်တော့ အကျဉ်းသား (၉ဝ)ရာခိုင်နှုန်းလောက်က အသားကုန် မေတ္တာပို့ကြပါတော့တယ်။ ညနေ (၃)နာရီလောက်ဆိုရင် “ရေချိုးမယ်ဟေ့” ဆိုတဲ့အသံ ကြားတာနဲ့ ရေချိုးဖို့အတွက် ရေကန်ကိုသွားရပါတယ်။ ရှည်မျောမျောပုံစံရှိတဲ့ ရေကန်ဘောင်ပေါ်မှာ ရေခပ်ချိုးရမယ့် ပန်းကန်ပြားလေးတွေကို စီရီပြီးချထားရပါတယ်။

ရေကန်ထဲကို ဝင်ဆိုတာနဲ့ ရေကန်ကို ဘယ်၊ ညာ အသီးသီးတန်းစီပြီးဝင်ရပါတယ်။ ရေကန်ဘာယာက ရေကန်ဘောင်ပေါ်မှာမတ်တပ်ရပ်ပြီး

“ညီညီညာညာ ခပ်”

“ခပ် တခွက်၊ ခပ်တခွက်”

ဆိုပြီး တခွန်းချင်း အမိန့်ပေးပြီး ကျနော်တို့ကို ရေချိုးခိုင်းပါတယ်။ ကျနော်တို့ကလည်း ကိုယ့်နေရာကိုယ် ရပ်ပြီး ပန်းကန်ပြားနဲ့ ခွက် (၁ဝ)ခွက် ချိုးရပါတယ်။ (၁ဝ)ခွက်ပြီးသွားတဲ့အခါမှာ “ခွက်ချ၊ ချေးတွန်း၊ ဆပ်ပြာတိုက်” ဆိုပြီးအမိန့်ဆက်ပေးပါတယ်။ အဲဒါပြီးရင် “ခပ်”၊ “နောက်ဆုံး”၊ “ချိုး” လို့အော်ပါတယ်။ သူပြောတာနဲ့ ကိုယ်လုပ်တာ မညီညာဘူးဆိုရင် သူ့လက်ထဲက တုတ်က ခေါင်းပေါ်ကို ဝဲတက်သွားပါတယ်။ ခပ်ဆိုတဲ့အချိန်မှာပဲ ခပ်ရ၊ ချိုးဆိုတဲ့ အချိန်မှာပဲ ချိုးရပါတယ်။ ရေခပ်တာ မညီမညာဖြစ်နေရင် ကျောပေါ် ဗြောတင်ခံရမှာလည်း သေချာလှပါတယ်။ ဆပ်ပြာတိုက်ပြီးတဲ့ အချိန်မှာ ပန်းကန်ပြားနဲ့ နောက်ထပ် (၁၅)ခွက် ချိုးခွင့်ပေးပါတယ်။ ဒါကြောင့် ထောင်ထဲမှာ ဝဲ၊ ဂျွတ်၊ ဒက်စတဲ့ ယားနာတွေ ပေါ်ပေါက်တဲ့ အခြေခံအကြောင်းရင်းပဲ ဖြစ်ပါတယ်။ ရေကန်ဘာယာကို ဆေးလိပ်ပေး၊ ဘာပေးနဲ့ လုပ်ထားတဲ့သူတို့၊ အပ်ထည်တို့၊ နောက် ပိုင်ရာဆိုင်ရာတို့ကတော့ ရေကို ကြိုက်သလောက် ချိုးခွင့်ရပါတယ်။

ညနေပိုင်း ထမင်းစားချိန် တန်းစီတဲ့အခါမှာကျတော့ ကန်စွန်းဥပင်ကနေရတဲ့ ကန်စွန်းကြီးရွက်တွေနဲ့ ရောမွှေပြီး ပြုတ်ထားတဲ့ ကန်စွန်းရွက်ဟင်းကို စားရပါတယ်။ အဲဒီဟင်းကို ထောင်ထဲအခေါ်အရ “တာလပေါ” ဟင်းလို့ခေါ်ပါတယ်။ ကေအန်ယူကနေ ထောင်ကျလာတဲ့ ကရင်ဖထီးကြီးတွေကတော့ ဒို့ ကရင်ဟင်း နာမည်ပျက်တယ်လို့ ပြောကြပါတယ်။ ကရင်အမျိုးသားဟင်းတခုဖြစ်တဲ့ တာလပေါဟင်းက အရသာအလွန်ရှိပြီး စားသောက်လို့ အင်မတန်မှကောင်းတဲ့ ဟင်းတခွက်ဖြစ်ပေမယ့် ထောင်ထဲက တာလပေါ ဟင်းကတော့ ဟင်းရွက်ပြုတ်ရည် သက်သက်ပဲဖြစ်ပါတယ်။ အဲဒီဟင်းရွက်ပြုတ်ရည်ကို ပေါင်းထမင်း မာမာကြီးနဲ့ရော၊ ထောင်ဝင်စာပါလာတဲ့ ငပိကြော်လေးနဲ့ မျှောချရပါတယ်။ ရေသည်ပြဇာတ်ထဲ.ရေသည်မိန်းမပြောတဲ့စကားလို “လည်ချောင်းကို စုံကန်၊ ဂလုံဆန်အောင် မျှောရရှာတယ်” ဆိုတဲ့အပုဒ်လေးကို သွားသတိရမိလိုက်ပါသေးတယ်။ အဲဒီကန်စွန်းရွက်ပြုတ်ရည်ထဲမှာ တီကောင်တွေ၊ တံမြက်စည်းရိုးတွေနဲ့ သားရေကွင်းတွေ ပါလာတတ်ပါသေးတယ်။ ထောင်ထဲမှာ တပတ်တခါ အသားစားရတဲ့ရက် ဆိုတာရှိပါတယ်။ ဝက်သားမစားတဲ့သူကို ​တခါ​တလေ ငါးဟင်းပေးပါတယ်။ ငါးမစားတဲ့သူကို ဘဲဥ (၂) လုံးကျွေးပါတယ်။ ကျွေးတဲ့ဝက်သားကလည်း သားရေပြားက အရှုံးပေးရလောက်အောင် မာကြောနေပြီး ဘယ်လိုမှစားလို့မရပါဘူး။ ဝန်ထမ်းတွေပေးတဲ့ ဝက်သားကို နောက်ထပ်(၁)နာရီလောက် ပြန်ပေါင်းရင်တောင် မနူးနိုင်တဲ့ အသားမျိုးပဲဖြစ်ပါတယ်။ ငါးဟင်းကျပြန်တော့လည်း အမြီးနဲ့ ခေါင်းပိုင်းကိုသာ တွေ့ရတတ်ပြီး အလယ်ပိုင်းက အသားကတော့ ပျောက်ဆုံးနေတတ်ပါတယ်။ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ ဆင့်ကဲဆင့်ကဲ ဖြတ်တောက် စားသောက်မှုကြောင့် ဟင်းတွေက အင်္ဂါမစုံ အမြဲဖြစ်နေပါတော့တယ်။

(ဂ) အားလုံးကောင်းပါတယ် ဆရာကြီး

အင်းစိန်ထောင်ထဲမှာ ၁၉၈၈ အရေးအခင်းမဖြစ်ခင်က အဆောင် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) ဆောင်တို့ဟာ နှစ်ထပ်တိုက်အဆောင်တွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအဆောင်တွေဟာ ၈၈ အရေးအခင်းမှာ အင်းစိန်ထောင်တွင်း မီးရှို့မှုဖြစ်ပွားခဲ့တာကြောင့် (၁)ဆောင်ကလွဲရင် ကျန်တဲ့ (၂၊ ၃၊ ၄၊ ၅) ဆောင်တွေဟာ မီးလောင်ပြိုကျခဲ့ပါတယ်။ ဒါကြောင့် (၁)ထပ်တိုက်ဆောင်လေးတွေအဖြစ် ဘဝပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ကျနော်နေရတဲ့ အဆောင် (၃) အိပ်ဆောင်မှာ အခန်း (၈) ခန်းပါပြီး (၁) ထပ်တိုက်အဆောင်ပဲ ဖြစ်ပါတယ်။ အခန်း (၁) ခန်းမှာ အကျဉ်းသား (၁၂၀) လောက်ထားပြီး ကျနော်တို့ အဆောင်မှာ အကျဉ်းသားပေါင်း (၁ဝဝဝ) ပတ်ဝန်းကျင် ရှိတတ်ပါတယ်။ အကျဉ်းသားအချို့ကို ရဲဘက် ဘယ်လောက်ပို့ပို့ ထောင်ထဲကို ဝင်လာမစဲ တသဲသဲဖြစ်နေလို့ အင်းစိန်ထောင်လို မနေသင့် မနေအပ်တဲ့အရပ်ဟာ လူစည်ကားတဲ့ အရပ်လိုဖြစ်နေပါတယ်။

ညနေ ထောင်မှာ လူပေါင်းကိုက်လို့ မိန်းလ်ဂျေးက သံချောင်းခေါက်ရင်တော့ ဘုရားဝတ်တက်ရပါတယ်။ ပြီးတော့ ကိုယ့်အိပ်ယာလိပ်ကို ကိုယ်အသီးသီးယူပြီး ကိုယ့်နေရာကိုယ်အိပ်ဖို့ ပြင်ဆင်ရပါတယ်။ အိပ်ရတဲ့ပုံစံကတော့ အခန်းတခန်းမှာ အိပ်ယာကို အတန်းလေးတန်းခွဲထားပါတယ်။ အုတ်နံရံကို ခေါင်းပေးအိပ်ရတဲ့ အတန်းက နှစ်တန်းရှိပြီး အလယ်ကြောမှာ ဘယ်ညာခေါင်းချင်းဆိုင်ပြီး အိပ်ရတဲ့အတန်းက နှစ်တန်းရှိပါတယ်။ အိပ်ဆောင်တွေဟာ ကြီးမားကျယ်ပြန့်လှပေမယ့်  အကျဉ်းသားဦးရေ အင်မတန် များပြားလွန်းတာကြောင့် တဦးနဲ့တဦး ကျပ်ကျပ်ညပ်ညပ်နဲ့ အိပ်ရပါတယ်။.အကျဉ်းသားအားလုံးဟာ ကျောချရုံမျှသာလောက်ပဲ အိပ်လို့ရတာဖြစ်ပါတယ်။

အိပ်ချိန်သတ်မှတ်ထားတဲ့ ည (၉) နာရီမထိုးမချင်း အခန်းတွေမှာ လှဲလျောင်းကြပြီး သီချင်းဆိုသူဆို၊ ဝဲကုတ်သူကုတ်၊ တရားဓမ္မအကြောင်း ဆွေးနွေးသူဆွေးနွေး၊ နိုင်ငံရေးအကြောင်း ပြောသူပြောနဲ့ အိပ်ဆောင်တစ်ခုလုံး ဆူညံနေတတ်ပါတယ်။ အိပ်ချိန်ရောက်ပြီဆိုရင်တော့ ခေါင်းထောင်ဖို့ဝေးစွ၊ ဒူးခေါင်းတောင် ထောင်လို့မရပါဘူး။ ဘာယာလို့ခေါ်တဲ့ အကျဉ်းသားတယောက်က အခန်းတဝိုက် လျှောက်နေပါတယ်။ နောက်ပိုင်းအကျဉ်းသားတွေ အရမ်းများလာတာကြောင့် သူလည်း မိလ္လာကန်နားမှာ သွားပြီးစောင့်ကြပ်နေရပါတော့တယ်။ 

ဘာယာစောင့်ဟာ ထောင်မှာမီးပျက်ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ည (၉) နာရီကျော်ရင်ဖြစ်ဖြစ် (၅) မိနစ်တခါ

“(၃) ဆောင်၊ (၁) ခန်း၊ လူပေါင်း (၁၂၀) ယောက်၊ အားလုံးကောင်းပါတယ် ဆရာကြီး”

လို့ ပုံမှန်အော်နေရပါတယ်။ အကျဉ်းသားတွေထဲက အိမ်သာသွားချင်တာတို့၊ ရေသောက်ချင်တာတို့ လုပ်ချင်တဲ့အခါမှာ

