ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၄) 🖋 ရဲဘော်ဖိုးသံချောင်း




ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၄)

ရဲဘော်ဖိုးသံချောင်း

(◾ တော်လှန်ရေးသမား
▪ အကြီးအကျယ် စေ့စပ်ချင်နေတဲ့အခါကျတော့)

ထောင်အာဏာပိုင်တွေဟာ ခုနကဖမ်းထားတဲ့ ရဲဘော်အုန်းမော်နဲ့ ရဲဘော်မောင်မောင်စိုး ကို ပြန်လွှတ်ပေးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော်တို့ထဲမှာက တိုက်ပွဲအတွက် ဆုံးဖြတ်ချက်က ကျသွားပြီ။ ဆုံးဖြတ်ပြီးတယ်လို့ သိတာနဲ့ တပြိုင်နက် ကျနော်တို့ထဲက ရဲဘော်တွေ အတော်များများဟာ ခေါင်းဆောင်တွေဖြစ်တဲ့ လေထီးဗိုလ်အုန်းမောင်တို့၊ ဆရာရာဂျန်တို့ဆီကို သွားပြီး ကျနော်တို့လည်း တိုက်ပွဲထဲ ပါပါရစေလို့ အလျှိုလျှို သွားပြီး တင်ပြကြတယ်။ ဒီလိုနဲ့ ၁၉၇၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ကိုကိုးကျွန်းရဲ့ အခြေခံအကျဆုံး ကိုယ်ထူကိုယ်ထ ပေါ်လစီကို ဆန့်ကျင်တိုက်နိုက်တဲ့ ၅၃ ရက် အစာ ငတ်ခံတိုက်ပွဲကြီးကို စတင်ခဲ့ကြတယ်။

▪ ဧည့်သည်တွေ ရောက်လာ

အဲဒီ ဇွန်လ ၉ ရက်နေ့ကစခဲ့တဲ့ တိုက်ပွဲဟာ ဇူလိုင်လ ၃၁ ရက်နေ့ ကျမှပြီး တော့ ဒီတိုက်ပွဲဟာ ”၅၃ ရက်တိုက်ပွဲ” လို့ နာမည်တွင်ခဲ့တယ်။ ဒီတိုက်ပွဲဟာ အခြား တိုက်ပွဲတွေနဲ့ မတူတဲ့အချက်တွေ ရှိတယ်။ အဲဒါဘာလဲဆိုတော့ အခြေခံအကျဆုံးပေါ်လစီ ကို တိုက်တာ။ ဒီကျွန်းမှာ ကိုယ်ထူကိုယ်ထသာ အလုပ်မခိုင်းဘူးဆိုလို့ရှိရင် ဒီကျွန်းကို ထားစရာ အကြောင်းကိုမရှိဘူး။ ပိုက်ဆံလည်းကုန်၊ စရိတ်လည်းကုန်၊ နာမည်လည်း ပျက်တဲ့အလုပ်။ ဒီကိုယ်ထူကိုယ်ထသာ မရှိဘူးဆိုရင် ဘာမှကို အဓိပ္ပါယ်မရှိတော့ဘူး။ သိပ်အခြေခံကျတဲ့ ပေါ်လစီဖြစ်တယ်။ အဲဒါ အခြေခံကျတဲ့ ပေါ်လစီဖြစ်တဲ့အတွက် အုပ်စိုးသူတွေ အာဏာပိုင်တွေကလည်း ဒါကို အသေအလဲ ကာကွယ်မယ်ဆိုတာ ကျနော်တို့ သိထားတယ်။ ကျနော်တို့ အဲလိုပဲ နားလည်ပြီးသား။ နောက် ပြည်မနဲ့၊ ကမ္ဘာနဲ့ ကျနော် တို့နဲ့ အဆက်အသွယ်ပြတ်နေတယ်။ နောက်တခုက ကျနော်တို့စခန်းအတွင်းမှာ ညီညွတ်ရေးတွေ သိပ်မကောင်းဘူး။ အဖွဲ့အစည်းတခုနဲ့တခုအကြားမှာလည်း နည်းနည်းလေးတွေ ရှိတယ်။ ခုနကပြောတဲ့ ကိစ္စမျိုးပေါ့။ အဖွဲ့အစည်း တခုစီအတွင်းမှာလည်း ပြဿနာလေးတွေ ရှိကြတယ်။

ဒါ့အပြင် စောစောကပြောခဲ့တဲ့ အလံနီတွေရဲ့ မအောင်မြင်တဲ့တိုက်ပွဲ။ အဲဒီကိစ္စတွေက ရန်သူ့ဘက်ကို အသာစီးရစေပြီးတော့ အခက်အခဲကြီးစေတယ်။ ဒါတွေ ကျနော်တို့အားလုံး တွက်မိတယ်။ ဒါကြောင့်မို့လို့ ဒီတိုက်ပွဲဟာ အခက်အခဲကြီးမယ်၊ စွန့်လွှတ်မှု တွေ ပေးရလိမ့်မယ်လို့ နဂိုကတည်းက ဆုံးဖြတ်ထားခဲ့တာ။

ဒီလိုနဲ့ တကယ်တိုက်ပွဲဝင်တဲ့အခါကျတော့ ကျနော်တို့ ရိက္ခာရုံ တရုံတည်းကပဲ တိုက်ပွဲဝင်တယ်။ ကျန်တဲ့အဖွဲ့အစည်းတွေက ထောက်ခံတယ်ဆိုတာပဲရတယ်။ တကယ် တမ်းကျတော့ အဆုံးအဖြတ်အခန်းက ဝင်မတိုက်ပါဘူး။ ကျားနဲ ဆင် လယ်ပြင်မှာ တွေ့ တဲ့သဘောပဲ။ စီးချင်းထိုးကြတဲ့သဘောပဲ။ ကျန်တဲ့ဟာတွေက ရှဲသွားတာပဲ။ ဒါပေမယ့် ဘာပဲပြောပြော သူတို့တတွေ.ဒီတိုက်ပွဲကို ထောက်ခံတဲ့အနေနဲ့ ကြွေးကြော်သံ တိုင်တယ်။ ထောင်ထဲက ထောင်အပြင်ကို မထွက်ပဲနေတယ်။ စည်းကမ်းတကျ သေသေဝပ်ဝပ် နေကြတယ်။ အဲဒါအတွက် ကျနော်တို့က ကျေးဇူးတင်ပါတယ်။

အဲဒီတော့ တိုက်ပွဲတိုက်လိုက်တယ်။ စလိုက်တယ်ဆိုတာနဲ့တပြိုင်နက် ကျနော်တို့အထဲမှာရှိတဲ့ အယူအဆကွဲလွဲတဲ့ဟာတွေလည်း စဲသွားတယ်။ ဒါက ဘာကိုဖော်ပြသလဲဆိုလို့ရှိရင် ကျနော်တို့ချင်း ဖြစ်နေတဲ့ပြဿနာဟာ တိုက်ပွဲတိုက်ရေးအပေါ်မှာ၊ ရန်သူ အပေါ်မှာထားတဲ့ ပြဿနာနဲ့ မဆိုင်ဘူးဆိုတာ ရှင်းသွားတယ်။ ဒါဟာ နောင်မှာ ကျနော်တို့ ဆက်လုပ်ကြမယ့်၊ ကျနော်တို့အချင်းချင်း မြေအောက်အဖွဲ့အစည်းတွေ ပြန်ပြီးတည်ဆောက်ကြမယ့်အတွက် အခြေခံအယူအဆ ပြန်ဖြစ်လာခဲ့တယ်။ ရန်သူအပေါ်မှာ ဘယ်လိုသဘောထားမလဲ၊ ရန်သူကို ဆန့်ကျင်ရေးတိုက်ပွဲတွေအပေါ်မှာ ဘယ်လို သဘောထားမလဲ။ အဲဒါအပေါ်မှာဆိုရင် ကျနော်တို့ ဘယ်သူနဲ့မဆို လက်တွဲလုပ်တယ်ဆိုတာ ဖြစ်လာတယ်။

ဒီတိုက်ပွဲဟာ စံပဲ။ ဓာတုဗေဒက လစ်တမတ်စက္ကူနဲ့ စမ်းသပ်သလိုပဲ၊ ဒီတိုက်ပွဲနဲ့ စမ်းသပ်တာပဲ။ အဲဒီတော့ ထောင်ထဲမှာ အသေခံ၊ အစာငတ်ခံတိုက်တယ်ဆိုတာ ထောင်တိုက်ပွဲထဲမှာ အမြင့်ဆုံးသဏ္ဌာန်ပဲ။ ဒါ တရားဥပဒေဘောင်ထဲက တိုက်တာ။ ထောင်တိုက်ပွဲတွေထဲမှာ တခြား အန္တရာယ်ရှိတဲ့ တိုက်ပွဲသဏ္ဌာန်တွေ ရှိတာပေါ့။ ဥပမာ ထောင်တွင်းပုန်ကန်မှုလို ဟာမျိုးပေါ့လေ။ ဒါကကျတော့ တည်ဆဲဥပဒေနဲ့ နည်းနည်း ပြဿနာရှိတယ်။ အစာငတ်ခံတိုက်ပွဲကတော့ တည်ဆဲဥပဒေနဲ့ ဘယ်လိုမှလုပ်လို့မရဘူး။ ဒါပေမယ့် အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ ဒါဟာ အမျိုးမျိုး၊ အဘက်ဘက်က စဉ်းစား တွေးဆပြီးတော့မှ ဆုံးဖြတ်ရတဲ့ ကိစ္စမျိုးဖြစ်တယ်။

ဗမာပြည်မှာ အစာငတ်ခံတိုက်ပွဲဝင်တယ်ဆိုတာက အနောက်တိုင်းကဟာတွေနဲ့ မတူဘူး။ ကျနော်တို့ ဘာဆိုဘာမှ မစားတာ။ ရေကလွဲပြီး ဘာမှ ဗိုက်ထဲကို မသွင်း ဘူး။ ဆားတောင် ကျနော်တို့ မသွင်းဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က အစာငတ်ခံတယ် ဆိုရင် အမြဲတမ်း ဆရာဝန်ခေါ်ပြီး လာစစ်ခိုင်းနေတာ။ ကျုပ်တို့ ဘာမှမစားဘူးဆိုတာ ဖော်ပြတယ်။ ဒါကြောင့်မို့လို့ ထောင်ထဲမှာ အစာငတ်ခံတိုက်ပွဲ ဖော်ထုတ်မယ်ဆိုရင် အဘက်ဘက် ချင့်ချိန်ပြီးမှ ဆုံးဖြတ်တယ်။ တခြားတိုက်ပွဲသဏ္ဌာန်တွေ စမ်းကြည့်၊ လုပ်လို့မရတော့မှ ဒါ နောက်ဆုံးအနေနဲ့ သုံးတာဖြစ်တယ်။ စပြီဆိုရင်လည်း ဆုတ်လို့မရဘူး။ အသေခံဖို့ စိတ်ပိုင်းဖြတ်မှု တကယ်မရှိရင် ဒီလိုတိုက်ပွဲမျိုး ဆင်နွှဲလို့မရဘူး။ အဲ... ၃ ရက် အစာငတ်ခံ၊ ၅ ရက် အစာငတ်ခံ စသဖြင့် စတိအစာငတ်ခံတဲ့ တိုက်ပွဲတွေတော့ တိုက်လို့ရတာပေါ့။ ဒါပေမယ့် တိုက်ပွဲရဲ့ပစ်မှတ်ဟာ ကြီးတာနဲ့အမျှ ကျနော်တို့ရဲ့ ပိုင်းဖြတ်ချက်ဟာလည်း ကြီးမားလာမယ်လို့ထင်တယ်။ ခုနက ပြောခဲ့သလိုပဲ လို အစာ ငတ်ခံတိုက်ပွဲတွေထဲမှာ အလံနီရိက္ခာရုံကသာမကဘူး၊ ကျနော်တို့ ရိက္ခာရုံထဲမှာ အဲလိုပဲ လက်နက်ချပြီးတော့ အလျှော့ပေးသွားတာတွေ ကြုံရပါတယ်။

အဲဒီတော့ ကိုကိုးကျွန်းမှာဖြစ်တဲ့ အစာငတ်ခံတိုက်ပွဲကို ပြောမယ်ဆိုလို့ရှိရင် ကျွန်းရဲ့ထူးခြားချက်တွေကို ကျနော်တို့ ပြန်ပြီး မပြောလို့မရဘူး။ အခု နောက်ဆုံး အခြေ အနေ (ဒီတိုက်ပွဲ ဖော်ထုတ်မယ့် နောက်ဆုံးအခြေအနေ) မှာ အကျဉ်းသားတွေဘက်က ကြည့်လိုက်ရင် သူတို့အဖို့ဟာ သန်းခေါင်ထက် ညဉ့်မနက်တော့ဘူး။ ထောင်အပြင် တန်းမရှိတော့ဘူး။ နောင်ရိုးတိုက်ပွဲစိတ်ဓါတ်လို့ ပြောလို့ရတယ်။ တကယ်လည်း အဲဒီစိတ်ဓါတ်နဲ့ တိုက်ခဲ့ကြတာ။ တိုက်ပွဲဝင် အစာငတ်ခံတဲ့ လူတွေတင်မကဘူး၊ အပြင်မှာရှိတဲ့လူတွေလည်း ဒီစိတ်ဓါတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာ။

တဘက်မှာ အစိုးရဘက်က ကြည့်လိုက်လို့ရှိရင်လည်း သူ ဘာမှလုပ်လို့မရဘူး။ တခုက သတ်ပစ်လို့မရဘူး။ အသေခံလို့ မဖြစ်ဘူး။ ဒီလူတွေသေရင် သူတို့ အကြီး အကျယ် နာမည်ပျက်မယ်ဆိုတာ သူတို့ သိတယ်။ နောက်တခုက ပြည်မထောင်တွေမှာလို တိုက်ထဲမှာ ပိတ်တာတို့၊ ရိုက်တာနှက်တာတို့ လုပ်လို့မရဘူး။ သူတို့အကြမ်းဖက်မယ် ဆိုလို့ရှိရင် ထောင်ကျတွေဆီမှာလည်း လက်နက်တွေရှိတယ်။ ကျနော်တို့တတွေဆီမှာ အားလုံး ဓါးတွေ၊ မှိန်းတွေ အကုန်လုံးရှိတယ်။ အကုန်လုံး ဖြစ်ချင်တာတွေ ဖြစ်ကုန်မှာ။ သူတို့ အဲလိုလည်း လုပ်လို့မရဘူး။ အဲဒီတော့ သူတို့က ဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် လုပ်မရတဲ့အခြေအနေ။ သူတို့ဘက်ကကြည့်ရင် ဒီကိုကိုးကျွန်းဆိုတဲ့ စခန်းကြီးက ဗြဟ္မာကြီး ဦးခေါင်းလို ဖြစ်နေတာ။ ဒါ သူတို့ဘက်က သိပ်ကြီးတဲ့ အားနည်းချက်ဖြစ်တယ်။

နောက်ထူးခြားချက်တခုက ကျနော်တို့ဘက်က အတွေးအခေါ်ရေး၊ နိုင်ငံရေး အမြဲရှင်သန်နေအောင် ကိုယ့်လူတွေကို ကိုယ်လုပ်ထားနိုင်တယ်။ ကျနော်တို့ ဒီမှာ ပြည်မနဲ့ အဆက်အသွယ် ပြတ်နေပေမယ့် တခြားထောင်တွေမှာလို အဆောင်တခုနဲ့တခု၊ တိုက်ခန်းတခုနဲ့တခု အဆက်ဖြတ်ထားတဲ့ဟာမျိုး လုပ်လို့မရဘူး။ အမြဲတမ်း အလုပ်ထွက် လုပ်နေကြတဲ့အခါကျတော့ အကုန်လုံးက တိုးလျှိုပေါက်။ နောက်ပိုင်း ခြံစည်းရိုးတောင် မရှိတော့တဲ့ အခြေအနေမျိုး။ အဲဒီတော့ အဲလို အဆက်အသွယ် သိပ်ကောင်းနေတဲ့အခါ ကျတော့ တဦးကိုတဦး အကြံပေးနိုင်တယ်၊ အားပေးနိုင်တယ်။ စိတ်ဓါတ်ကျရင်လည်း အကူအညီပေးနိုင်တယ်။ တိုင်ပင်ညှိနှိုင်းနိုင်တယ်။ အစည်းအဝေးကြီးတွေ ကျင်းပနိုင်တယ်။ ကလာပ်စည်း အစည်းအဝေး မပြောနဲ့ စခန်းလုံးကျွတ်အစည်းအဝေး ကျင်းပမလား၊ ကျနော်တို့ ရိက္ခာရုံလုံးကျွတ် အစည်းအဝေး ကျင်းပမလား။ ကပွဲကြီးတွေ လုပ်မလား၊ ဟောပြောပွဲကြီးတွေ လုပ်မလား၊ အားကစားပွဲကြီးတွေ လုပ်မလား၊ ဘာမဆို လုပ်လို့ရတယ်။ လုပ်လည်း လုပ်နေကြတယ်။

