လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၉ - နောက်ဆုံးအပိုင်း) 🖋 နေလင်း (အ.က.သ)




လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၉ - နောက်ဆုံးအပိုင်း)

နေလင်း (အ.က.သ)

◾ အခန်း(၁၈)

ကျနော်သိခဲ့ဖူးတဲ့သူတွေထဲက အမှတ်တရ မိတ်ဆွေများ

ကျနော်အခုတင်ပြချင်တဲ့အပိုင်းကတော့ ကျနော်ထောင်ကျနေစဉ်ကာလနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေစဉ်ကာလမှာ တွေ့ကြုံ၊ ဆုံစည်းခဲ့ရတဲ့ ရဲဘော် မိတ်ဆွေတွေထဲက အချို့ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော်သိသလောက်ပဲ ပြောပါမယ်။ ကျနော်မြင်ခဲ့သလောက် ပြောပါမယ်။

(က) ဦးအုန်းမြင့် (သခင်အုန်းမြင့်၊ တိုးတက်ရေး)

ဦးအုန်းမြင့်ဆိုတာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားခဲ့သူများထဲမှာ ထင်ရှားကျော်ကြား လှတဲ့ သခင်အုန်းမြင့် (ခ) တိုးတက်ရေး ဦးအုန်းမြင့် ဖြစ်ပါတယ်။ အသက် (၈၅)ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျနော်တို့ကတော့ လေးစားသောကြောင့် အဘလို့ပဲ ခေါ်ပါတယ်။

အဘဦးအုန်းမြင့်ဟာ ၁၉၉၁ ခုနှစ်ထဲမှာ အင်းစိန်ထောင် တိုက်ထဲကနေပြီး ကျနော်တို့အမှတ် (၃) အိပ်ဆောင်ကို ရောက်ရှိလာပါတယ်။ အဘဦးအုန်းမြင့်ဟာ အသားရေ ဖြူဖွေးလှပြီး ပိန်ပိန်ပါးပါးနဲ့ သွက်လက်တဲ့ အသွင်ရှိပါတယ်။ အဘဦးအုန်းမြင့်ဟာ ဒေါ်ကြည်ကြည် (လွင်-မဆလာစက်) နဲ့ ပတ်သက်ပြီး ထောင် (၅)နှစ်ကျလာသူ ဖြစ်ပါတယ်။

ထောင်ထဲမှာ မနက်မိုးလင်းပြီဆိုတာနဲ့ ဘာယာတန်းမှာ ရေသောက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ အမြဲလို တွေ့ရပါတယ်။ ဒီလို ရေသောက်၊ လမ်းလျှောက်တာ နေ့စဉ်လိုလို ပြုလုပ်တာဖြစ်ပါတယ်။ ကျနော်လည်း သူနဲ့ အတူလမ်းလျှောက်ရင်း စကားစမြည် ပြောဖြစ်ခဲ့ကြတယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီအချိန်အထိ အဘဦးအုန်းမြင့်ဆိုတာ ဘယ်လိုလူမှန်း ကျနော် မသိခဲ့သေးပါ။ အဘရဲ့ ပြောပြချက်တွေအရ အဘဟာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်မတန်ရင်းနှီးလှတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ဆိုတာ သိရပါတယ်။

အဘကို ကျနော်တို့ ပိုလေးစား ချစ်ခင်မိသွားပါတယ်။ အဘဟာ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက ဗိုလ်ချုပ်နဲ့ အတူ လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ၊ မြစ်ဝကျွန်းပေါ်သွားခရီးစဉ်နဲ့ ပုသိမ်မှာ ကျင်းပတဲ့ (ဗကသ) ကွန်ဖရင့်အကြောင်းတွေ ပြောပြပါတယ်။

အဘဟာ ကျမ်းမာရေးလိုက်စားပြီး လမ်းလျှောက်တဲ့အခါမှာ ဖျတ်လတ် သွက်လက်လှတဲ့အတွက် လူငယ်လေးတယောက်နဲ့ အလားသဏ္ဌာန် တူပါတယ်။ အဘရဲ့ပြောပြချက်နဲ့ ကျနော့်ထင်မြင်ချက်အရ အဘဟာ ဂျင်းဘောင်းဘီကို နှစ်ခြိုက်တတ်ပြီး
အမြဲလို ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ အဘကို စစ်ထောက်လှမ်းရေးက လာဖမ်းစဉ်တုန်းက ဂျင်းဘောင်းဘီနဲ့ ဖြစ်ပြီး ခေါင်းစွပ်စွပ်ကာ စစ်ကြောရေး စခန်းမှာထားပါတယ်။ နောက်ရက်ကျတော့ အဘကိုစစ်ဆေးမယ့် ထောက်လှမ်းရေးက ဂျင်းဘောင်းဘီဝတ်ပြီး ခေါင်းစွပ်စွပ်ထားခံရတဲ့အဘကို လူငယ်ထင်မှတ်ပြီး ဆဲဆို ကြိမ်းမောင်းရိုက်နှက်ပါတယ်။ ပြီးမှ ခေါင်းစွပ်ချွတ်လိုက်တဲ့ အခါမှာ ခေါင်းတခုလုံး ဆံပင်တွေဖြူဖွေးနေတဲ့ အသက် (၈ဝ)ကျော် အဘိုးကြီးဖြစ်နေတာကြောင့်ထောက်လှမ်းရေးတွေ အံ့အားသင့် သွားကြပါတယ်။ နောက်တော့ “အဘိုးကြီးက ငယ်မူပြန်နေသေးတယ်။ ဂျင်းဘောင်းဘီနဲ့ ဘာနဲ့” လို့ပြောပြီး ပုဆိုးလဲခိုင်းပါတယ်။

ဆေးလိပ်၊ အရက်ကို လုံးဝမသုံးစွဲပဲ ထောင်ထဲမှာနေစဉ် ​တကိုယ်ရေ ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ အဘဟာ အသက်အရွယ် ကြီးရင့်နေပေမယ့် စိတ်ဓါတ်ကတော့ သံမဏိလို မာကြောလှပါတယ်။ အဘဦးအုန်းမြင့်ဟာ ဗိုလ်ချုပ်ရဲ့ သမီးငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေးအရ သံယောဇဉ် ကြီးမားလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဘအပေါ် မိဘသဖွယ် စောင့်ရှောက်တယ်လို့ သိရပါတယ်။ အဘဟာ ထောင်ထဲမှာ စည်းစနစ်နဲ့အညီ နေထိုင်သူ ဖြစ်ပါတယ်။ ကျနော်ဟာ အဘကို ချစ်ခင်လေးစားတာကြောင့် ကျနော်ထောင်ဝင်စာလာတိုင်း ပါလာတတ်တဲ့ အလင်းရောင်ဦးသန်းဆွေ အစာကြေဆေးကို အဘကို အမြဲပေးလေ့ရှိပါတယ်။

ကျနော်သရက်ထောင်ကိုပြောင်းရတော့ အဘနဲ့ ဝေးခဲ့ရပါတယ်။ သရက်ထောင်မှာ ကျနော်ရှိနေစဉ် အိမ်ကထောင်ဝင်စာမှာ အဘဦးအုန်းမြင့်က ကျနော့်အတွက် အလင်းရောင် ဦးသန်းဆွေ အစာကြေဆေးတွေ ထည့်ပေးလိုက်ပြီး သတိရလျက်ရှိကြောင်း၊ ကျနော်ထောင်က ပြန်လွတ်လာမည့်ရက်ကို သူအပြင်ကနေ စောင့်မျှော်နေမယ့်အကြောင်း သတင်းပါးလိုက်ပါတယ်။ ကျနော်အတိုင်းမသိ ဝမ်းသာသွားပါတယ်။

ကျနော်ထောင်ကလွတ်တော့ အဘနဲ့ သွားတွေ့ပါတယ်။ အဘထံက ကျနော်တို့ တခါမှမမြင်ဖူး၊ မတွေ့ခဲ့ဘူးတဲ့ ရှေးဟောင်းသမိုင်းဝင်ဓါတ်ပုံအချို့နဲ့ စာရွက်စာတမ်းအချို့ ရရှိခဲ့ပါတယ်။ အဘကိုယ်တိုင်ရေးသားတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဆိုင်ရာ သမိုင်းအချက်အလက်တွေ ဖြစ်ပါတယ်။ ဓါတ်ပုံကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ကိုဗဟိန်းနဲ့ အဘတို့ တွဲရိုက်ထားတဲ့
ရှားပါးဓါတ်ပုံ ဖြစ်ပါတယ်။ အဘနဲ့ ကျနော် ၁၉၉၆ ခုနှစ် ခွဲခွာခဲ့ရပြီးနောက် ၁၉၉၇ ခုနှစ်မှာ အဘတယောက် နောက်တကြိမ် ထောင်ပြန်ကျသွားတယ်လို့ ကြားရပါတယ်။ အဘဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရရှိနေသမျှ ထောင်ထဲရောက်နေဦးမှာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အဘထောင် (၅) နှစ်ကျတုန်းက အဘဇနီးသည်ရဲ့ ဈာပနကို ထောင်ထဲကပဲ လိုက်ပို့ရတယ်။ ဒီတစ်ခေါက် အဘထောင်ကျသွားတာဟာ ရှည်လျားလှတဲ့ ထောင်ဒဏ်ကြီးနဲ့ ဖြစ်တာကြောင့် အဘရဲ့ ကျမ်းမာရေးကို ကျနော်စိုးရိမ်မိပါတယ်။