”ဘာယာ သေးပေါက်”

“ဘာယာ ရေသောက် ”

“ဘာယာ အိမ်သာတက်”

စသည်ဖြင့်အော်ရပြီး ဘာယာကနေ

“ပေါက်”၊ ”သောက်”၊ ”တက်”၊ ”နေဦး”

စတဲ့အမိန့် တခုခုရမှ အိပ်နေရာကနေ ခေါင်းထောင်လို့ရတာ ဖြစ်ပါတယ်။ ဘာယာရဲ့ခွင့်ပြုချက်မရပဲ ခေါင်းထောင်တာတို့၊ ထထိုင်တာကို၊ လမ်းလျှောက်တာတို့ကို ထောင်စည်းကမ်းအရ လုံးဝခွင့်မပြုပါဘူး။ (၅) မိနစ်တခါတော့

”အားလုံးကောင်းပါတယ် ဆရာကြီး”

ဆိုတဲ့အသံကတော့ အိပ်မပျော်ခင်အထိ ကြားနေရတုံး။

(ဃ) အိုးစားအကြောင်း ဂြိုလ်အကြောင်း

ကျနော်တို့ အိပ်ရတဲ့အဆောင်က အခန်းတခန်းမှာ လူ (၁၂၀) ကျော်လောက် ပြည့်သိပ်ထည့်ထားတာကြောင့် အခန်းအတွင်းမှာ ကြပ်ညပ်နေပြီး အသက်ရှုရတာလည်း မဝပါဘူး။ ကျနော်တို့အတွက် လူတွေကြပ်ညပ်နေတာ အခက်အခဲ ဖြစ်နေပေမယ့် ထောင်သက်ရင့်နေတဲ့ ထောင်သဘာကြီးတွေ၊ အပ်ထည်တွေ အတွက်ကတော့ အဆင်အပြေဆုံး အကွက်ကောင်း ဖြစ်နေပါတယ်။

ထောင်ထဲမှာ မီးခဏခဏပျက်ရင် ဖွင့်ဖို့အတွက် မီးစက်တွေရှိပါတယ်။ ဒါပေမယ့် မီးစက်ကဆီကို ထောင်ဝန်ထမ်းတွေ ခိုးဝှက်ရောင်းစားကြတာကြောင့် မီးပျက်တဲ့ညဆိုရင် မီးစက်မမောင်းနိုင်တာကြောင့် အမှောင်ထဲမှာပဲ နေရပါတယ်။

အဲဒီလိုမှောင်ပြီ ဆိုရင်ဖြင့် ထောင်သက်ရင့်နေတဲ့ ထောင်သဘာကြီးတွေအပ်ထည်တွေ လုပ်ငန်းစပါတော့တယ်။ ထောင်အတွင်း လိင်တူဆက်ဆံခြင်း၊ အနိုင်ကျင့်သတ်ဖြတ်ခြင်းတွေဖြစ်ပွားပါတော့တယ်။ လိင်တူချင်း အဓမ္မကျင့်ခံရတဲ့ အဖြစ်အပျက်တွေဟာ ဒီလိုအချိန်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ထောင်တွင်းလိင်တူ ဆက်ဆံမှုမျိုးကို ဝန်ကြီးချုပ်ဟောင်းဦးနု ရေးခဲ့တဲ့ “ရက်စက်ပါပေ့ကွယ်” စာအုပ်ထဲမှာတော့ ဖတ်ခဲ့ရဖူးပါတယ်။ အဲဒီခေတ်တုန်းက အဓမ္မလိင်တူ ဆက်ဆံခံလိုက်ရတဲ့ သူကို “အိုးစား” လို့ခေါ်ကြပြီး အခုခေတ်မှာတော့ “ဂြိုလ်” လို့ ပြောင်းလဲ ခေါ်ဝေါ်ကြတာ တွေ့ရပါတယ်။

ထောင်ထဲမှာ လိင်တူဆက်ဆံခံလိုက်ရတဲ့သူ တော်တော်များများဟာ ယောက်ျားစစ်စစ်တွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အပြင်မှာ ခေါ်ဝေါ်နေကြသလို အခြောက်တွေ၊ ဂန်ဒူးတွေ၊ မိန်းမလျာတွေ မဟုတ်ကြပါဘူး။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ အသက်ငယ်ရွယ်တဲ့သူများ ထောင်ကျလာပါက ထောင်ထဲမှာရှိတဲ့ ထောင်သက်ရင့်နေတဲ့ ထောင်သဘာကြီးတွေ၊ အပ်ထည်တွေက သူတို့ကို ဂြိုလ်ဖမ်းဖို့ စောင့်နေကြပါတော့တယ်။ သမင်ငယ်ကို ကွေ့လိုက်ရတဲ့ ကျားငစဉ်းလဲကြီးတွေလို စားမတတ် ဝါးမတတ်မျက်လုံးတွေနဲ့ ကြည့်ရှုကြပါတယ်။ ကျနော့်မျက်စိရှေ့မှာတင်ပဲ ကျနော်တို့ရဲ့ အခန်းလူကြီးဖြစ်တဲ့ ဇော်မိုက်က စစ်ပြေးမှုနဲ့ ထောင်ကျလာတဲ့ စစ်သားငယ်တယောက်ကို ဂြိုလ်ဘ၀ကို ပြောင်းလဲပစ်လိုက်တာကို မျက်မြင်တွေ့လိုက်ရပါတယ်။

ဇော်မိုက်ဟာ အဲဒီစစ်သားငယ်ကို အဓမ္မလိင်တူ ဆက်ဆံလိုက်ပြီး ဘဝဖျက်လိုက်ပါတော့တယ်။ ရုပ်ရည်သန့်ပြန့်တဲ့ မွေးရာပါအရည်အချင်းဟာ ထောင်ထဲမှာတော့ နှစ်ကြီးထောင်ကျသမားများရဲ့ ဂြိုလ်အဖြစ် ပြောင်းလဲသွားခဲ့ရတာကို ရင်နင့်စွာနဲ့ တွေ့ခဲ့ရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်၊ ရုပ်ရည်သန့်သန့်နဲ့ လူတယောက် ထောင်ကျလာပါက ငွေကြေးတတ်နိုင်ရင် ထောင်မှူး ထောင်ပိုင်တို့ရဲ့ အပ်ထည်လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ထောင်ကျနှစ်ကြီးသမားများရဲ့ ကြင်ယာတော်ဘဝကို ရောက်ရှိသွားမှာဖြစ်ပြီး ထောင်သဘာတန်းစီးများရဲ့ ကတော်(၁၀)ပါးမှာ တပါးအပါအဝင် ဖြစ်သွားတတ်ပါတယ်။

ထောင်ကျနှစ်ကြီးသမားတွေ “ဂြိုလ်” ဖြစ်အောင်လုပ်နည်းရဲ့ အစကတော့ ထောင်ကျလာတဲ့ လူသစ်တွေကို ပုံစံ စမောင်းတဲ့ နေရာပဲဖြစ်ပါတယ်။ (၅)ဆောင်ရဲ့အခန်း (၁)ဟာ ထောင်ကျလူသစ်များကို ပုံစံ စမောင်းတဲ့ နေရာဖြစ်သလို ထောင်ကျသဘာများရဲ့ “ဂြိုလ်ဈေးကွက်” လည်းဖြစ်ပါတယ်။ အဲဒီအခန်း(၁)မှာ ထောင်ကျလာတဲ့ လူသစ်တွေကိုပုံစံထိုင်ပုံ၊ ရပ်ပုံ၊ ထောင်ထဲမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုစားရမယ်၊ ဘယ်လိုသွားရမယ်၊ စတာတွေကို သင်ပေးပါတယ်။

အဲဒီလိုသင်တဲ့အခါမှာလဲ ထောင်ကျအသစ်တွေကို ရာဇဝတ်အကျဉ်းသား (၁၀)ယောက်လောက်က ခြေထောက်နဲ့ဝိုင်းကန်ကြ၊ တုတ်နဲ့ရိုက်ကြ၊ မျက်နှာတည့်တည့်ကို ခြေထောက်နဲ့ ကန်ကြ စတာတွေကိုလူမဆန်စွာ ပြုလုပ်ပါတယ်။ နံနိမ့်သွားမယ်ဆိုတဲ့ စကားနဲ့အညီ နံရိုးကြားထဲကို တုတ်နဲ့ထိုး၊ ရိုက်တာတွေ မတရား ပြုလုပ်ကြပါတော့တယ်။ တဖုန်းဖုန်း ရိုက်နှက်သံတွေ မြည်ဟီးနေတဲ့ ပုံစံခန်းဟာ ငရဲတမျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အော်ဟစ်သံတွေနဲ့ ဆူညံနေတတ်ပါတယ်။

ထောင်ထုံးစံအရ ဦးချိုးတာလို့ ခေါ်ပါတယ်။ အားပါးတရနဲ့ လူမဆန်စွာ ရိုက်နှက်နေတာကို ထောင်ကျလူသစ်ကလေးတွေခမျာ အသားတွေ တဆတ်ဆတ်တုန်အောင် ကြောက်လန့်နေကြပါတယ်။ ထောင်မှူးတွေ၊ ထောင်ပိုင်တွေ ကိုယ်တိုင်ကလည်း အကျဉ်းသားအချင်းချင်း ပိုမိုရက်စက်ပြနိုင်တဲ့ သူမျိုးကို နေရာကောင်းကောင်း ပေးထားတာကြောင့် အကျဉ်းသားဟောင်းတွေက လူသစ်တွေအပေါ် ပိုပြီး နှိပ်စက်ပါတော့တယ်။ ထောင်ပုံစံခန်းမှာ တန်းစီးလုပ်သူရဲ့ လက်ဟာ ဆိုင်းဆရာစိန်ဗေဒါလို လက်သံအလွန်ပြောင်လှပြီး ရွှေမန်းတင်မောင် ရှုံးလောက်အောင်လည်း အပြောကောင်းလှပါတယ်။

“ခင်ဗျားတို့ အခုရောက်နေတဲ့ထောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ထောင်ကြီး (၃၆) ထောင်ထဲက ရန်ကုန်အင်းစိန်ဗဟိုထောင်ပဲ ဖြစ်တယ်”

“ဘာထောင်လဲဟေ့”

“ရန်ကုန်အင်းစိန်ဗဟို စံပြအကျဉ်းထောင်ပါ”

“အသံတွေ တိုးတယ်”

အဲဒီလို တန်းစီးက အသံတွေတိုးတယ်လို့ ပြောလိုက်တာနဲ့ ဘေးနားကစောင့်နေတဲ့ ရာဇဝတ်သား ပါးကွက်သားတွေရဲ့ တုတ်တွေဟာ ထောင်ကျ လူသစ်တွေကြားထဲ တဖြောင်းဖြောင်းနဲ့ ရောက်ရှိသွား ပါတော့တယ်။ ကျောကုန်းကို အားပါးတရ ဆောင့်ကန်လိုက်တဲ့ ဘုတ်ကနဲဆိုတဲ့ အသံတွေ ကျယ်လောင်လာပြီး အကျဉ်းသားသစ် တွေရဲ့ အော်ဟစ်သံတွေ ဟိန်းတက်လာပြန်ပါတယ်။

“ခင်ဗျားကို ထောင်မှာနေရင် ထောင်စည်းကမ်း လိုက်နာရမယ်။ ခင်ဗျားတို့ဟာ အပြင်ဖက်မှာ ဘာကောင်ကြီးပဲဖြစ်နေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ခင်ဗျားတို့နဲ့ဆိုင်တဲ ဂုဏ်ဒြပ်တွေ၊ ဥစ္စာပစ္စည်းတွေကို ဟောဒီ အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ရဲ့ ဗူးဝမှာချိတ်ထားခဲ့။ ကြားလား”

