လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၆) 🖋 နေလင်း (အ.က.သ)
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၆)
နေလင်း (အ.က.သ)
[◾ အခန်း (၁၁) (ခ) ထောင်ဝင်စာ ပုံစံ တိုက်ပွဲ]
ထောင်ဝင်စာခန်းမှာ ပုံစံထိုင်ရမယ်လို့ သိလိုက်ရတဲ့အချိန်မှာ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ အတော် စိတ်ထိခိုက်ကြတယ်။ ရန်ကုန်ကနေ ကီလိုမီတာ (၃၀၀) လောက် ကွာဝေးတဲ့ သရက်ကို ရေတတန် ကုန်းတတန် အမျိုးမျိုး အခက်အခဲတွေ ကြားထဲကနေ ပင်ပန်းကြီးစွာနဲ့ လာခဲ့ကြရတဲ့
ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့ အကျဉ်းစခန်းက သတ်မှတ်ထားတဲ့ အချိန်တိုလေးအတွင်းမှာတောင် လွတ်လပ်စွာ ကိုယ်ပိုင်အချိန်လေးကို စကားမပြောနိုင်ပဲ မိဘတွေရှေ့မှာ ပုံစံထိုင်ရမယ်၊ ဘာမယ်နဲ့ စည်းကမ်းတွေ တင်းကြပ်လာကာ မတရားတာကြောင့် ကျနော်တို့ ရဲဘော်တတွေတိုင်ပင်ပြီး ထောင်ဝင်စာအခန်းမှာ ပုံစံထိုင်ရမယ့် စည်းကမ်းချက်တွေကို စတင်သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလိုမတရားမှုကို အံတုတိုက်ပွဲဝင်ဖို့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားတွေ ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်မှာပဲ ကျနော့်အိမ်က ထောင်ဝင်စာတွေ့ဖို့ ကျနော့်အမေ ရောက်လာခဲ့တယ်။ ဒါနဲ့ပဲ ကျနော်နေတဲ့ အဆောင် (၁)ကို ထောင်ဝင်စာ တာဝန်ကျ ဝန်ထမ်းအရာခံဗိုလ် ဦးကျော်ရှိန် လာခေါ်ပါတယ်။ ”စည်သူထွဋ်၊ ထောင်ဝင်စာတွေ့မယ်၊ မင်းအမေလာတယ်” လို့ ပြောပါတယ်။ ဒါနဲ့ပဲ ကျနော့်အမေနဲ့ ထောင်ဝင်စာတွေ့ရအောင် ဦးကျော်ရှိန်လာခေါ်တဲ့နောက်ကို လိုက်သွားပါတယ်။ ထောင်ဝင်စာအခန်းထဲကို ကျနော် ဝင်လိုက်တဲ့အခါမှာ ဦးကျော်ရှိန်က ထောင်ဝင်စာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြပါတယ်။ အဲဒီစည်းမျဉ်းတွေထဲမှာ ပုံစံလို့အော်ရင် ထောင်ဝင်စာခန်းထဲမှာပဲ ပုံစံထိုင်ရမယ်လို့ ပြောပါတယ်။ ဒါကိုကျနော် သတိထားမိလိုက်ပါတယ်။
ကျနော်တို့ ရဲဘော်တွေနဲ့ တိုက်ပွဲဝင်ဖို့ပဲ ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း ဒီကိစ္စဟာ မတရားဘူး။ အိမ်ကမိသားစုဝင်တွေ ရှေ့မှာ ပုံစံထိုင်ရမယ်ဆိုတာ နည်းလမ်းမကျဘူး။ ဒါကိုဆန့်ကျင်မယ်လို့ ဦးကျော်ရှိန်ကို ကျနော် ပြန်ပြောလိုက်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ထောင်ဝင်စာမှာ ပုံစံထိုင်ရမယ် ဆိုရင်တော့ မထိုင်ပဲနဲ့ မတွေ့တဲ့ နည်းလမ်းကို ကျနော်က ရွေးချယ်လိုက်ပြီး အကျဉ်းဦးစီးဌာနဝန်ထမ်း ဦးကျော်ရှိန်ကို ထပ်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဦးကျော်ရှိန်က ကျနော့်ကို ထောင်ဝင်စာခန်းမှာ ခဏထားခဲ့ပြီး ထောင်ဗူးဝထဲကိုဝင်သွားပါတယ်။ ကျနော်စိတ်ထင် သေချာတာကတော့ ကျနော်ပြောတာကို ထောင်ပိုင်သောင်းညွှန့်ဆီ အစီရင် သွားခံခဲ့တာပဲဖြစ်တယ်။. အချိန်နည်းနည်းကြာတော့ ကျနော့်ကို ထောင်ဝင်စာခန်းကနေ ခေါ်ပြီးတော့ တိုက်ထဲကိုပို့လိုက်ပါတယ်။
ကျနော့်ကို တိုက်ပိတ်ပြီး နာရီဝက်လောက်ကြာတဲ့အခါမှာ အကစ ဝန်ထမ်းတွေက ကျနော့်ကို တိုက်ထဲကနေ ပြန်လာထုတ်ပါတယ်။ ဒီလိုနဲ့ တိုက်ထဲကနေ ထွက်ပြီး ဗူး၀ထဲခေါ်သွားတဲ့အချိန်မှာ ကျနော့် စိတ်တွေလှုပ်ရှားလာပါတယ်။ ထောင်ပိုင်ရုံးခန်းထဲရောက်တော့ ကျနော် စိတ်ထင်ထားသလို မဟုတ်ပဲ ထောင်ဝင်စာတွေ့ဖို့ ပြင်ဆင်ထားတာကို တွေ့လိုက်ရပါတယ်။ ကျနော့်ရဲ့အမေဖြစ်သူက ထောင်ပိုင် သောင်းညွှန့်ရဲ့ ရုံးခန်းထဲမှာ ထိုင်ပြီးစောင့်နေတဲ့ အနေအထားနဲ့ တွေ့လိုက်ရတော့ ကျနော်အံ့ဩသွားပါတယ်။ ထောင်ဝင်စာတွေ့နေကျ အခန်းမှာမဟုတ်ပဲ အမေနဲ့သား သံဇကာမခြားပဲ လွတ်လပ်စွာ ပေးတွေ့ပါတယ်။ ဒါပေမယ့် ကျနော့်အမေနဲ့ ကျနော့်ရဲ့ ဘေးတဖက်တချက်မှာ ထောင်ပိုင်သောင်းညွန့်နဲ့. ဦးကျော်ရှိန်တို့ရှိနေပြီး ကျနော်တို့ သားအမိကို သေချာစွာ အကဲခတ် စောင့်ကြည့်နေပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ကုန်တော့ ထောင်ဝင်စာပစ္စည်းတွေ လက်မှာဆွဲပြီး အဆောင်ကိုပြန်ခဲ့တယ်။ ဒါပေမယ့် ကျနော်နေတဲ့ အဆောင်ကိုပြန်မပို့ပဲ တိုက်ကို ပို့လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ ကျနော့်ရဲ့ ဘေးဖက် တိုက်ခန်းထဲကို ချစ်ညီညီ၊ ချစ်ကိုကိုတို့ ညီအစ်ကို (၂) ယောက်လည်း ကျနော့်လိုထောင်ဝင်စာ ပုံစံတိုက်ပွဲဝင်ခဲ့လို့ သူတို့ကို ထောင်ဝင်စာပေးတွေ့ပြီး တိုက်ပိတ်ခံလိုက်ရကာ ရောက်လာပါတယ်။ ဒါပေမယ့် ကျနော်တို့ကို တိုက်ထဲမှာ ဆက်မထားတော့ပဲ ညနေပိုင်းမှာ အဆောင်တွေ အသီးသီးကို ပြန်ပို့လိုက်ပါတယ်။ နောက်ပိုင်းမည်သည့် အကျဉ်းသားမှ ထောင်ဝင်စာခန်းမှာ ပုံစံထိုင်၊ ခေါင်းငုံ့ စရာမလိုပဲ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဒီလိုထောင်ဝင်စာခန်းမှာ ခေါင်းမငုံ့ရေးတိုက်ပွဲ ဘာကြောင့် အောင်မြင်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ကျနော်လွတ်မြောက်လာပြီး အိမ်က ကျနော့်အမေရဲ့ ပြောပြချက်အရဆိုရင် အဖြစ်အပျက်ဖြစ်တဲ့နေ့က ထောင် င်စာကို ခါတိုင်းလိုပဲ တွေ့ဖို့လာခဲ့ပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော့်ရဲ့မိခင်ဟာ ကျနော်နဲ့ တွေ့ရမယ်၊ မတွေ့ရမယ်ကို သံသယဝင် စိုးရိမ်လာပါတယ်။ နောက်ဆုံးတော့ ကျနော့်ရဲ့မိခင်ဟာ ထောင်ပိုင်ကို အရေးဆိုပြီး
တွေ့ဆုံခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ ဒီနေ့မှာ သားနဲ့ ထောင်ဝင်စာမတွေ့ရရင် ထောင်ဗူးဝမှာ လှဲအိပ်ပြီး စောင့်မယ်၊ လုံးဝမပြန်ဘူးလို့ ကျနော့်မိခင် ဆုံးဖြတ်လိုက်တာကို ထောင်ပိုင်သိသွားတာကတကြောင်း၊ ထောင်ထဲမှာရှိတဲ့ ကျနော်အပါအဝင် အားလုံးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များရဲ့ မဆုတ်မနစ်သောဇွဲနဲ့ တိုက်ပွဲဝင်ခဲ့တာကြောင့် ထောင်ပြင်နဲ့ ထောင်ထဲ အပေးအယူ အချိတ်အဆက်မိပြီး ထောင်ပိုင်နဲ့ အပေါင်းအပါတွေရဲ့ မတရားအနိုင်ကျင့် ဖိနှိပ်မှုတွေကို တိုက်ပွဲဝင် အောင်နိုင်ခဲ့ပါတယ်။
◾ အခန်း(၁၂)
(က) သရက်ထောင်အတွင်း သက်သေထွက်ဆိုချက်
ကျနော်တို့တွေဟာ ထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့ တရားလက်လွတ် လုပ်ဆောင်နေတာကို ဆန့်ကျင်အာခံတဲ့ တိုက်ပွဲတွေပြုလုပ်ပြီး သူတို့တွေရဲ့ယုတ်မာကောက်ကျစ်မှုတွေကို ဖွင့်ထုတ်ပြဖို့ ကြိုးစားနေရပါတယ်။
အဲဒီထဲက ကြိုးပမ်းချက်တခုဟာ မကြာခင်မှာ ပေါ်ထွက်လာပါတယ်။ ကျနော်တို့ သရက်ထောင်ထဲကို သာယာဝတီထောင်က အုပ်ချုပ်ရေးအရာရှိ (ထောင်ပိုင်) ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်လာပြီး ဒီအီး(DE) ဝင်ပါတယ်။ အဲဒီလို အခြားထောင်တွေက ထောင်အရာရှိတွေ လာရောက်စစ်ဆေးတော့ သရက်ထောင်က ထောင်အာဏာပိုင်တွေက ထောင်တွင်းဆောင်ရွက်ချက် နည်းဗျူဟာတွေ ချက်ချင်း ပြောင်းလဲသွားပါတယ်။
၅(ည) အကျဉ်းသားတွေကို သွားတွေကို အအေးပတ်မတက် ဖြဲပြပါတယ်။ ထမင်းကိုလည်း အဝအလင်ကျွေးမွေးပြီး အကျဉ်းသားတဦးကို ပုံစံပန်းကန်နဲ့ (၂)ခါရပါတယ်။ အကယ်၍မကုန်ခဲ့ရင် သွန်ပစ်ဖို့နဲ့၊ မလောက်ငှရင်လည်း ထပ်ယူဖို့ဆိုပြီး အဆောင်တိုင်းမှာ ထမင်းပုံးအပိုချ ထားပေးပါတယ်။ အဲဒီလို အတုလုပ် ဟန်ပြထားတဲ့အရာတွေက ရက်ပိုင်းလောက်ပဲခံပါတယ်။ စစ်ဆေးရေးအဖွဲ့ တွေပြန်သွားတဲ့အခါမှာ နဂိုမူလ သရက်ထောင်ပုံစံ ပြန်ဖြစ်သွားပါတယ်။ ထမင်းကိုလည်း အရင်အတိုင်ပဲ ပိုနေမြဲ ကျားနေမြဲ ပြန်ကျွေးပါတော့တယ်။ ဒါပေမယ့် နောက်တလအကြာမှာပဲ သရက်ထောင်ကို စစ်ဆေးရေးအဖွဲ့တွေ ပြန်ရောက်လာပြီး ဒီအီး ပြန်ဝင်ပါတယ်။
အဲဒီအခါမှာတော့ သိမ်းထားတဲ့ ထမင်းပုံးတွေပြန်ချပါတယ်။ ကျနော်တို့ကို သွားပြန်ဖြဲပြပါတော့တယ်။ စစ်ဆေးရေးအဖွဲ့ထဲက ခေါင်းဆောင်လုပ်သူနဲ့ ကျန်အဖွဲ့ဝင်တွေ အားလုံးလည်း သရက်ထောင် အာဏာပိုင်များနည်းတူ ဒီပုတ်ထဲကပဲ ဖြစ်ပါတယ်။ စစ်ဆေးရေးအဖွဲ့ဟာ တိုက်ထဲမှာ ပြစ်ဒဏ်ကျပြီး မတရားရိုက်နှက်ခံရတဲ့ ဇော်ဝင်းထွဋ်နဲ့ အခြား ၅(ည) အကျဉ်းသားတွေကို ခေါ်ယူပြီး စစ်ဆေးပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ အဲဒီသူတွေရဲ့ ထွက်ဆို ချက်တွေကို အတည်ပြုပေးဖို့ သက်သေနှစ်ဦး ခေါ်ယူပါတယ်။ အဲဒီလို သက်သေနှစ်ဦး ခေါ်ယူတဲ့အခါမှာ တဦးက ထောင်ဝန်ထမ်းထဲကပဲ ဖြစ်ပြီး ကျန်တဦးက အကျဉ်းသားထဲက ဖြစ်ပါတယ်။
အမှုက ၅(ည) အမှုတွေ ဖြစ်တာကြောင့် နောက်တဦးကို ထောင်ပြောင်းလာတဲ့ ကျနော်တို့ ၅(ည)အယောက်(၁၀၀)ထဲက ရွေးပါတယ်။ အဲဒါကို ထောင်အာဏာပိုင်က ရွေးရတာဖြစ်ပါတယ်။ စစ်ဆေးရေးအဖွဲ့ကလည်း သေသေချာချာ တိတိကျကျနဲ့ အောက်ခြေကစပြီး စစ်တာမဟုတ်ပဲ သရက်ထောင် အာဏာပိုင်တွေ ခေါင်းညိတ် ထောက်ခံတဲ့ ခေါင်းခေါက်ရွေးထားတဲ့ သူတွေကိုပဲ စစ်ဆေးတာဖြစ်ပါတယ်။ သက်သေထွက်ဆိုဖို့ ထောင်ဝန်ထမ်းကရွေးချယ်တဲ့အခါမှာ သူတို့ကို ကာကွယ်ပြောဆိုပေးမယ့် သူတွေကြောင့် အခက်အခဲ မရှိပေမယ့် နိုင်ငံရေးအမှု (၁ဝဝ)ထဲက ရွေးချယ်ဖို့ကျတော့ သူတို့တော်တော် ဒုက္ခရောက်ရပါတယ်။ သူတို့ အလိုရှိတာကိုသာ ပြောဆိုပေးနိုင်မယ့်၊ ထွက်ဆိုပေးနိုင်မယ့် ခေါင်းညိတ်ထောက်ခံပေးမယ့်သူ တယောက်ကို အလိုရှိနေပါတယ်။. ထောင်ဝန်ထမ်းထဲက သက်သေအဖြစ် ဒုတပ်ကြပ် ဆာလေဘယ်လ်ကို ရွေးပါတယ်။ အဲဒီအချိန်မှာပဲ (၁)ဆောင်က ထောင်ဝင်စာတာဝန်ခံ ဒုတိယ ဗိုလ်ကြီး ဦးကျော်ရှိန်က ကျနော့်ကို သက်သေထွက်ဆိုဖို့ လာရောက်ခေါ်ပါတယ်။ ကျနော့်ကို ခေါ်သွားပြီး မိန်းဂျေးရောက်တော့ ထောင်မှူး ဦးအေးလှိုင်က အရာခံဗိုလ်ကြီးကို