ထောင်ထဲမှာ အဘတယောက် ကျန်းကျန်းမာမာရှိနေပါစေလို့ အဝေးတနေရာက သားတယောက် ဆုတောင်းလိုက်ပါတယ်။ အဘ ကျ​န်းမာပါစေ...။

(ခ) ဦးစိန်လှ (ဗိုလ်စိန်သံမဏိ)

အဘစိန်သံမဏိဟာလည်း အဘဦးအုန်းမြင့်နဲ့ အသက်အရွယ် မတိမ်းမယိမ်းဖြစ်ပါတယ်။ ဒါပေမယ့် အဘဦးအုန်းမြင့်လောက် ကျန်းမာရေးမကောင်းတဲ့အပြင် ကျောထောက်နောက်ခံ ကောင်းကောင်းလည်း မရှိလှပါ။ အဘဦးစိန်လှဟာ ကျနော်တို့အမှတ် (၃)ဆောင်ကိုရောက်လာတော့ အဘဟာ ခါးအနည်းငယ်ကုန်းနေပြီး ချောင်းအနည်းငယ် ဆိုးနေပါတယ်။ ဆေးလိပ်ကိုလည်း ကြိုက်နှစ်သက်ပြီး စကားပြောရင်း လမ်းလျှောက်ရင်း ရယ်မောနေတတ်ပါတယ်။

ဒါပေမယ့် အဘဦးစိန်လှဟာ ကျန်းမာရေးသိပ်မကောင်းလှပေမယ့် စိတ်ကတော့ နာမည်နဲ့ လိုက်အောင်မာပါတယ်။ အဘဦးစိန်လှဟာ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက ကိုလိုနီ အုပ်ချုပ်ရေးယန္တရားကို လှုပ်ခါခြိမ်းခြောက်ခဲ့တဲ့ ပုလိပ်သပိတ်တပ်မှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့သူတဦး ဖြစ်တယ်လို့ သိရပါတယ်။ အခုလည်း နေဝင်းမဆလအစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ပြစ်တင် ရှုတ်ချခဲ့တာကြောင့် အင်းစိန်ထောင်တွင်း နှစ်ရှည်ထောင်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်။

အဘဟာ ထောင်ထဲရောက်လာတဲ့အခါမှာ နေဝင်းအစိုးရရဲ့ ယုတ်မာညစ်ပတ်မှုတွေကို သူဖြတ်သန်းတွေ့ကြုံရတဲ့ ဖြစ်ရပ်တွေနဲ့ သမိုင်းနဲ့ချီပြီး သင်ခန်းစာယူရန် ဒီနေ့ခေတ်လူငယ်တွေကို လက်ဆင့်ကမ်းပြောပြပါတယ်။ အဘဦးစိန်လှဟာ အသက်အရွယ်က ကြီးရင့်လာတဲ့အပြင် ကျမ်းမာရေး ကလည်း ယိုယွင်းလာတာကြောင့် နဝရဲ့လက်အောက် အင်းစိန်ထောင်ကြီးထဲမှာ သူမြတ်နိုးလှတဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရင်း ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ အဘဦးလှစိန်လို ရှေ့မှီ၊ နောက်မှီ သမိုင်းဝင်လူကြီးတွေ ကွယ်လွန်အနိစ္စရောက်ခဲ့တာ အင်မတန်မှ နှမြောတသ ဖြစ်လှပါတယ်။ အထူးသဖြင့် အဘလို လေးစားဖွယ်ကောင်းတဲ့ တော်လှန်ရေး သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေ ထောင်ထဲမှာ ကွယ်လွန်ခဲ့တာ တသသ ယူကြုံးမရ ဖြစ်မိပါတယ်။

အဘ ရောက်ရာဘဝမှာ လွတ်လပ်၊ မျှတမှုကို ထွေးပွေ့နိုင်ပါစေ...။

(ဂ) ဆရာတော် ဦးရေဝတ

ဆရာတော်ဦးရေဝတကို ကျနော်စပြီးဖူးတွေ့ရတုန်းက ၁၉၉၀ ပြည့်နှစ်နှစ်ဆန်းပိုင်းမှာ ဖြစ်ပါတယ်။ မန္တလေးမြို့ကကျောင်းသား/သူတွေနဲ့ ပုဇွန်တောင် ရေကျော်ရပ်မှာ စပြီးဖူးတွေ့ရတာ ဖြစ်ပါတယ်။ ဆရာတော်ဟာ အသားညိုပြီး ပိန်ပိန်သွယ်သွယ် သဏ္ဌာန် ရှိပါတယ်။ စကားပြောဆိုတဲ့ အခါမှာလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောဆိုတတ်ပါတယ်။ ကျနော် ၁၉၈၉ ခုနှစ်က မန္တလေးမြို့ကို အကြိမ်ကြိမ်ရောက်ဖူးပါတယ်။

အဲဒီအချိန်ကာလတွေမှာ မစိုးရိမ်တိုက်က ဆရာတော် ဦးကဝိန္ဒကိုမတ်လ (၁၃)ရက် မြန်မာပြည် လူ့အခွင့်အရေးနေ့ သံဃာဆွမ်းကပ်ပွဲ၊ မန္တလေးတက္ကသိုလ်အခမ်းအနား၊ ၁၉၈၉ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံကျင်းပတဲ့ အချိန်တွေမှာ ဖူးတွေ့ခဲ့ ရပေမယ့် ဆရာတော် ဦးရေဝတကို မသိ၊ မမြင်ဖူးခဲ့ပါ။

ဆရာတော်ဦးကဝိန္ဒ ဖမ်းဆီးခံရပြီး ထောင်ကျနေချိန် (၈၈၈၈) လှုပ်ရှားမှုကာလတွေမှာ မန္တလေးမြို့ အိမ်တော်ရာစစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဆရာတော်ဦးရေ၀တဟာ မန္တလေးမြို့က လေးပြင်လေးရပ်မှာရှိတဲ့ ပရိယတ္တိစာပေကို လေ့လာဆည်းပူးနေကြတဲ့ သံဃာတော်တွေကို စုစည်းပါတယ်။ ပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာအတွက် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ပါတော့တယ်။

ဆရာတော်ဟာ အဲဒီသံဃာ့အဖွဲ့ကြီးရဲ့ ဥက္ကဌဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ထဲက ရက်တရက်မှာ ဆရာတော်ဟာ သူ့ရဲ့ဇာတိချက်မြုပ် မွေးရပ်မြေဖြစ်တဲ့ တွံတေးဘက်က ကျေးရွာလေး တခုကိုလာဖို့ ကျနော့်ကို ဖိတ်ခေါ်ပါတယ်။ ဒါနဲ့ ကျနော်လည်း ပဲခူးက ကျောင်းသူတဦးဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တဦးနဲ့ ဆရာတော်ဆီကို သွားရောက်ခဲ့ပါတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဒလဖက်ကမ်းကို သမ္ဗန်နဲ့ကူးပြီး အဲဒီကမှတဆင့် တွံတေးဘက်ကို (၄၅) မိနစ်လောက် ကားစီးရပါတယ်။ ကားဂိတ်ဆုံးတော့ တွံတေးတူးမြောင်းကို ကူးတို့နဲ့ဖြတ်ပြီး တဖက်ကမ်းကို ထပ်ကူးရပါတယ်။

တဖက်ကမ်းရောက်တော့ ကမ်းနားကနေ လယ်ကွင်းတွေကို မိနစ် (၂၀)လောက် ဖြတ်လျှောက်သွားတဲ့အခါမှာ ရွာသုံးရွာ၊ လေးရွာလောက် တန်းစီတည်ရှိနေတာကို တွေ့ရပါတယ်။ အဲဒီရွာတွေရဲ့အလယ်မှာ ဆရာတော်သီတင်းသုံးနေတာမို့ ရွာရဲ့အလယ်ပိုင်းနေရာကို ရောက်သွားပါတယ်။ ကျနော်တို့ ဖြတ်လာတဲ့ရွာတွေမှာ အလှုမဏ္ဍပ်ကြီးတွေ ဆောက်နေတာကို တွေ့ခဲ့ရပါတယ်။ ဆရာတော်ကို မေးလျှောက်ကြည့်တော့ နောက်တနေ့မှာ ဆရာတော်ရဲ့ မွေးသမိခင်ကိုယ်တိုင်က သိက္ခာထပ်ပွဲကို ရွာအလယ်ပိုင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

