လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၁) 🖋 နေလင်း (အ.က.သ)
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၁)
နေလင်း (အ.က.သ)
◾ အခန်း(၁)
(က) ကျောင်းသားထုညီလာခံ
အချိန်ကာလက ၁၉၉၀ ခုနှစ်ထဲမှာပေါ့။
မေလက စစ်အစိုးရက ကျင်းပပေးတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ် အဖြေထွက်လို့ ဒီမိုကရေစီအင်အားစုတွေ ချိန်ခွင် အလေးသာနေချိန်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုတွေထဲက မိုးတွင်းကာလဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ သင်္ကေတလက္ခဏာတစ်ခုလို့ ဆိုရမလိုပါပဲ။
မိုးတွင်းကာလနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုဟာ ဆက်စပ်နေပါတယ်။ နဝတစစ်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်၊ ဖမ်းဆီးမှုကြောင့် မင်းကိုနိုင်အပါအဝင် ကျောင်းသားအများအပြား ဖမ်းဆီးခံနေရသလို၊ စစ်ထောက်လှမ်းရေးရဲ့ ညှင်းပမ်းနှိပ်စက်မှုဒဏ်တွေကို မခံရပ်နိုင်တော့လို့ နယ်စပ်ဒေသများဆီကို တိမ်းရှောင်သွားကြတဲ့ ကျောင်းသားများလည်း ရှိခဲ့ပါတယ်။
ပြန့်ကြဲနေတဲ့ကျောင်းသားများ၊ အဖွဲ့အစည်းများကို ရန်ကုန်မျက်နှာစာမှာ စုစည်းနိုင်ဖို့အတွက် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာသမဂ္ဂီအဖွဲ့ ဥက္ကဌ ဦးရေဝတနှင့် ဗကသ(အထက်ဗမာပြည်) မှကျောင်းသား၊ လူငယ်ကိုယ်စားလှယ်များဖြစ်ကြသည့် မိုးကျော်ဦး၊ ကိုစန်းယု၊ ကိုမင်းမင်းဦး၊ မခင်ဥမ္မာမြင့်၊ မမြင့်မြင့်ခိုင် စတဲ့မန္တလေးကကျောင်းသားထုများရဲ့ ပံ့ပိုး၊ ကူညီ၊ ကြိုးပမ်းမှုဖြင့် ရန်ကုန်မြို့ရှိကျောင်းသားအဖွဲ့အစည်းများ စုစည်းကာ ကျစ်လစ်ခိုင်မာသော ဗမာနိုင်ငံဆိုင်ရာ ကျောင်းသားမဂ္ဂများအဖွဲ့ချုပ် (အောက်ဗမာပြည်) ကို ပြန်လည်ဖွဲ့စည်း၍ ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသားထု ညီလာခံကြီးကို ၁၉၉၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၂) ရက်နေ့ အထိ မန္တလေးမြို့ မြတောင် ဘုန်းကြီးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တယ်။
အဲဒီညီလာကြီးကနေပြီး ကျောင်းသားထုမှ တောင်းဆိုချက် (၆) ချက်၊ အတည်ပြုချက် (၃) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၃) ရပ် ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲကပါဝင်တဲ့အချက် (၁) ချက်ကတော့ဗကသများအဖွဲ့ချုပ်ရဲ့ ၁၉၆၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ်ကျောင်းသားထု ညီလာခံကြီးကနေ အတည်ပြုချမှတ်ထားခဲ့တဲ့ မူ (၅) ချက်ကို ဆက်လက် ကိုင်စွဲပြီး အထက်ဗမာပြည်ကျောင်းသားများနဲ့ အောက်ဗမာပြည်ကျောင်းသားများ ဟန်ချက်ညီညီပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်သွားဖို့ ကျောင်းသားထုက သံဓိဌာန်တွေချမှတ်ခဲ့ တယ်။
အဲဒီနေရာမှာ ဗကသအဖွဲ့ချုပ်ရဲ့ ချမှတ်ထားတဲ့မူ (၅) ချက်ကတော့...
(၁)။ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
(၂)။ ဒီမိုကရေစီပညာရေး
(၃)။ ဒီမိုကရေစီရေး
(၄)။ ပြည်တွင်းငြိမ်းချမ်းရေး
(၅)။ အမျိုးသားရေး
တို့ပဲဖြစ်တယ်။
(ခ) အကသတို့ရဲ့ ဆိုင်းဘုတ်ဖြုတ်ပွဲ
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအပြီး အခြေခံပညာကျောင်းများ ပြန်ဖွင့်တဲ့အခါကြတော့ စစ်အစိုးရကနေပြီး ကျောင်းသားတွေဟာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ ပြောဆိုပြီးတော့ သူတို့ စစ်အစိုးရရဲ့ ပေါ်လစီဖြစ်တဲ့ ဒို့တာဝန်အရေး (၃) ပါး ဆိုင်းဘုတ်တွေကို ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေအနှံ့ လိုက်လံတပ်ဆင် ကြတယ်။
ကျောင်းတွေအနှံ့ စည်းရုံးရေးတွေပြုလုပ်ခဲ့တယ်။ အဲဒါတွေကိုမကျေနပ်ကြတဲ့ အခြေခံကျောင်းသား၊ ကျောင်းသူတွေဟာ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ စစ်အစိုးရရဲ့ ဒို့တာဝန်အရေး (၃) ပါးဆိုင်းဘုတ်ဖြုတ်ပွဲတွေ၊ စစ်အစိုးရဆန့်ကျင်ရေးပွဲတွေ ပြုလုပ်ခဲ့ကြတာကို တွေ့မြင်ခဲ့ရတယ်။ အဲဒီအချိန်မှာတော့ ရန်ကုန်မြို့မှာဆိုရင် ဗိုလ်တထောင်အမှတ် (၅) နဲ့ အမှတ် (၆) အထက်တန်းကျောင်းတွေမှာ စစ်အစိုးရရဲ့ ဒို့တာဝန်အရေး (၃) ပါး ဆိုင်းဘုတ်တွေကို ကျောင်းသားတွေပဲ ရိုက်ချိုး၊ ဖျက်ဆီး၊ ဖြုတ်ချမှုတွေ အရှိန်မပြတ်ပြုလုပ်နိုင်ကြသလို မန္တလေးမြို့မှာလည်းပဲ အခြေခံပညာအထက်တန်းကျောင်း တခုမှာဆိုရင် ကျောင်းဝင်းအတွင်းမှာ ရှိတဲ့ မဆလ အစိုးရရဲ့အလံကို အလံတိုင်ကနေ ဖြုတ်ချခဲ့တယ်။
ပြီးတော့ အဲဒီအလံကို ခြေထောက်မှာချည်ပြီး စစ်အစိုးရကိုဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ခရိုင်ကျောင်းသားများ သမဂ္ဂ (အခြေခံပညာ) ကျောင်းသူလေး တဦးဖြစ်တဲ့ မနေဆုလှိုင်ဟာ ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရတယ်။
တချိန်တည်းမှာပဲ ဒီလို အလားတူဖြစ်ရပ်တွေဟာ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ လသာ၊ ဒဂုံ၊ လမ်းမတော်၊ ကြည်မြင့်တိုင်၊ အလုံ၊ လှိုင်၊ ဒေါပုံအစရှိတဲ့ မြိုနယ်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။
ကမာရွတ်မြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှာဆိုရင် ကျားလေး ဆိုသည့် အခြေခံပညာ ကျောင်းသားတဦးမှ ဦးဆောင်ပြီး ဒို့တာဝန်အရေးသုံးပါး ဆိုင်းဘုတ်ကို ကျောင်းဝင်းအတွင်းကနေ ဖြုတ်ချခဲ့ ပြီးတော့ အဲဒီဆိုင်းဘုတ်ကို မီးရှို့တဲ့အထိ ဖြစ်ပွားခဲ့တယ်။ စမ်းချောင်းမြို့နယ်မှာဆိုရင်လည်း အဲဒီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ကျောင်းအဆင်းမှာ ဆန္ဒပြခဲ့ကြတယ်။ ကျောင်းသားတွေက “လူတွေအားလုံး ဗကပ၊ ခွေးတွေအားလုံး နဝတ” လို့ကြွေးကြော်ခဲ့ကြတယ်။
ဒီလိုကြွေးကြော်သံကို ဗိုလ်ခင်ညွန့်တစ်ယောက် ကြားတဲ့အခါမှာ ဆွေ့ဆွေ့ခုန်ပြီး ဆရာအတတ်သင်သိပ္ပံ ကျောင်းက ဆရာ၊ ဆရာမတွေကို ခေါ်ယူပြီး ဒါတွေဟာဆရာ၊ ဆရာမတွေ မဆုံးမလို့ ဖြစ်ရတာဆိုပြီး ခြိမ်းခြောက် ကြိမ်းမောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ မန္တလေးမြို့က အမှတ် (၉)၊ အမှတ် (၁) နဲ့ အခြားကျောင်းတွေက ကျောင်းသားတွေဟာ ကျောင်းဆင်းချိန်တိုင်း မြို့လယ်ခေါင်က ဈေးချိုနာရီစင်နား တဝိုက်မှာ စစ်အစိုးရဆန့်ကျင်တဲ့ ကြွေးကြော်သံများ၊ ဆန္ဒပြမှုများ ကြိုးကြားဖြစ်ပေါ်နေခဲ့တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဟာလည်း ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ ဂန္ဒီခန်းမမှာစုပြီး ကြေငြာချက် ၁/၉ဝ ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီကြေငြာချက်ထဲမှာ ရက်ပေါင်း (၃၀) အတွင်း ပြည်သူ့လွှတ်တော်ခေါ်ပေးရန်၊ နဝတ အစိုးရအား တောင်းဆိုထားသလို အင်းစိန်ထောင်ထဲမှာရှိကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း အနိုင်ရပါတီကိုအာဏာလွှဲပေးဖို့ အစာငတ်ခံတိုက်ပွဲဝင်ပြီး တောင်းဆိုနေတဲ့ အချိန် လည်းဖြစ်ပါတယ်။
ရန်ကုန်မြို့တော်မှာလည်း (၉၉၉ ဆိုတဲ့-ကိုးသုံးလုံးနေ့) ၁၉၉ဝ ပြည့်
စက်တင်ဘာလ၊ ၉ ရက်နေ့မှာ လှုပ်ရှားမှုတခုပြုလုပ်ဖို့ တပ်ဦးအဖွဲ့များကလည်း တပ်လှန့်ထားကြပါတယ်။ ဒီလိုနဲ့ (၈၈၈၈) နှစ်ပတ်လည် (၂) နှစ်ပြည့် အခမ်းအနားမှာ မန္တလေးမြို့အတွင်း သံဃာတော်များ ဆွမ်းလောင်းပွဲမှာ စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းတာကြောင့် သံဃာတော်တွေရဲ့ ဒေါသယမ်းအိုးဟာ ပေါက်ကွဲတော့မယ့် အခြေအနေကို ဆိုက်ရောက်လာခဲ့တယ်။ ဒါကြောင့် နဝတက လူဖမ်းပွဲကြီးကို တပြိုင်နက် စတင်ပါတော့တယ်။
(ဂ) တိမ်းရှောင်ပြီ
ကျနော်အဖမ်းမခံရမီ တပတ်လောက်အလိုမှာပဲ မြို့နယ်အသီးသီးက လှုပ်ရှားကြတဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူတွေကို နဝတ စစ်ထောက်လှမ်းရေးတွေက စတင်ဖမ်းဆီးတာတွေ ပြုလုပ်နေပါပြီ။ ဒေါပုံမြို့နယ်၊ ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တွေက အခြေခံပညာကျောင်းသားတွေ၊ (၉၉၉) လှုပ်ရှားမှုကို ဦးဆောင်မယ့် တပ်ဦးကရဲဘော်တွေဟာ ကျနော်တို့အရင် သူတို့က အင်းစိန်သီးသန့် အကျဉ်းထောင်မှာ ရောက်ရှိနေခဲ့တယ်။ ဖမ်းဆီးမှုတွေ များလာတာကြောင့် ကျနော်တို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံတဲ့နေရာတွေမှာ ခိုအောင်းဖို့ နေရာရှာကြရပါတယ်။
