ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၂) 🖋 ရဲဘော်ဖိုးသံချောင်း
ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၂)
◾ ထောင်
ရဲဘော်ဖိုးသံချောင်း
▪ မန္တလေးထောင်
အဲလို ထောက်လှမ်းရေးကနေ မန္တလေးထောင်ထဲကို ခေါ်သွားရော။ မန္တလေး ထောင်ဆိုတာ အခုထောင် မဟုတ်ဘူး။ နန်းတွင်းထဲကထောင်။ အခုက ထောင်က ပြောင်းသွားပြီ။
ထောင်ထဲ ဗူးဝ စဝင်ကတည်းက ကျနော့်အတွက်တော့ ဘာမှ မျက်စိစိမ်းမနေ ဘူး။ အကုန်လုံး ကျနော်မျက်စိယဉ်နေတဲ့၊ ရောက်ဖူးနေတဲ့နေရာတွေချည်းပဲ။ စခေါင်းငုံ ဝင်ရတဲ့ ဗူးကလေးက စပြီးတော့ အဲဒီ အထဲကြက်တူရွေးခန်း၊ နောက်... ကြက်တူရွေးခန်း ဟိုဘက်က ထမင်းဖိုကြီး၊ အကုန်လုံး ကျနော်မှတ်မိတယ်၊ သိနေသေးတယ်။ အဲဒီထမင်း ဖိုကြီးကို ကျော်ပြီးတော့ ထောင်ကျဝိုင်းထဲဝင်ဝင်ချင်း ယာဘက်မှာ တိုက်ပိတ်တဲ့တိုက်ခန်း အရှည်တခုရှိတယ်။ အဲဒီတိုက်အကြောင်း အရင်ကတည်းက သူများပြောပြထားလို့ သိတာ။ ကျနော့် အဖေတို့ဘာတို့နဲ့ ထောင်ထဲသွားတော့ အဲဒီတိုက်ခန်းအရှည်လေးက ထူး ဆန်းလို့ မေးကြည့်တယ်။ “အဲဒါဘာလဲ။” “ဟ… အဲဒီဟာ Leper တိုက်လို့ ခေါ်တယ် ကွ” တဲ့။ “အဲဒီထောင်ထဲမှာ ကိုယ်ရေပြားရောဂါရှိတဲ့လူတွေကို တခြားထောင်သား တွေနဲ့ ခွဲပြီးထားတာ။ ဥပမာ Leprosy သမားတွေပေါ့လေ။ အဲဒါကြောင့်မို့ Leper တိုက်လို့ခေါ်တယ်” တဲ့။ ကျနော် အဲဒါ ခေါင်းထဲကနေပြီးတော့ ဘယ်တော့မှ မမေ့နိုင်ဘူး။ အဆောက်အဦလေးကလည်း အုတ်ကို အနီတွေသုတ်ထားတော့ နီကျင်ကျင်နဲ့။
အဲဒီ ဟိုဘက်မှာတော့ အဆောင်ကြီး။ ကျနော်လေ အဆောင်ကြီးကိုပဲ လည် တဆန့်ဆန့်နဲ့ ဘယ်သူ့ကို တွေ့ရမလဲ။ ဦးလေးနဲ့ ဘယ်မှာတွေ့ရမလဲ။ တခြား အသိမိတ် ဆွေတွေနဲ့ ဘယ်လိုတွေ့ရမလဲ။ လည်တဆန့်ဆန့်နဲ့ သွားတယ်။ အဲဒီတော့ အဲလိုတွေးနေ တုန်းရှိသေး Leper တိုက်ရှေ့တင်ပဲ ရပ်လိုက်ရောဗျာ။ ကျနော့်ကို ခေါ်သွားတဲ့ ဝါဒါနဲ့ နောက်တယောက်က၊ ထောင်မှူးတယောက်ပါတယ်။ ရပ်ပြီးတော့ အဲဒီ ညာဘက်ချိုးပြီး Leper တိုက် ပထမဆုံးအခန်းထဲ ထည့်လိုက်တာ။ “ဟာ” ဆိုပြီး ဖြစ်သွားတာ။ “ဟ...ဒါ အနူတွေထားတဲ့ နေရာပဲ။ ငါ့ကို ဘာလို့ ဒီထဲထည့်တာလဲ” သူတို့ ဘာမှမပြောဘူး။ ကျနော့်ကို အတင်းထည့်ပြီးတော့ အပြင်ကနေ တံခါးပိတ်ပြီး ဝုန်းဒိုင်းဆိုပြီး ပိတ်ပြီး ထွက်သွားတာ။
ကျနော်က ဦးလေးတွေဘာတွေနဲ့ တွေ့ရမယ်၊ ဘော်လီဘော ကစားရမယ်၊ စာအုပ်တွေ ဖတ်ရမယ်၊ တူရိယာ သင်လိုက်မယ်။ အဲလိုထင်ခဲ့တာ။ အခုတော့ Leper တိုက်ထဲမှာ ဘယ်သူမှမရှိဘူး။ အင်မတန်ကို ကြောက်စရာကောင်းတဲ့ သံတံခါးကြီးနဲ့ ပြတင်းပေါက်ကလေး သေးသေးလေးကလည်း ဟိုး... အမြင့်ကြီးမှာ။ အင်မတန် ခြောက်ခြားစရာ ကောင်းတဲ့ နေရာတခု ကျနော် ရောက်သွားတယ်။ အဲဒီတုန်းက အဲဒီ Leper တိုက်ကို ၂ တိုက်လို့ ခေါ်တယ်။ ဒါ နောက်မှ ကျနော်သိရတာ။
မန္တလေးထောင်ထဲမှာ အဲဒီတုန်းက တိုက် ၄ တိုက် ရှိတယ်။ ၁ တိုက်၊ ၂ တိုက်၊ ၃ တိုက်၊ ၄ တိုက်။ အဲဒီထဲမှ ၁ တိုက်၊ ၂ တိုက်၊ ၄ တိုက်ကတော့ ကျနော်တို့ “နိုင်ငံရေး ထိန်းသိမ်းတယ်” လို့ခေါ်တယ်။ အဲဒီတုန်းက အကျဉ်းသားလို့ မခေါ်ဘူး။ “ထိန်းသိမ်း” တွေလို့ ခေါ်တာ။ အဲဒါတွေကို ထားတယ်။ နောက် ၃ တိုက်လို့ ခေါ်တဲ့ဟာကတော့ ဆေး ရုံထဲမှာ ရှိတယ်။ အဲဒီဟာကတော့ ထောင်သားတွေကို ပိတ်တာ။ ထောင်သားတွေအတွက် ထားတာတခုတည်း။ ကျန်တဲ့ဟာတွေ အားလုံးကတော့ ဒီနိုင်ငံရေးသမားတွေကိုပဲ ထားတာလေ။ ၄ တိုက်ဆိုတာက ကြိုးတိုက်။ ကြိုးကျတဲ့လူတွေ ထားတာ။ ကြိုးသမားတွေ ကို ထားတာ။ အဲဒီအချိန်ကျတော့ ကြိုးသမားဆိုတာလည်း မရှိသလောက်ဖြစ်နေပြီ။ ကြိုး တိုက်ထဲမှာလည်း အကျဉ်းသားထားတာ လုံးလုံးမရှိတော့ဘူး။ နိုင်ငံရေးသမားတွေပဲ ထားတာ။
အဲဒီတော့ ကျနော်က ဒီ ၂ တိုက် (Leper တိုက်) ထဲ ရောက်သွားတော့ ကျနော့်အခန်းဘေးမှာက ဦးဇင်းလေးနှစ်ပါး။ မန္တလေးမှာ သံဃာ့လှုပ်ရှားမှုဖြစ်တော့ သံဃာတွေ အများကြီးဖမ်းတဲ့ထဲမှာ ပါလာတဲ့ ဦးဇင်းလေးနှစ်ပါး။ သူတို့က ကျနော့်ကို အများကြီး အကူ အညီပေးတယ်။ အကူအညီပေးတယ်ဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုပစ္စည်းအရ ခွက်လိုသလား ဘာလိုသလား အဲဒါမျိုးကလည်း ပေးတယ်။ ထောင်အသိပညာလည်း ပေးတယ်။
နောက်ပြီးကျတော့ အဆက်အသွယ်တွေလည်း လုပ်ပေးတယ်။ ကျနော်နေတဲ့ တိုက်ထဲမှာ ဘယ်သူရှိတယ်၊ ကျနော့်ဦးလေးက ဘယ်မှာရှိတယ်... စတာတွေ သူတို့က အကုန်လုံး ပြောပြတယ်။ အဆက်အသွယ် လုပ်ပေးတယ်။
အဲဒီတော့ အဲဒီ ဦးဇင်းလေးဆီက တဆင့်သိရတာက ကျနော်နေတဲ့ တိုက်ထဲ မှာ သံဃာတွေရှိတယ်။ လူငယ့်တပ်ဦးက ရဲနီတွေရှိတယ်နောက်ပြီးကျမှ ကျနော်တို့ဆီ က လူတွေ တဖြည်းဖြည်းရောက်လာတယ်။ အဲဒါတွေ အကုန်လုံးသိ နေရတယ်။
အရင်ပြောခဲ့သလိုပဲ ၆၃ ခုနှစ်အကုန် ငြိမ်းချမ်းရေးပျက်တဲ့အခါကျတော့ ကျောင်းသားတွေကို တောထဲကို မောင်းထုတ်လိုက်တာ။ အဓိကအားဖြင့် တောထဲကို မောင်းထုတ်တယ်လို့ပြောရမယ်။ ဘာလို့ဆိုတော့ ထွက်ပြေးကြတာ အားလုံးလိုလို လွတ်သွားကြတယ်။ အဲဒီမတိုင်ခင်က ၆၂ အာဏာသိမ်းတော့ ဖမ်းထားတဲ့ ကျောင်းသားတွေ က ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတဲ့ သူတို့ရုပ်ပြတာတခု လုပ်တော့မယ်ဆိုတော့ လွှတ်ပေးရ တယ်။ အဲဒီကျောင်းသားတွေ ထောင်က လွတ်လာပြီ။ ထောင်ထဲမှာ ကျောင်းသား (ကျ နော်တို့ရောက်တဲ့အထိ) လုံးဝမရှိဘူးလို့ ဆိုရမလောက်။ လူငယ့်တပ်ဦးကလူတွေ ရှိတယ်။ အဲဒီထဲမှာ ကျောင်းသားတွေလည်း ပါတယ်။ ဆိုတော့... ကျနော်တို့ ရောက်သွားတဲ့အခါ ကျတော့ ဒါ ပထမဆုံး ဗကသအလံကိုင်ပြီး ဝင်လာတဲ့လူလို့ ပြောလို့ရတယ်။ အဲဒီ နောက်မှာ တဖွဲဖွဲ ဝင်လာလိုက်ကြတာ နောက်ဆုံး ကျနော်တို့ ကိုကိုးကျွန်းပို့ခံရတဲ့ အချိန် ကျတော့ တိုက်တွေထဲမှာ ကျောင်းသားတွေက အများစုဖြစ်နေတယ်။
အဲဒီနေရာမှာ ကျနော် ထပ်ပြောချင်တာက စစ်အစိုးရဟာ (ဗိုလ်နေဝင်းတို့ဟာ) ဘာဖြစ်လို့ ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂအပေါ် ဒီလောက်စိတ်နာရသလဲဆို တာ ပြန်ပြီးတော့ (အခုအချိန်ပေါ့) သုံးသပ်လို့ ရပြီလို့ ထင်တယ်လေ။ ဘာကြောင့်ဆိုတော့ ဗိုလ်နေဝင်းရုပ်လုံးလည်း အကုန်ပေါ်သလောက် ဖြစ်နေပြီ။ နောက်... သူနဲ့အတူတူ စစ် အုပ်စုကို တည်ထောင်ခဲ့တဲ့၊ သူ့နောက်ကနေပြီးတော့ စစ်အုပ်စုကို ရုပ်လုံးဖော်ခဲ့ကြတဲ့ လူ တွေလည်း အတော်လေး ပုံပေါ်လာပြီဆိုတော့ ပြောလို့ရပြီလို့ ကျနော်ထင်တယ်။ အဲဒီ တော့ ဗမာပြည်စစ်အုပ်စုကို ပထမဆုံး ပန္နက်ရိုက် တည်ထောင်ခဲ့ကြတဲ့ ဗိုလ်နေဝင်း၊ ဦး အောင်ကြီး၊ ဗိုလ်တင်ဖေ၊ ဗိုလ်မောင်မောင်၊ နောက်ပြီးတော့ ဆိုရှယ်လစ်ပါတီနဲ့ မကင်းတဲ့ တခြားစစ်ဗိုလ်တွေ အများကြီးပဲ။ ကျနော် နာမည်တွေအပြည့်အစုံပြောဖို့ ဒီမှာ ရှည်နေ မှာစိုးလို့ မပြောတော့ဘူး။
အဲဒီတော့ ဒီလူတွေရဲ့သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါကျတော့... သူတို့ဟာ ကျောင်းသားသမဂ္ဂနဲ့ ဘာမှမပတ်သက်ဖူးဘူး။ သူတို့ထဲမှာ တက္ကသိုလ် ရောက်တာလည်း ရှိတယ်၊ မရောက်တာလည်း ရှိတယ်။ အင်္ဂလိပ်ခေတ်တုန်းကဆိုရင် ကျောင်းသားသမဂ္ဂ ဟာ တက္ကသိုလ်မှာမှ ရှိတာမဟုတ်ဘူး။ အထက်တန်းကျောင်းတွေမှာလည်း ရှိတယ်။ အဲ ဒီလူတွေဟာ အထက်တန်းကျောင်းတွေမှာလည်း သမဂ္ဂနဲ့ ကင်းဝေးတယ်။ တက္ကသိုလ်မှာ လည်း ကင်းကင်းပဲ။ ဒါ... လက်ရှိ စစ်အုပ်စုထိပ်သီးတွေအထိ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် အစရှိသဖြင့် ဗိုလ်မောင်အေး... သူတို့မျိုးဆက်အထိ အားလုံးဟာ ကျောင်းသားသမဂ္ဂ နဲ့ အင်မတန်ကင်းတဲ့လူတွေ။
