လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၈) 🖋 နေလင်း (အ.က.သ)
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၈)
နေလင်း (အ.က.သ)
◾ အခန်း(၁၆)
ဒေါနမှာနေတဲ့ တောင်ပေါ်သားတွေ
သရက်ထောင်မှာ ကျနော်တို့နဲ့အတူ ထောင်ပြောင်း(၁၀၀)ထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)က ကရင်တိုင်းရင်းသားတွေ (၁၀)ယောက် ပါလာပါတယ်။ အဲဒီ ကရင်တိုင်းရင်းသားတွေဟာ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ပုဒ်မ(၁၂၂)နဲ့ သေဒဏ်ကျခံရတဲ့ သူတွေဖြစ်ပြီး နောက်မှ တသက်တကျွန်းအမိန့် ပြောင်းရွေ့ခံရတဲ့ သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ၁၉၈၃ ခုနှစ် လောက်က ဗိုလ်မင်းသိန်းဦးဆောင်ပြီး (KNU)မှ ပဲခူးရိုးမ ပြန်လည်ဖော်ထုတ်ရေးတာဝန်နဲ့ နယ်စပ်ကနေ ပဲခူးရိုးမကို လာခဲ့ကြပါတယ်။
အဲဒီအလာမှာ ညောင်လေးပင်အနီး သူဌေးကုန်းဘူတာနားမှာ အစိုးရစစ်တပ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပါတော့တယ်။ သူတို့တွေဟာ ပဲခူးရိုးမတောထဲမှာ ခိုအောင်းနေထိုင်ကြပါတယ်။ မဆလ အစိုးရက လက်ဆက်ကင်း၊ တပ်ကင်းတွေနဲ့ ပဲခူးရိုးမ အနောက်ခြမ်းတွေကို ဖြတ်(၄)ဖြတ် ကျင့်သုံးပြီး ဖမ်းဆီးပါတယ်။ (KNU)မှ ရဲဘော်တွေဟာ ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ထွက်ပြေးနိုင်တဲ့ အခွင့်အလမ်းနည်းပါးပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ သူတို့တွေကို မဆလအစိုးရက နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။ သူတို့တွေဟာ အမှုကို အယူခံဝင်ခဲ့ပေမယ့် အဆင့်ဆင့် ရှုံးနိမ့်ခဲ့ရပါတယ်။ နောက်ဆုံးအဆင့် ဖြစ်တဲ့ နိုင်ငံတော်သမ္မတဆီမှာ အသနားခံလွှာတင်ပြီး သေဒဏ်ပေးမဲ့နေ့ကိုပဲ စောင့်နေရပါတော့တယ်။
အဲဒီကာလမှာပဲ ၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ပွားတော့ ထောင်တွင်းဆူပူမှု ဖြစ်ကြပါသေးတယ်။ ၁၉၈၈ စက်တင်ဘာမှာ နဝတက အာဏာသိမ်းပြီးချိန်မှာ သူတို့ ရဲဘော်တွေချည်း သက်သက်ကို သီးသန့်ထောင်က ကျွန်းတိုက်ကို ပို့လိုက်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ နဝတက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် မတားဆီးခင်မှာ ထောင်ခါတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်(KNU)အမှုတွေ အားလုံးကို သေဒဏ်ကနေ တသက်တကျွန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။
နဝတအနေနဲ့ ၁၉၉၂ ခုနှစ်၊ မေလမှာ ၁၁/၉၂ နဲ့တကြိမ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ ၁/ ၉၃ နဲ့ တကြိမ်၊ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့မှာ တကြိမ်တို့နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတွေကြောင့် လွတ်ရက်စေ့နေပြီ ဖြစ်သော်လည်း ဆက်ပြီး လွတ်ရက်မရှိ ထောင်ချထားဆဲဖြစ်ပါတယ်။ ထောင်ထဲမှာနေရတာချည်းပဲ (၁၆)နှစ်ကျော်ရှိနေပြီး အချို့ဆိုရင် ဦးဏှောက်တောင် သိပ်မကောင်းချင်တော့ပါဘူး။ အဲဒီလို ဦးဏှောက်အနည်းငယ် ချို့ယွင်းသွားတဲ့ သူတွေကို စိတ္တဇဆေးရုံပို့ ရမယ့်အစား ထောင်ထဲမှာပဲ ဒီအတိုင်းထားပါတယ်။
သူတို့တွေအားလုံးက သူတို့လွှတ်မဲ့ရက်နဲ့ ပတ်သက်ပြီး ထောင်ပိုင်ကို တင်ပြတဲ့အခါမှာ သူတို့ လွတ်ရက်ကို မသိကြောင်းနဲ့ အထက်ကို ပြန်မေးပေးမည်လို့ဆိုကာ တိတိပပ ပြန်လည် ဖြေကြားခြင်းလည်း မရှိခဲ့ပါဘူး။ သူတို့တွေဟာ လွတ်ရက်မရှိ အကျဉ်းသားတွေလို ဖြစ်နေပါတော့တယ်။
တချို့အကျဉ်းသားတွေက ခန့်မှန်းကြတာကတော့ နဝတနဲ့ (KNU)တို့ စေ့စပ်ညှိနှိုင်းမှု မရသေးလို့ သူတို့ကို တမင်ပြန်မလွှတ်သေးတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ စစ်အစိုးရ လက်ထက်မှာ ထောင်ဒဏ်နှစ်အရှည်ဆုံး ကျခံနေရတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။ တောင်အာဖရိကတိုက်က သမ္မတနယ်လ်ဆင်မန်ဒဲလားဟာ အသားအရောင်ခွဲခြားမှုကြောင့် (၂၆)နှစ်ကြာ ယုံကြည်ချက်ကြောင့် အကျဉ်းခံခဲ့ရပါတယ်။
(KNU)ရဲဘော်တွေကလည်း သူတို့ကရင်အမျိုးသားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ယုံကြည်ချက်ကြောင့် တော်လှန်တိုက်ပွဲဝင်ရင်း အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။ တောင်ပေါ်ကရင်တိုင်းရင်းသားတွေဟာ ရိုးသားဖြူစင်ပြီး ပွင့်လင်းတဲ့သဘောထားရှိကြပါတယ်။ ကျနော်တို့နဲ့အတူတူ ထောင်ပြောင်းခဲ့ရတဲ့ ကရင်တိုင်းရင်းသား ရဲဘော်တွေဟာ တောထဲ၊ တောင်ထဲ၊ ထောင်ထဲမှာ နှစ်ရှည်လများ နေထိုင်ခဲ့ရသူတွေပီပီ မီးရထားတို့၊ သင်္ဘောတို့တောင် တခါမှ မစီးဖူးကြရှာပါဘူး။ ထောင်ပြောင်းမှပဲ စီးဖူးကြသူတွေပဲ ဖြစ်ပါတယ်။
ပန်းသီးတို့ ဘာတို့ဆိုတောင် ဓါတ်ပုံတွေ၊ စာစောင်တွေမှာသာ တွေ့ဖူးကြပြီး ဘယ်လို အရသာရှိလဲဆိုတာ မသိကြပါဘူး။ သူတို့တွေ အကြိုက်နှစ်သက်ဆုံး ဟင်းလျာကတော့ ငါးပိရည်နဲ့ ငရုတ်သီးစပ်စပ်ဟင်းတွေဖြစ်ပြီး ငါးပိနဲ့ ငရုတ်သာရှိရင် ထမင်းစားလို့ရတယ်လို့ ပြောပါတယ်။ ပြောတဲ့အတိုင်းလဲ သူတို့စားကြပါတယ်။ သူတို့ဆီမှာတွေ့ရတဲ့ တူညီတဲ့စိတ်ထားတွေကတော့ မကြိုက်တဲ့ကိစ္စကို ကောက်ကွေ့ဖုံးကွယ်ပြောလေ့မရှိတာပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပြောဆိုကြပါတယ်။ ပွင့်လင်းတဲ့ သူတို့ရဲ့ဓလေ့ဟာ ချစ်ခင်နှစ်သက်ဖွယ် ကောင်းလှပြီး တောင်ပေါ်တိုင်းရင်းသားတို့ရဲ့ စိတ်နေစိတ်ထားတို့ကို ဖေါ်ပြနေပါတယ်။
ကျနော်တို့ သရက်ထောင်ကို အတူတူပြောင်းရွေ့ လာရတဲ့ ကရင်တိုင်းရင်းသား (၁၀)ယောက်စလုံးဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး သီချင်းဆိုကောင်းလှကြပါတယ်။ ဓမ္မတေးတွေ၊ ကရင်တိုင်းရင်းသား ရိုးရာတေးတွေ သီဆိုတဲ့အခါမှာ ဆာထူးစော၊ ကိုထူးလွယ်၊ ဖထီးလောအယ်လ်နဲ့ ကိုကျေးတောတို့ဟာ အင်မတန်အတိုင်အဖောက် ညီပြီး နားထောင်လို့ကောင်းလှပါတယ်။ သူတို့တွေထောင်ထဲမှာ အမှတ်တရ ရေးစပ်သီဆိုထားတဲ့ သီချင်းလေးတပုဒ် ရှိပါတယ်။ သီချင်းနာမည်က “တောင်ပေါ်သား” တဲ့။
xxx ကျနော်တောင်ပေါ်သား × × × ဒေါနမှာနေပါတယ် xxx
တွယ်တာစရာဆိုလည်း x x x ဝေလာဝေး × × × လာချင်ရင်ခေါ်ပါတယ်.. × × × ဒေါနမြေဝယ် × အပေါင်းအသင်းမိတ်ဆွေ ရောင်းရင်းများတွေရယ်
xxx အခုချိန်များဆို ××× အရောက်လာခဲ့ရင် xxx တောင်ပေါ်သားရဲ့ဓလေ့ × × × ပျော်စရာပေ
သီချင်းသံလေးတွေ ××× ဒုံးအကလေးတွေ စည်ကားလို့ xxx နေဆဲ xxx
ကျနော်တို့တွေ ကရင်ဖထီးတွေနဲ့ အတူတူနေထိုင်စဉ် ကာလမှာ တောင်ပေါ်ကရင်ကြီး ဆာထူးစော ပြောပြတဲ့ ဟာသလေး တခုအကြောင်း ကြုံကြိုက်တုန်း တင်ပြလိုပါတယ်။ မဆလအစိုးရ မင်းမူနေစဉ် ကာလတုန်းက ဆာထူးစောဟာ ကရင်နယ်မြေတနေရာက အစိုးရစာသင်ကျောင်း တကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြ ကျောင်းဆရာတဦး ဖြစ်ပါတယ်။
မဆလလက်ထက် နေ့ထူး၊ နေ့ရက်တွေဆိုရင် အခုနဝတ လက်ထက် ပြည်သူ့သဘောထား ခံယူပွဲလိုမျိုး ချီတက်ပွဲတွေ ပြုလုပ်ပါတယ်။ အဲဒီလိုပွဲတွေကို မလိုက်မနေရ အမိန့်ကြောင့် ဆာထူးစောအပါအဝင် တောင်ပေါ်တိုင်းရင်းသား တော်တော်များများ စိတ်ညစ်ရပါတယ်။ အိပ်ယာက မနက်အစောကြီးထပြီး ကောက်ညှင်းပေါင်း တစ်ယောက်တထုပ်ပေးကာ နားထောင်ချင်ချင်၊ နားမထောင်ချင်ချင် ထိုင်နေရပါတယ်။ တဦးနဲ့တဦး အချိတ်အဆက် ပြုလုပ်ထားတဲ့ အတိုင်း မဆလ ပါတီယူနစ် ကိုယ်စားလှယ်တွေက