အဲဒီအချိန်ဟာ ကျနော်တို့အတွက် ဘုရားတရားအရိပ်ဟာလည်း လုံခြုံမှု မရှိတော့ပါဘူး။ တရက်မှာ ကျနော် ရှောင်တိမ်းနေကျဖြစ်တဲ့ ကမာရွတ်လှည်းတန်း ဂုံးဆင်းနားက အိမ်မှာ သွားအိပ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျနော်အဖမ်းမခံရခင် တရက်အလိုမှာပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ကျနော်အိပ်မဲ့အိမ်မှာ (ရကသ) က ကိုဖြိုး (ဖြိုးမင်းသိန်း) (ယခု တောင်ငူထောင်မှာ ထောင်ဒဏ် (၁၄) နှစ်ကျခံနေရသူ)နဲ့ ကြည့်မြင်ကောလိပ်က ကိုသက်ထွေးတို့နဲ့ ဆုံဖြစ်ကြပါတယ်။ ကိုဖြိုးက ကျနော့်ကို “မင်းသတိထားနေဦးနော်၊ ရဲမော်ထူး တယောက် ပျောက်နေတယ် ကြားတယ်။ မင်းနဲ့ကော တွေ့ ဖြစ်သေးသလား” လို့ မေးပါတယ်။ ကျနော်လည်း
“မတွေ့ဘူး၊ တနေရာမှာပဲ ပုန်းနေသလား၊ ဖမ်းဘဲခေါ်သွားပြီလား မသိသေးပါဘူး။ သတင်းကြားရင် ကျနော်ပြောပါ့မယ်”
ကျွန်တော် ဖြေလိုက်တော့ ကိုဖြိုးကပဲဆက်ပြီး “မောင်ရင့်ကို မန္တလေးက ဦးရေဝတက တွေ့ချင်လို့တဲ့ စာလည်းပေးလိုက်တယ်။ ဖတ်ကြည့်ပြီး သွားလိုက်ပါဦး” ဆိုပြီး စာကိုထုတ်ပေးတယ်။
စာကတော့ မန္တလေးမြို့ မှာ (၈၈၈၈) နှစ်ပတ်လည်နေ့က စစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်ကို အကူအညီ တောင်းထားတဲ့ စာပါ။
စာကို အိတ်ထဲပြန်ထည့်ပြီး အိမ်ရှင်ကကျွေးတဲ့ ဝက်ခေါင်းသုပ်နဲ့ ထမင်းကို ကျနော်တို့ (၃) ဦးသား စားသောက်ကြပါတယ်။ စားသောက်ပြီးအိပ်ဖို့ နေရာအတွက် ပြင်ဆင်တုန်းမှာပဲ အိမ်ရှင်က
“ဟဲ့၊ နင်တို့ဒီအိမ်မှာ အိပ်တာစိတ်မချရဘူး။ အိမ်နဲ့ကပ်ရက်က ဘုန်းကြီးကျောင်းမှာ သွားအိပ်။ ငါလိုက်ပို့ပေးမယ်။ အဲဒီမှာစိတ်ချရတယ်။ မနက်ကျရင်တော့ ကျောင်းထိုင်ဆရာတော် မနိုးခင် ငါတို့အိမ် ပြန်လာအိပ်ကြ” ဆိုပြီး အိမ်ရှင်လုပ်သူက ကျနော်တို့ကို တဖွဖွမှာပါတယ်။
“ကျောချစရာနေရာ တနေရာလုံခြုံရင် ပြီးတာပါပဲဗျာ” လို့ ကျနော်တို့ပြန်ပြောပြီး အိမ်ရှင်ဖြစ်သူ လိုက်ပို့တဲ့ အိမ်နားက ဘုန်းကြီးကျောင်းမှာ စတည်းချခဲ့ကြပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းထဲမှာ လူစိမ်းဝင်ရင် အော်တတ်လို့ ခွေးတွေထက် စိတ်ချမှုရှိတဲ့ ငန်းတွေမွေးထားတယ်။ အဲဒီ တညတော့ ဘုန်းကြီးကျောင်းမှာ အိပ်ပြီး နောက်တနေ့ အာရုဏ်ဆွမ်းမကပ်ခင် ကျောင်းတိုက်ကနေ
အသာလေး ထလာခဲ့ကြတယ်။ ကျနော်တို့တည်းတဲ့အိမ်ကို အိပ်ရေးမဝသေးတဲ့ မျက်နှာတွေနဲ့ ဝင်သွားတဲ့အခါမှာ တအိမ်လုံးမှာရှိတဲ့ သူတွေအားလုံး ပြူးတူးပြဲတဲမျက်နှာတွေနဲ့ ကျွန်တော်တို့ကို ကြည့်နေတယ်။ ပြီးတော့မှအိမ်ရှင်ဖြစ်သူက
“နင်တို့ ဒီအိမ်ကိုမလာကြနဲ့တော့။ ညက ထောက်လှမ်းရေးက သတင်း အတိအကျရထားလို့ နင်တို့ကို လာရှာတယ်။ ညက နင်တို့အဝင်အထွက်ပဲ၊ ထောက်လှမ်းရေးတွေ ရဲတွေ ရ၀တတွေ တအိမ်လုံးကို ပိတ်ရှာကြတာ။ နင်တို့ကိုမတွေ့လို့ ဒေါပွပြီး အိမ်ထဲမှာ အိပ်နေတဲ့ သူတွေ အားလုံးကိုထခိုင်း၊ သူတို့စစ်ဖိနပ်တွေနဲ့ ခြင်ထောင်တွေကို ကန်ပြီးရှာကြလေရဲ့။ သတင်းအတိအကျရပြီးမှ နင်တို့ကို မတွေ့တဲ့အတွက် နင်တို့ ဘယ်သွားလဲလို့မေးတယ်။ တအိမ်လုံးက ဘယ်သူမှ မလာဘူးလို့ ဖြေတာပေါ့။ အဲဒီတော့ထောက်လှမ်းရေးက မိလို့ကတော့ကွာ၊ တအိမ်လုံး ကိုဖမ်းပြီး အရေခွံခွာပစ်မယ်လို့ ကြိမ်းတယ်။ နောက်ပြီး အိမ်အောက်ကော၊ အိမ်နောက်ဖေးကော၊ အိမ်သာပါ နေရာအနှံ့လိုက်ရှာပြန်တယ်။ သတင်းအတိအကျ ရထားရဲ့သားနဲ့ လွတ်သွားတာ နာတယ်ကွာလို့ပြောပြီး မိလို့ကတော့ ခင်ဗျားတို့လည်း မလွယ်ဘူးသာမှတ်လို့ ကြိမ်းပြီးပြန်သွားတယ်”
အိမ်ရှင်ဖြစ်သူက မျက်နှာမှာ သွေးမရှိတော့ပဲ တုန်တုန်ရီရီ ပြောပြပါတယ်။
ညကအိပ်ရေးမဝလို့ ဒီမနက်မှာ တရေးလောက် ပြန်အိပ်မယ်လို့ စဉ်းစားထားတဲ့ စိတ်ကူးကို ဖျက်ပြီး မျက်နှာကို ကပျာကသီသစ်ပြီး သုံးယောက်သား အမြန်ပြန်ထွက်ခဲ့ကြပါတယ်။ လှည်းတန်းရောက်တော့ ကျနော်က ကိုဖြိုးနဲ့ ကိုသက်ထွေးတို့ကို “ခင်ဗျားတို့လို ခေါင်းဆောင်ကြီးတွေနဲ့ ပေါင်းအိပ်ရင် ကျနော်တို့လို ဘာမှမဟုတ်တဲ့ အညတရကောင်တွေပါ ထောင်ကျနေပါဦးမယ်” လို့ နောက်လိုက်တော့ ကိုဖြိုးက “ဟေ့ကောင် မင်းမမေ့ပါနဲ့နော်။ လစ်သင့်ရင်လစ်တော့” လို့ပြန်ပြောပြီး လမ်းခွဲခဲ့ကြပါတယ်။ လစ်တော့လစ်ချင်ပေမယ့် ချိန်းထားတဲ့ကိစ္စတွေက ရှိသေးတော့ ဦးရေဝတနဲ့ ချိန်းထားတဲ့နေရာကိုသွားဖို့ ပြင်လိုက်ပါတယ်။ တာမွေဘက်မှာ ဦးရေဝတနဲ့ တွေ့ပြီး ဆရာတော် အကူအညီ တောင်းထားတဲ့ကိစ္စအတွက် အစီအစဉ်တွေ ဆွေးနွေးကြပါတယ်။ တနင်္လာနေ့မှာပြန်ဆုံဖို့ အချိန်နဲ့ နေရာပြန်သတ်မှတ်ပြီး ကျနော်ပြန်လာခဲ့တယ်။
(ဃ) အဖမ်းမခံရခင် တရက်အလို
ဆရာတော်ဦးရေဝတဆီက အပြန်မှာတော့ ဒေါပုံမြို့နယ်ကသူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ကျော်ဝဏ္ဏရဲ့အိမ်ကို ထွက်လာခဲ့ပါတယ်။ ကျော်ဝဏ္ဏရဲ့ အိမ်က ကျနော့်ရဲ့ စားအိမ်သောက်အိမ် ဆိုလည်းမမှားဘူး။ ကျော်ဝဏ္ဏက စက်မှုတက္ကသိုလ် တက်ခွင့်ရနေပါပြီ။ ပြီးတော့ ဆယ်တန်း ကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပြနေတဲ့ ဆရာတဦး ဖြစ်သလို၊ ဗမာ့လူငယ်များ အစည်းအရုံး(ဗလစ)၊ ယခင် အာရှလူငယ်အဖွဲ့မှ လူငယ်ခေါင်းဆောင်တဦး လည်းဖြစ် ပါတယ်။
သူကအသန့်အပြန့် အလွန်ကြိုက်ပါတယ်။ လူကတော့ အသားမဲလို့ မီးပြတ်ရင် သွားပဲမြင်ရတယ်လို့ ကျွန်တော်တို့က နောက်လေ့ရှိပါတယ်။ သူလမ်းလျှောက်ရင် ပခုံးကို တဖက်စောင်းပြီး လျှောက်တတ်လို့ ကျနော်တို့က “ဖရိမ်” လို့ ခေါ်ကြပါတယ်။ ထောင်ထဲရောက်တော့ ကျော်ဝဏ္ဏက (၂) ယောက်ရှိပါတယ်။ သူနဲ့ နောက်တယောက် က ပဲခူးကကျော်ဝဏ္ဏပါ။ သူ့ကိုတော့ အားလုံးက ဖရိမ်လို့ ခေါ်ပြီး၊ နောက်တယောက်ကိုတော့ ပဲခူးက ကျော်ဝဏ္ဏလို့ပဲ ခေါ်ပါတယ်။ တခါက ထောင်ထဲမှာ ဖရိမ်ကို အဆောင်မှူး ဝန်ထမ်းတစ်ယောက်က ခေါ်ပြီး ထောင်နံပါတ်ကြီးမှာ သူ့နာမည်ကို ရေးတဲ့အခါ “ကျော်ဝန” လို့စာလုံးပေါင်းတော့ သူက ဆရာ ကျနော်နာမည်က “နကြီးနှစ်လုံးဆင့် ပေါင်းတဲ့ ဏကြီးပါ” လို့ပြန်ပြောပါတယ်။ ဝန်ထမ်းကလည်းရှက်ပြီး ငါလည်းမပေါင်းတတ်ဘူး။ “မင်းနာမည် မင်းဖာသာ ပေါင်း” လို့ပြန်ပြောခဲ့ပါတယ်။
ကျနော် ကျော်ဝဏ္ဏအိမ်ကိုရောက်တော့ သူ့ညီမဖြစ်သူ ပပက “ကျော်ဝဏ္ဏညကအိမ်ပြန်မအိပ်ဘူး” လို့ ပြောပါတယ်။ အဲဒီကနေ ဆယ်တန်းအောင်စာရင်း ထွက်မှာမို့ မနေ့ညကသူ့တပည့် ကျောင်းသားလေးတွေနဲ့ အတူသွားအိပ်တယ်လို့ ဆက်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အဲဒီမှာပဲရေချိုး၊ အဝတ်အစားလဲပြီး ကျော်ဝဏ္ဏနဲ့ တွေ့ချင်သေးတာကြောင့် သူပြန်လာရင် ဒီနေ့ နေ့လယ် တနာရီလောက် လှည်းတန်း စံရိပ်ငြိမ်က လက်ဖက်ရည်ဆိုင်ကို လာခဲ့ဖို့မှာပြီး ဒေါပုံရှိ ကျော်ဝဏ္ဏအိမ်ကနေ ပြန်ထွက်ခဲ့ပါတယ်။
မြို့ထဲဖက်ကိုသွားဖို့ ဦးတည်လိုက်ပါတယ်။ ကျနော် ရန်ကုန်မြို့ ထဲကိုရောက်တော့ လမ်း ၃၀ မှာနေတဲ့ ကျနော့သူငယ်ချင်း ဘုန်းဘုန်း (ဘုန်းမြင့်ထွန်း) ရဲ့အိမ်ကို ဦးတည်လိုက်ပါတယ်။ ဘုန်းဘုန်းဆိုတာ သုံးရောင်ခြယ် ကျောင်းသားလူငယ်အဖွဲ့ကပါ။ သူ့အိမ်ကိုတော့ မြို့လယ်ခေါင်က သူပုန်ဌာနချုပ်တခုလို့ ကျနော်တို့က နာမည် ပေးထားပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ သူ့အိမ်က စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားနေတဲ့သူတွေ တော်တော်များများ ဆုံတတ်တဲ့နေရာ တခုဖြစ်လို့ပါပဲ။
ဆုံဆည်းဖို့တင်မဟုတ်ပဲ စစ်ထောက်လှမ်းရေးရဲ့ဒဏ်ကြောင့် ကိုယ့်အိမ်ကိုယ်ပြန်လို့ မရတော့တဲ့
နေရာမဲ့သွားတဲ့သူတွေ အတွက်လည်း သူ့အိမ်ရောက်သွားရင်တော့ သူတတ်နိုင်သ၍ ကျွေးမွေးဧည့်ခံတတ်ပါတယ်။
ကျနော်တို့လို ကျောင်းသားတွေကို သူတို့မိသားစုက ကူညီခဲ့တာကြောင့်လည်း နဝရဲ့ အငြိုးကြီးကို ယနေ့တိုင် ခံစားနေရရှာလေရဲ့။
ကျွန်တော်ဘုန်းဘုန်းအိမ်ကိုရောက်တော့ သူအိပ်ရာကမထသေးပဲ ကုတင်ပေါ်မှာ ပိုးလိုးပက်လက် အိပ်ပျော် နေတုန်းပါပဲ။ ဒါပေမယ့် ဧည့်သည်တွေကတော့ ထုံးစံအတိုင်း သူ့အိမ်မှာရောက်ရှိနေပါတယ်။ စောစောစီးစီး ရောက်နေသူကတော့ ရက္ခီး (ညီထွေးခိုင်) နဲ့ ကိုစိန်လှိုင်တို့ပဲဖြစ်ပါတယ်။ ကိုစိန်လှိုင်ကတွေ့တွေ့ချင်း...
