ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၆ - နောက်ဆုံးအပိုင်း) 🖋 ရဲဘော်ဖိုးသံချောင်း
ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၆ - နောက်ဆုံးအပိုင်း)
ရဲဘော်ဖိုးသံချောင်း
◾ နောက်ဆက်တွဲများ
▪ နိုင်ငံတကာသီချင်း (THE INTERNATIONALE)
ထလော့... အငတ်ဘေး ကျရောက်သူတို့တတွေ
ထလော့... ကမ္ဘာ့တဝှမ်းက ကျေးကျွန်တွေ
တော်လှန်ကာ ထစ်ချုန်းမြည် ကြွေးကြော်လို့နေ
နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ...။
ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ
ကျေးကျွန်တွေ... ထလေ ထကြလေ...
အခြေအနေတွေ ဒို့တော်လှန်ကာသာ ပြောင်းမလေ
အောင်မြင်ဖို့ရာ ရှင်းပစ်စို့လေ...။
(သံပြိုင်)။ ။ ရဲဘော်တို့လာ စုရုံး နေ
အဆုံးစစ်ပွဲ နွှဲဆင်မလေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ..။
ရဲဘော်တို့လာ၊ စုရုံးနေ
အဆုံးစစ်ပွဲနွှဲမယ်လေ
အင်တာနေရရှင်နယ် စည်းရုံးစုစည်းကာနေ...။
ကယ်တင်ရှင်၊ ဘယ်သောခါကမှ မရှိပေ
နတ်သိကြား မင်းဘုရားကို ဒို့မယုံပေ
နှောင်ကြိုးကို ဒို့လက်ရုံးဖြင့် ချိုးဖျက်မလေ
သောက ဗျာပါဒ လောဘကင်းစင်စေ...။
လုယက်ခြင်းမှ မှန်မလွဲပင် ကင်းမလေ
များပြည်သူ တူညီပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီထမ်းမလေ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ...။
(သံပြိုင်)
လယ်သမား၊ လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ
ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ...
ညီရင်းအစ်ကိုပမာ၊ သစ္စာအဓိဋ္ဌာန်ပြုစို့ဟေ...
သွေးစုပ်ကောင်တွေ မောင်းထုတ်ဟေ...။
ဒို့ရဲ့သွေးသား၊ သူတို့ဝါးမြို့စားသလေ
နှစ်ကာလ ရှည်ကြာခံခဲ့ရပေ...။
ကြောက်လန့်စိတ်တွေ အကုန်အစင်စွန့်လေ
အရုဏ်ကျင်းကာ အလင်းသို့ရောက်ပြီဟေ...။
(သံပြိုင်)
(သည် ”အင်တာနေရှင်နယ်သီချင်း” ခေါ် ”နိုင်ငံတကာသီချင်း” နားထောင်ဖို့ ယူကျုလင့်ခ်။)
https://youtube.com/watch?v=ZQqNkQPGP2M&feature=share
▪ ဆရာမြသန်းတင့် ကွယ်လွန်ခြင်း ၆ နှစ်ပြည့်
ဦးမြသန်းတင့်ကို ကျနော်က “ဦးလေး ဦးမြသန်း” လို့ အမြဲတမ်းခေါ်တယ်။ အဲတော့ ကျနော် အခုပြောရင်လည်း အဲဒီနာမည်နဲ့ပဲ ပြောတော့မယ်။ ကျနော်ပြောတဲ့အခါ မှာ သူနဲ့ကျနော်နဲ့ ကိုကိုးကျွန်းမှာ ဖြတ်သန်းခဲ့တာတင်မကပဲနဲ့ သူနဲ့ပတ်သက်ပြီး တခြား ပုဂ္ဂိုလ်တွေဆီက ကြားဖူးတာ၊ ကျနော့်မိဘများဆီက ကြားဖူးတာ၊ အဲဒါတွေပါ ဒီမှာထည့် ပြီးပြောပြချင်တယ်။ ဒီလို...။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါနီးတော့ ဂျပန်တော်လှန်ရေးဟာ အထက် ဗမာပြည်မှာ စပြီးတော့ အောင်ပွဲတွေရတယ်ဗျ။ အဲတော့ အထက်ဗမာပြည်ဟာ အောက် ဗမာပြည်ထက် အရင်လွတ်မြောက်တယ်လို့ ပြောလို့ရတယ်။ ဗမာပြည်မှာ ဗြောင်နိုင်ငံ ရေးလှုပ်ရှားမှုတွေဟာ အဲဒီအချိန်က အဓိကအားဖြင့် အထက်ဗမာပြည် မန္တလေးကို ဗဟို ပြုပြီး ပေါ်ပေါက်လာတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အထက်ဗမာပြည်က နိုင်ငံရေးသမား ပေါင်းစုံ (အထူးသဖြင့်တော့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုတွေ ပေါ့)အကုန် မန္တလေးမှာ လာပြီးစုကြတယ်။ မန္တလေးပတ်ဝန်းကျင်က စစ်ကိုင်းတို့ဘာတို့က လာတာ ရှိသလို၊ ပခုက္ကူ ရေစကြိုဘက်ကလူတွေလည်း အများကြီးပါလာတယ်။ ဥပမာ ဆိုလို့ရှိရင် နောင်မှာ အလံနီဖြစ်သွားတဲ့ ကိုကျော်သန်း၊ စာရေးဆရာဖြစ်လာတဲ့ ဦးမြသန်းတို့၊ ဦးကျော်အောင်တို့၊ နောက်ပြီး မနှစ်ကမှ ကွယ်လွန်သွားတဲ့ ရေစကြို ဦးညွန့်အောင်၊ အဲဒီ လူတွေ ရောက်လာကြတယ်။ ဦးမြသန်းတင့်လည်း အဲဒီမှာ တခါတည်း ပါ လာတာပဲ။
အဲဒါအပြင် မန္တလေးမှာ ဘယ်သူတွေ လာစုသေးလဲဆိုတော့ ကျနော်တို့ ကွန် မြူနစ်ပါတီရဲ့ ဒုတိယကွန်ကရက်မှာ ဗဟိုကော်မတီဖြစ်လာတဲ့ ပါမောက္ခ ဦးကျော်ရင်တို့လို လူတွေလည်း အထက်ဗမာပြည်မှာ ရှိနေကြတယ်။ ကျနော်ကလည်း အဲဒီအချိန်ကျမှ မွေးတာ။ ကျနော့်ကို မွေးတုန်းက ဦးကျော်ရင်က ကျနော့်အဖေနဲ့အတူ ကျနော့်အမေကို ဆေးရုံလိုက်ပို့ရတာ။ ညကြီးမှာ။ အဲဒါကြောင့်မို့လို့ ကျနော်က ဦးကျော်ရင်ကို မှတ်မှတ် ရရဖြစ်နေတာ။
အဲတော့ ဦးမြသန်းဟာလည်း အဲဒီလိုနဲ့ မန္တလေးရောက်လာတော့ အဲဒီတုန်းက ကွန်မြူနစ်ပါတီက ရဲဘော်တွေအားလုံးဟာ မန္တလေး ပိုက်ကျုံးရပ်မှာရှိတဲ့ “ပါတီဘုံရိပ်သာ” မှာ စုပြီးနေကြတယ်။ ဦးမြသန်းက အဲတုန်းက ဆယ်ကျော်သက် အရွယ်ပဲ။ အသက် ၂ဝ မပြည့်သေးဘူး။ အဲဒီအချိန်တုန်းက အထက်ဗမာနိုင်ငံမှာ “ဖဆပလ၊ ဖဆပလ” ဆိုပြီး လှုပ်ရှားတဲ့အခါမှာ အဓိကလှုပ်ရှားနေတာက ကွန်မြူနစ်တွေပဲ။ အပေါ်မှာကတော့ မန္တလေးမြို့မိမြို့ဖတွေဖြစ်တဲ့ ဆရာကြီးဦးရာဇတ်တို့ ဘယ်သူတို့လို ပုဂ္ဂိုလ်တွေလည်း ပါတာပေါ့။ ကျနော့်အဖေက အဲဒီတုန်းက အထက်ဗမာပြည် ဖဆပလမှာ အတွင်းရေးမှူး။ ဦးမြသန်းတို့၊ ဦးညွန့်အောင်တို့၊ ကိုကျော်သန်းတို့နဲ့ သူတို့နဲ့က အဲဒီအချိန်မှာ ရင်းနှီးတာ။ စာပေဝါသနာချင်းကလည်း တူကြတာကိုး။ ဦးကျော်ရင်နဲ့ကတော့ အရမ်းကို ရင်းတာ၊ ပြောစရာမလိုဘူး။
အဲဒီကာလဟာ ဒုတိယ ကမ္ဘာစစ်ကြီးကလည်း ပြီးခါနီးပြီ။ ကမ္ဘာအရပ်ရပ်မှာ မဟာမိတ်တွေ၊ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုတွေက အောင်ပွဲတွေ ပြန်ရနေတဲ့အချိန်ထိုးစစ်တွေ ပြန်စနေတဲ့အချိန်။ ကျနော်တို့ ဗမာပြည်မှာဆိုလို့ရှိရင်လည်း ဂျပန်ဖက်ဆစ်တွေ ဆုတ်နေရတဲ့အချိန်။ အောင်ပွဲရဲ့အလားအလာတွေ မြင်နေရတဲ့အချိန်။ တနိုင်ငံလုံး ပြည်သူတွေရဟန်းရှင်လူတွေ အားလုံး အားတက်နေကြတဲ့ အချိန်။