အဲဒီရွာတွေမှာ နေထိုင်ကြတဲ့ သူတွေအားလုံးဟာ ဆရာတော်ရဲ့ ဇာတိမြေဖြစ်တာနဲ့အညီ ဆရာတော်အပေါ် ရိုသေကိုင်းရှိုင်းကြတာကို တွေ့မြင်ရပြန်ပါတယ်။ ဆရာတော်ဟာ သူ့ရဲ့မွေးနေ့ပွဲနဲ့ သိက္ခာထပ်ပွဲကို မိဘဆွေမျိုးတွေအလယ်မှာ (၇) ရက် (၇) လီ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကျနော်တို့ကို အစအဆုံး နေစေချင်ပါတယ်။ ဒါပေမယ့်ကျနော်မှာ အခြားအကြောင်းကိစ္စတွေ ရှိသေးတာကြောင့် ဆရာတော်ကို တောင်းပန်လျှောက်ထားပြီး ရန်ကုန်မြိုကို နေ့ချင်းပြန်ခဲ့ပါတယ်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ကြီး ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပဲ သာသနာရေး ဆောင်ရွက်မှုတွေကို သံဃာထုကိုယ်စား ဆရာတော်ဦးရေဝတက ဦးဆောင်ပြီး သံဃာတော်တွေနဲ့ အတူ ပြုလုပ်ဆောင်ရွက်ပါတယ်။ နဝတဟာ သာသနာရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်၍ သံဃာထုအတွင်း သွေးခွဲသပ်လျှိုမှုတွေနဲ့ အဆက်မပြတ် ပြုလုပ်လာရာမှာ နိုင်ငံတော်သံဃာခေါင်းဆောင်ရွေးချယ်ပွဲတွေအထိ လုပ်ဆောင်လာပါတယ်။

သံဃာထုရဲ့ အမြင့်ဆုံး ထိပ်ပိုင်းဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့ဝင်တွေကို သူတို့စိတ်ကြိုက် ဆရာတော်ကြီးတွေနဲ့ ဖွဲ့စည်းပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဖြစ်ဆရာတော် ဘဒ္ဒန္တဝံကာသီရိကို ချီးမြှင့်မြောက်စားလိုက်ပါတယ်။ ပြီးတော့စစ်အစိုးရ အလိုကျရပ်ကွက်၊ မြို့နယ်၊ တိုင်း အဆင့်ဆင့် သံဃာအဖွဲ့တွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေရဲ့ အမိန့်နဲ့ နဝတက သူတို့အဆင်သင့်ပြုစုပြီးတဲ့ သံဃာ့အမည်တွေနဲ့ ဖွဲ့ခိုင်းပါတယ်။ ဒီလိုသံဃာထုအကြား သွေးခွဲမှုတွေ ပြုလုပ်လာတာကို ရန်ကုန်မြို့ကသံဃာတော်တွေက မကျေမနပ်နဲ့ ဖွဲ့စည်းခဲ့ကြပေမယ့် မန္တလေးက ရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့် သံဃာ့အဖွဲ့တွေ မဖွဲ့စည်းနိုင်ခဲ့ကြပါဘူး။

ရန်ကုန်တိုင်း ကမ္ဘာအေးကုန်းမြေမှာ မြန်မာတပြည်လုံးရှိ သံဃာထုကိုယ်စားလှယ်တွေကို အတည်ပြုဖို့အတွက် အစည်းအဝေး ခေါ်ယူချိန်မှာ မန္တလေးမြို့မှာ ပြဿနာစတက်ပါတော့ တယ်။ မန္တလေးမြို့မှာ နဝတကသတ်မှတ်ပေးထားတဲ့ မိတ္ထီလာမြို့က သံဃာကိုယ်စားလှယ်ဟာ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သံဃာထုရဲ့ ရွေးချယ်တင်မြှောက်ထားခြင်း မရှိတဲ့အတွက် သံဃာ့ကိုယ်စားလှယ်တရားဝင် ရွေးချယ်နိုင်ဖို့ တိုင်းသံဃာ့နာယကအဖွဲ့တွေ၊ ဗဟိုသံဃာ့ဝန်ဆောင်၊ သာသနာရေးဦးစီးဌာနတို့ကို အကြောင်းကြားစာတွေ ပေးပို့ပြီး နဝတက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြပါတယ်။ ဒါပေမယ့် သံဃာ့မဟာနာယကအစည်းအဝေးကြီးကို မိတ္ထီလာမြို့က ကိုယ်စားလှယ်တက်ရောက်ဖို့ သံဃာထုက ကန့်ကွက်နေတဲ့ကြားက ကျင်းပဖို့စီစဉ်ကြပါတယ်။ နဝတရဲ့ ကြိုးကိုင်ချယ်လှယ်မှုကြောင့် သံဃာထုရဲ့ဆန္ဒကို အလေးမပြုပဲ မန္တလေးတိုင်း ကိုယ်စားလှယ်ဆရာတော်ကို ရန်ကုန်ကို စေလွှတ်ဖို့ ပြုလုပ်ပါတယ်။ မန္တလေးတိုင်းအတွင်း အောက်ခြေအဆင့်အဖွဲ့တွေ မဖွဲ့စည်းနိုင်သေးတဲ့အပြင်၊ သံဃာထုက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ် မဟုတ်တာကြောင့် နဝတက အဆင်သင့်သတ်မှတ်ထားတဲ့ သံဃာတော်တွေရဲ့ အစည်းအဝေးတက်ရောက်မှုကို သဘောမတူ ကန့်ကွက်ကြပါတော့တယ်။

မန္တလေးမြို့ လေးပြင်လေးရပ်သံဃာ့သမဂ္ဂီအဖွဲ့ကြီးကနေ ဦးဆောင်ကာ မဟာမြတ်မုနိ ဘုရားကြီးအနားရှိ ၄၅ တာကွင်းထဲမှာ မန္တလေးမြို့ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာ့ကိုယ်စားလှယ် (၁၀၀)နီးပါးခန့် စုရုံးပြီး ကန့်ကွက်ပွဲပြုလုပ်ကြပါတယ်။ သံဃာတော်နှစ်ပါးက ပိတ်စအနီပေါ်တွင် အဖြူရောင်စာလုံးများနဲ့ ရေးသားထားတဲ့ မန္တလေးမြို့လေးပြင်လေးရပ် သံဃာထု အစည်းအဝေးကြီး စာတမ်းကို ကိုင်ဆောင်ကြကာ ကိုရင်များမှ အသံချဲ့စက်၊ စပီကာများကိုကိုင်ဆောင်ကာ အခမ်းအနားကို စတင်ပါတယ်။ တဖက်တချက်စီမှာ သာသနာအလံတော်များနဲ့ မန္တလေးမြို့ လေးပြင်လေးရပ် - သံဃာ့သမဂ္ဂအဖွဲ့ကြီးရဲ့ အမှတ်တံဆိပ်အဝါရောင်ပေါ်တွင် ခြင်္သေ့ရုပ်ပါအလံများ လွှင့်ထူထားကြပါတယ်။

အဲဒီအခမ်းအနားမှာ ဆရာတော်ဦးရေဝတက မိန့်ကြားသည်မှာ မြတ်စွာဘုရား ရှိစဉ်ကာလကပင် သံဃာထုရဲ့ကိုယ်စားလှယ်ကို ရွေးကောက်တဲ့နေရာမှာ အုပ်ချုပ်သူအစိုးရတို့မှ ပံ့ပိုးမှုသာရှိခဲ့ပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ ထို့အတူ သံဃာထုရဲ့ နှစ်သက်ကြည်ညို လေးစားခံရတဲ့ သံဃာတော်တွေကိုသာ အများရဲ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ကြကြောင်း၊ အထက်ကနေ အမိန့်နဲ့ သတ်မှတ်ပြီး ရွေးချယ်တဲ့ အစဉ်အလာမရှိကြောင်း၊ ဒါပေမယ့်အခုအခါမှာ နဝတစစ်အစိုးရဟာ ဘာသာရေးကိစ္စများမှာ ဝင်ရောက်စွက်ဖက်ပြီး နှောက်ယှက်ရန်တိုက်ကာ သွေးခွဲမှုတွေအထိ ပြုလုပ်လာနေကြောင်း၊ သံဃာထုညီညွတ်မှုကို ပျက်ပြားအောင် ဆောင်ရွက်နေကြောင်း၊ ထိုနည်းတူစွာ ရန်ကုန်မြို့မှာ သံဃာ့မဟာနာယက ဆရာတော်ကြီးများကို အသုံးချပြီး ဗုဒ္ဓဘာသာမှာ အစဉ်အလာမရှိတဲ့ ကိစ္စရပ်တွေကို ပြုလုပ်လာကြောင်း၊ ဒါကြောင့်မန္တလေးမြို့ လေးပြင်လေးရပ်သံဃာအစည်းအဝေးကြီးအနေဖြင့် သံဃာထုကြား သွေးခွဲအုပ်ချုပ်ခြင်းနဲ့ သံဃာထုရွေးကောက်ပွဲကို အာဏာရှင်ဆန်ဆန် ပြုလုပ်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါကြောင်း ပြောဆိုသွားပါတယ်။ အဲဒီလို မဟာမြတ်မုနိဘုရားကြီးအနီးမှ ၄၅ တာကွင်းပြင်မှာ အေးချမ်းစွာသံဃာထုမှ အစည်းအဝေး ပြုလုပ်နေတာကို ဖြိုခွဲဖို့ နဝတလက်ပါးစေတွေ ရောက်ရှိလာကြပါတယ်။ ရဲ၊ လုံထိန်း၊ စစ်တပ်နဲ့ ထောက်လှမ်းရေးတွေဟာ အချုပ်ကား (၁၂)စီးနဲ့ ချက်ချင်းရောက်ရှိလာပြီး (၅)မိနစ်အတွင်း လူစုခွဲဖို့ အသံချဲ့စက်နဲ့ အမိန့်စပေးပါတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ဖြိုခွဲရန် အသင့်နေရာ ယူထားလိုက်ကြပါတယ်။ ဒါပေမယ့် သံဃာထုက တုတ်တုတ်တောင်မလှုပ်ပဲ ပုံမှန်အတိုင်း အစည်းအဝေးကို ကျင်းပကြပါတယ်။ အဲဒီအခါမှာ နဝတရဲ့ ရဲချုပ်ဖြစ်သူနဲ့ အဖွဲ့ဝင်တွေက သံဃာတော်များနဲ့ လာရောက်ညှိနှိုင်းပါတယ်။ ညှိနှိုင်းတယ်ဆိုပေမယ့် နဝတဖက်က လူစုခွဲပေးဖို့ သာ တွင်တွင် တောင်းဆိုနေတာကြောင့် ဆရာတော်ဦးရေဝတက