“အေး၊ ထောင်ထဲမှာ သွားရင်းလာရင်း ထောင်မှူး၊ ထောင်ပိုင်တွေနဲ့ တွေ့ရင် ဘယ်လိုနေရမယ်၊ ဘယ်လိုပြောရမယ်၊ ဆိုရမယ်ဆိုတာ မင်းတို့ကို အားလုံးသင်ပေးပြီးသား၊ ပြီးတော့မှ ထောင်မှူး၊ ထောင်ပိုင်တွေကမေးလို့ ကျနော်မသိလို့ပါ၊ ကျနော်မတတ်လို့ပါဆိုလို့ကတော့ ကိုယ့်ဆွေကိုယ့်မျိုးတွေအားလုံး ဒါလာသွားမယ်”

“ထောင်ထဲမှာခင်ဗျားတို့ဟာ ဘာကောင်ကြီးမှမဟုတ်ဘူး၊ ထောင်ထဲလာပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် မလုပ်နဲ့ ယင်ကောင်ဖမ်းသွားရမယ်၊ ဟေ့ကောင်တွေ အားလုံးကြားလား”

“ကြားပါတယ်”

အဲဒီလို ပုံစံခန်းမှာ မတရားရိုက်နှက်တာတွေကို မခံနိုင်ကြတဲ့သူတွေက သူတို့ပါလာတဲ့စောင်လေးတွေ၊ ပုဆိုးလေးတွေနဲ့ တန်းစီးလုပ်သူကို လာဘ်ထိုးပါတယ်။ အဲဒီလိုလာဘ်ထိုးတဲ့သူကို ရိုက်တဲ့တုတ်က နေရာရွေ့သွားပါ တော့တယ်။ အကျဉ်းသားတွေဆီက မတရားရလိုက်တဲ့ အဝတ်အစားတွေကိုစု အကစဝန်ထမ်းတွေကို ပြန်ရောင်းပြီး အလျော်အစား ပြုလုပ်ကြပါတော့တယ်။

(င) ဂြိုလ်ဖမ်းနည်း

ထောင်ကိုစရောက်လာတဲ့ အကျဉ်းသားသစ်တွေကို ပုံစံမောင်းတဲ့အခန်းမှာ မတရားရိုက်နှက်မှုကြောင့် ကြောက်လန့်နေတဲ့ အကျဉ်းသားတွေထဲက ပိုင်ရာဆိုင်ရာတွေနဲ့. ဂြိုလ်ရွေးဖို့အတွက် အခြားအဆောင်က တန်းစီးလူကြီးတွေ၊ ထောင်ကျနှစ်ကြီးသမားတွေ ရောက်ရှိလာပါတယ်။ သူတို့နဲ့ သိတဲ့သူဆိုရင် ရိုက်နှက်နေတဲ့တန်းစီးနဲ့ နားလည်မှုယူပြီး ပုံစံခန်းထဲကနေ ခေါ်ထုတ်သွားပါတယ်။ ဒါမျိုးကို “အပိုင်သား” လို့ထောင်အခေါ်အဝေါ်အရ သိရပါတယ်။

ဂြိုလ်ရွေးတဲ့ တန်းစီးကျတော့ သူသဘောကျတဲ့ ချာတိတ်ကိုတွေ့ပြီဆိုမှဖြင့် ရိုက်နေတဲ့တန်းစီးကို သူ့အပိုင်သားလို့ သွားပြောပါတယ်။ အဲဒီမှာတော့ ရွေးပြီးသား ချာတိတ်အနားမှာ တဗုန်းဗုန်းမြည်အောင် ချာတိတ် ကြောက်လန်အောင် နှစ်ဆတိုး ရိုက်ပြပါတယ်။ (၁)နာရီလောက်ကြာအောင် ရိုက်နှက်ပြပြီးတဲ့ အခါကျမှ ဂြိုလ်ရွေးမယ့် တန်းစီးက “ဟေ့ကောင်၊ ဒါငါ့အပိုင်သားကွ” လို့ပုံစံခန်းတန်းစီးကို မျက်စိမှိတ်ပြလိုက်ပါတယ်။ အဲဒီတော့မှ ပုံစံခန်း လူကြီးက

“မင်းအပိုင်သားဆိုလည်း စောစောစီးစီးက ပြောတာမဟုတ်ဘူးကွာ၊ ကဲဒါဆိုရင် ပုံစံမောင်းနေတဲ့ လူအုပ်ထဲကထွက်”

ဆိုပြီး လက်ညှိုးထိုးပြတဲ့ ချာတိတ်လေးကို ခေါ်ထုတ်လိုက်ပါတယ်။ ပြီးတော့ ချာတိတ်ရှေ့မှာပဲ

“မင်းမျက်နှာနဲ့မို့ ငါထုတ်ပေးလိုက်တာနော်၊ နို့မို့ဆို မရဘူး”

လို့ ပုံစံမောင်းတန်းစီးက ဂြိုလ်ရွေးတန်းစီးကို ပြောလိုက်ပါတယ်။ အဲဒီချာတိတ်ကလဲ ထောင်ကိုအခုမှ စရောက်တာဆိုတော့ ထောင်အကြောင်းဘာမှ နားမလည် သေးပါဘူး။ ဒါ့ကြောင့် အရိုက်အနှက်တွေ ကြားထဲက သူ့ကို ကယ်တင်လိုက်တဲ့ သူကိုပဲ မဟာ ကျေးဇူးရှင်ကြီးပမာ ယုံကြည် ကိုးစားသွားပါတယ်။

အားကိုးအထင်ကြီးတဲ့စိတ်တွေ ဖြစ်ပေါ်ခဲ့တယ် ဆိုရင်လည်း ဒါဟာ ထောင်ကို မနေ့တနေ့ကမှရောက်လာပြီး လူမဆန်တဲ့ ရိုက်နှက်မှုတွေကြောင့် ကြောက်ရွံ့တုန်လှုပ်မှု ပေါ်ရပါတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ “ဒါငါ့အပိုင်သား”လို့ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီတန်းစီးဆိုတဲ့လူကို ချာတိတ်ခမျာ တခါမှ မမြင်ခဲ့ဖူးပါဘူး။

ပုံစံခန်းထဲမှာ ရှိတဲ့ အကျဉ်းသားတွေထဲကမှ ဘာကြောင့် သူ့ကို ရွေးထုတ် ကယ်တင်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး တခါမှ မမေး ကြည့်ခဲ့တာ အဲဒီချာတိတ်ရဲ့ အမှားပါပဲ။ ဒီလိုနဲ့ ကယ်တင်ရှင် တန်းစီးလုပ်သူက ဒုတိယမြောက်စည်းရုံးတဲ့အနေနဲ့ ရေကန်က ဘုတ်ကိုင်နဲ့ အပေးအယူ ခြေလှမ်းတရပ်ပြင်ပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပါတယ်။ ထောင်အကျဉ်းသားတွေ အားလုံးရေချိုး ရတဲ့အချိန် ရောက်တဲ့အခါမှာ တန်းစီးရဲ့ ချာတိတ်လေးက ရေချိုးဖို့ရေကန်ကို သွားပါတယ်။ တန်းစီးနဲ့ကြိုတင် လက်ဝါးချင်းရိုက်ထားတဲ့ ရေကန်ဘာယာက ရေကို ညီညီညာညာ မခပ်လို့၊ နောက် ဆက်ပြီး ရေချိုးလို့ဆိုပြီး ချာတိတ်ကို အပြစ်ရှာပြီး ရေကန်မှာပဲ ခွေးရိုက်၊ နွားရိုက် ရိုက်ပါတော့တယ်။ ကြိုတင် အကွက်ချထားတဲ့အတိုင်း တန်းစီးက ရုတ်တရက် အနားမှာ ပေါ်လာပြီး

“ဟေ့ကောင် ဒါငါ့ချာတိတ်ကွ မင်းနားမလည်ဘူးလား”

ဆိုပြီး ရေကန်ဘာယာကို မျက်စိမှိတ်ပြပြီး ဟိန်းဟောက်ပါတယ်။ ရေကန်ဘာယာရဲ့ တုတ်ချက်များ ရပ်တန့်သွားပါတယ်။ ပြီးတော့ ပြောပြောဆိုဆိုပဲ ငါနဲ့အတူ ရေလိုက်ချိုးလို့ ပြောပြီး ချာတိတ်ကို ခေါ်ထုတ်သွားပါတယ်။ တန်းစီးရဲ့ သူ့အပေါ်ယုံကြည်အားကိုးလာအောင် ဆွဲဆောင်ချက်တွေကို ချာတိတ်ခမျာ ဘာမှမသိပဲ သူခေါ်ရာ နောက်ကိုလိုက်ပြီး သာမန်အကျဉ်းသားတွေ (၁၅)ခွက်သာချိုးရတဲ့အဆင့်ကနေ ရေဇလုံနဲ့ ကြိုက်သလောက် ခပ်ချိုးလို့ ရတဲ့အဆင့်ကို ရောက်သွားတော့ အကြီးအကျယ် ပျော်နေပါတယ်။

စိတ်ထဲကနေ မဟာကျေးဇူးတွေ တင်နေပေမယ့် သူ့အခြေအနေက ဗိုလ်လိုလို၊ ဂြိုလ်လိုလို ဖြစ်နေတာကို သတိမပြုမိရှာပါဘူး။ ရက်တရက် ကုန်လွန်သွားပြီး နောက်တနေ့ကျပြန်တော့ အလုပ်လေဘာချတာနဲ့ ချာတိတ် ထပ်ပြီး ရင်ဆိုင်ရပါတယ်။ အလုပ်လေဘာဘုတ်က တန်းစီးရဲ့ ပထမနည်းတွေအရ ချာတိတ်ကို မိလ္လာဘုတ်ထဲ ထည့်လိုက်ပါတယ်။ ချာတိတ်လည်း အူတိအူကြောင်နဲ့ မိလ္လာဘုတ်ကိုရောက်သွားပါတယ်။ မိလ္လာကန်ရောက်တော့ သူ့ကိုမိလ္လာဘုတ်ကိုင်က မိလ္လာတွေကို လက်နဲ့ ခြစ်ပြီးသွန်ခိုင်း၊ ကျုံးခိုင်းပါတယ်။

နာရီဝက်လောက်ကြာတဲ့အခါမှာ ချာတိတ်ခမျာ မိလ္လာရဲ့ ဒုက္ခကို ဝဋ်တခုလို ခံစားနေတုန်း ဗြုန်းဆို
သူ့ရဲကယ်တင်ရှင်ကြီး တန်းစီး ရောက်လာပါတော့တယ်။

“ဟေ့၊ ဒါမင်းကိုဘယ်သူခိုင်းတာလဲ၊ ဟာ ဟိုကောင်တွေတော့ ပါးရိုက်ခံရတော့မှပဲ၊ ဟေ့ ဒါငါ့လူကွ၊ ဒီမိလ္လာကနေ ချက်ချင်း ဘုတ်ပြောင်းစမ်း”

တိုင်ပင်ကိုက်ပြီးသား သူ့ရဲ့အပေါင်းအပါတွေက ဟုတ်ကဲ့ဆိုကာ ချာတိတ်ကို သက်တောင့်သက်သာရှိတဲ့ အလုပ်ဘုတ်ကို ပြောင်းပေးလိုက်ပါတယ်။ အဲဒီအခါမှတန်းစီးက ချာတိတ်ကို “ချာတိတ်၊ ထောင်ထဲမှာကျောထောက်နောက်ခံမရှိရင် မင်းကိုဝိုင်းပြီး ထည့်သွားလိမ့်မယ်၊ ငါကလည်း မင်းအနားမှာ အချိန်ပြည့်နေနိုင်တာမဟုတ်ဘူး၊ ဒါပေမယ့် မင်း ငါနဲ့ အတူတူနေတာများရင် ထောင်ထဲကလူတွေက ငါနဲ့ ပတ်သက်တယ်ဆိုပြီး မင်းကို ဘယ်ကောင်မှ ထိရဲတော့မှာ မဟုတ်ဘူး၊ နောက်ဆုံး တခုခုဖြစ်ရင်တောင်ကွာ မင်းငါ့နာမည်ပြောပြီး ရှင်းလို့ရကယ်၊ ဒါကြောင့် မင်းငါနဲ့ အတူတူ လာနေပါလား” ဆိုပြီးချာတိတ်ကို ဂြိုလ်လုပ်ဖို့အတွက် အနီးကပ် စည်းရုံးပါတယ်။ အခြေခံက ရိုးသားပြီး ကျောထောက် နောက်ခံ အမှီသဟဲကလဲမရှိ၊ ပညာဗဟုသုတကလည်း နည်းရှာတဲ့ ချာတိတ်တယောက်ဟာ တန်းစီးရဲ့စကားကြောင့် သိန်းဆုကြီး အကြိမ်ကြိမ်ပေါက်သလို ခံစားသွားရမယ်ဆိုတာ သေချာပါတယ်။ သူနဲ့သာအတူတူနေရင် မဟာကံထူးရှင်တယောက်လို အရိုက်အနှက်ခံ၊ အနှိပ်အစက်မခံရပဲ ကောင်းကောင်းစား၊ ကောင်းကောင်းနေရပြီး ဗိုလ်တပါး ဖြစ်လာနိုင်တယ်လို့ တွေးပြီး တန်းစီးနဲ့ အတူတူနေဖို့ လွယ်လွယ်ကူကူပဲ ခေါင်းညိတ် လက်ခံလိုက်ပါတယ်။