“ဘယ်နဲ့လဲ ဆရာကြီး ဖြစ်ပါ့မလား” လို့မေးလိုက်တော့
“ဖြစ်ပါတယ်။ ဗိုလ်ကြီးရွေးတဲ့သူပဲ” လို့ ပြန်ဖြေလိုက်ပါတယ်။ ဦးကျော်ရှိန်က ကျနော့်ဘက်လှည့်ပြီး
“မင်းထောင်ထဲမှာ အရိုက်ခံဖူးတာရှိလား” လို့မေးပါတယ်။ ကျနော်ကလည်း “မရှိဘူး” လို့ပြန်ဖြေတော့ “အေး၊ ဒါပဲ၊ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်” လို့ဆိုပြီး
“မောင်ရင် ပြစ်ဒဏ်ဖြစ်ဖူးလား” လို့ဆက်မေးပါတယ်။ ကျနော်က “ဒီထောင်မှာတော့ မဖြစ်ဖူးပါဘူး” လို့ ဖြေလိုက်ပါတယ်။
“အေး၊ ကြိုက်ပြီ ဒီအတိုင်းပဲပြော၊ အခုမင်းကို ငါတို့ဆီလာတဲ့ လူကြီးတချို့နဲ့ တွေ့ပေးမယ်။ နဲနဲပါးပါးသူတို့က မေးမယ်။ စမ်းမယ်။ ဘာတွေ ထွေထွေထူးထူး မရှိပါဘူး။ မင်းစောစောက ပြောသလိုပေါ့။ အရိုက်ခံဖူးလား၊ မခံရဖူးဘူး။ ပြစ်ဒဏ်ဖြစ်ဖူးလား၊ မဖြစ်ဖူးဘူး။ ရေဆွဲတာပင်ပန်းလား ထောင်ထဲမှာ နည်းနည်းပါးပါး ကိုယ်လက်ကျန်းမာရေးကောင်းရုံ၊ ချွေးစို့ရုံလောက်ပေါ့။ အဲဒီလိုဖြေ ဘာမှမလုပ်ပဲထောင်ထဲမှာနေရရင် ဂိသွားမှာပေါ့။ မင်းသိတယ်မဟုတ်လား။ နောက်ပြီး ထမင်းဝဝကျွေးလားလို့ မေးရင်လည်း မင်းအခု အမြင်ပဲ၊ အဝကျွေးတာ၊ အရှိအရှိတိုင်းဖြေပေါ့။ ဘာမှ မင်းမပူနဲ့၊ ငါလည်းမင်းနဲ့ အတူရှိနေမှာပါ။ ဒို့ကိုကူညီပေးမယ် မဟုတ်လား”
နှုတ်ကနေ ကရားရေလွှတ် တတွတ်တွတ် မှာပါတယ်။ ကျနော်လည်း ခေါင်းညိတ်ပြလိုက်တော့ ဦးအေးလှိုင်က “ကောင်းပြီ၊ ငါနဲ့လိုက်ခဲ့” ဆိုပြီး ထောင်ဗူးဝကို ခေါ်သွားပါတယ်။ ဗူးဝရောက်တော့ ဗူးဝရဲ့ညာဖက်က ထောင်ပိုင်ရဲ့ ရုံးခန်းထဲကို ဝင်ရပါတယ်။ အခန်းထဲရောက်တော့ ဦးအေးလှိုင်က
“ဒါက အကျဉ်းသားတွေထဲက သက်သေပါ” ဆိုပြီး စစ်ဆေးရေးအဖွဲ့နဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတော့ ကျနော့်ကို ထိုင်ဖို့နေရာပေးပါတယ်။ ကျနော့်နဲ့ မျက်နှာချင်းဆိုင်က ခုံမှာ စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်တွေ ထိုင်နေပါတယ်။ အားလုံးပေါင်း (၃) ယောက်ထိုင်နေပြီး အလယ်ကထိုင်နေသူ သာယာဝတီထောင်က ထောင်ပိုင် ဦးမြင့်သိန်းဖြစ်ပြီး စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဦးမြင့်သိန်းရဲ့ ဘယ်ဖက်နံဘေးက တယောက် ကတော့ ရန်ကုန် အင်းစိန်ထောင်က ထောင်မှူးကြီးဖြစ်ပြီး ညာဖက်ကတော့ ပြည်ထောင်က ထောင်မှူးဖြစ်ပါတယ်။ သူကစစ်ချက်တွေ၊ ထွက်ဆိုချက်တွေကို လက်နှိပ်စက်ရိုက် မှတ်တမ်းတင်နေပါတယ်။ ကျနော့်ရဲ့ နံဘေးမှာတော့ သရက်ထောင်က ကျနော့်ကိုရွေးခေါ်လာတဲ့ ထောင်မှုးဦးအေးလှိုင် ရှိနေပါတယ်။
အလယ်က ထိုင်နေတဲ့ တယောက်က “မင်းအမှန်တိုင်းပြောမှာလား” လို့ အဆုံးမရှိ အစမရှိ ထပြောလိုက်ပါတယ်။
“ဘယ်အကြောင်းအရာကို ကျနော်ပြောရမှာလဲ”
“မင်းသိတဲ့ အကြောင်းအရာတွေပဲမေးမှာ ၊ ထောင်ထဲကအကြောင်းတွေကွာ၊ ဖြေမယ်မဟုတ်လား”
“ဖြေပါ့မယ်”
ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ ထောင်ပိုင်ရုံးခန်းထဲမှာ ထောင်ပိုင်သောင်းညွန့်တယောက် မရှိပါဘူး။
ကျနော့်ကို စစ်ဆေးမှုတွေ စလုပ်တဲ့အခါမှာ ပြည်ထောင်က ထောင်မှူးကြီးက အသင့်ယူလာတဲ့ ကျနော့်ရဲ့ နံပတ်ကြီးကို ယူပြီး အကျဉ်းသားသက်သေရဲ့ ထွက်ဆိုချက် ခေါင်းစဉ်တပ်ပြီး ကျနော့်နာမည်၊ အမှုနဲ့ ပြစ်ဒဏ်နှစ် စတဲ့ ကိုယ်ရေးရာဇဝင်တွေကို လက်နှိပ်စက်နဲ့ ရိုက်နေပါတယ်။ (နံပတ်ကြီးဆိုတာ ထောင်အတွင်း ထောင်ပိုင် လှည့်လည်တဲ့အခါ အကျဉ်းသားတိုင်းက အဲဒီစာရွက်ကို ကိုင်ထားပြီး စာရွက်ထဲမှာ အမည်၊ အဖအမည်၊ အမှုပေးရက်စွဲ၊ သာမန်လွတ်ရက်၊ ပြစ်ဒဏ်နှစ်၊ ပုဒ်မ စတာတွေ ရေးထားတဲ့ စာရွက်ဖြစ်ပါတယ်။) ထောင်ပိုင် ဦးမြင့်သိန်းက စပြီး မေးပါတယ်။
“မင်းနာမည် နေလင်းနော်”
“ဟုတ်ပါတယ်”
“မင်းအဖေနာမည်”
“ဦးမျိုးသိန်း”
“မင်းထောင်နံပတ်က ၂၉၉၇/ C နော် ဘယ်နှနှစ်ရှိလဲ”
“၅ နှစ်ပါ”
“မင်းတို့မိဘ၊ ဆွေမျိုးတွေထဲမှာ နိုင်ငံရေးလှုပ်ရှားတဲ့ သူရှိသလား”
”မရှိပါဘူး”
“မင်းထောင်ထဲမှာ ပြစ်ဒဏ်ဖြစ်ဖူးလား”
“အင်းစိန်ထောင်မှာတော့ ထောင်
ကျခါစက ပြစ်ဒဏ် (၁)ခါ ဖြစ်ဖူးပါတယ်”
”မဟုတ်ဘူး။ ဒီသရက်ထောင်မှာ”
“မဖြစ်ဖူးပါဘူး”
“အရိုက်ခံရဖူးလား”
”အရိုက်မခံရပါဘူး”
ကျနော်နဲ့ ထောင်ပိုင်ဦးမြင့်သိန်းတို့ အမေးအဖြေတွေကို တပုဒ်ချင်းအလိုက် ပြည်ထောင်မှူးက မှတ်တမ်းတင်နေပါတယ်။ ဦးမြင့်သိန်းကဆက်ပြီး
”ဒါပဲပေါ့၊ ထောင်ထဲမှာပြစ်ဒဏ်မဖြစ်ရင် အရိုက်မခံရဘူး၊ ပြစ်ဒဏ်ဖြစ်ရင် အရိုက်ခံရမယ်။ မင်းအဲဒါကို လက်ခံသလား”
ဒီမေးခွန်းဟာ ကျယ်ပြန့်ပါတယ်။ ပြစ်ဒဏ်ဖြစ်ရင် ရိုက်တယ်ဆိုပေမယ့် ပြစ်ဒဏ်မဖြစ်ဖြစ်အောင် ထောင်ဝန်ထမ်းတွေ၊ ထောင်အာဏာပိုင်တွေက တမင်သက်သက် ဖန်တီးယူနေတာတွေ အများကြီးရှိပါတယ်။ ကျနော်က
ဒီအချက်ကို သေသေချာချာရှင်းပြမလို့ ဘေးဘီကို ကြည့်လိုက်တော့ ကျနော့်မျက်နှာကို ကြည့်နေတဲ့ ဦးအေးလှိုင်ကို တွေ့ရပါတယ်။ ပြောဆိုဖို့ မလွတ်မလပ်ဖြစ်သွားပါတယ်။ ဦးမြင့်သိန်းရဲ့ မေးခွန်းကို အမှန်အတိုင်းဖြေဖို့ ကျနော်အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ရဲဘော် ဇော်ဝင်းထဋ်နဲ့ အခြားရဲဘော်တွေကို ထောင်အာဏာပိုင်တွေ ခွေးလို၊ နွားလို ရိုက်နှက်တဲ့မြင်ကွင်းတွေ ပြန်မြင် ယောင် လာပါတယ်။ ပြောချလိုက်ဖို့ ကျနော်အားယူလိုက်ပါတယ်။ ဒီအချိန်မှာ ဒီအခွင့်အရေးကို အသုံးချလိုက်ရင် ထောင်မှူး၊ ထောင်ပိုင်တွေရဲ့ ခွေးရိုက်၊ နွားရိုက်ကို မရှုမလှ ခံရမှာ သေချာပါတယ်။ ဘယ်လိုဖြေရင် ကောင်းမလဲလို့ ကျနော်စဉ်းစားနေချိန်မှာ ဦးမြင့်သိန်းက
“ဟေ့ကောင်၊ ငါမေးတာဖြေလေကွာ၊ ဘာတွေစဉ်းစားနေတာလဲ"
ကျနော်လည်း တွေဝေမနေတော့ပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒီမေးခွန်းကို မဖြေခင် အခွင့်အရေးတခု တောင်းဆိုလိုက်ပါတယ်။
”ထောင်ပိုင်ကြီးခင်ဗျား၊ ခုနကပြောခဲ့သလို မှန်ကန်တဲ့ အဖြေမျိုး လိုချင်ပါတယ်ဆိုရင် အခုလို
အနေအထားမျိုးမှာ ကျနော်မဖြေဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သရက်ထောင်က ထောင်မှူးဦးအေးလှိုင် ရှိနေလို့ပါပဲ။ သရက်ထောင်က ထောင်အာဏာပိုင်တွေ ရှိနေတဲ့နေရာမှာ ကျနော်မဖြေဆိုနိုင်ပါဘူး။ စစ်ဆေးရေး အဖွဲ့ကို အမှန်အတိုင်းပြောဖို့ ဝန်မလေးပေမယ့် သရက်ထောင်အာဏာပိုင်တွေထဲက တယောက်ယောက်ရှေ့မှာ ကျနော်အမှန်အတိုင်း ထွက်ဆိုပါက အမျက်ဒေါသထွက်ပြီး စစ်ဆေးရေးအဖွဲ့ ပြန်သွားတဲ့အခါကြရင် ကျနော့်အပေါ် အငြိုးအတေးထား ရန်ပြုနိုင်ပါတယ်။ ကျနော့်ရဲ့ လုံခြုံရေးစိတ်ချရအောင် လျို့ဝက်စွာပြုလုပ်ဖို့နဲ့ အဖွဲ့နဲ့အစစ်ခံရသူ သက်သက်ချည်း စစ်ဆေးနေတဲ့ အခန်းမှာ ထားရှိပေးပါလို့ တောင်းဆိုပါတယ်။ ဒါမှ ထွက်ဆိုချက်တွေက မှန်ကန်မှု ရှိနိုင်မှာ ဖြစ်ပါတယ်”
သရက်ထောင်မှူး ဦးအေးလှိုင်ရဲ့ မျက်နှာချက်ချင်း မည်းတက်သွားပါတယ်။ ဒါပေမယ့် ဟန်မပျက်ရအောင် စားပွဲပေါ်က ရေနွေးခွက်ကိုယူပြီး.မှုတ်သောက်နေလိုက်ပါတယ်။ အရပ်အမောင်းထောင်ထောင်မောင်းမောင်းနဲ့ ဦးမြင့်သိန်းက ကျနော့်ကို သေသေချာချာ စိုက်ကြည့်ပါတယ်။
”မှန်ကန်တဲ့ ထွက်ဆိုမှုဆိုတာ ဘယ်နေရာမှာမဆို ဘယ်သူပဲရှိနေနေ ထွက်ဆိုရဲရမှာပေါ့။ အမှန်တရား ဆိုတာ ဖုံးကွယ်လို့မရဘူး။ ဟိုလူရှိလို့ မပြောနိုင်၊ ဒီလူရှိလို့ မပြောနိုင်ဘူးဆိုတာ မမှန်မကန်ထွက်ဆိုဖို့ ကြိုးစားတဲ့ သူတွေလုပ်တာပဲ။ မှန်မှန်ကန်ကန်ထွက်ဆိုတဲ့သူဟာ ဘယ်သူ့ရှေ့မှာပဲဖြစ်ဖြစ် ထွက်ဆိုရဲရမယ်။ မင်းရဲ့လုံခြုံရေးကို ငါတာဝန်ယူတယ်။ ထောင်ထဲမှာလောက် လုံခြုံတာ ဒီတနေရာပဲ ရှိတယ်။ မင်းတယောက်ထဲမပြောနဲ့ အကျဉ်းသား အားလုံးရဲ့ လုံခြုံရေးကို တို့အကစ ဝန်ထမ်းတွေက တာဝန်ယူထားတာ။ ကဲ... ပြော”
ဦးမြင့်သိန်းကိုယ်တိုင် စိန်ခေါ်နေမှတော့ ကျနော်မပြောရင် လိမ်လည်ဖို့ကြိုးစားတယ်လို့ မှတ်တော့မှာ
သေချာတာကြောင့် အမှန်အတိုင်း ဖွင့်ချလိုက်ဖို့ စိတ်ဒုံးဒုံးချလိုက်ပါတယ်။
“ထောင်ထဲမှာ မင်းတို့တွေ ထမင်းစားရတာ ဝဝလင်လင်စားရတယ် မဟုတ်လား”
လို့မေးခွန်းပြောင်း မေးပါတယ်။
"မ၀ပါဘူး ”
“ဟုတ်ရဲ့လား၊ ငါတို့တွေ့တာကတော့ မင်းတို့ကိုအဝကျွေးနေတာပဲ။ မင်းလိမ်မပြောနဲ့။ ဦးအေးလှိုင် ခင်ဗျားတို့ ခေါ်လာတဲ့သူက ဟုတ်ကောဟုတ်သေးရဲ့လား”
ကျနော့်ဘေးက ထိုင်နေတဲ့ ဦးအေးလှိုင်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။ ဦးအေးလှိုင်က ကျနော့်ကို
”ကွာ... အလကား၊ ဒီကောင်လေး လျှောက်ပြောနေတာပဲ၊ ခက်တာပဲ၊ မင်းကိုငါတို့ စောစောက ပြောထားတဲ့အတိုင်း ဖြေလေ” လို့မျက်နှာကို ရှုံ့တွပြီး ပြောပါတယ်။
ဦးမြင့်သိန်းက...
