ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၅) 🖋 ရဲဘော်ဖိုးသံချောင်း



ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၅)

ရဲဘော်ဖိုးသံချောင်း

(◾ သန္နိဋ္ဌာန်
▪ ပြည်သူ့သူရဲကောင်းများရဲ့ဈာပန)

ကျနော်တို့ လေ့လာလို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကြားမှာ ဒီလိုတိုက်ပွဲမျိုး တခါမှမကြုံဖူးလို့ အံ့ဩတုန်လှုပ်နေကြတယ်ဆိုတာ။ တိုက်ပွဲပြီးတဲ့နောက်ပိုင်းကျတော့ အဲဒီ ထောင်ဝါဒါတွေနဲ့ စကားစပ်မိလို့ ပြောကြတဲ့အခါမှာ သူတို့က “ဟာ... ခင်ဗျားတို့ ဘယ်လိုနေလဲ မသိဘူးဗျာ။ ကျုပ်တို့တော့ ကိုယ့်ဟာကိုယ် ရူးကုန်မလားတောင် အောက်မေ့တယ်။ စားမဝင် အိပ်မပျော်ပဲ။ အင်တာနေရှင်နယ်သီချင်းသံ ကြားပြီဆိုရင် ထိတ်သွားတာပဲ။ ကိုယ့်နားကိုယ်တောင် အတင်းပိတ်ထားရတယ်” လို့ ပြောကြတယ်။ အမှန်ပဲ။

ကျနော်တို့ အဲဒီ ကိုကိုးကျွန်းစခန်းပေါ်မှာ သင်္ကြန်ပွဲတော်ဆိုရင် နှစ်စဉ်ပဲ ရိုးရာ ဓလေ့ထုံးစံနဲ့အညီ ကျနော်တို့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြတယ်။ ကပွဲခုန်ပွဲတွေ လုပ်တယ်။ စင်တင်တဲ့ ကပွဲ လုပ်တယ်။ အိုးစည်၊ ဒိုးပတ်တွေနဲ့ အကျွေးအမွေးတွေ လုပ်ကြ တယ်။ အားကစားပွဲတွေတောင် ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော်တို့ အကျဉ်းစခန်းတခုလုံးမှာ သင်္ကြန်တေးဆိုလို့ ဘာသံမှမရှိဘူး။ ကြွေးကြော်သံတွေပဲရှိတယ်။

ဒီလိုနဲ့ မေလရောက်လာတယ်။ မေလဆိုတော့လည်း မုတ်သုံရောက်ပြီ။ မုန်တိုင်းနဲ့မုတ်သုံဟာ ပြတ်တယ်မရှိတော့ဘူး။ ပင်လယ်ပြင်ဘက် လှမ်းပြီး ကြည့်လိုက်ရင် လည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့။ အိုနာဆစ်သင်္ဘောကြီးက လှိုင်းတွေပေါ်မှာ ယိမ်းထိုးနေတယ်။ လှိုင်းတွေက ဖွားကနဲ ဖွားကနဲ သင်္ဘောခေါင်းတိုင်ပေါ်တောင် ကျော်ပြီးတော့ တက်လာတယ်။

အဲဒီလိုနဲ့ ကျနော်တို့ တိုက်ပွဲစလို့ ၅၂ ရက်မြောက်တဲ့နေ့။ မပြီးခင် တရက်ပေါ့လေ။ အဲဒီနေ့မနက်မှာ ထောင်တာဝန်ခံတွေ အကျဉ်းစခန်းထဲဝင်လာပြီး တိုက်ပွဲဆောင် ထဲအထိ ရောက်လာတယ်။ သူတို့ ဒီတခါလာတာဟာ ခါတိုင်းလို တိုက်ပွဲကို ဂရုမစိုက်တဲ့ပုံသဏ္ဌာန် မဟုတ်တော့ဘူး။ သူတို့ပုံကို ကြည့်ရတာ ဟန်မဆောင်နိုင်ဘူး။ တကယ်ကျတော့ သူတို့လည်း စိတ်ခြောက်ခြားနေပြီ။ စိတ်တွေလည်း ပင်ပန်းလှပြီကိုး။ အမှန်က ဒီ တိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တာက ဒီထောင်အာဏာပိုင်တွေ မဟုတ်ဘူး။ ရန်ကုန်ကနေ အဆုံးအဖြတ်ပေးနေတာ။ ဒီမှာရှိတဲ့ ထောင်တာဝန်ခံတွေ၊ ထောင်အာဏာပိုင်တွေ ဆိုတာက ဟိုကပြောခိုင်းတာပဲ လာပြီးပြောနေရတာ။ အဲဒီတော့ သူတို့လည်း စိတ်မချမ်းသာဘူး။ ဒါ သေချာတယ်။ ဒါပေမယ့် ထောင်တာဝန်ခံတွေထဲမှာလည်း အမျိုးမျိုးတော့ ရှိတာပေါ့လေ။ တယောက်နဲ့ တယောက် သဘောထားချင်းတော့ တူချင်မှတူကြတာပေါ့။ တချို့ကတော့ သခင်အားရ ကျွန်ပါးဝ၊ ဒါမျိုးလည်း ရှိတတ်ပါတယ်။

ဒီတခါ ဝင်လာတဲ့အခါကျတော့ သူတို့မျက်နှာပေးတွေကို ကြည့်လိုက်ရင်ပဲ သူတို့မှာ ပြောစရာတခုခု ပါလာတယ်ဆိုတာ သေချာတယ်။ သူတို့က တိုက်ပွဲဆောင်ဆီကို လျှောက်လာကြတယ်။ ဟန်ကိုယ့်ဖို့တော့ အတတ်နိုင်ဆုံး လုပ်ထားကြတယ်။ ဒါပေမယ့် သူတို့လှုပ်ရှားမှုကို ဘေးကအကဲခတ်နေတဲ့ ကျနော်တို့ရဲဘော်တွေကတော့ အခြေအနေကို မှန်းဆလို့ရနေတယ်။

အဲဒီမှာ ထောင်အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရဲဘော်တယောက်ဖြစ်တဲ့ ကိုဖေအောင် (ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ထင်အောင်ရဲ့ တူတော်တယ်၊ ပြည်သူ့တိုးတက်ရေးပါတီကပဲ) ကို သူတို့က “သပိတ်မလှန်သေးဘူးလား” လို့ မေးတယ်။ ဒီမေးခွန်းမျိုးက တိုက်ပွဲစကတည်းက သူတို့ တခါမှမမေးဖူးဘူး။ ဒါ ပထမဆုံးမေးတာ။ အရင်တုန်းကဆိုရင် သူတို့ မေးလည်းမမေးရဲဘူး။ မေးလိုက်လို့ရှိရင် တခါတည်း နေရာမှာတင် အရိုက်ခံရမှာ။ ကိုဖေအောင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ။ “ကျုပ်တို့ တောင်းဆိုတာ ပေးလေမပေးရင် မလှန်ဘူး” လို့ ပြောလိုက်တယ်။ တိုတိုပြတ်ပြတ် ပြောလိုက် တော့ အာဏာပိုင်တွေက “ဟာ... အခု ၅ ယောက်ရှိသွားပြီ။ ထပ်သေကုန်ပါဦးမယ်ဗျာ” လို့ စာနာသလိုလို ခြောက်လှန့်သလိုလို ပြောတယ်။

ကိုဖေအောင်ဆိုတာကလည်း ၅၈ ခုနှစ်ကတည်းက ကိုကိုးကျွန်းကို တခေါက် ရောက်ပြီးသား။ ၂ ကျွန်းပြန်။ သူတို့အကြောင်း နောကျေနေလှပြီ။ ကိုဖေအောင်က တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ခြင်ထောင်တွေကို လှပ်ပြီး “ဟောဒီမှာကြည့်... ခင်ဗျားတို့ ကြည့်သွား နောက်ထပ် အသေခံဖို့ တန်းစီနေတဲ့ ရဲဘော်တွေ။ ကျနော်တို့ တောင်းထားတာ မရရင် အသေခံမယ်” လို့ မာမာပြတ်ပြတ် ပြောပစ်လိုက်တယ်။ အဲဒီတော့မှ ထောင်အာဏာပိုင်တွေဟာ သူတို့မှာပါလာတဲ့ ဝှက်ဖဲကို ချပြကြတယ်။ သေချာပြန်စဉ်းစားလိုက်ရင်တော့ ဒီလူတွေဟာ အတော်တော့ ယုတ်မာတာ။ နောက်ဆုံးအချိန်အထိသူတို့ အလျှော့ပေးရတော့မယ့် အချိန်အထိ ဈေးဆစ် အကြပ်ကိုင်နေတာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို သူတို့ အကြပ်ကိုင်နေကြတာ။ ဒါ... ရန်ကုန်က ခိုင်းလို့လည်း ဖြစ်ချင်ဖြစ် မှာပေါ့လေ။ တကယ်တမ်းတော့ ဒီထောင်အာဏာပိုင်တွေဟာ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ မျက်နှာတွေကို မကြည့်ရဲဘူး။ စိတ်မလုံတဲ့သဘောပဲ။

သူတို့ ဒီတခါဝင်လာတာ ထူးခြားတဲ့အတွက် တိုက်ပွဲဆောင် ပတ်ဝန်းကျင်မှာလည်း ကျနော်တို့ရဲဘော်တော်တော်များများ ကျနော်အပါအဝင် သူတို့ကို စိုက်ကြည့်နေကြတယ်။ အဲဒီလို သူတို့ကို ဝိုင်းပြီး သတိထားနေကြမှန်း သိတဲ့အခါကျတော့ သူတို့လည်း သိပ်ပြီးတော့ ရေရှည်အချိန်မဆွဲနိုင်တော့ဘူး။ ဒါနဲ့ သူတို့လည်း မျက်လွှာချပြီး “ကဲ… သပိတ်လှန် လိုက်ကြပါဗျာ။ ကိုယ်ထူကိုယ်ထစနစ်ကို ဖျက်သိမ်းပေးပါ့မယ်” လို့ ပြောထွက်လာတယ်။ အဲဒီတော့ ကျနော်တို့ဘက်က “ဒါဖြင့်ရင် ခင်ဗျားတို့ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေး” အဲဒီလို တောင်းဆိုလိုက်တယ်။ ထောင်အာဏာပိုင်တွေဆိုတာက လက်ဝါးကို လှန်လိုက် မှောက်လိုက်ဆိုတာမျိုး၊ ခုတမျိုး ခုတမျိုး လုပ်တတ်တယ်လေ။ အဲဒီတော့ အပိုင်ချည်မှ တုပ်မှဖြစ်မှာ။

ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလို ချည်တုပ်ပြီး ပြောတဲ့အခါကျတော့ သူတို့က ဘယ်လိုတုန့်ပြန်သလဲဆိုတော့ “ဟာ... ဒါကတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိ ဘူး” တဲ့။ “မနက်ဖန်မှ Navy စခန်းဘက်သွားပြီး ကျနော်တို့ ယူပေးမယ်။ ခင်ဗျားတို့ သပိတ် အရင်လှန်နှင့်ပေါ့” လို့ ထပ်ပြီးတော့ ဈေးဆစ်ပြန်တယ်။ ကျနော်တို့ဘက်က သံသယရှိတာ မလွန်ဘူးဗျ။ အတော်ကို မတရားတဲ့လူတွေ။ ကျနော်တို့ဘက်က ခေါင်းဆောင်တွေကတော့ “ခင်ဗျားတို့ဘက်က လက်မှတ်ထိုးပေးပြီးမှ ကျနော်တို့သပိတ်ကို လှန်မယ်။ အဲဒီဘက်က လက်မှတ်ထိုးပြီးတော့ စာနဲ့ပေနဲ့ ကတိစကား မရမချင်း ဆက် တိုက်မယ်” လို့ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တာ။ အဲဒီလိုနဲ့ပဲ အဲဒီနေ့က ပွဲပြတ်မသွားဘူး။ သူတို့ ပြန်ထွက်သွားကြတယ်၊

အဲဒီနေ့ညနဲ့ နောက်တနေ့ကဖြင့် ကျနော့်တသက်မှာ အချိန်တွေ ကုန်လွန်တာ အနှေးဆုံးနေ့နဲ့ညလို့ ပြောချင်တာပဲ။ တဖက်မှာ သေတွင်းနှုတ်ခမ်းမှာ တိုက်ပွဲအလံကို ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ တဖက်မှာက အထက်အမိန့် သွားပြီးတော့ ခံယူပါမယ်ဆိုပြီး ပြန်ထွက်သွားတဲ့ အာဏာပိုင်တွေ။ ဒီနှစ်ဖက် ပြန်ဆုံကြမယ့်အချိန်ကို စောင့်ရတဲ့ဟာက အင်မတန်ရှည်ကြာတာပဲ။ အောင်ပွဲနဲ့ ကျဆုံးခြင်းအကြားမှာ ဘယ်လောက်မှ မကွာခြားဘူးဆိုတာလည်း တနုံ့နုံ့ ခံစားမိတယ်။

ဒီလိုနဲ့ နောက်တနေ့ရောက်လာတယ်။ တိုက်ပွဲဝင် ၅၃ ရက်မြောက်နေ့ပေါ့။ နောက်ဆုံးနေ့ပဲ။ မနက်စောစောမှာ ထောင်မှူးကြီးရယ်၊ ထောင်မှူးတယောက်ရယ်၊ ဝါဒါ ၂ ယောက် ၃ ယောက်ရယ် မော်တော်ကားလမ်းအတိုင်း Navy. စခန်းဘက်ကို လမ်းလျှောက်ထွက်သွားကြတယ်။ မိုးက မပြတ်အောင် ရွာထားတာမို့ မူလက ထွန်စက်သွားနေကျ မော်တော်ကားလမ်းဟာ သွားမရတော့ဘူး။ ဒါကြောင့်မို့ သူတို့ဟာ ကားလမ်းပေါ်မှာ လမ်းလျှောက်ပဲ သွားကြရတယ်။ ရွှံ့တွေကလည်း များပါဘိ။ တချို့နေရာမှာ ရေ တောင် ကျော်နေတယ်လို့ ပြောတယ်။ အဲဒီတော့ ဒီထောင်အာဏာပိုင်တွေက ကုန်းကြောင်းသွားကြတာ။ မြန်ချင်ပါတယ်ဆိုမှ ဒီလိုဖြစ်နေရတယ်။ လမ်းခရီးက ၇ မိုင် ၈ မိုင်လောက် ရှိမယ်ထင်တယ်။ အဲဒါကို သူတို့ ခြေလျင်သွားကြ။ ဟိုကနေ ပြန်လာရဦးမှာ။

