ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၃) 🖋 ရဲဘော်ဖိုးသံချောင်




ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၃)

◾ တော်လှန်ရေးသမား

ရဲဘော်ဖိုးသံချောင်း

▪ ကိုယ်ထူကိုယ်ထ

အဲဒီတော့ ဒီကိုယ်ထူကိုယ်ထဆိုတာဟာ ဗမာပြည်ထောင်သမိုင်းမှာ အသစ်ပဲ။ ဗမာပြည်ထောင်သမိုင်း၊ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ အသစ်ဆန်းဆုံးသောအရာလို့ ပြောလို့ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို B ကလပ်ကနေပြီးတော့ ဖြုတ်၊ အဆင့်အမျိုးမျိုး လျှော့ချလိုက်ပြီး အခုဟာက သာမန်အကျဉ်းသားတွေထက် ပိုဆိုးတဲ့အဆင့်ကို ပို့လိုက်တာဖြစ်တယ်။

ကျနော်တို့တတွေဟာ ကိုယ့်ထမင်းကိုယ် ချက်ရရုံမကကိုယ့်ထင်း ကိုယ်ရှာရမယ်။ ကိုယ့်ရေကိုယ် ခပ်ရမယ်။ ကိုယ့်သီးနှံကိုယ် စိုက်ရမယ်။ ဒီလိုစည်းကမ်းသတ်မှတ်တဲ့ ထောင်မျိုးကို ပြည်မမှာ လုပ်လို့မရဘူး။ သူတို့ ဒါသိတယ်။ ပြည်မ,မှာလုပ်ရင် ဒါဟာ နိုင်ငံတကာကလည်း သိသွားမယ်။ ပြည်တွင်းကလည်း သိကုန်မယ်။ နောက်တခါ နောက်ပိုင်းမှာ ကျနော်ပြောပါမယ်။ ပြည်မမှာ လုပ်လို့မရတဲ့အပိုင်းတွေ။ ထွက်ပြေးကုန်ကြမှာ။ အဲဒီတော့ ကျွန်းပေါ်မှာမှ လုပ်လို့ရတာ။ အဲဒီအတွက် သေသေချာချာကို စီစဉ်ပြီးတော့ စီမံကိန်းတခုနဲ့လုပ်တယ်ဆိုတာ နောက်ပိုင်းမှာလည်း ထပ်ပြီးတွေ့ရလိမ့်ဦးမယ်။

စောစောတုန်းက ကျနော်ပြောတဲ့သင်္ဘောပေါ်က လှမ်းမြင်ရတယ်ဆိုတဲ့ အိမ်တွေက လယ်ကျေးရှင်းကအိမ်တွေ။ မြေကျေးရှင်းလုပ်သားတွေ ဒီမှာရှိတယ်။ အုန်းပင်နဲ့ ပတ်သက်တဲ့ဟာတွေ။ နောက်ပြီးကျတော့ အထဲနည်းနည်းဝင်လာတော့ ထောင်အမှုထမ်းတွေရဲ့ တန်းလျားတွေ။ ထောင်အမှုထမ်းတွေရဲ့ တန်းလျားဆိုတော့ ထောင်အမှုထမ်းတွေလည်း သူတို့ဇနီးတွေဘာတွေ ခေါ်လာရတာမဟုတ်ဘူး။ ဟို... ထောင်ပိုင်ကအစ အကုန်လုံး ဒီမှာ အမျိုးသမီးတယောက်မှ မရှိဘူး။

အဲဒီ တန်းလျားတွေ ကျော်လာ၊ နောက် ကမူလေးတခုကို ကျော်လိုက်တော့မှ အဲဒီလမ်းရဲ့ ဘယ်ဘက်ညာဘက် နှစ်ဘက်စလုံးမှာ သံဆူးကြိုး နှစ်ထပ်ကန့်ထားတဲ့ ဝင်း ကြီး ၃ ဝင်းကို လှမ်းတွေ့ရတယ်။ ဧရာမ ဝင်းကြီးတွေ။ အထဲမှာ အဆောင်တွေနဲ့။ အဲဒါ ကျနော်တို့ကို ထားမယ့်အဆောင်တွေပဲ။ ကျနော်တို့အားလုံးကို ဝင်းကြီးတဝင်းထဲမှာပဲ ထည့်လိုက်တယ်။ ကျန်တဲ့ ဝင်းကြီး ၂ ဝင်းက လွတ်နေသေးတယ်။ ကျနော်တို့ဝင်းလိုပဲ အလားတူ ကြီးတဲ့ဝင်းကြီးတွေ။ တဝင်းကဆို ကျနော်တို့ထက်တောင် ပိုကြီးသေးတယ်။

ဝင်းတဝင်းထဲမှာ ထည့်လိုက်တယ်။ ထည့်လိုက်တာက လူ ၂၃၃ ယောက်။ အဆောင်တွေမှာ ခပ်ချောင်ချောင်ပဲ ပိုတောင်နေသေးတယ်။ နောင်မှ ကျနော်တို့ ပြန် တွက်ကြည့်တာ ဝင်း ၃ ဝင်းလုပ်ထားတာ ဒီစခန်းတွေထဲမှာ လူအပြည့် ခပ်ကျပ်ကျပ် ထည့်နိုင်မယ်ဆိုလို့ရှိရင် ဒီဝင်း ၃ ဝင်းဆိုလို့ရှိရင် လူ ၁ဝဝဝ လောက်ကို ပို့နိုင်တယ်။ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကိုကိုးကျွန်းပို့ဖို့ဆိုတဲ့ အစီအစဉ်။ ဘယ်လောက် ကြောက် စရာကောင်းလိုက်သလဲ။ ဘယ်လောက် ရက်စက်ယုတ်မာလိုက်တယ်ဆိုတာ စဉ်းစားလို့ရတယ်။

အဲဒီတော့ ကျနော်တို့တတွေ အဆောင်ထဲဝင်သွားတယ်ဆိုတော့ နေရတာက ဘားတိုက်လိုဟာတွေ။ စစ်တန်းလျား ဘားတိုက်လိုဟာတွေ။ အဲဒီမှာ ကုတင်မရှိဘူး။ ကွပ်ပျစ်လို အဆောင်ဘားတိုက်အပြည့် ရိုက်ထားတဲ့ဟာတွေ ရှိတယ်။ အဲဒီအလယ်မှာ လူသွားလမ်းက အုတ်စီကွန်ကရစ်နဲ့။ အဲဒီ ကုတင်တွေရဲ့အောက်မှာတော့ သဲတွေပဲ။ ကျနော်တို့ရောက်သွားတော့ ကျနော်တို့နေတဲ့ အဆောင်တွေထဲမှာကိုပဲ ဝင်ကစွပ်တွေ၊ ဂဏန်းအသေးလေးတွေ သွားလာနေကြတုန်း ရှိသေးတယ်။ ဆိုလိုတာ ဒီစစ်အစိုးရဟာ ထောင်တွေ တိုးချဲ့ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ဖျက်ဆီးလိုက် တယ်။ ဒီလို ကျနော်တို့ ထင်းခုတ်တောင်ယာခုတ်နဲ့ ပိုကိုထိခိုက်သွားတာ။

ဒီတခါပို့လိုက်တဲ့လူကို ကြည့်လိုက်တော့ ကျောင်းသားလူငယ်က ရာခိုင်နှုန်း ၇၀/၈၀ လောက်ရှိတယ်။ အဲဒီအထဲက ကျောင်းသားချည်းကိုက တဝက် ကျော်(၅၀) ကျော်) လောက် ရှိလိမ့်မယ်။ ကျနော်တို့ သေသေချာချာတော့ အဲလိုစာရင်းတော့ တွက် မကြည့်ဘူးပေါ့လေ။ သေချာတာတော့ ၅၀% အထက်မှာပဲ။ ၆ဝ/ တောင် ကျော် လောက်တယ်ထင်တယ်။ အဲဒီတော့ ပြန်စဉ်းစားလိုက်တော့ ၅၈ ခုနှစ် ကိုကိုးကျွန်းပို့ တုန်းက ကျောင်းသားက နည်းနည်းလေး။ အဲဒီတုန်းက ကျောင်းသားဟာ ကိုကိုးကျွန်းပို့ တဲ့ အရေအတွက်ထဲမှာ ၁၀% တောင် မရှိဘူး။ ဒီတခါကျတော့ ရာခိုင်နှုန်းက ၅၀/၆၀။ အဲလိုဖြစ်နေတယ်။

ကျနော်ထောက်ပြချင်တာက ကျနော် အထက်ကပြောခဲ့တဲ့ စစ်အစိုးရရဲ့ ကျောင်းသားတွေအပေါ်ထားတဲ့ အာဃာတ အငြိုး၊ အဲဒါကို ထပ်ပြီးပြောချင်လို့ပါ။ ဒီတခါ ပို့လိုက်တဲ့အထဲမှာ ကျနော်တို့ ပြန်စစ်ကြည့်လိုက်တော့ ဗကသ က ပါတယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပါတယ်။ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂက ပါ တယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပါတယ်။ မန္တလေးခရိုင် ဗကသ က ဟာတွေ ပါတယ်။ နောက် ကျောင်းသားညီညွတ်ရေးတပ်ဦးက ပါတယ်။ နောက်... တပ်ဦး သစ်၊ ပြည်သူ့လူငယ် လူငယ့်တပ်ဦး၊ နောက်... မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီ၊ ပြည်သူ့ရဲဘော်၊ အလံနီပါတီ ABKO, ရခိုင်လူငယ်... စတဲ့ဟာတွေပါတယ်။ ဖဆပလ ပထစ တယောက်မှမပါဘူး။ အကုန်လုံး ထောင်တွေထဲမှာ ကျန်နေခဲ့တယ်။ လွှတ်လည်း မလွှတ်သေးဘူး။ အဲဒီတုန်းက အရင်ကျွန်းရောက်ဖူးသူတွေလည်း ၃/၄ ယောက် ပါတယ်။ အရင်တခါ ကျွန်းပါပြီးသားဗိုလ်အုန်းမောင် အပါအဝင်ပေါ့လေ။

အဲဒီတော့ နိုင်ငံရေးနဲ့ မပတ်သက်သူ၊ လက်ဝဲနဲ့ မပတ်သက်သူရယ်လို့ ဒီဒေသဆိုင်ရာအာဏာပိုင်တွေ (အဲဒီတုန်းကတော့ လဝကတို့၊ မဝကတို့ အဲဒီလူတွေပေါ့။) သူတို့က သူတို့နဲ့ မတည့်လို့ ညစ်ပြီးထည့်လိုက်တဲ့၊ ဘယ်လိုမှ နိုင်ငံရေးမလုပ်တဲ့၊ မပတ်သက်တဲ့ တခါမှမလုပ်ဖူးတဲ့လူတွေ ၄/၅ ယောက်လောက် ပါလာတယ်။

ဥပမာ မန္တလေးက ပါလာတဲ့ ဒေါက်တာကူးမားတို့လိုပုဂ္ဂိုလ်တွေ။ ကျန်တာကတော့ ကျောင်းသားနဲ့ လက်ဝဲတွေချည်းပဲ။

ကျနော်တို့နေရတဲ့ ဝင်းထဲမှာ အဆောင် ၁၂ ဆောင် ရှိတယ်။ အဲဒီ ဆောင် ၁၂ ဆောင်ထဲက အဆောင် ၂ ဆောင်ကို လှပ်ထားလိုက်တယ်။ တဆောင်ကို ဆန်ဂိုထောင် လုပ် တယ်။ တဆောင်ကို ဆေးရုံအဆောင်ဆိုပြီးတော့ လှပ်ထားလိုက်တယ်။ အဲဒီ ကျန်တဲ့ ၁၀ ဆောင်မှာ ကျနော်တို့ ၂၃၃ ယောက် မျှနေကြတာ။ ကျနော်တို့ နေတဲ့ဟာရဲ့ အရှေ့ဖက် အဆုံးမှာ ကျနော်တို့က သူနဲ့ အရှေ့ဖက်အဖျားမှာဆိုတော့ အရှေ့ဖက်အစွန်မှာ ရိက္ခာ ရုံအကြီးကြီး ရှိတယ်။ အဲဒီ ရိက္ခာရုံအကြီးကြီးမှာ မီးဖိုအကြီးနှစ်ခု ရှိတယ်။ နောက်... ထမင်းစားခန်းကြီး ရှိတယ်။ ကျနော်တို့နေတာက ကျွန်းရဲ့တောင်ဖက်အဖျား။ တောင် ဖက်အဖျားမှာဆိုတော့ ကျွန်းက အဖျားရှူးတဲ့အပိုင်းကို ရောက်နေပြီ။ ကျနော်တို့ တောင် ဘက်နားမှာ နည်းနည်းပဲ ကျန်တော့တယ်။

ကျနော်တို့နေတဲ့နေရာမှာ ကျွန်းက အရှေ့နဲ့ အနောက်ဖက်ဆိုလို့ရှိရင် မီတာ ၄၀၀ ၊ မီတာ ၅၀၀ လောက် ရှိတယ်။ ကျွန်းရဲ့ တောင်ဖက်ဖျားမှာကျတော့ သူတို့ ရေတပ်တို့၊ လေယာဉ်ပျံကွင်းတို့၊ အုန်းဆံကြိုးစက်တို့၊ မြေကျေးရှင်းတို့ အဲဒါတွေရှိတယ်။ ကျနော်တို့ရဲ့ ရိက္ခာရုံကနေပြီးတော့ အဲဒီ အရှေ့ဖက်ကို လှမ်းကြည့်လိုက်ရင် သင်္ဘောပျက် ကြီးတခု လှမ်းတွေ့ရတယ်။ သင်္ဘောပျက်ကြီးက ဘာမှမဝေးဘူး။ ဒီရေကျချိန်ဆိုလို့ရှိရင် လမ်းလျှောက်သွား၊ အဲဒီ ရေစပ်ရောက်လို့ရှိရင် ရေထဲဆင်းရေကူးစရာရှိရင် နောက်ထပ် ကိုက်သုံးလေးဆယ် ရေကူးလိုက်ရင် အဲဒီသင်္ဘောကြီးကို ရောက်သွားရော။ ဆန်တင် သင်္ဘောကြီး။ ကျနော်က အဲဒီသင်္ဘောကြီးကို အိုနာဆစ်လို့ နာမည်ပေးထားတယ်။ ဂရိ သင်္ဘော သူကြွယ်ကြီး အိုနာဆစ်။ ကြားဖူးတာက ဒါ... ဂရိသင်္ဘောတစင်းလို့ ကျနော်တို့ ကြားဖူးတယ်။

ဟုတ်လည်းဟုတ်ပါတယ်။ နောင်မှ ကျနော်တို့ သင်္ဘောပေါ် တက်ကြည့်ကြတဲ့ အခါကျတော့ ဂရိစာတွေဘာတွေ တွေ့တယ်။ ဒါပေမယ့် အိုနာဆစ်သူဌေးရဲ့ သင်္ဘော ဟုတ်မဟုတ်ဆိုတာတော့ မသေချာဘူးလေ။ အဲဒီဟာက ဒီသင်္ဘောရဲ့ သမိုင်းကလည်း ဒီလို…။

ဗမာပြည်မှာ ၁၉၆၇ ခုနှစ်၊ ဆန်တွေ ပြတ်လပ်တဲ့အခါကျတော့ စစ်အစိုးရဟာ (အဲဒီတုန်းက မဆလအစိုးရပေါ့သူတို့က ပြည်သူလူထုမသိအောင် တိတ်တိတ်ကလေး ဆန်တွေကို နိုင်ငံခြားကို ထုတ်ရောင်းတာ။ ဒီသင်္ဘောမှာ တင်ပြီး လွှတ်လိုက်တာ။ ဖြစ် ချင်တော့ ဒီသင်္ဘောက ဒီနားရောက်တော့ မီးလောင်တာ။ သင်္ဘောမီးလောင်တာနဲ့ နောက်ဆုံး ကျွန်းနားကို ရေတိမ်တဲ့နေရာ အတင်းထိုးပြီးတော့ သင်္ဘောထိုးတက်လိုက်ပြီး လူတွေအကုန်လုံး ဆင်းပြေးရတာ။ အဲဒီသင်္ဘောကြီးက ဒီအတိုင်းကျန်နေခဲ့တာ။ သင်္ဘော ပေါ်မှာ မီးလောင်ထားတဲ့ဟာတွေ အများကြီး။ ကျနော်တို့ တက်ရှာတဲ့အခါကျတော့ သင်္ဘောပေါ်မှာ ဆန်အိတ် အပုပ်တွေ၊ ဆန်အိတ်တွေက ပုပ်ပြီး နံနေပြီ။ လက်နှိပ်စက် အပျက်တွေ၊ တခြား တန်ဖိုးရှိတဲ့ပစ္စည်းတော့ ဘာမှမရှိပါဘူး။ ဒါပေမယ့် နောင်မှာကျတော့ ဒီသင်္ဘောကြီးနဲ့ အဲဒီ တန်ဖိုးမရှိတဲ့ပစ္စည်းတွေကပဲ ကျနော်တို့အတွက် အင်မတန်တန်ဖိုးရှိ တဲ့ အဓိကကုန်ကြမ်း အရင်းအမြစ်တွေဖြစ်တာ ကျနော် ဆက်ပြောပြပါမယ်။