“ဒီအဆိုကို တင်သွင်းပါတယ်၊ ဒီအဆိုကို ထောက်ခံပါတယ်” ဆိုပြီးသူတို့အချင်းချင်း အတိုင် အဖောက် ညီညီလုပ်နေတာကို လူတွေကိုသက်သက်မဲ့ အိပ်ရေးပျက်အောင် လုပ်ပါတယ်။ မဆလရဲ့ ချီတက်ပွဲတွေရဲ့ ဒုက္ခကို တောင်ပေါ်သား တိုင်းရင်းသား တွေ တော်တော်ခံစား လိုက်ရပါတယ်။ အစည်းအဝေးပြီးပြီးလားနဲ့ စိတ်ညစ်ညစ်နဲ့ စောင့်နေချိန်မှာ အခမ်းအနား စင်မြင့်ပေါ်က ခေါင်းပေါင်းထားတဲ့ ပုဂ္ဂိုလ်တယောက်က “ဒီအဆိုကို သဘောတူပါသလားခင်ဗျာ” လို့ မေးတော့ အားလုံးက အိမ်ပြန်ချင်နေတာကြောင့် တူပါတယ်လို့ ဖြေလိုက်ကြပါတယ်။ အခမ်းအနားပြီးတော့မှာမို့ ဆာထူးစောတို့ ဝမ်းအသာကြီး ဝမ်းသာနေပါတယ်။ ထုံးစံအတိုင်း အခမ်းအနားကို ကြွေးကြော်သံတွေနဲ့ ရုပ်သိမ်းလိုက်ပါတယ်။ မဆလလက်ထက် နောက်ဆုံးကြွေးကြော်သံကတော့ “ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး အောင်ရမည် … အောင်ရမည်” ဖြစ်ပါတယ်။ ဒါကို စိတ်မရှည်နိုင်တော့တဲ့ တောင်ပေါ်ကရင်ကြီး တယောက်က “ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး အော်ဘွာလီ အော်ဘွာလီ” လို့ ကရင်သံကြီးနဲ့ အားရပါးရအော်လိုက်ပါတယ်။ ဒီအသံကြားတော့ဘေးက ကရင်တိုင်းရင်းသားတွေက ဝိုင်းရယ်ကြပါတယ်။ ဒါပေမယ့် ပါတီယူနစ်လူကြီး တယောက်က မရယ်မမောနိုင်နဲ့ သံသယတွေဖြစ်ပြီး ခင်ဗျားစောစောက ဘာအော်လိုက်တာလဲလို့ မေးမြန်းပါတယ်။ ဒီတော့ ကရင်ကြီးကလည်း “အောင်ရမယ်လေ၊ ဒို့က တောင်ပေါ်ကရင်ဆိုတော့ အားတက်သရော အော်လိုက်တာ စကားမပီပဲ အော်ဘွာလီ ဖြစ်သွားတာ” လို့ အဖြေပြန်ပေးလိုက်တော့ ပါတီယူနစ်လူကြီးကလည်း ဝမ်းသာအားရ ဖြစ်သွားပါတယ်။
နောက်တကြိမ် အခမ်းအနားမှူးရဲ့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး တိုင်ပေးသံကို အော်ဘွာလီ၊ အော်ဘွာလီဆိုပြီး အော်ဟစ်ပါလေတော့တယ်။ တကယ်တော့ အော်ဘွာလီဆိုတဲ့ စကားလုံးဟာ ကရင်ဘာသာနဲ့ဆို ဆဲဆိုတဲ့နေရာမှာ သုံးတဲ့ တော်တော်ဆိုးရွားတဲ့ အဓိပ္ပါယ် ပေါက်စေတဲ့ စကားဖြစ်ပါတယ်။ အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကို ဘာသာပြန်မပြတော့ပါဘူး။ နီးစပ်ရာ ကရင်တိုင်းရင်းသားတွေဆီ မေးမြန်းကြည့်ပါလို့ ပန်ကြားလိုက်ပါတယ်။
ဆာထူးစောဆိုတဲ့ ကရင်အမျိုးသားကြီးဟာ မဆလအစိုးရလက်ထက်က တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံ သင်တန်းအမှတ်(၃)နဲ့ စစ်ကိုင်းရွာသစ်ကြီး သင်တန်းဆင်းတဲ့ မူလတန်းပြ ကျောင်းဆရာ ဖြစ်တာကြောင့် မဆလရဲ့ ဒေါက်တိုင်သဖွယ်ဖြစ်နေတဲ့ ပါတီသဘောတရားတွေကို သင်ယူခဲ့ပါတယ်။ ဒီလိုသင်ယူပြီးမှ ကရင်ပြည်နယ်မှာ စာသင်ကြားဖို့ စေလွှတ်ခဲ့ပေမယ့် ဆာထူးစောဟာ ကရင်အမျိုးသားရေးအတွက် (KNU)ထဲဝင်ပြီး စစ်မှုထမ်းဆောင်ခဲ့ပါတယ်။ ဆာထူးစောရဲ့ ပုံသဏ္ဌာန်က လူကဝဝ၊ မျက်နှာကသေးသေးနဲ့မို့ မြန်မာတွေရဲ့ ဖိုးသာထူးရုပ်နဲ့ အလွန်တူပါတယ်။ စကားပြောလည်းကောင်း၊ သီချင်းဆိုလည်းကောင်းပြီး ချစ်ခင်ဖို့လည်း ကောင်းလှပါတယ်။
တခါတုန်းက သူကကျနော်တို့ကို “ဟေ့၊ ခင်ဗျားတို့ ဗမာအစိုးရ အဆက်ဆက် မဆလရော၊ နဝတပါ ပြောပြောနေတဲ့ ဥမကွဲသိုက်မပျက်ဆိုတဲ့ စကားလုံးကို ကျုပ်သဘောမကျဘူး” လို့ ပြောပါတယ်။ ကျနော်တို့ကလည်း “ဘယ်လိုဖြစ်လို့လဲ ဖထီး” လို့မေးတော့ “ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊ ဥမကွဲရင် အကောင်မပေါက်ဘူး။ အကောင်မပေါက်ရင် မျိုးဆက်တုံးသွားမှာပေါ့ကွ” တဲ့။ ဖထီးစကားအဆုံးမှာ ကျနော်တို့ ရယ်မိကြပါသေးတယ်။ ပြီးတော့ သူက(KNU)နဲ့ မဆလတို့ လက်ထက်ကစစ်ပွဲတွေ အကြောင်းကို ပြောပြပါတယ်။
“ခင်ဗျားတို့ ဗမာ့တပ်မတော်မှာ အောင်ဆန်းသူရိယဘွဲ့ဟာ အမြင့်ဆုံးဖြစ်သလို ကျုပ်တို့အဖွဲ့မှာလည်း စောဘဦးကြီး CROSS ဟာ အမြင့်ဆုံးပဲကွ ပြီးတော့ ရန်သူတပ်ကတောင် ကြောက်ရွံ့ရတဲ့ တိုက်ရည်ခိုက်ရည် မြင့်မားတဲ့ ရဲဘော်တွေ သူတို့(KNU)တပ်မှာ ရှိကြောင်း ပြောပြပါသေးတယ်။ ကရင်ဖထီးတို့တွေဟာ ထောင်တွင်း (၁၆)နှစ်ကြာ ဖြတ်သန်းခဲ့တာကြောင့် ထောင်တွင်းအတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အဲဒီ အတွေ့အကြုံတွေကို ကျနော်တို့တွေကို ပြန်ပြောပြပါတယ်။
တခါကျနော်တို့ကို ကြိုးပေးခံရတဲ့သူတွေချည်းပဲ နေရတဲ့ တိုက်ခန်းက အတွေ့အကြုံတွေကိုလည်း ပြောပြပါတယ်။ စိတ်ဓာတ်မခိုင်မာတဲ့ သူတွေဆိုရင် ကြိုးပေးခါနီး စိတ်လှုပ်ရှားမှုများပြီး စိတ်ဖောက်ပြန်သွားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဖထီးတွေပြောပြချက်အရ နိုင်ငံရေးအမှုနဲ့ ကြိုးပေးသေဒဏ် ကျခံသွားရသူတွေကတော့ ခြေတလှမ်းမပျက်ပဲ၊ မည့်သူ့အကူအညီကိုမှ မယူပဲ ကြိုးစင်ပေါ်တက်တဲ့ လှေကားကို တက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ် ဂဠုန်ဦးစော၊ အုန်းကျော်မြင့်၊ ကိုတင်မောင်ဦး(မှိုင်းရာပြည့်ကျောင်းသား ခေါင်းဆောင်)တို့နဲ့ ကရင်တပ်မတော်က (၂)ဦး တို့ကတော့ သူတို့ကိုကြိုးပေးဖို့ လာထုတ်တဲ့အခါမှာ အခြားအခန်းတွေက သူတို့ရဲ့ ရဲဘော်တွေရှိတဲ့ နေရာအထိလာပြီး
“ယောက်ဖရေ၊ သွားနှင့်ပြီဟေ့” လို့ပျော်ပျော်ရွှင်ရွှင်ပဲ ပြောပြီး ကြိုးစင်ပေါ် တက်သွားခဲ့တယ်လို့ ပြောပြပါတယ်။ ကရင်ရဲဘော် (၂)ဦးကို ကြိုးပေးတဲ့အခါမှာ ကရင်အစည်းအရုံးရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “လယ်ထော်ဆူးညား ဘပွာကော်သူးလေးဖိုး” အစချီတဲ့ ကရင့်စစ်သွေးစစ်မာန် သီချင်းကို ကျယ်လောင်စွာ အော်ဟစ် သီဆိုပြီး ကြိုးစင်ပေါ်မှာ ဒေါက်ဖြုတ်၍ အသက်စတေးခံ တိုက်ပွဲဝင်သွားခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ အခြားရာဇဝတ်အကျဉ်း သားတွေထဲမှာ သေဒဏ်ပေးတဲ့အခါ အသာတကြည် လိုက်သွားတဲ့သူရှိသလို၊ ရုန်းကန်တဲ့အတွက်ကြောင့် သံလက်သီးမောင်မောင်တို့အုပ်စုက သံချိတ်တွေနဲ့ ပေါက်ပြီး အပြင်ကို ထုတ်ယူခဲ့ရတာတွေလည်း ရှိပါတယ်။ ပြည်သူတွေသိကြစေဖို့ ကြိုးတိုက်သေဒဏ်ဘေးကနေ လွတ်မြောက်ခဲ့ရတဲ့ ဖထီးတွေ ပြောပြချက်အရ ကြိုးပေးခံရသူ တယောက် အဆင့်ဆင့်ကျော်ဖြတ်ရပုံကို ကျနော်မှတ်မိသလောက် မှတ်တမ်းတင်လိုပါတယ်။
တရားရုံးတော်က သေဒဏ်လို့ချမှတ်ပြီး ထောင်ထဲကို ရောက်လာတဲ့သူကို အခြားတိုက်ခန်းတွေမှာ အခြားအကျဉ်းသားတွေနဲ့ ရောနှောမထားပဲ ကြိုးတိုက်လို့ခေါ်တဲ့
သေဒဏ်သမားများကို ထားတဲ့အခန်းမှာ ထားပါတယ်။ အဲဒီကြိုးတိုက်မှာ အကျဉ်းသမားတွေကို တယောက်တခန်းထားပါတယ်။ သေဒဏ်ကျခံရမယ့် အကျဉ်းသားကို သေဒဏ်ထောင်ထဲမှာ အသားဟင်းနဲ့ ထမင်းကိုပုံမှန် ကျွေးပြီး အပတ်စဉ်ပေါင်ချိန်၊ ကျန်းမာရေးစစ်ပါတယ်။ သေဒဏ်အမိန့်နဲ့ ထောင်ထဲကို စရောက်လာသူဟာ ကနဦးအစမှာတော့ သိပ်ပြီး ပူပန်စရာ မလိုသေးပါဘူး။ အယူခံဝင်ခွင့်တွေ ရှိနေသေးတာကြောင့် မျှော်လင့်နေလို့ ရသေးတာဖြစ်ပါတယ်။ တရားရုံးက ချမှတ်လိုက်တဲ့ အမှုနဲ့ ပတ်သက်ပြီး အဲဒီချမှတ်လိုက်တဲ့ တရားရုံးကို အယူခံ စတင်ရပါတယ်။
