လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၂) 🖋 နေလင်း (အ.က.သ)
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၂)
နေလင်း (အ.က.သ)
[◾ အခန်း ၂ (စ) အမှုတွဲတွေနဲ့ အတူ အချုပ်သို့]
ရဲမော်ထူးအခန်းဆီမှ အစ်ကို၊ ထမင်း လိုချင်လို့ ဆိုတဲ့ ထမင်းထပ်တောင်းသံကို ကြားရပါတယ်။ ဟ... ငါ့ကောင်ကြီး စားနိုင်လှချည်လားလို့ ကျိတ်ပြီး ချီးမွမ်းလိုက်ပါတယ်။ ကျနော့်မှာမစားနိုင်ပါ။ ရဲမော်ထူးတယောက် ထောက်လှမ်းရေးဝဋ်က ကျွတ်တော့မယ်ဆိုတဲ့ အသိနဲ့ ထမင်းစားကောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ကျွေးတဲ့ ထမင်းဟင်းက အမဲသားအရွတ်နဲ့ ဟင်းရွက်တွေရောနှောပြီး ကြော်ထားတာပါ။ အမဲသားက ကိုက်မရအောင် မာကြောနေပါတယ်။ ကျနော်လည်း အနည်းငယ်လောက်ပဲ စားပြီး ထောင်ကိုသွားဖို့ ဘယ်တော့ လာခေါ်မလဲဆိုပြီး စောင့်နေလိုက်ပါတယ်။ ခဏကြာတော့ တခန်းချင်း နာမည်ခေါ်ပြီး ကားပေါ်ကို တင်ပါတော့တယ်။ အခြားသူတွေ နာမည်ခေါ်ပြီး ကားပေါ်တင်နေချိန် ကျနော့်မှာ စိတ်တွေလှုပ်ရှားလာပါတယ်။ ငါ့ကိုမခေါ်ပဲထားခဲ့ရင် ဆိုတဲ့အတွေးက ခြောက်လှန့်နေပါတယ်။ ကျနော်တို့ လူတွေအားလုံး ဒီလိုပဲ ခံစားကြမှာ အမှန်ပါပဲ။ နဝတစစ်ထောက်လှမ်းရေး စုံစမ်းစစ်ဆေးတဲ့ ဌာနဆိုတာကြီးက ဘယ်ကလောက်ဆိုးရွား နာကျည်းစရာကောင်းသလဲ ရက်စက်ပြင်းထန်လှသလဲဆိုတာ ကျနော် ရေးချ မပြောတတ်ပါဘူး။ ခဏကြာတော့ ကျနော့်နာမည်ကိုခေါ်ပါတယ်။
“နေလင်း”
ကားပေါ်ကို ကျနော်တို့ရောက်တော့ မော်တော်ကားရဲ့ နောက်ခန်းမှာ ဆောင့်ကြောင့်အနေအထားနဲ့ ခေါင်းတွေကို ငုံ့ခိုင်းပါတယ်။ ပြီးတော့(၂)ယောက်တတွဲစီ ထိုင်ခိုင်းပါတယ်။ ထိပ်ဆုံးပိုင်းရဲ့ ဘယ်ဖက်ပိုင်းမှာ လှမျိုးနောင် (မှန်ကြီး) နဲ့ ညာဖက်မှာ ကိုအောင်ထွန်းတို့တတွဲ၊ နောက် ရဲကျော်စွာနဲ့ သားညွန့်ဦးကတတွဲ၊ ကျနော်နဲ့ ရဲမော်ထူးကတတွဲ ဖြစ်ပါတယ်။
ရက္ခီး (ညီထွေးခိုင်) ကတော့ တယောက်တည်းဖြစ်ပါတယ်။ ကားပေါ်ကို အားလုံးရောက်တော့ ကားနံဘေးက လိုက်ကာတွေကို ချလိုက်ပါတယ်။ ပြီးတော့ ကျနော့်တို့တွေ အားလုံးကို စောင်နဲ့ အုပ်လိုက်ပါတယ်။ ခေါင်းတွေကို ကြမ်းပြင်နဲ့ ထိခိုင်းထားတာကြောင့် တယောက်တင်ပါးနဲ့ တယောက်ခေါင်း ဆက်နေပါတော့တယ်။ ထောက်လှမ်းရေးလက်က လွတ်ပြီး အမှုတွဲတွေ တယောက်မျက်နှာ တယောက်ကြည့်တော့ ထောက်လှမ်းရေးစခန်းတုန်းက မျက်နှာတွေမဟုတ်ပဲ ပြောင်စပ်စပ်ဖြစ်နေပြီး ဟိုစကား၊ ဒီစကား နှစ်ခွန်း၊ သုံးခွန်းလောက် အသံတွေနည်းနည်း ထွက်လာလာပါတယ်။ ထောက်လှမ်းရေးက ကျနော့်တို့ကို ငေါက်လိုက်ပါတယ်။ ဒီကြားထဲမှန်ကြီး(လှမျိုးနောင်)က သူ့ဖင်ကို အချွန်နဲ့ထိုးနေတယ်လို့ ထအော်တာကြောင့် ကြည့်လိုက်တော့ ကတုံးဆံပင်ပေါက်ဖြစ်တဲ့ ရဲကျော်စွာ ခေါင်းငုံ့ထားတာမို့ လှမျိုးနောင်ရဲ့ တင်ပါးကိုသွားစူးမိလို့ အော်လိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့လည်း မပြုံးပဲ မနေနိုင်တော့လောက်အောင် ဖြစ်သွားပါတယ်။ လမ်းတလျှောက်လုံးမှာ ထောက်လှမ်းရေးရဲ့ ဖွတ်ချက်၊ ဖွတ်ချက် အသံမြည်နေတဲ့ ကားစုတ်ကြောင့် နှစ်ခါလောက်ပျက်သေးလို့. ဘုရားတကြပါသေးတယ်။ ထောင်ဗူးဝကို အချိန်မီမရောက်သေးလို့ ထောင်ပိတ်သွားရင် ကျနော်တို့အမှုတွဲတွေ အားလုံး ထောက်လှမ်းရေးစခန်းကို ပြန်ပို့ရင်တော့ ထောက်လှမ်းရေးတွေနဲ့ ပြန်ဆုံရဦးမယ်။ ဒုက္ခပါပဲ။
ကျနော်တို့တွေ ကံကောင်းထောက်မပြီး အင်းစိန်သီးသန့် အကျဉ်းထောင်ကို နေ့ချင်းပဲ ရောက်ပါတယ်။ ကျနော်တို့ကို အခန်း (၁)ခန်းမှာ (၃) ယောက်စီ နေရာချထားလိုက်ပါတယ်။
အကျဉ်းဦးစီးဌာနက ဝန်ထမ်းကျော်ဝင်းက စောင်ပါးတထည်၊ သေးပေါက်ချီးယိုဖို့ ဂန်ဖလားလို့ ခေါ်တဲ့ ရေအင်တုံတခုပေးပါတယ်။ ဂန်ဖလားလို့ခေါ်တဲ့ ရေအင်တုံဟာ စားသောက်ဆိုင်ကြီးတွေမှာ ငါးခေါင်းဟင်းချိုထည့်ကဲ့ အင်တုံနဲ့ ပုံစံတူတူပါပဲ။ ဂန်ဖလားက အပြားနဲ့ အလုံးဆိုပြီး (၂)မျိုးရှိပါတယ်။
ကျနော်ရယ်၊ ရက္ခီး (ညီထွေးခိုင်)ရယ်၊ ကိုလှမျိုးနောင် (မှန်ကြီး)ရယ်က အခန်းနံပါတ်(၁)မှာ အတူတူ ကျပါတယ်။
ကျနော်တို့အခန်းရဲ့ အပေါက်ဝအလယ်တည့်တည့်မှာ သံပြားကြီးပိတ်ကာထားလို. ခြေထောက် အောက်ပိုင်းနဲ့ အပေါ်ပိုင်းကသာ လေ ရရှိပါတယ်။ အခန်းထဲမှာကတော့ ဖျာ(၂)ချပ်ရှိပြီး အခန်းအပြင်ဖက်က လှေကားထိပ်မှာ ရေအိုးတလုံးထားထားပါတယ်။ ထောင်ကိုစရောက်ရောက်ချင်း ထောက်လှမ်းရေးစခန်းမှာ နှိပ်စက်မှုအမျိုးမျိုးကြောင့် အိပ်ရေးပျက်ခဲ့ရတာမို့ အဲဒီညမှာတော့ အင်းစိန်သီးသန့် အကျဉ်းထောင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်။ နောက်တနေ့ မနက်ကို အချုပ်အကျဉ်းသားတယောက်အဖြစ်နဲ့ နိုးထရတော့မှာဖြစ်ပါတယ်။
◾ အခန်း(၃)
(က) အချုပ်ထောင်မှာ လူစုံပြီ
“ထိုင်ထားမယ်” ဆိုတဲ့ထောင်ဝါဒါ ဝန်ထမ်းရဲ့ အသံကြားမှ ကျနော် ထထိုင်လိုက်ပါတယ်။ ပြီးတော့ အခန်းတခန်းချင်းအလိုက် လူတွေစစ်ပါတယ်။ ထောင်ဝန်ထမ်း ပြန်သွားတဲ့အခါမှာ ကျွန်တော်တို့တွေ ကိုယ့်နေရာမှာ ကိုယ်ပြန်လှဲနေလိုက်ကြပါ တယ်။ အဲဒီအချိန်မှာ ထောင်တခုလုံး ဥသြဆွဲသံတွေ၊ သံချောင်းခေါက်သံတွေနဲ့ ဆူညံသွားပါတော့တယ်။ ထောင်ဝန်ထမ်းတွေ အားလုံးရဲ့ ပါးစပ်ကနေ
“ဘာလုပ်နေလဲ၊ ချီတက်နေတယ်၊ ဘယ့်သူ့အတွက်လဲ၊ ပြည်သူ့အတွက်ပဲ၊ အမှတ်စဉ် စ ဆို ၁၊၂၊၃၊ ၄...” စတဲ့ အသံတွေ ကြောင့်ငုတ်တုတ်ထထိုင်လိုက်ပြန်ပါတယ်။ ပြီးတော့ “ပုံစံ” ဆိုတဲ့အသံကြီး ထွက်ပေါ်လာပါတယ်။ ကျနော်တို့လည်း အခန်းရှေ့ မျက်နှာမူပြီး ထိုင်နေရပါတယ်။ နောက်မှ သံချောင်းခေါက်သံများ ပြန်ထွက်လာပါတယ်။ ထောင်လှန့်တယ်လို့ခေါ်ကြောင်း သိလိုက်ရပါတယ်။ ပထမဦးဆုံး ကျွန်နော့်ဘဝရဲ့ ထောင်အတွေ့အကြုံကို စတင်လိုက်ပါတယ်။ ဒီနေ့ဟာ မှတ်မှတ်ရရ (၉-၉-၉ဝ) နေ့ပဲဖြစ်ပါတယ်။ ကျနော်တို့ကို ထားတဲ့အခန်းဘေးမှာ ဒဂုံမြို့နယ်က အခြေခံပညာကျောင်းသားတွေဖြစ်တဲ့ ညီညီတို့ ညီအကိုတွေရှိနေပါတယ်။ နေ့လယ်ဖက်က ထမင်းစားပြီးချိန်မှာတော့ ကျနော်နဲ့ ကိုညီထွေးခိုင်တို့ နှစ်ယောက်သား တဖက်ခြမ်းမှာ ရှိတဲ့ အန်အယ်လ်ဒီ(လူငယ်)က ကိုစိုးသိန်းနဲ့ အခြေခံပညာကျောင်းသား ဇော်ဝင်းထွဋ်တို့ကို လှမ်းပြီးလက်ပြ နှုတ်ဆက်လိုက်ပါတယ်။
ဒါကို အကျဉ်းဦးစီးဌာနက ဝန်ထမ်းကမြင်သွားပြီး ကျနော်တို့ကို လာရောက်ဆူပူကြိမ်းမောင်းပါတော့တယ်။ ဗွေဆော်ဦး ဈေးဦးဖောက်ဆူခံရပြီး မကြာခင်မှာပဲ ကျွန်တော်တို့ (၃) ယောက်စလုံးကို တိုက်ခန်းနံပါတ် (၁၃) ကို ပြောင်းရွှေ့လိုက်ပါတော့တယ်။ ကျနော်တို့ အနောက်ဘက်ခြမ်းမှာတော့ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲပြီးပြီးချင်း ကနဦးအဖမ်းခံရပြီး ထောင်ထဲကို ရောက်ရှိနေကြတဲ့ တပ်ဦးအဖွဲ့ဝင်ကွေ့ဖြစ်တဲ့ ကိုငြိမ်း၊ သဝှီး (သန်းနိုင်)၊ ဘိုဘိုထွန်း၊ မျိုးမင်းနိုင်၊ အောင်ကြီး၊ ဆရာဗန်းမော်တင်အောင်ရဲ့သား ကျော်ဇောအောင်တို့အပြင် လူ့ဘောင်သစ်က ဂျင်မီ (ခ) ကျော်မင်းယုရဲ့အကို မျိုးမင်းယု (ရန်ကုန်တက္ကသိုလ်) တို့ရှိနေပါတယ်။ ဘိုဘိုထွန်းက ရေချိုးဆင်းတော့ လာနှုတ်ဆက်ပါတယ်။ ကိုညီထွေးခိုင်နဲ့ အရင်ကတည်းက သိနှင့်နေကြပြီး ဖြစ်ပါတယ်။ သူတို့အုပ်စုတွေက တပတ်ကို တခါဘားလမ်းက စတီးဝပ်အချုပ်မှာ ရုံးထုတ်ရပါတယ်။ ဒါကြောင့်မို့ သူတို့တွေရုံးက ပြန်လာရင် စားစရာတွေ ပါလာတတ်ပါတယ်။
ကျနော်တို့ အမှုတွေကိုတော့ ထောင်ဗူးဝမှာတင် ရမန် (ရက်ချိန်း) ယူတာကြောင့် စတီးဝပ် ဘားလမ်း)ကို မရောက်ရသလို၊ အိမ်ကမိဘတွေနဲ့လည်း မတွေ့ရသေးပါ။ ဒါ့ကြောင့် ထောင်စကားနဲ့ပြောရရင် ကျနော်တို့မှာ စားစရာမရှိလို့ ပုန်းကြောင်နေရပါတယ်။ ကျွန်တော်တို့ထဲမှာ လှမျိုးနောင် (မှန်ကြီး)က ၈၈ ပြီးခါစက ထောင်တကြိမ် ကျခဲ့ဖူးတာကြောင့် သူတို့ဆီကထောင်အတွေ့အကြုံနဲ့ ထောင်အတွင်း စားရေးသောက်ရေးကိစ္စ စီစဉ်ရပါတော့တယ်။ နဝတရဲ့ လူဖမ်းပွဲကြီးကြောင့် ထောင်ထဲကို လူသစ်တွေအများကြီးထပ်ရောက်လာပြန်ပါတယ်။ ထောင်ထဲက အခန်းတွေထဲမှာထားသင့်တဲ့ လူဦးရေထက်ပိုပြီး ထားပါတယ်။ ကျနော်တို့ရဲ့ အမှုတွဲတွေထဲက သားညွန့်ဦးနဲ့ ကိုအောင်ထွန်းပါ ကျနော်တို့အခန်းထဲ ရောက်လာပါတယ်။ ကျွန်တော်တို့ သီးသန့်အကျဉ်းထောင်က (၂)ထပ် အဆောင်ဖြစ်ပြီး အောက်ထပ်မှာတော့ ကျနော်တို့လို နိုင်ငံရေးအကျဉ်းသားများကို ထားပါတယ်။