ကျနော်တို့ စရောက်ရောက်ခြင်း ပထမဆုံးလုပ်ကြရတာ အလုပ်ဆိုင်းအဖွဲ့၊ တချို့ ၆၀ ဆယ်နီးပါး အသက်ကြီးတွေ၊ ကျန်းမာရေး မကောင်းတဲ့လူတွေ၊ ထောင်ထဲမှာ အနှစ်နှစ် ဒဏ်တွေ ခံလာခဲ့တဲ့လူတွေ၊ သူတို့ကို ပလပ်ပြီးတော့ ကျန်းမာရေးကောင်းတဲ့လူ တွေ ဒါမှမဟုတ် ကျန်းမာရေးအသင့်အတင့်ရှိတဲ့လူတွေ ကိုယ်နဲ့တန်ရာအလုပ်တွေကို ဝင် လုပ်ကြရတယ်။

ဖွဲ့လိုက်တာကတော့ အဓိကအားဖြင့် ရေခပ်တဲ့အဆိုင်း၊ ထင်းခုတ်ထွက်ရတဲ့ အဆိုင်း၊ စိုက်ပျိုးရေးလုပ်တဲ့အဆိုင်း၊ မီးဖိုထမင်းချက်တဲ့အဆိုင်း၊ မီးဖိုထမင်းချက်တယ်ဆို ပေမယ့် လူရာနဲ့ချီပြီးတော့ ချက်ရတဲ့အတွက် မသက်သာလှဘူး။ ပါသွားတဲ့အထဲမှာ အခုနပြောသလို ကျောင်းသားလူငယ်တွေက အများကြီးဆိုတော့ အလုပ်ကြမ်းမလုပ်ဖူး သူ၊ အလုပ်ကြမ်း မလုပ်တတ်တဲ့လူက အများကြီး၊ ကျနော်အပါအဝင်။ အဲတော့ကျမှ အကုန်သင်ရတာ။ ရေတောင် လုံးလုံးမထမ်းတတ်သူ။ အဲဒါက ရေထမ်းတယ်ဆို လို့ရှိရင် မန္တလေးအခေါ် တပြကျော်သေး၊ တပြခွဲလောက်ရှိတယ်။ အဲဒီလောက်အဝေးကို လမ်းမှာ ကမူကြီးတခု ကျော်တက်ရသေးတယ်။ အဲလိုထမ်းရတာ။ အဲတော့ အတော်ကို မသက်သာတဲ့အလုပ်ပဲ။ အစမှာတော့။ ပုခုံးပေါက်တာ ပြဲတာလောက်ကတော့ ပြောမနေ နဲ့။ ရေပုံးဟာ ရေတွေဖိတ်လည်းဖိတ်၊ နောက်တခါ ဟိုရွဲ့ ဒီရွဲ့နဲ့။

ပေါက်ပြားပေါက်တယ်ဆိုရင်လည်းပဲ မပေါက်တတ်လို့၊ ထင်းခွဲတယ်ဆိုရင်လည်း မခွဲတတ်လို့။ စခွဲတုန်းက ပုံကျအောင် မခွဲတတ်ဘူး။ ခွဲခြမ်းရရှိရုံနဲ့ မရသေးဘူးလေ။ နောက်တော့ လွှသွေးရတာ ဖြစ်လာဦးမယ်။ ဓါးသွေးရတာ ဖြစ်လာဦးမယ်။ ဒါတွေက လည်း ဘာမှမလုပ်ဖူးတဲ့လူတွေအတွက် ကာလတခု ဖြတ်သန်းပြီး၊ အတော်ကို လေ့ကျင့် ရသေးတဲ့ ကိစ္စတွေပါ။

နောက်တခုက ပင်လယ်အစားအစာ။ ကျနော်တို့တတွေကို ထောင်က ကျွေး တာက အစားအသောက်တွေလည်း သံဗူး၊ ဟင်းသီးဟင်းရွက်တွေလည်း သံဗူးပဲ။ ကျန် တာက ပဲ၊ ငါးပိ၊ အစားအသောက်အတွက် အသားက တပတ်ကို ၂ ခါ ပေးတယ်။ အဲဒီ လိုပေးတဲ့ဟာ ဘယ်လိုမှ အာဟာရနဲ့ မပြည့်စုံလို့ ကျနော်တို့တွေ ရေချိုးထွက်တဲ့အခါ ပင် လယ်အစားအသောက်ကို ရှာကြတယ်။ ခရုကောက်တယ်။ ယောက်သွားခွာတယ်... အစ ရှိသဖြင့်ပေါ့။ ပင်လယ်အစားအသောက်ဆိုတာက ကျနော်တို့လည်း အဲဒီကျမှသိတာ။ စားကျင့်မရှိတဲ့သူ စားတဲ့အခါကျတော့ အသားဝါရောဂါဖြစ်တာ။ အဲဒီဒဏ်ကို ထောင်ထဲ က ပါလာတဲ့ဒဏ်နဲ့ ပေါင်းလိုက်တဲ့အခါကျတော့ အတော်ဆိုးတာကိုး။ နောင်မှာ ကျနော် ထပ်ပြောပါမယ်။ ရဲနီတယောက်၊ အလံနီပါတီက ပုဂ္ဂိုလ်တယောက်ဆို ဆုံးကိုသွားတာ၊ အသားဝါရောဂါနဲ့။

အဲတော့... ကျနော်တို့တတွေရဲ့ခေါင်းထဲမှာ ဘယ်လိုပေါ်လာလဲဆိုတော့ ပြောပြ ဦးမယ်။ ထောင်စကားမှာ “ထောင့်အပြင် တန်းမရှိ”ဆိုတဲ့ စကားရှိတယ်။ တန်းဆိုတဲ့ဟာ ထောင်ထဲမှာ တိုက်ပိတ်အောင်လို့ သံကြိုးနဲ့တန်းဆွဲပြီး ချီထားတာကိုပြောတာ။ အဓိပ္ပါယ် က “ထောင့်အပြင် တန်းမရှိပါဘူးကွ” ဆိုတာ၊ “သန်းခေါင်ထက် ညဉ့်မနက်ပါဘူး” ဆိုတာ ထောင်ထဲရောက်မှတော့ “သန်းခေါင်ထက် ညဉ့်မနက်ပါဘူး၊ ဘာမှကြောက်ပါ ဘူး” ဆိုတဲ့စကားအတိုင်း ဒါ ရိုးရိုးထောင်သား ပြောတဲ့စကားပါ။..ကျနော်တို့ကျတော့ ထောင်လည်းမက တိုက်လည်းမက၊ တန်းလည်းမက၊ ကျွန်းတောင် ရောက်နေပြီ။ နောက်ပြီးကျတော့ ကျနော်တို့မှာ ထောင်ဒဏ်ဘယ်နှနှစ် ချလိုက်တယ်ဆိုတဲ့ သတ်မှတ် ချက်လည်း မရှိဘူး။ နောက်ပြီး အခုအာဏာပိုင်တွေ ပြောပုံဆိုပုံအရဆိုရင် ကျနော်တို့ဟာ အကန့်အသတ်မရှိပဲ ဒီထောင်မှာနေရတော့မှာ။ အဲတော့ ကျနော်တို့ခေါင်းထဲမှာ သေ မထူး၊ နေမထူးဆိုတဲ့စိတ်နဲ့ နည်းနည်းကွာတော့တာ။ ဒါက ကျနော်တို့ခေါင်းထဲက။

ထောင်အာဏာပိုင်တွေဘက်ကကျတော့လည်း သူတို့မှာပြဿနာက ဘယ်လို ဖြစ်လာလဲဆိုတော့ ကျနော်တို့ကို အလုပ်ကြမ်းခိုင်းချင်လို့ တနည်းအားဖြင့် နံနှိမ်ချင်လို့ ကျွန်းကိုပို့လိုက်တာ။ နောက်တခုက အဆက်အသွယ်ဖြတ်ချင်လို့။ ပြည်မက လူထုနဲ့ အ ဆက်အသွယ်ဖြတ်ချင်လို့။ ကျနော်တို့ ဘာတွေလုပ်တယ်ဆိုတဲ့သတင်း ပြည်မက မကြား အောင် ကျွန်းကိုပို့လိုက်တာ။ ဒါပေမယ့် ဖြစ်တာက ကျွန်းမှာ ကျနော်တို့ကို သတ်လို့ တော့ မဖြစ်ဘူး။ ကျနော်တို့ကို လောလောဆယ်ပေါ့။ ဘာလို့ဆို ကျနော်တို့က တောထဲ က ဖမ်းလာတဲ့လူတွေ မဟုတ်ဘူး။ တောထဲက ဖမ်းတဲ့လူကတော့ ထွက်ပြေးလို့ဆိုပြီး တော့ တောထဲမှာတင် ပစ်သတ်လိုက်တယ်။ အဲလိုပဲ သတ်နေတာပဲလေ၊ တလျှောက်လုံး။ မြို့ဆိုတော့ အိမ်က မိဘတွေမျက်စိအောက်က ဖမ်းတာလေ။ သတ်ပစ်လို့ မဖြစ်ဘူး။

အဲဒီမှာထားတော့ သူက ထုတ်လုပ်ရေးလုပ်ခိုင်းတယ်။ ထုတ်လုပ်ရေးလုပ်တယ် ဆိုတော့ ကိရိယာတန်ဆာပလာတွေ ပေးရတယ်။ တူလွှ၊ ဆောက်၊ ပေါက်ပြား၊ ဓါး၊ အဲဒါ တွေ ပေးရတယ်။ အဲဒါတွေ ပေးရတော့ ဒါတွေက ကျနော်တို့ လက်ထဲမှာ လက်နက်လို ဖြစ်လာတယ်။ ဝါဒါတွေကျတော့ သေနတ်ကိုင်ခွင့် မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော် တို့ကို အပြင်ထုတ်ရမှာ။ အပြင်ထုတ် အလုပ်လုပ်ခိုင်းရမှာ။ ကျနော်တို့ လူ ၂ဝ လောက် ကို ဝါဒါတယောက်က အစောင့်ဆိုပြီး လိုက်ရတယ်။ ဒါမှမဟုတ် ၂ ယောက် လိုက်ရ တယ်။ ကျနော်တို့လက်ထဲမှာ တူတွေ၊ လွှတွေ၊ ဓါးတွေနဲ့။ အဲ... ဝါဒါတွေလက်ထဲမှာတော့ သေနတ်ပေးမိရင် လုလိုက်လို့ရှိရင် ဒုက္ခပဲ။ အဲတော့ ဝါဒါလည်း သေနတ်ကိုင်ခွင့် မရှိဘူး။ သူတို့ထုံးစံ အတိုင်း ဝါဒါတွေကိုင်နေကျ တုတ်ကလေးတချောင်းပဲ ရှိတယ်။ အဲဒီတုတ်က လေးကတော့ ထည့်ပြောမနေနဲ့၊ ကျနော်တို့လက်ထဲမှာ ဓါးတွေ၊ ဆောက်တွေ အကုန်ရှိ နေတယ်။ ပေါက်ပြားတွေရော။ ဝါဒါတွေကလည်း ကျနော်တို့ကို ကြောက်တယ်။

အဲဒါအပြင် သူတို့လည်း ကျနော်တို့နဲ့အတူတူပ။ ထောင်ကျနေတာပဲ။ အိမ်က မိဘသားချင်းနဲ့ ခွဲ၊ ဒီရောက်လာကြတာ။ နေရတဲ့နေရာပဲ မတူတာ။ စားရတာကလည်း ကျနော်တို့နဲ့ ဘာမှမကွာဘူး။ အဲ.. သူတို့က စိတ်ဓာတ်လည်းကျတယ်။ စိတ်လည်း မပါ ဘူး။ ကျနော်တို့ထဲက ထင်းခုတ်တယ်၊ တောင်ယာလုပ်တယ်ဆိုရင် လူအုပ်နဲ့သွားတယ်။ ဟိုမှာ မီးမွှေးတယ်၊ ကြံဖန်ချက်ပြုတ်စားတယ်။ နောက်တခါ ဟင်းရှာသွားဆို တောထဲကို ဝင်သွားတယ်။ လက်ထဲမှာ ဓါးပါသွားတယ်။ ဝါဒါ နောက်က မလိုက်ရဲဘူး။ အဲတော့ ပြည်မထောင်တွေမှာကျတော့ ထောင်ထဲမှာ သူတို့သဘောမတွေ့ရင် အပြစ်ကျူးလွန် တယ်ဆိုပြီး ကြံဖန်ပြီး တိုက်ပိတ်နေရတယ်။ ကိုကိုးကျွန်းမှာ တိုက်ပိတ်လို့မရဘူး။ တိုက် ပိတ်ရင် သူတို့က ထမင်းချက်ကျွေးရမှာ။ အဲလိုသာ ချက်ကျွေးမယ်ဆိုရင် အကုန်လုံးက တိုက်ထဲဝင်ကြမှာ။ ဒါဆို “ကိုယ်ထူ ကိုယ်ထ” ဆိုတဲ့ ပေါ်လစီတခုဟာ အဓိပ္ပါယ်မရှိတော့ ဘူး၊ ဘာမှ လုပ်လို့မရတော့ဘူး။ ဆိုတော့ တိုက်ပိတ်လို့လည်း မဖြစ်ဘူး။ တိုက်ပိတ်ရ အောင်လည်း သူတို့မှာ အင်အားမရှိဘူး။ သူတို့ အင်အားသုံးလိုက်ရင်လည်း ကျနော် တို့မှာ တုတ်တွေ၊ ဓါးတွေနဲ့ ပြဿနာတွေ ကြီးတော့မှာ။

အဲတော့ အခုဖြစ်လာတာက ဘာမှမကြာဘူး။ ကျနော်တို့ကို အလုပ်ဆိုင်း အဖြစ် ထုတ်လိုက်တာနဲ့တပြိုင်နက် ဝါဒါတွေဟာ ကျနော်တို့ကို ကြောက်ရတဲ့လူတွေ ဖြစ်သွားတယ်။ “သွားမလုပ်နဲ့။ သူတို့က သေမထူး နေမထူးတွေ။ ဘာမှကြောက်တဲ့လူ တွေ မဟုတ်ဘူး။ ငါတို့မှာ သားမယားတွေ ငဲ့ရဦးမှာ” အဲဒီလိုဖြစ်လာတယ်။ အဲတော့ ကျနော်တို့တွေ အလုပ်ကြမ်းလုပ်လာရတာလည်းရှိတော့ ဟို... ကြာတော့ ဒေါသလည်း ဖြစ်၊ စိတ်ကလည်း တိုကြတယ်။