ဘယ်လောက်စောင့်ရဦးမလဲဆိုတာကို စဉ်းစားသာကြည့်ပေတော့။ အဲဒီလို ကျနော်တို့က စိတ်လောနေ စိတ်ထဲမှာ မချင့်မရဲဖြစ်နေချိန်မှာ တိုက်ပွဲဆောင်ထဲက တိုက်ပွဲဝင် ရဲဘော်တွေကတော့ ဘာမှထူးခြားမှု မပြဘူး။ သူတို့က ခါတိုင်းလို ပုံမှန်ပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ နားနားနေနေပဲ စောင့်ဆိုင်းနေကြတယ်။

ကျနော်ကတော့ အမှန်အတိုင်းပြောရရင် ထောင်အာဏာပိုင်တွေ လာမယ့်ဘက်ကို လည်ပင်းတမျှော်မျှော်၊ နားတစွင့်စွင့် စောင့်ဆိုင်းနေတာ။ အဲလို စောင့်ဆိုင်းနေတုန်းမှာပဲ မနက် ၁ဝ နာရီ ၁၁ နာရီလောက် ဖြစ်မယ်ထင်တယ်။ ကျနော်တို့ တိုက်ပွဲဝင်အ ဆောင်တဆောင်မှာ (ကျနော်က ၁၀ ဆောင်မှာ၊ ၉ ဆောင်ဖက်ကနေ) ကိုလတ် ကျဆုံးသွားပြီဆိုတဲ့သတင်းကို ကြားလိုက်ရတယ်။

ဒါကြောင့် ကျနော်လည်း အဲဒီအဆောင်ထဲကို ကမန်းကတန်း စဝင်လိုက်တယ်။ ကျနော်ရောက်တော့ နိုင်ငံတကာသီချင်းကို စဆိုနေကြပြီ။ ဒါနဲ့ ကျနော်လည်း ကိုလတ်ရဲ့ ခြေရင်းမှာပဲ ညာလက်ရုံးကို ကွေးမြှောက်ပြီး အဲဒီ Internationale “နိုင်ငံတကာ သီချင်း” ကို လိုက်ဆိုမိတယ်။ ဆိုရင်း မျက်ရည်တွေလည်း ကျနေတယ်။ ကိုလတ်ဟာ ကျနော်နဲ့အတူတူ မန္တလေးထောင်က လာကြတာ။ ကျနော်နဲ့အတူ ၂ တိုက်မှာ နေခဲ့ကြ တာ။ သူ့နာမည်ရင်းက မောင်မောင်စိုး၊ သူ့အသက်က ကျနော့်ထက် လတချို့တောင် ငယ်သေးတယ်။ လူကောင်ထွားတယ်။ သူက ရိုးလွန်းလို့ လူချစ်လူခင်သိပ်များတယ်။ ကျောက်ဆည်သား၊ မန္တလေးတက္ကသိုလ်က ကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံရတာ။ သူက စာပေအနုပညာလည်း သိပ်ဝါသနာပါတယ်။ ဒီတိုက်ပွဲမတိုင်ခင် ၄-၅-၆ လကပဲ ကျနော်နဲ့ အတူ သီချင်းတပုဒ် စပ်ခဲ့ကြသေးတယ်။ သူ့ရဲ့အံ့မခန်းစိတ်ဓါတ်ကို မှတ်တမ်းတင် ပြောစမှတ်ဖြစ်လောက်အောင် သူဟာ ချန်ထားနိုင်ခဲ့တယ်။ အဲဒါက ဒီလို။

သူက ဒီနောက်ပိုင်း ရောက်လာတဲ့အခါ၊ အကျအဆုံးတွေ များလာတဲ့ နောက်ပိုင်းမှာ သူဟာ သူ့ဘေးမှာရှိတဲ့၊ သူ့ကိုပြုစုတဲ့ ရဲဘော်တွေကို “တကယ်လို့များ ကျနော့် ခြေတွေလက်တွေ အေးလာရင် ကျနော့်ကို သတိပေးစမ်းပါဗျာ” လို့ မှာထားတယ်။ သူ ဘာလို့ ဒီလိုမှာတယ်ဆိုတာ အဲဒီရဲဘော်တွေက နားမလည်ဘူး။ သိပ်လည်း အလေးထား မစဉ်းစားတတ်ကြဘူး။ သာမန်လိုပဲ သဘောထားခဲ့ကြတာ။

ကိုလတ်ကတော့ သူ့အခြေအနေသူ အမြဲသတိထားနေတာ။ သူ့ခြေတွေ လက်တွေ အေးလာပြီဆိုတာဟာ သူသေတော့မယ့်လက္ခဏာဆိုတာကို သူ့အရင် အာဇာနည်တွေ ကျဆုံးတုန်းက အတွေ့အကြုံအရ သိထားတယ်။ ဒါကြောင့် အခု သူမကျဆုံးခင်လေးမှာပဲ သူ့ခြေတွေလက်တွေ အေးလာပြီဆိုတာနဲ့ သူဟာ အားယူမာန်တင်း အံကြိတ်ပြီး ညာလက်ရုံးကို မြှောက်တယ်။ အလေးနီပြုတယ်။ အဲဒီလို အလေးနီပြုနေတုန်းမှာပဲ သူ့ မျက်နှာလည်း တဖြည်းဖြည်း ပြေလျော့သွား လက်တွေလည်း ပြေလျော့သွား၊ ကျဆုံးသွားတယ်။ ဒီသတင်းဟာ ချက်ချင်းပဲ အကျဉ်းစခန်းတခုလုံးကို ပျံ့သွားပြီး ကြားရသူ အားလုံးဟာ စုတ်တသပ်သပ်နဲ့ ဝမ်းပမ်းတနည်း ဖြစ်ကြရတယ်။ ကိုလတ်ဟာ သူတိုက်ပွဲ ဝင်တဲ့နေ့မှာပဲ သူအိပ်မယ့် ကွပ်ပျစ်ခြေရင်းမှာ (ခြေရင်းက ခါးပမ်းမှာပေါ့လေ) ကားလ် မာ့က်စ် ငယ်စဉ်က ဆောင်ပုဒ်တခုဖြစ်တဲ့..

• ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ။

ဆိုတဲ့ စာတန်းကို မြေဖြူနဲ့ ရေးခဲ့တယ်။ သူ့ဆန္ဒကတော့ ပြည့်စုံသွားတာပေါ့ဗျာ။ သူ့ နောက်မှာ ကျဆုံးတာက ကိုလေးမောင် (ကဗျာဆရာကိုလေးမောင်)။ ကျနော် တဦးချင်းအရ ပြောရရင် စိတ်အထိခိုက်ဆုံး ကျဆုံးမှုပဲ။

ကိုလေးမောင်က ကျနော့်ထက် အသက် ၆ နှစ်လောက် ကြီးပါတယ်။ တက္ကသိုလ်ရောက်တာလည်း အများကြီးစောတယ်။ ကျနော် တက္ကသိုလ်ရောက်လို့ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ စပြီးပါတော့ အခြေအနေတွေဟာ အရင်ကာလတွေနဲ့ မတူတော့ဘူး။ အထူးသဖြင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက် နောက်ပိုင်းမှာ ကျောင်း သားလှုပ်ရှားမှု လှုပ်ရှားရတဲ့ပုံသဏ္ဌာန်ဟာ လုံးဝပြောင်းသွားပြီ။ အဲဒီအချိန်မှာ သမဂ္ဂကို အဓိကတာဝန်ယူနေတဲ့ ခေါင်းဆောင်တွေဟာ အဖမ်းခံသူခံရ၊ တိမ်းရှောင်သူရှောင်ရ ဖြစ်နေတဲ့အချိန်။ အဲတော့ ကျောင်းထဲမှာရှိနေတဲ့၊ ကျန်ရစ်တဲ့၊ အစိုးရက မဖမ်းသေးတဲ့အထဲက အားလုံး ရှိသမျှအင်အားစုပြီးတော့ လုပ်ငန်းကို ပြန်ဆက်ထူထောင်နေကြတဲ့အချိန်။ အဲဒီမတိုင်ခင်အချိန် ကိုလေးမောင်ဟာ ကဗျာဆရာအဖြစ်နဲ့ပဲ အဓိကရပ်တည်နေတာ။ သူဟာ နာမည်ကြီးတဲ့ ကဗျာဆရာတယောက် ဖြစ်နေပြီ။ အခုလို လူနည်းလာတဲ့အခါကျတော့ သူလည်း ပြန်ပါဝင်လာတယ်။

အဲဒီအချိန် သမဂ္ဂအဆောက်အဦဟာ မန္တလေးမှာ မရှိတော့ဘူး။ အဖျက်ခံလိုက်ရပြီ။ ကျနော်တို့ စုနေကြတဲ့ ဗောဓိကုန်းက “သပြေ” ဆိုတဲ့ အိမ်လေးမှာ ကိုအောင်သူတို့က မရှိတော့ဘူး။ ဒါကြောင့် လူမစုနိုင်တော့ဘူး။ ဒါကြောင့် အဲဒီတုန်းက အများအား ဖြင့် လူစုကြတယ်ဆိုလို့ရှိရင်၊ လ္ဘက်ရည်ဆိုင်ထိုင်ရင်း ရေနီမြောင်းထိပ်က ကိုကံရဲ့ လ္ဘက် ရည်ဆိုင်။ စကားပြောစရာရှိရင် အဲဒီ ဗောဓိကုန်းထဲက ကိုလေးမောင် နေတဲ့အိမ်မှာ ပြောတယ်။ သူနေတဲ့အိမ်က ထုံးဖြူသုတ်ထားတဲ့ ဝါးကပ်တဲ။ ဒါကြောင့် ကျနော်တို့အားလုံးက အဲဒီဝါးကပ်တဲကြီးကို “အိမ်ဖြူတော်” လို့ ရယ်စရာမောစရာ ပြောကြတယ်။ တကယ် တော့က အိမ်တအိမ်လုံးမှ ဝါရှင်တန်က အိမ်ဖြူတော်ရဲ့ စားပွဲတလုံးလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ပါဘူး။

အဲဒီနောက် ၆၃ ခုနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပျက် ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာတဲ့နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကို မြေအောက်လုပ်ရတယ်။ အဲဒီတုန်းကလည်း ကိုလေးမောင်နဲ့ ကျနော်နဲ့အတူတူ လှုပ်ရှားရ တာပဲ။ ဒီအချိန်မှာ သူနေတာက မန္တလေး၊ မလွန်ရပ်က ၈၅ လမ်းပေါ့။ အဲဒီမှာ ကွယ်လွန် သွားတဲ့ စာရေးဆရာ ကိုတောလူ(ကိုစောလွင်)ရဲ့ တိုက်ကလေးတလုံးရှိတယ်။ ကိုစော လွင်က မန်းတက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ လုပ်ဖူးတယ်။ အဲဒီတိုက်ဝန်းထဲ၊ နောက်က တိုက်ခန်းထဲမှာ ကိုလေးမောင် နေတယ်။ ကိုလေးမောင်နဲ့ ကိုသာနိုးနဲ့ အတူတူနေကြတယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့ လှုပ်ရှားမှုဟာ အဲဒီနေရာမှာ အတော်များများ အခြေခံတာ။ (ကိုသာနိုးကတော့ မပါတော့ပါဘူး။) ကိုလေးမောင်ရှိတဲ့ဆီမှာပဲ ကျနော်တို့က အခြေခံ လုပ်ကြတာ များတယ်။

မအေးစန်း(ခေါ်)မစိမ်းပင်တို့နဲ့အတူ ခွပ်ဒေါင်းစာစောင် ထုတ်ကြတော့လည်း အဲဒီနေရာမှာပဲ။ ကျနော်တို့ အတူတူ စာအုပ်ထုတ်ကြ၊ စာအုပ်အဖုံး ဖုံးကြ၊ ဖြန့်ဝေကြ။ ကိုလေးမောင် နေတဲ့နေရာမှာပဲ ကျနော်တို့ လုပ်ခဲ့ကြတယ်။ အဲဒီက ဆက်ပြီးတော့ ၆၆ ခုနှစ်မှာ အဖမ်းခံရတော့လည်း သူနဲ့ကျနော်နဲ့ အတူတူ။ မန္တလေးထောင်ထဲမှာ ၁ တိုက်၊ ၄ တိုက်၊ ၂ တိုက်၊ စစ်ထောင်တွေကို သူနဲ့ကျနော်နဲ့ တနေ့တည်း အမြဲအတူ ပြောင်းရ တာချည်းပဲ။

မန္တလေးထောင်ထဲမှာ ကျနော်တို့လှုပ်ရှားမှုရဲ့ အဓိကတာဝန်ခံလို့ဆိုရမယ့် ကိုဌေးလှ ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ကျနော့်အဖို့ အစစအရာရာ ကိုလေးမောင်ကိုပဲ အဓိက တိုင်ပင်ခဲ့ရတယ်။ လူဆိုတာ ထောင်ထဲမှာ ဖြတ်သန်းတဲ့အခါမှာ(အထူးသဖြင့် ကျနော်တို့လို အဲဒီတုန်းက အသက်ငယ်ငယ်နဲ့ လူတွေအဖို့မှာ ဆိုလို့ရှိရင်) အတွေးအခေါ် အတက်အကျ၊ ခေါင်းထဲမှာ ရှုပ်ထွေးမှုတွေ အမျိုးမျိုး ကြုံတွေ့ရတယ်။ ကိုယ့်တ ယောက်တည်း ဖြေရှင်းလို့မရဘူး။ တိုင်ပင်စရာလူ အမြဲလိုတယ်။ အဲဒီအခါမှာ ကိုလေးမောင်ဟာ ကျနော့်အတွက် အင်မတန် အဖိုးတန်တဲ့အကူအညီတွေ ပေးနိုင်ခဲ့တယ်။