အပေါ်ထပ်မှာကတော့ မြန်မာ့ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာပြီး တရားမဝင် ငါးဖမ်းခဲ့တဲ့ ထိုင်းနိုင်ငံသားအကျဉ်းသားများကို ထားပါတယ်။ ကျနော်တို့အခန်းဟာ လူ(၅)ယောက်စာအတွက် အိပ်ဖို့ နေဖို့အတွက် မဖြစ်ဖြစ်အောင် ဖန်တီးလို့ရပေမယ့် ယိုဖို့အတွက်ကြတော့ ပြဿနာ တခုဖြစ်လာပါတယ်။ ကျနော်တို့အခန်းကို ပေးထားတဲ့ဂန်ဖလားက (၂)အိုးဟာ လူ(၅)ယောက်စာအတွက် ဘယ်လိုမှ မလောက်တာ ကြောင့် ဒုက္ခတွေ့ရပါတယ်။
ဂန်ဖလားတစ်ခုကို အပေါ့အပါးသွားဖို့ အတွက်ထားပြီး၊ ကျန်တဲ့နောက်တအိုးကိုတော့ အလေးအပင်သွားဖို့ ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် ကျနော်တို့(၅)ယောက်အတွက် ဘယ်လိုမှ မလုံမလောက်တွေဖြစ်ပြီး ဂန်ဖလား ချတဲ့အချိန်မှာ အတော့်ကိုဒုက္ခ ရောက်ပါတယ်။ ကျနော်တို့အခန်းတွေကို အပြင်ထွက်ချိန် (၁၀) မိနစ် စည်းကမ်းသတ်မှတ်ထားတာကြောင့် တံခါးဖွင့်တာနဲ့ အပြင်ဖက်မှာအညစ်အကြေးစွန့်ဖို့ ကိုယ့်ဝမ်းကို ကိုယ်ကျင့်ယူရပါတော့တယ်။ နောက်ဖေးသွားတဲ့ကိစ္စကို အပြင်မှာတင် ကိစ္စပြတ်အောင်လုပ်ရဖို့ကို အချိန်ပေးနေရတဲ့ ပြဿနာတွေကြောင့် လမ်းတောင်မလျှောက်နိုင်ပါဘူး။
ခန္ဓာကိုယ် လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ ခေါင်းထဲမှာ ထည့်မစဉ်းစားနိုင်ပါဘူး။ အပြင်ထွက်ချိန် ရတဲ့ (၁၀) မိနစ်လေးအတွင်းမှာ ကိစ္စအားလုံး ပြတ်အောင်လုပ်ရတာကြောင့် ရေချိုးပြီးလို့ ရေစိုအဝတ်တွေနဲ့ အခန်းထဲကို အမြန်ပြေး၊ အခန်းထဲရောက်မှ အဝတ်ကိုလဲရပါတယ်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချရပါတော့တယ်။ တခါ ကျွန်နော်တို့အမှုတွဲတွေဖြစ်တဲ့ ရဲကျော်စွာနဲ့ ရဲမော်ထူးတို့ အခန်းက ဂန်ဖလားချရင် အိုးကပြည့်လျှံ နေပြီး မနိုင်မနင်း သယ်ရပါတော့တယ်။ ရတဲ့အချိန်(၁၀)မိနစ်အတွင်မှာ ဂန်ဖလားချချိန်၊ ရေချိုးချိန်၊ လမ်းလျှောက်ချိန်တွေမလုံလောက်တာကြောင့် ထောင်ဝန်ထမ်းက ကြိမ်းမောင်းပါတယ်။ ရဲကျော်စွာက အသက်ကလည်းငယ်ငယ် ပြီးတော့ သူ့ရဲ့ပါဝါမျက်မှန်ထူထူကြီးကို ထောက်လှမ်းရေးက သိမ်းထားလို့ မမြင်မစမ်းနဲ့မို့ ဂန်ဖလားအိုး အမြဲ ကျကွဲတတ်ပါတယ်။ ထောင်ဝန်ထမ်းတွေက မကြာခဏ ဆဲဆိုကြိမ်းမောင်းပြီး နောက်တခါကွဲရင် ထုတ်မပေးတော့ဘူးလို့ ပြောပါတယ်။
(ခ) စတီးဝပ်မှာ ရုံးထုတ်တဲ့နေ့
သီးသန့် ထောင်မှာနေတုန်း မှတ်မှတ်ရရ ဖြစ်စေတာကတော့ ကျနော်တို့ အမှုတွေကို တရားရုံးထုတ်တဲ့နေ့ ပါပဲ။ ကျနော်တို့ အမှုတွဲတွေရဲ့ အိမ်တွေက မိဘဆွေမျိုးတွေက ကျနော်တို့ကို ရုံးထုတ်မဲ့ စတီးဝပ်(ဘားလမ်း)က တရားရုံးနဲ့ ပန်းဆိုးတန်းတရားရုံးမှာ ကျနော်တို့ ရုံးချိန်းရှိတဲ့နေ့တိုင်း လာရောက်စောင့်နေပါတယ်။ ဒါပေမယ့် ကျနော်တို့တွေ အားလုံး အိမ်နဲ့ မတွေ့ရတာ (၁)လလောက် ရှိသွားပါပြီ။
ကျနော်တို့အိမ်တွေနဲ့ အဆက်အသွယ်လုပ်ချင်လို့ ထောင်ပိုင်တန်းစီးကို တင်ပြပေမယ့်လည်း ထောင်ပိုင်အုံးဖေနဲ့ သူ့နောက်တော်ပါတွေက စာရွက်ပေါ်မှာမှတ်ပြီး တင်ပြပေးမယ်လို့ပြောကာ နောက်ပိုင်းမိဘတွေနဲ့ အဆက် အသွယ်ကိစ္စ အစပျောက်သွားခဲ့တယ်။ (၁) လနီးပါးလောက် ဘာမှအကြောင်းမထူးခဲ့ပါ။ ကျနော်တို့ရဲ့ ဘေးအခန်းတွေက အခြားအမှုတွဲတွေ ဘားလမ်းရုံးကိုထုတ်တော့ ကျနော်တို့ရဲ့မိဘတွေက ကျနော်တို့ကို ပါလာမယ် ထင်ပြီးရုံးမှာ စောင့်နေကြကြောင်း တဆင့်ပြန်ပြောပြပါတယ်။ (၁) လကျော်ကျော်ကြာတဲ့အခါမှာ ကျနော်တို့အမှုတွဲတွေကို ရုံးထုတ်ရမယ့်ရက် ရောက်လာပြန်ပါတယ်။ ခါတိုင်းလိုပဲ ကျနော်တို့တတွေ အေးအေးဆေးဆေးပဲ မျှော်နေမိကြပေမယ့် အားလုံးရဲ့စိတ်ထဲမှာ တရားရုံး ထုတ်မယ်လို့ကို မထင်မိကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တရားရုံးထုတ်မယ့်အချိန်က လွန်ပြီး ထမင်းစားချိန်ကိုတောင် ရောက်လာပြီမို့ ဖြစ်ပါတယ်။ ကျနော်တို့တွေ အားလုံးထမင်းစားပြီးတဲ့အချိန်မှာ တရားရုံးထုတ်မယ့် သူတွေ ရောက်လာကြပြီး ထောင်ဝန်ထမ်းကျော်ဝင်းက ကျနော်တို့အမှုတွေရဲ့ နာမည်ကိုလာခေါ်ပါတယ်။ ကျနော်တို့တွေ အားလုံးပျော်သွားကြပါတယ်။ ကျနော်တို့မှုတွဲ (၆) ယောက် တယောက်ခါးတယောက်ကိုင်၊ ခေါင်းတွေ ကိုယ်စီငုံ့၊ စောင်ပါးအုပ်ကာ ရထားတွဲကြီးလို သီးသန့် ထောင်ရဲ့ ဗူးဝကိုရောက်သွားပါတယ်။ ထောင်ဗူးဝမှာ လုပ်ထုံးလုပ်နည်းတွေ လုပ်ပြီး တရားရုံးသွားမယ့် အချုပ်ကားပေါ်တက်ရပါတယ်။ ကျနော်တို့တွေ အချုပ်ကားပေါ်ရောက်တော့ အင်းစိန်ထောင်မကြီးက ရာဇဝတ် အကျဉ်းသားတွေပါ ကျနော်တို့နဲ့အတူတူ ရောနှော ထားပါတယ်။
ရန်ကုန် စတီးဝပ် (ဘားလမ်း) တရားရုံးကို ကျနော်တို့ကို တင်ဆောင်လာတဲ့ အချုပ်ကားရောက်တော့ ကားပေါ်ကနေ ပထမဦးဆုံး ရာဇဝတ်အကျဉ်းသားတွေကို ဆင်းခိုင်းပါတယ်။ ကားပေါ်ကနေ ဆင်းဆင်းချင်း ဘယ်သူတွေ ရောက်နေလဲဆိုပြီး ဘားလမ်းစတီးဝပ် အချုပ်ခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ရဲမော်ထူးရဲ့ အမေနဲ့ သူ့မိသားစုကို စတွေ့ရပါတယ်။ ရဲမော်ထူးရဲ့အမေက ကျနော်တို့တွေကိုမြင်မြင်ချင်း “သားတို့ပါလာပြီ” ဆိုပြီး ဝမ်းသာအားရနဲ့ ပြောဆိုလိုက်ပါတယ်။ ရဲမော်ထူးရဲ့အမေဟာ အရပ်ပုပု၊ မျက်မှန်ဝိုင်းလေးနဲ့ သားကိုတွေ့ချင်ဇောနဲ့ လူအုပ်ကြီးကို တိုးဝှေ့ပြီး ကျနော်တို့နားကို ရောက်လာပါတယ်။
ပြီးတော့ အခြားကျွန်တော်တို့ရဲ့ အိမ်တွေကိုလည်း အကြောင်းကြားထားပါတယ်၊ ဘာမှမပူကြနဲ့လို့ ကျွန်တော်တို့ကို အားပေးပါတယ်။ အချုပ်ခန်းထဲမှာ ကျနော်တို့ အချုပ်ကားပေါ်ပါလာတဲ့ အကျဉ်းသားတွေ အားလုံးကို ပုံစံထိုင်ခိုင်းပြီး လူရေတွက်ပါတယ်။ ရဲတယောက်ကနေပြီး “(ဂေါ်) NIGHT ပါလား၊ ပါရင် လက်ထောင်ထား” လို့ မေးပါတယ်။ ”ဂေါ်” ဆိုတာ “၅” ကိုပြောတာဖြစ်ပြီး၊ ကျနော်တို့လို ပုဒ်မ ၅(ည) တွေကို ရည်ရွယ်ပြီးမေးတာဖြစ်မှန်းနောက်မှသိရပါတယ်။
ကျနော်က “ဂေါ်” ဆိုတာ ဘာကိုဆိုလိုမှန်းမသိလို့ အူကြောင်ကြောင် ဖြစ်နေတုန်း ကျတော်တို့ အမှုတွဲကို ကြည့်လိုက်တော့ အားလုံးက လက်ထောင်ပြီးသားဖြစ်နေလို့ ကျနော်လည်း လက်ထောင်လိုက်ပါတယ်။
“ဒါပဲလား ကျိန်းသေတယ်နော်”
“ကျိန်းသေပါတယ်”
“အေး၊ ဒါဆိုရင်လက်ထောင်ထားတဲ့ “ဂေါ်” တွေထွက်” လို့ ရဲကအမိန့်ပေးပြီး ကျနော်တို့တွေ အားလုံးကို သီးသန့်အချုပ်ခန်း တခန်းစီထဲကိုထည့်ထားလိုက်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော်တို့အမှုတွဲရဲ့ အိမ်တွေက ခေါက်ဆွဲကြော်၊ ထမင်းထုပ် စတာတွေ ရောက်လာပါတော့တယ်။ ဘုန်းဘုန်းရဲ့ လက်ရာဖြစ်တဲ့ တုံကင်းဘဲကင်နဲ့ စားစရာတွေ အသီးသီး ရောက်လာပါတော့တယ်။
ထောင်ထဲမှာ (၁) လနီးပါး ငပိနဲ့ တာလပေါ ပုံစံထမင်းကိုသာ စားနေရတာမို့ ရောက်လာတဲ့ စားစရာ တွေက ကျနော်တို့အတွက် နတ်ပြည်က ဟင်းလျာတွေအလား ဖြစ်ပါတယ်။ ကျနော်တို့ အမှုတွဲတွေအားလုံး စားသောက်ကြတာ ဝေသာလီပြည် ဘီလူးဝင်သွားသလားထင်ရအောင် အစားအသောက်တွေ ပြိုက်ကနဲ ကုန်သွားပါတော့တယ်။
ဒါတောင် ဒီကနေ့ ရုံးမထုတ်ဖြစ်ဘူးထင်ပြီး ထောင်ထဲမှာ ထမင်းစားလာကြသေးတာဖြစ်ပါတယ်။ စားလို့ သောက်လို့အပြီးမှာတော့ အိမ်တွေကယူလာကြတဲ့ အဝတ်အစားတွေကို စပြီးအဖမ်းခံရကတည်းက တခါမှ မလဲရသေးတဲ့ နံစော်နေတဲ့ အဝတ်တွေနဲ့ လဲလှယ်ဝတ်ကြပါတယ်။
အဝတ်တွေလဲပြီးတဲ့ အခါကြတော့ ကျနော်တို့နာမည်တွေကို အစဉ်လိုက်ခေါ်ပါတယ်။ နှစ်ယောက်တတွဲ တွဲပြီး လက်တွေကို ကြိုးတွေနဲ့ ချည်နှောင်ပါတယ်။ပြီးမှ ကျနော်တို့အမှုတွဲ (၆) ယောက်စလုံးကို ဘားလမ်းအချုပ်ကနေ တရားရုံးကို ထုတ်ပါတယ်။ အချုပ်ခန်းက စထွက်တော့ အပေါက်ဝမှာ အမှုတွဲတွေအားလုံးရဲ့ မိဘတွေ သူငယ်ချင်းတွေက ကျနော်တို့ဆီ လာပြီး လက်ကိုဆွဲကာ အားပေးကြပါတယ်။ ကျနော်တို့ရဲ့လွတ်နေတဲ့ လက်တဖက်က ကျနော်တို့ရဲ့မိဘတွေရဲ့ လက်ကိုတင်းတင်းဆုပ်ကိုင် ထားပါတယ်။ တရားရုံးတော်အပေါ်ကို တက်တော့ ရဲနဲ့ကျနော်တို့အချုပ်သားတွေက သတ်သတ်၊ အိမ်တွေကမိသားစုတွေက သတ်သတ် တက်ရပါတယ်။ မိဘတွေဟာ သားဇောတွေနဲ့ လှေကားကိုမမောနိုင်၊ မပန်းနိုင် အပြေးအလွှား တက်ပြီး၊ ကျနော်တို့ ထွက်လာမယ့်အပေါက်ဝမှာ စောင့်မျှော်နေပါတယ်။