အဲတော့ ထင်းလုပ်တဲ့ ထင်းတုံးလေးတွေ သယ်လာတယ်။ ထမ်းပြီး သယ်လာ တယ်။ ထမ်းပြီးတော့ မီးဖိုချောင်ထဲ ပို့ရမှာ။ မီးဖိုချောင်ထဲပို့ဖို့ဆိုရင် ဟို... ကျနော်တို့ ထင်းလုပ်တဲ့နေရာ ဥပမာ... မီးဖိုချောင်နဲ့ နီးတဲ့ဖက်က ထင်းတွေကို သယ်လာတယ်။ အဲဒီ ကနေ ဟိုးဖက် တံခါးပေါက်ကိုပြန်သွား။ အဲဒီကနေ ဝင်ပြီးတော့ ထောင်တလျှောက်လုံး ပြန်လျှောက်လာရတယ်။ နောက်ထပ် မီတာ ၂၀၀ ကျော်လောက် ထပ်လျှောက်နေရဦးမှာ ထင်းတုံးကြီးထမ်းပြီးတော့။ အဲတော့ ဘယ်သူမှ မထမ်းချင်တော့ဘူး။ ကျနော်တို့ ထင်းတုံးတွေကို ဒါမှမဟုတ် ခွဲခြမ်းတွေကို သံဆူးကြိုးအပြင်ဖက်ကနေ အထဲကိုရောက်အောင် ပစ် ချတယ်။ ဒါမှမဟုတ် အောက်ကနေ အတင်းထိုးသွင်းတယ်။ အဲဒီတော့ ကြာတော့ သံဆူး ကြိုးတွေ ပြတ်ကုန်တာပေါ့။ တခါတလေကျတော့ ကျနော်တို့က ခွဲခြမ်းတွေကို တမင်ကို သံဆူးကြိုးပေါ်ပစ်ချတာကို သူတို့မမြင်ဘူး။ သံဆူးကြိုးတွေ ပြတ်ကုန်ရော။ ပြတ်ကုန်တော့ သူတို့လည်း ပြင်မနေချင်ဘူး။

ကျနော်တို့ကို ရေချိုးထုတ်တယ်ဆိုတာလည်း အစတော့ အဆိုင်းနဲ့ စနစ်တ ကျ။ နောက်ကျတော့ ထင်းသွားလုပ်တဲ့လူက ပြန်လာတဲ့အခါကျတော့ သူတို့ကိုသပ်သပ် ရေချိုးထုတ်ပေးရ။ ဟာ... မီးဖိုချောင်လုပ်တဲ့လူက ချက်ပြုတ်ပြီးမှ ရေချိုးတာဆိုတော့ သူ တို့ကို သပ်သပ်ထုတ်ပေးရ။ နောက်တော့ သူတို့လည်း မနိုင်တော့ဘူး။ ဒီလိုနဲ့၊ တ ဖြည်းဖြည်းနဲ့ မောင်မင်းကြီးသားတို့သဘောပဲ ဆိုတာမျိုး ဖြစ်လာရော။

တခြားမပြောနဲ့ သူတို့ ငွေတွေကြေးတွေ အများကြီး အကုန်ခံပြီး ဆောက်ထား တဲ့ ဒီစခန်းကြီး ၃ ခုမှာ ကျနော်တို့ကိုလည်း ခေါ်လာပြီးရော နောက်ထပ် အသုတ်တွေ ခေါ်ဖို့ သူတို့စဉ်းစားကို မစဉ်းစားနိုင်တော့ဘူး။ အဲဒီစခန်းတွေက ကျနော်တို့ပြန်လာသည် အထိ ဟောင်းလောင်းပဲ။ ကျနော်တို့ကတောင်မှ အဲဒီအဆောင်တွေထဲကိုဝင်ပြီးတော့ ကျနော်တို့လိုချင်တဲ့ဟာတွေကို ဖျက်ယူ၊ သုံးချင်တာသုံးနေကြတာ။ ရေပုံးလုပ်ဖို့ သွပ်ပြားလိုချင်တယ်ဆို အဲဒီစခန်းကိုသွားပြီး သွပ်ပြားတွေခွာတယ်။ နောက်တခါ တူရိယာပစ္စည်း တွေ လုပ်ဖို့အတွက်ဆိုပြီး သစ်သားကောင်းတွေ အဲဒီအဆောင်ထဲ သွားယူတယ်။

နောက်ဆုံး ကိုကိုးကျွန်းက ထွက်ပြေးတဲ့ လှေ ၂ စင်းဟာ မန်းငြိမ်းမောင်တို့ ခုနကပြောတဲ့ ဦးမန်းအောင်ကြည်တို့၊ ဦးအောင်ဝေ (ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော် အောင်ဝေ) သူတို့ ၃ ယောက် စီးထွက်တဲ့ လှေဟာဆိုလို့ရှိရင် အဲလိုပဲ ပင်လယ်ထဲကရတဲ့ ပျဉ်ပြားလည်းပါတယ်။ အဲဒီကခွာတဲ့ ပျဉ်ပြားလည်းပါတယ်။ အဲလို လုပ်ကြရတာပဲ။

အဲဒီတော့ ကျနော်တို့မှာ ဘေးက အိုနာဆစ်သင်္ဘောကြီး ရှိနေတဲ့အခါကျတော့ အဲဒီသင်္ဘောပေါ်တက်ပြီးတော့ အကုန်ယူကြတာ။ တူရိယာပစ္စည်းတွေအတွက် ဂီတာ၊ ဒုံမင်း၊ မယ်ဒလင် အဲဒါတွေအတွက် ကြိုးတွေအကုန်လုံး။ နောက်တခါ ကျနော်တို့က ပတ် ကြိုးလုပ်ဖို့အတွက် ပတ်ကြိုးရစ်တဲ့စက်ကလေးတွေတောင် လုပ်ထားသေးတယ်။ ဒုံမင်းမှ အမျိုးမျိုး၊ ပုံစံလည်းအမျိုးမျိုး၊ စားပွဲတင်ဒုံမင်းမျိုးလည်း ရှိတယ်။ နောက်ပြီးကျတော့ ခုံကြီးတခုနဲ့ ဆောင်းဘောက်အကြီးနဲ့လုပ်ထားတဲ့ ဒုံမင်းမျိုးလည်းရှိတယ်။ ပတ္တလားတွေ လည်း အများကြီး။ သံပတ္တလား၊ ဝါးပတ္တလား၊ ကြေးပတ္တလား။ မယ်ဒလင်တွေကတော့ ပြောမနေနဲ့တော့။

အဲဒါတွေအပြင် ကျနော်တို့က ဓါးတွေ၊ ဓားမြှောင်တွေ၊ နောက် ငါးထိုးဖို့ မှိန်းတွေ အဲဒီအိုနာဆစ်သင်္ဘောကြီးပေါ်ကရတဲ့ သံတိုသံစတွေနဲ့ ကိုယ့်ဟာကိုယ် ပန်းဘဲဖို လုပ်ပြီးတော့ လုပ်ကြတာပဲ။ လူတိုင်းလူတိုင်းမှာ တောတိုးတဲ့ ဓါးမြှောင်တွေ ရှိကြတယ်။

ဓားမြှောင်ဆိုပေမယ့် ခုတ်လို့လည်းရတာပေါ့။ အနည်းဆုံးတော့ အုန်းသီးဖောက်သောက်လို့ ရတယ်။ ဒါတောင် အင်မတန်မျက်စိမွဲပါတယ်ဆိုတဲ့ ဦးလေး ဦးမြသန်းတောင်မှ (စာရေးဆရာ မြသန်းတင့်) ဓါးရှည်တချောင်းနဲ့။ သူကလည်း ရေကူးတာတို့ တောတိုးတာတို့ အင်မတန်ဝါသနာပါတာ။ မြင်သာ မမြင်တာ။

အဲလို ဖြစ်လာကြတဲ့အခါကျတော့ ထောင်ကလူတွေ ကျနော်တို့ကို ကြောက် တာလည်း ဘာမှ အပြစ်ပြောလို့မရဘူး။ ကြည့်လေ သူတို့ပေးတဲ့ဟာက ကျနော်တို့ကို ပေးတဲ့ဟာက အဝတ်အစားဆိုရင် အဖြူတွေ၊ အင်္ကျီအဖြူ၊ လုံချည်အဖြူ၊ အဖြူဆွတ် ဆွတ်တွေ။ အဲဒါက သိပ်ပြီးမြင်လွယ်တယ်။ နောက် ကျနော်တို့က အဲဒီဟာတွေကို အရောင်ဆိုးတယ်။ ဆေးဆိုးတယ်။ ဘာနဲ့ ဆိုးလဲဆိုတော့ အုန်းခွံနဲ့ဆိုးတယ်။ နောက်ကျ တော့ သရက်ခေါက်တွေအဲဒီမှာ တောသရက်ပင်တွေ့ရှိတယ်။ အဲ... သရက်ခေါက်တွေအုန်းခွံတွေကို ဧရာမမိုးဗြဲဒယ်ကြီးနဲ့ကျို။ ပြီးတော့ အဝတ်တွေ ပစ်ထည့်။ အဲ... အဝတ်အစားတွေက ညိုညိုတွေ၊ မဲမဲ၊ ဒါမှမဟုတ် နက်ပြာရောင်တွေ မှိုင်းမှိုင်းအရောင်တွေချည်းပဲ အကုန်လုံး။ လူတဦး တယောက်မှမရှိတဲ့ တောကြီးတတောထဲမှာ ဝါဒါတယောက်ဟာ ခုနက အင်္ကျီကလည်း အကုန်လုံးညိုညိုမဲမဲမှိုင်းမှိုင်းနဲ့။ လူတွေကလည်း တကယ့်ကို မျက်နှာတွေကလည်း ခက်ထန်နေတဲ့လူတွေ။ ဓါးတွေလှံတွေမှိန်းတွေနဲ့ ထွက်လာတော့ ဗြုန်းကနဲ တွေ့လိုက်တယ်ဆို ဘယ်လိုဖြစ်သွားမလဲ။ ဟို... ဝါဒါတွေ ထွက်ကိုပြေးတာ ကျနော်တို့ ကြုံဖူးတယ်။

နောက်ကျတော့ ကျနော်တို့ကို လာချော့ပေါင်းတာ။ ကျနော်တို့ လိုချင်တဲ့ဟာလေးတွေ သူတို့က ရှာပေးတယ်။ မိတ်ဆွေဖြစ်သွားကြတယ်။ ကျနော်တို့ကလည်း ဝါဒါ ဟာ ကိုယ့်ရန်သူမှ မဟုတ်ပဲ။ ရန်သူလို သဘောမထားဘူး။ ကျနော်တို့က သူတို့တတွေဟာ ဆင်းဆင်းရဲရဲအမှုထမ်းပဲ ဆိုပြီးတော့ နားလည်တာပါ။ အဲဒီတော့ ကြာတော့ မိတ် ဆွေဖြစ်လာတယ်။ အဲဒီလို ထောင်ရဲ့ အခြေအနေဟာ အာဏာပိုင်မျှော်မှန်းထားတဲ့ဟာနဲ့ လုံးဝမကိုက်ပဲနဲ့ တမျိုးတမည် ပြောင်းလဲလာတယ်။

အဲလိုပြောင်းလဲလာတဲ့အခါ၊ တနှစ်လောက်နေတဲ့အခါမှာ ကျနော်တို့ သတင်း တွေ အမျိုးမျိုးကြားလာရတယ်။ တခုကဘာလဲဆိုတော့ ကျနော်တို့ ရိက္ခာသွားထုတ်တဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေ ရှိတယ်လေ။ အဆောင်ကိုယ်စားလှယ်တွေကနေ ရိက္ခာ သွားထုတ်။ ရိက္ခာသွားထုတ်တဲ့အခါကျတော့ သူတို့က ပြောလွှတ်တယ်။ “ခင်ဗျားတို့ အတွက် ဒီမှာစိုက်ပျိုးဖို့ မျိုးစေ့တွေ ယူပေးမှာ။ စပါးစိုက်ရင်တောင် ရနိုင်တယ်။ နောက် မွေးမြူ စရာ အကောင်တွေ။ ခင်ဗျားတို့ နောင်ဆိုလို့ရင် သားစိုငါးစို စားရမှာ ပါ။ မွေးမြူ စရာ အကောင်တွေကို ကျနော်တို့ ပြည်မက ယူပေးမှာ။ အခုလိုအပ်ရင် လယ်ထွန်စက်တောင် ယူပေးမှာ။”အဲလို သူတို့က ပြောလာတယ်။

အဲဒါနဲ့ တချိန်တည်းမှာ ဝါဒါတွေကတဆင့် ကျနော်တို့ဆီ သတင်းတွေ ပြန့်လာ တာ။ အင်း... ဇနီးသားမယားတွေတောင် ခေါ်ပေးမယ်ဆိုတဲ့ဟာမျိုး။ အဓိပ္ပါယ်က သူတို့ရဲ့ ကိုကိုးကျွန်းစီမံကိန်းက သိပ်ကြီးတာ။ နောက်... ကျနော်တို့ကို အခုလက်ရှိ လုပ်နေတဲ့ ဟာတွေထက်ကို အများကြီး ပိုကျယ်ပြန့်တဲ့၊ ပိုကြီးမားတဲ့ ထုတ်လုပ်ရေးစီမံကိန်းတွေနဲ့ ထောင်ချဖို့ ပြင်ထားတာ။ အဲဒါအပြင် ဇနီးသားမယားတွေပါ ခေါ်ပေးမယ်ဆိုတော့ ကျနော်တို့သာမက သားမယားတွေပါ ထောင်ချမယ့် စီမံကိန်းကြီးပဲ။

▪ ငါးပိတိုက်ပွဲ

အဲဒီလို သူတို့စီမံကိန်းကြီးလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာသလို ကျနော် တို့ ဒီဘက်ကလူတွေရဲ့ ပိုင်းဖြတ်ချက်ဟာလည်း တဖြည်းဖြည်း ပိုပြီးပြတ်သားလာတယ်။ နောက်ဆုံး ကျားနဲ့ဆင် လယ်ပြင်မှာတွေ့တဲ့အချိန် ရောက်လာပြီလို့ ကျနော်တို့ အကျဉ်း သားတွေဘက်က ဆုံးဖြတ်တဲ့အခြေအနေကို ရောက်လာရတာပဲ။ ဒါလောက်တောင် ရင်း နှီးမြှုပ်နှံပြီးတော့ ဒါလောက်ကြီးမားတဲ့ စီမံကိန်းကြီးတခုကို တည်ဆောက်ထားတာကို ကြည့်လိုက်ရင် ကျနော်တို့ကိုတော့ လွယ်လွယ်နဲ့ လွှတ်မှာမဟုတ်ဘူးဆိုတာ ရှင်းနေတယ်။ ဒါကို ကျနော်တို့အထဲမှာ ဘယ်သူမှ ဝိဝါဒမကွဲဘူး။

စဉ်းစားကြည့်ပါဗျာ။ ကျနော်တို့ကို ၂ နှစ် ၃ နှစ် ထားဖို့လောက်နဲ့တော့ ဒါမျိုး မလုပ်တာအမှန်ပဲ။ ၂ နှစ် ၃ နှစ်ဆိုတော့ သူတို့ ပို့ရကြိုရတဲ့စရိတ်နဲ့တောင် မကာမိဘူး။ အဲဒီတော့ ဒါလောက် ထောင်ကြီး ၃ ခု၊ စခန်းကြီး ၃ ခု အဲဒီအတွက် အစောင့်တွေနေ ရာ ထိုင်စရာ၊ နောက်ပြီးကျတော့ သယ်ယူပို့ဆောင်ရေး၊ နည်းတဲ့စရိတ်တွေ မဟုတ်ဘူး။ အဲဒီလောက် အရင်းနှီးအကြီးကြီး လုပ်ထားတာဆိုလို့ရှိရင် ကျနော်တို့အတွက် ရှေ့မှာ တိုက်ပွဲမှတပါး ဘာမှအားကိုးစရာ မရှိဘူးဆိုတာ ရှင်းနေတယ်။ ကျနော်တို့အားလုံး ခေါင်း ထဲမှာ ဒီကိစ္စ ရှင်းနေတယ်။

ဒါပေမယ့် မတူကြတာက ဘယ်လိုအတိုင်းအတာအထိ တိုက်မလဲ။ ဘယ်လိုပုံစံ နဲ့ တိုက်မလဲ။ ဒီဟာပဲ ကွာကြတာ။ အဓိကကျတဲ့ တိုက်ရမယ်ဆိုတဲ့ဟာကျတော့ ဘယ် သူမှ မကွာဘူး။ ဒါ ကျနော်တို့အထဲမှာ အကျဉ်းသားအားလုံးလိုလို တူညီကြတယ်လို့ ပြောနိုင်တယ်။ တချို့ စိတ်ဓာတ်တစုံတရာ ပျော့တဲ့လူတွေဟာလည်း ဒါကိုတော့ မငြင်း ဘူး။ သူတို့ကိုယ်တိုင် မပါရဲတာရှိမယ်၊ မပါဝံ့တာ ရှိမယ်၊ မပါချင်ဘူးပြောတာ ရှိရင်ရှိမယ်။ ဒါပေမယ့် တိုက်သင့်တယ်၊ တိုက်ရမယ်ဆိုတာတော့ အားလုံးက သဘောတူကြတယ်။

