ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၁) 🖋 ရဲဘော်ဖိုးသံချောင်







ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၁)

ကျောင်းသား

ရဲဘော်ဖိုးသံချောင်း

▪ မုန်တိုင်းတွေနဲ့ချည်း
ကျနော်ကတော့ ကျောင်းသားသမဂ္ဂတွေရဲ့တရားဝင်ရပ်တည်ခွင့်ရတဲ့ နောက် ဆုံးအပိုင်းမှာ ပါဝင်လှုပ်ရှားခဲ့ရတဲ့ ကျောင်းသားတယောက်ပါ။ ဗမာပြည်မှာ ကျောင်းသား သမဂ္ဂတွေရဲ့ သမိုင်းကို ရေးကြမယ်ဆိုရင် “တရားဝင်ရပ်တည်လို့ရတဲ့အပိုင်း”၊ ‘တရားဝင် ရပ်တည်လို့ မရတဲ့အပိုင်း’ ဆိုပြီး နှစ်ပိုင်းခွဲပြီးရေးရတော့မလို ဖြစ်သွားပြီ။ ဒါဟာ ဒီစစ်အစိုးရကြောင့် ကျောင်းသားသမဂ္ဂတွေရဲ့ သမိုင်းလမ်းကြောင်းပြောင်းသွားရတယ်။

ကျောင်းသားသမဂ္ဂတွေ ပေါ်ထွက်လာတာဟာ နည်းနည်းနောနော သမိုင်းကြောင်း မဟုတ်ဘူး။ ကျနော်တို့ ဗမာပြည်တပြည်လုံးရဲ့၊ ဗမာပြည်သူတရပ်လုံးရဲ့ အင်္ဂလိပ်ကိုလိုနီတွေကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ဖြစ်စဉ်ထဲက ပေါ်လာတဲ့ သမိုင်းဖြစ်တယ်။ သမိုင်းရဲ့လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့တောင်းဆိုချက်အရ၊ အခြေအနေရဲ့တောင်းဆိုချက်အရ ပေါ်လာတာဖြစ်တယ်။

အဲဒီလိုပေါ်လာတဲ့ ကျောင်းသားသမဂ္ဂမျိုးကို အင်္ဂလိပ်အစိုးရကတောင်မှ ဘာမှမလုပ်ခဲ့ဘူး။ ဘာမှမလုပ်ရဲခဲ့ဘူး။ တရားဝင်အသိအမှတ်ပြုထားခဲ့ရတာ။ သူတို့အနောက် နိုင်ငံတွေမှာရှိတဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့ဟာက ဗမာပြည်က ကျနော်တို့ ကျောင်းသားသမဂ္ဂတွေလို နိုင်ငံရေးလုပ်ငန်းတွေမှာ စိတ်ဝင်စားလှတာ၊ ပါဝင်လှတာမဟုတ်ဘူး။ သူတို့က သာရေးနာရေးလောက်ပဲ၊ ပညာရေးဟောပြောပွဲလောက်၊ စကားရည်လုပွဲလောက်... အဲဒါလောက် လုပ်ကြတာ။

ဒါပေမယ့် ဗမာပြည်ရဲ့ကျောင်းသားသမဂ္ဂကတော့ တိုက်ပွဲတွေကြားထဲက ပေါ် လာတဲ့ဟာမို့လို့ စကတည်းက နိုင်ငံရေးအသွင်ဆောင်ခဲ့တယ်။ ဒါကြောင့် ကျောင်းသား သမဂ္ဂတွေကို ဆန့်ကျင်တဲ့၊ ဖိနှိပ်တဲ့အစိုးရမှန်သမျှကလည်း ဘယ်တော့မဆို “ကျောင်းသား နဲ့နိုင်ငံရေး မပတ်သက်ရဘူး” ဆိုတဲ့ဟာကို သူတို့နှုတ်မိန့်နဲ့ ဥပဒေကြီးတခုလို လုပ်ထားခဲ့တယ်။ ဒါ အစိုးရအဆက်ဆက်ပဲ။ အင်္ဂလိပ်အစိုးရကနေ ဒီနေ့နောက်ဆုံး နအဖအထိ ဒီလိုပဲ။

ကျနော်ကတော့ အဲဒီကျောင်းသားသမဂ္ဂသမိုင်းရဲ့ တရားဝင်အပိုင်းလို့ ပြောရမယ့် ပထမအနှစ် ၃၀ လောက်မှာ နောက်ဆုံးအပိုင်းလေးမှ ပါဝင်ခဲ့ရတဲ့လူပါ။ ကျနော့်အ သက်အရွယ်နဲ့ အဲဒီအချိန်မှပဲ မီပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး ကျနော် စပြောပြပါ့မယ်။

ကျနော့်အခြေအနေ၊ ကျနော့်ပတ်ဝန်းကျင်၊ ကျနော့်ထူးခြားချက်ပဲ ဆိုကြပါစို့။ အဲဒါ ငယ်ငယ်လေးကတည်းက ကျနော်က ကျောင်းသားသမဂ္ဂက လူတွေ၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့ရတယ်။ သူတို့က ကျနော့်အိမ်ကို အဝင်အထွက်များတဲ့ အခါကျတော့ သူတို့ကို တွေ့ဖူးနေ၊ သူတို့ပြောတာကို ကြားဖူးနေ၊ သူတို့ရဲ့ ခင်မင်ယုယမှုတွေကို ခံစားဖူးနေတဲ့ ကလေးတယောက်ပေါ့လေ။ အဲဒီလို ကလေးဘဝကတည်းက ကျနော်ဟာ “ကျောင်းသားသမဂ္ဂမှာရှိတဲ့ လူတွေက လူကောင်းတွေ” ဆိုတဲ့အထင်တော့ တလျှောက်လုံး ရှိခဲ့တယ်။ ဒါ့အပြင် ကျနော့်အိမ်ရဲ့ ထူးခြားချက်အရ ဗမာပြည်မှာ အဲဒီအခါက အင်မတန် အရှိန်အဟုန်ကြီးမားစွာနဲ့ ဖြစ်ပွားနေတဲ့ “ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု”၊ “ကမ္ဘာ့ငြိမ်း ချမ်းရေးလှုပ်ရှားမှု” အဲဒါတွေကိုလည်း ကျနော်သိနေတယ်။ အဲဒီအတွက် ဆန္ဒပြပွဲတွေကိုလည်း ကျနော် ဝင်ပြီးပါနေတယ်၊ တက်မိနေတယ်ပေါ့လေ။

တခါတလေလည်း မိဘနဲ့လိုက်သွား၊ တခါတလေလည်း သတင်းထောက်တွေနဲ့ လိုက်သွား၊ တခါတလေလည်း အသိအကျွမ်းတွေနဲ့ လိုက်သွား၊ တခါတလေလည်း အဲဒီ သမဂ္ဂတွေက အစ်ကိုကြီးတွေ အစ်မကြီးတွေနဲ့ လိုက်သွား ... ပါဝင်မှုတွေ အမြဲရှိတယ်။

ဒါပေမယ့် ကိုယ်ကိုယ်တိုင် နိုင်ငံရေးအသိရှိရှိနဲ့၊ ကိုယ့်အကျိုးစီးပွားနဲ့ ဆက်စပ်ပြီးတော့ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲကတော့ ၁၉၆ဝ ခုနှစ်တုန်းက 'တန်းခွဲတန်းချစနစ်’ ဖျက်သိမ်းရေး ဆန္ဒပြပွဲဘဲ။ ဦးနုအစိုးရက နဂို ၉ တန်းကနေပြီး မက်ထရစ်ဖြေတဲ့စနစ်ကနေ၊ တန်း မက်ထရစ်စနစ်ကို ပြောင်းတဲ့အခါမှာ အဲဒါကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ဆန္ဒပြပွဲကြီး၊ ကျနော်တို့ မန္တလေး အိမ်တော်ရာဇရပ်ကြီးမှာ ကျင်းပတယ်။

အဲဒါကို ကျနော်တို့ကျောင်းကနေပြီး တကျောင်းလုံးမှာ ကျနော်တို့ ၃ ယောက်တည်း သွားပြီးတော့ (ကျနော်တို့ကျောင်းက သာသနာပြုကျောင်းဆိုတော့ နိုင်ငံရေး ဘယ် သူကမှ အားမပေးဘူး။ အားမပေးတဲ့အပြင် အထင်သေးတယ်။ ဆရာတွေကလည်း နှိမ်ပြောတယ်။ အဲဒီအထဲက ကျနော်တို့ ၃ ယောက်) စိတ်တူ သဘောတူ သူငယ်ချင်း ၃ ယောက်က တိတ်တိတ်ကလေးသွားပြီးတော့၊ အဲဒီ နောက်နားလေးကို ကုပ်ကုပ်ကလေး သွားထိုင်ပြီး ပါဝင်ခဲ့ကြတာ။ ကျနော် ခုထက်ထိ မှတ်မိနေတယ်။ အဲဒီတုန်းက အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီးထဲမှာ။ ဦးစီးကျင်းပတာက မန္တလေးခရိုင် ဗကသက ဦးစီးကျင်းပတာ။ အဲဒါ ကျနော့်ရဲ့ ပထမဆုံး စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲပေါ့။

အဲဒီကနေပြီးတဲ့အခါကျတော့ ကျနော် ၆၁ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကို ရောက်ပါတယ်။ အဲဒီမန္တလေးတက္ကသိုလ်ကို ကျနော်ရောက်တဲ့ ၆၁ ခုနှစ်မှာပဲ တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲနဲ့ကြုံရတယ်။ ကျနော့်ကို ကံကောင်းတယ်လို့ပြောရမယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီ ၆၁ ခုနှစ် သမဂ္ဂရွေးကောက်ပွဲဟာ ဗမာ ပြည်သမိုင်းမှာ(အခုထိသမိုင်း ပေါ့လေ၊ နောင်မဟုတ်ပါဘူး) နောက်ဆုံး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ ဖြစ်လို့ပါပဲ။ အဲဒီတုန်းက ကျနော် မဲပေးခွင့်ရခဲ့တယ်။ မဲပေးတာတွေကို မဲပုံးတွေ ရေတဲ့ အခမ်းအနားကို ညကြီးမှာ မန္တလေးတက္ကသိုလ်၊ ရာဇာတ်ဟောကြီးရှေ့မှာ သွားပြီးတော့ ကြည့်ခဲ့တယ်။ ပါဝင်ခဲ့တယ်။ အတူပျော်ရွှင်ခဲ့၊ မြူးတူးခဲ့တယ်။ ကျနော် ဘယ်တော့မှ မမေ့ နိုင်ဘူး။

အဲဒီ နောက်ဆုံး သမဂ္ဂ ရွေးတင်လိုက်တဲ့ တကသအမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌက ကိုစိုးဝင်းမောင် (ကျောက်ဆည်က)(အခု ABSDF က ကိုသံဂဲတို့၊ အလုပ်သမားသမဂ္ဂက ကိုသံဒုတ်တို့ရဲ့အဖေ)၊ နောက်ပြီး အတွင်းရေးမှူးက အခုထက်ထိ မြင်းခြံထောင်ထဲမှာ နေရတဲ့ ကိုအောင်သူ။ ကျနော် သူတို့ကို ဘယ်တော့မှ မမေ့ပါဘူး။

အဲဒီကနေပြီးတော့ ၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကျတော့ အာဏာသိမ်းပွဲနဲ့ ကြုံရတာ။ ကျနော့်ဘဝမှာ ကံဆိုးတယ်လို့ ပြောရမလား၊ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။ တက္ကသိုလ်ရောက်တယ်ဆိုတာနဲ့ တခါတည်း မုန်တိုင်းတွေနဲ့ချည်း ကြုံရတော့တာပဲ။ ကံဆိုးတယ်ဆိုတာက အေးအေးဆေးဆေး စာမသင်ရတာ။ ကံကောင်းတယ် ဆိုတာက အသက်ငယ်ငယ်လေးနဲ့ ရင့်ကျက်မှု ရခဲ့ရတာ။