(စ) ဂြိုလ်ဖြစ်အောင်လုပ်နည်း

တန်းစီးရဲ့ အကြံအစည်ရှိရှိ ဖိတ်ခေါ်ချက်ကို ချာတိတ်လက်ခံလိုက်ပြီး အဲဒီညမှာပဲ အတူတူ သွားရောက် အိပ်စက်ပါတော့တယ်။ ညဖက် အိပ်ယာချတော့ ထောင်ကျလာတဲ့ လူသစ်တွေကို လူတွေ ပြည့်ကျပ်နေအောင် များလွန်းလှတဲ့အတွက် မိလ္လာကန်နားမှာ ဖျာအစုတ်တွေနဲ့ နေရာချပါတယ်။

အဲဒီအထဲမှာ ချာတိတ်မပါပါဘူး။ တန်းစီးနားမှာ ဖျာကောင်းကောင်း၊ အိပ်ယာခင်း၊ စောင်ကောင်းကောင်းတွေနဲ့ အိပ်ရတယ်။ ညနေတုန်းက ထမင်းစားချိန်မှာ ချက်ဟင်း၊ ချက်ထမင်းနဲ့ စားရလို့ ထောင်ကျတာကိုမေ့ပြီး အပျော်ကြီးပျော်၊ ကျေးဇူးရှင် ကယ်တင်ရှင်ကြီးကို နှုတ်ကတဖွဖွ ကျေးဇူးတင်နေလေရဲ့။ ဒါပေမယ့် ချာတိတ်ရဲ့ ပျော်ရွှင်မှုတွေဟာ ညဉ့်ဦးယံမှာပဲ စတင် လွင့်စင်သွားပါတယ်။

ည(၉)နာရီ အိပ်ချိန်ပြီးတော့ ထောင်တခုလုံး ဘာယာရဲ့ တချက်တချက်အော်သံကလွဲလို့ တိတ်ဆိတ်နေပါတော့တယ်။ ချာတိတ်ကို နဂိုကတည်းက အကြံနဲ့ စည်းရုံးခဲ့တဲ့ တန်းစီးက သူနဲ့အတူ လိင်ဆက်ဆံဖို့ ချာတိတ်ကို စတင် သွေးဆောင်ပါတယ်။ ညစောင့်ဘာယာရဲ့ “အိပ်ချိန်၊ ခေါင်းတွေဘယ်သူမှ မထောင်နဲ့၊ ထောင်လို့ကတော့ တုတ်လာမယ်” ဆိုတဲ့ ခြိမ်းခြောက်သံကလည်း ကြားနေရပါတယ်။ ချာတိတ်ဖြစ်သူခမျာ အိပ်နေရာကနေ ထိုင်မရ၊ ထမရ၊ ထွက်ပြေးလို့လည်းမရ ဖြစ်နေကုန်း ထောင်ဝန်ထမ်းကို အော်ခေါ်ဖို့ ကြိုးစားပြန်တော့ သူ့နောက်ကျောက တန်းစီးရဲ့ သံချွန်ကြီးက ထောက်ထားတာ တွေ့ရတယ်။ နေ့ခင်းဖက်တုန်းက သူ့ရဲ့ကယ်တင်ရှင်ဟာ ညဖက်မှာ ဘီလူးဆိုတာ ခုတော့ ချာတိတ်သိသွားပါပြီ။ ဒါပေမယ့် သိတဲ့အချိန်ဟာ နှောင်းသွားခဲ့ပါပြီ။

“မနက်ကျလို့ဟိုတိုင်၊ ဒီတိုင်လုပ်ရင် အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်”

လို့ခြိမ်းခြောက်ပါတယ်။ ချာတိတ်ဟာ စစ်တပ်က စစ်သားတယောက် ဖြစ်ပါတယ်။ ခွင့်ရက်ကျော်လွန် ပျက်ကွက်တာကို တပ်ပြေးလို့ တရားရုံးက သတ်မှတ်ပြီး ထောင်ကျလာတဲ့သူ ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်း ယူပြီး တန်းစီးရဲ့ အပေါင်းအပါတွေက မနက်မိုးလင်းတော့ ချာတိတ်ကို “စစ်သမီး” လို့ ဝိုင်းခေါ်ကြ၊ ချာတိတ်ကို “ရှင်” လို့ပြန်ထူးခိုင်းနဲ့ တဝါးဝါးနဲ့ ဝိုင်းရယ်ကြ၊ လှောင်ပြောင်ကြပါတယ်။

လူတစ်ယောက် အဓမ္မကျင့်ခံရတာကို လူမဆန်စွာ ဝိုင်းရယ်နေကြပါသေးတယ်။ အမြင်မတော်တဲ့ လူတွေက ထောင်ထဲက ဒီလိုအနိုင်ကျင့်မှုတွေကို ထောင်မှူးကို တင်ပြကြသော်လည်း

“ကာယကံရှင်တွေ တင်ပြမှ အရေးယူမယ်၊ မင်းတို့ လက်ပူးလက်ကြပ်မမိပဲ လာပြီးရုံးမတင်နဲ့”

ပြန်ပြောလွှတ်လိုက်ပါတယ်။ ဒီကိစ္စတွေမှာ ထောင်မှုးကိုယ်တိုင်က မသိချင်ယောင်ဆောင်နေကြပြီး တဖက်က အားပေးအားမြှောက် ပြုနေပါတယ်။

အဓမ္မလိင်တူ ဆက်ဆံမှုမျိုးကို သာမန်အကျဉ်းသားတွေ အချင်းချင်း ပြုလုပ်တာ မရှိသလောက် ရှားပြီး ထောင်အုပ်ချုပ်ရေးအတွက် တာဝန်တစုံတခု ယူထားတဲ့ သူတွေကသာ ရာနှုန်းပြည့်နီးပါး ကျူးလွန်ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ထောင်တွေအနက် အင်းစိန်ထောင်ဟာ လိင်တူအဓမ္မပြုကျင့်မှုတွေက ဖြစ်ရိုးဖြစ်စဉ်တွေလို ဖြစ်နေပါတယ်။ အခြားသော ထောင်တွေမှာလဲ ဒီလို ဖြစ်ရပ်တွေ ရှိနေပေမယ့် အင်းစိန်ထောင်ဟာ အဖြစ်များဆုံးဖြစ်ပါတယ်။ အဲဒီလို လိင်တူဆက်ဆံရေးကနေတဆင့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ကာ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုနှုန်းလဲ မြင့်တက်လာပါတယ်။ ဒီလိုအဖြစ်တွေကို နဝတစစ်အုပ်စုက သူတို့ အကျိုးစီးပွား မထိခိုက်ဘူးဆိုကာ လျစ်လျူရှုထားပါတယ်။ အကျဉ်းထောင်တွေရဲ့ ညဖက် လူခြေတိတ်ချိန်တွေဟာ အဓမ္မလိင်တူဆက်ဆံမှုတွေ အပြင် ထောင်တွင်း လူသတ်ပွဲ တွေလည်း ခြိမ့်ခြိမ့်သဲ ကျင်းပကြတတ်ကြပါတယ်။

◾ အခန်း(၆)

(က) ထောင်တွင်း ဗိုလ်လုပွဲ

ထောင်ထဲမှာနေရတုန်း ထောင်တွင်း ဗိုလ်လုကြတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။ ဟိုးအရင်ခေတ်တွေတုန်းက ထောင်ကိုရောက်လာတဲ့ အမှုတွေထဲမှာ (၃၀၂) ဆိုတဲ့လူသတ်မှုနဲ့ ထောင်ကျလာတဲ့သူတွေ အင်မတန် ရှားပါးလှပါတယ်။ လူသတ်မှုနဲ့ ထောင်ကျလာတဲ့ အကျဉ်းသားဆိုရင် ကျန်တဲ့အကျဉ်းသားတွေက ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရပါတယ်။

အဲဒီလို သာမန်အကျဉ်းသားတွေက သူတို့ကိုကြောက်ရွံ့ရသလို အကစဝန်ထမ်းတွေကလည်း ကျန်အကျဉ်းသားတွေကို အုပ်ချုပ်ဖို့အတွက် နေရာပေးတတ်ကြပါတယ်။ ဒါပေမယ့် နဝတခေတ်မှာတော့ ပုဒ်မ (၃၀၂) လူသတ်မှုက ပလူပျံအောင် များပြားလှတာကို တွေ့ရပြီး အဲဒီ ပုဒ်မသမားတွေ အချင်းချင်း ထောင်တွင်းနေရာလုတဲ့ (ဗိုလ်လုတဲ့) ကိစ္စတွေ ဆက်တိုက်ပြုလုပ်လာပါတော့တယ်။ လူသတ်မှုနဲ့ ထောင်ကျလာတာ နှစ်ရှည်သမားများဟာ သူတို့မှာ ထောင်ဝင်စာ လာတာလည်းမရှိ၊ ကျောထောက်နောက်ခံကလည်း မရှိ၊ ရဲဘက်စခန်းတွေကိုလည်း မသွားချင်တာကြောင့် ထောင်ထဲမှာ ဗိုလ်အဖြစ်နဲ့ ဝန်ထမ်းတွေကော ကျန်အကျဉ်းသမားများပါ အသိအမှတ်ပြုလာဖို့အရေး သူတို့ (၃၀၂) များ အချင်းချင်း သူ့ထက်ငါ လူစွမ်းကောင်းတွေ လုပ်နိုင်ဖို့ “ဗိုလ်” လုပွဲတွေ ပြုလုပ်လာ ကြပါတယ်။ ထောင်ထဲမှာ ဗိုလ်ဖြစ်ပြီ ဆိုလို့ကတော့ နှိပ်နယ်ပေးမယ့်သူတွေ၊ ဟိုဖက်ဒီဖက် ပေးကမ်း ကျွေးမွေးကြမယ့်သူတွေ ပေါများလာပြီး ထောင်ထဲမှာလုပ်ချင်တာ လုပ်ခွင့်ရတတ်ပါတယ်။ ဒီလို ရေပေါ်ဆီနေရာကို ရာဇဝတ် အကျဉ်းသမားတွေ အတော်လေး နှစ်ခြိုက်ကြပါတယ်။ ဒီလိုနေရာမျိုးရဖို့ ဆိုတာကလည်း လွယ်လွယ်နဲ့ ရနိုင်တာ မဟုတ်ပါဘူး။ ကျောနဲ့ရင်းပြီးမှ ရနိုင်တာမျိုးပါ။ ဒါကတော့ ထောင်ထဲမှာ ရာဇဝတ် အကျဉ်းသားအချင်းချင်း ပြဿနာမရှိ ပြဿနာရှာပြီး လူသတ်ရတာပဲ ဖြစ်ပါတယ်။