အဲလိုအချိန်မျိုးမှာ မှန်ကန်တဲ့ ဦးဆောင်မှုလည်းရှိတယ်။ အောင်ပွဲခံစိတ်ဓါတ်တွေလည်း ရှိနေတဲ့အခါကျတော့ လူတိုင်းဟာ တက်ကြွနေကြတယ်။ ကျနော်တို့ ကွန်မြူနစ်ပါတီရဲ့ ဘုံရိပ်သာဆိုလို့ရှိရင် အင်မတန်စည်ကားတာ။ အဲဒီတုန်းက အင်္ဂလိပ်တပ်တွေထဲမှာပါတဲ့ ကွန်မြူနစ်ပါတီဝင်တွေ (အဲဒီတုန်းက ကွန်မြူနစ်အင်တာနေရှင်နယ်ရဲ့ ညွှန်ကြားချက်ကလည်း ရှိနေတော့) သူတို့က ဘုံအဖွဲ့ကို လာကြတယ်။ ကျနော်တို့ ပါတီက ရဲဘော်တွေ ဆင်းဆင်းရဲရဲစားနေရတာကြည့်ပြီးတော့ သူတို့က သူတို့ရာရှင်ရတဲ့ စားစရာ သောက်စရာတွေ စီးကရက်တွေ လာလာပြီးပေးတယ်။ နောက်ပြီးကျတော့ သူတို့ရဲ့ ပါတီဝင်ကြေးကိုလည်း ဗမာပြည်က ကွန်မြူနစ်ပါတီမှာ လာပြီးပေးသွင်းတယ်။ ဒီက ကလပ်စည်းတွေထဲမှာ ကလပ်စည်းဖြတ်သန်းမှု လုပ်တယ်။
အဲလိုအခြေအနေတွေနဲ့ဆိုတော့ အားလုံးက တက်ကြွနေတဲ့အခါမှာ အထက် ဗမာပြည်က ကွန်မြူနစ်တွေကို ဦးကျော်ရင်က သီချင်းတွေ သင်ပေးတယ်။ အင်တာနေရှင်နယ် သီချင်းကို ဦးကျော်ရင်က ပထမဆုံး သင်ပေးတာပဲ။ တခါ ဦးကျော်ရင်က ယူဂိုဆလပ် စစ်ချီသီချင်း၊ ပြင်သစ်စစ်ချီသီချင်း စတာတွေလည်း သင်ပေးတယ်။ အဲဒါအပြင် ရခိုင် သီချင်းတွေလည်း သူကသင်ပေးတယ်။ အဲဒါကြောင့်မို့လို့ အထက်ဗမာပြည်က ကွန်မြူနစ် ပါတီဝင် အတော်များများဟာ ရခိုင်သီချင်းတွေကို ဆိုတတ်နေကြတယ်။
အဲဒီတုန်းက ပါတီဝင်တွေကို (ဘုံရိပ်သာမှာနေတဲ့သူတွေကို) တောင်းဆိုတာ ရှိတယ်။ ဒါ မန္တလေးက ဘုံရိပ်သာတင်မကဘူး။ အိန္ဒိယရောက်သွားတဲ့ လူတွေရဲ့ ဘုံရိပ်သာမှာလည်း ဒီအတိုင်းပဲလို့ သိရတယ်။ အဲဒီမှာ တောင်းဆိုတာက အချက် ၃ ချက်။ ရဲဘော်တိုင်း... ၁။ အလှူခံရင် လိုက်ပါရတယ်။ အလှူခံတယ်ဆိုတာ မြို့ထဲမှာဖြစ်မယ်။ ဈေးထဲမှာ ဖြစ်မယ်၊ ဘယ်ကိုပဲသွားသွား၊ အလှူခံတဲ့နေရာမှာ လိုက်ရတယ်။ ၂။ တရားဟောရတယ်။ လူထုကို တရားဟောရတယ်။ အဲလို တရားဟောတာ လေ့ကျင့်ဖို့အတွက် ဘုံရိပ်သာ တွေမှာ စကားရည်လုပွဲတွေ လုပ်ပေးတယ်။ မကြာမကြာ ကျင်းပပေးတယ်။ အကြောင်း အရာတော့ ပြောင်းပြောင်းပေးတာပေါ့။ နောက် တတိယအချက်က နံရံကပ်စာစောင်မှာ ဝင်ရေးရတာ။ မရေးတတ်လို့ရှိရင် သူများက သင်ပေးတယ်။ ဦးကျော်ရင်လို ပုဂ္ဂိုလ်တွေက ပြင်ပေး၊ သင်ပေးတဲ့သူတွေပေါ့။ အဲတော့ ဆယ်ကျော်သက်အရွယ် ဦးမြသန်းဟာ အဲဒီလို နံရံကပ်စာစောင်မှာ ကလောင်သွေးခွင့်ရတာပဲ။ ကလောင်သွေးခွင့်၊ လက်သွေးခွင့်ရတယ်။ ကျန်တဲ့ရဲဘော်တွေက ဝိုင်းဖတ်ပြီးတော့ အကူအညီပေးကြ၊ ထောက်ပြကြ၊ ဝေဖန်ကြ အဲဒီ လိုနဲ့ တိုးတက်လာတာပဲ။ ဒါကြောင့်မို့လို့ ဦးမြသန်းရဲ့ စာပေ ရေခံမြေခံဟာ ပြင်းထန်လှတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး လှိုင်းလုံးကြီးတွေထဲမှာ အစပြုတယ်လို့ပြောရင် ရမယ်လို့ထင်တယ်။
ခုနက အထက်မှာပြောခဲ့တဲ့ တရားဟောတာနဲ့ပတ်သက်လို့ ဦးမြသန်း ပြောပြခဲ့ဖူးတာတခု။ အဲဒါက ကျွန်းပေါ်မှာတုန်းက ကျနော့်ကို သူပြောပြတာ။ အဲဒီခေတ်တုန်းက သူတို့ ရေစကြိုဘက်မှာ အင်မတန်နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းဆိုတာ ရှိတယ်။ ဓားပြဂိုဏ်းခေါင်းဆောင်က ရှင်မတောင် ခင်မောင်။ ဓားပြဂိုဏ်းဆိုလို့ နှယ်နှယ်ရရ မထင်နဲ့။ အင်အားက တထောင်လောက် ရှိတယ်။ သူတို့က ရွာလုံးကျွတ်၊ ရွာအလိုက် ပါကြတာ။ တိုက်စရာရှိရင်လည်း ရွာလုံးကျွတ် ထွက်တိုက်တာ။ အဲဒီလို ဓားပြဂိုဏ်းကြီးကို သွားပြီးတော့ ပါတီက ဆွေးနွေးခိုင်းတယ်။ သူတို့ ပခုက္ကူ၊ ရေစကြိုက လူတွေကို လွှတ်တာပေါ့။ အဲဒီတုန်းက ဦးမြသန်းလည်း ပါသွားတယ်။ သွားပြောရတာက... ခင်ဗျားတို့ ဓားပြတိုက်စားတယ်ဆိုတာက စနစ်ကြောင့်ဖြစ်ပါတယ်။ ကျနော်တို့ နားလည်နိုင်ပါတယ် ဘာညာပေါ့။ အဓိကကတော့ နားချတာတမျိုးပါပဲ။ အဲတော့ ဟိုက ကောင်းကောင်းမွန်မွန် လက်ခံနားထောင်တယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ပြန်ခွင့်ပြုတယ်။ သူတို့ တရားပွဲ က အောင်မြင်တယ်လို့ ပြောနိုင်တယ်။
ဆိုလိုတာက ဦးမြသန်းဟာ သူ့စာပေဘဝ စတင်ကတည်းက အဲဒီလို လူထုနဲ့ နီးနီးကပ်ကပ် လူထုလှုပ်ရှားမှုတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်ပြီး လုပ်ရင်းကိုင်ရင်းက နေပြီးတော့ ကလောင်တဖက်၊ အော်လံတဖက်ဆိုတာမျိုး လုပ်ခဲ့ရတာ။ လွတ်လပ်ရေး ရပြီးတယ်ဆိုတော့လည်း သူဟာ ဗမာပြည် ပြည်သူတွေရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ထက်ထက်သန်သန် ပါဝင်ခဲ့တာ။ အဲဒီလှုပ်ရှားမှုတွေနဲ့ သူ နိုင်ငံခြားသွားရတာ ရှိတယ်။ ကိုကိုးကျွန်းကို ၂ ခါရောက်ရတာလည်းရှိတယ်။ သူ့ဘဝ တလျှောက်လုံးမှာ အုပ်စိုးသူတွေရဲ့ အငြိုငြင်ခံရတဲ့ စာပေသမားတယောက်အဖြစ်နဲ့ ရပ်ခဲ့ရတယ်။ သူ့ရဲ့ စာပေထွန်းပြောင်ခဲ့တာဟာ အဲဒီလို ရေခံမြေခံ၊ အဲဒီလို ဖြတ်သန်းမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ခွဲမရဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့ဗမာပြည်ရဲ့ စာပေသမိုင်းမှာ စာပေလောကမှာ နာမည်ကြီးတဲ့ လူချစ်လူခင်များတဲ့၊ သိက္ခာရှိတဲ့လူတွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ အစိုးရအငြိုငြင်ခံပြီးတော့ စာပေလောကမှာ အကျိုး ပြုခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ အခုထက်ထိ ပြည်သူလူထုက သူရဲကောင်းလို့ ထင်မှတ်နေကြတာပါပဲ။
ပြီးတော့ ဦးမြသန်းနဲ့ ကျနော်နဲ့ ပထမဆုံး စတွေ့ဖူးတာက ကိုကိုးကျွန်းမှာ တွေ့ဖူးတာပါ။ သူ့နာမည်သိနေတာ၊ သူ့စာတွေ ဖတ်ဖူးနေတာတော့ ဒီ့မတိုင်ခင် အစောကြီး ကတည်းကပေါ့။ ဒါပေမယ့် တကယ့်တကယ် တွေ့ဖူးတာက ကျနော်တို့ကို ကိုးကိုးကျွန်းပို့တဲ့ည၊ “ပြည်တော်ညွန့်” သင်္ဘောပေါ်မှာ သင်္ဘောရဲ့ရှေ့က ဝမ်းခန်းထဲမှာ စပြီးတွေ့ဖူးတာ။ သူရယ်၊ ဦးလေး ဗန်းမော်တင်အောင်ရယ်က သင်္ဘောနံရံကိုမှီပြီး ဖင်ချထိုင်နေကြတယ်။ အဲ... ကျနော်က ဦးတင်အောင်ကိုတော့ မြင်တာနဲ့ မှတ်မိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဦးတင်အောင်က ကျနော်တို့အိမ်ကို မကြာခဏရောက်နေလို့၊ ဒါပေမယ့် ဦးလေးဦးမြသန်းကိုတော့ ကျနော်က သိပ်မမှတ်မိဘူး။ သူ့ကို သူများပြောပြမှ “ဪ... အဲဒါ ဦးမြသန်း” လို့ သိရတယ်။ နောက်ပြီး သူက မျက်မှန်ထူထူကြီးနဲ့ ထိုင်နေတာ။ အဲဒါနဲ့ပဲ ကျနော်က သူတို့ကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး စသိတာ။