“မင်းငါတို့ကို မလိမ်နဲ့၊ ဒို့မှာအထောက်အထား အကုန်ရှိတယ်။ ကဲ ... မင်းထောင်ထဲမှာ ထမင်း၀၀လင်လင် မကျွေးဘူး ဆိုတာ ငါတို့ယုံကြည်အောင် ဘာနဲ့ သက်သေပြမလဲ”
“ထောင်ထဲမှာ ထမင်းမဝတဲ့ကိစ္စကို ထောင်ထဲက အကျဉ်းသားတွေ အာလုံးသိပါတယ်။ လုံးဝစားလို့
မ၀ပါဘူး။ ကျနော်ကိုခေါ်မမေးပဲ အခြားအကျဉ်းသားတယောက်ခေါ်မေးလည်း မဝကြောင်းပြောမှာပဲ။ ဒါအမှန်တရားပဲ”
“ကဲ အင်းစိန်ထောင်မှာကော ထမင်းကိုဝဝကျွေးသလား၊ ဘယ်လိုကျွေးလဲ ”
“အင်းစိန်ထောင်မှာက ထမင်းကိုလိုသလောက် ရပါတယ်။ ဝ၀လင်လင်လည်း စားရတယ်။ ထမင်းထည့်ကတည်းက ထည့်ပေးတဲ့သူက ထမင်းကိုအမောက်ထည့် ပေးတာ၊ ကိုယ်မကုန်နိုင်ရင် ပြန်သွန်ထည့်ဖို့ ပုံးတွေချပေးထားပါတယ်။ လိုရင်လည်း ထပ်တောင်းလို့ရပါတယ်“
”အေးလေ၊ ဒီသရက်ထောင်မှာလည်း အင်းစိန်အတိုင်း ထမင်းကိုအဝကျွေးနေတာ တွေ့တာပဲ။ မင်းဘာငြင်းမလဲ”
”ဒီမှာထမင်းကျွေးတယ်ဆိုတာ အခု စစ်ဆေးရေးအဖွဲ့တွေလာလို့ ထမင်းပုံးတွေ ချထားတာဖြစ်ပါတယ်။ အရင်တခေါက် စစ်ဆေးရေးလာတုန်းကလည်း အဲဒီလိုပဲ ထမင်းတွေ အပိုရနိုင်မယ့် ပုံးတွေချထားပေးတယ်။ ဒါပေမယ့် အဲဒီလိုကျွေးတာ ရက်ပိုင်းပဲခံတယ်။ စစ်ဆေးရေးအဖွဲ့တွေ ပြန်သွားတော့ ထမင်းအပိုထည့်ထားတဲ့ ပုံးတွေ ပြန်သိမ်းသွားပါတယ်။ အခုလည်း စစ်ဆေးရေးအဖွဲ့တွေ ရောက်လာလို့ ဟန်ပြချထားတာပါ။ စစ်ဆေးရေးအဖွဲ့တွေ ပြန်သွားရင် အခုထမင်းအပိုပေးနေတာတွေလည်း ပြန်သိမ်းသွားမှာ သေချာပါတယ်။ နောက်ထူးထူးခြားခြား သိသာတာက အဲဒီထမင်းပုံးတွေက အခုမှ ဆေးသုတ်ပြီးအဆောင်တွေမှာ ချထားတာပါ။ အဲဒီပုံးကို သေသေချာချာ ကြည့်ရင် ပုံးတွေကအသစ်စက်စက်၊ အဆောင်နံပတ် ရေးထားတဲ့သင်္ဘောဆေးက တစ်စက်တောင် မပျက်သေးပါဘူး။ ဒါဟာအခုမှ အဆောင်တွေမှာ ထမင်းအပိုပုံးတွေချထားတာ၊ အခုမှ ပြင်ဆင်ထားတာ ထင်ရှားပါတယ်”
“နေစမ်းပါဦး၊ မင်းတို့ထောင်ထဲကို စစ်ဆေးရေးအဖွဲ့ တွေလာတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ”
“ထောင်နံရံ လေးဖက်ကြားမှာ ဒီလိုပဲ သတင်းပျံ့နှံ့မှု ရှိပါတယ်”
“ကဲ ထားတော့၊ မင်းတို့ အခုလို ထမင်းမဝတာကို ထောင်ပိုင်ကိုတင်ပြရဲ့လား”
“ဟုတ်ကဲ့၊ ကျနော်တို့ဆင့်ကဲဆင့်ကဲ အခန်းလူကြီး၊ အဆောင်မှူးကနေ ထောင်ပိုင်ကြီးကို ထောင်ပိုင်တန်းစီမှာ တင်ပြပါတယ်”
“အဲဒီလိုတင်ပြတော့ ထောင်ပိုင်ကြီးက ဘာပြောလဲ”
”ထမင်းမဝဘူးလို့ အခုလိုတောင်းနေတာ ဟင်းကောင်းလို့၊ အဲဒီတော့ပဲဟင်းကိုရေရော၊ အရွက်တွေမထည့်ပဲ ဒီအတိုင်းချက်လို့ ပြောပါတယ်”
“ဟေ့ကောင်... လူကြီးက ဒီအတိုင်း ပြောမှာလား မင်းမဟုတ်တာတွေ မပြောနဲ့ မင်းသူငယ်ချင်းတွေ စောစောက ထွက်ဆိုသွားတာ ထမင်း၀တယ်ပြောတယ် မင်းငါတို့ကိုလာမလိမ်နဲ့၊ ထောင်ထဲမှာ ဆင့်ကဲဆင့်ကဲ အစီအစဉ်အတိုင်း ဥပဒေဘောင်အတွင်းက တင်ပြရင် ဘယ်အကျဉ်းသားမဆို ရတယ်။ ပြီးစလွယ် လက်လွတ်စပယ် အာဏာပိုင်တွေက မလုပ်ဘူး။ လာမပြောနဲ့။ မင်းပြောသလိုဆိုမှဖြင့် ထောင်ပိုင်တန်းစီဆိုတာ ထောင်ထဲမှာ လုပ်စရာတောင် မလိုတော့ဘူး။ အကျဉ်းသားတွေနေဖို့၊ ထိုင်ဖို့၊ စားဖို့ကိစ္စတွေကို တပတ်တခါ အခက်အခဲတွေကို ဖြေရှင်ပေးဖို့ ထားတာ။ ဘာမှ လုပ်မပေးနိုင်ဘူးဆိုရင်ကွာ .. ငါပြောသလို ထောင်ပိုင်က တပတ်တခါ လှည့်ကြည့် စရာတောင် မလိုတော့ဘူး။ မင်းတို့လည်း အေးအေးဆေးဆေးနေ၊ ငါတို့လည်း ကိုယ့်အခန်းထဲကိုယ်နေပြီး အချိန်တန် လစာယူရုံပဲ။ မင်းတို့ အကျဉ်းသားအချင်းချင်း လူသတ်မှုပဲဖြစ်ဖြစ်၊ အနိုင်ကျင့်မှုပဲဖြစ်ဖြစ် ဒို့နဲ့ မဆိုင်ဘူး။ နေလို့ရတယ်။ မဟုတ်တာတွေ လာမပြောနဲ့”
“အခုလိုပြောတာ၊ ဖြစ်ခဲ့တာတွေဟာ လိမ်တာမဟုတ်ပါဘူး။ အမှန်တွေပါ။ အခြားအခန်းက အကျဉ်းသားတွေလည်း သိပါတယ်”
“တော်ပါမင်းတို့အချင်းချင်း ဒီလိုပြောမယ်ဆိုပြီး ညှိထားကြမှာပေါ့၊ ဒို့လာတာ သိနေမှာပဲ မဟုတ်လား”
အဲဒီမှာ ကျနော့်ကို စစ်ဆေးနေတုန်း အခန်းထဲကို သရက်ထောင်ပိုင် ဦးသောင်းညွန့် အရပ်ဝတ်အရပ်စားနဲ့ ဝင်လာပါတယ်။ ပြီးတော့ သူ့ရုံးခန်းထဲက မီးခံသေတ္တာကို ဖွင့်ပြီး ဟိုဟာရှာ၊ ဒီဟာရှာလုပ်နေပါတယ်။ တချက် တချက် ကျနော့်ကိုလည်း မျက်စောင်းထိုးပြီး အကဲခတ်လိုက်ပါသေးတယ်။ အဲဒီအချိန်မှာ ဦးမြင့်သိန်းက
“ဟင်းကောင်းလို့ ထမင်းတောင်းတာ၊ ဒီဟင်းကို ဖျက်ပြီးချက်လို့ ဘယ်သူကပြောတာလဲ”
“ထောင်ပိုင်က ပြောတာပါ“
“ထောင်ပိုင်ဆိုတာ ထောင်ပိုင်ကြီးလား၊ ထောင်ပိုင်လေးလား။ ကိုယ်ထောင်က ထောင်ပိုင်နာမည်ကိုတောင် မသိဘူးလား”
“ထောင်ပိုင် ဗိုလ်ကြီးသောင်းညွန့် ပါ”
အဲဒီအချိန်မှာ ထောင်ပိုင်စားပွဲမှာ ရှိနေတဲ့ သရက်ထောင်ပိုင်သောင်းညွန့်က ကျနော့်ကို ကြည့်ပြီး တချက် ပြုံးလိုက်ပါတယ်။ သူ့အပြုံးကအေးစက်ပြီး ကောက်ကျစ်ယုတ်မာမှုတွေ အပြည့်ပါပါတယ်။
ကျနော့် ကျောထဲ စိမ့်ကနဲအေးသွားပါတယ်။
“မင်းတို့ ထောင်ထဲမှာ ထမင်းတွေအပိုတောင်း၊ ပြီးရင်အခြားအကျဉ်းသားတွေကို ဆေးလိပ်နဲ့ လဲလှယ်တယ်ဆို”
“မဟုတ်ပါဘူး၊ ဘယ်သူမှ ထမင်းအပိုမရပါဘူး။ ထမင်းစားရတာမဝလို့ ထောင်ဝင်စာကနေတဆင့် အိမ်တွေကို မုန့်ဆန်းမှာပြီး စားရတာတွေရှိပါတယ်။ ထောင်ထဲမှာဝန်ထမ်းတွေသာ ထမင်းကို အိမ်တွေကိုယူသွားတာ ရှိပါတယ်”
“ဟေ့ကောင်၊ မင်းမြင်လို့လား၊ မမြင်ပဲနဲ့ ထင်ကြေးတွေနဲ့ ဝန်ထမ်းတွေကို လာမပြောနဲ့၊ ကိုယ့် အကြောင်းကိုပြော၊ မင်းကိုပေးတဲ့ အကြောင်းပဲဖြေ၊ ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စကို မပြောနဲ့၊ ကြားလား”
“ဟုတ်ကဲ့”
”မင်းတို့ ထမင်းတွေအပိုတောင်းပြီး မကုန်လို့ ပန်းကန်ဆေးဘုတ်မှာ ထမင်းကျန်တွေသွန်ပစ်ထားတဲ့ အိုးတွေ ပြည့်နေတာပဲဆို၊ ဒါမျိုးလုပ်ဖို့ မကောင်းဘူး။ ထောင်ထဲမှာ အဲဒီလို လွှင့်ပစ်တော့ အလကားသက်သက်မဲ့ နိုင်ငံတော်ပိုက်ဆံကို ဖြုန်းတီးရာ ကျတယ်။ ပြီးတော့ အဲဒီလို စည်းကမ်းမရှိ ထမင်းကျန်တွေ လွှင့်ပစ်တော့ ကြွက်လာမယ် ခြင်၊ ယင်လာမယ်။ ပြီးရင်ထောင်ထဲမှာ ကူးစက်ရောဂါ ဖြစ်မယ်။ မင်းတို့အတွက် တကိုယ်ရေ သန့်ရှင်းရေးလည်း ထိခိုက်တယ်”
”ကျနော်တို့တွေ ထမင်းကျန်တွေ လွှင့်ပစ်တာ၊ စွန့်ပစ်ထားတဲ့ ပုံးတွေမှာ ပြည့်လျှံပြီး အများကြီးဖြစ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ တခါတလေ ထောင်ကကျွေးတဲ့ ထမင်းတွေထဲမှာ သဲတွေ၊ ခဲတွေ အများကြီးပါလို့ ဘာမှမစားနိုင်လို့ ထမင်းကို လွှင့်ပစ်ရတာပါ။ ကျနော်တို့တွေဟာ ထမင်းကို အဓိကအစားအစာအဖြစ် စားရပြီး အလုပ်လုပ်ရတာပါ။ နောက် လွှင့်ပစ်ထားတဲ့ ထမင်းကျန်တွေကိုလည်း ထောင်မှာမွေးထားတဲ့ ဝက်တွေအတွက် နေ့တိုင်းဝက်ဘုတ်က လာယူနေလို့ တိုင်းပြည်ငွေကို ဖြုန်းပစ်တယ်လို့ မဆိုနိုင်ပါဘူး”
“ကဲ… ကောင်းပြီ။ ဒါဆိုရင် မင်းတို့ကို အခု ထမင်းဝဝကျွေးပြီ မဟုတ်လား”
“ဟုတ်ကဲ့ ကျွေးပါတယ်။ ဒါပေမယ့် ရေရှည်ကျွေးမယ်၊ မကျွေးဘူးဆိုတာ မပြောတတ်ပါဘူး”
“ကျွေးမှာပါ။ အခုမင်းတို့ကို ဝဝကျွေးတယ် မဟုတ်လား။ ငါတို့ရှိနေတဲ့ ပစ္စုပ္ပန်ကိုပဲ ပြောပါ။ ငါတို့တွေ မင်းတို့ ထောင်ပိုင်နဲ့ ထောင်မှူးတွေကိုရော အခုလိုထမင်းဝဝကျွေးဖို့ မှာခဲ့မယ်။ ဟုတ်လား။ အခုတော့ မင်းက ထောင်ထဲမှာ ထမင်းဝဝလင်လင် စားရပါတယ်။ ဒီအတိုင်းပဲ ထွက်ဆိုပေါ့”
”ကျနော်ဒီအချက်ကို ငြင်းပါတယ်။ မဖြေဆိုနိုင်ပါဘူး။ ထောင်ထဲမှာ ထမင်းဝဝလင်လင် စားရတာမှ (၁)ရက် (၂)ရက်ပဲ ရှိပါသေးတယ်ထမင်းဝဝလင်လင် စားရပါတယ်လို့ လိမ်လည်ပြီး မထွက်ဆိုနိုင်ပါဘူး။ ကျနော် တင်ပြတဲ့ အချက်တွေက အမှန်ချည်းပဲ ဖြစ်ပါတယ်။ အခုအတိုင်းပဲ ထွက်ဆိုနိုင်ပါတယ်။ စစ်ဆေးရေးအဖွဲ့က မှာခဲ့ပါတယ်ဆိုတဲ့ စကားလုံးနဲ့ ပြန်သွားမှာပါ။ ထောင်ထဲမှာ ကျန်ခဲ့မှာက ကျနော်တို့ အကျဉ်းသားတွေနဲ့ ထောင်ပိုင်းတွေပဲ ကျန်ခဲ့မှာပါ။ ရေရှည်မှာ ကျွေးတယ်၊ မကျွေးဘူးဆိုတာ မသိသေးပါဘူး။ ဒါ့ကြောင့် စစ်ဆေးရေးအဖွဲ့က ထွက်ဆိုခိုင်းတဲ့အတိုင်း ကျနော်မထွက်ဆိုနိုင်ပါဘူး”
အဲဒီအခါကျမှ စစ်ဆေးရေးအဖွဲ့တွေ ခေါင်းချင်းဆိုင်လိုက်ကြပါတယ်။ ပြီးမှ ကျနော်ပြောတဲ့အတိုင်း လက်နှိပ်စက် ရိုက်ဖို့ ပြည်ထောင်မှူးကို ဦးမြင့်သိန်းက အမိန့်ပေးလိုက်ပါတယ်။
“မင်းထောင်မှာ ထမင်း ၀၀လင်လင် စားရသလား”
“မစားရပါဘူး”
“ထောင်ပိုင်ကိုရော တင်ပြအကြောင်းကြားဖူးလား”
“ဟုတ်ကဲ့ တပ်ပြုဖူးပါတယ်။ ဒါပေမဲ့ ထောင်အာဏာပိုင်က လိုက်လျောမှုမရှိခဲ့ပါ” (ဒီနေရာမှာ ဦးမြင့်သိန်းက “ထောင်ပိုင်က ဟင်းကောင်းလို့ ထမင်းတောင်းတာ၊ ဟင်းကိုဖျက်ပစ်” ဆိုတဲ့
စကားလုံးကို ဖြုတ်ပေးဖို့ မေတ္တာရပ်ခံတာကြောင့် မထည့်သွင်းနိုင်ခဲ့ပါ။)
“မင်းဒီလောက်ဆို ကျေနပ်တယ် မဟုတ်လား”
“ဒီလောက်ဆို လက်ခံပါတယ်”
“ထောင်ထဲမှာ မင်းရေဆွဲဖူးသလား”