ဒီတော့ ကျနော်တို့ အခမ်းအနားတွေမှာ လုပ်တယ်ဆိုလို့ရှိရင် ကျနော်တို့မှာ တီးဝိုင်းတွေ အပြည့်အစုံနဲ့။ တီးဝိုင်းမှာ လေမှုတ်တဲ့ဘက်ကပဲ နည်းနည်း အားနည်းတယ်။ လေမှုတ်တာတော့ ပလွေပဲရှိတာ။ ကြိုးတပ်တူရိယာတွေမှာဆိုရင် တယော၊ ဒုံမင်း၊ မယ်ဒလင်၊ ဂီတာ၊ ပတ္တလား။ သားရေဘက်မှာဆိုရင်လည်း ခြောက်လုံးပတ်အိုးစည်ဒိုးပတ် အကုန်ရှိတယ်။ ပါတီသီချင်းတွေ၊ ကျောင်းသားသီချင်းတွေ၊ ကျွန်းပေါ်မှာ ထပ်ရေးတဲ့ သီချင်းတွေ၊ တိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့လူတွေကို ဂုဏ်ပြုတဲ့သီချင်းတွေ အများကြီးပဲ။ ကျနော်တို့ အဲဒီမှာ တီးကြ မှုတ်ကြ၊ ကပွဲကြီးတွေဆိုရင် ဟိန်းနေတာ၊ ပြဇာတ်တွေနဲ့။ ဒီ ၅၃ ရက်တိုက်ပွဲထဲမှာ ကျသွားတဲ့ ကိုသိန်းကြည်တို့၊ ကိုမောင်မောင်စိုးတို့ဆို သီချင်းရေးကောင်းတဲ့ လူတွေပေါ့။ အဲဒီ ၅၃ ရက်မှာ ကျသွားတဲ့ ကိုထွန်းဝင်းဆိုတာတော့ သူ့လက်ဖျားမှာ အလင်္ကာလို့ ဆိုရမလောက်အောင် အနုပညာမြောက်တဲ့တူရိယာ ပစ္စည်းတွေကို ဖန်တီးနိုင်တဲ့လူ။ ကျနော်တို့ တူရိယာဝိုင်းမှာ ဝိုင်းခေါင်းဆောင်က ကိုလှိုင် တင်၊ ကိုတေဇ၊ ကိုမြတ်ဆွေ၊ ကိုမြတ်သောင်း၊ ကိုဝင်း... အစရှိသူတွေ။ အင်မတန်မြိုင်တဲ့ တူရိယာတီးဝိုင်းပါ။

အားကစားပြိုင်ပွဲတွေ ဆိုလို့ရှိရင်လည်း ကျနော်တို့ ထောင်ထဲမှာ ဘော်လီဘောပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကျားပြိုင်ပွဲ အကုန်ရှိတယ်။

နောက်တခါ သဘောတရားရေး စာစောင်တွေ ဖြန့်ကြတာ။ ဒါလည်း အင်မ တန် စနစ်ကျတယ်။ ကျနော်တို့ အထက်ကပြောခဲ့သလိုပဲ ရေဒီယိုကနေပြီးတော့ ကျနော် တို့ သတင်းတွေရတယ်။ နောက်ပြီး ဆောင်းပါးတွေ ရတယ်။ အဲဒါတွေ ကူးတယ်။ ကူးပြီး စာအုပ်ထုတ်ကြတယ်။ နောက်တခါ အခါကြီးရက်ကြီး၊ နေ့ကြီးတွေမှာ မဂ္ဂဇင်းတွေ ထုတ်တယ်။

စာအုပ်က ဘယ်လိုဖြစ်လာတာလဲဆိုတော့ နို့ဆီဗူးပတ်တွေကို ကျနော်တို့က ကော်နဲ့ကပ်ပြီးတော့ စာရွက်ဖြစ်အောင် လုပ်တာ။ ထမင်းလုံးကို ကော်တိုက်တာပေါ့ဗျာ။ ပိတ်သားခံပြီး ထမင်းလုံးကို ကော်တိုက်ပြီးလို့ရှိရင် အဲဒီ နို့ဆီဗူး အပတ်ကလေးတွေကို ထိပ်ကလေးတွေ လိုက်ဆက်ယူတာ။ နို့ဆီဗူးပတ် ၂ ခု ဆိုရင် စာအုပ်ငယ်ငယ်၊ ၃ ခုဆိုရင် နည်းနည်းပိုကြီးတာပေါ့။ နောက်တခါ ဘိလပ်မြေအိတ် အခွံတွေနဲ့လည်း ကျနော်တို့ စာအုပ်လုပ်တယ်။

အဲ... ရေးတာကတော့ ကလောင်နဲ့ရေးတာ။ ကလောင်က အမျိုးမျိုးပဲ။ ရိုးရိုး သံပြားကအစ ကြေးပြားပါမယ်။ ဆေးပုလင်းဖြတ်တဲ့ လွှကို ကလောင်လို သွေးထားတာ၊ အင်မတန် လက်ရာမြောက်တယ်။ နောက်တခါ ဆေးသွင်းတဲ့ Drip သွင်းတဲ့အခါမှာသုံးတဲ့၊ ပုလင်းထဲကို ထိုးစိုက်တဲ့ အပ်အတုတ်ကို ဖြတ်ပြီးတော့ ထိပ်က နည်းနည်းလေးခွဲပြီး လုပ်ထားတာ။ အဲဒါ အကောင်းဆုံးပဲ။ မင်က အများဆုံးကတော့ သရက်ပင်အခေါက်နဲ့ သံချေးပေါ့ဗျာ။ အဲဒါ အင်မတန်မှ အဆင့်မြင့်ပါတယ်။

အဲဒီလို နိုင်ငံရေးရှင်သန်အောင် လုပ်ထားခဲ့နိုင်တဲ့အတွက် တိုက်ပွဲဝင်တဲ့လူတွေ ရော၊ အပြင်ဘက်ကလူတွေရော အင်မတန်တက်ကြွနေပြီးတော့ တိုက်ပွဲကို ကျနော်တို့ အစကနေ အဆုံးအထိ အလံတလူလူနဲ့ သီချင်းတွေ တဟိန်းဟိန်းနဲ့ သယ်ဆောင်သွား နိုင်တာ ဖြစ်ပါတယ်။

အခုလို ကျနော်တို့ရဲ့ အကျဉ်းစခန်းထဲမှာ၊ အဖွဲ့အစည်းအသီးသီး ကြားမှာလူ တဦးချင်းရဲ့ ခေါင်းတွေထဲမှာ အတွေးအခေါ်ရေးအရ၊ နိုင်ငံရေးအရ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေတုန်းမှာပဲ မှတ်လောက်သားလောက်တဲ့ ထူးထူးခြားခြား အဖြစ်အပျက်တခုနဲ့ ကြုံရတယ်ဗျ။ အတော်တော့ မမေ့နိုင်စရာကောင်းတဲ့ အဖြစ်အပျက်ကလေးတခု။

အဲဒါက တနေ့၊ နေ့လယ် ၁ နာရီ ၂ နာရီလောက် ဖြစ်လိမ့်မယ်။ ကျနော်က ကျနော့်ရဲ့ အိပ်ဆောင်ထဲမှာ ထိုင်နေတာ။ အဲဒီအချိန်မှာ လှေတစင်း ဒီကျွန်းဘက်ကို လာ နေတယ် ဆိုတဲ့သတင်း ကျန်တဲ့အကျဉ်းသားတွေက ပြောလို့ ကျနော်တို့ စခန်းတွေထဲကို ရောက်လာရော။ ကျနော်လည်း “ဟာ!” သိပ်အံ့ဩသွားပြီးတော့ အင်မတန် စိတ်ဝင်စားပြီး လှေလာနေတဲ့ဘက်ကို ကျနော်တို့ အကုန်ပြေးထွက်သွားကြတာ။ အဲဒါ အဆောင်တွေတိုင်းက လူတွေအကုန်လုံး ပြေးထွက်တာပဲ။ တယောက်မှတောင် မကျန်ဘူး ထင် တယ်။ အဖိုးကြီးတွေလည်း လိုက်လာတယ်။ ဆရာရာဂျန်တို့၊ လေထီးဗိုလ်အုန်းမောင်တို့လည်း လိုက်လာတယ်။ ဦးလေး ဗန်းမော်တင်အောင်တို့၊ ဦးမြသန်းတို့လည်း လိုက်လာတယ်။ ကျန်တဲ့ အဖွဲ့အစည်းကလူတွေ၊ ကျန်တဲ့အဆောင်က လူတွေလည်း အကုန် လုံး ထွက်လာကြတာပဲ။

အဲဒီတော့ ဒီမှာ ကျနော်ဖြတ်ပြောချင်တာ တခုရှိတယ်။ အဲဒါ ဘာလဲဆိုရင် ကျနော်တို့ ကျွန်းကိုပို့ပြီး နှိပ်စက်နေတဲ့ အကြောင်းကို ကျနော်တို့က သူများတွေမသိမှာ သိပ်စိုးတယ်။ တကယ်လည်း ဒီစစ်အစိုးရဟာ ကမ္ဘာနဲ့ရော၊ ပြည်တွင်းက လူထုနဲ့ရော ကျနော်တို့ကို အဆက်ဖြတ်ပြီးတော့ ဒီထဲမှာ ကပ်ပြီး နှိပ်စက်နေတာ။ အဲဒါကို ကျနော်တို့က ကျနော်တို့ သတင်းကို အပြင်ကို သိပ်ပို့စေချင်တာ၊ ရောက်စေချင်တာ။ အဲဒါကို စာ ရေး၊ စာကို ပုလင်းထဲမှာထည့်၊ ပုလင်းကို ပိတ်ပြီး ပင်လယ်ထဲပစ်တာမျိုးတောင် စဉ်းစားဖူး၊ လုပ်ကြဖူးသေးတယ်။

တခါတခါဆိုရင် ကျနော်တို့ ကျွန်းနဲ့မလှမ်းမကမ်းမှာ ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သွားတာ တွေ့ရတယ်။ ပင်လယ်ကူးသင်္ဘောကြီးတွေက နေ့ဘက်ဆိုရင် မီးခိုးတွေတန်းလို့၊ မီးခိုးတလူလူနဲ့ သွားတယ်။ ကျနော်တို့ မြင်နေရတာ တဖြည်းဖြည်း ဝေးဝေး ဝေးဝေးပြီး ပျောက်သွားတာ။ ညဆိုလို့ရှိရင် မီးတွေထိန်လို့ တရိပ်ရိပ်သွားနေတာ။ တခါကလည်း ကျနော်တို့မန္တလေးက သင်္ကြန်အလှပြကားကြီးတစင်း ဖြတ်သွားသလား အောက်မေ့ရတယ်။ သူတို့ကတော့ ပင်လယ်ပြင် အကျယ်ကြီးမှာ၊ မိုးကောင်းကင်ကျယ်ကျယ်ကြီးအောက်မှာ လွတ်လွတ်လပ်လပ်ကြီးနဲ့ ဖြတ်သွားကြတာလေ။ ကိုယ်ကတော့ ပင်လယ်ဝန်းရံထားတဲ့ အချုပ်စခန်းတခုထဲမှာ အပိတ်အနှောင်ခံနေရတာ။ တကယ်ကို အဲဒီ သင်္ဘောကြီးတွေ ဖြတ်သွားတာ ကြည့်ရတာ လွမ်းစရာကြီးပဲ။ ကျနော်တို့အညာမှာ ဧရာဝတီမြစ်ကမ်း ထိုင်ပြီးတော့ သင်္ဘောကြီးတွေ ဖြတ်သွားရင် လွမ်းရတာထက်တောင် ပိုပြီးလွမ်းစရာ ကောင်းသေးတယ်။

အဲဒီတော့ အခုဒီမှာ လှေတစင်းရောက်လာပြီ။ လူစိမ်းတွေလာတော့မယ်ဆို တော့ အို... ကျနော်တို့ အင်မတန်စိတ်ဝင်စား၊ စိတ်လှုပ်ရှားကြတာ။ အင်မတန်လည်း တက်ကြွကြတာ။ အဲဒါနဲ့ ကျနော်တို့ ကိုကိုးကျွန်းရဲ့ အနောက်ဘက် ကမ်းခြေဘက်ကို တန်းပြေးကြတာပဲ။

ကျနော်တို့ရောက်တော့ အဲဒီမှာ ကျနော်တို့အရင် ရေတပ်တွေ၊ ထောင်အမှုထမ်းတွေက ရောက်နေကြပြီ။ သူတို့က အကုန်လုံး အခြေအနေ သိပြီးသား။ အဲဒီတော့ သူတို့က လက်နက်တွေကိုယ်စီနဲ့ စစ်တိုက်ပွဲတပွဲလို နေရာယူပြီး စောင့်နေကြတာ။ အဲဒီ တော့ ကျနော်တို့ရဲ့ အနောက်ဖက် ၁၄ မိုင်လောက် ဝေးတဲ့နေရာမှာ ကိုကိုးလေးကျွန်း ရှိတယ်။ ကိုကိုးလေးကျွန်း ဆိုတာလည်း သိပ်တော့ မသေးဘူး။ သူ့အရှည်က ၃/၄ မိုင်တော့ ရှိမယ်ထင်တယ်။ အဲဒီ ကိုကိုးလေးကျွန်းဘက်ကနေပြီးတော့ ​လှေလိုလို၊ ဖောင်လိုလို တစင်း ကျနော်တို့ဘက်ကိုလာနေတာ လှမ်းမြင်နေရတယ်။ လှုပ်လှုပ်လှုပ်လှုပ်နဲ့ပေါ့လေ။

အဲဒီလှေ လာနေတဲ့အချိန်မှာ ဒီဘက်မှာကျတော့ အဲဒီ ခုနက ပြောတဲ့ ရေတပ်က စစ်သားတွေ၊ ထောင်အမှုထမ်းတွေဟာ သဲတွေထဲမှာ ကတုတ်ကျင်းလိုဟာတွေ တူးထားတယ်။ နဂိုကတည်းက ရှိနေတဲ့ဟာတွေ။ ချိုင့်တွေ၊ ကျင်းတွေပေါ့ဗျာ။ အဲဒါတွေထဲမှာ သူတို့က ကတုတ်ကျင်းလို၊ လိုက်ကျင်းလိုလုပ်ပြီး အဲဒီမှာ စစ်တိုက်ဖို့ အသင့်နေရာယူနေကြတာ။ သူတို့က ဝပ်ပြီး နေရာယူတယ်။ သေနတ်တွေကိုလည်း အသင့်ချိန်ပြီး စောင့်နေကြတယ်။ ဟိုကလာနေတာ ဘယ်သူမှန်းမသိ၊ ဘယ်ဝါမှန်းမသိလေ။ ကျနော်တို့ကတော့ ပင်လယ်ကမ်းမှာ ပွဲလာကြည့်တဲ့ လူတွေလိုပဲ ပျော်လို့။ ဟိုဟာပြော ဒီဟာပြောလို့။ စုစုစုစုနဲ့ ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက် တရုန်းရုန်းပဲ။ ကျနော်တို့က အဲဒီ သေနတ်ကိုင်ထားတဲ့ လူတွေနဲ့. ဟိုဘက်က သူတို့ချိန်ထားတဲ့ တဖက်ကလာမယ့် အဲဒီ ကြားထဲလည်း ကျနော်တို့ ဖြတ်သွားတာပဲ။ သူတို့ရှေ့မှာ ရပ်ချင်လည်း ရပ်နေတာ။