တရားရုံးထဲကို ဝင်တဲ့အခါ ကိုယ့်မိသားစုနဲ့ကိုယ် တရားရုံးထဲမှာ ထိုင်ကြရပြီး အားပေးစကားတွေအပြန်အလှန် ပြောဆိုကြပါတယ်။ တရားသူကြီးက ကျနော်တို့ကို ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံချက်အက် ဥပဒေ ပုဒ်မ ၅(ည) နဲ့ တရားစွဲဆိုပြီး ရုံးချိန်း (ရမန်) နှစ်ပတ် ချိန်းဆိုလိုက်ပါတယ်။ ကျနော်တို့ အားလုံးလည်း တင်ပြစရာရှိတာတွေ တင်ပြဖို့ ပြောပါတယ်။ ကျွန်တော်တို့ အားလုံးထောင်ကျမယ်ဆိုတာ ကျိန်းသေနေတာကြောင့် ကျနော်တို့ ထောင်မကျခင် မိဘတွေနဲ့ တွေ့ဆုံချင်သေးတဲ့အတွက် ရုံးချိန်းကို ရမန်လေး (၁) ပတ်ပုံမှန်ပေးပြီး ရုံးထုတ်ဖို့ ရမန်ကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။ အဲဒီအခါမှာ တရားသူကြီးက နောက်တကြိမ်မှသာ ဖြစ်နိုင်ကြောင်း၊ အခုတခေါက်တော့ ပြင်ဆင်ဖို့ မဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ ယခုအမှုတွဲကို မှတ်သားထားမှာ ဖြစ်တဲ့အကြောင်း ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ တရားသူကြီးရဲ့ ရမန်ရက်ချိန်း ကြေငြာအပြီးမှာတော့ ကျနော်တို့ အမေတွေက ကျနော်တို့ကို လွတ်ထွက်သွားမည့်အလား တင်းတင်းကျပ်ကျပ်ကြီး ဖက်ပြီး မျက်ရည်ကျနေပါတယ်။
စိတ်မပူကြဖို့ အမေတွေက တဖွဖွမှာရှာပါတယ်။ သားအမိတွေကြား ဘာတွေပြောဆိုနေကြမလဲဆိုတာကတော့ ကာယကံရှင်တွေကလွဲပြီး ဘယ်သူမှ သိနိုင်ကြမှာ မဟုတ်ပါဘူး။ ခဏကြာတော့ ကျနော်တို့မိဘတွေ၊ သူငယ်ချင်းတွေနဲ့ တိုတောင်းတဲ့ အချိန်လေးမှာ ခွဲခွာခဲ့ရပါတယ်။ အချုပ်ခန်းထဲကို ပြန်သွားရပြီး အိမ်ကပေးလိုက်တဲ့ အထုပ်တွေကို လက်မှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တရားရုံးကနေ ပြန်ဆင်းလာခဲ့ပါတယ်။ ကျွန်နော်တို့ကို တင်ဆောင်ခေါ်သွာမယ့် အချုပ်ကားပေါ်ရောက်တော့ အောက်ကိုလှမ်းကြည့်လိုက်ပါတယ်။ မျက်ရည်တွေကြားက အားတင်းပြီး ပြုံးပြနေရှာနေကြတဲ့ မိဘတွေ၊ သူငယ်ချင်းတွေကိုကြည့်ပြီး အံကိုဖိကြိတ်ထားလိုက်ပါတယ်။ ရင်ထဲမှာ လှိုက်ကနဲ ဆို့တက်လာပြန်တယ်။ အချုပ်ကားဘီးစလိမ့်ချိန်မှာ တရားရုံးရှေ့မှာ လက်ပြကျန်ခဲ့တဲ့ မိဘတွေနဲ့ သူငယ်ချင်းတွေကို လက်ပြနှုတ်ဆက်လိုက်ပါတယ်။ ကိုအောင်(ကိုထွန်းမြင့်အောင်)ရဲ့ အမတွေနဲ့ သူငယ်ချင်းတွေက ကျနော်တို့ကို လှမ်းအော်ပြီး ပြောလိုက်ပါတယ်။
“နင်တို့ ဘာမှမပူကြနဲ့၊ ကုလသမဂ္ဂက ဂျပန်မကြီးလာတော့မယ်” သူတို့ပြောတာက ကုလသမဂ္ဂမှ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂကိုယ်စားလှယ် ဂျပန်အမျိုးသမီးတဦး မြန်မာနိုင်ငံကို မကြာခင် လာရောက်မယ့် အကြောင်းကို ပြောတာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မှာ ကုလသမဂ္ဂကိုယ်စားလှယ် ဂျပန်အမျိုးသမီး မစ္စစ် အိုကာတာကို မြန်မာနိုင်ငံကိုလာဖို့ ပထမဦးဆုံးအကြိမ် စေလွှတ်ခြင်းပဲဖြစ်ပါတယ်။
(ဂ) ၅(ည)တွေကို ခိုးမှုပုဒ်မတပ်တော့
ကျွန်တော်တို့ကို တင်ဆောင်လာတဲ့ အချုပ်ကားဟာ ရန်ကုန်မြို့လယ်ခေါင်ကနေ အင်းစိန်အကျဉ်းထောင်ရှိရာကို ဦးတည်မောင်းနှင်သွားနေပါတယ်။ အင်းစိန်ထောင်ဗူးဝရှေ့ကို ရောက်တော့ ကားပေါ်မှာပါလာတဲ့ ရာဇဝတ်အချုပ်သားတွေကို ချထားလိုက်ပါတယ်။ အချုပ်ကားက ရုတ်တရက်ပြန်မထွက်သေးပဲ တစုံတခုကို စောင့်နေတဲ့ပုံသဏ္ဌာန် ရှိပါတယ်။
ခဏနေတော့ ကျနော်တို့ အချုပ်ကားပေါ်ကို မျက်မှန်နဲ့ လူတယောက်နဲ့ အသားမဲမဲ၊ အရပ်ပုပု လူတယောက် ကားပေါ်တက်လာပါတယ်။ သူတို့တွေကားပေါ်ရောက်တော့ အချုပ်ကားက သီးသန့်အကျဉ်းထောင်ကို ဆက်ပြီးမောင်းနှင်သွားပါတော့တယ်။ ကားပေါ်ရောက်လာတဲ့ လူနှစ်ယောက်နဲ့ အပြန်အလှန် မိတ်ဆက်ပေးတဲ့ အခါမှာ မျက်မှန်တပ်တဲ့သူက စည်သူဝင်းဆိုသူဖြစ်ပြီး၊ နောက်တစ်ယောက်က ဗညားပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ သာကေတမြို့နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ကျနော်တို့ (အကသ)အဖွဲ့ဝင်တွေနဲ့ သိနေကြလို့ ခဏချင်းမှာပဲ ရင်းနှီးသွားပါတယ်။ စည်သူဝင်းရဲ့ အဖေဖြစ်သူက ကျနော်တို့အထက (၄) ပုဇွန်တောင်မှာ အင်္ဂလိပ်စာပြတဲ့ ဆရာဦးချစ်ဝင်း ဖြစ်ပါတယ်။ ဆရာဦးချစ်ဝင်းက အင်္ဂလိပ်စာ သဒ္ဒါ အသင်ပြကောင်းလို့ ကျနော်တို့တွေက “grammer ချစ်” လို့
ခေါ်ကြပါတယ်။ သူတို့နှစ်ဦးရဲ့ပြောပြချက်အရ သူတို့တွေဟာ ကျောင်းသား လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့လို့ မကြာသေးခင်ကမှ စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ထောက်လှမ်းရေးစခန်းမှာ ညှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ အဲဒီအခါကျမှ သူတို့ကိုပုဒ်မ (၃၈ဝ၊ ၅၄)နဲ့ တပ်ပြီး တရားစွဲဆိုပါတယ်။ သူတို့ဟာ နိုင်ငံရေးဆောင်ရွက်မှုကြောင့် ပုဒ်မ ၅(ည) တပ်ရမယ့်အစား ကျောင်းသားများကို တမင်သက်သက် သိက္ခာချတဲ့အနေနဲ့ ခိုးမှု၊ မသင်္ကာမှုဆိုတဲ့ ပုဒ်မကိုတပ်ပြီး အင်းစိန်ထောင်မှာ အခြားရာဇဝတ်အကျဉ်းသားတွေနဲ့ ရောပြီးထားခဲ့ပါတယ်။
ဒါပေမယ့် သူတို့ကို ရမန်(ရုံးချိန်း) ထုတ်တဲ့နေ့တွေကျတော့ စွဲဆိုထားတဲ့ ပုဒ်မကို ပြောင်းလဲပေးဖို့ ပြောဆိုတဲ့အခါကျမှ သူတို့ရဲ့အမှုကို ၅(ည)အဖြစ် ပြင်ဆင်ပြောင်းလဲပေးလိုက်ပါတယ်။ အခုသူတို့ကို အမှုပြောင်းပြီး ကျနော်တို့ ၅(ည)တွေကို ထားတဲ့ အင်းစိန်သီးသန့် အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်လိုပဲ ကျနော်တို့အမှုတွေနဲ့ အတူတူထောက်လှမ်းရေးစခန်းမှာ နေခဲ့ရတဲ့ လှမျိုးနောင် (မှန်ကြီး)ကိုလည်း
၅(ည) ပုဒ်မနဲ့ တရားစွဲဆိုပြီး ရုံးထုတ်စစ်ဆေးနေတဲ့ တောင်ဥက္ကလာပတရားရုံးက သူ့အမှုကို ၅(ည) ကနေ (၃၈၀၊ ၅၄) ခိုးမှု၊ မသင်္ကာပုဒ်မနဲ့ ပြောင်းလဲစွဲဆိုလိုက်ပါတယ်။
အဲဒီလိုအမှုကို ပြောင်းလဲပြင်ဆင်လိုက်တာကို ဥပဒေဘာသာရပ်ကို ယူထားတဲ့ ကျောင်းသားဖြစ်သူ လှမျိုးနောင် (မှန်ကြီး) သိသွားတဲ့အခါမှာ ပြဿနာက စတက်ပါတော့တယ်။ သူ့အချုပ်ခန်းထဲမှာ အိမ်ကနေ စားစရာတွေ ထည့်ပေးလိုက်တဲ့ထမင်းဘူးထဲက အသင့်ပါလာတဲ့ခက်ရင်းနဲ့ သူ့ဆီးစပ်ကို သူပြန်ထောက်လိုက်ပါတယ်။ ပြီးတော့ သူ့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ (၃၈၀၊ ၅၄) ကို ပြန်ဖြုတ်ပြီး ပြင်ဆင်ပေးဖို့၊ မပြင်ပေးပါက သူ့ကိုယ်ကိုသူ ခက်ရင်းနဲ့ထိုးမယ်လို့ အချုပ်စောင့်ရဲကို ခြိမ်းခြောက်ပါတော့တယ်။
ရဲတွေလည်း ဘာလုပ်ရမှန်းမသိပဲ ရုတ်တရက် ပျာယာခတ်သွားကြပါတယ်။ ပြီးမှ သူ့ကိုဘာမှ မလုပ်ဖို့တားကြရင်း သူတို့အနေနဲ့လည်း လုပ်ပိုင်ခွင့်ဘာမှမရှိဘူးလို့ ရဲတွေကပြန်ပြောပါတယ်။ ပြီးတော့ “အထက်ကိုအကြောင်း ကြားထားပါတယ်၊ ခဏစောင့်ပါ” လို့ရဲကပြန်ပြောပါတယ်။ လှမျိုးနောင်က “ကျနော် ကျောင်းသားတယောက်ပါ ဒီ စစ်အစိုးရကိုဆန့်ကျင်လို့ဆိုပြီး အဖမ်းခံရတာပါဗျ၊ အခု ကျွန်နော်ကို စွဲထားတဲ့အမှုကိုကော ခင်ဗျားတို့သိရဲ့လား၊ ဒါခိုးမှုဗျ၊ သူခိုးတွေကိုတပ်တဲ့ပုဒ်မ၊ ဒါ ကျုပ်တို့ကျောင်းသားတွေကို သက်သက်မဲ့ စော်ကားတာ၊ ဒီအမှုရဲ့ပုဒ်မကို မြန်မြန်ပြောင်းပေး၊ ကျုပ်ကဘာတွေခိုးလို့ လဲ၊ ခင်ဗျားတို့ပုဒ်မ မပြောင်းပေးရင် ကျုပ်ကိုအဆိုးမဆိုနဲ့နော်”
သူ့စကားကို အခန်းစောင့်ရဲတွေက သေသေချာချာနားထောင် နေပါတယ်။ ခိုးမှု၊ မသင်္ကာမှုဟာ ကျုပ်ရဲ့ဂုဏ်သိက္ခာကို တိုက်ရိုက်စော်ကားတာ ဆိုတဲ့လှမျိုးနောင်ရဲ့ အကြိမ်ကြိမ်ရေ ရွတ်သံကို ဆက်တိုက်ကြားတော့မှ ရဲတွေက ကြောက်လန့်ပြီးပုဒ်မ (၃၈၀၊ ၅၄)နဲ့စွဲဆိုထားတဲ့ သူ့အမှုကို ပုဒ်မ ၅(ည) အဖြစ် ပြောင်းလဲပြင်ဆင်ပေးခဲ့ရပါတယ်။ ဒီနောက်ပိုင်း သူ့ရဲ့ထောင်ဝင်စာများ၊ ရသင့်ရထိုက်တဲ့ ပုံမှန်ပစ္စည်းများ ပိတ်ပင်ခြင်း ခံလိုက်ရပါတော့တယ်။
လှမျိုးနောင်တို့လို နဝတလက်ပါးစေများကို ရဲရဲဝံ့ဝံ့ပြန်ပြောနိုင်ခဲ့ကြတဲ့ သူတွေရဲ့အမှုများကို စစ်ထောက်လှမ်းရေးကနေ ပြောင်းလဲပြင်ဆင်ခဲ့ပေမယ့် အချို့သူများရဲ့ အမှုတွေကိုတော့ ပြန်ပြင်ဆင်မပေးတော့ပါ။ နဝတ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျလာတဲ့ နိုင်ငံရေးအကျဉ်းသမားဦးရေ များပြားလာမှာ စိုးရိမ်ပြီး နိုင်ငံရေးသမားများကို ရာဇဝတ်ပုဒ်မများနဲ့ အမှုပြောင်းတရားစွဲတာ ဖြစ်သလို၊ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ ဂုဏ်သိက္ခာကိုပါ တဆက်တည်း ချိုးနှိမ်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီလိုမတရားဖိနှိပ်တဲ့ လုပ်ရပ်တွေဟာ နဝတအကျဉ်းထောင်အတွင်း အများအပြား ဖြစ်ပွားနေပါတယ်။
(ဃ) ခြင်ထောင်တွေ၊ မွေ့ယာတွေရဲ့ထောင်
ကျနော်တို့နေထိုင်တဲ့ သီးသန့် အကျဉ်းထောင်ကို စည်သူဝင်းနဲ့ ဗညားတို့ ရောက်ရှိလာတော့ မကြာခင်မှာပဲ နောက်ထပ်လူသစ်တွေ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းကိုကြားရတဲ့ အခြားအခန်းကသူတွေက ဘယ်သူတွေလဲဆိုတာသိချင်လို့ မေးမြန်းစုံစမ်းကြပါတယ်။
အဲဒီမှာပဲ တပ်ဦးအမှုတွဲတွေထဲက ကိုသဝှီး ဆိုတဲ့ တနင်္သာရီတိုင်းသားဟာ စကားပြောတဲ့နေရာမှာ အင်မတန်မှ အသံဝဲသူတယောက်ဖြစ်ပြီး ခပ်တည်တည်နဲ့ အစအနောက်သန်သူတယောက်လည်းဖြစ်ပါတယ်။