ပြောရမယ်ဆိုရင် ကျနော့်ဘဝမှာ သာမန်ကျောင်းသားလှုပ်ရှားမှု လုပ်နေရာကနေ တော်လှန်ရေးသမား ဖြစ်လာအောင် အတွေးအခေါ်အရ၊ နိုင်ငံရေးအရ အပြောင်းလဲကြီး ပြောင်းလဲတဲ့အဆင့်မှာ ကိုလေးမောင်ရဲ့ဩဇာတွေ အများကြီးပါတယ်လို့ ပြောနိုင်တယ်။ အဲတော့ သူနဲ့ကျနော်နဲ့ ခုနကပြောသလို တိုက်တွေမှာလည်း အတူတူ။ တ လျှောက်လုံး အတူတူ။ ကျွန်းရောက်လာတော့လည်း အတူတူပေါ့လေ။ ကျွန်းရောက်တော့ သူဟာ အများရဲ့ချစ်ခင်လေးစားမှုလည်း ခံရတယ်။ လူက စကားနည်းတယ်။ ပြောရင် တိတိကျကျနဲ့ စကားကို တန်ဖိုးထားပြီး ပြောတယ်။ နောက် ရိုးသားတယ်။ ပွင့် လင်းတယ်။ နှိမ့်ချတယ်။ အနစ်နာခံတယ်။ ဒါကြောင့် လူချစ်လူခင် သိပ်များတယ်။

ခုပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် သူကျဆုံးတယ်ဆိုတဲ့အခါကျတော့ ကျနော်ဟာ မျက်ရည်ကျရုံတင်မကဘူး၊ ကျနော်နဲ့ ကုတင်ချင်းကပ်လျက် အိပ်တဲ့ ရဲဘော် အောင်ဘော်ရဲ့ ပုခုံးပေါ်မှာ ကျနော် ရှိုက်ကြီးတငင် ငိုခဲ့မိတယ်။ ဒါ ကျနော့်ဘဝမှာ ပထမဆုံးအကြိမ် ဒီလိုငိုတာပဲ။

ဒီမှာ စပ်မိလို့ ကိုအောင်ဘော်ဆိုတာက ကျနော်တို့နဲ့ အမှုတွဲအတူတူ။ တ လျှောက်လုံး မန္တလေးထောင်မှာလည်း အတူတူ။ နောက် ကျွန်းမှာလည်း အတူတူ။ သူက ကျောက်ပန်းတောင်းသား၊ မန္တလေးတက္ကသိုလ်က။ သူက ကျွန်းက ပြန်လာ၊ ထောင်က လွတ်လာပြီးတဲ့နောက် ၁၉၇၅ ခုနှစ်လောက်မှာ အခြားကျွန်းပြန်တွေဖြစ်တဲ့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဉာဏ်ဝင်း၊ ကိုဉာဏ်ဝင်းရဲ့ညီ ကိုတင်မောင်ဝင်းတို့နဲ့ အတူတူ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့.. ပဲခူးရိုးမကို ရောက်သွားခဲ့တယ်။ နောက်တော့ ပဲခူးရိုးမမှာပဲ ကျဆုံးသွားခဲ့တယ်။

ကိုလေးမောင် ကျဆုံးတာ ၂ နာရီလောက် ထင်တယ်။ သူ့ရဲ့ တိုက်ပွဲ ဝင်ဆောင်ပုဒ်အဖြစ်ကတော့ သူ့ကဗျာတပုဒ်ထဲက သူလုပ်ခဲ့တဲ့ UG လုပ်ငန်းရဲ့ နိမိတ်ပုံ ဖြစ်တဲ့...

• ရန်သူ့နှလုံ။အိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ။

ဆိုတာကို ရွေးထားခဲ့တယ်။

သူ ကျဆုံးပြီးတဲ့နောက် ၂ နာရီ ၃ နာရီလောက် ကြာတော့ ထောင်မှူးကြီးနဲ့ ထောင်မှူးတွေ စာရွက်လေးတရွက်ကိုင်ပြီး ကျနော်တို့စခန်းထဲကို ရောက်လာကြတယ်။ သူတို့က တိုက်ပွဲဆောင်တွေထဲဆီ ရောက်လာပြီး ကျနော်တို့ တောင်းဆိုတဲ့အတိုင်း “ကိုယ်ထူကိုယ်ထစနစ်ကို ဖျက်သိမ်းပါပြီ” ဆိုတဲ့အကြောင်း ဝန်ခံကတိ လက်မှတ်ရေး ထိုးပေးတယ်။ အဲဒီတော့မှ ကျနော်တို့လည်း အောင်ပွဲခံပြီဆိုတဲ့ အထိမ်းအမှတ်နဲ့၊ တိုက်ပွဲသိမ်းပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ “အင်တာနရှင်နယ်”(နိုင်ငံတကာသီချင်း)ကို အားလုံး သံပြိုင်ပိုင်းဆိုကြတယ်။ သီချင်းဆိုရင်း ကျဆုံးသွားတဲ့ရဲဘော်တွေကို မြင်ယောင်နေတယ်။ ဒါကြောင့်မို့ သီချင်းဆိုတဲ့အခါမှာ နာနာကျည်းကျည်း ဆိုနေကြတာ။ ရင်ပွင့်မတတ်ပဲ။ ဝမ်းသာတယ်ဆိုတဲ့ခံစားမှု မရှိဘူးဆိုတာ အဲဒီတုန်းက အမှန်ပဲ။

အဲလို သီချင်းဆိုပြီးလို့ ကိုဖေအောင်က “သက်သာ” လို့ အမိန့်မပေးခင်မှာပဲ တိုက်ပွဲဝင်ရဲဘော်တယောက် မတ်တတ်ရပ်နေရာကနေ ယိုင်ကျသွားတာ တွေ့လိုက်ရ တယ်။ ရဲဘော်ထွန်းဝင်း။ သူ အဲလို ယိုင်ကျသွားတော့ သူ့ဘေးမှာရှိနေတဲ့ ရဲဘော်တေဇက သူ့ကို လက်မောင်းကနေ ဖေးပြီးတော့ ထိန်းထားလိုက်တယ်။ ဒါပေမယ့်... သူ ကျဆုံးသွားတယ်။ သူဟာ နံပါတ် ၈။ အဋ္ဌမမြောက်။ နောက်ဆုံး အာဇာနည်ပေါ့။ အင်မတန် ဝမ်းနည်းစရာ၊ အသည်းနာစရာ ကောင်းပါတယ်။ တိုက်ပွဲအောင်ပွဲရပြီးမှ ကျသွားရှာတာ။ အဲတော့ ကျနော်တို့အားလုံး ခုနက ထောင်မှူးကြီးနဲ့အဖွဲ့ကို ပြန်ထွက်ခွင့် မပေးသေးဘဲနဲ့ သူတို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းပြီးတော့...

ရဲဘော်ထွန်းဝင်းကို သတ်တာ (စစ်အစိုးရ) ×၂

ရဲဘော် ၈ ယောက်ကို သတ်တာ ... (စစ်အစိုးရ) ×၂

ဖိနှိပ်ချုပ်ချယ်မှု (အလိုမရှိ) ×၂

ကိုယ်ထူကိုယ်ထစနစ် (ဖျက်သိမ်းပစ်) ×၂

လို့ ဝိုင်းကြွေးကြော်ကြတယ်။ ဒါဟာ ကိုကိုးကျွန်းပေါ်မှာကြားရတဲ့ နောက်ဆုံး ကြွေးကြော်သံပဲ။

ရဲဘော်ထွန်းဝင်းဆိုတာက ကျွန်းပေါ်မှာ ကျနော်နဲ့အဆောင်တဆောင်တည်း နေတာ။ သူဟာ မြစ်ဝကျွန်းပေါ်သား။ အစိုးရ လေတပ်က။ ပဲခူးရိုးမ UG အဖြစ်နဲ့ အလုပ် လုပ်ရင်း အဖမ်းခံရတာ။ (သူတို့လေတပ်က အဲဒီတုန်းကဖမ်းတာ လူတွေအများကြီးပဲ။) သူက လေတပ်သားဆိုပေမယ့် စွယ်စုံထူးချွန်တယ်။ အနုပညာဘက်မှာလည်း ထူးချွန်၊ အားကစားဘက်မှာလည်း ထူးချွန်၊ လက်မှုပညာမှာလည်း ထူးချွန်၊ ပေါင်းသင်းဆက်ဆံ ရေးမှာလည်း ထူးချွန်တဲ့သူ ဖြစ်တယ်။ ဒုံမင်းတွေ၊ ဂီတာတွေ သူလုပ်တာ အများကြီး။ တယောလည်း သူလုပ်တတ်တယ်။ ဆေးလည်း ထိုးတတ်တယ်။ အားကစားမှာ ဘောလုံးကန်၊ ဘောလီဘော ရတယ်။ အပြေး ရတယ်။ အလေးမ ရတယ်။ ခြင်းခတ် ရတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ လူတယောက်။ ကျနော်တို့က လွတ်တဲ့ငါး ကြီးတာမဟုတ်ဘူး။ ဒီ အာဇာနည် ၈ ယောက်ဟာ တဦးချင်းအရကော အင်မတန် တန်ဖိုးရှိတဲ့သူတွေ။ အာဇာနည်ဖြစ်မှ တန်ဖိုးရှိတာ မဟုတ်ဘူး။ ရှင်နေရင်လည်း အင်မတန် တန်ဖိုးကြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ကျနော် အာမခံရဲတယ်။

တိုက်ပွဲပြီးသွားပြီဆိုတော့ တိုက်ပွဲနောက်ပိုင်းအလုပ်တွေ ဆက်လုပ်ရသေးတယ်။.ဒီတိုက်ပွဲမှာ အရင်တိုက်ပွဲတွေနဲ့ မတူတဲ့ကိစ္စတခုက အာဇာနည်တွေရဲ့ကိစ္စပဲ။ အရင်တိုက်ပွဲတွေတုန်းက တိုက်ပွဲပြီးတယ်ဆိုရင် တိုက်ပွဲဝင်ရဲဘော်တွေရဲ့ကျန်းမာရေး ပြန်ပြီး နာလန်ထူအောင် လုပ်ရကိုင်ရတယ်။ အဲဒီအလုပ်ပဲ ရှိတယ်။ ခုကျတော့ ကျသွားတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေ ရှိသေးတယ်။ သူတို့ကို ဂုဏ်ပြုဖို့၊ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုဖို့၊ သင်္ဂြိုဟ်ဖို့ကိစ္စတွေ ဆက်ပြီး စဉ်းစားဖြေရှင်းကြရတယ်။

ပထမဆုံးအနေနဲ့ ကိုကိုးကျွန်း ပါတီကော်မတီကနေပြီးတော့ ဇူလိုင် ၃၁ ရက်နေ့ကို “ပြည်သူ့သူရဲကောင်းများနေ့” လို့ သတ်မှတ်လိုက်တယ်။ ကျနော်တို့ ပထမ ဆုံး ပြင်ဆင်ကြတာကတော့ သူတို့ကိုဂုဏ်ပြုရေး၊ အမှတ်တရ ကျောက်တိုင်တတိုင် စိုက်ထူရေးဖြစ်တယ်။ ကျဆုံးသွားတဲ့သူတွေကို တဦးချင်းကို ဂုဏ်ပြုတဲ့သီချင်းတွေ စပ်ကြတယ်။ သီချင်းစပ်တဲ့အဖွဲ့တွေဖွဲ့ပြီး အဖွဲ့လိုက် အဖွဲ့လိုက် စပ်ကြတယ်။ တီးလုံးတွေလည်း တိုက်ကြတယ်။ နောက်တခါ ၈ ယောက်စလုံးကို ဂုဏ်ပြုတဲ့သီချင်းလည်း တပုဒ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ (ကျနော့်အထင်) အဓိကအကျဆုံးကတော့ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူရေးပဲလို့ထင်တယ်။

အဲဒီအချိန်မှာ ကျနော်တို့အနေနဲ့.. ကိုယ်ထူကိုယ်ထ လုပ်ဖို့မလိုတော့ဘူး။ ထောင်အာဏာပိုင်တွေက ဆန်၊ ထင်း၊ ဆီ၊ ဆား၊ ငါးပိ၊ ငရုပ်သီးတွေကို ကျနော်တို့ဆီကိုအရောက် သူတို့ လာပို့ပေးနေရပြီ။ အရင်တုန်းကတော့ ကျနော်တို့ ကိုယ်တိုင်သွားပြီးတော့ သယ်ရတယ်။ ထမ်းရတယ်။ ထင်းလည်း ရှာရတယ်။ ရေလည်း ထမ်းရတယ်။ အခုတော့ သူတို့ အကုန်လုံး လာပို့ပေးတယ်။ ကျနော်တို့ ဖာသာလုပ်တာဆိုလို့ ထမင်း၊ ဟင်းချက်တာပဲ ရှိတော့တယ်။ ဒါကတော့ ကျနော်တို့ ကိုယ့်ဟာကိုယ်ပဲ ချက်စားကြတယ်။

ဒီတော့ အထိမ်းအမှတ်ကျောက်တိုင်ကို ကျနော်တို့ဘာသာပဲ ဆွဲကြတော့ တယ်။ ကျောက်တိုင်အတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ်... စတာတွေကို ထောင်အာဏာပိုင်တွေဆီက တောင်းယူတယ်။ လုပ်တဲ့အခါကျတော့ ကျနော်တို့ ရဲဘော်တွေပဲ ကိုယ့်ဟာကိုယ် လုပ်ကြတယ်။ ကျောက်တိုင်ရဲ့ တည်နေရာဟာ အာဇာနည်ဗိမာန်ရဲ့ အရှေ့တည့်တည့်။ တိုက်ပွဲဝင် အဓိကအဆောင်ဖြစ်တဲ့ အဆောင် ၉ ရဲ့ အရှေ့တည့်တည့်။ တိုက်ပွဲဝင်အာဇာနည်တွေရဲ့ ဗိမာန်နဲ့ဆိုရင် ၃/၄ ကိုက်ပဲ ကွာမယ်ထင်တယ်။ သဏ္ဌာန် က ၈ မြှောင့်သဏ္ဌာန်။ အောက်ခြေကနေ ကျောက်တိုင်ထိပ်၊ ကြယ်နီရဲ့ထိပ်ဖျားအထိ ဆိုရင် ၈ ပေ၊ ၈ လက္ခတိတိ မြင့်တယ်။ အဲဒီကျောက်တိုင်ရဲ့အခြေမှာ အုတ်ခုံအသေးလေး တွေ ရှိတယ်။ အဲဒီ အုတ်ခုံလေးတွေပေါ်မှာ ကျဆုံးသူတွေရဲ့ ဦးချင်းနာမည်၊ အသက် စတာတွေ ရေးထားတယ်။ သူ့အထက်က ကျောက်တိုင်မျက်နှာပြင်ပေါ်မှာကျတော့ သူ့ရဲ့ ဆောင်ပုဒ်ကို ရေးထားတယ်။ ဥပမာ... ရဲဘော်ထွန်းဝင်းဆိုရင် အုတ်ခုံပေါ်မှာ “ရဲဘော် ထွန်းဝင်း၊ အသက် ၂၈ နှစ်” ကျောက်တိုင်မျက်နှာပြင်ပေါ်မှာက မျက်တောင်အဖွင့် အပိတ်နဲ့