အာဏာသိမ်းပွဲ ဖြစ်တယ်ဆိုတာနဲ့ ကျနော်တို့ တက္ကသိုလ်သမဂ္ဂတွေက ဦးဆုံး ဒီအာဏာသိမ်းပွဲကို ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်ဆိုတာ ထုတ်ပြန်လိုက်တာ။ တခြား ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ အဲဒီလောက် မြန်မြန်ဆန်ဆန် မထုတ်ပြန်နိုင်ဘူး။ သမဂ္ဂတွေက ဒီနေ့ အာဏာသိမ်း၊ နောက်တနေ့ ထုတ်ပြန်ချက်ထွက် ဆိုတဲ့ဟာမျိုး။ စစ်အုပ်စု၊ စစ်အစိုးရကနေပြီးတော့ ကျောင်းသားတွေအပေါ်၊ သမဂ္ဂတွေအပေါ်မှာ နာကျည်းတဲ့အချက်တွေမှာ ဒါတွေလည်း ပါပါတယ်။

အဲဒီတော့ ကျနော် ခုနက ပြောခဲ့သလို တက္ကသိုလ်ပရဝုဏ်မှာဖြင့် စစ်တပ် အာဏာသိမ်းမယ်ဆိုတာနဲ့ စပြီးတော့ အဲဒီမုန်တိုင်းအတွက် လေနီကြမ်း စတော့တယ်လို့ ပြောရတော့မယ်။ ဘာကြောင့်လဲဆိုတော့ မတ်လမှာ အာဏာသိမ်းတယ်၊ ဇွန်လလောက်ကတည်းက စပြီးတော့ တက္ကသိုလ်တွေမှာ ရုတ်ရုတ်ရုတ်ရုတ်၊ လှုပ်လှုပ်လှုပ်လှုပ်က စပြီး ဖြစ်နေပြီ။

နောက် ဇူလိုင် ၇ ရက် ဆက်ဖြစ်တာပေါ့ဗျာ။ ဇူလိုင် ၇ ရက်ဆိုတော့ ကျနော် ဒီမှာ အကျယ်မပြောတော့ပါဘူး။ ကျနော်တို့ မန္တလေးကလူတွေအနေနဲ့ ဇူလိုင် ၇ ရက်မှာ ရန်ကုန်လို ပြင်းပြင်းထန်ထန် မခံခဲ့ရဘူး။ ကျနော်တို့တတွေ ရေဒီယိုနားထောင်၊ သတင်းပလင်းတွေနားထောင်၊ တယ်လီဖုန်းတွေ နားထောင်ပြီး တထိတ်ထိတ်နဲ့မျှော်ခဲ့ရတာ ကျနော် ဘယ်တော့မှ မမေ့ပါဘူး။ ကျနော့်မိဘတွေရော၊ ကျနော်တို့သမဂ္ဂ အတူလုပ်တဲ့လူတွေရော အဲဒီသတင်းကို မျှော်ပြီးတော့ စိုးရိမ်တာပဲ တတ်နိုင်တယ်။ ဘယ်လိုမှလည်း အဆက်အသွယ်က မရ။ အဲဒီကြားထဲမှာ ပြတ်တောင်းပြတ်တောင်း ဝင်လာတဲ့ “တော်လှန်ရေးကောင်စီ” ဆိုတဲ့ စစ်အစိုးရရဲ့ ကြေညာချက်တွေကလည်း စော်ကားမော်ကား။ အဲဒီနေ့ ရက်များဟာ ကျနော့်ဘဝမှာ မမေ့နိုင်တဲ့နေ့ရက်များ ဖြစ်ပါတယ်။

ကျနော် ထပ်ပြောပါမယ်။ ၆၂ ခုနှစ် အာဏာသိမ်းပွဲမှာ ပထမဆုံး အစတေးခံရတာလည်း ကျောင်းသားတယောက်ပါ။ အဲဒါကတော့ အရင်သမတကြီးဟောင်း စဝ်ရွှေသိုက်ရဲ့သား၊ အသက် ၁၇ နှစ်သာရှိသေးတဲ့ စဝ်မီမီသိုက်။ စဝ်မီမီသိုက်ဟာ လေသေနတ်လို သေနတ်လေးကိုင်ပြီး ထွက်လာတာကို အောက်က လက်နက်မျိုးစုံတပ်ထားတဲ့ စစ်တပ်ကနေပြီးတော့ တခါတည်း ပစ်ချလိုက်တာ ပွဲချင်းပြီး သေရှာတာပါ။

ဒါကြောင့်မို့လို့ ကျနော်တို့စိတ်ထဲမှာ ဘယ်တော့မှ မမေ့နိုင်အောင် ဒီစစ်အစိုးရဟာ စတက်ကတည်းက ကျောင်းသားကို သတ်တယ်၊ နောက် တလနှစ်လပဲ ရှိသေးတယ် သမဂ္ဂကြီးကို ဖြိုတယ်၊ ကျောင်းသားတွေ အများကြီးကို သတ်တယ်.... စကတည်းက ကျောင်းသားသွေးနဲ့ ခြေဆေးပြီးတက်လာတဲ့ စစ်အစိုးရလို့ ကျနော့်ခေါင်းထဲမှာ အမြဲမှတ်မိနေပါတယ်။

၇ ရက် ဇူလိုင်အပြီး၊ သမဂ္ဂကြီးကို ဖြိုဖျက်တဲ့ကိစ္စမှာ အခုအခါကျမှ စစ်အစိုးရက (ဦးနေဝင်းတို့၊ ဦးအောင်ကြီးတို့ အပါအဝင်) ထမင်းရည်ပူ လျှာလွှဲ၊ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ပုံချ ငါ့ပုံချ လုပ်နေကြတာ။ စဖြိုကာစတုန်းက သူတို့ပြောတဲ့ မိန့်ခွန်းတွေ ပြန်စဉ်းစားကြည့်ပါ။ နည်းနည်းလေးမှ နောင်တရတဲ့အသံ မပါဘူး။ “သူပစ်တာ သူပစ်တာ” လို့ ပြောဆိုနေပေမယ့် “ငါပစ်တာ” လို့ တိုက်ရိုက်မပြောရုံတမယ်၊ ဗိုလ်နေဝင်း အဲဒီတုန်းကပြောတဲ့ မိန့်ခွန်းက...။

အဲဒီတုန်းက စစ်အစိုးရဟာ ဘာကြောင့်မို့ ဒီလောက် သဲကြီးမဲကြီးနဲ့ ကျောင်းသားတွေကို နှိမ်နင်းနေရသလဲ ဆိုတဲ့ဟာ သေချာပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွသူ၊ ခေါင်းဆောင်လုပ်ခဲ့သူတွေ အားလုံး (အားလုံးနော်) တယောက်မကျန် ကျောင်းပရဝုဏ်ထဲက မောင်းထုတ်ဖို့၊ ဖယ်ပစ်ဖို့၊ ဒါ့အပြင် မြေပေါ်နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဖယ်ရှားပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်... အဲဒါနဲ့ လုပ်တာပါ။ တနည်းပြောရရင် ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှု အားလုံးကို အငုတ်အမြစ် မကျန်အောင် တူးဖော်ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပစ်တာ။ ကျောင်းသားသမဂ္ဂအဆောက်အဦကြီး ရှိနေသ၍ ဒီတသုတ်ဖမ်းလည်း နောက်တသုတ်က တက်ပြီး အဲဒီပေါ်မှာ သမဂ္ဂလုပ်နေဦးမှာပဲ။ သူတို့ အဲဒီလိုစဉ်းစားပြီးတော့ ဒီသမဂ္ဂ အ ဆောက်အဦမရှိမှ အေးမယ်ဆိုပြီးတော့ တမင်သေချာ ရည်ရွယ်ချက်ရှိရှိ သမဂ္ဂကြီးကို ဖျက်ဆီးပစ်တာပါ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ ကျောင်းသားတွေဟာ အဲဒီလို ရာနဲ့ချီ သတ်လိုက်လို့၊ ကျောင်းသားသမဂ္ဂကြီးကို မိုက်မိုက်ရိုင်းရိုင်း ရက်ရက်စက်စက် ဖြိုခွဲပြလိုက်လို့ ငြိမ်မသွားပါဘူး။

ကျနော်တို့မန္တလေးမှာလည်း သမဂ္ဂဖြိုတာမျိုး ကျောင်းသားတွေ သတ်တာမျိုး မဖြစ်ပေမယ့်လည်း ကျောင်းသားခေါင်းဆောင်တွေကို အကုန်လုံး ဖမ်းပါတယ်။ (ကျနော် တို့က အဲဒီတုန်းက ခေါင်းဆောင်ပိုင်းမှာ မပါသေးတဲ့ခေါင်းဆောင်အဆင့် မရောက်သေးတဲ့အတွက် ကျနော်တို့ အဖမ်းခံရတဲ့အထဲ မပါပါဘူး။) မန္တလေးမှာရှိတဲ့ သမဂ္ဂအဆောက်အဦက ဝါးကပ်တဲကြီးပါ။ အဲဒီ ဝါးကပ်တဲကြီးကိုလည်း ညကြီးမင်းကြီး လာဖျက်ပြီးတော့ လော်ရီကားကြီးနဲ့ တိုက်ယူသွားတာပဲ။

ဒါပေမယ့် တလလည်းနေရော ဇူလိုင် ၇ ရက် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ကြိုကြားကြိုကြား ကျောင်းနံရံတွေမှာ ပိုစတာတွေ ကပ်တယ်။ အနည်းဆုံး မြေဖြူခဲနဲ့(ရောင်စုံမြေဖြူခဲနဲ့) ကျောင်းနံရံတွေမှာ ရေးတယ်။ ကျောင်းသားကျောင်းသူတွေ ရဲ့ ရင်ဘတ်မှာ အလံအနက်လေးတွေ တပ်ကြတယ်။ အဲဒီက တဆင့်တက်လာပြီးတော့ ကြိုကြားကြိုကြား ကဗျာစာအုပ်လေးတွေ ထုတ်တယ်။ ကဗျာစာအုပ်လေးတွေက အစကတော့ ပုန်းလျှိုးကွယ်လျှိုး၊ နောက်ကျတော့ ဗြောင်ပဲ ဆိုင်ပေါ်တင်ရောင်းတယ်။ ဝယ်တဲ့ လူလည်း အလုအယက် ဝယ်တယ်။ အမှတ်တရ ခုံခုံမင်မင် သိမ်းဆည်းထားကြတယ်။ တပါတည်းမှာ ကြေညာချက်တွေကလည်း မပြတ်ထွက်နေတာ။

အဲဒီတုန်းက ထွက်ပြေးတဲ့ ကိုအောင်သူတို့ ဘယ်မှာပုန်းနေတာ ကျနော် သိနေတာပဲ။ ကျနော်တို့ ခိုးခိုးပြီး သွားတွေ့တယ်။ အဲဒီ ကိုအောင်သူတို့ကနေပြီး ပုန်းအောင်းနေတဲ့ နေရာကနေပြီး ဒီလှုပ်ရှားမှုကို ဆက်ပြီး လုပ်ဆောင်နေကြတာပါ။ သူတို့က ခေါင်းဆောင်တာပေါ့လေ။ အဲ... ကျနော်တို့ကတော့ သူတို့ခေါင်းဆောင်တဲ့အတိုင်း၊ ညွှန်ကြားတဲ့အတိုင်း လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ ဆက်လုပ်ကြတာပါ။ ဒါပေမယ့် ကျနော်တို့ သတိပြုရမှာက အဲဒါက ၆၂။ အဲဒီအရင် ဘာမှမကြာသေးတဲ့ ကာလလေးအတွင်းကပဲ ဗမာပြည်မှာက ဒီမိုကရေစီအခြေခံ ရှိနေခဲ့တယ်။ အဲဒီ လို ဒီမိုကရေစီအခြေခံရှိနေတဲ့အတွက် စစ်အစိုးရဟာ အခုလုပ်သလို အပြတ် သူတို့လုပ်ချင်လို့ မရသေးဘူး။ ဒါ ပြည်တွင်းရဲ့အာဘော်အပိုင်းမှာရော၊ ပြည်ပအာဘော်ပိုင်းမှာရော အဲဒီလောက်ထိ သူတို့ကို ခွင့်မပြုသေးဘူး။ သူတို့ လုပ်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ ဒါကြောင့်မို့လို့ သူတို့က အခုနောက်ပိုင်း လုပ်သလောက်အထိ ရက်ရက်စက်စက် မလုပ် သေးတာလို့ ပြောရင် ရမယ်ထင်တယ်။

ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းရဲ့ ခေါင်းထဲမှာ ပြည်တွင်းစစ် စေ့စပ်ဆွေးနွေးရေး မျက်လှည့်ပြပွဲကြီးတခု လုပ်ဖို့၊ “မဆလ” ဆိုတဲ့ ဆိုရှယ်လစ်အလိမ်အညာကြီးတခု ဖော်ထုတ်ဖို့ အစီအစဉ်တွေကလည်း ရှိနေသေးတဲ့အခါကျတော့ အားလုံးကို အပြတ်လုပ်ပစ်ဖို့လည်း သူတို့ဆုံးဖြတ်လို့ မရသေးဘူး ဖြစ်နေသေးတယ်။

အဲဒီတော့ ပထမဆုံး သူတို့လုပ်တာကတော့ ကျောင်းသားခေါင်းဆောင်တွေ၊ လက်ဝဲသမားတွေ၊ “ထောင်ထောင်ထောင်ထောင်ဆိုတဲ့အကောင်တွေ ထောင်ထဲထည့်” ဆိုတဲ့ဟာ။ ကျနော်က လက်ဝဲဆိုတော့ (လက်ျာခေါင်းဆောင်တွေလည်း အဲဒီထက် စောတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်၊ နီးပြီဆိုတာနဲ့ တခါတည်း အကုန်လုံး၊ ဖဆပလ ခေါင်းဆောင်တွေအကုန်လုံး ထောင်ထဲရောက်သွားတာပဲ။ အာဏာသိမ်းတုန်းကတော့ လူမျိုးစုခေါင်းဆောင်တွေ အားလုံးကို ထောင်ထဲထည့်တယ်။ အဲဒီနောက် ဆက်လာပြီး သူတို့ မဆလ ကြေညာပြီး “ဆိုရှယ်လစ်လမ်းစဉ်” ကြေညာတော့မယ်၊ အဲဒီ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ အတုအယောင် လုပ်တော့မယ်ဆိုတဲ့အခါကျတော့ ဖဆပလ ခေါင်းဆောင် တွေ၊ လက်ျာခေါင်းဆောင်တွေအကုန်လုံး ထောင်ထဲပို့တယ်။) အဲ... အခုနက ၇ ဇူလိုင် အကြောင်းပြုပြီးတော့ ကျောင်းသားတွေနဲ့ လက်ဝဲသမားတွေ ထောင်ထဲပို့တယ်။ အဲဒီလို တောက်လျှောက်လုပ်တာ။

အဲဒီလိုနဲ့ ၆၃ ခုနှစ် “စေ့စပ်ရေး” မျက်လှည့်ပြပွဲကြီး ရောက်လာရော။ အဲဒီကျတော့ သူတို့လည်း နည်းနည်းပါးပါး ကိုယ်ရှိန်သတ်ထားရတယ်။ ဒါကို အခွင့်ကောင်း ယူပြီး ကျနော်တို့ကျောင်းသားသမဂ္ဂတွေက အတင်း ဗြောင်လှုပ်ရှားလို့ရအောင်၊ တရားဝင်ပြန် ဖြစ်အောင် ကြိုးစားကြတယ်။ ပုန်းလျှိုးနေတဲ့ ခေါင်းဆောင်တွေ အခြေအနေကိုကြည့်ပြီး ပြန်ထွက်လာကြတယ်။ အဖမ်းခံရသူတွေလည်း ပြန်လွတ်လာတာ ရှိတယ်။ အဲဒီနောက် ကျနော်တို့ရဲ့ အဓိကဦးတည်ချက်၊ အဓိကရည်မှန်းချက်ဟာ နံပါတ်တစ်... သမဂ္ဂတရားဝင် ရပ်တည်ခွင့်ရရေး၊ အဲဒီရည်မှန်းချက်နဲ့လုပ်တာ။

ကျနော် ဒီနေရာမှာ ရှင်းရှင်းပြောမယ်။ ဘယ်ခေတ်ကျောင်းသားပဲဖြစ်ဖြစ် တိုင်းပြည်မှာ ဖိနှိပ်သူ၊ အုပ်စိုးသူ ရှိနေသမျှကာလပတ်လုံး သူတို့ရဲ့ အဓိက နံပါတ်တစ်၊ ပထမ ခြေလှမ်း၊ အခြေခံအကျဆုံး လုပ်ရမယ့်ဟာက “သမဂ္ဂ ဖော်ထုတ်ရေး” ဖြစ်တယ်။

ကျနော်တို့ကျောင်းသားသမဂ္ဂ မရှိရင် ဘယ်လုပ်ငန်းမှ စုစုစည်းစည်း ညွတ်ညွတ် ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ (တကွဲတပြား ကျနော်တို့လှုပ်ရှားမှုတွေ၊ ခုလည်း ပေါ်နေတာပဲ၊ ထိရောက်သင့်သလောက် မထိရောက်ဘူး။) ကျောင်းသားသမဂ္ဂ ဟာမျိုးရှိမှ တပြည်လုံးကို ကိုယ်စားပြုတဲ့၊ တပြည်လုံးက ကျောင်းသားတွေ (တပြည်လုံး ဆိုတာ ဟိုး... အထက်ဖက် ကချင်ပြည်နယ်ကနေ အောက်ဆုံး. တနင်္သာရီအထိ) ပြည်လုံးကို ကိုယ်စားပြုတဲ့ ကျောင်းသားသမဂ္ဂတွေရှိမှ ကျနော်တို့လုပ်ငန်းတွေဟာ တကယ်ထိရောက်မှာပါ။ ဒါ ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ တာဝန်၊ အရင်က ထမ်းခဲ့တဲ့တာဝန်၊ နောင်ထမ်းရမယ့် တာဝန်လို့ ကျနော်ပြောချင်တယ်။

အဲဒီတော့ အခုနကပြောသလိုပဲ အစိုးရရဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတဲ့ဟာကြီးကို အခွင့်ကောင်းယူပြီး ကျနော်တို့ သမဂ္ဂတွေ ပြန်ဖွင့်ဖို့လုပ်ကြတဲ့အထဲမှာ ရန်ကုန်မှာဆိုရင် “ယာယီသမဂ္ဂအဆောက်အဦ” ဆိုပြီး ဝါးကပ်တဲကြီးတခု ဆောက်ခဲ့တယ်။ အဲဒီဝါးကပ်တဲကြီးကိုပဲ ဗဟိုပြု၊ အဲဒီထဲမှာပဲ စာလှိမ့်စက်တွေဘာတွေ ထားပြီးတော့ လှုပ်ရှားခဲ့ကြတယ်။ ကျနော်တို့ မန္တလေးမှာတော့ ငွေရေးကြေးရေးက အဲဒီလောက် အဆင်မပြေတော့ အဆောက်အဦတွေဘာတွေ မဆောက်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ဆီက စီစဉ်ထားတာကလည်း ရန်ကုန်နဲ့ ချိန်သားကိုက်ပြီး လှုပ်ရှားတယ်လို့ဆိုရလောက်အောင်ပဲ ရည်မှန်းချက်လည်း အတူတူ၊ တင်ပြချက်လည်း အတူတူ။ ခံစားမှုလည်း တူတာကိုးဗျ။ အကုန်လုံး အတူတူပဲ လှုပ်ရှားကြတာပါ။

ကျနော်တို့ အဲဒီတုန်းက သမဂ္ဂပေါ်ပေါက်ရေး လုံးပမ်းတယ်။ နောက်တခါ အဲဒီတုန်းက ပေါ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး လှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွပါဝင်ပြီး ကျနော်တို့ လှုပ်ရှားကြပါတယ်။

ကျနော် မှတ်မိသေးတယ်။ ကျနော်တို့ သမဂ္ဂဖော်ထုတ်ရေးအတွက် အစီအစဉ်မှာ ရွေးကောက်ပွဲအတွက် ကျနော်တို့ ပြင်ပြီးလုပ်ကြတာ။ ကျနော်တို့ ခေါင်းထဲမှာ သမဂ္ဂ ဖော်ထုတ်ရေးဆိုတာ ပါးစပ်နဲ့ ပြောနေတာ မဟုတ်ဘူး။ တကယ်ကို အစီအစဉ်ရှိရှိ လုပ် တာ။ ရွေးကောက်ပွဲအထိ စဉ်းစားထားပြီးသား။ ပထမဆုံးအနေနဲ့ ကျနော်တို့ ဘာလုပ်သလဲဆိုရင် အဲဒီတုန်းက မြို့နယ်ဗကသတွေ ဖော်တယ်။ နောက်ပြီးကျတော့ ခရိုင်ဗကသတွေ ဖော်တယ်။ ကျနော်ဆိုရင် မန္တလေး အရှေ့မြောက်မြို့နယ်ဗကသမှာ အတွင်းရေးမှူး ဖြစ်တယ်။ အဲဒါက ကျနော်တို့ မန္တလေး လက်ဆည်ကန်၊ အောင်နန်းရိပ်သာ အရှေ့ ၅၆၆၊ အကွက် ၁ဝ ဓမ္မာရုံမှာ လုပ်တာ။ အဲဒီနားက တိုင်းချစ်တို့၊ နေရှင်နယ်တို့... အဲဒီ ကျောင်းက ကျောင်းသားတွေတက်ကြတယ်။ အဲဒီကနေ တဆင့်တက်ပြီးတော့ ခရိုင် ဗကသကို ဖွဲ့တယ်၊ ရွေးတယ်။ အဲဒါက ဘယ်မှာလုပ်သလဲ ဆိုလို့ရှိရင် ရွှေကျီးမြင်ဘုရားထဲမှာ လုပ်တယ်။

အဲဒီမှာ ကျနော်က တွဲဖက်အတွင်းရေးမှူး ဖြစ်တယ်။ ကျနော်မှတ်မိနေတာ ဥက္ကဋ္ဌက ကဗျာဆရာကြည်အောင် (လူနာမည်တော့ ကိုကြည်လင်) ပေါ့ဗျာ။ ကျနော့် အစ်ကိုကြီးတယောက်ပါ။ နောက်ပြီးကျတော့ ကဗျာဆရာမ မစိမ်းပင်တို့ (သူ့နာမည်အရင်းက မအေးစန်း)၊ သူလည်း သမဂ္ဂလုပ်ငန်းနဲ့ ပတ်သက်ရင် ကျနော့်ရဲ့ အစ်မတော်တယောက်လို့ ပြောရမယ့်ဟာ တယောက်ပါ။ ကျနော့်ကို အများကြီး သင်ပေး၊ သတ္တိမွေးပေးခဲ့တဲ့ အမျိုးသမီးတယောက်ပါ။ သူတို့နဲ့အတူ ကျနော်ဟာ ဒီလုပ်ငန်းထဲကို ပါဝင်လာရတာပါ။