မြို့နယ်၊ တိုင်း၊ ဗဟိုတရားရုံး စတဲ့အဆင့်တွေဆီ တဆင့်ပြီး တဆင့် အယူခံလွှာ တင်ရပါတယ်။ အဲဒီအဆင့်တွေက အကျဉ်းသားရဲ့ အယူခံလွှာတွေကို ပယ်ချလိုက်ပြီဆိုရင် မဆလ လက်ထက်က ပြည့်သူ့လွှတ်တော်ကို အယူခံတင်ရပါတယ်။ (၄)နှစ်တကြိမ်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်က အယူခံကိုပယ်ပြီး ပြစ်ဒဏ်ကို အတည်ပြုလိုက်ရင်တော့ သေဖို့လမ်း အင်မတန် နီးသွားပြီ ဖြစ်ပါတယ်။ ကြိုးသမားတယောက်ရဲ့ နောက်ဆုံးကူကယ်ရာ ကောက်ရိုးတမျှင်ဖြစ်တဲ့ နောက်ဆုံးအဆင့် တခုပဲကျန်ပါတော့တယ်။ အဲဒါကတော့ နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာ တင်တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကြိုးသမားတယောက်ရဲ့ အသက်က သမ္မတကြီးလက်ထဲကို ရောက်ရှိသွားပါတယ်။ ဖဆပလ လက်ထက်မှာတော့ နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်က ဗိုလ်မှုးချစ်ကောင်းကို သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မဆလသမ္မတ လက်ထက်ကျတော့ ၉၉ ရာခိုင်နှုန်းက အသနားခံစာကို ပလပ်လိုက်တာ များပါတယ်။ ကြိုးသမားတယောက်ဟာ နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ပြီးသွားရင်တော့ သေရမယ့်ရက်ကို လက်ချိုးရေတွက်စောင့်ဖို့ပဲ ရှိပါတော့တယ်။ အဲဒီလိုစောင့်နေရတဲ့ အချိန်မျိုးမှာ ကောလတေလသတင်းတွေ ထွက်ပေါ်လာတတ်ပါတယ်။ ကြိုးပေးဖို့အတွက် အလုပ်ကြီးဖက်မှာ ကြိုး (၂) ချောင်းကျစ်နေတာတို့၊ လက်သမားဘုတ်က အခေါင်း (၂) လုံး ရိုက်ထားပြီးပြီတို့ အစရှိသဖြင့်ပါပဲ။ ကြိုးတိုက်ထဲမှာ စိတ်ကိုပျော်ရွှင်အောင် အတတ်နိုင်ဆုံးနေကြ ပေမယ့် တခါတရံ ကြိုးတိုက်ကို ထောင်မှူးတွေ၊ ထောင်ဆရာဝန်တွေနဲ့ ထောင်ပိုင်တို့ တိုင်းခန်းလှည့်လည်ပြီဆိုရင် အရမ်းကို သတိထားရပါတယ်။ အယူခံအဆင့်ဆင့်ရှုံးထားပြီး သမ္မတဆီ အသနားခံစာ တင်ထားတဲ့သူတွေ လည်ပင်းယားရပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ပိုင်က ကြိုးပေးရမယ့် အကျဉ်းသားတဦးချင်းဆီကို မတ်တပ်ရပ်ပြီး လိုက်စကားပြောနေချိန်မှာ အကျဉ်းသားရဲ့အရပ်နဲ့ သူ့အရပ်ကိုတိုင်းကာ အကျဉ်းသားရဲ့ အရပ်ကိုခန့်မှန်းပြီး အခေါင်းသေတ္တာ ရိုက်စေပါတယ်။
ထောင်ပိုင်ကြိုးတိုက် လာကြည့်ပြီးတဲ့ ညဆိုရင် ကြိုးတိုက်တခုလုံး ခြောက်ခြားဖွယ်ရာ တိတ်ဆိတ် ခြောက်ကပ်နေတတ်ပြီး ကြိုးသမားတွေတဦးချင်း သူ့အလှည့်လား၊ ငါ့အလှည့်လား ဆိုတဲ့အတွေးတွေနဲ့ စိုးရိမ်နေကြရပါတယ်။ နောက်တနေ့ မနက်မိုးလင်းရင်တော့ သေဒဏ်ပေးရမယ့် ကြိုးသမားကို သူ့ရဲ့မိသားစုက ထောင်ဝင်စာလာတွေ့နိုင်ရင် တွေ့ခိုင်းပြီး သူတို့ကို သီးသန့်ပေးတွေ့ ပေးပါတယ်။
အဲဒီလိုတွေ့ရတဲ့ အချိန်မှာ တရားခံရဲ့ရှေ့နေလည်း ရှိတတ်ပါတယ်။ မိသားစုနဲ့ တွေ့ခွင့်ပေးပြီး သွားရင်တော့ နဂိုထားတဲ့ကြိုးတိုက်ကနေ ကြိုးစင်နဲ့ အနီးဆုံးမှာရှိတဲ့ သီးသန့်တိုက်ကို ပြောင်းရွှေ့ထားလိုက်ပါတယ်။ အဲဒီအချိန်မှာ ထောင်ပိုင်က တရားသဘောအနည်းငယ် ပြောပြီး အခန်းထဲက ထွက်စေပါတယ်။
အသာတကြည်ဆိုရင် ဘာမှမဖြစ်ပေမယ့် ပြဿနာရှာပြီး တိုက်ခန်းထဲက မထွက်ရင်တော့ အင်အားသုံးပြီး ဆွဲထုတ်စေရပါတယ်။ ကြိုးပေးခံရမယ့် အကျဉ်းသားဟာ ကြိုးမပေးခင်(၁)ပတ် လောက် အလိုကတည်းက ကျန်းမာရေး ဆေးစစ်ချက်ယူပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံချက် ရရှိထားပြီး ဖြစ်ပါတယ်။ ကြိုးပေးခံရခါနီး ပြောင်းရွှေ့ခံလိုက်ရတဲ့ ကြိုးစင်နားက တိုက်ဟာ သီးသန့်တိုက်ခန်း ဖြစ်ပြီး ကြိုးစင်ကို မြင်တွေ့နေရပါတယ်။ ဘုရားတဆူလည်း ရှိပါတယ်။ ကြိုးပေးတဲ့အချိန်ဟာ များသောအားဖြင့် မနက်လင်းအာရုဏ်အချိန်မှာ ပြုလုပ်တတ်ပါတယ်။ နောက်တနေ့ ကြိုးပေးတော့မယ်ဆိုရင် ညဖက်မှာ သက်ဆိုင်ရာဘာသာ အလိုက် သရဏဂုံတင်တာတွေ ပြုလုပ်ခွင့်ပေးပါတယ်။
တချို့ ကြိုးဒဏ်သမားတွေဟာ မနက်ပိုင်းကြိုးစင်ပေါ်မတက်ရခင် အချိန်လေးတွေကို တရားခွေဖွင့်နားထောင်ရင်း အချိန် ကုန်ဆုံးစေတတ်ကြပါတယ်။ ကြိုးတိုက်နားက သီးသန့်တိုက်ကို ပြောင်းရွှေ့ ရောက်ရှိလာတဲ့အခါမှာ အခန်းအတွင်းမှာ လျှပ်စစ်မီး မထားပေးပါ။ ခြုံစောင် မပေးတော့ပါ။ ဂန်ဖလားမပေးပါ။ သေစေနိုင်တဲ့ အရာတခုမှ မထားတဲ့အပြင် ဝန်ထမ်း(၂)ဦးက တလှည့်စီ မိနစ်မခြား စောင့်ကြပ်နေပါတယ်။ လျှပ်စစ်မီးမထားတာက တချို့ကြိုး ဒဏ်သမားတွေက နောက်တနေ့ ကြိုးနဲ့သေရမှာကို ကြောက်လန့်ပြီး ကြိုးပေးတာကို မခံတော့ပဲ မီးပလပ်ဖြုတ်ပြီး ဓါတ်လိုက်ခံခြင်း၊ ခြုံစောင်ရှိပါက ခြုံစောင်ကို အသုံးပြုပြီး လည်ပင်းကြိုးကွင်းစွပ်၍ သေကြောင်းကြံစည်ခြင်း ဂန်ဖလားမထားတာက ခန္ဓာကိုယ်ကို ဂန်ဖလားများနဲ့ ထုရိုက်ခြင်း၊ အုတ်နံရံကို ခေါင်းနဲ့ပြေးဆောင့်ပြီး တိုက်ခြင်းတွေကြောင့် အစောင့်အကြပ် ထားရှိရခြင်းတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။
နောက်တနေ့ အာရုဏ်ကျင်းပြီဆိုရင်တော့ ထောင်ပိုင်၊ ထောင်မှူး၊ ထောင်ဆရာဝန်နဲ့ တရားရုံးက တရားသူကြီးများ ရောက်လာပြီး ထောင်ဝန်ထမ်းအင်အားနဲ့ ဝန်းရံပြီး ကြိုးစင်ပေါ် တင်ပါတယ်။ ကြိုးစင်ပေါ်မှာ လှေကား (၂) ခုရှိပြီး ပထမလှေကားကို ချောချောမောမော ဖြတ်နိုင်ကြပေမယ့် ကြိုးစင်ကွင်းရဲ့ ဒေါက်ဆွဲဖြုတ်မယ့်အဆင့် ကြမ်းပြင်ကိုတက်ရမယ့် လှေကား (၃)ဆင့်ကို တက်ရတာ တော်တော်ခက်တယ်လို့ သိရပါတယ်။ အကျဉ်းသား တော်တော်များများဟာ ကြိုးကွင်းလည်ပင်းနား နီးကပ်လာတာကိုကြည့်ပြီး ပျော့ခွေသွားတတ်လို့ ဘေးနားကနေ ဝန်ထမ်းတွေက လက်မောင်းတဖက်စီက ချုပ်ပြီး ကြိုးစင်ပေါ် ဆွဲတင်ရပါတယ်။ ကြိုးစင်ပေါ် ရောက်တဲ့အခါမှာ ထောင်အာဏာပိုင်တွေက အမိန့်စာပြန်ပါတယ်။ ပြီးတော့ နောက်ဆုံး မှာကြားခြင်း၊ တောင်းဆိုခြင်းတွေလုပ်နိုင်ပါတယ်။
အဲဒီနေရာမှာတင် အလောင်းကို အိမ်သို့ ပို့ပေးရန် ဆန္ဒရှိ၊ မရှိ၊ သင်္ဂြိုလ်ဖို့ တာဝန်ယူနိုင်မည့်သူ ရှိ၊ မရှိ မေးပြီး သင်္ဂြိုလ်စားရိတ်မရှိရင် ထောင်ကနေ အစိုးရစားရိတ်နဲ့ သင်္ဂြိုလ်ပေးပါတယ်။ (ခြွင်းချက်အနေနဲ့ နိုင်ငံရေးအမှုနဲ့ သေဒဏ်အမှုတွေကို အပြင်က မိဘဆွေမျိုးတွေထံ အလောင်းပြန်ပေးခြင်းမရှိလို့ သိရပါတယ်) ကြိုးဒဏ်ခံရမယ့် အကျဉ်းသားကို မေးမြန်းပြီးတဲ့ အခါမှာတော့ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းခြင်းခွင့်ပြုပြီး ခေါင်းစွပ် စွပ်ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာ လည်ပင်းကို ကြိုးကွင်းတပ်ပြီး အကျဉ်းဦးစီးဌာနက တပ်ကြပ်ကြီး တဦးဦးကနေ ဒေါက်ကိုဆွဲဖြုတ်ချပြီး သေစေပါတယ်။
မဆလလက်ထက် ကြိုးပေးခံခဲ့သူ အချို့မှာ ဒေါက်ပြုတ်ပြီး (၅)မိနစ်ကြာ ကြိုးပြန်ဖြေချိန်မှာ အသက်ရှင်နေသေးပါက နောက်ထပ်တကြိမ် မသေမချင်းသတ်တာတွေ ရှိကြောင်းလည်း သိရပါတယ်။ ဒါကတော့ ကရင်အမျိုးသား ဖထီးကြီးတွေပြောပြတဲ့ ထောင်တွင်းကြိုးဘဝ၊ ကြိုးမိန့် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး တင်ပြတာဖြစ်ပါတယ်။
ကရင်အမျိုးသားကြီးတွေနဲ့ ပတ်သက်ပြီးဆက်ပြောရမယ်ဆိုရင် တခါ ၁၉၉၃ ခုနှစ်ထဲမှာ သရက်ထောင်တွင်း အမှတ် (၄)ဆောင်မှာ ပြဿနာတခု ဖြစ်ခဲ့ပါသေးတယ်။ အကျဉ်းသားတွေ အတွက် ထောင်ကနေ (၁) ပတ်တခါ ဝေငှပေးနေတဲ့ ဆပ်ပြာနဲ့ ပတ်သက်ပြီး ဖြစ်တာပဲ ဖြစ်ပါတယ်။ ထောင်ကနေပေးတဲ့ ဆပ်ပြာဟာ အလွန်သေးငယ်နေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ (၄)ဆောင်က နိုင်ငံရေးအမှုတွေ အားလုံးစုရုံးပြီး ထောင်ပိုင်တန်းစီးမှာ တင်ပြကြပါတယ်။ အဲဒီလိုတင်ပြတော့ ထောင်ပိုင်တန်းစီးက
“ဒါပဲရမယ်။ ဒါ BJM ထဲကပုံစံအတိုင်းဝေတာ။ မလိုချင်ရင်ပြန်ပေး” လို့ပြောတဲ့အတွက် (၄) ဆောင်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်ပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ (၄)ဆောင်က နိုင်ငံရေးအမှုတွေ အားလုံးကို ထောင်ထဲက ထောင်တခုဖြစ်တဲ့ အဆောင်ကနေ တိုက်ကိုရွှေ့ပြီး ခြေကျင်းခတ်၊ ဒေါက်တပ်ခံလိုက်ပါတယ်။ ရက်အနည်းငယ်ကြာတော့ ထောင်ပိုင်က ကြိုးရက်လွတ်ခဲ့တဲ့ KNU ကရင်ဖထီးကြီးတွေကို ရွေးပြီးလွှတ်လိုက်တော့ ကျနော်တို့နေတဲ့ အိပ်ဆောင်(၁)ကို ရောက်လာပါတယ်။ ကျန်တဲ့ (၄)ဆောင်က နိုင်ငံရေးသမားတွေကိုတော့ နေမြဲအတိုင်း တိုက်ထဲမှာ ထားလိုက်ပါတယ်။ ကျနော်တို့အဆောင်ကို ဖထီးတို့ ရောက်လာတော့ နေရာထိုင်ခင်း အစားအသောက်တွေ အဆင်ပြေဖို့ ကျနော်တို့ (၁)ဆောင်က ဝိုင်းဝန်းလုပ်ဆောင်ပေးတာကို ဆာထူးစောနဲ့၊ ကိုထူးလွယ်တို့က ကျနော်တို့ကို အမြင်မကြည် ဖြစ်နေပါတယ်။ ပြီးတော့...