အဲဒီနောက် ကျနော်တို့ ကျွန်းပေါ်ရောက်တဲ့အခါကျတော့ ဦးမြသန်းနဲ့ကျနော်နဲ့ အဆောင်တဆောင်တည်းနေရတယ်။ ခုနက သင်္ဘောပေါ်မှာတော့ စကားများများ မပြောခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ရှေ့ရေးကိုပဲစဉ်းစားနေကြတဲ့အခါကတော့ စကားများများ ပြောချင်စိတ်လည်း မရှိကြဘူး။ အဲ... ကျွန်းပေါ်ရောက်တဲ့အခါကျတော့ တဆောင်တည်းလည်းဖြစ်တယ်။ ကွပ်ပျစ်အရှည်ကြီးပေါ်မှာ ကျနော်တို့ ၅ ယောက်အိပ် ကျတာ။ သူနဲ့ ကျနော်နဲ့ကြားမှာ ပျဉ်းမနားက ကိုခင်မောင်ဇော် (ဇော်ဝင်းကို၊ ပျဉ်းမနား) သူတယောက်ပဲ ရှိတယ်။ အဲဒီလို ဆက်ပြီး အိပ်ကြတယ်။ အဲဒီတော့ စကားတွေလည်း အများကြီးပြောဖြစ်ကြတာပေါ့။ အဲဒီလို ကိုကိုးကျွန်းကို ဦးမြသန်းတို့၊ ဦးတင်အောင်တို့ ပါလာတာဟာ ကျနော်တို့အတွက်တော့ အဘိဓါန်ကြီးတွေ ပါလာသလိုပဲ။ အင်္ဂလိပ်စာ အဘိဓါန်၊ နိုင်ငံရေး အဘိဓါန်၊ အတွေ့အကြုံဆည်းပူးဖို့ မေးစရာ၊ ဆည်းပူးစရာတွေက နှိုက်လို့မကုန်နိုင်ဘူး။ အဲ... သူတို့အနားမှာ အမြဲတမ်းလူရှိတယ်။ သူတို့နဲ့ စကားပြောချင် ကြတယ်။ သူတို့ကို မေးချင်မြန်းချင်ကြတယ်။ ဦးမြသန်းဟာ ကိုကိုးကျွန်းပေါ်မှာ အင်္ဂလိပ်စာ မဖတ်နိုင်တဲ့ရဲဘော်တွေ့အတွက် စာအုပ်တွေ ဘာသာပြန်ပေးတာတွေရှိတယ်။ ကျမ်းကြီးကျမ်းခိုင်တွေကို ဘာသာပြန် ပေးတာလည်းရှိတယ်။ သူက ဖတ်ပြီး တောက်လျှောက် ပြောချသွားတာ။ အဲဒါကို ဘေးက တယောက်က လိုက်ပြီး ရေးရတယ်။ အရမ်း မြန်တယ်။ သူ့မျက်စိက အင်မတန်မှုန်တဲ့အခါကျတော့ စာအုပ်နဲ့မျက်စိနဲ့က တမိုက်လောက်တောင် မကွာဘူးထင်တယ်။ ကပ်ကြည့်ရတာ။
အဲဒီလို ဦးမြသန်းက လူတိုင်းနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လက်ပွန်းတတီး နေတတ်တယ်။ သူ့ကိုယ်သူ အလုပ်ကြမ်းတွေထဲမှာ လေ့ကျင့်တယ်။ သူများတွေ လုပ်တာကို သူလည်း လုပ်နိုင်ရမယ်ဆိုပြီးလုပ်တယ်။ ထင်းလုပ်တဲ့အဆိုင်းတွေမှာလည်း ပါတယ်။ တောင်ယာလုပ်တဲ့ အဆိုင်းတွေမှာလည်း ပါတယ်။ ဟိုဟာသယ်၊ ဒီဟာသယ် ဆိုလည်း သူကလိုက်တယ်။ ကိုယ့်ကိုယ်ကို တောင်းဆိုတဲ့နေရာမှာ အင်မတန် တင်းတင်းကြပ်ကြပ် တောင်းဆိုတယ်။ ရေကူးလေ့ကျင့်တယ်။ သူ တနေ့တနေ့ကို မီတာရာပေါင်းများစွာ ရေကူးတာ။ လူကတော့ မျက်စိက မှုန်လိုက်တာ မပြောနဲ့။ သူ့မျက်မှန်က ဟို... ဘိလပ်ရည် ပုလင်းဖင်မှန်ကို တပ်ထားသလိုပဲ။ သူနဲ့ ကျနော်နဲ့တခါ ထမင်းစားရုံကနေ ထမင်းစား ပြန်လာကြတဲ့အခါကျတော့ ရဲနီတွေရဲ့ အဆောင်ရှေ့က ဖြတ်လာတယ်။ အဲဒီအခါကျတော့ ရဲနီ တွေကနေပြီး “ဦးမြသန်း ထမင်းစားခဲ့ပြီလား” လို့ လှမ်းပြီးနှုတ်ဆက်တယ်။ သူက “ဟုတ်ကဲ့၊ စားခဲ့ပြီဗျာ” လို့ ပြောတယ်။ ပြီးတော့ နည်းနည်းလွန်တော့မှ “ကိုဖိုးသံ… ခုနက ကျနော့်ကို နှုတ်ဆက်တာ ဘယ်သူလဲဗျ” လို့ မေးတယ်။ သူ့ခမျာ မြင်တာမဟုတ်ဘူး။ ရမ်းဖြေလိုက်ရတာ။ မျက်စိက အဲဒီလောက်ကို မွဲတာ။
ဒါပေမယ့် သူက အဲဒီလို မျက်စိသာ မွဲတာ။ ကျန်တဲ့ရဲဘော်တွေ တောတိုးကြ ပြီဆိုတဲ့အခါ သူလည်း တောတိုးမယ်ဆိုပြီး လိုက်တာပဲ။ ဓားရှည်ကြီး တလက်နဲ့။ ကျနော်တို့ ကိုယ့်ဟာကိုယ်လုပ်ကြတဲ့ လက်နက်ကိရိယာတွေထဲမှာ ဓားတွေအများဆုံးပဲလို့ ထင်တယ်။ လူတိုင်းလိုလို ဓားရှိတယ်။ ဦးမြသန်းရဲ့ ဓားကတော့ တတောင့်ထွာလောက် ရှိမယ်၊ ဓားရှည်။ သူက အဲဒါနဲ့ တောတိုးတာ။ အာဏာပိုင်တွေက “မသွားရ” လို့ ပိတ်ပင်ထားတဲ့နေရာတွေကို တခြားရဲဘော်တွေက ခိုးသွားတယ်။ သူလည်း လိုက်တယ်။ အဲဒီကနေ အုန်းသီးထမ်းတယ်။ ဟင်းရှာတာ လုပ်တယ်။ တမင်တကာ ကျနော်တို့ အရွဲ့တိုက်ပြီးတော့ အဲဒီဒေသကို စည်းကမ်းချိုးဖောက်ပြီးတော့ သွားနေကြတာ။ အဲဒီအထဲမှာ ဦးမြသန်းလည်း ပါတာပဲ။ အဲလိုအခါမျိုးမှာ သူဟာ မျက်မှန်သာ တပ်မထားရင် သူ့ရုပ်က အညာက လယ်သမားရုပ်ပဲ။ ချွေးတလုံးလုံးနဲ့၊ ဝတ်ထားတာကလည်း ထောင်ကပေးတဲ့ ပုံစံအဝတ်အစား။ အဲဒါကို အုန်းခွံရောင်တွေ ဆိုးထားတာ။ သူ့ကို မြစ်ဝကျွန်းပေါ်မှာ ကျသွားတဲ့ ရဲဘော်အောင်နိုင်က ဦးထုပ်လေးတလုံး ချုပ်ပေးထားတယ်။ အဲဒီဦးထုပ်ကလည်း ခုနက အုန်းခွံရောင်ဆိုးထားတာ။ သူက အဲဒီဦးထုပ်လေးနဲ့ သူ့ကိုယ်သူ ယပ်ခပ်နေတာ။ မောရှာလို့။ ပူကလည်း ပူကိုးဗျ။ ဦးမြသန်းက ရဲဘော်တွေနဲ့လည်း အဲဒီလို တသားတည်း နေတာ။ နောက် ထင်းလုပ်ရင်လည်း အဲဒီလို ချွေးတလုံးလုံးနဲ့ ထင်းဆွဲတာပဲ။ လွှ ဆွဲတာပဲ။
ကိုကိုးကျွန်းရဲ့ ရက် ၄ဝ တိုက်ပွဲမှာ သူရယ်၊ ဦးလေး ဦးတင်အောင်ရယ် သူတို့ နှစ်ယောက် ပထမအသုတ်က ပါခဲ့တာ။ အဲဒီတိုက်ပွဲကို အလေးထားတဲ့အနေနဲ့ အဲဒီတိုက်ပွဲက ရဲနီတယောက် ကျဆုံးသွားတာကနေပြီးတော့ ကျနော်တို့ တိုက်ပွဲ စတိုက်ကြတာ။ ဒီတိုက်ပွဲကို ကျနော်တို့ ပေါ့ပေါ့တန်တန်မလုပ်ဘူး။ အလေးထားတယ်ဆိုတာကို ဖော်ပြချင်တဲ့အတွက် ဦးမြသန်းရော၊ ဦးတင်အောင်ရော ပထမအသုတ်ကနေ ပါဝင်တာ။ အဲဒီတိုက်ပွဲမှာ သူတို့နှစ်ယောက်စလုံးက အင်မတန် တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေရရနဲ့ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ခဲ့တာ။ အဲဒါဟာ ကျနော်တို့ ကျန်တဲ့ရဲဘော်တွေအားလုံးကို အားရ၊ အားတက်စေတယ်။ တပါတည်းမှာပဲ ကျနော်တို့ရဲဘော်တွေဟာ သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေး အတွက်လည်း အများကြီး စိုးရိမ်ပူပန်မိကြတယ်။ စိတ်လည်း မကောင်းကြပါဘူး။ အထူးသဖြင့် ဦးလေးဦးတင်အောင်။ ဦးလေးဦးတင်အောင်ဟာ နဂိုကတည်းက အစာအိမ် ကောင်းတာမဟုတ်ဘူး။ ဦးလေးဦးတင်အောင်ဟာ အဲဒီတိုက်ပွဲဒဏ်တွေ၊ သူ့ရဲ့ အင်မတန် ရှည်ကြာလှတဲ့ ထောင်ဒဏ်တွေ၊ အဲဒီဒဏ်တွေနဲ့ အစာအိမ်ကင်ဆာဖြစ်ပြီး အစောကြီး ကွယ်လွန်သွားတာဖြစ်တယ်။