“မောင်ရင်တို့ ကြားပြီးပြီးလား” လို့ စပြီးမေးပါတယ်။ ကျနော်က “ဘာဖြစ်လို့လဲ” လို့ မေးလိုက်ပါတယ်။
“သားညွှန်ဦးနဲ့ ကိုအောင်ထွန်းတို့ကို ညကတပြိုင်နက်ထဲ ဖမ်းသွားကြတယ်”
“ဟုတ်လား"
“ဟုတ်တယ်။ ညက ၁၂နာရီလောက်မှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ကိုအောင်ထွန်းနဲ့ သားညွန့်ဦးတို့ အိမ်တွေကို တနေရာစီခွဲပြီး တပြိုင်တည်းဖမ်းသွားကြတယ်။ ကိုအောင်ထွန်းအိမ်က ဝရမ်းပါလား၊ ဖမ်းဝရမ်းမပါရင် မလိုက်နိုင်ဘူးလို့ ပြောလို့ သူ့အိမ်နဲ့ ထောက်လှမ်းရေးတွေစကားများကြသေးတယ်”
လို့ဘုန်းဘုန်းကပြောပြပါတယ်။ ကျနော်ကလည်း ညကကျွန်တော်ရယ်၊ ကိုဖြိုးနဲ့ ကိုသက်ထွေးကို ဆုံကြပုံ၊ ကျနော်တို့သုံးယောက်လုံး ကပ်သီလေးလွတ်သွားပြီး အဖမ်းမခံလိုက်ရပုံတို့ပုံကို ပြောပြလိုက်ပါတယ်။ န၀တက (၉၉၉) အုံကြွမှုဖြစ်မှာစိုးလို့ တပ်ဦးအဖွဲ့ဝင်တွေကို နှိမ်နင်းဖမ်းဆီးပြီး၊ အခုကျွန်တော်တို့ (ဗကသ) ကျောင်းသား တွေကိုတချိန်တည်း၊ တပြိုင်တည်းဖမ်းဆီး လာတဲ့ခြေလှမ်းပဲလို့ ကျနော်က ထပ်ပြောလိုက်ပါတယ်။
ကိုစိန်လှိုင်က
”ဒို့တတွေ သတိရှိရှိနေဖို့ ကောင်းပြီးနော်။ ကိုယ်လည်းရှောင်တော့မယ်”
“မင်းတို့လည်း ဘုန်းဘုန်းတို့ အိမ် လာကြရင် ကောင်းမယ်”
လို့ပြောပါတယ်။ ကိုရက္ခီးကတော့
“အေး... အားလုံး နည်းနည်းလေးရှောင်နေကြရင် ကောင်းမယ်” လို့ဝင်ပြောပြီး ချောင်းတချက်ဟန့် လိုက်ပါတယ်။ သူ့ကိုကြည့်ရတာ အအေးမိပြီး ချောင်းဆိုးနေတဲ့ပုံပါပဲ။
မောင်ဘုန်းကတော့ ကျနော့်ကိုစိုးရိမ်တယ်ထင်ပါရဲ့။
“ဟေ့ကောင်။ ငါတို့တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်းလေးဖက်ကို စည်းရုံးရေးဆင်းတုန်းက အင်းလေး ဖောင်တော်ဦးဘုရားက ဘေးအန္တရာယ်ကင်းရှင်းအောင် သင်္ကန်းစအနီလေးတွေပေးတယ်။ (အဲဒီသင်္ကန်းစ အနီလေးတွေမှာ ဂေါပကအဖွဲ့ရုံးရဲ့ တံဆိပ်တုံးလေးတွေ ရိုက်ထားတာ သတိထားမိပါတယ်) မင်းလည်း အန္တရာယ် ကင်းအောင်ဆောင်ထားပေါ့” ဆိုပြီးကျနော့်ကို အဲဒီသင်္ကန်းစတခုလက်ဆောင်ပေးပါတယ်။ အဲဒီနောက် ကျနော်လည်း အချိန်
မရှိတော့လို့ လှည်းတန်းမှာ အခြေခံပညာကျောင်းတွေက မြို့နယ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲရှိရာ ချိန်းထားတဲ့ နေရာကိုသွားဖို့ ပြောတော့ အားလုံးက ကျွန်တော်ကို မသွားဖို့ ဝိုင်းတားကြပါတယ်။
“ဟေ့ကောင်… မမေ့ပါနဲ့နော်”
“အဖမ်းအဆီးတွေ များနေတယ်”
“အစည်းအဝေးမလုပ်ရင် ကောင်းမယ်”
“ဖျက်လိုက်... မသွားပါနဲ့”
ဝိုင်းပြီးတားကြတဲ့ အသံတွေကို လျစ်လျူရှုပြီး ကျနော် ထွက်လာခဲ့တယ်။ မသွားရင်မဖြစ်တဲ့ ကိစ္စရှိနေတာကြောင့် အခြေခံပညာကျောင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ ချိန်းဆိုထားတဲ့နေရာကို ကျနော်ရောက်အောင် သွားခဲ့ပါတယ်။ ဒီတခါ ကျောင်းသားတွေနဲ့ ဆွေးနွေးပြီးရင် ဆရာတော်ဦးရေဝတနဲ့ မန္တလေးလိုက်သွားမယ်လို့
လမ်းမှာ တွေးလာခဲ့ပါတယ်။
ဒါပေမယ့် ကျနော်ရဲ့ စိတ်ကူးတွေကို နဝတ ထောက်လှမ်းရေးတွေက လက်ဦးမှု ရယူသွားခဲ့ပါတယ်။
◾ အခန်း(၂)
(က) သပြေမှာ အဖမ်းခံရပြီ
ဒီနေ့ မြို့နယ်အခြေခံပညာ ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲလုပ်မယ့် နေရာက ရန်ကင်းဖက်က ဘုန်းကြီးကျောင်းတခုမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျောင်းသားတွေ အစည်းအဝေးလုပ်မယ့် ဘုန်းကြီးကျောင်းနဲ့ လှည်းတန်း၊ စံရိပ်ငြိမ်က သပြေ လက်ဘက်ရည်ဆိုင်မှာနေရာခွဲပြီး ချိန်းထားပါတယ်။ ဘုန်းဘုန်းတို့ တွေအားလုံး ဝိုင်းတားနေတဲ့ကြားကပဲ လှည်းတန်းဖက်ကို ကျနော်ရောက်လာခဲ့ပါတယ်။ စံရိပ်ငြိမ်ပါလားလို့ ကားစပယ်ယာရဲ့ မေးသံကြောင့် မှတ်တိုင်ပါတယ်လို့ဖြေလိုက်ပြီး ကားပြတင်းပေါက်ကနေ တဆင့် ရန်ကုန်-အင်းစိန်လမ်းမပေါ်က သပြေ လ္ဘက်ရည်ဆိုင်ထဲကို ဝေ့ဝဲကြည့်လိုက်ပါတယ်။
လူငယ်အယောက် (၂၀) ကျော်လောက် ဟိုစားပွဲ၊ ဒီစားပွဲတွေမှာအသီးသီးထိုင်နေကြတာတွေ့ရပါတယ်။ ကျနော်လည်းကားပေါ်ကဆင်းပြီး ဆိုင်ထဲက စားပွဲဝိုင်းတခုမှာ ဝင်ထိုင်လိုက်ပါတယ်။ မင်္ဂလာတောင်ညွန့် မြို့နယ်က ယဉ်ထွေးကိုတွေ့တော့ “ရဲမော်ထူးအကြောင်း ဘာကြားသေးလဲ” လို့ ပေးလိုက်ပါတယ်။ ရဲမော်ထူး အဖမ်းခံရကြောင်း ယဉ်ထွေးကပြောပါတယ်။ ကျနော်က
“သားညွှန့်ဦးနဲ့ ကိုအောင်ထွန်းတို့ကိုတော့ မနေ့ညက အဖမ်းခံလိုက်ရတယ်။ ငါတို့တောင် ကံကောင်းလို့ အဖမ်းမခံရတာ”
အဲဒီအချိန်မှာပဲ ဆိုင်ရဲ့ ဘယ်နဲ့ညာ အသီးသီးကနေ ထောက်လှမ်းရေးတွေ၊ ရဲတွေ ဆိုင်ထဲကို ဝင်လာကြပါတယ်။ “ငါတို့လည်း မြန်မြန်ခြေရာ ဖျောက်ရအောင်။. အစည်းအဝေး လုပ်မယ့်နေရာကို သွားကြစို့” လို့ပြောဖို့အလုပ်မှာပဲ ထောက်လှမ်းရေးတွေက ဆိုင်ထဲကလူတွေအားလုံးကို နာမည်တွေ လိုက်မေးတာကို တွေ့ရပါတယ်။ ဆိုင်ရှေ့ကိုလှမ်း ကြည့်လိုက်တော့ တီအီးစစ်ကားတစီး၊ ရဲကားတစီးနဲ့ ဟိုင်းလတ်ကားတစီးတို့ ဆိုင်ပိတ်ရပ်ထားတာ တွေ့ရပါတယ်။ ထောက်လှမ်းရေးတွေကစားပွဲမှာ ထိုင်နေသူတွေကို မင်းနာမည် ဘယ်လိုခေါ်လဲ လို့မေးပြီး သူတို့ လက်ထဲ မှာကိုင်ထားတဲ့ စာအုပ်ထဲက နာမည်တွေနဲ့ တိုက်စစ်နေပါတယ်။ ကျောင်းသားတော်တော်များများဟာ နာမည်အရင်းတွေမပြောပဲ ပါးစပ်ထဲ.တွေ့ကရာနာမည်တွေကိုပြောကြလို့ ထောက်လှမ်းရေးတွေဟာ အပြန်အလှန် တယောက်ချင်း စစ်ဆေးပြန်တယ်။
“မင်းတို့ နာမည်တွေ မှန်မှန်ပြောနော်၊ သိလို့ကတော့ နာပြီသာမှတ်။ ထွက်ပြေးမယ်လို့ လည်းမကြိုးစားနဲ့။ မပစ်ရဲဘူးလို့ ထင်ရင် ထွက်ပြေးကြည့်ပေါ့” ဆိုပြီး ထောက်လှမ်းရေးတွေက အဆက်မပြတ် ခြိမ်းခြောက်နေပါတယ်။ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဆိုင်ရှင်အပါအဝင် ပတ်ဝန်းကျင်က လူတွေပါ ဝိုင်းအုံကြည့်နေကြပါတယ်။ ပြီးတော့ သပြေ လက်ဖက်ရည် ဆိုင်ရဲ့ဘေးကပ်ရက်က အိမ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကမာရွတ်မြို့နယ်ရုံးခွဲဖြစ်ပါတယ်။
ဆိုင်ပြင်ပကနေ ဝိုင်းကြည့်နေသူတွေ တဖြည်းဖြည်း များပြားလာပြီး “ကျောင်းသားတွေကိုဖမ်းနေကြတာ” ဆိုတဲ့ လေသံတွေ များပြားဆူညံလာချိန်မှာတော့ ထောက်လှမ်းရေးတယောက်က သူတို့ထဲက အဖွဲ့ခေါင်းဆောင်လို့ ထင်ရသူကို “သူတို့တွေကို ဘယ်လိုလုပ်ရမလဲဆရာ” လို့မေးလိုက်သံကို ကြားလိုက်ပါတယ်။ အဲဒီမှာတင် ဖမ်းဆီးမှုရဲ့ ခေါင်းဆောင်လုပ်သူက သူ့လက်ထဲက စာအုပ်အနီလေးကို ပိတ်လိုက်ပါတယ်။ ပြီးတော့
“ရှုပ်တယ်။ အကုန်လုံး ကားပေါ်တင်” လို့ အမိန့်ပေးပြီး ဟိုင်းလတ်ကားပေါ်ကို ကျနော်အပါအဝင် ကျောင်းသား (၃၀) ခန့်ကို ကားပေါ် တက်ခိုင်းပါတယ်။ ပြီးတော့ အပြင်ဖက်က အပေါက်ဝမှာ ထောက်လှမ်းရေးနဲ့ ရဲတွေက သေနတ်နဲ့ ချိန်ပြီး ရန်ကုန်တက္ကသိုလ်လှိုင်နယ်ထဲသို့ ကားကို မောင်းသွားခဲ့ပါတယ်။ ကျနော်တို့ ဟိုင်းလတ်ကားနောက်မှာ သံဆူးကြိုးခွေနဲ့ စက်သေနတ်တင်ထားတဲ့ တီအီး ၁၁ စစ်ကားတစီးလိုက်ပါလာပါတယ်။ လှိုင်နယ်မြေထဲကို ရောက်တော့ ကားပေါ်ကနေ တယောက်ချင်း ဆင်းခိုင်းပါတယ်။ ပြီးတော့ တကိုယ်လုံး အနှံ့ စစ်ဆေးရှာဖွေပြီး ကိုယ်ရေးရာဇဝင်တွေကို စတင်မေးမြန်းပါတော့တယ်။ ကျောင်းသားတော်တော်များများက သူတို့ရဲ့နာမည်တွေကို အမှန်အတိုင်း မပြောကြတာတွေ့ရပါတယ်။ ကျနော်လည်း အခြားနာမည်တခုကို ပြောပြီး လိမ်ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်လွယ်ထားတဲ့အိတ်ကို ရှာဖွေချိန်မှာတော့ ကံဆိုးစွာပဲ ဒိုင်ယာရီစာအုပ်ထဲက နိုင်ငံသား စိစစ်ရေးကဒ်ပြား ထွက်ကျသွားပါတယ်။
ဒါ မင်းစိစစ်ရေးကဒ်ပြားမဟုတ်လား... လို့ မေးတာကြောင့် ကျနော်လည်း ငြင်းလို့မရတော့ပါဘူး။ နောက်တော့ “မင်းကားပေါ် ပြန်တက်” ဆိုတဲ့အသံကြားလို့ ကားပေါ်ကနေ ခေါင်းငုံ့ကြည့်လိုက်တော့ ရဲကျော်စွာ (ကတုံးနဲ့) ပြန်တက်လာတာကို တွေ့ရပါတယ်။
သူလည်း သူ့ရဲ့ကျောင်းသားကဒ်ကို ထောက်လှမ်းရေးက တွေ့သွားလို့ ကားပေါ်တက်ခိုင်းခံရတာပါ။ ကျန်တဲ့သူတွေကိုတော့ နာမည်လိပ်စာ ယူပြီးပြန်လွှတ်ပေးလိုက်ပါတယ်။ ရဲကျော်စွာက ဗိုလ်တထောင်အထက (၂) က ကျောင်းသားတဦးပါ။ ဗိုလ်တထောင်မြို့နယ်က အခြေခံပညာ ကျောင်းသားကိုယ်စားလှယ် တဦးလည်း ဖြစ်ပါတယ်။ သူ့ အကိုဖြစ်သူ ကိုဘဘကြီး (ခ) ကိုမင်းအောင်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုယူရတဲ့ သုံးရောင်ခြယ်ကျောင်းသားအဖွဲ့က ဖြစ်ပါတယ်။ ၈၈ အရေးအခင်းမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ လို့ နဝတစစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။
အင်းစိန်၊ သာယာဝတီအကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ သူတို့ရဲ့ မိဘတွေက ရဲကျော်စွာတို့ ညီအကိုနှစ်ယောက်ကို သာသနာ့ဘောင်ကိုဝင်စေခဲ့ပါတယ်။ သူတို့ ညီအကို (၂) ယောက် သင်္ဃန်းစည်းသာသနာ့ဘောင်ဝင်တုန်း အစည်းအဝေးတခုမှာ ဗိုလ်တထောင်မြို့နယ်က ကျောင်းသားတွေနဲ့သာ တွေ့ရပြီး မြို့နယ်တာဝန်ခံနဲ့ မတွေ့တော့ ရဲကျော်စွာအကြောင်း မေးကြည့်ခဲ့ပါတယ်။ သူသင်္ဃန်းဝတ်နေတာကို သိရတော့ ကျနော်ရယ်၊ တရုတ်ကြီး (ခ) တင်ရွှေရယ် နှစ်ယောက်သားသူရှိတဲ့ဘုန်း ကြီးကျောင်းကိုလိုက်သွားခဲ့ပါတယ်။ ပြီးတော့ “ရဲကျော်စွာ။ မင်းမရှိလို့ တိုင်းနဲ့ မင်းတို့မြို့နယ် အဆက်အသွယ်ပြတ်နေတယ်။ လှုပ်ရှားမှုတွေရှိလို့ မင်းတို့ မြို့နယ်မှာ မင်းမရှိလို့ မဖြစ်ဘူး” စသည်ဖြင့် ကျနော်တို့ရဲ့ တိုက်တွန်းမှုကြောင့် ရဲကျော်စွာ တယောက် ရက်မစေ့ခင်မှာပဲ သင်္ဃန်းချွတ်ခဲ့ပါတယ်။