”ကျနော်ခင်ဗျားတို့ (၅)ညတွေနဲ့ အတူတူ ထမင်းမစားဘူး။ ကျနော်တို့ဖာသာ သီးသန့်နေမယ်” လို့ ကျနော်တို့ကို ဒေါသတကြီး ပြောပါတယ်။ ပြီးတော့ထပ်ပြီး “ကျနော်တို့ တိုက်ထဲမှာ ဆက်မနေနိုင်တော့ဘူး။ (၁၀) နှစ်ရှိပြီ နေလာတာ။ ဆက်မနေနိုင်တော့ဘူး။ ခင်ဗျားတို့ ကျုပ်ကိုထင်ချင်သလို ထင်နိုင်တယ်။ ကျုပ်ခင်ဗျားတို့နဲ့ အတူတူမနေဘူး” လို့ပြောပါတယ်။ ကျန်တဲ့ဖထီးတွေက အခြားထမင်းစားဝိုင်းက ထောင်ဝင်စာလာသူတွေနဲ့ တွဲပြီးထားလို့ အဆင်ပြေသွားခဲ့တယ်။ ကိုငြိမ်းချမ်းတို့ ထမင်းစားဝိုင်းမှာ ဗိုလ်သန်းလှ၊ ကိုတင်မြင့်နဲ့ ကျနော်တို့ဝိုင်းမှာ ဖထီးသောမတ်စ်၊ ချိုလေး၊ ကိုအောင် (ကိုထွန်းမြင့်အောင်)တို့ ဝိုင်းမှာ မန်းညွန့်၊ အန်ကယ်လ်ဦးအောင်မြင့်ဝင်းတို့ ဝိုင်းမှာ ဖထီးလောအယ်လ်တို့ အဆင်ပြေပြေ ဖြစ်နေကြပေမယ့် ဖထီးဆာထူးစောနဲ့ ကိုထူးလွယ်တို့က သူတို့ပြောထားတဲ့အတိုင်း သီးခြားနေပါတယ်။ ကျနော်တို့က သွားပြီး ချော့မော့ဖြောင်းဖြ ပြောဆိုပေမယ့် ဖထီးဆာထူးစောက ဒေါကန်နေပါသေးတယ်။ ကျနော်တို့က ဖထီးဆာထူးစော ပြောတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် မဖြစ်မိသလို ဖထီးတို့ကို နားလည်ခဲ့ပါတယ်။ ကျနော်က ပိုလို့တောင် ချစ်ခင်မိပါသေးတယ်။ သူတို့ရင်ထဲမှာ အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းကြီးပြောတတ်လို့ ဆာထူးစောတို့ရဲ့ စိတ်ဓာတ်ရိုးသားမှုကို မျက်မြင်ခံစားနားလည်ပါတယ်။ ရန်ကုန်အင်းစိန်ထောင်မှာ ကြိုးတိုက်နဲ့ ကျွန်းတိုက်တွေမှာ သံခြေကျင်းနဲ့ (၁ဝ)နှစ်နီးပါး နေခဲ့ရသူတွေ ဖြစ်ပါတယ်။ ဖထီးတို့နေခဲ့ရတဲ့ တိုက်တွေက ကျနော်တို့ နေခဲ့ရတဲ့တိုက်တွေလို သာမန်မဟုတ်ပါဘူး။ သံတံခါးတထပ်၊ သစ်သားတံခါးတထပ်နဲ့ လေဝင်လေထွက် သစ်သားပေါက်လေး တခုပဲရှိပါတယ်။ ညဆိုရင် မီးရောင်မှိန်မှိန်လေးအောက်မှာ ကျန်းမာရေးချို့ယွင်းစွာနဲ့ ပင်ပန်းဆင်းရဲကြီးစွာ နေခဲ့ရသူတွေပါ။ သံခြေကျင်းနဲ့ (၁၀)နှစ်နေခဲ့ရလို့ သူတို့ရဲ့ ခြေကျင်းဝတ်တွေမှာ သံစားလို့ ခြေထောက်တွေ ထုံကိုက်နေပြီး သံဆိပ်တက်ခဲ့ရသူတွေ ဖြစ်ပါတယ်။ အခုလိုခြေကျင်းလွတ်နဲ့ နေရတာ ရက်ပိုင်းလေးပဲ ရှိသေးတဲ့အချိန်မှာ တိုက်ထဲပြန်ရောက်သွားလို့ သူဒေါသထွက်တာကို နားလည်ကိုယ်ချင်းစာမိပါတယ်။ နောက်တခုက KNUမှာ လက်နက်ကိုင်ပြီး အသက်ကိုစွန့် တိုက်ပွဲဝင်လာခဲ့သူတွေ ဆိုတော့ ထောင်ထဲမှာ ဆပ်ပြာတုံးလေးကိစ္စနဲ့ တိုက်ထဲသူတို့ မနေချင်တာ သဘာဝကျပါတယ်။
နောက်ပိုင်း ဆာထူးစောက အင်္ဂလိပ်သီချင်း၊ Hym book တွေထဲကသီချင်းတွေဆိုတာကောင်းလို့ ကျနော်တို့က လိုက်ဆို၊ လိုက်သင်ရင်းနဲ့ ရင်းနှီးသွားပါတော့တယ်။ ကျနော်တို့ ထောင်ဝင်စာ လာရင်လည်း စားသောက်ဖွယ်ရာတွေကို ဖထီးတို့ဆီ သွားပို့ပေးတတ်ပါတယ်။ တခါတခါလည်း ကျနော်တို့ဆီမှာ ငရုတ်သီးမှုန့် လာတောင်းတတ်ပါတယ်။ နောက်သိပ်မကြာပါဘူး။ ကျနော်တို့ ထမင်းစားဝိုင်းမှာ ကရင်အမျိုးသားတွေ ဖြစ်ကြတဲ့ ဖထီးဆာထူးစော၊ ဖထီးလောအယ်လ်စောကျော်ငြိမ်း၊ ကိုထူးလွယ်တို့နဲ့ စည်ကားသိုက်မြိုက် နေပါတော့တယ်။
တခါတခါထောင်ထဲမှာ တောင်ယာကရလာတဲ့ အရွက်စိမ်းကိုလှီးပြီး၊ ငရုတ်သီးမှုန့်၊ အချိုမှုန့်၊ ငရုတ်ဆီ၊ ငါးပိကြော်နည်းနည်းကို ဆီချက်နဲ့ သုတ်ပြီး. စားသောက်ဖို့ ကျနော်တို့က အဆာပလာ ပြင်တုန်းပဲ ရှိပါသေးတယ်။ စိတ်မရှည်တော့တဲ့ ဖထီးတွေက ထောင်ငပိကို ပဲဟင်းရည်နဲ့ ဖျော်ပြီး၊ ငရုတ်သီးမှုန့်နဲ့ ကျကျနန နယ်ဖတ်စားသောက်နေနှင့်ကြပါတော့တယ်။ ထမင်းတပန်းကန်တောင် ကုန်နေပါပြီ။ ကျနော်က ”ခဏနေကြပါဦး၊ ဒီမှာအရွက်သုတ်နေတယ်။ ခဏကလေးပါ” ဆိုတော့ “စားရင်းစောင့်တာပေါ့ဗျာ” လို့ပြန်ဖြေတယ်။ ပြီးတော့အရွက်သုတ်နဲ့ နောက်တပန်းကန် ထပ်စားကြပါတော့တယ်။ ကျနော်ထောင်ထဲမှာ နေထိုင်မကောင်းရင် စားဖို့ဆိုပြီး အိမ်ကထောင်ဝင်စာကနေ ထည့်ပေးတတ်တဲ့ ကော်ဖီမှုန့်၊ နို့မှုန့်၊ သကြားတွေကို စုသိမ်းထားပြီး ကိုငြိမ်းချမ်းနဲ့ ကိုရက္ခီးတို့ရဲ့ ထမင်းစားဝိုင်းတွေရဲ့ ပံ့ပိုးမှုတွေ အားလုံးပေါင်းပြီး ထောင်ထဲမှာ ကရင်နှစ်သစ်ကူး၊ ခရစ်တော်မွေးနေ့ အခါသမယ၊ ခရစ်စမတ်စ်နေ့၊ နှစ်သစ်ကူးနေ့တွေမှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားတွေအပြင် ရာဇဝတ်အကျဉ်းသားတွေပါ ပါဝင်စေပြီး ကျနော်တို့ အမှတ်(၁)အိပ်ဆောင်မှာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါတယ်။
သရက်အကျဉ်းထောင်တွင်း ဓမ္မတေးသီချင်းသံတွေ၊ ခရစ်စမတ်စ်တေးသံတွေ ပျံ့လွင့်စေခဲ့ပါတယ်။ ဖထီးတို့က ခရစ်စမတ်စ် ဆုတောင်းပွဲမှာ ဓမ္မကျမ်းစာအုပ်ကိုကိုင်ပြီး လှိုက်လှဲစွာ ဆုတောင်းကြတယ်။ ပြီးတော့ ဖထီးတွေက သူတို့ထောင်ကျလာခဲ့တဲ့ ကာလတလျောက်လုံး ဒီလိုတခါမှ အခမ်းအနား မလုပ်နိုင်ခဲ့ဘူး။ ခင်ဗျားကျေးဇူးကြောင့်ပဲ။ ဒီနေ့တွေရောက်တိုင်း ခင်ဗျားကို သတိရနေမှာလို့ ကျနော့်ကိုပြောပါတယ်။ ကရင်နှစ်သစ်ကူးနေ့ကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။ မနက်ပိုင်းမှာ ထောင်မှူးနဲ့ နားလည်မှုရယူပြီး အလံတင်၊ အလေးပြုအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
“ဟေတာယူးရော့ဆူး... ထီးကော်နော်တရာ”
”ယူးရော့”
“ထီးလော့” လို့ကရင်ဘာသာနဲ့ ကရင်အမျိုးသားအလံကို အလေးပြုပါတယ်။
ကရင်လူမျိုးများရဲ့ ဘာသာ၊ ယဉ်ကျေးမှု၊ စာပေအကြောင်းတွေနဲ့ (KNU) မှာသူတို့တွေ့ကြုံရတဲ့ ကရင်နှစ်သစ်ကူး အတွေ့အကြုံတွေနဲ့ ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဗိုလ်ကြီးသန်းလှ ဦးဆောင်တဲ့ ကရင်တပ်ဖွဲ့ဝင်တွေက ပြောကြားကြပါတယ်။ ပြီးတော့ ကရင်အမျိုးသား အစည်းအရုံးရဲ့ တေးသီချင်းတွေကိုသီဆိုပြီး ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို သရက်ထောင် အဆောင် (၁) အခန်း (၃)မှာ လ္ဘက်ရည်အချိုပွဲနဲ့ ကျင်းပနိုင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ဖထီးတို့နဲ့ ကျနော်တို့ဟာ မိဘနဲ့သား သမီးတွေလို ချစ်ခင်တွယ်တာ သံယောဇဉ် ဖြစ်မိကြပါတော့တယ်။
“ငါတို့တွေရဲ့ မလွတ်မြောက်သေးတဲ့ အခြေအနေကို အပြင်ရောက်ရင် ပြောပြပေးပါ။ KNU ကလူကြီးတွေ သိအောင်လုပ်ပေးပါ။ ငါတို့ကို သေပြီပဲလို့ သူတို့မှတ်ယူကြမှာပဲ”
ကျနော်က ဖထီးတို့ကို ဖျောင်းဖျပါတယ်။ ကျနော်တို့ထမင်းစားဝိုင်းမှာ ကရင်အမျိုးသား (၄)ယောက်ရှိပါတယ်။ ကျနော့်အိမ်က ထောင်ဝင်စာလာနိုင်ကြတာမို့ ကျနော်ထောင်က လွတ်သွားရင် သူတို့တွေကို ဘယ်သူတွေကြည့်ရှုကြမလဲလို့ စိတ်ပူမိပါတယ်။ ဒါပေမယ့် ဖထီးတို့က ကျနော့်ကို ပြောပါတယ်။
”ငရုတ်သီးမှုန့်နဲ့ အချိုမှုန့်များများသာ ထည့်ပေးဗျာ။ ကျနော်တို့အတွက် ဘာမှမလိုပါဘူး” တဲ့။ ကျနော်ထောင်က လွတ်တဲ့နေ့မှာ ဆာထူးစောက မျက်ရည်လေးစမ်းစမ်းနဲ့ ကျနော့်ကိုနှုတ်ဆက်ပါတယ်။ အပြင်ရောက်ရင် သူတို့အမှုကိုစုံစမ်းပေးဖို့နဲ့ လွတ်မည့်ရက်ကို သိချင်ပါတယ်လို့ တဖွဖွမှာရှာပါတယ်။ ဒါ့အပြင် သူတိုက်ထဲရောက်တုန်းက ကျနော်ခင်ဗျားတို့ကို ရန်တွေ့မိခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်တဲ့။ ကျနော်က အဲဒီတုန်းက မေ့တောင်မေ့နေပါပြီ။ သူကတော့ မှားသွားတယ်လို့ မမေ့နိုင်အောင် တောင်းပန်နေပါတော့တယ်။ ကျနော်က ဖထီးတို့ကို နားလည်ပြီးသားမို့ တောင်းပန်စရာ မလိုပါဘူး ဖထီးရယ်လို့ ပြန်ပြောလိုက်ပါတယ်။
သူတို့အားလုံးကို ကျနော် နှုတ်ဆက်လိုက်ပါတယ်။ သူတို့တွေဟာ ကျနော့်ရဲ့ ထောင်တွင်း မိဘတွေဆိုလည်း မမှားပါဘူးလို့ ကျနော်လက်ခံထားပါတယ်။ သူတို့တွေဟာ ရိုးသားတယ်။ ပွင့်လင်းတယ်။ ကျနော် သူတို့ကိုချစ်တယ်။ သူတို့နဲ့ နေထိုင်ရတဲ့ အချိန်လေးဟာ ပျော်ရွှင်ဖို့ ကောင်းတယ်။ နဝတဟာ စစ်မှန်တဲ့ငြိမ်းချမ်းမှုကို မျက်နှာလွဲနေသ၍ ကျနော်တို့ ချစ်တဲ့ တိုင်းရင်းသားတွေနဲ့ ပြန်မဆုံနိုင်သေးပါဘူး။ ကျနော် သူတို့ကို အကျဉ်းထောင်တွေဆီက မြန်မြန် လွတ်မြောက်စေချင်ပြီ။ သူတို့မိသားစုတွေလည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေကြပြီလဲ။ သူတို့ကိုယ်တိုင်တောင် လွတ်မယ့်ရက်ကို မသိနိုင်ကြတဲ့ နဝတရဲ့ လက်အောက်မှာ ရာသက်ပန် အကျဉ်းသားကြီးတွေ အဖြစ်နဲ့ အသက်ရှင်နေကြတုန်း...။ ကျနော်လွတ်တော့ ထောင်ဗူးဝမှာ သူတို့တွေ လွတ်မြောက်တဲ့နေ့ကြရင် သူတို့ မွေးရပ်ဌာနီ ပြန်နိုင်ဖို့အတွက် တယောက်ကို ငွေ (၃၀၀)စီကို သူတို့နာမည်တွေနဲ့ အပ်ထား ခဲ့ပါတယ်။
ကရင်နှစ်သစ်ကူးနေ့တွေ၊ ခရစ်စမတ်စ်နေ့တွေရောက်ရင် ကျနော်တယောက် သူတို့တွေအတွက် ဆုတောင်းနေမိပါတယ်။
◾ အခန်း (၁၇)
ပဋိကတ်ကိုဖျက်တဲ့ ကြွက်စုတ်
၁၉၉၁ ခုနှစ်။ ရန်ကုန်အင်းစိန် ဗဟိုစံပြအကျဉ်းထောင်ကြီး။