သူတို့ခေတ်တုန်းက (သူတို့ကျောင်းတက်နေကြတဲ့ ခေတ်တုန်းက) ကျောင်းသား သမဂ္ဂတွေက အင်မတန်လှုပ်ရှားနေကြတဲ့အခါ။ အင်မတန် ပြင်းပြင်းထန်ထန် လှုပ်ရှားပြီးအင်မတန် အသက်ဝင်နေတဲ့အခါ။ သူတို့ ဘာကောင်လဲ။ ဘယ်သူ့မှာမှ အဲဒီသမိုင်း မရှိ ဘူး။ ရှိလှရင် တယောက်နှစ်ယောက်ပဲ။ ဒါဟာ ခြွင်းချက်ပဲ။ အဲဒီ လူ ၁ဝဝ ထဲမှာ တ ယောက်နှစ်ယောက်ပဲ ရှိတယ်။ အဲဒီတော့ သူတို့တတွေက ကျောင်းသားသမဂ္ဂနဲ့ ဘယ်သူ မှ မပတ်သက်ဘူး။
နောက်တခုက သူတို့ထဲက တခြားလူတွေ တချို့လူတွေကျတော့ သူတို့ မိဘများ အဆက်အဆက်တွေက (ကျနော် နာမည်မပြောတော့ဘူး) အင်္ဂလိပ်ဗျူရိုကရက် အ ဆက်တွေ၊ အင်္ဂလိပ်အရာရှိအဆက်တွေ။ အဲဒါကြောင့်မို့ သူတို့က ကျောင်းသားသမဂ္ဂတွေကို ငယ်ငယ်ကလေးတည်းက အရိုးထဲက မုန်းတာ။ ကျောင်းသားသမဂ္ဂထဲ သူတို့ပါရင် သူတို့အဖေအလုပ်တွေ ထိခိုက်မယ်။ နောင် သူတို့ကြီးလာရင်လည်း သူတို့လည်း ဗျူရို ကရက်ယန္တရားထဲမှာ ဝင်ပါကြမယ်လို့ စဉ်းစားထားတဲ့လူတွေ။ အဲဒီတော့ သူတို့နောင်ရေး ကိုလည်း ထည့်တွက်ရမှာဖြစ်တယ်။ ဒါမို့ သူတို့ ကျောင်းသားသမဂ္ဂကို ငယ်ငယ်လေး ကတည်းက မုန်းတာ။ အသွေးထဲ အသားထဲထိ မုန်းတာ။
အဲဒီတော့ သမဂ္ဂကြီးကို ဖြိုပစ်ဖို့လည်း နည်းနည်းမှ ဝန်မလေးဘူး။ သူတို့ ဘာ သံယောဇဉ်မှ မရှိဘူး။ သမဂ္ဂဟာ သူတို့မျက်စိထဲမှာ အပိုအဆောက်အဦကြီးတခု၊ သက် သက်ကို အနှောင့်အယှက်ပေးနေတဲ့ အဆောက်အဦကြီးတခု ဒီလိုပဲ မြင်တာ။ အဲလိုအမြင်နဲ့ တလျှောက်လုံး မွေးခဲ့တဲ့အငြိုးဟာ ဒီနေ့အထိပဲ။ စစ်အုပ်စုမှာ မျိုးဆက်အဆက်ဆက် ပြောင်းခဲ့တယ်။ တတိယမျိုးဆက်ကို ရောက်ပြီလို့ ပြောလို့ရတယ်။ အဲဒီမျိုးဆက်တွေ ဘယ်လိုပြောင်းပေမယ့်၊ သူတို့ချင်းက ပဋိပက္ခတွေ ဘယ်လိုရှိပေမယ့် သူတို့အထဲမှာ ထိန်းသိမ်းထားတဲ့ အငြိုးတွေကျတော့ မျိုးဆက်တခုနဲ့တခု လွှဲပေးပစ်ခဲ့ကြတယ်။ အဲဒါကို နောက်မျိုးဆက်ကလည်း လက်ခံခဲ့တယ်။ ခုံခုံမင်မင်လက်ခံပြီး အဲဒီအငြိုးတွေနဲ့ပဲ တိုင်းပြည်ကိုအုပ်ချုပ် ရန်လုပ်နေတာပဲ။
အဲ...အငြိုးတွေဆိုတဲ့အထဲမှာ နံပါတ် ၁ ဗိုလ်နေဝင်းရဲ့ ဗိုလ်ချုပ်အောင်ဆန်း အပေါ် အငြိုး၊ အဲဒီအငြိုးက အခု ဒေါ်အောင်ဆန်းစုကြည်ထိ ဆက်တာပဲ။ ကွန်မြူနစ်ပါတီ ပေါ် အငြိုး၊ ဒါ... တလျှောက်လုံးပဲ။ အဲ... ကျောင်းသားသမဂ္ဂအပေါ် အငြိုး၊ ဒါလည်း ဒီနေ့ အထိပဲ။ ဗိုလ်နေဝင်းအငြိုးတွေကို အခုနောက်ဆုံးစစ်အုပ်စုက၊ နအဖအုပ်စုက ဘာပဲပြော နေနေ ဘယ်လိုမှ မစွန့်ပစ်ပါဘူး။
▪ ရဲဘော်ဌေးလှ၊ မြစ်ဖျားတိုင်းက မမြဦး
အဲဒီခေတ်အခါကထောင်နဲ့ ဒီနေ့ခေတ်အခါကထောင် မတူတာ ကျနော်ပြောပြ ဦးမယ်။ ကျနော်တို့ အဖမ်းခံရတဲ့ခေတ်တုန်းက သူတို့ အာဏာသိမ်းပြီးတော့ ဘာမှမကြာ သေးဘူး။ ၄ နှစ်ပဲ ရှိသေးတာ။ အဲဒီတော့ အရင်အရှိန်တွေ မကုန်သေးဘူး။ အရင်အရှိန်ဆိုတာ B ကလပ် ထားတဲ့အရှိန်တွေ မကုန်သေးဘူး။ အဲဒီတော့ အရမ်းကြီး၊ တုံးတိကြီး ဖြတ်ပစ်လို့ မရသေးဘူး။ အဲဒီတော့ B ကလပ် အခွင့်အရေးလည်း သူတို့ မပေးချင်တော့ဘူး။ မပေးနိုင်တော့ဘူး။
နောက်တခုက ဖြတ်မရသေးတဲ့အကြောင်းတခုက ဒီတခါအာဏာသိမ်းလို့ ဖမ်းထားတဲ့အထဲမှာ သူတို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မကင်းရာမကင်းကြောင်းတွေ ပါနေတာ။ ဟိုအရင် ဝန်ကြီးချုပ်တွေပါတယ်။ အရင်သမ္မတတွေ ပါတယ်။ အဲ... အဲဒါတွေကျတော့ လည်း ထောင်သားလို ကျွေးလို့မဖြစ်ဘူး။ အဲဒီတော့ နည်းနည်း အကျွေးအမွေးကအစ အခုနဲ့စာရင် အများကြီးကောင်းတယ်လို့ ပြောလို့ရတယ်။
ကျနော်တို့ အဲဒီတုန်းက နေ့တိုင်း အသားတနပ် စားရတယ်။ မနက်ထမင်းမှာတော့ ထောင်သားလိုပဲ ပဲနဲ့ငပိနဲ့ စားရတယ်။ နေ့ခင်းမှာ ကော်ဖီတခွက် တိုက်သေးတယ်။ နို့ဆီခွက်နဲ့ တခွက်။ အဲဒီတော့ အခုခေတ်နဲ့ဘာမှ မနှိုင်းသာဘူးလို့ပြောလို့ရတယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက အမှုစစ်တယ်ဆိုတာ မရှိဘူး။ ထိန်းသိမ်းလိုက်တယ်ဆိုလို့ရှိရင် ရက်အကန့်အသတ်မရှိဆိုတဲ့ဟာ နောက်ပြီးကျတော့ ထောင်ဝင်စာဆိုတာမရှိဘူး။ အပြင် ပစ္စည်းပို့ခွင့်ဆိုတာ နောက်ပိုင်းကျမှ တလတခါလောက် ပို့လာတာရှိတယ်။
အဲဒီတုန်းက (ကျနော်တို့ မန္တလေးထောင်ပေါ့လေ... တခြားနေရာတော့ ကျနော် မပြောလိုဘူး။) မန္တလေးထောင်မှာ အဲဒီထမင်းချက်တဲ့ ထိန်းသိမ်းဖိုဆိုတာ သပ်သပ်ရှိ တယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို “ထိန်းသိမ်း” တွေလို့ ခေါ်တာပေါ့။ ထိန်းသိမ်းဖိုဆိုတာ သပ်သပ်ရှိတယ်။ အဲဒီထိန်းသိမ်းဖိုမှာ ထမင်းချက်တာကတော့ ထောင်သား တွေက လာချက်ပေးတယ်။ ထောင်ကျတွေက ချက်ပေးတယ်။ ကွပ်ကဲတာ၊ ကြီးကြပ်တာကျတော့ အဆောင်တွေကကိုယ်စားလှယ်တွေ ကြီးကြပ်တယ်။ အဆောင်တဆောင် ကိုယ် စားလှယ် ၂ ယောက် ၃ ယောက် အဲဒီလို။ အဆောင်က ၄ ဆောင်ရှိတယ်။ တိုက်က ၃ တိုက်။ တိုက်ကတော့ ကိုယ်စားလှယ်လုပ်လို့ မရဘူး။ တိုက်ကလူကတော့ အပြင်မထုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်စားလှယ်တွေက ချက်တဲ့ပြုတ်တဲ့နေရာမှာ အမြဲတမ်း သွား ကြည့်တယ်။ ဈေးဝယ်တာ သူတို့စစ်တယ်။ ထောင်ကဝယ်လာတဲ့ဟာကို သူတို့ စစ်ပြီး လက္ခံတယ်။
အဲဒီလိုနဲ့ ၁၉၆၇ ခုနှစ် ဖေဖေါ်ဝါရီလ ညကြီးမှာ စောစောက ကျနော် ပြောခဲ့တဲ့ MI က ထွက်ပြေးဖို့ကြိုးစားတဲ့ ရဲဘော်ဌေးလှဟာ ငှက်ဖျားနဲ့ ဆုံးသွားတယ်။ သူ ငှက် ဖျားရောဂါ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်ပြီးတော့ ကျနော်တို့ အဲဒီအရင် ၂ ရက် ၃ ရက်ကတည်းက ကြိုပြီး သတင်းက ကြားနေတယ်။ တကယ်ကျတော့ ငှက်ဖျားဆိုတာ မန္တလေးလိုနေရာမျိုးမှာ ကုလို့မရတဲ့ဟာ မဟုတ်ပါဘူး။ သူတို့ သေသေချာချာကုပေးရင် ရတာပဲ။ ထောင်မှာလည်း ဆရာဝန်တွေရှိတာပဲ။ သူတို့က ကရော်ကမည် ကုတယ်။ ရောဂါ ဆိုးလာတဲ့အခါကျတော့၊ တကယ်ပြင်းထန်လာတဲ့အခါကျတော့ အပြင်ဆေးရုံကို ပို့မပေးဘူး။ အဲဒီလိုနဲ့ ထောင်ထဲမှာ သူတို့ပိတ်ပြီးတော့ သူတို့ထင်သလို လျှောက်လုပ်ကြရင်းကနေ ရဲဘော်ဌေးလှဟာ ဆုံးသွားရော။
ဒီတော့ ရဲဘော်ဌေးလှ ဆုံးသွားတယ်။ သူ့ကိုထားတာက ၂ တိုက်ထဲမှာ ထား တယ်။ ၂ တိုက်ဆိုတာ ကျနော့်ကိုထားတဲ့ ၁ တိုက်နဲ့ ဆိုလို့ရှိရင် မီတာ ၂ဝဝ လောက် ဝေး မယ်ထင်တယ်။ အဲ... ၂ တိုက်ကစပြီးတော့ တိုက်ပွဲဖော်တာပဲ။ တိုက်ပွဲဖော်တယ်ဆိုတာ ကြွေးကြော်သံတွေ အော်တာပေါ့ဗျာ။ ဖျားရင်နာရင် ဆေးရုံပို့ရမယ်။ ထောင်ထဲမှာ အသေမခံနိုင်ဘူးဆိုတဲ့အကြောင်း။ ဒီတော့ သူတို့ရဲ့ကြွေးကြော်သံတွေနဲ့ တိုက်ပွဲကို အဆောင်ပေါ်က ထိန်းသိမ်းထားတဲ့လူတွေ အားလုံးက လက်ခံပါဝင်ကြတယ်။ သူတို့လည်း လိုက်အော် တယ်။ ကျန်တဲ့တိုက် ၃ တိုက်ကလည်း (ကျနော်တို့ရော) လိုက်အော်ကြတယ်။
အဲဒါအပြင် ကျနော်တို့မန္တလေးထောင်နဲ့ မျက်နှာချင်းဆိုင်မှာ အမျိုးသမီးထောင် ရှိတယ်။ အပြင်ဘက်မှာ။ ညမှာ ကြွေးကြော်သံတွေတိုင်တာဆိုတော့ အမျိုးသမီးထောင် ကလည်း ကြားရတယ်။ အမျိုးသမီးထောင်ဆိုတာ ညမို့လို့ ကြားရတာ။ အတော့်ကို လှမ်းတဲ့ နေရာ။ ဒီအဆောင်ကြီးနဲ့ ဆိုလို့ရှိရင် မီတာ သုံးလေးရာလောက် ဝေးမယ်ထင်တယ်။ သူတို့ကလည်း စပြီး ဝင်ပါတယ်။