အဲတော့ ကိုကိုးကျွန်းတလျှောက်လုံးမှာ ဦးမြသန်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အားလုံး စွဲလန်းနေတာတခုက ဦးမြသန်းက အခက်အခဲမကြောက်ဘူး။ ကျနော်တို့နဲ့ အတူတူ ဒိုးတူဘောင်ဖက် လုပ်နိုင်ကိုင်နိုင်တယ်။ မာနမရှိဘူး။ ရဲဘော် ကြီးသည်၊ ငယ်သည်ဖြစ်စေ သူက ရိုရိုကျိုးကျိုးဆက်ဆံတယ်။ စာတွေ အများကြီးဖတ်ပြီးတော့ ကျနော် တို့ရဲဘော်တွေကို အသိဉာဏ်တွေကို ခွဲဝေပေးနိုင်တယ်ပေါ့ဗျာ။ ကျနော်တို့လိုအပ်တဲ့ အကူအညီအများကြီး၊ အထူးသဖြင့် ဉာဏပိုင်းနဲ့ပတ်သက်တဲ့ အကူအညီတွေ အများကြီး သူ့ဆီက ရခဲ့တယ်။
ကိုကိုးကျွန်းက ပြန်လာတဲ့အခါကျတော့ သူနဲ့ကျနော်နဲ့က အင်း စိန်ထောင် ၄ တိုက်မှာ အခန်းချင်း ကပ်လျက်နေရတယ်။ အခန်းချင်းကပ်နေတယ်ဆိုတော့ ကျနော်တို့ စကားပြောချင်တယ်။ ညမှာပဲ အများဆုံးပြောရတယ်။ ထောင်အစောင့်တွေ အလစ်မှာပေါ့။ စာဖတ်စရာ မရှိဘူး။ အဲဒီမှာက အဲ... စာဖတ်စရာ မရှိတဲ့အခါကျတော့ သူနဲ့ စကားပြောရတာဟာ၊ သူ့ဆီကနေပြီး ကျနော်တို့ သိချင်တာတွေ မေးရတာဟာဆိုလို့ရှိရင် ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေကို ဖတ်နေရသလိုပဲ။ ဒါကြောင့်မို့ ကျနော် ညရောက်ပါစေ လို့ပဲ မျှော်လင့်တယ်။ အဲ... သူကလည်း ပြောတယ်။ ပြောတယ်ဆိုတာက ကိုကိုးကျွန်းမှာ နေတုန်းက သူ့အနေနဲ့ စာရေးဖို့သားဖို့ သိပ်မစဉ်းစားနိုင်ဘူး။ အချိန်က မရှိဘူး။ ကျွန်းကိစ္စတွေနဲ့ ခေါင်းထဲမှာ အကုန်လုံး အဲဒါတွေနဲ့ပဲ လွှမ်းမိုးနေတယ်။ အခုအခါကျတော့ ထောင်ထဲမှာ ရောက်လာတဲ့အခါ အချိန်ရတဲ့အခါကျတော့ သူစာရေးဖို့သားဖို့တွေ စဉ်းစားတယ်။ သူက အဲဒီဟာတွေအကုန်လုံး ကျနော့်ကိုပြောပြတယ်။ အဲဒီတော့ သူ့ဆီက ကျနော် ကြားနေရတာတွေဟာ စာအုပ်တွေ ဖတ်နေရသလိုပဲ။ တက္ကသိုလ်မှာ သင်တန်းတွေ တက်နေရသလိုပဲ။ အဲ... ကျနော်နဲ့အတူနေသူတွေ၊ သူနဲ့ အတူနေသူတွေ၊ အခန်းနီးနားချင်းတွေကပါ နားထောင်ပြီးတော့ အကျိုးရှိသွားတာပဲ။
ပြန်ပြီးချုပ်လိုက်မယ်ဆိုလို့ရှိရင်ပေါ့ဗျာ။ ဦးမြသန်းတင့်ဟာ ငယ်ငယ်လေးကတည်းက လူထုတိုက်ပွဲတွေထဲမှာ ဖြတ်သန်းလာရတာ။ နောက်ပြီး ကွန်မြူနစ်ပါတီနဲ့ နီးနီးကပ်ကပ် နေခဲ့ရပြီးတော့ လေ့ကျင့်ပေးတာလည်း အရယူခဲ့တယ်။ လွတ်လပ်ရေးရပြီးတော့ လည်း ပြည်သူလူထုဘက်မှာ တလျှောက်လုံး ရပ်တည်ခဲ့တယ်။ စာပေဇွဲလုံ့လ သိပ်ကြီးမားတယ်။ အင်မတန် စိတ်ဓါတ်အရ၊ သဘောထားအရ သိပ်ပြည့်ဝတဲ့သူတယောက် ဖြစ်တယ်။ အဲဒီလို ပြီးပြည့်စုံတဲ့ လူတယောက်ဖြစ်အောင် စာတွေ ဘယ်လောက်ဖတ်ရတယ်၊ ဘယ်လောက်ကြိုးစားရတယ်၊ ဘယ်လောက်လုံးပမ်းရတယ်ဆိုတာ ဦးမြသန်းဟာ ကျနော်တို့ အားလုံးအတွက် လေးစားစရာ၊ အတုယူစရာ ပုဂ္ဂိုလ်တယောက်ပဲလို့ ကျနော်တော့ တသက်လုံး မှတ်ယူနေမှာ။ ။
ရဲဘော်ဖိုးသံချောင်း
(ဒီမိုကရက်တစ်မြန်မာ့အသံ၌ အသံလွှင့်ချက်။ ၁၈၊ ၂၊ ၂ဝဝ၄)
▪ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂါရဝပြုခြင်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ် ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ သူ့ကို ဗမာပြည်နိုင်ငံရေး လိုအပ်ချက်က ပြဋ္ဌာန်းဖော်ထုတ်လိုက်တာဖြစ်ပါတယ်။ သူ့လိုလူ နောက်ထပ် မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကို ပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။ စာပေပညာရှင်ကြီးအနေနဲ့ပြောမလား၊ လွတ်လပ်ရေး တိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေး ဗိသုကာကြီးအနေနဲ့ ပြောမလား ပြောစရာတွေ အများကြီးပါ။ သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတန်ဆောင် သူတဦးဖြစ်ခဲ့တာလည်းအမှန်ပါပဲ။ ဒါပေမယ့် ကျနော့် ရှုထောင့်က ပြောရရင်တော့ ဆရာကြီးရဲ့ဂုဏ်သရေဟာ သူ့ရဲ့နိုင်ငံရေးလုပ်ရပ်တွေ ကြောင့် ပိုမိုထွန်းတောက်လာရတယ်လို့ ပြောချင်ပါတယ်။
အင်္ဂလိပ်အစိုးရက ရန်သူတော် နံပါတ်တစ်လို့ သတ်မှတ်ခံရတဲ့ ဆရာကြီးဟာ ဂျပန်ခေတ်ရောက်တော့လည်း တောပြေးပြီး ပုန်းရတယ်။ ဖဆပလ လက်ထက်ကျတော့လည်း ဆိုရှယ်လစ်တွေနဲ့ သူတို့ရဲ့စစ်ဗိုလ်တွေက တောထဲကလူတွေရဲ့ ကိုယ်စားလှယ်လို့ အမနာပ ပြောပြီး သူ့တရားပွဲတွေကို ပြူစောထီးတွေ လွှတ်ပြီး ခြိမ်းခြောက်တာ ခံရပါတယ်။ အဲဒီလို ခေတ်အဆက်ဆက်မှာ အာဏာရအသိုင်းအဝိုင်း၊ အာဏာရလူတန်းစားနဲ့ ထိပ်တိုက်တွေ့ အငြိုအငြင်ခံပြီးတော့ ခေါင်းမာမာတိုက်ပွဲဝင်ခဲ့လို့ ဆရာကြီးရဲ့ဂုဏ်သိက္ခာဟာ ထွန်းပြောင်တာ၊ တပြည်လုံးက လေးစားရတာဖြစ်ပါတယ်။
ဆရာကြီးရဲ့ ထူးခြားချက်တခုက သူဟာ ပြည်သူလူထုနဲ့ အမြဲ တသားတည်းရှိ၊ သူဟာ ပြည်သူလူထုတိုက်ပွဲနဲ့ အမြဲဆက်နေပါတယ်။ အမြဲတမ်း သူပါပါတယ်။ သူ့ခေတ်မှာ သူမပါလိုက်တဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲရယ်လို့ မရှိပါဘူး။ “ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျမ်းနေပါစေ”ဆိုတဲ့ မာ့က်စ်ရဲ့ ငယ်စဉ်က ကြွေးကြော်သံလိုပဲ ဆရာကြီးရဲ့ ဘဝတခုလုံးဟာ တိုက်ပွဲတွေချည်းပါပဲ။ သူဟာ ပြည်သူလူထုဆိုတဲ့အထဲမှာ အထူးသဖြင့် အဖိနှိပ်ခံ ဆင်းရဲသူ ဆင်းရဲသားတွေနဲ့ တသားတည်းကျတာဟာ အင်မတန် ထူးခြားပါ တယ်။ သူဟာ ဗမာပြည်ရဲ့ ဆင်းရဲသူ ဆင်းရဲသားတွေရဲ့ဘဝကို နားလည်တယ်၊ စာနာတယ်၊ အဲဒီလူတွေအတွက် တိုက်ပွဲဝင်တယ်။ သူရေးတဲ့စာတွေထဲမှာ “အညာ မင်္ဂလာဆောင်” လိုဟာမျိုးကအစ စံဖဲကိစ္စအဆုံး သေချာကြည့်လိုက်လို့ရှိရင် ဆရာကြီးရဲ့ ရပ်တည်ချက်ဟာ ဘယ်တော့မှ ပြည်သူလူထုကို သစ္စာမဖောက်ခဲ့ဘူး။ ဆင်းရဲတဲ့သူတွေနဲ့၊ အောက်တန်းအကျဆုံးလူတွေနဲ့ သူဟာ အမြဲတမ်း တသားတည်းရှိခဲ့တယ်ဆိုတာ တွေ့ရပါမယ်။ သူ့ကို ငွေကြေးတွေ၊ ရာထူးတွေနဲ့ဆွယ်တာတွေ သူ့ဘဝမှာ ခဏခဏ ကြုံခဲ့ရတယ်။ အဲဒါတွေ အားလုံးကို သူက ပြတ်ပြတ်ငြင်းပယ်နိုင်ခဲ့တယ်။ သူဟာ နယ်ချဲ့ဆန့် ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အရေးတော်ပုံတွေအားလုံးမှာ အရှေ့ဆုံးကပါခဲ့တာ အမှန်ပါပဲ။