“ဒီကိစ္စမင်းနဲ့ မဆိုင်ဘူး။ တာဝန်ခံပြီး ဖြေရှင်းနိုင်တဲ့သူနဲ့ပဲ ငါစကားပြောမယ်” လို့ပြောလိုက်တဲ့အတွက် ဆရာတော်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပြီး သံဃာထုကို ရိုက်နှက်ဖြိုခွင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ သံဃာထုအတွင်း ချက်ချင်းရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပြန်လည်ခုခံရန် ပြင်ဆင်မှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီအချိန်မှာပဲ ဘုရားကြီးဝင်းထဲရှိ ကျောင်းတိုက်များမှ အချိန်အခါမဟုတ် အုန်းမောင်းခေါက်သံတွေ တရစပ်ထွက်ပေါ်လာပါတယ်။

ဒီသတင်းဟာ မန္တလေးဈေးတဝိုက်နဲ့ လေးပြင်လေးရပ်မှာရှိကြတဲ့ သံဃာတော်တွေကြားထဲ ပျံ့နှံ့သွားတာကြောင့် သံဃာတော်အများဟာ ကားကြီး၊ ကားငယ်အသွယ်သွယ်နဲ့ မဟာမြတ်မုနိဘုရား ရှိရာကို ရောက်ရှိလာကြပါတယ်။ သံဃာတော်အင်အားဟာ (၅၀၀)ကျော်ကနေ (၁၀၀၀)ခန့်အထိ တိုးပွားလာပါတယ်။ အဲဒီလိုအခြေအနေတွေ တင်းမာပေါက်ကွဲတော့မယ့် အချိန်မှာ မန္တလေးတိုင်း အတွင်းရေးမှူး မောင်ပေါ် ရောက်လာပါတယ်။ လူစုခွဲဖို့ပဲ ပြောဆိုပြန်တဲ့အတွက် အခြေအနေဟာ ပိုပြီးတင်းမာလာပါတယ်။ သံဃာထုရဲ့ လိုလားချက်ကို မလိုက်လျောရင် ပြဿနာဟာ ပိုပြီးကြီးထွားသွားမယ်ဆိုတာ နဝတစစ်အရာရှိတွေ ရိပ်မိသွားကြပါတယ်။

ဒါကြောင့် မောင်ပေါ်က ဆရာတော်ဦးရေဝတကို လက်အုပ်ချီပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပါတယ်။ ဆရာတော်က ဒီကနေ့ ပြုလုပ်တဲ့အစည်းအဝေးဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်ကြောင်း၊ သာသနာရေးကိစ္စကို ဘုန်းကြီးတို့ ပြုလုပ်တာဖြစ်ကြောင်း၊ ယခုနှစ် မန္တလေးတိုင်းအတွက် သံဃာ့ ကိုယ်စားလှယ်ကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းအဆင့်ဆင့် ရွေးချယ်နိုင်ခြင်းမရှိပဲနဲ့ အထက်က တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေဟာ သံဃာထုရဲ့ဆန္ဒနဲ့အညီ တင်မြှောက်ထားတာ မဟုတ်ကြောင်း၊ ဒါကြောင့် မန္တလေးတိုင်းကို ကိုယ်စားပြုတဲ့ သံဃာတော်လို့ မသတ်မှတ်နိုင်ကြောင်း၊ ဒီကိစ္စကို ရန်ကုန်မြို့ရှိ သာသနာရေးဦးစီးဌာနနဲ့ သံဃာမဟာနာယက အဖွဲ့ကို ကြိုတင်အကြောင်းကြားခဲ့ပေမယ့် ဘာတခုမှ တုန့်ပြန်ဆောင်ရွက်တာ မရှိခဲ့ကြောင်း၊ ဒါ့ကြောင့် ဒီကနေ့ စည်းဝေးရတာဟာ အထက်ကနေ အာဏာရှင်ဆန်ဆန် ရွေးချယ်ပေးထားတဲ့ သံဃာ့ကိုယ်စားလှယ်တွေကို လက်မခံတဲ့ ရှုတ်ချတဲ့ သံဃာ့အစည်းအဝေးဖြစ်ကြောင်း၊ နဝတနဲ့ သာသနာရေးဦးစီးဌာနတို့ဟာ သံဃာထုကြား သွေးခွဲမှုတွေရှိနေလို့. ပြစ်တင်ရှုတ်ချလိုက်ကြောင်း စတဲ့အချက်တွေကို မောင်ပေါ်ကို ပြောကြားပြီး မင်းတို့ နဝတသာသနာရေးဝန်ကြီးနဲ့ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ကို တင်ပြပါဆိုပြီး တိုက်တွန်းပါတယ်။ မောင်ပေါ်က ဒီကိစ္စဟာ ဘာသာရေးကိစ္စဖြစ်လို့ သူတို့နဲ့ မပက်သက်ကြောင်း အထက်လူကြီးတွေကို တင်ပြပေးမည်ဖြစ်ကြောင်း ပြောဆိုတဲ့အခါ ဆရာတော်ဦးရေဝတက ပါးစပ်နဲ့ကတိပေးလို့ မရကြောင်း၊ ယနေ့ပြုလုပ်တဲ့ သံဃာအစည်းအဝေးကိစ္စကို အထက်အာဏာပိုင်ထံ အသေးစိတ်တင်ပြပါမည်ဟု ကတိလက်မှတ်ရေးထိုးရမယ်လို့ ပြောကာ မောင်ပေါ်ကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။

အဲဒီနောက်ဆရာတော်က ဒီကနေ့ မန္တလေးတိုင်းကို ကိုယ်စားပြုပြီး ရန်ကုန်ကိုသွားကြမယ့် မိတ္ထီလာက သံဃာကိုယ်စားလှယ်တွေရဲ့ အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အခါ မောင်ပါက ဒီကိစ္စကိုတပည့်တော်ရန်ကုန်ကို ပြည့်ပြည့်စုံစုံ အကြောင်းကြားသွားမှာ ဖြစ်တဲ့အတွက် ယနေ့သွားတဲ့ မိတ္ထီလာက ကိုယ်စားလှယ်တွေဟာ မန္တလေးကို ကိုယ်စားပြုသွားတဲ့ ကိုယ်စားလှယ်တွေမဖြစ်ကြောင်း၊ အခြားကိစ္စနဲ့ သွားတဲ့ ကိုယ်စားလှယ်တွေဖြစ်ကြောင်း ပြန်လျှောက်ပါတယ်။ အဲဒီအခါမှာ ဆရာတော်ဦးရေဝတက သံဃာထုကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့တဲ့ ရဲချုပ်နဲ့ အပေါင်းအပါတို့ကို ဗုဒ္ဓဘာသာဝင်ပီသကြအောင် ဆုံးမဖို့ မှာကြားပါတယ်။

နောက် ဗွီဒီယို၊ ဓါတ်ပုံတွေကို အပြန်အလှန် ရိုက်ယူကြပါတယ်။ မောင်ပေါ်က မှောင်ရီမပြိုးခင် လူစုခွဲဖို့ဆရာတော်ကို တောင်းပန်လျှောက်ထားရာ ဆရာတော်က ဒီကနေ့ပြုလုပ်တဲ့ သံဃာထု အစည်းအဝေးအကြောင်း ရလာဒ်နဲ့ ဆုံးဖြတ်ချက်တွေကို အများပြည်သူတို့ သိမြင်စေရန် မန္တလေးမြို့တပတ် စီတန်းလှည့်လည် ဆန္ဒပြမှာဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ မောင်ပေါ်က မျက်နှာငယ်လေးနဲ့ တုန်တုန်ရီရီနဲ့...

“ဒီကိစ္စဟာ မသင့်တော်ပါဘုရား၊ တပည့်တော်အနေနဲ့ ဒီကနေ့ပြုလုပ်တဲ့ သံဃာ့အစည်းအဝေးကြီးရဲ့ အသေးစိတ်မှတ်တမ်းကို အထက်အရာရှိများထံ နေ့မဆိုင်းပဲ တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆန္ဒပြပွဲကိုတော့ မလုပ်ပါနဲ့ ဘုရား”

လို့ဆိုပြီး မဟာမြတ်မုနိဘုရားဘေးက ရန်ကုန်-မန္တလေး မီးရထားလမ်းမှာ ရန်ကုန်ကို ထွက်ခွာမယ့် မန္တလေးအမြန် (၃:ဝဝ) ရထားရှေ့ သံဃာတော်များ ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်။ အဲဒီရထားမှာ ရန်ကုန်ကိုထွက်ခွာမည့် မန္တလေးတိုင်း သံဃာ့ကိုယ်စားလှယ် အဖြစ်တက်ရောက်မယ့် သံဃာတော်တွေ ပါဝင်တာကြောင့် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ မောင်ပေါ်က ငိုသံပါကြီးနဲ့...

