ကျောင်းသား ထောင် တော်လှန်ရေးသမား (စာအုပ်မိတ်ဆက်) 🖋 ရဲဘော်ဖိုးသံချောင်




ကျောင်းသား ထောင် တော်လှန်ရေးသမား (စာအုပ်မိတ်ဆက်)

ရဲဘော်ဖိုးသံချောင်း

ခုတလှည့်မှာ ကျနော် စာရိုက်တင်ဖို့ ရွေးချယ်လိုက်တဲ့ စာအုပ်ကတော့ ဆရာမကြီး လူထုဒေါ်အမာရဲ့ သားအလတ်ဖြစ်တဲ့ ”ရဲဘော်ဖိုးသံချောင်း” (နာမည်ရင်း ကိုအောင်ထက်၊ ကိုကိုးကျွန်းပြန်၊ ဗကပတောခို၊ ပြည်ပရောက်၊ နောင် ဗကပရဲ့ ပြောရေးဆိုခွင့်ရှိသူ spokesman) ရေးသားတဲ့ ”ကျောင်းသား ထောင် တော်လှန်ရေးသမား” စာအုပ်ပဲ ဖြစ်ပါတယ်။ စာအုပ်မှာ...

၁။ ကျောင်းသား

၂။ ထောင်

၃။ တော်လှန်ရေးသမား

၄။ သန္နိဋ္ဌာန်

၅။ နောက်ဆက်တွဲများ 

ဆိုပြီး အပိုင်း ၅ ပိုင်း ပါရှိပြီး စာမျက်နှာ ၁၆၃ မျက်နှာ ပါဝင်ပါတယ်။ ကျနော့်ထုံးစံအတိုင်း စာအရှည်ဆုံး ရိုက်ပြီး အပိုင်းတွေခွဲတင်ပေးသွားပါမယ်။ ဘယ်နှပိုင်း ကျမယ်တော့ ခုချိန်မှာ မမှန်းတတ်သေးပါ။ 

ငနော့

◾ 

ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား

ရဲဘော်ဖိုးသံချောင်း

◾ 

(ပုံနှိပ်မှတ်တမ်း)

မျက်နှာဖုံး 
နေဇော်နိုင် 

ပုံနှိပ်ခြင်း 
၂ဝဝ၄ မေ 

အုပ်ရေ 
၅ဝဝ

တန်ဖိုး
Rs. 30/

ထုတ်ဝေဖြန့်ချိရေး 
STUDY DESK PUBLICATION 
52 - D, JG-III, Vikas Purl, New Delhi. 110018 India maungpauk@yahoo.com


ကိုကိုးကျွန်းဖျက်သိမ်းရေးတိုက်ပွဲမှာ အသက်ပေးစွန့်သွားတဲ့

ရဲဘော်သိန်းကြည်

ရဲဘော်အုန်းမော်

ရဲဘော်ချစ်ဆွေ

ရဲဘော်ထွန်းမြင့်

ရဲဘော်စိန်ချင်း

ရဲဘော်မောင်မောင်စိုး 

ရဲဘော်လေးမောင်နဲ့

ရဲဘော်ထွန်းဝင်း

တို့ကို

ဒီစာအုပ်နဲ့ ဂုဏ်ပြုအပ်ပါတယ်။

◾ 

(မာတိကာ)