ကျနော်တို့ ၂ ညလောက် ဆက်ပြီးအော်လိုက်ကြတာ ကြွေးကြော်သံ တိုင်ပြီး တိုက်လိုက်ကြတော့ ထောင်အာဏာပိုင်တွေ သူတို့အပြစ်လည်း ဖြစ်နေတဲ့အခါကျတော့ ခေါ်ပြီးဆွေးနွေးတယ်။ ခေါ်ဆွေးနွေးတော့ ခုန အဆောင်ကိုယ်စားလှယ်တွေကိုပဲ ခေါ်ဆွေး နွေးတယ်။ ကျနော်တို့တိုက်က လူတွေကတော့ မပါဘူး။ ခေါ်ဆွေးနွေးပြီး သူတို့က နောင် မဖြစ်စေရပါဘူး။ လိုအပ်ရင် ဆေးရုံတင်ပေးပါ့မယ် ဆိုပြီးတော့ အာမခံတယ်။ သူတို့ အလျှော့ပေးသွားတယ်ပေါ့လေ။ တကယ်လည်း နောက် ပို့ပေးတာတွေ ဘာလေးတွေ ရှိ တော့ ဆရာဝန်တွေလည်း နည်းနည်း ဂရုတစိုက်ကုလာတာ ရှိပါတယ်။ အမှန်ကတော့ ဆရာဝန်က မကုတာ မဟုတ်ပါဘူး။ သူတို့နောက်က ထောင်အာဏာပိုင်တွေက ချုပ်ထား လို့ ဆရာဝန်တွေရဲ့ စေတနာနဲ့ မဆိုင်ဘူး။ ဆရာဝန်လာရင် ဘေးမှာ ထောင်အာဏာပိုင် အကြိုက် စာရင်းလိုက်လုပ်နေတဲ့ သတင်းပေးလိုကောင်တကောင်က အမြဲပါနေတဲ့ဟာပဲ။ ဝါဒါတကောင် အမြဲတမ်းပါနေတာ။ အဲဒီတော့ ဆရာဝန်တွေက အဲဒီလို ကုသပေးတော့ အတော်လေးတော့ အခြေအနေပြောင်းလာသလိုမျိုး ရှိတယ်။
ဒါပေမယ့် ထောင်ကျတွေအပေါ်တော့ သဘောထားမပြောင်းဘူး။ နဂိုကတည်းက ထောင်ကျဆိုတာက မသေရုံတမယ် ထားတဲ့ဟာမျိုး။ အဲဒီတော့ ထောင်ထဲမှာ ရိုးရိုး အကျဉ်းသားထဲက သေတာတွေ ထပ်ဖြစ်တယ်။ အဲဒါအပြင် ၆၇ ခုနှစ် မေလထဲမှာပဲ အမျိုးသမီးထောင်ထဲမှာ အမျိုးသမီးတယောက် ဆုံးသွားတယ်။ အထိန်းသိမ်းခံ အမျိုးသမီး။ ဘယ်သူလဲဆိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မြစ်ဖျားတိုင်းက မိလာတဲ့ အမျိုးသမီးတယောက်။ မမြဦးဆိုတာ ဆုံးသွားရှာရော။ အဲဒါလည်း ရိုးရိုးဖျားတာနာတာနဲ့ ဆုံးတာ။
အဲဒီတော့ ကျနော် မှတ်မှတ်ရရ ညကြီးပဲ။ ၆၇ ခု၊ မေလ၊ ၆ ရက်နေ့ ညကြီး။ ထောင်မှာက ည ၉ နာရီဆို ထောင်ဝါဒါတွေက “အိပ်ချိန် အိပ်ချိန်” လို့ အော်လိုက်ရင် အကုန်လုံး တိတ်ရတာ။ ဘယ်သူမှ စကားမပြောတော့ဘူး။ နဂိုကတော့ စကားတွေပြော ကြ၊ တချို့ကတော့ ဘုရားရှိခိုးကြ၊ ပရိတ်ရွတ်ကြနဲ့ အင်မတန် ဆူညံနေတာ။ သီချင်းဆိုတဲ့ လူ ဆို။ အဲဒီ ၉ နာရီကျော်လို့ရှိရင် “အိပ်ချိန် အိပ်ချိန် အိပ်ချိန်”ဆိုပြီး အကုန်လုံး ဝါဒါတွေက လိုက်အော်လိုက်၊ အကုန် တိတ်ဆိတ်ငြိမ်သွားတာ။
အဲ... အဲလို... အိပ်ချိန်နောက်ပိုင်းကျမှ အမျိုးသမီးထောင်ဘက်ကနေပြီးတော့ ကြွေးကြော်သံတွေ ကြားရတာ။ အင်မတန်စိတ်လှုပ်ရှားစရာ ကောင်းတယ်။ အမျိုးသမီး တွေကနေ ဒီဘက်ကို လှမ်းအော်ပြီး ပြောတာ.. “ထိန်းသိမ်းဆောင်မှ ရဲဘော်များရှင့်... ထိန်းသိမ်းဆောင်မှ ရဲဘော်များရှင့်...” သူတို့က အဲဒီလို ပြောတာ။ နောက်ပြီးကျတော့ သူတို့ အဲဒီမှာ တိုက်ပွဲစဝင်နေပါပြီဆိုတဲ့အကြောင်းကို ပြောတာ။
ဖြစ်ချင်တော့ ထိန်းသိမ်းဆောင်ဆိုတာက အဆောင်က အရှည်ကြီး။ အောက် ထပ်မှာက အကျဉ်းသားတွေ။ အပေါ်ထပ်မှာက နိုင်ငံရေးအကျဉ်းသား ထိန်းသိမ်းတွေ။ အဆောင်အရှည်ကြီးရဲ့ထိပ်နဲ့ ခုနက အမျိုးသမီးဆောင်နဲ့ အနီးဆုံးဖြစ်တဲ့ ထိပ်မှာက (အပေါ်ခန်းက) သံဃာတွေဖြစ်နေတယ်။ သံဃာတွေကို ထားတာ။ သံဃာအပါး သုံးလေး ဆယ် ရှိမယ်ထင်တယ်။ ကျနော် မရောက်ဖူးလို့ အတိအကျတော့မသိဘူး။ အဲဒီတော့ ပထမဦးဆုံးကြားတာက သံဃာတွေ။ နောက်... ဟိုဘက်ကို ပြန်စကားပြောဖို့၊ ပြန်ဆက်သွယ်ဖို့ ဒီလိုပဲ အော်ပြီးပြောရမှာကိုး။ အဲဒါလည်း ဒီသံဃာတွေဘက်ကပဲ အဆင်ပြေ တာ။ အဲဒီတော့ သူတို့ကပဲ ပြောတာ။
အဲဒီတော့ အမျိုးသမီးဆောင်ဘက်ကလည်း ဒီဘက်က ပြောနေတာ သံဃာတွေမှန်း မသိဘူး။ သူတို့ကလည်း“တပည့်တော်မတို့” တို့၊ “အရှင်ဘုရားတို့” လို့ မပြော တတ်ဘူး။ သူတို့ သိမှမသိဘဲ။ “ကျမတို့” ပဲ။ အဲ... ဒီဘက်က သံဃာတော်များကလည်း “ကျုပ်တို့က ကိုယ်တော်တွေပါ။ သံဃာတော်တွေပါ” ဆိုပြီး ထုတ်ပြောလို့လည်း မဖြစ် ဘူးလေ။ ထောင်အာဏာပိုင် ကြားတဲ့အကြားက ဗြောင်ဆက်သွယ်နေရတာ။ နောက်ပြီး သူတို့က ဟိုဘက်ကလူတွေ ရှက်သွားမှာ၊ အရှိန်တုန့်သွားမှာ ငဲ့ရတယ်ထင်ပါတယ်။ သူ တို့ကလည်း “ခင်ဗျား... ကျနော်” နဲ့ပဲ ပြန်ပြောရတယ်။ ကျနော်တို့၊ ဘေးကကြားနေတဲ့ လူတွေက အားလုံး သိနေကြတော့ ထူးတော့ ထူးဆန်းနေတာပေါ့ဗျာ။
ဒါပေမယ့် အင်မတန် စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စိတ်ခိုက်စိတ်တွေ အားမာန်တွေ ပြည့်ဖြိုးနေတဲ့အချိန်ဖြစ်တော့ ချက်ချင်းပဲ ကျနော်တို့ ဒီဘက်က တုန့်ပြန် လိုက်တယ်။ ကျနော်တို့ပါ လိုက်ပြီး သူတို့ ကြွေးကြော်သံတွေ လိုက်အော်တယ်။ အင်မ တန် သမိုင်းမှာထူးခြားတယ်။ အမျိုးသမီးထောင်က စလိုက်တယ်။ ဒါ... ထောင်အပြင်က ထောင်တခုက စလိုက်တာဖြစ်တယ်။ ကျနော်တို့ ဒီဘက်က အကုန်လုံး လိုက်ပါကြတယ်။ လိုက်ပါပြီးတော့ နောက်တနေ့ကျတော့ ကျနော်တို့အားလုံး ဘယ်သူမှ အပြင်မထွက်ရ တော့ဘူး။ ရေချိုးတောင် မထုတ်တော့ဘူး။ အဆောင်ပေါ်ကလူတွေက ရေချိုးတယ်ဆိုရင် အောက်ရေကန်မှာ သွားပြီး ချိုးရတယ်။ အဲဒီ ရေချိုးမထုတ်တော့ဘူး။ အကုန်လုံး ပိတ် ထားလိုက်တယ်။
အဲလိုပိတ်ထားတဲ့အခါ ကျနော်တို့ တိုက်ထဲကလူတွေကတော့ မလုပ်နိုင်ဘူး ပေါ့လေ။ အဆောင်ပေါ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့အဆောင်အောက်မှာ အိပ်နေတဲ့ အ ကျဉ်းသားတွေကို စည်းရုံးတယ်။ ဒီတိုက်ပွဲထဲမှာ ပါလာအောင် စည်းရုံးတယ်။ အကျဉ်း သားတွေကလည်း ပါလာရော၊ အဲဒီမယ် ဒုတိယညက စပြီး အကျဉ်းသားတွေရော အော် တာ။ အော်တော့ ကြွေးကြော်သံတွေက ဟိန်းနေတာပဲ။ တအုံးအုံးနဲ့ အော်နေတာ။ အ လှည့်နဲ့၊ အခန်းလိုက် အခန်းလိုက် အလှည့်နဲ့ အော်နေသလိုပဲ။ ထောင်အပြင်ကနေ ကောင်းကောင်းကြားရတယ်။ မန္တလေး နန်းမြို့ဦး အပြင်ကတောင် ကြားရလောက်တယ် လို့ထင်တယ်။ ၁၂ နာရီ ၁ ချက် ည။
အဲဒီလို ကျနော်တို့ တိုက်ပွဲတွေဝင်နေကြရင်း မေလ ၇ ရက်နေ့အထိ ကျနော် တို့ တိုက်နေကြတာ။ အဲဒီမှာကျတော့ စစ်တပ် တပ်ခွဲတခွဲလောက် ရှိမယ်ထင်တယ်။ G-3 တွေနဲ့ ဝင်ချလာရော။
ဒီနေရာမှာ မှတ်လောက်သားလောက်တခု ပြောရဦးမယ်။ ကျနော့်တို့ ထောင်ထဲ ကို သွင်းလာတဲ့အခါကျတော့ လိုက်ပို့တဲ့ MI တွေမှာ အမြဲတမ်း ခြောက်လုံးပြူးလေးတွေ ပစ္စတိုလေးတွေ ပါတယ်။ အဲ... ထောင်မှာက ထောင်ဗူးမှာ ရေးထားတယ်... “မည်သည့် လက်နက်မှ ယူဆောင်မလာရ” ဆိုတာ ရှိတယ်။ အဲဒီ MI တို့ ဘာတို့ဆိုတာ ကျနော့်ရှေ့ တင်ပဲ ထောင်ထဲလည်းရောက်ရော အဲဒီဗူးမှာတင် သူတို့ခါးမှာပါတဲ့ သေနတ်တွေကို ဖြုတ် ပြီးပေးရတယ်။ အဲ... အခုကျတော့ တပ်တတပ်လုံးဝင်လာတာ G-3 တွေနဲ့ ။ “မည်သည့် လက်နက်မှ ယူမလာရ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက်ကမှ ဝင်ချလာကြတာ။ အဲဒီတော့ ကျနော့်ခေါင်းထဲမှာ ပေါ်လာတာ “ဪ…. ဗြိတိသျှအစိုးရလက်ထက်က စပြီး သတ် မှတ်ခဲ့တဲ့၊ အစိုးရအဆက်ဆက် 'သတ်မှတ်အတည်ပြုထားခဲ့တဲ့ ဥပဒေတွေဟာ ဒီစစ် အစိုးရလက်ထက်ကျတော့ ချိုးဖျက်တာ ခံရပါလား” လို့ သွားတွေးမိတယ်။
▪ ရွှေဂုံမေ-ပြည်တော်ညွန့်
ဒီမှာ တိုက်ဆိုင်တုန်း ရယ်စရာတခု ပြောရဦးမယ်။ အဲဒီတုန်း ကျနော်တို့ ထောင်ထဲမှာ ထိန်းသိမ်းတွေကိစ္စကို ကိုင်ဖို့ဆိုပြီးတော့ ထောက်လှမ်းရေးကလူ ၃ ယောက် ပို့ထားတယ်။ ကျနော်တို့ အဲဒီကျမှ သတိထားမိတာက ဒီထောင်ကို ထောက်လှမ်းရေးက လူပို့တယ်ဆိုလို့ရှိရင် အဲဒီလူဟာ ပြဿနာရှိတဲ့ လူတွေချည်းပဲ။ ရိုးရိုးလူကောင်း ပို့ခဲ တယ်။ သူတို့ဆီမှာ ပြဿနာတခုဖြစ်တဲ့လူကို အပြစ်ပေးတဲ့သဘောမျိုးဆန်ဆန် ပို့တဲ့ဟာ တွေလိုပဲ။