သီးသန့် ထောင်ကိုစရောက်လာတဲ့ စည်သူဝင်းနဲ့ ဗညားတို့ကို သင်ခန်းစာတွေပို့ချပါတော့တယ်။ စည်သူဝင်းကိုစပြီးတော့
“ခင်ဗျားတို့အခန်းမှာ ခြင်ထောင်ရှိလား”
“ဟာ... မရှိပါဘူး”
“အဲဒီမှာ ဘာတွေရှိလဲ”
“ဂန်ဖလား (၁)လုံး၊ စောင်ပါးနဲ့ ဖျာကြမ်း (၁)ချပ်ပဲရှိပါတယ်”
“ခြင်ထောင်နဲ့ ခေါင်းအုံးမရသေးဘူးလား”
“မရသေးပါဘူး”
“ဟာ... ခင်ဗျားတို့ တကယ်မရသေးဘူးလား၊ ထောင်မှူးတွေ ဘတ်ကီး ပြထားပြီထင်တယ်။ တောင်း၊ တောင်း၊ မတောင်းရင် ဒီကောင်တွေက ဒီလိုပဲမပေးဘူး”
“ဟုတ်ကဲ့၊ ဘယ်သူ့ဆီမှာ တောင်းရမှာလဲ”
“ဒီညတော့ အချိန်မရှိတော့ဘူး၊ မနက်ကျမှ ဝန်ထမ်းတယောက်ယောက်ကို တောင်းလိုက်”
“ဟုတ်ကဲ့”
“မနက်ကျရင်လဲ ဒီသီးသန့်မှာ မုန့်ဟင်းခါး၊ လ္ဘက်ရည်နဲ့ နေ့လယ်ထမင်းစားချိန်ဆို ကြက်သား၊ ဝက်သား၊ မကြိုက်ရင် ငါး ပေးတယ်”
ကိုသဝှီးက စည်သူဝင်းတို့လူသစ်(၂)ယောက်ကို အတည်ပေါက်ကြီးနဲ့ ကြပ်နေပါတော့တယ်။ စည်သူဝင်းနဲ့ ဗညားတို့ကလည်း သီးသန့်ဆောင်ကို အခုမှရောက်တာဆိုတော့ ကိုသဝှီး ပြောသမျှ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဆိုပြီး ယုံနေပါတယ်။ ကျနော်တို့ ကြားခန်းတွေကနေပြီး ကိုသဝှီး နောက်နေသမျှကို ကြိတ်ပြီးရယ်နေမိပါတယ်။ ပြီးတော့ ကိုသဝှီးကဆက်ပြီး
“မင်းတို့ မတောင်းရင်တော့ မရဘူးနော်၊ ငါတို့တွေကတော့အကုန်ရပြီးပြီ၊ မွှေ့ယာကော၊ ခြင်ထောင်ကော၊ စားစရာတွေကလည်းကောင်းပေ့ကွာ၊ ငါတို့ဆို ထောင်ကနေတောင် မထွက်ချင်တော့ဘူး၊ ဪ ဒါနဲ့ မင်းတို့မှာ ဆေးလိပ်ရှိလား”
“ဆေးလိပ်တော့ရှိပါတယ်၊ မီးခြစ်တော့မရှိဘူး”
“အေး၊ ငါမှာမီးခြစ်ရှိတယ်။ ဆေးလိပ်မရှိဘူး၊ ငါအခန်းဖက် နည်းနည်းပစ်ပေးလိုက်ပါဦး၊ မင်းတို့ ဆေးလိပ်သောက်တတ်ရင် မနက်ကျရင် ထောင်မှူးဆီမှာ မီးခြစ်ပါတခါတည်းတောင်းထား၊ ငါတို့တွေက နိုင်ငံရေး အကျဉ်းသားတွေဆိုတော့ သူများနဲ့ မတူဘူးကွ”
စည်သူဝင်းတို့က ကိုသဝှီး ပြောသမျှ အဟုတ်ကြီး အောက်မေ့နေပြီး မေးခွန်းတောင်ပြန်မထုတ်ပဲ တဟုတ်ကဲ့တည်း ဟုတ်ကဲ့နေပါတော့တယ်။ ကျနော်တို့မှာ သူတို့တွေပြောဆိုနေကြတာကို နားထောင်ရင်း ငိုအားထက် ရယ်အားသန်ဆိုသလိုဖြစ်နေပါတယ်။ ကိုသဝှီး နောက်ပြောင်မှုလေးတွေဟာ ထောင်ထဲရောက်တုန်း စိတ်ဒုက္ခခံစားနေကြသူတွေ ကြားဝယ် စိတ်ထွက်ပေါက်လေးတစ်ခု ရသလိုခံစားလိုက်ရပါတယ်။ ကိုသဝှီးက စည်သူတို့ကို ပြောနေတဲ့ အရာတွေဟာ ကျနော်တို့ ၅(ည) သမားတွေအတွက်ကော၊ ရိုးရိုးသာမန်အကျဉ်းသမားတွေ အတွက်ပါ ဘယ်လိုမှ မရနိုင်တဲ့ အရာဝတ္ထုတွေပါပဲ။
စည်သူဝင်းတို့ကတော့ မနက်ကျရင် ကိုသဝှီး ပြောတဲ့ပစ္စည်းတွေတောင်းမယ် ဆိုပြီးစိတ်အားထက်သန်စွာနဲ့ အိပ်ပျော်သွားလေရဲ့။
(င) ဘဝသံသရာနဲ့ ၅(ည)တွေဘဝ
နောက်တစ်နေ့ မနက် မိုးလင်းတဲ့အခါကျတော့ ကျနော်တို့ အခန်းတွေဆီကို ထောင်မှူးမြင့်လှိုင် ရောက်လာပါတယ်။ အဲဒီမှာ စည်သူဝင်းက မနေ့ကကိုသဝှီး ကြပ် ထားတဲ့အတိုင်း ထောင်မှုမြင့်လှိုင်ကို တခုချင်း တင်ပြပါတော့တယ်။
ထောင်မှူးက “အဲဒါတွေတခုမှမရဘူး” လို့ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ စည်သူက “သူများတွေတောင်ရတာပဲ၊ ကျွန်တော်တို့က ဘာကြောင့်မရရမှာလဲ၊ ၅(ည) ပဲ” ဆိုပြီးထပ်ပြောတော့ ထောင်မှူးမြင့်လှိုင် မျက်လုံးပြူးသွားပါတယ်။
“ဘယ်သူတွေရလဲ”
“ဟိုဘက်အခန်းက ကိုသဝှီးတို့ပါ”
ထောင်မှူးရဲ့အကြည့်က ကိုသဝှီးတို့ အခန်းဘက်ကိုရောက်သွားပါတယ်။ ပြီးမှ “မင်းကိုဘယ်သူပြောတာလဲ” ဆိုပြီး လက်သည်ကို စုံစမ်းပါတော့တယ်။ အဲဒီတော့ စည်သူက “ကိုသဝှီး” လို့ ပြန်ဖြေတဲ့အခါမှာ ထောင်မှူးရဲ့ခြေလှမ်းတွေက ကိုသဝှီးတို့ အခန်းရှေ့ ရောက်သွားပါတော့တယ်။
“သဝှီး၊ မင်း စည်သူကို အဲဒီလိုပြောသလား”
ကိုသဝှီးကလည်း သူနောက်မိကြောင်း ဝန်ခံပါတယ်။ ထောင်မူးမြင့်လှိုင်က သဘောကောင်းတဲ့သူ ဖြစ်နေလို့
“အေး၊ မင်းတို့အချင်းချင်းနောက်တာတော့ နောက်ပေါ့ကွာ၊ ဒါပေမယ့် စည်သူကငါ့ကိုမတင်ပြပဲ ထောင်ပိုင်အလှည့်မှာသွားတင်ပြမိရင် အကုန်ပြဿနာတက်ကုန်လိမ့်မယ်ကွ၊ နောက်တခါ လူသစ်တွေကို မနောက်ပါနဲ့ကွာ”
ဆိုပြီး ကိုသဝှီးကို ဩဝါဒကထာ မြွက်ကြားပါတော့တယ်။ တခါက ကျနော်တို့ သီးသန့်ထောင်မှာ ပဲဟင်းက ဟင်းရည်ကျဲနေလို့ ကိုသဝှီးက ထောင်မှူးမြင့်လှိုင်ကို အတင်ပြကောင်းခဲ့လို့ ကျနော်တို့အားလုံး ပဲဟင်းရည်နဲ့တူတဲ့ ပဲဟင်းကိုစားရခဲ့ဘူးပါတယ်။ ကိုသဝှီးနဲ့ ပတ်သက်ပြီးနောက်ထပ်ရယ်စရာရှိပါသေးတယ်။ အင်းစိန်ထောင်(၃)ဆောင်မှာ ကျနော်တို့နဲ့ကိုသဝှီး အတူတူနေတုန်း တရက်မှာထောင်ဝင်စာလာပါတယ်။
ထောင်ဝင်စာလာခေါ်တော့ “ဒေဝီ” ဆိုတဲ့နာမည်နဲ့ ထောင်ဝင်စာတခုရောက်လာပါတယ်။ အဆောင်မှာ ရှိတဲ့သူတွေအားလုံးက ဒေဝီဆိုတာ မိန်းမဆောင်မှာပဲရှိတယ်။ယောက်ျားထောင်မှာမရှိဘူးလို့ အားလုံးက ဝိုင်းပြောလိုက်ကြပါတယ်။ နောက်မှ စုံစမ်း ကြည့်တော့ ထောင်ဝင်စာရုံးက စာရေးက သဝှီးကို ဒေဝီဆိုပြီး နာမည်မှားရေးမိတယ်ဆိုတာ သိရတော့တယ်။ အဲဒီကျမှ ကိုသဝှီးလည်း အူယားဖားယားနဲ့ ညကြီးမိုးချုပ် ကျမှ ထောင်ဝင်စာတွေ့ရရှာပါတယ်။
အင်းစိန်ထောင်က ကြီးလွန်းတော့ ဒေဝီဆိုတဲ့ နာမည်ဖြတ်ပိုင်းလေးနဲ့ တထောင်လုံးအနှံ့မှာရှိတဲ့ အဆောင်တွေ၊ အလုပ်ကြီးတွေဆီရောက်သွားလို့ ကိုသဝှီးရဲ့ ထောင်ဝင်စာစာရွက်ဟာ ဟိုရောက်၊ ဒီရောက်နဲ့ ကိုသဝှီးဆီ တော်တော်နဲ့ ပြန်မရောက်လာနိုင်ဘူး။ ဒါ့ကြောင့်ကိုသဝှီးက ညကြီးမိုးချုပ်ကြမှ ထောင်ဝင်စာ တွေ့ရပါတော့တယ်။
ကျနော်တို့နေတဲ့ သီးသန့်ဆောင်ကို လူသစ်တွေ တဖွဲဖွဲရောက်လာမစဲ တသဲသဲ ဖြစ်နေသလို အရင်ရောက်နှင့် ပြီးသားဖြစ်တဲ့ ကျနော်တို့တွေအတွက် အမိန့်ချမဲ့ရက်က တဖြည်းဖြည်း နီးကပ်လာနေပါတယ်။ တပ်ဦးအမှုတွဲတွေကို အမိန့်မချခင် တစ်ညက ကိုငြိမ်းက “ဘဝသံသရာ” သီချင်းကိုဆိုပါတယ်။
နောက်တနေ့ မနက်ကျတော့ ထောင်(၇)နှစ်ကျသွားလို့ သီးသန့်ထောင်ဗူးဝကနေ ကျနော်တို့ကို လက်ကလေးပြပြီး အင်းစိန် ထောင်ကြီးက အဆောင် (၁)ကိုရောက်သွားပါတော့တယ်။ သီးသန့်ထောင်မှာ အချုပ်ဘဝနဲ့ နေရင်း အပြင်ဘက်မှာ အခြေအနေတွေ အရမ်းဆိုးနေတာ တအားသိသာနေပါတယ်။ အပြင်ဖက်မှာ ဖမ်းဆီးမှုတွေ များလွန်းတာကြောင့် သီးသန့် အကျဉ်းထောင်ထဲမှာ စစ်ကြောရေးစခန်းတခု အသစ်ဖွင့်လှစ်လိုက်ပြီး ထောက်လှမ်းရေးများမှာ တိုးချဲ့ စစ်ဆေးနေပါတော့တယ်။
သီးသန့်အကျဉ်းထောင်ထဲကို ကျောင်းသားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန္ဓီခန်းမကြေညာစာတမ်း ၁/၉ဝ ကိုထောက်ခံကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ထောင်ထဲကို ပြည့်နှက်နေအောင် ရောက်လာပါတယ်။ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး နဝတက လွှတ်တော် အမတ်တွေကို စစ်ကြောရေးတွေမပြုလုပ်ပဲ လက်ပတ်နာရီတွေ၊ တိုက်ပုံအင်္ကျီ အကောင်းစားတွေနဲ့ တွေ့ရတော့ သူတို့ကို ကျကျနနသေသေချာချာထားတယ်၊ စားချင်တာကိုစားရတယ်၊ ဆေးဝါးအကူအညီနဲ့ ရေကိုလည်း ဝဝလင်လင် ချိုးရတယ်လို့ ကြားရပါတယ်။
သူတို့နဲ့ကျွန်နော်တို့ကို မျက်နှာချင်းဆုံခွင့် မပေးပါဘူး။ နောက်ကျမှ စုံစမ်းကြည့်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကျွန်တော်တို့နဲ့ ဘာမှ မထူးခြားဘူးဆိုတာ သိရပါတော့တယ်။ ပုံစံပဲဟင်းစား၊ သူတို့ယိုတဲ့ ချီး သူတို့ချရတာပါ။ ရေချိုးလည်း ပုံစံပန်းကန်ပြားနဲ့ ချိုးရတာပဲ ဖြစ်ပါတယ်။ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တွေမှာ အသက်အရွယ်ကြီးရင့်သူတွေလည်း ပါဝင်ကြတာမို့ ထောင်ရဲ့ ဒုက္ခကို ခံစားရပါတယ်။ ပထမကြားရတဲ့ သတင်းက အော်ဂျက်သတင်းကြီးဖြစ်ပါတယ်။ အော်ဂျက်ဆိုတာက မမှန်သတင်းကို ဆိုလိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
(စ) ရမန်ယူပြန်ပြီ
ကျနော်တို့နေရတဲ့ သီးသန့်ထောင်မှာ လူကိုလူလိုဆက်ဆံတဲ့ ထောင်ဝန်ထမ်းတွေနဲ့ဆုံရရင် ညဖက်ဆို သီချင်းကို အခန်းတခန်းကို တပုဒ်ဆိုကြပါတယ်။ ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းက ညစဉ်တပုဒ်လောက်တော့ ပါစမြဲပါပဲ။ ကျနော်ကတော့ သီချင်းဟောင်းတွေ အဆိုများတာကြောင့် အားလုံးက ရေဒီယိုလို့ ကင်ပွန်းတပ်အားပေး ကြပါတယ်။