လူ့ဘောင်ကို ကူးပြောင်းပြီး နောက်တနေ့ ပူပူနွေးနွေးမှာပဲ ကျနော်နဲ့အတူ အဖမ်းခဲ့ရတာပါ။ (ရဲကျော်စွာဟာ ၁၉၉၀ ခုနှစ်မှာ ကျနော်တို့နဲ့ အတူတူထောင်ကျခဲ့ပြီး၊ ၁၉၉၃ ခုနှစ်မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်သွားခဲ့ပါတယ်။ ပြင်ပမှာ ဆယ်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ရန်ကုန်စက်မှု တက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ရဲကျော်စွာဟာ ၁၉၉၆ခုနှစ် ဒီဇင်ဘာ ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ထောက်လှမ်းရေးရဲ့ ဖမ်းဆီးမှုကိုပြန်လည်ခံခဲ့ရပြီး ထောင်ဒဏ် (၁၉) နှစ် ချမှတ် ခံခဲ့ရပါတယ်။)
(ခ) စစ်ကြောရေးကို ဖြတ်သန်းစဉ်
ကျနော်နဲ့ ရဲကျော်စွာကို ဖမ်းဆီးတင်ဆောင်လာတဲ့ ဟိုင်းလတ်ကားဟာ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ ကျောင်းဝင်းထဲကအထွက်မှာပဲ ကျနော်တို့ (၂) ယောက်စလုံး ခေါင်းစွပ်တွေနဲ့. အစွပ်ခံလိုက်ရပါတယ်။ ကျနော်တို့ ကိုစွပ်ထားတဲ့ ခေါင်းစွပ်အဖြူဟာ သွေးတွေပေကျံနေပြီး လူတကာကို ရိုက်နှက်ထားမှန်း သိသာလှပါတယ်။ လျှော်ဖွပ်ထားခြင်း မရှိတာကြောင့် ခေါင်းစွပ်ရဲ့အနံ့ဟာ အင်မတန်ကို ဆိုးရွားလွန်းပါတယ်။
ကျနော်တို့ကို တင်ဆောင်လာတဲ့ကားက ဟိုကွေ့၊ ဒီကွေ့နဲ့ လမ်းကိုမမှတ်မိနိုင်အောင် မောင်းနေတာကို သတိထားမိပါတယ်။ အချိန်အတော်ကြာ မောင်းလာပြီး မကြာခင်မှာပဲ ကားကိုစက်ရပ်လိုက်ကာ ကားပေါ်ကနေ ကျနော်တို့ကို ဆင်းခိုင်းပါတယ်။ ပါးစပ်က နေပြီးတော့လည်း
”ကျော်... ကျော်”
”ခွ... ခွထား”
“လေးဖက်ကုန်းသွား”
ဆိုပြီး ဆက်တိုက်အော်ဟစ် ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ကို “ခေါင်း တိုက်မိမယ်။ အပေါ်မှာတန်းရှိတယ်။ ငုံ့ငုံ့... ခါးကုန်းပြီးသွား” လို့ပြောနေပေမယ့် ကျနော်တို့ကို အမိန့်ပေးနေတဲ့ ထောက်လှမ်းရေးရဲ့ အသံကတော့ ကျနော်တို့ရဲ့အပေါ်ပိုင်းက လာနေတာဆိုတာ ကျနော် ရိပ်မိလိုက်ပါတယ်။ ကားပေါ်ကနေ အောက်ရောက်တော့ ကျနော်နဲ့ ရဲကျော်စွာကို အခန်းခွဲပြီး ချုပ်ထားလိုက်ပါတယ်။ ကျနော် ရောက်နေတဲ့အခန်းက မှောင်မဲလွန်းပြီး ဘာမှမမြင်ရတာကြောင့် ထိုင်ရမလို၊ ထရမလို ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ အခန်းထဲကို ထောက်လှမ်းရေးတယောက် ဝင်လာပြီး
“ခေါင်းစွပ်ကိုမချွတ်နဲ့ နော်။ ချွတ်လို့ကတော့ မသာပေါ်ပြီသာမှတ်”
လို့ကြိမ်းမောင်းပြီး ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ကျနော်ရောက်နေတဲ့ လက်ရှိနေရာကို လေ့လာ ဖို့အတွက် ခေါင်းစွပ်ကိုနည်းနည်း မ ပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ ကြမ်းပြင်မှာ ကွပ်ပြစ်လေးတခု ခင်းထား တာကို တွေ့ ရပါတယ်။
အဲဒီ ကွပ်ပြစ်လေးရဲ့ ဘေးမှာ လမ်းလျှောက်ဖို့အတွက် ၁ ပေကျော်လောက်ရှိတဲ့ သမံတလင်း ကျဉ်းကျဉ်းလေးတခုရှိပါတယ်။ ဆက်ပြီးအပေါ်ကိုမော့ကြည့်လိုက်တော့ လူတက်ဖို့ မမှီနိုင်လောက်တဲ့ နေရာလောက်မှာ ၁ ပေပတ်လည်ရှိတဲ့ သံဇကာတချပ်နဲ့ လုပ်ထားတဲ့ လေဝင်ပေါက်တခုကို တွေ့ရပါတယ်။
ကျန်တာတွေကတော့ အုတ်နံရံတွေ ချည်းသက်သက်ပါပဲ။ မိနစ်ပိုင်းလောက်အကြာမှာပဲ တံခါးဖွင့်သံကြားရပြီး၊ အခန်းထဲကို တယောက်ဝင်လာပါတယ်။ ကွပ်ပျစ်ပေါ်မှာခေါင်းစွပ်နဲ့ ကျနော်ထိုင်တာကို တွေ့သွားတော့ “မင်းကိုဘယ်သူထိုင်ခိုင်းလို့လဲ” လို့မေးပြီးကျနော့် ရင်ဘတ်ကို လက်သီးနဲ့ တချက် ထိုးလိုက်ပါတယ်။ ပြီးတော့
“ဒီအတိုင်းမတ်တပ်ရပ်နေ။ ငါနောက်တခေါက် ပြန်ဝင်လာလို့ ထိုင်နေတာတွေ့ရင် ဒီထက်ပိုနာမယ်”
ပြောပြီး ပြန်ထွက်သွားပါတယ်။
မကြာခင်မှာပဲ နောက်ထပ် အသံရှင်တယောက် ထပ်ရောက်လာပြီး
“ဟေ့ကောင်။ ညကမင်းဘယ်မှာအိပ်သလဲ” ဆိုပြီး စမေးတယ်။
“ညက လှည်းတန်းဂုံးဆင်းက (...) တို့အိမ်မှာအိပ်ပါတယ်”
“မင်းမလိမ်နဲ့။ ပါးပိတ်ရိုက်လိုက်မယ်။ ငါတို့ကိုညာဖို့ စိတ်မကူးနဲ့။ အဲဒီညက ငါတို့ လှည်းတန်းမှာ လာရှာတယ်။ မင်းပြောတဲ့အိမ်ပဲ။ မရှိဘူး။”
“တကယ်ပါ။ ညက လှည်းတန်းအိမ်မှာပဲ အိပ်တာပါ”
“ကဲ... ထားလိုက်ပါ။ ညက လှည်းတန်းမှာ အိပ်တယ်ဆိုရင် ဖြိုးမင်းသိမ်း အခုဘယ်မှာလဲ”
“ကျနော်မသိဘူး။ ကျနော် ဖာသာ တယောက်တည်းနေတာပါ။”
“ကဲ... ကောင်းပြီ။ ညကလှည်းတန်းမှာ အိပ်တယ်ဆိုရင် ဘယ်မှာအိပ်တာလဲ။ ဘယ်သူတွေနဲ့ အိပ်တာလဲ”
“(…) တို့ရဲ့ ဂုံးဆင်းကအိမ်နဲ့ ကပ်ရက်က ဘုန်းကြီးကျောင်းမှာအိပ်တာပါ။ ကိုဖြိုးနဲ့ သက်ထွေးတို့ လည်းပါပါတယ်”
“ဘုန်းကြီးက မင်းတို့ကိုလက်ခံထားတဲ့သဘောပေါ့”
“မဟုတ်ပါဘူး။ ကျောင်းထိုင်ဘုန်းကြီးမသိအောင် ညဖက် ဆရာတော်ကျိန်းနေတဲ့ အချိန်ကျမှ ဝင်အိပ်တာပါ။ မနက် ဆရာတော် အာရုဏ်ဆွမ်းမစားခင် ကျောင်းတိုက်က ထွက်ပါတယ်”
“ညက ဖြိုးမင်းသိန်းနဲ့ သက်ထွေးက မင်းနဲ့ အတူတူအိပ်တယ်ဆိုတော့ မင်းနဲ့အဆက်အသွယ်ရှိမှာပဲ”
“ဒီကောင်တွေဘယ်မှာ အိပ်တယ်ဆိုတာ မင်းသိမှာပဲ”
“မသိပါဘူး။ မနေ့ညက မထင်မှတ်ပဲ ဆုံမိကြတာပါ”
“ဟေ့ကောင်မလိမ်နဲ့။ ဟာ… ဒီကောင်နာတော့မယ်။ ငါတို့မှာ အချိန်သိပ်မရှိဘူး။ ဟေ့ကောင်တွေ။ ဒီကောင့်ကို ပုံစံပေးလိုက်စမ်း။ ဒီကောင်စကားပြောတဲ့ ပုံစံကို ငါ မကြိုက်ဘူး။ ဗလကြီးကိုခေါ်လိုက်။ ဒီမှာပုံစံ မောင်းရမယ့်ကောင် တကောင်ရောက်နေပြီလို့။ ငါပြန်လာလို့.. အဖြေမရသေးရင် ဒီကောင်ကော၊ မင်းတို့ပါ
နာပြီသာမှတ်ပေတော့”
ပြောဆိုပြီး အသံရှင် ပျောက်သွားပါတယ်။ နောက်တော့ လေသံခပ်မာမာနဲ့ အသံရှင်တဦး ထပ်ပေါ်လာပါ တယ်။ သူတို့ပြောနေတဲ့ ဗလကြီးဆိုတာပဲ ဖြစ်မယ်လို့ ကျနော်တွေးမိပါတယ်။
“ဟေ့ကောင်”
ဆိုတဲ့အသံကြီးပေါ်လာပြီး ကျနော်ခန္ဓာကိုယ်ကို တွန်းလိုက်တဲ့အတွက် တချက်ယိုင်ထွက်သွားပါတယ်။ ပြီးတော့
“ငါတို့ကို ပြဿနာမရှာနဲ့။ မေးတာမှန်မှန်ဖြေ၊ မဖြေလို့ အထက်က ဆူလာလို့ရှိရင် ငါတို့ပဲအလုပ်ရှုပ်တယ်။ မင်းမှန်မှန်ကန်ကန်ပြောရင် ခုလိုမင်းနဲ့ ငါ တွေ့ စရာအကြောင်းမရှိဘူး။ အခြားကောင်တွေက မင်းလို ပြဿနာမရှာဘူး၊ အေးအေးဆေးဆေးပဲ ဖြေသွားတာ။ ခေါင်းမမာနဲ့၊ ခေါင်းမာရင် ခွဲပစ်မယ်၊ ကြားလား”
“ကျွန်တော်မှန်မှန်ကန်ကန်ဖြေတာပဲ၊ မသိတာကိုမသိဘူးလို့ ပြောတာပဲ”
”မှန်မှန်ကန်ကန်ပြောတာလား။ မင်းမှန်မှန်ကန်ကန်မပြောလို့ ငါလာရတာ”
ပြောပြောဆိုဆို ကျနော့် မျက်နှာကို လက်သီးများ အဆက်မပြတ်ပစ်သွင်းတာ ခံလိုက်ရတယ်။ ကျနော့်မျက်နှာနဲ့ တကိုယ်လုံးကို အုတ်နံရံနဲ့ ဖိကပ်ထားပြီး
“ဟေ့ကောင်၊ မင်းကောင်တွေ ရှိတဲ့နေရာကို အမှန်ပြောမလား၊ မပြောဘူးလား”
ဆိုပြီးမေးပါတယ်။ အဲဒီအချိန်မှာပဲ နောက်ထပ် အသံရှင်တယောက် နံဘေးကနေပေါ်လာပြီး
“ဟေ့ကောင်တွေ၊ ဒီလောက်ထိမလုပ်ပါနဲ့ကွာ၊ ဒီကောင်မောနေမှာပေါ့၊ ညီလေးကလည်း အကိုတို့
ဆီကမေးတဲ့ မေးခွန်းတွေကို လိမ်လိမ်မာမာနဲ့ ပြောလိုက်ပါကွာ၊ အမှန်အမှန်အတိုင်းပေါ့။ အချိန်ကြာလာရင် မင်းအသားနာလိမ့်မယ်။ မင်းတို့ရဲ့နိုင်ငံရေးဆရာကြီးတွေ ကိုယ်တိုင် ပြာဆင်းသွားတဲ့ ရေကြည်အိုင်ဆိုတာမင်း ကြားဖူးမှာပေါ့၊ ငါတို့နိုင်ငံတော်မှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တားဆီးဖို့တာဝန်ရှိတယ်။
ငါတို့က မင်းကိုကောင်းကောင်း မွန်မွန် မေးနေရင် ကောင်းကောင်းမွန်မွန်ဖြေလိုက်ပေါ့။ ဟုတ်ပြီလား။ ဖြိုးမင်းသိန်းဘယ်မှာလဲ၊ အခြားအဖွဲ့ ဝင်တွေကော ဘယ်မှာလဲ”
”... ...”
“မင်းတို့နဲ့ တဖွဲ့ထဲပဲ၊ မင်းသိပါတယ်။ မှန်မှန်ပြောလိုက်ပါ။ အသားအနာ မခံစမ်းပါနဲ့”
လေသံ ပျော့ပျော့လေးနဲ့ ဆက်ပြောပါတယ်။
“ကိုဖြိုးနဲ့ အခြားသူတွေဘယ်မှာရှိတယ်ဆိုတာ ကျနော်မသိပါဘူး။ ခင်ဗျားတို့ အခုလို ကျနော်တို့ကို ဖမ်းနေတာတွေကြားလို့ လုံခြုံတဲ့နေရာမှာ သူတို့အစီအစဉ်နဲ့ သူတို့ပုန်းအောင်းနေမှာပဲ”
ကျနော့်ရဲ့ ပြန်လည်အဖြေပေးတာကို လက်မခံနိုင်ကြတဲ့အတွက် အသံရှင်တယောက်က
“မင်းကိုထိုးထားတာမမှတ်မိသေးဘူးလား။ ဟေ့ကောင်း... မင်းငါ့ကိုဘာကောင် အောက်မေ့နေလို့လဲ။ ခွေးမသား၊ ဒီလိုပုံစံမျိုးမရဘူးကွဒီလိုအချိုးမျိုး လာချိုးလို့ မရဘူး။ မင်းလောက်ကတော့ အပျော့ပေါ့ကွာ”
အသံတွေချက်ချင်း ဆူဝေတက်သွားပါတယ်။
“ဟေ့ကောင်၊ ဒူးကွေး၊ ခြေကိုခွဲ၊ ခြေဖျားထောက်၊ လက်မြောက်ထားစမ်း”
“ဒီလောက်တောင် မပြောချင်တဲ့ကောင်သစ္စာရှိတယ်ပေါ့။ မင်းနဲ့ငါတွေ့ကြသေးတာပေါ့။ ရိုက်နေရင် အရှိုးရာထင်နေဦးမယ်။ မင်းတို့သေသွားလို့ ဘီဘီစီ မကလို့ ကုလသမဂ္ဂကိုပဲတိုင်တိုင် စောက်ဂရုမစိုက်ဘူးကွ၊ ဘာအောက်မေ့နေလို့လဲ၊ မင်းငါအခုပြောထားတဲ့ ပုံစံအနေအထားကနေ ပြောင်းလာရင် ငါကို အဆိုးမဆိုနဲ့ နော်”
ပထမက လေသံပျော့ပျော့နဲ့ တယောက်က ကျနော့်ဘေးကနေပြီး
“ညီလေးရာ၊ ဒုက္ခမခံစမ်းပါနဲ့၊ မင်းတို့လူတွေဘယ်မှာရှိနိုင်သလဲ၊ ကဲဒီညကော ဘယ်မှာ အိပ်နိုင်မလဲ”
”... ...”