အဲ... ကျနော်တို့ရှိတုန်းက ပို့ထားတာက ၃ ယောက်။ အဲဒီမှာ အကြီးဆုံးအကောင်က ဗိုလ်သိန်းနီဆိုတာ ဝရမ်းအော်ဖစ်ဆာပါ။ ဒုတိယကောင်ကလည်း စကားတောင် သိပ်ပြောတာမဟုတ်ဘူး။ အဲဒီလူကတော့ နည်းနည်းဦးနှောက်ပျက်နေတယ် ထင် တယ်။ ဆေးတံကြီးခဲပြီးတော့ မျက်မှန်အနက်ကြီးတပ်ပြီးတော့ ယူနီဖောင်းအပြည့်နဲ့။ သူ က ၃ ရစ်လား မသိဘူး။ အဲဒါကိုပဲ သူက ဂိုက်ကြီးထုတ်နေတာ။ သူက ဘဝင်ရူး ရူးနေတာ နဲ့ တူပါတယ်။ အဲဒီတယောက်။ နောက်တယောက်ကတော့ လူလည်း သိပ်လည်တယ်။ လည်လွန်းလို့ နောက်ကျတော့ အဲဒီလူကို ဖြုတ်ပြီး၊ တပ်ကပါ ထုတ်ပြီးတော့ ဟံသာဝတီ သတင်းစာတိုက် ပို့လိုက်တယ်လို့ ကြားတယ်။
အဲဒီတော့ ကျနော်ပြောချင်တာက ခုန ဗိုလ်သိန်းနီ။ တနေ့ကျတော့ ကျနော့် ကို ၂ တိုက်မှာထားတုန်း ကျနော့်ဘေးမှာ ဒီလိုပဲ ကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံရတဲ့ ကိုသိန်းဦးဆိုတာရှိတယ်။ ကိုသိန်းဦးက အဆောင်ပေါ်မှာနေတာ နဂိုက။ အဲဒီပေါ်မှာ၊ အဆောင်ပေါ်မှာ ပြဿနာဖြစ်လို့ သူ့ကို တိုက်ထဲ ပိတ်ထည့်လိုက်တာ။ ပိတ်ထည့်ပြီး နောက် တရက်နှစ်ရက်နေတော့ အဲဒီဗိုလ်သိန်းနီတို့ကတော့ လိုက်ကြည့်တာ။ လိုက်ပြီး တော့ အဲဒီကိုသိန်းဦးအခန်းကို ရောက်တဲ့အခါကျတော့ သူက အပြင်ကနေပဲ “ဟေ့ကောင် သိန်းဦး... ဘယ့်နဲ့လဲ။ မင်း... ထောင်ထဲမှာ ကောင်းကောင်းမနေတော့ တိုက် ထဲရောက်လာပြီမို့လား။ ဘယ်သူမပြု မိမိမှုပေါ့ကွ။ အေး... ငါပြောမယ်... ဥပဒေဆို တာ လူလုပ်တာကွာ။ ငါတို့လုပ်တာ မဟုတ်ဘူး။ ဟား... ဟား... ဟား...” ဆိုပြီး အဲလို ပြောတော့ ကျနော် ဘေးကနေ နားထောင်ပြီးတော့ ရယ်ချင်လိုက်တာလေ။ “ဥပဒေဆို တာ လူလုပ်တာ။ ငါတို့လုပ်တာ မဟုတ်ဘူး။” သူတို့က လူမဟုတ်ဘူးလေဗျာ။
အဲဒါ တကယ်ပဲ။ လူလုပ်တဲ့ဥပဒေမှန်သမျှကို စစ်အစိုးရ ဖျက်ပစ်တာပဲ။ ထောင် ထဲမှာလည်း ဒီအတိုင်းပဲ။ ခုနက ဗိုလ်သိန်းနီက ရူးရူးပေါပေါ ပြောတာဆိုပေမယ့် လက် တွေ့လည်း အဲဒီအတိုင်းပဲ။ နောက်မှာ တောက်လျှောက် တွေ့လာတာ။
အဲဒီလိုနဲ့ ဒီတိုက်ပွဲပြီးတဲ့အခါ ၆၇ ခုနှစ် ပြီးတဲ့အခါမှာ စဉ်းစားကြည့် တရုတ် ဗမာ အရေးအခင်း ဆက်ပေါ်တယ်။ မကြာခင်မှာ စစ်တွေ ဆန်အရေးအခင်းမှာ အများကြီး ပစ်သတ်တာဖြစ်လာတယ်။ တရုတ်-ဗမာအရေးအခင်းမှာလည်း သတ်တာတွေ လုပ် တယ်။ အဲဒါအပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဧရာမထိုးစစ်ကြီးတွေနဲ့ အ ကြီးအကျယ်တိုက်တယ်။ ဆိုလိုတာက စစ်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြီးတဲ့ နောက် သူတို့စခဲ့တဲ့ ဖိနှိပ်မှု၊ အရှိန်စမြှင့်တဲ့ ဖိနှိပ်မှုက အဲဒီမှာ အထွဋ်အထိပ်နီးပါး ရောက် လာတယ်လို့ ပြောရမယ်လို့ထင်တယ်။
အဲ... ကျနော်တို့ ထောင်ထဲမှာလည်း(မန္တလေးထောင်ထဲမှာလည်း) အခွင့်အ ရေးတွေက တဖြည်းဖြည်းပြန်ပြီးပိတ်ကုန်တယ်။ ခုနက မီးဖိုမှာ နိုင်ငံရေး အကျဉ်းသားတွေ က သွားပြီးတော့ ကွပ်ကဲတယ်ဆိုတာလည်း မရှိတော့ဘူး။ ဆေးတွေဘာတွေလည်း အ ကန့်အသတ်နဲ့ပေးတာ ဖြစ်လာတယ်။
အဲဒီလိုနဲ့ ၆၈ ခုနှစ်ထဲမှာ ကျနော်တို့ကို မေးခွန်းတွေ လာပေးတယ်။ ရေးဖြေရတယ်။ မေးခွန်းတွေ တထပ်ကြီးပဲ။ ကျနော်ထင်တယ်။ လေးငါးမျက်နှာ ရှိမယ်ထင်တယ်။ ဖူးစကတ်ဆိုက် စာရွက်အချောတွေနဲ့၊ နောက်ပြီးတော့ ထူးထူးခြားခြား ပုံနှိပ်ထားတာ၊ ဂက်စတာနာနဲ့ လှိမ့်ထားတာမဟုတ်ဘူး။ ပုံနှိပ်ထားတာ။ ပုံနှိပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က (ကျနော်က ပုံနှိပ်တိုက်က လာတဲ့လူပဲနော်) အများကြီး လုပ်လို့ ပုံနှိပ်တာ။ နည်းနည်းဆို ဂက်စတာနာနဲ့ပြီးတယ်။ ဘယ်သူမှ ပုံနှိပ်မနေဘူး။ ဈေးမကိုက်ဘူး။ အများကြီးမို့လို့၊ ကျနော်တို့ မန္တလေးထောင်မှာ အဲဒီတုန်းက ထိန်းသိမ်းက ရှိလှရင် ၂၀၀ ကျော် ၃ဝဝ ပေါ့။ လူ ၂၀၀ ကျော် ၃ဝဝ လောက်ဆိုလို့ရှိရင် ပုံမှန်ဟာ ဂက်စတာနာနဲ့ပဲ လုပ်တယ်။ ဘယ် သူမှ ပုံနှိပ်မနေဘူး၊ မကိုက်ဘူး။ အဲဒီတော့ မန္တလေးထောင် တခုတည်းတင် မကဘူးလို့ ကျနော်စဉ်းစားလို့ရတယ်။
အဲ... မေးခွန်းတွေ ဖြေခိုင်းတာပဲ၊ ရေးခိုင်းတယ်။ မေးခွန်းမှာ ဘာတွေပါလဲ ဆို ရင် နာမည်မေးမယ်။ နောက်ကြောင်းမေးမယ်။ ဘာ့ကြောင့် အဖမ်းခံရသလဲ? အဖမ်းခံ သင့်တယ် ထင်သလား? ဖမ်းတာမှန်သလား မှားသလား? သင့်ကို လွတ်ပေးသင့်သလား? ဘာကြောင့် လွှတ်ပေးသင့်သလဲ? သင်နဲ့အတူ အခြား မည်သူတွေရှိသလဲ? သူ တို့ကိုရော လွှတ်ပေးသင့်သလား? လွှတ်ပေးသင့်ရင် ဘာ့ကြောင့် လွှတ်ပေးသင့်တယ်? လွှတ်မပေးသင့်ရင် ဘာ့ကြောင့် လွှတ်မပေးသင့်ဘူး ရေးပါ။ တခြား ဘာပြောစရာရှိသေးသလဲ? ဆိုလိုတာ လက်နက်ချချင်တဲ့လူတွေ တရားဝင်လက်နက်ချဖို့ အခွင့်အရေးပေးနေတာ။
အဲဒီတော့ ဒါဟာ ထောင်ထဲမှာ ဆန်ကာတိုက်တယ်လို့ ပြောရမလားမသိဘူး။ အဲဒီမတိုင်ခင်လေးလောက်မှာ ထောင်ထဲမှာ စပြီးကြားလာရတာက “ကိုကိုးကျွန်း ပြင်နေပြီ” ဆိုတဲ့သတင်းက လွင့်လာတယ်။ အဲဒီတော့ ထောင်လို နေရာမျိုးမှာ ဒီလိုသတင်းမျိုး ရောက်လာတယ်ဆိုတော့ အမှတ်တမဲ့ကတော့ “ဒါမျိုးက အုတ်ရိုးသတင်းပါကွာ။ ယုံမနေပါနဲ့။” အဲလိုပဲ ပြောတတ်ကြတယ်။ ကျနော်တို့လည်း ကြားခါစကတော့ အဲဒီလိုပဲ ခပ်ပေါ့ပေါ့ပဲ ထားတယ်။ ကိုယ်ကိုယ်တိုင် ကိုကိုးကျွန်းရောက်ပြီးတဲ့နောက် ပြန်စဉ်းစားမိတဲ့ အခါကျတော့ ဪ.. မန္တလေးထောင်ထဲမှာ ကျနော်တို့တောင် ပြန်ကြားရလောက် အောင် ရှိပြီဆိုလို့ရှိရင် ဒီကိစ္စဟာ အတော်ကြာနေပြီ။ ဘာလို့ဆိုတော့ ကျနော်တို့ပါးစပ်ကို ရောက်တယ်ဆိုတာက ထောင်ဝါဒါလောက်ဆီကပဲ ရတာ။ အဲဒီတော့ ထောင်ဝါဒါဆိုတာ အောက်ဆုံးအဆင့်၊ ဘာမှမဟုတ်ဘူး။ သူတို့ကိုတောင်မှ အသိပေးတယ်၊ သူတို့ တောင် သိရတဲ့အဆင့် ရောက်ပြီဆိုတော့ သိပ်အစောကြီးကတည်းက ပြင်ဆင်ထားပြီးပြီ။ သိပ်ကို သေချာနေတော့မှ၊ သိပ်ကိုလက်တွေ့ကျနေတော့မှ ဒီထောင်ဝါဒါလောက်ဟာ သိ ရတာဖြစ်တယ်။ အဲဒါက ၆၈ ခုနှစ်။
အဲဒီလိုနဲ့ပဲ ၆၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ လဆန်းစလောက်ပဲထင်တယ်။ အဲဒီ မနက်မှာ ထမင်းစားပြီးခါစ ၁ဝ နာရီလောက် ရှိမယ်ထင်တယ်။ “အိပ်ယာလိပ်၊ အိပ်ယာလိပ်” ဆိုပြီးတော့ လာအမိန့်ပေးတယ်။ အဲဒီတော့ ထောင်ထဲမှာ အိပ်ယာလိပ်ခိုင်းတယ် ဆိုတာ လူတယောက်ကို လွှတ်ရင်လည်း လွှတ်တယ်လို့ မပြောဘူး၊ အဆောင်ပြောင်းရင် လည်း ပြောင်းတယ် မပြောဘူး။ ထောင်ပြောင်းရင်လည်း ပြောင်းတယ်မပြောဘူး။ “အိပ်ယာလိပ်” ဒါတခုပဲ ပြောတယ်။ အဲ... ကျနော်တို့လည်း အိပ်ယာလိပ်၊ ကိုယ့်ပစ္စည်းတွေ ကိုယ်ထုပ်။ သူတို့နောက်က လိုက်သွားတာပေါ့။
ကျနော်တို့ကတော့ တိုက်က ထွက်သွားတာ။ အဲဒီတော့ ထောင်ထဲမှာ ဖြတ် သွားတော့ ထောင်ကျတွေက ငေးနေတာပေါ့။ ဝေးနေရင်း ကျနော်တို့ကို လွှတ်ပြီ လွတ်ပြီ မှတ်လို့ သူတို့က ဝမ်းသာလို့၊ ပြုံးလို့ နှုတ်ဆက်နေကြတာ။ ”ကျွတ်ပြီ... လွတ်ပြီ” လို့ တချို့လည်း တိုးတိုးလေးလှမ်းပြောတယ်။ ကျနော်တို့ကတော့ ကိုယ့်အကြောင်းကိုယ် သိ နေတော့ လွှတ်တာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်မလဲစောင့်ကြည့်ရဦးမယ်ဆိုတာတော့ အောက်မေ့တယ်။
အဲလိုနဲ့ ထောင်ထဲက ဒီလိုထွက်လိုက်တော့ ကျနော်တို့ ဘယ်ပို့လိုက်လဲဆို တော့ မန္တလေးနန်းတွင်းထဲမှာရှိတဲ့ စစ်ထောင်ထဲကို ပို့လိုက်တယ်။ နဂိုကတည်းကလည်း စစ်ထောင်မှာ ရှိနေပြီးသား။ ဘယ်သူတွေရှိလဲဆိုတော့ စောစောကပြောတဲ့ ၆၇ ခုနှစ် ဒုတိယသပိတ်ဆန္ဒပြပွဲ ဖြစ်ပြီးတဲ့အခါကျတော့ အဲဒီမှာ တက်ကြွတဲ့လူတွေကို စစ်ထောင် ပို့ပစ်လိုက်တယ်။ အဆောင်ပေါ်က လူတွေကို။ တိုက်ထဲကလူတွေကတော့ ပို့ဖို့မလိုဘူး။ နဂိုကတည်းက တိုက်ထဲကမို့လို့။ စစ်ထောင်ခွဲပို့လိုက်တယ်။ အဲဒီမှာလည်း အများစုက ကျောင်းသားတွေပဲ။ အဲဒီတော့ စစ်ထောင်မှာ ကျနော်တို့အားလုံး သွားပြီးဆုံနေကြ တယ်။ အားလုံးပေါင်း လူ ၃ဝ ကျော်လောက် ရှိမယ်ထင်တယ်။
