ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၃) 🖋 ဟံသာဝတီ ဦးဝင်းတင်




ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၃)

ဟံသာဝတီ ဦးဝင်းတင်

▪ မမေ့သူမှ မလွတ်သူသို့

၁၉၉၅ နှစ်လယ်ပိုင်းလောက်မှာ အင်းစိန်ထောင်ထဲက ကျွန်တော်တို့
ဆီကို စားစရာ သုံးစရာပစ္စည်းတွေ တစ်ပုံတစ်ခေါင်းကြီး ရောက်လာတယ်။ တစ်ပုံတစ်ခေါင်းကြီးမှ တကယ့် တစ်ပုံတစ်ခေါင်းကြီးပါပဲ။ ပန်းသီးတွေ၊ လိမ္မော်သီးတွေ၊ ဘီစကွတ်တွေ၊ ကိတ်မုန့်တွေ၊ သကြားလုံးတွေ၊ မလိုင်လုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ မုန့်ဟင်းခါးခြောက်တွေ၊ ငါးပိကြော်တွေ၊ အသားကြော်တွေ၊ မျက်နှာသုတ် ပဝါတွေ၊ ဆပ်ပြာတွေ အို စုံတကာစေ့နေတာပါပဲ။ အထုပ်အပိုးတွေကလည်း မနည်းမနောပါပဲလား။

ကျွန်တော်တို့အားလုံး ဆွေ့ဆွေ့ ခုန်ဝမ်းသာအားရဖြစ်လိုက်ကြတာ။
စားစရာတွေ၊ သုံးစရာတွေ အများကြီးရလို့ ဝမ်းသာအားရဖြစ်ရတာလည်း မှန်တာပေါ့။ ဒါထက် ပိုဝမ်းသာရတာ၊ အားရကြည်နူးဖြစ်ရတာက ကျွန်တော်တို့လို ထောင်ထဲက လူတွေကို အပြင်မှာ သတိတရ ရှိသူတွေ၊ အမှတ်တရရှိသူတွေ၊ ကရုဏာထားသူတွေ၊ သဒ္ဓါကြည်ဖြူရှိသူတွေ၊ အားပေးအားမြှောက်ပြုသူတွေ ပေါ်ပေါက်လာနေပါပကောလားဆိုတဲ့ အသိနဲ့ ရင်ထဲမှာ ဆို့နင့်ပြည့်လျှမ်းတဲ့ ခံစားချက်တွေ တစ်ထွေးကြီး ပွင့်လာလို့ပါပဲ။

ထောင်ကျအကျဉ်းကျနေသူတစ်ဦးအဖို့ ကြုံတွေ့ ခံစားရတဲ့ နာကျင်
ထိခိုက်မှုဆိုတာ မေးမြန်းစမ်းသပ်ကြည့်လို့ရတာလည်းရှိတယ်။ မရတာလည်း ရှိတယ်။ မလှုပ်သာမရှားသာ အခန်းကျဉ်းလေးထဲမှာ အကျဉ်းသား သုံးလေးယောက်ကို ပိတ်လှောင်ပြီး တစ်နေကုန် တစ်နေခန်း၊ တစ်နေဝင် တစ်နေထွက်
သွင်းထားတာ ဘယ်မှာ ကျန်းမာရေး ကောင်းမွန်စရာ အကြောင်း ရှိနိုင်တော့မှာလဲ။ အစားအသောက်ဆိုလည်း အာဟာရမပြည့်မဝ၊ မလောက်မငှဆိုတော့ ဘယ်မှာ သန်သန်စွမ်းစွမ်းရှိနိုင်ပါတော့မလဲ။ ခြင်၊ ယင်၊ ဂျပိုး၊ ကြွက်၊ ပုရွက်၊ ပိုးဟပ် ဆိုတဲ့ ရောဂါသည်ပိုးမွှားသတ္တဝါတွေနဲ့ ကြမ်းတစ်ပြေးတည်း နေရထိုင်ရတာဆိုတော့ ဘယ်မှာ အနာဘယကင်းကင်းရှင်းရှင်း ရှိနိုင်ပါတော့မလဲ။

အဲဒါတွေထက် အဆတစ်ထောင် ပိုမိုဆိုးရွားဖိစီးတာက အကျဉ်းသားတိုင်းရဲ့ ရင်ထဲမှာလောင်မြိုက်နေတဲ့ ဒေါသမီး သောကမီးတွေပဲပေါ့။ အိမ်အတွက် ပူရ၊ ကိုယ့်အတွက်ပူရ၊ အပေါင်းအသင်းအတွက် ပူရဆိုတာတွေထက် ကိုယ်ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအဖွဲ့အစည်း အစုအဖွဲ့အတွက် စိတ်မအေးရ၊
တိုင်းရေးပြည်ရေးအတွက် ခေါင်းမအေးရ ဆိုတာတွေက ပိုပြီးဝါးမျိုလောင်မြိုက်လှပေတယ်။

အဲဒီနာကြည်းမှုတွေ၊ လောင်မြိုက်မှုတွေ၊ လှိုက်စားမှုတွေက ကုရာနတ္ထိ ဆေးမရှိ ဖြစ်တတ်တယ်။ ပြင်ပရောဂါဘယတွေထက် သိရခက်မြင်ရခက် ကုရခက်တယ်။ ထောင်ထဲရောက်လာသမျှ အကျဉ်းသားတွေကတော့ ဒီလိုအဇ္ဈတ္တ
ဝေဒနာတွေကို ကပ်ငြိခံစားရစမြဲပဲ။ ဘယ်သူမှမလွတ်ဘူး။ လူငယ်လူကြီး ဆင်းရဲချမ်းသာ မရွေးဘူး။ အားလုံးကတော့ တစ်ချိန်မဟုတ်တစ်ချိန်မှာ စိတ္တဇသမားတွေချည်းကိုး ဆိုရမတတ် ဒီဝေဒနာစွဲကပ် နှိပ်စက်ခံရတာပါပဲ။ ဗဟိဒ္ဓဝေဒနာတောင် ကုရာနတ္ထိဆေးမရှိဖြစ်နေကြတဲ့ ထောင်တွင်းဆရာဝန်တွေ ဒီအဇ္ဈတ္တဝေဒနာကို ဘယ်မှာရောဂါရှာဖွေ တွေ့ နိုင်မှာလဲ။ ရောဂါတွေ့ တောင် မမြင်ချင်ယောင် လက်ရှောင်ကြတာပါပဲ။

ဒီလိုစိတ်ဝေဒနာ၊ ရုပ်ဝေဒနာမျိုးစုံ စွဲကပ်နေသူတွေအဖို့ သိကြားရေစင်လို ဆေးဝါးကတော့ မေတ္တာပါပဲ။ အချင်းချင်းထားတဲ့ မေတ္တာ၊ မိသားစုထားတဲ့ မေတ္တာ၊ ရဲဘော်ရဲဘက်ထားတဲ့ မေတ္တာ၊ မိတ်ဆွေသူငယ်ချင်းထားတဲ့မေတ္တာ၊ အမည်မသိ ကရုဏာရှင်တွေထားတဲ့မေတ္တာတွေပါပဲတဲ့။ မေတ္တာကရုဏာ သဒ္ဓါတရားတွေပါပဲတဲ့။

မေတ္တာရိပ်တွေခိုနား၊ ကရုဏာစကားတွေ နာကြား၊ သဒ္ဓါအကူအပံ့တွေ ခံယူရတဲ့အခါ အကျဉ်းသားတွေရဲ့ ရင်ထဲမှာ ကြည်နူးမိုးတွေ၊ ပျော်မြူးမိုးတွေ၊
ရွှင်လန်းမိုးတွေ တဖွဲဖွဲတသည်းသည်း၊ တဝုန်းဝုန်း၊ တဖြုန်းဖြုန်း ရွာသွန်းလိုက်သလို ဝေဒနာတွေလျော့ပါးကင်းစင် ဘဝင်ချမ်းမြေ့ကြရတော့တယ်။ အခု ရောက်လာတဲ့ လူတိုင်းစေ့ ထောင်ဝင်စာ၊ တစ်ပုံတစ်ခေါင်း စားစရာသုံးစရာ
ပစ္စည်းတွေဟာ မေတ္တာကရုဏာတရားတွေရဲ့ သင်္ကေတပြယုဂ်တွေပါပဲ။ ပြောရရင် လူတိုင်းစေ့ ပျော်ရွှင်ကြည်နူးသွားကြတယ်ပေါ့။

ဒီကြည်နူးမှုတွေကို ထောင်အာဏာပိုင်တွေက ဖျက်ဆီးချေမှုန်းပစ်ကြတယ်။ ဒီပစ္စည်းတွေက ဒေါ်အောင်ဆန်းစုကြည်ဆီက ပို့လိုက်တဲ့ပစ္စည်းတွေတဲ့။ ထောင်ကို ပစ္စည်းသယ်လာသူတွေက ထောင်ရှေ့မှာ ပစ္စည်းတောင်းတွေ၊
ပလုံးတွေ၊ အိတ်တွေ၊ သေတ္တာတွေချတယ်တဲ့။ နိုင်ငံရေးအကျဉ်းသားမိသားစု ထောင်ဝင်စာလာသူတိုင်းကို ပစ္စည်းထုပ်တွေ ပေးကြတာတဲ့။ ထောင်ဝင်စာ မလာသူတွေအတွက်တော့ ထောင်ဝင်စာလာတွေ့ သူ မိသားစုတွေကတစ်ဆင့် ပေးတာတဲ့။ လက်ဆင့်ကမ်းကြပါဆိုပြီး အဆင့်ဆင့်ပေးလိုက်တာတဲ့။ ဒီတော့ အာဏာပိုင်တွေက နောက်ထပ်ပစ္စည်းတွေ မပေးနိုင်အောင် ဟန့်စေ တားစေ။ ပိတ်စေ။ ဆို့စေ။ လုပ်တော့တယ်။