ဒါကြောင့်မို့လည်း ၄၈ ခုနှစ် ဒီဘက်ပိုင်းမှာ လူငယ်တွေဟာ ဖဆပလ အစိုးရနဲ့ ကြားဖြတ်စစ်အစိုးရတို့ရဲ့ ခြိမ်းခြောက်မှုတို့ကို ဆရာကြီးအရှိန်အဝါနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ သူ့ကို ရှေ့ဆုံးက တင့်ကားကြီးလိုထားပြီး နောက်က ချီတက်ခဲ့ရတာပါ။ ကျနော်တို့နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးမှာ ဆရာကြီးရဲ့အရှိန်အဝါမရှိရင် ဘယ်လိုဖြစ်မယ်ဆိုတာ အတော် စဉ်းစားရပါလိမ့်မယ်။
ဆရာကြီးဟာ အင်္ဂလိပ်စာ မတတ်ပါဘူး။ ဒါပေမယ့် သူဟာ အသစ်ကို၊ တိုးတက်တာကို လက်ခံနိုင်စွမ်းရှိတာမှာ အံ့ဩစရာအလွန်ကောင်းပါတယ်။ သူ့အတွေးအ ခေါ်က သာမန်ပဒေသရာဇ်ဆန်ဆန် နယ်ချဲ့မုန်းတီးမှုကနေပြီးတော့ ဝံသာနုစိတ်၊ တို့ဗမာ အစည်းအရုံးစိတ်ဓါတ်၊ နောက်ဆုံး ဆိုရှယ်လစ်ဝါဒအထိ ပြောင်းလဲလာပါတယ်။ ဒါကို သမိုင်းပါမောက္ခ ဆရာကြီးဦးသန်းထွန်းက… “တိုတိုပြောရရင် ပထမ အင်္ဂလိပ်အင်ပါယာထဲမှာပဲ ဒိုမီနီယံ (Dominion Status) ရရင် တော်ပြီလို့မှန်းတယ်။ နောက်တော့ လုံးဝလွတ်လပ်ရေးက တပြားမှမလျှော့ဘူးဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံ တည်ဆောက်မလဲဆိုတာ ချက်ချင်းမစဉ်းစားနိုင်သေးဘူးပေါ့။ ပဒေသရာဇ် နိုင်ငံ ပြန်ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့သဘောက ရှိနေသေးတယ်။ နောက်တော့ ဆိုရှယ်လစ်နိုင်ငံပဲကြိုက်တယ်လို့ ပီပီသသဖြစ်လာပါတယ်” လို့ သူ့စာတမ်းတစောင်မှာ ရေးထားပါတယ်။ အဲဒီစာတမ်းရဲ့ နောက်တနေရာမှာတော့ ဆရာဦးသန်းထွန်းက “ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီး နောက်ဆုံးကာလ ၁၉၄၄ ခုနှစ်က ဆရာကြီး ကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ် အထိ အနှစ် ၂၀ အတွင်းမှာ ဆရာကြီးရဲ့ဘဝက ဆိုရှယ်လစ်နိုင်ငံ ထူ ထောင်ရေးနဲ့ ငြိမ်းချမ်းရေးက ပန်းတိုင်လို့ ပြသွားပါတယ်” လို့ ရေးထားပါတယ်။
ဆရာကြီးရဲ့ဈာပနကာလမှာ ဆရာကြီးရဲ့အကြောင်း စာတမ်းတွေ ဖတ်ကြတော့ ကျနော့်အဖေရေးတဲ့စာတမ်းထဲမှာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) မြန်မာနိုင်ငံသမိုင်း” လို့ ပြောသွားပါတယ်။ ဒါဟာ သိပ်ကို မှန်ပါတယ်။ ဗမာပြည်ရဲ့သမိုင်း၊ ဆိုလိုတာ ဒီဘက်ခေတ်သမိုင်းအကွေ့တိုင်းမှာ ဆရာကြီးက ရှေ့ဆုံးက ပါသူပါ။ အဲဒီတုန်းက သမိုင်းအဖြစ်အပျက်တွေကို ပြောရင် ဆရာကြီးအကြောင်း မပါလို့ကတော့ တကယ်ကို မပြည့်စုံပါဘူး။ ဆရာဗန်းမော်တင်အောင်ပြောတဲ့စံနဲ့ ပြောရလို့ရှိရင် “သူဟာ သူ့ ခေတ်ကပေးတဲ့ တာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင်ပြသွားတဲ့ လူထုသူရဲကောင်းကြီးတယောက်” ဖြစ်ပါတယ်။
ဆရာကြီးရဲ့ ထူးထူးခြားခြား မှတ်သားလောက်တဲ့ အရည်အချင်းတခုကတော့ သမိုင်း အကွေ့အပြောင်းတွေမှာ နိုင်ငံရေးအရှုပ်အထွေးတွေ ဘယ်လိုပဲရှိရှိ မျက်စေ့ မလည်တာပါပဲ။ သူ ဒီလို မျက်စေ့မလည်တာရဲ့ အဓိကအကြောင်းအရင်းကတော့ သူဟာ ပြည်သူလူထုအပေါ်မှာ သစ္စာရှိလို့ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ပဲ တသားတည်းရပ်လို့ ဖြစ်ပါတယ်။
သူရဲ့ သက်တမ်းနဲ့အမျှ ရှည်လျားလှတဲ့ ခရီးကြမ်းကြီးတလျှောက်မှာ သူနဲ့ လုပ်ဖော်ကိုင်ဖက် အမြောက်အများမှာ သူလို အတွေးအခေါ် မပြောင်းလဲနိုင်တဲ့အတွက် ပြတ်ကျန်ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာ ကြီးကတော့ သမိုင်းက ပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ်တွေအတွက် အယူအဆသစ်တွေကို လက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။ ဆရာကြီးက အသစ်ကို ဘယ်လောက်အထိ လက်ခံနိုင်စွမ်းရှိသလဲဆိုလို့ရှိရင် နယ်ချဲ့ဆန့် ကျင်ရေးတိုက်ပွဲမှာ သူ အရင်တုန်းက တွဲခဲ့တဲ့ (ဒိုင်အာခီခေတ်က တွဲခဲ့တဲ့) လူကြီးတွေနဲ့ ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့တာ၊ အမျိုးသားကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့ တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ် တွေနဲ့ တွဲခဲ့တာ၊ နောက်ဆုံး လွတ်လပ်ရေးဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ်က တိုးတက်တဲ့ လူငယ်တွေဖြစ်တဲ့ ဗန်းမော်တင်အောင်တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံဦးထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့ တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစုကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန် ခွဲနိုင်စွမ်းရှိမှုကို ပြသတဲ့သာဓကတွေ ဖြစ်ပါတယ်။
ဆရာကြီး တသက်လုံးလက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစုတခု ရှိပါတယ်။ အဲဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှုလို့ဆိုရမယ့် ၁၉၂ဝ ခုနှစ်က ယူနီဗာစီတီသပိတ်ကြီးကစလို. နောက်ဆုံးအချိန်အထိ ဖဆပလ အစိုးရ လက်ထက်၊ ကြားဖြတ်စစ်အစိုးရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့ လက်မြဲမြဲတွဲခဲ့ပါတယ်။ သူဟာ ဦးဘဖေတို့လို ဒိုင်ယာခီသမားတွေနဲ့ လက်တွဲဖြုတ်ပြီး ကျောင်းသားတွေဘက်က ပြတ်ပြတ်ရပ်၊ ကလောင်ထမ်းပြီး တိုက်ပွဲဝင်ခဲ့တယ်။ မျောက်ဋီကာ၊ ဘွိုင်းကောက်ဋီကာတို့ဟာ အဲဒီတုန်းက ဆရာကြီးရဲ့ရပ်တည်ချက်ကို ထင်ဟပ်နေပါတယ်။ ကျောင်းသားတွေ ကိုလည်း...
• ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာ ထားလိုက်ပေတော့...
ဆိုပြီး ကတိပြုထားတဲ့ ဆရာကြီးကို သူတို့ရဲ့ဦးထိပ်မှာအမြဲထားပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် တိုင်ပင်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အဦမှာ အခါအားလျော် စွာပဲ ဆရာကြီးကို ဖိတ်ပြီး တရားနာကြတယ်။ အရေးကြီးတဲ့အခမ်းအနားတွေမှာ ဆရာကြီးကို ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဆရာကြီး ကွယ်လွန်တဲ့ အချိန်မှာကျတော့ အဲဒီ သူ့တပည့်အရင်းတွေ ဂါရဝ လာမပြုနိုင်ကြတော့ပါဘူး။ စစ်အစိုးရက လိုက်ဖမ်းလို့ ပုန်းသူပုန်း၊ တောခိုသူခို ဖြစ်ကုန်ကြပါပြီ။
ဆရာကြီးရဲ့ ဈာပနကို ကြီးကြီးကျယ်ကျယ် ကျင်းပတာ အမှန်ပါပဲ။ တို့ဗမာအစည်းအရုံးအပါအဝင် လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေ၊ စာပေလောက က လူတွေ အမြောက်အများလည်း တက်ရောက်ကြပါတယ်။ ဒါပေမယ့်အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂတွေ တက်လို့မရတော့ဘူး။ ဆရာကြီးရဲ့ဈာပနမှာ ပေးပို့လာတဲ့ ပန်းခွေတွေဟာ ရာဂဏန်းလောက် ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအထဲမှာ ကျောင်းသားသမဂ္ဂတွေရဲ့ ပန်းခွေတွေ မတွေ့ရတော့ပါဘူး။ ဆရာကြီးရဲ့ ဈာပနကျင်းပတဲ့မဏ္ဍပ်ကြီးမှာ ပန်းခွေတွေ၊ အလံတွေရှိပေမယ့် အဲဒီပန်းခွေတွေ၊ အလံတွေ အရေအတွက်ထက် ထောက်လှမ်းရေး အရေအတွက်က ပိုများနေတယ်လို့ ထင်ရပါတယ်။
အဲဒီအချိန်မှာ ဗိုလ်နေဝင်းဟာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ မျက်လှည့်ပွဲကို တန်သင့်ပြီလို့ဆုံးဖြတ်ပြီး ဖျက်သိမ်းလိုက်ပါပြီ။ ဖျက်သိမ်းပြီးတာနဲ့ တပြိုင်နက် တောထဲက လူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေ လိုက်ဆင်၊ မြို့ပေါ်မှာ ကျတော့ အကုန်လုံးလိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အဖမ်းခံသူခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ်။ ဦးနုတို့တတွေကလည်း ထောင်ထဲမှာပါ၊ အဲဒီလို ဗမာပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်တာနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာဟာ ဘာမှမကွာဘူး။ ဒီဖြစ်ရပ်နှစ်ခု တိုက်တိုက်ဆိုင်ဆိုင် လာပြီးဆုံနေတာ အင်မတန်မှ အံ့ဩစရာကောင်းပါတယ်။ “ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်” ဆိုတာ ဆရာကြီးပါးစပ်က တဖွဖွပြောတဲ့ စကားပါ။ ဒါပေမယ့် သူမကွယ်လွန်မီ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်လိုက်နိုင်တာဟာ ကျနော်တို့နိုင်ငံအတွက် ကြမ္မာငင်တာဖြစ်ပါတယ်။
တကယ်တော့ ဆရာကြီးကို ကွန်မြူနစ်များကလည်းကြည်ညို၊ ဖဆပလ ကလည်း လေးစား။ ဒါကြောင့် သူဟာ နှစ်ဖက်အကြားမှာ တကယ်ဝင်နိုင်သူ ဖြစ်ပါတယ်။ အာဏာရနေတဲ့ အစိုးရထဲမှာရော၊ တောထဲက လူတွေထဲမှာရော အားလုံးက သူ့တပည့်တွေ၊ သူ့တိုက်ဖော်တိုက်ဖက်တွေ ဖြစ်နေတယ်။ သူပြောရင် မငြင်းဝံ့တဲ့သူတွေဖြစ်ပါတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက အများကြီးကွာပါတယ်။ အခု ကာလက အဲဒီလိုမဟုတ်ဘူး၊ ကြားဝင်နိုင်တဲ့ ဆရာကြီးလို ဩဇာရှိတဲ့ပုဂ္ဂိုလ် မရှိဘူး။ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလို ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ ကိုယ်ကျိုးကလည်း တလှေကြီး ရှိတယ်။ သူ့ကို ဘယ်ဘက်ကမှ တကယ်ယုံကြည်တာ မဟုတ်ဘူး။ သူဟာ ဒီနေ့ပဋိပက္ခရဲ့ ဆန့်ကျင်ဖက်မှာ ရှိနေသူတွေ ဘယ်သူကမှ သူနဲ့ တိုက်ဖော်တိုက်ဖက် မဟုတ်ဘူး။ ဆရာကြီးဟာ တောထဲကလူတွေနဲ့ရော ဦးနုတို့နဲ့ရော တိုက်ဖော်တိုက်ဖက် လုပ်ဖော်ကိုင်ဖက်၊ ရာဇာလီဟာ ဘယ်သူနဲ့မှ သံယောဇဉ်မရှိဘူး။ သူ့ကိုယ်သူကလွဲပြီး ဘာသံယောဇဉ်မှမရှိတဲ့သူ ဖြစ်တယ်။ တကယ်လို့သာ ဆရာကြီးရှိတုန်းမှာ ငြိမ်းချမ်းရေးကိစ္စကို ဖိဖိစီးစီး စိုက်လိုက်မတ်တပ် လုပ်မယ်ဆိုလို့ရှိရင် ကျနော်ထင်တယ် ဗမာပြည်ရဲ့သမိုင်းဟာပြောင်းလဲသွားနိုင်ပါတယ်။
၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဦးနုလက်ထက်မှာသာဆိုရင် အောင်မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲတုန်းက ပဋိပက္ခဖြစ်နေတဲ့သူတွေ (အထူးသဖြင့် ခေါင်းဆောင်တွေပေါ့လေ) ကို ပြန်ကြည့်ပါ။ ဦးနုဆိုတာက သူ့ကို ဆရာကြီးက “ခွေးမ သား” လို့ ခေါ်တာကိုပဲ “ဟာ... ဆရာကြီးက ငါ့အပေါ် စိတ်ဆိုးနေသလား” လို့ စဉ်းစားခဲ့သူမျိုးပါ။ နောက်ပြီး ဆရာကြီးက “ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်း” ဆိုတဲ့အထဲက သခင်သန်းထွန်းဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး။ ၁၉၆၃ ခုနှစ် ကွန်မြူနစ်ပါတီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ဆရာကြီးအတွက် “ဒေါင်း” နဲ့ “ပျားရည်” ယူလာတဲ့ နိမိတ်ပုံကိုပဲကြည့်ပါ။ ဒေါင်းဆိုတာက ဗမာနိုင်ငံသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးလက္ခဏာပါ။ ဒါ အထူးရှင်းပြနေစရာ မလိုပါဘူး။ ပျား ရည် ကရော... ပျားရည်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းထဲက “ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်၊ တမာပင် သရက်ပင် ဘာပင်ပဲစွဲစွဲ ချိုမြဲအရသာ မစွန့် သည်သာပင်” ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ ငြိမ်းချမ်းရေးဟာ အမြဲတမ်းချိုမြနေတယ် ဆိုတဲ့လက္ခဏာပါ။ အဲဒီလက္ခဏာနဲ့ သခင်သန်းထွန်းက ဆရာကြီးဆီကို လက်ဆောင်ပို့လိုက်တာပါ။
အဲလိုလူ နှစ်ဦးနှစ်ဖက်ကြားမှာ ဆရာကြီးဝင်ရင် အခြေအနေတွေဟာ ပြောလို့ ဆိုလို့ ရနိုင်တဲ့ဟာပါ။ ဒါပေမယ့်ဖြစ်ချင်တော့ ၁၉၆၃ ခုနှစ် အဲဒီအချိန်မှာ အာဏာရနေ တာက ဆရာကြီးကို အာခံထွက်ထားတဲ့ “ဂွကလိန် ဗစိန်” တို့ရဲ့ နောက်လိုက် ဗိုလ်နေဝင်း ဖြစ်နေပါတယ်။ ဒီနေ့အခါမှာ “ငြိမ်း” အဖွဲ့တွေ ရထားတဲ့ ငြိမ်းချမ်းရေးဟာ ဆရာကြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်သေးကြောင်း ကျနော်တော့ ပြောချင်ပါတယ်။ ကျနော်တို့ ဆရာကြီးရဲ့ မပြီးသေးတဲ့လုပ်ငန်းစဉ်၊ ဆရာကြီးရဲ့မျှော်မှန်းချက်တွေအတွက် ဆက်ပြီး အများကြီးလုပ်ရဦးမှာရှိပါသေးတယ်။
အဲဒီ ၆၄ ခုနှစ်တုန်းက ဆရာကြီးရဲ့ ဈာပနကို ကျနော်တက်ခဲ့ပါတယ်။ ကျနော့် အနေနဲ့ ဆရာကြီးကို အသက်ရှည်လျက်ရော၊ အသက်မဲ့ခန္ဓာကိုယ်အဖြစ်နဲ့ ရော အကြိမ် ကြိမ် ကန်တော့ဖူးပါတယ်။ အခု သူ့မွေးနေ့မှာ ကျနော်အခုလို ဂါရဝ ပြုရတာကို အင်မတန်မှ ဝမ်းမြောက်ဝမ်းသာကြည်နူးမိပါတယ်။ တချိန်တည်းမှာ ကျနော်လို့ပဲ ဆရာကြီးရဲ့ ကျေးဇူးကိုသိ၊ ဆရာကြီးကို ကြည်ညိုလေးစားသူတွေကို အထူးသတိရမိပါတယ်။ ဒီနေ့အခါမှာ ကျနော်တို့နိုင်ငံမှာက ဆရာကြီးကို ကြည်ညိုလေးစားကြောင်း ဖော်ပြရတာကိုပဲ မင်းပြစ်မင်းဒဏ် သင့်တော့မလိုလိုဖြစ်နေတာ ကျနော်တို့အားလုံး သိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာကြီးရဲ့မွေးနေ့ ဒါမှမဟုတ် ဆရာကြီးကွယ်လွန်တဲ့နေ့တွေမှာ ` ဆရာကြီးကို ကျနော်တို့ ဂုဏ်ပြုကြရင်း တချိန်တည်းမှာ ဆရာကြီးမျှော်မှန်းတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံကြီး တည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်ကြရမယ်လို့ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ၁၉၅၅ ခုနှစ် စက်တင်္ဘာလ ၁၈ ရက်နေ့တုန်းက “ကဗျာဆရာအသင်းချုပ်” ရဲ့ သင်းလုံးကျွတ်အစည်းအဝေးကြီးမှာ ဆရာ ကြီးပြောခဲ့တဲ့ စကားတွေကိုပဲ ကိုးကားပြုခဲ့ပါတော့မယ်...