▪ ကျေးဇူးတင်စကား

▪ ကျောင်းသား

မုန်တိုင်းတွေနဲ့ချည်း

တပ်ဦးညီလာခံ

ထောင်ထောင်ထောင်ထောင်တွေ ထောင်ထဲထည့်

▪ ထောင်

မန္တလေးထောင်

ရဲဘော်ဌေးလှ၊ မြစ်ဖျားတိုင်းက မမြဦး

ရွှေဂုံမေ - ပြည်တော်ညွန့် 

အာဇာနည်သူရဲကောင်းတွေ

ဒါ... ကိုကိုးကျွန်းဖြစ်တယ်

▪ တော်လှန်ရေးသမား

ကိုယ်ထူကိုယ်ထ ငါးပိတိုက်ပွဲ

ရက် ၄ဝ တိုက်ပွဲ 

အကြီးအကျယ် စေ့စပ်ချင်နေတဲ့အခါကျတော့

ဧည့်သည်တွေ ရောက်လာ

▪ သန္နိဋ္ဌာန်

၅၃ ရက် တိုက်ပွဲ

ပြည်သူ့သူရဲကောင်းများရဲ့ဈာပန 

အမေ့ခေါ်သံ

▪ နောက်ဆက်တွဲများ

နိုင်ငံတကာသီချင်း (The Internationale)

အမှတ်တရ ဆရာမြသန်းတင့် 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂါရဝပြုခြင်း

သခင်ဇင်၊ သခင်ချစ် 

ကိုကိုးကျွန်းမှာ ကျဆုံး-ထွက်ပြေးလွတ်မြောက်သူများစာရင်း


▪ ကျေးဇူးတင်စကား

ကျနော့်ကို ဒီဗွီဘီက ကိုကိုးကျွန်းအကြောင်းနဲ့ ထောင်ဖြတ်သန်းမှုတွေ အကြောင်းကို “ထောင်မှတ်တမ်း၊ ကျွန်းအတိတ်၊ တိုက်ပွဲရုပ်ပုံလွှာ”ဆိုပြီး အစီအစဉ်လေးတခုလို ပြောခိုင်းတော့ ကျနော်က လိုလိုလားလားပဲ သဘောတူခဲ့ပါတယ်။ ကြိုးစားပြီးလည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျနော့်ခေါင်းထဲမှာ စာအုပ်တအုပ်အဖြစ်ထုတ်ဖို့ မစဉ်းစားမိခဲ့ပါဘူး။ ဒီလိုနဲ့ အသံလွှင့်နေတာ အတော်ကြာလို့ အပိုင်း ၂၀ ကျော်ရောက်တော့မှ စာအုပ်ထုတ်ရအောင်လား၊ စာအုပ်ထုတ်ခွင့်ပြုပါလို့ ပြောလာသူတွေ ကြုံရပါတယ်။ ကိုကိုးကျွန်းကိစ္စကို ဖော်ထုတ်ရတာမို့ ကျနော် အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းကကိစ္စတွေကို ပြန်ပြောရတာဖြစ်လေတော့ ကျနော့်အနေနဲ့ မေ့ကုန်တာ၊ အမှတ်လွဲနေတာတွေ ရှိနိုင်ပါတယ်။ ညှိနှိုင်းစရာ အတူဖြတ်သန်းခဲ့သူရယ်လို့လည်း မရှိသလောက်ပါ။ နောင်မှာ ပြန်တွေ့ကြရင်တော့ ပြင်နိုင်ပါလိမ့်မယ်။ မှားတာမှန်သမျှ ကျနော်ပဲ တာဝန်ယူရမှာပါ။

ဒီစာအုပ်ဖြစ်ပေါ်လာတဲ့အတွက် ပထမဦးဆုံးကျေးဇူးတင်ရမှက ဒီဗွီဘီဝိုင်းတော်သားများနဲ့ ”ကြေးမုံမှန်ကွဲစများ” အခန်းကို တာဝန်ယူသူ ကိုစိုးဝင်းညိုတို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက် သူတို့ထက်မလျော့ပဲ ကျေးဇူးတင်ရမှာက လေလှိုင်းပေါ်ကနေ စာမျက်နှာပေါ်၊ အသံကနေ စာလုံးအဖြစ် ဖန်တီးပေးတဲ့ ကိုနန္ဒတင့်ဆွေနဲ့ သတ်ပုံသတ်ညွှန်းစိစစ် ပရုဖတ်ပေးကြတဲ့ ကိုနန်းဦးနဲ့ ကိုထွန်းထွန်းတို့ကိုပါ။ နောက်ပြီး ဘယ်လိုမှ ချန်ထားလို့မဖြစ်တာက ကျနော့်ဆီကို စာမူတွေရောက်အောင် မှန်မှန်ဂရုတစိုက်ပို့ပေးတဲ့ အမေရိကန်နိုင်ငံနေ ကိုမိုးနဲ့ မျက်နှာပုံပန်းချီရေးဆွဲပေးတဲ့ ကိုနေဇော်နိုင်တို့ ဖြစ်ပါတယ်။