“မင်းအထင်ပြောကြည့်စမ်းကွာ၊ မင်းတို့ မနေ့ညက အိပ်ခဲ့တဲ့နေရာမှာကော ရှိနိုင်မလား၊ ပြီးတော့ ခုချိန်မင်း တို့အဖွဲ့တွေဘယ်မှာစုစည်းနိုင်မလဲ”
နောက်ထပ်အသံရှင်တယောက်က…
“ဟေ့ကောင်၊ ခေါင်းမာဖို့ မကြိုးစားနဲ့၊ မင်းတို့အဖွဲ့ဝင်တွေ တော်တော်များများ မိပြီးနေပြီ၊ ဒီကောင်တွေပြောလို့ မင်းကိုဖမ်းနိုင်တာ၊ သစ္စာရှိမနေစမ်းပါနဲ့ကွာ၊ မင်းမပြောလည်း သူတို့ကပြောမှာပဲ၊ ဒီတော့ မင်းအသား အနာခံမနေနဲ့၊ မနေ့ညကနေရာမှာရှိနိုင်သေးလား၊ အချိန်သိပ်မရှိဘူး၊ မြန်မြန် ပြောကွာ”
“ကျွန်တော်တိတိကျကျ မပြောနိုင်ဘူး။ မနေ့ညက လှည်းတန်းမှာဖမ်းဆီးတာတွေလုပ်တာကြောင့်
မနေ့ညကနေရာမှာ ဘယ်နည်းနဲ့မှ ပြန်မအိပ်နိုင်ပါဘူး။ သူတို့ဘယ်မှာရှိတယ်ဆိုတာလည်း ကျနော်မခန့်မှန်းတတ်ပါဘူး”
ကျနော်အဖြေအပြီးမှာ ဒီကောင်တွေ ယမ်းပုံမီးကျဖြစ်သွားတယ်။
“မအေလိုး၊ ဒီလောက်ခေါင်းမာတဲ့ကောင်”
ပြောပြောဆိုဆိုပဲ ခြေထောက်တွေနဲ့ ကျနော့်ကို ဝိုင်းကန်ကြပါတယ်။ ဒူးကွေး၊ ခြေခွဲထားတဲ့ အနေအထားနဲ့ ပဲ ကြမ်းပြင်ပေါ် ကျနော်ပုံလဲကျသွားပါတယ်။ ဒီလိုပုံစံပျက်သွားတဲ့အတွက်
“ဟာ... ဟာ ဒီကောင်ပုံစံပျက်သွားပြီ၊ ရိုက်စမ်း၊ ရိုက်စမ်း” ဆိုပြီး ရိုက်သံတွေမကြားရပဲ ကျနော့် ကျောကုန်း၊ မျက်နှာများနဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထိုးတာကို ဆက်တိုက် ခံစားရပြန်ပါတယ်။ လက်သီးတွေမျက်နှာကို ခဏခဏ ရောက်လာတာကြောင့် နာကျင်မှုနဲ့ လက်ဖြင့်ကာလိုက်မိပါတယ်။
လက်နဲ့ ကာတာကြောင့်...
“ဘာအကာအကွယ် လုပ်တာလဲ၊ မင်းကငါတို့ကို စိန်ခေါ်တာလား၊ ဟုတ်လား၊ မင်းလက်ကို နောက်ပြန်ပစ်လိုက်စမ်း” လို့ဆိုပြီး ကျနော့်မျက်နှာကို လက်သီးနဲ့ ဆက်ထိုးကြပါတယ်။ ဝင်ပြီးထိုးနှက်နေတဲ့ အချိန်မှာလည်း သူတို့
ပါးစပ်ကနေပြီး မအေ၊ နှမနဲ့တိုင်းပြီးဆဲရေးတိုင်းထွာပြန်တယ်။ မှန်မှန်ပြောမလား၊ မပြောဘူးလားလို့လည်း တရံမလပ် မေးနေပြန်တယ်။ သူတို့တွေ ကျနော့်ကို စိတ်ကျေနပ်လောက်အောင် ထိုးနှက်ပြီးတဲ့အချိန်ကျမှ အသံတခု
ထပ်ဝင်လာပါတယ်။
“ညီလေး၊ မင်းသူငယ်ချင်းတွေ မနေ့ညကနေရာမှာ ဒီညရှိနိုင်ဦးမလား”
နာကျင်မှုဒဏ်ရာကြောင့်ရော၊ မောပမ်းတာကြောင့်ပါ ကျနော်ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းကို ငုံ့ပြလိုက်ပါတယ်။ ငြင်းဆန်ဖို့ကျနော့်မှာ ခွန်အားတွေသိပ်မကျန်တော့...
“အေး..ဒီလိုမှပေါ့၊ မင်းအစောကြီးကတည်းကပြောရင် ဒီလိုတောင်ထိုးနှက်ခံရမှာ မဟုတ်ဘူး”
လိုဘုပြတ်ပြတ်ပြောဆိုပြီး သူတို့အားလုံး အခန်းပြင်ဖက်ကို ထွက်သွားကြပါတယ်။ ဝုန်းကနဲ တံခါးပိတ်သံကို ကြားလိုက်ရတော့ သက်ပြင်းတခုကို ချလိုက်မိပါတယ်။ နောက်ထပ် (၁၀) မိနစ်လောက် အကြာမှာ ကျနော့် အခန်းဆီကို ဦးတည်လာနေတဲ့ ခြေသံတွေကို သတိထား ကြားလိုက်ရပါတယ်။ ထင်တဲ့အတိုင်းပဲ.. ကျနော့်အခန်း တံခါးကို လာဖွင့်ပါတယ်။ စောစောကလို မဖြစ်အောင် ကဗျာကသီပဲ မတ်တပ်ရပ် နေလိုက်ပါတယ်။ တံခါးပွင့်သွားပြီး အသံတခု ထွက်ပေါ်လာပါတယ်။
“ဘာလဲ... မင်းက မတ်တပ်ရပ်ပြီး ထွက်ပြေးဖို့ ကြံနေတာလား”
ဆိုပြီး ကနဦး စစွပ်စွဲပါတော့တယ်။ ပြီးတော့ “မင်းအင်္ကျီချွတ်စမ်း” ဆိုပြီး ကျနော့်ကို အဝတ်အစားတွေ ချွတ်ခိုင်းပါတယ်။ ပြီးတော့ လုံချည်ကိုလည်း ချွတ်ခိုင်းပြန်ပါတယ်။ ဘာတွေလုပ်ဦးမလဲဆိုတာ မခန့်မှန်းမိ သေးပါ။ ဒါပေမယ့် ကျနော့်ခေါင်းမှာစွပ်ထားတဲ့ ခေါင်းစွပ်ကိုတော့ မချွတ်ခိုင်းပါဘူး။ အဝတ်တွေချွတ်ပြီးတော့ မေးခွန်းတွေ
စမေးပါတော့တယ်။
“မင်းအဖေ... နာမည်”
ကျနော့် အဝတ်အစားတွေ ပြန်ဝတ်လို.ရပြီပြောပါတယ်။.ကျနော့်အင်္ကျီတွေ ပြန်ဝတ်ပြီးချိန်မှာ ကျနော့်နာမည်၊ ကျနော့်အဖေ နာမည်၊ ကျနော့်အသက်ပါတဲ့ သစ်သားဆိုင်းဘုတ်ရှည် တခုကို ကိုင်ထားခိုင်းပါတယ်။ နောက်မှ ကျနော့်ခေါင်းက ခေါင်းစွပ်ကိုချွတ်ဖို့ အမိန့်ပေးပါတယ်။ ကျနော်လည်း ခေါင်းစွပ်ကိုချွတ်၊ သူတို့ ကိုင်ခိုင်းတဲ့ ဆိုင်းဘုတ်ကို ရင်ဘတ်နားမှာ ကိုင်ပြီးဓါတ်ပုံ အရိုက်ခံရပါတယ်။ ဓါတ်ပုံကို ရှေ့တည့်တည့်၊ ဘေးတိုက်၊ ဘယ်ညာနဲ့ နောက်ကျော စုံနေအောင်ရိုက်ပြီး ခေါင်းစွပ်ကို ပြန်စွပ်ခိုင်းပါတယ်။ ပြီးတော့ ကျနော့်အခန်းထဲကနေ ထွက်သွားကြပါတယ်။
ဒီလူ ထွက်သွားပြီး တော်တော်ကြာသည်အထိ တဦးတယောက်မှ ပေါ်မလာတော့ပါ။ ညသန်းခေါင်လောက်မှာ ကျနော်ကို ထားတဲ့အခန်းရဲ့ အပေါ်တည့်တည့်က လက်နှိပ်စက် ရိုက်နေသံ တဖျောက်ဖျောက်ကို အတိုင်းသား ကြားနေရပါတယ်။
(ဂ) နံရံတွေပေါ်က ကြွေးကြော်သံတွေ
တိတ်ဆိတ်နေတဲ့ စစ်ကြောရေး စခန်းကြီးရှေ့ ကို ကားတစီး ထိုးဆိုက်သံ ကြားလိုက်ရပါတယ်။ ဘယ်သူ များ ပါလာဦးမှာလဲလို့ တွေးနေတုန်းမှာပဲ ကျနော့်ကိုခေါ်လာတုန်းကအတိုင်း
“ခွ၊ ကျော်၊ ကုန်း” ဆိုတဲ့အသံတွေကြားရတော့ နောက်ထပ်ဖမ်းဆီးလာမှန်း ကျနော်သိလိုက်ပါတယ်။ခဏအကြာမှာပဲ ကျနော် ယဉ်ပါးနေကြအသံတခုဖြစ်တဲ့ ချောင်းဆိုးသံကြီးကို ကြားလိုက်ရတော့ ကိုရက္ခီး (ညီထွေးခိုင်) ကို ဒီကောင်တွေ ဖမ်းခေါ်လာမှန်း ကျနော် သိလိုက်ပါတယ်။ ပြီးတော့ ကျနော့်အခန်းထဲကို ထောက်လှမ်းရေးတွေ ဝင်လာပြီး ဘာမပြော ညာမပြောနဲ့ဆဲဆိုပြီး ဝိုင်း ဆောင့်ကန် ကြပါတယ်။ ဒီတခါတော့ ကျနော့်ကို ပုံစံတွေဘာတွေမလုပ်ခိုင်း။ ဘာမှမမေးမြန်းသေးပဲ ပေါ်တင်ကြီး ထိုးကြိတ်ကြတာပါ။ သူတို့ရဲ့ ပါးစပ်ကနေပြီးတော့လည်း
“စောက်တလွဲတွေပြောတဲ့ကောင်၊ လူကြီးတွေကိုသက်သက် အချိန်ကုန်ပြီး အလုပ်ရှုပ်အောင် လုပ်တဲ့ အကောင် မင်းပြောတဲ့နေရာမှာ လီးတောင်မှမရှိဘူး”
“အေး သူတို့ကိုမဖမ်းမိရင် မင်းကိုပိုပြီး ထောင်ချပစ်မယ်မှတ်။ မင်းနဲ့ နောက်မှ အေးအေးဆေးဆေး တွေ့ကြ သေးတာပေါ့ကွာ၊ မင်းလိမ်ဖို့ စဉ်းစားထားလိုက်ဦး”
လို့ပြောဆိုပြီး ပြန်ထွက်သွားကြပါတယ်။ အခြား ဘေးခန်းတွေကသူတွေကို ခေါ်ထုတ်တဲ့အသံတွေ စစ်မေးနေတဲ့ အသံတွေကြောင့် အိပ်ဖို့မဖြစ်နိုင်တော့တာကြောင့် နားစွင့်နေလိုက်ပါတယ်။
ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြောဆိုနေကြတဲ့ သားညွန့်ဦးရဲ့ အသံကိုကြားလိုက်ရပါတယ်။ နောက်
“ကျနော် မလုပ်ဘူး၊ ကျနော်မသိဘူး၊ မသိတာကို မသိဘူးလို့ ဖြေတာပဲ” ဆိုပြီး အသံနက်ကြီးနဲ့ ငြင်းဆိုသံ ကုလားထိုင်ကိုကန်သည့်အသံ၊ စားပွဲခုံကိုထုသည့်အသံများနဲ့ ရဲမော်ထူးရဲ့ အသံသဲ့သဲ့ကိုကြားလိုက်ရပါတယ်။ ကျွန်တော်အလှည့်ကော ဘယ်တော့ရောက်မလဲ လို့တွေးပြီး စဉ်းစားနေလိုက်ပါတယ်။
အဲဒီအချိန်မှာ အခန်းထောင့်တစ်ခုဆီက “ဟေ့ကောင်ကုလား ခွေးမသား၊ မင်းတို့ ကုလားတွေနဲ့ ဗမာပြည် နိုင်ငံရေးဘာဆိုင်လို့လဲ” ဆိုပြီးထောက်လှမ်းရေးရဲ့ ဆဲဆိုသံကိုအောင်ထွန်းရဲ့ ပြန်လည်ငြင်းဆိုသံများထွက်ပေါ်လာပါတယ်။ အဲဒီညကတော့ လတ်တလော အဖမ်းခံထားရတဲ့ ကျနော်၊ ကိုရက္ခီးနဲ့ ရဲကျော်စွာတို့ကို ဖမ်းဆီးဖို့ နောက်ထပ် ကျန်သေးတဲ့သူတွေရှိနိုင်မယ့် နေရာကိုသာ မေးမြန်းပြီး နောက်ထပ်စစ်ဆေးမှုတွေ ဘာတွေမှ ဆက်မလုပ်တော့ပါ။
စစ်ဆေးမှု ပြုလုပ်တဲ့အခါတိုင်းလည်း နေ့ခင်းဖက်ချည်းပဲ ပြုလုပ်တာတော့ မဟုတ်ပါ။ များသော အားဖြင့် ညဖက်မှာချည်း ပြုလုပ်တာများပါတယ်။ တခါတရံ ညဖက်စစ်ဆေးထားလို့ နေ့ဖက်မှာ တရေးလောက် အိပ်နေချိန်မှာပဲ အတင်းရိုက်ပုတ်စစ်ဆေးတာလည်း ရှိပါတယ်။ ရက်အနည်းငယ်ကြာလာတဲ့အခါမှာ
ပင်ပန်းနွမ်းနယ်မှုဒဏ်၊ အိပ်ရေးပျက်မှုဒဏ်တွေ ဆက်တိုက်ခံစားလာရတော့ ထောက်လှမ်းရေးကသူတို့ကို မထီမဲ့မြင်လုပ်တယ်ဆိုပြီး ကျနော်ကို စွပ်စွဲပါတယ်။
စစ်ဆေးမှုတွေ ပြုလုပ်တိုင်းလည်း ဒူးကွေး၊ ခြေခွဲ၊ လက်မြောက်ပြီး စစ်ဆေးတာပါ။ အဲဒီလို ပုံစံမျိုးနဲ့ (၁) နာရီလောက် ကြာလာတော့ ခြေတွေ၊ လက်တွေ ညောင်းကိုက်ပြီး တဆတ်ဆတ်တုန်လာပါတယ်။
ဒါကိုထောက်လှမ်းရေးက “ပုံစံမပျက်နဲ့နော်၊ ပျက်ရင်သေမယ်”လို့ ခြိမ်းခြောက်ပါတယ်။ တကြိမ်မှာ အဲဒီလို အနေအထားမျိုးကို ခံနိုင်ရည်မရှိတော့လို့ ဗုန်းကနဲ ပြိုလဲသွားခဲ့ပါတယ်။ အဲဒီအခါမှာ ထောက်လှမ်းရေးက “မင်းပင်ပန်းနေမှာပေါ့၊ ကဲ တော်ပြီ၊ ပုံစံပြောင်းမယ်” ကျောက်စရစ်ငယ်လေးတွေကို သမန်တလင်းကြမ်းပြင်မှာ ချထားပြီး အဲဒီအပေါ်မှာ ကျနော့်ကို ဒူးထောက်ခိုင်းပါတယ်။ ဒူးထောက်ထိုင်ခိုင်းထားရင်းက ပဲ “မင်းညောင်းနေမှာပေါ့” လို့ဆိုပြီး ကျနော့်ကို လက်တွေ မြှောက်ခိုင်း ထားပါတယ်။ ကျောက်စရစ်ခဲကွေ့ပေါ်မှာ ဒူးထောက်ရတဲ့ ဝေဒနာဟာ အင်မတန်မှကို ဆိုးရွားလွန်းလှပါတယ်။ ဒါ့ကြောင့် အဲဒီဒဏ်ကို ဆက်ပြီး သည်းမခံ နိုင်တာကြောင့် ပထမ ပုံစံအတိုင်း ဒူးကွေး၊ ခြေထောက်ခွဲ အနေအထားကို ပြန်ရောက်သွားပါတယ်။ ကျနော် တချက်သတိထားမိတာကတော့ ကျနော့်ကို စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အခါမှာပဲ ကျနော့်အခန်းထဲက အုတ်နံရံ ဘေးပတ်ပတ်လည်မှာ ရေးထားတဲ့ စာတွေကိုတွေ့ရပါတယ်။ အဲဒီစာတွေကိုဖတ်ကြည့်တော့ အဖမ်းအဆီးခံရပြီး ထောင်ကျသွားတဲ့ ကျနော့်တို့ထက် အရင်က ကျောင်းသားတွေရဲ့ နာမည်၊ သူတို့ပါဝင်ခဲ့တဲ့ လှုပ်ရှားခဲ့တဲ့ သမဂ္ဂ၊ အဖွဲ့အစည်း၊ ပြီးတော့ သူတို့ နေထိုင်သွားခဲ့တဲ့ ရက်စွဲတွေကို တာလီချိုးသလိုမျိုး မှတ်သားထားတာတွေကိုလည်း တွေ့ရပါတယ်။. တာလီ ခြစ်တဲ့နေရာမှာ တချို့က (၁၄) ချောင်း ခြစ်တယ်။ တချို့က (၇) ချောင်းပဲခြစ်ထားပြီး ဆက်ခြစ်ထားတာတော့ မတွေ့ရတော့ပါ။ သူတို့ဘယ်ရောက်သွားလဲ၊ ထောင်ကျသွားတာလား၊ ကျနော်အတွက် စဉ်းစားစရာဖြစ်လာပါတယ်။ သေချာတာ တခုကတော့ ဒီအခန်းထဲမှာ အများဆုံး (၇) ရက်ပဲ ထားတယ်ဆိုတာ ရှေ့က တာလီခြစ်ထားတဲ့ပုံစံကို ကြည့်ရင် သိသာပါတယ်။ တချို့စာသားတွေကို ကျနော် လျှောက်ဖတ်ကြည့်မိပါတယ်။
“ခွေးတွေက တို့ကျောင်းသားတွေကို ကိုက်တာနာတယ်”
“ငါ့ကိုအကုန်ပြောရင် ပြန်လွှတ်မယ်ပြောပြီး အခုထိအိမ်ပြန်မပို့သေးဘူး...”