ဒါထက်ဆိုးတဲ့အမိန့်က ဒီနေ့ ထောင်ဝင်စာမှာပေးပို့လိုက်တဲ့ ပစ္စည်းထုပ်တွေကို အကျဉ်းသားတွေဆီက ပြန်သိမ်းစေ။ တိုက်တိုင်း အဆောင်တိုင်းကို
ထောင်မှူးတွေနဲ့ ဝါဒါတွေတစ်ပြုံကြီးရောက်လာကြတယ်။ ဘယ်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ ပစ္စည်းထုပ်တွေ။ ပြန်ပေး။ ပြန်ပေး။ အခု ပြန်ပေး။

ကြောက်တဲ့သူတွေ၊ အချင်းမများချင်တဲ့သူတွေ၊ အာခံအံတုမလုပ်ချင်သူတွေက အထုပ်တွေပြန်ပေးလိုက်ကြတယ်။ ကျွန်တော်တို့ တိုက်သုံးက နိုင်ငံရေး အကျဉ်းသားတွေကတော့ နိုးပဲ။ မပေးဘူး။ ဘာဖြစ်လို့ ပေးရမှာလဲ။ ဒါဒို့ပစ္စည်း။ ထောင်ဝင်စာက တရားဝင်သွင်းလာခဲ့တာ။ ခိုးသွင်းတဲ့ပစ္စည်းမဟုတ်ဘူး။ မပေးဘူး။ မပေးဘူး။ မပေးဘူး။

ကျွန်တော်တို့တိုက်မှာ ဒီချုပ်က ဘိုးတော်ခင်ဝင်း၊ ကိုဌေးအောင်၊
ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်၊ ဘကြီးမြတ်ထွန်း၊ လူ့ဘောင်သစ်က ဂျင်မီ၊ ကျောင်းသားက ဘမျိုးသိန်း၊ မောင်မောင်အေး၊ အောင်ဆွေဦး၊
ဗကပက ကိုစိုးမြင့်၊ ကျောင်းသား ဘိုဘိုဦး၊ ကိုကိုကြီး၊ သက်မင်းအောင်၊ ညီနိုင်အောင်တို့ စတဲ့ ဒေါင်ဒေါင်မြည်တွေ တော်တော်များများရှိတယ်။ မပေးဘူးဟေ့ မပေးဘူးကွ။

ကျွန်တော်တို့ဆီကို ပစ္စည်းပြန်လာတောင်းသူက ဦးလှဆိုတဲ့ ထောင်မှူးကုလားကြီး။ အသက်ကြီးပြီ။ ပင်စင်သွားတော့မယ်။ အဘိုးကြီး ငိုမဲ့မဲ့ဖြစ်နေ
ပြီ။ ကြောက်လည်းကြောက်တဲ့ပုံပေါ်နေပြီ။ ပေးပါဗျာ။ ပြန်ပေးကြပါ။ ပေးပါ။ ပေးပါ။ မပေးဘူးဟေ့။ မပေးနိုင်ဘူးကွ။ ဒါဒို့ရဲ့တရားဝင်ပစ္စည်း။ ခိုးသွင်းထားတာ မဟုတ်ဘူး။ သွား... သွား... သွား။

ထောင်မှူးဦးလှနဲ့အဖွဲ့ မလှမပ တပ်ခေါက်ပြန်သွားကြရတယ်။ ကျွန်
တော်တို့ အနိုင်ရလိုက်ကြတယ်။ ဒါပေမဲ့ အဲဒါနောက်ဆုံး စားရသုံးရတဲ့ ဒေါ်စုရဲ့ မေတ္တာလက်ဆောင် ပစ္စည်းတွေပဲ။ နောက်ထပ် မပေါ်လာတော့ဘူး။ ထောင်က တားမြစ်လိုက်ပြီ။ ထောင်းဘူးဝရောက်လာဖို့ဝေးရော အင်းစိန်လမ်းဘေးက ဘားရက်ဂိတ်ဝတောင် မဝင်ရတော့ဘူး။

ဒေါ်စု စကားတည်တယ်။ ကျွန်တော် အပြင်မှာ ရှိနေတုန်းက ဒေါ်စု အမြဲပြောတဲ့စကားရှိတယ်။ ထောင်ထဲဆွဲသွင်းခံရတဲ့သူတိုင်းအတွက် ကွန့်ကွက်မယ်။ စောင့်ရှောက်မယ်။ လွတ်ဖို့တောင်းဆိုမယ်။ လွတ်လာချိန် ဆီးကြိုကူညီမယ်တဲ့။ ကျွန်တော်တို့တွေ ထောင်ထဲရောက်နေချိန်မှာ ဒေါ်စု စောင့်ရှောက်ဖော်ရတယ်။ ဒေါ်စု တာဝန်ကျေတယ်။ ဒေါ်စု ကတိတည်တယ်။

ဘာပဲပြောပြော မမေ့သူရဲ့ မလွတ်သူသို့ ကရုဏာလက်ဆောင်တွေကို
ကာကွယ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲဟာ အောင်ပွဲခံခဲ့တယ်။




▪ စစ်ခွေးပြစ်ဒဏ်တိုက် စစ်ခွေးတရားရုံး

၁၉၉၆ မတ်လ ၂၈ ရက် မွန်းလွဲပိုင်း။

တရားသူကြီး ဦးကျော်ထွန်း တရားခွင်က သုတ်သီးသုတ်ပျာဆင်းသွားတယ်။ အင်းစိန်ထောင်တွင်းက အထူးတရားရုံးဆိုတာရှေ့မှောက်မှာ ကျွန်တော်တို့ ရောက်နေကြတယ်။ နှစ်ဆန်းလောက်ကတည်းကပါ။ တရားသူကြီး ဘယ်သွားတယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။ တရားရုံးရဲ့ နောက်ဘက် လုံးချင်းတိုက်ကလေးရှေ့မှာ ဝိုင်းဖွဲ့စားသောက် ရယ်မောဟားတိုက်နေကြတဲ့ စစ်အရာရှိကြီးတွေရဲ့ ရှေ့မှောက်ကို သွားတာပါ။

မကြာဘူး။ တရားသူကြီး ပြန်လာတယ်။ တရားခွင်စင်မြင့်ပေါ်ကနေ
အမိန့်တော်ထုတ်ပြန်ကြေညာတယ်။ တရားခံတွေအားလုံးကို စီရင်ချက်ချမယ်။ လျှောက်လဲချက် ပေးချင်သူတွေ တစ်ယောက်ချင်း ထပြော။ ဒါပဲ။ ကဲစ။

ကျွန်တော်တို့ တရားခံတွေ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ဘယ်လို ဟာလဲဟ။ တစ်နေ့ (အင်္ဂါနေ့)ကပဲ သင်္ကြန်လွန်ရင် စီရင်ချက်ချမယ်လို့ပြောခဲ့သေးတယ်။ ခုချက်ချင်းပဲ စီရင်ချက်ချမယ် ပြောပြန်ပြီ။ ဘာလုပ်တာလဲ။ ဘယ်လိုဖြစ်တာလဲ။

ဘယ်လိုဖြစ်ရမှာလဲ။ စောစောက တရားသူကြီး တရားခွင်ကဆင်းသွားတယ်လေ။ ရုံးနောက်မှာ ရောက်နေတဲ့ ဗွီအိုင်ပီဝိုင်းကို သွားအမိန့်ခံတယ်လေ။ အဲဒီက ပြောတဲ့အတိုင်း လုပ်တာပေါ့။ တရားခံတွေ တစ်ယောက်တစ်ပေါက်
ပြောပြီး ခေါင်းချင်းရိုက်ကြတယ်။ ဘာတတ်နိုင်မှာလဲ။ လျှောက်လဲစရာရှိ လျှောက်လဲလိုက်ရုံပေါ့။

ကျွန်တော်တို့ လျှောက်လဲကြတယ်။ လျှောက်လဲစရာလည်းများများမရှိပါဘူး။ ဘာအပြစ်မှမရှိတာ။ အပြစ်မရှိဘူး။ မရှိဘူး။ မရှိဘူးပဲ ပြောကြရတာပေါ့။ တစ်ယောက်ဆယ်စက္ကန့်လောက်နဲ့ သုံးလေးမိနစ်အတွင်း လျှောက်လဲ
ချက်ပြီးသွားတယ်။

တရားခံအားလုံး ၂၄ ယောက်ရှိတယ်။ အားလုံးကို အပြစ်ပေးတယ်။

ငါးနှစ်၊ ခုနစ်နှစ်၊ ဆယ့်နှစ်နှစ်။ ၂၄ ယောက်အတွက် စုစုပေါင်း ပြစ်ဒဏ် နှစ်ပေါင်း ၁၇၀ကျော်တယ်။ ကိစ္စပြတ်ရော။

တရားရုံးရောက်လာတဲ့ ဖြစ်စဉ်လေးကို ပြောပြချင်သေးတယ်။

၁၉၉၅ နိုဝင်ဘာလလယ် တစ်ညမှာ ကျွန်တော်တို့တိုက်-၃ ရှေ့က
တိုက်-၄ ကို အရေးပေါ် တလာစီ(ရှာဖွေရေး)တယ်။ ညခုနစ်နာရီလောက်ရှိပြီ။ တစ်ခုခုတော့ ဖြစ်ပြီဆိုတာ ကျွန်တော်တို့ သိလိုက်ကြတယ်။ ဘာတွေဘယ်လို ဖြစ်နေတယ် ဆိုတာတော့ မသိဘူး။

နောက်တစ်နေ့ မနက်လင်းတော့ တိုက်-၃ ကိုလည်း တံခါးမဖွင့်တော့
ဘူး။ မိုးလင်းတာနဲ့ ဝန်ထမ်းတွေရောက်လာပြီး တစ်ခန်းချင်းဖွင့်ရှာတော့တာပဲ။ သတင်းရသွားတဲ့အခန်းတွေအရင်စဖွင့်တယ်။ သဲသဲမဲမဲ ရှာတယ်။ လူတွေကို အခန်းပြင် ထွက်ခိုင်းထားတယ်။ တစ်ခန်းလုံးကို ပေါက်ချွန်းတွေနဲ့ကို ပေါက်ရှာတော့တာ။