အဲဒီတော့ ရန်သူကို တိုက်မယ်ဆိုလို့ရှိရင် ဘာအရေးအကြီးဆုံးလဲ။ ကျနော် ဆိုလိုတာက ထောင်ထဲလိုနေရာမှာ။ ကျနော်တို့ အတွေ့အကြုံရဆိုလို့ရှိရင် တခုကတော့ ကိုယ့်ထက်အင်မတန်အားကြီးတဲ့ရန်သူကို ရင်ဆိုင်ရတော့မှာမို့လို့ ကျနော်တို့ စည်းလုံးညီညွတ်ရမယ်။ ဒါ အထူးပြောစရာမရှိဘူး။ အကျဉ်းသားအားလုံး စည်းလုံးညီညွတ်ရမယ်၊
အပြန်အလှန် အကူအညီပေးရမယ်၊ ထောက်ထားရမယ်။ နောက်တခုက အကျဉ်းသားတွေအားလုံးဟာ နိုင်ငံရေးရှင်သန်နေရမယ်။ ကျနော်တို့ဘဝမှာ သာမန်စားဝတ်နေရေးနဲ့ ပိနေလို့၊ အိမ်လွမ်းနေလို့၊ ဟိုဟာမျှော် ဒီဟာမျှော်၊ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေထားနေလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

နောက် ကိုယ့်ခေါင်းထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်ဘဝမှာ နိုင်ငံရေးရှင် သန်နေအောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲစဉ်းစားရတယ်။ အဲဒီအတွက် အမြဲပြင်ဆင်ရ တယ်။ အမြဲ အချက်အလက်တွေ ဖန်တီးနေရတယ်။ စိတ်ဓာတ်ကျနေလို့ရှိရင် ကျနော်တို့ ဘာကိုမှ မရင်ဆိုင်နိုင်ဘူး။ နောက်တခုက ကာလံဒေသံ တွက်တတ်ရမယ်။ ဘယ်လိုအ ချိန်မှာ၊ ဘယ်လိုအနေအထားမှာ၊ ဘယ်လိုတိုက်ပွဲမျိုး ဘယ်လောက်အတိုင်းအတာအထိ တိုက်မယ်။ အဲဒါမျိုး တွက်တတ်ဖို့ သိပ်လိုတယ်။ အဲဒါဟာ အတွေ့အကြုံအများကြီး လို တယ်။

အဲဒီတော့ ကျနော်တို့အတွက် ကံကောင်းတာက ကိုကိုးကျွန်းမှာ ကျွန်းကို ၂ ခေါက် ရောက်ဖူးတဲ့လူတွေ ပါတယ်။ နောက်ပြီးကျတော့ ဗိုလ်အုန်းမောင်တို့၊ ဆရာရာဂျန် တို့လို ထောင်ထဲမှာ အတွေ့အကြုံအများကြီးရှိတဲ့၊ တိုက်ပွဲတွေ အများကြီးတိုက်ဖူးတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါတယ်။ ဗန်းမော်ဦးတင်အောင်တို့လို ထောင်ထဲ အကြာကြီးနေဖူးတဲ့သူ တွေ ပါတယ်။ စာရေးဆရာ ဦးလေးကြီး မြသန်းတင့်ဆိုလို့ရှိရင်လည်း ကျွန်း ၂ ခေါက် ပြန်ပဲလေ။

အဲဒါအပြင် ကျနော်တို့ကို ထောင်တကာကနေပြီးတော့ ပို့လိုက်တာဆိုတော့ ထောင်တကာက တိုက်ပွဲအတွေ့အကြုံတွေ အားလုံးမှာ ပါလာကြတယ်။ ထောင်တကာ က နာကျည်းချက်တွေ ပေါင်းမိပြီးတော့ နာကျည်းဒေါသဖြစ်ကြတာ ရှိသလိုထောင်တ ကာက အတွေ့အကြုံတွေ ပါလာတဲ့ ကျနော်တို့တတွေမှာ တိုက်ပွဲဝင်ဖို့အတွက် နည်းနာ တွေ ပိုကြွယ်ဝလာတာလည်း ရှိတယ်။

ကျနော်တို့ ဘာလုပ်ကြလဲဆိုတော့ နိုင်ငံရေး အမြဲရှင်သန်နေအောင်ဆိုတဲ့ဟာ ကို ဦးတည်ပြီးတော့ စာကြည့်တိုက်ထားတယ်။ ကျနော်တို့ပါလာသမျှ စာအုပ်တွေကို စု ပြီးတော့ စာကြည့်တိုက်ထားတယ်။ စာကြည့်တိုက်ကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ အဲဒါမျိုး တွေငှားတဲ့ သာမန်စာကြည့်တိုက်လည်း ရှိတယ်။ နောက်…. သဘောတရားဆန်တဲ့ စာ အုပ်တွေထားတဲ့ စာကြည့်တိုက်လည်း ရှိတယ်။ နောက်တခါ အခါအားလျော်စွာ အခမ်း အနားတွေလုပ်တယ်။ ကွန်မြူနစ်ပါတီဆိုလို့ရှိရင် ကွန်မြူနစ်ပါတီ တည်ထောင်တဲ့နေ့၊ လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့နေ့၊ နိုင်ငံတကာအလုပ်သမားနေ့၊ အောက်တိုဘာ တော်လှန်ရေးနေ့... စတဲ့ နေ့ကြီးရက်ကြီးတွေမှာ ကျနော်တို့ အခမ်းအနားတွေ လုပ်ကြ တယ်။

အခမ်းအနားတွေမှာ အလံတွေတလူလူနဲ့၊ မိန့်ခွန်းတွေပြောကြတယ်။ သီချင်း တွေ ဆိုကြတယ်။ ကျနော်တို့မှာ တီးဝိုင်းတွေ ရှိလာတယ်။ တီးဝိုင်းတွေအတွက် တူရိယာ ပစ္စည်းက စောစောကပြောခဲ့တဲ့ အိုနာဆစ်သင်္ဘောကြီးပေါ်က ရတဲ့ပစ္စည်းတွေနဲ့ ဖန်တီး ထားတာ။

နောက်ပြီးကျတော့ နေ့ကြီးရက်ကြီးတွေမှာ အားကစားပွဲတွေ ကျနော်တို့ လုပ် တယ်။ အဓိကကတော့ ဘော်လီဘောပွဲ၊ ဘောလုံးပွဲ၊ စစ်တုရင်ထိုးပွဲ၊ ကျားထိုးပွဲ။ အဲဒါ အပြင် ကပွဲ ဆိုပွဲတွေလည်း ရှိတယ်။

နောက်တခုက ရေဒီယို။ ကျနော်တို့ကို ထောင်အာဏာပိုင်တွေက အဲဒီတုန်း က ခေတ်စားတဲ့ “ကြံ့ခိုင်ရေး” ရေဒီယိုလိုဟာမျိုး ဆိုနီရေဒီယိုတလုံး ပေးထားတယ်။ ဓါတ်ခဲ သုံး ရေဒီယို။ ဒါပေမယ့် အဲဒီရေဒီယိုကို သူတို့က ဗမာ့အသံပဲ ဖမ်းပေးလိုက်တယ်။ ဖမ်းပေးပြီး ကျန်တဲ့ဟာတွေကို မဖမ်းနိုင်အောင်လို့ ရေဒီယိုကို သုံးထပ်သားသေတ္တာနဲ့ ရိုက်ပြီးတော့ ကျနော်တို့ဆီ ပို့ပေးတယ်။ ရေဒီယိုပါ ထောင်ချထားတာ။ လူတွေတင်မက ဘူး ရေဒီယိုပါ ထောင်ချပြီး ကျနော်တို့ကိုပေးတယ်။ ပေးတဲ့အခါကျတော့ ဝါဒါက ညမှာ လာပို့တယ်။ သူတို့ ဗမာ့အသံ ပြီးချိန် ည ၉ နာရီခွဲမှာ ပြန်ပြီးလာယူတယ်။ အဲဒီတော့ ကျနော်တို့က ကိုယ့်ဆီ ရောက်လာပြီဆိုလို့ရှိရင် ရေဒီယိုကို သံချောင်းတချောင်းမှာ ပလာစတာတွေ ကပ်ပြီးတော့ အဲဒီရေဒီယိုကို ကြားကနေ ထိုးတယ်။ ပလာစတာကပ်ထားတာကတော့ မနာအောင်လို့။ မနာအောင်လို့ ဆိုတာထက် လက်သည်မပေါ်အောင်လို့ပါ။ အဲလိုနည်းနဲ့ ရေဒီယိုမျိုးစုံကို ကျနော်တို့ နားထောင်နေရတာ။ နောက်ပိုင်းကျတော့ ထောင်အာဏာပိုင်တွေလည်း ဘာမှမတတ်နိုင်တော့တဲ့အခါကျတော့ ရေဒီယိုကို သုံးထပ် သားသေတ္တာနဲ့ သော့ခတ်တာတောင် မလုပ်တော့ပါဘူး။ ရေဒီယိုဟာ ဗြောင်ပဲ၊ ကျနော် တို့ကြိုက်တာ ဖွင့်နေကြတော့တာပဲ။

အဲဒီလိုနဲ့ တနေ့ကျတော့ ကျနော်တို့ ကျွန်းပေါ်ရောက်ပြီးတော့ လပိုင်းပဲ ရှိ သေးတယ်။ ပထမဆုံး တိုက်ပွဲတခုဖော်ဖို့ အခြေအနေကြုံလာတယ်။ အဲဒါက ဘာဖြစ်တာ လဲဆိုတော့ ဒီ ကိုကိုးကျွန်းနဲ့ ရန်ကုန်က မိုးတွင်းဆိုလို့ရှိရင် ဆက်သွယ်ရေး သိပ်ခက်တယ်။ အထူးသဖြင့် ဆက်သွယ်ရေးတာဝန်ယူတဲ့ ရေတပ်ကဖြစ်စေ၊ သင်္ဘောလိုင်းတွေက ပဲဖြစ်စေ မုန်တိုင်းများတဲ့ကာလမှာ ဖြစ်နိုင်ရင် မသွားချင် မလာချင်။ နောက်ပြီးတော့ ကို ကိုးကျွန်းကို ကပ်ရတာလည်း နည်းနည်းခက်တယ်။ အဲဒါ သူတို့က အဲဒီအချိန်ကျရင် အဆက်အသွယ်ကို လုံးဝမရှိသလောက်ပဲ။ အဲဒီတော့ ဒီမိုးတွင်းမရောက်ခင် ပို့စရာရှိတာ တွေအကုန်လုံး ကျွန်းကို ပို့ထားတယ်။ မိုးတွင်းကျရင် ရပ်။ မိုးကုန်မှ တခါပြန်ပြီးတော့ ဟိုကသင်္ဘောတွေ လာတယ်။ အဲလိုလုပ်တာ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျနော် တို့ကိုပေးတဲ့ ငါးပိဟာ တနေ့ကျတော့ ကြည့်လိုက်တော့ ငါးပိက ချိုးတွေနဲ့၊ အပုပ်တွေ။ အနံ့တွေ သိပ်ဆိုးတာ။ အဲဒါတွေ ဖြစ်နေတာ။

အဲဒါ ကျနော်တို့က ထောင်အာဏာပိုင်ကို သွားပြောတယ်။ “ဟာ... ဒါတွေ တော့ ကျနော်တို့ကျွေးလို့ ဘယ်ဖြစ်မလဲ။ ဒါတွေ ကျနော်တို့စားရင် ကျနော်တို့အကုန် လုံး ကျန်းမာရေး ထိခိုက်မှာပေါ့” ဆိုတော့ ထောင်အာဏာပိုင်က “တခြားမရှိဘူး။ ဒါပဲ ရှိတယ်။ ယူ” ဆိုပြီးပြောတော့ ပြတ်ပြတ်ပဲပြောတယ်။ အဲဒီတော့ ကျနော်တို့အားလုံး တိုင်ပင်ကြတယ်။ တိုင်ပင်ကြပြီးတော့ “ဒါဟာ ပထမဆုံး ငါတို့ကိုအညွန့်ချိုးဖို့ သူတို့ ပြောလေ့ရှိတဲ့ ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့ဆိုတဲ့မှုကို စစမ်းကြည့်တာပဲ ဖြစ်တယ်။ ဒို့ ဒါကိုသာ လက်ခံလိုက်ရင် ဦးကျိုးသွားမှာ။ နောင် ဘယ်တော့မှ သူ တို့ကို ပြန်ပြောလို့ရမှာ မဟုတ်တော့ဘူး။ ဒါကို လက်ခံလို့မဖြစ်ဘူး” ဆုံးဖြတ်ကြ တယ်။ အဲလို ဆုံးဖြတ်ကြပြီးတော့ ထောင်အာဏာပိုင်တွေကိုပြောတယ်“ကျနော်တို့ကို ငါးပိအကောင်းပေး။ မပေးရင် ကျနော်တို့ အစာငတ်ခံတိုက်ပွဲဝင်မယ်” လို့ပြောတယ်။ ဒီတော့ ထောင်အာဏာပိုင်ကလည်း “တိုက်” ဒီတခွန်းပဲ။ အဲဒါ ကျနော်တို့ ပထမဆုံး တိုက်ပွဲ စတိုက်ကြတယ်။ “ငါးပိတိုက်ပွဲ”

အဲဒီတော့ ဒါဟာ တောင်းဆိုတဲ့ကိစ္စဟာ ဘာမှကြီးကြီးမားမားမဟုတ်ဘူး။ ဒါ ပေမယ့် ဒါဟာ ကိုကိုးကျွန်းမှာ ပထမဆုံးတိုက်ရတဲ့ တိုက်ပွဲဖြစ်တော့ တဖက်နဲ့တဖက် လည်း အခြေအနေ ကောင်းကောင်းမသိကြသေးဘူး။ အတော်ကို စမ်းတဝါးဝါးနဲ့ တိုက်ရ တာဖြစ်တဲ့အတွက် အင်မတန်ခက်ခဲမယ်လို့ ကျနော် တွက်ထားတယ်။ ခက်ခဲမယ်ဆိုတာ အောင်ပွဲရဖို့ ခက်ခဲတယ်ဆိုတာထက် ကျနော်တို့အတွက် အတွေ့အကြုံစုဆောင်းရတာ၊ နောက်ပြီးကျတော့ အချင်းချင်း ညှိနှိုင်းရတာ အဲဒါတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ ကျနော်တို့ တွက်ထားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို ပေါ့လို့ မရဘူးဆိုပြီး ကျနော်တို့ အဲဒီလိုတွက်ပြီးတော့ တိုက်တယ်။

အစာငတ်ခံတိုက်ပွဲတိုက်တော့ ကျနော်တို့ခေါင်းဆောင်တွေက “ရဲဘော်တို့ ရှေ့ က တက်ကြ” ဆိုပြီးတော့ သူတို့က နောက်ကနေခဲ့တာမဟုတ်ဘူး။ သူတို့ ကိုယ်တိုင် ရှေ့ ဆုံးက တိုက်တာ။ ပထမအသုတ်က ဆရာရာဂျန်ပါတယ်။ ဒါပေမယ့် ဆရာ့ခမျာမှာ ၂ ရက် ၃ ရက်လောက်ရှိသေး နားကို ထိုင်းသွားရှာတာ။ သူ့ကျန်းမာရေးက မကောင်းဘူး။ အသက်ကလည်း ကြီးပြီ။ ဒါပေမယ့် အဲဒီ နားမကောင်းလျက်နဲ့ပဲ ဒီတိုက်ပွဲကို အစအဆုံး သူပါဝင်တိုက်သွားတာ။ နောက်... ကျနော်မှတ်မိနေသလောက်ဆိုရင် ပြည်သူ့တိုးတက် ရေးပါတီက ဦးလေးဦးခင်မောင်မြင့်လည်း ပါတယ်။ ပြည်သူ့ရဲဘော်ထဲက ဗိုလ်မျိုးထွဋ်တို့ လည်း ပါတယ်။ လူအတော် များများပါတယ်ခင်ဗျ။