• ကွန်မြူနစ်တယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေထီးတပ်သားလို သဘောထားပြီး ရောက်ရာအရပ်မှာ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမယ်

အဲဒါကို ဘိလပ်မြေထဲမှာ ထွင်းပြီး ကျနော်တို့ရေးထားတယ်။

အရှေ့ဘက်ဆုံးမျက်နှာမှာ ပထမဆုံးကျဆုံးသွားတဲ့ ရဲဘော်သိန်းကြည်ကို အထိမ်းအမှတ်ပြုတယ်။ ကျန်တဲ့ရဲဘော်တွေကို သူတို့ဆုံးကျတဲ့ အစီအစဉ်အတိုင်း တ ယောက်ပြီးတယောက် . မျက်နှာစာတခုစီ တခုစီ အထိမ်းအမှတ်ပြုသွားတယ်။ အဲဒီ ကျောက်တိုင်ကို “ပါတီနေ့” ဖြစ်တဲ့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့အမီ ပြီးအောင် လုပ်ကြတယ်။ ဈာပနအခမ်းအနားကို အဲဒီနေ့မှာကျင်းပဖို့ သတ်မှတ်ထားလိုက်တယ်။

ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ခေါင်းတွေရှေ့မှာ သူတို့ရဲ့ ရုပ်ပုံတွေကို ပုံတူပန်းချီကားကြီးတွေ ထောင်ထားတယ်။ ခုနက ကျနော်ပြောတဲ့ ရဲဘော်မြအောင်က ပန်းချီဆွဲ ကောင်းတယ်။ အထူးသဖြင့် ပုံတူဆွဲကောင်းတယ်။ တိုက်ပွဲစလို့ ရက်အတော်လေး ရလာတော့ သူ့ဆန္ဒနဲ့သူပဲ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ပုံတွေကို Sketch ခေါ်တဲ့ ပုံကြမ်းလေးတွေ လိုက်ဆွဲတယ်။ ရဲဘော်တွေ ကျဆုံးသွားတဲ့ အခါကျတော့ သူက အဲဒီပုံကြမ်းလေးတွေကို ပုံချောအဖြစ် Sepia အရောင်ဆွဲတယ်။ ပန်းချီကားတွေက အလျား ၁ ပေခွဲ၊ အမြင့် ၂ ပေလောက် ရှိမယ်ထင်တယ်။ အောက်ခံက မျက်နှာကျက်လုပ်တဲ့ မီးခံကွန်ကရစ်ပြား။ တချို့ရဲဘော်တွေရဲ့ပုံက ကျဆုံးပြီးမှ အလောင်းကို ကြည့်ဆွဲရတဲ့ပုံတွေပါ။

ဒီလိုနဲ့ ”ပြည်သူ့သူရဲကောင်းများရဲ့ ဈာပန” ကို ကျနော်တို့ ၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပတယ်။ ခေါင်းတလုံးကို လူ ၈ ယောက်စီ ထမ်းကြတယ်။ ကျနော်တို့ ရဲဘော်တွေတင် မကဘူး။ မဟာမိတ်ပါတီအဖွဲ့တွေက ရဲဘော်တွေလည်း ဝင် ထမ်းကြတယ်။ အဲဒီနေ့က ရာသီဥတုဟာ သာယာကောင်းမွန်ပါတယ်။ မုန်တိုင်းလည်း စဲသွားပြီ။ အာဇာနည်တွေကိုမြှုပ်ဖို့ ကျနော်တို့ ရွေးလိုက်တဲ့နေရာကတော့ ကင်းစခန်းရဲ့ အရှေ့ဘက်ထောင့်၊ ပင်လယ်ကမ်းကနေ တက်လာမယ်ဆိုရင် မီတာ ၇၀/၈၀ လောက် တက်ရမယ်ထင်တယ်။ အဲဒီမှာ အုန်းပင် ၃ ပင် ဖိုခုံလောက်ဆိုင် ပေါက်နေတဲ့နေရာ ရှိ တယ်။ အဲဒီအုန်းပင် ၃ ပင်ရဲ့ အလယ်မှာပဲ ဆိုကြပါစို့။ အဲဒီမှာပဲ ကျနော်တို့ သူတို့ကို မြှုပ်ပါတယ်။

အဲ... ခပ်လှမ်းလှမ်းမှာကတော့ အိုနာဆစ်သင်္ဘောပျက်ကြီးကို လှမ်းမြင်နေရတယ်။ သင်္ဘောပျက်ကြီးကတော့ လှိုင်းတွေထဲမှာ ယိမ်းထိုးနေတယ်။ ကျနော်တို့ ခေါင်းတွေ ထမ်းသွားတဲ့အခါမှာ လေပြည်လေးက တသုန်သုန်ဖြူးနေတယ်။ အုန်းပင် ၃ ပင်ရဲ့ အလယ်မှာ ကျင်းအကျယ်ကြီး၊ အနက်ကြီးတခု တူးထားတယ်။ အာဇာနည်တွေရဲ့ ခေါင်းတွေကို မပိတ်မီမှာ သူတို့ရဲ့နာမည်နဲ့တကွ အသက်၊ သူတို့ရဲ့ဆောင်ပုဒ် စတာတွေကို ရေးထားတဲ့ ကြေးပြားလေးတွေကို အထဲမှာထည့်ပြီးမှ ခေါင်းပိတ်ပါတယ်။

အာဇာနည်သုသာန်နေရာမှာ ခေါင်း ၈ လုံး စုံပြီဆိုတဲ့အခါကျတော့ ကျနော် တို့ရဲ့ တူရိယာဝိုင်းကနေ “အင်တာနေရှင်နယ်” လို့ခေါ်တဲ့ နိုင်ငံတကာသီချင်းကို တယော ၈ လက်နဲ့ အခြားတူရိယာပစ္စည်းအစုံနဲ့ တီးမှုတ်ဂုဏ်ပြုကြတယ်။ ပြီးတော့ ရဲဘော် တယောက်စီကို သူတို့အတွက် ဂုဏ်ပြုတဲ့သီချင်းတွေ သီဆိုပြီး ခေါင်းတခေါင်းစီ မြေချပါတယ်။ သူတို့ ကျဆုံးတဲ့အစဉ်အတိုင်း တယောက်ပြီးတယောက် ဂုဏ်ပြုပြီးတော့ မြေချတာပါ။ ခေါင်း ၈ လုံး မြေကျပြီးပြီဆိုတော့ သူတို့ ၈ ယောက်စလုံးအတွက် ဂုဏ်ပြုစပ်ထားတဲ့ “ပြည်သူ့သူရဲကောင်းများသို့” ဆိုတဲ့ ဂုဏ်ပြုသီချင်းကို တီးမှုတ်သီဆိုပါတယ်။ အဲဒီနောက် မြေဖို့ကြတာပါပဲ။

မြေဖို့ပြီးပြီဆိုတဲ့အခါမှာ လွမ်းသူ့ပန်းခွေတွေ ချကြပါတယ်။ ပထမဆုံး ချတာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပန်းခွေပါ။ ပန်းခွေချပြီးတော့ အဲဒီအဖွဲ့အစည်းရဲ့ သက်ဆိုင်ရာ ရဲဘော်တွေက ဦးညွှတ်အလေးပြုကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပန်းခွေချပြီးတဲ့ အခါမှာ ကျန်တဲ့ပါတီအဖွဲ့အစည်းတွေက ပန်းခွေတွေအသီးသီး ခူးကြပါတယ်။ အဲဒီမှာ ထူးထူးခြားခြားပြောရမှာက မန္တလေးက နိုင်ငံရေးသမားဟောင်းကြီး သခင်ရန်ချွေ။ သူက သူ့ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ကို ပန်းခွေချ သီးသန့်အလေးပြုပါတယ်။

ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်လာကြတဲ့ ရဲဘော်တွေရဲ့ ခန္ဓာကိုယ်များဟာ ပထဝီမြေကြီးအောက်ကို ရောက်သွားပါပြီ။ ဒါပေမယ့် သူတို့ရဲ့ စိတ်ဓါတ်ဝိညာဉ်ကတော့ ကျနော်တို့နဲ့ အခုအထိအတူ ဆက်ချီတက်နေပါတယ်။ ကျနော် တဦးချင်းအနေနဲ့ ပြောရ မယ်ဆိုရင် ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အကွေ့အချိုးတိုင်း၊ ဆုံးဖြတ်မှုတိုင်းမှာ သူတို့ကို သတိရပါတယ်။ သူတို့ကို ပြန်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို မောင်းတင်ရ၊ သံပတ်တင်းရ တာမျိုးတွေလည်း မကြာခဏ ကြုံရဖူးပါတယ်။ အာဇာနည်သူရဲကောင်းတွေသာ မရှိရင် တော်လှန်ရေးအောင်ဖို့ မပြောနဲ့။ တော်လှန်ရေးတခုလုံးကို သယ်ဆောင်ဖို့တောင်မှ မဖြစ်နိုင်ပါဘူး။ အခု ကိုကိုးကျွန်းသမိုင်းဟာ အနှစ် ၃ဝ ကျော်သွားပါပြီ။ ဘယ်သူတွေ ဘယ်လိုပဲပြောနေနေ ကိုကိုးကျွန်း သူရဲကောင်းအာဇာနည်များရဲ့ စိတ်ဓာတ်နဲ့ သူတို့ရဲ့ စွန့်လွှတ်မှု၊ သူတို့ကြောင့် ရရှိတဲ့ အောင်ပွဲကိုတော့ အသိအမှတ်မပြုလို့ မနေနိုင်ပါဘူး။

▪ အမေ့ခေါ်သံ

ကျနော်တို့အနေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ဖို့မလိုတော့ဘူးဆိုတဲ့အခါကျတော့ အချိန်တွေက အများကြီးရတယ်။ အချိန်တွေ ပိုလာတယ်။ စာဖတ်လို့ ရတာပေါ့လေ။ ဒါပေမယ့် ကျနော်တို့ အားကစားတွေဘာတွေ လုပ်ချင်စိတ်လည်း မရှိတော့ဘူး။ အဲဒီရဲဘော်တွေ မရှိတော့တဲ့အခါမှာ သူတို့ကိုပဲ သတိရနေတယ်။ ကျနော်တို့ လူစုမိတိုင်း သူတို့ အကြောင်းတွေကိုပဲ ပြောကြတယ်။ တခါတခါ သူတို့ကိုဂုဏ်ပြုတဲ့တေးတွေ စုပြီး ဆိုကြ၊ တီးကြ၊ မှုတ်ကြတယ်။ ရေကြည်သောက်တိုင်း ရေတွင်းတူးတဲ့သူတွေကို မမေ့ကြတာပေါ့လေ။ အဲလို ဈာပနပြီးတဲ့နောက် တလအကြာမှာ သူတို့ကိုဂုဏ်ပြုတဲ့ ကဗျာစာအုပ် တအုပ် ထုတ်ခဲ့ကြတယ်။

ဒီလိုနဲ့ မုတ်သုံလွန်တဲ့အခါမှာ ထောင်အာဏာပိုင်တွေက ကျနော်တို့ကို ပြည်မ ပြန်ပို့တယ်။ သူတို့က လာကြိုတဲ့ သင်္ဘောရောက်လာတဲ့အခါမှာ ကျနော်တို့ကို လာပြီး တော့ အကြောင်းကြားတယ်။ “နောက် ၂ ရက်နေရင် ထွက်ခွာရမယ်။ ခင်ဗျားတို့ ပြင်ဆင် ကြပါ” လို့ လာပြီးပြောတယ်။ ဒါနဲ့ ကျနော်တို့ ပြင်ဆင်ကြပါတယ်။ ပြည်မ ပြန်ရမယ်ဆိုပေမယ့် ကျနော်တို့စိတ်ထဲမှာ ပျော်လှတယ်လို့ မရှိပါဘူး။ ပြည်မက ထောင်တွေ(အထူး သဖြင့် အင်းစိန်ထောင်)အကြောင်းကို ကောင်းကောင်းသိထားတော့ ကျွန်းက ပြန်ရတယ် ဆိုတာဟာ ဒယ်အိုးထဲကနေ မီးတောက်ထဲကို ခုန်ချရတာဖြစ်နိုင်တယ်လို့ တွက်ထားကြ တယ်။ ဟိုရောက်ရင် ကျွန်းမှာလို လွတ်လွတ်လပ်လပ် အားလုံးအတူတူ မနေရမှာက လည်း သေချာနေတယ်။ ဘာပဲပြောပြော ကျနော်တို့ပြင်ကြတယ်။

ပြင်ကြတယ်ဆိုတာ ဘာပြင်လဲဆိုတော့ အဓိကအားဖြင့် ကျနော်တို့ရှိတဲ့ စာရွက်စာတမ်းတွေအကုန်လုံး ဖျက်ဆီးကြ၊ မြေမြှုပ်တန်တာ မြှုပ်ကြပေါ့လေ။ ပြီးတော့မှ ကိုယ်ပိုင်ပစ္စည်းလေးတွေ ထုပ်ကြပိုးကြတာ။ ကိုယ်ပိုင်ပစ္စည်းကတော့ များများမရှိပါဘူး၊ ကျနော်လိုလူသာ အိမ်ကပို့တဲ့ စာအုပ်တွေများနေတာ။ (အဲဒီ စာအုပ်တွေလည်း အင်းစိန်ထောင်ရောက်ပြီးတဲ့နောက် ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။ ပြန်မတွေ့တော့ ဘူး။) နောက်တခုက ကျနော်တို့မှာ စုထားတဲ့ စားစရာ၊ သောက်စရာတွေ ရှိတယ်။