ယောက်ျားရင့်မာကြီးတွေ ဖြစ်ရက်နဲ့ ဓားဓားချင်း၊ လှံလှံချင်း မျက်နှာချင်းဆိုင် ခုတ်ပိုင်းဖြတ်ရဲကြတဲ့ သတ္တိမျိုးနဲ့ သတ်တာမဟုတ်ပဲ ညအချိန် အသင့်ယူဆောင်လာတဲ့ သံချွန်နဲ့ အခြားသူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ ထိုးသတ်တာ ဖြစ်ပါတယ်။ ဒီလိုသံချွန်မျိုးကို ထောင်အတွင်း ကျွမ်းကျွမ်းကျင်ကျင် ခိုးယူသွင်းပြီး ထိပ်ဖျားမှာ ချွန်နေအောင် သွေးထားတာပါ။ ဒီလိုသံချွန်မျိုးကို ရာဇဝတ်အကျဉ်းသားတွေ အတော်များများ ကျွမ်းကျင်စွာဖြင့် ထောင်တွင်းသွင်းထားတတ်ကြပါတယ်။

ညအချိန် လူတွေ အိပ်စက်နေပြီဆိုရင် တဖက်သားက ဘာမှ ကြိုတင်မကာကွယ်နိုင်ပဲ ဖြစ်နေချိန်မှာ မသေမချင်း ထိုးသတ်ပါတယ်။ မသေမရှင် ဖြစ်အောင်တော့ ဘယ်တော့မှ မသတ်ပါဘူး။ အကယ်လို့ အသတ်ခံရတဲ့သူ မသေမရှင် ဖြစ်သွားပါက သံချွန်နဲ့ ထိုးခံရသူ မသေပဲ သတ်တဲ့သူကို ထောင်ဝန်ထမ်းတွေ ဝိုင်းရိုက်လို့ အသက်ပါလောက်အောင် ခံစားသွားရပါလိမ့်မယ်။ ဒါကြောင့် သတ်တဲ့သူတွေက မသေမချင်း အသေသတ် ကြပါတယ်။ အဲဒီလိုသတ်လိုက်ပြီး အဆောင်တခုလုံး အုံးအုံးကြွက်ကြွက် ဖြစ်ပြီဆိုပါက တာဝန်ကျတဲ့ အခန်းလူကြီး ဘယ်ချောင်ရောက်သွားမှန်း မသိတော့ပါဘူး။ ဒီလိုအချိန်မှာ တခုခု ဝင်ပြောလိုက်ပါက အခန့်မသင့်ရင် ဝင်ပြောတဲ့သူပါ အနိစ္စသဘောနဲ့ ကိစ္စချောသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကို တန်းစီးတွေက သဘောပေါက်ကြလို့ လူသတ်မှု ဖြစ်ပြီဆိုရင် ဝင်မပါတတ်ကြပါ။ တာဝန်ကျဝန်ထမ်းတွေကိုခေါ် သေတဲ့သူကို အခန်းအပြင်ထုတ်၊ သတ်တဲ့သူဆီက သံချွန်ကိုသိမ်းပြီး တရားခံကို ရဲလက်အပ်ရပါတယ်။ တရားရုံးမှာ နောက်ထပ် အမှုကိုရင်ဆိုင်ပြီး ထောင်နှစ်များများကိုရင်မှာပိုက်ပြီး ထောင်ထဲ ပြန်ဝင်လာပါတယ်။ အဲဒီလို ထောင်ထဲ ပြန်ဝင်လာပြီဆိုရင် တထောင်လုံးက သူသတ်ခဲ့တဲ့ လူသတ်မှုကို အသိအမှတ်ပြုပြောဆို၊ ရာဇ၀တ်သားအချင်းချင်း လေးစားကြောက်ရွံ့တဲ့ အကြည့်တွေနဲ့ ကြည့်ကြ၊ ရိုရိုသေသေ ဆက်ဆံကြပါတော့တယ်။ အဲဒီလို ဖြစ်လာပြီ ဆိုမှဖြင့် ထောင်ပိုင်ကိုယ်တိုင် အသိအမှတ်ပြုတဲ့ အနေနဲ့ အကျဉ်းသားတွေကို အုပ်ချုပ်ဖို့ နေရာတနေရာ ပေးပါတယ်။ အဲဒီအချိန်ကစပြီး ထောင်ထဲမှာ “ဗိုလ်” ဖြစ်သွားပါတော့တယ်။

ညဖက်မှာ ဆူဆူညံညံ ဖြစ်လာရင် လူသတ်မှုဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တော့ အကျဉ်းသားတွေ နားလည်ထားတဲ့ သရဲစီးတာ ဖြစ်တတ်ပါတယ်။ ထောင်ထဲက သရဲစီးတယ် ဆိုတဲ့အကြောင်း နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ သရဲစီးတယ်လို့ ပြောကြပေမယ့် အမှန်တကယ်သရဲရှိလား၊ မရှိဘူးဆိုတဲ့ကိစ္စက အငြင်းပွားစရာ ကိစ္စတခုပါပဲ။ အကျဉ်းသား တော်တော်များများ ထောင်ထဲမှာ ပြောတာကတော့ ညဖက်အိပ်နေရင်း တယောက်ယောက်က စပြီးအိပ်နေရာက “ဟေး” ဆိုပြီး အသံထွက်လာရင် အဲဒီအသံ. စထွက်လာတဲ့ သူကိုရိုက်ပြီး နှိုးရင်နှိုး၊ မနှိုးရင် ဆက်တိုက်ဆိုသလို ဘေးကအိပ်နေတဲ့သူတွေဆီ အသံတွေ ဆက်ကာဆက်ကာ ကူးသွားပါတော့တယ်။ အခန်းတွေကနေအဆောင်၊ အဆောင်တွေကနေ တထောင်လုံး “ဟေး” ဆိုပြီးအသံကြီး ညဖက်မှာ ဟိန်းထွက်လာတတ်တယ်လို့ ပြောကြပါတယ်။ ကျနော်ရှိတဲ့အဆောင်မှာ (၃)၊ (၄) ကြိမ်လောက် အဲဒီလို ဖြစ်ဖူးပါတယ်။ ကျနော်တို့လည်း အော်သံတွေကြားလို့ အိပ်ယာက လန့်နိုးပြီး အပျော်သဘောနဲ့ ဝိုင်းတောင် အော်လိုက်ကြပါသေးတယ်။ ကိုယ်တိုင်တော့ သရဲစီးတာ ခံရတာတော့ မဟုတ်ပါဘူး။ ဗရုတ်ကျပြီး ညသန်းခေါင် သူများတွေနဲ့အတူ အော်ကြတာပဲ ဖြစ်ပါတယ်။ ပျော်စရာ တော်တော်ကောင်းပါတယ်။ ကျနော်တို့အတွက် ပျော်စရာကောင်းပေမယ့် “ဟေး” ဆိုပြီး စအော်တဲ့ ကာယကံရှင်ခမျာတော့ ထောင်ဝန်ထမ်းနဲ့ ဘာယာတွေက “သရဲစီးတာ ဒီကောင်ကစတာ” ဆိုပြီးဝိုင်းရိုက် ကြပါတော့တယ်။ သရဲတော့ ပြောမတတ်ပါဘူး။ ကာယကံရှင်ကတော့ အရိုးတခြား၊ အသားတခြား အရိုက်ခံလိုက်ရပါတော့တယ်။ ဒါကတော့ ကျနော်သိခဲ့တဲ့ ထောင်တွင်းသရဲစီးတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ထောင်ထဲမှာ သရဲစီးလို့ ဆူဆူညံညံဖြစ်သလို ဗိုလ်လုပွဲတွေကြောင့်လည်း ဆူဆူညံညံ ဖြစ်တတ်ပါတယ်။ ထောင်ထဲမှာ လူသတ်ပြီး နောက်ထပ်ပြစ်မှုတွေနဲ့ ထောင်ထဲကိုပြန်ဝင်လာတဲ့ အကျဉ်းသား လူမိုက်တွေကို ထောင်အာဏာပိုင်တွေက နေရာပေး သူကောင်းပြုလာလို့ ထောင်တွင်းဗိုလ်လုပွဲတွေကို လူသတ်မှုတွေနဲ့ပဲ အဆုံးအဖြတ် ပေးကြတော့တာ ဖြစ်ပါတယ်။ ဒီလို “ဗိုလ်လုပွဲ” နဲ့ပတ်သက်လို့ အင်းစိန်ထောင်တွင်းဖြစ်ပွားခဲ့တဲ့ လူသတ်မှုတခုနဲ့ ထောင်ဗိုလ်လုပွဲ တခုအကြောင်းကို ဖော်ပြလိုပါတယ်။ လူတယောက်ရဲ့ အသက်ဟာ သစ်ရွက်၊ ဖက်ရွက်လေး တရွက်လောက်တာ တန်ဖိုးမရှိခဲ့တာတွေကို ကျနော် ကြုံတွေ့ရသမျှ တင်ပြလိုပါတယ်။

(ခ) သွားနာနေလို့ လူသတ်တာ

အင်းစိန်ထောင်ထဲမှာ သားသားဆိုတဲ့ ရာဇဝတ်အကျဉ်းသား တယောက်ရှိပါတယ်။ သားသားဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး အဆောင်မှာ ထိမ်းမနိုင်သိမ်းမရဖြစ်အောင် သောင်းကျန်းနေတာကြောင့် အဆောင်မှာ မထားတော့ပဲ စစ်ခွေးတိုက်ကို ပို့လိုက်ပါတယ်။ တနေ့မှာ မနက်ပိုင်းကြီး သားသားက သူ့သွား မခံမရပ်နိုင် ကိုက်နေတာကြောင့် ထောင်ဆရာဝန်ကို အခေါ်ခိုင်းပါတယ်။

တာဝန်ကျဝန်ထမ်းက “မင်းဆေးကြောင်ပြီး ပြဿနာရှာမနေနဲ့” လို့ပြောပြီး လျစ်လျူရှုထားလိုက်ပါတယ်။ အဲဒီတော့ သားသားကလည်း သူ့သွားတနေကုန် နာကျင်နေလို. ထောင်ဆရာဝန်ကိုခေါ်ပေး၊ မခေါ်ပေးရင် ပြဿနာရှာမယ် ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီတော့မှ ဝန်ထမ်းက ဆရာဝန် မအားသေးလို့ မလာနိုင်ကြောင်း ပြန်ပြောလိုက်ပါတယ်။

အဲဒီမှာ သားသားက သူ့တိုက်ခန်းတံခါးကို ဖွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ အထက်က ညွှန်ကြားထားသောကြောင့် ဖွင့်မပေးနိုင်ဘူးလို့ ဝန်ထမ်းက ပြန်ပြောလိုက်တော့ သားသားက ဒေါသထွက်ပြီး ဒါဆိုရင်ထောင်ပိုင်ကို ခေါ်ပေးလို့ ထပ်ပြောပါတယ်။ ထောင်ဝန်ထမ်းလည်း ဘာမှပြန်မပြောတော့၊

“အေး... ရတယ်၊ မင်းတို့ ထောင်ပိုင်ကိုခေါ်မပေးရင် တွေ့ကြသေးတာပေါ့” လို့ကြိမ်းဝါးပါတယ်။ အဲဒီနောက်ပိုင်း သားသားတယောက် စစ်ခွေးတိုက်အခန်း (၉)ထဲမှာ ငြိမ်ချက်သား ကောင်းနေပါတော့တယ်။ အဲဒီလိုစစ်ခွေးတိုက်မှာ သားသားနဲ့ ဝန်ထမ်းတယောက် အဆင်မပြေ ဖြစ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တရားရုံးပြန်တွေကို ထောင်ထဲက မိန်းဂျေးလ်က ၂ ထောင်မှုးကြီးမြင့်လှတို့ အုပ်စုက မူးယစ်ဆေးနဲ့ ပိုက်ဆံတွေကို ရှာဖွေရေး ဝင်နေပါတယ်။ ဒီလိုထောင်တွင်း ရှာဖွေးရေးဝင်တာကို ထောင်အခေါ်အရ “တလာစီ” တယ်လို့ ခေါ်ပါတယ်။ အဲဒီလို တလာစီနေချိန်မှာ တရားရုံးပြန်ထဲက ကံဆိုးသူတယောက် မျက်စိတွေနီနေတာနဲ့