အဲဒီလိုနဲ့ စစ်ထောင်မှာ ကျနော်တို့ တညအိပ်တယ်။ ဒါပေမယ့် အိပ်လို့မှ ဘာ မှမကြာသေးဘူး “ထ ထ ထ ထ” ဆိုပြီး ခေါ်တာကို မနက်အစောကြီး ၄ နာရီလောက် ဖြစ်မယ်ထင်တယ်။ အဲဒီတော့ ကျနော်တို့ ထလိုက်သွားတော့ လက်ထိတ်တွေခတ်။ ကိုယ့် ပစ္စည်းကိုယ်ဆွဲကားပေါ်တင်ခေါ်သွားတော့ ခဏလေးပဲ ရောက်သွားတယ်။ မန္တလေးသား ပဲ မန္တလေးနန်းတွင်းအကြောင်းတော့ သိနေတာပေါ့။ အဲဒီမန္တလေးနန်းတွင်းထဲက မတ္တရာ မီးရထားလမ်းဘေးမှာ ကားတွေကို ရပ်လိုက်တယ်။ အဲဒီမှာက မီးရထားတွဲလေးတတွဲ ငုတ်တုတ်ကလေး၊ အမှောင်လေးထဲမှာ ရှိနေတယ်။ “ရထားပေါ်တက်၊ ရထားပေါ် တက်”ဆိုတော့ ကျနော်တို့အားလုံး ရထားပေါ် တက်လိုက်ကြတာ။
အဲဒီတော့ အဲဒီအမှောင်ထဲမှာပဲ တွဲလေးငုတ်တုတ်နဲ့ ကျနော်တို့တတွေ ငုတ်တုတ်ကလေးထိုင်ပြီး စောင့်နေကြတာ။ ခဏနေတော့မှ ခေါင်းတွဲတတွဲလာပြီး “ဂျိမ်း’ ဆို ပြီး ကျနော်တို့တွဲကို ဆက်တယ်။ ဆက်ပြီးတော့ ခုတ်ပြီးခေါ်သွားတာ။ ခေါ်သွားပြီးတော့ ကျနော်တို့ကို မန္တလေးဘူတာကြီးထဲဖြတ်။ ဖြတ်ပြီးတော့ ဟိုဘက်ဘူတာကြီး နံပါတ် ၁ ပလက်ဖောင်း ကျော်ပြီးတော့ ဟိုဘက်တနေရာမှာ သွားပြီး ရပ်ထားတာ။ ပြတင်းပေါက် တွေရော၊ တံခါးတွေရော အကုန်လုံး ပိတ်ထားတာ။ ကျနော်တို့အတွဲထဲမှာတော့ တံခါး ပေါက် ၂ ပေါက်နေရာမှာရော၊ အထဲမှာရော (SB က လူတွေလို့ ထင်ရတယ်) အကုန်လုံး စောင့်နေတာ ပါလာတယ်။ သူတို့ကလည်း ခြောက်လုံးပြူးအတိုလေးတွေ ပါကြတယ်။
အဲ... သူတို့က ဒီမှာ စောင့်နေတယ်။ ခဏနေတော့ ကျနော်တို့တွဲကို နောက် က ကျန်တဲ့ခရီးသည်တွဲတွေနဲ့ ဆက်လိုက်တယ်။ ဆက်လိုက်ပြီးတော့ မနက်အစောကြီးမှာ မန္တလေးက ထွက်လာတာ။ မန္တလေး-ရန်ကုန် “ရွှေဂုံမေ’ နေ့ချင်းပေါက် ရထားကြီးနဲ့ ကျနော်တို့ကို ခေါ်သွားတာ။ အဲဒါ လမ်းမှာကျတော့ သူတို့မီးရထားရပ်မယ့်ဘူတာ ရောက်လို့ရှိရင် ပြတင်းပေါက်တွေ ပိတ်တယ်။ တံခါးတွေ ပိတ်တယ်။ နို့မဟုတ်လို့ရှိရင် တော့ ဖွင့်ထားတာ။ လက်ထိတ်ကတော့ ဖြုတ်မပေးဘူး။ ထမင်းစားရင်တောင် ဖြုတ် မပေးဘူး။
အဲဒါနဲ့ ရန်ကုန်ဘူတာကြီးကျတော့ ဝင်သွားတဲ့ညမှာ မှောင်နေပြီ။ ဝင်သွား တော့ ကျနော်တို့လာတုန်းက အမြန်ပဲ။ ဘူတာကြီး ဝင်တုန်းရှိသေး၊ ရပ်ခါစ ရှိသေး၊ အမြန် နောက်တွဲတွေနဲ့ ကျနော်တို့ကိုဖြုတ်ပြီး ခေါင်းတွဲက ကျနော်တို့ကို မောင်းခေါ်သွား တာ။ ဟို... ချောင်ထဲမှာ သွားရပ်ထားတာ။ သမ္မတရုံတောင် လှမ်းမြင်နေရတယ်။ သမ္မတ ရုံနဲ့ မဝေးတော့ဘူး။ အဲဒီမှာ ဘယ်သူမှလည်းမရှိဘူး။ ကျနော်တို့နဲ့အတူပါလာတဲ့ SB က လူတွေ၊ သူတို့လောက်ပဲရှိတယ်။ သူတို့ စောင့်နေကြတယ်။ အဲဒီမှာ တနာရီကျော် လောက် ကြာမယ်ထင်တယ်။
ခဏနေတော့မှ ကျနော်တို့အားလုံးကို ဆင်းခိုင်းတယ်။ ထောင်ကားတစီးပေါ် တက်ခိုင်းတယ်။ ထောင်ကားက တစီးတည်းရယ်။ လူက ၃၀ ကျော်။ အို... မွန်းသိပ်နေ တာ။ ဗိုက်ကလည်း ဆာပြီ။ အဲဒီကနေ ခေါ်သွားတဲ့အခါမှာ ဖြစ်ချင်တော့ ခုနက လူငယ့် တပ်ဦးက ရဲနီဝင်းမြင့်(မန္တလေးက ဒုတိယနှစ်၊ စန္ဒယားသင်တန်း၊ ပန်တျာကျောင်းသား)၊ ကိုဝင်းမြင့်က “တက်’ ပါလေရောဗျာ။ ဟာ... တက်တဲ့အခါကျတော့ ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ “ဂစ်ဂစ်…ဂစ်ဂစ်”နဲ့ တက်တာ။ သူက ခရီးပင်ပန်းတာလည်းပါ၊ သူ့နဂိုကလည်း ကျန်းမာရေးက မကောင်းရှာဘူး။ အဲဒီမှာ မွန်းကျပ်နေတဲ့အချိန်၊ တက် တဲ့အခါကျတော့ အားလုံး အော်ကြတာပေါ့။
“ကားရပ်ပေးစမ်း” ဆိုတော့ ဒီကောင်တွေ ရပ်မပေးဘူး။ တခါတည်း အတင်း မောင်းခေါ်သွားတာ။ ကျနော်တို့နဲ့အတူတူ ပါလာတဲ့အထဲမှာက ဟို... ဒေါက်တာကူးမား ဆိုတာ ရှိတယ်။ မန္တလေးက ဆရာဝန်။ သူက ဟိန္ဒူထင်ပါတယ်။ ဆရာကူးမားကတော့ သူက ဆရာဝန်ဆိုတော့ ကုပေးချင်တယ်။ ဒါပေမယ့် ဆရာဝန်ဟာ ဆေးမရှိရင် အလကား ပဲလေ။ သူက “ခင်ဗျားတို့ ဇွန်းမရှိကြဘူးလား။ ခင်ဗျားတို့ ဇွန်းမပါကြဘူးလား။ အဲဒီ ဇွန်းတချောင်းနဲ့ အဲဒီပါးစပ်ကို ကန့်လန့်ထား။ ဟို... သူ့ရဲ့သလိပ်က ပြန်ပြီးတော့ သူ့ရဲ့ အသက်ရှူတဲ့လမ်းကြောင်းမှာ မပိတ်မိအောင် ကန့်လန့်ထား။ ခေါင်းကို စောင်းထား။” အဲဒီလောက်ပဲ သူပြောနိုင်တယ်။ ဟာ... အဲဒါနဲ့ ကျနော်တို့ တထိတ်ထိတ်နဲ့ ကိုဝင်းမြင့် အဲဒီ တက်လျက်တန်းလန်းကြီးနဲ့ ခေါ်လာတာ အင်းစိန် တွဲဖက်ထောင်အထိပဲ။
အဲဒါနဲ့ အင်းစိန် တွဲဖက်ထောင်ကို ကျနော်တို့ ရောက်လာရော။ အဲဒီ တွဲ ဖက်ထောင်ထဲကို သူတို့ ထည့်လိုက်တယ်၊ ၂ ဆောင်။ ညကြီးရောက်တာ။ ဗူးဝမှာတင် နာမည်တွေ ဘာတွေမေး၊ နည်းနည်းပါးပါး ဆူဆဲဟိန်းဟောက်၊ တချို့ကျလည်း နည်းနည်းပါးပါး ရိုက်လိုက်၊ ကန်လိုက်ဆိုတာလေးပြု ထင်ပါရဲ့။ တွဲဖက်ထောင်ထဲ ရောက်သွားတော့ ကျနော်တို့အရင် ရောက်နေကြတဲ့လူတွေ ရှိတယ်။ အားလုံးဟာ အထက်ဖက်ကလာတဲ့၊ ထောင်အသီးသီးက လာတဲ့လူတွေချည်းပဲ။ မှတ်မိသလောက်ဆို... ကသာထောင်က ပါတယ်ဗျာ၊သရက်ထောင်က ပါတယ်ဗျာ၊ မြင်းခြံထောင်က ပါတယ်။ တခြားလည်း ပါသေး တယ်ထင်တယ်။ အားလုံးပေါင်း တရာနီးပါးလောက် ရှိမယ်ထင်တယ်။
အဲဒီတော့ အဲဒီထောင်ထဲမှာ နေရတဲ့အခါကျတော့ သူတို့ဖက်က အပြတ် ဆုံး ဖြတ်ချက်ချပြီးသားဖြစ်နေပြီ။ အဲဒီကျတော့ နည်းနည်းလေးမှကို လူလို မဆက်ဆံတော့ ဘူး။ အမြဲတမ်း ဟိန်းဟောက် ငေါက်ငမ်း၊ နာမည်ခေါ်တာကအစ စော်ကားမော်ကားခေါ်၊ နောက် ကျနော်တို့ကို အမျိုးမျိုးသရော်၊ နှိမ်။ အဲလိုပဲ ပြောဆိုဆက်ဆံပြီးတော့ အဲဒီထဲမှာ ကျနော်တို့ တပတ်ကျော်လောက် နေရတယ်ထင်တယ်။
အဲ... အင်းစိန်ထောင်ထဲမှာပဲ ကျနော်တို့ကို နောက်တခါ ထပ်ပြီးတော့ စာမေး ပွဲ စစ်ပါလေရော။ စာမေးပွဲစစ်တယ်ဆိုတာ စောစောကပြောသလိုပဲ သူတို့ မေးခွန်းပုံစံ တွေ ပေးပြီး ဖြေခိုင်းတာ။ ဖြေရတဲ့မေးခွန်းတွေက အရင်ဟာနဲ့ တထပ်တည်းပဲ။ အဲဒါတွေ ကျနော်တို့ ရေးပေးရတယ်။ ရေးပေးပြီးတော့ ဘာမှမကြာပါဘူး။ နောက်ထပ် နှစ်ရက် လောက်ကြာတယ်ထင်တယ်၊ အဲဒီညကြီးမှာ သူက ည ၁၁ နာရီလောက်ထင်တယ်၊ ဖေဖေါ်ဝါရီ ၁ဝ ရက်လား ၁၁ ရက်လား မသိဘူး။ ညကြီးမှာ လာခေါ်တာပဲ။ အဲ... ထောင်ရဲ့ ဥပဒေဆိုတာက ညနေ ၆ နာရီ လူစစ်၊ ထောင်ပိတ်ပြီးရင် လူအထုတ်အသွင်း လုံးလုံး မလုပ်ရတော့ဘူး။ ဘာမှ မလုပ်ရဘူး။ အပြင်အချုပ်တွေမှာ ထားပဲ။ ဒါ တလျှောက်လုံး လိုက်နာတဲ့ ဥပဒေ။
ဒါပေမယ့်ဗျို့... အဲဒီညကတော့ ပြောမနေနဲ့။ ည ၁၁ နာရီ၁၂ နာရီ လောက် ကျနော်တို့အားလုံးကို ခေါ်ထုတ်တာ။ အဲဒီတော့ ကျနော်တို့က ၂ ဆောင်၊ ၁ ဆောင်က လူတွေလည်း ပါတယ်ဗျို့။ နောင်မှ ပြန်လာပြီးတော့ ကျနော်တို့သိရတာ။ အဲဒီတော့ ကျနော်တို့အဆောင်က ထွက်လာတယ်ဆိုတာ ည၊ ကြယ်တွေက တဖွေးဖွေးနဲ့၊ ညရဲ့လေလေးက အင်မတန်မှကို သာယာတာကိုးဗျ။ ကျနော်တို့က တလျှောက်လုံး တိုက် ခန်းချည်းပဲ နေလာတဲ့အခါကျတော့ ဒီလို လေပြည်လေညင်းရတော့၊ အံမယ်.. လန်းဆန်း လိုက်တာ အောက်မေ့တယ်။