ဆိုလိုတာက ကျနော်တို့ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ လုပ်နေကြတာ။ အဲဒါတွေ ပြီးတော့ ဘာမှမကြာဘူး။ ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး အမှုဆောင်အဖွဲ့ကို ပြန်ဖွဲ့တယ်။ ကျောင်းသားညီညွတ်ရေးတပ်ဦး အမှုဆောင်အဖွဲ့ဆိုတာက အလွယ်တကူဖွဲ့လို့ မရဘူး။ တပ်ဦးကောင်စီဆိုတာ တပ်ဦးအဖွဲ့ဝင်ဟောင်းတွေ ညီလာခံခေါ်ရတယ်။ အဲဒီလိုခေါ်ပြီး ညီလာခံက ဖွဲ့မှ ညီလာခံမှာ မဲပေး၊ ဆန္ဒပေးပြီးတော့ ရွေးမှ အတည်ဖြစ်တယ်။ ဒီအတိုင်း ကိုယ့်ဟာကိုယ်... လူတစု ကြိတ်ပြီးလုပ်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ မန္တလေးတက္ကသိုလ်အဝင်မှာရှိတဲ့ ပန်းခြံထဲမှာ တပ်ဦး ညီလာခံကို ကျင်းပတယ်။ အလံတွေ တလူလူနဲ့ပေါ့။

▪ တပ်ဦးညီလာခံ

အဲဒီတပ်ဦးညီလာခံမှာ ဥက္ကဋ္ဌက ပဲခူးရိုးမမှာ သေဆုံးသွားတဲ့ ကိုကျော်ခင်၊ အတွင်းရေးမှူးက ပေါင်းလောင်းဖက်မှာ အစိုးရနဲ့တိုက်ပွဲဖြစ်ရင်း ကျသွားတဲ့ ကိုသောင်းရွှေ၊ ကျနော်က တွဲဖက်အတွင်းရေးမှူး။ အဲလိုဖြစ်လာတယ်။ ဒီအမှုဆောင်အဖွဲ့ က နောင် သမဂ္ဂ ရွေးကောက်ပွဲမှာဝင်ဖို့ အားပြင်တဲ့အဓိပ္ပါယ်ပဲ။

အဲဒီလို ကျနော်တို့ တဖက်က ကိုယ့်တွင်းစည်းရုံးရေးကို ပြန်လုပ်ပြီးတော့ အပြင်ဘက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ဝင်ပါကြတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဟာ အဲဒီ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ အလုပ်လုပ်တဲ့ နေရာတွေမှာ အောက်ခြေသိမ်းကအစ ကျနော်တို့ ဝင်လုပ်ကြတယ်။ မှတ်မှတ်ရရ ကျနော်ဆိုလို့ရှိရင် ဟို... သုခဝတီပုံနှိပ်တိုက် အနောက်ဖက်က ဦးသန်းဖေ အိမ်မှာ အဲ.. ညတိုင်း ပိုစတာရေးတာ။ ကျနော် ခုနပြောတဲ့ ကိုသောင်းရွှေတို့နဲ့ အတူ သွားပြီး ညတိုင်း ပိုစတာရေး၊ ကိုယ့်ဟာကိုယ် ကော်တွေကျို၊ အောက်လင်းဓါတ်မီးထွန်း၊ ပြီးတော့ အမရပူရပို့၊ မတ္တရာပို့၊ မန္တလေးမှာ ၆ ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီး လုပ်ဖို့ အစီအစဉ်ရှိတာကိုး။ အဲဒီ ဆန္ဒပြပွဲကြီးမှာ ပါမယ့် ပိုစတာတွေ ပို့ရတယ်။

ကျနော် မှတ်မှတ်ရရ ဒီမှာပြန်ပြောချင်တာက ခုနပြောတဲ့ တပ်ဦးညီလာခံ လုပ်တဲ့အခါကျတော့ အရင်တပ်ဦးကောင်စီဝင် (တပ်ဦးအဖွဲ့ဝင်ပေါ့ဗျာ) အားလုံး တက်ခွင့် ရှိတာဆိုတော့ တက်လာကြတယ်။ တက်တာ မကန့်သတ်ပါဘူး။ မဲပေးတာတော့ တပ်ဦး ကောင်စီဝင်တွေမှ မဲပေးခွင့်ရှိတယ်။ တက်လာကြတဲ့အထဲမှာ မဆလကို ထောက်ခံပြီး တော့ စစ်အစိုးရလုပ်တာ မှန်ပါတယ်လို့ ပြောကြတဲ့ အရင်တပ်ဦးဟောင်းတွေလည်း ပါ လာတယ်။ သူတို့လည်း လာတက်တယ်။ တက်ခွင့်ရှိတယ်။ လုံးဝမကန့်ကွက်ဘူး၊ တက်ပါ။ သူတို့လည်း အဲဒီမှာ ဝင်ပြော။ အမှုဆောင်အတွက် သူတို့လူကို တင်တဲ့အခါကျတော့ တခါတည်း ခွက်ခွက်လန် နှာခေါင်းကျည်ပွေ့ တွေ့တာပဲ။ ဟိုမှာကတော့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ဖြစ်ကြတဲ့အတွက် သူတို့ကို ဟားတိုက်တာတို့၊ အော်တာတို့၊ မောင်းထုတ်တာတို့ အဲလိုတော့မရှိဘူး။ ဒါပေမယ့် အဆုံးအဖြတ်က အညှာအတာကင်းတယ်။ သူတို့ကို ထောက်ခံတဲ့လူက သူတို့လူလေး ၃-၄ ယောက်။ အဲဒါအပြင် နောက် ထပ် ဘယ်သူမှမရှိဘူး။ ကျန်တဲ့ ခန်းမတခုလုံးက သူတို့ကို မသိကျိုးကျွန် ပြုထားလိုက်တာ။ အဲလိုနဲ့ ခွက်ခွက်လန်ပဲ။ သူတို့ကို နောက်ရက်တွေမှာ တွေ့ကိုမတွေ့ရတော့ဘူး။

ဆိုလိုတာ အဲဒီကတည်းက ကျောင်းသားတွေရဲ့ စိတ်ထဲမှာကတော့ ပြတ်နေပြီ။ စစ်အစိုးရနဲ့ပတ်သက်ရင် ကျောင်းသားတွေဘက်က ပြတ်တယ်။ မြင်တယ်၊ ဘယ်သူမှ မမြင်တာမဟုတ်ဘူး။ အရင်ခေတ် ကျောင်းသားလှုပ်ရှားမှု လုပ်ရတာနဲ့ကို မတူဘူး။ လူစုဖို့က သိပ်လွယ်တယ်။ အမျိုးသမီးတွေလည်း သိပ်တက်ကြွတယ်။ နောက် ခုနက အဲဒီ မဆလကို ထောက်ခံတဲ့ လူတွေကလည်း တခါတည်း ခွေးတိုးဝက်ဝင် နေရာလေးလောက်တောင် မရပဲနဲ့ အဲဒီညီလာခံထဲကနေပြီးတော့ ခေါင်းငုံ့ပြီး သွားကြရတာ။ ကျနော် ဒီနေ့အထိ မှတ်မိနေသေးတယ်။ သူတို့ နာမည်တွေ မပြောတော့ပါဘူး။ အခုထက်ထိ ရှိပါသေးတယ် တချို့က။

ဒီနေရာမှာ ကျနော်ပြောချင်တာက ကျောင်းသားသမဂ္ဂထဲကို ကျနော်တို့ ပါလာကြတာဟာ တခုက အခြေအနေအချိန်အခါက တောင်းဆိုလို့၊ တွန်းပို့လို့ ဖြစ်လာတာ။ နောက် ဒုတိယအချက်က ကျနော့်ကို အကူအညီပေးတဲ့ (အကူအညီပေးတယ် ဆိုတာက ဟို... တည့်တည့်ပြောရင် သွန်သင်ဆုံးမသလိုဘဲဗျာ) အဲလိုလုပ်ပေးတဲ့ နောင် တော်၊ အစ်မတော် ကျောင်းသားခေါင်းဆောင်တွေ ရှိတယ်။ ကျနော်တို့တတွေ ဒီလို တာဝန်တွေ ယူလာရတာ။

သူတို့ဆီက ကျနော်တို့ရတာ ဘာတွေလဲဆိုတော့ တခုက အသိ၊ ကျောင်းသားအရေးဟာ မှန်တယ်ဆိုတာတင် မလုံလောက်ဘူး။ ဘယ်လိုလုပ်ရမလဲ၊ ဘယ်ဟာက မှ မှန်တယ်၊ တရားအရ သိအောင်၊ ဒီဟာတွေ အတွေးအခေါ်ဖြစ်လာအောင် သူတို့ဆီက လက်ခံ ရရှိတာ။ နောက်တခုက... အဲဒီအတွေးအခေါ်နဲ့ ဆက်နေတဲ့၊ အတွေးအခေါ်ကနေ ထပ်ပြီးပေးလာတဲ့ သတ္တိ။

ကျနော် ရှင်းအောင်ပြောပါ့မယ်။ လူတွေမှာ သတ္တိဆိုတာရှိတယ်။ ဒါပေမယ့် သတ္တိဆိုတာ ဘယ်နေရာမှာ သတ္တိရှိတာလဲ။ ဘာအတွက် သတ္တိရှိတာလဲ။ ဒါကျတော့ တယောက်နဲ့တယောက် မတူတော့ဘူး။ အဲ... “လူရိုက်ရဲတယ်ကွာ” အဲဒီသတ္တိဟာ ဆန္ဒပြပွဲမှာရှေ့က အလံကိုင်ပြီး တက်ရဲတဲ့သတ္တိနဲ့ တူပါ့မလား။ မတူပါဘူး။ တခြားစီပါ ခုနက အလံကိုင်ပြီး တိုက်ရဲတဲ့သတ္တိမျိုးဆိုတာ သာမန်မိုက်စိတ်လောက်နဲ့ ရတာမဟုတ်ဘူး။ သူ့ခေါင်းထဲမှာ၊ သူ့ရင်ထဲမှာ ဒီအရေးတော်ပုံ၊ ဒီဆန္ဒပြပွဲ၊ ဒီတိုက်ပွဲက မှန်ကန်တယ်။ အဲဒီအတွက် အနစ်နာခံရတာ၊ စွန့်လွှတ်ရတာ၊ နောက်ဆုံး အသေခံရတာဟာ မှန်တယ်၊ မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ် ခေါင်းထဲကို မြဲမြဲရှိမှ အဲလိုလုပ်နိုင်တာ။ အဲဒါမှ တကယ့် သတ္တိ။ အဲဒီလိုသတ္တိမျိုး ကျနော်ပြောသလို အဆက်အဆက်က နောင်တော်၊ အစ်မတော်တွေရဲ့ သွန်သင်မှု၊ အဆက်အဆက်က အာဇာနည်တွေရဲ့ ရပ်တည်မှု၊ လှုပ်ရှားမှုတွေကို ကျနော်တို့ ကြည့်ပြီးမှ ကိုယ့်ဟာကိုယ် မွေးယူတည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတော့ ကျနော် ပြန်ဆက်ပြီးပြောမယ်။ ၆၃ ခုနှစ်မှာ အဲ... ဒုတိယ နှစ်ဝက်လောက်က စပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုဟာ အရှိန်မြင့်လာတယ်။ အသေအချာလည်း အကောင်အထည် ပေါ်လာတယ်။ အစိုးရနဲ့ တောတွင်း လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးတာတွေလည်း များများစားစား လုပ်လာတယ်။ အဲဒီတော့ အဲဒီ ဟာတွေ များလာတာနဲ့အမျှ ကျနော်တို့ ပြည်သူလူထုဘက်ကလည်း လှုပ်ရှားမှုတွေ များလာတယ်။ ပိုပြီး ကျယ်ပြန့်လာတယ်။ ပိုပြီးတော့ နက်ရှိုင်းလာတယ်။ အဲဒီအတွက် ကျနော်တို့ကျောင်းသားတွေ အစွမ်းကုန် ပါဝင်ခဲ့ကြတယ်။ ကျောင်းသားတွေ၊ ကျောင်းသူ တွေ ဆန္ဒပြပွဲကြီးတွေမှာ ပါတယ်။ အလှူငွေကောက်ခံတဲ့ အဖွဲ့တွေမှာ ကျောင်းသားတွေပဲ။ အဲ... နောက်ပြီး ဒီဟာကို ဝါဒဖြန့်တဲ့နေရာမှာလည်း၊ စာရွက်စာတမ်းတွေ လိုက်ဝေတဲ့ နေရာမှာလည်း ကျနော်တို့ကျောင်းသားတွေ ပါတာပဲ။ တခြားလူ့အလွှာ၊ လူတန်းစားတွေပါ ပါတယ်နော်။ မပါတာ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသားတွေ တတပ်တအား ပါဝင်တယ်ဆိုတာ ပြောတာပါ။

ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပဲ၊ ဒီ... တော်လှန်ရေးကောင်စီဆိုတဲ့ အစိုးရဟာ ငြိမ်းချမ်းရေးဆိုတာကို တကယ်လုပ်လာ လုပ်လာရင်းနဲ့ နောက်ဆုံးကျတော့ သူ့ဇာတ်သူ မနိုင်တော့ဘူးဆိုတာ သူသိလာတယ်။ အဲဒီ သူ့ဇာတ်သူ မနိုင်တော့ဘူးဆိုတာ သိလာတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာကို တုံးတိကြီး ဖျက်ချတော့တာပဲ။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာလည်း ဖျက်လိုက်ရော၊ တခါတည်း တပြည်လုံးမှာ လူဖမ်းပွဲတွေ လုပ်တယ်။ ဖမ်းတာမှ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်တဲ့ လူဆိုလို့ရှိရင် (ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို လူလောက်ကို ချန်ပြီးတော့) ကျန်တာတွေ အကုန်ဖမ်းတာပဲ။ အဲဒီနောက် ကျောင်းသားတွေကိုလည်း ဖမ်းတယ်။ သမဂ္ဂနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုမှန်သမျှကိုတော့ အကုန်လုံး လိုက်ဖျက်တယ်။ ဟို... ရန်ကုန် တက္ကသိုလ်က သမဂ္ဂဝါးကပ်တဲကြီးလည်း အဖျက်ခံရတယ်။

ဒီအချိန်မှာတော့ စစ်အစိုးရဟာ သူတို့အာဏာသိမ်းခါစက ထားခဲ့တဲ့ ရည်မှန်းချက်ကို အပြတ်အကောင်အထည်ဖော်ခဲ့တယ်။ စောစောကတော့ ကျနော် ခုနက ပြောခဲ့သလိုပဲ အကြောင်းကြောင်းကြောင့် သူတို့က အပြတ် မလုပ်ရဲသေးဘူး။ မလုပ်ဝံ့သေးဘူး။ လုပ်လို့ မရသေးဘူး ဖြစ်နေတယ်။ အခုကျတော့ သူတို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးတဲ့အချိန်ကစပြီး သူတို့က ဗမာပြည်မှာ စစ်တပ်ကလွဲပြီး ဘယ်သူမှ နိုင်ငံရေးလုပ်ခွင့် မရှိစေရဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။

အဲဒီတုန်းက မဆလနဲ့ စစ်တပ်က အတူတူပဲကိုး။ စစ်တပ်ပါတီကလွဲပြီး တခြား ဘယ်သူမှ နိုင်ငံရေးလုပ်ခွင့် မရဘူး။ ဗမာပြည်မှာ စစ်တပ်နိုင်ငံရေးပဲ ရှိတယ်။ တခြား ဘယ်အသွေးအရောင် နိုင်ငံရေးမှ မရှိစေရဘူးဆုံးဖြတ်ချက် အဲဒီမှာ အပြတ်ချလိုက်တာ။ အဲဒီတော့ အဲဒီဟာကို ဘယ်လို အကောင်အထည်ဖော်လဲ။ သူတို့ အကုန်လုံး လိုက်ဖမ်းတယ်။ ထောင်ထဲ ထည့်တယ်။ ထောင်ထဲ ထည့်မရလို့ ထွက်ပြေးတဲ့လူကို တောထဲရောက်အောင် မောင်းပို့တယ်။ တောထဲရောက်သွားလို့ရှိရင် လိုက်တိုက်ပြီး သတ်တယ်။ စစ်တပ်နဲ့ လိုက်သတ်တယ်။ သူလျှိုထည့်လွှတ်ပြီး သတ်တယ်။ နည်းမျိုးစုံနဲ့ သတ်တယ်။ အဲဒါဟာ ၆၃ က စခဲ့တာ ဒီနေ့အထိပဲ။

၈၈ တုန်းကလည်း ဒီအတိုင်းပဲ လုပ်ကြတာ။ ကျောင်းသားတွေကို တောထဲ မောင်းပို့တာပဲ။ “မြေပေါ်မှာတော့ မင်းတို့ အူကြောင်ကြောင်မလုပ်ကြနဲ့ တောထဲပဲ သွား၊ မြေပေါ်မှာဆိုရင် ထောင်ထဲမှာ နေလို့ရမယ်၊ ထောင်အပြင်မှာ နေလို့မရဘူး။” အဲ... တောထဲမှာသွား တောထဲရောက်ရင် လိုက်သတ်မှာပဲ။ စစ်တပ်လွှတ်သတ်မှာ။ ဒါ... ဒီနေ့အထိ စစ်အစိုးရမှာထားရှိတဲ့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အခြေခံသဘောထားဟာ အဲဒါပဲ။

ဒီနေရာမှာ မန္တလေးတက္ကသိုလ် အပိတ်ခံရပုံကို ပြောပြချင်သေးတယ်။ ရန်ကုန် တက္ကသိုလ်မှာ တကသ က ရွေးကောက်ပွဲကျင်းပဖို့ တကယ်တမ်းလုပ်တာ အရှိန်အဟုန် မြင့်သည်ထက် မြင့်လာတော့ စစ်အစိုးရက စောင့်ကြည့်မနေနိုင်တော့ပဲ တက္ကသိုလ်ကို ပိတ်လိုက်ကြောင်း ကြေညာပြီး ခေါင်းဆောင်တွေကို အတင်းလိုက်ဖမ်းတာပဲ။ သိုးကို စားချင်တဲ့ ဝံပုလွေပေးတဲ့ “နင်မဟုတ် နင့်အဖေပဲ” ဆိုတဲ့ ဆင်ခြေလိုပဲ။ သူတို့က မခိုင်လုံတဲ့ အကြောင်းပြချက်တခု ပြတယ်။ ဒါပေမယ့် သိပ်ရှင်းနေတယ်။ ဒါဟာ ဗမာပြည် သမိုင်းမှာ ဒုတိယအကြိမ် တက္ကသိုလ်တွေကို ပိတ်တာ။ (ပထမတခါက ၇ ဇူလိုင်ပေါ့။)

ရန်ကုန်တက္ကသိုလ်ကို ဒီလိုအကြောင်းမဲ့ပိတ်လိုက်တယ် ဆိုတော့ ကျနော်တို့က လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒီလိုလုပ်နည်းမျိုး ကိုယ့်ဆီကို လုပ်လာနိုင်တယ်ဆိုတာလည်း သတိထားမိတယ်။ ဒါ့ကြောင့် မန္တလေး တကသက ရန်ကုန်တက္ကသိုလ် ပိတ်ပစ်တာကို ဆန့်ကျင်တဲ့အကြောင်း ဖော်ပြတဲ့အနေနဲ့ ဆန္ဒပြကြတယ်။. တက္ကသိုလ်ပရဝုဏ်ထဲမှာပဲ Main Hall ကို ပတ်ဆန္ဒပြကြတာပါ။ ဒီအခါမှာ ကျောင်းသားတွေဟာ သိပ်ဒေါပွနေကြတယ်။ အစိုးရဟာ သူတို့အပေါ် ဆက်တိုက် အကြောင်းမဲ့ ဖိနှိပ်နေတယ်ဆိုတာကို သဘောပေါက်နေကြတယ်။ ကျောင်းထဲမှာ အခြေအနေဟာ သိပ်မတည်ငြိမ်ဘူး။ မန္တလေးတက္ကသိုလ်ကိုလည်း စစ်တပ်နဲ့ဝိုင်းမယ်၊ လူတွေဖမ်းလိမ့်မယ်ဆိုတဲ့သတင်းတွေ ပျံ့နေတယ်။

ဒါ့ကြောင့် ကျနော်လည်း အိမ်ပြန်မအိပ်ဘူး။ ကျောင်းဝင်းထဲမှာနေရင် ပိုစိတ်ချရတယ်လို့ တွေးခဲ့တာ မှန်သွားတယ်။ ဒီလိုနဲ့ အဲဒီည၊ မှတ်မှတ်ရရ ၁၉၆၃ ခုနှစ်၊ ဒီဇင်္ဘာ ၁ ရက်နေ့ ညမှာ ကျနော်နဲ့ တပ်ဦးက ခေါင်းဆောင်တချို့ရယ် ကျောင်းဝင်းထဲမှာ ပတ်လျှောက်နေကြတယ်။ အိပ်မရကြဘူး။ နောက်တနေ့မှာ တခုခုဖြစ်တော့မယ်ဆိုတာ သိနေသလိုလိုပဲ။ အဲဒီလိုနဲ့ ကျောင်းသားတချို့ အမှိုက်ပုံးကြီးတွေကို လှိမ့်သွားတာ တွေ့မိတယ်။ လိုက်ကြည့်တော့ ကျနော်နဲ့ St. Peter တုန်းက ကျောင်းနေဖက် စိုးစိုးနဲ့ သူတို့ရွှေဘိုက ကိုသန်းထွန်းတို့ ဖြစ်နေတယ်။ သူတို့က “မနက်ဖြန်မှာ စစ်တပ်တွေ ကျောင်းဝင်းထဲ အဝင်မခံနိုင်ဘူး။ လမ်းပိတ်မလို့” လို့ ပြောပြတယ်။ တချို့ကျောင်းသားတွေကလည်း သစ်ကိုင်းသစ်ခက်တွေ သယ်သွားတာ တွေ့ရတယ်။ ကျနော်တို့က သူတို့ကို မတားပါဘူး။ သူတို့စိတ်ဓါတ်ကို နားလည်နေတာပဲ။ သူတို့ လမ်းပိတ်ဖို့ လုပ်နေတဲ့ မန္တလေးတက္ကသိုလ်အဝင် (မင်္ဂလာလမ်းက အဝင်) တံတားနားကို သွားကြည့်မိတယ်။ ကျောင်းသားတွေ အတော့်ကို တက်တက်ကြွကြွနဲ့ အတားအဆီး ဆောက်နေကြတာ တွေ့ရတယ်။

အဲဒီညမှာ ရဲတွေ လာဖမ်းနေပြီဆိုလို့ ကျနော်တို့ ရှောင်ရတာ၊ တိမ်းရတာ ဖြစ်လိုက်သေးတယ်။ အခြေအနေက အဲဒီလို တလှုပ်လှုပ်နဲ့ ကျနော်တို့လည်း တညလုံးနီးပါး မအိပ်လိုက်ဘူး။ လင်းခါနီးကျမှ အဆောင်နေ သူငယ်ချင်းတယောက်အခန်းမှာ တိုးခွေ့ အိပ်လိုက်တယ်။ ခဏပဲ။ မနက်စောစောပဲ ထပြီး မနေ့ညက ကျောင်းအဝင်နေရာကို သွား ကြည့်တယ်။ ကျောင်းသားထုက သူတို့ဖာသာ တိုက်ပွဲကြေညာနေပြီ။ သမဂ္ဂက လှုံ့ဆော်ဖို့တောင် မလိုဘူး။ အဲဒီနေ့က ကျောင်းမပိတ်ဘူး။ ဒါကြောင့် နေ့ကျောင်းသားတွေ ကျောင်းလာတက်တော့ သူတို့လည်း စာအုပ်ဘေးချိတ်ပြီး တိုက်ပွဲထဲ ဝင်ပါကြတယ်။ သစ် တိုသစ်စတွေ၊ အမှိုက်ပုံးတွေနဲ့ တည်ဆောက်ထားတဲ့ ယာယီအတားအဆီး အမြင့်ကြီး ပေါ်မှာ ခွပ်ဒေါင်းအလံတွေ ဝဲလို့။