တပ်ဦးအမှုတွဲတွေအားလုံး အမိန့်ချပြီးလို့ ထောင်ကြီးကို ပြောင်းပြီးသွားတော့ ထောင်ကျဖို့ ကျန်နေသေးတဲ့ ကျနော်တို့(၇)ယောက်အလှည့် ရောက်လာပါတယ်။ တရားရုံးထုတ်ရင် အိမ်ကမိဘတွေနဲ့ တွေ့ရမှာမို့ ပြောတဲ့စကားတွေကို စီကာပတ်ကုံး စဉ်းစားနေရင်း ရင်ခုန်နေမိပါသေးတယ်။ ကျနော်တို့တွေကို ရုံးထုတ်မဲနေ့ ရောက်တော့ သီးသန့်ဗူးကို ထွက်လာရပါတယ်။ အဲဒီမှာ ထောက်လှမ်းရေးတွေနဲ့ အမျိုးသမီး တရားသူကြီးကို တွေ့ရပါတယ်။ တရားသူကြီးအမျိုးသမီးက ကျနော်တို့ အမှုတွဲတွေအတွက် ရမန် (ရက်ချိန်း) နှစ်ပတ်ထပ် ယူလိုက်တယ်လို့ပြောပြီး ကျနော်တို့ကို သီးသန့်ထောင်ထဲ ပြန်ပို့လိုက်ပါတယ်။ ဒီတခေါက် အိမ်ကမိသားစုတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်တော့တာ သိရတဲ့အခါ စိတ်ထဲတမျိုးကြီး ဖြစ်သွားပါတော့တယ်။ ဒီအချိန်ဆိုရင် ဘားလမ်း(စတီးဝပ်)အချုပ်မှာ အိမ်ကမိဘတွေ အင်းစိန်ထောင်ကလာတဲ့ အချုပ်ကားမှန်သမျှမှာ ကျွန်နော်တို့ကို အမောတကောရှာဖွေကြမှာ တွေးပြီး သက်ပြင်းမောတခု ချလိုက်ပါတယ်။
ညနေ ထောင်ပိတ်သံချောင်း ခေါက်တဲ့အခါမှာ အပေါ်ထပ်က ထိုင်းအကျဉ်းသမားတွေရဲ့ ဘုရားရှိခိုးသံ ထွက်ပေါ်လာပါတယ်။
(ဆ) စစ်ခုံရုံးမှာ တိုင်ပြည်ကို ချစ်တဲ့သူတွေ
အချုပ်ဘဝနဲ့ ကျနော်တို့ အမှုတွဲတွေ တကြိမ်သာ တရားရုံးထွက်ရပါတယ်။ ၁၉၉ဝ၊ အောက်ကိုဘာလ ၂၉ ရက်နေ့ ရောက်တော့ ကျနော်တို့အမှုတွဲတွေ အားလုံးကို နေ့လယ်မှာ အင်းစိန်ဗူးဝမှာရှိတဲ့ အထူးစစ်ခုံရုံးကို ခေါ်သွားပါတယ်။ အထူးစစ်ခုံရုံးကိုရောက်တော့ ကျနော်ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပါတယ်။ တရားရုံးရဲ့ အလယ်တည့်တည့်မှာ နိုင်ငံတော်တံဆိပ်ကို ချိတ်ထားပါတယ်။ တံဆိပ်ရဲ့ ဘယ်ဖက်မှာတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံကို ချိတ်ထားပါတယ်။
ဓါတ်ပုံထဲမှာ ဗိုလ်ချုပ်က ကျနော်ကို အားပေးနေတဲ့ အပြုံးနဲ့တွေ့ရတယ်လို့ စိတ်ထဲမှာ ခံစားမိတယ်။ ကျနော်ရင်ထဲ အနည်းငယ်ငြိမ်သက်သွားပါတယ်။ ညာဖက်အခြမ်းမှာတော့ နိုင်ငံရဲ့လူသတ်ကောင်နေဝင်း စစ်ယူနီဖောင်းဝတ်ထားပြီး ပြုံးနေတဲ့အပြုံးဟာ ကျနော်တို့ကို လှောင်ရယ်နေသလား အောက်မေ့ရပါတယ်။ သူအပြုံးကို တွေ့ရတော့ ခါးသက်သွားပါတယ်။ နံရံနဲ့ ကပ်ရက်စင်မြင့်မှာ စားပွဲခုံတလုံးနဲ့. ထိုင်ခုံ (၃)လုံးချထားပါတယ်။ စားပွဲခုံမှာတော့
ကလပ်တခုနဲ့ ကတ္တီပါအုပ်ထားတဲ့ စာအုပ်တွေကိုတွေ့ရပါတယ်။
ကျနော်တို့ကို အမိန့် ချခါနီးတော့ စစ်တပ်ဗိုလ်မှူးကြီး(၃)ယောက် ခုံပေါ်မှာ နေရာယူပါတယ်။ ပြီးတော့ ပန်းဘဲတန်းမြို့နယ်က ရဲစခန်းမှူးက ထောက်လှမ်းရေးတွေရေးပေးထားတဲ့ မတရားလုပ်ကြံချက်တွေကို ဖတ်ပြပါတယ်။ စွဲချက်တွေကိုဖတ်ပြပြီးတော့ တရားသူကြီးလုပ်တဲ့ ဗိုလ်မှူးကြီး(၃)ယောက်က “ဘာတင်ပြစရာရှိသေးလဲ” ဆိုပြီး ကျနော်တို့ကို မေးပါတယ်။ ကျနော်တို့ကလည်း ဘာမှ တင်ပြစရာမရှိဘူးလို့ ပြန်ပြောလိုက်တော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာယာက ကျနော်တို့တဦးချင်းစီရဲ့ နာမည်တွေနဲ့ ပေးလိုက်တဲ့ စာအိတ်တွေကို ဖောက်ပါတော့တယ်။ အဲဒီ စာအိတ်ထဲမှာ ကျခံရမဲ့ပြစ်ဒဏ်နဲ့ အလုပ်ကြမ်းတွေကို ရေးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ စစ်ခုံရုံးက ကျွန်နော်တို့ကို “သင်တို့မှာအပြစ်ရှိလား၊ မရှိဘူးလား” လို့ထပ်မေးပါတယ်။ သူတို့ အဲဒီလို မေးတဲ့အခါမှာ အပြစ်မရှိကြောင်း ငြင်းဆိုရင် စစ်ခုံရုံးမှာပဲ ပြစ်ဒဏ်ထပ်တိုးပါတယ်။ ကျနော်တို့ရှေ့မှာထိုင်နေတဲ့ ဗိုလ်မှူးတွေ ထပ်တိုးတဲ့အခါသူတို့ လုပ်ချင်သလို လုပ်ပိုင်ခွင့်ရှိပြီး၊ ပြစ်ဒဏ်လျှော့ပေါ့ အခါကျတော့ လုပ်ပိုင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ကျနော်တို့ အမှုတွေကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
(၁)။ ကိုအောင်ထွန်း - ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား (၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၅)နှစ်)
(၂)။ ကိုညီထွေးခိုင် - သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ (၁၉၅ဝပြည့်နှစ်အရေးပေါ်စီမံချက် အက်ဥပဒေ ၅(ည)အရ
အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၄)နှစ်)
(၃)။ ကိုသားညွန့်ဦး - ဆေးတက္ကသိုလ်ကျောင်းသား (၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မ ၅(ည) အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်)
(၄)။ ကိုရဲမော်ထူး - (အခြေခံပညာကျောင်းသားများသမဂ္ဂ) ရန်ကုန်တိုင်း (၁၉၅၀ ပြည့်နှစ်အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅(ည)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၄)နှစ်)
(၅)။ ကိုရဲကျော်စွာ - (အခြေခံပညာကျောင်းသားများသဂ္ဂ) ရန်ကုန်ကိုင်း(၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်)
(၆)။ ကိုနေလင်း - (အခြေခံပညာကျောင်းသားများသမဂ္ဂ) ရန်ကုန်တိုင်း (၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်)
ကျနော်တို့ အမှုတွဲတွေရဲ့ အိမ်တွေအသီးသီးက အင်းစိန်ထောင်ဗူးဝမှာတသုတ်၊ ဘားလမ်း (စတီးဝပ်)အချုပ်မှာနဲ့ မြို့နယ်တရားရုံးမှာတသုတ် လူစုခွဲပြီး စောင့်နေကြပါတယ်။ ကျနော်တို့ရဲ့သတင်းကို နားစွင့်ရာမှ ကျနော်တို့ကို အင်းစိန်ထောင်ဗူးဝမှာ ရုံးထုတ်ပြီးစစ်ခုံရုံးမှာ အမိန့်ချ လိုက်တဲ့အကြောင်းကို ထောင်ဗူးမှာစောင့်နေတဲ့ တသုတ်ကတွေ့သွားပြီး ကျန်တဲ့အိမ်အသီးသီးကို ချက်ချင်း အကြောင်းကြားလိုက်တာကြောင့် အမိန့်ချအပြီးမှာ ကျနော်တို့တွေ အိမ်နဲ့ ခေတ္တ တွေ့ရပါတယ်။ ကျနော်တို့ရဲ့ပြစ်ဒဏ်တွေကိုကြားလိုက်ရတဲ့ အိမ်တွေအသီးသီးက လူတွေက ငိုတော့မယ့်မျက်နှာတွေ၊ ဝမ်နည်းကြေကွဲနေတဲ့ မျက်နှာတွေနဲ့ တွေ့ရပါတယ်။ ကျနော်တို့ရဲ့ အမှုတွဲတွေအားလုံးဟာ ကျနော်တို့ရဲ့ယုံကြည်ချက်ကြောင့် နဝတရဲ့အပြစ်ဒဏ်ကိုရင်ဆိုင်ဖို့ တက်ကြွတဲ့မျက်နှာမျိုးတွေနဲ့ ရှိနေပါတယ်။ ကျနော်တို့တွေ မိဘတွေနဲ့ စကားပြောနေချိန်မှာ ကျနော်တို့ကို အမိန့်ချခဲ့တဲ့ စစ်ခုံရုံးက ဗိုလ်မှူးကြီးတွေ လာကြည့်ပါတယ်။ အဲဒီမှာ ကျနော်တို့ထဲက မိသားစုတစုက “ကျမသားလေးက တိုင်းပြည်သိပ်ချစ်တာလေ၊ ဒါကြောင့် သူသိပ်ချစ်တဲ့ တိုင်းပြည်က သူ့ကို ဆုလာဘ်တွေချလိုက်တာပေါ့” လို့ ကြေကြေကွဲကွဲကြီး ပြောချလိုက်တော့ အဲဒီဗိုလ်မှူးကြီးတွေ မျက်နှာပျက်သွား ကြပါတယ်။
ဒီကိစ္စက သူတို့နဲ့ မသက်ဆိုင်ကြောင်း၊ အထက်ရဲ့ အမိန့်အရ ပြုလုပ်တာဖြစ်ကြောင်း၊ သူတို့အနေနဲ့ ကိုယ်ချင်းစာပါကြောင်း ပြောပြီး ကျနော်တို့တွေဟာ ကျောင်းသားတွေဖြစ်လို့ စာပြန်သင်ချင်ရင် အယူခံလွှာ တင်ဖို့လည်း တိုက်တွန်းပါတယ်လို့ ပြောပြီးကျွန်တော်တို့အနားကနေ ထွက်သွားပါတယ်။ မိသားစုတွေနဲ့
ကျနော်တို့တွေ တဦးကိုတဦး အပြန်အလှန်အားပေးနေမိပါတော့တယ်။
ကျနော်တို့ တတွေတိုက်ခဲ့တဲ့ တိုက်ပွဲက မအောင်မြင်သေးလို့ ရန်သူရဲ့ အနိုင်ရမှုအောက်ကို ကျနော်တို့ ရောက်ခဲ့တာပဲဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့တိုက်ပွဲတွေ မပြီးဆုံးသေးဘူးဆိုတာ ကျနော်တို့ မေ့ထားလို့မဖြစ်ပါဘူး။ အောင်ပွဲမစခင် စပ်ကြားမှာ ကျနော်တို့တတွေရဲ့ ပေးဆပ်မှုဟာ ရန်သူကို တုန်လှုပ် ခြောက်ခြားသွားစေရပါမယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အင်းစိန်ထောင်ကြီးထဲကို ကျနော်တို့တွေအားလုံး ရင်ကော့ပြီး ကြည့်လိုက်ပါတယ်။
◾ အခန်း(၄)
(က) အပ်ထည်အလုပ်ခံရခြင်း
ကျနော်တို့တွေ ထောင်ကျပြီးဖြစ်လို့ သီးသန့်ထောင်မှာရှိတဲ့ အချုပ်ခန်းကနေ ထောင်ကျဆောင်က အဆောင်(၁)ကို ပြောင်းနေရပါတယ်။ ထောင်ကျပြီး တပတ်လောက်အထိတော့ သီးသန့်မှာ နေရပါသေးတယ်။ နောက်မှ မြန်မာပြည်ထောင်တွေထဲက နာမည်ကြီး “အင်းစိန်ဗဟို စံပြ အကျဉ်းထောင်” ကိုကျနော်တို့ အမှုတွဲတွေ အားလုံးပြောင်းရွှေ့ ရပါတယ်။ အင်းစိန်ထောင်ရဲ့ ဗဟိုချက်မဖြစ်တဲ့ မိန်းဂျေးလ်ကိုရောက်တော့ ကျွန်တော်တို့ အမှုတွဲတွေကို အဆောင်တဆောင်စီ ခွဲပြီးပို့လိုက်ပါတော့တယ်။ ကျနော်ကတော့ အမှတ်(၄) အိပ်ဆောင်ကို ရောက်သွားပါတယ်။ ကျနော်နေရတဲ့ အဆောင်ကထောင်မှူး အောင်ကြီး လို့ခေါ်ပါတယ်။