အဲဒါ ကျနော်တို့ ရုတ်ရုတ်ရုတ်ရုတ်နဲ့ လုပ်နေတာ ရေတပ်က လူတွေကရော၊ ထောင်အာဏာပိုင်တွေရော နည်းနည်းမှ မကြည်ဘူး။ သူတို့မျက်နှာတွေက မှုန်ကုပ်နေတာ။ ပြောလို့လည်း မကောင်းဘူး။ နောက်ကျ ထောင်အမှုထမ်းတွေက လာပြီးတော့ မေတ္တာရပ်ခံတယ်... “ခင်ဗျားတို့ဗျာ အန္တရာယ်လည်း ရှိပါတယ်။ တခုခုဖြစ်သွားရင် လည်း မကောင်းဘူး။ နောက်နား ခပ်ဝေးဝေးမှာ နေကြပါ။” ကျနော်တို့လူတွေက သူ တို့ပြောတာ ဘာမှဂရုစိုက်တာမဟုတ်ဘူး။ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဧည့်သည် လာတာကို ကြိုဆိုရေးလုပ်နေတာကျနေတာပဲ။

ကျနော်တို့ အဲလိုနဲ့ လာနေတဲ့ လူတွေက တဖြည်းဖြည်း ပိုပိုပိုပိုပြီး နီးလာတာ မြင်ရတယ်။ မြင်ကွင်းကလည်း ပိုပြီး ရှင်းလာတယ်။ ပိုပြီး သဲကွဲလာတယ်။ အဲဒီတော့ လာ နေတာက လှေမဟုတ်ဘူး။ ဖောင်။ ဖောင်တလုံးပေါ်မှာ လူ ၃/၄ ယောက် လှော်လာကြတာ။ အဲဒါ ပိုပိုပြီး နီးလာတဲ့အခါကျ အဲဒီဖောင်ဆိုတဲ့ဟာက စည်ပိုင်းကြီးတွေကို ဖောင်ဖွဲ့ပြီး လှော်လာတာ။ ဓါတ်ဆီထည့်တဲ့ စည်ပိုင်းလိုဟာမျိုးကြီးတွေ။ သူတို့က မတ်တပ်ရပ်ပြီး လှော်လာကြတာ။ သူတို့ကြည့်ရတာ လက်နက်လည်း ပါဟန်မတူဘူး။ အဲဒီတော့ နီးသည်ထက် နီးလာတော့ အဲဒီဖောင်ပေါ်က လူတွေက အသားမဲမဲတွေ။ ကုလားတွေ ဆိုတာ ရှင်းသွားတယ်။ နောက် သူတို့ဝတ်ထားတာကလည်း အစိမ်းရောင်၊ အပြာရောင်၊ အနီရောင်၊ ဒေါင်လိုက် ငွေရောင်အစင်းတွေ၊ ရွှေရောင်အစင်းတွေ၊ တောက်တောက် ပြောင်ပြောင် အင်္ကျီဘောင်းဘီတွေ။ အင်္ကျီနဲ့ ဘောင်းဘီကအစ တစတည်းကို ချုပ်ထား တာ။ နောက်ပြီး သူတို့ခေါင်းပေါ်မှာ မွတ်စလင်တွေ ဗလီတက်တဲ့အခါ ဆောင်းတဲ့ ဦးထုပ် လို ဟာမျိုးလေးတွေလည်း ကိုယ်စီဆောင်းထားတာ တွေ့ရတယ်။

အဲဒီတော့ ကျနော်တို့ထဲကလည်း ကိုယ့်အထဲက ကုလားဆိုတဲ့လူတွေကို စကားပြောခိုင်းကြတာပဲ။ ကျနော်တို့ စခန်းထဲမှာရှိတဲ့ ကုလားဆိုတဲ့ လူတွေအထဲမှာလည်း ကုလားစကား တကယ်တတ်တာဟာ သိပ်များများရှိဟန် မတူပါဘူးဗျာ။ ကျန်တဲ့ လူတွေကတော့ အတင်းပြောခိုင်းတာပဲ။ နောက် ကုလားစကားဆိုတာ အမျိုးမျိုးရှိတယ်ဆိုတာ လည်း ကျနော်တို့ မသိတာမဟုတ်ဘူး။ သိတယ်။ အဲဒီတော့ ဘာသာစကားမတူရင် ကုလား အချင်းချင်းလည်း ပြောလို့ရတာမှမဟုတ်ပဲနဲ့။ ဒါပေမယ့် ကျနော်က အတင်း တိုက်တွန်း၊ အင်္ဂလိပ်လို ပြောမယ့်လူကလည်း ပြင်။ အကုန်လုံး ကျနော်တို့အခြေအနေကို မိတ်ဆက်ပြမယ်ပေါ့လေ။

ဒီလိုနဲ့ အဲဒီဖောင်က ကမ်းနားရောက်လာတယ်ဆိုတာနဲ့ ရေတပ်က သေနတ်နဲ့ ချိန်ပြီးတော့ အတင်းတက်လာခိုင်းတာပဲ။ အဲဒီလူတွေမှာ လက်နက်မပါဘူးဆိုတာ လည်း သေချာတဲ့အခါကျတော့ ရေတပ်က တခါတည်း ထွက်ရပ်ပြီးတော့ အဲဒီလူတွေကို သေနတ်နဲ့ ချိန်ပြီး တက်ခိုင်းတယ်။ အဲဒီတော့ အဲဒီလူတွေလည်း ကမ်းပေါ်တက်လာတော့ လက်မြှောက်ပြီး တက်လာတယ်။ လက်မြှောက်တက်လာပြီး ရေတပ်လည်း ရောက်တဲ့အခါ ကျတော့ အဲဒီရေတပ်က သူတို့ကို လက်ထိတ်တွေ ဘာတွေ မခတ်ပါဘူး။ ကြိုးတွေ ဘာတွေလည်း မချည်ဘူး။ ဒီအတိုင်းပဲ လက်ပြန်ချစေပြီး ခေါ်သွားတယ်။ သူတို့လည်း ဘာစကားမှ မပြောဘူး။ စကားမပေါက်လို့လား ဘာလို့လားအဲဒီ ဖမ်းတဲ့လူတွေနဲ့ အဖမ်းခံရတဲ့လူတွေ စကားပြောတာ လုံးလုံးမတွေ့ရဘူး။ အဲဒါ သူတို့လည်း လိုက်လာတာပဲ။ အသာ တကြည် လိုက်လာတာ။

အဲလို ရေတပ်နဲ့ သူတို့နဲ့ သွားနေတဲ့အခါမှာ ကျနော်တို့ဆီက လူတွေက အဲဒီ ကုလားတွေကို အတင်းဝင်ပြီး စကားပြောကြတာ။ ကုလားစကား ပြောတဲ့လူက ပြော၊ အင်္ဂလိပ်လို ပြောတဲ့လူက ပြောပေါ့လေ။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ အကြောင်း၊ ဗမာပြည် ပြည်မကနေပြီးတော့ ထောင်အသီးသီးကနေပြီး ဒီကို ပို့တယ်ဆိုတဲ့ အကြောင်း အကုန်လုံး ပြောတာပဲ။ ဒီမှာ ဘယ်သူတွေ အစာငတ်ခံတိုက်ပွဲမှာ သေသွားတယ်ဆိုတဲ့အကြောင်း၊ ထောင်က ထွက်ပြေးကြတယ်ဆိုတဲ့အကြောင်း အကုန်လျှောက်ပြောတာ။

ဒါပေမယ့် အဲဒီလူတွေက စကားမပေါက်တာလား ဘာလားမသိဘူး။ ကျနော်တို့ ပြောတာကို မကြားသလိုပဲ လုပ်နေတယ်။ နောက်ဆုံးကျတော့ အဲဒီထဲက တယောက်က ကျနော်တို့လူတယောက်ဘက်ကို လှည့်ပြီးတော့ သူ့လည်ပင်းသူ လက်ဝါးစောင်းနဲ့ ဖြတ်ပြတာ။ အဓိပ္ပါယ်က ကျုပ် ခေါင်းပြတ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဲဒါနဲ့ ကျနော်တို့လည်း ဆက်မပြောကြတော့ပါဘူး။ သူတို့ကို စာနာစွာနဲ့ပဲ ဒီအတိုင်းကြည့်တာ။ သူတို့လည်း ကြောက်မှာပေါ့ဗျာ။ ဟိုက သေနတ်၊ G-3 လိုဟာမျိုးကြီးနဲ့ ချိန်ထားတာ။ စတင်းဂန်းတွေ၊ G-3 တွေနဲ့။ နောက် သူတို့ရဲ့စက်လှေဟာ ကိုကိုးလေးကျွန်းရဲ့ ဟိုး အနောက်ဘက်ကမ်းမှာ ရပ်ထားတာ။ အဲဒါ ကျနော်တို့ဘက်က ဘယ်လိုမှ လှမ်းမမြင်ရဘူး။ စက်လှေလို့ ကျနော်တို့ နားလည်မိတယ်။ အဲဒီတော့ အဲဒီလှေပေါ်မှာ ဘာကုန်တွေ ပါလို့ လူဘယ်နှယောက် ကျန်တယ်ဆိုတာလည်း ကျနော်တို့ ဘာမှမသိဘူး။ သူတို့က ဘယ်နိုင်ငံသားတွေဆိုတာလည်း မသိလိုက်ရဘူး။ ဖြစ်နိုင်တာက ဒီလူတွေက မှောင်ခို ပစ္စည်း သယ်တဲ့လူတွေပဲလို့ ထင်တယ်လေ။

သူတို့ကို ရေတပ်ကခေါ်သွားပြီးတဲ့နောက် သူတို့အကြောင်း နောက်ထပ် ဘာမှ မကြားရတော့ဘူး။ ကျနော်တို့ကလည်း တခြားအရပ်က လာကတဲ့ ဇာတ်အဖွဲ့လေးတဖွဲ့ ပြန်သွားသလိုလောက်ပဲ။ သူတို့လည်း ပျောက်သွားတော့ ပြီးပြီးစေ ဖြစ်သွားတာပဲ။ ကိုယ့် မူလဘဝ၊ ကိုယ့်နေ့စဉ်ဘဝတွေက အာရုံတွေ ပြန်ရောက်လာတော့တာ။

(”တော်လှန်ရေးသမား” အပိုင်း ပြီးပါပြီ။)

◾ သန္နိဋ္ဌာန်

▪ ၅၃ ရက် တိုက်ပွဲ

အဲဒီတော့ ကျနော်တို့ နဂိုခေါင်းထဲမှာရှိနေတဲ့ တိုက်ပွဲဆီကို ကျနော်တို့ အာရုံတွေ ပြန်ရောက်လာတာ။ အဲဒီကနေ ကျနော်တို့ ကိုကိုးကျွန်းမှာ တိုက်ပွဲတကာတို့ရဲ့ မိခင် (Mother of all demonstratons and stikes) လို့ ပြောရမယ့် ၅၃ ရက်တိုက်ပွဲကြီးကို ၁၉၇၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ကနေပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့အထိ တိုက်ပွဲကို စခဲ့လိုက်ကြတယ်။ ဒီတိုက်ပွဲစတဲ့အကြောင်း မပြောခင် ဒီတိုက်ပွဲမတိုင်ခင်မှာ ကျနော်တို့ စောစောကပြောခဲ့သလိုပဲ အင်မတန်ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံရတာကို ထပ်ပြောပြပါမယ်။

ပြဿနာတွေက ကျနော်တို့ အကျဉ်းစခန်းထဲမှာ၊ အဖွဲ့အစည်းတွေအတွင်းမှာ သွေးစည်းညီညွတ်ရေးက သိပ်မကောင်းဘူး။ အဖွဲ့အစည်းတခုနဲ့တခု အကြားမှာ၊ အဖွဲ့ စည်းတခုချင်းရဲ့အတွင်းမှာ ပြဿနာလေးတွေ ရှိရှိနေတယ်။ ပြောပြောဆိုဆို၊ သွားသွား လာလာကတော့ ရှိပါတယ်။ ဒါပေမယ့် တကယ့်တကယ် နိုင်ငံရေးလှုပ်ရှားမှုတခုလုပ်ဖို့၊ နိုင်ငံရေးစကား ပြောကြပြီဆိုလို့ရှိရင်တော့ ကွဲလွဲမှုလေးတွေ ရှိနေကြတယ်။ နောက်ပြီး မကြာခင်ကမှ ပြီးသွားတဲ့ ရဲနီတွေရဲ့တိုက်ပွဲကလည်း ရှုံးသလိုဖြစ်ထားတာကိုး။ အဲဒီတော့ ရန်သူက အင်မတန် အားတက်နေပြီးတော့ ဘာမဆို အထက်စီးကချည်း ပြောနေလုပ်နေ တဲ့ အနေအထားနဲ့။

ဒါပေမယ့် ဒီတိုက်ပွဲခက်ခဲရတဲ့ အဓိကအကျဆုံးအချက်က ကျနော်တို့ရဲ့တောင်း ဆိုချက်ပဲ။ ဒီတိုက်ပွဲအတွက် တောင်းဆိုတဲ့အချက်က သိပ်ကို အခရာကျလွန်းတယ်။ တောင်းတာ နှစ် ချက်တည်း။

ပထမတချက်က - ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေး။

ဒုတိယအချက်က - ပြည်မထောင် အခွင့်အရေးတွေ ကျနော်တို့ဆီမှာလည်း ရရှိရေး။

ဒါကို ကျနော် နည်းနည်းထပ်ပြီး ရှင်းပြမယ်။ ကိုယ်ထူကိုယ်ထစနစ်ဆိုတာ ကျနော်ပြောခဲ့သလိုပဲ နိုင်ငံရေးအကျဉ်းသားတွေကို ထင်းခွေ၊ ရေခပ်၊ တောင်ယာစိုက်၊ ထမင်းချက်အလုပ်တွေ လုပ်ခိုင်းတယ်။ ဒါဟာ ဗမာပြည်ထောင်သမိုင်းမှာ ဘယ်တုန်းကမှ မရှိဖူးတဲ့ ဖိနှိပ်ရေးစနစ်တခု ဖြစ်တယ်။ ဒီအလုပ်တွေလုပ်ပေးဖို့ ထောင်အာဏာပိုင်တွေ အနေနဲ့ ဝန်ထမ်းရှာတာ(ဒါမှမဟုတ်) နောက်ထပ် သာမန်ရာဇဝတ်သား အကျဉ်းသားတွေ ခေါ်လာတာ စတဲ့စရိတ်တွေကို ကာမိအောင် ခိုင်းတာမဟုတ်ဘူး။ သူတို့ အဲဒီငွေ အကုန်မခံနိုင်လို့ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ဟာကိုယ် အလုပ်လုပ်ခိုင်းနေတာ ဟုတ်ဘူး။ အဓိကဟာ နိုင်ငံရေးအကျဉ်းသားတွေကို နံနှိမ်တာ။ နိုင်ငံရေးဂုဏ်သိက္ခာကို ချပစ်တာ၊ စော်ကားတာ။ အဲဒါအပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ခေါ် လာပြီးတော့ ဒီကျွန်းပေါ်မှာ တသက်လုံးပို့ထားဖို့ဆိုတဲ့အစီအစဉ်နဲ့ အကုန်လုံးက ဆက် နေတဲ့ဟာတွေ။ ဒါကြောင့်မို့လို့ ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးဆိုတာဟာ ဒီထောင်ရဲ့ အခရာအကျဆုံးပေါ်လစီကို တိုက်တာဖြစ်တယ်။