“ဘုရားတပည့်တော်တားတာကို အရှင်ဘုရား ပြုလုပ်မယ်ဆိုရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး ဘုရား။ ဆရာ၊ ဒကာ မငဲ့ညှာပါက အရှင်ဘုရား ပြုလုပ်ချင်သလို ပြုလုပ်တော်မူပါ ဘုရား

လို့ တင်လျှောက်ပါတယ်။ အဲဒီအခါကျမှ ဆရာတော်က မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့အစည်းအဝေးကြီးကို ကြွေးကြော်သံတွေနဲ့ ရုတ်သိမ်းပြီး ၄၅ တာကွင်းမှာ အေးအေးချမ်းချမ်း လူစုခွဲခဲ့ကြပါတယ်။ ဆရာတော်ဦးရေဝတဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရဲဝံ့ပြတ်သားစွာ စစ်အာဏာပိုင်တွေနဲ့ ပြောဆိုဆက်ဆံပြီး သံဃာခေါင်းဆောင်ပီသစွာ ဖြေရှင်းနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

၁၉၉၀ ပြည့်နှစ်တွေမှာ မန္တလေးမြို့မှာ နေ့စဉ်၊ အပတ်စဉ် ဒီမိုကရေစီ နေ့ထူးနေ့မြတ်တွေမှာ စစ်အစိုးရဆန့်ကျင်ရေးကို အင်အားကောင်းကောင်း ပြုလုပ်နေတာကို ကျနော်မျက်မြင်တွေ့ရပါတယ်။ ဒါပေမယ့် မန္တလေးရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာက သိပ်မသိခဲ့သလို၊ နဝတကလည်း ရန်ကုန်မြို့လောက် အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မန္တလေးမြို့ သံဃာ၊ ကျောင်းသား၊ ပြည်သူ၊ နိုင်ငံရေးပါတီတွေရဲ့ စစ်အစိုးရဆန့်ကျင်ရေးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေအကြောင်း မြန်မာတစ်ပြည်လုံးနဲ့ ကမ္ဘာကပါ သိရှိအောင် ကျနော်ကြိုးပမ်းခဲ့ပါတယ်။

မန္တလေးမြို့အတွင်း သံဃာတော်များအကြား နဝတရဲ့ သွေးခွဲသပ်လျှိုမှုတွေဘုရားဝတ္တက မြေတွေကို အတင်းအကျပ်သိမ်းယူတာတွေ၊ သာသနာ့မြေအတွင်း စစ်ဖိနပ်စီးတာတွေ စတဲ့ အကြောင်းတွေကို အသေးစိတ်ပြုစုပြီး ရန်ကုန်ရှိ သံတမန်အသိုင်းအဝိုင်းကို ပေးပို့ခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံတကာသတင်းစာတွေသတင်းဌာနတွေမှာ မန္တလေးမြို့ လှုပ်ရှားမှု၊ ဖြစ်ရပ်တွေအကြောင်း ပါဝင်လာပါတယ်။ နိုင်ငံတကာကလည်း မန္တလေးမြို့ကို စိတ်ဝင်စားလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျနော်ဟာ ရန်ကုန်မှာ ကျနော်အတွက်လုံခြုံမှုကင်းမဲ့လာတာကြောင့် မန္တလေးမြို့ကို ရောက်ရှိနေပြီး သံရုံးလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘုန်းကြီးကျောင်းတိုက်တွေမှာ နေထိုင်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတိုက်တွေကို သံရုံးလို့ခေါ်ရခြင်းက စစ်တပ်နဲ့ စစ်ထောက်လှမ်းရေးတို့ရဲ့ ဝင်ရောက်ဖမ်းဆီးမှုဘေးမှ ကျောင်းသားအများအပြားကို ဘုန်းကြီးကျောင်းတိုက်တွေမှာ အကာအကွယ်ပေးထားခဲ့လို့ ဖြစ်ပါတယ်။

၁၉၉ဝ ပြည့်ရွေးကောက်ပွဲမတိုင်ခင်မှာ အမေရိကန်သံရုံးက ပထမနိုင်ငံရေးအတွင်းဝန် မန္တလေးကို ရောက်လာပြီး မန္တလေးမြို့က သံဃာကိုယ်စားလှယ်တွေနဲ့ တွေ့ချင်တယ်လို့ ကျနော့်ကို ပြောပါတယ်။ ကျနော်လည်း ဘုရားကြီး ဒက္ခိဏရာမကျောင်းတိုက်မှာ ဆရာတော်ဦးရေ၀တနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။ ပြီးနောက်မြန်မာနိုင်ငံတွင်း ဘာသာရေးအခြေအနေ ဆိုးရွားနေမှုတွေကို အသေးစိတ် လေ့လာပါတယ်။ ၁၉၉၀ ပြည့် သြဂုတ်လ (၈) ရက်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာညောင်ကုန်းကျောင်းတိုက်မှာ အခြေခံပညာကျောင်းသားသမဂ္ဂ (ရန်ကုန်တိုင်း)က ဦးဆောင်ကျင်းပတာကြောင့် ကျနော်ရန်ကုန်ကိုသွားပြီး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မန္တလေးမြို့ စစ်တပ်ကပစ်ခတ်မှုတွေကြောင့် သံဃာ့သွေးမြေကျပွဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်လည်းမန္တလေးကို ချက်ချင်းပြန်တက်သွားပြီး ဆရာတော်ဦးရေ၀တနဲ့ တွေ့ဆုံကာ အဖြစ်အပျက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ သွေးမြေကျမှုနဲ့ပက်သက်ပြီး ဆရာတော်က သက်သေခံအထောက်အထားတွေ ကျနော့်ကိုပြပါတယ်။ စစ်တပ်က မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်လို့ သံဃာအများအပြား ထိမှန်သေဆုံးပုံ၊ ဒဏ်ရာပြင်းထန်စွာရရှိပုံနဲ့ သွေးစွန်းနေတဲ့ သင်္ကန်းတော်တွေ၊ အဲဒီအပြင် ထူးခြားအံ့သြဖွယ်ကောင်းတဲ့ သပိတ်တလုံးကို ပြပါတယ်။ သပိတ်ဟာ သံသပိတ်အမျိုးအစားဖြစ်ပြီး အတွင်းနဲ့ အပြင် နှစ်ခုစလုံးကို စစ်စေးသုတ်လိမ်း ထားပါတယ်။

စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ သပိတ်ရဲ့ အလယ်ပိုင်းဖောင်းရစ်ရှိ စစ်စေးနဲ့ သံကို ဖောက်ထွက်သွားပြီး သပိတ်အတွင်းမှာ ကျည်ဆန်ဒုတိယ မီးကျည်ရိုက်ရာ အမာရွတ်ကြီးကြီး၊ တတိယကျည်ရိုက်ရာ အမာရွတ်အလတ်၊ စတုတ္တကျည်ရိုက်ရာ အမာရွတ်အသေးနဲ့ ပဉ္စမကျည်ရိုက်ရာ အမာရွတ်အသေးလေးကို မြင်တွေ့ရပါတယ်။ ပစ်ခတ်မှုမှာရရှိတဲ့ ကျည်ဆန်ကို ကျောင်းက ကိုရင်လေးတပါးက ကြောက်လန့်ပြီး ကုဋီ(အိမ်သာ)ထဲ လွှင့်ပစ်ခဲ့လို့ မရှိတော့ကြောင်း ဆရာတော်ကပြောပြပါတယ်။

နဝဟာ သံဃာထုကို သေစေနိုင်တဲ့အထိ ချိန်ရွယ်ပစ်ခတ်ခဲ့တာ ထင်ရှားကြောင်း၊ ဗုဒ္ဓရဲ့ သားတော် ရဟန်းတို့ကို ကာယကံမြောက် ကျူးလွန်သတ်ဖြတ်တဲ့အပြင်၊ ဗုဒ္ဓရဲ့ ပရိဘောဂ စေတီကိုလည်း ဖျက်ဆီးတဲ့သူတွေ ဖြစ်တာကြောင့် မကြာခင်မှာ ကြီးကြီးမားမားအရေးယူဖို့ ဒီကိစ္စကို ဆောင်ရွက်မှာ ဖြစ်ကြောင်း ဆရာတော်က ဆက်ပြီးပြောပါတယ်။ ကျနော်လည်း ဆရာတော်ခွင့်ပြုချက်နဲ့ မန္တလေးမြို့ ၈၄ လမ်းမကြီးက လူထုတိုက်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို မှတ်သားပြီး သက်သေခံဓါတ်ပုံ၊ သပိတ်တွေကို ယူပြီး ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။ ရန်ကုန်က သံတမန်အသိုင်းအဝိုင်းနဲ့ သတင်းဌာနတွေကို ပြသပါတယ်။ နဝတက ဘယ်လိုပဲ လိမ်ညာခဲ့ပေမယ့် အနောက်နိုင်ငံစစ်သံမှူးတွေက အေကေ ၄၇ ဒါမှမဟုတ် ဂျီ-သရီးကဲ့သို့ အရှိန်ပြင်းထန်တဲ့ သေနတ်အမျိုးအစားနဲ့ ပစ်ခတ်တာဖြစ်ကြောင်း၊ သပိတ်အတွင်းရှိနေသော ကျည်ဆန်ယမ်းမှုန့် များကို ဓါတ်ခွဲကြည့်ရာမှာ သူတို့စစ်ဆေးချက်အရ သေစေနိုင်တဲ့ ကျည်များနဲ့ ပစ်ခတ်တာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