အဲဒီတော့ ဒီတိုက်ပွဲဟာ ကျနော်တို့ဘက်က အချက်အလက်အရ အင်မတန် ပိုင်နိုင်နေတယ်ဆိုတော့ တိုက်လို့တော့ ကောင်းတယ်။ ရန်သူ့ဘက်က အမှားချည်းပဲ။ အာဏာပိုင်တွေဘက်က အမှားချည်းပဲ။ အဲဒီလိုဖြစ်တော့ ကျနော်တို့က ပြောလို့လည်း ကောင်းတယ်။ တိုက်လို့လည်း ကောင်းတယ်။ ကိုယ့်အထဲထဲကိုလည်း စည်းရုံးလို့ ကောင်းတယ်။

နောက်... ကျနော်တို့ဆီမှာက အဲဒီလို တိုက်ပွဲတခုလုပ်ပြီ၊ အစာငတ်ခံပြီဆို လို့ရှိရင် ကျန်တဲ့သူတွေအားလုံးက (တိုက်ပွဲမှာ မပါတဲ့လူတွေ) မပါကြပေမယ့် ဒီတိုက်ပွဲကို ထောက်ခံတဲ့အနေနဲ့ ဒီအဆောင်ထဲကနေပြီးတော့ အပြင်ကို မထွက်ကြတော့ဘူး။ ဒီဝင်း ကြီးထဲကနေ အပြင်ကို မထွက်ကြတော့ဘူး။ ဝင်းကြီးထဲမှာပဲ နေတယ်။ အပြင်ထွက်ပြီး ရေခပ်၊ ထင်းခုတ်တောင် မလုပ်ကြတော့ဘူး။ ကျနော်တို့ အဲဒီကျတော့ ရေတွင်းတွေ ကိုယ့်အဆောင်ထဲမှာ တူးပြီးနေပြီ။ အဲဒီတော့ အပြင်ထွက် ရေမခပ်ကြတော့ဘူး။ တောင် ယာလည်း မလုပ်ဘူး။ တောင်ယာလည်း အဆုံးခံတယ်။ သစ်သီးတွေဘာတွေ စိုက်ထားတာရှိရင် ငှက်အထိုးခံတယ်။ ကျနော်တို့ သွားပြီးမယူတော့ဘူး။

အဲလိုနဲ့ တိုက်ပွဲဝင်လို ၅ ရက်လောက်ရှိတဲ့အခါကျတော့ ထောင်အာဏာပိုင် တွေက ပြောတယ် “ဆရာဝန်ကို မေးမယ်”၊ ကျနော်တို့က သဘောတူလိုက်တယ်။ အဲဒါနဲ့ ထောင်ဆရာဝန်ကို အဆုံးအဖြတ်ပေးစေတယ်။ ထောင်ဆရာဝန်က အဲဒီတုန်းက ဦးဖေစိန်။ ထောင်ဆရာဝန်ကိုယ်တိုင်က ကြည့်ပြီးတော့ ပြောတယ်။ “ဒီငါးပိမျိုး စားလို့ မဖြစ်ဘူး” လို့ပြောတာနဲ့ အာဏာပိုင်တွေ ကွဲထွက်သွားတယ်။ အဲဒီတိုက်ပွဲ ကျနော်တို့ နိုင်လိုက်တယ်။ နိုင်လိုက်တယ်ဆိုတာက သူတို့ ငါးပိပေးစရာမရှိဘူး။ ဒါကို ကျနော်တို့ မယူဘူး။ အကြွေးထားပြီး နောင် သင်္ဘောလာတဲ့အခါမှာ ကျနော်တို့ကို အကြွေးပြန်ဆပ် ပေးရတယ်။ အဲဒီတော့ ဒီတိုက်ပွဲနိုင်လိုက်တာဟာ ကျနော်တို့ထဲမှာ အကုန်လုံး အကြီး အကျယ် အားတက်သွားတယ်။ နောက်ပြီးကျတော့ ထောင်အာဏာပိုင်တွေလည်း နည်း နည်းလေးတော့ ရိုကျိုးသွားတာပေါ့။ ဒါပေမယ့် ဒါဟာ အသေးလေးတခုပဲရှိသေးတယ် ဆိုတာ အားလုံးသိတယ်။ ဒါ နောင်လာမယ့်ဟာတွေအတွက် ဇာတ်တိုက်တာ သာသာပဲ ရှိသေးတယ်ဆိုတာ အားလုံးသဘောပေါက်ကြတယ်။

▪ ရက် ၄ဝ တိုက်ပွဲ

အဲဒီလို အခြေအနေကောင်းနေတဲ့အခါမှာပဲ မမျှော်လင့်တာတခု ပေါ်လာတယ်။ အဲဒါဘာလဲဆိုတော့ အလံနီ ပါတီနဲ့ အလံနီ ပါတီ နွှယ်တဲ့ သူတွေက ဖိုတွေ ခွဲပစ်တယ်။ နဂို က လူတွေအားလုံးက ဖိုတဖိုထဲမှာ စားကြတာ။ အခုကျတော့ အလံနီပါတီကလူတွေက သူတို့ရဲ့မူဝါဒအတိုင်းသူတို့ခေါင်းဆောင်သခင်စိုး ပြောထားတဲ့အတိုင်း “ကွဲအက်ရေးမှ ခွဲထွက်ရေးသို့” ဆိုတဲ့မူ ပေါ်လစီအတိုင်း “အချောင်သမားတွေနဲ့ အတူမနေနိုင်ဘူး။ အချောင်သမားတွေနဲ့ အတူတိုက်ပွဲမဝင်နိုင်ဘူး” ဆိုပြီးတော့ ခွဲထွက်တယ်။ ကျနော်တို့ အတန်တန်တားပါတယ်။ “မလုပ်ပါနဲ့။ ရန်သူ အားရပါလိမ့်မယ်” ပြောလို့မရဘူး။ သူတို့ အဆိုမှာ “သူတို့ပါတီကလွဲပြီး ကျန်တဲ့လူတွေအားလုံးက အချောင်သမားတွေချည်းပဲ”။ အဲလိုမူအရ သူတို့ခွဲထွက်တာ။ တော်တော် ဝမ်းနည်းစရာကောင်းတယ်။ သူတို့ ခွဲထွက် တော့ မလညပ၊ ပြည်သူ့ရဲဘော် သူတို့လည်းပဲ ပါတီကြီးတခုကိုး။ အဲဒီတော့ သူတို့က ကျန်တဲ့လူတွေနဲ့ တွဲနေလို့ရှိရင် မဖြစ်ဘူး။ သူတို့ပါတီကြီးတခု ဖြစ်တဲ့ဟာကို ဖော်ပြဖို့ လိုတယ်ဆိုပြီးတော့ သူတို့လည်း ခွဲထွက်တယ်။ အဲဒီလိုနဲ့ ရိက္ခာရုံဟာ အကုန်ကိုကွဲထွက် ကုန်တယ်။

ကျနော်တို့ကို အချောင်သမားလို့ စွပ်စွဲတဲ့သူတွေ အဲဒီကျွန်းပေါ်မှာ ကျနော်တို့ နေတုန်းပဲ သူတို့ရဲ့ခေါင်းဆောင်ကြီး သခင်စိုးဟာ လက်နက်ချလာတယ်။ အဲဒီနောက် အားလုံးသိကြတဲ့အတိုင်း ဗိုလ်နေဝင်းက အရေခွာ အပြတ် သူ့ကို အရှက်ခွဲပစ်တယ်။ တရားရုံးမှာ။ အဲဒီနောက် သူက မဆလကို သဘောတရားအမျိုးမျိုးနဲ့ ထောက်ခံ အလုပ် ကျွေးပြုရတယ်။ အဲဒီလိုနဲ့ အင်မတန်နာမည်ဆိုးနဲ့ပဲ ဇာတ်သိမ်းသွားရတယ်။

ကျနော့်အနေနဲ့ဆိုရင် အလံနီထဲမှာရော၊ အနွယ်တွေထဲမှာရော ပုဂ္ဂိုလ်ရေး အင်မတန်ရင်းနှီးတဲ့လူတွေရှိတယ်။ အတူတူတိုက်ပွဲဝင်ခဲ့တဲ့ လူတွေလည်း ရှိတယ်။ ကျနော့် ကို ကူညီခဲ့တဲ့လူတွေလည်း အများကြီးရှိတယ်။ ကျွန်းပေါ်ပါလာသူရော၊ ပါမလာသူရော ထောင်အပြင်မှာ ဆက်ဆံဖူးတဲ့လူတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီး ကျနော် သိပ်အကျယ်ကြီး မပြောချင်ဘူး။

အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ပြောချင်တာက ကျနော်တို့ထဲမှာတော့ အတော်အားနည်းသွားတယ်။ မတတ်နိုင်ဘူး။ ရှိတဲ့အတိုင်းပဲ ကျနော်တို့. ဆက်သွား တယ်။ ကျွန်းပေါ်က ဆက်လုပ်စရာရှိတဲ့ဟာတွေကို ဒီအကွဲက ဘယ်လိုမှ ဂယက်မရိုက် အောင် ကျနော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။

အဲဒီလိုနဲ့ဘာဖြစ်သလဲဆိုတော့ ၁၉၇၀ ခုနှစ် နွေဦးပိုင်းမှာ၊ ကျွန်းရောက်ပြီး တနှစ်လောက်မှာ တနေ့ကျတော့ အလံနီထဲကပဲ ရဲနီတင်ငြိမ်း (ကိုတင်ငြိမ်း၊ နဂိုက အစိုးရ ဆီက ရဲ။ အိမ်ထောင်သည်ပါ။ အဲဒီတုန်းက သူ့အသက်က ၃၀ နား နီးပါပြီ။) သူဟာ အသားဝါရောဂါနဲ့ ကွယ်လွန်သွားတယ်။ ကိုတင်ငြိမ်းနေတဲ့ အဆောင်က ကျနော်နေတဲ့ အဆောင်နဲ့ဆိုရင် တဆောင်ခြား။ သူက အဆောင်နံပါတ် ၇။ ကျနော်က အဆောင်နံပါတ် ၉။ အဲဒါ... တညကျတော့ ညကြီးသန်းခေါင် ကျနော်တို့ အိပ်ပျော်နေပြီ။ အဲဒီမှာ အသံ နက်ကြီးနဲ့ ဆိုးဆိုးရွားရွားကြီး အော်တဲ့အသံတွေ ကြားရတယ်။ “သမီး...” ဆိုပြီး တော့။ အို.. ခြောက်ခြားစရာ တကယ်ကောင်းတယ်။ ထောင်ကလည်း ထောင်ဗျာ၊ ကျွန်း ကလည်း ကျွန်း၊ သန်းခေါင်ကလည်း သန်းခေါင်။ အဲလိုအခါမှာ ဒီလိုအသံကြီးကြားရတာ။ တခါတည်း မကဘူး။ ကျနော်မှတ်မိသလောက် ဆိုရင် ၃/၄ ခါထင်တယ်။ ကျနော်တို့ ကြားရတယ်။ ကျနော် နိုးပြီးနောက် ကြားရတဲ့ဟာပေါ့လေ။ ဒါနဲ့ ကျနော်တို့အားလုံး လှုပ်လှုပ်ရွရွဖြစ်ပြီးတော့ စနည်းနာ။ အဲဒီတော့ သူများအိပ်ချိန်ကြီး၊ သူများအဆောင်မှာ ဖြစ်တာ အတင်းဝင်သွားမေးလို့လည်း ရိုင်းရာကျမယ်လေ။ မသိတတ်ရာကျမယ်။ ဒါမို့ သူတို့အကြောင်း စနည်းနာပြီးတော့မှ ကိုယ်စားလှယ်လွှတ်ပြီး သွားစုံစမ်းကြည့်တော့... ကိုတင်ငြိမ်း အခြေအနေမကောင်းဘူးဆိုပြီးပြော၊ နောက် ”ကိုတင်ငြိမ်း ဆုံးသွားပြီ” ဆိုတဲ့ သတင်း ချက်ချင်းကြားတာ။

ကျနော်တို့အားလုံး ဆက်အိပ်လို့မရကြတော့ဘူး။ ဒီကိစ္စ သိပ်ကြီးကျယ်သွား ပြီ။ ပထမဆုံး ကိုကိုးကျွန်းမှာ လူတယောက် ထောင်ကပေးတဲ့ရောဂါနဲ့ သေဆုံးရတာဖြစ် တယ်။ အဲဒီတော့ ကျနော်တို့ခေါင်းဆောင်တွေက ဒီကိစ္စ ဘာလုပ်ကြမလဲလို့ အစည်း အဝေးထိုင်တယ်။ တိုင်ပင်ကြတယ်။ တိုင်ပင်တော့ ဒီကိစ္စဟာ ကြည့်နေလို့မရဘူး။ တခုခု တော့ လုပ်မှဖြစ်မယ်လို့ ကျနော်တို့သဘောရတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ကာယကံ ရှင်က ကျနော်တို့မဟုတ်ဘူး။ ကာယကံရှင်က အလံနီပါတီနဲ့ ဆိုင်နေတယ်။ အဲဒီတော့ ကျနော်တို့က ကိုယ်စားလှယ်လွှတ်ပြီး သွားဆွေးနွေးတယ်။ ဒီကိစ္စဟာ သာမန်ကိစ္စမဟုတ် ဘူး။ နောင်လည်း အစဉ်အလာဖြစ်မယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ ပထမဆုံး ရဲနီတင်ငြိမ်းရဲ့ အလောင်းကို ပြည်မ ပြန်ပို့ရေး၊ သူ့မိသားစုဆီ ပြန်ပို့ရေး။ ဒါ သိပ်အရေးကြီးတယ်။ အဲဒီအတွက် ကျနော်တို့ တိုက်ပွဲဝင်ရမယ်၊ တောင်းဆိုရမယ်လို့ပြောတော့ အလံနီက လည်း သဘောတူတယ်။

အဲဒီတော့ သဘောတူတာနဲ့ ကျနော်တို့နောက်နေ့မှာ အားလုံးကိုယ်စားလှယ် တွေ ရွေးပြီးတော့ ထောင်အာဏာပိုင်တွေကို တွေ့တယ်။ တွေ့ပြီးတော့ ကိုတင်ငြိမ်း ကွယ် လွန်တဲ့အကြောင်း၊ ကိုတင်ငြိမ်းရဲ့ အလောင်းကို ပြည်မပြန်ပို့ပေးဖို့၊ သူ့မိသားစုလက် ပြန် အပ်ပေးဖို့ပြောတယ်။ အဲဒီတော့ ထောင်အာဏာပိုင်တွေက အထက်ကိုလှမ်းမေးပြီး ပြန် ပြောတာက “မဖြစ်နိုင်ဘူး။ ကျွန်းပေါ်မှာပဲ သင်္ဂြိုဟ်ရမယ်” လို့ပြန်ပြောတယ်။ အဲဒီ တော့ ကျနော်တို့နဲ့က ထိပ်တိုက်ရင်ဆိုင်ရတဲ့ပြဿနာ ဖြစ်လာတယ်။ ကျနော်တို့က လည်း ဒီလိုဆို ကျွန်းမှာသင်္ဂြိုဟ်ဖို့ဆိုရင် ကျနော်တို့ ဒီအလောင်း မပေးနိုင်ဘူး။ ပြည်မ ပြန်ပို့မယ်ဆိုရင် ပေးမယ်ဆိုပြီးတော့ အလောင်းမပေးဘဲထားတယ်။