ဒီအကြောင်းကို သူတို့မမေးခင်မတည်းက ကျနော်ဖြေချင်တာ ယားနေပါတယ်။
“ဆွဲခဲ့ဖူးပါတယ်”
“တရက်ကို ဘယ်လောက်ဆွဲရသလဲ”
“တရက်ကို ရေပုံး (၉ဝဝ) လောက်ဆွဲရပါတယ်”
“ဘယ်အရွယ်အစား လောက်ပုံးမျိုးလဲ၊ တဂါလံပုံးအရွယ်လား”
”မဟုတ်ပါဘူး။ ရေပုံးက အတော်ကြီးပါတယ်။ ပေပါကတ္တရာခွံနဲ့ လုပ်ထားတဲ့ သံထည်ဖြစ်ပါတယ်။ ပုံးရဲ့ အသားတင် အလေးချိန်တင် တော်တော်လေးပါတယ်။ ရေဂါလံ (၂၀)ခန့် ဆန့်ပါတယ်။ လူ (၅)ယောက်၊ (၆) ယောက်လောက်မှ ဆွဲတင်နိုင်မှာပါ။ ရေပုံးကိုကြည့်မယ်ဆိုရင် ကျနော်တို့ အဆောင်မှာရှိပါတယ်။. လိုက်ကြည့်လို့ရပါတယ်”
ဦးမြင့်သိန်းနဲ့ ထောင်မှူးတွေက သူတို့အချင်းချင်း တယောက်ကိုတယောက် ကြည့်လိုက်ကြပါတယ်။
အံ့ဩတကြီး ဖြစ်နေတဲ့ မျက်နှာနဲ့ ကြည့်ပြီးမှ ဦးမြင့်သိန်းက စကားပြန်ပါတယ်။
”ဟေ့...ဟုတ်ရဲ့လားကွာ၊ ကြည့်လဲလုပ်ပါဦး၊ ဒို့ကိုလာလိမ်မနေနဲ့၊ မင်းလျှောက်ပြီး ပါးစပ်ထဲ တွေ့ကရာတွေ မပြောနဲ့။ မင်းကို အဲဒီလောက်မခိုင်းပါဘူး”
ဦးမြင့်သိန်းက သူ့ရှေ့စားပွဲ ခုံပေါ်က စာရွက်တရွက်ကို ယူလိုက်ပါတယ်။ ပြီးတော့ ကျနော့်ကို ထောင်ပြပါတယ်။
“ဟေ့ကောင်၊ မင်းသူငယ်ချင်းတွေ ဝင်းနိုင်ဦးတို့၊ ဇော်ဝင်းထဋ်၊ လှဝင်းတို့ မင်းသိတယ်မဟုတ်လား”
“သိပါတယ်“
“အေး၊ သူတို့ပြောတော့ မင်းလိုမဟုတ်ဘူး၊ မင်းပြောတဲ့ ရေပုံးအရေအတွက်နဲ့ တခြားစီပဲ။ မင်းငါတို့ကို လာလိမ်မနေနဲ့။ ရေပုံး (၉၀၀)ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဟိုကောင်တွေပြောတော့ (၄၀၁) လား၊ (၅ဝဝ)လား၊ ဒီလောက်ပဲ။ မင်းကျမှပိုဆိုးနေတယ်။ နေစမ်းပါဦး၊ မင်းရေကော ဆွဲရလို့လား၊ ပုံး (၉ဝဝ)ဆွဲရတယ်လို့ မင်းဘယ်လိုပြောနိုင်လဲ၊ မင်းကိုယ်တိုင် ရေတွက်ထားကာလား”
“တိုက်ထဲရောက်နေတဲ့ ကျနော့်သူငယ်ချင်းတွေက ရန်ကုန်ကသရက်ထောင်ပြောင်းပြီး တလအတွင်းမှာပဲ တိုက်ထဲ ရောက်သွားတာကြောင့် အဆောင်ကရေဆွဲရတဲ့ အနေအထားနဲ့ ရေပုံးဘယ်လောက် ဆွဲရတယ်ဆိုတာ သူတို့သေသေချာချာ သိမှာမဟုတ်ပါဘူး။ ဇော်ဝင်းထွဋ် တယောက်ပဲ ရေဆွဲလေဘာ အတွေ့အကြုံရှိပါတယ်။ တရက်ကို ရေပုံး (၉ဝဝ) ကျော်ဆွဲရတာကလည်း ကျနော်ကိုယ်တိုင်ရေဆွဲပြီး ကိုယ်တိုင် တာလီမှတ်ထားလို့ပါ။ စစ်ဆေးရေးအဖွဲ့က မယုံကြည်လို့ရှိရင် ကျနော့်ရဲ့ ထောင်နံပါတ်ကြီးထဲက အကျဉ်းသားလေဘာမှာ အလုပ် (၁)ဆောင် ရေဆွဲ လေဘာလို့ ထောင်ပိုင်ကိုယ်တိုင် လက်မှတ်ထိုးထားတာ ရှိပါတယ်”
အဲဒီအခါမှာတော့ စစ်ဆေးရေးအဖွဲ့က ကျနော့နံပါတ်ကြီးထဲက အလုပ်တာဝန်နေရာကို သဲကြီးမဲကြီး ဖတ်ရှုပါတယ်။ ဖတ်ကြည့်ပြီးတဲ့အခါမှာ သူတို့အားလုံး ဒီကိစ္စကို စိတ်ဝင်စားလာတဲ့ လက္ခဏာ ပြလာပါတယ်။ ဦးမြင့်သိန်းဟာ သူ့ရဲ့ကိုယ်ပိုင်ဒိုင်ယာရီကိုဖွင့်ပြီး မှတ်ပါတော့တယ်။
“ရေတပုံးဆွဲရင် လူဘယ်လောက်မှ နိုင်မှာလဲ”
”ရေဆွဲတဆိုင်းမှာ ရေလှည့်တဲ့သူပါ အပါဆိုရင် (၆)ယောက်၊ (၇)ယောက်လောက်ပါပဲ”
“ရေတဆိုင်းကို ရေပုံးဘယ်လောက် ဆွဲရလဲ”
”ပုံး(၅၀)ပါ”
”ရေပုံး (၉၀၀)ဆိုတာ တနေ့လုံး စုစုပေါင်းလား“
”ဟုတ်ပါတယ်၊ အဆောင်အရှေ့ခြမ်း၊ အနောက်ခြမ်း စုစုပေါင်းပါ”
ကျနော့်ဘေးမှာရှိနေတဲ့ ဦးအေးလှိုင်ဖက်ကိုလှည့်ပြီး...
“ခင်ဗျားတို့ထောင်ထဲမှာ ဘယ်တွေရေပေးရလဲ၊ ဘာတွေဒီလောက်သုံးတာလဲ” မေးလိုက်တော့ “အဆောင်တောင်ယာ၊ အပြင်တောင်ယာ၊ မိန်းမဆောင်၊ တိုက်တွေသောက်ရေ၊ အဆောင် ရေချိုး၊ ဒီလောက်ပါပဲ” လို့ပြန်ဖြေပါတယ်။
“အော်... ဟုတ်ပြီ”
“ရေဆွဲရတာ ပင်ပန်းသလား”
“ဟာ... ပင်ပန်းတာကတော့ မပြောပါနဲ့ဗျာ၊ ကျနော်ဆိုရင် ရေဆွဲနေရင်းနဲ့ပဲ ပင်ပန်းလွန်းလို့ ထောင်ထဲမှာ ပစ်လဲကျဖူးပါတယ်။ ထောင်ဆေးရုံတောင် တက်ခဲ့ရပါတယ်။ ထောင်ဆရာဝန် ဒေါက်တာ ဆွေဆွေဝင်းကို မေးကြည့်ရင် သိနိုင်ပါတယ်”
ကျနော့်အဖြေအဆုံးမှာ သူတို့ဘာမှ ဆက်မမေးတော့ပဲ တခုခုကို စဉ်းစားနေကြပါတယ်။ ပြီးတော့ (၃)ဦးသား တီးတိုးပြောကြ ပြန်ပါတယ်။ သရက်ထောင်က အာဏာပိုင်တွေကတော့ ကျနော့်ကို၊ စားမတတ် မျက်လုံး တွေနဲ့ တစ်မျိုး၊ စိတ်ပျက်လက်ပျက်အကြည့်တွေနဲ့ တဖုံ ကြည့်နေပါတယ်။ တော်တော်လေး ကြာတဲ့အခါကျမှ ဦးမြင့်သိန်းကပဲ...
“အင်း၊ မင်းပြောတဲ့အထဲမှာ တရက်ကို ရေပုံး (၉ဝဝ)ဆွဲရတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မင်းသေသေချာချာ ပြန်စဉ်းစားပါ။ အမှတ်မှားတာကော မဖြစ်နိုင်ဘူးလား။ ပုံး(၉၀၀)လောက်ဆွဲရရင်ကွာ၊ သေကုန်မှာပေါ့။ ပုံး (၄ဝဝ) လောက်ဆိုရင် ဖြစ်နိုင်သေးတယ်"
“ကျနော့်အနေနဲ့ ဒီရောက်ကတည်းက ရေကို ပင်ပင်ပန်းပန်း ဆွဲလာရတာ အခုထိပါပဲ။ ကိုယ်တိုင်လည်း သေသေချာချာ မှတ်ထားတာပါ”
“ရေဆွဲတယ်ဆိုတာကလည်း မင်းတို့အကျဉ်းသားတွေသုံး ဖို့ပဲမဟုတ်လား၊ နောက်ပြီးမင်းတို့ ၅(ည)တွေ ချည်းပဲ ဆွဲခိုင်းတာလား၊ အခြားရာဇဝတ်မှုတွေကော ပါသေးလား”
“ရေဆွဲလေဘာကို ကျနော်တို့ ၅(ည)တွေချည်းပဲ အဆောင်တိုင်းမှာ ဆွဲရတာပါ။ ရာဇဝတ်မှု အကျဉ်းသား တွေက ပြစ်ဒဏ်ကျမှသာ ရေဆွဲဒဏ် (၁)ပတ်၊ (၂)ပတ်ဆိုပြီး ချတာပါ။ တခါတလေ ပြစ်ဒဏ်အကျဉ်းသားက တယောက်၊ နှစ်ယောက်ပဲရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ကို ပြစ်ဒဏ်အဖြစ် ရေဆွဲခိုင်းတာလို့ ထင်မိပါတယ်”
”ကောင်းပြီ၊ မင်းအခု တင်ပြတဲ့အချက်တွေကို ငါတို့အထက်ကို တင်ပြပေးမယ်၊ မင်းတို့အခုချိန်ကစပြီး ရေမဆွဲရအောင် ငါတို့ပြောပေးခဲ့မယ်။ မင်းပထမက ထမင်းမဝတုန်းက မင်းပြောတဲ့အတိုင်း ဒို့ ကလိုက်လျောပြီး မှတ်တမ်းတင်ခဲ့တယ်။ ဒီတခါ ငါတို့ကိုအပြန်အလှန် လိုက်လျောတဲ့အနေနဲ့ မင်းပြောတဲ့ ရေဆွဲရတဲ့ပုံး အရေ အတွက်က တအားများနေတယ်။ ရုပ်လည်းပျက်တယ်။ အထက်ကို မင်းပြောတဲ့ အတိုင်းတင်ပြရင် ယုံကြည်မှာ မဟုတ်ဘူး။ အဲဒီတော့ ရေပုံး(၄၀၀) တနေ့ဆွဲရပါတယ်လို့ မင်းကထွက်ဆိုပေး၊ ဟုတ်လား”
”ကျနော်ကိုယ်တိုင် တနေ့ကို ရေပုံး (၉ဝ၀)ကို နေပူပူကျဲကျဲမှာ ဆွဲရတာ ဖြစ်တာကြောင့် ရေပုံး (၄၀၀)လို့ လိမ်လည်မထွက်ဆိုနိုင်ပါဘူး”
”ဒီလိုလုပ်ကွာ၊ မင်းကိုလိမ်လည်ထွက်ဆိုဖို့ ငါတို့တိုက်တွန်းနေတာမဟုတ်ပါဘူး။ မင်းတို့လည်း မနစ်နာရအောင်၊ ငါတို့လည်း အထက်ကို တင်ပြတဲ့အခါမှာ ဖြစ်နိုင်ချေရှိအောင် ရုပ်ပျက် ဆင်းပျက် မဖြစ်အောင် ကြည့်ဖို့ပြောတာပါ။ မင်းအခုထွက်ဆိုတဲ့ ထွက်ဆိုချက်မှာ ရေပုံး(၅၀၀)ပဲဆွဲရတယ်လို့ တယောက်နဲ့တယောက် ဒို့ကိုလက်မှတ်ထိုးပေးဖို့၊ ဒို့အဖွဲ့အနေနဲ့ သီးသန့် မှတ်စုထွက်ဆိုချက်ဆိုပြီး မင်းပြောတဲ့ ပုံး (၉ဝဝ)ကိုအသေအချာ မှတ်ပြီး လူကြီးတွေနဲ့ တွေ့တဲ့အခါမှာ တင်ပြပေးမယ်၊ ဘယ်လိုလဲ”
”ကျနော်အနေနဲ့ တခုမှ မလိုက်လျောနိုင်ပါဘူး။ ကျနော်တကယ်ဆွဲရတဲ့ ရေပုံး(၉ဝ၀)ကို စာရွက်ပေါ်မှာ ရိုက်နှိပ်မှ ကျနော့်လက်မှတ် ထိုးပေးနိုင်မှာပါ။ ထောင်ပိုင်ကြီးတို့ အနေနဲ့ ကျနော့်ရဲ့ထွက်ဆိုချက်တွေကို သံသယ ရှိတယ် ဆိုရင်၊ ဖြစ်နိုင်ချေမရှိဘူးဆိုရင် ကျနော့်ထွက်ဆိုချက်တွေကို ရပ်စဲပြီး ရေဆွဲလေဘာကျတဲ့ အကျဉ်းသား နောက်တယောက်ကို ခေါ်ယူမေးမြန်းနိုင်ပါတယ်။ သူတို့ကိုမေးလည်း ကျနော်ပြောတဲ့ အရေအတွက် တိုင်းပဲပြောမှာပါ၊ ဒါတွေဟာ ကြိုတင်စီမံထားလို့ ရတာမဟုတ်ပါဘူး”
ဒီအခါမှာတော့ စစ်ဆေးရေးအဖွဲ့က ဘာမှပြန်မမေးတော့ပဲ ပြည်ထောင်မှူးက လက်နှိပ်စက် စရိုက်လိုက်ပါတော့တယ်။ ဦးမြင့်သိန်းက မေးခွန်းကို ပြန်စမေးပါတယ်။
“သရက်ထောင်မှာ ရေဆွဲဖူးပါသလား”
“ကျနော်အင်းစိန်ထောင်က ပြောင်းလာကတည်းက (၁)ဆောင်ရေဆွဲအလုပ်ကျတဲ့ သူဖြစ်ပါတယ်”
“တနေ့ကို ရေဘယ်လောက်ဆွဲရလဲ”
”ရေဂါလံ (၂၀)ဝင် ပုံးနဲ့ တစ်နေ့ကို ရေပုံး (၉၀၀)ဆွဲရပါတယ်”
“ရေဆွဲတဲ့အခါမှာ အခြားအကျဉ်းသားတွေ ပါသလား၊ ၅(ည)အမှုတွေချည်းပဲ ခိုင်းတာလား”
”၅(ည)အမှုတွေချည်းပဲ ခိုင်းတာပါ။ အခြားအကျဉ်းသားတွေကို ပြစ်ဒဏ်ဖြစ်မှ ခိုင်းတာပါ”
“ရေဆွဲရတဲ့အခါမှာ ပင်ပန်းသလား”
“ကျနော်ရေဆွဲရာမှာ ပင်ပန်းလွန်းလို့ ဆေးရုံသို့ တက်ရောက်ကုသ ခံရဖူးပါတယ်”
”နဲနဲပါးပါးတော့ ပင်ပန်းမှာပေါ့ကွာ၊ မင်းတို့ အလုပ်မလုပ်ပဲ ဘယ်သူကထမင်း အလကားကျွေးမှာလဲ။ မင်းတို့ကို စစ်ခုံရုံးကအမိန့်ချကတည်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သတ်မှတ်ထားတာ မဟုတ်လား”
”ဟုတ်ပါတယ်၊ ကျနော်တို့ကိုခိုင်းတဲ့ အလုပ်က တော်တော်ပင်ပန်းပါတယ်။ ထမင်းလည်း ဝအောင်မကျွေးတော့ အာဟာရချို့တဲ့ပြီး အလုပ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ပါဘူး”
”ထောင်ထဲမှာ ပြစ်ဒဏ်ဖြစ်ရင် အရိုက်ခံရမယ်၊ ပြစ်ဒဏ်မဖြစ်ရင် အရိုက်မခံရဘူးဆိုတာ ဟုတ်သလား”