ကျွန်တော့်အခန်းမှာ လျှို့ဝှက်တွင်းကြီး တွေ့သွားတယ်။ စာရွက်
စာတမ်းတွေ၊ စာအုပ်တွေ၊ စာစောင်တွေ၊ ပစ္စည်းကိရိယာတွေ တွေ့ သွားတယ်။

တွင်းထဲက သံတူရွင်းတုတ်တုတ်ကြီးတစ်တောင်လောက်ကိုလည်း တွေ့သွားတယ်။ (ဒီသတင်းကိုကြားရတဲ့ စစ်အာဏာရှင် လက်ကိုင်ဘောပင် (လက်ကိုင်တုတ်မဟုတ်) တစ်ချောင်းက အစိုးရသတင်းစာထဲမှာ ဆောင်းပါးရေးတယ်။ အယ်ဒီတာချုပ်ကြီးက ထောင်ဖောက်ဖို့ကြံသတဲ့။ အယ်ဒီတာက သာမန် အယ်ဒီတာမဟုတ်။ ကျွန်တော်မှန်း သိကိုသိအောင် နာမည်မဖော်ရုံတမယ် ဘွင်းဘွင်းကြီး ရေးတယ်။)

အခန်းတွေလည်းရှာပြီးရော တိုက် ၃ က အမရပူရအမတ် ဒေါက်တာ
ဇော်မြင့်မောင်၊ ကန့်ဘလူအမတ်ဒေါက်တာမြင့်နိုင်၊ ကိုဌေးအောင်နဲ့ကျွန်တော်တို့ကို စစ်ခွေးတိုက်ပို့လိုက်တယ်။ (စောစောပိုင်းက ချင်းကိုကိုကြီးကို စစ်ခွေးတိုက် ပို့ထားသေးတယ်။ နောက်တစ်နေ့ကျတော့ တစ်နေရာရွှေ့သွားတယ်။ ဘယ်သူတွေ ဘယ်ငရဲရောက်ကြသလဲ။ မသိ။ ဘယ်ရောက်ရောက် ငရဲဟာ ငရဲပဲ။ ဘယ်သက်သာပါ့မလဲ။)

စစ်ခွေးတိုက်ဆိုတာ ထောင်တွင်းပြစ်ဒဏ်တိုက်တကာမှာ အဆိုးတကာ့ အဆိုးဆုံးတိုက်။ ရက်ရှည်လများ တံခါးမဖွင့်ဘူး။ ထောင်ဝင်စာမရှိဘူး။ အိပ်ရာနေရာ ဖျာမရှိဘူး။ သေး,ချေး ဂန်ဖလားတစ်လုံးတည်းပေးတယ်။ ၂၄ နာရီ မှာတစ်ခါပဲ မိလ္လာသိမ်းတယ်။ နေ့ညပတ်လုံး ချေးသေးရှာလပတ်ရည်နံ့က
မခံနိုင်အောင်ဆိုးတယ်။ ရေမချိုးရဘူး။ တစ်လကြာမှ ရေချိုးခွင့်ပေးတယ်။

ပိဋကတ်ကျမ်းလာ မစင်ဘင်ပုပ် ငရဲမျိုးမှာ ကျွန်တော်တို့ ခြောက်လကျော် ငုတ်တုတ်ခံခဲ့ကြရတယ်။ ထောင်ထဲရောက်စ ၁၉၈၉တုန်းကလည်း စစ်ခွေးရောက်ခဲ့ဘူးလို့ ကျွန်တော့်အဖို့တော့ နှစ်ကြိမ်မြောက် အလည်ရောက်ခြင်း
လို့ပဲ ပြောရမှာပေါ့။

ရုံးတင်တရားမစွဲခင် ကျွန်တော်တို့ကို အကြိမ်ကြိမ် စစ်ကြောရေးခေါ်
တယ်။ ဂျပန်ဖက်ဆစ်ကင်ပေတိုင် စစ်ထောက်လှမ်းရေးတွေလို လက်သည်းခွံ မခွာတာတစ်ခုပဲ။ ကျန်တဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကတော့ အစ္စရေးနည်း၊ ဂျပန်နည်း၊ ရုရှားနည်း၊ ဂျာမနီနည်း၊ အမေရိကန်နည်း၊ အင်္ဂလိပ်နည်း စုံတကာစေ့ရော။ နာတော့ နာတာပေါ့။ ဒါပေမဲ့ မနာဘူးလို့ပဲ စိုင်းထီးဆိုင်သီချင်းသံမျိုးနဲ့ ပြောချင်တယ်။ နာတော့နာတာပေါ့၊ ဒါပေမဲ့ မတွန့်ဘူး၊ မအော်ဘူးလို့ ဒေါ်စု
စကားမျိုးနဲ့ ပြောချင်တယ်။ မနာဘူး။ ဒါပေမဲ့ တုန်တယ် ခိုက်တယ်လို့ပြောရမယ့် ညှင်းပမ်းမှုတစ်မျိုးကိုတော့ အဲဒီအချိန်က ကျွန်တော် ခံခဲ့ရတယ်ဗျာ။

အဲဒါကတော့ ဒီဇင်ဘာလနှင်းတောထဲမှာ ည ၇ နာရီလောက်ကနေ မနက် ၄ နာရီလောက်အထိ အထူးဆောင်စေတီလေးဘေး ငုတ်တုတ်ထိုင်နေခဲ့ရတာပဲ။
ကျွန်တော် ဝတ်ထားတာက ထောင်ဝတ်စုံအင်္ကျီပါး၊ လုံချည်ပါးပဲဆိုတော့ ချမ်းခိုက်ခိုက်တုန်ပေါ့။ ခေါင်းမှာ ခေါင်းစွပ်စွပ်ထားရလို့ နည်းနည်းတော့နွေးတယ်။ တော်ကြာတော့မွန်းတယ်။ လက်က နောက်ပြန်လက်ထိပ်ခတ်ထားလို့ နာတယ်ပေါ့။

ရဲသတင်းထောက်တွေကလည်း ထောက်လှမ်းရေးအမိန့်နဲ့ ကျွန်တော်တို့ရဲ့လက်ရေးနမူနာတွေ ယူတယ်။ ကျွန်တော်တို့ စာတွေကူးရတယ်။ အဲဒီစာက ဘယ်လိုစာလဲ။ မေးမနေနဲ့။ အကြံဆိုးဉာဏ်ဆိုးတွေ စွန်းထင်းနေတဲ့စာပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တိုက်ခိုက်ထားတဲ့ သတင်းဆောင်းပါးတွေကို ကျွန်တော်တို့ လက်ရေးနဲ့ ကူးပေးရတယ်။ ကျွန်တော်တို့ကပဲ ဒေါ်စုကို ဆန့်ကျင်တိုက်ခိုက်သလိုလိုဖြစ်အောင် လုပ်ကြံဖန်တီးတာလေ။

၁၉၉၆ နှစ်ဆန်းလောက်မှာ ရုံးတင်တရားစွဲတယ်။ ပထမဆုံးအကြိမ်
တရားသူကြီးနဲ့တွေ့တော့ ရှေ့နေငှားခွင့်မရသေးတာကို ကျွန်တော်တို့တင်ပြတယ်။ တရားသူကြီးက ရှေ့နေငှားခွင့်ပေးပါတယ်လို့ ပြောတယ်။ ထောင်အာဏာပိုင်တွေထံမှာ တင်ပြပါလို့ ညွှန်ကြားတယ်။

ကျွန်တော်တို့ကပဲ နုံအသလား။ တရားရုံးကပဲ လူလည်လုပ်သလား။ ထောင်ကပဲ တစ်ပတ်ရိုက်သလား။ မသိနိုင်ပါဘူး။ ဒါပေမဲ့ တရားရုံးညွှန်ကြားချက်ကို ထောင်အာဏာပိုင်တွေ တင်ပြတော့ ထောင်က သဘောတူတယ်။

ရှေ့နေငှားပါတဲ့။ ဒါဖြင့် အိမ်နဲ့တွေ့ မယ်၊ ရှေ့နေကိစ္စပြောမယ်ဆိုတော့ ထောက်လှမ်းရေးက ထောင်ဝင်စာတွေပိတ်ထားပါသေးတယ်။ အိမ်နဲ့မတွေ့ ရဘူးတဲ့။

ကျွန်တော်တို့က တရားရုံးကို ပြန်တင်ပြတယ်။ တရားရုံးက ထောင်ကိုလွှဲ၊ ထောင်က ထောက်လှမ်းရေးလွှဲ၊ ထောက်လှမ်းရေးက တရားရုံးလွှဲနဲ့ ကျွန်တော်တို့ တရားခံသာ ဖြစ်သွားရော၊ ထောင်တွေတန်းတွေသာ ကျသွားရော ကျွန်တော်တို့ကိုယ်စားပြု ဘယ်ရှေ့နေ ဘယ်ခေါင်းပေါင်းစမှ မမြင်လိုက်ရဘူး။ မိသားစုနဲ့လည်း မတွေ့ရဘူး။

ရုံးထုတ်မယ့်အချိန်ကျတော့ တရားခံတွေအားလုံးကို သံခြေချင်း ခတ်မယ်တဲ့။ ကျွန်တော်တို့လက်မခံဘူး။ ကန့်ကွက်တယ်။ ငြင်းတယ်။ ဆူတယ်။

နောက်ဆုံးကျမှ တရားခံနှစ်ယောက်တစ်တွဲ လက်ထိပ်တွဲခတ်၊ ထောင်ဝန်ထမ်း တစ်ယောက်က လက်ထိပ်သံကြိုးကိုင်ပြီး ရုံးထွက်ရတယ်။