အလောင်းမပေးပဲ ထားတယ်ဆိုတာက ဒီလို။ အလောင်းကို ကျနော်တို့ ခေါင်း သွင်းတယ်။ ခေါင်းသွင်းတယ်ဆိုတာ သွပ်ပြားတွေနဲ့ ခေါင်းလုပ်တာပေါ့။ အပြင်ကတော့ သစ်သားအခေါင်းပေါ့။ သစ်သားခေါင်းအတွင်းမှာ သွပ်ပြားခံတယ်။ အဲတော့ အခြားအ ဆောင်တွေမှာရှိတဲ့ အဆောင်တွေက ခေါင်မိုးသွပ်ပြားတွေကို ဆွဲချလာတာပဲ။ ခေါင်းရိုက် ပြီးတော့ ခေါင်းထဲမှာထားတယ်။ ထားပြီးတော့ ဒီ ကျနော်တို့စခန်းရဲ့ အရှေ့တောင် ထောင့်မှာ ကုလားဖျဉ်းလေးလို ထိုးပြီးတော့ အဲဒီမှာထားတယ်။ အဲဒီတော့ အဲဒီနောက် မှာကလည်း ထောင်ဆိုတော့၊ စခန်းထောင့်မှာ ဝါဒါတွေရဲ့ ကင်းစခန်းလေးရှိတယ်။ အမြင့် လေးနဲ့သူက။ အပေါ်မှာ ဆလိုက်မီးလည်း ရှိတယ်။ အဲဒီတော့ ကျနော်တို့ အောက်မှာက အောက်လင်း ဓါတ်မီးတွေ ထွန်းပြီးတော့ စောစောက ကိုတင်ငြိမ်းအလောင်းထားတယ်။ ဟို အပေါ်မှာက ဝါဒါအစောင့်။ ဝါဒါက တယောက်ပဲစောင့်တာ။ ဟိုဘက်က လှိုင်းတွေက တဝေါဝေါနဲ့ ညဆိုရင် မှန်မှန်ကြီး လှိမ့်တက်နေတာ။ အသံမြည်နေတာ။ ၂ ရက် ၃ ရက် နေတော့ အဲဒီဝါဒါဟာ မနေရဲလို့ဆင်းပြေးရော။ ဝါဒါအစောင့် မရှိတော့ဘူး။

ဒီအချိန်မှာ ကျနော်တို့ဘက်က စဉ်းစားတယ်။ “ဟ! ငါတို့တတွေ ဒီအ လောင်းကြီး ပိုက်ပြီး ငုတ်တုတ်ထိုင်နေလို့ မပြီးဘူး။ ကိုယ့်ဘက်က သိပ်ပြီးတော့ ခံစစ် ကြီးလို ဖြစ်နေလို့ရှိရင် လက်ဦးမှုဆုံးပြီးတော့ ကိုယ်ပဲခံရလိမ့်မယ်” ဆိုပြီးတော့ စဉ်း စားတယ်။ ဒါ့အပြင် ကျနော်တို့မှာ စောစောကပြောခဲ့တဲ့ ငါးပိတိုက်ပွဲအရှိန်ကလည်း ရှိနေတာ။ အောင်ပွဲရဲ့အရှိန်ကလည်း ရထားတော့ ကိုယ်က ထိုင်ပြီး ခံစစ်လိုစောင့်နေတာ ထက် ထိုးစစ်ကိုလုပ်ဖို့ စဉ်းစားကြတယ်။ လုပ်ရမယ်လို့လည်း မြင်ကြတယ်။ အဲဒီမှာ ကျနော်တို့ ညှိတယ်။ ဘယ်တောင်းဆိုချက်တွေနဲ့ တိုက်ပွဲဝင်မလဲလို့ ညှိကြတဲ့အခါကျ တော့ ကျနော်တို့ တောင်းဆိုချက် ၅ ခု တင်လိုက်တယ်။

နံပါတ် ၁ က ရဲနီတင်ငြိမ်းအလောင်း ပြည်မ ပြန်ပို့ပေးရေး။ နံပါတ် ၂ က နာတာရှည်ရောဂါသည် (ဒါမှမဟုတ်ရင်) ကျွန်းမှာ ကုလို့မရတဲ့ ရောဂါသည်တွေကို ပြည်မ ပြန်ပို့ပေးရေး။ နံပါတ် ၃ က ကျနော်တို့ကို စည်သွတ်ဗူးပေးမယ့်အစား အသားစို ပေးရေး။ နံပါတ် ၄ က.. တရားဝင်ထုတ်ဝေတဲ့ စာနယ်ဇင်းတွေ ဖတ်ခွင့်ရရှိရေး။ နံပါတ် ၅ က ကိုယ့်အိမ်နဲ့ စာရေးဆက်သွယ်ခွင့်ရရေး။

ဒီအချက် ၅ ချက် တင်ပြီးတော့ အစာငတ်ခံတိုက်ပွဲဝင်ကြဖို့ အားလုံးသဘော တူကြတယ်။ ဖိုတွေအားလုံးလည်း သဘောတူတယ်။ အဲဒီတော့ ကျနော်တို့ အသုတ် ၃ သုတ် ခွဲဝင်တယ်။ ပထမအသုတ်က ဝင်ပြီး နောက်တပတ်အကြာမှာ ဒုတိယအသုတ်က ဝင်တယ်။ နောက် တတိယအသုတ်က နောက်တပတ်ခြားပြီးတော့ ထပ်ဝင်တယ်။ ကျနော် တို့ အခုတိုက်ပွဲမှာ တင်တဲ့တောင်းဆိုချက်တွေက ဘာမှမထူးဆန်းဘူး။ သာမန်လူ့အခွင့် အရေး၊ သာမန်ထောင်သားအခွင့်အရေးတွေ။ တချိန်ကဆိုရင် ဘာမှတောင်းနေစရာမလို တဲ့ ကိစ္စတွေ၊ ကျနော်တို့ကို ကျွန်းမပို့ခင် ပြည်မမှာတုန်းကတောင်မှ ထောင်ထဲမှာ သာမန်ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေဖြစ်တယ်။ စစ်အစိုးရလက်ထက်မှာကို ခံစားခွင့် ရှိတဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါတွေကို ကျနော်တို့တောင်းတာ။

ဒါပေမယ့် အခုကျတော့ ဒီ သာမန်အခွင့်အရေးတွေဟာ အင်မတန်ကို မူကျတဲ့ ပြဿနာကြီးတွေ ဖြစ်နေပြီ။ သူတို့ဘက်က မပေးနိုင်တဲ့ဟာကြီးတွေ ဖြစ်နေတာ။ အဲဒါ ကြောင့်မို့ ဒီတိုက်ပွဲဟာ ငါးပိတိုက်ပွဲလို လွယ်လွယ်လေးနဲ့ မဖြစ်နိုင်ဘူး။ ခက်ခဲမယ်လို့ ကျနော်တို့ဘက်က ထွက်ထားတယ်။ ကျနော်တို့အနေနဲ့ ဒီတိုက်ပွဲမှာ တန်ဖိုးပေးရင် ပေး ရလိမ့်မယ်လို့ တွက်ထားတယ်။ တန်ဖိုးဆိုတာက အသက်တင်မကဘူး။ ကျန်းမာရေး ထိ ခိုက်တာတွေရောအပါအဝင် ပေးရနိုင်စရာရှိတယ်လို့ တွက်ထားတယ်။ တွက်ထားပြီး တော့ ဒီတိုက်ပွဲကို ကျနော်တို့ လေးလေးနက်နက်နဲ့ ပြင်ပြင်ဆင်ဆင်နဲ့ တိုက်ပွဲဝင်တာ။

အဲဒီလို တိုက်ပွဲဝင်တယ်ဆိုတော့ ကျနော်တို့ဘက်က စောစောကပြောသလို ခေါင်းဆောင်တွေ ထိပ်ကဝင်တိုက်တာပဲ။ ဒီတိုက်ပွဲမှာ ဗန်းမော်ဦးတင်အောင်၊ ဦးလေး ဦးမြသန်းတင့်... စတဲ့သူတွေ ပထမအသုတ်က ထွက်တိုက်တာပဲ။ ဒါကိုကြည့်လိုက်ရင် ကျနော်တို့ဘက်က ဝှက်ဖဲမထားဘူး။ အပြတ်တိုက်မယ်။ ရင်စည်းပြီးတိုက်မယ်။ အသည်း ချင်းပေါက် တိုက်မယ်ဆိုတာ ဆုံးဖြတ်ပြီးသားဆိုတဲ့ အဓိပ္ပါယ်ပဲ။

ကျနော်ကိုယ်တိုင်က ဒုတိယအသုတ်မှာ ပါတယ်။ ဒီတိုက်ပွဲဟာ “ရက် ၄၀ တိုက်ပွဲ”လို့ ခေါ်တယ်၊ ရက် ၄ဝ ကြာလို့။ ကျနော်ကတော့ ၃၃ ရက် အစာငတ်ခံခဲ့ရ တယ်။ ကျနော်တို့ ကိုကိုးကျွန်းမှာ အစာငတ်ခံပြီဆိုတာက တခြားနိုင်ငံတွေနဲ့မတူဘူး။ ဘာဆိုဘာမှ မစားတာ။ ရေသောက်တာကလွဲပြီး ဘာမှကို ပါးစပ်ထဲမထည့်တာ။ ရေထဲ မှာ ဆားမပါအောင်တောင် သတိထားတယ်။ အာဏာပိုင်ကနေပြီးတော့ ခိုးပြီးတော့၊ ညာပြီးတော့ Glucose ကျွေးမှာ၊ ဆားကျွေးမှာ တခုစီပေါ့။ အမြဲတမ်း သတိထားနေရတာ။ ဒါကြောင့်မို့ ကျနော်တို့တိုက်ပွဲဝင်တယ်ဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကို အကြောင်း ကြားတယ်။

တခုက ကျနော်တို့ မနက်အစောကြီးမှာ ထောင်ပေါက်ဝသွားပြီး အားလုံး စု ပြီးတော့ ကြွေးကြော်သံတွေ တိုင်တယ်။ ပြီးရင် ထောင်အာဏာပိုင်တွေဆီက ဆရာဝန် လာစစ်ဆေးတယ်။ ဆရာဝန်က နေ့တိုင်း အလေးချိန် ချိန်တယ်။ သွေးပေါင်ချိန် စစ်တယ်။

ပြီးရင် သူ့အထက်သူ အစီရင်ခံတယ်။ ကျနော်တို့က သူတို့ကို စစ်စေတဲ့အကြောင်းရင်း က ကျနော်တို့လူတွေ မစားဘူး၊ မလိမ်ဘူးဆိုတာ ပြတာ။ နောက်တခုကလည်း ကျနော် တို့က သူတို့ကို ဒီသေခြင်းတရားနဲ့ ခြိမ်းခြောက်တာဆိုတော့ ကျနော်တို့လူတွေရဲ့အခြေ အနေက ဘယ်အခြေအနေကို ရောက်နေပြီဆိုတာ သူတို့ အမြဲတမ်းသိအောင် လုပ်တာ။ နေ့တိုင်းပဲ သူတို့လာစစ်တယ်။ သူတို့ မနက်တိုင်းလာပြီး စစ်ရတယ်။

ဒီလိုနဲ့ တတိယအသုတ် တိုက်ပွဲဝင်ပြီးတော့ ဘာမှမကြာတဲ့တနေ့မှာ (ကျနော် ထင်တယ် တတိယအသုတ် တိုက်ပွဲဝင်ပြီး နောက်တနေ့ပဲထင်တယ်။) ထောင်အာဏာပိုင် တွေဟာ ခုနက ကိုတင်ငြိမ်းအလောင်းကို လာလုတယ်။ ကျနော် အထက်ကပြောခဲ့သလို ပဲ ဒီမှာ အကြမ်းဖက်တဲ့လက်နက် ဘယ်သူမှ မသုံးရဲဘူး။ သူတို့ မသုံးရဲဘူး။ သူတို့မှာ သေနတ်တွေရှိတယ်။ မသုံးရဲဘူး။ ကျနော်တို့ကို သတ်လို့မဖြစ်ဘူး။ နောက်ပြီး ကျနော် တို့နဲ့ ရိုက်လားပုတ်လား အဲဒီလောက်ထိကို သူတို့ မလုပ်နိုင်ဘူး။ ဘာပြုလို့ဆို ကျနော် တို့ဘက်ကသာ သူတို့ကို သတ်ချင်သတ်မယ်။ သူတို့က ကျနော်တို့ကို သတ်ခွင့်မရှိဘူး။ အဲလိုဖြစ်နေတယ်။ အဲလိုအခြေအနေမှာ သူတို့ ဘယ်လိုလုလဲဆိုတော့ အလောင်းကို သံဆူးကြိုးအပြင်ကနေပြီးတော့ ကြိုးနဲ့လှမ်းပတ်တယ်။ ကြိုးနဲ့ပတ်ပြီး ဆွဲထုတ်တာပဲ။ အဲဒီ တော့ ကျနော်တို့က ပြန်ဆွဲသူတို့က အပြင်ဆွဲ၊ ကျနော်တို့က အထဲဆွဲ။ အဲဒါ တနေကုန် ဆွဲကြတာ။ ကျနော်တို့အထဲက အားကောင်းမောင်းသန်ဆိုတဲ့ဟာတွေက ခုနက တိုက်ပွဲဝင်တဲ့ထဲ ရောက်နေတယ်။ တိုက်ပွဲဝင်တဲ့ ၃ သုတ်ဟာ လူ ၇၀ ကျော်။ အဲဒီထဲမှာ အားကောင်းမောင်းသန်တွေ ပါသွားတယ်။ အပြင်မှာက ပြုစုဖို့ချန်ထားတဲ့လူ၊ နောက်ပြီး ကျတော့ ကျန်းမာရေးမကောင်းတဲ့လူ၊ အသက်အရမ်းကြီးတဲ့လူ ဒါပဲကျန်တယ်။ အဲဒီတော့ သူတို့နဲ့ပြိုင်လုရတာ အတော်ကိုခက်တယ်။ သူတို့ကို အာဏာပိုင်တွေက ပြောလိုက်တာ “လု” တဲ့။ “အောက်ခြေဝါဒါတွေ အဲဒီအလောင်းကို ရအောင်မလုနိုင်ရင် မင်းတို့ ပြည်မ ပြန်ခွင့်မပြုဘူး” အဲလိုကိုပြောတာ။ ပြီးတော့ အရက်တိုက်တယ်။ အရက် ကိုးမောင်း တိုက်ပြီး လုတာပဲ။ အဲဒါ တနေကုန်နီးပါး လုပြီး နောက်ဆုံးကျတော့ ကျနော် တို့ သူတို့ကို ပြိုင်မလုနိုင်တော့ဘူး။ ဘာလို့တုန်းဆိုတော့ အားမရှိတော့ဘူး။ အကုန်လုံး ပက်လက်တွေလန်၊ သဲပေါ်မှာ ပက်လက်တွေလန်ပြီး လဲနေကြတာ။ သူတို့လက်ထဲ အလောင်း ပါသွားတယ်။

သူတို့က အဲဒီအလောင်းကို ကျနော်တို့မြင်အောင်ပဲ (အလောင်းကြီးကိုတော့ မမြင်ရဘူး။) ဒါပေမယ့် ကျနော်တို့နဲ့ မလှမ်းမကမ်းမှာ မီးရှို့တာ။ မီးခိုးလုံးတွေ တက် လာတယ်။ ကျနော်တို့ စခန်းထဲက လှမ်းမြင်ရတာ။ တမင် ကျနော်တို့မြင်အောင် လုပ် တယ်လို့ပဲစော်ကားတယ်လို့ပဲ ကျနော်တို့က အဲလိုပဲယူဆတယ်။ ဒီထက်ဝေးဝေးသွားပြီး ကျနော်တို့ မမြင်ရတဲ့နေရာမှာ မီးရှို့ရင် ရတဲ့ဟာပဲ။

အဲဒီတော့ တိုက်ပွဲထဲက ခုနက တောင်းဆိုတဲ့ ၅ ချက်ထဲမှာ ပထမ တောင်းဆို ချက်ကတော့ အရာမမြောက်တော့ဘူး။ ကျန်တဲ့တောင်းဆိုချက်တွေကို ကျနော်တို့ အလျှော့မပေးပဲ ဆက်ပြီးတောင်းတယ်။ ဒါကြောင့်မို့ ဆက်တိုက်တဲ့အခါကျတော့ နောက်ဆုံး ကျတော့ အာဏာပိုင်တွေဟာ သဘောတူလိုက်ရတယ်။ အရက် ၄ဝ ပြည့်တဲ့နေ့မှာ ဒီတိုက်ပွဲ ပြီးဆုံးသွားခဲ့တယ်။