ဒီမေးခွန်းဟာ ကျနော့်ကို ပထမကတည်းက မေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဖို့ ကျနော်မသိတဲ့၊ ကျနော်မရှင်းတဲ့အချက်အချို့ကို မေးမြန်းခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒါကတော့ ထောင်ထဲမှာ ရှိတဲ့စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးပုံကို မရှင်းလင်းလို့ မေးမြန်းတာတွေပဲဖြစ်ပါတယ်။ (စကားချပ်။ ။ ထောင်ထဲကိုရောက်လာတဲ့ အကျဉ်းသားတွေထဲမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး ထောင်ဥပဒေနဲ့ အညီ နိုင်ငံရေးမှုများဟာ တစိုက်မတ်မတ်တောင်းဆိုတင်ပြကြပါတယ်။ တခါက အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသမားတယောက်ဟာ ထောင်အာဏာပိုင်တွေရဲ့ ဘက်လိုက်မှုတွေကို မကျေနပ်လို့ အကျဉ်းထောင်လက်စွဲ ဥပဒေ (Burma jail munual) နဲ့ မကိုက်ညီဘူး ပြောဆိုပါတယ်။ အဲဒီအခါမှာ ထောင်အာဏာပိုင်တွေက နေစမ်းပါဦး၊ မင်းက အကျဉ်းသားလက်စွဲဥပဒေ (Burma jail manual) ဆိုတာကို ဘယ်လောက်နားလည်လို့လဲ။ ရှင်းစမ်းပါဦး ပြောပြီး အကျဉ်းထောင်လက်စွဲဥပဒေ (Burma jail manual) စာအုပ်ကိုပေးပြီး ရှင်းလင်းချက် ထုတ်ပါတယ်။
အမှန်တကယ်တော့ ယခုလက်ရှိ ကျနော်တို့နိုင်ငံက အကျဉ်းထောင်တွေမှာ အသုံးပြုနေတဲ့ အကျဉ်း ထောင်လက်စွဲ ဥပဒေ (Burma jail manual) ဟာ ကိုလိုနီအစိုးရ လက်ထက်ကတည်းက အင်္ဂလိပ်တွေ ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဗြိတိသျှအစိုးရလက်ထက်ကတည်းက ရေးဆွဲထားတဲ့ထောင်ဥပဒေကို မြန်မာ အစိုးရအဆက်ဆက်က ပြင်ဆင်တည်းဖြတ်ပြီး မြန်မာ့ဟန် ထောင်ဥပဒေလက်စွဲ ပြုလုပ်ထားတာဖြစ်ပါတယ်။ စာတအုပ်လုံးကို အင်္ဂလိပ်လို ရေးသားထားတာဖြစ်ပြီး ပြင်ဆင်တည်းဖြတ်တဲ့အပိုင်းမှာ ဥပမာအားဖြင့် ကိုလိုနီ လက်ထက်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျနေသူများကို အဆင့်ခွဲပြီး အခွင့်အရေး သတ်မှတ်ပေးထားပါတယ်။ အဲဒီအခွင့်အရေးတွေက စာအုပ်စာတမ်း၊ သတင်းစာဖတ်ရှုခွင့်နဲ့၊ စာရေးသားခွင့် စတာတွေဖြစ်ပါတယ်။ ဒါပေမယ့် မဆလလက်ထက်မှာ နိုင်ငံရေးအကျဉ်းသမားတွေရဲ့ ရပိုင်ခွင့်တွေကို ဖျက်သိမ်းခဲ့ပါတယ်။) အခုလည်း ကျနော်ကအကျဉ်းသားထောင်လက်စွဲ ဥပဒေ (Burma jail manual) ပတ်သက်ပြီး စစ်ဆေးရေး အဖွဲ့ကို မေးမြန်းခဲ့ပါတယ်။
“ထောင်ပိုင်ကြီးခင်ဗျာ၊ အကျဉ်းထောင်လက်စွဲဥပဒေ (Burma jail manual) နဲ့ပတ်သက်ပြီး မရှင်းလင်းတဲ့ အချက်တွေကို မေးခွင့်ပြုပါ။ အကျဉ်းထောင်လက်စွဲဥပဒေ (Burma jail manual) စာအုပ်ဟာ တအုပ်လုံးကို အင်္ဂလိပ်လိုရေးသားထားလို့ သိရပါတယ်။ ကျနော်တို့ အကျဉ်းသားတွေလိုက်နာရမယ့် အပိုင်းနဲ့ ပြစ်ဒဏ်ပေးမှု အပိုင်းတွေကို ၁၉၉၁ ခုနှစ်အတွင်းမှာ ရန်ကုန်အင်းစိန်ထောင်က ထောင်အာဏာပိုင်များက တပုဒ်ချင်းစီ ဘာသာပြန်ပြီး စာရွက်စာတမ်းတွေ ဝေငှပြီး အဆောင်တိုင်းက အကျဉ်းသားတွေနားလည်အောင် နေ့တိုင်း ရှင်းလင်း ဖတ်ကြားတာတွေ လုပ်ကြပါတယ်။ ဒီကိစ္စကို ကျနော့်ရှေ့မှာရှိနေတဲ့ ရန်ကုန်အင်းစိန်ထောင်က ထောင်မှူးကြီး ဦးမြင့်ဦးကိုယ်တိုင်သိရှိမယ်လို့ ထင်ပါတယ်။ အကျဉ်းထောင်လက်စွဲ ဥပဒေ (Burma jail manual) မှာ အကျဉ်းသားတွေနေ့စဉ် လိုက်နာရမယ့် ဥပဒေအမိန့်(၄၅)ခုနဲ့ ဝန်ထမ်းများလိုက်နာရမယ့် ဥပဒေအမိန့် (၅၄)ခုတို့ရှိပါတယ်။ အကျဉ်းသားတွေလိုက်နာရမယ့် အပိုဒ်ထဲမှာပါဝင်တဲ့ အချက်တွေက ထောင်တွင်းနေ့စဉ်နေထိုင်၊ စားသောက်မှု၊ သွားလာမှု၊ လုပ်ကိုင်မှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို အဲဒီဥပဒေ အပိုဒ်တွေမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။
အဲဒီအပုဒ် အပြီးမှာ ဆောင်ရန်ရှောင်ရန်တွေကို မလိုက်နာတဲ့ အကျဉ်းသားတွေကို အပြစ်ပေးတဲ့ အစီအစဉ်တွေပါရှိတဲ့ ဥပဒေအပိုင်းကိုလည်း ဖော်ပြထားပါတယ်။ ပြစ်ဒဏ်ကို အဆင့်လိုက်ဖော်ပြထားပြီး အဲဒီအဆင့်တွေကတော့ ပထမအဆင့်အနေနဲ့ (၁)ထောင်ဝင်စာပိတ်မယ် (၂)ခြေကျင်းခတ်မယ် (၃)ဒေါက်တပ်မယ် (၄)တိုက်ပိတ်ပြစ်ဒဏ်ပေးမယ်လို့ ပါရှိပါတယ်။ နာရီပိုင်းကော်စားပြစ်ဒဏ်ပေးခြင်းနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အကျဉ်းသားကို ထမင်းမကျွေးပဲ ကော်စားပြစ်ဒဏ် (၄၈)နာရီ ပြုလုပ်ခြင်းတွေ ဖြစ်ပါတယ်။ ဒီအကျဉ်းသားများ လိုက်နာမယ့် ပြစ်ဒဏ်ပေးမှုအပိုင်းကို အင်းစိန်ထောင်မှာ တရားဝင်ဖြန့်ဝေထားလို့ ကျနော်သိခဲ့ရပါတယ်။ ကျနော်မရှင်းတဲ့ဟာက အကျဉ်းသားတဦးကို ပြစ်ဒဏ်ပေးတဲ့အခါမှာ ကော်စားပြစ်ဒဏ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လိုက်နာ ရမယ့်အချက်ထဲက မလိုက်နာသူကို ကြိမ်ဒဏ်ဘယ်လောက်ရိုက်ရမယ်၊ လေးဖက်ထောက်သွားခိုင်းပြီး ကြိမ်ဒဏ်ကို ကြိုက်သလောက်ရိုက်နိုင်တယ်လို့ ဖော်ပြထားတဲ့ဟာကို အကျဉ်းသားပြစ်ဒဏ်ပေးရေး အပိုင်းမှာ မတွေ့ရပါဘူး။ ကျနော်တို့နိုင်ငံမှာ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်ကတည်းက တရားရုံးတွေမှာ ကြိမ်ဒဏ်ပေးခြင်းကို ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။ အကယ်လို့ ကြိမ်ဒဏ်ပေးတာဟာ တရားဝင်ခြင်းမရှိတော့ရင် အကျဉ်းသားတွေနဲ့ ဝန်ထမ်းတွေ သိသာစေရန် ထုတ်ပြန်ကြေငြာ ပေးစေလိုပါတယ်။ ကြိမ်ဒဏ်ပေးတာဟာ အသက်ဝင် နေသေးတယ် ဆိုရင်လည်း သိရှိအောင် ရှင်းလင်း ပြောဆိုပေးစေလိုပါတယ်”
ဦးမြင့်သိန်းက ကျနော့်ကိုသေသေချာချာ စိုက်ကြည့်ပြီး
“မင်းတို့ ၅(ည)တွေက ထောင်ထဲမှာ တော်တော် ကြီးကြီးကျယ်ကျယ်ဥပဒေ စကားပြောတဲ့ ကောင်တွေပဲ။ စကားပြောလိုက်ရင် (BJM)က မချတော့ဘူး။ မင်းကိုရှင်းရှင်းပဲပြောမယ်၊ မသေမချင်းမှတ်ထား။ မင်းတို့အကျဉ်းသားတွေကို ကြိမ်ဒဏ်အပြစ်ပေးတာကို လာမပြောနဲ့။ ထောင်က ဗူးစင်တွေမှာရှိတဲ့ သေနတ်တွေက မင်းတို့ကို ပစ်လို့ရတယ်။ ဗူးဝတွေမှာ သေနတ် ကိုင်ဝန်ထမ်းတွေကို အလကားထားတာ မဟုတ်ဘူး။ မင်းတို့ တခုခုလုပ်ရင် ပစ်ဖို့ပဲ။ မင်းတို့က သတ်မှတ်ထားတဲ့ ဥပဒေကို လိုက်နာပြီး နေထိုင်ရင်တော့ ဘယ်သူကမှ ပြဿနာရှာပြီး သေနတ်နဲ့ မပစ်ဘူး။ ထောင်ဆူမယ်၊ ထွက်ပြေးဖို့ကြိုးစားမယ် ဆိုရင်တော့ မင်းပြောတဲ့ကြိမ်ဒဏ်မပြောနဲ့ သေနတ်နဲ့ပါပစ်လို့ရတယ်။ ထောင်ထဲမှာဝန်ထမ်းတွေက လက်လွတ်စပယ် မလုပ်ပါဘူး။ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ၊ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုတဲ့ အတိုင်းပဲ တုတ်နဲ့ ခြောက်သင့်တာခြောက်၊ ရိုက်သင့်တဲ့နေရာမှာရိုက်၊ မာန်သင့်တဲ့ နေရာမှာ မာန်ရတယ်ကွ”
“ဟုတ်ကဲ့… ထောင်ပိုင်ကြီး စောစောက ပြောသွားသလိုပဲ ကြီးတဲ့အမှုငယ်စေဆိုတဲ့ စကားအရ ပြောရမယ်ဆိုရင် ကျနော်တို့အဆောင်မှာ ဇော်ဝင်းထွဋ်ဆိုတဲ့ အကျဉ်းသားတယောက် သောက်ရေကျန်တာကို အပြင်ဖက်ကို သွန်ပစ်လိုက်တဲ့ကိစ္စ အဲဒီအမှုသေးသေးလေးကို ခေါ်ယူဆုံးမ ဆွေးနွေးပြီး သတိပေးလိုက်ရင်၊ စကားပြောဆိုလိုက်ရင် ပြေလည်သွားနိုင်တဲ့ ပြဿနာကို အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်သလို ခွေးလို၊ နွားလိုမတရား ရိုက်နှက်ပြီး အပြစ်ပေးတာ မတရားပါဘူး။ တချို့နေရာတွေမှာ ပြစ်ဒဏ်ဖြစ်အောင် အာဏာပိုင်တွေက ဖန်တီးပြီးလုပ်ယူနေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ပြစ်ဒဏ်ဖြစ်ရင် အရိုက်ခံရမယ်၊ မဖြစ်ရင် အရိုက်မခံရဘူး ဆိုတဲ့အချက်က မမှန်ပါဘူး။ မပြောပလောက်တဲ့ အပြစ်လေးတွေကို ပုံကြီးချဲ့ပေးနေတာတွေ ရှိနေလို့ ပြစ်ဒဏ်ဖြစ်ရင် အရိုက်ခံရမယ်ဆိုတဲ့အချက်ကို ကျနော်လုံးဝလက်မခံနိုင်ပါဘူး”
“ကဲ ကောင်းပြီ၊ မင်းလက်မခံဘူးဆိုရင်လည်း ဒီအချက်ကို ငါတို့ သီးခြားမှတ်ထားပေးမယ်။ ဒီအစီ အစဉ်မှာတော့ မထည့်တော့ဘူး။ စစ်ဆေးတာကို အဆုံးသတ်မယ်”
ပြောပြီးတာနဲ့ တပြိုင်နက် သာယာဝတီထောင်ပိုင်ကြီး ဦးမြင့်သိန်းက လက်မှတ်ထိုးပါတယ်။ စစ်ဆေးခံ
ရသူနေရာမှာ ကျနော့်ကို လက်မှတ်ထိုးခိုင်းပြီး ကျနော်ရဲ့ သက်သေထွက်ဆိုချက်ကို အဆုံးသတ်လိုက်ပါတယ်။ စစ်ဆေးမှုပြီးတဲ့အချိန်က ညနေစောင်းနေပါပြီ။ ထောင်ပိုင်း အခန်းထဲက ကျနော်ထွက်လာတော့ ကျနော့်ကို အဆောင်က ခေါ်လာတဲ့ ဦးအေးလှိုင်နဲ့ ထောင်မှူးဦးကျော်ရှိန်တို့က ကျနော့်ကို ထောင်ဗူးဝကနေ ထောင်ဝင်စာခန်းကို ခေါ်ပြီး ကြိမ်းမောင်းဆဲဆိုပါတော့တယ်။ ဦးအေးလှိုင်က
“ဦးကျော်ရှိန်၊ ဆရာကြီးခေါ်လာတဲ့ ကောင်လေးဗျာ၊ မဟုတ်တာတွေလျှောက် ပြောလိုက်တာ အကုန် ပြဿနာတက်တော့တာပဲ”
ဦးကျော်ရှိန်က
“မသိဘူးလေ၊ ထောင်ပိုင်က ဒီကောင်လေး အေးတယ်ဆိုပြီး ရွေးတာပဲ။ ပထမ အဆင်ပြေသားပဲ ဟေ့ကောင်၊ မင်းဘာတွေ လျှောက်ပြောလိုက်လဲ”
ဦးအေးလှိုင်က ကျနော့်ကို တော်တော်ဒေါသထွက်နေပါတယ်။
”ဘာလဲကွ အခုဘယ်လိုလုပ်မလဲ ထမင်းမဝတာတွေ၊ ရေဆွဲရတာပင်ပန်းတာတွေ အကုန်လျှောက်ပြောတော့ ကဲ...”