“မင်းရုံးမှာ ဆေးချလာတယ် မဟုတ်လား၊ မင်းမလိမ်နဲ့၊ ငါကိုမှန်မှန်ပြောစမ်း”

အဲဒီအချုပ်သားကို ခြိမ်းခြောက်ပြီး စစ်ပါတော့တယ်။ ဆေးရုံက စစ်ချက်ယူပါတယ်။ ဒါပေမယ့်  ဆေးရုံရဲ့ စစ်ချက် မလာခင်မှာပဲ မိန်းဂျေး၀န်ထမ်းတွေရဲ့ တဖက်သတ် ဆုံးဖြတ်ချက်များကြောင့် အချုပ်ဘဝနဲ့ တရားရုံး ထွက်နေရတဲ့ အဲဒီအချုပ်သားကို ဒေါက်တွေ၊ ခြေကျင်းတွေခတ်ပြီး စစ်ခွေးတိုက်ကို ပြစ်ဒဏ်ဆိုပြီး ပို့လိုက်ပါတယ်။ စစ်ခွေးတိုက်မှာ အခန်း (၁ဝ)ခန်းရှိတဲ့အနက် အခြားအခန်းတွေမှာ မထားပဲ ပြဿနာကောင် သားသားရှိတဲ့ အခန်း (၉)မှာ ထားလိုက်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ ထမင်းစားဝိုင်းမှာ ထမင်းအတူတူစားပြီး အလုပ်ကြီးမှာ အလုပ်လုပ်ရတဲ့ ကိုမြင့်ဦးလည်း တလာစီတဲ့အခါမှာ ပြဿနာတက်ပြီး စစ်ခွေးတိုက်ကို ဒေါက်ခတ်၊ ခြေကျင်းပြစ်ဒဏ်နဲ့ ပို့ခံလိုက်ရပါတယ်။ ကိုမြင့်ဦးဟာ ပုဒ်မ(၁၂၀)နဲ့ ထောင်ကျလာတဲ့ အကျဉ်းသားတဦးဖြစ်ပါတယ်။ သူတို့တလာစီတုန်းက ပိုက်ဆံအခေါက်ကလေးတခု မိသွားလို့ပဲဖြစ်ပါတယ်။ ကိုမြင့်ဦးကိုလည်း ပြဿနာကောင်  သားသားရှိတဲ့ အခန်း(၉)ထဲမှာပဲ နောက်တယောက်နဲ့ အတူတူ နေခိုင်းပါတယ်။ အဲဒီမှာ သားသားက စစ်ခွေးမှာ အခြားတိုက်ခန်းတွေ ရှိရက်သားနဲ့ သူ့အခန်းထဲမှာပဲ (၃) ယောက် မထားဖို့ ဝန်ထမ်းကိုအရေးဆိုပါတယ်။ စစ်ခွေးတိုက်ဝန်ထမ်းက သူ့ကိုဘာတခွန်းမှ ပြန်မပြောပဲ အခန်း (၉)ထဲမှာပဲ လူသုံးယောက် စုထားလိုက်ပါတယ်။ စစ်ခွေးတိုက်ရဲ့ အခန်းတွေက အခြားတိုက်ခန်းများနဲ့ မတူပဲ ထူးခြားတဲ့ အချက်တချက် ရှိပါတယ်။ အဲဒီအချက်ကတော့ တိုက်ခန်းရဲ့ ထောင့်တဖက်မှာ အပေါ့၊ အလေးသွားဖို့ အတွက်ထားထားတဲ့ ဂန်ဖလားတလုံးရှိပါတယ်။ အိမ်သာတက်တဲ့အခါမှာ ဂန်ဖလားကို ခွထိုင်ထားတဲ့အတွက် ကြာကြာထိုင်ရင် ခြေသလုံးတွေ တောင့်တင်းလာပါတယ်။ ဒါကြောင့် ၅(ည)တွေက ဝိုင်းပြီး ထောင်ပိုင်ဘိုကြည်ကို  တင်ပြကြလို့ ထောင်ပိုင်ဘိုကြည်က ဂန်ဖလားတဖက်တချက်စီမှာ အုတ်ခဲနှစ်လုံးဆင့် ပေးထားပါတယ်။ အုတ်ခဲနှစ်လုံးစာ အမြင့်ကနေ နောက်ဖေးသွားရတာ အတော်ကို အဆင်ပြေပါတယ်။ ထောင်ပိုင်ဘိုကြည်ရဲ့ လိုက်လျောမှုကြောင့် ဒီလို အုတ်ခဲလေးနဲ့ ဘာနဲ့ ဖြစ်လာတာကြောင့် အုတ်ခုံလေးဖြစ်အောင် တင်ပြခဲ့ကြတဲ့ ၅(ည)တွေက အဲဒီအုတ်ခုံလေးမှာ “ဘိုကြည်ကောင်းမှု”လို့ ရေးထိုးထားတာကို ကျွန်တော်တို့ လေဘာကိစ္စပြစ်ဒဏ်နဲ့ စစ်ခွေးတိုက်မှာ နေရစဉ်တုန်းက တွေ့မြင်ခဲ့ရပါတယ်။

သားသားက အဲဒီအခန်းထဲကို အရင်ဦးဆုံး ရောက်နှင့်တဲ့သူဖြစ်လို့ အိမ်သာတက်တဲ့ အုတ်ခုံကို ခြေကျင်းနဲ့ ရိုက်ဖြုတ်ထားတာကို ဘယ်သူမှ မသိလိုက်ပါဘူး။ ညအိပ်ချိန် ရောက်တဲ့အခါမှာ သားသားက အဝင်ပေါက်ဝမှာ သူအိပ်ဖို့နေရာ သတ်မှတ်ပါတယ်။ ပြီးတော့ကိုမြင့်ဦးနဲ့ အချုပ်သားကို ခြေရင်းဖက်က အိမ်သာတက်တဲ့ ဂန်ဖလားနားမှာ အိပ်ဖို့ သူကပဲ နေရာချပေးပါတယ်။ ည (၉)နာရီထိုးတော့ ကိုမြင့်ဦးနဲ့ အချုပ်သားကလည်း အသီးသီး ကိုယ့်နေရာကိုယ် အိပ်ကြပါတယ်။ ညသန်းခေါင်လောက် အားလုံး အိပ်မောကျနေတဲ့ အချိန်မှာ အိမ်သာတက်တဲ့ ဂန်ဖလားနားမှာ အိပ်နေတဲ့ ကိုမြင့်ဦးကို သားသားက ခြေထောက်နဲ့ကန်ပြီးနှိုးပါတယ်။ “မင်းဟိုဘက်ထောင့်မှာသွားအိပ်” ဆိုပြီးပြောပါတယ်။ ကိုမြင့်ဦးကလည်း အိပ်ယာကရုတ်တရက် နှိုးခံလိုက်ရလို့ ဒေါသ ထွက်သွားပါတယ်။ ညသန်းခေါင် အချိန်မတော် ပြဿနာ မတက်ချင်တာကြောင့် မနက်ကျမှပဲ ဝန်ထမ်းကိုပြောပြီး အခန်းပြောင်းနေမယ်လို့ ဆုံးဖြတ်ပြီး တဖက်ကို ပြောင်းရွေ့ အိပ်လိုက်ပါတယ်။ ဒီလိုအိပ်ယာ ပြောင်းအိပ်လိုက်တာဟာ ကိုမြင့်ဦးအတွက် အင်မတန်
ကံကောင်းသွားတယ်ဆိုတာ ခဏအကြာမှာပဲ သိလိုက်ပါတော့တယ်။ သားသားဟာ သူ့ရဲ့ ဖြေကျင်းနဲ့ဒေါက်ကို သေသေချာချာပြင်ဆင်၊ သူ့ပုဆိုးကို ပြန်ပြင်ဝတ်ပါတယ်။ အိမ်သာတက်တဲ့ ဂန်ဖလားဘေးက အုတ်ခဲတလုံးကို ဆွဲဖြုတ်လိုက်ပြီး သူ့နဘေးနားက အိပ်မောကျနေတဲ့ အချုပ်သားရဲ့ ဦးခေါင်းကို လက်ထဲကအုတ်ခဲနဲ့ အချက်ပေါင်းများစွာ ထုချလိုက်ပါတယ်။ အားပါးတရ သူ့စိတ် ကျေနပ်လောက်အောင် ရိုက်ပြီးချိန်မှာ အချုပ်သားခမျာ အသံတောင် မထွက်နိုင်ရှာပဲ အသက်ဇီဝိန် ချုပ်ငြိမ်းသွားပါတယ်။

ဒီအဖြစ်အပျက်ကို အစအဆုံး မြင်လိုက်ရတဲ့ ကိုမြင့်ဦးတယောက် သွေးပျက်မတတ် ခံစားလိုက်ရပါတယ်။ ကြောက်ရွံ့တုန်လှုပ်မှုကြီးစွာနဲ့ တာဝန်ကျ ဝန်ထမ်းတွေကို အော်ဟစ်ခေါ်ပါတယ်။ ညဖက် တာဝန်ကျ ဝန်ထမ်းတွေနဲ့ ထောင်ပိုင်တို့ စစ်ခွေးတိုက်ကို ချက်ချင်း ရောက်ရှိလာပါတယ်။ ရောက်ရောက်ချင်း သူတို့တွေက သားသားကို လက်နက်ချဖို့ ပြောပါတယ်။ သားသား လက်နက်ချပြီးတဲ့အခါမှာ ထောင်ပိုင်က အချုပ်သားကို ဘာ့ကြောင့် သတ်ရတာလဲလို့ မေးတော့ သူမနက်တည်းက သွားနာနေလို့ ထောင်ဆရာဝန်ကို ခေါ်ခိုင်းပေမယ့်မရ၊ ထောင်ပိုင်ကို ခေါ်ခိုင်းတာလဲ မရလို့ ဒီလိုလုပ်ပြီး ခေါ်ရတာပဲလို့. သားသားက ပြန်ဖြေပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အကျဉ်းထောင်တခုလုံး ပျံ့နှံ့သွားတာကြောင့် ဒီအမှုပြီးဆုံးလို့ ထောင်ထဲ ပြန်ရောက်လာရင်
ကျန်တဲ့အကျဉ်းသားတွေက သူ့ကို ကြောက်ရွံ့လေးစားကြမှာ ဖြစ်သလို၊ “ဗိုလ်” တယောက် ဖြစ်လာမှာလဲ သေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့အလိုဒေါသ၊ အတ္တတွေကို တန်ဖိုးရှိလှတဲ့ လူ့အသက်တွေနဲ့ ရင်းနှီးနေကြတာ ရင်နင့်ဖွယ် ကောင်းလှပါတယ်။ လူတယောက်ရဲ့ အသက်ဟာ ဖက်ရွက်လေးတရွက်လောက် တန်ဖိုးမရှိ ဖြစ်သွားပါတယ်။ ထောင်အတွင်းမှာ လူ့အသက်ဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ လုံခြုံမှု ကင်းဝေးသွားတာကို တွေ့လိုက်ရပါတယ်။

(ဂ) ကြိုးမိန့်နဲ့မသေပဲ ပေါက်ပြားနဲ့ သေရသူ

အင်းစိန်ထောင်ထဲမှာ ၁၉၉၁ ခုနှစ်တုန်းက လူသတ်မှုကြီးတခု အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။.အမှတ်(၄) အိပ်ဆောင်မှာ ထောင်မှုးအောင်စိုး အုပ်ချုပ်နေတဲ့ အချိန်မှာ ဖြစ်ပါတယ်။ အဆောင် (၄)ရဲ့ ရေကန်ဘာယာ မြဂေါင်နှင့် ရာဇ၀တ်အကျဉ်းသားတဦးဖြစ်တဲ့ ငါးရှဉ့်တို့ရဲ့ အုပ်စုဖွဲ့ အားပြိုင်မှုကို အခြေခံပြီး နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပွားပါတယ်။ သူ့ဂွင်၊ ကိုယ့်ဂွင် ဆိုပြီးစည်းခြားထားပြီး စည်းကျော်လာရင်တော့ မြဂေါင်က သူပိုင်နယ်ဖြစ်တဲ့ ရေကန်မှာ
အာဏာကုန်ထုတ်သုံးပြီး လက်စွမ်းပြပါတယ်။ မြဂေါင်နဲ့
ငါးရှဉ့်တို့ နှစ်ဖက်ကြား အငြိုးအတေးတွေ ရှိကြပါတယ်။