ဒါပေမယ့် ကျနော်တို့ ဗူးအထိ လျှောက်သွားရမယ့် လမ်းတဖက်တချက်မှာ အကုန်လုံး ဝါဒါတွေ၊ ဝါးရင်းတုတ်တွေနဲ့ တန်းစီပြီး စောင့်နေတာ အပြည့်ပဲ။ ထောင် ၂ ထောင်စလုံးက ဝါဒါတွေကို၊ ဟို... တွဲဖက်ထောင်ကရော၊ ထောင်မကြီးကရော၊ ဝါဒါတွေ၊ ကြက်တူရွေးခန်း၊ ရှစ်ယောက်ဗူးမှာ မရပ်ရဘူး။ ဒါတွေ လုံးလုံးမရှိဘူး။ တံခါးတွေ အားလုံး က တိုးလျှိုပေါက် ဖွင့်ထားပြီးသား။ ကျနော်တို့ တောက်လျှောက် လျှောက်ပြီး ထွက်သွား တာ။
အဲ... ထောင်အပြင်ရောက်တယ်ဆိုတာနဲ့တပြိုင်နက်တည်း အပြင်မှာ ဟီးနိုး ကားကြီးတွေ ရပ်နေတာ တွေ့ရတယ်။ ကျနော်တို့ကို ဟီးနိုးကားကြီးတွေပေါ် တက်ခိုင်း တယ်။ ဟီးနိုးဘတ်စ်ကားကြီးတွေ။ တက်လိုက်တဲ့အခါကျတော့ ပြတင်းပေါက်တွေ အား လုံးက စက္ကူတွေကပ်ပြီး ပိတ်ထားတယ်။ ဒရိုင်ဘာရှေ့က မှန်တခုပဲ မြင်ရတာ။ ကျနော် ထင်တယ် ကား ၃ စင်းထက်တော့ မနည်းဘူး။ ဘယ်နှစီးလဲတော့ ကျနော်လည်း မရေ နိုင်ဘူး။ အဲဒီ ခပ်လှမ်းလှမ်းမှာ စစ်သားတွေ စောင့်နေတယ်လို့ ကျနော် လှမ်းတော့မြင်ရ တယ်။ ဒါပေမယ့် နည်းနည်းလှမ်းတယ်။ သိပ်လည်း အချိန်မရတော့၊ “တက် တက်” ဆို တော့ တက်လိုက်ရတယ်ဆိုတော့ ဟိုဒီလည်း ကြည့်မနေနိုင်ဘူး။ အသေးစိပ်တော့ မမြင် ရဘူး။ ဘယ်နှစ်ယောက်ပဲ၊ ဘာညာဆိုတာ မှန်းလို့မရဘူး။
နောက်... ကားတွေမောင်းလာတော့ သတိထားမိတာ လမ်းမှာ ရှင်းပေးတဲ့ဟာ တွေ ရှိတယ်။ ဘယ်နေရာမှာမှ ရပ်ဖို့မလိုဘူး။ ဘေးက ကားတွေဘာတွေ အကုန်လုံး လည်း သူတို့ရပ်ခိုင်းထားတာရှိတယ်။ ဟို.. ဘေးကပ်ခိုင်းထားတာတွေ ရှိတယ်။ ကြည့်ရ တာ ကျနော်တို့ရှေ့မှာ မော်တော်ပီကယ်လိုဟာမျိုး လမ်းရှင်းတဲ့ဟာ ပါတယ်ထင်တယ်။ ဒါမှမဟုတ် ကြိုပြီးတော့ကိုပဲ မော်တော်ပီကယ်တွေ လမ်းဘေးမှာ ချထားလားမသိဘူး။ အ ကုန်လုံးကို လျောလျောရှုရှုပဲ ခေါ်သွားလိုက်တာ။
ဗိုလ်တထောင် ကျန်းမာရေးဆိပ်ကမ်းကိုရောက်သွားတာ ညကြီး။ ဗိုလ်တ ထောင် ကျန်းမာရေးဆိပ်ကမ်းဆိုတာ ကျနော်က တခါမှမရောက်ဖူးဘူး။ အညာသားများ တော်တော်များများလည်း ဘယ်သူမှမရောက်ဖူးကြဘူး။ ပင်လယ် မမြင်ဖူးတဲ့သူတွေ၊ ပင် လယ်ကူးသင်္ဘောမမြင်ဖူးတဲ့သူတွေက အများကြီး။
လှမ်းကြည့်လိုက်တဲ့အခါကျတော့ဗျာ... အဲဒီမှာ ဆလိုက်မီးကြီးတွေက ထိန်နေ တာပဲ ထွန်းထားတာ။ အဲဒီထဲမှာ “ပြည်တော်ညွန့်” သင်္ဘောကြီးကလည်း ဖြူဖြူဝင်းလို့။ အဲဒီအောက်မှာမှ သံခမောက်တွေကလည်း တဝင်းဝင်းနဲ့။ အို.. လှံစွပ်တွေကလည်း တဖွေးဖွေးနဲ့။ ဟာ... မြင်ကွင်းက ဟစ်တလာခေတ်က မြင်ကွင်းတခုကို ကြည့်နေရသလို ပဲ။ ခြောက်ခြားစရာ အင်မတန်ကောင်းတာ။ ဒီ ဝင်းထိန်နေပုံကိုက သဘာဝမကျတဲ့ ဝင်း ထိန်နေပုံကြီးဆိုတော့ စိတ်ကို သိပ်ခြောက်ခြားစရာကောင်းတာ။
အဲဒီမှာတော့ ကျနော်တို့အားလုံးလည်း “ဪ.. ကိုကိုးကျွန်းပို့ပြီ” ဆိုတာ စိတ်ဒုန်းဒုန်းချပစ်လိုက်ရတာ။ နဂိုကတော့ တချို့လူတွေက “ပြည်ထောင်စုနေ့နား နီးနေ ပြီ။ လွှတ်တာတွေ ဖြစ်မှာ”ဆိုပြီး ကြံကြံဖန်ဖန်တွေးတဲ့လူ ရှိသေးတယ်။ ကျနော်တို့က တော့ အဲဒီလိုတွေးစရာမလိုဘူးလေ။ ကိုယ့်လွှတ်ချင်ရင် မန္တလေးထောင်ကနေပြီးတော့ အင်းစိန်ထောင်ထိတော့ ဘယ်သူမှ ခေါ်မလာဘူး။ မန္တလေးကတည်းက လွှတ်မှာပဲ။ တချို့ အဲလိုစိတ်ကူးယဉ်တဲ့သူတွေ ရှိတော့ရှိတာပေါ့ဗျာ။ ဒါတော့ သူတို့လည်း အပြစ်မ ပြောပါဘူး။ အဲလိုအချိန်မှာတော့ ဒီလိုပဲစဉ်းစားတတ်ကြတာပေါ့။ ခု မျက်စိထဲမှာ သင်္ဘော ကြီးတစင်း မားမားကြီးတွေ့နေရတာ။ အဲဒီကို ကျနော်တို့ ခေါ်သွား၊ မရပ်နဲ့။ ဘာမှ စောင့် နေရတာ၊ ရပ်နေရတာ မရှိဘူး။ အကုန်လုံးက စီစဉ်ထားပြီးသား။ အတိအကျတွေ။
အပေါ်မှာ “တက်တက် တက်တက်” လှေကားပေါ် တက်သွား။ သင်္ဘောဝမ်း ပေါ်ကျတော့ “ဆင်းဆင်းဆင်းဆင်း” ဆိုပြီးတော့ တခါတည်း ဝမ်းဗိုက်အောက်ထဲကို ဆင်း သွားရတာ။ ဝမ်းဗိုက်နှစ်ခန်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ထည့်ထားတာ။ ကျနော်တို့ က ရှေ့ကအခန်းထဲက။ ကျနော်တို့ အရင် ရောက်နေတဲ့လူတွေလည်း ရောက်နေကြပြီ။ ကျနော်တို့ အခန်းထဲမှာ အားလုံးပေါင်း လူတရာကျော်လို့ ထင်တယ်။
▪ အာဇာနည်သူရဲကောင်းတွေ
ကျနော်တို့တတွေ ကိုကိုးကျွန်းကို သွားရမယ်ဆိုတာလည်း ရှင်းသွားပြီ။ ဘဝ မှာ အကွေ့အပြောင်းကြီးတခုကို ရောက်တော့မယ်ဆိုတာလည်း သေချာသွားပြီ။ ဒီနေရာ မှာ ကျနော် ဖြတ်ပြောချင်တာတခုက ထောင်ထဲရောက်တဲ့လူတွေ (ရာဇဝတ်မှုနဲ့ပဲ ရောက် ရောက်၊ နိုင်ငံရေးအမှုနဲ့ပဲ ရောက်ရောက်) ဟာ သူတို့အတွက်မှာ ထောင်ဆိုတာဟာ ဘဝ ရဲ့အဆစ်အချိုးလေးတခု ဖြစ်လေ့ရှိတယ်ဗျ။ အကောင်းဘက် ပြောင်းသွားတာလည်း ဖြစ် ရင်ဖြစ်လိမ့်မယ်၊ အဆိုးဘက် ပြောင်းသွားတာလည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် အ ဆစ်အချိုးကြီး၊ အကွေ့အပြောင်းကြီးတခု ဖြစ်သွားလေ့ရှိတာက အမှန်။ ကျနော့်တဦးချင်း အဖို့ဆိုရင် အဲဒီအတိုင်းပဲ။
ကျနော်ဟာ ထောင်ထဲမရောက်ခင်တုန်းက ကျောင်းသားနိုင်ငံရေးလောက်ပဲ သိတယ်။ ဟို... ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့၊ ကျောင်းသားတွေအတွက် ဒီမိုကရေစီ အခွင့်အရေးကို လိုချင်တဲ့ သာမန်လူငယ်တယောက်ရဲ့အသိတခုနဲ့ပဲ ကျနော် ထောင်ထဲ ဝင်လာခဲ့တာ။ စာဖတ်တာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် စာအုပ်အသိလောက်ပဲ ရှိ တယ်။ အဲ... ထောင်ထဲရောက်ပြီးတဲ့အခါကျတော့ ကျနော်ဟာ ဒီစစ်အစိုးရအပေါ်မှာ နာ ကျည်းမှုက အသဲထဲ စွဲသွားခဲ့တယ်။ အစိုးရနဲ့ပတ်သက်ပြီးတော့၊ နောက်ပြီး ကိုယ့်ဘဝနဲ့ ပတ်သက်ပြီးတော့၊ ကိုယ်ဘာလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ စိတ်ဒုန်းဒုန်းချ သွား စေတာ ထောင်ပဲဗျ။
အဲ.ထောင်ထဲမှာမှတခါ ကိုကိုးကျွန်းဆိုတဲ့အဆင့်ကျတော့ ပိုပြီးတော့တောင် မှ ကျနော့်ရဲ့ ဒီဆုံးဖြတ်ချက်ကို၊ ပိုင်းဖြတ်ချက်ကို မြဲမြံသွားစေခဲ့တယ်လို့ ပြောနိုင်တယ်။ ကိုကိုးကျွန်းက ပေးလိုက်တဲ့အသိ၊ ကိုကိုးကျွန်းက ပေးလိုက်တဲ့ ခံစားချက်၊ ကိုကိုးကျွန်းက ပေးလိုက်တဲ့ အတွေးအခေါ်ဟာ ကျနော့်အဖို့ လက်စားချေစိတ်နီးပါးကို ဖြစ်လာတယ်။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတယောက်အနေနဲ့ “လက်စားချေ” ဆိုတဲ့စကားမျိုး က ပြောလို့မကောင်းပါဘူး။ ပြောလို့လည်း မသင့်ဘူး။ ဒါပေမယ့် တကယ်ပဲ ကျနော်ဟာ ဘာလုပ်လုပ်၊ ဘာပဲစဉ်းစားစဉ်းစား ကျွန်းမှာ ကိုယ့်မျက်စိအောက်တင် ကျဆုံးသွားတဲ့ ရဲဘော်တွေကို မစဉ်းစားပဲကို မနေနိုင်အောင် “သူတို့အတွက်၊ သူတို့အတွက်”ဆိုတာ မျိုးတွေ အမြဲတမ်းလိုလို ပေါ်တယ်။ ဒါကြောင့်မို့လို့ ကျနော်က လက်စားချေစိတ်နီးပါး ဖြစ်ရတယ်လို့ပြောတာ။
အဲဒီကျွန်းက ပြန်လာတဲ့နောက်မှာ ကျနော်ဟာ တယောက်ယောက်က တာ ဝန်ပေးလိုက်သလိုပဲ၊ အဲဒီမှာ ကျသွားတဲ့လူတွေက တာဝန်ပေးလိုက်သလိုပဲ။ နောက်... ကျနော်ကလည်း သူတို့ကိုအာမခံပြီး အဲဒီတာဝန်ကို ယူလာသလိုလိုပဲ။ အဲ... တလျှောက် လုံး၊ တဘဝလုံး၊ အဲဒါ ပါတော့တာပဲ။
ဒီနေရာမှာ တခါတည်း ဆက်ပြောချင်တာက အာဇာနည်သူရဲကောင်းတွေရဲ့ အခန်း။ တော်လှန်ရေးသမား တယောက် ဒါမှမဟုတ်ရင် ပြည်သူ့ဘက်တော်သား တယောက် မိမိယုံကြည်ချက်အပေါ်မှာ ရေရှည်သန္နိဋ္ဌာန် မြဲစေတဲ့အကြောင်းတွေထဲမှာ ကျ နော်ထင်တာ အဓိကကျတဲ့အချက်က ၂ ချက်ရှိတယ်လို့ထင်တယ်။
ပထမအချက်က သူယုံကြည်တဲ့ အမှန်တရား။ နံပါတ် ၂ အချက်က အာဇာ နည်သူရဲကောင်းတွေ။ သူတို့ဟာ တော်လှန်ရေးကို ခုနကပြောတဲ့ သူယုံကြည်တဲ့ အမှန် တရားနဲ့ သူပိုင်းဖြတ်လုပ်ခဲ့တယ်။ အဲဒီ ပိုင်းဖြတ်လုပ်တဲ့ဟာကို အာဇာနည်သူရဲကောင်း တွေက(အထူးသဖြင့် ကိုယ်နဲ့အတူ တိုက်ဖော်တိုက်ဖက် သူရဲကောင်းတွေက) ဒီဆုံးဖြတ် ချက်ကို ပိုမြဲမြံစေတယ်။ သန္နိဋ္ဌာန်ပိုပြီးတော့ ခိုင်မာစေတယ်လို့ ကျနော် အဲလိုမြင်တယ်။