အဲဒီအချိန်မှာ ဆရာဆရာမတွေ ရောက်လာကြတယ်။ တော်တော်များတယ်။ သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အတိုင်းသား မြင်နေရတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် သင်္ချာက ဆရာကြီးဦးနက်၊ ဒေါက်တာဗကြည်၊ ဓါတုဗေဒက ဆရာကြီးအတ္တာဆင်း၊ စိုက်ပျိုးရေးက ဆရာကြီးဦးသန်းထွန်း (အဲဒီတုန်းက စိုက်ပျိုးရေးတက္ကသိုလ်ရယ်လို့ သီးခြားမရှိသေးဘူး။) နောက်ပြီး ရုက္ခဗေဒက ဒေါက်တာသန်းထွန်း၊ မြန်မာစာဌာနက ဒေါ်စီစီဝင်း၊ ဒေါ်မိမိလေးတို့ သူတို့က ကျောင်းသားတွေကို လာဖျောင်းဖျတာ။ သူတို့ ပြောတာက ကျောင်းသားတို့ ဆန္ဒပြတာကို တားမြစ်တာမဟုတ်ဘူး။ ဒါပေမယ့် ခုလို အတားအဆီးတွေ လုပ်ထားခြင်းအားဖြင့် သက်ဆိုင်ရာတွေက ဒါကို အကြောင်းပြပြီး အင်အားသုံးလာရင် မလိုလားအပ်တာတွေ ဖြစ်ပေါ်လာမယ်။ ဒါကြောင့် ဒီအတားအဆီးတွေကိုတော့ ဖျက်ပေးပါလို့ပြောတာ။ ဆရာကြီးတွေပြောတာ မှန်တယ်။ ဒါ့ကြောင့် သမဂ္ဂ ခေါင်းဆောင်တွေက ဆရာကြီးဘက်ကရပ်ပြီး အတားအဆီးတွေကို ဖျက်ပေးဖို့ နားချတယ်။ ကျနော်လည်း သစ်ကိုင်းတွေပေါ်တက်ရပ်ပြီး ဖျက်ပေးဖို့ မိန့်ခွန်းလိုလို ပြောခဲ့တာ မှတ်မိနေတယ်။ ကျောင်းသားတွေက လက်မခံဘူး။ အထူးသဖြင့် တညလုံး ပင်ပင်ပန်းပန်း လုပ်ထားရတဲ့ လူတွေပေါ့။ ဆရာကြီးတချို့က (ကျနော်မှတ်မိတာ စိုက်ပျိုးရေးက ဦးသန်းထွန်းတို့ဆိုရင်) မျက်ရည်တောင် ကျကြရှာတယ်။ ဒီလိုနဲ့ နောက်တော့ ကျောင်းသားတွေက “အဲဒီ ရဲတွေ၊ စစ်သားတွေ ကျုပ်တို့ကျောင်းဝင်းထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ” လို့မေးကြတယ်။ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေက “မဝင်အောင် ကျနော်တို့ အစွမ်းကုန် လုံးပမ်းပါ့မယ်” လို့ အာမခံကြတယ်။ ဒီအခါမှာ ကျောင်းသား တချို့က မကျေနပ်နိုင်ကြပဲ “လမ်းပေါ်မှာ ခင်ဗျားတို့ကိုယ်တိုင် လှဲအိပ်ပြီး လမ်းပိတ်ပေးရမယ်” လို့ တောင်းဆိုကြတာနဲ့ ကျနော်တို့ကလည်း အာမခံလိုက်တယ်။ အဲဒီတော့မှ အတားအဆီးတွေကို ဝိုင်းဖယ်ရှားလို့ရတယ်။ ဆရာကြီးတွေနဲ့ ဆရာမတွေလည်း ဝင်ကူကြလို့ ကျနော်တို့က “မလုပ်ကြပါနဲ့” လို့ တောင်းပန်ရသေးတယ်။ အားလုံး ဖယ်ပြီးပြီ ဆိုတော့မှ ဆရာတွေအားလုံး ပြန်သွားကြတယ်။ ရှေ့ဆက်ဖြစ်တဲ့ တိုက်ပွဲမှာ သူတို့ ဝင်မရှုပ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ဒီနေရာမှာ ကျနော် အလေးထားပြောချင်တာတခုက ကျနော်တို့ ကျောင်းသားတွေနဲ့ ဆရာတွေကြားက ဆက်ဆံရေးပါ။ မှတ်မိကြပါလိမ့်မယ်။ ၇ ဇူလိုင် ဖြစ်တော့ အစိုးရက ကျောင်းသားတွေနဲ့ ဆရာကြီးဦးကာကို ရန်တိုက်ပေးတယ်။ သတင်းစာတွေက နေ အမျိုးမျိုးရေးတယ်။ တကယ်က ကျောင်းသားတွေဟာ အထက်မှာပြောခဲ့သလိုပဲ ဆရာဆရာမတွေရဲ့စကားကို လေးစားကြတယ်။ ဆရာများကလည်း သမဂ္ဂခေါင်းဆောင် တွေအပါအဝင် ကျောင်းသားတွေကို ကိုယ့်သား ကိုယ့်သမီးလို ချစ်ခင်တယ်။ ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဆိုတာ အင်မတန်ဆင်းရဲတာ။ အခမ်းအနားတခုခု လုပ်မယ်ဆိုရင် သမဂ္ဂရုံးနဲ့နီးတဲ့ ဆရာများအိမ်က အကုန်ငှါးရတယ်။ Tape recorder က အစ၊ စားပွဲ၊ စားပွဲခင်းအဆုံး ဆရာတွေအိမ်ကပဲ ငှားရတယ်။ ဆရာတွေက ကြည်ကြည်ဖြူဖြူ ငှားပေးရုံမကဘူး ပျောက်လို့ရှလို့ရှိရင်လည်း ပြုံးပြုံးပဲ။ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲတွေဆိုရင်လည်း ဆရာတွေပဲ ကြီးမှူးပြီး၊ ကျောင်းသားများကလည်း ဆရာများ အဆုံးအဖြတ်ကို ခံတာပဲ။ ဒါ့ကြောင့် ကဗျာဆရာ ကိုတင်မိုးက သူ့ရဲ့ နွယ်သာကီ သံဖြတ် တပုဒ် ထဲမှာ “ဆရာတပည့် လက်ညီစွာငယ်၊ ကမ္ဘာသိတဲ့ တက္ကသီလာရယ်” လို့ ရေးခဲ့တာ။

တိုက်ပွဲအကြောင်း ဆက်ပြောရရင် အတားအဆီးတွေကို ဖယ်ရှားပြီးတယ်ဆိုတာနဲ့ ကျနော်တို့လည်း တခြားကျောင်းသားတွေနဲ့အတူ ကတ္တရာလမ်းပေါ်မှာ လှဲအိပ်ပြီး လမ်းကို ပိတ်ကြတယ်။ အရင်ညက ကောင်းကောင်းမအိပ်ရ၊ နေကလည်း ပက်လက်လှန် အိပ်နေတဲ့ ကိုယ့်မျက်နှာပေါ် တည့်တည့်ထိုး၊ အတော်ပင်ပန်းတယ်။ အဲဒီလို အခင်းမပါပဲ လမ်းပေါ်ပိတ်အိပ်နေလို့ ၂ နာရီလောက်ကြာတော့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ စစ်တပ်တွေ လာနေပြီဆိုတာ ကြားရတော့တာပဲ။ ကျောင်းသားတွေက စက်ဘီးနဲ့ ပြေးကြည့်ပြီး ဘယ်နေရာကို ရောက်နေပြီဆိုတာ လာသတင်းပို့တယ်။ ဒီလိုနဲ့ ရေနီမြောင်းကို ရောက်လာပြီဆိုတော့ ကျောင်းသားတွေက “ခေါင်းဆောင်တွေ အဖမ်းခံလို့ မဖြစ်ဘူး။ ဒီမှာ လှဲမနေပါနဲ့ ရှောင်ကြပါ” လို့ လာပြောကြတယ်။ ဒီအထဲမှာ ကျနော်တို့ကို လမ်းပေါ်မှာ အိပ်ပေးရမယ်လို့ အတင်းတောင်းဆိုတဲ့လူတွေလည်းပါတာ သတိထားမိတယ်။ ဒါကြောင့် ကျနော်တို့လည်း လစ်ကြတယ်။ ကျနော်ရယ်၊ ကိုအောင်သူရယ်၊ ကိုကျော်ခင်ရယ်၊ ကိုသောင်းရွှေရယ် အတူပြေးကြတယ်။ ကျနော်တို့တတွေ ကျောင်းအရှေ့ဘက်က လယ်ကွင်းတွေကို (အခု မြို့သစ်တည်ထားတဲ့ နေရာတွေပေါ့) ဖြတ်နေချိန်မှာ ကျောင်းဘက်က မျက်ရည်ယိုဗုံးပစ်သံ တဖောင်းဖောင်းကြားရတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေညာပြီး ကျောင်းသားတွေကိုဖမ်း၊ ကျောင်းထုတ်တာတွေ လုပ်တော့တာပဲ။ အဲဒီတော့ ကျနော်တို့လည်း ရှောင်လိုက် ရှားလိုက်၊ အမျိုးမျိုး ပုန်းလိုက် လျှိုးလိုက်။ အဲဒီလို ဖြစ်နေရင်းကနေ တဖြည်းဖြည်း ဗကသလုပ်ငန်းကို ပြန်ဖော်တာပဲ။ ရန် ကုန်မှာလည်း အလားတူဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဟုတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ထောင်ထဲရောက်၊ ကိုကိုးကျွန်းရောက်တဲ့အခါကျတော့ ရန်ကုန်က ကျောင်းသားရဲဘော်တွေကိုတွေ့တော့ မေးမိတယ်။ သူတို့လည်း ပြန်ဖော်တာပဲ။ ၆၄ က စဖော်တာ။ ၆၃ ဒီဇင်္ဘာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ပျက်တယ်။ ၆၄ မတ်လ-ဧပြီလလောက်က စပြီး ကျနော်တို့ ပြန်ပြီး လုပ်ငန်းတွေ ဖော်ကြတာ။ အဲ... မြေအောက်ပေါ့လေ။ အဲဒီတော့ သမဂ္ဂလုပ်ငန်းဟာ စစ်အစိုးရ တက်ကတည်းက ၆၂ ကတည်းက စပြီးတော့ မြေ အောက်ရောက်သွားတာ။ ၆၃ ကုန်တော့ ပိုပြီးနက်ရှိုင်းတဲ့ မြေအောက်ကို ရောက်သွားတာ ဒီနေ့အထိပဲ။

အဲဒီတော့ ကျနော်တို့ အထက်ဗမာပြည်မှာ ဗကသလုပ်ငန်း ပြန်ဖော်တယ်။ မန္တလေးကို ဗဟိုပြုပြီးတော့ ပတ်ဝန်းကျင်က မြို့တွေမှာ ဖော်တယ်။ ဖော်ပြီးလုပ်၊ မြေ အောက်လုပ်ငန်းလုပ်၊ အဲလိုလုပ်ရင်းနဲ့ နောက် ၂ နှစ်လောက်ကြာတော့ ကျနော်တို့အားလုံး အတော်များများပဲ တချီတည်း အဖမ်းခံလိုက်ရတယ်။