မန္တလေးမြို့မှာ ဆရာတော်ဦးရေ၀တတို့ “ပတ္တနိကုဇ္ဇနကံဆောင်” သပိတ်မှောက်ပွဲမကျင်းပခင် ကျနော်လည်း စစ်ထောက်လှမ်းရေးတို့ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး ဆရာတော်နဲ့ ကျနော် ပြန်မတွေ့ဖြစ် ကြတော့ပါဘူး။

ဆရာတော်ဦးရေဝတဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရှေ့တန်းကနေ ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ သံဃာအာဇာနည်တပါး ဖြစ်ပါတယ်။ သံဃာထုအများရဲ့ ကြည်ညိုလေးစားမှုကို ခံရသလို သံဃာထုအတွင်း ညီညွတ်မှုရစေခဲ့တဲ့ လေးပြင်လေးရပ်စလုံးက သံဃာတော်တွေကို စုစည်းနိုင်ခဲ့တယ်။ မန္တလေးမြို့တွင်း ဆရာတော် ဦးကဝိန္ဒ၊ ဆရာတော်ဦးရေပတနဲ့ အခြားသော သံဃာတော်တွေဟာ အဓမ္မဝါဒီတွေကို အောင်နိုင်ခဲ့ကြတယ်။

ဆရာတော်ကြီးတွေဟာ သံဃာထုအတွင်းမှာသာမက ကျောင်းသားထုအတွင်း၊ သမဂ္ဂများအတွင်း၊ ပါတီများအတွင်း ညီညွတ်ရေးရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆရာတော်ဦးရေဝတက ကျနော်တို့ ကျောင်းသားတွေကို မှတ်သားစရာ စကားတခွန်းပြောခဲ့ပါတယ်။ ဆရာတော်အပါအဝင် သံဃာတွေ၊ ကျောင်းသားတွေ မြန်မာပြည်နိုင်ငံရေး၊ ဒီမိုကရေစီအရေးများကို ဆွေးနွေးနေစဉ် ဆရာတော်က

”ငါလည်း ငါတတ်နိုင်တဲ့ ဝန်ကိုထမ်းမယ်။ ငါသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေပဲ ငါ့ကိုပြောကြ၊ ငါမသိသင့် မသိထိုက်တဲ့ကိစ္စကို ငါ့ကိုလည်းမပြောနဲ့၊ ငါ့ရှေ့မှာလည်း မပြောနဲ့။ ငါသိလို့ တစ်နေ့ထောက်လှမ်းရေးက ဖမ်းလားဆီးလားလုပ်ခဲ့ရင် သူတို့ကနည်းအမျိုးမျိုးနဲ့ နှိပ်စက်ပြီး မေးမှာပဲ။ ငါလည်းပုထုဇဉ် ဖြစ်တာကြောင့် ကြာကြာခံနိုင်မှာမဟုတ်သလို မုသားလည်းမဆိုနိုင်ဘူး။ အမှန်အတိုင်းပြောရမှာပဲ။ ဘာမှမသိတဲ့ကိစ္စကို သူတို့ဘယ်လောက်ပဲရိုက်ရိုက်၊ အသက်သာ သေသွားမယ် သူတို့ဘာမှ သိရမှာမဟုတ်ဘူး။ ဒါ့ကြောင့် ငါမသိသင့်တဲ့ကိစ္စ၊ အကြောင်းအရာကို မပြောကြနဲ့”

လို့ပြောခဲ့ပါတယ်။ န၀တရဲ့ လက်ချက်ကြောင့် သာသနာမြေတွေ စစ်တလင်းပြင် ဖြစ်ခဲ့ပါတယ်။ ဘုရားသားတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဗုဒ္ဓသာသနာတော်ကြီး တခုလုံး တုန်လှုပ်ခြောက်ခြားစေတဲ့ ဖြစ်ရပ်တွေ နဝတကဖန်တီးခဲ့တယ်။ ၁၉၉ဝ ဩဂုတ်လတွင် သံဃာတော်တွေ သတ်ဖြတ်ခဲ့တဲ့မြင်ကွင်းကို မန္တလေးမြို့သူ၊ မြို့သားတွေ ယနေ့တိုင်မျက်လုံးထဲက မထွက်နိုင်ကြသေး။ မမေ့ဖျောက်နိုင်ကြသေး။ ပြီးတော့ သံဃာထုတွေရဲ့ ရဲရဲတောက် ကံဆောင် သပိတ်မှောက်ပွဲကြီးတွေ...။

(ဆရာတော်ဦးရေဝတ ပျံလွန်တော်မူသွားကြောင်း သိရတဲ့အတွက် သံဃာဇာနည်ကို ဂုဏ်ပြုရေးသားမိပါတယ်။ )

(ဃ) ရဲကျော်စွာ

ရဲကျော်စွာဟာ ထောင်ကျလာတုန်းက (၁၅)နှစ်သားအရွယ်ပဲ ရှိသေးတဲ့ ဆယ်တန်း ကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဗိုလ်တထောင်(၂)မှာ ကျောင်းတက်နေတဲ့သူ တယောက်ဖြစ်ပြီး အကသ ကျောင်းသားဖြစ်ပါတယ်။

သူဟာအရွယ်နဲ့မလိုက်အောင် စာဖတ်အားကောင်းလှပြီး ပါဝါမျက်မှန်အထူကြီးကို တပ်ဆင်ထားတဲ့သူ ဖြစ်ပါတယ်။ ထောင်ကျလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အသက်အငယ်ဆုံး ဖြစ်တာကြောင့်  အားလုံးကချစ်ခင်ကြပါတယ်။ သူရယ်၊ သားညွှန့်ဦးရယ်၊ ကျနော်ရယ်ဟာ တဦးနဲ့ တဦးအင်မတန်မှ ချစ်ခင်ကြပြီး အမှတ် (၃)ဆောင်မှာ မသိသူမရှိ နာမည်ကြီး ရဲ ( ၃ ) ဖော်တွေ ဖြစ်ပါတယ်။ ခဏ ခဏလည်း ရန်ဖြစ်တတ်ကြပါတယ်။ တစ်ရက်ထောင်ဝင်စာ (၃)ယောက်သား ပြန်လာတဲ့အခါမှာ ရဲကျော်စွာက

”ကျနော့်အဖေ နေမကောင်းဖြစ်နေတယ်လို့ အစ်မကပြောသွားတယ်။ ကျနော့်ကိုလည်း မေးနေတယ်တဲ့။ သူနေမြန်မြန်ကောင်းအောင် လုပ်မယ်။ နေကောင်းမှ ငါ့သားငယ်လေးကို သွားတွေ့နိုင်မှာလို့ ပြောပြီး ရောဂါကို မြန်မြန်ပျောက်အောင် ကုနေတယ်လို့ ကျနော့်အိမ်က ပြောသွားတယ်” လို့ ကျနော်တို့ကို ပြောပြပါတယ်။ ကျနော်တို့က မင်းအဖေအခြေအနေက စိုးရိမ်ရလားလို့ မေးတော့ ကျနော့်အစ်မက သိပ်အဆိုးကြီး မဟုတ်ဘူးလို့တော့ ပြောတယ်လို့ ပြန်ဖြေပါတယ်။

“ဟာ... ဒါဆို မစိုးရိမ်ပါနဲ့ ”

လို့ ကျနော်တို့က အားပေးနှစ်သိမ့်ကြပါတယ်။ ထောင်ထဲမှာ ကျနော်တို့တွေနေမြဲအတိုင်း နေထိုင်လာခဲ့ရင်းနောက် တကြိမ်ထောင်ဝင်စာတွေ့ဖို့ (၁၄)ရက်ပြည့်သွားပါတယ်။ ကျနော်တို့အမှုတွဲတွေ ထောင်ဝင်စာ ထွက်ကြပါတယ်။ ရဲကျော်စွာအိမ်က သူ့အစ်မတယောက်ပဲ ထောင်ဝင်စာလာတာကို တွေ့ရပါတယ်။ ရဲကျော်စွာအတွက် သတင်းဆိုးကြီးက ကျနော်တို့အားလုံးကို စောင့်ကြိုနေပါတယ်။

ရဲကျော်စွာရဲ့ အဖေဆုံးသွားပြီလို့ ကျနော်နဲ့ သားညွန့်ဦး၊ ကိုအောင်ထွန်းတို့အိမ်တွေက ပြောပြကြပါတယ်။ ရဲကျော်စွာကိုတော့ အသိမပေးထားကြပါဘူး။

အဆောင်ကိုပြန်ရောက်မှ ကြည့်ပြီးပြောဖို့ ကျနော်တို့တွေ ဆုံးဖြတ် ရဲကျော်စွာလေးခမျာ သူ့အဖေအကြောင်း သူ့ကို ထောင်ဝင်စာမှာ မင်းအဖေကျန်းမာရေးအကြောင်း မေးကြည့်သေးလားလို့မေးတော့...