တရားစွဲတော့ ပုဒ်မတွေကလည်းစုံလို့။ ဘာတွေလဲလို့ ကျွန်တော် မမှတ်မိတော့ဘူး။ အမှုကတော့ နှစ်မှု။ ကုလသမဂ္ဂအတွင်းဝန်ချုပ်ထံကို ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကိစ္စ တိုင်စာပို့တာနဲ့ ရေဒီယိုသွင်းတာ၊ သတင်းစာ, ဂျာနယ်, မဂ္ဂဇင်းစာအုပ်တွေထုတ်တာကို အဓိကထားပြီး တရားစွဲတာက တစ်မှု။ ထောင်တွင်းမှာ နိုင်ငံရေးလှုပ်ရှားမှု လုပ်ဖို့အတွက် ပါတီအဖွဲ့အစည်းပေါင်းစုံ ပူးတွဲလုပ်ငန်းကော်မတီ J.A.C(Joint Action Committee) ဖွဲ့တာကို အဓိကထား တရားစွဲတာက တစ်မှု။ ပထမအမှုမှာ တရားခံစာရင်းဝင်သူတွေက အများစု၊ ဒုတိယအမှုမှာ တရားခံစာရင်းဝင်သူတွေက အနည်းစု၊ နှစ်မှုစလုံးနဲ့ တရားစွဲခံရသူတွေကလည်း အနည်းစု။

ပထမအမှုတရားခံတွေက ထောင်ဒဏ်ခုနစ်နှစ်စီကျတယ်။ ဒုတိယအမှု တရားခံတွေက ထောင်ဒဏ်ငါးနှစ်စီကျတယ်။ နှစ်မှုစလုံး တရားခံတွေက ၁၂
နှစ်စီကျတယ်။ ကျွန်တော်က ပထမအမှုမှာပဲပါတယ်။ ကျွန်တော်မှတ်မိသမျှ
နှစ်မှုစလုံးမှာပါပြီး ထောင် ၁၂ နှစ်ကျသူတွေကတော့ ဂျင်မီ၊ ကိုဇော်မြင့်မောင်၊ ကိုစိုးမြင့်၊ ကိုဘိုဘိုဦး၊ ကိုဘမျိုးသိန်းတို့ပါ။

ကျွန်တော်တို့က ၂၄ ယောက်အမှုတွဲကြီးဆိုတော့ စစ်ချိန်ကြာတာပေါ့။ အများစုက ကျုပ်တို့လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်။ အပြစ်မရှိဘူး။ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျုပ်တို့လက်ပိုက်ကြည့်မနေနိုင်ဘူး။ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ လုပ်ထိုက်တာလုပ်တယ်။ အပြစ်မရှိဘူး။ ကမ္ဘာမှာ တဖြည်းဖြည်း တရားဝင်လုပ်ထုံးတစ်ခုဖြစ်လာတဲ့ “ကာကွယ်ရန်
တာဝန်ရှိ” သဘောတရားတစ်ခုရှိတယ် (R2P, Responsibility to Protect)။

ဒီသဘောတရားကို အာဆီယံပဋိညာဉ်စာချုပ်မှာတောင် အတိအလင်း ထည့်သွင်းပြဌာန်းထားပြီးပြီ။ ဒီကမ္ဘာ့သဘောတရားအတိုင်း ကျုပ်တို့လုပ်သင့် လုပ်ထိုက်တာ လုပ်တယ်။ အပြစ်မရှိဘူး။ ထောင်ထဲမှာ လူလို မနေရဘူး၊ လူလို မအိပ်ရဘူး။ လူလို မစားရဘူး။ လူလို မပြောရဘူး။ လူလို မကြားရဘူး။ လူလို မမြင်ရဘူး။ လူလို မသင်ရဘူး။ ဒါကြောင့် ကျုပ်တို့ လူ့အခွင့်အရေးကို ကျုပ်တို့ ကိုယ်တိုင်သုံးတယ်။ လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်။ အပြစ်မရှိဘူး။

ပြောမယ့်သာပြောတာ။ ကျွဲပါးစောင်းတီး၊ နွားနားတေးဆိုသလိုပါပဲ။

လူလူသူသူ တုံ့ပြန်ချက် ဘာမှမရပါဘူး။ ထောင်ဒဏ်တွေသာ ရခဲ့ပါတယ်။ ဒါကြောင့် တရားခွင်မှာ ကျွန်တော် ဘာမှလေကုန်ခံပြီး မပြောဘူး၊ ကိုယ်တိုင် စစ်ချက်ထွက်ဆိုချိန်မှာ လက်နှိပ်စက်စာမျက်နှာ ၂၆ မျက်နှာ ထွက်ဆိုခဲ့တာ တစ်ခုပဲလုပ်တယ်။ အယူခံလည်းမဝင်ဘူး။ ပြင်ဆင်ချက်လည်း မလျှောက်ဘူး။ ကျွန်တော်တို့အားလုံး တစ်သဘောတည်းပါပဲ။

လူငယ်တွေကတော့ ပေါက်ကွဲကြတာပေါ့။ တရားဥပဒေစိုးမိုးမှုဆိုတာ ဘယ်မှာလဲ။ တရားမျှတမှုဆိုတာ ရှိသေးရဲ့လား။ စစ်ဗိုလ်တွေခိုင်းတိုင်း လုပ်တာ တရားဥပဒေလား။ တရားမျှတမှုလား။ တရားစီရင်ရေးလား။

ဒို့လုပ်တာဟာ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးအသိ၊ နိုင်ငံရေးတာဝန်နဲ့ လုပ်တာ။ ဒီလုပ်ငန်းကြီးတစ်ခုလုံးဟာ နိုင်ငံရေးတိုက်ပွဲပဲ။ ဒီတိုက်ပွဲအတွက် ဒို့ထောင်ထဲဝင်ရတာ ဆန်းသလား။ ဘာဖြစ်ရမှာလဲ။ အရေးမစိုက်ပါဘူး။ ဒါပေမဲ့ ဘယ်မှာလဲ တရားဥပဒေစိုးမိုးရေး၊ ဘယ်မှာလဲ တရားမျှတတဲ့ တရားစီရင်ရေး၊ ဘယ်မှာလဲ ဥပဒေနဲ့အညီ တရားစီရင်မှု။

ဟေ့ ဒို့က စစ်ခွေးပြစ်ဒဏ်တိုက်ရောက်နေပေမဲ့ စစ်ခွေးအကျဉ်းသား မဟုတ်ဘူးကွ။ ဒီတရားရုံးသာ စစ်ခွေးတရားရုံး။ ဒီတရားသူကြီးသာ စစ်ခွေး တရားသူကြီး။ စစ်ခွေးအကျဉ်းသား နိုး၊ စစ်ခွေးတရားသူကြီး ဂိုး။ နိုး နိုး နိုး - ဂိုး ဂိုး ဂိုး။

ကျွန်တော်ကတော့ ကဗျာကလေးတစ်ပုဒ်နဲ့ စိတ်ဖြေတယ်။ ကဗျာ တစ်ပုဒ်လုံးကို အမှတ်မရတော့ပါဘူး။ မေ့ကုန်ပြီ။ တရားစွဲမခံရသေးပေမဲ့ စစ်ခွေးတိုက် အပို့ခံရတဲ့ တိုက် ၁ က ဒေါက်တာခင်ဇော်ဝင်းက ကျွန်တော့်ကဗျာတစ်ပုဒ်လုံးကို အင်္ဂလိပ်လိုဘာသာပြန်တယ်။ အခန်းနီးချင်းတွေကိုဖတ်ပြတယ်။ အဲဒီကဗျာထဲက ကျွန်တော် မှတ်မိသေးတဲ့ စာကြောင်းကလေးကတော့

”… ... ... ...

... ... ... ... 

အို တိုက်ပွဲပျော်

နှစ်ဒါဇင်တို့

ဝင်အုန်း ထောင်ထဲ”

▪ ရွှေပေလွှာ ပျံကာဝဲ

ဘိုးတော်ခင်ဝင်း အသံကို ကျွန်တော် စကြားဘူးတာ ၁၉၉ဝ လောက်ကပါ။ အဲဒီအချိန်က ကျွန်တော်ရှိနေတဲ့ အထူးဆောင်ကို သူရောက်လာတယ်။ စကားတွေအော်ပြောတယ်။

အထူးဆောင်မှာ ကျွန်တော်တို့လူစုရောက်နေတာ သုံးလေးလရှိပြီ။ ကျွန်တော်တို့လူစုဆိုတာ ရှစ်လေးလုံးကာလရဲ့ နာမည်ကျော် ကွန်မြူနစ် ယူဂျီ ကိုသက်ခိုင်၊ ဦးလေးကြီးကိုတင်အောင်၊ ပီကျူ(ပြည်သူ့တိုးတက်ရေးပါတီ) ကိုခင်မောင်မြင့်၊ မြို့နယ်ခန်းမ ဗုံးခွဲကရင် ဗိုလ်မှူးကိုကိုအောင်တို့လူစုပါ။ ကျွန်တော်တို့လူစု စကားဖောင်ဖောင် မပြောဖြစ်ကြပါ။ အမြဲတမ်း သံတံခါးပိတ်၊ သစ်သားတံခါးပိတ် ခံနေကြရတယ်။ စကား ပြောရခက်တယ်။

သံတံခါးအပြင်ထွက်ပြီး ရှေ့ကွက်လပ်ခန်းထွက်ခွင့်ရရင် စကားပြောရတာ နည်းနည်း ပိုလွယ်တယ်။ အော်လို့ကြားပါတယ်။ အခန်းထဲက အော်ရတော့
မကြားတကြား လူမောစိတ်မောဖြစ်နေတယ်။

အဲဒီလိုအချိန်မှာ ဘိုးတော်ခင်ဝင်း ရောက်လာတယ်။ အဲဒီအချိန်ကစပြီး သူ့စကားပြောသံတွေ၊ သီချင်းသံတွေ၊ ဘုရားရှိခိုးသံတွေကို ကျယ်ကျယ်လှိုင်လှိုင်ကြီး ကြားလာရပါတယ်။