နောက်တခုက ပြည်မထောင်အခွင့်အရေး ရရှိရေး။ ဆိုလိုတာ ကျနော်တို့ ဒီမှာက ဆက်သွယ်ရေးခက်တယ်။ မိုးတွင်းဆိုလို့ရှိရင် သင်္ဘောသွားလို့လာလို့မရဘူး။ အစရှိ တဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ချုပ်ချယ်မှုတွေ အမျိုးမျိုးခံနေရတာ။ အဲဒီတော့ ကျနော် တို့ တောင်းတဲ့ဟာက ရိက္ခာကအစ၊ ထောင်ဝန်ထမ်းအပါအဝင်၊ အိမ်ကပစ္စည်းပို့တာ အဆုံး တခြားပုံမှန်ထောင်တွေမှာ ရခွင့်ရှိတဲ့ အခွင့်အရေးတွေ အားလုံးရရှိရေး။ ဒါက ဖြစ် နိုင်ရင် ကြိုက်သလောက် ချဲ့လို့ရတယ်ဗျာ။ နောက်ဆုံးပြောလို့ရှိရင် သာရေးနာရေးမှာ သက်ဆိုင်ရာဘာသာအလျောက် ပြုလုပ်ဆောင်ရွက်ခွင့်။ အဲဒါမျိုးတွေ ကျနော်တို့ ချဲ့လို့ရ တယ်။ အဲဒီတော့ ဒါကလည်း သိပ်ကိုအခရာကျတာ။

ထောင်အာဏာပိုင်တွေအဖို့က ငွေရေးကြေးရေး၊ အချိန်၊ လုပ်အား အဲဒီဘက် က ကြည့်လိုက်လို့ရှိရင် ပြည်မထောင်တွေအတိုင်း အခွင့်အရေးတွေပေးဖို့ဆိုတာ လုံးလုံးကို မဖြစ်နိုင်ဘူး။ အဲဒီတော့ အဲလိုလိုက်လျောလိုက်လို့ရှိရင် အစစအရာရာ ကျနော်တို့ကို အလျှော့ပေးရပြီ။ သူတို့မှာ သွားပြီ။ သူတို့ ဦးကျိုးပြီ။ သူတို့ ခေါင်းဖော်နိုင်စရာ မရှိတော့ဘူး။ နောင် ဘာပဲဖြစ်ဖြစ် ကျနော်တို့တောင်းသမျှ သူတို့လိုက်လျောရမယ့် အခြေအနေ ဖြစ်တော့မှာ။ အဲဒီတော့ ဒီဟာက အသည်းချင်းပေါက်ကြတယ်ဆိုတဲ့ တိုက်ပွဲမျိုး ဖြစ်ရတယ်။

အဲဒီတော့ တိုက်ပွဲတိုက်တော့မယ်ဆိုတော့ ဒီတောင်းဆိုချက် နှစ်ချက်ဟာ ဘယ်သူမှငြင်းမရတဲ့အချက်တွေ။ တထောင်လုံးနဲ့လည်း ဆိုင်တယ်။ ကျနော်တို့ အကျဉ်းထောင်ထဲမှာ ဘယ်သူကမှ မဆန့်ကျင်ကြဘူး။ ဒီတိုက်ပွဲကို အားလုံးက ထောက်ခံကြတယ်။ ထောက်ခံတယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် တကယ်တိုက်ပွဲဝင်တဲ့အခါ ကျတော့ သက်ဆိုင်ရာ ကျနော်တို့အဖွဲ့အစည်း (ကျနော်တို့ ရိက္ခာရုံ) အဲဒီကလူတွေကပဲ သီးခြားတိုက်ရသလို ဖြစ်တယ်။ ကျန်တဲ့လူတွေက စာနာတဲ့အဓိပ္ပါယ်ပဲ ဖော်ပြကြတယ်။

အဲဒီတော့ ကျနော်တို့ ကိုကိုးကျွန်းအကျဉ်းစခန်းမှာ တိုက်ပွဲရဲ့အဓိကအဆောင်ဟာ ကျနော်နေတဲ့ နံပါတ် ၉ အဆောင်ပဲ။ အဲဒီတော့ ပြန်ပြောပြပါဦးမယ်။ ဒီအကျဉ်းစခန်းမှာက စခန်းပေါင်း ၃ ခုရှိတယ်။ ကျနော်တို့က စခန်းတခု။ အဲဒီစခန်းထဲမှာဆိုလို့ရှိရင် အဆောင် ၁၂ ဆောင် ရှိတယ်။ အဲဒီ အဆောင် ၁၂ ဆောင်ကို ဟိုဘက် ၆ ဆောင်၊ ဒီဘက် ၆ ဆောင်ကြားမှာ သံဆူးကြိုးနှစ်ထပ်နဲ့ခွဲထားတယ်။ ဒါပေမယ့် သွားလို့လာလို့ရတဲ့ အပေါက်တော့ ရှိတာပေါ့။

နောင်ကျတော့ ကျနော်တို့တတွေ ချိုးဖောက်လိုက်တော့လည်း သံဆူးကြိုးတွေက ဘာမှကို အဓိပ္ပါယ်မရှိတော့ပါဘူး။ အဲဒီ အဆောင် ၁၂ ဆောင်မှာ တဆောင်ကို လူ ၂ဝ ပတ်ဝန်းကျင်လောက် နေရတယ်။ အဲဒီတော့ အဆောင် ၁ က ဆန်ဂိုဒေါင်၊ အဆောင် ၂ က ဆေးခန်း။ ကျန်တဲ့တဆောင်က လူနေဆောင်တွေ။ အဲဒီတော့ ကျနော်တို့ရိက္ခာရုံက လူများတဲ့အခါကျတော့ ကျန်တဲ့အဆောင် ၁၀ ဆောင်ထဲမှာ ကျနော်တို့ ရိက္ခာရုံကချည်း အဆောင် ၄၊ အဆောင် ၈၊ အဆောင် ၉၊ အဆောင် ၁၀၊ အဆောင် ၁၁ ဆိုပြီးတော့ အဆောင် ၅ ဆောင် ယူထားတယ်။ အဲဒီမှာ မျှနေကြတယ်အဲဒီ အဆောင် ၅ ဆောင်ထဲမှာ ကျနော်တို့ အဆောင် ၉ ဟာ တဘက်က အဆောင် ၁ဝ ရယ်အဆောင် ၈ ရယ် ကလည်း ကျနော်တို့ရဲဘော်တွေပဲ နေကြတာ။ အဲဒီကြားထဲမှာဆိုတော့ လျှို့ဝှက်ရေးအရ၊ လုံခြုံရေးအရ ကောင်းတဲ့အဆောင်လို့ ကျနော်တို့ သတ်မှတ်တယ်လေ။

တကယ်လည်း ဟုတ်တယ်။ ကျနော်တို့အနေနဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ အခမ်းအနားတွေ၊ လျှို့ဝှက်လုပ်ချင်တာတွေမှန်သမျှ ဒီအဆောင်မှာပဲ လုပ်တယ်။ နောက် တိုက်ပွဲဖော်တယ်ဆိုလို့ရှိရင်လည်း ဒီအဆောင်ဟာ ပထမအသုတ် တိုက်ပွဲဝင်သူတွေအနေနဲ့ အဓိကအဆောင်ပဲ။ အဲဒီတော့ တိုက်ပွဲထဲမှာ မပါတဲ့လူတွေက တခြားအဆောင်မှာ ပြောင်းပြီးနေပေးရတယ်။ အဲဒီတော့ ဒီ ၅၃ ရက် အဓိကတိုက်ပွဲကြီးမှာလည်း ဒီအဆောင် ၉ ဟာ အဓိကအဆောင် ဖြစ်လာတယ်။

ဒါကြောင့်မို့ အဲဒီအဆောင် ၉ ရဲ့ ရှေ့အဝင်ပေါက် ထိပ်တည့်တည့်မှာ နဖူးစည်း စာတမ်းကြီးတခုကို တိုက်ပွဲစတာနဲ့ ရေးတင်လိုက်တယ်။ အဲဒါကတော့...

• ရန်သူတကာ ကြောက်ဒူးတုန်ကြပါစေ။ ပြည်သူလူထုအပေါင်း ရွှင်လန်းအားတက်ကြပါစေ။

အဲဒီတော့ တိုက်ပွဲစတဲ့ ဇူလိုင်လ ၉ ရက်၊ မနက် ၇ နာရီမှာ ကျနော်တို့ အား လုံး ထောင်ဗူးဝကိုသွားပြီး စုဝေးကြတယ်။ ထောင်ဗူးဝကိုရောက်တော့ ကျနော်တို့ခေါင်း ဆောင်တွေက အဲဒီမှာ တာဝန်ကျတဲ့ဝါဒါကို ပြောတယ်... “ခင်ဗျားတို့ ထောင်အာဏာပိုင်တွေထဲက တာဝန်ရှိတဲ့သူကို ကျနော်တို့ပြောစရာရှိတယ် … အမြန်ခေါ်ပေးပါ”လို့ ပြောတယ်။ တာဝန်ရှိတဲ့လူ (အဲဒီမှာ တာဝန်ယူနေတဲ့ဝါဒါ) ကလည်း ချက်ချင်းသွားပြီး အစီရင်ခံတယ်။ ဟိုဘက်က ထောင်မှူးကြီးတို့၊ ထောင်ပိုင်တို့ ချက်ချင်းထွက်လာတယ်။ အဲဒါ ကျနော်တို့ဆီက တာဝန်ရှိတဲ့လူကလည်း ပထမဆုံး ဒီစစ်အစိုးရရဲ့ အကျဉ်းစခန်းပေါ်လစီနဲ့ တကွ သူတို့ရဲ့ဖိနှိပ်ရေးပေါ်လစီအားလုံး၊ သူတို့ရဲ့လုပ်ရပ်အားလုံး ရှုတ်ချတယ်ဆိုတဲ့အ ကြောင်း ပြောပြတယ်။ ပြီးတော့မှ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးဖို့နဲ့ ပြည်မထောင် အခွင့်အရေးတွေ အမြန်ဆုံးပေးဖို့ အလေးအနက်တောင်းဆိုတဲ့အကြောင်း သူတို့ကို ပြောပြတယ်။ ထောင်တာဝန်ခံတွေကလည်း သူတို့ထုံးစံအတိုင်း... “ကျနော်တို့ အထက်ကို တင်ပြပေးပါ့မယ်” ဒီလိုပဲပြောတယ်။

ကျနော်တို့ကလည်း ဒီအချိန်ကစပြီး ဒီတောင်းဆိုချက် ၂ ချက်ကို ကျနော်တို့ မရမချင်း အသေခံ၊ အစာငတ်ခံတိုက်တော့မယ်ဆိုပြီး တိုက်ပွဲစတဲ့အကြောင်း အသိပေး ကြေညာလိုက်တာ။ အဲဒါပြီးတော့မှ...

ကိုယ်ထူကိုယ်ထစနစ်... (ဖျက်သိမ်းပစ်) ×၂

ပြည်မထောင် အခွင့်အရေး...(ချက်ချင်းပေး) ×၂

ဖိနှိပ်ချုပ်ချယ်မှု... (အလိုမရှိ) ×၂

ဆိုတဲ့ ကြွေးကြော်သံတွေကို ကျနော်တို့ အဲဒီမှာရှိတဲ့လူတွေအားလုံး အားရပါးရ ကြွေးကြော်ကြတာ။ အဲဒါ ကျနော်တို့ ၅၃ ရက်လုံးလုံး မနက်တခါ၊ ညနေတခါ နိစ္စဓူဝ သွားပြီးတော့ အော်နေကြတဲ့၊ ကြွေးကြော်သံတိုင်နေကြတဲ့ လုပ်ငန်းတခုပဲ။

အဲဒီတော့ တိုက်ပွဲဝင်ဖို့ ကျနော်တို့ ရိက္ခာရုံကနေပြီး လူ ၃ဝ ရွေးလိုက်တယ်။ လူ ၃ဝ ဆိုတဲ့အထဲမှာ ၁ဝ ဦးစီ ၃ သုတ်ဖြစ်တယ်။ အဲလို ၁ဝ ဦးစီ ၃ သုတ် တိုက်ပွဲဝင်၊ တတိယအသုတ်ဝင်ပြီးလို့ နောက်တပတ်အကြာမှာ အလံနီအဖွဲ့၊ မလညပ (မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီ) က၊ နောက် တော်လှန်တဲ့ မဟာမိတ်များဆိုတဲ့အထဲက တဖွဲ့တဦးစီ ကျနော်တို့တိုက်ပွဲကို ထောက်ခံတဲ့အနေနဲ့ သူတို့ကလည်း အစာငတ်ခံ ဝင်ပါ ကြတယ်။

အဲဒီတော့ ဒီတခါတိုက်ပွဲမှာလည်း ကျနော်ကိုယ်တိုင်က ပါခွင့်မရဘူး။ ကျနော်က အရင်ရက် ၄ဝ တိုက်ပွဲတုန်းက ဒုတိယအသုတ်မှာ ၃၃ ရက် အစာငတ်ခံပြီး ပါခဲ့တယ်။ ဒီတိုက်ပွဲမှာတော့ ကျနော်တို့က ဘေးက ကင်းစောင့်တာတို့၊ အဲဒီတိုက်ပွဲဝင်တဲ့လူတွေကို ပြုစုတာတို့၊ ထမင်းချက် ရေခပ်ကအစပေါ့လေ။ အဲဒီလို တာဝန်တွေပဲလုပ်ရတယ်။

ဒီတိုက်ပွဲကို ထောင်အာဏာပိုင်တွေကလည်း အင်မတန် အလေးထားတယ် ဆိုတာ ကျနော်တို့ သတိထားမိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကလည်း ကင်းထောက်တယ်ဆိုတဲ့ဟာ၊ သတင်းစုံစမ်းတယ်ဆိုတာ မပြတ်လုပ်နေတာ။ အဲဒီတော့ ကြားနေ၊ သိနေရတာတွေ ရှိတယ်။ ကျနော်တို့ ကြားသလောက်ဆိုလို့ရှိရင် အဲဒီတုန်းက ထောက်လှမ်းရေးတာဝန်ခံ မျက်မှန်တင်ဦး(ခေါ်)လန်ဘားတင်ဦးလို့ခေါ်တဲ့ ဗိုလ်မှူးချုပ်တင်ဦး ကိုယ်တိုင် ကိုကိုးကျွန်းကို ရောက်လာတယ်။ ရေတပ်စခန်းမှာနေပြီးတော့ လာရုံးထိုင်တယ်လို့တောင် သတင်းကြားတယ်။

တိုက်ပွဲက ဇွန်လကြီး စတိုက်တာဗျ။ ဇွန်လဆိုတော့ အားလုံးသိကြတဲ့အတိုင်း ပဲ ဗမာပြည်မှာ မုတ်သုံလေ အားအကောင်းဆုံးအချိန်။ အိန္ဒိယသမုဒ္ဒရာထဲမှာ မုတ်သုံလေ အင်မတန်အားကောင်းတဲ့အချိန်ပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုက်ပွဲတလျှောက်လုံး မုန်တိုင်းနဲ့ မိုးနဲ့ အဆက်ပြတ်တယ်ကို မရှိဘူး။ တလျှောက်လုံး ကျနော်တို့ကို ဒုက္ခ ပေးတာပဲ။ ဒါကြောင့်မို့ ဒီတိုက်ပွဲမှာ ကျနော်တို့ဟာ သဘာဝရန်သူရော၊ ဖိနှိပ်သူ ရန်သူကိုပါ တပြိုင်နက်တည်း ရင်ဆိုင်တိုက်ရတဲ့တိုက်ပွဲလို့ သတ်မှတ်ထားတယ်။