“တို့ဗမာပြည်ဟာ အမှန်အားဖြင့် မကောင်းတဲ့ခေတ်ပဲ။ တို့တတွေ ကမ္ဘာပျက်ခါနီးမှာ လူလာဖြစ်ရသလိုပဲ။”
ရဲဘော်ဖိုးသံချောင်း
(ဒီမိုကရက်တစ်မြန်မာ့အသံ၌ အသံလွှင့်ချက်။ ၂၃၊ ၃၊ ၂၀၀၄)
▪ သခင်ဇင်၊ သခင်ချစ် ၂၇ နှစ်မြောက်
သခင်ဇင်နဲ့ သခင်ချစ်ဟာ ကျနော်တို့ဗမာပြည်ရဲ့ ဒီဘက်ခေတ်သမိုင်းမှာ တိုင်းပြည်အကျိုး၊ အမျိုးသားအကျိုးကို ထူးထူးခြားခြား အကျိုးပြုသွားတဲ့ ပုဂ္ဂိုလ်ကြီး ၂ ဦး ဖြစ် ပါတယ်။ ကိုလိုနီဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးကနေ အခုနောက်ဆုံး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအထိ အသက်ထက်ဆုံး စွမ်းစွမ်းတမံ လုပ်ဆောင်သွားသူတွေ ဖြစ်ပါတယ်။
သခင်ဇင်ဟာ ညောင်လေးပင်-ဒိုက်ဦးသား၊ ၁၉၁၂ ခုနှစ်ဖွား ဖြစ်ပါတယ်။ ကျနော့်အဖေနဲ့ တနယ်တည်းသားဖြစ်ပြီး လူချင်းလည်း အင်မတန်ရင်းပါတယ်။ ကျနော့် အဖေက ရန်ကုန်မှာ ကျောင်းတက်၊ အလုပ်လုပ်၊ ကြီးပွားရေးမဂ္ဂဇင်း ထုတ်နေတဲ့အချိန်မှာ သခင်ဇင်က နိုင်ငံရေးနယ်ပယ်ထဲကို သခင်ပေါက်စ အနေနဲ့ ဝင်နေပြီဖြစ်တဲ့အလျောက် သူက အဖေ့ဆီကို မပြတ်လာလည်တတ်တယ်လို့ အဖေက ကျနော့်ကို ပြောပြတာရှိပါတယ်။
ဂျပန်တော်လှန်ရေး မစခင် ဖြစ်ပေါ်ခါနီးကာလမှာ ဒေါက်တာဘမော်နဲ့ သခင်တွေ ပူးပေါင်းပြီးတော့ “တို့ဗမာဆင်းရဲသားအစည်းအရုံး” ဆိုတာကို ထူထောင်ခဲ့ကြတယ်။ အဲဒီအစည်းအရုံးမှာ သခင်ဇင်ဟာ အစည်းရုံးဝင်ဖြစ်ပြီး သူဟာ အဲဒီအစည်းအရုံးရဲ့လုပ်ငန်းတွေကို အပေါ်ယံဗန်းပြအဖြစ်လုပ်ပြီး လက်တွေ့မှာ ဂျပန်တော်လှန်ရေးအတွက် နယ်တွေဆင်းပြီး ပြင်ဆင်နေပါတယ်။ သူ့ရဲ့ တကယ့်တာဝန်က အဲဒီအချိန်မှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ညောင်လေးပင်မြို့နယ် အတွင်းရေးမှူး ဖြစ်ပါတယ်။ သူ အဲဒီလို လုပ်ကိုင်နေတာကို အဲဒီတုန်းက သူနဲ့အတူတူ တို့ဗမာဆင်းရဲသားအစည်းအရုံးထဲမှာ လုပ်နေတဲ့သူတွေ ဘယ်သူမှ မရိပ်မိကြပါဘူး။ နောက်ဆုံး ဂျပန်တော်လှန်ရေးပြီးတယ်ဆိုတော့မှ “ဪ… သခင်ဇင်ကလည်း သခင်ဗဟိန်း၊ သခင်သန်းဖေတို့နဲ့ တန်းတူ ဒီဒေသမှာ ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့သူတယောက်ပါလား”လို့သူတို့ သိကြတာပါ။
သခင်ချစ်ကတော့ ပဲခူး၊ သနပ်ပင်သားပါ။ ၁၉၁ဝ ခုနှစ်ဖွားပါ။ ရန်ကုန်မှာက ကျောင်းဆရာလုပ်တယ်။ ဂျပန်တော်လှန်ရေးမှာ သူက တိုင်း ၄ ရဲ့ နိုင်ငံရေးမှူး၊ ဗိုလ်မှူးချုပ်ကျော်ဇောက တိုင်းမှူး။ အတူတူအလုပ်လုပ်ခဲ့ကြတယ်ဆိုတာတော့ အားလုံးသိပြီးသားပါ။ သခင်ချစ်က မူလက “ပြည်သူ့အရေးတော်ပုံပါတီ”(ဆိုရှယ်လစ်ပါတီပေါ့)၊ အဲဒီ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးပါ။ နောက်မှာကျတော့ သူ့အနေနဲ့ ဒီပါတီဟာ အမျိုးသားလွတ်မြောက်ရေးနဲ့ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကို ခေါင်းဆောင်နိုင်မှာမဟုတ်ဘူး ဆိုတာကို သဘောပေါက်လာပြီး ကွန်မြူနစ်ပါတီထဲကို ကူးလာတာဖြစ်ပါတယ်။
သူဟာ ကွန်မြူနစ်ပါတီထဲကို ဘဝပြောင်း ဝင်လာသူဖြစ်ပေမယ့် သူ့ရဲ့ နှိမ့်နှိမ့်ချချ အလုပ်လုပ်ကိုင်မှု၊ သူ့ရဲ့ အရည်အချင်းရှိမှုကြောင့် သူက မကြာခင်ပဲ ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်လာခဲ့ပါတယ်။ သခင်ချစ်နဲ့အတူ ဂျပန်တော်လှန်ရေးမှာ တိုင်း ၄ ကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကျော်ဇောကတော့ သခင်ချစ်နဲ့ပတ်သက်ပြီး အရည်အချင်းတွေကို ပြောပြရာမှာ သူက အချက် ၃ ချက်ပဲ ထောက်ပြပါတယ်။ အဲဒါတွေက...