ကျနော် ရောက်ရောက်ချင်း ထောင်စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ဩဝါဒပို့ချလိုက်တာ အနည်းဆုံး (၅) နာရီ လောက်ကြာသွားပါတယ်။ နေ့ခင်းထဲက ထောင်ထဲမှာ ဘယ်လိုနေရမယ် စတာတွေကို မပြီးဆုံးနိုင်အောင်ကို ပြောနေတာ ထောင်ပိတ်တဲ့ အချိန်ထိပဲဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ တောင်ဥက္ကလာပက ပန်းချီ၊ ရုပ်ပြ၊ ကာတွန်းဆရာ ကိုဘိုဘိုထွန်းဟာ ၅(ည)နဲ့ ကျနော်တို့ရဲ့ အဆောင်ကို ရောက်လာပါတော့တယ်။ သူလည်း ထောင်မှုးအောင်ကြီးရဲ့ ဩဝါဒတွေကို နာရီပေါင်းများစွာ ခံလိုက်ရပါသေးတယ်။ အင်းစိန်ထောင်မကြီးကို ရောက်ပြီး တပတ်လောက်အကြာမှာ ထောင်ပိုင်က ခေါ်ခိုင်းတယ်ဆိုပြီး ကျနော့်ကို လာခေါ်ပါတယ်။ ကျနော်လည်းဘုမသိ ဘမသိနဲ့ မိန်းဂျေးကိုထွက်ပြီး ထောင်ပိုင်ဦးလှကြည်နဲ့ တွေ့ရပါတယ်။
ထောင်ပိုင်ဦးလှကြည်က ကျနော့်ကို သေသေချာချာ စိုက်ကြည့်ပြီး “မင်းကို အထက်လူကြီးတွေက ငါ့ကိုအပ်ထားတယ်” ဆိုပြီး ထောင်တွင်းလုံခြုံရေးကိစ္စတွေမှာ သူတို့အကျဉ်းဦးစီးဌာန(အကစ) က လူကြီးတွေနဲ့ ပူးပေါင်းပြီး သတင်းပေး(informer)လုပ်ဖို့ တိုက်တွန်းပါတော့တယ်။
နောက်ပြီး ကျနော်နေတဲ့အဆောင်က ထောင်မှူး အောင်ကြီးကိုခေါ်ပြီး “ဒီကောင့်ကိုကြည့်ထားလိုက်” လို့ပြောလိုက်ပါတယ်။ ကျနော်အဆောင်ကို ပြန်ရောက်တော့... အလုပ်တာဝန်တွေ အသီးသီးကို ထောင်ကျ အကျဉ်းသားတွေကို ချပါတယ်။ အဲဒီမှာကျွန်တော်က အခြား ၅(ည)တွေနည်းတူ တောင်ယာမလုပ်ရပဲ သက်သာတဲ့ ပန်းခြံဆိုတဲ့ ဘုတ်ကိုချပေးပါတယ်။ ကျနော်လည်း ထောင်ကျတာ ဘာမှမကြာသေးတော့ အခြေအနေတွေ အားလုံးကို သေသေချာချာမသိသေးလို့ အဆောင်က ၅(ည)တွေကို အကျိုးအကြောင်း မေးကြည့်ရပါတယ်။ အဲဒီအခါမှာ သူတို့က “အဲဒါမင်းကို အပ်ထည် လုပ်လိုက်တာ” လို့ပြောပါတယ်။ ကျနော်က အပ်ထည်ဆိုတာ ဘာမှန်းမသိတော့ သူတို့ကိုပဲ ပြန်မေးရပါတယ်။
“အပ်ထည်ဆိုတာ ဘာလဲဗျ”
“ထောင်ပိုင်ရဲ့ ဘောက်ချာပေါ့ကွာ”
“ခင်ဗျားတို့ဟာတွေက ဘာတွေလဲဗျ။ ကျနော်ဘာမှနားမလည်တော့ဘူး”
“ဒီလိုက္ခ” ဆိုပြီး အပ်ထည်တို့၊ ဘောက်ချာတို့ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါတော့တယ်။ ထောင်ထဲမှာ အကျဉ်းဦးစီးဌာနက ပ,စားပေးထားတဲ့ ရေပေါ်ဆီ လူတန်းစားတွေကို ထောင်အခေါ်ဝေါ်အရ “အပ်ထည်၊ ဘောက်ချာ” လို့ခေါ်ပါတယ်။ ကျနော် နည်းနည်းတွေဝေသွားပါတယ်။ ကျနော့်ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ (အ၊ က၊ စ)က ဝန်ထမ်းတွေရှိတယ်ဆိုကာလည်း တခါမှမကြားဖူးပါ။
ကျနော့်အိမ်က မိဘတွေကများ ထောင်ပိုင်တွေကို ငွေပေးပြီးတော့ ကျနော် ထောင်ထဲမှာ နေရထိုင်ရ အဆင်ပြေအောင် လုပ်တာမျိုးလားဆိုပြီး တွေးကြည့်မိပါသေးတယ်။ ဒါပေမယ့် လုံးဝမဖြစ်နိုင်ဘူး ဆိုတာ ကျနော် သိပါတယ်။ ကျနော့်အမိန့်ချတဲ့နေ့မှာ ကျနော်အတွက် ဒီလိုပုံစံမျိုး ကြည့်ခိုင်းတာတွေ ဘာတွေမလုပ်ဖို့ ကျနော့်ကိစ္စ ကျနော့်ဘာသာ ရှင်းရမယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်စိတ်မချသေးလို့ ထောင်ဝင်စာလာတဲ့နေ့မှာ အိမ်ကိုမေးကြည့်တော့ ကျနော်အိမ်က ဒါမျိုးလုပ်တာ ဝါသနာမပါဘူးလို့ ပြန်ဖြေပါသေးတယ်။ ဒါကြောင့် ဒီကိစ္စကို ကျနော် ခေါင်းထဲက ထုတ်ထားလိုက်ပါတယ်။
ကျနော်တို့ ထောင်မှူးအောင်ကြီးက ကျနော်နဲ့ ဘိုဘိုထွန်းကလွဲရင် ကျန်တဲ့ ၅(ည)တွေကို ကြည့်မရ ဖြစ်နေတာကို ကျနော်သတိထားမိပါတယ်။ အခြား ၅(ည)တွေကို အပြစ်တွေတမျိုးပြီး တမျိုးလိုက်ရှာပြီး ပြဿနာလုပ်နေတာလည်း တွေ့ရပါတယ်။ တရက်မှာ နဝတပတ္တမြား အမှုတွဲတွေဖြစ်တဲ့ မန္တလေးက နေပြည်တော်သန်းထွန်းနဲ့ အမှုတွဲ(၃)ယောက် ကျနော်တို့ အဆောင်ကို ထောင်ကျအဖြစ် ရောက်လာပါတယ်။ သူတို့ရဲ့ ပုဒ်မက နိုင်ငံတော်ပစ္စည်းအလွဲသုံးစားပြုလုပ်မှု ၆၊ ၁ ဖြစ်ပြီး ထောင် (၂၅)နှစ်ကျလာတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ “အပ်ထည်” တွေဖြစ်ပါတယ်။
ထောင်ကျတာ ရက်ပိုင်းပဲရှိပေမယ့် တရုပ်နိုင်ငံလုပ် မျက်နှာသုတ် ပုဝါကြီးတွေအထည်(၂ဝ)လောက်ခင်းပြီး အိပ်ယာခင်းလုပ်အိပ်တဲ့ကောင် ဖြစ်ပါတယ်။ အလုပ်ချတဲ့အခါကျတော့ ထောင်မှူးအောင်ကြီးကိုယ်တိုင် ပန်းခြံဘုတ်မှာလိုက်ချပေးပါတယ်။
(ခ) ကျီးကန်းမျိုးတွေရဲ့ တောင်ယာလေဘာ အန်တုပွဲ
ဘာမှ အလုပ်မများလှတဲ့ ပန်းခြံဘုတ်မှာ အကျဉ်းသားတွေ မတရားပြည့်နှက်နေပြီး တကယ့်ကို ပင်ပန်းလှတဲ့ တောင်ယာ အလုပ်ဘုတ်မှာတော့ လူအင်အားနည်းနည်းလေးနဲ့ မတရားခိုင်းနေတာကို တွေ့ရပါတယ်။ ထောင်မှုးအောင်ကြီးက တောင်ယာအတွက် လိုအပ်နေတဲ့ပစ္စည်းတွေကို တာဝန်အရ မဆောင်ရွက်ပေးပဲ တောင်ယာဘုတ်က အကျဉ်းသားတွေကို ပြဿနာ တခုမဟုတ်တခု လိုက်ရှာနေပါတယ်။ မကြာခင်မှာပဲ ၅(ည) အများအပြား အလုပ်လုပ်နေတဲ့ တောင်ယာဘုတ်နဲ့ ထောင်မှူးအောင်ကြီးတို့ ပြဿနာစ ဖြစ်ပါတော့တယ်။ ဖြစ်ပုံက တမနက်မှာ တောင်ယာရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို ရေလောင်းဖို့အတွက် ရေအပြည့်ထမ်းလာတဲ့ ၅(ည)တဦး(သူ့နာမည်က ကျော်ကျော်လင်းလို့ပဲ ကျနော်မှတ်မိပါတော့တယ်)ဟာ ရေသယ်ရင်း ချော်လဲသွားပါတယ်။ ချော်လဲတဲ့ ဒဏ်ကြောင့် သူ့ခမျာ ခါးနာသွားပါတယ်။ သူခါးနာသွားတာကြောင့် အခြား ၅(ည)တွေက “ဒီတနေ့တော့မင်းနားလိုက်ပါဦး” လိုဆိုပြီး နောက်တနေ့မှ ပြန်လုပ်ခိုင်းပါတယ်။ ဒါကြောင့် သူလည်း အဆောင်(၄) အနောက်ဖက်က ဘုရားဝင်းထဲမှာထိုင်ပြီး နားနေပါတယ်။ အဲဒါကို ထောင်မှူးအောင်ကြီး တွေ့သွားပြီး တောင်ယာဘုတ်ကိုင်ကို ခေါ်လိုက်ပါတယ်။ ပြီးတော့ ဘုတ်ကိုင်ကို
“ဒီကောင်က သူများတွေ အလုပ်လုပ်နေတဲ့အချိန် ဘာထိုင်လုပ်နေတာလဲ၊ ခေါ်ခိုင်းစမ်း” လို့ပြောတော့ တောင်ယာဘုတ်ကိုင်က ရေလောင်းနေရင်းချော်လဲပြီး ခါးနာ သွားတာကြောင့် နားခိုင်းထားတာပါလို့ ပြန်ဖြေလိုက် ပါတယ်။
ထောင်မှုးအောင်ကြီးရဲ့ မျက်နှာရှုံ့မဲ့သွားပါတယ်။
“ငါ့အဆောင်မှာနေရင် ဆေးရုံကဆရာဝန်ရဲ့ ထောက်ခံစာပါတဲ့ ဆေးနားလက်မှတ် မပါရင် ဘယ်ကောင်မှ နားလို့ မရဘူး၊ အလုပ်လုပ်ရမယ်။ ဒီကောင့်ကို အခုခေါ်ခိုင်းစမ်း”
တောင်ယာဘုတ်ကိုင်ကလည်း ထောင်မှူးအောင်ကြီးကို ဘယ်လိုမှရှင်းပြလို့ မရတာကြောင့် ခါးနာသွားတဲ့ တစ်ယောက်ကို အလုပ်ခိုင်းရပါတယ်။ အဲဒီမှာ အခြား ၅(ည) တွေက တွေ့သွားပြီး ပြဿနာဟာ မီးတောက်တခုလို
ကြီးထွားသွားပါတော့တယ်။
အခြား ၅(ည)တွေက တောင်ယာဘုတ်ကိုင်ကို သူ့ကိုပေးနားလိုက်ပါ၊ သူ့ကိုယ်စားကျနော်တို့ ၂ ဆ ဝိုင်းပြီး ပိုလုပ်ပေးပါ့မယ် လို့ ဝိုင်းပြောကြပါတယ်။ နဂိုကတည်းက ၅(ည)တွေကိုအပြစ်တမင် လိုက်ရှာနေတဲ့ အောင်ကြီးဟာ ဒီကိစ္စကို လုံးဝလက်မခံနိုင်ဘူး ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ကျန်တဲ့ ၅(ည)တွေ အချင်းချင်းတိုင်ပင်ပြီး အကျဉ်းသားတယောက် အလုပ်လုပ်ရင်း ထိခိုက်သွားတာကို ထိုက်သင့်တဲ့အခွင့်အရေး မပေးပဲ အလုပ်ကို အဓမ္မဆက်ခိုင်းနေပါက အဆောင်ရှိကျန် ၅(ည) အကျဉ်းသားတွေပါ အလုပ်ဆက်မလုပ်နိုင်တော့ဘူးလို့ ထောင်မှူး အောင်ကြီးကို ပြောလိုက်ပါတယ်။ အဲဒီမှာ ထောင်မှုးအောင်ကြီးက သူဆင်ထားတဲ့ အကွက်ဝင်ပြီ ဆိုပြီးမတီတရီ ပြုံးလိုက်ပါတယ်။
“အလုပ်မလုပ်နိုင်ဘူးလို့ ပြောတဲ့ကောင်တွေ စာရင်းပေး” ဆိုပြီး စာရင်းတောင်းပါတော့တယ်။ စာရင်းတွေ အားလုံးရတဲ့အခါမှာ သူတမင်လုပ်ကြံထားတဲ့ အကြောင်းနဲ့ စာရင်းကို မိန်းဂျေးလ်မှာရှိတဲ့ ထောင်ပိုင်ဆီကို ပို့လိုက်ပါတော့တယ်။ အဆောင် (၄) က ၅(ည) တွေ အုပ်စုဖွဲ့ပြီး နိုင်ငံရေးဆန္ဒပြမှု ပြုလုပ်နေပါတယ်၊ ထောင်အတွင်း ဆူဆူပူပူဖြစ်အောင် လုပ်နေပြီး ထောင်အာဏာပိုင်များရဲ့ အသက်အန္တရာယ်ကိုလည်း ရန်ရှာနေပါတယ်၊ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တဲ့အတွက် အမြန်ဆုံး အရေးယူပေးဖို့ လိုပါတယ် စသဖြင့် မတရားစွဲဆိုချက်တွေနဲ့ ထောင်ပိုင်လှကြည်ကို သတင်းပို့လိုက်ပါတယ်။ ကျနော်လည်း ထောင်ကျလာတာ မကြာသေးပေမယ့် ကျနော်တို့ရဲဘော်တွေရဲ့ မှန်ကန်တဲ့ လုပ်ရပ်အပေါ် ရပ်တည်ဖို့အတွက် ထောင်မှူးအောင်ကြီးဆီကို ကျနော်နဲ့ ဘိုဘိုထွန်းတို့ နှစ်ယောက်သား သွားတွေ့ပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံးကလည်း တောင်ယာဘုတ်က သူများနည်းတူ အလုပ်မလုပ်နိုင်ဘူးလို့ ထောင်မှုး အောင်ကြီးကို ပြောလိုက်ပါတယ်။
“မင်းတို့နဲ့ ဒီကိစ္စက ဘာမှမဆိုင်ဘူး ဝင်မပါစမ်းပါနဲ့၊ နေစမ်းပါဦး
မင်းတို့ကဘာတွေများ ပင်ပင်ပန်းပန်း လုပ်ရလို့ အလုပ်မလုပ်နိုင်ရတာလဲ”
“ထောင်မှူးအောင်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ မနေချင်တော့လို့ပါ”
“အော်၊ အေး ရတယ်လေ၊ မင်းတို့နံပါတ်ကြီးတွေပေး၊ လူကြီးတွေက ကောင်းတယ်ထင်လို့ နတ်ပြည်တင်ပေးထားတာ မြင့်တယ်ဆိုပြီး ခုန်ချတဲ့ကောင်တွေ၊ တွေ့ကြသေးတာပေါ့”
”... ...”