ဘိုးတော်ခင်ဝင်းက အတော်စုံတဲ့လူ။ နိုင်ငံရေးလည်းလုပ်တယ်။ အနုပညာလည်း လုပ်တယ်။ လူမှုရေးလည်း လုပ်တယ်။ ဘာသာရေးလည်း လုပ်တယ်။ အားကစားလည်း လုပ်တယ်။ လက်သိပ်ထိုး ခြေပုန်းခုတ်အလုပ်တွေလည်း လုပ်တယ်။

လက်သိပ်ထိုး ခြေပုန်းခုတ်အလုပ်တွေ သူဘယ်လောက် အားသန်တယ်ဆိုတာ ၁၉၉၁ နှစ်ကုန်ပိုင်းလောက်မှ ကျွန်တော် သိခွင့်ရလာတယ်။ အဲဒီအချိန်မှာ ကျွန်တော် တိုက်-၃ ကို ပြောင်းလာရတယ်။ ဘိုးတော်က အဲဒီတိုက်မှာ
ရောက်နေပြီ။ သူနဲ့ကျွန်တော် အခန်း-၃ နဲ့ အခန်း-၄ မှာ ဘေးချင်းကပ်နေရတယ်။ သူ့ဘုရားရှိခိုးသံကို မနက်တိုင်းကြားရတယ်။ သူ့သီချင်းသံကို ညတိုင်း ကြားရတယ်။ သူ့စာမေးသံတွေ၊ နိုင်ငံရေးစကားတွေကို တစ်နေ့လုံးကြားရ
တယ်။

စောစောက ပြောခဲ့သလို သူကအစုံလုပ်တဲ့လူ ပါတီဝင်တာတောင် အစုံဝင်တယ်။ ဒီချုပ်မှာလည်း သူက မြို့နယ်ဒုတိယဥက္ကဋ္ဌ၊ သွေးသစ်ပါတီ ဆိုတာမှာလည်း သူက တည်ထောင်သူ ဥက္ကဋ္ဌ၊ ကွန်မြူနစ်ပါတီနဲ့လည်း ဆက်လိုက်သေး။ ပီကျူနဲ့လည်း ငြိလိုက်သေး။ ကျောင်းသားနဲ့လည်း တွဲလိုက်သေး။ တောခို မြေလျှိုး ယူဂျီအမျိုးမျိုးနဲ့လည်း ချိတ်လိုက်သေး။ စုံရော။

သူ့ရဲ့ နိုင်ငံရေးစွန့်စားခန်းတွေ၊ နိုင်ငံရေး ခြေစကြာဖြန့်မှုတွေ၊ အချစ်ဇာတ်လမ်းတွေ၊ တောတွင်း ဇာတ်ကြမ်းတွေဆိုတာလည်း မကြားချင်အဆုံး ကြားနေရ။ ပြီးတော့ သူစပ် သူဆိုခဲ့တဲ့ ဇီဇဝါရိပ်မြိုင်လို၊ စမ်းရေလို၊ ဂန္ထဝင်သီချင်းကြီးတွေလိုမျိုးကလည်း မကြားချင်အဆုံး ကြားနေရ။

တစ်နေ့တော့ သူ့ဆီကစာရွက်တစ်ရွက်ရတယ်။ တိုက်-၆ မှာ ရောက်နေတဲ့ ကွန်မြူနစ် ယူဂျီဆီကစာ။ သူကမေးလို့ ဟိုလူကပြန်ရေးတဲ့စာ။ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းရဲ့ “ဒီမိုကရေစီသစ်ကျမ်း” ကို စာရွက် သုံးလေးငါးရွက်နဲ့ အနှစ်ချုပ်ထားတာ။ သူကိုယ်တိုင်လည်း နိုင်ငံရေးဝါဒတွေ၊ နိုင်ငံရေးသတင်းတွေ၊ နိုင်ငံရေးချိတ်တွေကို စာနဲ့ပေနဲ့ရေးပြီး ပလူပျံအောင် ဝေတယ်။ ဖြန့်တယ်။ နိုင်ငံရေး ရွှေပေလွှာတွေ ထောင်တွင်း ထောင်ပြင်
မိုးလုံးမှိုင်းအောင် စုန်ကာဆန်ကာ ပလူပျံအောင် သူလုပ်တယ်။

တဖြည်းဖြည်းနဲ့ ဘိုးတော်လုပ်ဟန်တွေက လူငယ်တွေကြားမှာ
တာစားလာတယ်။ လူငယ်တွေက သူ့ကိုအထင်မကြီးပါဘူးလို့ ကျွန်တော် ပြောနိုင်မယ် ထင်တယ်။ ဒါပေမဲ့ လူငယ်တွေက သူ့ကို သဘောကျတယ်။ ဒါကိုပြော
နိုင်တယ်။ သူက လူတိုင်းနဲ့ရောနိုင်တယ်။ လူတိုင်းကိစ္စကို အူလှိုက်သည်းလှိုက် လုပ်ပေးတယ်။ အလုပ်အကျွေးပြုတယ်ဆိုတဲ့ နိုင်ငံရေးစကားမျိုးနဲ့ သတ်မှတ်
ရလောက်အောင် အောက်ခြေသိမ်း လုပ်တယ်။ ယုတ်စွအဆုံး ဝန်ထမ်းရဲ့ အင်္ကျီပြဲ ချုပ်ပေးတယ်။ ဘောင်းဘီပြဲ ဖာပေးတယ်။ ဖိနပ်စုတ်တောင် ပြင်ပေးမယ် ပြောတာ။ ပစ္စည်းပစ္စယကိရိယာ မရှိလို့သာတဲ့။ လူတိုင်းက သူ့နည်းသူ့ဟန် အတိုင်း သူ့ကိုကူညီမှုနဲ့ တုံ့ပြန်ကြတယ်။

ဘိုးတော်လုပ်နည်းအတိုင်း လုပ်လာကြတော့ တိုက်ဝင်းအတွင်းမှာ ရွှေပေလွှာတွေ ပလူပျံလာကြတယ်။ တစ်ဦးချင်းစီကလည်း စာရေးစာပို့ စာဖြန့်စာကမ်းလုပ်တယ်။ အဖွဲ့အစည်းတွေကလည်း ဒီလိုပဲလုပ်ကြတယ်။ သိစရာတွေ၊ ကြားစရာတွေ အများကြီး သိလာရ၊ ကြားလာရတယ်။ နိုးကြားမှုတွေ၊ ထက်သန်မှုတွေ၊ သွေးပူမှုတွေ ထုနဲ့ထည်နဲ့ ပေါ်ထွက်လာတယ်။ နိုင်ငံရေး စည်းရုံးမှုအတွက် ရေခံမြေခံကောင်းတွေကို အကျယ်အပြန့်ဖော်နိုင်လာတယ်။

ဘိုးတော်တို့ ကျွန်တော်တို့နေတဲ့ အခန်းလေးငါးခြောက်ခန်းမှာနောက်ဘက် ပြတင်းပေါက်ရှိတယ်။ (၁၉၉၅ နောက်ပိုင်းမှာ ကျွန်တော်တို့ စစ်ခွေးတိုက် ပို့ခံရပြီးနောက်တော့ ပြတင်းပေါက်တွေ ပိတ်ပစ်လိုက်တယ်လို့ သိရတယ်။) အခန်းထဲ အညောင်းပြေ လမ်းလျှောက်ရင်း ရှေ့သံတံခါးပေါက်ကဖြစ်ဖြစ် နောက်ပြတင်းသံတိုင်ကြားကဖြစ်ဖြစ် ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ဝန်ထမ်းတစ်ယောက်ယောက်၊ အမြဲဆင်းတစ်ယောက်ယောက်နဲ့ ဘိုးတော်
စကားတွတ်ထိုးနေပြီ။ ဘိုးတော်ပစ္စည်း အပေးအယူလုပ်နေပြီ။

သူ့လုပ်ပုံကိုင်ပုံတွေကို နားစွင့်ရင်း၊ ငေးကြည့်ရင်း ကျွန်တော်အတွေး
ပေါ်တာ တစ်ခုရှိတယ်။

ဘိုးတော်ဟာ နိုင်ငံရေးသမားစစ်စစ် ဟုတ်ချင်မှဟုတ်မယ်။ တက်ကြွ လှုပ်ရှားသူ (Activist) ဒေါင်ဒေါင်မြည် ဟုတ်တာတော့ သေချာတယ်။ ထောင်လို အချုပ်အချယ် ဖိနှိပ်အားကြီးပြင်းထန်တဲ့ နေရာမျိုးမှာ နိုင်ငံရေးသမားထက်
တက်ကြွလှုပ်ရှားသူက ပိုလှုပ်နိုင်ပါလား။ ပိုတိုးနိုင်ပါကလား။ ပိုနှက်နိုင်ပါကလား။ ပိုဖောက်နိုင်ပါကလား။

စစ်အာဏာရှင်တွေရဲ့ ချုပ်ချယ်မှု၊ ဖိနှိပ်မှု၊ နင်းချေမှုတွေကြောင့် အပြင်လောကမှာ မလှုပ်သာမရှားသာ ပိပြားဝပ်ဆင်းနေကြရတယ်။ ဒီလိုပတ်ဝန်းကျင်မှာ တက်ကြွလှုပ်ရှား အင်အားစုတွေက ပါတီတွေ၊ အဖွဲ့အစည်းတွေထက်
ပိုဖောက်ထွင်း ပိုထိုးနှက် ပိုလှုပ်ရှားနိုင်ကြမှာ သေချာတယ်။ ပါတီအဖွဲ့အစည်းတွေက ကိုယ့်မူဝါဒတွေ၊ ကိုယ့်လုပ်ငန်းစဉ်တွေနဲ့ လှုပ်ရှားကြတယ်ပေါ့။ ဒါပေမဲ့ တက်ကြွလှုပ်ရှားသူ အင်အားစုတွေရဲ့ အခန်းကဏ္ဍကို အရေးထားရကောင်းမှန်း၊ အလေးဂရုပြုရကောင်းမှန်း သိဖို့ အလွန်လိုလိမ့်မယ်။ ပါတီအဖွဲ့အစည်းဟာ တက်ကြွလှုပ်ရှား အင်အားစုတွေရဲ့ အရေးပါမှုကို သိမှတ်လေးစားသလို အားပေးဖေးမမှုလည်း ပြုရပေလိမ့်မယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ ပါတီအဖွဲ့အစည်းမဟုတ်လို့ မူဝါဒ
စည်းမျဉ်းစည်းကမ်း၊ လုပ်ငန်းလမ်းစဉ်တွေ အတိအကျ အခိုင်အမာရှိကောင်းမှ ရှိပေမှာပေါ့။ သူတို့အဖို့ ယုံကြည်ခံယူချက်ရှိရင် လုံလောက်ပြီ။ ဦးတည်
ရည်မှန်းချက်ရှိရင် ပြည့်စုံပြီ။ တစ်စုတစ်ဖွဲ့ချင်း လှုပ်ရှားတယ်ဆိုပေမဲ့ အခြား အစုအဖွဲ့တွေနဲ့လည်း အခြေအနေ၊ အကြောင်းကိစ္စ၊ အရေးအရာပေါ်ရင် တွဲသွားနိုင်ရမှာပဲပေါ့။