ဥပမာ... အမဲသားဗူးတို့၊ လိပ်သားခြောက်တို့၊ နို့ဆီဗူး အပါအဝင်ပေါ့လေ။ ကျနော်တို့ ရိက္ခာတွေ စုထားတဲ့ဟာတွေရှိတယ်။ တမင်စုထားတာ။ ကျနော်တို့ အခမ်းအနားတွေပွဲ တွေလမ်းတွေကျရင် စားရ သောက်ရအောင်ဆိုပြီးတော့။ အခုတော့ အဲဒါတွေ ကျနော်တို့ အပြတ်ရှင်းကြတယ်။ ကျနော်တို့ ရိက္ခာရုံမှာရှိတဲ့ နို့ဆီတွေ၊ လိပ်သားခြောက်တွေ၊ အမဲဗူးတွေကို အနပ်တိုင်း စားကြတာပဲ။ အမဲဗူးထဲက အမဲသားတွေဆိုရင် အခြောက်ကြော်ပြီး ဗန်းကြီးတွေနဲ့ စားပွဲပေါ်မှာတင်ထားတယ်။ စားလို့လည်း မကုန်တော့ဘူး။ ကျနော်တို့လည်း စားချင်သောက်ချင်စိတ် မရှိတော့ဘူး။

အဲဒီမှာ အံ့ဩစရာတခု ပြောချင်သေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့တတွေ အဲဒီလို ထူးထူးခြားခြား အလုပ်ရှုပ်နေကြတယ်၊ ပုံပျက်ပန်းပျက် ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ မွေးထားတဲ့ ခွေးတွေကလည်း သတိထားမိကြတယ်။ သူတို့လည်း မျက်နှာမသာဘူး။ စောစောက အမဲသားတွေကို သူ့တို့လည်း ကျွေးတယ်။ သူတို့လည်း မစားတော့ဘူး။ အရင်ဆို ကျနော်တို့ခွေးတွေက အသားဆို အငမ်းမရ။ သူတို့လည်း ကျနော်တို့လိုပဲ ငတ်ပြတ်နေတဲ့ဟာတွေ။ အဲတော့ ခွေးတွေကတောင် သတိထားမိတယ်။ ကျနော်တို့ပြန်ရတာက အောက်တိုဘာလလား၊ နိုဝင်ဘာလလား ကျနော် အသေအချာ မမှတ်မိတော့ဘူး။ အခု ကျနော် ပြန်စဉ်းစားလိုက်တော့ ကျွန်းကိုလာတုန်းက ကိစ္စတွေကို ကျွန်းကပြန်တဲ့ ကိစ္စတွေထက် ပိုပြီးမှတ်မိနေတယ်။ ကျွန်းကပြန်တဲ့ကိစ္စကို ခေါင်းထဲမှာ သိပ်မရှိဘူး။

အဲဒါ ပြန်ကြတယ်ပေါ့ဗျာ။ ပြန်ကြတော့ ကျနော်တို့ကို လာကြိုတာက အလာတုန်းက “ပြည်တော်ညွန့်” သင်္ဘောပဲ။ ပြန်မယ့်နေ့ မနက်အစောကြီးမှာ မိုးတောင်မလင်း သေးဘူး။ အာဇာနည်တွေကို သွားပြီး အသုတ်လိုက် အလေးပြုကြတယ်။ ဘာနဲ့မှမတူတဲ့ ခံစားမှုပဲလေ။ ကျနော်တဦးချင်းမှာတော့ အဲဒီနားမှာတင် ကျနော့်ဘဝအတွက် ဆုံးဖြတ် ချက်ကျသွားတယ်လို့ ထင်တယ်။ ငါ ရှေ့မှာ ဘာဆက်လုပ်မယ်ဆိုတာ အဲဒီမှာ ဆုံးဖြတ်လိုက်တဲ့ သဘောပဲ။

အဲဒီလိုပဲ ကျနော်တို့ လာတုန်းက တက်တဲ့နေရာဘက်ကပဲ ပြည်တော်ညွန့် သင်္ဘောပေါ် ပြန်တက်ကြတယ်။ ဒါပေမယ့် အလာတုန်းက သင်္ဘောကြီးက အဖြူရောင် ကြီး။ အခုတော့ သူတို့က ဆေးပြောင်းသုတ်ထားတယ်။ အနက်ရောင်ကြီး။ ဒါပဲကွာတယ်။ သင်္ဘောဝမ်းထဲမှာ ကျနော်တို့ အလာတုန်းက ဘာမှမရှိဘူး။ အောက်ခံရိုးရိုး သံကြမ်းပြင် ပေါ်မှာ ဖင်ချထိုင်ရတာ။ အခု အပြန်ကျ သင်္ဘောဝမ်းထဲမှာ နှစ်ထပ်အိပ်စင် အပြည့်လုပ် ထားတာ။ ကြည့်ရတာ သူတို့ခရီးသည်တွေ ဆွဲတဲ့သင်္ဘောပဲ။ နောက်ပြီး အိပ်စင်တိုင်းမှာ လည်း အသက်ကယ် ဗော့အင်္ကျီလေးတွေ ချိတ်ထားတာ တွေ့ရတယ်။

ကျနော်တို့ကို သင်္ဘောဆိပ်ကဆင်း ရန်ကုန်ဆိပ်ကမ်းတက်တော့ ညပိုင်း ၈ နာရီ၊ ၉ နာရီလောက် ရှိပြီထင်တယ်။ အလာတုန်းကလိုပဲ ကျနော်တို့ကို ကားကြီးတွေပေါ် တင်ပြီး အင်းစိန်ထောင်ကို တန်းမောင်းသွားတယ်။ မှန်ပြူတင်းပေါက်မှာတော့ အလာတုန်းကလို စက္ကူ အဖြူတွေ ကပ်မထားတော့ဘူး။ ကျနော်တို့ကို အင်းစိန်ထောင်မကြီးထဲကို အကုန်လုံး သွင်းလိုက်တယ်။ ထောင်ဗူးထဲရောက်တော့ နာမည်နဲ့လူစစ်ပြီး ခေါင်းပေါ်စောင်အုပ်ပြီး ခေါ်သွားတာပဲ။ အသုတ်လိုက်၊ အသုတ်လိုက် ခေါ်သွားတာ။ ဗူးခန်းထဲကနေပြီး ကျနော်တို့ ကြက်တူရွေးလှောင်အိမ်ကိုဖြတ်၊ ဟိုဘက်ရောက်တာနဲ့ ပုံစံထိုင်ခိုင်း တာပဲ။ ကျနော်တို့က မထိုင်ကြဘူး။ မထိုင်တော့ အသင့်စောင့်နေတဲ့ကောင်တွေက ဝိုင်း ရိုက်တာပဲ။ ခေါင်းကိုအုပ်ထားတော့ ဘာမှမမြင်ရဘူး။ လဲကျသွားပြီး နောက်ကျတော့ ထိုင်လိုက်ရတာပဲ။

အဲဒီနောက်မှာ ကျနော့်ကိုကျတော့ ၄ တိုက်ကိုခေါ်သွားတယ်။ ကျနော်တို့ ကျွန်းပြန်တွေအားလုံးကို တခြားဘယ်အကျဉ်းသားနဲ့မှ မရောဘူး။ ကျနော်တို့ ကျွန်းပြန်တွေချည်းပဲ သပ်သပ်ထားတယ်။ ကျနော်နေတဲ့ ၄ တိုက်မှာလည်း အားလုံး ကျွန်းပြန်တွေချည်းပဲ။ ကျနော်နဲ့ တခန်းထဲနေရတာက မန္တလေးဘက်က လာတဲ့လူ။ လူငယ်တပ်ဦးက ကိုအောင်မြင့်တဲ့။ သူက ရွှေဘိုသား။ အရင်က မန္တလေး ပန်တျာကျောင်းက ပန်းချီ ကျောင်းသား။ မန္တလေးထောင်မှာလည်း နေဖူးတယ်။ ကျနော့်ရဲ့ ညာဘက်အခန်းမှာက စာရေးဆရာ ဦးလေး ဦးမြသန်းတင့်။ ဦးလေး ဦးမြသန်းတင့်နဲ့အတူနေတာက(တလောက ကွယ်လွန်သွားတဲ့) ရဲဘော်နီအောင်မေသု။ ဒီလူတွေကတော့ အထူးပြောနေစရာ၊ မိတ်ဆက်ပေးနေစရာ မလိုတဲ့သူတွေ။ (တလောက NLD က ကျသွားတဲ့ အုတ်ဖိုက ကိုအောင်မေသုပေါ့။) မျက်နှာက ပြုံးပြုံးပြုံးပြုံးနဲ့၊ အင်းစိန်ထောင်အာဏာပိုင်တွေကြားမှာ အလွန် ခေါင်းမာတယ်လို့ နာမည်ကြီးတဲ့လူ။) ကျနော့် ဘယ်ဘက်အခန်းမှာက ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂက ကိုထွန်းအောင်ကျော်။ ကျနော်တို့က ကိုထွန်းအောင်ကျော် (အဖြူ)လို့ခေါ်တယ်။ ကိုထွန်းအောင်ကျော် နှစ်ယောက်ရှိတာမို့လို့။ သူက ရန်ကုန် ရေကျော်က။ သူနဲ့အတူနေရတာက ခုနက ကိုအောင်မြင့်နဲ့ အမှုတွဲ တခုတည်းဖြစ်တဲ့ လူငယ့်တပ်ဦးက ကိုခင်မောင်သန်း။ သူလည်းပဲ ရွှေဘိုကပဲ။

ထောင်ထဲသွင်းလိုက်ပြီဆိုတာ အားလုံးစောင်အုပ်ပြီး ခေါ်သွင်းလာတာ။ ဘေးခန်းတွေနဲ့ မဆက်သွယ်ရဘူး။ စကားမပြောရဘူး။ ပြောရင် အသေပဲဆိုတာမျိုး ပြောပြီး အထဲကို ကန်ထည့်လိုက်တာ။ ကျနော်တို့လည်း ရောက်ရောက်ချင်းဆိုတော့ အရိပ်အခြေ ကြည့်နေရတာ။ နောက်ကျမှ ဘေးခန်းနံရံကို ခေါက်ပြီး ဆက်သွယ်ရတယ်။ “ဒေါက်ဒေါက် ဒေါက်ဒေါက်” ပေါ့လေ။

ပထမဆုံး အဲဒီဘက်အခန်းမှာ ဘယ်သူရှိလဲဆိုတာပဲ မေးကြရတာ။ ဒါ အလွယ်ဆုံးနည်းပဲ။ အဲဒါကတော့.... A B C D စကားလုံးတွေကို A ဆိုရင် ၁ ချက်၊ B ဆိုရင် ၂ ချက်၊ C ဆိုရင် ၃ ချက်၊ Z ဆိုရင် ၂၆ ချက်။ အဲဒီလို ခေါက်ပြီး ဆက်ကြရတာ။ အတော် လက်ဝင်တဲ့ကိစ္စ။ ထောင်ထဲမှာကတော့ အချိန်ကလည်း ပေါတာကိုး။ အဲဒီတော့ လက်ဝင်ပေမယ့်လည်း ကြာကြာကြီး အလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် နားထောင်တဲ့လူကလည်း နားဝင်တယ်။ သိပ်လွယ်တာ မဟုတ်ဘူး။

စရိုက်တာကတော့ ထုံးစံအတိုင်း Who ဘယ်သူလဲပေါ့ဗျာ။ ဒီတော့မှ တဖက်က နာမည်ကို ပြန်ရိုက်ပြတယ်။ ကိုထွန်းအောင်ကျော်ကလည်း သူ့နာမည် အတို T A K လို့ ရိုက်ပြတယ်။ ပြဿနာက ... ကျနော်တို့အထဲမှာက ကိုထွန်းအောင်ကျော်ဆိုတာ နှစ်ယောက်ရှိတယ်။ ဒီ ကိုထွန်းအောင်ကျော်ကို ကျနော်တို့က “လိပ်ကလေး”လို့ ခေါ် တယ်။ အဲဒီတော့ ကျနော်က “လိပ်ကလေးလား”လို့ မေးချင်တာနဲ့ ကျနော်က အင်္ဂလိပ် စာလုံး လိပ်(tortoise)ဆိုတဲ့ စကားလုံးကို ရိုက်ပြတယ်။ ဒါပေမယ့် အဲဒီစာလုံးက t o r t o i s e ရှစ်လုံးတောင် ရိုက်ရတာ အရှည်ကြီး။ အဲဒီတော့ သူက စိတ်မရှည်ဘူး။ နံရံကို ဂျစ်ဂျစ် ဂျစ်ဂျစ်ဆိုပြီး ဆွဲခြစ်ပစ်လိုက်တယ်။ ပြီးတော့မှ သူက ရိုက်တယ် l a k e လိပ်တဲ့။ အဲဒီလိုဆိုတော့ ပွဲက ပြတ်သွားရော။ ရယ်လည်း ရယ်ရတယ်။

နောက်ပြီးတော့မှ ဒီဘက်က ဦးမြသန်းတင့်တို့၊ ကိုအောင်မေသူတို့နဲ့ အဆက်အသွယ်ရတယ်။ အဲဒီနောက် တဖြည်းဖြည်း ဝါဒါအလစ်မှာ စကားပြော ဖြစ်ကြတယ်။ ကျနော်တို့ ထမင်းပို၊ ဟင်းပိုတွေ ရှေ့ကိုပစ်လိုက်လို့ရှိရင် ဆက်ရက်တွေက လာစားကြ တယ်။ ကျနော်တို့အနားမှာ ဆက်ရက်တွေက ရှိတဲ့အခါကျတော့ ကောင်းတယ်။ ဘာ ကောင်းလဲဆိုတော့ ဝါဒါလာရင် ဆက်ရက်တွေက ထပြန်တယ်။ ဝါဒါ လာမလာ ကျနော် တို့သိနိုင်တယ်။ ဒါပေမယ့် စကားအပြောများတာကတော့ ညပိုင်း ပိုပြောကြတယ်။ ခုနက ကိုထွန်းအောင်ကျော်နဲ့ ကျနော်က ကိုကိုးကျွန်းပေါ်တုန်းက လေ့လာရေးအတူတူပဲဆို တော့ ပြောစရာတွေက အများကြီး။ နောက် ဦးမြသန်းတင့်တို့၊ ကိုအောင်မေသုတို့နဲ့က လည်း စကားက ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီး ...။