ကျနော်က စစ်ဆေးရေးအဖွဲ့တွေက အမှန်အတိုင်းပြောပါဆိုလို့ ပြောလိုက်တာ ဖြစ်ပါတယ် လို့ပဲပြန်ဖြေလိုက်ပြီး သူတို့ဒေါသအင်မတန် ထွက်နေတာကြောင့် ဘာမှထပ်ပြီးမပြောတော့ပဲ အသာငြိမ် နေလိုက်ပါတယ်။ သူတို့တွေ အားရအောင်ဆဲဆိုပြီးမှ ကျနော့်ကို အဆောင်ပြန်မပို့ပဲ တိုက်ပိတ်လိုက်ပါတယ်။ ကျနော့်မှာ အပြစ်မရှိပဲ ဘာ့ကြောင့် တိုက်ပိတ်တာလဲလို့ ထောင်ပိုင်တန်းစီမှာ တင်ပြတော့ ထောင်ပိုင်က
“မင်းရဲ့လုံခြုံရေးအရပေါ့”
လို့ တုံးတိတိပြန်ဖြေပြီး ကျနော့်ကို သေချာကြည့်ပါတယ်။ ပြီးမှ
“နေလင်း ဒီကောင်လေးအေးပါတယ် အောက်မေ့နေတာ၊ အစွယ်လေးနဲ့ပဲ”
ပြောပြီး ထွက်ခွာသွားပါတယ်။
အဲဒီနောက်ပိုင်း ၅(ည) အကျဉ်းသားတွေ အားလုံးရဲ့ အနစ်နာခံ၊ အရိုက် အနှက်ခံပြီး ကိုယ်ကျိုးစွန့်မှုရဲ့ ရလာဒ်အဖြစ် ကျနော်တို့ ရေဆွဲလေဘာက အသက်ကြီးရင့်သူတွေ၊ ရောဂါရှိသူတွေကို ရွေးထုတ်ပြီး အခြားသက်သာတဲ့အဆောင်တွင်းက အလုပ်ဘုတ်တွေကို ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ထမင်း ကိုလည်း ထောင်ဝင်စာကနေ မုန့်ဆမ်းတွေမှာယူစရာ မလိုတော့ပဲ ဝဝလင်လင်ကျွေးပါတော့တယ်။
အခုချိန်တော့ မပြောတတ်တော့ပါ။ ကျနော်ထောင်ကနေ လွတ်လာတဲ့ ၁၉၉၅ ထိတော့ ထမင်းကို ဝဝလင်လင်ကျွေးပါတယ်။
နောက်ပိတ် ပြစ်ဒဏ်အဖြစ် အကျဉ်းသားတွေကို ခွေးရိုက်၊ နွားရိုက် ရိုက်တာနှက်တာမျိုး သိပ်မတွေ့ရပါ။
(ခ) အညာခရီး
မကြာခင်မှာ ကျနော်တို့ ထောင်ပြောင်းအယောက်(၁၀၀)ထဲက နိုင်ငံရေးအကျဉ်းသမား (၅) ယောက် ထောင်ပြောင်း ခံလိုက်ရပါတယ်။ ထောင်ပြောင်းခံလိုက်ရတဲ့ သူတွေကတော့
ကိုမြင့်ဆန်း ၅(ည)၊ ၁၇(၁) မန္တလေးထောင်
ကိုသားညွန့်ဦး ၅(ည) မုံရွာထောင်
ကိုဇော်မင်း(ဗုံတို) ၅(ည) ပခုက္ကူထောင်
ကိုမောင်မောင်မြင့် ၅(ည) ရွှေဘိုထောင်
ကိုနိုင်မွန် ၅(ည) ၁၇(၁) မိတ္ထီလာထောင်
တို့ပဲဖြစ်ပါတယ်။ အဲဒီထဲက မုံရွာထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့သူတဦး ဖြစ်တဲ့ ကိုသားညွန့်ဦးကိုယ်တိုင်တင်ပြထားတဲ့ သူ့ရဲ့ထောင်အတွေ့အကြုံ ကို မူရင်းအတိုင်းဖော်ပြလိုက်ပါတယ်။
သားညွန့်ဦး
ပထမနှစ် ဆေးတက္ကသိုလ် (၁)။
၁၉၈၈ မှာ ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ အတူ တက်တက်ကြွကြွ လှုပ်ရှားခဲ့တယ်။
၁၉၈၈ စက် တင်ဘာလ၌ စစ်တပ်မှ အာဏာသိမ်းချိန်တွင် ကေအန်ယူ လွတ်မြောက်နယ်မြေသို့ တောခိုခဲ့တယ်။
၁၉၈၈ ဒီဇင်ဘာ လတွင် ရန်ကုန်သို့တာဝန်ဖြင့်လည်း ရောက်လာခဲ့သည်။ ထို့နောက်ဗကသများ အဖွဲ့ချုပ်တွင် ပါဝင်ဆောင် ရွက်ခဲ့သည်။
၁၉၈၉ ဖေဖော်ဝါရီလတွင် အင်းစိန်အကျဉ်းထောင်၌ တလခန့် ထိန်းသိမ်းခံရပြီး ပြန်လွတ်မြောက်လာသည့်နောက် ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရေးကော်မတီ၌ တာဝန်ယူခဲ့သည်။
၁၉၉၁ ဧပြီလတွင် ဗကသများအဖွဲ့ချုပ် (အောက်ဗမာပြည်)ကို ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။
၁၉၉ဝ အောက်တိုဘာလတွင် ပုဒ်မ ၅(ည)ဖြင့်စစ်အစိုးရ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ထောင်ဒဏ် (၅)နှစ်ချမှတ် ခြင်းခံခဲ့ရသည်။
၁၉၉၁ နိုဝင်ဘာလ(၂၄) ရက်တွင် အင်းစိန်ထောင်မှ သရက်သို့ ပြောင်းရွှေ့ခြင်းခံရကာ ၁၉၉၂ ဒီဇင် ဘာလ၌ မုံရွာထောင်သို့ ထပ်မံပြောင်းရွှေ့ ခံခဲ့ရသည်။
၁၉၉၄ ဒီဇင်ဘာလ၌ ထောင်မှ ပြန်လွှတ်မြောက်ပြီး ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ၁၉၉၇ ဇန်နဝါရီတွင် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတွင် ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၈၈ ဩဂုတ်လတွင် ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီအား စတင်ဖွဲ့ရာ၌ပါဝင်ခဲ့ပြီး လက်ရှိတာဝန်ထမ်း ဆောင်နေဆဲဖြစ်သည်။
၁၉၉၉ ဒီဇင်ဘာလတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) တွင် နိုင်ငံရေးအကျဉ်းသားဟောင်းအနေဖြင့် ပါဝင်လှုပ်ရှားဆဲ ဖြစ်သည်။
အခန်းထောင့်မှာ ဟင်းခိုးချက်တုန်း “ပုံစံ” ဆိုတဲ့အသံကြောင့် ကျနော်ဘာလုပ်ရတော့မှန်း မသိဘူး ဖြစ်သွားတယ်။ အနားမှာ အဆင်သင့်လုပ်ထားတဲ့ သဲတွေကို ပလတ်စတစ်ခွံတွေ ရှို့ထားတဲ့ မီးပုံပေါ် သွန်ချလိုက် တယ်။ ချက်နေတဲ့ဟင်းခွက်ကို အနံ့မထွက်အောင် အခြားပန်းကန်တခုနဲ့ အပြန်အုပ်လိုက်တယ်။ နောက်တံခါးဝကို သွားပြီး တင်ပလ္လင်ခွေပုံစံနဲ့ ထိုင်လိုက်တယ်။
မကြာပါဘူး။ ထောင်ပိုင်သောင်းညွန့် ဝင်လာတယ်။ ကျနော်အံ့အားသင့်သွားတယ်။ ကျနော်ထင်တာ ထောင်မှူးတယောက်ယောက်ပဲလို့ တွက်ထားတာ။ ကျနော်တို့စကားရန်ကို ကြောက်လို့ တိုက်ထဲကို ထောင်ပိုင် ဝင်မလာတာ အတော်ကြာပြီ။ ထောင်ပိုင်တန်းစီဆိုရင်တောင် ဘာကိုမှ မကြည့်ပဲ တိုက်ကိုဖြတ်လျှောက်ရုံ လျှောက်သွားတာ တလလောက်ရှိပြီ။
တန်းတန်းမတ်မတ်ပဲ ကျနော့်အခန်းရှေ့ကို ဦးတည်လာတယ်။ နောက်အခန်းဝမှာ လာရပ်တယ်။ နှာခေါင်းတရှုံ့ရှုံ့နဲ့ အခန်းဝ တံတိုင်းကိုကိုင်ပြီး အခန်းတွင်းကို ကြည့်တယ်။
“ဘာနံ့တွေလဲ”
နောက်ကပါလာတဲ့ အကျဉ်းဦးစီးဝန်ထမ်းငယ်ကတော့ လုံးဝမျက်နှာပျက်နေပြီ။ ကျနော်ကိုယ်တိုင်ကလည်း ဘာပြောရမှန်းမသိတော့။ သဲပုံတွေနဲ့ သံပန်းကန်ပြားတွေကို တွေ့သွားပြီး တချက်ပြုံးရုံပြုံးလိုက်ပြီး အခြားဖက် မျက်နှာလွှဲလိုက်တယ်။ သည်ထောင်ပိုင်သည်လို အပြုံးမျိုးကို ကျနော်အကြောက်ဆုံးပဲ။ သည်အပြုံးနောက်ကွယ်မှာ စဉ်းလဲတဲ့ အတွေးအကြံတွေ အများကြီးရှိတယ်ဆိုတာ ကျနော် သိလိုက်တယ်။ ထောင်ထဲမှာ (အထူးသဖြင့် အခုလို တိုက်ခန်းအတွင်းမှာ၊ ဟင်းခိုးချက်တာ တကယ့်ကို အပြစ်ကြီးတခုပဲလေ။ ထောင်ထဲမှာ မီးခြစ်ဆောင်ခွင့်မရှိဘူး။ ဟင်းစိမ်း ဆောင်ခွင့်မရှိဘူး။ ဟင်းချက်ခွင့်မရှိဘူး။ တိုက်ခန်းအတွင်းကို အုတ်ကျိုးပဲ့တွေ သွင်းခွင့်မရှိဘူး။ အခုအဲဒါ တွေအားလုံးနဲ့ ကျနော်ငြိစွန်းနေပြီ။ ထောင်ထဲမှာလည်း တပတ်မှတခါကျွေးတဲ့ အသားဆိုတာ လုံးဝစားလို့မရအောင် မာကျော၊ အရသာကမရှိနဲ့မို့ ကျနော်တို့ကတော့ ကျောကိုရင်းပြီး လျှာအရသာယူ တတ်ကြတယ်။ အခုကျနော့်အလှည့် ဟင်းခိုးချက်ပါတယ်။ ထောင်တခုလုံးအကြီးဆုံး ထောင်ပိုင်နဲ့မှ လက်ပူးလက်ကြပ် လာမိပါတယ်။ ကျနော်ဘာတတ်နိုင်တော့မှာလဲ။
“မင်းအဝတ်အစားပစ္စည်းတွေက ဒါအကုန်ပဲလား”
အင်မတန်ကို ကြည်ကြည်လင်လင် ချိုချိုသာသာနဲ့ မေးလိုက်တဲ့ ထောင်ပိုင်ရဲ့အသံဟာ ကျနော့်ကို အရမ်း အံ့အားသင့်သွားစေပါတယ်။ ယောင်ယမ်းပြီးခေါင်းညိတ်မိတယ်။
“ကျန်းမာရေးကော ကောင်းသွားပြီလား”
ပြီးခဲ့တဲ့အပတ်က ကျနော်ဖျားတာကို ရည်ရွယ်တယ်ထင်ပါရဲ့။ ခေါင်းညိတ်ပြလိုက်တယ်။ တခုခုတော့ မှားယွင်းနေပြီဆိုတာ တပ်အပ်သိလိုက်တယ်။ ကျနော်တို့အပေါ် တခုမဟုတ်တခု အပြစ်ရှာပြီး အပြစ်ပေးတတ်တဲ့ သည်ထောင်ပိုင် သည်လောက်ထိတော့ စေတနာထားမှာမဟုတ်ဘူးဆိုတာ ခေါင်းထဲမှာ ရှိနေတယ်။ ပြီးတော့ ကျနော့် အခန်းရှေ့ကနေ ဆက်လျှောက်သွားတယ်။ တစ်ဖက်က ဗုံတို (ဇော်မင်း -အုတ်ဖို လူ့ဘောင်သစ်) အခန်းရှေ့မှာ အလားတူ ချိုချိုသာသာနဲ့ မေးသံတွေကြားနေရပါတယ်။ နောက် ကိုနိုင်မွန်(နည်းပြ၊ ရန်ကုန်တက္ကသိုလ်) အခန်းရှေ့မှာ ထပ်ကြားရတယ်။ နောက်တိုက်ထဲကနေ ထွက်သွားတဲ့ခြေသံတွေ ကြားနေရတယ်။
တတိုက်လုံး (ကျနော်တို့ ၃ယောက်လုံး) အတော်ကြာ ငြိမ်သက်နေတယ်။ တတိုက်လုံး ကျနော်တို့ (၃)ယောက်ပဲရှိကြတယ်။ ကျနော်ရယ်၊ ကိုနိုင်မွန်ရယ်၊ ဗုံတိုရယ် တယောက် တခန်းစီပေါ့။ ကျန်တဲ့အခန်း အားလုံး အလွတ်တွေချည်းပဲ။ ထောင်ထဲမှာ လူချောင်နေလို့တော့မဟုတ်ပါဘူး။ ကျနော်တို့ (၃)ယောက်ကို ပြစ်ဒဏ်နဲ့ သည်တိုက်ကို ပို့လိုက်ကတည်းက ယခင်သည်တိုက်မှာ နေခဲ့ဖူးသူ အားလုံးကို အခြားရွေ့ လိုက်တယ်။ ပြစ်ဒဏ်ဆိုလို့ ကြီး ကြီးကျယ်ကျယ် ထောင်တွင်းဥပဒေတွေ ချိုးဖောက်တာတော့ မဟုတ်ပါဘူး။