”ဒီအခန်းထဲရောက်တဲ့သူမှန်သမျှ ထောင်ကျပြီသာမှတ်”
“၇ ရက်ရှိသွားပြီ”
“အိမ်ပြန်ချင်ဘီ...”
“ငါ၏ဦးခေါင်းသည် သွေးချင်းချင်းနီ နီနေပါစေ။ ညွှတ်ကားမညွတ်”
“သူတို့ စကားကိုယုံပြီးလျှောက်မပြောနဲ့”
“အမေ့ကိုသတိရတယ်...”
“ဒီအခန်းက ဘုရားတောင်မကယ်နိုင်ဘူး။ ဆုမတောင်းနဲ့ သူငယ်ချင်း”
စာလုံးတွေဟာ သေးငယ်လှပြီး
အုတ်နံရံမှာ အုတ်နီခဲ၊ ကလစ်အချွန်၊ ပင်အပ်အချွန်တွေနဲ့ ထုံးသုတ်ထားတဲ့နံရံမှာ ထွင်းပြီး ရေးထားတာပါ။ ထောက်လှမ်းရေးတွေက ဒီအခန်းထဲက စာတွေကို မမြင်ကြတာလား၊ မမြင်ချင်ယောင်ပဲဆောင်နေကြတာလား၊ ဖျက်ပစ်ဖို့ပဲသူတို့တတွေ အချိန်မရကြတာလား ကျနော် မပြောတတ်တော့ပါ။ ဘာပဲပြောပြော စစ်ကြောရေးစခန်းထဲမှာ ဒီအတိုင်းရှိနေပါတယ်။ ကျနော်လည်း အရင်တုန်းက ကျောင်းသား တွေနည်းတူ ကျနော့်နာမည်နဲ့ ကျနော်လုပ်ကိုင်တဲ့ အဖွဲ့အစည်းရဲ့အမည်ကို ကျနော်နေတဲ့ စစ်ကြောရေး စခန်းထဲက နံရံတခုမှာ နေလင်း(အ.က.သ)လို့ရေးထိုးခဲ့ပါတယ်။ အခြားအခန်းတွေကို စစ်ဆေးတဲ့အချိန်မှာပဲ ကျနော့်နဘေးကအခန်းက “ပေါက်စ၊ ပခြုပ်ထဲကအကောင်ကို ယူခဲ့စမ်း၊ ဒီကောင် ကောင်းကောင်းမဖြေချင်ဘူး” လို့ပြောပြီးသိပ်မကြာခင်မှာပဲ ရဲမော်ထူးအခန်းထဲက ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရပါတယ်။ ကျနော်လည်း တကိုယ်လုံး ဆတ်ကနဲ တုန်သွားပါတယ်။ ခြုပ်ထဲက အကောင်ဆိုတာ ဘာကောင်မှန်းလည်း မသိပါဘူး။ ပြီးတော့ ကိုယ့်အလှည့်လည်း ဘယ်တော့ရောက်မလဲဆိုပြီး တွေးနေမိကာ သေလိုက်ချင်စိတ် ပေါ်လာပါတော့တယ်။ ကျနော်ဆိုရင် ဘုရားကို အကြိမ်ကြိမ် ပြီး ဆုတောင်းနေမိပါတယ်။ မြန်မြန်လွတ်မြောက်ပါစေဆိုတဲ့ ဆုမျိုးတော့မဟုတ်ဘူး။ ထောင်မြန်မြန်ပို့ ပါစေလို့ပဲ ဆုတောင်းမိပါတယ်။ ထောင်ကိုပို့ လိုက်ရင် ထောက်လှမ်းရေးရဲ့ အမျိုးမျိုး ညှင်းပမ်းနှိပ်စက်နေတဲ့ လက်က လွတ်မြောက်မှာမို့ပါပဲ။ ကျနော့်ရဲ့ လက်ရှိအနေအထားနဲ့ ဆိုရင် ပြန်မလွှတ်ဖို့ ရာနှုန်းပေါက် သေချာနေပါတယ်။
(ဃ) အိမ်သာထဲကသောက်ရေ
ကျနော်ကို စပြီးစစ်ဆေးတော့ ကျနော့်အခန်းကနေ သီးသန့် အခန်းထဲကို ခေါ်သွားပါတယ်။ ပြီးတော့ ကျနော့်ကို စပြီးစစ်ဆေးပါတယ်။
“မင်းက မင်းအိမ်မှာမအိပ်တော့ ဘယ်မှာသွားအိပ်တာလဲ၊ ဘယ်အိမ်တွေက မင်းကိုလက်ခံထားသလဲ”
ကျနော်လည်းကိုယ့်ကိုကယ်တင်ထားခဲ့တဲ့ ကျေးဇူးရှင် ထမင်းရှင်တွေကို ဒုက္ခရောက်စေမယ့် အဖြစ်မျိုး မရောက်စေဖို့ အတွက် သူတို့မေးတဲ့မေးခွန်းကို သတိထား ဖြေဆိုပြီး မန္တလေးနဲ့ ရန်ကုန်မြို့က ဘုန်းကြီး ကျောင်းတွေ မှာခိုကပ် နေထိုင်ခဲ့ရတယ်လို့ ပြန်ဖြေဆိုခဲ့ပါတယ်။ အဲဒီမှာသတိပြုမိတာ တခုကတော့ ထောက်လှမ်းရေးတွေဟာ စုံစမ်းစစ်ဆေးမှုတခု လုပ်တဲ့အခါတိုင်း သူတို့ရဲ့ အစွမ်းအစနဲ့ဘာမှ စုံစမ်းထားတာမရှိပဲ ကျနော်တို့ရဲ့ ထွက်ဆိုချက်တွေကိုသာ အသာလေးမှတ်ပြီး ခြိမ်းခြောက်၊ ဟိန်းဟောက်ပြီးမှ လိုက်ရေးသား မှတ်တမ်းလုပ်တာကို သာတွေ့ရပါတယ်။
ဒါအပြင် ပြင်ပမှာ ကျနော်တို့တတွေ လှုပ်ရှားမှုတွေ အတူတူ ပြုလုပ်ခဲ့ကြတဲ့ ရဲဘော်တွေ တချိန်တည်း၊ တပြိုင်တည်းမှာ အဖမ်းအဆီးခံရတဲ့အခါမျိုးမှာ ဆိုလို့ရှိရင် ထွက်ဆိုချက်တွေ မတူညီတဲ့ ထွက်ဆိုမှုမျိုးတွေ ရှိခဲ့ရင် ကျနော်တို့ရဲ့ လိမ်လည်မှုကပေါ်သွားပြီး ပြန်လည်စစ်ဆေးတာတွေ၊ ရိုက်နှက်တာတွေ ပြုလုပ်ခံရပါတယ်။
စစ်ဆေးနေတဲ့ ရက်တွေထဲက တရက်မှာ ကျနော့်ကို သူတို့တွေ နေ့လယ်ပိုင်းမှာ စစ်ဆေးပါတယ်။ စပြီးစစ်ဆေးချိန်ထဲက ထမင်းလည်းမကျွေး၊ ရေလည်းမတိုက်၊ အပေါ့အပါး သွားခွင့်တောင်မပေးတာကြောင့် ကျနော့်မှာ ဒုက္ခ စရောက်ပါတော့တယ်။
သူတို့မေးသမျှဖြေနေရင်းက အာခေါင်တွေခြောက်ကပ်လာတာကြောင့် ကျနော် ရေတခွက်လောက် သောက်ချင်ပါတယ် လို့ပြောတော့ မရသေးဘူးဆိုပြီး ပြန်ဖြေပါတယ်။ ရေငတ်လာတာကြောင့် သူတို့မေးသမျှ ဆက်မဖြေနိုင်လောက်အောင်ကို လူကမောဟိုက်လာပြီး ရေသောက်ချင်စိတ်များ ထိန်းမနိုင်အောင် ဖြစ်မိပါတယ်။ ကျနော့်ဘေးခန်းက ရဲမော်ထူးကလည်း ရေသောက်ချင်တာရယ်၊ ဆီးသွားချင်တာရယ်ကိုတောင်းဆိုတဲ့ အသံကိုကြားလိုက်ရပါတယ်။ အဲဒီတော့ ရဲမော်ထူးအခန်းထဲက ထောက်လှမ်းရေးက ရေသောက်ချင်ရင် သေးမပေါက်ရဘူး။ သေးပေါက်ချင်ရင် ရေမသောက်ရဘူးလို့ ပြောပြီး ကြိုက်တာရွေးခိုင်းပါတယ်။ အဲဒီအခါမှာ ရဲမော်ထူးက သူ့မှာ ရေလည်းအင်မတန် ငတ်နေကြောင်း၊ ဆီးလည်း ဆက်မအောင့်နိုင်တော့လို့ ကိုက်နေကြောင်း တောင်းတောင်း
ပန်ပန်နဲ့ ပြန်ပြောပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေးရဲ့ “ဟေ့ကောင်၊ မင်းကို လူလိုပြောနေဘာနားမလည်ဘူးလား၊ မင်းအလုပ် တခုတည်းမဟုတ်ဘူး၊ ငါမှာ အခြားအလုပ်ရှိသေးတယ်။ မြန်မြန်ပြော တခုပဲရမယ်” ဆိုတဲ့အသံကြီးက ဟိန်းထွက် လာပါတယ်။ ရဲမော်ထူးလည်း ဆီးပဲသွားတော့မယ်ဆိုပြီး အိမ်သာကို အမြန်ပို့ ခိုင်းပါတော့တယ်။ ကျနော်လည်း ရဲမော်ထူးအခန်းဖက်က ကိစ္စပြီးလို့ နာရီဝက်လောက် အကြာမှာပဲ ကျနော့်ရှေ့စားပွဲမှာ ထိုင်ပြီး ကျနော်ပြောသမျှကို လိုက်ရေးနေတဲ့ သတ္တဝါကို “အကို၊ ကျနော်ဆီးသွားချင်လို့” လို့ပြောလိုက်တော့ သတ္တဝါက စိတ်ပြောင်းသွားပြီး “အေးလိုက်ပို့ပေးမယ်” လို့ပြန်ပြောပါတယ်။
ကျွန်တော်လည်း အခွင့်အရေးရတုန်း ပြောဦးမှဆိုပြီး “အကိုကျနော်မနက်ကတည်းက ရေလည်းမသောက်ရသေးဘူး၊ ရေသောက်ချင်ပါတယ်။” ပြောတော့ “ရေသောက်ချင်ရင်တော့ သေးမပေါက်ရဘူး၊ သေးပေါက်ချင်ရင် ရေမသောက်ရဘူး၊ တခုရမယ်၊ အခုရေယူမလား၊ ဆီးတော့မသွားရဘူး၊ အောင့်ထား၊ ဒီအခန်းထဲမှာ သွားလို့ကတော့ မင်းကိုယ်တိုင် လျှာနဲ့ပြန်လျက်ရမယ်” ကျနော့်ကိုပြန်ပြီး ခြိမ်းခြောက်ပါတော့တယ်။ ကျနော်လည်း ရေမသောက်ရလည်းနေပါစေ၊ ဆီးပဲသွားတော့မယ်လို့ အဖြေပြန်ပေးလိုက်ပါတယ်။ အဲဒီ တော့ ထောက်လှမ်းရေးကနေ ဆက်ပြီး “မင်းတို့ ကိုရေမတိုက်ဟာ သေးခဏ ခဏပေါက်လို့၊ ငါတို့အိမ်သာ လိုက်ပို့ ရတာ အလုပ်ရှုပ်လို့ မတိုက်တာရှင်းပြီလား၊ ကဲအိမ်သာ သွားမယ်"
ကျနော်ကိုအိမ်သာ လိုက်ပို့ပါတယ်။ အိမ်သာကိုရောက်တော့ ဆီးကိုအရင်သွားပြီး အိမ်သာထဲက ရေကို သောက်ရေအဖြစ် သတ်မှတ်ပြီး အငမ်းမရ အဝသောက်လိုက်ပါတယ်။ ပြီးမှ ကျနော့်ပါးစပ်ကို သေသေချာချာ ပြန် သုတ်ပါတယ်။ တရက်လောက် ရေငတ်နေလို့ အိမ်သာထဲကရေကို သောက်လိုက်ရတာနဲ့ အတော့်ကို လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။ ကျနော့်အာခေါင်တွေပြန်ပြီး စိုစွတ်လာပါတော့တယ်။
တရက်မှာတော့ ညကကျွန်နော့်ကို တညလုံးစစ်ဆေးထားလို့ ပင်ပန်းပြီး အိပ်မောကျနေတုန်း ကျနော့် အခန်းတံခါးကို ဖွင့်တဲ့အသံကြားလို့ ရုတ်တရုတ်လန့် နိုးသွားပါတယ်။ ထင်တဲ့အတိုင်းပဲ ကျနော့်ခြေထောက်ကို ဖိနပ်တွေနဲ့ကန်ပြီး အတင်းထခိုင်းပါတယ်။
“ဟေ့ကောင်… ထစမ်း၊ မင်းဒိုင်ယာရီစာအုပ်ထဲက (MT 380/54) ဆိုတာ ဘာသင်္ကေတလဲ”
ကျနော်က ကျနော့်သူငယ်ချင်းတယောက်ဖြစ်တဲ့ ဒေါပုံမြို့နယ်က အခြေခံပညာကျောင်းသား မြတ်သူကို ထောက်လှမ်းရေးက လွန်ခဲ့တဲ့အပတ်အတွင်းက ဖမ်းဆီးခဲ့ပြီး တရားရုံးထုတ်ခဲ့ကြောင်း၊ အမှုကိုင်ရဲမှ မြတ်သူအား ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ အဲဒီကိစ္စအားသိ၍ မှတ်သားထားခြင်ဖြစ်ကြောင်း သေသေချာချာ ရှင်းပြပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေးအရာရှိက ယုံကြည်ပုံမပေါက်ပဲ
“မင်းမလိမ်နဲ့ ဒါကောထဲကမိုးသီးဇွန်နဲ့ ပတ်သက်တဲ့ အဆက်အသွယ် သင်္ကေတမဟုတ်လား” ဆိုပြီး တဖက်သတ် စတင် စွပ်စွဲပါတော့တယ်။ ကျနော်ကမဟုတ်ကြောင်း ငြင်းဆိုပါတယ်။ ဒါဘာသင်္ကေတလဲဆိုပြီး ထပ်တလဲလဲ မရမက မေးပါတယ်။ သူတို့ကျေနပ်လောက်တဲ့ အဖြေမရတာကြောင့် ဒူးကွေး၊ ခြေခွဲလက်မြှောက် အနေအထားနဲ့ (၁) နာရီလောက်နေခိုင်းပါတယ်။