ဒါကြောင့်မို့လို့ … ဘယ်နိုင်ငံရေးအဖွဲ့အစည်းမဆို၊ ဘယ်လူ့အဖွဲ့အစည်းမဆို တော်လှန်ရေးအာဇာနည်တွေကို ဖော်ထုတ်ကြရစမြဲ၊ သူတို့ရဲ့အတ္ထုပ္ပတ္တိတွေကို သင်ပြီး တော့ အတုယူစရာအဖြစ် လူငယ်တွေကို အမြဲပညာပေးရစမြဲ ဖြစ်တယ်ဗျ။ အဲဒီတော့ နိုင်ငံပဲဖြစ်ဖြစ်၊ တိုင်းပြည်တခုပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တဲ့ ပါတီအဖွဲ့အစည်းတခုပဲဖြစ်ဖြစ်၊ နောက်ဆုံး ဘာသာရေးပဲဖြစ်ဖြစ် အာဇာနည်ပုဂ္ဂိုလ်တွေကို စံတင်ကြရတာပဲ။ အဲဒီလို စံမရှိဘဲနဲ့၊ လူတွေဟာ သဘောတရားတခုတည်းနဲ့ လမ်းကြောင်းတခု လျှောက်လို့ မရ သေးဘူးလို့ ကျနော်ထင်တယ်။
အဲဒီတော့ တခြားမကြည့်နဲ့ဗျာ။ ကျနော်တို့ ဗမာပြည်က လက်ရှိ ရှိနေတဲ့ စစ် အစိုးရပဲကြည့်(နအဖ)၊ သူတို့လည်း သိတယ်။ အာဇာနည်သူရဲကောင်းတွေကို စံတင်ဖို့ လိုတယ်ဆိုတဲ့အချက်။ သူတို့လည်းသိတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ သူတို့မှာ တိုင်းပြည် က အသိအမှတ်ပြုတဲ့၊ တိုင်းပြည်က လေးစားလောက်တဲ့ သူရဲကောင်းမရှိဘူး။ သူတို့က ဗိုလ်ချုပ်အောင်ဆန်းကိုလည်း သူရဲကောင်းမတင်နိုင်ဘူး။ မတင်ချင်ဘူး။ ဟိုအရင် ဖဆပလ အစိုးရလက်ထက်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို မဲပုံးကပ်ပြီး မဲတောင်းတဲ့ အထိတောင် လုပ်ခဲ့တာဗျ၊ အသုံးချတာတော့။
အခု စစ်အစိုးရကျတော့ အဲဒီလိုလည်း သူတို့က မလုပ်နိုင်ဘူး။ သူတို့ထဲမှာ လည်း တကောင်တမြီးမှ လူလေးစားလောက်တာ မရှိဘူး။ နံပါတ်တစ် ဗိုလ်နေဝင်းကအစ အဆက်ဆက် အကုန်လုံး။ အဲဒီတော့ သူတို့ခမျာမှာ ရှားရှားပါးပါး သမိုင်းစာရွက်တွေ လျှောက်လှန်ပြီးတော့ ဟိုး... အဝေးကြီးကဟာတွေကို လှမ်းပြီးတော့ သူရဲကောင်းလုပ်နေ ရတာ။ ပဒေသရာဇ်ဘုရင်တွေရဲ့ လုပ်ကိုင်မှုတွေကိုပဲ (နယ်ချဲ့မှုတွေဘာတွေ အပါအဝင်ပေါ့ ဗျာ) အဲဒါတွေကိုပဲ စံတခုလုပ်ပြီးတော့ သူရဲကောင်း တင်နေရတာ။
တကယ်ကျတော့ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့နိုင်ငံဟာ ဒီ အနီးခေတ် သမိုင်းမှာ ဂုဏ်ယူစရာသူရဲကောင်း မရှိတဲ့နိုင်ငံ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ ကမ္ဘာ မှာရှိတဲ့ ဘယ်နိုင်ငံနဲ့ပဲယှဉ်ယှဉ် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ ဒီဘက်သမိုင်း၊ နောက်ပြီး ဒီမိုကရေစီတိုက်ပွဲသမိုင်း... သမိုင်းအဆက်ဆက်မှာ အင်မတန်ဂုဏ်ပြောင်တဲ့ သူရဲကောင်း တွေအပြည့်နဲ့တိုင်းပြည်ပါ။ ကျနော်တို့ဗမာနိုင်ငံသားတွေဟာ ကိုယ့်တိုင်းပြည်က ဆင်း ဆင်းရဲရဲ၊ အစိုးရက ဗလချာရမ်းနေတဲ့ အစိုးရ၊ အဲဒီလိုအခြေအနေထဲမှာ နိုင်ငံခြား ရောက်လို့ရှိရင် အင်မတန် မျက်နှာငယ်တယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းနဲ့ ပတ်သက်လို့ရှိရင် အင်မတန် ဂုဏ်ယူနိုင်တယ်။ “ငါဟာ ဗမာပြည်သားကွ”လို့ လက်မ ထောင် ပြောလို့ရတယ်။ ဒီ အာဇာနည်တွေကြောင့်၊ ဒီသူရဲကောင်းတွေကြောင့် … ။
အဲဒီတော့ ကျနော် ပြန်ပြောပါ့မယ်။ ကျနော် အထက်ကပြောခဲ့သလိုပဲ ကျနော် သင်္ဘောဝမ်းထဲကိုရောက်ရော။ သင်္ဘောက အောက်ဝမ်းဗိုက်ထဲမှာ ရှေ့ခန်းနောက်ခန်း ရှိ တယ်။ ကျနော်တို့က ရှေ့ခန်းကိုရောက်တယ်။ ရောက်တဲ့အထဲမှာ ကျနော်တို့ နောက်ဆုံး ရောက်တာနဲ့ တူတယ်။ ကျနော်တို့ကားပေါ့ဗျာ။ ကျနော်တို့ကားဆိုတာက အင်းစိန် ထောင်က မဟုတ်တဲ့လူတွေ ချုပ်ထားတဲ့၊ အဆောင်ကနေ ထွက်လာတဲ့ တွဲဘက်အမှတ် ၂ အဆောင်ကနေ ထွက်လာတဲ့သူတွေအညာကလူတွေ အများကြီးပါတဲ့ဟာပေါ့။
အဲ... ကျနော်တို့အဖွဲ့ ဝင်လာတဲ့အခါကျတော့ ကျနော်တို့က ပစ္စည်းတွေ တိုး လို့တွဲလွဲနဲ့ သင်္ဘောဝမ်းထဲကို ဆင်းလာကြတော့ အရင်ရောက်နှင့်နေတဲ့သူတွေက ငေး ကြည့်နေကြတာ။ အင်းစိန်ထောင်က ထွက်လာတဲ့သူတွေက ကိုယ်ပိုင်ပစ္စည်းဆိုလို့ နည်း နည်းပဲ ပါကြတာ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာက ၁၉၆၇ ခုနှစ် ဗမာတပြည်လုံး မှာ အစိုးရက ဖိနှိပ်မှုတွေ ဆုံးဖြတ်ပြီး စလုပ်တဲ့ အချိန်ကစပြီးတော့ အင်းစိန်ထောင်ထဲ ကိုလည်း အတင်းဝင်ပြီးတော့ နှိပ်စက်တာ။ အကုန်လုံး ခေါ်ပြီးတော့ရိုက်တာ။ ရေသွင်း ထားတဲ့ အခန်းတွေထဲ ထားတယ်။ အမျိုးမျိုးနှိပ်စက်တယ်။ အဲဒီလို လုပ်လာခဲ့တာ။ အဲဒီ တော့ သူတို့ထဲမှာ အင်းစိန်ထောင်ကလာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ရောဂါလည်းမျိုးစုံ။ နှိပ်စက် တဲ့ဒဏ်ကလည်း အမျိုးမျိုးခံလာခဲ့ရတာ။ ဥပမာ... လေထီးဗိုလ်အုန်းမောင်ဆိုရင် အဲဒီမှာ နံရိုးကျိုးအောင်အထိ အရိုက်ခံခဲ့ရတာ။ နောက်... ပြည်သူ့တိုးတက်ရေးပါတီက ကိုတင် ဆိုရင်လည်း ရိုက်တာ သရက်ရွက်တဖက်ကို ကြွေထွက်သွားတာ။ အဲဒီလိုပဲ။ မောင်ညွန့် တခြားလည်း အများကြီးပဲ။ အမျိုးမျိုးအနှိပ်စက်ခံပြီးမှ ရောက်လာတဲ့ ရဲဘော်တွေ။
သူတို့က ကျနော်တို့ကို ငေးကြည့်နေကြတယ်။ တယောက်နဲ့ တယောက် ချက် ခြင်း နှုတ်ဆက်လို့ရအောင် ကြည့်တဲ့သူကလည်း မမြင်သေးလို့၊ ဒီအတိုင်းပဲ ကြည့်နေကြတာ။ နောက်... ကျနော်တို့ အထဲရောက်ပြီး ပစ္စည်းတွေ ဘာတွေချ။ ထိုင်စရာလေး ဘာ လေးရှာ။ (ထိုင်စရာဆိုလို့လည်း သင်္ဘောဝမ်းထဲဆိုတော့ တွေ့ကရာထိုင်ကြတာပါပဲ။) အဲဒီလို ထိုင်ပြီးတဲ့နောက်ကျမှ ဘေးမှာရှိတဲ့သူနဲ့ မိတ်ကလေးဘာလေးဆက်။ အကုန်လုံး က ဘဝတူတွေဆိုတော့ ဟို... မိတ်ဆက်လို့တော့ ကောင်းတာပေါ့ဗျာ။ ဘယ်သူတွေ ပါ သလဲဗျာ၊ ဘာညာ မေးကြည့်ရတာပေါ့။ မေးကြည့်တော့မှ ကျနော်တို့အခန်းထဲမှာ ဗန်းမော်တင်အောင် (ဦးလေးဦးတင်အောင်)၊ နောက်ပြီးကျတော့ မြသန်းတင့်(ဦးလေး ဦးမြသန်း)၊ နောက်ပြီးကျတော့ ကေတီဦးကျော်တင့်ဆိုတဲ့ စာရေးဆရာ။ နောက်ပြီးကျတော့ ဟို ABKO က (ကိုကိုးကျွန်းကနေ လှေနဲ့ ထွက်ပြေးတဲ့) မန်းအောင်ကြည် (ကရင် ခေါင်း ဆောင်) သူတို့ပါတာကို သိရတယ်။
အဲဒီတော့ ဦးတင်အောင်နဲ့ဦးမြသန်းကိုကျတော့ ကျနော်က ကျနော် ဘယ်သူ ပါလို့ မိတ်ဆက်ပြီးတော့ သွားပြီးတော့ နှုတ်ဆက်ပါတယ်။ ဦးတင်အောင်နဲ့ ကျနော်နဲ့က တွေ့တော့ တွေ့ဖူးတာပေါ့။ ဒါပေမယ့် သိပ်ကြာနေပြီ။ နောက် ကျနော်လည်း ငယ်လည်း ငယ်တော့ သူက ဘယ်မှတ်မိပါ့မလဲ။ ကျနော်က “ကျနော် ဘယ်သူပါ” လို့ သွားပြီး ဂါရဝ ပြုရတာပေါ့။
▪ ဒါ ကိုကိုးကျွန်းဖြစ်တယ်
အဲဒီကနေ တဆက်တည်း ဟို... နောက်မှာ အခန်းတခန်းရှိသေးတယ်။ အဲဒီ အခန်းထဲမှာ ဘယ်သူတွေပါသလဲဆိုတာ စုံစမ်းကြည့်ရတယ်။ အဲ.. စုံစမ်းကြည့်တော့ သူများပြောပြတာအရ သိရတာတော့ လေထီးဗိုလ်အုန်းမောင် ပါတယ်။ ဗမာပြည် ကွန် မြူနစ်ပါတီက ဗဟိုကော်မတီ ဆရာရာဂျန် ပါတယ်။ ဒါ... နာမည်ကြီးပုဂ္ဂိုလ်တွေ။ လေထီး ဗိုလ်အုန်းမောင်ဆိုရင် ဒါက ကိုကိုးကျွန်းကို ဒုတိယအကြိမ်၊ သူက လိပ်ကျွန်းကိုလည်း ရောက်ဖူးတော့ တတိယကျွန်းလို့ပြောလို့ရတယ်။ နောက်တခါ ကျောင်းသားခေါင်းဆောင် ထဲက ခရမ်းကိုစိန်ဝင်း၊ တကသ က ကိုလှကြည်၊ နောက်... ရန်ကုန်ခရိုင် ကျောင်းသား များသမဂ္ဂ ကိုဉာဏ်ဝင်းလည်း ပါလာတယ်လို့ ကြားရတယ်။
တခါ ကျနော်က ဟို... ကိုယ့် ‘လူထုသတင်းစာ’ အသိုင်းအဝိုင်းထဲက ဘယ်သူ တွေများ ပါသေးလဲလို့ မေးကြည့်တော့... ကျနော်နဲ့ညီလို အစ်ကိုလို တလျှောက်လုံး နေ လာခဲ့တဲ့ လူထုကိုစိန်ဝင်းလည်း ပါတယ်။ နောက်တခါ လူထုမှာ ရန်ကုန်က သတင်း ထောက်လုပ်ကြတဲ့ ကိုတင်မောင်လေး၊ နောက်... ဦးဖေရှိန်။ ဦးဖေရှိန်က ရန်ကုန်သတင်း ထောက်လည်းလုပ်တယ်။ လူထုသတင်းထောက်လည်း လုပ်တယ်။ သူတို့လည်း ပါတယ် လို့ ကြားရတယ်။