တဆက်ထဲမှာ ကိုကိုးကျွန်းသမိုင်းနဲ့ အာဇာနည်များကို လေးစားမှုအပြည့်နဲ့ အင်တာနက် စာမျက်နှာမှာ သတ်ပုံသတ်ညွှန်းပါ ပြင်ဆင်ပြီး တခမ်းတနား အခန်းဆက်ဖော်ပြပေးနေတဲ့ ကိုမြင့်လှိုင်နဲ့ Burma Today ဝိုင်းတော်သားများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ကိုကိုးကျွန်းတိုက်ပွဲများဟာ ဗမာပြည်နိုင်ငံရေးသမိုင်းထဲက တခုသောအနေအထား၊ တခုသောအချိန်ကာလမှာ သူ့ထူးခြားချက်နဲ့သူ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါကို နေရာတကာမှာ ထပ်တူလိုက်လုပ်လို့မဖြစ်ပါ။ ဒါပေမယ့် အဲဒီတုန်းက အတွေးအခေါ်နဲ့ စိတ်ဓာတ်၊ အဓိကအားဖြင့် ရန်သူကို မစေ့စပ်တမ်း၊ အသေခံတိုက်တဲ့ စိတ်ဓာတ်ဟာ တော်လှန်သမားတိုင်း မုချရှိရမယ့် အတွေးအခေါ်နဲ့ စိတ်ဓာတ်လို့ ယူဆပါတယ်။ ၇ဝ စုနှစ်များ နောက်ပိုင်းမှာ ဒီတိုက်ပွဲတွေအကြောင်း တိုက်ရိုက်၊ ဒါမှမဟုတ် တဆင့်စကား တဆင့်ကြားပြီး တအားတက်ကြ၊ ကိုယ့်အတွေးအခေါ်ကိုယ် တည်ဆောက်ကြ၊ တော်လှန်ရေးသမားဖြစ်လာသူတွေ မနည်းကြောင်း သိမီသူတိုင်း မှတ်မိကြပါလိမ့်မယ်။

အခုလည်း ကျနော်တို့ ဗမာပြည်ပြည်သူများနဲ့ စစ်အစိုးရတို့ဟာ အဆုံးအဖြတ်တိုက်ပွဲကြီးတရပ်ဆီကို ဦးတည်နေကြပါတယ်။ ဒီတိုက်ပွဲကို ကျနော်တို့ ကိုယ့်အခြေအနေကိုယ် မှန်မှန်ကန်ကန်ဆုပ်ကိုင်ပြီး ကျင်ကျင်လည်လည် ပါးပါးနပ်နပ် တိုက်ကြရမှာပါ။ ကိုယ်ရှုံးနိမ့်ရင် ကာလတခု နောက်ဆုတ်သွားနိုင်ပါတယ်။ ဦးကျိုးသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီတိုက်ပွဲအတွက် စာဖတ်သူတွေကို အားဆေးဖြစ်စေဖို့ရည်ရွယ်ပြီး ဒီကိုကိုးကျွန်းအကြောင်း ကျနော်ပြောခဲ့တာတွေကို စာအုပ်လေးအသွင်ပြောင်းလိုက်တာဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ ကိုကိုးကျွန်းအာဇာနည်တွေအပေါ် ကျနော်တတ်နိုင်သမျှ ကျေးဇူးဆပ်တာလို့လည်း ပြောနိုင်ပါတယ်။

ဗမာပြည် ပြည်သူများ မုချအောင်ပွဲခံရမည်။

ရဲဘော်ဖိုးသံချောင်း

(ပီဒီအက်ဖ် စာမျက်နှာ ၁-၇)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်