ပုံပျက်ရင် ဒါလာမယ်ဆိုပြီး ကုလားထိုင်ပေါ်က တယောက်က ခြိမ်းခြောက်ပါတယ်။ ဘာလာမလဲဆိုတာ သူကပြပေမယ့် ကျနော့်ခေါင်းက ခေါင်းစွပ်ကြောင့် မမြင်ရပါ။ နောက်ခဏနေတော့ မင်းမှန်မှန်ဖြေမလားလို့ မေးခွန်းထပ်ထုတ်ပါတယ်။ ကျနော်လည်း အိပ်နေတဲ့အချိန် ဝုန်းဒိုင်းကြဲပြီး မဟုတ်တာတွေ လာစွပ်စွဲနေတော့ တော်တော် ဒေါသထွက်သွားပါတယ်။ မဟုတ်တာကို အတင်းအဓမ္မ ဝန်ခံခိုင်းနေတာကြောင့်
“ခင်ဗျားတို့ စွပ်စွဲတာ မှားနေပြီ၊ ကျနော်ပြောတာကို မယုံဘူးဆိုရင် အင်းစိန်ထောင်မှာ အချုပ်ဘဝနဲ့ ချုပ်ခံထားရတဲ့ မြတ်သူဆိုတာ မလွတ်သေးဘူး။ ရှိတယ်။ ခင်ဗျားတို့ မယုံရင်စုံစမ်းကြည့်နိုင်တယ်။ ကျနော်ပြောတာ မဟုတ်ရင်
ကြိုက်တဲ့အပြစ်ပေးနိုင်တယ်”
ကျနော်ဒေါသ ထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်။
“အေး၊ ငါတို့စုံစမ်းကြည့်ဦးမယ်။ မဟုတ်လို့ကတော့ မင်းပိုနာပြီသာမှတ်”
နောက်တခုကတော့ ကျနော့်သူငယ်ချင်း ဘုန်းဘုန်းက ဘေးအန္တရာယ် ကင်းအောင်ဆိုပြီး ပေးထားတဲ့ အင်းလေး ဖောင်တော်ဦးဘုရားက ပိတ်စအနီလေးက ထောက်လှမ်းရေးရဲ့ အန္တရာယ်က မကာကွယ်နိုင်ပဲ အမှုပါ ထပ်တက်လိုက်ပါသေးတယ်။ ကျနော့်ကို စစ်ဆေးနေစဉ်မှာ ကျနော်ဖမ်းမိခံရစဉ်က ကျနော်နဲ့အတူပါလာတဲ့ အိတ်နဲ့ အခြားပစ္စည်းတွေကို တယောက်ကယူလာပြီး အခန်းထဲဝင်လာပါတယ်။ ပြီးတော့
“ဟေ့ကောင်၊ ဒီအနီရောင်က ပိတ်စလား၊ လက်ပတ်လား၊ နဖူးစည်းလား၊ အချိန်းအချက်လုပ်တဲ့သင်္ကေတလား”
ကျွန်တော်က ဘာသင်္ကေတမှမဟုတ်ပါဘူးလို့ ပြောပြီး ဒီပစ္စည်းဟာအင်းလေးဖောင်တော်ဦး ဘုရားက စွန့်တဲ့ သင်္ကန်းစဖြစ်ကြောင်း၊ အဲဒီသင်္ကန်းစမှာ အင်းလေးဖောင်တော်ဦး ဂေါပကအဖွဲ့ရဲ့ တံဆိပ်တုံးလည်း ပါကြောင်း ရှင်းပြလိုက်ပါတယ်။ အဲဒီနောက်ပိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှဆက်မမေးတော့လို့ ပြီးဆုံးသွားပြီ ထင်ပေမယ့် ကျနော့်အမှုကို စစ်ခုံရုံးမှာတင်ပြီးစစ်တဲ့ အခါကျတော့ ဒေါင်းတံဆိပ်ပါ အနီရောင်လက်ပတ်ဆိုပြီး သက်သေခံပစ္စည်းအဖြစ်နဲ့ တင်ပါတယ်။ အင်းလေးဖောင်တော်ဦးဘုရားက သင်္ကန်းစဟာ နဝတရဲ့ စစ်ခုံရုံးရောက်တော့မှ ခွပ်ဒေါင်းလက်ပတ်ဘဝကို ပြောင်းသွားလို့ ကျနော် တအံ့တဩ ဖြစ်သွားမိပါတယ်။
(င) ယောက်ဖကိုကြက်ဥတိုက်ခြင်း
ကျနော်တို့ အခြေခံပညာကျောင်းသားသမဂ္ဂ (ရန်ကုန်တိုင်း) ကနေပြီး နဝတရဲ့ လူ့အခွင့်အရေး ချိုးဖောက် တဲ့ကိစ္စတခုနဲ့ ပတ်သက်လို့ ကြေငြာချက် တစောင်ထုတ်ပြန်ကာ ပြည်သူအများသိစေဖို့အတွက် ဖြန့်ဝေခဲ့ပါသေးတယ်။
အဲဒီ ကြေငြာချက်ထဲမှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ သမိုင်းဝင် လွတ်လပ်ရေးရပ်ကွက်ဖျက် သိမ်းခံရကြောင်း၊ လွတ်လပ်ရေးရပ်ကွက်ဟာ ဗမာပြည်လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ အင်္ဂလန်နိုင်ငံမှာ လွတ်လပ်ရေးရမယ်လို့ ပထဦးဆုံးပြောဆိုခဲ့တဲ့ အချိန်မှာ ပြည်သူ အများက လွတ်လပ်ရေးရဲ့ ရှေ့ပြေးနမိတ်တခုအဖြစ်နဲ့ လွတ်လပ်ရေးရပ်ကွက်လို့ ကင်ပွန်းတပ်ခဲ့တဲ့ သမိုင်းဝင်ရပ်ကွက် တခုဖြစ်ကြောင်း၊ ဒါပေမယ့် နဝတရဲ့စစ်တပ်မှ သမိုင်းဝင်လွတ်လပ်ရေး ရပ်ကွက်ကို အတင်းအဓမ္မ အင်အားသုံးပြီး ရပ်ကွက်လုံးကျွတ် အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေကြောင်း၊ ထိုပြည်သူများကိုမြို့သစ်များသို့ အဓမ္မပို့ဆောင်နေ
ကြောင်း ဖော်ပြထားပါတယ်။
အဲဒီကြေငြာချက်စာစောင်ကို ထောက်လှမ်းရေးတွေက ရရှိသွားပါတယ်။ အဲဒီစာရွက်ကို ထောက်လှမ်းရေးက သေသေချာချာဖတ်ပြီး
“မင်းတို့က သမိုင်းဝင်ရပ်ကွက်လေး၊ ဘာလေးနဲ့၊ ဘယ်နေရာဖျက်ဖျက်၊ ဘယ်နေရာပို့ပို့ မင်းတို့ အပူ ဘာပါလဲ”
လေသံမာမာနဲ့ ပြောပါတယ်။ စာစောင်ရဲ့ အောက်ဖက်ပိုင်းက မိတ္တူကို နိုင်ငံခြားသံရုံးများအားလုံး (ထိုင်းနိုင်ငံမှအပ) နှင့် နိုင်ငံခြားသတင်းဌာနအားလုံး (လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှအပ) လို့ရေးသားထား တာကို တွေ့သွားတော့ စားပွဲခုံကို သူ့ရဲ့လက်ဝါးနဲ့ ရိုက်ပြီး
“ဟေ့ကောင်၊ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကကော သတင်းဌာနတခု မဟုတ်ဘူးလား။ မင်းတို့ပထွေးတွေကို အားကိုးတယ် ဟုတ်လား” ဆိုပြီး ကျနော့်ရင်ဘတ်ကိုလက်သီးနဲ့ တချက် ပစ်ထိုးလိုက်ပါတယ်။
“မင်းနားလည်အောင်ပြောလိုက်မယ်၊ ငါတို့ဖာသာ ဘယ်ရပ်ကွက်ရွှေ့ရွှေ့ မင်းအပူမပါဘူး၊ မင်းနဲ့ ဘာဆိုင်လို့လဲ၊ အနေသာကြီးကွ၊ ဒါနိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာ၊ အဲဒီစေတနာကို စော်ကားတယ်… လူကဖြင့် တမိုက်လောက်ပဲရှိသေးတယ်၊ လူပါးဝလို့၊ မင်းကဘယ်လောက် နားလည်လို့လဲ”
“မင်းတို့ပထွေးတွေ အသံလွှင့်ဌာနက ပြောတာတွေကို အဟုတ်ကြီးထင်ပြီး သိပ်ယုံမနေနဲ့။ မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထား၊ မင်းသိထားဖို့က အခုတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ သူဟာ ဘယ်သူလဲ”
”... ...”
“ရေမြေ့သခင်ကွ၊ မင်း... ကွ။ မင်းကြားဖူးလား”
“ကြားဖူးပါတယ်”
“အေး၊ ဒီနိုင်ငံရဲ့ ရေ၊ မြေတွေကို ပိုင်ဆိုင်တဲ့ သခင်ကွ၊ ဘယ်မြေမဆိုပိုင်တယ်၊ သူအုပ်ချုပ်တဲ့အချိန်မှာ သူလုပ်ချင်သလို လုပ်လို့ရတယ်”
“မင်းကိုရှင်းရှင်းဘဲပြောမယ်၊ သင်္ချိုင်းကုန်းကမြေကအစ မင်းမိန့်၊ မင်းအာဏာနဲ့ ရွေ့လို့ရတယ်။ ကုန်ကုန် ပြောမယ်ကွာ၊ မင်းတို့ အဖေအမေ နေတဲ့ နေရာတွေကိုတောင် အခုဖယ်၊ ဖျက်ဆို ချက်ချင်းဖျက်ပစ်ရမယ်၊ နားလည်လား”
တင်းတင်းစေ့ထားတဲ့ ကျနော့်အံသွားတွေကို ဖိကြိတ်ထားလိုက်တယ်။ ကျောင်းသားလှုပ်ရှားမှု သတင်းတွေကို သံရုံးတွေကိုပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ထောက်လှမ်းရေးကဆက်ပြီး မေး ပါတယ်။
“မင်း သံရုံးတွေကို ဘယ်လိုပုံစံနဲ့ သတင်းပေးတာလဲ”
“သံရုံးက သတင်းဌာနကို ဒီအတိုင်းပဲ သွားပေးပါတယ်”
“သူတို့က ဒီအတိုင်းပဲလက်ခံသလား”
“ဟုတ်ကဲ့၊ လက်ခံပါတယ်”
“ဘာသတင်းတွေ မင်းပို့ခဲ့သလဲ”
“ကျောင်းသားလှုပ်ရှားမှု သတင်းမှန်သမျှပို့ ခဲ့ပါတယ်”
“ဘယ်နှကြိမ်လောက် ပို့ဖြစ်လဲ”
“ကျနော်အရေအတွက် သေသေချာချာ မမှတ်မိပါဘူး”
“ဒါဆို အများကြီးဖြစ်မှာပေါ့”
“ကျနော်ခဏခဏ မသွားရဲပါဘူး၊ သံရုံးအပြင်ဖက်မှာ ထောက်လှမ်းရေးတွေ ရှိနေတယ်ဆိုလို့ပါ”
“အဲဒီလို မင်းက သံရုံးတွေကို သတင်းပေးတော့ သံရုံးတွေက မင်းကိုဘာပြန်ပေးလဲ”
“ဘာမှပြန်မပေးဘူး”
“ဟေ့ကောင် ပေါ့ပေါ့ဆဆ မဖြေနဲ့၊ သွားကျိုးသွားမယ် ငါပြောတာ သံရုံးကမင်းကို ဥပမာကွာ အမေရိကန်ဒေါ်လာမျိုး၊ ဒါမဟုတ်မသိမသာ မင်းကိုသတင်းပေးလို့ ပြန်ပေးတဲ့ပုံစံမျိုး မဟုတ်ပဲ မင်းအတွက်လက်ဆောင်လို ထောက်ပံ့တာမျိုး ဘာပေးဖူးလဲ”
“ကျွန်တော်ဘာမှမရပါဘူး၊ ကျနော်ကဝါဒဖြန့် ရုံသက်သက်ပါပဲ၊ ဘာအထောက်အပံ့မှမရပါဘူး၊ ကမ္ဘာကို သိအောင် ဝါဒဖြန့် တာတခုတည်းပါပဲ”
“ဘာလို့ ကမ္ဘာကိုတော်တော်အားကိုးနေရတာလဲ၊ မင်းတို့က ဆူဆူပူပူဖြစ်အောင်လုပ်၊ ငါတို့က မဖြစ်သင့်တာတွေ မဖြစ်အောင် ကိုင်တွယ်ရင် မင်းတို့က မဟုတ်မမှန်တာတွေ သတင်းပေး၊ ကမ္ဘာကငါတို့ကို အသိအမှတ် မပြုအောင်လုပ်၊ ဟုတ်လား၊ ရတယ်၊ ငါတို့ကဘာမှမဖြစ်ဘူး၊ မင်းတို့ပဲဒုက္ခရောက်မှာ၊ ကမ္ဘာက အဆက်ဖြတ်တော့လဲ ဘာဖြစ်လဲ၊ ဟေ့ကောင် ၂၆ နှစ်လုံးလုံး ဘယ်သူ့အထောက်အပံ့မှ မယူပဲနေခဲ့တာကွ၊ ၈၈၈၈ နောက်တခါ ဖြစ်တော့ကော ဝန်ထမ်းတွေ့ရှိသမျှ၊ ကော်ပိုရေးရှင်းရှိသမျှ အကုန်အကုန် သပိတ်မှောက်အုံး၊ တို့မှာ တပ်ရှိတယ်၊ ဒို့တပ်မတော်မှာ ဆရာဝန်တွေရှိတယ်၊ အင်ဂျင်နီယာတွေ၊ အသိပညာရှင် အတတ်ပညာရှင် တပ်မတော်
သားတွေ့ရှိတယ်၊ အစိုးရယန္တရား ရပ်သွားမယ်မထင်နဲ့၊ တက်တက်စင်လွဲသွားမယ်၊ နောက် ငါတို့ အစိုးရလူကြီးတွေ အုပ်ချုပ်တုန်း ၈၈၈၈ လိုပုံစံမျိုး ထပ်မဖြစ်စေရဘူး၊ မှတ်ထား”
”... ...”