ကျနော်အင်းစိန်ထောင်မှာနေခဲ့ရတုန်းက နဝတက သံဃာတော်တွေနဲ့ ပတ်သက်ပြီး ဘာသာရေးနှိပ်ကွပ်မှုတွေ၊ သာသနာတော် စော်ကားမှုတွေ ပြုလုပ်ခဲ့တာကို အကျယ်တဝင့် ရှင်းပြချင်တာကြောင့် အခုလိုသီးသန့် ဖော်ပြရခြင်းဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်အတွက် ကမ္ဘာ့နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိတယ်ဆိုတဲ့ သတင်း ထောင်ဝင်စာကနေတဆင့် ကျနော်တို့ကြားလိုက်ရပါတယ်။ ဒီသတင်းထူး၊ သတင်းကောင်းကို အကျဉ်းသားတွေ အချင်းချင်းကြားရတော့ ဝမ်းသာတဲ့သူတွေက ဝမ်းသာကြ၊ ဒေါကန်တဲ့သူတွေက ဒေါကန်ကြ၊ ပြဿနာတက်တဲ့သူတွေက တက်ကြနဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်တွင်း အရသာမျိုးစုံ ခံစားရပါတယ်။
ဒီဆုနဲ့ ပတ်သက်ပြီး ဝမ်းသာကြတဲ့သူတွေက ၁၉၈၈ ခုနှစ်မှာ မြန်မာပြည် ကျောင်းသားထုကနေ စတင်ပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကို ကမ္ဘာကနေ အသိအမှတ်ပြုတဲ့အတွက် အားရဝမ်းသာ ဖြစ်နေကြတာဖြစ်ပြီး၊ ဒီသတင်းကိုအခြေခံပြီး ဆွေးနွေးကြတဲ့အခါမှာ နဝတကဒေါ်စုကို ဆုပေးပွဲ သွားခွင့်ပြုမယ်၊ မပြုဘူး၊ ဒေါ်စုက သွားမှာမဟုတ်ဘူး၊ သွားရင်လဲ ပြန်လာလို့ရမှာ မဟုတ်ဘူးဆိုပြီး ဆွေးနွေးကြပါတယ်။
နဝတစစ်အစိုးရက နိုဗယ်လ်ဆုပေးတဲ့အဖွဲ့ဟာ တရားမျှတမှုမရှိဘူး၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆန့်ကျင်တဲ့ သူတွေကိုပေးတာ ဘက်လိုက်မှုရှိတယ်လို့ ပြောဆိုပြီး သတင်းစာတွေကနေ ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့၊ ဒေါသပုန်ထနေတယ်လို့လဲ ထောင်နံရံ လေးဖက်လေးတန်ထဲက ကြားရပါသေးတယ်။
ပြဿနာတက်တဲ့သူတွေကတော့ တိုက်ထဲမှာနေရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်တွေပဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေဟာ နိုဗယ်လ်ဆုရရှိလို့ ဝမ်းသာတဲ့ အထိမ်းအမှတ်အနေနဲ့ ထောင်ဝင်စာကနေ ကွတ်တီမုန့်ပေါ်မှာ “N” အမှတ်အသားပါတဲ့ မုန့်တွေကိုသွင်းပြီး ထောင်ထဲမှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆု အထိမ်းအမှတ် ဝေငှကြပါတယ်။ အဲဒီလို N တံဆိပ်ပါတဲ့ မုန့်တွေဝေငှနေတာကို ထောင်အာဏာပိုင်တွေက သိသွားကြပြီး ထောင်ဝင်စာပါ “N” တံဆိပ်ပါမုန့်တွေကို သိမ်းဆည်းဖို့ အမိန့်ထုတ်လိုက်ပြီး ရေချိုး၊ မိလ္လာချခွင့် ( ၃ )ရက်
ပိတ်ခံလိုက်ရပါတယ်။ နောက်ဆက်တွဲ တိုက်ပိတ် (၃) ရက်ပါ ပူးတွဲဆုရသွားတဲ့ ပြဿနာပဲဖြစ်ပါတယ်။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ရရှိတဲ့အတွက် ထောင်ထဲမှာ အဖြစ်အပျက်မျိုးစုံ၊ ခံစားချက်မျိုးစုံဖြစ်နေချိန် ညနေစောင်းမှာ အထူးစစ်ခုံရုံးကနေ အင်းစိန်ထောင်ကို ထောင်ကျအကျဉ်းသား (၃)ယောက် ပို့လိုက်ပါတယ်။ ကျနော်တို့နေတဲ့ အင်းစိန်ထောင် အဆောင် (၃)ကို ထောင်ကျနိုင်ငံရေးအကျဉ်းသား (၃)ယောက် ရောက်လာတယ်ဆိုလို့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေရဲ့ အကြည့်တွေအားလုံးဟာ ထောင်မှူးရုံးခန်းရှေ့မှာ ပုံစံထိုင်နေရတဲ့ အကျဉ်းသား (၃) ယောက်ဆီ ရောက်ရှိသွားပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ သူတွေမှာ လေးစားဂုဏ်ယူဖို့
ကောင်းတဲ့ အကျင့်စရိုက်တခုရှိပါတယ်။ အဲဒါကတော့ ၅(ည) အပါအဝင် ထောင်ထဲကို နိုင်ငံရေးအမှုနဲ့ ရောက်ရှိလာတဲ့ အကျဉ်းသားသစ်တွေကို အရင်ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ကူညီဖေးမကြခြင်းပဲ ဖြစ်ပါတယ်။ တဦးနဲ့တဦး အရင်ကတည်းက သိကျွမ်းသည်ဖြစ်စေ၊ မသိကျွမ်းသည်ဖြစ်စေ၊ အမှုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသိစိတ်ကိုယ်စီနဲ့ ကူညီရိုင်းပင်းတတ်တာပဲဖြစ်ပါတယ်။
ထောင်မှူးရုံးခန်းရှေ့မှာ ပုံစံထိုင်နေတဲ့ သူတွေကို သေသေချာချာကြည့်မိမှ သံဃာတော်တွေ ဖြစ်နေတာကို စိတ်ထိခိုက်ဖွယ် တွေ့လိုက်ရပါတယ်။ နဝတက ဆရာတော်တွေကို “သင်္ကန်းဝတ်တွေ သံဃာအတုအယောင်တွေ” လို့ယုတ်မာကောက်ကျစ်စွာ စွပ်စွဲထားတာ ဖြစ်ပြီး ဆရာတော်ကြီးတွေကို လူဝတ်လဲထားတာကို ရင်နင့်ဖွယ် တွေ့ရပါတယ်။ ဆရာတော်တွေဟာ သက်တော်အားဖြင့် (၆ဝ) ဝန်းကျင်ခန့်ရှိကြပြီး ကြည်ညိုဖွယ်ကောင်းတဲ့ ဥပဓိရုပ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။
ကျနော်ဘုရားတလိုက်မိပါတယ်။ ထောင်မှူးက လိုအပ်တဲ့ ထောင်ကျစာရင်းတွေ သွင်းပြီး ထောင်တွင်းနေထိုင်မှု စည်းကမ်းတွေ ညွှန်ကြားပါတယ်။ အဲဒီအချိန်မှာ စည်းကမ်းထိန်းလို့ခေါ်တဲ့ ထောင်ကျအကျဉ်းသား အရာရှိ သန်းအောင်က ထောင်မှူးလာတဲ့အခါ၊ ထောင်ပိုင်လာတဲ့အခါ ထိုင်ရမယ့် ပုံစံနည်းတွေကို သင်ကြားပါတော့တယ်။ ပြီးတော့မှထောင်ထဲကို လူသစ်ရောက်ရင် မောင်းတဲ့ပုံစံအတိုင်း ဆရာတော်တွေကို ကြိမ်းမောင်းပါတယ်။
”ခင်ဗျားတို့ ထောင်အပြင်မှာ ဘာကောင်ကြီးပဲ ဖြစ်ဖြစ်၊ ခင်ဗျားတို့ရဲ့ ဂုဏ်ဒြပ်တွေ အားလုံးကို ထောင်ဗူးဝမှာ ချိတ်ထားခဲ့။ ထောင်ထဲမှာ ဘုန်းကြီး၊ သံဃာဆိုတာမရှိဘူး။ နာမည်ခေါ်ရင် လူနာမည်ပဲခေါ်ပြော။ ထမင်းတနပ်စားတာတွေ၊ (၂)နပ်စားတာတွေ မလိုချင်ဘူး။ ရှုပ်ရှုပ်ယှက်ယှက်လုပ်တာ မကြိုက်ဘူး။ ခင်ဗျားတို့ ကတုံးမတုံးရဘူး။ ဒီစည်းကမ်းတွေ မလိုက်နာရင်တော့ ခင်ဗျားတို့ကျောပေါ် ဒုတ်ရောက်ပြီသာမှတ်၊ သန်းအောင် ဘာလဲဆိုတာ သိချင်ရင် စမ်းကြည့်စမ်း”
သံဃာတော်တွေကို ယုတ်ယုတ်မာမာစကားလုံးတွေနဲ့ ဟိန်းဟောက်ပြီး နဝတကပေးတဲ့ အာဏာကို အသုံးချပါတယ်။ ပုံစံထိုင်တာတွေ ပြီးတဲ့အခါမှာ ဆရာတော်တို့ကို ကျနော်တို့ အဆောင်က အိပ်ခန်း (၂)မှာ နေရာချပါတယ်။ ဆရာတော်တွေဟာ ထောင်ထဲမှာ နဝတရဲ့ ယုတ်မာမှုကြောင့် လူဝတ်လဲခံထားရပေမယ့် ရဟန်းတို့စောင့်ထိန်းအပ်တဲ့ ဝိနည်း၊ သိက္ခာတော်တွေကို ဆက်လက်စောင့်စည်း ထိမ်းသိမ်းကြပါတယ်။ ကျနော်တို့က ဆရာတော်ကြီးတွေကို နဝတက ထောင်ချအရေးယူခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါမှာ အဖြစ်မှန်ကို သိလိုက်ရပါတယ်။
ဆရာတော် (၃)ပါးအနက် (၂)ပါးက ရန်ကုန်တိုင်း သာကေတမြို့နယ် မဟာဗောဓိ ပရိယတ္တိစာသင်တိုက်က စာချဆရာတော်တွေ ဖြစ်ကြပြီး ကျန်ဆရာတော်တပါးက ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်က တိုက်အုပ်ဆရာတော် ဦးတိလောကဘိဝံသ ဆရာတော်ဘုရားပဲ ဖြစ်ပါတယ်။ ဆရာတော်တို့ရဲ့ အမှုဖြစ်ပွားခဲ့ပုံအကြောင်းကို ပြောပြရရင် မန္တလေးမြို့ကနေ စတင်ပြီး ပြောရပါလိမ့်မယ်။
၁၉၉၀ ပြည့် သြဂုတ်လ(၈) ရက်နေ့မှာ (၈၈၈၈)အထိမ်းအမှတ်နေ့ အဖြစ် ဆွမ်းလောင်းပွဲကို မန္တလေးခရိုင်ကျောင်းသား သမဂ္ဂ (အခြေခံပညာ)ကနေ ဦးဆောင်ပြီး (၈၄)လမ်းမပေါ်ရှိ လူထုဦးလှ၊ လူထုဒေါ်အမာတို့ အိမ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ သံဃာတော်တွေကို အေးချမ်းဆိတ်ငြိမ်စွာ ဆွမ်းလောင်းနေချိန်မှာ မန္တလေးမြို့က တာဝန်ကျ စစ်သားတွေက ဆွမ်းလောင်းပွဲမှာ လွှင့်ထူထားတဲ့
အနက်ရောင်ခွပ်ဒေါင်းအလံကို (အနက်ရောင်တပ်ဆင်ရခြင်း အဓိပ္ပါယ်က ကျဆုံးသွားတဲ့ ရဲဘော်တွေ အတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်ဖြစ်ပါတယ်) အတင်းအဓမ္မ ဖြုတ်ချဖို့ ကြိုးစားစားကြပါတယ်။ အဲဒီမှာ အခြေခံပညာကျောင်းသား ကိုမိုးကျော်က တားဆီးတာကြောင့် ကိုမိုးကျော်ကို ဖမ်းဆီးလိုက်ပါတယ်။
အဲဒီလို မပြုလုပ်ဖို့အတွက် ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေက တောင်းဆိုလိုက်တဲ့ အခါမှာ စစ်သားတွေက သံဃာတော်တွေကို ဆောင့်တွန်းလိုက်ပါတယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ သတိပေးမှု တစုံတရာမရှိပဲ ပစ်ခတ်လိုက်ပါတယ်။ တခဏအတွင်းမှာပဲ (၈၄)လမ်းမကြီး တခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။
လမ်းမထက်ပေါ်မှာ ယမ်းငွေ့တွေကြောင့် သပိတ်တွေ လွင့်ကျ၊ ဆွမ်းတွေပြန့်ကြဲ၊ လဲပြိုနေတဲ့ ရဟန်းတွေ ဒဏ်ရာရသွားတဲ့ အချို့ ရဟန်းသံဃာတွေကို အိမ်တွေအချို့က ကူညီပြုစုကြပါတယ်။ ကျောင်းသားတွေက ဆရာတော်အချို့ကို ဆေးရုံကိုခေါ်ဆောင် သွားပါတယ်။ စစ်တပ်ကလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ သံဃာအချို့ကို စစ်ကားပေါ် တင်ဆောင်သွားပါတယ်။
မကြာမှီ မိနစ်ပိုင်းအတွင်းမှာပဲ သွေးစွန်းသွားတဲ့(၈၄)လမ်း မကြီးပေါ်ကို မီးသတ်ကားတွေနဲ့ ဆေးကြောပါတော့တယ်။ အဲဒီဖြစ်ပွားတဲ့ ညပဲ မန္တလေးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်က ပြောကြားတဲ့ အခါမှာ ရဟန်းသံဃာတော်တပါးမှ ထိခိုက်ဒဏ်ရာ ဖြစ်မှုမရှိဘူးလို့ ပြောဆို သွားပါတယ်။ တိကျခိုင်လုံတဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ(ဗကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂ(ဗကလ)တို့ ပူးပေါင်းပြီး စုံစမ်းမှုအဖွဲ့ကို မန္တလေးမြို့မှာ ဖွဲ့လိုက်ပါတယ်။ ပြီးတော့ မန္တလေးဘုရားကြီးကျောင်းတိုက်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါတော့တယ်။