ကျနော် ဒီမှာ မှတ်မှတ်ရရ ပြောချင်တာတခုက ဦးမြသန်းတင့်က ကျနော့်ကို သူ့ခေါင်းထဲမှာ စဉ်းစားထားတဲ့ သူစာရေးမယ့် အကြောင်းအရာတွေကို ပြောပြတယ်။ ညတိုင်မှာ တခုချင်း တခုချင်း ပြောပြတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ သူ ထောင်က ထွက်လာပြီးတဲ့အခါမှာ သူပထမဆုံးရေးတဲ့၊ လူကြိုက်လည်းများတဲ့ “ကျနော် ဆက်၍ရေးချင်သောဝတ္ထုများ” အကြောင်းကို သူအဲဒီမှာ ကျနော့်ကိုပြောပြတာ။ တခြား ဘယ်သူ့ကိုမှ ပြောမပြသေးဖူးဘူး။ ဒါကျနော် ခုမှပြန်ပြောတာ ဂုဏ်လည်းယူတယ်။ သူ ရေးမယ့်သူတွေရဲ့ တဦးချင်းရဲ့ဝတ္ထုတွေကို သူက အသေးစိတ်ပြောပြတာ။ နောက်ပြီးတော့ သူဘယ်လို လုပ်မယ်။ အရင်စာရေးဆရာတွေထဲက ဘယ်အချက်ကို အားမရတာ၊ ဒါ ကြောင့်မို့လို့ ဒီခေတ်အမြင်နဲ့ ပြန်ရေးမယ်ဆိုရင် ဘယ်လိုရေးမယ်ဆိုတာကို သူက အ သေးစိတ် ပြောပြတာ။ ဟာ .. ကျနော်ကလည်း သဘောကျလွန်းလို့.“ဦးရယ်... ထွက်ရင် ရေးဖြစ်အောင်ရေးပါ” လို့ တိုက်တွန်းတာ။

ဦးလေးဦးမြသန်းရဲ့ ထူးခြားချက်တခုက စာတွေ အများကြီး ဖတ်တာတင် မကဘူး။ အများကြီး မှတ်မိတာ။ ခုနကပြောတဲ့ သူရေးချင်တဲ့ “ကျနော် ဆက်၍ရေးချင်သော ဝတ္ထုများ” ဆိုတာက အရင် အနှစ် ၃ဝ ကျော်လောက်က ဟာတွေ၊ စစ်မဖြစ်ခင်က ဟာတွေ။ အဲဒါတွေကို သူက အကုန် အသေးစိတ် မှတ်မိနေတာ။ ဇာတ်ကောင်နာမည်ကိုက အစ အသေးစိတ်တွေ။ အတော့်ကို အံ့ဩဖို့ကောင်းတာ။ အဲဒါအပြင် အခြား ပြည်တွင်း ပြည်ပက စာပေရေးရာအကြောင်းတွေလည်း အများကြီး ပြောကြတယ်။ ကျနော်က နားထောင်တာပါ။ ကျနော်က ပြောစရာသိပ်မရှိပါဘူး။

ကိုအောင်မေသုကတော့ ကျနော်ကို အင်းစိန်ထောင်ရဲ့ ဗဟုသုတပေါ့လေ။ ကျနော်တို့ကို တာဝန်ယူနေတဲ့ အာဏာပိုင်တွေ၊ ဝါဒါတွေအကြောင်း အကုန်လုံး မိတ်ဆက်ပြတယ်။ အင်းစိန်ထောင်မှာ ဆောင်ရန်ရှောင်ရန်တွေလည်း ပြောတယ်။ သူက ကျနော့်ထက် အသက် ၄/၅ နှစ်လောက် ကြီးမလားမသိဘူး။ သူက ရဲဘော်တွေကိုခေါ်ရင် ဘယ်တော့မှ တုံးတိကြီး မခေါ်ဘူး။ နာမည်ရှေ့မှာ “ရဲဘော်” တပ်ပြီး ခေါ်တယ်။ စကား ပြောရင်လည်း ဘယ်တော့မဆို “ခင်ဗျား ... ကျနော်”ပဲ ပြောတယ်။ ကျနော်တို့အထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ကိုလှဌေးကိုတောင်မှ “မင်း... ငါ” မပြောဘူး။

ကျနော်တို့ ရန်ကုန်ထောင်ကို ရောက်တဲ့အခါ ဆောင်းဝင်စပြုနေပြီ။ နောက်ပိုင်း ဆောင်းတွင်းကိုရောက်တဲ့အခါ မနက်ပိုင်းနဲ့ ညပိုင်းမှာ အတော်လေး အေးတယ်။ ရှေ့ တံခါးက ပိတ်မထားတော့ အမြဲပဲ လေဝင်နေတယ်။ ကျနော်တို့ကို ပေးထားတာ ဘာဘူစောင်အစုတ်ကလေး တထည်တည်း။ ညမှာဆိုရင် အောက်က အခင်းမရှိတဲ့၊ ၄ လက္မ လောက်မြင့်တဲ့ ပျဉ်ပြားကွပ်ပျစ်ပေါ်မှာ အဲဒီ ဘာဘူစောင်လေးနဲ့ ကွေးရတာပဲ။ မနက် အိပ်ယာအစောကြီး ထရတယ်။ ထပြီး အဲဒီစောင်ကို ခေါက်၊ အဲဒီကွပ်ပျစ်ပေါ်မှာ ရှေ့က ခင်း၊ အဲဒီစောင်ခေါက်ရဲ့ နောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး လာစစ်မယ့်ထောင်မှူးကို စောင့် ရတာ။ သူတို့ ဘယ်အချိန်မှလာမလဲ အတိအကျပြောမရဘူး။ အဲဒီလို တုပ်တုပ်မှ မလှုပ် ဘဲနဲ့ ထိုင်ပြီးတော့ စောင့်ရတာ။ အေးကလည်းအေး၊ ချမ်းကလည်းချမ်း၊ စောင်လည်း ခြုံ လို့မရဘူး။ စောင်က ရှေ့မှာ ခေါက်ပြီးတော့ ထားရတာ။ တခါတလေ နာရီဝက်လောက် ကို အကြာကြီး ထိုင်စောင့်ရတာ။

တနေ့တော့ ကျနော်က ထောင်မှူးလည်း မလာသေးတော့ စောင်ကိုယူပြီး ကိုယ်မှာ ပတ်ထားတယ်။ ဒီလိုအချိန်မှာပဲ ထောင်မှူးဆိုတဲ့ကောင်က ဘာသံမပေးညာသံ မပေးနဲ့ ဗြုန်းဆို ပေါက်ချလာရော။ ရောက်လာတော့ ကျနော် စောင်ကို ကမန်းကတန်း ပြန်ခေါက်တယ်။ ဒါပေမယ့် မမီတော့ဘူး။ အဲဒီကောင်က တွေ့သွားတယ်။ အဲဒီမှာ ဒီကောင်က ရှူးရှူးရှားရှားနဲ့ ပါလာတဲ့ ဝါဒါ ၂ ယောက်ကို တံခါးဖွင့်ခိုင်း၊ ဝင်လာပြီး ကျနော့်ကို လက်ပိုက်ခိုင်းပြီး သူစီးထားတဲ့ဖိနပ်နဲ့ချွတ်ပြီး ကျနော့်ပါးကို ရိုက်တာပဲ။ ကျနော့်ပါးကို ရိုက်တာ။ ကျနော့်တသက်မှာ ဒါမျိုး ကျနော်ဘယ်လိုမေ့မလဲ။ အခဲရော ဘယ်မှာကြေ နိုင်မလဲ။ အဲဒီထောင်မှူးဆိုတဲ့ အကောင်ရဲ့နာမည်က “သောင်းရွှေ” တဲ့အရင်က အင်မတန် ဆိုးတယ်လို့ နာမည်ကြီးတဲ့သူ။ ရုပ်က သွေးမရှိတဲ့ရုပ်မျိုး။ အင်မတန် ရက်စက်တဲ့ ရုပ်မျိုး။

အဲဒီလိုနဲ့ တနေ့မှာကျတော့ ကျနော်တို့ကို စာမေးပွဲဖြေခိုင်းတယ်။ သူတို့ မေးခွန်းတွေကို ဖြေရတာပေါ့။ အရင်တုန်းက လုပ်နေကျအတိုင်း၊ မေးခွန်းတွေကလည်း အရင်ကအတိုင်းပဲ။ ကျွန်းမပို့ခင် မန္တလေးထောင်မှာ မေးတဲ့အတိုင်း။ နောက် ကျွန်းပို့ခါနီး အင်းစိန်၊ တွဲဖက်ထောင်ထဲမှာ မေးတဲ့အတိုင်း ဘာမှမကွဲဘူး။ ကျနော်ကလည်း ဖြေတော့ အဲဒီအတိုင်းပဲ။ ဘာမှမကွဲဘူး။ အဲဒီနောက် ကျနော်တို့ကို အခန်းပြောင်းတာတွေ လုပ်တယ်။

ကျနော့်ကို ၄ တိုက်ရဲ့ ဒီဘက်အဆုံးကနေ ဟိုဘက်အဆုံးကို ပို့လိုက်တယ်။

ကျနော်နဲ့အတူနေရတဲ့သူက ကျနော်တို့နဲ့ ကိုကိုးကျွန်းက ပြန်လာတဲ့ ဦးတင်ညွန့်။ ဗမာပြည်ကွန်မြူနစ်ပါတီကပဲ။ ဝါရင့်တော်လှန်ရေးသမား တယောက်။ ကျနော့် ထက် အသက်အများကြီး ကြီးတယ်။ ကျနော့်အပေါ် အင်မတန်မှ ကြင်နာတယ်။ စိတ်ရင်းစေတနာ သိပ်ကောင်းတယ်။ ပါတီဗဟိုရဲ့ ဆက်သားအဖြစ် သူ့လုပ်ကိုင်ခဲ့ပုံတွေကို ပြောပြောပြတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ နှစ်ယောက်သား ကျွန်းအကြောင်းတွေ အာဇာနည်အကြောင်းတွေလည်း ပြောဖြစ်ကြတယ်။ ကျနော်ကတော့ သူ့ဆီက လေ့လာစရာတွေ အများကြီးပေါ့လေ။ သူပြောသမျှကို မှတ်ထားရတာပေါ့။ ကျနော်တို့တိုက်ထဲမှာ နေရတဲ့အခါကျတော့ ဘာမှလုပ်စရာရှိတာ မဟုတ်ဘူး။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ဆိုတာလည်း နှစ်ယောက်အတူနေတာဆိုတော့ ဘာမှလုပ်လို့ ဖြစ်ဘူး။ အခန်းက ကျဉ်းကျဉ်းလေး။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတယောက်နဲ့ အတူနေရတာဆိုတဲ့အခါကျတော့ လှုပ်ရှားမှုက ပိုပြီးတော့ သတိထားရတယ်။ ဦးတင်ညွန့်ကတော့ လူငယ်လိုပါပဲ။ ကျနော်တို့ကို ဘာမှ အားနာအောင် မလုပ်ပါဘူး။ သူက အင်မတန် နားလည်ခွင့်လွှတ်နိုင်တဲ့လူ။ သဘောထား သိပ်ကြီးတယ်။

ကျနော်တို့နှစ်ယောက် လမ်းလျှောက်ကြတာပဲ။ တနေ့ကုန် လမ်းပဲလျှောက် နေတာပဲ။ ဦးတင်ညွန့်က နဂိုကတည်းက လမ်းလျှောက်တာ ဝါသနာပါတယ်။ သူ အဖမ်း မခံရခင် ရန်ကုန်မှာနေတုန်းကလည်း လမ်းလျှောက် ဝါသနာပါတယ်။ ကျွန်းပေါ်ရောက် တော့လည်း လမ်းလျှောက်နေတာပဲ။ သူက အရပ်ပုတယ်။ ဒါပေမယ့် လမ်းလျှောက်ရင် သုတ်သုတ်သုတ်သုတ်နဲ့ လျှောက်တယ်။ ကျနော်တို့နှစ်ယောက် နေ့တိုင်းပဲ တိုက်ခန်းထဲ လမ်းအတူလျှောက်ရင်း စကားတွေ ပြောကြတယ်။ အများအားဖြင့်တော့ ကျနော်က နားထောင်သူ။ သူ့ဆီက သိချင်စရာတွေ အများကြီး။

ဒီလိုနဲ့ တနေ့မှာ လမ်းလျှောက်ရင်း ပါးစပ်ထဲမှာပေါ်လာတဲ့ အင်တာနေရှင် နယ်သီချင်းကို ဆိုမိတယ်။ ဘာရည်ရွယ်ချက်မှရှိလို့ မဟုတ်ဘူး။ တိုးတိုးလေး ဆိုတာတော့ မဟုတ်ဘူး။ အသံတော့ ထွက်တာပေါ့။ အသံ နည်းနည်းကျယ်တာပေါ့။ ကျနော်ဆိုတော့ ဦးတင်ညွန့်လည်း လိုက်ဆိုတယ်။ သူလည်း သီချင်းဆိုကောင်းတယ်။ ဘာမှလည်း မစဉ်းစားမိဘဲနဲ့ လှမ်းလျှောက်ရင်း ဆိုနေတယ်။ အဲဒီမှာ ဗြုန်းဆို ဝါဒါ ၃/၄ ယောက် ပေါက် ချလာတယ်။ ဒီကောင်တွေက ဘာမပြော ညာမပြောနဲ့ သံတံခါးဖွင့်ပြီး ကျနော့်ကို ဝိုင်း ရိုက်ကြ၊ ကန်ကြတာ။ ဦးတင်ညွန့်ကိုတော့ လူကြီးမို့ထင်ပါရဲ့။ ဘာမှမလုပ်ဘူး။ ဒီအချိန်မှာ ဦးလေးဦးတင်ညွန့်က “ဟာ မလုပ်ကြပါနဲ့ဗျာ” ဆိုပြီးတော့ ကျနော့်ကို သူ့ကိုယ်လုံးနဲ့ ဝင်ပြီးကာပေးရှာတယ်။ ဒါလည်း ကျနော် တသက်လုံး မမေ့နိုင်တဲ့ခံစားချက်တရပ်ပဲ။ ထောင်အာဏာပိုင်တွေက ကျနော့်ကို ဝိုင်းရိုက်နေတယ်။ ကျနော် တို့ရဲ့ရဲဘော်က သူ့ ကိုယ်လုံးလေးနဲ့ ဝင်ပြီးကာပေးတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ကိစ္စပဲ။