အဲဒီအငြိုးကလည်း “ဂြိုလ်” လုကြတဲ့ကိစ္စအပေါ် အခြေခံပြီး မြဂေါင်က ငါးရှဉ့်တို့အပေါ် လူလည်ကျသွားတဲ့ ပြဿနာပါပဲ။ အဲဒီနောက်ပိုင်း သူတို့ အဖွဲ့တွေ တဖက်နဲ့တဖက် စောင်းမြောင်းနေကြပါတော့တယ်။ တရက်မှာ မြဂေါင်ဟာ ထုံးစံအတိုင်း အသံစွာကျယ်စွာကျယ်နဲ့ လက်ထဲမှာ လက်စွဲတော် ဝါးရင်းတုတ်ကို ကိုင်ထားပြီး ရေကန်မှာ ပါဝါပြနေပါတယ်။ အဲဒီအချိန်မှာ ငါးရှဉ့်တို့ အုပ်စုထဲက ချာတိတ်တယောက်ကို ရေကန်မှာရှိတဲ့ စည်းကမ်းကို မလိုက်နာလို့ဆိုပြီး တုတ်နဲ့ရိုက်ပါတယ်။ မြဂေါင်ကလည်း သူ့ဂွင်ထဲ ဝင်လာတာကြောင့် အပိုင်ပဲဆိုပြီး ရိုက်လွတ်လိုက်ပါတယ်။ အဲဒီချာတိတ်လည်း မြဂေါင်ရဲ့ လက်ချက်နဲ့ ဖူးရောင်သွားပါတယ်။ ပြီးတော့ သူတို့ခေါင်းဆောင် ငါးရှဉ့်ဆီ သတင်းပို့ အကြောင်းကြားပါတယ်။ မြဂေါင်ကလည်း ငါးရှဉ့်ကို မသိမသာ စိန်ခေါ်လိုက်တဲ့ သဘောလည်း ပါတာကြောင့် သူတို့(၂)ဖက်ရဲ့တိုက်ပွဲက မလိုလားအပ်ပဲ ကြီးထွားလာပါတော့တယ်။ အဲဒီမှာတင် ငါးရှဉ့်တို့အဖွဲ့က သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်ဖို့နဲ့ အမှတ်(၄)ဆောင်ရဲ့ ဗိုလ်လုပွဲကို စတင်ဖို့ ကြိုးစားပါတော့တယ်။ မြဂေါင်ကို သတ်ဖို့
ကြံစည်ပါတော့တယ်။

သိပ်မကြာခင် ရက်ပိုင်းလောက်မှာ နေ့လယ်စာ စားပြီးလို့ အကျဉ်းသားတွေအားလုံး အချိန် (၁)နာရီ လောက်ရတဲ့အတွက် ကိုယ့်အခန်းမှာကိုယ် လဲလျှောင်းနားနေချိန်မှာ ဖြစ်ပါတယ်။ ငါးရှဉ့်နဲ့ သူ့အပေါင်းအပါတစုဟာ မြခေါင်အိပ်နေတဲ့ (၄) ဆောင် အခန်း (၁)ထဲကို ဝင်သွားကြပြီး အသင့်ပါလာတဲ့ တောင်ယာမှာသုံးတဲ့ ပေါက်တူးနဲ့ မြဂေါင်ကို ခုတ်ပါတော့တယ်။

ငါးရှဉ့်တို့ရဲ့ ဒီလိုလှုပ်ရှားမှုတွေကို ကြိုတင်မြင်တဲ့ အကျဉ်းသားတွေက ထပြေးတဲ့သူကပြေး၊ အသံဗလံတွေ ဆူတက်သွားတာမို့. မြဂေါင်ဟာ အဲဒီအခြေအနေကို အသုံးချပြီး အခန်းထဲက ထွက်ပြေးပါတယ်။ ငါးရှဉ့်ရဲ့ တပည့်တယောက်က မြဂေါင်ရဲ့ အခန်းဝက တူရွင်းတချောင်းနဲ့ စောင့်နေပြီး မြဂေါင် ထွက်ပြေးလာတော့ တူရွင်းနဲ့ ဆီးရိုက်ပါတယ်။ ကံကောင်းစွာပဲ တူရွင်းက မြဂေါင်နဲ့ အလွဲလွဲ အချော်ချော် ဖြစ်သွားပါတယ်။ မြဂေါင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ အရှေ့ဖက်က ကန်းစွန်းကြီးပင်တွေ စိုက်ထားတဲ့ တောင်ယာထဲကို ထွက်ပြေးပါတယ်။ နေ့လယ်ခင်း နေပူကျဲကြီးထဲမှာ မြဂေါင်တယောက် တောင်ယာထဲ နောက်ပြန်ပြေးနေရင်း

“သူငယ်ချင်းတို့၊ ငါအပြစ်ကို ငါတောင်းပန်ပါတယ်ကွာ၊ နောက်မင်းတို့ကို ငါဘာမှမလုပ်တော့ပါဘူး” လို့ ပါးစပ်က တတွတ်တွတ် ပြောပါတယ်။ မြဂေါင်ရှိရာ တောင်ယာဆီကို တရွေ့ရွေ့ ချဉ်းကပ်လာနေတဲ့ ငါးရှဉ့်တို့ အုပ်စုက မြဂေါင်ကို ချောင်ပိတ်ရိုက်ဖို့ သွေးအေးအေးနဲ့ တလှမ်းချင်း ရှေ့တိုးလာပါတယ်။ နောင်ရိုး ဖောင်ဖျက်ပြီးသားဆိုတဲ့ ထုံးကိုနှလုံးမူပြီး လက်ထဲမှာ တူရွင်း၊ ပေါက်ပြား အသီးသီးကိုကိုင်ပြီး မြဂေါင်ရှိရာ တူရူကိုသာ သဲသဲမဲမဲ ဦးတည်သွားနေပါတယ်။

အကျဉ်းသားတွေအားလုံး အုတ်အော်သောင်းနင်း ဖြစ်နေတာမို့ ထောင်ဝန်ထမ်းတချို့နဲ့ ထောင်မှူး ရောက်လာ ပါတယ်။ ငါးရှဉ့်တို့အုပ်စုကို လက်နက်ချဖို့ အော်ပြောနေပေမယ့် ငါးရှဉ့်တို့အုပ်စုက တုတ်တုတ်တောင် တချက် မလှုပ်ပဲ မြဂေါင်ရှိရာကိုသာ သဲကြီးမဲကြီး လိုက်နေပါတယ်။ မြဂေါင်ရဲ့ တုန်လှုပ်နေတဲ့ အသံကြီးနဲ့ တွေ့သမျှ လူတွေအားလုံးကို အကူအညီ တောင်းနေပေမယ့် သူ့ကိုကယ်တင်ဖို့ ဘယ်သူမှ အနားမကပ်ရဲပါဘူး။ ငါးရှဉ့်တို့အဖွဲ့ရဲ့ ရှေ့ကို တလှမ်းချင်းတိုးသွားတဲ့ ခြေလှမ်းတွေဟာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို သွေးအေးလွန်းလှပါတယ်။

ဒီလို ရှေ့ကို ခြေတလှမ်း တိုးနေရင်းက ငါးရှဉ့်ဟာ သူ့လူတွေကို “မကြောင်နဲ့နော်၊ လုပ်စရာရှိတာ အပြတ်လုပ်၊ မကြောင်သွားနဲ့နော်” လို့ တဖွဖွမှာနေပါတယ်။ မြဂေါင်ရဲ့ သွေးပျက်စရာ ကောင်းလှတဲ့ အော်သံကြီးက ညံထွက်လာပါတယ်။ နောက်ပြန် လှည့်ပြေးနေရင်း ပါးစပ်ကနေ သွေးရူး သွေးတန်း အော်ဟစ်တောင်းပန်နေရင်း တနေရာအရောက် ကန်စွန်းခင်းဘောင်နဲ့ တိုက်မိပြီး လဲကျသွားပါတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ကုန်းအထ ငါးရှဉ့်နဲ့ ပါလာသူတယောက်က လက်ထဲကတူရွင်းနဲ့ မြဂေါင်ရဲ့ နောက်စေ့ကို “ခွပ်” ကနဲမြည်အောင် ရိုက်ချလိုက်ပါတယ်။

“အင့်” ကနဲမြည်ပြီး ခေါင်းကသွေးတွေ ဖြာကနဲစီးကျလာတယ်။ ခန္ဓာကိုယ် ဒယီးဒယိုင်နဲ့နှစ်လှမ်း၊ သုံးလှမ်းလောက်လှမ်းပြီး မြဂေါင်လဲကျသွားတယ်။ အဲဒီမှာ ငရှဉ့်ကသူ့လက်ထဲက တောင်ယာသုံး ပေါက်ပြားနဲ့ မြဂေါင်ရဲ့ လည်ပင်းကို အားကုန် ခုတ်ချလိုက်ပါတယ်။ လည်ပင်းနဲ့ ခေါင်းဟာ ပြတ်လုမတတ် ဖြစ်သွားတော့ ငါးရှဉ့်တို့အပါအဝင် ဒီအဖြစ်အပျက်ကို အစအဆုံး ကြည့်နေကြတဲ့ သူတွေအားလုံး ကြက်သေသေသွားပါတယ်။ ထောင်ဝန်ထမ်းတွေနဲ့ ထောင်မှူးကိုယ်တိုင် ပါးစပ်အဟောင်းသားဖြစ်ပြီး မြင်ကွင်းကို အသေပမာ စိုက်ကြည့်နေပါတယ်။ ငါးရှဉ့်ကိုယ်တိုင် ကြောင်တောင်တောင် ဖြစ်သွားပြီး သူ့တပည့်ကျော်တွေက မြဂေါင်သေသွားတာ ကျိန်းသေပြီလို့ ပြောမှ မိန်းဂျေးထောင်မှုးကြီးလှမြင့်ကို ခေါ်ခိုင်းပါတယ်။ ထောင်မှူးကြီးလှမြင့်လာမှ လက်နက်ချနိုင်မယ်လို့ပြောမှ ထောင်မှူးကြီးကို သွားခေါ်ပေးပါတယ်။ ခဏအကြာမှာ ထောင်မှူးကြီးလှမြင့် လူသတ်မှုဖြစ်တဲ့နေရာကို ရောက်လာပါတော့တယ်။ ထောင်မှူးကြီးလှမြင့် ရောက်တာနဲ့ ငါးရှဉ့်နဲ့ အပေါင်းအပါ(၂)ဦးတို့ဟာ သူတို့ခန္ဓာကိုယ်ပေါ်က ထောင်အဝတ်အစားတွေကို တခုမကျန် အကုန်ချွတ်လိုက် ပါတယ်။ ပြီးတော့ ထောင်မှူးလှမြင့်ကို

“ကျနော်တို့ လူတယောက်ကို သတ်လိုက်ပြီ၊ အဲဒီတော့ ကျနော်တို့ကို နောက်မှု ရုံးထွက်ရမှာ ဖြစ်တဲ့အတွက် ရဲလက်အပ်ပါ။ ကျနော်တို့ကိစ္စရဲနဲ့ ဆိုင်သွားပြီ၊ အကျဉ်းဦးစီးဌာနနဲ့ မဆိုင်တော့ဘူး၊ ကျုပ်တို့ ခန္ဓာကိုယ်မှာ ဘာအရှိုးရာမှ မရှိဘူးနော်၊ အဲဒီတော့ ထောင်မှူးကြီးတို့(အကစ)ဝန်ထမ်းတွေ ရိုက်ဖို့ပြင်နေတာကို ရုတ်သိမ်းပါလို့ တောင်းဆိုပါတယ်”