တက္ကသိုလ်တုန်းက အင်္ဂလိပ်ဂန္ထဝင်စာရေးဆရာကြီး ဂျွန်နသန်ဆွစ်ဖ်ရဲ့ “ဂါးလီဗား ထရဲဗဲလ်စ် (Gulliver's Travels)” ဆိုတဲ့စာအုပ် သင်ဖူးတယ်။ ငလက်မ
လီလီပွတ် (Lilliput) တွေရဲ့ တိုင်းပြည်ရောက်သွားတဲ့ ဂါးလီဗားဟာ ဘီလူးကြီးအရွယ် ဖြစ်နေတယ်။ ငလက်မ လီလီပွတ်တွေက တစ်ယောက်ချင်း တစ်စုချင်း ရောက်ရာနေရာက ပေါ်ရာအလုပ်၊ ကျရာတာဝန်ကို မဆုတ်မရွံ့၊ မတွန့်မရှောင် လုပ်ကြတယ်။ လူ့ဘီလူးကြီးဂါလီဗားကို လက်ရဖမ်းလိုက်နိုင်ကြတယ်။

တက်ကြွလှုပ်ရှား အင်အားစုတွေဟာလည်း ရောက်ရာနေရာက ပေါ်ရာ အလုပ်ကို မကြောက်မရွံ့၊ မတွန့်မဆုတ် လုပ်သွားကြရင် စစ်အာဏာရှင် ဂါလီဗား(လူ့ဘီလူးကြီး)ကို လီလီပွတ်ပြည်သူတွေ အစွယ်ချိုးနိုင်မှာ မုချပါ။

ပါတီအဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူ အင်အားစုတွေ ဟန်ချက်ညီညီ လက်တွဲညီညီ လုပ်သွားနိုင်အောင် အားထုတ်ကြရမှာပဲ။ 

အင်းစိန်ထောင်ထဲမှာ ပါတီအဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှား အင်အားစုတွေ စိတ်ညီလက်ညီလက်တွဲနိုင်ခဲ့ကြတယ်။ အောင်ပွဲခံ အောင်လံတွေ ထူနိုင်ခဲ့ကြတယ်။

ဘိုးတော်ခင်ဝင်းရဲ့ လုပ်နည်းလုပ်ဟန်တွေဟာ မူလကတည်းက တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဘိုဘိုဦးတို့၊ ဘမျိုးသိမ်းတို့၊ ကျော်ထွေးတို့၊ ကိုကိုကြီးတို့၊ ညီနိုင်အောင်တို့၊ သက်မင်းအောင်တို့၊ အောင်ဆွေဦးတို့၊ မောင်မောင်အေးတို့လို လူငယ်တွေကို အားသစ် မာန်သစ် ဉာဏ်သစ် လောင်းနိုင်ခဲ့တယ်။ စံနမူနာကောင်းတွေ ဖြစ်ခဲ့တယ်။

ကျွန်တော် ထောင်ထဲရှိနေတုန်းမှာပဲ ဘိုးတော်ခင်ဝင်းလွတ်သွားတယ်။ ကျွန်တော် ထောင်မလွတ်ခင်မှာပဲ ဘိုးတော်ခင်ဝင်း ထောင်ထဲပြန်ဝင်တယ်။ စိတ်မကောင်းဘူး။ ကိစ္စတော့မရှိပါဘူး။ တက်ကြွလှုပ်ရှားနေတဲ့သူ ဘယ်မှာ
အနှိပ်အကွပ် အနှောင်အဖွဲ့ က လွတ်နိုင်မှာလဲ။ ပြည်သူ့အကျိုးအတွက် လုပ်တာ၊ ပြည်သူ့အကျိုးဖြစ်ထွန်းတန်သလောက် ဖြစ်ထွန်းရင် ပြီးရောပေါ့။

တက်ကြွလှုပ်ရှားသူတွေကို ပြည်သူက သိချင်မှသိမယ်။ အမှတ်ပြုချင်မှ ပြုမယ်။ ကိစ္စမရှိပါဘူး။ ပြည်သူသိဖို့၊ အသိအမှတ်ပြုဖို့၊ သမိုင်းမော်ကွန်းထိုးဖို့ လုပ်တာမှမဟုတ်တာ။ ပြည်သူအကျိုး ဖြစ်ထွန်းရင် ပြီးရောပေါ့။ သူတို့ ကျေနပ်လိမ့်မယ်။ ပြည်သူ့ရန်စွယ်တွေ ကျိုးရင်တော်ပြီပေါ့။ သူတို့ကျေနပ်လိမ့်မယ်။

တက်ကြွလှုပ်ရှားသူတွေဟာ မာန်သမားတွေပဲ။ ဉာဏ်သမား နိုင်ငံရေး ခေါင်းဆောင်တွေ စင်မြင့်ပေါ်မှာ မောက်ကြွားလိမ့်မယ်။ မီဒီယာတွေမှာ ကျော်ဟိန်းလိမ့်မယ်။ သမိုင်းမှာ မော်ကွန်းဝင်လိမ့်မယ်။ မာန်သမားတွေက
အညတြအရေးတော်ပုံ တပ်သားတွေအဖြစ်နဲ့ လူမသိ သူမသိ သမိုင်းရင်ခွင် ဝင်ရလိမ့်မယ်။ သမိုင်းအောက်ခြေမှတ်စု (Foot note) အဖြစ် အက္ခရာတင်ခံရကောင်း ခံရလိမ့်မယ်။

ဒုတိယလွတ်လပ်ရေးအောင်ပွဲဟာ သူတို့ရဲ့ပန်းတိုင်၊ အာဏာရှင်ပြိုကွဲ
ပျက်သုံးရေးဟာ သူတို့ရဲ့ ရည်မှန်းချက်၊ စစ်မှန်သော ပြည်ထောင်စု တည်ထွန်းရေးဟာ သူတို့ရဲ့ခရီးဆုံး။ ဒီပန်းတိုင်၊ ဒီရည်မှန်းချက်၊ ဒီခရီးဆုံးကိုရောက်ပြီဆိုရင် သူတို့ကျေနပ်ပြီ။ ပန်းကုံးစွပ်သူမရှိလည်း သူတို့အဖို့ အရေးမကြီးပါဘူး။ တမှေးစက်နားဖို့ ကောက်ရိုးခင်းပေးသူရှိရင် သူတို့ကျေနပ်ပြီ။

ထောင်ထဲမှာ အားပြည့်မာန်ပြည့် အကျိုးရှိရှိ လှုပ်ရှားခဲ့တဲ့ လူတစ်
ယောက်အကြောင်း ကျွန်တော် သတိတရ လေးလေးစားစားရေးပြပါတယ်။

ဘိုးတော်ခင်ဝင်းအကြောင်း တစ်ခန်းမရပ်ခင် သတိရတာလေးတစ်ခုလည်း ကျွန်တော် ပြောပြချင်သေးတယ်။

ဘိုးတော်ခင်ဝင်းက သူရသမျှ သူ့ထောင်ဝင်စာကို နေ့မကျော် အကုန် ဝေပစ်တယ်။ သူများကျွေးသမျှ အကုန်စားတယ်။ နိုင်ငံရေးအကျဉ်းသားတွေက သူ့ကို မပြတ်ကျွေးကြ ပေးကြတယ်။ သူနဲ့ ကျွန်တော် အခန်းချင်းကပ်နေတော့ ကျွန်တော့်ဆီပို့သမျှကို အခန်းမှားလို့များ သူ့ဆီမရောက်လေနဲ့။ အကုန်ဝါးပစ်လိုက်ပြီ။

ကျွန်တော့်ကို ထောင်ကျဖော်အချို့ က ဘိုးတော်လို့ခေါ်တယ်။ မန္တလေးစကားနဲ့ခေါ်တာ။ မန္တလေးသားတွေက သူတို့လေးစားရသူတွေကို ဘိုးတော်လို့ ခေါ်တယ်။ ကျွန်တော့်ဆီကို စားစရာပို့တယ်။ အမြဲဆင်းလုပ်သားတွေကို
ဘိုးတော်ဆီ ပေးလိုက်ပါလို့ ပြောတယ်။ အမြဲဆင်းတွေက ကျွန်တော့်ကို ဘိုးတော်လို့ခေါ်မှန်းမသိ။ ဘိုးတော်ခင်ဝင်းကိုပဲ ဘိုးတော်ခေါ်မှန်းသိကြတာ။

ဒါနဲ့ ကျွန်တော့်ဆီပေးသမျှ စားစရာသောက်စရာကို ဘိုးတော်ခင်ဝင်း အခန်းကိုပဲ ပို့ကြတယ်ပေါ့။

ဘိုးတော်က အချိန်မဆိုင်းဘူး။ အကုန်စားပစ် ဝါးပစ်တယ်။ ပြီးတော့ ပြောသေးတယ်။

“ဆရာရေ ထောင်ဆိုတာ နေ့မြင်ညပျောက်ဗျ၊ ကျွန်တော့်တော့ စားစရာ ရောက်လာရင် အကုန်စားပစ်တာပဲ”