ကျနော် မှတ်မိပါတယ်။ အဲဒီနေ့က ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ ည ၁၂ နာရီ ကျော်ကျော်၊ သန်းခေါင်သန်းလွဲမှာ ကျနော်အိပ်နေတုန်း အဲဒီထောက်လှမ်းရေးက လာပြီး တံခါးဖွင့်ခိုင်းပြီးတော့ ဖမ်းတာပဲ။ ကျနော့်ကို ဖမ်းတော့ ကျနော့်အိမ်သားတွေ အားလုံးက မအိပ်ကြသေးဘူး။ ကျနော့်အမေ (လူထုဒေါ်အမာ) ကဆို ကျနော့်အခန်းတံခါးကို လာခေါက်၊ ထပြီးတော့ သူတို့ပဲ အိပ်ယာလိပ် ထည့်ပေးလိုက်တာ။ ထောက်လှမ်းရေး က ကျနော့်ကို ကားပေါ်တင်၊ မျက်စိပိတ်ပြီး၊ အဲဒီ မန္တလေးကျုံးထောင့်က ထောက်လှမ်းရေးရုံးထဲ ခေါ်သွားတာပဲ။

▪ ထောင်ထောင်ထောင်ထောင်တွေ ထောင်ထဲထည့်

ကျနော့်ကို ခေါ်သွားတာက အဲဒီတုန်းက စစ်တပ်တွေမှာ သုံးလေ့ရှိတဲ့ ဒေါ့စ်ကား ခေါင်းပြားလေး၊ နောက်က အမိုးဖွင့်နဲ့ ပစ်ကပ်။ အဲဒီပေါ်မှာ ကျနော့်ကို တင်ခေါ် သွားတာ။ မျက်စိပိတ်တယ်။ လက်ထိတ်ခတ်တယ်။ အိမ်ရှေ့မှာတုန်းကတော့ ဘာမှမလုပ် ဘူး။ အိမ်ကလူတွေက ကျနော့်ကို ကားဘေးထိ လိုက်ပို့ကြတော့ သူတို့မလုပ်ဘူး။ ကျနော်တို့အိမ်က လမ်းထောင့်မှာဆိုတော့ အဲဒီ ၃၃ လမ်းထဲ ချိုးဝင်လိုက်တာနဲ့ တပြိုင်နက်တည်း မျက်စိပိတ်ပြီးတော့ လက်ထိတ်ခတ်တော့တာပဲ။

ကားမောင်းသွားတာကို ကျနော်မှန်းကြည့်တော့ ကျုံးရေတွေကို ဖြတ်လာတဲ့ လေပြည်လေညင်းကို ကျနော် ခံစားလို့ရတယ်။ အဲဒါကြောင့်မို့ ကျနော်သိတယ်။ ကျနော့် ကိုတော့ ကျုံးထောင့်က ထောက်လှမ်းရေးရုံးကို ခေါ်သွားပြီ။ ကျနော် မှန်းလို့ရတယ်။ နောက်... ထောက်လှမ်းရေးရုံးထဲလည်းဝင်ရော အဲဒီထဲ ကနေပြီးတော့ “ဟေ့... ရခဲ့လားဟေ့။ ပါခဲ့လားဟေ့” လို့ လှမ်းမေးသံတွေ ကြားရတယ်။ တခါတည်း ဟင်းရွက်ကန်ဇွန်း သွားဝယ်ပြီး ပြန်လာတဲ့လူကို မေးသလိုပဲ။ ကျနော် အတော်လေးတော့ ခံပြင်းသွားတယ်။

ရောက်ရောက်ချင်း ကျနော့်ကို ဘာမှမမေးဘူး။ စစ်လည်း မစစ်ဘူး။ ကျနော် မြင်ရတာ မဟုတ်ဘူးလေ။ အဲဒီ အခန်းကျဉ်းလေးတခုထဲမှာ ပစ်ထားလိုက်တယ်။ လက် ထိတ်ခတ်တာလည်း မဖြုတ်ဘူး။ အဲဒီမှာ ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းထားတယ်။ ဘာမှမမြင်ရတော့၊ မှောင်ကလည်း မှောင်နေတော့ ဘာမှမသိရဘူး။ ကျနော် မှန်းလို့ရတာက ကျနော့်နားမှာ လူတယောက် အမြဲထိုင်စောင့်နေတယ်။ နောက်... အဲဒီအခန်းထဲမှာ အင်မတန် ခြင်ကိုက်တယ်။ အဲဒီလိုနဲ့ တညလုံး ကျနော် အိပ်မပျော်ပဲ ထိုင်နေရတာ။

အဲ... မနက်မိုးလင်းခါနီးကျတော့ သေနတ်သံတွေ ကြားတယ်။ တချက်ချင်း ပစ်တဲ့ သေနတ်မျိုးမဟုတ်ဘူး။ စတင်းဂန်းလောက်ဖြစ်မယ်။ အဲဒီနောက် ရုတ်ရုတ်ရုတ်ရုတ် အော်သံဟစ်သံလည်း ကြားရတယ်။ အဲဒီအော်တဲ့အထဲမှာ “ဟေ့... ပြန်မိလားဟေ့။ ရလားဟေ့” အဲလို မေးသံတွေ ကြားရတယ်။ အဲဒီတော့ သူတို့ပြောတာတွေကို နားထောင်ခြင်းအားဖြင့် လူတယောက်ယောက် ထွက်ပြေးတယ်၊ ပြန်မိတယ်။ ပြန်မိတဲ့လူကို သေနတ်မှန်လို့လား၊ သူတို့ ဝိုင်းရိုက်လို့လား မသိဘူး၊ သွေးတွေထွက်နေတယ်။ အဲဒါ လောက်ပဲ ကျနော်မှန်းလို့ရတယ်။ ဒါ... နောက်ကျမှ အဲဒီ ထွက်ပြေးတယ်၊ ပြန်မိတယ် ဆိုတဲ့လူဟာ ကျနော်တို့နဲ့ အမှုတွဲတတွဲတည်းဖြစ်တဲ့ မန္တလေးကပဲ၊ ကျောင်းသားခေါင်း ဆောင် ကိုဌေးလှ ဆိုတာ ဖြစ်တယ်။ နောက်မှ ကျနော်ပြောဦးမယ်။ ကိုဌေးလှက နောင်ကျတော့ အဲဒီ မန္တလေးထောင်ထဲမှာပဲ ကွယ်လွန်သွားတယ်။

အဲ... ကျနော့်ကိုဖမ်းပြီး နောက်တနေ့မှာလည်း ဘာမှမစစ်ဘူး။ သူတို့ အကုန်လုံးဖမ်းလို့ မကုန်သေးလို့ လိုက်ရှာလိုက်ဖမ်းတုန်း ရှိသေးတယ်။ ဒီအတိုင်းပဲ တနေကုန်လုံး ပစ်ထားတယ်။ ပစ်ထားပြီး ညနေစောင်းမှ ကျနော့်ကို ထောင်ထဲပို့တယ်။ ထောင်ထဲကို ပို့တာကျတော့ ညမဟုတ်ဘူး၊ ညနေပို့တာ။ ညနေပို့တာဆိုတော့ မျက်စိပိတ်လို့ မဖြစ်ဘူး။ သူတို့ ဂျစ်ကားတစင်းနဲ့ ကျနော့်ကို နောက်မှာ ထိုင်ခိုင်းတယ်။ လက်ထိတ် ခတ်ထား တယ်။ မျက်စိမပိတ်တာတော့ ဘေးလူတွေ မြင်မှာစိုးလို့။ အဲဒီတော့ အို... ဘာပြော ကောင်းမလဲ ကျုံးအရှေ့လမ်းပေါ်မှာ လေလေး တဟူးဟူးနဲ့၊ ဟိုဘက်မှာ မန္တလေးတောင်ကြီးနဲ့၊ ဒီဘက်က ကျုံးမြို့ရိုးနဲ့၊ ရှုခင်းကတော့ သာယာသလားမပြောနဲ့။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာတော့ ရှုပ်ထွေးနေတယ်။

ထူးထူးဆန်းဆန်း ကျနော်ခံစားမိတာတခုက အဲဒီ MI အခန်းထဲမှာ နေရတာနဲ့စာရင် ထောင်ပို့လိမ့်မယ်ဆိုတော့ ဝမ်းသာသလိုမျိုး၊ တမျိုးခံစားမိတယ်။ အခု ပြန်တွေးကြည့်ရင်တော့ ရယ်စရာလိုလို၊ ဝမ်းသာစရာလိုလိုပဲ။ ထောင်ထဲပို့တာနဲ့ ဝမ်းသာရသလားလို့။ ဒါပေမယ့် ဒီမှာ ကျနော်ပြောစရာတွေ အများကြီးရှိတယ်။ ထောင်နဲ့ပတ်သက်လို့က။ MI ရုံးထက်စာရင်တော့ ထောင်ဟာ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာအမှန်ပဲ။ ဒါက တခု။

နောက်တခုက ကျနော်က ထောင်ကို အခုမှ ရောက်ဖူးတာမဟုတ်ဘူး။ ထောင်ကို ကျနော် ငယ်ငယ်လေးကတည်းက မန္တလေးထောင်၊ ရန်ကုန်ထောင် ထောင်နှစ်ခုစလုံးထဲကို အခေါက်ခေါက် ရောက်ဖူးနေတာ။ နောက်ပြီး ကျနော်သိထားပြီးသားက လက်ရှိလည်း ကျနော့်ကို ဖမ်းတဲ့အချိန်က အဲဒီထောင်ထဲမှာ ကျနော့် ဦးလေးအရင်းတယောက် ရှိတယ်။ ကျနော့် အိမ်နီးနားချင်းက နဂါးနီကိုတင်ဝင်းတို့ ရှိတယ်။ တခြားလည်း ကျနော် သိတဲ့လူတွေ အများကြီးရှိတယ်။ နောက်... ကျနော့်မိဘများနဲ့ သိကျွမ်းတဲ့ မန္တလေးက မြို့မိမြို့ဖတွေလည်း ရှိတယ်။ ကျနော်တို့ အိမ်က ကိုးကွယ်တဲ့ ဆရာတော်၊ သံဃာတော်တွေလည်း ရှိတယ်။ အဲဒီတော့ ထောင်ထဲရောက်သွားလို့ကတော့ ဘာမှပျင်းစရာလည်း မကောင်းတော့ဘူး။ နောက်... အသိအကျွမ်းတွေ အများကြီးနဲ့။

နောက်ပြီး ထောင်ဆိုတာက ကျနော်သိထားတဲ့ ထောင်က အားကစားကွင်းတွေနဲ့။ ဘော်လီဘောရှိမယ်၊ ခြင်းလုံးရှိမယ် အနည်းဆုံး။ နောက်ပြီး တူရိယာပစ္စည်းတွေ။ ကျနော့်အဖေ (လူထုဦးလှ) ထောင်က ထွက်လာတုန်းက တယောလေးကိုင်ပြီး ထွက်လာတာ မျက်စိထဲက မထွက်ဘူး။ တူရိယာပစ္စည်းတွေ လေ့ကျင့်ကြ၊ တီးကြမှုတ်ကြ၊ ဇာတ်တွေ အငြိမ့်တွေ ကကြ၊ စာရေးလို့ရမယ်၊ စာဖတ်လို့ရမယ်။ ကျနော့်အဖေဆို ထောင်ထဲ မှာ စာတွေအများကြီး ရေးလာတာ။ တခြားလူတွေလည်း အများကြီး ထောင်ထဲက စာအုပ်တွေပါလာတာ။ အဲ... ဥပုသ်သီလ ဆောက်တည်ဦးမလား၊ ဟိုမှာ ပုံမှန်ရှိတယ်။