”အင်းမေးတယ်။ ဘာမှမဖြေဘူး။ စိတ်မပူပါနဲ့လို့ပဲ ပြောတယ်” လို့ ပြန်ဖြေပါတယ်။

အဆောင်ကိုပြန်ရောက်တော့ ဒီသတင်းကို ရဲကျော်စွာရဲ့ အခန်းမှာ အဆင်ပြေသလို ကြည့်ပြောဖို့ ကိုအောင်ထွန်းက တာဝန်ယူလိုက်ပါတယ်။ ညဖက်ရောက်တော့ ကိုဘိုဘိုထွန်း၊ ကိုအောင်ကျော်မိုး (ခ) ဘိုတောက်၊ ဦးထွေးမြင့်၊ ကိုအောင်ထွန်းနဲ့ ကိုရဲမွန်တို့က ရဲကျော်စွာကို ”မင်းအဖေဆုံးသွားပြီ” လို့ ပြောပြလိုက်ကြတယ်။ အဲဒီအခါမှာ ရဲကျော်စွာက...

“အင်း... ထင်တော့ထင်သားပဲ။ အိမ်ကို မေးတာမေးလို့မရဘူး” လို့ တခွန်းတည်းပြန်ပြောပြီး ငြိမ်ကျသွားပါတယ်။ မနက်မိုးလင်းတော့ အားလုံးက ရဲကျော်စွာကို သတင်းမေးကြတဲ့အခါမှာ ရဲကျော်စွာတယောက် အေးအေးဆေးဆေးပဲ ပြန်လည်
ပြောဆိုတာကို တွေ့ရတော့ သူလိုအသက်ငယ်ရွယ်သူတယောက်အနေနဲ့ ဖခင်တယောက် ဆုံးရှုံးသွားတဲ့ဒုက္ခကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်တာကို တွေ့ရတော့ ကျနော်လေးစားသွားမိပါတယ်။ သူချစ်မြတ်နိုးတဲ့ ဖခင်တယောက်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ခွင့်မရရှာတဲ့ (၁၅)နှစ်အရွယ် ကျနော့်ညီလေးကို ကျနော် ကိုယ်ချင်းစာသနားမိပါတယ်။ သူ့နေရာမှာဆိုရင် ကျနော်ဒီလို နေနိုင်ပါ့မလားလို့ ကျနော့်ဖာသာ မေးခွန်းထုတ်မိပါတယ်။ နောက်ထပ် နှစ်ပတ်အကြာ ထောင်ဝင်စာလာတော့ ရဲကျော်စွာအစ်မက...

”နင့်ကိုအဖေက သူမသေခင် အသက်ထွက်ခါနီး အချိန်အထိ နင့်နာမည်ကိုတပြီး ဆုံးသွားတာ”

လို့ ရဲကျော်စွာကို ပြောပြီးငိုပါတယ်။ နဝတကတော့ ကိုယ်ချင်းစာနာမှု ရှိမှရှိပါလေစ။ ရဲကျော်စွာအဖေဆုံးတာ (၁)လပြည့်တော့ ကျနော်နဲ့ သားညွန့်ဦးက ဦးဆောင်ပြီး ထောင်ထဲမှာရှိတဲ့ သံဃာတော်တွေကို ဆွမ်းကပ်ခြင်းနဲ့ အမျှအတမ်းဝေခြင်းတွေ ပြုလုပ်ပါတယ်။ အဆောင် တဆောင်လုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လ္ဘက်ရည်နဲ့ မုန့်ကျွေးပြီး ရက်လည်
ပြုလုပ်ခဲ့ပါတယ်။

ရဲကျော်စွာဟာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာကျောင်းသားအခွင့်အရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ထောက်လှမ်းရေးရဲ့ ဖမ်းဆီးမှုကို ပြန်လည်ခံခဲ့ရပြီး ထောင်ဒဏ် (၁၉)နှစ် ချမှတ်ခံခဲ့ရပါတယ်။

သူဟာ ကျနော်အတွက် အမှတ်ရနေစေမယ့် ရဲဘော်တဦးဖြစ်ပါတယ်။

◾ အခန်း (၁၉)

(က) သရက်ထောင်က လွတ်တဲ့နေ့

မြန်မာပြည်အတွင်း အဆိုတော်ဗဒင်ရဲ့ ဒို့ကတော့ ဒို့ကတော့ သီချင်းသံများ ဆူဝေပျံ့လွင့်နေတဲ့အချိန် ၁၉၉၄ ခုနှစ်အတွင်းမှာ ကျနော်ထောင်ကလွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့နေ့၊ အိမ်ထောင်ကျတဲ့နေ့တွေဟာ ဘဝမှာအပျော်ရွှင်ဆုံး ကာလတွေလို့ ဆိုရိုးစကားရှိကြပေမယ့် ထောင်ကထွက်လာတဲ့နေ့မှာ ကျနော့်စိတ်ထဲ ခံစားမှုနှစ်မျိုး ရောပြွန်းနေပါတယ်။ တခုကတော့ ထောင်ကလွတ်လာပြီး မိဘဆွေမျိုးတွေနဲ့ ပြန်လည်ဆုံတွေ့ရမှာမို့ ပျော်ရွှင်နေမိတာရယ်၊ နောက်တခုက နှစ်အတော်ကြာအောင် ကျနော်နဲ့အတူ ထောင်တွင်းတိုက်ပွဲ၊ ပြင်ပတိုက်ပွဲတွေမှာ လက်တွဲတိုက်ခဲ့ကြတဲ့ ရဲဘော်တွေကို အကျဉ်းထောင်အတွင်း ချန်ထားရစ်ခဲ့ရမှာ ဆိုတဲ့အသိ၊ ထောင်ထဲကနေပြီး. ကျနော်လွတ်မြောက်သွားတာကို နှုတ်ဆက်လက်ပြကျန်ခဲ့ကြမယ် ဆိုတဲ့အသိတွေကြောင့် ကျနော့်ရင်ထဲမှာ ဝမ်းနည်းကြေကွဲနေတာရယ် ဆိုတဲ့စိတ်ခံစားမှုတွေပါပဲ။ ကျနော့်ရဲ့ အိမ်အပြန်ခရီးဟာ ငြီးငွေ့ပျင်းရိဖွယ်ကောင်းလှပါတယ်။

အောင်လံကို ခဏဝင်ပြီး အဲဒီကမှတဆင့် ပြည်ကို ခရီးဆက်ပါတယ်။ ပြည်ကိုသွားတဲ့ ခရီးတလျှောက် ကျနော့်နံဘေး တဖက်တချက်စီက တောတောင်သဘာဝအလှတွေကို တဝကြီးခံစားပြီး လေကိုအပြည့်အသိပ် ရှုသွင်းလိုက်ပါတယ်။ တနေရာကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းလေးတခုကို တွေ့လိုက်ရတယ်။ မော်တော်ကားတွေမှာ အလံတွေ တလူလူလွှင့်ပြီး သီချင်းတွေသံပြိုင်သီဆိုသွားကြတဲ့ အဖြူ၊ အစိမ်းဝတ် လူတွေအများကြီးပဲ ဖြစ်ပါတယ်။ ကျနော့်စိတ်ထဲ တမျိုးကြီးပဲလို့ သံသယတခုဝင်သွားပါတယ်။ ဆန္ဒပြနေကြတာလား။ ဒီလို အလံတွေထောင်၊ လူစုပြီးသွားကြတာ ဘာများပါလိမ့်ဆိုပြီး
ဇဝေဇဝါ ဖြစ်သွားပါတယ်။ ဒါ့ကြောင့် နံဘေးနားက ခရီးသည်တဦးကို မေးကြည့်တော့...

”ဟာ... ခင်ဗျားမသိဘူးလား။ ကြံ့ဖွတ်တွေလေ။ နဝင်းဆည်ကို လေ့လာရေးသွားကြတာ”

”ဪ”

ဆိုပြီး ကျနော်ပါးစပ်က ရေရွတ်မိရင်း မဆလခေတ်က လမ်းစဉ်လူငယ်တွေကို ပြန်မြင်ယောင်မိလိုက်ပါတယ်။

(ခ) ထွက်တော်မူ နန်းကခွာပြီ

ကျနော်အိမ်ပြန်ရောက်ပေမယ့် ကျနော်တို့ အိမ်နားမှာ နယ်မြေခံထောက်လှမ်းရေးက အမြဲတစေ စောင့်ကြည့်နေပါတယ်။ ကျနော်ဘာများ ဆက်လှုပ်ရှားမလဲဆိုပြီး အိမ်ကို ရစ်သီရစ်သီ အမြဲ လာလုပ်ပြန်တယ်။ ”အခြေအနေဘာထူးလဲ၊ ထူးရင်ပြောဦးနော်၊ ဘာမှမဟုတ်ပါဘူးကွာ၊ မင်းဘာတွေလုပ်နေလဲဆိုတာ သိရအောင် လမ်းကြုံလို့ဝင်လာတာ” စတဲ့ စကားတွေနဲ့ ကျနော့်အိမ်ကို အဝင်အထွက် ပြုလုပ်နေပါတော့တယ်။

ကျနော့်မှာ ထောင်ကထွက်လာပြီး ကတည်းက အသွားအလာ မလွတ်မလပ် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်စုခြံထဲကို ကျနော်တခါမှ မရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အပတ်စဉ်လုပ်နေတဲ့ လူထုတရားပွဲတွေကိုတော့ ပုံမှန်ရောက်ဖြစ်ပါတယ်။