ဒီလိုနဲ့ဗျာ… တိုက်ပွဲက တရက်ပြီးတရက် ဖြတ်သန်းလာခဲ့တယ်။ တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးဟာလည်း အချိန်ရှည်ကြာတာနဲ့အမျှ တဖြည်းဖြည်း ကျဆင်းလာတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတယ်ဆိုတာက တချို့နိုင်ငံတွေမှာလို စတိသဘော အစာငတ်ခံတာ မဟုတ်ဘူးလေ။ ရေကလွဲပြီး ဘာဆိုဘာမှ ပါးစပ်ထဲကို မသွင်းဘူး။ အစာကို အပြတ်ကို ဖြတ်တာ။ နောက်ပြီး ဆေးဝါးလည်း ဘာမှမသွင်းရဘူး။ ဖျားတယ်ဆိုရင် ပေခံပဲ။

အဲဒါကြောင့်ပဲ ကျနော်တို့က ထောင်အာဏာပိုင်တွေကို နေ့တိုင်းလာပြီးတော့ စစ်ဖို့၊ ဆရာဝန်ကို ခေါ်လာဖို့ ကျနော်တို့က အမြဲတမ်းတောင်းဆိုတယ်။ သူတို့ဘက်က လည်း လာပါတယ်။ နေ့တိုင်း ဝင်လာတယ်။ ဝင်လာပြီးတော့ ကျနော်တို့ကို စစ်တယ်။ ကျနော်တို့ဘက် ဒီလူတွေရဲ့ အသက်နဲ့ကိုင်ပြီး အကြပ်ကိုင်နေရတယ်ဆိုတဲ့အခါကျတော့ ဒီအသက်ရဲ့အခြေအနေကို ဒီအာဏာပိုင်တွေကို အမြဲသိနေစေချင်တယ်ဗျ။ အဲဒါနဲ့ သူတို့ကလည်း နေ့စဉ် မနက်ပိုင်းမှာ လာပြီးတော့ ကိုယ်အလေးချိန်တိုင်းတယ်။ သွေးတိုးနှုန်း တိုင်းတယ်။ အပူချိန်တိုင်းတယ်။ လာစစ်ဆေးတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ရဲ့ ကျန်းမာရေး ကျဆင်းလာနေပြီဆိုတာပဲပြတယ်။ တိုက်ပွဲဝင်ရဲဘော်တွေဟာ ဘာဆိုဘာမှ မစားဘူးဆိုတာကို ပြတယ်။ တကယ်လို့ ဆေးစားမိတယ် အစာတခုခု စားမိတယ်ဆိုရင် ကိုယ်အလေးချိန်က တန့်ခံနေတာ။ တခါတလေ ပြန်တောင်တက်လာသေးတယ်။ ဆား လေးလောက် စားလိုက်ရင်ကိုပဲ သိသာတယ်။

အဲလိုနဲ့ပဲ ထောင်အာဏာပိုင်တွေကလည်း နေ့တိုင်းလာကြည့်၊ ကျနော်တို့က လည်း မနက်တခါ ညနေတခါ ထောင်ဗူးဝသွားပြီးတော့ တနေ့ ၂ ခါ ကြွေးကြော် ဆန္ဒပြ နေကြတယ်။ ကျွန်းပေါ်မှာ ဆန္ဒပြတယ်ဆိုတာက အစာငတ်ခံတိုက်ပွဲဝင်တယ်ဆိုရင် အဲဒီ တိုက်ပွဲဝင်တဲ့လူတွေက တိုက်ပွဲဝင်တဲ့အဆောင်တွေထဲမှာ များသောအားဖြင့်တော့ လှဲနေကြတာပေါ့လေ။ လှဲလိုက် ထိုင်လိုက်ပေါ့။ အဲဒီတော့ တိုက်ပွဲအတွင်းမှာ မပါတဲ့လူတွေက အဲဒီလူတွေကို ပြုစုရတယ်။ နောက် ကင်းစောင့်ရတယ်။ လုံခြုံရေးကင်း အမြဲစောင့်ရတယ်။ အလှည့်နဲ့ ၂၄ နာရီ ကျနော်တို့ ကင်းစောင့်တာလည်း လုပ်ရတယ်။ ပြုစုတာလည်း လုပ်ရတယ်။ ကျနော်တို့နဲ့အတူ အဖမ်းခံရတဲ့ အမှုတွဲလည်း အတူတူ၊ မန္တလေးထောင်က ပါ လာတဲ့ မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်က ကိုအေးမြင့်။ သူကတော့ အပင်ပန်းဆုံး ပေါ့ဗျာ။ လူနာတွေ ပြုစုရတယ်။ သူကတော့ အလှည့်မရှိဘူး။ သူ့တယောက်တည်းပဲ ၂၄ နာရီ စောင့်ပြီးတော့ အိပ်တော့လည်း အဲဒီ တိုက်ပွဲဝင်ရဲဘော်တွေအနားမှာပဲ အိပ်ပြီးတော့ သူက စောင့်နေရတာပဲ။

အဲဒီတော့ ဒီလိုကာလအတွင်းမှာ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့က နေ့တိုင်းကို မျက်နှာချင်းဆိုင် တွေ့နေရတာ။ သူတို့လည်း ဝင်လာတယ်။ ကျနော်တို့ကလည်း သူတို့ဝင်လာရင် နောက်ကနေပြီးတော့ လိုက်သွားတာ။ သူတို့ကို လွှတ်မထားဘူး။ အဲဒီတော့ တယောက်နဲ့တယောက်က နေ့တိုင်းတွေ့နေကြတာ။ ဒါပေမယ့် ဘယ်သူ့ ဘယ်သူ မှ စကားမပြောဘူး။ သူတို့ပြောချင်ရင် သူတို့အချင်းချင်း ပြောတယ်။ ကျနော်တို့လည်း ကျနော်တို့အချင်းချင်း ပြောတယ်။ သူတို့နဲ့တော့ ဘာမှမပြောဘူး။ ကျနော်တို့ကလည်း ဣန္ဒြေအပျက်ခံပြီး ခင်ဗျားတို့အထက်က ဘာမှ အကြောင်းမပြန်သေးဘူးလား ဆိုတာမျိုး မမေးဘူး။ တခွန်းမှ မမေးဘူး။ အဲဒါ သူတို့ဘက်ကလည်း အလျှော့ပေးချင်တယ်၊ စေ့စပ်ချင်တယ်လို့ ထင်သွားစေမယ့် အပြောအဆို အမူအယာမျိုး ဘာမှမပြဘူး။ အဲလိုနဲ့ နေလာတာ တလတောင် ကျော်လာခဲ့ပြီ။

ဒါပေမယ့် တခုတော့ရှိတာပေါ့လေ။ ကျနော်တို့ကလည်း သူတို့အတွင်းရေး သတင်းတွေ ရအောင်မေးတာမျိုးဆို ကြိုးစားတယ်။ သူတို့လည်း ကြိုးစားမှာ သေချာပါ တယ်။ ကျနော်တို့မှာလည်း ကျနော်တို့နည်းတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ရတဲ့ သတင်းတွေကိုတော့ ကျနော်တို့က ထိပ်တန်းလျှို့ဝှက်ထားတယ်။ ကျနော်တို့ ထိပ်ဆုံး ခေါင်းဆောင်တွေပဲ သိတယ်။ တိုက်ပွဲဝင်ရဲဘော်တွေလည်း မသိဘူး။ သူတို့အတွင်းရေး အတော်နက်နက်ရှိုင်းရှိုင်းကို ကျနော်တို့က သိနေရတယ်။

အဲလိုနဲ့ မိုးတွေကလည်း တဖွဲဖွဲ၊ မုန်တိုင်းကလည်းမစဲ၊ တသည်းသည်းနဲ့ တိုက် ပွဲဝင်လာလိုက်ကြတာ တလလည်းကျော်သွားရော ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို စပြီးခံစား ကြရတော့တာပဲ။ အဲဒါဘာလဲဆိုတော့ တိုက်ပွဲဝင်အဆောင်တွေရဲ့ အဝင်အထွက်မှာက တံခါးက ဖွင့်လိုက်ပိတ်လိုက် လုပ်ကြရတာကိုး။ အဲလို ဖွင့်လိုက် ပိတ်လိုက်လုပ်ရတော့ ခုနက မုန်တိုင်းတွေက ဝေါကနဲ ဝေါကနဲ လေက ဝင်ဝင်လာတယ်။ အဲဒီတော့ အဝင်အထွက် အပေါက်နားရှိတဲ့ ရဲဘော်တွေ မသက်သာဘူး။ ကျနော်တို့က အဲဒီအခြေအနေကို သတိရမိတော့ အဲဒီတံခါးပေါက်တွေမှာ ကျနော်တို့ ဂုန်နီအိတ်တွေနဲ့ ကာပြီးတော့ ကန့်လန့်ကာလို ကာတယ်။ ဒါပေမယ့် နောက်ကျသွားပြီ။

အဲဒီ ပထမ အဓိကအဆောင်၊ တံခါးပေါက်နားမှာအိပ်တဲ့ ရဲဘော်သိန်းကြည်ဟာ အအေးမိပြီးဖျားရော။ ဖျားတယ်ဆိုတော့ ကိုသိန်းကြည်ရဲ့ အခြေအနေဟာ ချက်ချင်း ယိုင်ကျလာတာ။ နဂိုက လူက ခပ်ဝဝပဲ။ တိုက်ပွဲထဲမှာလည်း အင်မတန် တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရနဲ့နေတာ။ ဒါပေမယ့် ဖျားတယ်ဆိုတာနဲ့ တခါတည်း ယိုင်ကျလာတာ။ နဂိုကမှ ဘာမှမစားပဲ တလကျော်နေလာတဲ့ ခန္ဓာကိုယ်ဟာ ဒီရောဂါကို ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိတော့ဘူး။ အဲဒီတော့ ကျနော်တို့ နဂိုကတည်းကိုကလည်း အစာငတ်ခံ တိုက်ပွဲတိုက်တယ်ဆိုကတည်းက ဘာဆေးမှ မစားဘူး။ ဘာဆေးကုသမှုမျိုးမှ မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း ရှိနေတော့ အတော်ကို သနားစရာကောင်းတဲ့ အခြေအနေပဲ။ သူကတော့ ဣန္ဒြေမပျက်ဘူး။ တချက်မှ ဣန္ဒြေမပျက်ဘူး။ ဒါပေမယ့် အပြင်က သူ့အခြေအနေကို စောင့်ကြည့်နေရတဲ့ ကျနော်တို့တတွေကတော့ ဟာ... အင်မတန်နာကျည်း၊ အင်မတန် ဝမ်းနည်း၊ သိပ်ကို ခံစားရခက်တဲ့ဟာမျိုးတမျိုးပဲ။ တကယ်က သူက စတာက သာမန် အအေးမိတာလေးပဲ။ ကိုယ်လည်း မပူသေးဘူး။ အဲလိုအချိန်မှာ သာမန်ဆေးလေး၊ APC လိုဟာမျိုးလေး ပေးလိုက်ရင်ကိုပဲ ပျောက်သွားမယ့်ဟာမျိုး။ ဒါပေမယ့် ကျနော်တို့က ဒီအတိုင်းပစ်ထားရတဲ့အခါကျတော့ နဂိုကတည်းကမှလည်း ကိုယ်ခံဓာတ်က မရှိတဲ့အခါကျတော့ ချက်ချင်းလိုလိုပဲ ကိုယ်က ပူလာပြီးတော့ အခြေအနေဆိုးတော့တာပဲ။ သူ့အခြေအနေက တဖြည်းတဖြည်း ဆိုးလာလိုက်တာ သတိမရှိတော့ဘူး။ သူ့ဟာသူလည်း ရေမ သောက်နိုင်တော့ဘူး။ ကျနော်တို့ သူ့ပါးစပ်ထဲကို ဂွမ်းစလေးနဲ့ ရေစက်လေးတွေ ချပေးနေရတာ။ အဲဒီတော့ သူ့အခြေအနေက မဟန်တော့ဘူးဆိုတာ ရှင်းသွားတယ်။ အသက်ရှူလည်း တခါတခါ ဖောက်လာတယ်။ သူ့ရဲ့ ဒီအခြေအနေကို ကျနော်တို့ စခန်းတခုလုံးက သိနေကြ။ အားလုံးပဲ တိတ်ဆိတ်ငြိမ်နေကြတယ်။ မမျှော်လင့်ချင်တဲ့ သတင်းဆိုးတခုကို စောင့်နေတဲ့သဘောပဲ။

ဒီမှာ ပြောစရာတခုက ကိုကိုးကျွန်းတိုက်ပွဲတွေမှာ၊ စခန်းထဲမှာ တိုက်ပွဲတပွဲ တိုက်တယ်ဆိုလို့ရှိရင် အားလုံးက လိုက်နာကြတဲ့ အချက်တချက်ရှိတယ်။ အဲဒါ စည်းကမ်းလိုတောင် ဖြစ်နေတယ်။ အဲဒါဘာလဲဆိုတော့ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ရန်သူကို တိုက်ပွဲဝင်တယ်ဆိုရင် ကျန်တဲ့လူတွေက အဲဒီတိုက်ပွဲကို လေးစား အသိအမှတ်ပြုတဲ့အနေနဲ့ စခန်းအပြင်ကို မထွက်ကြဘူး။ ထင်းခွေ၊ ရေခပ် မလုပ်ကြဘူး။ အပြင်မှာသွားပြီး ရေချိုးတာလည်း မလုပ်ကြဘူး။ ကိုယ့်တောင်ယာတွေ ဘာတွေရှိလည်း တောင်ယာကို မသွားတော့ဘူး။ တောင်ယာက အသီးတွေ ဘယ်သူဆွတ်စားစား၊ ကြက်တူရွေးတွေပဲ စားစား၊ ဒီအတိုင်းပဲ ပစ်ထားလိုက်တာ။ ဒီစခန်းထဲမှာလည်း တူရိယာပစ္စည်း မတီးဘူး။ ဘော်လီဘော၊ ခြင်းလုံး စတဲ့ အားကစားလည်း ဘာမှမလုပ်ဘူး။ အဲဒီတော့ ကျနော်တို့ ရဲဘော်သိန်းကြည်ရဲ့အခြေအနေကို သိနေတော့ သူ့ရဲ့ အဆောင်ပတ်ဝန်းကျင် မှာပဲ ကျနော်တို့ စောင့်နေကြတာ။

သူကျဆုံးမယ့်နေ့မှာ မနက်အစောကြီးကတည်းက ကျနော်တို့ အဲဒီနား ပတ်ဝန်းကျင်မှာပဲ နားတစွင့်စွင့်နဲ့ စောင့်နေကြတာပဲ။ ကင်းစောင့်ဖို့ တာဝန်ကျတဲ့လူကတော့ သူကင်းစောင့်ရမယ့်နေရာမှာ သွားစောင့်တယ်။ ကျန်တဲ့လူတွေကတော့ ဒီအနီးအနား တဝိုက် တဝဲလည်လည်နဲ့ပဲ စောင့်နေကြတာ။

အဲလိုနဲ့ အဲဒီနေ့ခင်း ၂ နာရီကျော်လောက်မှာ တိုက်ပွဲဝင်ရက် ၃၈ ရက်ပေါ့ လေ။ (ကျနော်ကလည်း အပြင်မှာ။) သူ့ကုတင်လောက်ဆီကနေပြီးမှ “သတိ” ဆိုတဲ့ စစ်မိန့်ပေးသံကြီး ကြားလာတာ။ သူ့ကုတင် ခြေရင်းဘက်ဆီက ဆိုတာသိတယ်။ ပြီးတော့မှ “စစ်အစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကို ရဲရင့်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်သိန်းကြည်ကို အလေး... ပြု”ဆိုတဲ့ အမိန့်ပေးသံ ဆက် တိုက်ပေါ်လာတာ။ ကျနော်တို့လည်း ကိုယ်ရှိနေရာကနေ အလေးပြုလိုက်ကြတယ်။ အဲဒါပြီးတဲ့နောက် နဂိုကတည်းက စီစဉ်တိုင်ပင်ထားတဲ့အတိုင်း “အင်တာနေရှင်နယ် သီချင်း... ဆို” ဆိုတဲ့ စစ်မိန့်ပေးသံတခု ပေါ်လာတယ်။ အဲလို အမိန့်ပေးသံလည်း ပေါ် ပြီးရော နိုင်ငံတကာသီချင်းကို ဖြည်းဖြည်းညင်းညင်း၊ လေးလေးနက်နက်၊ ညီညီညာညာနဲ့ ဝိုင်းဆိုကြတယ်။ အဆောင်အပြင်မှာရှိတဲ့ ကျနော်တို့လည်း လိုက်ဆိုကြတယ်။ တိုက်ပွဲ ဝင်တဲ့ ရဲဘော်တွေလည်းပဲ ကိုယ့်အိပ်ယာကနေကိုယ် အသံလေးမျဉ်းမျှဉ်းနဲ့ လိုက်ပြီး ဆိုကြတာ။ မျက်ရည်တွေနဲ့ပေါ့ဗျာ။