တကယ်တော့ ကျနော့်ကိုဖမ်းပြီးထောင်ထဲက ထုတ်စစ်တဲ့အခါမှာ(ဖမ်းကာစကပေါ့လေ) ကျနော့်ကို ကျုံးအနောက်ဖက်က MI ရုံးမှာ တညလုံး ရိုက်တယ်။ ဒါကို ရှေ့မှာ ကျနော်မပြောခဲ့ဘူး။ ကိုယ့်အကြောင်းကိုယ်မို့လို့ သိပ်မပြောချင်တာ။ ခုမှ ကျနော် ပြောတဲ့အကြောင်းက ကျနော့်အတွေးအခေါ်ကို ပုံသွန်းလောင်းပေးသလိုဖြစ်တဲ့ ဒီကိစ္စတွေကို တဆက်တည်း သိစေချင်လို့ပဲ။ လူတယောက်အနေနဲ့ တော်လှန်ရေးသမားတယောက် ဖြစ်လာတယ်ဆိုတာဟာ သာမန်စာအုပ်ဖတ်ပြီး ဖြစ်လာတာတင်မကဘူး။ နာစရာ ကျည်းစရာတွေ အများကြီးဖြစ်လာတဲ့အခါမှာ ပိုပြီးတော့ စွဲမြဲတယ်ဆိုတာ ကျနော်ပြောပြချင်လို့ပါ။

အဲဒီလိုနဲ့ တနေ့လည်းကျတော့ ထောင်အာဏာပိုင်တွေက ဦးတင်ညွန့်ကို လာခေါ်သွားတယ်။ စောင်အုပ်ပြီး ခေါ်သွားတာ။ ဘာမှလည်း မပြောဘူး။ သူ့ပစ္စည်းတွေ ဘာတွေလည်း ယူမသွားဘူး။ ကျနော်တယောက်တည်းပဲ ကျန်နေခဲ့တာ။ သူ့ကို လွှတ် လိုက်တာလား။ အခန်းပြောင်းလိုက်တာလား။ ဘာလုပ်တာလဲ စဉ်းစားနေတယ်။ ပစ္စည်းတွေဘာတွေလည်း မယူခိုင်းတော့ လွှတ်တာတို့၊ အခန်းပြောင်းတာတို့ ဟုတ်ချင်မှဟုတ် မယ်လို့လည်း စဉ်းစားနေတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လူတချို့ကို လွှတ်နေပြီ။ လွှတ်တဲ့အထဲမှာ ကျွန်းပြန်တွေလည်း ပါနေတယ်။

ကျနော်တို့နေတဲ့တိုက်ရဲ့ နောက်ကျောမှာ “ရင်ကွဲတိုက်” လို့ခေါ်တဲ့ ၆ တိုက်ရှိတယ်။ အဲဒီမှာက သာမန်အကျဉ်းသမားတွေကို ထားတာ။ (အဲဒီအချိန်တုန်းကပေါ့လေ။) ညဘက်ဆိုလို့ရှိရင် အဲဒီဘက်က သတင်းစာဖတ်သံတွေကို ကြားရတယ်။ တခါတလေပေါ့ လေ။ ကြားရတဲ့အချိန်မှာ သတင်းစာထဲမှာပါတဲ့ ထောင်ကလွတ်တဲ့သတင်းတွေကို အကျယ်ကြီးအော်ဖတ်ပြတာ ကြားရတယ်။ ဒါ တမင် ကျနော်တို့ကြားအောင် လုပ်နေတယ် လို့ ထင်တယ်။ ကျနော်တို့ကို စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေတာပဲ။ “ဘယ်သူတွေတော့ လွတ်ပြီဘယ်သူတွေတော့ လွတ်ပြီ” ဆိုတာကို တမင်ဖတ်ပြနေတာ။

အဲဒီလိုနဲ့ ကျနော် ဦးတင်ညွန့်ရဲ့ ကံကြမ္မာကို တွေးနေတုန်း ၂ နာရီ လောက် ကြာတဲ့အခါကျတော့ သူ့ကို ပြန်ခေါ်လာတယ်။ စောင်အုပ်ပြီး ပြန်ခေါ်လာတာ။ အခန်းထဲ သွင်းပြီး စောင်အုပ်ကို ဖယ်၊ တံခါးကို ဂျိန်းကနဲ ပိတ်၊ ဝါဒါတွေ ပြန်သွားတော့ သူက တံတွေးကို မြိုချပြီး “အမယ်လေး... ကိုဖိုးသံရေ” လို့ စပြောတယ်။ ဟာ... သူတော့ ဘာ ပြောမလို့လဲ၊ ကျနော်က သူ့မျက်နှာကို ကြည့်ရင်း မှန်းကြည့်နေတယ်။ သူက အင်မတန် ကို ထူးဆန်းတာတခုကို တွေ့ခဲ့တဲ့ပုံပဲ။ “ဟာ…. ဘယ်လိုမှကို မထင်တဲ့ကိစ္စမျိုးမျို” လို့ပြောတာပဲ။ ဖြစ်ပုံကဒီလို.. သူ့ကို ပဲခူးရိုးမက လက်နက်ချလာတဲ့၊ ထောက်လှမ်းရေးနဲ့ အတူတွဲလုပ်နေတဲ့ ဦးမြ၊ ရဲဘော်တင်ရှိန်၊ ရဲဘော်ဘခက်ဆိုတဲ့ လူတွေနဲ့ ထောက်လှမ်း ရေးက တွေ့ပေးတာ။ ထောက်လှမ်းရေးက ဗိုလ်မှူးတယောက်ဆိုတာလည်း ပါတယ်။ သူတို့ သိဖူးတဲ့သူတွေအချင်းချင်းမို့လို့ နားချတဲ့သဘောပေါ့လေ။ ဗကပ အကြောင်း၊ သူ့တို့ ကိုယ်တွေ့ဆိုတဲ့အကြောင်း မကောင်းတာတွေ လျှောက်ပြောတာပဲ။

ပြီးတော့မှ ဦးတင်ညွန့်ရဲ့တုန့်ပြန်မှုကို အဲဒီထောက်လှမ်းရေး ဗိုလ်မှူးက စောင့်ကြည့်အကဲခတ်၊ သူတို့ချင်း ပြန်ညှိကြတဲ့ပုံစံပဲ။ ဦးတင်ညွန့် အပြောအရဆိုရင် တခြားသူ တွေကို ခေါ်တွေ့ဦးမယ့် သဘော ရှိတယ်။ တချို့ကိုလည်း ခေါ်တွေ့ပြီးပြီ။ ထပ်လည်း တွေ့ဦး မယ်။ နောက်ပြီး ကျနော့်ကိုလည်း ခေါ်တွေ့မယ်ထင်တယ်လို့ သူက ကျနော့်ကို ပြော တယ်။

ဦးတင်ညွန့်ကို သူတို့ခေါ်တွေ့ပြီးတဲ့နောက်တနေ့ နေ့လယ်မှာပဲ ကျနော့်ကို လည်း ခေါ်တွေ့တယ်။ ထောင်ထဲကလို့ပဲ ထင်ရတဲ့ ရုံးခန်းတခန်းဆီကို စောင်အုပ်ပြီး ခေါ် သွားတာပေါ့။ အခန်းလေးက တခန်းတည်းပါ။ တထပ်အဆောက်အဦလေးထဲက အခန်း လေးတခန်းလို့ ကျနော်ထင်တယ်။ အထဲရောက်တော့ အတွင်းဘက်ရှိတဲ့ အခန်းတခန်းထဲ ကို တွန်းပို့လိုက်တယ်။ အဲဒီမှာ စားပွဲတလုံး ချထားတယ်။ စားပွဲက လေးထောင့်ရှည်ရှည်။ စားပွဲထိပ်မှာက ထောက်လှမ်းရေးက ဗိုလ်မှူးတယောက် ထိုင်နေတယ်။ (သူ့နာမည်က ဗိုလ်မှူးစိုးမြင့်လို့ နောက်မှ သူ့ကိုယ်သူ ပြောပြလို့သိရတယ်။)

တံခါးပေါက်နဲ့မျက်နှာချင်းဆိုင် အတွင်းဘက်မှာက “သခင်သန်းထွန်း နောက်ဆုံးနေ့များ” စတဲ့ ထောက်လှမ်းရေးရဲ့ ဝါဒဖြန့်စာအုပ်တွေကို နာမည်ခံ ရေးထုတ်နေတဲ့ မြရာပင်စာပေဆိုတာက (သူတို့ခေါ်တဲ့) ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော်တင်ရှိန်ဆိုတဲ့ လူ ၃ ယောက် ထိုင်နေကြတယ်။ ကျွန်းကတည်းက ကျနော်တို့ အင်မတန်မုန်းတဲ့သူတွေ ပေါ့။ သူတို့နဲ့မျက်နှာချင်းဆိုင်မှာ ကျနော်တယောက်တည်း ကုလားထိုင်တလုံးမှာ ထိုင်ရတယ်။

ထောက်လှမ်းရေးဗိုလ်မှူးက သူ့ကိုယ်သူ ဘယ်သူဆိုတာ ပြောပြတယ်။ ပြီး တော့ မျက်နှာချင်းဆိုင်က ရှိတဲ့သူတွေနဲ့ မိတ်ဆက်ပေးတယ်။ သူတို့ ကျနော့်ကို စီးကရက် တည်တယ်။ ကျနော်က (နဂိုကတည်းက ဆေးလိပ်မသောက်တဲ့သူဆိုတော့) ငြင်းလိုက် တယ်။ အဲတော့ သူက အင်မတန်အေးဆေးတဲ့လေသံနဲ့ “ခင်ဗျားတို့က ထောင်ထဲမှာ နေတာ ကြာသွားတော့ကာ အပြင်မှာကိစ္စတွေ ဘာမှမသိဘူး။ အထူးသဖြင့် ဗကပ ဗဟိုမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားက မသိဘူး။ ဟောဒီ ခင်ဗျားရှေ့က ထိုင်နေတဲ့ လူ ၃ ယောက်ကတော့ အဲဒီကလာတဲ့ လူတွေပဲ။ သူတို့က အသိဆုံးပဲ။ သူတို့ထက် ပိုသိတဲ့သူ မရှိဘူး။ အဲတော့ သူတို့ပြောပြတဲ့ဟာတွေကို ခင်ဗျား နား ထောင်ကြည့်စမ်းပါဗျာ။ ခင်ဗျားရေးထားတဲ့ဟာတွေကိုလည်း ကျနော်တို့ ဖတ်ရပါ တယ်။ အဲတော့ ထင်ထားတဲ့ဟာတွေနဲ့ တူလားမတူလားဆိုတာ သူတို့ပြောတာကို ခင်ဗျား နားထောင်ကြည့်စမ်းပါ” အဲဒီလိုပြောတယ်။ (သူညွန်းတာ ကျနော်တို့ကို စာမေးပွဲစစ်တုန်းက ကျနော်ရေးခဲ့တဲ့ဟာတွေကို ညွှန်းတာ။) သူက အဲလိုပြောလိုက်တော့ ကျနော်က “ဗိုလ်မှူးနဲ့ကတော့ ထောင်အာဏာပိုင်ဆိုတော့ ကျနော်က ပြောစရာရှိတာ ပြောရမှာပေါ့။ ဒါပေမယ့် ဒီလူ ၃ ယောက်ကတော့ သစ္စာဖောက်တွေပဲ။ လက်နက်ချတွေပဲ။ ကျနော့်မှာ သူတို့နဲ့ပြောစရာ ဘာစကားမှမရှိဘူး” လို့ ကျနော် ပြောလိုက် တယ်။ ဒါဟာ ဦးတင်ညွန့် ပြောပြတာကို ကျနော်ကြားပြီးကတည်းက စဉ်းစားထားတဲ့ စကားတွေ။

အိုး... အဲဒီအချိန်မှာ ဗိုလ်မှူးစိုးမြင့်ဆိုတဲ့သူက အကြီးအကျယ်ဒေါပွသွားတယ် ဗျို့။ မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ ဣန္ဒြေကို မဆည်နိုင်ဘူး။ စကားပြောတော့ လည်း အစကတော့ “ခင်ဗျားနဲ့ကျနော်” ကနေ ချက်ချင်း“မင်းနဲ့ ငါ’ ဖြစ်သွားတယ်။ ဟို ၃ ယောက်ကတော့ မှင်သိပ်မပျက်ဘူး။ သူတို့ ၃ ယောက်က ဒီလိုဘက်မှာ ဗိုလ်မှူးစိုးမြင့် ထက်ပိုပြီး ဝါရင့်တာ သေချာတယ်။

ဒါပေမယ့် .. ဘယ်လိုပဲပြောပြော သူတို့နဂိုက စဉ်းစားထားတဲ့ ကျနော့်ကို ကျနော့်အစ်ကိုကိစ္စပြောပြပြီးတော့ မိချောင်းမျက်ရည်ကျပြမယ်ဆိုတဲ့ အစီအစဉ် ပျက် သွားတယ်။ နောက်ဆုံး သူတို့အချင်းချင်းပဲ စကားပြောကြတယ်။.တိုးတိုး ... တိုးတိုးနဲ့ “အင်း… ရုပ်ကတော့ သူ့အစ်ကိုနဲ့ ဆင်သားပဲ” ဒီလောက်ပဲပြောတယ်။ အခြားတော့ သူတို့ ဘာမှမပြောကြတော့ဘူး။ တခါတည်း နှုတ်ပိတ်သွားတယ်။ ကျနော် ထိပ်ကနေ ပိတ်ပြောလိုက်လို့။

ဗိုလ်မှူးစိုးမြင့်ဆိုတဲ့လူကတော့ ပြောရင်းပြောရင်း ဒေါသထွက်ထွက်လာတယ်။ ထိန်းလို့မရဘူး။ သူကပြောလည်း ကျနော်ကတော့ ဘာမှမပြောပါဘူး။ နားထောင်နေ တာပဲ။ ပြောရင်းပြောရင်းနဲ့ နောက်ကျတော့ စိန်ခေါ်တဲ့သဘောတွေ၊ ပြိုင်တဲ့သဘောတွေ ပါလာတယ်။ တခါကျတော့ သူက “မင်းက ဘာမှမသိဘဲ ပြောနေတာ။ မင်းတို့ ဗဟိုရှိတဲ့ ရိုးမကိုသွားရင် မင်းလည်းသေမှာ။ မင်း သွားရဲသလား။ သွားမယ်ဆို ငါ အခုထုတ်သွားပြီး မင်းကို ငါတို့ကိုယ်တိုင် လိုက်ပို့ပေးမယ်” လို့ ပြောတယ်။ ဟာ... ဒီအထိပြောလာတာတော့ လွန်လာပြီလို့ ကျနော်စဉ်းစားမိတယ်။ (ဒါပေမယ့် သူတို့ ပြောတဲ့အတိုင်း လိုက်သွားရင်လည်း လမ်းမှာ သတ်ပစ်လိုက်မှာ သေချာတယ်။) အဲတော့ ကျနော်က ခပ်အေးအေးပဲ “ဒါဖြင့်လည်း ခင်ဗျားတို့ လွှတ်ကြည့်ပါလား။ လိုက်ပို့ဖို့ မလိုပါဘူး” လို့ တခွန်းပဲ ပြန်ပြောလိုက်တယ်။