ထောင်မှူးကြီးလှမြင့်ကသူ့ ဝန်ထမ်းတွေဖက်လှည့်ပြီး

“ကဲ၊ ကဲ မင်းတို့ဘာမှမလုပ်ကြနဲ့”

လို့ပြောဆိုပြီး ငါးရှဉ့်တို့ဆီက လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို သိမ်းယူပါတယ်။ (ဒီနေရာမှာ တချက်တင်ပြစရာ တခုရှိပါတယ်။ တခါတုန်းက ထောင်ထဲမှာ သံချွန်ကို အသုံးပြုပြီး လူသတ်ခဲ့တဲ့ အကျဉ်းသားတရားခံ တယောက်ကို အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေဝိုင်းပြီး ရိုက်နှက်ပြီး သူ့အမှုကို တရားရုံးထုတ်ပါတယ်။ တရားရုံးကို ရောက်တဲ့အခါမှာ တရားခံဖြစ်သူက သူ့ရဲ့အင်္ကျီကိုချွတ်ပြီး သူ့ကျောကုန်းက အကစဝန်ထမ်းတွေ လူမဆန်စွာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို တရားခွင်က အများပြည်သူ ရှေ့မှောက်မှာ ပြသလိုက်ပါတယ်။ အဲဒီတော့ ဝိုင်းရိုက်တဲ့ ထောင်ဝန်ထမ်းတွေ အားလုံး ပြဿနာဖြစ်ပြီး ဒီအီး (DE) ဝင်သွားပါတယ်။ အကျဉ်းသားအတွင်း လူသတ်မှုဖြစ်ပါက ထိုအမူဟာ အမှုကိုင်ရဲနဲ့ တရားရုံးတို့နဲ့သာ သက်ဆိုင်သွားပြီး ထောင်တွင်း စည်းကမ်းချိုးဖောက်မှု အသေးအမွှားလေးတွေသာ ထောင်ဝန်ထမ်းတွေနဲ့ သက်ဆိုင်ပါတယ်။)

မြဂေါင်ဟာ အင်မတန်မှ အသက်ပြင်းပြီး သူ့ကိုချထားတဲ့ ကြိုးမိန့်ပြစ်ဒဏ်နဲ့ မသေပဲ ငရှဉ့်ရဲ့ ပေါက်ပြားလက်ချက်နဲ့ သေရကြောင်း မြဂေါင်နဲ့အတူ ကြိုးတိုက်မှာနေခဲ့ဖူးတဲ့ ကေအန်ယူက ကရင်အမျိုးသား ဖထီးများကပြောပြလို့ သူ့ကြိုးဘဝကို သိခဲ့ရပါတယ်။

၁၉၈၅-၁၉၈၈ မဆလ အစိုးရပြုတ်ခါနီးအချိန်မှာ အင်းစိန်ထောင်ကို အုပ်ချုပ်တဲ့ သူကတော့ ထောင်ပိုင်စိန်ဌေးပဲဖြစ်ပါတယ်။

ထောင်သက်ရင့်နေတဲ့ ထောင်သဘာတွေ၊ ရာဇဝတ်လူဆိုးကြီးတွေ ယောက်ျားတန်မဲ့ “ရှင်” လို့ ထူးသွားရအောင် အကျဉ်းသားအားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ထောင်ပိုင်တယောက်အဖြစ်နဲ့ နာမည်ကြီးပါတယ်။ ဒါကြောင့် ထောင်ပိုင်စိန်ဌေး အုပ်ချုပ်စဉ်ကာလက ဒီလိုစာချိုးလေးရှိတယ်လို့ အများကပြောကြပါတယ်။ “ကုန်းမှာ မြွေပွေး၊ ရေမှာ ငရွေး၊ ထောင်မှာ စိန်ဌေး” တဲ့။ ထောင်ပိုင်စိန်ဌေးဟာ အကျဉ်းသားတွေအပေါ်၊ ထောင်ရာဇ၀င်လူဆိုးတွေအပေါ်မှာ အောင်ပွဲတွေ ခံပေမယ့် အဲဒီအောင်ပွဲက ကြာကြာမခံခဲ့ပါဘူး။ သူချုပ်ကိုင်ခဲ့တဲ့ ထောင်လူဆိုးတွေ လွတ်တဲ့အခါ ထောင်ပိုင်စိန်ဌေးရဲ့ သမီးကို အကျဉ်းဦးစီးဌာနဝင်းမှာပဲ မုဒိန်းကျင့်သွားခဲ့လို့ ရူးမတတ် ခံစားရတယ်လို့ ကြားသိရပါတယ်။ အဲဒီထောင်ပိုင်စိန်ဌေးရဲ့ လက်ထက်မှာ ထောင်ထဲကို မြဂေါင်ဆိုတဲ့ အကျဉ်းသားတယောက် ရောက်ရှိလာပါတော့တယ်။ မြဂေါင်ဟာ ရာဇဝတ်မှုတွေ အကြီးအကျယ်ကျူးလွန်ခဲ့ပြီး၊ လူသတ်၊ ပစ္စည်းလု၊ မုဒိန်းကျင့်၊ အလောင်းဖျောက် စာရင်းဝင်တယောက်မို့ တရားရုံးက သူ့ကိုသေဒဏ်အမိန့် ချမှတ်ခဲ့ပါတယ်။ မြဂေါင်ဟာ သူ့ရဲ့အမှုအတွက် အယူခံလွှာခံအဆင့်ဆင့် တင်ခဲ့ပေမယ့် မြို့နယ်၊ တိုင်း၊ ဗဟို အဆင့်တွေက “ပလပ်” လိုက်လို့ အဲဒီတုန်းက နိုင်ငံတော်သမ္မတကြီးဦးစန်းယုထံကို နောက်ဆုံး အဆင့်အနေနဲ့ အယူခံလွှာ တင်သွင်းနေရတဲ့ အချိန်ဖြစ်ပါတယ်။ မဆလအစိုးရလက်ထက် အကျဉ်းထောင်အတွင်း ကြိုးပေးစနစ်က စီနီယာအလိုက် အလှည့်ကျ ပုံစံဖြစ်ပါတယ်။ မြဂေါင်ဟာ သူ့ရဲ့ အမှုရှုံးနေမှန်းသိသွားပြီး ဒီတခေါက် ကြိုးပေးခံရမယ့်အလှည့်က သူ့အလှည့်ဖြစ်တာကြောင့် သေရမှာကို အလွန်တုန်လှုပ်နေပါတယ်။ ဒါကြောင့်ကြိုးမိန့်ကို အနည်းငယ် ရှောင်ကွင်းနိုင်အောင်ဆိုပြီး မြဂေါင်တစ်ယောက် ရုပ်ရှင်ရိုက်ပါတော့တယ်။ ရုပ်ရှင်ရိုက်တယ်ဆိုတာ ပိပိရိရိ ဟန်ဆောင်တာကို ပြောတာပါ။ သူရုပ်ရှင်ရိုက်တဲ့ ပုံစံက သူ့အောက်ပိုင်း ခြေထောက်သေသွားတဲ့ ပုံစံဟန်ဆောင်ပြီး သေးမှန်း၊ ချီးမှန်းမသိအောင် တကယ့်ကို ဟန်ဆောင်ကောင်းကောင်းနဲ့ သရုပ်ပါပါ ဟန်ဆောင်ပါတယ်။ မြဂေါင်အခုလို ဟန်ဆောင်နေတာကို ထောင်ဆရာဝန်အားလုံးက သင်္ကာမကင်းဖြစ်နေပါတယ်။

ထောင်ရဲ့ထုံးစံအရ ကြိုးမိန့် သေဒဏ်အမိန့် ဆိုတာ သတ်ချင်တိုင်းသတ်လို.မရကြပါဘူး။ သတ်မှတ်ထားတဲ့ ကျန်းမာရေးစံချိန်၊ စံညွှန်းတွေနဲ့ ကိုက်ညီကြောင်း ဆရာဝန်ရဲ့ ဆေးထောက်ခံချက် ပါမှသာ ကြိုးပေးသတ်လို့ ရပါတယ်။ ကြိုးပေးခါနီး အကျဉ်းသားဟာ ကျန်းမာရေးအရ ကောင်းမွန်နေရပါမယ်။ ထောင်ဆရာဝန်တွေဟာ မြဂေါင်ရဲ့ ခြေထောက် အောက်ပိုင်းကို မီးရှို့ကြည့်၊ ချိတ်တွေ၊ အပ်တွေနဲ့ ပေါက်ကြည့်ပေမယ့် မြဂေါင်ကလည်း တချက်ကလေးမှ မတွန့်၊ မျက်စိမျက်နှာ မပျက်ပဲ ဟန်ဆောင်ကောင်းနေတော့ ထောင်ဆရာဝန်တွေကလည်း ရောဂါမြန်မြန် ပျောက်ကင်းအောင် ဆေးကုသမှုတွေ လုပ်ရပါတော့တယ်။

ထောင်ဝန်ထမ်းတွေလည်း မြဂေါင်ခြေထောက် ပြန်လည်ကောင်းမွန်ရန် နေ့စဉ်လမ်းလျှောက်ဖို့ သူ့ရဲ့ကြိုးတိုက်အခန်းတံခါးကို အမြဲဖွင့်ပေးထားပါတယ်။ အဲဒီအချိန်မှာ ဆိုရင်မြဂေါင်ကို ကြိုးပေးပြီးသတ်ရင် နောက်အလှည့်ကျမယ့် ဝင်းမောင်တို့ သားအဖတွေကလည်း မြဂေါင်ကို လိုလေသေးမရှိ ကိုယ်ဖိရင်ဖိပြုစုပြီး မြဂေါင်ရဲ့အလိမ် မပေါ်ဖို့အတွက် အစစအရာရာ အားပေးကြပါတယ်။

“မြဂေါင် တောင့်ထား… တောင့်ထား”

ဝင်းမောင်တို့ သားအဖတွေရဲ့ ပြစ်မှုကလည်း ထူးဆန်းတဲ့ ရာဇဝတ်မှု တခုလို့ဆိုရပါမယ်။ ဝင်းမောင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုရဲ့ အစကတော့ သူ့တို့အိမ်ဘေးက စီးပွားပြိုင်ဖက်အချင်းချင်း စီးပွားရေး အားပြိုင်ရာကနေ လောဘဇော မထိန်းနိုင်တော့ပဲ တဖက်သားမိသားစုဒုက္ခရောက်စေတဲ့ ရည်ရွယ်ချက်နဲ့ လူသတ်မှုဖြစ်ပေါ်ရတဲ့အဆင့်ထိ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။

တဖက်နဲ့တဖက် ရိုးရိုးတန်းတန်း စီးပွားပြိုင်ဆိုင်ရာကနေ ဝင်းမောင်တို့စီးပွားကျစပြုချိန်တွင် တဖက်စီးပွားပြိုင်ဖက်အပေါ် ပိုမိုအကောက်ကြံရန် ကြံစည်လာကြတော့တယ်။ အဲဒီကာလရဲ့ ရက်တရက်မှာ သူတို့အိမ်ဘေးက စီးပွားပြိုင်ဖက်မိသားစုထဲက လူမမယ် ကလေးငယ်ကို မည်သူတဦးတယောက်မှ မသိလိုက်တဲ့ အချိန်မှာ ဝင်းမောင်တို့သားအဖတွေ တိုင်ပင်ပြီး ကလေးငယ်ကို ကျောက်ပျဉ်နဲ့ထုသတ်ကာ အလောင်းကို ဝင်းမောင်တို့ သားအဖတွေက သူတို့ အိမ်ရဲ့ အိမ်သာဘေး အုတ်ကြားမှာ မြုပ်ထားပြီး လက်ရာဖျောက်ခဲ့တာ ဖြစ်ပါတယ်။

(ဆက်ရန်...)

(ပီဒီအက်ဖ် စာမျက်နှာ ၄၅-၆၂)

စာရိုက် - ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်