အဲလိုဆိုပြီးတဲ့နောက်မှာ ကျနော်တို့အားလုံး ထောင်ဗူးဝကို သွားကြတယ်။ ထောင်ဗူးဝမှာ စုရုံးပြီးတော့ ထောင်အာဏာပိုင်တွေကို လှမ်းခေါ်တယ်။ ထောင်အာဏာ ပိုင်တွေ လာတဲ့အခါမှာ ကျနော်တို့က ရဲဘော်သိန်းကြည် ကျဆုံးသွားပြီဖြစ်တဲ့အကြောင်း သူတို့ကို ပြောပြတယ်။ ပြောပြပြီးတော့မှ သူတို့ဘက်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တော့ “ရဲဘော်သိန်းကြည်ကိုသတ်တာ (စစ်အစိုးရ) ×၂၊ ဖိနှိပ်ချုပ်ချယ်မှု (အလိုမရှိ) ×၂၊ ကိုယ်ထူကိုယ်ထစနစ်(ဖျက်သိမ်းပစ်) ×၂” ဆိုပြီးတော့ နာနာကျည်းကျည်းနဲ့ အသံကုန် အော်ကြတာ။

ရဲဘော်တယောက် ကျတယ်ဆိုတော့ သူ့အလောင်းကိစ္စ ရှိလာတယ်။ ဒီအလောင်းကို ကျနော်တို့ ဘယ်လိုဖြေရှင်းမလဲ။ ဘယ်လို လုပ်ကြမလဲဆိုတာပေါ့။ နောက်မှာလည်း ကျချင်ကျဆုံးဦးမယ်ဆိုတော့ ကျနော်တို့သေချာစဉ်းစားရပါတယ်။ အရင်တခါ ရဲနီတင်ငြိမ်းအလောင်းကိစ္စတို့ ဖြစ်ခဲ့တာကိုလည်း ကျနော်တို့ သတိထားနေကြတယ်။ အဲဒီတော့ အဘက်ဘက်စဉ်းစားပြီးတဲ့အခါမှာ ကျနော်တို့ခေါင်းဆောင်တွေက သူ့အလောင်းကို တိုက်ပွဲပြီးမှ၊ တိုက်ပွဲအောင်မှ ဖြေရှင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါ ဘယ်လိုလုပ်ကြသလဲဆိုတာ ကျနော်တို့ ဒီတိုက်ပွဲဆောင်တွေနဲ့ မလှမ်းမကမ်း ကိုကိုးကျွန်းစခန်းရဲ့ အလယ်အူကြောင်းထဲမှာ အာဇာနည်ဗိမာန်တခု ဆောက်ကြ တာ။ အဲဒီတော့ အာဇာနည်ဗိမာန်စခန်းအတွက် လိုအပ်တဲ့ ပျဉ်တွေ၊ သွပ်တွေကို ကျနော်တို့ဘေးမှာရှိတဲ့ အဆောင်ဝင်း (ဘယ်သူမှမရှိတဲ့ အဆောင်ဝင်း) အဲဒီက သွားပြီး ခွာ ဖြုတ်လာကြတာ။ ထောင်အာဏာပိုင်တွေလည်း ဘာမှမပြောရဲကြဘူး။ ကိုယ့်ဟာကိုယ် သွားပြီး ခွာဖြုတ်ယူလိုက်ကြတာ။ ပြီးတော့ကျမှ ခုနကပြောတဲ့ အဲဒီ အလယ်အူကြောင်းထဲမှာ ဇရပ်ဆန်ဆန် အာဇာနည်ဗိမာန်လေးတခု ကျနော်တို့ ဆောက်လိုက်ကြတယ်။ အဲဒီမှာ ကွန်မြူနစ်ပါတီရဲ့ တူတံစဉ်အလံ ရှိတယ်။ ကျသွားတဲ့ ရဲဘော်ရဲ့ ပုံတူရုပ်ပုံကား (ကျနော်တို့ဆီမှာ ရဲဘော်မြအောင်ဆိုတဲ့ ပန်းချီဆွဲကောင်းတဲ့ ရဲဘော်တယောက်ရှိတယ်။ သူက တိုက်ပွဲဝင်ရဲဘော်တွေကို အကုန်လုံးလိုက်ပြီး ရုပ်ပုံတွေဆွဲထားတာ။) အဲဒီပုံ ရှိ တယ်။ နောက်ပြီးကျတော့ အလယ်မှာ အလောင်းစင်မြင့်တခု ဆောက်ထားတယ်။ အဲဒီ စင်မြင့်ပေါ်မှာ ခုနက ရဲဘော်သိန်းကြည်ရဲ့အလောင်းကို ကျနော်တို့ ထားတယ်။

သူ့အလောင်းကို ပထမဆုံး သွပ်နဲ့လုပ်ထားတဲ့ သွပ်ခေါင်းထဲမှာ ထည့်ထားတယ်။ ထည့်ပြီးတော့ ပြာတွေ ဖြည့်တယ်၊ ပိတ်။ တခါ အဲဒီသွပ်ခေါင်းကိုမှ ပျဉ်ခေါင်းထဲမှာ တခါပြန်ထည့်တယ်။ ပြီးတော့ အဲဒီ ခုနက အလောင်းစင်ပေါ်မှာတင်။ တင်ပြီးတော့ သူ့ ရှေ့မှာ ဒီတိုက်ပွဲကာလအတွင်း သူပြောခဲ့တဲ့စကားဒါမှမဟုတ်ရင် သူရေးထားခဲ့တဲ့ နေ့ စဉ်မှတ်တမ်းရှိရင် အဲဒီမှတ်တမ်းထဲကစာ အဲဒါတခုကို သူ့ဆောင်ပုဒ်အနေနဲ့ ကျန်တဲ့လူတွေ အားဖြစ်အောင်၊ အတုယူ လေ့လာရအောင် ပိုစတာတခုလို ရေးပြီးတော့ ထောင်ထားလိုက်တယ်။ ရဲဘော်သိန်းကြည်ရှေ့မှာ ထောင်ထားတဲ့ သူ့စကားကတော့ တိုက်ပွဲ အတွင်းတုန်းက သူပြောခဲ့တဲ့...

• ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်။

အဲဒါကို ကျောင်းသားစာလုံးလို့ ခေါ်လေ့ရှိတဲ့ လက်ရေးစောင်းနဲ့ ရေးထားတယ်။

အစာငတ်ခံတိုက်ပွဲမှာလည်း စစ်ရေးတိုက်ပွဲလိုပဲ။ ရဲဘော်တယောက် ကျသွားတယ်ဆိုလို့ရှိရင်၊ သွေးထွက်တယ်ဆိုလို့ရှိရင် အမျိုးမျိုး ဂယက်ရိုက်တာပဲ။ ကိုယ့်ဘက်မှာလည်း ရိုက်တယ်။ သူ့ဘက်မှာလည်း ရိုက်တယ်။ နောက် ကိုယ့်ဘက်မှာ စိတ်လိုက်မာန်ပါ လုပ်လိုသူတွေ၊ ရမ်းလိုသူတွေ တချို့ပေါ်လာတယ်။ ဒါပေမယ့် ကျနော် အာမခံ ပြောရဲတာ တခုကတော့ ကျနော်တို့ထဲမှာ စိတ်ဓာတ်ကျ အလျှော့ပေးချင်တဲ့ စိတ်ကတော့ လုံးဝ မပေါ်ဘူး။ တိုက်ပွဲ တလျှောက်လုံး အဲဒါ ကျနော်တို့ ပြောနိုင်တယ်။

ကျနော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးချီတက်နိုင်တဲ့ အဓိက အကြောင်းရင်းတခုက ကျနော်တို့ကို ခေါင်းဆောင်တဲ့ လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်ဆိုတဲ့ တပ်မှူးကောင်းကြီး ၂ ဦးရှိတာလည်း ပါတယ်။ သူတို့က အင်မတန် ခေါင်းအေးတယ်။ တည်ငြိမ်တယ်။ အတွေ့အကြုံရှိတယ်။ အဲဒီတော့ သူတို့ရဲ့ခေါင်းဆောင်မှုကို ကျနော်တို့ အားလုံးပဲ အသိအမှတ်ပြုပြီးတော့ လိုက်နာခဲ့ကြတာ။ အခုလို အသက်နဲ့ရင်းပြီးတော့ တိုက်ပွဲဝင်တဲ့အချိန်မှာ နိုင်ငံရေးစကားတွေ မီးရှူးမီးပန်းဖောက်သလို ကြီးကြီးကျယ်ကျယ် တွေ ပြောနေဖို့လည်းမလိုဘူး။ တယောက်တယောက် လက်ညှိုးထိုးနေဖို့လည်း မလိုဘူး။ “ငါကွ ငါကွ” လို့ဆိုပြီး လက်မထောင်နေဖို့လည်း မလိုဘူး။ ခုနကပြောတဲ့ ခေါင်းဆောင်မှုရဲ့ နောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အမိန့်နာခံတတ်ဖို့ အရေးကြီးဆုံးပဲလို့ ကျနော်တို့ ထင်တယ်။

ဒီလိုနဲ့ ရဲဘော်သိန်းကြည် ကျဆုံးပြီးတဲ့နောက်တနေ့ပဲ ကျနော်တို့ စခန်းထဲကို ကိုကိုးကျွန်းအာဏာပိုင်အဖွဲ့က ရောက်လာတယ်။ သူတို့က လက်ကိုင် အသံချဲ့စက်လေးတလုံး ကိုင်ပြီးတော့ (ဘက်ထရီ အသံချဲ့စက်ကလေးနဲ့) ကျနော်တို့စခန်းထဲ ဝင်လာတယ်။ အဲဒီတုန်းက ကိုကိုးကျွန်းဟာ မဟာရန်ကုန်ရဲ့ အမှတ် ၁၃ မြို့နယ်ကိုး။ အဲဒီတော့ ဒီမြို့နယ် တာဝန်ခံ မယက ဥက္ကဋ္ဌဆိုတာက အဲဒီ ကိုကိုးကျွန်း ရေတပ်စခန်းက တာဝန်ခံ ဗိုလ်မှူး ဟန်ဘွဲ့ (သူက နောက်တော့ မဆလပါတီ ဗဟိုကော်မတီတောင် ဖြစ်တယ်ထင်တယ်။) သူက ခုနက သူယူလာတဲ့ အသံခပ်အက်အက်ထွက်တဲ့ စပီကာတလုံးနဲ့ “အထိန်းသိမ်းခံ အားလုံး ထောင်ဗူးဝမှာ လာပြီးစုပေးကြပါ။ ကျနော်တို့မှာ ပြောစရာရှိပါတယ်” ဆိုပြီး ခေါ်တယ်။ အကြိမ်ကြိမ်အော်တယ်။ နောက် ထောင်ဝါဒတွေကလည်း မြင်တဲ့လူကို လှမ်းပြီးတော့ လက်ယပ်ခေါ်တယ်။ ဒါပေမယ့် သူတို့ ဘယ်လိုပဲခေါ်ခေါ် ကျနော်တို့ အဖွဲ့အစည်းကရော၊ ကျန်တဲ့အဖွဲ့အစည်းကရော ဘယ်သူကမှ သူတို့ဟာကို မတုန့်ပြန်ဘူး။ ဘယ်သူမှ အဲဒီကို မသွားကြဘူး။

အကြောင်းကတော့ ရှင်းတယ်။ အဲဒီတုန်းက ဒီလို တိုက်ပွဲဝင်တဲ့အချိန်မျိုးမှာ အာဏာပိုင်ဟာ စကားပြောစရာရှိတယ်ဆိုရင် တိုက်ပွဲဝင်နေတဲ့ လူတွေ၊ ဒါမှမဟုတ် တိုက်ပွဲဝင်နေတဲ့လူတွေရဲ့ ခေါင်းဆောင်နဲ့ တိုက်ရိုက်ပြောရမှာ။ ဒါကို သူတို့လည်း သိတယ်။ သူတို့ တမင် အဲဒါကိုရှောင်ပြီးတော့ တိုက်ပွဲကို အသိအမှတ်မပြုသလိုလို၊ မထီမဲ့မြင် ထားသလိုလို အဲလိုနည်းနဲ့ တုန့်ပြန်တဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း ဘယ်သူကမှ လက်မခံဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတိုက်ပွဲဝင်တဲ့ ခေါင်းဆောင်မှုကို လေးစားအသိအမှတ်ပြုတဲ့ အနေနဲ့ ထောင်အာဏာပိုင်တွေကို သွားမတွေ့ဘူး။

ဒီလိုနဲ့ပဲ သူတို့ အော်လို့ညောင်းသွားတော့၊ အချိန်အတော်လေးကြာတော့ သူတို့ဟာသူတို့ ထောင်တံခါးတွန်းပြီး ဝင်လာကြတာ။ ခုန ဗိုလ်မှူးဟန်ဘွဲ့၊ ထောင်မှူးကြီး၊ နောက်ပြီးတော့ သေနတ်ကိုင်ထားတဲ့ ရေတပ်သား ၂ ယောက် ၃ ယောက်၊ ဝါဒါလည်း အနည်းငယ်ပါတယ်။ တဆောင်ဝင် တဆောင်ထွက် လိုက်ပြောကြတယ်။ တကယ့်ကို ကြောင်စီစီကြီးပဲ။ ဒါပေမယ့် သူတို့ကတော့ အင်မတန်ကို ရင်းရင်းနှီးနှီး ဆွေမျိုးသားချင်း များတောင် ခေါ်ချင်သလိုပဲ။ သူတို့ပြောတဲ့ပုံက သေချာကို အရောဝင်၊ အတင်းကို အရောဝင်ပြီး လိုက်ပြောနေတာ။ ကျနော်တို့ထဲမှာရှိတဲ့ မကြာခင်ကမှ ကွယ်လွန်သွားတဲ့ သခင် ခင်အောင် (ကျနော်တို့က အန်ကယ်ကြီးလို့ခေါ်တယ်။ ကျနော်တို့ထဲမှာ အသက် အင် မတန်ကြီးတယ်။ နိုင်ငံရေးအစဉ်လာလည်းကြီးတဲ့ ပုဂ္ဂိုလ်ကြီး။) အဲဒီ သခင်ခင်အောင်နဲ့ ဗိုလ်မှူးဟန်ဘွဲ့က အင်မတန်ကို ရင်းတယ်၊ အရင်တုန်းက။ အဲဒါသူက သခင်ခင်အောင်ကို သွားပြီးတော့ ရောတယ်။ သခင်ခင်အောင်ကတော့ ဝတ်ကျေတမ်းကျေ အပြုံးလေး လောက်နဲ့ပဲ တုန့်ပြန်တာ။

အဲဒါ သူကပြောတာက ဗိုလ်မှူးဟန်ဘွဲ့ ပြောတာက တိုက်ပွဲတိုက်ဖို့ မလိုတော့ဘူး။ မကြာခင်မှာ ဒီကိုကိုးကျွန်းအကျဉ်းစခန်း ဖျက်သိမ်းတော့မယ်။ တခုပဲ မဖျက်သိမ်းခင် ကာလအတွင်းမှာတော့ ခင်ဗျားတို့ ကိုယ်ထူကိုယ်ထ ဆက်လုပ်ပေးကြပါ။ သူက တဆောင်ဝင်တဆောင်ထွက် လော်စပီကာနဲ့ အဆောင်ထိပ်ကနေ ပြော၊ အဆောင်အလယ်ခေါင်ကနေပြော။ အဲဒီလိုပြောတဲ့ဟာကို ဘယ်အထိန်းသိမ်းခံအကျဉ်းသားကမှ ဟက်ဟက်ပက်ပက် မတုန့်ပြန်ဘူး။ စိတ်ဝင်စားဟန်လည်း မပြဘူး။ မသိကျိုးကျွန်ပဲ နေကြတယ်။