ဘိုးတော်အကြောင်း ဆက်ပြောပြချင်တာလေးတွေ ရှိပါသေးတယ်။

ဒီနှစ်ပြည်ထောင်စုနေ့လောက်မှာ ထင်ရဲ့။ ကျွန်တော့်ဆီ ဘိုးတော်ရဲ့
သတင်းရောက်လာတယ်။ ဘိုးတော်ခင်ဝင်းတစ်ယောက် လေဖြတ်သွားတယ်။ အင်းစိန်ဆေးရုံ တင်ထားရတယ်။ မျက်စိတစ်ဖက်ပိတ်၊ ပါးတစ်ခြမ်းရွဲ့၊ လျှာတစ်ခြမ်း ကပ်သွားသတဲ့။ သူ့ကိုကူညီဖို့ ပြင်ပရဲဘော်တွေက ချက်ချင်းလုပ်ကြပါတယ်။

ဒီချုပ် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်းနိုင်း ဘိုးတော်ဆီရောက်သွားတယ်။ စားစရာတွေ၊ ဆေးဝါးပစ္စည်းတွေ ဝယ်ပေးခဲ့တယ်။ ဦးနိုင်းနိုင်းက ဘိုးတော်အကြောင်း ကျွန်တော့်ကို ပြောတော့ ကျွန်တော် သတင်းစုံသိနေပြီ။ ထောင်မျက်စိ၊ ထောင်နား၊ ထောင်ခြေထောင်လက်လို နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဝေယျာဝစ္စကို အောက်ခြေသိမ်းဆောင်ရွက်ပေးနေတဲ့ ထောင်အကျိုးဆောင်ကြီး ကိုမင်းဆွေဆီ လုပ်သင့်လုပ်ထိုက်တာတွေ အားလုံးလုပ်ပေးဖို့ ကျွန်တော် စကားပါးပြီးပြီ။ သူ့ဇနီးရှိရာ ပုတီးကုန်းကို လူလွှတ်ခေါ်ပြီးပြီ။ သူ့အတွက်ဆေးဝါး၊ စားစရာတွေပို့ပြီးပြီ။ အသုံးစရိတ်ငွေသွင်းဖို့ စီမံပြီးပြီ။

“အဘကိုလည်း တွေ့ချင်တယ် ပြောတယ်။ မိတ်ဆွေတွေအားလုံးကိုလည်း တမ်းတနေတယ်။ ကျွန်တော့်အခန်းထဲက ထွက်လာတော့တောင် စကားမပီတပီ လှမ်းအော်နေတုန်းပဲ”

“အေးပေါ့ဗျာ... သူလည်းလူတွေကို တွေ့ချင်နေမှာပေါ့”

“သူက သန်တုန်းမာတုန်း အဘရေ။ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်တာ ကျွန်တော့်လက်ဝါးတွေ ကြေကုန်ပလားထင်ရတယ်”

ဘိုးတော်ဆီကို ကျွန်တော် မရောက်လိုက်ပါ။ ကျွန်တော်ကလည်း “ထတပေါင်ကျိုင်း” ဖြစ်နေပါတယ်။ ဒီစကားလုံးက ကျွန်တော်တို့ချင်း ရယ်စရာ ပြောတဲ့ ဝေါဟာရပါ။ “ထောင်တပိုင်းကျ” လို့ ပြောတာပါ။ ဟုတ်ပါတယ်။

ကျွန်တော် သွားလေရာ “ဘုတ်ကောင်” တွေက တလှေကြီး။ မျက်စိအောက်က အပျောက်မခံပါ။ ဘုတ်ကောင်ဆိုတာကလဲ ရယ်စရာစကားလုံးပါပဲ။ မော်တော်ဆိုင်ကယ် တဘုတ်ဘုတ်နဲ့ ကျွန်တော့်ကို လိုက်ကြည့်၊ လိုက်စောင့်၊ လိုက်မေး လုပ်နေတဲ့ ရဲသတင်းထောက်လှမ်းရေး မော်တော်ဆိုင်ကယ်သမားတွေကိုပြောတာပါ။

ဘိုးတော်ရှိရာ အင်းစိန်ဆေးရုံကို ကျွန်တော်သွားရင် ကျွန်တော်ပြန်တာနဲ့ ဘိုးတော်အင်းစိန်ထောင်ထဲ ပြန်ရောက်သွားပြီ မှတ်ကရော့။

ဘယ်သူက ဘယ်သူ့ကို မှတ်ကရော့ ပြောရမယ်မသိပါ။ ကျွန်တော် အင်းစိန်ဆေးရုံ မသွားလိုက်ရဘဲ ဘိုးတော်တစ်ယောက် အင်းစိန်ဓာတ်ခန်း ပြန်လည် စံမြန်းသွားပါတယ်။ ဘိုးတော်သတင်း မီဒီယာမှာ သံပြိုင်ပါလာလို့တဲ့။ ထင်ကြေးပေးသူက ပေးကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံသူ မစ္စတာ တောမတ်စ်အိုဟေးကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ
ခရီးစဉ်နဲ့ တိုက်နေလို့တဲ့။ ကောက်ချက်ချသူက ချကြပါတယ်။

ဘာကြောင့်မှ မဟုတ်ဘူးဗျို့။ ဘယ်နိုင်ငံရေးအကျဉ်းသားကိုမှ ဆေးပတ်လည်အောင် ကုသမပေးတဲ့ ထောင်ပေါ်လစီကြောင့်လို့ ကျွန်တော်ပြောချင်တယ်။ အဲဒါကြောင့် ပြန်ပို့တာ။ ကျွန်တော်ကိုယ်တိုင် ဒါမျိုးတွေကြုံပေါင်းများပြီ။ ရိုးနေအောင်ခံရဘူးပါတယ်ဗျာ။

ကျွန်တော် အူကျရောဂါ ခွဲစိတ်ဘူးတယ်။ ခွဲစိတ်ဒဏ်ရာ ပြည်စိုသွေးစိုနဲ့ ဆေးရုံက ဆင်းခဲ့ဘူးတယ်။ ထောင်တွင်းဆေးရုံက ကျွန်တော်ဆွဲချခံရဘူးတယ်။ ကိုယ်ပူ ခေါင်းပူ ဖျားရက်တန်းလန်း။ နှလုံးရောဂါ စမ်းသပ်မှုတွေလုပ်ပြီးစအချိန် ဆေးတောင်မကုရသေးဘူး။ ရန်ကုန်ဆေးရုံကြီးက ကျွန်တော်ပြန်ခဲ့ရဘူးတယ်။ ဒါမျိုးတွေ ပြန်ပြောပြနေရင် ပြောမဆုံးပေါင် တောသုံးတောင်ပါပဲဗျာ။

ဖေဖော်ဝါရီလလယ်လောက်မှာ ဘိုးတော်ဇနီး ကျွန်တော့်ကို လာတွေ့တယ်။ ကူညီတန်တာ ကူညီရပြန်တယ်။ ပါးစပ်က ကူညီလိုက်တာကတော့ “အမေကမွေး ထောင်ကကျွေး၊ ဘိုးတော်ရဲ့ သွေး ဆိုတဲ့စကား ကြားဘူးရဲ့ မဟုတ်လား။ ထောင်ကမကျွေးလည်း ထောင်ကျရဲဘော်တိုင်းက သူ့ကိုကျွေးမှာပဲ။ ဘိုးတော် ဘယ်တော့မှ သွေးကြောင်မှာ မဟုတ်ဘူး။ ဘာမှမစိုးရိမ်နဲ့”

သူ့ဇနီးက စကားပြန်သွားတယ်။

“ဆရာရယ်။ သူနဲ့ပေါင်းလာတာ နှစ်လေးဆယ်နီးပြီ။ ထောင်ဝင်စာ ပို့ရတာလည်း နှစ်လေးဆယ်နီးပါပြီရှင်” တဲ့။

မှန်ပေသပေါ့။ ဘိုးတော်သွေးလိုနီတဲ့ ဘိုး-ကတော့သွေးလည်း နီပါ
သေးသလေ။ သူလည်း “နိုင်ငံရေးကတော်” တစ်ယောက် မဟုတ်လား။

▪ တေးတိုက်ပွဲ

၁၉၉၁ သီတင်းကျွတ် တန်ဆောင်မုန်းလ။ ငွေလမင်းက ရောင်ခြည်လဲ့လဲ့ ပက်ဖျန်းနေတယ်။

အထူးဆောင်(ထောက်လှမ်းရေးစခန်းဆောင်)မှာ တေးသံတွေမြိုင်နေတယ်။

“အားရပျော်ရွှင်
တေးမှော်ဝင်သော်
တေးပင်တေးသီး
မြိုင်မြိုင်သီးအောင်
ဖန်တီးစီရင်...”