အဲဒီမှာ သိရှိရတာကတော့ ထီးလင်းကျောင်းတိုက်က ကိုရင်တပါး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတာကြောင့် မန္တလေးဆေးရုံကြီးကို ပို့လိုက်ရပါတယ်။ သံဃာတော်တွေက စောင့်ရှောက်နေစဉ် အခြေအနေ ဆိုးရွားလာတာကြောင့် စစ်တပ်က စစ်ဆေးရုံမှာ ကုသဖို့ လိုတယ်လို့ပြောပြီး ခေါ်ဆောင်သွားခဲ့သည်မှာ ယနေ့တိုင် ကိုရင်လေးသတင်းမှာ ပျောက်ကွယ်နေပါတယ်။ ကျနော့်ကို မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ဆရာတော် ဦးရေဝတက ပြောပြရာတွင် အဲဒီအရေးအခင်း ဖြစ်ပွားရာတွင် ရဟန်းများပျံလွန်တော်မူတာတွေ အများအပြား ရှိကြောင်း၊ ဒဏ်ရာရတဲ့ ရဟန်းသံဃာတော်တွေ အများကြီး စစ်တပ်က လူကိုသေစေနိုင်တဲ့ အထိ ရည်ရွယ်ပစ်ခတ်တာ ဖြစ်ကြောင်း၊ သာဓကအနေနဲ့ ကျည်ဆံထိမှန်ထားတဲ့ သပိတ်၊ သင်္ကန်းနဲ့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ ရှိကြောင်း၊ သပိတ်ကို ရဟန်းများက ရင်မှာပိုက်ပြီး ဆွမ်းခံထွက်တာမို့ သပိတ်ကို ကျည်ဆံထိမှန်တာကို ကြည့်ခြင်းအားဖြင့် လူကို ချိန်ရွယ်ပစ်ခတ်တာဟာ ဗုဒ္ဓဘာသာကို စော်ကားတာဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့ဖူးပါတယ်။
အဲဒီအမှုအခင်းနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ စုဆောင်းမိချိန်မှာတော့ ပရိတ္တိသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာစာပေ၊ ယဉ်ကျေးမှု၊ အပြည့်ရှိတဲ့ မန္တလေးမြို့မှာ သံဃာတော်တွေအားလုံးစုရုံးပြီး သံဃာတော်တွေ၊ ရဟန်းတွေကို သတ်ဖြတ်တဲ့၊ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားဖျက်ဆီးတဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို ဘာသာရေးအရ ဒဏ်ခတ်တဲ့ အနေနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပေါင်းအပါ၊ ဆွေမျိုးတွေ၊ အသိုင်းအဝိုင်းတွေက ကပ်လှုတဲ့ကိစ္စအမှု အစုစုကို လက်မခံခြင်း၊ သာရေး၊ နာရေးပင့်ဖိတ်တာတွေကို လက်မခံတော့ခြင်းဖြင့် နဝတကို သပိတ်မှောက်ဖို့ စတင်ပါတော့တယ်။ နဝတနဲ့ ဘာသာရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်တော့ပဲ ဘာသာရေးအရ ဒဏ်ခတ် သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဇန ကံဆောင်ခြင်း” အမှုကို ပြုလုပ်ပါတော့တယ်။ မန္တလေးမြို့ လေးပြင်လေးရပ် - သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ဦးဆောင်ဆင်နွှဲတဲ့ သပိတ်မှောက်ကံဆောင်ခြင်းဟာ ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေကို တမုဟုတ်ချင်း ကူးစက်ပျံ့နှံ့ သွားပါတော့တယ်။ မန္တလေးမြို့ကနေ ကူးစက်ပျံ့နှံ့သွားတဲ့ ကံဆောင်သပိတ်ပွဲတွေနဲ့ ပက်သက်ပြီး ရန်ကုန်မြို့က ရဟန်းရှင်လူ၊ ပြည်သူလူထုအကြား နာမည်ကြီးတဲ့ ဆရာတော်(၂)ပါးကို နဝတက ဖမ်းဆီးနှိပ်စက် ပါတယ်။ ရန်ကုန်တိုင်းအတွင်း ကံဆောင်သပိတ် ဦးဆောင်ဆင်နွှဲတယ်လို့ နဝတက စွပ်စွဲလိုက်တဲ့ ဆရာတော် (၂)ပါးကတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာ တည်ရှိတဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်က တိပိဋကဓရဘွဲ့ရ တိုက်အုပ်စာချဆရာတော် ဦးသုမင်္ဂလာလင်္ကာရနဲ့ နောက်ဆရာတော်တပါးကတော့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က တိုက်အုပ်စာချ ဆရာတော် ဦးတိလောကဘိဝံသ တို့ဖြစ်ပါတယ်။
ဆရာတော် ဦးသုမင်္ဂလာလင်္ကာရနဲ့ ပတ်သက်ပြီး ဦးစွာပထမ တင်ပြလိုပါတယ်။ မြန်မာနိုင်ငံမှာ ပိဋကတ်သုံးပုံ ရေးဖြေ၊ နှုတ်ဖြေ အာဂုံဆောင်နိုင်တဲ့ ဗုဒ္ဓဘာသာ သံဃာတော်(၅)ပါး ပေါ်ထွန်းခဲ့တဲ့အနက် ဆရာတော် ဦးသုမင်္ဂလာလင်္ကာရဟာ တပါး အပါအဝင် ဖြစ်ပါတယ်။ ဆရာတော်ဟာ ပိဋကတ်(၃)ပုံ အာဂုံဆောင်ဖြေဆိုခြင်းကို မြန်မာသက္ကရာဇ် ၁၃၃၅ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ အသက်အငယ်ဆုံး သံဃာတပါးဖြစ်ပါတယ်။ ဆရာတော်ဟာ စာတတ်၊ ပေတတ် ပညာတတ်တပါးဖြစ်ပြီး ဗုဒ္ဓစာပေ သင်ကြားပို့ချမှု၊ စာသင်ကျောင်းတိုက်တွင် အုပ်ချုပ်မှုကောင်းမွန်ခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အကြီးတန်း၊ အငယ်တန်း၊ အလတ်တန်း သံဃာ့စာမေးပွဲတွေမှာ ဆရာတော်ကျောင်းတိုက်က သံဃာအများ ထူးချွန်စွာ အောင်မြင်ကြပြီး ပထမကျော်ကို တတန်းမဟုတ် တတန်းတွင် ရရှိတတ်ပါသေးတယ်။
ဆရာတော်ရဲ့ ဂုဏ်သတင်းကြောင့် မြန်မာပြည်အနှံ့ မသိသူရှားလှပြီး ပြည်သူအများရဲ့ ကြည်ညိုမှုကိုလည်း ရနေတဲ့ ဆရာတော်ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ပရိယတ္တစာပေပညာရပ်တွေကို သာသနာတော်ကြီး ပြန့်ပွားစည်ဝေအောင် အားထုတ်ကြိုးပမ်းနေတဲ့ ဆရာတော်ကြီးအား ဘာသာရေးအရ ကံဆောင်သပိတ်မှောက်မှုတွင် ပါဝင်သည်ဆိုကာ ဆရာတော်ကို နဝတမှ ဖမ်းဆီးလိုက်ပါတယ်။ ဆရာတော်ရဲ့ ဆန္ဒမပါပဲ ဆရာတော်ကို အတင်းအဓမ္မ လူဝတ်လဲကာ သင်္ကန်းကို ဆွဲချွတ်ပါတယ်။ လက်မကို လက်ထိပ်ခတ်ပြီး မြန်မာပြည်ရဲ့ မြောက်ပိုင်းစွန်းက ဝေးလီခေါင်သီပြီး လူသူအရောက်အပေါက် နည်းတဲ့ ကချင်ပြည်နယ် မချမ်းဘောသို့ လေယာဉ်ပျံနဲ့ တင်ဆောင်ကာ ဆရာတော်ကို ထောင်ချလိုက်ပါတယ်။
ဆရာတော်ဖမ်းဆီး ခံရတဲ့သတင်းကို ကြားသိကြတဲ့ ပရိသတ်တို့က လာရောက်ဖူးမျှော်ကြပြီး ဆရာတော်ကို ဖမ်းဆီးထားတဲ့ကိစ္စအပေါ် မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာကြမှာကို နဝတက အကြီးအကျယ် စိုးရိမ်သွားတာကြောင့် ဆရာတော်ကို တရားရုံးမထုတ်ပဲ မျက်ကွယ်ရမန် ယူစေခဲ့ပါတယ်။ ဆရာတော်ကို ရုံးထုတ်တရားရင်ဆိုင်ရမယ်ဆိုပြီး ကြားရတဲ့နေ့တွေမှာ ရန်ကုန်မြို့က ဘားလမ်း(စတီးလ်) အချုပ်ခန်းကို လူတွေအများအပြား လာရောက်စောင့်ကြည့်ကြပြီး အဲဒီထဲမှာ နဝတ၊ မဆလ အရာရှိတွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းက လူတွေကလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
ဆရာတော်ကို နဝတရဲ့ အထူးစစ်ခုံရုံးမှာ ကံဆောင်သပိတ် မှောက်တာနဲ့ ပတ်သက်ပြီး အတင်းအကျပ် ခြိမ်းခြောက် ဝန်ခံစေပါတယ်။ ဆရာတော်ကို ညှင်းပမ်းနှိပ်စက်ပြီး လူဝတ်လဲစေပါတယ်။ ဒီလိုနဲ့ ဆရာတော်ပေါ် ချမှတ်ထားတဲ့ နယ်နှင်ဒဏ်ကို နဝတက ဘယ်လိုအသိတရား ရရှိသွားလဲ မပြောတက်ပါ။ (၁)နှစ်ခန့် အကြာမှာ ဆရာတော်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက်ပိုင်း နဝတနဲ့ ဆရာတော်အကြား ဘာဆက်ဆံရေးမှ မရှိတော့ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့အခါမှာ ဆရာတော်ကို ဒေါ်စုက သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဆရာတော်ဆီကို နဝတအရာရှိတွေ ရောက်လာပြီး ဆရာတော်ရဲ့ ကျောင်းတိုက်ကို တပ်မတော် ကြည်း၊ ရေ၊ လေမိသားစုက နေပြီး ဆန်၊ ဆီ၊ ဆား ဆက်ကပ်လှူဒါန်းချင် ပါတယ်လို့ လာရောက် လျှောက်ပါတော့တယ်။ ဆရာတော်က ဘုန်းကြီးကျောင်းမှာ ပြည့်စုံပါတယ်။ အခြားလိုအပ်နေတဲ့ ကျောင်းတိုက်တွေကိုသာ သွားရောက်လှူဒါန်းကြပါလို့ ရိုးရိုးသားသား အကြံပြုလိုက်ပါတယ်။ နဝတရဲ့ လှူဒါန်းမှုကို လက်သင့်မခံတာကြောင့် ဆရာတော်ဟာ ခေါင်းမာကြောင်း၊ အခုချိန်ထိ ကံဆောင်သပိတ်မှောက်နေတုန်းပဲ ဖြစ်ကြောင်း ပြောဆိုပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုပါ တော့တယ်။
ဆရာတော်ကို ရဟန်းအကြား၊ ပြည်သူအကြား အကြည်ညိုပျက်အောင် သံဃာထုကြား သွေးခွဲသပ်လျှိုပါတယ်။ ပြီးတော့ဆရာတော်ကို မဟုတ်မမှန်သတင်းလွှင့်ပြီး ကျောင်းတိုက်က ဖယ်ရှားဖို့အတွက် သာသနာရေးဦးစီးဌာနကနေ အာဏာစက်သုံးပြီး ခြိမ်းခြောက်ပြန်ပါတယ်။ မကြာခင်မှာ ဆရာတော်ကျောင်းတိုက်ကို န၀တရဲ့ အတွင်းရေးမှူး (၁)ဖြစ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ရောက်လာပါတယ်။ ဆရာတော်ကို ဦး (၃) ကြိမ်ချ ကန်တော့ပြီး (၃) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းတာတွေ၊ ဆရာတော်ကျောင်းတိုက်အတွက် ဘက်စုံမွမ်းမံရေး ကော်မတီဖွဲ့ပြီး အလှူငွေ ကောက်ခံကြပါတယ်။
ဒီအကြောင်းတွေကို နဝတပိုင်သတင်းစာ၊ ရုပ်မြင်သံကြားကနေ လွှင့်ထုတ်ပြီး ဘာသာရေး ကိုင်းရှိုင်းသယောင် ဗန်းပြကြော်ငြာကြပါတယ်။ ဒါ့အပြင် သာသနာရေးဝန်ကြီး ဖြစ်နေတဲ့ ဒု ဗိုလ်ချုပ်ကြီးမျိုးညွှန့်က ပိဋကတ် (၃)ပုံ အာဂုံဆောင်နိုင်တဲ့ သံဃာဆိုတာ အင်မတန်မှရှားပါးလှပြီး ပေါ်ပေါက်ရန် ခဲယဉ်းတဲ့အတွက်ကြောင့် ဘုရားငယ်တဆူပါပဲလို့.. ဆရာတော်ကို တင်စားပြောဆို သွားတယ်လို့ ကြားရပါတယ်။ ဒီလိုဆို နဝတဟာ ဘုရားငယ်ကို ထောင်ချပြီး ဖမ်းဆီးနှိပ်စက် အတင်းအဓမ္မ လူဝတ်လဲစေတယ်လို့ပြောရင် နဝတ ငြင်းဦးမှာလားလို့ ကျနော် မေးခွန်း ထုတ်ချင်ပါတယ်။
နဝတဟာ သာသနာတော်ကို ရည်ရွယ် ဖျက်ဆီးနေတာ ထင်ရှားနေပါတယ်။ မြတ်စွာဘုရားကိုယ်တော် သက်ရှိထင်ရှား ရှိနေရင်တောင် နဝတဆိုတဲ့ ဖက်ဆစ်ဘီလူးတွေဟာ သူ့အကျိုး ထိခိုက်လာမယ်ဆိုရင် ဘုရားကိုတောင် ထောင်သွင်းအကျဉ်းချဦးမှာ သေချာနေပါတယ်။ နဝတဟာ သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် ဘာသာ၊ သာသနာကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးဆိုတာ ဆရာတော်ဦးသုမင်္ဂလာလင်္ကာရအပေါ် ကျူးလွန်ခဲ့တာတွေ ကြည့်ရင် ပြတ်ပြတ်သားသား မြင်နိုင်ပါတယ်။