ဒီလိုနဲ့ သူတို့ တဆောင်ပြီးတဆောင် ဝင်တာ။ ကျနော်တို့ရဲဘော်တွေ နေတဲ့ အဆောင်ကို ရောက်တော့ ကျနော်တို့ရဲဘော်တွေက “ကျနော်တို့ခေါင်းဆောင်တွေ ရှိ တယ်။ ဒီတိုက်ပွဲကို ခေါင်းဆောင်နေကြတာ သူတို့ပဲ။ ခင်ဗျားတို့ သူတို့နဲ့ပြော။ ကျုပ်တို့ကို လာမပြောနဲ့” လို့ ပြောလွှတ်လိုက်တယ်။ ဒီလိုနဲ့ တဖြည်းတဖြည်း သူတို့ ဝင်ရင်း ဝင်ရင်းနဲ့ ကျနော်တို့ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်အုန်းမောင်၊ ဆရာရာဂျန်တို့နဲ့ တွေ့ကြရ တော့တယ်။ အမှန်ကတော့ သူတို့လည်း ဒီခေါင်းဆောင်တွေနဲ့ တွေ့ဖို့လာတာပါ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ လုပ်ကြရတာ။ ကျနော်တို့ခေါင်းဆောင်တွေက ထိုင်စောင့်နေတာ သူတို့လာမယ်ဆိုတာ သိလို့။ အဲဒါ ရောက်လာတာပဲ။

ရောက်တော့မှ သူတို့က သူတို့ပြောစရာရှိတဲ့ဟာကို ပြောတယ်။ ခုနက ပြောတဲ့အတိုင်း ကျွန်းစခန်းကို ဖျက်သိမ်းပေးမယ်။ ဒါပေမယ့် ယာယီအားဖြင့်တော့ ကိုယ်ထူကိုယ်ထ ဆက်လုပ်ပေးပါလို့ ပြောတယ်။ သူတို့ပြောတဲ့ အဓိပ္ပါယ်က ဒီတိုက်ပွဲကို အသိ အမှတ် မပြုဘူးဆိုတဲ့ဟာပဲ။ ဒါပေမယ့် လိုက်တော့ လိုက်လျောတယ်။ နိုင်ငံရေးနာမည် မပျက်အောင်၊ ဂုဏ်သိက္ခာထိန်းချင်တဲ့သဘောပဲ။ အဲဒီတော့ ကျနော်တို့ဘက်က ဒါကို လက်မခံဘူး။ ကျနော်တို့ရဲ့ အဓိက တိုက်ပွဲတောင်းဆိုချက် ဖြစ်တဲ့ “ကိုယ်ထူကိုယ်ထ အရင်ဖျက်သိမ်း” ဒါပဲ ကျနော်တို့ ပြောလိုက်တယ်။

အဲဒီတော့ ဗိုလ်မှူးဟန်ဘွဲ့ ဆိုတဲ့လူကလည်း အထက်ညွှန်ကြားချက်ကို လိုက်လုပ်နေရတဲ့လူ။ သူ့မှာ ဘာမှအပေးအယူလုပ်ဖို့၊ ညှိနှိုင်းဖို့ ဘာအာဏာမှရှိတာ မဟုတ်ဘူး။ သူလည်း ဘာမှမတတ်နိုင်ဘူး။ ဒါနဲ့ပဲ နှစ်ဘက်ဘာသဘောတူညီချက်မှမရပဲ သူတို့ တပ်ခေါက်ပြန်သွားတယ်။

အဲဒါ ကျနော်တို့ ပြောနိုင်တာတခုက ရဲဘော်တယောက် ကျဆုံးပြီးပြီဆိုရင် အာဏာပိုင်တွေဘက်မှာလည်း ဂယက်ရိုက်မှု ရှိတာပဲ။ သူတို့အထဲမှာလည်းပဲ အမျိုးမျိုး စဉ်းစားတွေးခေါ်လာတာပဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် တဘက်က ကြည့်ရင်တော့ အဲဒီ အချိန်မှာ ကျနော်တို့ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ကျန်းမာရေးဟာလည်း ပိုပိုပြီး ချိလာနေပြီ။ ဒုတိယကျဆုံးသွားတဲ့ ရဲဘော်ကတော့ ရဲဘော်အုန်းမော်လို့ ခေါ်တယ်။ သူကျဆုံးတဲ့ အချိန်မှာ သူ့အသက် ၂၄/၂၅ လောက်ပဲ ရှိဦးမယ်။ သူက အစိုးရရဲ့ မရိန်းတပ်လို့ခေါ်တဲ့ ကမ်းတက်တပ်က ရဲဘော်ဖြစ်တယ်။ နဂိုကတည်းက ဆက်သွယ်ရေးလုပ်ငန်းလုပ်တယ်။

သူနဲ့ အမှုတွဲတတွဲတည်း အဖမ်းခံရတဲ့ ရဲဘော်အောင်ထီဆိုတာ ရှိသေးတယ်။ ရဲဘော်အောင်ထီကတော့ သူနဲ့မတူဘူး။ သူက ထွားထွားကြီး။ ရဲဘော်အောင်ထီက ခပ်ပုပု။ ဒါပေမယ့် ၂ ယောက်စလုံး တောင့်တယ်။ အဲဒီ ရဲဘော်အောင်ထီလည်း ကိုကိုးကျွန်းကို ပါလာတယ်။ ကိုကိုးကျွန်းပြန်လာပြီးနောက် ရဲဘော်အောင်ထီက ထောင်က လွတ်တယ် ဆိုတာနဲ့ ရခိုင်ပြည်နယ်ဘက် သွားပြီးတော့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်း ကျဆုံးသွားတယ်။

အဲဒါ သူတို့နှစ်ယောက်ကို သူတို့တပ်ထဲမှာ ဗကပ ယူဂျီအဖြစ် ဖမ်းမိတယ်ဆို တော့ အိုး... သူတို့စစ်တပ်ဟာ အင်မတန်မှ အံ့ဩတုန်လှုပ်ပြီး အကြီးအကျယ် ဒေါ တယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကို နှိပ်စက်လိုက်၊ ရိုက်လိုက်တယ်ဆိုတာ ပြောစရာကို မရှိဘူး။ သူ့ခန္ဓာကိုယ်ကြီးကလည်း ကြီးတဲ့အခါကျတော့ ထောင်တလျှောက်လုံးမှာ အာဏာပိုင်တွေက သူ့ကိုပဲ အမျိုးမျိုးနှိပ်စက်၊ ရိုက်နှက်နေကြတာ။ လက်တည့်စမ်းနေတယ်လို့တောင် ပြောလို့ရသေးတယ်။ အဲဒါ သူကလည်း အစိုးရအပေါ်မှာ (ရန်သူ အပေါ်မှာ) အင်မတန် နာကျည်းတယ်။ အင်မတန် ပြတ်သားတယ်။ ကိုကိုးကျွန်းမှာပေါ့။ သူ တခါအဖမ်းခံရတာ ဖြစ်ပြီးပြီပဲ။ ဒါကြောင့်မို့ သူ့ခေါင်းထဲမှာ တိုက်ပွဲ စဝင်ကတည်းက တိုက်ပွဲမှာ ကျစရာရှိရင်၊ အသေခံစရာရှိရင် ငါအရင်သေမယ်၊ ငါအရင် အကျခံမယ်လို့ ဆုံးဖြတ်ကြတာ။ ဒါ ကျနော်က ပါးစပ်နဲ့ အလွတ်ပြောတာမဟုတ်ဘူး။ သူ ကျဆုံးသွားတဲ့အခါ (တိုက်ပွဲဝင်ရဲဘော်အတော်များများဟာ လူတိုင်းတော့မဟုတ်ဘူး။ အတော်များများဟာ နေ့စဉ်မှတ်တမ်းလေးတွေ ရေးကြတယ်။ သူလည်း ရေးထားတယ်။) အဲဒီ သူရေး ထားတဲ့ မှတ်တမ်းထဲကနေပြီး ကျနော်တို့တွေ့တာ။

အဲဒီတော့ သူဟာ အခုလို သူ့အရင် ရဲဘော်သိန်းကြည် ကျဆုံးသွားတယ်ဆိုတော့ အတော့်ကို ခံစားရတယ်။ ဘယ်သူ့ကိုမှ အသိမပေးဘူး။ ဘယ်သူ့ကိုမှမပြောဘဲ သူ့တယောက်တည်း တိတ်တိတ်ကလေး ရေဖြတ်လိုက်တယ်။ ရေပါ မသောက်ဘဲနေလိုက်တာ။ “ရေအသက် တမနက်” လို့တောင် ကျနော်တို့ ပြောကြသေးတာပဲ။ သူ့ရဲ့ ၅ ပေ ၁၀ လက္မလောက် အရပ်ကြီး၊ နောက် အလေးမထားတဲ့ အားကစားသမားဆိုတော့ ရင် အုပ်က အင်မတန် ကားနေတယ်။ ဝလည်း ဝသေးတယ်။ လက်မောင်းကြီးတွေမှ နည်းတဲ့ လက်မောင်းကြီးတွေ မဟုတ်ဘူး။ ဧရာမခန္ဓာကိုယ်ကြီး။ အဲဒီခန္ဓာကိုယ်ကြီးက တခါတည်း ပုံကျသွားတာ။ ကျနော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် ဒီလိုခန္ဓာကိုယ်ကြီးမျိုး၊ ဒီလို ကျန်းမာရေးမျိုးဟာ အစာငတ်ခံတိုက်ပွဲမှာ အများကြီးခံနိုင်တယ်။ ကျနော် မုချပြောနိုင်တယ်။ သူသာ ဒီရေကို မဖြတ်ဘူးဆိုရင် ၅၃ ရက်တိုက်ပွဲမှာ ကျမှာမဟုတ်ဘူး။

အဲဒီတော့ သူ့ ကိုယ်အလေးချိန်ရော၊ သူ့ခန္ဓာကိုယ်အခြေအနေရော ဒလဟော ကျဆင်းလာတာ။ အဲဒီတော့ သူ ဒီလိုယိုယွင်းလာတာကို သူ့ကိုပြုစုနေတဲ့ရဲဘော်တွေက သတိထားမိတယ်။ ရိပ်မိသွားတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်းဆောင်တွေဆီကို သတင်းပို့ တယ်။ ခေါင်းဆောင်တွေကလည်း သူ့ကို “ဟာ... ခင်ဗျား ရေတော့ ပုံမှန်သောက်ရမှာပေါ့” လို့ သဘောထားပေးတယ်။ အဲဒီတော့ အထက်ခေါင်းဆောင်တွေရဲ့ အမိန့်ဆိုတော့ သူလည်း ဘာမှမတတ်နိုင်ဘူး။ လိုက်နာပြီး “ရေ ပြန်သောက်ပါ့မယ်” လို့ ပြောပြီး ပြန် သောက်တယ်။

ဒါပေမယ့် နောက်ကျသွားပြီ။ သူရေသောက်ပေမယ့် မရတော့ဘူး။ သူ့ကျန်းမာ ရေးဟာ ဒီလိုနဲ့ တိုက်ပွဲဝင် ၄၆ ရက်မှာပဲ ကျဆုံးသွားတယ်။ သူ့ဆန္ဒတော့ ပြည့်သွား တာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့အဖို့တော့ ဝမ်းနည်းပက်လက်နဲ့ပဲ သူ့ကို အလောင်းစင်ပေါ်၊ ခုနက ရဲဘော်သိန်းကြည် အလောင်းဘေးမှာပဲ တင်လိုက်ရတယ်။ အဲဒီတော့ အဲဒီ အာဇာနည်ဗိမာန်ထဲက သူ့ခေါင်းရှေ့မှာ ထောင်ထားတဲ့ ပိုစတာမှာတော့ သူ့နေ့စဉ်မှတ် တမ်းထဲက စာကြောင်းတကြောင်းကို ကျနော်တို့က ကူးပြီးရေးထားလိုက်တယ်။ အဲဒီ စာကြောင်းက...

• လယ်သမားထာ လယ်ထိုးတဲ့အခါ အငုတ်အဖြစ်ဝါ မကျန်အောင် ထိုးရသလို ရန်သူကို တိုက်ရာမှာလည်း အငုတ်အမြစ်မကျန်အောင် တိုက်ရမယ်။

ဒါ သူ့ရဲ့ဆောင်ပုဒ်ပဲ။ ရဲဘော်အုန်းမော်ဟာ လယ်သမားသားသမီးကိုးဗျ။

တတိယကျဆုံးတဲ့ ရဲဘော်ချစ်ဆွေ ကျဆုံးတဲ့အချိန်မှာ ကျနော်တို့က ထောင်ဗူးဝနားမှာ ကင်းစောင့်နေတာ၊ ကင်းကျနေတာ။ နေ့ခင်းကြီးပဲ။ အဲဒီအချိန်တုန်းက တိုက်ပွဲဝင်အဆောင် ၂ ထဲမှာ ရဲဘော်ထွန်းမြင့်နဲ့ ရဲဘော်စိန်ချင်းတို့ဟာ မျောနေကြပြီ။ အခြေအနေမကောင်းဘူး။ သိပ်မခံတော့ဘူးလို့ အားလုံးက တွက်ထားကြပြီ။ ကျနော်လည်း သိနေတာ။ အဲဒီလိုနဲ့ ကျနော် ကင်းစောင့်နေတုန်းမှာပဲ “အင်တာနေရှင်နယ်” သီချင်း သံပြိုင်ဆိုလိုက်တဲ့အသံကို ကြားရတာ။ ကျနော်လည်း ရဲဘော်တယောက်တော့ ကျပြန်ပြီ ဆိုပြီးတော့ ကင်းစောင့်နေရာကနေ မတ်တပ်ရပ်၊ တိုက်ပွဲဆောင်ရှိရာဘက် မျက်နှာမူသတိဆွဲ ရပ်နေလိုက်တယ်။ သီချင်းသံပြီးဆုံးသွားတော့ ကျနော့်ခေါင်းထဲမှာ ခုနက ရဲ ဘော်ထွန်းမြင့်နဲ့ ရဲဘော်စိန်ချင်းတို့အထဲက ဘယ်သူအရင်ကျပါလိမ့်လို့ ကျနော်တို့ ထင်နေ၊ တွေးနေတာ။

ပြီးတဲ့အခါမှာ ကျနော် စုံစမ်းကြည့်လိုက်တဲ့အခါကျတော့ “ဟာ... မဟုတ်ဘူး။ ကျသွားတာ ရဲဘော်ချစ်ဆွေ” လို့ ပြောပြန်ရော။ ဟာ… ကျနော် ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ကို အံ့သြသွားတယ်။

ရဲဘော်ချစ်ဆွေဆိုတာ ပြည်ခရိုင်က ဗကသကျောင်းသား။ ကျဆုံးချိန်က သူ့ အသက်က ၂၄/၂၅ လောက်ရှိမယ်။ ကျနော်ထက် ကြီးလှ ၃/၄ နှစ်ပဲ ဖြစ်မယ်။ မကွာ ဘူး။ ကျန်းမာရေး အင်မတန်ကောင်းတာ။ အကြမ်းပတမ်းလည်း အင်မတန်မှကိုခံနိုင်တာ။ လူက ထွားလည်းထွားတယ်။ မဲမဲကြီး။ လူချစ်လူခင် အင်မတန်များ၊ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ သူက တိုက်ပွဲဝင် ဒုတိယအသုတ်က။ သူကျဆုံးတဲ့အချိန်မှာ ကျနော်တို့ တိုက်ပွဲတိုက်တာ ၄၈ ရက် ရှိသွားပြီ။ သူတဦးချင်း တိုက်တာတော့ ၄၁ ရက်ပေါ့။ ရဲဘော် အုန်းမော်ကျပြီးနောက် တရက်ခြားပဲ။ ဒီတိုက်ပွဲမှာ ကျတဲ့ ပထမဆုံးကျောင်းသားပေါ့။ သူ့ရဲ့ဆောင်ပုဒ်အနေနဲ့ သူ့မှတ်တမ်းတွေထဲက ကျနော်တို့ ရွေးထုတ်လိုက်တယ်။ ရွေး ထုတ်ပြီး သူ့ရဲ့ခေါင်းရှေ့မှာပဲ ရေးပြီးထားလိုက်တယ်။ အဲဒါကတော့.….