ထောင်ဝင်စာကိစ္စ၊ ဆေးဝါးကိစ္စ၊ ထမင်းပုံစံကိစ္စ၊ အလုပ်ခိုင်းတဲ့ကိစ္စ တော်တော်များများမှာ မတရားမှုတွေကို ကျနော်တို့ သရက်ထောင် (၄)ဆောင်ကနေ အဆက်မပြတ် တင်ပြခဲ့တယ်။ တင်ပြမှုတိုင်းကို အရေးမယူတာကြောင့် အလုပ်မလုပ်နိုင်တာ၊ အိပ်တန်းမဝင်တာ စတဲ့ အာဏာဖီဆန်မှုတွေ လုပ်ခဲ့ကြတယ်။ (၄)ဆောင်မှာကလည်း ကျနော် တို(၃)ခန်းက လူငယ်တွေချည်းပဲ။ဒါကြောင့် အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့တိုင်း ကျနော်တို့နဲ့ချည်းပဲ အရင်တွေ့တယ်။
တခါတုန်းကဆို ညဖက်ကြီးမီးပျက်တဲ့အချိန် အိပ်ဆောင်ဘာယာတွေနဲ့ ကျနော်တို့အခန်းကလူငယ်တွေ ပြဿနာတက်ခဲ့ကြတယ်။ ထောင်မှာထုံးစံက မီးပျက်ရင် အားလုံးလှဲထားရတယ်။ အဲဒီည မီးပျက်တော့ ဘာယာတွေက အားလုံးကို လှဲခိုင်းထားတယ်။ ခေါင်းရင်းခန်းမှာ အခန်းလူကြီးနဲ့ ရာဇဝတ်သားအချို့ကထိုင်ပြီး စကားစု ပြောနေတုန်းကျနော်တို့တွေလည်း ထုံးစံအတိုင်း စကားစုပြောနေတုန်းပေါ့။ သည်ညအချိန်မှာ ဘာယာတွေက တုတ်တွေကိုင်ပြီး ကျနော်တို့ဆီ စုလာကြတယ်။ ကျနော်တို့ကို အတင်းလှဲခိုင်းထားတယ်။ ကျနော်တို့ထဲက ဦးအိန္နက (ဘုန်းကြီး)က သူပြောတဲ့ စကားကိုမရပ်ပဲ ဆက်ပြောနေတယ်။
“လှဲခိုင်းရင် အားလုံးလှဲခိုင်းပေါ့၊ ကျုပ်တို့ကိုချည်းပဲလာမပြောနဲ့”
ရဲကျော်စွာရဲ့ မာကျောကျောအသံကို အခန်းလူကြီး ဘဲဥကြားသွားတယ်။
“ဘယ်ကောင်လဲကွ၊ ဘာယာကိုခံပြောတာ။ ပြောမရရင် ဆော်သာဆော်”
ဘဲဥရဲ့အသံနဲ့အတူ ဘာယာတွေတုတ်တွေပြင်ပြီး ကပ်လာကြတယ်။ တပြိုင်နက်မှာပဲ စိတ်ဆတ်တဲ့ စည်သူဝင်း (တောင်ဥက္ကလာပ) ကနေ ဝိုင်းလယ်မှာချထားတဲ့ ပူပူနွေးနွေး ရေနွေးအိုးကို ကောက်ဆွဲလိုက်တယ်။ ကျနော်တို့ တားချိန်မရပါဘူး။ ဘာယာတွေဆီကို ရေနွေးအိုးဝဲသွားတယ်။ ဘာယာတွေနောက်ဆုတ်ပြီး အချိန်မှီရှောင် လိုက်နိုင်တယ်။ အခန်းနံရံကိုထိပြီး ပလတ်စတစ်ရေနွေးအိုး ကွဲထွက်သွားတယ်။ ရေနွေးတွေလွင့်စင်ပြီး တခန်းလုံးကို ဆူညံသွားစေတယ်။
အခန်းလူကြီးဘဲဥကနေ ညာသံပေးပြီး သူ့လူတွေနဲ့ ကျနော်တို့ဆီပြေးလာဖို့ ကြိုးစားတယ်။ ကျနော်တို့ အားလုံး တပြိုင်တည်းထပြီး ပြန်လည်တုန့်ပြန်ဖို့ ပြင်လိုက်ကြတယ်။ ဝန်ထမ်းတွေ အဆောင်အတွင်းကို ပြေးဝင် လာကြတယ်။ ပြီးတော့ ဘာယာတွေကို ရိုက်ဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျနော်တို့ဆီမကပ်ရဲဘူး။ သူတို့လန့်သွားတာက ကျနော်တို့ချည်း မဟုတ်တော့ဘူး။ ကျနော်တို့နဲ့အတူတူနေတဲ့ ကေအန်ယူက ရဲဘော်တွေ၊ ၈၈ အရေးအခင်းက လူသတ်မှုနဲ့ နှစ်ကြီးကျပြီး သရက်ထောင်ကို ပြောင်းခဲ့ရတဲ့ ရန်ကုန်ထောင်က လူမိုက်တွေပါ ကျနော်တို့ဖက်မှာ ရှိနေတယ်လေ။ ကျနော်တို့ကို တခုခုလုပ်တော့မယ်ဆိုတာနဲ့ သူတို့ကပါ ဝင်ပါတော့မယ်ဆိုတဲ့ သဘောနဲ့ သူတို့လည်း ထရပ်ကြပါတယ်။ အဲသည်ညက တညလုံး အခန်းလူကြီးနဲ့ ဘာယာကတဖက်၊ ကျနော်တို့ကတဖက် အခန်းထဲမှာ ဘယ်သူမှမအိပ်ပဲ ရန်စောင်နေကြတယ်။ ဝန်ထမ်းတွေကတော့ အခန်းအပြင်ကပဲ စောင့်ကြည့်နေတယ်။ သူတို့ကဖြစ်လာရင် အခန်းလူကြီးအုပ်စုကို ကူညီဖို့ စောင့်နေကြတာပါ။ ညဖက်အခန်းဖွင့်ဝင်လို့ မရလို့သာ အပြင်က နေကြည့်နေတာပါ။ ညနက်ပိုင်းမှာ ထောင်မှူးဦးအေးလှိုင်လာကြည့်တယ်။
မနက်မိုးလင်းတော့ မိန်းဂျေးလ်ရုံးကနေ နာမည်စာရင်းတွေ လာအော်တယ်။ မိန်းဂျေးလ်ထောင်မှူးဆီကို အမြန်လာဖို့ခေါ်တယ်။ ကျနော်ရယ်၊ ဗုံတိုရယ်၊ စည်သူဝင်းနဲ့ ရဲကျော်စွာတို့ လေးယောက် မိန်းဂျေးလ်ရောက်သွားတယ်။ ညဖက် အဖြစ်အပျက်ကို မေးတယ်။ ပြောရရင်တော့ နအဖထောင်တွင်းပုံစံ အရဆိုရင် ကျနော်တို့ဖက်က လုံးဝမှားနေတယ်။ အခန်းလူကြီး ဘာလုပ်လုပ် ပြန်ပြောခွင့်တောင်ရှိတာမှ မဟုတ်တာ။ မနက်ထမင်းစားချိန်အထိ ကျနော်တို့ကို ထမင်းစားခွင့် မပေးဘူး။ မကြာမှီမှာ သရက်ထောင်က နာမည်ကြီး သုံးပိဿခွဲခြေကျင်းနဲ့ ဒေါက်ကြီးတွေရောက်လာတယ်။ ကျနော်တို့အခြေအနေ မကောင်းတော့ဘူးဆိုတာ သိလိုက်ရပြီ။ သည်အချိန်မှာပဲ စည်သူဝင်းက သူ့အကြံကို စအကောင် အထည်ဖော်တော့တာပါပဲ။
“ထောင်မှူးကြီးခင်ဗျာ၊ ကျနော်တို့ကို အရေးမယူခင်မှာ ကျနော်ရုံးတွင်းတင်ပြစရာရှိပါတယ်”
ဦးအေးလှိုင်နဲ့ ဦးကျော်ဆန်းဦးတို့ရဲ့ မနှစ်မြို့တဲ့ မျက်နှာတွေက စည်သူ့ဖက်ကို စုပြုံကျလာတယ်။ အဖြေကိုတောင်မစောင့်ပါဘူး။
”ကျနော်တို့ အဆောင်မှူး မြင့်ဦးနဲ့ အခန်းလူကြီးဘဲဥတို့ပေါင်းပြီး ကျနော်တို့ဆီက သူတို့ကြိုက် တဲ့ဂျာကင်အင်္ကျီတောင်းပါတယ်။ အဲသည်အချိန်အနားမှာ အဆောင်မှူးမြင့်ဦးရဲ့ လက်ထောက် ကိုကျော်မြင့်လည်းရှိပါတယ်။ အဲဒါပေးရင် အလုပ်ဘုတ်ဖြုတ်ပေးမယ်လို့ ပြောပါတယ်။ ကျနော်က မပေးနိုင်ဘူးလို့ ငြင်း လိုက်ပါတယ်။ သည်အခါမှာ ကျနော်ကို သိကြသေးတာပေါ့၊ ငါတို့ခွင်ထဲရောက်လာလို့ကတော့ အသေပဲလို့ ပြောပါတယ်။ ညကဖြစ်တဲ့ကိစ္စက သည်အခြေအနေကို အငြိုးထားပြီး ရန်ရှာတာပါ။ ကျနော်တို့ကို အရေးယူသလို အဆောင်မှူးနဲ့ အခန်းလူကြီးကိုပါ တပါတည်း အရေးယူပေးပါ ”
ထောင်မှူးတွေ မျက်လုံးတော်တော်ပြူးသွားတယ်။ သူတို့ဝန်ထမ်းပါ ပတ်သက်နေတော့ ကိုင်တွယ်ရ ခက်လာပုံရတယ်။ သူတို့ချင်း အတော်ကြာကြီး စကားပြောနေကြတယ်။ မကြာမှီ ကိုကျော်မြင့်ရောက်လာတယ်။ ကိုကျော်မြင့်ကို သူတို့မေးနေကြတယ်။ ကိုကျော်မြင့်ဆိုတာ ၈၈ အရေးအခင်းတန်းက ထောက်လှမ်းရေးသူလျှိုတွေကို သတ်မှုနဲ့ ထောင်ကျလာတာပါ။ ဒါ့ကြောင့်ကျနော်တို့ဖက်မှာ ရှိတယ်ဆိုတာ တပ်အပ်သိလိုက်တယ်။ မကြာပါဘူး ဒေါက်တွေ၊ ခြေကျင်းတွေ ပြန်သိမ်းသွားတယ်။ စည်သူတစ်ယောက်ကလွဲပြီး ကျနော်တို့အားလုံးပြန်လွတ်လိုက်တယ်။ နာရီဝက်လောက်ကြာပြီး စည်သူအခန်းထဲ ပြန်ဝင်လာတယ်။ အောင်နိုင်တဲ့အပြုံးနဲ့ပေါ့။ သူ့ကိုထောင်မှူးက ညှိလိုက်တယ်။ ကျနော်တို့ကိုလည်း အရေးမယူဘူး၊ သူ့ဝန်ထမ်းကိစ္စကိုလည်း မေ့ထားဖို့ပါ။ သည်နေရာမှာ သာမန် ရာဇဝတ်သားတယောက်အတွက် မလွယ်ပါဘူး။ ကျနော်တို့ကျတော့ ပြင်ပမီဒီယာတွေ၊ ပြင်ပနိုင်ငံရေးအသိုင်း အပိုင်းထိ ပေါက်နိုင်တာမို့ ကြေလည်အောင် ညှိလိုက်တာပါ။ ရလာဒ်ကတော့ သက်သေထွက်ရတဲ့ ကိုကျော်မြင့် တယောက်ကို ထောင်ထဲမှာနေရာကောင်းလို့ ပြောရတဲ့ မိန်းဂျေးလ်ရုံးကနေ ထုတ်လိုက်ပြီး အလုပ်ကြမ်းဖြစ်တဲ့ ရေဆွဲကို ရွှေ့လိုက်ပါတယ်။ နောက်အဆောင်မှူးနဲ့ ထောင်မှူးတွေ ကျနော်တို့ကို ပိုပြီး ငြိုးသွားပါတယ်။ သူတို့ ငြိုးတဲ့ လုပ်ရပ်က အရမ်းကို သိသာလွန်းပါတယ်။ တခါတုန်းကလည်း ထောင်တွင်းမှာ ထမင်းမဝတာကို ကျနော်တို့ (၄)ဆောင် (၅)ဆောင်ကနေ တင်ပြပါတယ်။ အဲသည့်ညနေမှာပဲ ထောင်တွင်းထမင်းပုံစံ (၄၅)ကျပ်သားကို ချိန်ခွင်တွေနဲ့ ထိုးပြီး ကျွေးပါတော့တယ်။ ဒါ့ကြောင့် (၉)နာရီ၊ (၁၀)နာရီလောက်မှ ထမင်းစားနိုင်ပါတယ်။ ထောင်မှာက ထမင်းကိုပဲ အားထားစားရတာပါ။ (၃)၊ (၄)ရက်လောက်ကြာတော့ ထမင်းမဝတာ တင်ပြတဲ့ ကျနော်တို့အမှား ဖြစ်လာပါတယ်။ နောက်ကျတော့ ကျနော်တို့ပဲ လက်လျော့လိုက်ပါတယ်။
နောက်ဆုံး အခြေအနေကတော့ ဆပ်ပြာ ပုံစံတင်ပြမှုပါပဲ။ ထောင်တွင်းမှာ အရေပြားရောဂါ၊ ဝမ်းရောဂါ တွေကို အဓိက ကာကွယ်ရတာက တကိုယ်ရေသန့်ရှင်းရေးဖြစ်ပါတယ်။ သည်နေရာမှာထောင်တွင်းက ပုံမှန်ထုတ် ပေးနေတဲ့ ဆပ်ပြာကိုသာ အားထားနေရတာပါ။ ပြင်ပမှာ ကုန်ဈေးနှုန်းကြီးမားလာတာနဲ့အမျှ အကျဉ်းသား တွေရပိုင်ခွင့် ပစ္စည်းတွေဟာ ပြင်ပကိုထုတ်တဲ့ မှောင်ခိုပစ္စည်းတွေ ဖြစ်ကုန်ပါတယ်။ ဒါ့ကြောင့် ဆပ်ပြာပုံစံတွေဟာ သေးကုန်ပါတယ်။ ဒါကို (၄)ဆောင် နိုင်ငံရေးအကျဉ်းသားတွေကနေ ဦးဆောင်ပြီး ထောင်အာဏာပိုင်တွေကို တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ထောင်ကထုတ်ပေးတဲ့ ဆပ်ပြာတွေကို မယူကြတော့ပဲ ပြန်ပေးလိုက်ကြပါတယ်။ ဒါဟာ ထောင်တွင်းဆန္ဒပြခြင်း တမျိုးပါပဲ။ နောက်တနေ့မနက်မှာတော့ ထောင်လှန့်ပြီး ဝန်ထမ်းတွေအများကြီး အဆောင်ထဲကို ဝင်လာပါတယ်။
နောက်အားလုံးကို တိုက်ကို ရွေ့ပါတော့တယ်။ အဲဒီထဲကမှ ကျနော်ရယ်၊ ဗုံတိုရယ်၊ ကိုနိုင်မွန်ရယ်ကို သီးသန့် ခေါ်ပြီး(၄)တိုက်ထဲမှာ တယောက်တခန်းစီ သီးခြားထားပါတော့တယ်။ နောက်ရေချိုးနဲ့ အပြင်ထွက်ခွင့်ကို ပိတ်လိုက်ပါတော့တယ်။ (၃)ရက်လောက်မှာ ကျနော်၊ ဗုံတို၊ ကိုနိုင်မွန်၊ ကိုမြင့်စန်း၊ ကိုထွန်းထွန်း၊ ကိုမောင်မောင်မြင့်၊ ကိုရဲ(ယင်းမာ)နဲ့ ဖထီးအချို့ကို တဦးချင်းထောင်ပိုင်က ခေါ်တွေ့ပါတော့တယ်။ ကျနော့်ကိုခေါ်တဲ့ အချိန်မှာတော့ သူ့မျက်နှာတော်တော့ကို တင်းမာနေပါပြီ။