“ကျီးကန်းမျိုးတွေ၊ တယောက်ထိ ဝိုင်းအာကြတဲ့ကောင်တွေ”
ထောင်မှူးအောင်ကြီး ဒေါသကြီးကြီးရေရွတ်နေတုန်း ကျနော်တို့ နှစ်ယောက် ရုံးခန်းထဲကနေ ထွက်လာခဲ့ပါတယ်။ နောက် စည်သူဝင်းလဲ ထောင်ကျတာ ရက်ပိုင်းပဲရှိသေးပြီး ကျနော်တို့ အဆောင်(၄)ကို ရောက်လာတာ မကြာသေးပါဘူး။ သူ့ကို ဘာတာဝန်မှတောင် မချရသေးပါဘူး။ စည်သူဝင်းဟာ တောင်ယာဘုတ်မှာ ဖြစ်တဲ့အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွားပြီး အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ထောင်မှူးအောင်ကြီးကို သွားတွေ့ပါတယ်။ ထောင်မှူးအောင်ကြီးက
“မင်းကဘာကိစ္စလဲ”
“ကျနော်လဲ အလုပ်မလုပ်နိုင်တဲ့သူ စာရင်းလာပေးတာပါ”
ထောင်မှူးအောင်ကြီး မျက်လုံးပြူးထွက်သွားပြီး တအံ့တဩ ဖြစ်သွားပါတယ်။
“မင်းကို ဘယ်သူက အလုပ်တာဝန်ပေးထားသေးလို့လဲ၊ မနေ့တနေ့ကမှ ထောင်ကျလာပြီး ရက်ပိုင်းတောင် မရှိသေးဘူး၊ ဘာလဲ၊ မင်းတို့ရဲဘော်တွေနဲ့ အတူတူလိုက်ချင်လို့လား၊ ရတယ်၊ နောက် လိုက်ချင်သေးတဲ့ ကောင်ရှိရင်ပြောဦးနော်”
နေ့လယ်ပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်က ဇော်ရဲဝင်းနဲ့ စိုးခတို့က ဖြစ်ခဲ့တဲ့ပြဿနာ အခြေအနေ အသေးစိတ်ကို ထောင်ပိုင် လှကြည်ဆီ သွားတင်ပြပါတယ်။ ထောင်မှုးအောင်ကြီးဟာ ၅(ည) နိုင်ငံရေး အကျဉ်းသားများကို တမင်ပြဿနာ လိုက်ရှာနေပြီး ပြဿနာအသေးအဖွဲ့ ကိုအကျယ်ချဲ့ကာ ထောင်ပိုင်ထံ အကောက်ကြံပြီး လိမ်လည်တင်ပြ တာဖြစ်ကြောင်း၊ ၅(ည)တွေအပေါ် အမြင်မကြည်လင်တဲ့ ထောင်မှူး အုပ်ချုပ်ရေးနေရာမှာ ပြဿနာ တခုမဟုတ်တခုဖြစ်နေမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ထောင်မှူး အောင်ကြီးကို အဆောင်(၄)ကနေ ဖယ်ရှားပေးဖို့၊ ဒါမှမဟုတ်ရင် အဆောင်(၄)က နိုင်ငံရေးအကျဉ်းသမားများကို အခြား အဆောင် တခုခုကိုပြောင်းရွှေ့ပေးဖို့ ထောင်ပိုင်ကို တင်ပြကြပါတယ်။
မိန်းဂျေးလ်မှာရှိတဲ့ ထောင်အာဏာပိုင်တွေကလဲ သူတို့ဝန်ထမ်း ထောင်မှုးအောင်ကြီး ပြောသမျှကိုသာ လက်ခံထားပြီး ၅(ည)တွေရဲ့ တင်ပြချက်တွေကို အသားလေးမှိန်းပြီး နားထောင်နေပါတယ်။ ပြီးတော့ အဆောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသား(၆ဝ)ခန့်ကိုခေါ်ပြီး
“မင်းတို့ အလုပ်မလုပ်ရင်တော့ အဆောင်မှာ မနေရဘူး၊ ကွာ (လျှော့ရက်) လဲ အဖြတ်ခံရမယ်၊ ဒီတော့ မင်းတို့တွေ တိုက်ထဲမှာ သွားနေရမယ်” လို့ပြောပါတယ်။ တိုက်ထဲသွားနေရမယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသမားတွေကို ထားတဲ့တိုက်ခန်းတွေကို မပို့ပဲ.. အထူးတိုက်အနောက်ဖက်က အလုပ်ဝင်းကြီးထဲမှာရှိတဲ့ စစ်ခွေးတိုက်ကို ကျနော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅(ည)တွေ ၆ဝ ကျော်ကို ပို့လိုက်ပါတော့တယ်။
(ဂ) စစ်ခွေးတိုက်က ငရဲခန်း
ကျနော်တို့အားလုံး စစ်ခွေးတိုက်ကိုရောက်တော့ ခြေကျင်းတွေ ဒေါက်တွေ စခတ်ခံရပါတယ်။ ဒေါက်နဲ့ ခြေကျင်း စခတ်ခံလိုက်ရတဲ့ အချိန်ကစပြီး အကျဉ်းဦးစီးဌာန၊ ရန်ကုန်တိုင်းထောင်အုပ်စု ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်လတ်က အလုပ်မလုပ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို တိုက်ပိတ်ဒေါက်ခတ် ပြစ်ဒဏ် (၁)လအဖြစ် အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ခွေးထောင်မှာ အခန်းပေါင်း (၁၁)ခန်းတိတိ ရှိပြီး ကျနော်တို့တွေကို (၆)ယောက်တသုတ်ခွဲပြီး အခန်းတခန်းစီမှာ ထည့်ထားကာ သော့ခတ်လိုက်ပါတယ်။ ကျနော်ကတော့ အခန်း (၉)မှာနေရပါတယ်။ ခဏကြာတော့ “(၁)ခန်းထွက်” ဆိုပြီး တိုက်ပုံစံ မောင်းပါတော့တယ်။ တိုက်ပံစံက ကျနော်တို့တွေ ထောင်ကျခါစ က သင်ပြ ထားတဲ့ ပုံစံတွေမဟုတ်တော့ပဲ စစ်ခွေးတိုက်(ပြစ်ဒဏ်တိုက်)ရဲ့ ပုံစံကိုထပ်ပြီးသင်ပါတယ်။ အဲဒီလိုသင် တဲ့အခါမှာ ထောင်ဝန်ထမ်းတွေ အယောက် (၂၀)လောက် ဝိုင်းပြီးတစ်အုန်းအုန်းနဲ့ စပြီး ရိုက်ပါတော့တယ်။ အုတ်နံရံတွေထဲက ဟိန်းထွက်လာတဲ့ ရိုက်သံတွေ၊ အော်ဟစ်သံတွေဟာ ကမ္ဘာပျက်မတတ် ဆူထွက်လာပါတယ်။
“ဖြောင်း... ဖြောင်း”
“ဒုတ်”
“အမေရေ… သေပြီ”
"ဒုတ်... ဒုတ်"
”ခွပ်”
“အား
ငယ်သံပါအောင် အော်နေတဲ့အသံတွေကြားမှ မြင်းလုံးတုတ် (သစ်သားတုတ်)၊ ဂန်းပိုက် (ပလတ်စတစ်ပိုက်ထဲ မှာကြိမ်ထည့်ထားတဲ့ တုတ်)တွေရဲ့ ရိုက်နှက်သံတဘုန်းဘုန်းက မှန်မှန်ကြီးထွက်ပေါ်နေပါတယ်။ မျက်စိကိုစုံမှိတ် ထားလိုက်ချိန်မှာ ကျနော်တကိုယ်လုံး တဆတ်ဆတ်တုန်နေတာ ကိုတွေ့ရပါတယ်။ ကျနော်က အခန်း (၉)မှာကျတာဆိုတော့ အခန်း (၁)ကနေ (၈)ထိရိုက်နှက်သံတွေ၊ ကျနော်တို့ ၅(ည)တွေရဲ့ မချိမဆန့် အော်ဟစ်သံတွေ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြားနေရပါတယ်။
“အား”
“ဖြောင်း”
ကျောထဲ စိမ့်ကနဲ အေးသွားပါတယ်။
ကျနော့်ဘေးက ဘိုဘိုထွန်းခမျာ အသားတွေ၊ နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေတာကို တွေ့ရတော့ ကျနော်လှမ်းပြီးအားပေးလိုက်ပါတယ်။ အခြားခန်းတွေက ရိုက်နှက်မှုကြောင့် အသားစတွေ ဖတ်ကနဲ၊ ဖတ်ကနဲ ကျနော်တို့ အခန်းနားကို လာစင်ပါတယ်။ အဲဒီ အသားစတွေကိုမြင်ပြီး ဘိုဘိုထွန်း ထအော်လိုက်ပါတယ်။ ဟာ... မဟုတ်ပါဘူး၊ ဒါသစ်သားစတွေပါ၊ ဒီကောင်တွေ အုတ်နံရံတွေကို ရိုက်နေတာပါ ဆိုပြီး ဘိုဘိုထွန်း. ကိုအားပေး ရပါတယ်။ ကျနော် အားပေးလိုက်သလို သစ်သားစတွေပဲဖြစ်ပါစေလို့ ဆုတောင်းပြီး တုန်လှုပ်နေတဲ့ ကျနော့်ရဲ့စိတ်ကို ပြန်ပြီး ဖြေလျော့နေပါတယ်။ အော်ဟစ်သံတွေ၊ ရိုက်နှက်နေတဲ့အသံတွေက တဖြည်းဖြည်း ကျနော်တို့အခန်းနားကိုရောက်လာပါတယ်။
အော်ဟစ်သံတွေ ရိုက်နှက်နေတဲ့ အသံတွေက တဖြည်းဖြည်း ကျနော်တို့ အခန်းနားကို ရောက်လာပါတယ်။ အသံတွေက တဖြည်းဖြည်း နီးကပ်လာနေပါတယ်။
စစ်ခွေးတိုက်မှာ နာမည်ဆိုးနဲ့ နာမည်ကြီးနေတဲ့ ဝန်ထမ်းကတော့ တင်မောင်လွင်ဆိုတဲ့ တယောက်ပါပဲ။ ကျနော်တို့လို ၅(ည) နိုင်ငံရေးအကျဉ်းသားတွေက သူ့ကိုရွံရှာမုန်းတီးလွန်းလို့ (ချဉ်ပေါင်ပင်)လို့ နာမည်ဖျက် ပေးထား ပါတယ်။
မျက်နှာမှာ ကျောက်ပေါက်မာတွေ အဖွေးသားနဲ့ သူ့မျက်နှာဝိုင်းဝိုင်းလေးကို မျက်မှန်တပ်ထားသေးတဲ့ ဒုတပ်ကြပ် ချဉ်ပေါင်ပင်ဟာ ကျနော့်တသက်မှာ လူစိတ်အင်မတန် ကင်းမဲ့ပြီး ရက်စက်တဲ့ နေရာမှာလည်း နာမည်ကြီးလှတဲ့သူ့လို လူမျိုးကို မတွေ့ဖူးသေးပါဘူး။ မျက်နှာမှာ ဘီလူးပြုံးပြုံးပြီး သူ့လက်ထဲကတုတ်နဲ့ အကျဉ်းသားတွေကို သေလုမျောပါး ရိုက်တတ်ပါတယ်။
စစ်ခွေးကို တာဝန်ခံအုပ်ချုပ်တဲ့ တပ်ကြပ်ကြီးဦးကံမြင့်(ဘိုကံ)က ချဉ်ပေါင်ပင် ထက်တော်သေး တယ်ဆိုပေမယ်
”၅(ည) သား စားရခဲတယ်ကွ”
ဆိုပြီး ရိုက်နှက်တဲ့နေရာမှာ လက်သံပြောင်တဲ့သူ တဦးပဲဖြစ်ပါတယ်။ ထောင်ထဲမှာ ပိန်ပိန်သွယ်သွယ်နဲ့ မျက်မှန်တပ်တဲ့ ထောင်မှူး နောက်တစ်ယောက် ရှိပါသေးတယ်။ တစ်ခါတုန်းက အကျဉ်းသားတယောက်ကို ရိုက်နှက်ဆုံးမတာ လက်လွန်သွားပြီး အကျဉ်းသားရဲ့ မျက်လုံးတလုံး ကျွတ်ထွက်သွားဖူးပါတယ်။ ဒါပေမယ့် အရာရှိ ထောင်မှူးက ဒီအီးဝင်ပြီး (၆)လအကြာမှာ ထောင်မှူးကြီး ရာထူးပေးလိုက်ပါတယ်။ ထောင်တခုလုံးက နာဇီ လက်ထက်က နာမည်ကြီးလူသတ်ကောင်ရဲ့ နာမည်ကို သူ့ကိုပေးလိုက်ပါတယ်။ “ဂစ်စတာပို” တဲ့။ သူ့ကို ဂစ်စတာပို လို့ပဲ သိကြပါတယ်။
အော်သံတွေ ရိုက်နှက်သံတွေ ခေတ္တတိတ်ဆိတ်သွားပြီး မကြာခင်မှာ စစ်ခွေးတိုက်ဝန်ထမ်းတွေ ကျနော်တို့ အခန်းရှေ့ ရောက်လာပါတော့တယ်။ ကျနော်တို့ကို အခန်းပြင်ကိုထုတ်ပြီး ပုံစံမောင်းရမယ့်နေရာကို ခေါ်သွားပါတယ်။ ရောက်ရောက်ချင်း
“ခွေးမသား၊ အလုပ်မလုပ်ချင်တဲ့ကောင်တွေ” ဆိုပြီး ဘာမပြော၊ ညာမပြောနဲ့ စပြီး ရိုက်နှက်ပါတော့တယ်။ ကျနော့်ကျောပေါ် သစ်သားတုတ်တစ်ခု ပြုတ်ကျ လာပါတယ်။
“ဒုတ်”
ကျောကုန်းတစ်ခုလုံးစပ်ဖျဉ်းဖျဉ်း ဖြစ်သွားပြီး တုတ်တွေအဆက်မပြတ် ကျောပေါ် ရောက်လာပါတယ်။ ခါးက ကော့ကနဲဖြစ်သွားပြီး နောက်ထပ် အဆက်မပြတ်တုတ်တွေ နေရာအနှံ့ဝင်လာပါတယ်။ ခေါင်းကိုမထိမိအောင် ကာထားတဲ့ ကျနော်တို့ရဲ့ လက်တွေကို ဖြတ်ရိုက်လိုက်ပါတယ်။ လက်တွေက မကျိုးယုံတမယ်ဖြစ်သွားပြီး ဝေဒနာကို သိသိသာသာ ခံစားလိုက်ရပါတယ်။ ခေါင်းကိုလက်နဲ့ မကာရဲတော့ပဲ တတ်နိုင်သရွေ့ အောက်ကိုသာ ငုံ့ထား လိုက်ပါတယ်။
"ဒုတ်... ဒုတ်... ဒုတ်"
“ဖြောင်း”
”အ...”