(၁) သခင်ချစ်ဟာ လူထုလုပ်ငန်းမှာအင်မတန် စိတ်ရှည်လက်ရှည် လုပ်နိုင်တယ်၊ လူထုနဲ့ အင်မတန်ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေနိုင်တယ်။ ဒါကြောင့်မို့ လူထု ထောက်ခံမှု အင်မတန်ရတယ်။
(၂) သူဟာ သူ့အောက်က ကေဒါတွေ၊ ရဲဘော်တွေနဲ့ ဆက်ဆံရေး အင်မတန် ကောင်းတယ်။ အောက်ခြေရဲ့ ယုံကြည်လေးစားမှုခံရတယ်။
(၃) လုပ်ငန်းစိတ်ရှည်မှု၊ သူ့ကိုပေးထားတဲ့တာဝန်၊ သူလုပ်ရမယ့် အလုပ်တွေကို အင်မတန် စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ်လုပ်နိုင်တဲ့သူတယောက်ဖြစ်တယ်လို့ ပြောပါတယ်။
သခင်ဇင်နဲ့ သခင်ချစ်တို့ဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရတို့ ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ရင်း တော်လှန်တဲ့ သူရဲကောင်းဝါဒအလံကို မြင့်မြင့်မားမား လွှင့်ထူသွားသူတွေ ဖြစ်ပါတယ်။ အသက်ရှင်နေတုန်းမှာလည်း ဂုဏ်ပြောင်၊ ကျဆုံးသွားတော့လည်း ကြီးမြတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေပါ၊ တော်လှန်ရေးလုပ်သူတိုင်း အတုယူရမယ့် စိတ်ဓာတ်ဖြစ်ပါတယ်။
အခုနောက်ပိုင်း ကျနော်တို့ ပြန်သုံးသပ်စဉ်းစားကြည့်တဲ့အခါကျတော့ ပြည်သူလူထုကို စည်းရုံးနိုင်ဖို့က အင်မတန်အရေးကြီးတယ်ဆိုတာ ပိုပိုသဘောပေါက်လာပါ တယ်။ ပြည်သူလူထုကို မစည်းရုံးနိုင်ရင်၊ ကိုယ့်ပြည်သူလူထုကို အခြေမခံနိုင်ရင် အဲဒီလို အခြေမခံနိုင်လို့၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ဘူးဆိုရင် ၁၉၈၉ ခုနှစ်တုန်းက ကျနော်တို့ပါတီကြုံခဲ့တဲ့ “အရေးနိမ့်မှုကြီး” မျိုးကို ကြုံရတတ်ပါတယ်။ ဒါ ကျနော်တို့ တဦးတည်းမဟုတ်ပါဘူး။ အားလုံး ယူသင့်ထိုက်တဲ့ သင်္ခန်းစာပါပဲ။ သခင်ဇင်၊ သခင်ချစ်တို့ဟာ ဗမာပြည်တွင်းမှာပဲ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တာ အမှန်ပါပဲ။ သူတို့ရဲ့ သူရဲကောင်းဝါဒ၊ သူတို့ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဘယ်သူမှ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ တော်လှန်တဲ့ပါတီတရပ်မှာ အဲဒီလို သူရဲကောင်းဝါဒ၊ အဲဒီလို သူရဲကောင်းစိတ်ဓာတ်တွေ ရှိဖို့လိုသလို နိုင်ငံရေးလမ်း စဉ်အရလည်း မှန်ဖို့လိုပါတယ်။
ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေထဲမှာ နံပါတ်တစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင် သခင်စိုးနဲ့ သခင်သိန်းဖေကလွဲရင် ကျန်ခေါင်းဆောင်အားလုံးဟာ ရန်သူကို ရင်ဆိုင်ရင်း ကျဆုံးသွားသူတွေဖြစ်ပါတယ်။ သခင်အောင်ဆန်းကိုပဲ ပြောမလား၊ သခင်သန်းထွန်း၊ သခင်ဇင် နောက်ဆုံး သခင်ဗသိန်းတင်အထိပေါ့ဗျာ။ ခေါင်းဆောင်တွေအားလုံးဟာ အလံမလှဲဘဲ ရန်သူကိုရင်ဆိုင်ရင်း ကျဆုံးသူတွေ ဖြစ်ပါတယ်။ အင်မတန်ဂုဏ်ပြောင်တဲ့သူတွေ ဖြစ်ပါတယ်။
သခင်ဇင်နဲ့ သခင်ချစ်တို့ကျဆုံးတဲ့နေ့ကို ကျနော်မှတ်မှတ်ရရ ခေါင်းထဲမှာ စွဲနေတဲ့ကိစ္စတခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ သူတို့ကိုသတ်လိုက်တာ၊ သတ်နိုင်လိုက်တာ သေချာပြီဆိုတာနဲ့တပြိုင်နက်တည်း မန္တလေး နန်းတွင်းက နမခ က ကျနော့်မိဘများဆီကို တယ်လီဖုန်းဆက်ပြီး ဒီသတင်း အကြောင်းကြားပါတယ်။ ကျနော်အဖေ့က သခင်ဇင်နဲ့ ရင်းနှီးတဲ့သူမို့လို့ လူလူချင်း မိတ်ဆွေချင်း စာနာတဲ့အနေနဲ့ ပြောတာတော့ ဟုတ်မယ် မထင်ပါဘူး။ သူတို့ကိုသူတို့ ကြွားတာ၊ ကျန်တဲ့သူတွေကို ခြိမ်းခြောက်တာဖြစ်ဖို့ ပိုများပါတယ်။ နောက်ပြီး ဒီကိစ္စဟာ ကျနော် မှန်းကြည့်သလောက်ဆိုလို့ရှိရင် နမခက ဆုံးဖြတ်ပြီးတော့ လုပ်လိုက်တဲ့ကိစ္စ မဖြစ်နိုင်ပါဘူး။ နမခအနေနဲ့ ဒါမျိုးကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီး လုပ်မယ့်သဘောမရှိပါဘူး။ သူတို့အထက်က ခိုင်းလို့ သူတို့ပြောတာ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီသတင်းကြားပြီးတော့ ကျနော့်အဖေက ကျနော့်ကို ခေါ် ပြီးတော့ ပြောပါတယ်။ သူထိုင်နေတဲ့စားပွဲမှာ၊ သူ့စားပွဲမှာ ကျနော့်အမေလည်း ရှိပါတယ်။ ကျနော့်ကို ပြောပြတဲ့အခါကျတော့ သူတို့နှစ်ယောက်စလုံး မျက်ရည်တွေ ဝိုင်းလို့ပါ။
“ငါ့သား… သခင်ဇင်ရော၊ သခင်ချစ်ရော ကျသွားပြီ...” တဲ့ ။
ရဲဘော်ဖိုးသံချောင်း
(ဒီမိုကရက်တစ်မြန်မာ့အသံ၌ အသံလွှင့်ချက်။ ၁၅၊ ၃၊ ၂ဝဝ၄)
▪ ကိုကိုးကျွန်းမှာ ကျဆုံးသူ၊ ထွက်ပြေးလွတ်မြောက်သူများစာရင်း
ရဲနီတင်ငြိမ်း
အသားဝါရောဂါဖြင့် ကွယ်လွန်။ သူသေဆုံးမှုကို အကြောင်းပြုပြီး ရက် ၄ဝ တိုက်ပွဲပေါ်ရ။
ဦးထွန်းရှိန် (မန္တလေး၊ ကျောင်းဆရာ)
ပင်လယ်ကမ်းစပ်မှာ ခရု၊ ငါး ဟင်းစားရှာရင်း မုန်တိုင်းမိ၊
လှိုင်းထဲနစ်မြုပ်သေဆုံး။
ရဲနီမြင့်သိန်း
အုန်းပင်ပေါ်မှ လိမ့်ကျသေဆုံး။
မန်းအောင်ကြည် (ABKO)
လှေနဲ့ထွက်ပြေးလွတ်မြောက်။ KNU ရောက်ပြီး ရောဂါနဲ့သေဆုံး။
မန်းငြိမ်းမောင်
လှေနဲ့ထွက်ပြေးလွတ်မြောက်။ ယ္ခု KNU ဗဟိုကော်မတီဝင်။
ရဲဘော်အောင်ဝေ (ဗမာပြည်ကွန်မြူနစ်ပါတီ)
လှေနဲ့ထွက်ပြေးလွတ်မြောက်။ ပဲခူးရိုးမမှာ ကျဆုံး။
ရဲနီဗိုလ်ကြူ (မန္တလေးတက္ကသိုလ်၊ ပခုက္ကူ)
အလံနီတွေရဲ့တိုက်ပွဲ ၄၆ ရက်မြောက်မှာ ကျဆုံး။
ရဲနီနေလင်း (တောင်တွင်းကြီး) အလံနီတွေရဲ့ ၄၆ ရက်တိုက်ပွဲအပြီး ကျန်းမာရေးဆိုးရွားလို့ ပြည်မ သင်္ဘောပေါ်မှာ ဆုံးသွား။
ရဲဘော်သိန်းကြည်
၅၃ ရက်တိုက်ပွဲ၊ ၃၆ ရက်မြောက်မှာ ကျဆုံး။
ရဲဘော်အုန်းမော်
၅၃ ရက်တိုက်ပွဲ၊ ၄၆ ရက်မြောက်မှာ ကျဆုံး။
ရဲဘော်ချစ်ဆွေ (ပြည်ခရိုင်က ဗကသ)
၅၃ ရက်တိုက်ပွဲ၊ ၄၈ ရက်မြောက်မှာ ကျဆုံး။
ရဲဘော်ထွန်းမြင့် (အစိုးရဝန်ထမ်း၊ ရန်ကုန်)
၅၃ ရက်တိုက်ပွဲ၊ ၄၃ ရက်မြောက်မှာ ကျဆုံး။
ရဲဘော်စိန်ချင်း (ပခုက္ကူ)
၅၃ ရက်တိုက်ပွဲ၊ ၄၃ ရက်မြောက်မှာ ကျဆုံး။
ရဲဘော်မောင်မောင်စိုး (ခ) ကိုလတ် (ကျောက်ဆည်သား၊ မန္တလေး)
၅၃ ရက်တိုက်ပွဲ၊ ၅၃ ရက်မြောက်မှာ ကျဆုံး။
ကိုလေးမောင် (ကဗျာဆရာ)
၅၃ ရက်တိုက်ပွဲ၊ ၅၃ ရက်မြောက်မှာ ကျဆုံး။
ရဲဘော်ထွန်းဝင်း (မြစ်ဝကျွန်းပေါ်သား။ အစိုးရ လေတပ်က၊ ပဲခူးရိုးမ UG)
၅၃ ရက်တိုက်ပွဲ၊ ၅၃ ရက်မြောက်မှာ အဋ္ဌမမြောက်၊ နောက်ဆုံးကျ။
(ပီဒီအက်ဖ်စာမျက်နှာ ၁၄၃-၁၆၃)
ဆရာ ”ရဲဘော်ဖိုးသံချောင်း” ရဲ့ ”ကျောင်းသား ထောင် တော်လှန်ရေးသမား” စာအုပ်ကို စာရိုက်တင်ဆက်ခြင်း ပြီးဆုံးပါပြီ။
စာရိုက် - ငနော့
Comments
Post a Comment