နိုင်ငံရေးသမားတွေကို ပုတ်ခတ်ပြောဆိုပြီး နဝတလေသံအတိုင်းပဲ အဖျက်သမားတွေ၊ ထောင်တွင်း ဆူပူရေးသမားတွေလို့ ပြောဆိုလာပါတယ်။ ကျနော့်ကိုလည်း ထောင်တွင်းဆူပူအောင် လှုံ့ဆော်တယ်၊ စည်းရုံးရေး လုပ်တယ် ဆိုတဲ့ စွဲချက်တွေနဲ့ စကားနာ ထိုးတော့တာပါပဲ။ နောက်မှ ကျနော့်ကို ပြောခွင့်ပေးပါတယ်။ ကျနော်က တော့ ထောင်ဝင်စာကိစ္စ၊ ဆေးဝါးများကိစ္စနဲ့ ထောင်ရာရှင် ကိစ္စတွေကို တင်ပြပါတယ်။ ကျနော်တင်ပြတာတွေ မှတ်ပြီး လက်မှတ်ထိုးခိုင်းပါတယ်။
”ဂလောက် ဂလောက်”
သော့ခလောက် စစ်သံတွေကြောင့် အတွေးစတွေပြတ်သွားတယ်။ တန်းပိတ်နေပြီး မကြာမှီမှာ ခြေကျင်း ငယ်တချို့ ဗူးဖက်ယူသွားတာကို တိုက်ခန်းဝကနေ လှမ်းမြင်လိုက်တယ်။
“ဖိုးသား တွေ့လားဘယ့်သူ့အလှည့်ကျမလဲ မသိဘူးဟေ့”
တစ်ဖက်ခန်းကနေ ဗုံတိုကနေ လှမ်းအော်ပြောတယ်။ ကျနော်တို့ ထင်တာကတော့ ကျနော့်တို့ကို ခြေကျင်းဒေါက်တွေခတ်ပြီး၊ ထုတ်ရိုက်တော့မယ်လို့ တွက်ထားတယ်။ ဝန်ထမ်းတွေ ယူနီဖောင်းအပြည့် လှုပ်ရှားမှုတွေပါ တွေ့နေရပြီ။ ဘယ်လိုပဲပြောပြော သွေးပူတုန်းက ထောင်ပိုင်ကို ပြန်ခံပြောတာတွေ၊ အာဏာဖီဆန်ရေး လုပ်တာတွေအတွက် သွေးအေးလာတော့ ကျောချမ်းလာတာတော့ အမှန်ပဲ။ ထင်သလိုပါပဲ။ မကြာမှီမှာ တိုက်ထဲကို ဝန်ထမ်းတွေရောက်လာတယ်။
“သားညွန့်ဦး၊ ဇော်မင်း(ဗုံတို)၊ နိုင်မွန်... ထွက်မယ် ”
ဝန်ထမ်းတစ်ယောက်ရဲ့ အော်သံနဲ့ သော့တွဲသံတွေဟာ ကျနော့်ပတ်လည်ကို အမြှောက်ဆံ တွေကျလာသလို ဆောက်တည်ရာမရ ဖြစ်သွားမစတယ်။ အသိကို ပြန်လည်စုစည်းဖို့ ကြိုးစားလိုက်တယ်။
“အဝတ်အစားတွေပါ အကုန်သယ်လာခဲ့"
ကျနော်ဝေဝါးသွားတယ်။ တိုက်ပြောင်းမှာလား၊ အဆောင်ပြောင်းမှာလား။ သာမန်အပြစ်ပေးထုတ်ရိုက်၊ ဒေါက်ခတ်ဖို့ဆိုရင်တော့ အဝတ်အစားတွေကိုပါ သယ်ခိုင်းလောက်အောင် သည်ကောင်တွေ စေတနာမပြည့်တာ အမှန်။ အဖြေက တဖြည်းဖြည်းပေါ်လာတယ်။ ကျနော်တို့ကို ဗူးဖက်ခေါ်သွားတယ်။ နောက်ဗူးဝမှာ ပုံစံအဖြူ တွေလဲခိုင်းတယ်။ ခြေကျင်းခတ်လိုက်တယ်။ နောက်တဖက်ဆောင်က ကိုမြင့်စန်းနဲ့ ကိုမောင်မောင်မြင့် တို့ ရောက် လာတယ်။ ဘယ်လိုပြောင်းမလဲဆိုတာ ကြိုပြောလေ့မရှိတာကြောင့် ကျနော်တို့လည်း မမေးတော့ပါဘူး။ နောက်တဦးချင်း လက်မှတ်တွေ ထိုးခိုင်းတယ်။ တဖက်ကိုလက်နဲ. ပိတ်ပြီးကွယ်ထားတာ သတိထားမိတယ်။ အဲသည်ညက ကျနော်တို့ သရက်ထောင်ကထွက်ပြီး သရက်အချုပ်မှာ ညအိပ်ရပါတယ်။ ထောင်ပြင်ပကို မရောက်တာကြာလို့ အရသာတမျိုးပါပဲ။
အခွင့်အရေးရတုန်းဆိုပြီး ရဲအုပ်တယောက်ကို ခွင့်တောင်းပြီး ပါလာတဲ့ငွေလေးနဲ့ အပြင်စားစရာတွေ ဝယ်ခိုင်းတယ်။ အဲသည်ညက သရက်မြို့က လ္ဘက်ရည်နဲ့ စမူဆာစားရင်း ငါးယောက်သား မှတ်မှတ်ရရ သီချင်းလေးတွေ ဆိုခဲ့ကြတယ်။
လက်မှတ်ထိုးခိုင်းတုန်းက ငါမြင်လိုက်တာ မိတ္ထီလာထောင်လို့ရေးထားတယ် ”
“ကျနော်မြင်တာကတော့ မန္တလေးထောင်ပါပဲ“
”မြင်းခြံလည်းဖြစ်နိုင်တာပဲ”
”ရွှေဘုန်းတုန်းကတော့ သာယာဝတီကို ပြောင်းလိုက်တယ်”
ဘယ်ထောင်ကိုပြောင်းမလဲဆိုတာ ကျနော်တို့အချင်းချင်း ငြင်းမိကြတယ်။ နေ့လယ်လောက်ကျတော့ ရှင်းလာတယ်။ ကျနော်တို့ကို အောင်လံခေါ်သွားတယ်။ နောက် ပြည်-မန္တလေးကားဂိတ်ကို ခေါ်သွားပြီး မန္တလေး သွားမယ့်ကားမှာ နေရာကြိုပြောပြီးသွားပြီလို့ ရဲအုပ်တယောက်က အဲသည်ထောက်လှမ်းရေးကို ပြောနေတာ ကြားလိုက်ရတယ်။
ကျနော်တို့အားလုံး မန္တလေးထောင်ပြောင်းမယ်လို့ တွက်ထားလိုက်ကြတယ်။ နောက်ထောက်လှမ်းရေး နှစ်ယောက် ရောက်လာပြီး ကားဂိတ်မှာပဲ ကိုယ်ရေးရာဇဝင် မှတ်တော့တာပါပဲ။ သူတို့လည်း တပါတည်း လိုက်မယ့်ပုံပေါ်တယ်။ ကားကနေ့လယ် (၁၂)နာရီလောက်မှ ဆိုက်မှာဆိုတော့ ကားဂိတ်ထဲက လုံခြုံရေးစခန်းမှာ ကျနော်တို့ကို ထည့်ထားတယ်။ ဈေးသည်တွေ၊ ခရီးသည်တွေအားလုံးကတော့ ကျနော်တို့ကို အထူးစိတ်ဝင်တစား ကြည့်နေကြတယ်။ ကျနော်တို့ပုံကလည်း တကယ့်ကိုရာဇဝတ်သားပုံတွေလို လုပ်ထားခံရတာကိုး။ လက်ထိပ် ခတ်ထားတယ်။ ခြေကျင်းခတ်ထားတယ်။ မတင်းတိမ်သေးပါဘူး။ ကျနော်တို့ကိုယ်ကို သံကြိုးတွေပတ်ပြီး အချင်းချင်း သွယ်ထားတယ်။ ရဲသားလေးတွေက ကျနော်တို့အထုပ်ကို စောင့်ရှောက်ထားပေးတယ်။ ရဲသားလေးတွေပုံကတော့ ကျနော်တို့ကို အထူးစာနာဟန်ရှိပါတယ်။ မကြာပါဘူး။ ကျနော်တို့ဆီကို မလိုင်တွေ၊ မုန့်တွေ၊ စားစရာတွေ
ရောက်လာတယ်။ ဘေးကဈေးသည်တွေ၊ ခရီးသည်တွေပေးကြတာတဲ့။ ကျနော်တို့ကို စကားတော့မပြောရဲကြဘူး။ နောက်မှသိရတာက ဈေးသည်တယောက် တိုးတိုးတိတ်တိတ်မေးလို့ ရဲသားတယောက်ဖြေလိုက်တာ ကျောင်းသားတွေမှန်း သိသွားတယ်။
ပြည်သူတွေဟာ ဘယ်လောက်ကြောက်နေနေ၊ ကျနော်တို့အပေါ် စာနာနားလည်ကြတာ၊ တတ်နိုင်သ လောက် ခိုးဝှက်ထောက်ခံကြတာ သိရတော့ ရင်ထဲမှာကြည်နူးသွားတယ်။ ခပ်လှမ်းလှမ်းက မလိုင်တွေရောင်းနေတဲ့ ရေးသည် အညာသူမကြီးတစ်ယောက်နဲ့ မျက်လုံးချင်းဆုံမိတယ်။ ကျနော့်ရှေ့ကမလိုင်အိုးကိုကြည့်ပြီး ကျနော်သူမကို ခေါင်းညိတ်ပြမိတယ်။ မလိုင်သည်အဒေါ်ကြီးက ကျနော့်ကိုပြုံးပြပါတယ်။ နောက်သူမ မျက်ဝန်းထဲမှာ မျက်ရည်စတွေလည်နေတာ သတိထားမိတယ်။ အောင်လံကားဂိတ်က အဲသည်နေ့က အဖြစ်အပျက်တွေဟာ ကျနော့်အတွက် တကယ်အမှတ်တရပါပဲ။
စုတ်ပြတ်နံချာနေတဲ့ပြည်သူတွေရဲ့ ဘဝကို အနီးကပ် မြင်လိုက်ရတာဟာ ကျနော်တို့အတွက် စိတ်ထိခိုက်စရာဖြစ်သလို ကျနော်တို့ကို စာနာထောက်ခံနေတယ်ဆိုတဲ့အသိက ကျနော်တို့ရင်ကို ပိုနာကျင်စေတယ်။ လက်ရှိ ကျနော်တို့က သူတို့ရှေ့မြင်ကွင်းမှာ ရန်သူ့လက်ကျနေတဲ့ သုံ့ပန်းတွေလို ရှုံးနိမ့်နေသူတွေ ဖြစ်နေတာကိုး။
ညနေစောင်းတော့ အညာရဲ့ ဆောင်အအေးဒဏ်က ကားထဲအထိ ခိုဝင်လာတယ်။ အညာရဲ့ နာမည်ကြီး သဲချောင်းတွေကိုဖြတ်ပြီး ပြင်ပကမ္ဘာရဲ့ လွတ်လပ်မှုတစုံတရာကို ခပ်ငွေ့ငွေ့လေးရှုရှိုက်မိတယ်။ ကိုမြင့်စန်းကနေ ခင်ဝမ်းရဲ့“ဧရာဝတီ” ဆိုတဲ့သီချင်းလေးကို စညည်းတယ်။ ထောက်လှမ်းရေးကော ရဲတွေပါကျနော်တို့ကို စာနာတာလား၊ တားရင်ပိုဆိုးမှာ ကြောက်လို့လားမသိဘူး။ ဘာမှမပြောဘူး။ ရဲအုပ်တယောက်ကတော့ ခဏခဏငိုက်နေတဲ့ ရှေ့ကရဲကို လက်ဝှေ့ပြီး လှမ်းလှမ်းသတိပေးနေတယ်။ နောက်တော့ ငိုက်မြဲငိုက်နေတာနဲ့ သူ့ဆီက သေနတ်ကို ရဲအုပ်က လှမ်းသိမ်းလိုက်တယ်။
ကျန်ရဲသားတွေအားလုံးက ကျနော်တို့ကို ကျောင်းသားတွေမှန်းသိတာနဲ့ သတိထားကြသလို၊ တလေးတစားလည်းရှိကြတယ်။ ကျနော်ကပဲ ခင်ဝမ်းရဲ့ “အမေ” ဆိုတဲ့သီချင်းလေးကို ဆက်ဆိုတယ်။ ကောရပ်စ် အပုဒ်ရောက်တိုင်း “ငါတို့အားလုံးရဲ့အမေ” လို့ဆိုလိုက်ရင် ကိုမြင့်စန်း၊ ဗုံတို၊ ကိုမောင်မောင်မြင့်တို့က ပါဝင်ဆို ကြတယ်။ ကိုနိုင်မွန်ကတော့ ငိုင်နေရှာတယ်။ မှောင်ရီသန်းလာတယ်။ အညာရဲ့ဆောင်းကို ရုန်းထွက်နေတဲ့ ကားသံဟာ ပိုကျယ်လာတယ်။
”ကမ္ဘာမကြေဘူး” ဆိုတဲ့တေးသွားလေးကို စာသားမရွတ်ပဲ ကျနော်တို့အားလုံး တိုးတိုးလေး ညည်းလိုက်ကြတယ်။ ရှေ့ကထောက်လှမ်းရေးနှစ်ယောက်ရဲ့ အမူအရာတွေ တောင့်တောင့်တင်းတင်း ဖြစ်သွားတာ သတိထားမိတယ်။ ကျန်ရဲသားတွေ အားလုံးကတော့ တိတ်တဆိတ်ပဲ နားစွင့်နေမှန်း သိသာတယ်။ အမှောင်ထုထဲမှာ ကျနော်တို့ရဲ့ရှိုက်သံတွေ ပိုတိုးသွားတယ်။
ရှေ့မှာ မကွေးမြို့ရဲ့ မီးရောင်သဲ့သဲ့ကို မြင်နေပြီး။ ၁၃၀၀ ပြည့်အလုပ်သမားကြီးတွေ ချီတက်လာတဲ့ လမ်းကြောင်းပဲဖြစ်မယ်။ မကွေးမှာ “ကိုဗဟိန်း” အဖမ်းခံလိုက်ရတယ်။ သမိုင်းတွင်တဲ့ “မီးဟုန်းဟုန်းတောက်ရမယ်” ဆိုတဲ့ ကိုဗဟိန်းဟောခဲ့တဲ့ မကွေးမြို့ဟာ ကျနော်တို့အဝင်မှာ တိတ်ဆိတ်နေတယ်။
ရေနံချောင်းရောက်တော့ ရေနံချောင်းမြို့အဝင်မှာ ကားရပ်တယ်။ ညစာစားဖို့ပြင်ရတယ်။ အချိန်ကတော့ ည(၁၂)နာရီကျော်နေပြီ။
(ဆက်ရန်...)
(ပီဒီအက်ဖ် စာမျက်နှာ ၉၇-၁၁၃)
စာရိုက် - ငနော့
Comments
Post a Comment