• ခိုင်မာတဲ့သန္နိဋ္ဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာမရှိဘူး။

သူကျပြီး နောက်တနေ့မှာပဲ စောစောကတည်းက အခြေအနေ ဆိုးနေပြီဖြစ် တဲ့ ရဲဘော်ထွန်းမြင့် ကျဆုံးသွားတယ်။ ရဲဘော်ထွန်းမြင့်က ရန်ကုန်က အစိုးရဝန်ထမ်း၊ ကလေး ၂ ယောက်ဖခင်။ အင်မတန်မှ စကားနည်းပြီး အင်မတန် သိမ်မွေ့တဲ့လူ။ သူ့ခန္ဓာ ကိုယ်က သေးသေးလေး။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာက အင်မတန်ချစ်ခင်စရာကောင်းတဲ့ အပြုံးလေး အမြဲတမ်းရှိတယ်။ ကျနော်တို့ထက် အသက်ကြီးပါတယ်။ အသက်ကြီးသလို ပိုလည်းရင့်ကျက်၊ ပိုလည်းတည်ငြိမ်တယ်လို့ ကျနော့်ခေါင်းထဲမှာ စွဲနေတယ်။ သူ့အခြေအနေ မကောင်းတော့ဘူး။ ခြေတွေလက်တွေ အေးလာပြီဆိုတော့ ဘေးကရဲဘော်တွေက ဝိုင်းပြီး ခြေဆုပ်လက်နယ် ပြုကြတယ်။ သူ့လက်ကလေးတွေ ဖျစ်ညှစ်ပေး၊ သူ့ခြေသလုံး လေးတွေ ဖျစ်ညှစ်ပေး။ အဲလို ဝိုင်းလုပ်ကြတယ်ပေါ့။

အဲဒီမှာ ကျနော်တို့ခေါင်းဆောင် ဆရာရာဂျန်လည်း ပါတယ်။ သူက ဆရာရာဂျန်ကို သိပ်အားနာတာကို လူကြီးဖြစ်နေတော့၊ အားနာတော့ လေသံသဲ့သဲ့လေးနဲ့ သူက “ဆရာရယ်... ကျနော့်ခြေတွေလက်တွေ အေးနေပေမယ့် ကျနော့်ရဲ့နှလုံးသားဟာ မော်စီတုန်းအတွေးအခေါ်နဲ့ နွေးထွေးနေပါတယ်” လို့ပြောပါတယ်။ ဆရာ့ကို ဒီလိုပြုစုတဲ့ အလုပ်မျိုးမလုပ်ဖို့ သူက တောင်းပန်တာပါ။ သူကျတဲ့အချိန်မှာ မိုးတွေလေတွေ အင်မ တန် သဲသဲမဲမဲရွာနေထန်နေတယ်။ ကျနော်တို့က အဲဒီ မိုးတွေလေတွေကြားထဲမှာပဲ “အင်တာနေရှင်နယ်” သီချင်းကိုဆိုပြီး ထောင်ဗူးဝကို သွားကြတယ်။ ကြွေးကြော်သံတွေ တိုင်ကြတယ်။ ကျနော်တို့ အဲလို သွားပြီးတော့ ကြွေးကြော်သံတိုင်၊ ထောင်အာဏာပိုင် တွေကို လက်ညှိုးငေါက်ငေါက်ထိုးခဲ့တာ ၄ ကြိမ်ရှိသွားပြီ။ အဲလို ၄ ကြိမ်မြောက် ကြွေး ကြော်သံတွေတိုင်ပြီး ပြန်အလှည့်နောက်ကို ပြန်အလှည့်ဆိုရင်ပဲ တိုက်ပွဲဆောင်ဆီက “အင်တာနေရှင်နယ်” သီချင်းသံ ထပ်ထွက်လာတယ်။

အသံဟာ မကျယ်တော့ဘူး။ ဘာလို့ဆိုတော့ လူတော်တော်များများဟာ ဒီဗူးဝကို ရောက်နေကြတာ။ ပြုစုတဲ့ ရဲဘော်လောက်ပဲ ရှိတော့တယ်။ နောက်ပြီးကျတော့ အခြေအနေမကောင်းတာကို စောင့်ကြည့်နေတဲ့ ဆေးတာဝန်ခံ ရဲဘော်အေးမြင့်တို့တတွေ ပဲ ရှိတော့တယ်။ အဲ... သူတို့ဆိုလိုက်တဲ့အသံ။ ရဲဘော်စိန်ချင်းလည်း ကျသွားပြီဆိုတဲ့ အဓိပ္ပါယ်။ သူတို့နှစ်ယောက်ဟာ တိုက်ပွဲဆောင်ထဲမှာလည်း အိပ်ယာချင်းကပ်လျက် အိပ်ကြတဲ့လူ။ သူတို့အခြေအနေ ဆိုးနေပြီဆိုတော့ နှစ်ယောက်ယှဉ်လျက် မိန်းမောနေတာ။ နောက် သူတို့နှစ်ယောက် ကျဆုံးသွားတာ ရှေ့ဆင့်နောက်ဆင့်၊ နာရီဝက်လောက်ပဲ ခြားတယ်။ သူတို့ ကျဆုံးတဲ့အချိန်မှာ သူတို့တိုက်ပွဲဝင်တဲ့ရက်ဟာ ၄၃ ရက် ရှိသွားပြီ။ တရက်တည်း နှစ်ဦးဆက်တိုက် ကျဆုံးတာပဲ။

ဒီမှာပြောစရာရှိတာက သူတို့မကျဆုံးခင် တရက်လောက်မှာပဲ ဒုတိယအသုတ်ထဲ တိုက်ပွဲဝင်သူတွေထဲက တယောက် လက်မြှောက်အရှုံးပေးသွားတာ ပေါ်ခဲ့တယ်။ သူက မနက်တိုင်း ထောင်အာဏာပိုင်တွေ လာပြီးတော့ ဆေးစစ်တဲ့အခါမှာ သူက တိုက်ပွဲ ဆက်မတိုက်တော့ဘူး။ သူအရှုံးပေးပါပြီလို့ သူဖာသာ ကြေညာလိုက်တယ်။ ကျနော်တို့ လည်း ဘာမှမလုပ်ပါဘူး။ ထောင်အာဏာပိုင်တွေက သူ့ကို လက်ခံလိုက်တယ်။ လက်ခံလိုက်ပြီး အပြင်ကို ခေါ်ထုတ်သွားတယ်။ ဒီထဲမှာ ဆက်ထားရင် မဖြစ်ဘူးဆိုတာ သူတို့လည်း သိတယ်။ သူ့ကို ကပ်နဲ့ ထမ်းပြီးထုတ်သွားတာ။ စောင်အုပ်ပြီးခေါ်သွားတယ်။ သူ ကလည်း ရှက်တော့ သူ့မျက်နှာကို သူ့ဟာသူ စောင်နဲ့ ဆွဲအုပ်ထားတယ်။

ဒီလို တိုက်ပွဲအပြင်းအထန် သည်းသန်နေတဲ့အချိန်မှာ သူက လက်နက်ချသွားတယ်ဆိုတော့ ထောင်အာဏာပိုင်တွေဘက်က အတော်ကို အားတက်သွားတာ။ ကျန်တဲ့ လူတွေကလည်း ကျန်းမာရေး သိပ်ကျဆင်းနေတဲ့အချိန်မှာ ဒီလိုဖြစ်တော့ အမှန်ပဲ အားလုံးဒေါပွကြတယ်။ ဒါကို တိုက်ပွဲဝင်ရဲဘော်တွေကိုလည်း ကျနော်တို့ အသိပေးတယ်။

သူတို့လည်း သူတို့ဘေးတင်ဖြစ်နေတော့ သိတာပဲ။ တခြားအဆောင် တိုက်ပွဲ ဝင်ရဲဘော်တွေကိုလည်း အသိပေးတယ်။ အခု နောက်ဆုံးကျသွားတဲ့ ရဲဘော်စိန်ချင်းက..

• ကျနော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ ညှိုးနွမ်းအောင် မလုပ်ဘူး။

လို့ တင်းတင်းမာမာနဲ့ ပြတ်ပြတ်သားသား သူပြောခဲ့တယ်။ တကယ်ပဲသူက သူ့ဆောင်ပုဒ်ကို သူ တကယ်ထိန်းသိမ်းသွားတာ။ သူ့ခေါင်းရဲ့ရှေ့မှာ သူ့ဆောင်ပုဒ် ရေးတဲ့အခါကျ တော့ ဒီစကားကိုပဲ ကျနော်တို့ ရေးထားခဲ့တယ်။ အလုပ်သမားလူတန်းစားရဲ့ ဂုဏ် သိက္ခာကို ဘယ်တော့မှ ညှိုးနွမ်းအောင်မလုပ်ဘူးဆိုတဲ့ သူ့စကား။

ရဲဘော်စိန်ချင်းက ပခုက္ကူဘက်က၊ အိမ်ထောင်သည်။ အသက်ဟာ ၄၀ လောက်ရှိနေပြီ။ ၄၀ တဝိုက်ပဲ။ သားသမီးတွေနဲ့။ သူ့ဘဝတလျှောက်လုံး အင်မတန် ကြမ်းတမ်းတဲ့ ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရတာ။ ကျဘမ်းအလုပ်သမား၊ အလုပ်ကြမ်းအလုပ်သမား၊ အကုန်လုပ်ဖူးရှာတယ်။ သူ့မျက်နှာ၊ သူ့ခြေလက် အားလုံးဟာ အလုပ်ကြမ်းဒဏ်တွေကို အတိုင်းသား မြင်နေရတဲ့လူမျိုး၊ အဲ... ထူးခြားတာတခုကတော့ တယောထိုး အင်မတန် ညက်တယ်။

▪ ပြည်သူ့သူရဲကောင်းများရဲ့ဈာပန

ကျနော်တို့တတွေ တိုက်ပွဲတိုက်ကြတော့မယ်ဆိုကတည်းက ကျနော်တို့အနေနဲ့ အကျအဆုံးတော့ ရှိမှာပဲ။ စွန့်လွှတ်ရတာတွေ ရှိမှာဆိုတာ တွက်ပြီးသားပဲ။ ဒါပေမယ့် တန်ဖိုးဘယ်လောက်များများ ပေးရမလဲဆိုတာကျတော့ တယောက်နဲ့တယောက် တွက်ချက်မှုတွေ နည်းနည်း ကွဲပြားတာပေါ့ဗျာ။ တချို့ကလည်း ၂ ယောက်၊ တချို့ကလည်း ၃ ယောက်၊ ၄ ယောက်လား၊ ၅ ယောက်လား။ အဲဒီလို တွက်ကြတာ၊ အမျိုးမျိုးပဲ။ သေချာတာတခုကတော့ ရှေ့က အလံနီတွေ တိုက်တုန်းက တယောက်ကျခဲ့တယ်ဆိုတော့ အဲဒီတယောက်ထက် မနည်းဘူးဆိုတာတော့ သေချာတယ်။

အဲဒီလိုနဲ့ တိုက်ပွဲက ၅ ယောက် ကျဆုံးသွားပြီ။ အရေအတွက်ဟာ အတော် များတယ်။ ထောင်သမိုင်းမှာ အများဆုံးပဲလို့ ပြောနိုင်တယ်။ ကျနော်တို့ ရဲဘော်တွေထဲမှာ ဒီကိစ္စ အတော်လေး အလေးအနက်မထားလို့မဖြစ်၊ မစဉ်းစားလို့မဖြစ်တဲ့ အခြေအနေ။ ဘာကြောင့်လဲဆိုတော့ ကိုးကိုးကျွန်းမှာ ကျနော်တို့ ရဲဘော်တွေနေကြတဲ့ အဆောင် ၅ ဆောင်။ အဲဒါကြောင့်မို့လို့ အခုကျဆုံးတဲ့ အရေအတွက်နဲ့ တွက်လိုက်မယ်ဆိုလို့ရှိရင် ဟာ... တဆောင်ကို တယောက်နှုန်းလောက် ရှိနေပြီ။

ဒီအချိန်မှာ ကျနော်တို့ထဲမှာလည်း အမျိုးမျိုးစဉ်းစားကြတာတွေ ရှိတယ်။ ထောင်အာဏာပိုင်တွေဘက်ကပဲဖြစ်ဖြစ်၊ ကျနော်တို့ဘက်ကပဲဖြစ်ဖြစ် အခုအချိန်ဟာ တိုက်ပွဲပြင်းထန်ပြီးတော့ တယောက်ကိုတယောက် အကဲစမ်းကြတဲ့အချိန်။ တိုက်ပွဲရဲ့ အထွဋ်အထိပ်လို့ပြောရင်လည်း ရတယ်။ ကျနော်တို့ထဲက တချို့က တိုက်ပွဲအရှိန်မြှင့်ဖို့၊ နောက် အာဏာပိုင်တွေကို ဖိအားပေးဖို့ အမျိုးမျိုးစဉ်းစားကြတယ်။ တချို့က နောက်ထပ် အသုတ်လိုက် ထပ်ဝင်မလား။ တချို့က ရေဖြတ်ကြမလား။ ဒါမှမဟုတ် အခြားတိုက်ပွဲ သဏ္ဌာန်တွေ ဖော်ကြမလား။ အမျိုးမျိုး စဉ်းစားကြတယ်။ တချို့ကတော့ ခေါင်းဆောင် တွေကို သွားပြီးတင်ပြကြတယ်။ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်တွေက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးသယ်ဆောင်လာခဲ့ကြတယ်။ ဒီအချိန်ဟာ ခေါင်းဆောင်မှုရဲ့ အရည်အချင်းကို စမ်းသပ်တာလို့ ကျနော်တို့ ပြောလို့ရတယ်။

ဒါနဲ့တဆက်တည်းမှာ ကျနော်ပြောချင်တာတခုက ကျနော်တို့တိုက်ပွဲ အဲဒီ အချိန်အထိ ထောင်စခန်းအတွင်းမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းတွေဟာ ကျနော်တို့ကို ဘာမှဝေဖန်ပြောဆိုတာ မရှိဘူး။ အားပေးစကားပဲ ပြောကြတယ်။ ထောက်ခံကြတယ်။ အဲဒါကတော့ ကျနော်တို့ မှတ်တမ်းတင်၊ ကျေးဇူးတင်ရမယ့်ကိစ္စပဲ။

ကျနော်တို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေဘက်ကလည်း သူတို့တတွေ သိပ်အနေရခက်နေတယ်။ သူတို့လည်း ခြောက်ခြားနေကြတယ်။ ဘယ်ဗျာ... အကျဉ်းစခန်းအလယ်တည့်တည့်မှာ ယာယီစခန်းထိုးပြီး ခေါင်းတလားကြီး ၅ ခုတင်ထားတာ။ အဲဒီလိုတိုက်ပွဲမျိုးဟာ ဘယ်သူ မတုန်လှုပ်ပဲရှိပါ့မလဲ။ ကျနော်တို့ လေ့လာလို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကြားမှာ ဒီလိုတိုက်ပွဲမျိုး တခါမှမကြုံဖူးလို့ အံ့ဩတုန်လှုပ်နေကြတယ်ဆိုတာ။

(ဆက်ရန်...)

(”သန္နိဋ္ဌာန်” အပိုင်း မပြီးသေးပါ။ နောက်ပို့စ်မှာ ဆက်ပါမယ်။ ပီဒီအက်ဖ်စာမျက်နှာ ၉၂-၁၂၀။)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်