ထောင်က ထောက်လှမ်းရေးရုံးထက်စာရင် ဘာမှမဆိုင်ဘူး။ ကျနော့် ခေါင်းထဲမှာ အဲဒီလို။ အဲဒီဟာအပြင် ကျနော့်မှာရှိတဲ့ ထောင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံက ဒီလို... ကျနော့်အဖေကိုယ်တိုင်က ၁၉၅၃ ခုနှစ်ကနေပြီးတော့ ၅၆ ခုနှစ်အထိ ထောင်ကျဖူးတယ်။ အဲဒီတော့ အဖေကလည်း လူတွေရဲ့ သာမှုနာရေးကို အင်မတန် ကူညီချင်တဲ့လူ။ အဲဒီဟာမျိုး၊ အဖွဲ့အစည်းတွေအားလုံးမှာ အမျိုးမျိုးပါပြီး လုပ်ဆောင်တဲ့လူဆိုတော့ သူ ထောင်က ထွက်လာတယ်ဆိုတာနဲ့ရော၊ ထောင်ထဲမှာနေတုန်းကရော အဲဒီ သာရေးနာရေးတွေက တယ်လုပ်ဆိုကိုးဗျ။ အဲဒီတော့ အဖေ့ကို ထောင်အာဏာပိုင်အားလုံးကနေ ခင်မင်လေးစားနေကြတာ။ အဲ... ထောင်ထဲမှာ ဘာလုပ်လုပ် နောင်မှာ အဖေ ထောင်က ထွက်လာတယ်ဆိုလည်း ထောင်ထဲကိုဖိတ်။ အဖေ ထောင်ထဲကို သွားပြီဆိုရင် ကျနော်က လည်း အဖော်လိုက်သွား၊ အားကစားပွဲလည်း ရောက်ဖူးတယ်။ အဲ... ထောင်ထဲက ဆွမ်းကျွေးတွေလည်း ရောက်ဖူးတယ်။

အဲဒီထက်ပိုပြီးတော့ မှတ်မှတ်ရရရှိတာက ထောင်ထဲမှာရှိတုန်း ၅၅-၅၆ လောက် ဖြစ်မယ်ထင်တယ်။ ရန်ကုန်ထောင်ထဲမှာ (အဲဒီတုန်းက ရန်ကုန်ထောင်ကြီး ရှိ သေးတယ်။ မဖျက်သေးဘူး။) ပုဒ်မ ၅ နဲ့ ဖမ်းထားသူတွေအတွက် အဆောင်တဆောင် သပ်သပ်ရှိတယ်။ အဲဒီမှာ အဖေက လူကြီး။ ထောင်ထဲမှာ အကျဉ်းသားတွေထဲက လူကြီး တယောက်ဖြစ်နေတဲ့အခါကျတော့ အားလုံးကလည်း ယုံယုံကြည်ကြည်၊ ခင်ခင်မင်မင်၊ လေးလေးစားစားနဲ့ ဆိုတော့ အဖေတောင်းဆိုတဲ့ဟာတွေလည်း ရတယ်။

သိတဲ့အတိုင်းပဲလေ... အဲဒီတုန်းက B ကလပ်တွေ ဆိုတဲ့အခါကျတော့ ထောင်ထဲမှာ အစားအသောက်၊ အဝတ်အစားကအစ အခုဟာတွေနဲ့စာရင် မနှိုင်းယှဉ်နိုင်လောက်အောင် ကောင်းတယ်။ အဲဒီတော့ အဖေက ဘာလုပ်သလဲဆိုတော့ ကျနော် ကျောင်းပိတ်ရက်မှာ အဖေ့ကို သွားတွေ့တယ်။ (နွေရာသီ ကျောင်းပိတ်ရက်မှာ။) သွားတွေ့တော့ အဖေက ထောင်အာဏာပိုင်ဆီကို ခွင့်တောင်းတယ်။ ကျနော်က ငယ်သေးတာကိုး၊ ၉ နှစ်လောက် ရှိလိမ့်မယ်ထင်တယ်။ ၉ နှစ် ၁ဝ နှစ်ပေါ့။ အဲဒီတော့ ကျနော့်ကို ထောင်ထဲမှာ သွားနေလို့ရတယ်။ မနက်မှာ သွားနေတယ်။ နေ့လယ်လည်း ထောင်ထဲမှာ စား။ ညနေစောင်းမှ၊ ထောင်ပိတ်ခါနီးကြမှ ကျနော် အပြင်ပြန်လာတာ။ ကျနော့်အစ်ကို ဝမ်းကွဲ (ဝင်းမော်ဦး) ဦးတင်မောင်က လိုက်ပို့လိုက်ကြို လုပ်တယ်။ ကျနော်က ကျနော့် အဖေကိုထားတဲ့ အဆောင်ထဲမှာ တနေကုန်နေရတာ။

အဲဒီမှာ ကျနော် စပြီးတွေ့ဖူးတာ.. လေထီးဗိုလ်အုန်းမောင်၊ နောင်... ကျနော်နဲ့ ကိုကိုးကျွန်းမှာ ထောင်ကျဖက်ဖြစ်လာတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက၊ တလောက မှ ကွယ်လွန်သွားတယ်။ အားလုံးက တသသနဲ့နှမျှောရတဲ့၊ အင်မတန် သိက္ခာရှိတဲ့ အင်မတန် သတ္တိရှိတဲ့၊ ကျနော်တို့အပေါ်မှာ လမ်းညွှန်မှုတွေ အများကြီးပေးခဲ့တဲ့၊ သတ္တိတွေ အများကြီး မွေးပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတယောက်။ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ပုဂ္ဂိုလ်ကြီး။ ကျနော်က သူ့ကို “ဦးလေး” ပဲ ခေါ်ပါတယ်။ အင်မတန်မှ ရင်းတာပါ။

ဒီတော့ လေထီးဗိုလ်အုန်းမောင်က အဲဒီတုန်းက တုတ်ကောက်ကလေး တချောင်းနဲ့ ထော့နဲ့ထော့နဲ့နဲ့။ သူ့နာမည်ကလည်း အဲဒီကတည်းက ဟိန်းလွန်းလို့ ကျနော်တို့က ငယ်ငယ်လေးပေမယ့် သိနေတာ။ နောက်တယောက် အဲဒီထောင်ထဲမှာ ထူးထူးခြားခြား တွေ့မိတာက သခင်ဖေဌေး (အလံနီပါတီက) အဲလိုပဲ ခါးကြီးစောင်းပြီးတော့ ဒုက္ခိတကြီးလိုကို ဖြစ်နေတာ။ အဲဒါနဲ့ သူ ထောင်လှေကားကြီးပေါ်မှာ အတက်အဆင်း (သူက အပေါ်ထပ် နေရတာ) သွားလာနေတာ မျက်စိထဲက မထွက်ဘူး။ အဲဒီတော့ ဘေးကလူ တွေ ပြောပြောနေတာ “အဲဒါ ဘယ်သူပဲ၊ ဘယ်ဝါပဲ” ကျနော့်ကို အကုန်လုံး ထောင်ထဲကရှိတဲ့ လူကြီးတွေက အားလုံး ချစ်ကြတာကိုး။ သူတို့အထဲကို ကလေးလာတယ်ဆိုတော့ ဒါဟာ ကြုံတောင့်ကြုံခဲ၊ လာတောင့်လာခဲမိတ်ဆွေလည်း ဖြစ်နေတဲ့အခါကျတော့ အားလုံးက ချစ်ခင်ပြီးတော့ အကုန်လုံး ရှင်းပြနေကြတာ။

ကျနော်က အဲဒီအချိန်မှာ ပင်ပေါင်ကစားတယ်။ ပင်ပေါင်ကစားတဲ့အခါကျတော့ သူတို့က သည်းညည်းခံပြီးတော့ ကစားပေးတယ်။ စိတ်ရှည်လက်ရှည်နဲ့။ လူကြီးတွေက ကလေးကို ဖေးပြီးကစားလို့ရတယ်။ ကျနော် ဘာစားချင်တယ်ဆိုရင် လုပ်ပေးတယ်။ စာကြည့်တိုက် သွားချင်တယ်ဆို လိုက်ပြတယ်။ အစုံပဲ။ အဲဒီပုဂ္ဂိုလ် ၂ ဦးအပြင် ကျနော်တွေ့ ဖူးတာက အခု မကြာခဏ RFA တို့၊ ဘာတို့က အင်တာဗျူးလုပ်နေတဲ့ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ အဲဒီထောင်ထဲမှာ တွေ့ဖူးတာ။ စာရေးဆရာထဲကဆိုရင် ဗန်းမော်တင်အောင်၊ မောင်နေဝင်း... အစရှိတဲ့လူတွေ။ နောက်... တခြားလည်း အဖွဲ့အစည်းပေါင်းစုံ နိုင်ငံရေးသမားတွေ အဲဒီမှာ ကျနော်တွေ့ဖူးတယ်။

နောက်တခါ စစ်ထောင်ဆိုတာ ရှိသေးတယ်။ ရန်ကုန်ထောင်ထဲမှာပဲ။ စစ်ထောင်ဆိုတာက စစ်တပ်ကနေ ဖမ်းထားတဲ့လူတွေကို ထားတဲ့နေရာ။ အဲဒီဘက်ကို ကျနော် ကူးသွားပြီးတွေ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျနော့်အဒေါ်ရဲ့ခင်ပွန်း (ကျနော့် ဦးလေး) ဗိုလ်လှဖေဆိုတာ ရှိတယ်။ ဗိုလ်လှဖေဆိုတာက မန်းဝင်းမောင်တို့၊ လေထီးဗိုလ်အုန်းမောင်တို့နဲ့ အိန္ဒိယကိုလိုက်ပို့တာ၊ ဖျားနာပြီးတော့ လမ်းမှာ ထားခဲ့ရတဲ့ပုဂ္ဂိုလ်။ နဂိုက ဗမာ့တပ်မတော်က လက်နက်ကိုင်တော်လှန်ရေးဖြစ်တော့ သူကလည်း လက်နက်ကိုင် တော်လှန်ရေးထဲ ပါလာ၊ ကွန်မြူနစ်ပါတီထဲ လိုက်လာပြီး မိလာတာ။ ဒါကြောင့် သူ့ကိုလည်း အဲဒီ စစ်ထောင်ထဲမှာ ထားတယ်။

နောက်... ဗိုလ်လှဖေရယ်၊ အဲဒီတုန်းက ကရင်အရာရှိကြီးတွေ၊ စစ်အရာရှိကြီးတွေ အများကြီးပဲ။ သူတို့ကတော့ ကရင့်တော်လှန်ရေး စတယ်ဆိုတာနဲ့ သူတို့အားလုံးကို ရာထူးကဖြုတ်၊ အန္တရာယ်ရှိမယ်ထင်တဲ့လူတွေ အကုန်လုံးကို အသားလွတ် ထောင်ထဲ ထည့်ထားခံရတဲ့ ပုဂ္ဂိုလ်တွေပဲ။

အဲဒီတော့ အဲလိုအတွေ့အကြုံတွေ ရှိနေတော့ ကျနော့်အမြင်တော့ ထောင်ဆိုတာက နေပျော်တဲ့ဟာလေ။ ကိုယ်ကလည်း အသက် ၂ဝ လောက် ရှိသေးတဲ့အခါကျတော့ ထောင်ဆိုတာ ပျော်စရာကြီး။ အထူးအဆန်းတခု။ အဲဒီလောက်ပဲ ကျနော် သဘောထားတာ။

(”ကျောင်းသား” အပိုင်း ပြီးပါပြီ။)

ဆက်ရန်...

(ပီဒီအက်ဖ် စာမျက်နှာ ၈-၃၇)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်