အဲဒီတော့ ဒီတိုက်ပွဲမှာ ကျဆုံးတဲ့လူတော့ တယောက်မှမရှိဘူး။ ဒါပေမယ့် ကျန်းမာရေးချိသွားတဲ့လူတွေ အများကြီးပဲ။ ချိသွားပြီး လူက ဒုက္ခိတလို ဖြစ်သွားတာ။ ဥပမာ... ၅၆ ရွေးကောက်ပွဲတုန်းက ဝါးခယ်မက အမတ်ဖြစ်ခဲ့တဲ့ ကျောင်းသားအမတ် ဦး တင်ရီ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုလှကြည်၊ နောက် ရကသ က ကိုလှ ရွှေ (ဒီကိုလှရွှေက အခုထိ ထောင်ထဲက ကိုလှရွှေ မဟုတ်ပါဘူး။ တခြား ကိုလှရွှေပါ။) အဲဒီ တော့ ဒီရဲဘော်တွေက ချိသွားတာ။ လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘူး။ လူက ယိုင်ထိုးယိုင်ထိုးနဲ့ပဲ ခေါင်းကလည်း ပုံမှန်ကို မဟုတ်တော့ဘူး။ အဲဒါနဲ့ သူတို့ကို နောက် ဆုံးကျတော့ ခုနက တိုက်ပွဲထဲမှာ သဘောတူထားတဲ့အတိုင်း ပြည်မကို ပြန်ပို့ပေးလိုက် ရတယ်။

ဒီတိုက်ပွဲရဲ့ အကျိုးကျေးဇူးက စာရေးဆက်သွယ်ခွင့်ရတယ်။ မဂ္ဂဇင်း၊ ဂျာနယ် တချို့၊ အိမ်ကပို့တဲ့စာအုပ်တချို့ ဖတ်ခွင့်ရတယ်။ ကျနော်ဆိုရင် အဖမ်းခံရပြီးတဲ့နောက် ၄ နှစ်ကျော်မှပဲ (ဒီတိုက်ပွဲပြီးမှပဲ) အိမ်နဲ့ စာအဆက်သွယ်ရတယ်။ အဲဒီအရင်က တခါမှ အိမ် က စာလည်းမဖတ်ခဲ့ရဘူး။ ကျနော့်စာလည်း အိမ်က မဖတ်ခဲ့ရဘူး။ စာအဆက်သွယ် ဆိုပေမယ့် တခုတော့ရှိတယ်။ ဆင်ဆာတော့ အပြည့်ပဲ။ ဆင်ဆာအပြည့်မှာ သူတို့က အဓိကဘာထားလဲဆိုလို့ရှိရင် ကျနော် တို့ကိုထားတဲ့နေရာဟာ ကိုကိုးကျွန်းဆိုတာ မပေါ် အောင်လို့ သူတို့ ဆင်ဆာလုပ်တာပဲ။

အုပ် ဥပမာဆိုရင် ကျနော့်စာထဲမှာ…. “ကျနော်တို့ဆီမှာ ကြက်တူရွေးတွေက အုပ်လိုက် ပျံသန်းနေကြတာ” အဲဒါပါလို့ဆိုပြီး ဖြတ်တာပဲ။ ဖြတ်တာက အဲဒီစာကြောင်း ဖြတ်တာ မဟုတ်ဘူး၊ စာတစောင်လုံး ဖြတ်ပစ်လိုက်တာပဲ။ မပေးတော့ဘူး။ အဲဒါ နောင် ကျနော် ထောင်ကလွတ်လို့ အိမ်နဲ့ ပြန်မေးကြည့်တဲ့အခါကျတော့မှ မရောက်တဲ့စာတွေ မနည်းဘူးဆိုတာ သိရတယ်။

နောက် အသားစိုဆိုတာ ပေးတယ်။ ပြီးတော့ ဆိတ်ပေးတယ်။ ဘဲငန်း ပေး တယ်။ ဘဲဥ ပေးတယ်။ ဒါပေမယ့် အဲဒီလောက် လူအများကြီးအတွက် ဒီအကောင် အရှင် တွေကို သူဘယ်လောက် သယ်နိုင်မှာလဲ၊ သင်္ဘောပေါ်မှာ။ ဒီလိုနဲ့ နောက်ဆုံးကျတော့ အသားစိုဆိုတဲ့ဟာလည်း ဘဲဥတွေပဲ ဖြစ်လာတော့တယ်။

အဲဒီလိုနဲ့ အချိန်မျောလာတာနဲ့အမျှ ထောင်ဒဏ်၊ ကျွန်းဒဏ်တွေလည်း ပိ သည်ထက် ပိလာတယ်။ ကျန်းမာရေးဆိုးတဲ့ဟာတွေလည်း များသည်ထက် များလာ တယ်။ ပြန်ပို့ရတာတွေလည်း မနည်းဘူး။ အဲဒါအပြင် ကိုယ်ထူကိုယ်ထ ပေါ်လစီကြောင့် မို့ မထင်မှတ်ပဲ သေဆုံးရတာတွေလည်း ရှိလာတယ်။ သေဆုံးတာ ၂ ယောက်။

တယောက်က ဦးထွန်းရှိန် (မန္တလေးဆေးရုံကြီး တောင်ဘက် ဦးဖိုးသာဝင်းထဲက ကျောင်း ဆရာ)။ ကျနော်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန်ကို ရင်းတာ။ ဦးထွန်းရှိန်ကတော့ ငါးရှာတာပေါ့ဗျာ။ ပင်လယ်ကမ်းစပ်တလျှောက် ခရုတို့ငါးတို့ လိုက်ကောက်ရင်းနဲ့ တနေ့မှာ မထင်မှတ်ပဲနဲ့ မုန်တိုင်းလိုဟာမျိုး လာပြီးတော့ လှိုင်းလေ ပုတ်ချသွားတာ။ အလောင်း ဘယ်လိုမှ ရှာမရ တော့ဘူး။ ကျနော်တို့ တထောင်လုံး ထွက်ပြီးရှာတာ။ ရှာတာမှ တရက်တည်းမဟုတ်ဘူး။ တပတ်လောက် ရှာတာ။ ပြန်ကို မတွေ့တော့ဘူး။ ပင်လယ်ဆိုတာ အပြင်ကအရာဝတ္ထု ကို ဘယ်တော့မှ လက်မခံဘူး။ ကမ်းပေါ် ပြန်တင်ပေးလေ့ရှိတယ်လို့ ပြောကြတယ်။ ဒါပေ မယ့် ဦးထွန်းရှိန်ရဲ့ အလောင်းကတော့ ကိုကိုးကျွန်းကမ်းပေါ်ကို ပြန်ရောက်မလာဘူး။ သေချာတယ်။

နောက်တဦးက အလံနီပါတီနဲ့နွယ်တဲ့ .. ကိုမြင့်သိန်း (ရဲနီမြင့်သိန်း) ကျနော်နဲ့ အသက်ရွယ်တူလောက်ပဲ ရှိဦးမယ်။ လူငယ်လေး။ ပြုံးပြုံးပြုံးပြုံးနဲ့ အင်မတန် ချစ်ခင်စရာ ကောင်းတဲ့လူ။ အဲဒီမှာက သီးနှံက မစားရတဲ့အခါကျတော့ အုန်းသီးပဲ စားကြတာကိုး။ အုန်းသီးရှိတော့ အုန်းသီးပဲစားကြတာ။ ကိုမြင့်သိန်းလေးကလည်း အုန်းပင်ပေါ်တက်ရင်းနဲ့ အုန်းပင်ပေါ်က လိမ့်ကျတာ။ အဲဒါနဲ့ ရန်ကုန်ဆေးရုံပို့လိုက်တော့ ဟိုမှာပဲ ဆုံးသွားတာ။

စောစောက ရက် ၄ဝ တိုက်ပွဲပြီးတာနဲ့ ကိုကိုးကျွန်းပေါ်မှာ အာဏာပိုင်နဲ့ ကျနော်တို့အကြားမှာ တင်းမာမှုတွေ ပြန်ပေါ်လာတယ်။ ပိုပြီးတင်းမာလာတယ်လို့တောင် ပြောလို့ရသေးတယ်။ သေချာနေတာက ကိုယ်ထူကိုယ်ထဆိုတဲ့ အခရာကျတဲ့ပေါ်လစီကို အပြတ်မရှိနိုင်သရွေ့ ကိုကိုးကျွန်းမှာ တိုက်ပွဲတွေ ဆက်ရှိနေဦးမှာ။ “ကိုကိုးကျွန်း’ ဆို တဲ့ဟာကြီး ရှိနေဦးမယ်ဆိုရင် သေချာတယ်။

အဲဒီတော့ ဒီမှာ ပြောစရာတခုကလည်း အဲလိုအချိန်မှာပဲ သူတို့ ဒီသဘောတူ ညီချက်တွေ သဘောတူညီကြပြီးတဲ့ နောက်မှာတော့ ကျနော်တို့ထဲကို ထောင်အာဏာ ပိုင်တွေက သတင်းလွှင့်လိုက်တယ်။ အဲဒါကတော့ ကျနော်တို့စာတွေကျနော်တို့စားစရာ တွေ အိမ်ကပို့တဲ့ဟာတွေ သွင်းပေးတယ်။ နောင်ဆိုလို့ရှိရင် ဒါတင်မကဘူး အိမ်ကလူတွေ တောင် ခေါ်ပေးဦးမှာ။ ကျွန်းပေါ်မှာ စပါးစိုက်ဖို့၊ ဂျုံစိုက်ဖို့ လုပ်ပေးမှာ။ ထွန်စက်တွေ ပေး မှာ။ နွားမွေးဖို့၊ ငါးမွေးဖို့ လုပ်ပေးမှာ။ အဲဒီအသံတွေက အကုန်လုံး လွှင့်ထုတ်လိုက် တယ်။

ဆိုလိုတာက သူတို့က သူတို့ရဲ့ အဓိကကျတဲ့ ကိုယ်ထူကိုယ်ထ ပေါ်လစီကို တော့ တင်းတင်းမာမာဆုပ်ကိုင်ပြီးတော့ ဆက်အကောင်အထည်ဖော်မယ်လို့ ကျနော်တို့ ထဲကို မသိမသာတဲ့နည်းနဲ့ ခြောက်လှန့်လိုက်တာဖြစ်တယ်။ တချိန်တည်းမှာ ကျနော်တို့ သတိထားမိတာက ကိုကိုးကျွန်းမှာရှိတဲ့ ထောင်အာဏာပိုင်တွေဟာ တကယ်ကျတော့ သူတို့လည်းပဲ (ထောင်ပိုင်ထောင်မှူးကြီးကအစ၊ ဝါဒါအထိပါ) ကျနော်တို့လိုပဲ ကျွန်းပို့ခံ နေရတဲ့ တကျွန်းစံတွေပဲ။ သူတို့စားရတာလည်း ကျနော်တို့နဲ့ ဘာမှမထူးဘူး။ နောက်ပြီး သူတို့မှာ ဘာအာဏာမှမရှိဘူး။ သူတို့က ဘာမဆို ရန်ကုန်ကို အကုန်အစီရင်ခံပြီးတော့ ဟိုက ခိုင်းတဲ့အတိုင်း လုပ်နေရတာ။ သူတို့ဟာ အဲဒီကျွန်းမှာရှိတဲ့ ရေတပ်ကို အစီရင်ခံ နေရတယ်။ ရေတပ်က ရန်ကုန်ကို အစီရင်ခံရတယ်။ ရန်ကုန်က အဆုံးအဖြတ်ပေးတယ်။ အဲဒါကို ကျနော်တို့ သိတယ်။ ဟိုက အဖြေပေးတာကို သူတို့က လာပြီးပြောရတယ်။ အဲဒီလို ဖြစ်နေတာ။

ကျနော်တို့ဘက်ကလည်း အခြေအနေတင်းလာတာနဲ့အမျှ ခုနက အာ ဏာပိုင်တွေဘက်က သူတို့ရဲ့ စီမံကိန်းတွေကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ကျနော်တို့အပေါ် ကြေညာပြီးတော့ ခြိမ်းခြောက်လာတာနဲ့အမျှ ကျနော်တို့ဘက်က ဒါတွေကိုပြန်လှန်ဖို့၊ ဒါ တွေကို ရိုက်ချိုးဖို့ စဉ်းစားရတယ်။ စဉ်းစားတဲ့အခါကျတော့ စနစ်တကျနဲ့၊ အစီအစဉ်ရှိရှိ နဲ့ ထောင်စည်းကမ်းတွေ ချိုးဖောက်တာ လုပ်လာခဲ့တယ်။

ဥပမာဆိုလို့ရှိရင် ကျနော်တို့ကို “မသွားရဘူး” ဆိုတဲ့ Out of Bound ဆိုတဲ့ နေရာတွေကို ကျနော်တို့သွားတယ်။ မနက်တိုင်း ကျနော်တို့ကို လူစစ်တာလုပ်တယ်။ နေ့ တိုင်း လူစစ်တယ်။ လူစစ်တော့ မနက်မှာ သူတို့က လာစစ်တယ်။ ကျနော်တို့ကို သူတို့ လန့်တော့ ထောင်မှာလို ပုံစံထိုင်ပေးပါလို့ သူတို့ မဆိုရဲဘူး။ အဲဒီတော့ “ကိုယ့်အိပ်ယာ ပေါ်မှာပဲ အိပ်နေပါ။ ရပါတယ်။ ကျနော်တို့ လာစစ်ပါ့မယ်” လို့ပြောတယ်။ ဘယ်မှ တော့ မသွားပါနဲ့၊ လူစစ်ပြီးမှပဲ အဆောင်ထဲအခန်းထဲက ထွက်ကြပါလို့ သူတို့က အဲလို ပြောတယ်။ ဒါနဲ့ နောက်ကျတော့ ကျနော်တို့က “ဟာ...မီးဖိုကျတဲ့လူက၊ မနက်စာ လုပ်ရတဲ့လူက အစောကြီး ထရတာ။ ခင်ဗျားတို့လာစစ်တာ စောင့်မနေနိုင်ဘူး” ဆိုပြီး အဲလိုပြောပြီး မီးဖိုမှာ သွားနေတယ်။ အဲဒီတော့ သူတို့ မီးဖိုထိ လိုက်စစ်ရတယ်အဲလို ဖြစ်လာတယ်။

နောက်ကျ ကျနော်တို့ ခုနက ချိုးဖောက်တဲ့ဟာတွေနဲ့ဆိုတော့ ညပါ လစ်ထွက် ကြတာ။ တညလုံး အပြင်မှာနေတယ်။ အဲဒါ တမင်ကိုလုပ်နေတာ။ အဲဒီတော့ ခြင်ထောင် ချထားတယ်။ သူတို့ ခြင်ထောင်လှန်ပြီးတော့ ကြည့်တယ်။ အဲလို လှန်ကြည့်ရင်လည်း ကျနော်တို့က အဲဒီလူ အိမ်သာသွားတယ်လို့ပဲ ပြောလိုက်တာ။ အဲဒါသူတို့ ခြင်ထောင် တွေ အလုံးတွေကိုပဲ ရေရေပြီး သွားတယ်။ အဲဒီလို ကနေပြီးတော့ တဖြည်းဖြည်း ကျွန်းက နေပြီးတော့ လှေလုပ်ပြီး ထွက်ပြေးတဲ့အဆင့် ရောက်လာတယ်။

လှေလုပ် ထွက်ပြေးအောင်မြင်သွားကြတဲ့ လူတွေကတော့ မန်းအောင်ကြည် ABKO (မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အစည်းအရုံး) က။ (နောင်ကျတော့ လှေနဲ့ထွက်ပြေး တာ လွတ်သွားပြီးတော့ KNU ကို သွားပြီး တောထဲမှာ ရောဂါနဲ့ကျဆုံးသွားတာ။) နောက်တယောက်က မန်းငြိမ်းမောင်(အခုတော့ သူ KNU ပါတီမှာ ခေါင်းဆောင်တ ယောက် ဖြစ်နေပါတယ်။ ကျနော်နဲ့ တိုက်ဖော်တိုက်ဖက်၊ ပုဂ္ဂိုလ်ရေး အင်မတန်ရင်းတယ်။) နောက်တယောက်က ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်အောင်ဝေ။ ကျနော်နဲ့ တခန်းထဲ။