နောက်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးတိလောကဘိဝံသနဲ့ ပတ်သက်ပြီး တင်ပြပါဦးမယ်။
ဆရာတော်ဟာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကျောင်းမှာ သီတင်းသုံးပြီးရဟန်းများ၊ သီလရှင်များကို စာသင်ကြားပို့ချနေတဲ့ ဆရာတော်တပါးဖြစ်ပါတယ်။ ဆရာတော်ဟာ အဘိဓမ္မာ ပညာရပ်များမှာ အထူးတတ်ကျွမ်းနားလည်ပြီး စာသင်ကြားတဲ့အခါမှာလည်း ရှင်းလင်းအောင် သင်ကြားနိုင်တဲ့ အရည်အသွေးရှိတဲ့ စာချတိုက်အုပ် ဆရာတော်ကြီးဖြစ်ပါတယ်။
ဆရာတော်ရဲ့ သင်ကြားမှုကောင်းမွန်တာကြောင့် အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ အမြဲလို ကြွချီလာတတ်တာကြောင့် ဆရာတော်ရဲ့ ကျောင်းတိုက်မှာ နှစ်စဉ်သံဃာအပါး (၅၀၀)နီးပါး ရှိတတ်ပါတယ်။ ဆရာတော်ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ ဗုဒ္ဓအဘိဓမ္မာကျမ်းစာအုပ်တွေဟာ ရဟန်းသံဃာအများ မရှိမဖြစ် ကိုင်ဆောင်တတ်တဲ့ စာအုပ်တွေအဖြစ် ကျော်ကြားလှပါတယ်။ အဲဒီစာအုပ်တွေကိုလည်း ဗုဒ္ဓစာပေတွေ ဖြန့်ချီရောင်းချတဲ့ဆိုင်တွေမှာ တွေ့ရတတ်ပါတယ်။
ဆရာတော်ကြီးမှူးတဲ့ အင်းစိန်ပရိယတ္တိစာသင်တိုက်က ရဟန်းတွေလည်း သံဃာ့စာမေးပွဲ များမှာ ပထမကျော်အဆင့်အထိ ရရှိတတ်ပါတယ်။ ဘာသာရေးအရ ကံဆောင်သပိတ်မှောက်မှုကို ရန်ကုန်တိုင်းရှိ သံဃာအများအပြားကြား လှုံဆော်ဝါဒဖြန့်တယ်လို့ နဝတက စွပ်စွဲလိုက်ပြီး “ပိဋကတ်ကို ဖျက်တဲ့ ကြွက်စုတ်” ဆိုတဲ့ကဗျာကို ဆရာတော်က ရေးသားတာ ဖြစ်တယ်လို့ ထပ်မံ စွပ်စွဲပါတယ်။
မန္တလေးမြို့မှာ ဘာသာရေး ကံဆောင်သပိတ်မှောက်မှု အရှိန်မြင့်တက်နေချိန်မှာ ကံဆောင်သပိတ်မှောက်နေတဲ့ ဆရာတော့်ကျောင်းတိုက်ကို သပိတ်လှန်ဖို့ ရည်ရွယ်ချက်နဲ့ အင်းစိန်မြို့နယ် မဝတဥက္ကဌနဲ့ သာသနာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအံ့မောင်တို့ ရောက်ရှိ လာပါတယ်။ ပြီးတော့ ကျောင်းတိုက်ရဲ့ ဝင်ပေါက်မှန်သမျှကို စစ်တပ်နဲ့ ပိတ်ဆို့လိုက်ပြီး ရဟန်းသံဃာအားလုံး တပါးမှ ဆွမ်းခံမထွက်ကြရန်နဲ့ အဝင်အထွက် လုံးဝမလုပ်ကြဖို့ တားမြစ် လိုက်ပါတယ်။ အဲဒီလိုလုပ်ပြီးတော့ အင်းစိန်မဝတနဲ့ သာသနာရေးဦးစီးဌာနကနေ ဆွမ်းကပ်ပါတယ်။ ဆရာတော်က ဘာမှ တုန့်ပြန်ပြောဆိုခြင်းမရှိပဲ နေလိုက်ပြီး ဆွမ်းစားချိန်ရောက်တဲ့အခါမှာ တုံးမောင်းခေါက်လိုက်ပါတယ်။
စာသင်သား သံဃာတွေဟာ ဆွမ်းစားဆောင်အတွင်း တန်းစီကြွလာကြပါတယ်။ ဆရာတော်က သံဃာအများကို ဒီကနေ့ ဆွမ်းအလှူရှင်ကတော့ အင်းစိန်မြို့နယ် မဝတ ဥက္ကဌနဲ့ သာသနာရေးဦးစီးဌာနတို့က ဆက်ကပ်လှူဒါန်းတာ ဖြစ်ကြောင်း၊ ရဟန်းတို့အနေနဲ့ ဆွမ်းအလှူရှင် များကို မေတ္တာပို့ စားသုံးနိုင်ကြောင်း မြွက်ကြားပါတယ်။ အဲဒီအခါမှာ ဆွမ်းစားဆောင်အတွင်း ရောက်ရှိလာကြတဲ့ သံဃာအပါး (၅၀၀)ခန့်ဟာ ဆွမ်းဘုဉ်းမပေးတော့ပဲ နေရာကနေ တပါးမကျန် ပြန်လည်ထွက်ခွာ သွားကြပါတော့တယ်။
အင်းစိန် မဝတဥက္ကဌက အကြီးအကျယ် အရှက်ရပြီး သံဃာအပေါ် အမျက်ထွက်သွားပါတယ်။ ဆရာတော်က အင်းစိန် မဝတ ဥက္ကဌနဲ့ ဦးအံ့မောင်တို့ကို ဘုန်းကြီးအနေနဲ့ သံဃာတွေအပေါ် လှုံ့ဆော်စည်းရုံးမှုမရှိကြောင်း၊သံဃာတော်အများရဲ့ ဆန္ဒကို မြတ်စွာဘုရားတောင်မှ မလွန်ဆန်နိုင်ကြောင်း ရှင်းပြပြောဆိုပါတယ်။ ဒါပေမယ့် အရှက်တရားနဲ့ ဒေါသ၊ မောဟမီးတွေ တောက်လောင်နေသူတွေက ဒီဘာသာရေးသပိတ်ကိုမလှန်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို လုံးဝတာဝန်မယူကြောင်း ပြောဆိုပြီး ထွက်သွားပါတယ်။ ကျောင်းတိုက် တံခါးတွေကိုလည်း (၁၂)နာရီကျော်မှ ပြန်လည်ဖွင့်ပေးပါတယ်။ သံဃာတော်တွေ ဆွမ်းငတ်ခဲ့ပါတယ်။ မကြာမှီပါပဲ ဆရာတော်ကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
နဝတ စစ်ထောက်လှမ်းရေးတွေနဲ့ ရဲတွေ ပူးပေါင်းပြီး ဆရာတော်ကို နှိပ်စက်ညှင်းပမ်းမှုတွေ ပြုလုပ်ပါတော့တယ်။ စားပွဲတလုံးပေါ်မှာ တုတ်တချောင်းနဲ့ ပုဆိုးတထည်တင်ထားပြီး “ကြိုက်တာရွေးစမ်း။ အသားမနာချင်ရင် ပုဆိုးဝတ်လိုက်။ ခင်ဗျားဟာ အခုအချိန်ကစပြီး လူဖြစ်သွားပြီ။ ခင်ဗျားတို့က သင်္ကန်းဝတ်တွေ၊ သံဃာအတုအယောင်တွေ” ဆိုပြီး ဆရာတော်ကိုစွပ်စွဲပြီး “ခင်ဗျားစစ်ခုံရုံးမှာ ဝန်ခံရင်နှစ်နည်းမယ်။ ဝန်မခံရင်နှစ်လည်းများမယ်၊ အရိုက်လည်း ခံရမယ်။ အသက်ကြီးမှ အရိုက်မခံချင်စမ်းပါနဲ့။ အသက်ကြီးမှ မိုက်ကြတာကိုး ကြီးမိုက်တွေရဲ့”
ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆရာတော်ကို စော်ကားပါတယ်။ ဆရာတော်မှာ စစ်ခုံရုံးမှာ တလုံးတပါဒမှ ပြန်လည်ချေပ ပြောဆိုခွင့်မရပဲ ရန်ကုန်တိုင်းအတွင်း ကံဆောင် သပိတ်မှောက်မှု ဖြစ်အောင် လှုံ့ဆော်မှုအဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅)နှစ် ရင့်ရင့်သီးသီး အမိန့်ချလိုက်ပါတော့တယ်။ နဝတစစ်ဘီလူးတွေက သံဃာတော်တွေကို ဖမ်းဆီး၊ အတင်းအဓမ္မ လူဝတ်လဲစေပြီး သိက္ခာချပေမယ့်လည်း ရဟန်းတို့အနေနဲ့ စိတ်အတွင်းမှ သိက္ခာချခြင်း၊ လူအဖြစ် အသိအမှတ်မပြုပါက ရဟန်းအရာမြောက်ဆဲပဲဖြစ်ပြီး ဆရာတော်ကြီးတွေအားလုံး ထောင်အတွင်းမှာလည်း ရဟန်းတို့ရဲ့ သိက္ခာပုဒ်၊ ဝိနည်းတွေ စောင့်ထိန်းကြပါတယ်။
ဆရာတော်ကိုဖမ်းဆီးထောင်ချအပြီးမှာ ၁၉၉၀ နှစ်မှာ ဆရာတော်ကျောင်းတိုက်က သံဃာတပါးက သံဃာ့စာမေးပွဲမှာ ပထမကျော်ရရှိခဲ့ပေမယ့် ကံဆောင်သပိတ်မှောက်မှုထဲပါဝင်တဲ့ ကျောင်းတိုက်ဖြစ်တာကြောင့် ဆုကိုမပေးပဲ ထားခဲ့ပြန်ပါတယ်။ ဆရာတော်ဟာအဖမ်းမခံရခင် အချိန်အထိ ကမ္ဘာအေးသာသနာ့ တက္ကသိုလ်မှာ အဘိဓမ္မာ ပါမောက္ခချုပ်နဲ့ နိုင်ငံတော်သံဃာ့ဝန်ဆောင်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဆရာတော်ကို အင်းစိန်ထောင်အတွင်း (၁)နှစ်နီးနီးဖမ်းဆီးပြီးအကြာမှာ ဆရာတော်ကို ခံဝန်ချက်တောင် မထိုးခိုင်းတော့ပဲ ချက်ချင်း ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆရာတော်ဟာ ထောင်က ပြန်လည်လွတ်မြောက် လာပြီး ယခင်လုပ်ဆောင်နေကျ သာသနာ့တာဝန်တွေကို ဆက်လက် ထမ်းဆောင်ပါတယ်။ ထောင်ကလွတ်မြောက်လာပြီး (၁)နှစ်နီးနီးအချိန်အထိ နဝရဲ့ အထောက်အပံ့ကို လုံးဝမယူပဲ ကျောင်းတိုက်ရှိ သံဃာအပါး (၅၀၀) ကျော်၏ နေထိုင်ရေး၊ စာသင်ကြားရေးတို့ကို ဦးဆောင်လုပ်ကိုင်ခဲ့တယ်။
၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အချိန်မှာ ဆရာတော်အကြောင်းကို ကြားသိတာနဲ့ ဒေါ်စုနဲ့အတူ အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဗိုလ်ကြီးဝင်းထိန် (အငြိမ်းစား)၊ သခင်ဦးအုန်းမြင့်တို့ လိုက်ပါပြီး ဆရာတော်ကို သွားရောက် ဖူးမျှော်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဆရာတော်ကို ဖူးမျှော်ပြီး ပြန်လည်ထွက်ခွာသွားပြီး နောက်တနေ့မှာပဲ သာသနာရေးဝန်ကြီးဌာနက ဒု-ဝန်ကြီးက ဆရာတော်ကျောင်းကို ရောက်လာပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကို တပ်မတော် ကြည်း၊ ရေ၊ လေ၊ ဆန်၊ ဆီ၊ ဆား ပေးအပ်လှူဒါန်းမည့်ပွဲကို အကျဉ်းဦးစီးဌာနအား အမိန့်နဲ့ဖယ်ရှားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းလို့ခေါ်တဲ့ ကြံ့ဖွတ်အသင်းဌာနချုပ်ကနေ.အဓမ္မဝင်ရောက် လှူဒါန်းတာတွေ ပြုလုပ်ပါတယ်။
နောက်တော့ နဝတ အတွင်းရေးမှူး (၂)ရောက်ရှိလာပြီး ဆရာတော်ကို ကန်တော့ပါတယ်။ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့က (၃)ထပ်တိုက်ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်လှူဒါန်းဖို့အတွက် ရေစက်ချပွဲတွေလုပ်ပြီး သူတို့မှားလေသမျှအတွက် ဒေဝဒတ်တို့ တောင်းပန်ကြလေသလားဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ နိုင်ငံအာဏာကို သိမ်းယူပြီးကတည်းက ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေကို ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လက်ရောက်စော်ကားမှုတွေအတွက် ပျားရည်နဲ့ ဝမ်းချပွဲတွေလုပ်ပြီး သာသနာ့ဒကာတော်တွေအဖြစ် ဖန်တီးနေကြပါတော့တယ်။
၁၉၉၈ ခုနှစ် လွတ်လပ်ရေးနေ့မှာ နဝတက သူတို့ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပိုင်းလေးအတွင်းကမှ သင်္ကန်းချွတ်၊ လူဝတ်လဲစေပြီး သင်္ကန်းဝတ်တွေ၊ ရဟန်းတု၊ ရဟန်းယောင်တွေလို့ မကြားဝံ့ မနာသာ ပုတ်ခတ်စော်ကားခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅) ချမှတ်ခဲ့တဲ့ ဆရာတော် ဦးတိလောကဘိဝံသကို သာသနာရေးမှာ ဒုတိယအဆင့်ရှိ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို ဆက်ကပ်လိုက်ပြန်ပါတယ်။ နဝတရဲ့ ဘာသာရေးမျက်လှည့်ပြပွဲကို ကျနော်အနေနဲ့ ဘယ်လိုမှ နားမလည်တတ်အောင် ဖြစ်မိပါတယ်။