ကျနော်တို့အခန်းက (၆)ယောက်စလုံးကို အားပါးတရ ရိုက်နှက်ပြီးမှ တိုက်ပုံစံကို စမောင်းပါတယ်။ ကျနော်တို့ ခြေထောက်တွေမှာ ဒေါက်တွေ၊ ခြေကျင်းတွေ ခတ်ထားတာကြောင့် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး
“ခွေးမသားတွေ၊ နှေးတယ်၊ မြန်မြန်လုပ်” ဆိုပြီးအော်ပြောပါတယ်။ ခြေကျင်းတွေ၊ ဒေါက်တွေနဲ့. ၅(ည)တွေဟာ သားပိုက်ကောင်တွေလို ခုန်ဆွခုန်ဆွ ဖြစ်နေတော့ ဒါကိုကြည့်ပြီး စစ်ခွေးဝန်ထမ်းတွေကသဘောကျပြီး ရယ်ကြပါတယ်။
ပုံစံ၊ ပုံစံကြီး၊ တိုက်ပုံစံ တွေကို မမှား မှားအောင် အမြန်လုပ်ခိုင်းပြီး နည်းနည်းလေးမှားတာနဲ့ ထပ်ရိုက်ပြန်ပါတယ်။ တခန်းထဲက လူတွေနဲ့ အခန်းချင်းညှိပြီး ညီအောင်လုပ်ခိုင်း၊ မညီရင်ထပ်ရိုက်၊ နှေးရင် လည်းရိုက်ပြန်ပါတယ်။ တခါတခါ သူတို့ခိုင်းတဲ့ပုံစံက အရမ်းမြန်တာကြောင့် ကျနော်တို့ ခြေထောက်တွေမှာ ခတ်ထားတဲ့ ခြေကျင်းနဲ့ ဒေါက်တွေက လိမ်သွားပြီး လူကဝုန်းကနဲ ပြိုလဲကျပါတယ်။ ခြေကျင်းတွေ၊ ဒေါက်တွေတခုနဲ့ တခု ရှုပ်ထွေးသွားရင်း ပုံစံကြီးထိုင်လို့ မရဖြစ်သွားပါတယ်။ အဲဒီအခါကျပြန်တော့ ပုံစံမကျဘူးဆိုပြီး ထပ်ရိုက်ပြန်ပါတယ်။ တောင်ယာအလုပ်ကိစ္စဖြစ်တဲ့ ကျနော်တို့လူအုပ်က (၆ဝ)ကျော်ရှိပါတယ်။
ကျနော့်ခန္ဓာကိုယ်ပေါ်မှာ ကျရောက်ခဲ့တဲ့ တုတ်အရေအတွက်ဟာ မှတ်မှတ်ရရ (၆၄)ချက်ရှိပါတယ်။ ဒီရိုက်နှက်မှုမျိုးကို မနက်မိုးလင်းကတည်းကနေ ညနေထောင်ပိတ်တဲ့အထိ စစ်ခွေးတိုက်ပြစ်ဒဏ်ကျတဲ့ (၁)လအထိ နေ့စဉ်ရိုက်နှက်ခံရနေရပါတယ်။ တနေ့လုံး ရိုက်နှက်ခံရပြီး ညနေတိုက်ထဲ ပြန်ရောက်တော့ တင်ပါးနဲ့ ကျောပြင် တစ်ခုလုံးကို ခွေးရိုက်၊ နွားရိုက်၊ အရိုက်ခံရတာကြောင့် ညိုမည်းပြီးပုတ်နေပါတယ်။ တိုက်ပုံစံကြီးထိုင်ရတဲ့အခါ (၁ဝ)မိနစ်လောက် ကြာလာပြီဆိုရင် ခြေထောက်တွေကောင်းကောင်းရပ်လို့ မရတော့ပါဘူး။ ခြေတွေ၊ လက်တွေ တဆတ်ဆတ်တုန်လာပြီး တကိုယ်လုံး မခံမရပ်နိုင်လောက်အောင်ကို နာကျဉ်လာပါတယ်။ ဒီလိုဖြစ်နေတာကို စစ်ခွေး ဝန်ထမ်းတွေက အခွင့်ကောင်းယူပြီး
“အေး၊ ခါးကလေးကိုဒီလိုကော့ထား၊ ဟုတ်ပြီ- ဒီလို လေယာဉ်ပျံနေသလိုဖြစ်ရမယ်”
“ဒုတ်”
”အင့်”
သူတို့လက်ထဲမှာအသင့်ကိုင်ထားတဲ့ တုတ်နဲ့ အနေအထားမှားယွင်းနေတာကို ပြင်ပေးပါတယ်။ (အ၊ က၊ စ) ဝန်ထမ်းတွေဟာ သခင်အားရ ကျွန်ပါးဝဖြစ်နေပြီး ၅(ည) နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ရိုက်နှက် ကြပြန်ပါတယ်။ ကိုဘိုထွန်းဆိုရင် အသားဖြူတာကြောင့် သူ့တင်ပါးနဲ့ ကျောကုန်းမှာ အရေပြားတွေစုတ်ပြီး လန်နေပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်က အရှိုးရာတွေပေါ်မှာ သွေးတွေစို့တက်နေပါတယ်။ ဒီခွေးမသားတွေ ငါတို့ကို မတရား လုပ်တာ ထောင်ဝင်စာလာရင် တိုင်မယ်ဆိုပြီး စီစဉ်ကြပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ကျနော်တို့ ၅(ည) ပြစ်ဒဏ်သမားတွေကို တိုက်ပိတ်တလနဲ့ ထောင်ဝင်စာပါ ပိတ်လိုက်တာဖြစ်ပါတယ်။ စစ်ခွေးတိုက်ကနေ ထောင်ကျဆောင်ဆီကို ပြန်သွားဖို့ ရက်စေ့တော့ ကျနော်တို့ တဦးချင်းစီရဲ့ တကိုယ်က ဒဏ်ရာတွေကို သေသေ ချာချာ စစ်ဆေးပြီး ဆေးထည့်ပေးပါတယ်။
ဒဏ်ရာတွေ အားလုံး ခန္ဓာကိုယ်ကနေ ပျောက်သလောက်ရှိမှ တိုက်ကနေ ကျနော်တို့ကို ထုတ်ပါတယ်။
ကျနော်တို့အားလုံး စစ်ခွေးတိုက်ကနေ ပြန်ထွက်တော့ အရှိုးရာတွေ တယောက်မှ မကျန်တော့ပါဘူး။ ဒါပေမယ့် မတရား ညှင်းပမ်း၊ နှိပ်စက်ခံလိုက်ရတဲ့ ကျနော်တို့အားလုံးဘဝမှာ အတွင်းဒဏ်ရာအဖြစ်နဲ့ နက်နက်ကြီး ဖြစ်သွားခဲ့ပါတယ်။
ငရဲပြည်တမျှ ခံစားခဲ့ရတဲ့ ဒီအဖြစ်အပျက်တွေကို ကျနော်တို့ ၅(ည) ခြောက်ဆယ်ကျော်ရဲ့ အရိုးထဲမှာ သေတဲ့အထိ စွဲကျန်နေတော့မှာ ဖြစ်ပါတယ်။ ၁၉၉ဝ ပြည့် အောက်တိုဘာလကို ကျနော်တို့အားလုံးမေ့လို့ရမှာ မဟုတ်ပါဘူး။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်တော့ပါ။
(ဃ) စစ်ခွေးတိုက်မှာ နေ့စဉ်
ထောင်ထဲမှာ တာဝန်ခံဆရာဝန် ဒေါက်တာစိုးကြည်ဆိုတာ ရှိပါတယ်။ သူကလဲအာဏာပါးကွက်သားပီပီ အင်မတန်မှ မောက်မာပြီး ဆရာဝန်စိတ်ဓာတ် တပြားသားမှ မရှိတဲ့ဆရာဝန်တယောက်ပါပဲ။ စစ်ခွေးတိုက်မှာ ညှင်းပန်းနှိပ်စက်ခံထားရပြီး ကျနော်တို့ရတဲ့ ဒဏ်ရာတွေက မြင်မကောင်းအောင် ညိုမည်းနေတာကို သူကလာကြည့်ပြီး
“ဘာမှမဖြစ်ဘူး၊ ငါတာဝန်ယူတယ်။ အသက်နဲ့ အဝေးကြီး၊ မင်းတို့ ဆက်ရိုက်လို့ရသေးတယ်”
ဆိုပြီး စစ်ခွေးဝန်ထမ်းတွေကို အားရဝမ်းသာစွာ သတင်းပါးနေသေးရဲ့။ တိုက်(၁)လအပိတ်ခံရတော့ စစ်ခွေးတိုက်ထဲက ကျနော်တို့ ၅(ည) ခြောက်ဆယ်ကျော်အတွက် ပြဿနာတခုက ရေမချိုးရ၊ သွားမတိုက်ရ၊ မျက်နှာသစ်လို့ မရတဲ့ပြဿနာပါပဲ။ ဒီထက်ပိုပြီး ဆိုးရွားတာက ကျနော်တို့ အခန်းကျဉ်းလေးထဲက လူ (၆) ယောက်စာအတွက် အပေါ့၊ အလေးသွားရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
တိုက်တွင်းတိုက်ပွဲတွေမှာ အတွေ့အကြုံရှိထားတဲ့ အခြား ၅(ည) တွေကတော့ ရှိတဲ့ဂန်ဖလားနှစ်လုံးထဲက တလုံးကို အပေါ့သွားဖို့အတွက် သုံးပြီး၊ နောက်တလုံးကို အလေးသွားဖို့အတွက် အသုံးပြုကြပါတယ်။ အပေါ့ကိုတော့ ကျွတ်ကျွတ်အိတ်နဲ့ထည့်ပြီး တိုက်ရဲ့အရှေ့ဖက်က အပေါက်တွေကနေ အပြင်ဖက်ကို လွှင့်ပစ်ရပါတယ်။ ဒီလိုမလုပ်ပဲ အပေါ့နဲ့ အလေးကို ရောနှောထားမိရင် တပတ်မကြာခင်အခန်းထဲ အပေါ့တွေ လျှံကျတာတွေနဲ့ အိုးထဲ “လောက်” တွေ တက်လာနိုင်ပါတယ်။
ဒါကြောင့် အပေါ့နဲ့အလေးကို ခွဲသုံးရပါတယ်။ အလေးသွားပြီးရင် ဂန်ဖလားကို ကျွတ်ကျွတ်အိတ်နဲ့ ဖုံးထားရပါတယ်။ ဒီလိုမဖုံးထားရင် အချိန်ကြာလာတာနဲ့အမျှ လေကောင်းလေသန့် မရနိုင်တော့ပါဘူး။ ကျနော်တို့အားလုံးကို တလတိတိ တိုက်ပိတ်ထားပြီး မိလ္လာချခွင့်ပါ ပိတ်ခံရတာဖြစ်ပါတယ်။ ကျနော်တို့လည်းအပေါ့ကို အိတ်နဲ့သွားပြီး သူများတွေလိုပဲ အပြင်ဖက်ကို ပစ်ချပါတယ်။ ဒီလို အပစ်ကောင်းလို့ တစ်ရက်မှာ ဝန်ထမ်းချဉ်ပေါင်ပင်ရောက်လာပြီး
“ဒီအခန်းရှေ့မှာသေးစော်နံတယ်” ဆိုပြီး မနက်စောစောစီးစီး အပြင်ထုတ် အရိုက်ခံရပါတယ်။ နဂိုရိုက်ခံထားရတဲ့ ဒဏ်ရာတွေအပေါ် ထပ်အရိုက်ခံရတာမို့ အသားတွေ တဆတ်ဆတ်နာအောင် ဝေဒနာကို အလူးအလဲခံရပါတယ်။ ညဖက် အိပ်ရာဝင်တဲ့အခါမှာလဲ ရိုက်ခံထားရတဲ့ အရှိုးရာတွေကြောင့်ရယ်၊ ခြေထောက်မှာခတ်ထားတဲ့ ခြေကျင်းတွေ၊ ဒေါက်တွေရယ်ကြောင့် အားလုံးရင်ဘတ်မှောက်ပြီး အိပ်ရပါတယ်။ တိုက်ခန်းထဲမှာလျှောက်လို့ ခြေကျင်းသံ နည်းနည်းလေးမြည်ခဲ့ပါက နောက်တနေ့မှာ အရိုက်ခံရဖို့ ကျိန်းသေ ပါတယ်။ ကျနော်တို့တွေအားလုံး ဝန်ထမ်းချဉ်ပေါင်ပင်ရဲ့ တုတ်ချက်တွေအောက်မှာ ဒဏ်ရာတွေက နာကျင်လွန်းလို့ အသံပြင်းပြင်းနဲ့ တောင် မအော်နိုင်တော့ပဲ တအင်းအင်း၊ တအဲအဲနဲ့သာ ငြီးနေပါရတယ်။ ဝန်ထမ်းချဉ်ပေါင်က “မင်းတို့ အသံတွေကြားရတာ ဖီလင်တောင် တက်လာတယ်။ ဘလူးကားပြနေတာကျနေတာပဲ” ဆိုပြီး ကျနော်တို့ရဲ့ ငြီးငြူနေတဲ့ ပါးစပ်တွေကို အတင်းလိုက်ပိတ်ခိုင်းပြီး ရိုက်ပြန်ပါတယ်။ ကျနော်တို့နဲ့ အတူတူ စစ်ခွေးတိုက်မှာ ထောင်တွင်းနာမည်ကြီး လူဆိုးတွေ ဖြစ်ကြတဲ့ စိုးမြတ်၊ တင့်ဟန်၊ ကျော်သူ၊ သိန်းအောင်ဆိုတဲ့ ရာဇဝတ် အကျဉ်းသားတွေလည်း ရှိပါတယ်။ သူတို့တွေကတော့ ကျနော်တို့လို နိုင်ငံရေးအကျဉ်းသမားတွေ နေရထိုင်ရပုံစံတွေနဲ့ မတူပါဘူး။ ထောင်ဝန်ထမ်းတွေကလည်း သူတို့ကို အထူးအခွင့်အရေး ပေးထားလို့ စစ်ခွေးတိုက်မှာ မနက်ပိုင်း တိုက်ဖွင့်တာနဲ့ ဟိုဟိုဒီဒီ လွတ်လွတ်လပ်လပ် လျှောက်သွား နေကြတာကို တွေ့ရပါတယ်။
အဲဒီထဲက ရာဇဝတ်အကျဉ်းသား ကျော်သူဟာ ကျနော်တို့ ၅(ည) တွေကို နှိပ်စက်တဲ့နေရာမှာ သူများက (၁) ချက်ရိုက်ရင် သူက (၂) ချက်ရိုက်တတ်တဲ့သူ ဖြစ်ပါတယ်။ စစ်ခွေးတိုက်ဟာ ကျော်သူတို့လို ရာဇဝတ် လူဆိုးတွေအတွက် လိုချင်တာမှန်သမျှ အကုန်ရနေတဲ့ လောကဗိမ္မာန် တခုဖြစ်နေပါတယ်။ မူးယစ်ဆေးဝါးတွေကို ထောင်ထဲမှာ လွတ်လွတ်လပ်လပ်ကြီး ရရှိနေပြီး အင်မတန်လုံခြုံလှတဲ့ စစ်ခွေးတိုက်မှာ မှန်မှန်ကြီး သုံးစွဲနေပါတော့တာယ်။ ကျော်သူဟာ စစ်ခွေးတိုက်ဝန်ထမ်း ချဉ်ပေါင်ပင် မရှိရင် ဆေးကြောင်နေတဲ့ မျက်လုံးတွေနဲ့ စစ်ခွေးမှာ မင်းမူပါတော့တယ်။ ကျနော်တို့ ၅(ည)တွေ ကျော်သူလူပါးဝတာကို ကြည့်မရဖြစ်နေတာ အတော်ကြာနေပါပြီ။ ကျနော်နဲ့ ပြဿနာ ဖြစ်ချင်တော့ တရက်မှာ ကျော်သူ ကျနော်တို့အခန်းထဲ ရောက်လာပါတယ်။
“မင်းတို့အားလုံး အိပ်ယာလိပ်တွေပြစမ်း” ဆိုပြီး ကျနော်တို့ အိပ်ယာလိပ်တွေကို တစ်ယောက်ချင်း လိုက်ကြည့် ပါတော့တယ်။ တယောက်ကို “ဟာ... မင်း အိပ်ယာလိပ်က ဘာရုပ်မှမပေါက်ဘူး”ဆိုပြီး အခြားသူတွေရဲ့ အိပ်ယာလိပ်တွေကို လိုက်လံကြည့်ပါတယ်။ ကျော်သူဒီလိုလုပ်တဲ့အကြောင်းရင်းက သူကြိုက်တဲ့ပစ္စည်းတွေ ပါလား ဆိုပြီး အကျဉ်းသားတွေဆီက ချွတ်တာ၊ ခွာတာတွေလုပ်ပါတော့တယ်။
စောင်ကောင်းလေး တထည်လောက်တွေ့ရင် “မင်းမပေးဘူးလား၊ ပေးမလား” ဆိုပြီးအဓမ္မ အနိုင်ကျင့် လုယူတတ်ပါတယ်။
(ဆက်ရန်...)
(ပီဒီအက်ဖ် စာမျက်နှာ ၂၈-၄၅)
စာရိုက် - ငနော့
Comments
Post a Comment