▪ အကြီးအကျယ် စေ့စပ်ချင်နေတဲ့အခါကျတော့

ဒီအချိန်မှာပဲ အပြောင်းအလဲတခု ရှိလာတယ်ဗျ။ အဲဒါကျနော်တို့ ထောင်တွင်း မှာရှိတဲ့ အဖွဲ့အစည်းတွေအတွင်းမှာ ညီညွတ်ရေး အရင်ကလောက် မကောင်းတာ။ ဒါကို ထောင်အာဏာပိုင်တွေကလည်း သိတယ်။ ထောင်အာဏာပိုင်တွေက သိတဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီးတော့ ပြန်ပြီးဖိလာတာတွေ တွေ့ရတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီအချိန် ပြည်မကြီးမှာဖြစ်နေတာက ကျွန်းဆွယ်အရေးအခင်း၊ ရန်ကုန်တက္ကသိုလ် ရွှေရတု အရေးအခင်းတွေ ဖြစ်ပေါ်နေတယ်။ အဲဒါအပြင် ဗမာပြည်အရှေ့မြောက်ပိုင်းက နယ်စပ်တလျှောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကဦးဆောင်တဲ့ ပြည်သူ့တပ်မတော်ရဲ့ စစ် ရေးအောင်ပွဲတွေကလည်း မပြတ်ပေါ်နေတယ်။

အဲလို အခြေအနေတွေအမျိုးမျိုး ရှုပ်ထွေးနေတဲ့အချိန်မျိုးမှာ ကောင်းတာ လည်းရှိ၊ မကောင်းတာလည်းရှိ။ အဲဒီလို ရှုပ်ထွေးနေတဲ့အချိန်မျိုးမှာ ထောင်တွင်းမှာရှိတဲ့ အလံနီပါတီဦးဆောင်တဲ့အဖွဲ့က သူတို့ချည်း တိုက်ပွဲတခု ဖော်ထုတ်လိုက်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေကို သူတို့ လုံးဝမတိုင်ပင်ဘူး၊ မညှိဘူး။ သူတို့ စတိုက်တော့မယ်ဆိုတော့ မှ ကျန်တဲ့အဖွဲ့အစည်းတွေကို ပြောတာ။ ပြောတဲ့အခါကျတော့ ကျန်တဲ့အဖွဲ့အစည်းတွေ က “ဟာ.. ဒီကိစ္စကို အားလုံးအတူ ညှိညှိနှိုင်းနှိုင်းနဲ့ တိုက်ကြရအောင်”လို့ ပြော တော့ သူတို့က လက်မခံဘူး။ သူတို့ပြောတာ ရှင်းရှင်းလေး။ သူတို့ခေါင်းဆောင်မှုကိုလက်ခံ၊ လက်ခံလို့ရှိရင် ထောက်ခံပါဝင်နိုင်တယ်။ အတော်လေး ရင့်သီးပါတယ်။ ကျန်တဲ့ အဖွဲ့အ စည်းတွေကို တန်းတူထား မဆက်ဆံဘူး။

သူတို့တောင်းဆိုတာက ဖမ်းထားတဲ့သူတွေကို လွှတ်ပေး၊ ရိက္ခာနှုန်း တိုးပေး။ ဒီနှစ်မျိုးထဲပဲ ရှင်းရှင်းလေး။ တိုက်ပွဲဝင်တာလည်း လူနည်းနည်းလေး။

ဒီနေရာမှာ ပြောဖို့လိုလာတာက ဖမ်းထားသူတွေ လွှတ်ပေးဆိုတဲ့ကိစ္စ။ ဖမ်း ထားသူတွေဆိုတာက အဲဒီကာလအတွင်း အဖြစ်အပျက်တခုရှိတယ်။ အဲဒါ ဘာလဲဆို တော့ ရခိုင်ရဲဘော် ကိုအောင်သာကျော်တို့တတွေ လှေနဲ့ထွက်ပြေးဖို့ လုပ်ကြတာရှိတယ်။ ပထမ မန်းအောင်ကြည်တို့၊ ဦးအောင်ဝေတို့၊ မန်းငြိမ်းမောင်တို့ သူတို့ လွတ်ထွက် အောင်မြင်သွားတယ်ဆိုတဲ့သတင်း ကြားရတော့ နောက်လူတွေကလည်း လှေနဲ့ထွက်ပြေး ဖို့ လုပ်တဲ့လူတွေ အများကြီးပဲ။ အဲဒီထဲမှာ ကိုအောင်သာကျော်တို့က အရင်ဆုံးလုပ်ကြ တာ။ အဲဒီတော့ သူတို့ လုပ်တယ်ဆိုတာကို ထောင်အာဏာပိုင်တွေက သိနေတယ်။ တောထဲမှာ ဝင်လုပ်ကြရတာကိုး။ သူတို့က လျှို့ဝှက်မှုလည်း ညံ့တာကိုး။ တူသံ၊ လွှသံ တွေ တဒုန်းဒုန်းနဲ့ လုပ်နေကြတော့ ထောင်အာဏာပိုင်တွေက သိတယ်။ ထောင်အာဏာ ပိုင်တွေက သိတော့ သူတို့အထက်ကို အစီရင်ခံတယ်။. ဘယ်သူတွေ လုပ်တယ်ဆိုတာ လည်း သူတို့ သိတယ်။ အဲဒီတော့ ကိုအောင်သာကျော်တို့ လှေလုပ်နေကြပြီ၊ ထွက်ပြေး ဖို့ စီစဉ်နေကြတယ်။ အဲလို အထက်ကိုအစီရင်ခံတော့ အထက်ကနေ “လုပ်ပါစေ ပြေးလည်း ပြေးပါစေ၊ ကမ်းနဲ့လှမ်းလှမ်းရောက်မှ မြှုပ်ပစ်လိုက်”လို့ အမိန့်ပေးတယ်။ လုပ်ပါစေလို့ပဲ အကြောင်းပြန်တယ်။

အဲလိုနဲ့ တနေ့ကျတော့ ကိုအောင်သာကျော်တို့တတွေ လှေနဲ့ထွက်ကြတာ ပေါ့။ ကျနော်တို့က သူတို့လှေနဲ့ထွက်တာကို မသိပါဘူး။ နောက်တနေ့ မနက်အစော ကြီးမှာ ကျနော်တို့ စခန်းထဲကို သတင်းရောက်လာတယ်။ ဟိုမှာ လှေတစင်း တွေ့နေရ တယ်။ ရိက္ခာတွေ၊ ဗူးသီးတွေ၊ ခရမ်းသီးတွေလည်းအကုန် ပေါလောမျောလို့ဆိုတဲ့သတင်း ကြားရတယ်။ ဒါနဲ့ ကျနော်တို့ အားလုံးပြေးပြီး သွားကြည့်ကြတယ်။ ကိုကိုးကျွန်းရဲ့ အနောက်ဘက်မှာ။ အဲဒါ ဘာသွားတွေ့လဲဆိုတော့ လှေကြီးတစင်းက တုံးလုံးကြီးလဲလို့၊ ရေထဲမှာလဲနေတာ။ ခုနကပြောတဲ့ ဟင်းသီးဟင်းရွက်တွေ ပုံးတွေပလုံးတွေရော အကုန် လုံး အဲဒီဘေးမှာ ပေါလောကြီး မျောလို့။ ဘာဖြစ်တာလဲဆိုတော့ အဲဒီလှေက အဲဒီရေ ပေါ်မှာတင် လဲကျသွားတာလို့ ပြောတာပဲ။ အသေးစိတ်အဖြစ်အပျက်တော့ မသိဘူး။ တချို့က ပြောတာလည်း တက်တဲ့လူများလို့လို့ဆိုတယ်။

ဒါနဲ့ “ကိုအောင်သာကျော်တို့ရော” လို့ မေးလိုက်တော့ “ဟာ... သူက စိတ် ပျက်ပြီး အိပ်ဆောင်ကို ပြန်အိပ်နေတယ်”လို့ ပြောတယ်။ အဲလို အိပ်နေတုန်းမှာပဲ ထောင်အာဏာပိုင်တွေက ရေတပ်နဲ့ သူတို့ကိုလာခေါ်ပြီး ရေတပ်စခန်းဘက် ခေါ်သွား တယ်။ အဲဒီဘက်မှာ ထောင်ချပစ်လိုက်တယ်။ ဒါက တကြိမ်။

နောက်တခါ အဲဒီ အလံနီရိက္ခာရုံကပဲ သူတို့ဆီက အလံနီ ရဲနီတွေ ၃ ယောက် ထင်တယ်။ တောတိုးကြတာ။ တောတိုးပြီး ဟင်းရှာစားကြပေါ့လေ။ အဲဒီအခါမှာ အဖမ်းခံရ တာ။ အဖမ်းခံရတော့ အိမ်ပြန်မရောက်တဲ့အခါကျတော့ အိမ်မဟုတ်ပါဘူးလေ။ အဆောင် ကို ပြန်မရောက်တဲ့အခါကျတော့ နောက်အဖွဲ့တခုဖွဲ့ပြီး ထပ်ပြီးလိုက်ရှာတယ်။ အဲဒီအဖွဲ့ လည်း အဖမ်းခံရတယ်။ အဲလိုအခြေအနေမှာ အလံနီက ခုနကပြောတဲ့ ဖမ်းထားသူတွေ လွှတ်ပေး၊ ရိက္ခာနှုန်းတိုးပေးဆိုတဲ့ တောင်းဆိုချက်နှစ်ခု တင်ပြီး တိုက်တာပဲ။

သူတို့ ဒီတိုက်ပွဲဝင်တာဟာ တိုက်ပွဲတပွဲကို သူတို့ချည်းတိုက်လို့ရတယ်။ ကျန် တဲ့လူတွေနဲ့ ပေါင်းဖို့မလိုဘူးလို့ ပြောချင်တာ။ ကျန်တဲ့လူတွေက အချောင်သမားတွေလို့ သူတို့က ပြောပြီးတိုက်တာ။ အဲဒီတော့ ကျနော်တို့က ဒီတိုက်ပွဲဟာ တထောင်လုံးနဲ့ ဆိုင်ပါတယ်။ ကျနော်တို့လည်း ပါဝင်ပါရစေဆိုတော့ သူတို့လက်မခံဘူး။

အဲဒီတိုက်ပွဲက ၄၆ ရက် ကြာတယ်။ တိုက်ပွဲအတွင်းမှာ သူတို့ထဲက တ ယောက် သွေးပျက်ပြီးတော့ လက်နက်ချသွားတယ်။ အဲ... ၄၆ ရက်ကြာတော့ ရဲနီဗိုလ်ကြူ (မန္တလေးတက္ကသိုလ်က ကျောင်းသားဟောင်း၊ ပခုက္ကူဘက်က) သူကျသွားတယ်။ အဲလို သူကျသွားတော့မှ သူတို့လည်း အူယားဖားယားနဲ့ အာဏာပိုင်တွေနဲ့ အတင်းစေ့စပ် တယ်။ ဖမ်းထားတဲ့လူတွေကတော့ တိုက်ပွဲစပြီး မကြာခင်ဘဲ လွှတ်ပေးလိုက်ပါတယ်။ ဒါ ပေမယ့် ဒုတိယတောင်းဆိုချက်ဖြစ်တဲ့ ရိက္ခာနှုန်းတိုးပေးရေးဆိုတာနဲ့ ပတ်သက်လို့ကျတော့ ကိန်းဂဏန်းတွေပဲ အမျိုးမျိုးလှည့်ကစားလိုက်တာ။ အာဏာပိုင်က ဘာမှ မယ်မယ်ရရ လျော့မပေးဘူး။ ဒါပေမယ့် ကိုယ့်ဘက်က အကြီးအကျယ် စေ့စပ်ချင်နေတဲ့အခါကျတော့ တခါတည်း အလျှော့ပေးလိုက်ရသလို ဖြစ်သွားတာ။ အဲဒီတိုက်ပွဲမှာ အင်မတန် အခြေ အနေဆိုးလို့ ပြည်မ ပြန်ပို့လိုက်ရတဲ့ ရဲနီနေလင်းဆိုတဲ့လူ(လူငယ်ပါ။ တောင်တွင်းကြီးက) သူက ပြန်အပို့ သင်္ဘောပေါ်မှာပဲ ဆုံးသွားတယ်လို့ ကြားရတယ်။

အဲဒီတော့ ကျနော်တို့စခန်းထဲမှာ ဒီလို မညီမညွတ်တွေ ဖြစ်တယ်။ နောက် တိုက်ပွဲတပွဲလည်း ဦးကျိုးသွားတယ်ဆိုတော့ ထောင်အာဏာပိုင်တွေက သိပ်အားတက် သွားတာ။ အဲဒီအချိန်မှာပဲ နောက်တိုက်ပွဲအတွက် ခလုတ်ဖြုတ်တဲ့ အဖြစ်အပျက်တခု ထပ်ပေါ်လာခဲ့တယ်။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ ရိက္ခာရုံက ရဲဘော်အုန်းမော်နဲ့ ရဲဘော်မောင်မောင်စိုးတို့ တောတိုးရင်း အဖမ်းခံရတာ။ ကျနော်တို့ဆီက ရဲဘော်တွေက တော့ တမင်ကို တောတိုးတယ်ဆိုပြီးတော့ ဒီကျွန်းကို နှံ့အောင်ပိုင်အောင် လုပ်နေကြ တာ။ ထောက်လှမ်းတယ်ပဲ ဆိုကြပါစို့ဗျာ။

အဲဒီတော့ သူတို့တတွေ တောတိုးရင်းနဲ့ အဖမ်းခံရတယ်။ ရေတပ်က ဖမ်း တယ်။ ဖမ်းပြီးတော့ သူတို့ ရေတပ်စခန်းကို ခေါ်သွားတယ်။ ပြီးတော့ အဲဒီ ကိုကိုးကျွန်း မြို့နယ်ဆိုတဲ့ တရားရုံးကနေပြီးတော့ သူတို့ကို ထောင်ချလိုက်တယ်။ အတော်တော့ ရယ် စရာလည်း အံ့ဩစရာလည်း ကောင်းတယ်။ ထောင်စကားမှာ “ထောင် အပြင် တန်းမရှိဘူး” ဆိုတယ်။ အခုတော့ ကျွန်းအပြင် ထောင်တောင် ထပ်ရှိနေလိုက်သေး တယ်။ တကျွန်းကျနေတဲ့အပြင် လူတွေက ထပ်ပြီးထောင်ချခံရသေးတယ်။

အဲဒီလိုနဲ့ သူတို့ကို ပြန်မလွှတ်တာလည်းသိရော ကျနော်တို့က နောက်တနေ့ မှာ တခါတည်း ထောင်ပေါက်ဝမှာသွားပြီးတော့ ကြွေးကြော်သံတွေ တိုင်တယ်။ နောက်ပြီး ထောင်အာဏာပိုင်တွေဆီကိုလည်း ရာဇသံတွေပေးတယ်။ ဒီလူတွေကို လွှတ်ပေး။ လွှတ် မပေးရင် တိုက်ပွဲကြီးတခု ဆင်ရလိမ့်မယ်လို့ အာဏာပိုင်တွေကို ရာဇသံပေးတယ်။ အဲဒီ ဟာနဲ့ တချိန်တည်းမှာ ကျနော်တို့က တိုက်ပွဲအတွက် ကျနော်တို့ အဖွဲ့အစည်းအတွင်း မှာရော၊ ရိက္ခာရုံအတွင်းမှာရော၊ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ရော ညှိနှိုင်းတိုင်ပင်ကြတယ်။

ထောင်အာဏာပိုင်တွေဟာ ခုနကဖမ်းထားတဲ့ ရဲဘော်အုန်းမော်နဲ့ ရဲဘော်မောင်မောင်စိုး ကို ပြန်လွှတ်ပေးပါတယ်။

(ဆက်ရန်...)

(”တော်လှန်ရေးသမား” အပိုင်း မပြီးသေးပါ။ နောကိပို့စ်မှာ ဆက်ပါမယ်။)

(ပီဒီအက်ဖ် စာမျက်နှာ ၆၆-၉၂)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်