နဝတ စစ်ဗိုလ်ချုပ်ကြီးစောမောင် (ကွယ်လွန်)ပြောခဲ့ဖူးတဲ့ စကားတခွန်းရှိပါတယ်။ “ဗုဒ္ဓ ဘာသာဝင်တွေ ယုံကြည်ထားတဲ့အတိုင်း ကံ၊ ကံ၏အကျိုးကို တပည့်တော်ယုံကြည်ပါတယ်” တဲ့။
သာသနာကို ဖျက်ဆီး၊ ဘုရားသာသနာရဟန်းများကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်၊ သင်္ကန်းဝတ်တွေလို့ ရင့်ရင့်သီးသီးပုတ်ခတ်ခဲ့တဲ့ နဝတတို့ သူတို့လုပ်ခဲ့တဲ့အလုပ် (ကံ)နဲ့ပတ်သက်ပြီး တချိန်ချိန်မှာ သူတို့ခံစားကြရမှာ သေချာပါတယ်။
၁၉၈၉၊ ၁၉၉၀ နှစ်ဝန်းကျင်တုန်းကလည်း အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ ဆရာတော် ဒေါက်တာဦးရေဝတက နဝတအစိုးရဟာ မင်းကျင့်တရား(၁၀)ပါး နဲ့မကိုက်ညီတဲ့ အစိုးရဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာကို သေးသိမ်ညှိုးငယ်အောင် ပြုလုပ်နေပါတယ် လို့ ဘီဘီစီ၊ ဗွီအိုအေ သတင်းဌာနတွေနဲ့ တွေ့ဆုံပြောကြားခဲ့ပါတယ်။ အဲဒါကိုနဝတက သူတို့ပိုင် သတင်းစာတွေကနေ ဆရာတော်အားစော်ကားသည့် အသုံးအနှုန်းတွေနဲ့ ပုတ်ခတ် စော်ကားပါတော့တယ်။
ဆရာတော်ဟာ အင်္ဂလန်နိုင်ငံမှာ ဆွမ်းကိစ္စ အခက်အခဲဖြစ်လို့
ဘီဘီစီ၊ ဗွီအိုအေတို့နဲ့ တွေ့ဆုံပြီး ဆွမ်း၊ ကွမ်း ဖန်တီးနေတာဖြစ်တယ်၊ ဆရာတော်ရဲ့ ဒေါက်တာဘွဲ့ ဆိုတာကလည်း ဆေးကုလို့ ရမယ်မထင်ပါနဲ့ လို့အမနာပ စွပ်စွဲပြောဆိုပါတယ်။
ဒီကိစ္စတွေကို နဝတ အနေနဲ့ လိမ်လည် ဖုံးကွယ်ထားလို့ မရပါဘူး။ အဲဒီနှစ်ပိုင်းက သတင်းစာတွေ ရေးသားထားတာတွေဟာ နဝ တ ကျူးလွန်ထားတဲ့ သာသနာရေး
စော်ကားမှုတွေဖြစ်ပြီး သမိုင်းစာမျက်နှာစာမှာ အရုပ်ဆိုးစွာ တင်ကျန်ခဲ့မယ့် အရာတွေဖြစ်ပါတယ်။ နောက်မကြာခင် ၁၉၉၄-၁၉၉၅ ခုနှစ်ထဲမှာ ဆရာတော် ဒေါက်တာဦးရေဝတကို သူတို့တွေ စော်ကားချင်တိုင်း စော်ကားလို့အားရတော့မှ နဝတဗိုလ်မှူးကြီး သန်းရွှေကိုယ်တိုင် အင်္ဂလန်နိုင်ငံမှာ တည်ထားမယ့် စေတီတော်အတွက် လိုအပ်တာမှတ်သမျှ ကူညီဆောင်ရွက်ပေးပါ့မယ်လို့ ပြောကြားလိုက်ပါတယ်။
ဘာသာရေး သပိတ် ဆင်နွဲမှုကြောင့် မြန်မာပြည် အနှံ့အပြား ထင်ရှားကျော်ကြား တဲ့ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးတွေကို အဓမ္မဖမ်းဆီးနေတဲ့အထဲမှာ ရန်ကုန်ကင်းမြို့နယ်မှာ ရှိတဲ့ မေဒေးနီ ကျောင်းတိုက်က တိုက်အုပ်ဆရာတော်ကြီး တပါးလည်း ပါဝင်ပါတယ်။ အဲဒီဆရာတော်ကြီးကို ၁၉၉၁ ခုနှစ်မှာ ရန်ကုန်အင်းစိန်ထောင်မှာ လူဝတ်လဲပြီး ထောင်ချခဲ့ပါတယ်။ ဆရာတော်ကြီးလည်း အဆောင်(၅)မှာ နေထိုင်ပြီး ထောင်ဒဏ်နှစ်ရှည်ကို ရင်ဆိုင်ခဲ့ရပါတယ်။
ဆရာတော်ကြီး ထောင်မှ မလွတ်မြောက်ခင်မှာ ဆရာတော်သီတင်းသုံးတဲ့ ကျောင်းတိုက်က ဒုတိယကျောင်းထိုင်ကို နဝတက သွေးခွဲစကားတွေပြောပြီး တိုက်အုပ်နေရာကို သိမ်းယူဖို့ သွေးထိုးပေးပါတယ်။ ဆရာတော်ထောင်က လွတ်မြောက်လာတဲ့အခါမှာ ကျောင်းတိုက်မှာ တိုက်အုပ်ဆရာတော်အသစ် ရွေးချယ်တင်မြောက်ထားပြီး ဖြစ်တာကြောင့် ဒီကျောင်းတိုက်နဲ့ မသက်ဆိုင်တော့ကြောင်း ပြောကာ ဆရာတော်ကို ကျောင်းတိုက်မှာ နေထိုင်သီတင်းသုံးခွင့် မရအောင် နဝတအရာရှိတွေက ကြိုးစားကြပါတယ်။ ဒု-တိုက်အုပ်ဆရာတော်ကိုလည်း ပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ လိုအပ်ပါက သာသနာရေးဦးစီးဌာနက အာဏာစက် အသုံးပြုပေးမယ်ဆိုပြီး သံဃာထုအကြား သွေးခွဲဆောင်ရွက်ခဲ့ပါတယ်။
နဝတဟာ ဗုဒ္ဓဘာသာ တခုတည်းကိုပဲ ချိုးဖောက်စော်ကားတာတင် မဟုတ်သေးပါဘူး။ အခြားဘာသာတွေကိုလည်း ဖိနှိပ်ချေမှုန်း နေပါသေးတယ်။ ကျနော်အင်းစိန်ထောင်မှာ ရှိနေစဉ် ၁၉၉၁ ခုနှစ်တွင်းမှာ မြစ်ဝကျွန်းပေါ်မှာ တိုက်ပွဲတွေအများအပြား ဖြစ်ခဲ့ပြီး ကရင်လူမျိုးအများအပြားကို နိုင်ငံတော်ပုန်ကန်မှုဆိုပြီး ထောင်ဒဏ် (၂၅) နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။.နဝတက ဘိုကလေးမြို့ ပစ်ခတ်မှုတွေမှာ ကြိုတင်စီမံချက်တွေဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေက ခေါင်းဆောင်စည်းဝေးခဲ့ကြတယ်လို့ သတ်မှတ်ကြပါတယ်။ အဲဒီလိုသတ်မှတ်ပြီးနောက် ဘိုကလေးမြို့နယ်အတွင်း ခရစ်ယာန်ဘာသာဝင်တွေ၊ အသင်းအုပ်ဆရာတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ခရစ်ယာန်အသင်းအုပ်ဆရာတွေဟာ ထောင်ကျပြီး အင်းစိန်ထောင်က ကျနော်တို့ရှိနေတဲ့ အမှတ် (၃) အိပ်ဆောင်ကို ရောက်လာပါတယ်။ သူတို့ကိုမေးမြန်း ကြည့်တော့ ဘာဆိုဘာမှ မသိရပဲ နဝတစစ်တပ်က မဲမဲမြင်သမျှ အကုန်ဖမ်းဆီးပြီး ထောင်ချနေတာ ဖြစ်တယ်လို့ ကရင်လူမျိုး အသင်းအုပ်ဆရာတဦးက ပြောပြပါတယ်။ ထောင်ထဲရောက်တဲ့အထိ ရဲစခန်းနဲ့ စစ်ကြောရေးစခန်းတွေက တုတ်နဲ့ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ စစ်ဖိနပ်နဲ့ ကန်ကြောက်ထားတဲ့ ဒဏ်ရာတွေ မပျောက်သေးတာကို တွေ့ရပါတယ်။ ခရစ်ယာန် သင်းအုပ်ဆရာတွေဟာ သူတို့ကို ထောင်ဒဏ် ချမှတ်ပြီးသည့်တိုင် ကြောက်ရွံ့မှုတွေ မပျောက်ကွယ်သေးပဲ ရှိနေပြီး စကားတခွန်းမှ ပြန်မပြောနိုင်အောင် ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါသေးတယ်။
ကျနော်အခုတင် ပြထားတဲ့အချက်တွေဟာ ၁၉၉၁ ခုနှစ်က ရန်ကုန်အင်းစိန်အကျဉ်းထောင် အမှတ် (၃) အိပ်ဆောင် အတွင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တင်ပြထားတာတွေ ဖြစ်ပါတယ်။ ကျနော့်ကို ဒီဖြစ်ရပ်တွေ ပြောပြခဲ့တဲ့ ဆရာတော်ကြီးများ၊ တင်ပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော်ကြီးများဟာ အခုတိုင် ရန်ကုန်မြို့မှာ သက်တော်ထင်ရှား ရှိနေကြဆဲဖြစ် ပါတယ်။ ဒီလိုသာသနာကို ချိုးဖောက်စော်ကားတဲ့ နဝတဟာ ဒီပြစ်မှုတွေကို လိမ်လည်းဖုံးကွယ်ထားသလို၊ နောက်ထပ် သံဃာတော်တွေကို နှိပ်စက်ညှင်းပမ်းမှုတွေ ရှိနေသေးတယ်ဆိုတာ အများပြည်သူ သိအောင် ကျနော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကို မသိယောင်ပြုပြီး
“NLDနဲ့ အခြားနိုင်ငံရေး ပါတီတွေက ဘာသာရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်စည်းလုံးမှုကို ပြိုကွဲပျက်စီးအောင် လုပ်နေပါတယ်”
”NLD အဖွဲ့ဝင်တွေဟာ ကတုံးတုံး၊ သင်္ကန်းဝတ်ပြီး သံဃာထုတွေကြားထဲ သွေးခွဲသပ်လျှိုမှုတွေ ပြုလုပ်နေပါတယ်”
“အမျိုး၊ ဘာသာ၊ သာသနာကို မသမာသူလူတွေက သေးသိမ်အောင် လုပ်နေပါတယ်”
လို့ တရားခံဘယ်သူတွေမှန်း မသိအောင် နဝတက မျက်လှည့်ပြ တတ်ပါတယ်။ အမှန်ကတော့ နဝတဟာ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက်သွေးရူး သွေးတန်း ကြောက်လန့်တကြား ဖုံးကွယ်ဖို့ ကြိုးစားရင်း သူတို့ရဲ့လက်ကိုင်တုတ် စစ်တပ်ကို ဖက်ဆစ်စနစ်ဆိုး ရောင်တော်ပြန်လွှတ်ဖို့ ဆောင်ရွက်နေပါတော့တယ်။
အမျိုး၊ ဘာသာ၊ သာသနာ ထွန်းလင်းတောက်ပစေဖို့ ရည်ရွယ်ရင်း တင်ပြလိုက်ပါတယ်။
ကိုဘုန်းမြင့်ထွန်း
(သုံးရောင်ခြယ် ကျောင်းသားအဖွဲ့)
၁၉၈၈ ခုနှစ် အရေးအခင်းများ၌ တက်ကြွစွာ လှုပ်ရှားပါဝင်ခဲ့ပြီး စက်တင်ဘာလ၌ သုံးရောင်ခြယ်ကျောင်းသားအဖွဲ့ သို့ ဝင်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား တာဝန်ယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်စည်းရုံးရေး ခရီးစဉ်များ၌ လိုက်ပါခဲ့ပြီး လုံခြုံရေးတာဝန်ယူ
ခဲ့သည်။ ၁၉၈၉ ခုနှစ် မေလ၌ သုံးရောင်ချယ်ကျောင်းသား အဖွဲ့နဲ့အတူ လှုပ်ရှားမှုများ၌ တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၁၉၈၉၊ ၁၉၉ဝ လှုပ်ရှားမှုများ၌ ကျောင်းသားသမဂ္ဂများ၌ လှုပ်ရှားမှုများတွင် တပ်ဦးမှ ပါဝင်ခဲ့သည်။
၁၉၉ဝဧပြီလ အောက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းရာ၌ သုံးရောင်ချယ်ကျောင်းသား အဖွဲ့နှင့်အတူ ပါဝင်ခဲ့သည်။ ထို့နောက် အောက်ဗမာပြည် (ဗကသများအဖွဲ့ချုပ်) ညီလာခံများ ၊ ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
၁၉၉၀ စက်တင်ဘာလ၌ ဗလသနှင့် ဗကသများအဖွဲ့ချုပ်၌ စည်းရုံးရေးနှင့် ပြန်ကြားရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ(၁၄) ရက်နေ့တွင် နေအိမ်၌ စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အင်းစိန် တွဲဖက်ထောင်(သီးသန့်ထောင်)၌ ထောင်(၄) နှစ်ကျခံခဲ့ရသည်။
၁၉၉၅ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ထို့နောက် ကျောင်းသားလှုပ်ရှား မှုအတွက် တတ်နိုင်သရွေ့ ကူညီထောက်ပံ့ခဲ့သည်။
၂ဝဝဝ ခုနှစ် ဇန်နဝါရီလမှစ၍ “ငြိမ်း” အမည်ရှိ စာစောင်အား ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းကာ ထုတ်ဝေခဲ့သည်။ ယခုအခါ၌ ဂျပန်နိုင်၌ နေထိုင်ရင်း မြန်မာ့ဒီမိုကရေစီ တိုက်ပွဲအတွက် တက်ကြွစွာ ဆောင်ရွက်နေဆဲ ဖြစ်သည်။
(အခန်း ၁၇ ပြီး။ နောက်ပို့စ်မှာ စာအုပ်အပြီးသတ်ပါမယ်။ ဆက်ရန်...)
(ပီဒီအက်ဖ် စာမျက်နှာ ၁၃၂-၁၅၀)
စာရိုက် - ငနော့
Comments
Post a Comment