ကျနော့်ကို စောင့်ကြည့်နေတဲ့ ကျေးဇူးရှင်တွေက မျက်စိမွှေးစူးလာပုံ ရပါတယ်။ တရက်မှာတော့ မသွားမဖြစ်တဲ့ ကိစ္စတခုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကို သွားခဲ့ပါတယ်။ ကျနော်နဲ့ ဆွေမျိုးလိုရင်းနှီးနေတဲ့ ကိုစိန်အုံး (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ဗွီဒီယိုပုံမှန် ရိုက်ကူးပေးနေသည့်သူဖြစ်ပြီး ယခုစစ်အစိုးရအကျဉ်းထောင်အတွင်း ထောင်ဒဏ်နှစ်ရှည်ကျခံနေသူ တဦးဖြစ်ပါသည်) နှင့်အတူ သွားခဲ့ပါတယ်။ ညဖက်ကျမှ ကျနော်အိမ်ပြန်ရောက် ဖြစ်ပါတယ်။ ကျနော် ဒေါ်စုခြံထဲသွားတယ်ဆိုတာ ကျနော်အိမ်က လူတွေတောင်မသိသေးခင် နောက်တနေ့မနက်မှာပဲ အိမ်ကို ထောက်လှမ်းရေးတွေ ရောက်လာပါတယ်။

“မင်းဘာတွေလျှောက်လုပ်နေတာလဲ။ မင်းလုပ်တာတွေ အားလုံး ငါတို့သိတယ်။ ငါကတော့ မင်းငြိမ်နေပါတယ်ဆိုလို့ ချီးမွှမ်းနေတာ”

အိမ်ကို ရောက်လာလာချင်း စမေးပါတော့တယ်။

ကျနော်ကလည်း ဘယ်မှမသွားကြောင်း၊ အိမ်မှာပဲ အနေများကြောင်း ပြန်ပြောလိုက်ပါတယ်။ ဒါကိုသူတို့ မကျေမနပ် ဖြစ်သွားပါတယ်။ ပြီးတော့...

”မင်းငါ့ကို ဘာမှမပြောနဲ့။ မင်းမနေ့က ဘယ်သွားတယ်ဆိုတာ မင်းမပြောလဲ ငါတို့သိတယ်။
မင်းဝန်မခံရင် ရတယ်။ မင်းအိမ်ကို ဝင်ထွက်နေပြီး မင်းဆီလာနေတဲ့ လူအယောက် (၂ဝ)စာရင်းကို ငါ့ကိုပေးရမယ်။ အဲဒီစာရင်းကို မနက်ဖြန်မနက် (၉)နာရီမှာ ငါလိုချင်တယ်။ မင်းဘယ်မှ မသွားနဲ့။ အိမ်မှာပဲစောင့်နေ။ ငါလာခဲ့မယ်”

လို့ပြောပြီး ပြန်သွားပါတယ်။ ကျနော့်အိမ်ကလူတွေ အားလုံး ဒေါသထွက်ကုန်ကြတယ်။ ဒီလိုလာပြီး ချုပ်ချယ်တာဟာ တရားလွန်နေပြီ၊ စာရင်းပေးစရာ မလိုဘူးလို့ အိမ်ကလူတွေက ပြောပါတယ်။

နောက်တနေ့ မနက် (၉)နာရီမှာ ထောက်လှမ်းရေး (၂)ယောက် ရောက်လာပြီး ကျနော့်ဆီကိုလာတဲ့ အိမ်ကိုအမြဲ ဝင်ထွက်နေတဲ့ လူအယောက် (၂၀)စာရင်းကို ရေးခိုင်းပါတယ်။ အဲဒီအချိန် ကျနော့်နံဘေးမှာ ကျနော့် အဖေနဲ့အမေ ရှိနေပါတယ်။ ကျနော်က ကျနော့်အိမ်ကို လာနေတဲ့သူတွေထဲမှာ ဆွေမျိုး၊ အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းအချို့သာ လာတာဖြစ်ပြီး အထူးအဆန်း ဘယ်သူမှမပါတဲ့အတွက် စာရင်းရေးမပေးနိုင်ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ

”ရတယ်။ ဆွေမျိုးပဲဖြစ်ဖြစ်၊ အိမ်နီးနားချင်းပဲဖြစ်ဖြစ် မင်းဆီလာတဲ့ လူမှန်သမျှ စာရင်းရေးပေး” လို့ တင်းတင်းမာမာ ခိုင်းလာပါတယ်။

ကျနော့်အဖေနဲ့ အမေက “ဒီကိစ္စ မောင်ရင်တို့ မတရားတာပဲ။ ကိုယ့်
အိမ်လာတဲ့သူတွေကို
စာရင်းရေးပေးရတာ အဓိပ္ပယ်မှမရှိပဲ။ မင်းတို့ သိချင်ရင် အိမ်ရှေ့က စောင့်ကြည့်နေပေါ့” လို့ ပြောတော့ ထောက်လှမ်းရေးက

”ဦးတို့ အဒေါ်တို့ ဘာမှမသိပါဘူး။ ကျနော်တို့ လုပ်ချင်လို့မဟုတ်ပါဘူး။ အထက်က အမိန့်အရလုပ်ရတာ” လို့ပြန်ပြောပါတယ်။ ပြီးကျနော့်ဖက်ကိုလှည့်ပြီး

“ဟေ့ကောင် အချိန်မရှိဘူး” လို့ လှမ်းပြောပါတယ်။

အဲဒီနောက် ကျနော့်အမေက လူမှုရေးအရ လက်ဖက်ရည်ခွက် လာချပေး ကျနော့်အစ်ကိုက အိမ်ခန်းထဲကနေမြင်သွားပြီး ရှေ့ကိုထွက်လာပါတယ်။

”ဒီကောင်တွေကို အမေဘာမှ  လက်ဖက်ရည်တိုက်စရာမလိုဘူး။ ဒီကောင်တွေက ဧည့်သည်တွေ မဟုတ်ဘူး။ ဟေ့ကောင် မင်းကိစ္စမြန်မြန်ဖြတ်ကွာ၊ ကြာရင်ပြဿနာတက်လာလိမ့်မယ်။ အိမ်လဲ ကျက်သရေ ယုတ်တယ်”

ဆိုပြီး ပြောလိုက်ပါတယ်။ ကျနော်နဲ့ ထောက်လှမ်းရေးနဲ့ အပြန်အလှန်အခြေအတင် ဖြစ်နေချိန်မှာ ကျနော့်အိမ်သားတွေပါ ပါလာတာကြောင့် ပြဿနာကြီးထွားလာနိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးက

“ကောင်းပြီ။ မင်းဒီမှာမရေးပေးနိုင်ရင် ဒို့တွေသီးသန့်ဆွေးနွေးရလိမ့်မယ်” ဆိုပြီး အကြပ်ကိုင်လာတယ်။ သီးသန့်ဆွေးနွေးရမယ်ဆိုတဲ့ အသုံးအနှုံးကို ကျနော်ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။ ဒါ့ကြောင့် အိမ်ကလူတွေကို ဒီကိစ္စမှာ ဝင်မပြောကြဖို့ ကျနော် ပြောလိုက်ပါတယ်။

နောက်တော့ သူတို့ သိပ်လိုချင်နေတဲ့ လူအယောက် (၂ဝ)စာရင်းကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အသိုင်းအဝိုင်းထဲကနေ ရေးပေးလိုက်ပါတယ်။ ထောက်လှမ်းရေးတွေကတော့ သူတို့လိုချင်တာရလို့ ပြန်သွားကြပါတယ်။

နောက်ပိုင်းတွေမှာလည်း ကျနော်အနေနဲ့ အပြင်မှာ လွတ်လွတ်လပ်လပ်နေလို့ မရအောင်နည်းမျိုးစုံနဲ့ ထပ်ပြီး နှောင့်ယှက်လာပြန်ပါတယ်။

ကျနော်နဲ့ ပတ်သက်ပြီး ကျနော့်အိမ်သားတွေ ဒုက္ခမရောက်စေချင်တာကြောင့် ထောင်ကျနေတုန်းက ခွဲခဲ့ရတဲ့ မိဘတွေနဲ့ ထပ်မံခွဲခွာရဖို့အတွက် နောက်တကြိမ် ကျနော်အိမ်ကနေ ထွက်လာခဲ့တယ်။ ဒီတစ်ခါတော့...

ကျနော့်အမိနိုင်ငံနဲ့ ဟိုးအဝေးကြီးဆီ...

ကျနော့်ချစ်တဲ့ ရဲဘော်တွေနဲ့ အဝေးကြီးဆီ...

ပြီးတော့ ကျနော်တို့ ပြည်သူတွေနဲ့ အဝေးကြီးဆီသို့ ကျနော်ထွက်ခွာခဲ့တယ်။

နေလင်း (အ.က.သ)

ဒီဇင်ဘာလ (၂၆)ရက်၊ ၁၉၉၈ ခုနှစ်
ခေတ္တ-ဘန်ကောက်၊ ထိုင်းနိုင်ငံ

(ပီဒီအက်ဖ်စာမျက်နှာ ၁၅၀-၁၆၄)

ဆရာ ”နေလင်း (အ. က. သ)” ရဲ့ ”လူရှင်သင်္ချိုင်းများအကြောင်း” စာအုပ်တအုပ်လုံးကို စာရိုက်တင်ဆက်ခြင်း ပြီးဆုံးပါပြီ။ စာဖတ်သူတိုင်းကို ကျေးဇူးတင်ပါတယ်။

စာရိုက် - ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်