ဒါနဲ့ အခန်းချင်း ခြားထားတဲ့ အဲဒီသင်္ဘောဝမ်းထဲက နံရံကို သွားကပ်၊ သူများ တွေ လုပ်သလိုပေါ့၊ မတ်စေ့ပေါက်ကလေးလောက်ရှိတဲ့ အပေါက်ကလေးကနေပြီးတော့ အခေါ်ခိုင်းရတယ်။ ဦးစိန်ဝင်းခေါ်ပေးပါ၊ ဦးတင်မောင်လေး ခေါ်ပေးပါ... ဦးဖေရှိန်ခေါ်ပေးပါ... စသဖြင့် ခေါ်ပြီးတော့ ကျနော်ပါလာပြီ ဆိုတဲ့အကြောင်း ပြောတော့ သူတို့ကလည်း ဝမ်း သာလိုက်တာ။ ကျနော်ကအရင် ထောင်ထဲရောက်သွားတာ။ သူတို့က နောက်မှ ထောင် ထဲရောက်ကြတာ။ သူတို့က ၆၇ တရုတ်ဗမာ အရေးအခင်းပြီးတော့ အစိုးရက သိမ်းဖမ်း တဲ့အခါကျမှ ပါလာကြတာ။ အဲဒီတော့ သူတို့ကလည်း ကျနော်ပါလာပြီးတော့ ဝမ်းသာ တာ၊ ဝမ်းသာဝမ်းနည်းပေါ့လေ။ ဝမ်းသာတယ်လို့တော့ ပြောရတာ ခက်တော့ခက်တယ်။
အဲဒီလိုနဲ့ မနက် မိုးမလင်းတလင်းလောက်မှာပဲ သင်္ဘော စထွက်လာတယ်။ ဒီ သင်္ဘောတစီးလုံးဟာ ကျနော်တို့ ကိုကိုးကျွန်းလိုက်ပို့ဖို့ တမင်ဆွဲခေါ်လာတဲ့သင်္ဘော ဖြစ် တယ်။ ဒါကြောင့်မို့ ဒီသင်္ဘောမှာ သင်္ဘောဝမ်းထဲမှာဆိုရင် ထောင်ကျတွေချည်းပဲ။ နိုင်ငံရေး အကျဉ်းသားတွေချည်းပဲ။ သင်္ဘောဝမ်းပေါ်မှာဆိုရင် စစ်သားတွေပါတယ်။ နောက်ပြီးတော့ ထောင်အမှုထမ်းတွေပါတယ်။ အရာရှိတွေ ပါတယ်။ ထောင်အရာရှိတွေ ပါတယ်။ ကျနော် တို့ကို လိုက်ပို့ဖို့သက်သက် တခေါက်ဆွဲတဲ့သင်္ဘောပဲ။ အဲဒီတော့ ကျနော်တို့ အညာဒေ သကလာတဲ့ ဘဝတူတွေကို ဒီရောက်နှင့်ပြီးသား အောက်ပြည်အောက်ရွာက၊ ရခိုင်ပြည်နယ်... အစရှိတဲ့ မြိတ်ဘက်က၊ တနင်္သာရီက ပုဂ္ဂိုလ်တွေက လှိုက်လှိုက်လှဲလှဲပဲ ကြိုကြ တယ်။ ဒါပေမယ့် စကားတော့ များများမပြောနိုင်ကြဘူး။ အားလုံးက ရှေ့ဘာဖြစ်မလဲ။ ဘာလုပ်ကြမလဲ အဲဒါကိုပဲ စဉ်းစားနေကြတာ။ သင်္ဘောပေါ်မှာ အဲဒီလိုနဲ့ အခြေအနေက တင်းတင်းမာမာဆိုတာမျိုးကြီး။
ကြာလာတဲ့အခါကျတော့ ကျနော်တို့ မန္တလေးဖက်ကလာတဲ့ ရဲဘော်တွေကျ နော်တို့တတွေက အဲဒီမှာ သီချင်းတွေ ကောက်ဆိုကြတယ်။ ဆိုတဲ့သီချင်းတွေက တော် လှန်ရေးသီချင်းတွေ၊ ကျောင်းသားသီချင်းတွေ ကောက်ဆိုကြတယ်။ အဲဒီလိုဆိုတော့ ကျ နော်တို့လူလည်း မနည်းပါဘူး။ အဲဒီလို ဆိုလိုက်တဲ့အခါကျတော့ ကျန်တဲ့သူတွေလည်း အားတက်လာကြတယ်။ အဲဒီနောက် မကြာခင်ပဲ ဟိုဖက်ခန်းကလည်း၊ နောက်ဖက်ခန်း ကလည်း သီချင်းဆိုတဲ့အသံ (အင်တာနေရှင်နယ်သီချင်း ဆိုတဲ့အသံ) ပေါ်ထွက်လာတယ်။
ဆိပ်ကမ်းက ခွာပြီးတော့ နာရီဝက်လောက် ရှိတော့မှထင်တယ်... သူတို့ သင်္ဘောဝမ်းပေါက်ဘေးက အပေါက်ကလေးတွေအပေါက်ဝိုင်းကလေးတွေ ဖွင့်ပေးတယ်။ အဲဒီအပေါက်ဝိုင်းလေးတွေက ခေါင်းထုတ်ကြည့်လိုက်တော့ ကျနော်တို့ လေကောင်းလေ သန့်ကလေးတွေ ရတာပေါ့ဗျာ။ အဲဒီကျတော့ ဟိုး...ခပ်လှမ်းလှမ်းမှာ ရွှေတိဂုံဘုရားကြီး ဝေဝေဝါးဝါးနဲ့ တဖြည်းဖြည်းကျန်ရစ်တာကို ကျနော်တို့ တွေ့ကြရတယ်။ ကျနော်တို့ ရန်ကုန်မြို့ကနေ ခွာလာကြပြီ။
လမ်းမှာ ကျနော်တို့ တညအိပ်တယ်။ ထမင်းကျွေးတော့ သင်္ဘောကုန်းပတ် ပေါ် တက်စားရတယ်။ ထောင်ကျွေးသလိုပါပဲ၊ ပုံစံနဲ့ကျွေးတာပါပဲ။ ကျနော်တို့ တန်းစီ။ ကြမ်းပြင်ပေါ်မှာပဲ ပန်းကန်ပြားချ စားကြရတာ။
အဲဒီလို တညအိပ်ပြီး နောက်တနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဖြစ်မယ် ထင်တယ်။ ကျနော်တို့ သင်္ဘောဝမ်းခန်းထဲမှာနေပေမယ့် ကုန်းကိုမြင်ရပြီ။ ကုန်းမြေ မြင် ရတဲ့ အော်သံတွေ ကြားရတယ်။ ဒါနဲ့ ကျနော်တို့လည်း ခုနက သင်္ဘောဘေးက အပေါက် ဝိုင်းလေးဆီ ပြေးပြီးသွားကြည့်ကြတယ်။ စုဝေး။ အဲလိုကြည့်လိုက်တဲ့အခါမှာ ဟိုး...ခပ် လှမ်းလှမ်းမှာ ဖြူဖြူလွလွသဲသောင်ပြင်၊ အုန်းပင်တန်းလေးတွေနောက်... သွပ်မိုးအိမ် ခပ်မဲမဲလေးတွေ လှမ်းတွေ့ရတယ်။ သာတောင့်သာယာပါပဲ။ အဲလိုငေးပြီး ကျနော်တို့ ဘယ်သူမှ စကားလည်း မပြောကြဘူး။ ရှေ့မှာ ဘာဖြစ်မလဲ။ အဲဒါကိုပဲ ကျနော်တို့ စဉ်း စားနေကြတာ။
အဲလို ငေးကြည့်နေရင်းကနေပြီးတော့ သင်္ဘောကျောက်ချတဲ့အသံ ကြားလာ တယ်။ အဲဒီတော့ ကျနော်တို့သင်္ဘောကနေ လှမ်းကြည့်နေတုန်းမှာ သင်္ဘောကြီးက ရပ် လိုက်ရော။ အဲဒီတော့ ဟိုဘက်က ဆိပ်ကမ်းနဲ့ သင်္ဘောက မီတာ ၁၀၀ လောက် ဝေး သေးတယ်လို့ထင်တယ်။ အဲလိုအချိန်မှာ ကမ်းတက်ယာဉ်တစင်းက ကျနော်တို့သင်္ဘော ဘေးမှာ လာကပ်တယ်။ အဲလို ကမ်းတက်ယာဉ်ပေါ်မှာ ကျနော်တို့အားလုံး သင်္ဘောပေါ် ကလူတွေ ပြောင်းဆင်းရတယ်။ ဆင်းပြီးတဲ့အခါကျတော့ ကမ်းတက်ယာဉ်က ကျနော်တို့ ကို ကမ်းဘက်အထိ လိုက်ပို့တယ်။ ကမ်းတက်ယာဉ်ဆိုပေမယ့်၊ ကမ်းဘက်ပို့တယ်ဆိုပေ မယ့် တကယ့်ကမ်းနဲ့က(ရေမရှိတဲ့ နေရာနဲ့က) မီတာ ၅၀ လောက် လိုသေးတယ်ထင် တယ်။ ၅ဝ-၆ဝ-၇ဝ အဲလောက်များ လိုမယ်။ အတော်လိုသေးတယ်။ အဲလို လိုတဲ့နေ ရာမှာ ရပ်တော့ ကျနော်တို့ အဲဒီကနေ ဆင်းရတာ။
လှိုင်းတွေကလည်း လှိုင်းကြီးလာတာ မဟုတ်ပေမယ့် ကမ်းပေါ်တက်တဲ့အခါကျ တော့ လှိုင်းတွေက အလိပ်လိပ်ဖြစ်နေပြီ။ နောက်တခါ အောက်က ကျောက်တုံးတွေက လည်း အမျိုးမျိုး။ ကျနော်တို့မှာ ပစ္စည်းတွေကလည်း တိုးလို့တွဲလဲနဲ့။ အို... လဲတဲ့သူက လဲ၊ ပစ္စည်းတွေ လိုက်ဖမ်းရတဲ့လူက ဖမ်းရ၊ တချို့က ကိုယ့်ရာဘာဖိနပ်ကို လိုက်ပြန်ဖမ်းရ။ အဲဒီလိုပဲ အတော်ကို ကသိကအောက်နိုင်တဲ့ကိစ္စ။
နောက်...ကျနော်တို့ အဲဒီ သဲသောင်ပြင်ပေါ်ရောက်တော့ သဲသောင်ပြင်မှာ အားလုံးထိုင်ပြီး စောင့်နေရတယ်။ ခဏနေတော့မှ အားလုံးတန်းစီခိုင်းတယ်။ တန်းစီခိုင်း ပြီး နည်းနည်းလေး လမ်းလျှောက်ခိုင်းတယ်။ နည်းနည်းလေး လမ်းလျှောက်ခိုင်းပြီးတော့ သဲသောင်ပြင်တခုမှာပဲ ထပ်ပြီးတော့ ထိုင်ခိုင်းတယ်။ အဲဒီဘေးနားမှာ ကုန်းအမြင့်လေး ရှိတယ်။ နည်းနည်းလေး မြင့်တာပါ။ အဲဒီတော့ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက်။ သဲကလည်း ပူလိုက်တာ။
အဲဒီမှာ ကျနော်တို့ ထိုင်နေတုန်း ထောင်က အထူးအရာရှိ ဒု-ဗိုလ်မှူးကြီး ထွန်းရင်လော (သူက နောင်ကျတော့ မဆလ ဗဟိုကော်မတီလည်း ဖြစ်သေးတယ် ထင် တယ်။) ကျနော်တို့ကို မိန့်ခွန်းခြွေတာပဲ။ သူခြွေတဲ့မိန့်ခွန်းရဲ့ အဓိကအချက်ကတော့.. ကျွန်းပေါ်မှာ ကျနော်တို့တတွေ “ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ကိုယ်စားဖို့သောက်ဖို့၊ ကိုယ် နေဖို့ထိုင်ဖို့ ကိုယ့်ဟာကိုယ်လုပ်ရမယ်ဆိုတဲ့ ပေါ်လစီကို ပြောတာပဲ။ သူတို့က လိုအပ်တဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ ပေးမယ်။ ကျနော်တို့က ကိုယ့်ဟာကိုယ်ထမင်းဖြစ်အောင် လုပ်စားကြ။ အဲဒီသဘောပဲ။ တဆက်တည်းမှာ သူပြောတာက “ပြည်မထောင်တွေမှာ လို တိုက်ပွဲတွေဘာတွေ မလုပ်နဲ့။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ ပေးတာယူ၊ ကျွေးတာ စား၊ စကားမများနဲ့။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ ထွက်ပြေးရင် ပြေးကြည့်။ ပတ်ပတ်လည်မှာ ငါးမန်းတွေချည်းပဲ။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။” အကုန်လုံး ခြိမ်းခြောက် စကားပဲ။ သူက စကားပြောတာတော့ ဝဲတဲဝဲတဲနဲ့။ ဒါပေမယ့် ခြိမ်းခြောက်တဲ့ နေရာမှာ တော့ အင်မတန်ပီတယ်။
(”ထောင်” အပိုင်း ပြီးပါပြီ။)
(ဆက်ရန်...)
(ပီဒီအက်ဖ် စာမျက်နှာ ၃၀-၆၅)
စာရိုက် - ငနော့
Comments
Post a Comment