“မင်းတို့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း တိုင်းပြည်အတွက် ဘာတခုလုပ်ပေးခဲ့တာရှိလဲ၊ မင်း စဉ်းစားကြည့်၊ သူ့အဖေအရှိန်နဲ့၊ ဗိုလ်ချုပ်ဆိုတာ မင်းတို့က စာအုပ်လေးဖတ်၊ အာဇာနည်နေ့ရောက်မှ အလေးပြုဖူးတာပါ။ ငါတို့တပ်မတော်ထဲမှာ နေ့တိုင်း အလေးပြုသစ္စာဆိုနေတာကွ၊ မင်းတို့ထက်ပိုချစ်တယ်၊ တိုင်းပြည်အတွက် ဘာတခုမှ အနစ်နာခံခဲ့တာ မရှိပဲနဲ့ သူ့အမေနေမကောင်းတာလာရင်း၊ ဖျာဝင်ခင်းတာ၊ ပေါ်တင်ကြီးပါကွာ”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စာနဲ့ရေးပြဖို့ မသင့်တော်သော စကားလုံးများဖြင့် ဆက်ပြီး ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြီး အောက်တန်းကျသော အသုံးအနှုန်းများဖြင့် စော်ကား ပြောပြန်ပါတယ်။ အားရအောင် ပြောဆိုပြီးမှ ကျနော့်ကို စစ်ဆေးနေတာ ပြန်စပါတယ်။
“မင်းသံရုံးတွေကို သတင်းပို့တော့ သံရုံးကမင်းကို သတင်းတပုဒ် ဘယ်လောက်ပေးလဲ”
“ကျွန်တော်တပြားမှမရပါဘူး”
“မင်းလိမ်နေတာ” ဆိုပြီး ဒီမေးခွန်းကိုပဲ ထပ်တလဲလဲ ပြန်ပေးပါတယ်။.ကျနော်ကလည်း ပြန်ငြင်းပါတယ်။ (၂) ကြိမ်လောက် ငြင်းပြီးတဲ့အခါကျတော့ နောက်တယောက်က ကျနော့်ပါးကို ဘာမပြော၊ ညာမပြောနဲ့ ဝင်ရိုက် ပါတော့တယ်။ ကျနော်လည်း ရုတ်တရက်ကြီး ခံလိုက်ရတာမို့ မျက်လုံးတွေ ပြာဆင်းသွားပါတယ်။
ချွေးစေးတွေပြန်လာပြီး အသက်ရှုကျပ်လာပါတယ်။ ရိုက်နှက်မှုဟာ ခဏလေးပဲ ကြာတယ်ဆိုပေမယ့် ဝိုင်းပြီး ထိုးနှက်ကြတာကြောင့် ပျော့ခွေသွားသလို ဖြစ်သွားပါတယ်။ ထိုးနှက်မှုက တယောက်တည်း မဟုတ်တာကတော့ ကျိန်းသေပါတယ်။
“သံရုံးကမင်းကို ဘယ်လောက်ပေးလဲ”
“တပြားမှမပေးပါဘူး”
ကျနော်ဆီက အဖြေပြန်ရတော့ ကျနော့်လက်နှစ်ဖက်ကို နောက်ပြန်ပစ်ပြီး မျက်နှာကို အုတ်နံရံနဲ့ ပြားနေအောင် ကပ်ခိုင်းပါတယ်။ ”မင်းကိုကပ်ခိုင်းတာ အဲဒီလိုပုံစံမဟုတ်ဘူးကွ” လို့ဆိုပြီး ကျနော့်ခန္ဓာကိုယ်ကို နောက်ကနေ တအားဆောင့်ပြီး ဖိလိုက်ပါတယ်။ ကျနော့်မျက်နှာကို အုတ်နံရံနဲ့ တေ့ဆိုင်ထားပြီး ဆံပင်ကို နောက်ကနေ ဆောင့်ဆွဲ
ထားလိုက်တယ်။
“မင်းမှန်မှန်ဖြေမလား၊ မဖြေဘူးလား”
“ငါတို့ကို ဒေါသထွက်အောင် လာမစမ်းနဲ့၊ မင်းကိုသံရုံးက ဘာပြန်ပေးလဲ”
“တကယ် ဘာမှမပေးပါဘူး”
ကျနော့် အသံတွေ တုန်ရီနေတာကို သတိထားရင်းကပဲ ပြန်ဖြေလိုက်ပါတယ်။ ကျနော့် ဆံပင်ကို ဆွဲထားရင်းက အုတ်နံရံနဲ့ တချက်ဆောင့်ခံလိုက်ရပါတယ်။
“ဟေ့ကောင်၊ ခေါင်းမမာနဲ့”
“ကျနော်အသားအနာခံပြီး ပေကပ်ကပ်လိမ်နေတာ မဟုတ်ပါဘူး၊ ကာယကံရှင်တွေအသိဆုံးပဲ၊ တကယ်ကို တပြားဆို တပြားမှမရဘူး၊ သူတို့ကလည်း ကျနော့်ကိုမပေးဖူးဘူး၊ ခင်ဗျားကို ကျေနပ်အောင်လိမ် ပြီးထွက်ဆိုပေးရမှာလား၊ ဒါဆို ခင်ဗျားတို့က သံရုံးကကျွန်တော်ကို ဘာတွေပေးတယ်လို့ ထွက်ဆိုစေချင်လဲ၊ ကျနော်ပြောမယ်”
အဲဒီမှာ နံရံမှာကပ်ထားတဲ့သူက ကျနော့်ခန္ဓာကိုယ်ကို ပြန်ခွာပြီး စစ်ဆေးဖို့ အနေအထားအတိုင်း ဒူးကွေး၊ ခြေခွဲ၊ လက်မြောက်ခိုင်းပါတယ်။ တော်တော်နဲ့ မစစ်ဆေးသေးပါဘူး၊ နောက်မှ
“ဟေ့ကောင်၊ အမေကျော် ဒွေးတော် လွမ်းတယ်ဆိုတဲ့ စကားလုံးကိုနားလည်လား”
“ဟုတ်ကဲ့၊ နားလည်ပါတယ်”
”နားလည်တာလား၊ မင်းနားလည်ရင် ဒီကိုရောက်လာစရာ အကြောင်းမရှိဘူး၊ ငါတို့လည်းမင်းကို စစ်ဆေးစရာမရှိဘူး၊ မင်းတို့ကို အချိန်တွေကုန်၊ လူတွေကုန်နဲ့ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဖမ်းရ၊ ဆီးရ၊ ထိန်းသိမ်းရနဲ့ လူကြီးတွေက အနာဂတ် နိုင်ငံတော်တည်ဆောက်တဲ့ အလုပ်တွေကို လုပ်နေတာကွ၊ မင်းတို့လို ဖျက်ဆီးတဲ့ ကောင်တွေရှိလို့ တိုးတက်ရေးလုပ်ငန်းတွေ နှောင့်နှေးနေရတာ၊ ကဲပြောစမ်းပါဦး၊ အမေ ကျော်ဒွေးတော်
လွမ်းတယ် ဆိုတာကိုမင်းသိရင်”
“မိခင်အရင်းကို ကျော်ပြီး မိထွေးကို တမ်းတတာကို ပြောတာပါ။”
“အေး၊ မင်းတို့က အဲဒါထက်တောင်ဆိုးသေးတယ်”
“ယောက်ဖကို ကြက်ဥတိုက်တဲ့ကောင်တွေ၊”
“ယောက်ဖကို ကြက်ဥတိုက်တယ်ဆိုတာ မင်းသိလား၊ ယောက်ဖကို ကြက်ဥတိုက်တော့ မင်းညီမပဲ နာမှာပေါ့။”
”... ...”
“မင်းမှာညီမရှိလား”
”မရှိပါဘူး”
“အမရှိလား”
“မရှိပါဘူး”
“အမေတော့ရှိတယ်မဟုတ်လား”
“ရှိပါတယ်”
“အေး၊ မင်းအမေနေရာမှာ မိထွေးထားကြည့်စမ်း၊ မင်းလက်ခံမလား”
”... ...”
“မအေလိုး ပုဆိန်ရိုးတွေ၊ ဟေ့ကောင် မင်းတို့ ဒီလောက်တောင် သံရုံးတွေကို အားကိုးပြီး သတင်းတွေ ဟိုပို့၊ ဒီပို့လုပ်နေတာ မင်းတို့အကျိုးအမြတ်တခုခုတော့ရလို့ဖြစ်ရမယ်။ ဘာတွေရလဲ၊ မှန်မှန်ဖြေစမ်း၊”
“ကျနော်တကယ်ပြောတာပါ။ ဘာမှမရပါဘူး”
“လီး ဘာမှမရပဲ ဒီအလုပ်ကိုလုပ်မလားကွ၊ စောက်အဓိပ္ပါယ်မရှိတာတွေ လာပြောမနေနဲ့၊ ဟေ့ကောင်
ဒီကောင်တွေ မင်းတို့ကိုဘာတွေခိုင်းသေးလဲ”
“ဘာမှမခိုင်းပါဘူး”
“ဟေ့ကောင်၊ စောက်တလွဲတွေ ပြောမနေနဲ့၊ မင်းအမေ၊ မင်းနှမတွေကို ဒီကုလားဖြူတွေနဲ့ ဆက်ဆံရမှာကို မင်းတို့က လိုလားတယ်ပေါ့၊ မင်းကိုငါတို့ အခုလွှတ်ပေးလိုက်ရင်လည်း မင်းပထွေးတွေဆီကို သွားပြီး ရင်ဖွင့်ဦးမယ် မဟုတ်လား၊ ပြောစမ်းပါဦး”
“မပြောပါဘူး”
“အေး၊ မင်းမပြောလဲ၊ လွှတ်မပေးဘူး၊ မင်းတို့တွေက တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ကောင်တွေပဲ၊ မင်းတို့ကိုယ်ချင်းမစာတဲ့ကောင်တွေ၊ မင်းတို့အရွယ် သူငယ်ချင်းတွေထဲမှာ အေးအေးချမ်းချမ်း ပညာသင်ကြားချင်ကြ တဲ့ သူတွေရှိတယ်။ မင်းတို့တွေ အခုလိုအဓိပ္ပါယ်မရှိ လျှောက်လုပ်လို့ သူတို့လေးတွေ အများကြီးထိခိုက်တယ်။ ဆန်ကုန်မြေလေးတွေ၊ လမ်းမပေါ်မှာ အဓိပ္ပါယ်မရှိ ဟိုပါတီလူကြီးကခိုင်း၊ ဟိုသံရုံးကခိုင်းနဲ့ မင်းတို့အဟုတ်ကြီး အောက်မေ့ပြီး လျှောက်လုပ်၊ အဖမ်းခံရတော့ မင်းတို့ပဲ အရင်ဆုံး အဖမ်းခံရတာ၊မင်းတို့ကို ခိုင်းတဲ့လူကြီးတွေကမပါသလို၊ မဆိုင်သလို နှပ်နေကြတာ၊ မင်းတို့က ဘာမှမသိတဲ့ မြေဇာပင်တွေ၊ ခိုင်းသမျှ လျှောက်လုပ်၊ ငါတို့ကအပေါ်ကနေ အကုန်မြင်တယ်၊ သိတယ်၊ မင်းတို့ နောက်မှာ ဘာတွေရှိတယ်ဆိုတာသိတယ်”
“ကောင်းပြီ၊ မင်းတို့ အော်ချင်ရင် အော်လို့ရအောင်၊ တောင်းချင်တာတောင်လို့ ရအောင်၊ မင်းတို့နဲ့သင့်တော်တဲ့ နေရာပို့ပေးမယ်၊ အဲဒီနေရာရောက်မှ မင်းတို့ လိုချင်တာအကုန်တောင်း၊ ကြားလား”
ဖက်ဆစ်တပ်မတော်ရဲ့ ကောင်းမွန်မှုတွေကို ချီးမွမ်းခန်းဖွင့်ပြီး (၇) ရက်မြောက်တဲ့နေ့မှာ ကျနော့်ခေါင်းက မျက်နှာဖုံးကို ချွတ်ခိုင်းပါတယ်။ ပြီးတော့ ကျနော့်ရဲ့ ထွက်ဆိုချက်တွေကို လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီစာရွက်ထဲမှာ ဘာတွေပါတယ်၊ ဘာတွေရေးထားတယ်ဆိုတာ ပြန်လည်ဖတ်ခွင့်မပေးပဲ
လက်မှတ်ကိုပဲ ထိုးခိုင်းတာပါ။
သူတို့ရေးထားတဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးနေစဉ် သူတို့ရဲ့မျက်နှာတွေကို ကျနော်မမြင်ရအောင် ကျနော့်ခေါင်းကို စားပွဲခုံနဲ့ နီးနီးကပ်ကပ် ငုံ့ခိုင်းထားပါတယ်။ ကျနော့်ကို စစ်ဆေးတဲ့ ထောက်လှမ်းရေးတယောက် သူဖတ်ဖို့ယူလာတဲ့ မဂ္ဂဇင်းစာအုပ်ကို ကျနော်လှမ်းကြည့်မိပါတယ်။
အဲဒီမဂ္ဂဇင်းစာအုပ်ကျောဖုံးက ရွှေပုဇွန်ကိတ်မုန့် ကြော်ငြာပေါ်မှာ စည်းတံဆိပ် တစ်ခုကို တွေ့ရလို့ အမှတ်မထင် ကြည့်လိုက်တော့ “အမှတ်(၇)တပ်မတော်ထောက်လှမ်းရေးတပ်၊ စာကြည့်တိုက်” ဆိုတာ ကိုတွေ့ ရပါတယ်။
(စ) အမှုတွဲတွေနဲ့ အတူ အချုပ်သို့
ညနေထမင်းကို မြန်မြန်စားခိုင်းနေကတည်းက ကျနော့်ကို ထောင်ကို ပို့တော့မယ်ဆိုတာ ရိပ်မိလိုက်ပါတယ်။ မြန်မြန်လုပ်၊ ပိတ်သွားဦးမယ် ဆိုပြီး သူတို့အချင်းချင်း ပြောဆိုနေသံတွေ ခပ်တိုးတိုး ကြားနေရပါတယ်။ ဒီထောက် လှမ်းရေးစခန်းကနေ လွတ်မြောက်ပြီး ထောင်ကိုသွားရတော့မှာမို့ စိတ်ထဲမှာ ကျိတ်ပြီး ဝမ်းသာနေမိပါတယ်။
ထောက်လှမ်းရေးစခန်းရဲ့ ညှင်းပမ်း နှိပ်စက်မှုတွေကို ကျနော်တုန်လှုပ်မိပါတယ်။ ထောက်လှမ်းရေးငရဲခန်းကနေ လွတ်မြောက်တော့မှာမို့ ထောင်ကိုသာ မြန်မြန်ပို့ပါတော့လို့ ဆုတောင်းနေမိပါတယ်။ ထောက်လှမ်းရေးဆီမှာ (၁) ရက်နေရတာ အသက် (၁)နှစ် တိုသွားသလို ခံစားရတာကြောင့်မို့ပါ။ ရဲမော်ထူးအခန်းဆီမှ အစ်ကို၊ ထမင်း လိုချင်လို့... ဆိုတဲ့ ထမင်းထပ်တောင်းသံကို ကြားရပါတယ်။
(ဆက်ရန်...)
(ပီဒီအက်ဖ် စာမျက်နှာ ၉-၂၈)
စာရိုက် - ငနော့
Comments
Post a Comment