အဲတော့ သူ ဘာမှဆက်မပြောတော့ဘူး။ နှုတ်ပိတ်သွားတယ်။ အဲလို လွှတ်ပေးမယ်လို့လည်း သူ အာမခံလို့မရဘူးလေ။ ဒါပေမယ့် အကြီးအကျယ်ကို မျက်နှာပျက် သွားတယ်။ နောက်ဆုံးကျတော့ ပြောစရာကို မရှိလောက်အောင် နှစ်ဖက် ဖြစ်သွားကြ တယ်။ နောင်… ကျနော် ထောင်က လွတ်လာတဲ့အခါကျတော့ ထောက်လှမ်းရေးကရော၊ ခုနက မြရာပင်အဖွဲ့က လူတွေကပါ ကျနော့်ဆွေမျိုးတွေ၊ ကျနော်တို့နဲ့ သိတဲ့သူတွေကို ကြုံတိုင်းကြုံတိုင်း ကျနော်က “သိပ်ခေါင်းမာတာပဲ” လို့ လျှောက်လျှောက်ပြောကြတယ်။ အဓိပ္ပါယ်က မလွတ်တာလည်း မဆန်းဘူးလို့ ဆိုချင်သလား မသိပါဘူး။

ဒီလိုနဲ့ပဲ ကျနော်တို့စကားဝိုင်းက အရည်ရရ အဖတ်ရရ ဘာမှမရှိဘဲနဲ့ ကျနော့် ကို တိုက်ခန်းထဲပြန်ပို့လိုက်တယ်။ တိုက်ခန်းထဲပြန်ရောက်တော့ အင်မတန် စိုးရိမ်တကြီးနဲ့ စောင့်နေတဲ့ ဦးတင်ညွန့်ကို တွေ့ရတယ်။ တပ်ထားတဲ့ မျက်မှန်ကြားထဲက မျက်လုံးလေး တွေ ဝိုင်းလို့ ကျနော့်ကိုမျှော်နေတာ။ ပြီးတော့ ကျနော်တို့နှစ်ယောက်သား အဲဒီအ ကြောင်းတွေ ပြန်ပြီးပြောကြ၊ စားမြုံ့ပြန်ကြတာပေါ့။

နောက် ဘာမှ မကြာဘူး။ ရက်ပိုင်းအတွင်းပဲဖြစ်မယ်။ ကျနော်တို့ နှစ်ယောက် ကို အင်းစိန်တွဲဖက်ထောင်ကို ပို့လိုက်တယ်။ တွဲဖက်ထောင် အဆောင် ၁ မှာ ကျနော်တို့ နေရတယ်။ (ကျနော်တို့ ကျွန်းမသွားခင်တုန်းကတော့ အဆောင် ၂ မှာ) အဲဒီတုန်းက အင်းစိန် တွဲဖက်ထောင်ကြီးတခုလုံးမှာ လူက နည်းနည်းလေးပဲရှိတယ်။ လွှတ်ကုန်ပြီကိုး။ အခုက လက်ကျန်လေးပဲ ကျန်တော့တာ။ အဲတော့ ထောင်ကြီးတခုလုံး ထားတဲ့သူတွေက ချောင်နေတယ်။ အဆောင်အားလုံးပေါင်း ၆ ခုလား၊ ၇ ခုလားရှိတာ။ အဲ... လူက ၁ဝ ယောက်လောက်ပဲ ရှိတယ်ထင်တယ်။ နောက် အားလုံးကလည်း ကျွန်းက ပြန်လာကြတဲ့ သူတွေချည်းပဲ။ ကျနော် မှတ်မိသလောက် ကျနော်နဲ့အတူနေရတာက ခုနက ဦးတင်ညွန့်၊ လူထုကိုစိန်ဝင်း၊ (မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီ ဖြစ်လာတဲ့) ပြည်သူ့ရဲဘော် က ခေါင်းဆောင် ဗိုလ်မျိုးထွဋ်၊ နောက်ပြီးကတော့ ဗိုလ်ဟိန္ဒက၊ ဗမာပြည်ကွန်မြူနစ်ပါတီ ကို အကူအညီပေးလို့ အဖမ်းခံရတဲ့ ဦးချစ်ဆွေ။ အဲဒီလူတွေလောက်ပဲ ရှိတယ်။ ဒါ ကျနော်နဲ့ အတူနေရတဲ့အဆောင်။

ကျနော်တို့ ခြေရင်းအဆောင်မှာက ကျွန်းပြန် ဗကသ က ရဲဘော်တွေ။ တယောက်က မင်းလှက ကိုထွန်းကြည်၊ ပဲခူးဘုရားကြီးဘက်က ကိုလှရွှေ၊ သူတို့ အဆောင်နဲ့ ကျနော့်အဆောင်နဲ့ဆိုလို့ရှိရင် မီတာ ၅၀ လောက်ပဲ ဝေးမယ်ထင်တယ်။. ဟို ဘက် ခပ်လှမ်းလှမ်းမှာဆိုရင် မီတာ ၇၀/၈၀ လောက်မှာက နီအောင်မေသု။ သူက တယောက်တည်း။ သူနဲ့တော့ တယောက်နဲ့တယောက် လက်ပြနှုတ်ဆက်လို့ရတယ်။ ကျနော်တို့ မမြင်ရတဲ့အဆောင်မှာ ကိုဉာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်း ရှိသလိုလို ကြားတယ်။ သေတော့ မသေချာဘူး။ အဲဒါပဲ။ အဲဒီထောင်ကြီးတခုလုံးမှာ။ အရင်တုန်းကတော့ အဲဒီ ထောင်ထဲမှာ သူတို့ အာဏာသိမ်းခါစက လူမျိုးစုခေါင်းဆောင်တွေ အများကြီးထားတာ ပေါ့။ စပ်ရွှေသိုက်တို့ ဘယ်သူတို့ ထားတာ အဲဒီမှာပဲ။

အဲဒီ... တွဲဖက်ထောင်မှာ ထောင်သက်တမ်းအရင့်ဆုံးက လူထုကိုစိန်ဝင်းလို့ ပြောရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက သူ့ကျန်းမာရေး ဆိုးတာနဲ့ ကိုကိုးကျွန်းကနေ အစောကြီးပြန်ပို့လိုက်ရတာ။ ပြန်ပို့လိုက်ကတည်းက တလျှောက်လုံး သူက အဲဒီတွဲဖက်ထောင်မှာပဲနေတာ။ အဲဒီမှာ အားလုံး အကြောင်းသိတွေ၊ ကိုယ့်အချင်းချင်းတွေ ဆိုတော့ နေရထိုင်ရတာ စိတ်ချမ်းသာတယ်။ သူတို့ကလည်း လွှတ်ရတော့မှာဆိုတော့ ကျနော်တို့အပေါ် သိပ်ပြီးတင်းတင်းကျပ်ကျပ် မကိုင်တော့ဘူး။ လူကလည်း နည်းတော့ လွှတ်ထားလိုက်တာပဲ။ အဆောင်ဝင်းကြီးထဲမှာ လွတ်လွတ်လပ်လပ် နေရတယ်။

ကျနော်တို့နေတဲ့ အဆောင်ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ်ပဲ နေရတယ်။ သရက်ပင်တွေ ရှိတယ်။ သူတို့က ထမင်းကျွေးတဲ့အခါ တံခါးပိတ်တဲ့အခါကျမှ ရောက်လာ တာပဲ။ နို့မို့လို့ရှိရင် လာလည်းမလာဘူး။ ဘာမှမပြောဘူး။ ကျနော်တို့ ကျန်းမာရေးလေ့ ကျင့်ခန်းလုပ်၊ ကျားထိုးဒါပဲ။ ဖတ်စရာ စာအုပ်ကတော့ များများစားစား ဘာမှမရှိဘူး။ အဲ့ဒီမှာ ကျနော် ၄/၅ လလောက် နေရတယ်။ နေရပြီးတဲ့နောက် တနေ့မှာ...

တနေ့ဆိုတာက ၁၉၇၂ ခုနှစ်၊ မေလ(၄)ရက်ထင်တယ်။ မနက် ၁၀ နာရီမှာ ကျနော့်ကို လာခေါ်တယ်။ လာခေါ်ကတည်းက လွတ်မယ်ဆိုတာ ဗြောင်ပြောခေါ်တာပဲ။ အဲတော့ ကျန်တဲ့သူတွေကို နှုတ်ဆက်ရတာပေါ့။ သူတို့လည်း မှာစရာရှိတာ မှာကြပေါ့။ ခေါင်းပေါ်စောင်အုပ်တာတော့ မရှိတော့ဘူး။ ကျနော်လည်း ကျနော့်ရှိသမျှပစ္စည်းလေး ထုပ်ပိုးပြီး လိုက်သွားတယ်။ ကျွန်းက ပြန်ပါလာတဲ့ စာအုပ်တွေဘာတွေလည်း မရှိတော့ဘူး။ ထောင်အဝင်ကတည်းက သိမ်းထားတာ၊ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ နည်းတဲ့စာအုပ်တွေ မဟုတ်ဘူး။ စာအုပ်ကောင်းတွေ။

ကျနော့်ကို ခေါ်သွားတော့ ထောင်ဗူးဝက ရုံးခန်းထဲမှာ ခေါ်သွားတယ်။ အဲဒီမှာ ကျနော့်ကိုလာကြိုတဲ့ ကျနော့်အဖေရယ်၊ ကျနော့်အမေရယ်၊ ကျနော့်အမေရဲ့မောင် (ကျနော့်ဦးလေး) ဒေါက်တာခင်မောင်အေး၊ ရန်ကုန်မှာ အဖေတို့အမေတို့ တည်းတဲ့(ကျနော် တို့နဲ့ ဆွေရင်းမျိုးရင်းလိုဖြစ်နေတဲ့) ဦးထွန်းမြတ်လမ်းက ဦးလေးဦးအေးကြည်။ သူတို့ စောင့်နေတာ တွေ့ရတယ်။ ကျနော့်ကိုမြင်တော့ အမေနဲ့ ဦးအေးကြည်က မျက်ရည်ကျ တယ်။ အဖေက ဣန္ဒြေရရပဲ။ ပြုံးနေတယ်။ ကျနော့်ဦးလေး ဒေါက်တာခင်မောင်အေးက လည်း ပြုံးနေတယ်။ ဒါပေမယ့် ဦလေးမျက်လုံးထဲမှာ မျက်ရည်စတွေ မြင်နေရတယ်။

ထောင်အပြင်ရောက်တယ်ဆိုတာနဲ့ပဲ ကျနော်တို့ကားကိုမောင်းလာတဲ့ ကျနော့် ဦးလေးက “ဖိုးသံရေ... မင်းဘာစားချင်လဲ”လို့ ကြင်ကြင်နာနာနဲ့ မေးတယ်။ သူလည်း ထောင်နှစ်ခါ ကျဖူးတာဆိုတော့ သိပ်ကိုယ်ချင်းစာတာပေါ့။ ဒါပေမယ့် ကျနော့်ခေါင်းထဲမှာ စားချင်တာလည်း မရှိဘူး။ ရှုပ်ထွေးနေတယ်။ အပြင်မှာက အရောင်အသွေးတွေက သိပ် တောက်ပနေတယ်။ အဲဒီခေတ်က ဖော့ခရစ်ခေတ်ကိုး။ ကျနော်တို့ တလျှောက်လုံး မြင် ခဲ့ရတာက အရောင်အသွေး မွဲခြောက်နေတဲ့အဝတ်အစားတွေနဲ့လူတွေ၊ မဲမဲခြောက်ခြောက်၊ ဆံပင်ရှည်ရှည်၊ ညှင်းသိုးသိုး လူတွေချည်း မြင်တွေ့ခဲ့ရတာ။ ခုတော့ အကုန်လုံး တောက်ပြောင်နေပြီးတော့ နေရောင်ကလည်း လွန်လွန်ကျူးကျူးကို လင်းနေသလား အောက်မေ့ရတယ်။ နောက် အင်းစိန်ဈေးကလည်း လူတွေများလွန်းတယ်လို့ ထင်နေမိ တယ်။

အဲဒီညကျတော့ ကျနော်အိပ်တဲ့ အိပ်ယာဘေးမှာ ကျနော့်အမေက လာပြီး စကားပြောတာနဲ့ ကျနော် တညလုံးနီးပါး ကျွန်းကအကြောင်းတွေ အမေ့ကို ပြောပြနေမိတယ်။ ကိုစွမ်းရည်ရဲ့ “အမေ့ခေါ်သံ” ကဗျာထဲကလိုပဲ ထင်တယ်။

တကယ်က ကျနော် ထောင်ထဲကို ရောက်သွားတုန်းက ကျောင်းသားအသိ၊ ကျောင်းသားအသွင်နဲ့ ဝင်သွားတဲ့ ကျောင်းသားတယောက်ပဲ။ ဒါပေမယ့် ထောင်က ထွက်လာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်  ကွန်မြူနစ်တယောက်၊ တော်လှန်ရေးသမား တယောက်လို့ သတ်မှတ်ထားလိုက်ပြီ။

ကျနော့်ခေါင်းပေါ်မှာ တာဝန်တွေအများကြီး ပါလာတယ်လို့ ခံစားမိတယ်။

(”သန္နိဋ္ဌာန်” အပိုင်း ပြီးပါပြီ။ နောက်ပို့စ်မှာ စာအုပ် အဆုံးသတ်ပါမယ်။ ပီဒီအက်ဖ်စာမျက်နှာ ၁၂၀-၁၄၂)

စာရိုက် - ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်