တေးသံတွေကြားမှာ ကျွန်တော် မိန်းမောနေတယ်။ ရင်ထဲမှာလည်း
ကဗျာဆရာတင်မိုးရဲ့ “ကဗျာဖန်တီးသူ” ဆိုတဲ့ ကဗျာထဲက စာတစ်ပိုဒ်ကို အမှတ်ရနေတယ်။ တစိမ့်စိမ့်တွေးနေမိတယ်။

လသာပေမဲ့ အထူးဆောင်သစ်တောအုပ်ထဲကို ရွှန်းလဲ့လရောင်မတိုးနိုင်ဘူး။ ကျွန်တော်တို့အားလုံး “တေးမှော်ဝင်” နေကြတယ်။ တေးသံကနီးလာလိုက်၊ ဝေးသွားလိုက်။ ငွေလရောင် ပျောက်တိပျောက်ကြားမှာ တေးသွားတွေ ရက်ကန်းယှက်နေကြတယ်။ ရွှေခြည်ငွေခြည်တန်းပါလို့ ရက်ကန်းခုံစင် ကန်းခုံစင် ဆိုသလို တေးသံနဲ့ ငွေလရောင် ရွှေခြည်ငွေခြည်တန်းနေကြတယ်။

နီးတဲ့တေးသံက ကိုခင်မောင်မြင့်ဆိုတာ။ သူ အခန်း-၅ ရောက်နေ
တယ်။ ကိုခင်မောင်မြင့်က ပြည်သူ့တိုးတက်ရေးပါတီ(ပီကျူ)ရဲ့ဥက္ကဋ္ဌ။ ပါတီဥက္ကဋ္ဌ ဖြစ်ရုံလောက်နဲ့ သီချင်းကောင်းကောင်းဆိုနိုင်စရာအကြောင်း မရှိပါဘူး။ သူက နာမည်ကျော်တေးသံရှင် ကိုသန်းလှိုင်ရဲ့ အစ်ကိုတော်ဖြစ်နေတယ်။ ဒီမျိုးရိုး ဗီဇစွမ်းအားနဲ့ သီချင်းတွေဟစ်နေတာ။

ဝေးတဲ့အသံက ကျွန်တော်တို့ ဆယ်ခန်းတွဲတိုက်ရဲ့ ရှေ့ဘက်မှာရှိတဲ့ တိုက်-၂ ကလာတဲ့အသံ။ တေးသံရှင်က နာမည်ကျော် အနုပညာရှင် ဇာဂနာ (ကိုသူရ) ကိုး။ နားထောင်ကောင်းတာပေါ့။

ကိုခင်မောင်မြင့်နဲ့ ကျွန်တော်က သက်တူရွယ်တူလောက် ဖြစ်ပါတယ်။ လွတ်လပ်ရေးရတဲ့နှစ်မှာ ကျွန်တော်တို့ တက္ကသိုလ်အတူရောက်ကြတယ်ထင်တယ်။ သူရော ကျွန်တော်ရော အထက်တန်းကျောင်းသားဘဝမှာ ကျောင်းသားခေါင်းဆောင် သမဂ္ဂဥက္ကဋ္ဌတို့ ဘာတို့ လုပ်ခဲ့ကြတယ်။ တက္ကသိုလ်ရောက်တော့ ကျွန်တော်က စာပေရေစီးကြောင်းထဲ မျောပါသွားတယ်။ သူက ကျောင်းသားနိုင်ငံရေးလုပ်ရင်း ထင်ရှားလာတယ်။ နောက်ပိုင်းမှာ သူက နိုင်ငံရေးခေါင်းဆောင်။ ထောင်တွေကျ၊ ကျွန်း(ကိုကိုးကျွန်း) တွေရောက်။ ကျွန်တော်က သတင်းစာဆရာ။ စာတွေရေး။ ခရီးတွေထွက်။

၁၉၆၃ မှာ ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲတွေ၊ ခရီးရှည်လူထုချီတက်ပွဲတွေလုပ်တယ်။ ပြည်လမ်းဘက်က စစ်ကြောင်းတစ်ကြောင်း၊ ပဲခူးဘက်က စစ်ကြောင်းတစ်ကြောင်း ချီတယ်။ ရန်ကုန်မှာ လာဆုံကြတယ်။ ပဲခူးစစ်ကြောင်းမှာ ကိုခင်မောင်မြင့်က စစ်ကြောင်းမှူး။

ငြိမ်းချမ်းရေးစစ်ကြောင်းတွေရှိရာကို ကျွန်တော် နေ့တိုင်းသွားတယ်။
သတင်းယူတယ်။ ဓာတ်ပုံရိုက်တယ်။ လူတွေ မေးတယ်။ အဲဒီအချိန်က ကြေးမုံသတင်းစာမှာ ကျွန်တော် အလုပ်လုပ်တုန်း။ ကြေးမုံသတင်းစာက ပုဇွန်တောင်ဘက်မှာရှိတာဆိုတော့ ကိုခင်မောင်မြင့်လင်မယားဖွင့်ထားတဲ့ ဆေးလိပ်ဆိုင်ကိုရောက်တတ်တယ်။ သူတို့ဆိုင်ကလည်း ပုဇွန်တောင်ဈေးနားမှာ။ သူ့မိန်းမတင်တင်ကို သူ ထောပနာပြုလေ့ရှိ
တယ်။ သူ့မွေးစားသားကိုလည်း ချီးမွမ်းတတ်တယ်။ တကယ်တမ်း ဖွင့်အန် ပြောတဲ့ ရင်တွင်းကပျို့လာတဲ့ စကားတွေ။ စကားကတော့ အမြဲတမ်းလိုလို နိုင်ငံရေးပါပဲ။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလကျတော့ သူနဲ့ကျွန်တော် မကြာခဏဆုံတယ်။ သူက သူ့ပါတီ ပီကျူမှာ။ ကျွန်တော်က ဒီချုပ်မှာ။
စကားလက်ဆုံ ကျဲသွားတယ်။ လူချင်းအတွေ့နည်းသွားတယ်။ နိုင်ငံရေးသမားတိုင်းက အဲဒီအချိန်မှာ စကားတွေပြော။ တရားဟော။ နားရတယ် အားရတယ် မရှိကြဘူး။

၁၉၈၉ မတ်လ ဘုန်းမော်နေ့မှာ စက်မှုတက္ကသိုလ်ထဲ ကျွန်တော်တို့
ရောက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားဟောတယ်။ ကိုခင်မောင်မြင့်လည်း တရားဟောတယ်။ သူစကားပြောရင်း အံပုံကြီးကျွတ်ကျွတ်ကျလို့ ပါးစပ်ထဲကဆွဲထုတ်ပြီး အပေါ်တင်လိုက်တယ်။ လူတွေရယ်ကြသေးတယ်။

သူ့တပည့် ကွန်မြူနစ်ယူဂျီကိုတင်အောင်က သူ့ကိုတေးသွားအလိုက် အံပုံမောင်လို့ ကင်ပွန်းတပ်တယ်။ ကျွန်တော်တို့ ထောင်ထဲ ရှေ့ဆင့်နောက်ဆင့် ရောက်ကြတယ်။ အထူးဆောင်ကို တစ်နေ့တည်း တစ်ပြိုင်တည်းရောက်ကြတယ်။

အထူးဆောင်မှာ ဇာဂနာကလည်းရှိနေတော့ သူတို့သီချင်းဆိုဖက်ဖြစ်သွားကြတာပေါ့။ ဆိုလိုက်ကြတာ။ ညတိုင်း ညတိုင်း။ သီချင်းသံညံညံကြားနေရတယ်။ ဇာဂနာက ခေတ်သီချင်းတွေဆို။ ကိုခင်မောင်မြင့်က ခေတ်ဟောင်း သီချင်းတွေဆို။ တစ်ခါတစ်ခါ ဗကပယူဂျီကိုသက်ခိုင်က ဝင်ဝင်ဖောက်သေး။
သူ့အသံ သူ့သီချင်းကလည်း အကောင်းစားတွေပါ။ မောင်မိုးသူကလည်း ဝင်ပါလိုက်သေး။ သူက မန္တလေးသားပေမဲ့ နန်းတော်ရှေ့ တို့၊ မြို့မငြိမ်းတို့၊ ဆရာညှာတို့ သီချင်းတွေကို ဟစ်တဲ့အခါ အဲဒီဆရာတွေရဲ့ ခြေဖျားကိုမမီဘူး။

ခြေဖျားကိုမမီတာ။ ဘယ်ဟာကို ဘယ်လိုလုပ် မီတော့မှာလဲ။ ဒါနဲ့ “တေးမှော်ဝင်ချိန်” မှာ သူက တေးပျော်တော်ဆက်သဘော ဝင်ဝင်နှောက်တယ်။

ကိုခင်မောင်မြင့်နဲ့ ကျွန်တော် စကားလက်ဆုံ ပြောလို့မကုန်ဖြစ်ခဲ့ကြပုံကလေး ပြန်လှန်ချင်သေးတယ်။ သူရော ကျွန်တော်ပါ သီးလုံတွေ။ (သီးခြားလုံခြုံရေး)။ ဒီတော့ သူနဲ့ကျွန်တော် စကားမပြောရ။ အဆက်အသွယ်မလုပ်ရ။ ထောင်ဝင်စာ အတူမထွက်ရ။ တစ်နေ့တော့ ထောင်ဂေါက်သွားတယ်။ ရူးကြောင်မူးကြောင် ဖြစ်သွားတယ်ပေါ့။ ကျွန်တော်တို့နှစ်ယောက်ကို ထောင်ဝင်စာ အတူထုတ်တယ်။

ထောင်ဝင်စာခန်းရောက်တော့ ညွှန်ချုပ်အခန်းမအားလို့ဆိုပြီး သာမန်
အကျဉ်းသားထောင်ဝင်စာခန်းကိုပို့တယ်။ အဲဒီမှာလည်း အခန်းမအားသေးလို့တဲ့။ ကျွန်တော်တို့နှစ်ယောက်ကို ထောင်ဝင်စာခန်းဘေးဘက် ထောင်တံတိုင်းမြေထဲက ကွက်လပ်ထဲ ပို့ထားတယ်။

ကျွန်တော်တို့နှစ်ယောက် စကားလက်ဆုံပြောလို့မကုန် ဖြစ်သွားတယ်။ နာရီဝက် တစ်နာရီနီးပါးကြာထင်ရဲ့။ ရှေးဟောင်းနှောင်းဖြစ်ရော၊ နိုင်ငံရေးရော၊ ထောင်ဒုက္ခရော။ စုံတကာ့စေ့ဖြစ်သွားတာပေါ့။ သူ့စကားတွေထဲက မှတ်မိလိုက်တာ တစ်ခုက..

“ကျွန်တော်သေရင် အလောင်းပေါ်ပါတီအလံအုပ်ပေးပါဗျာ။ တင်တင်ကို ဒီစကားမပြောရက်လို့ ခင်ဗျားတို့ကိုမှာတာ” တဲ့။

ရောက်တတ်ရာရာ အတွေးခြေဆန့်ရာက ဝုန်းဒိုင်းဆူညံသံတွေကြားရတယ်။ အော်သံဟစ်သံတွေ ကြားရတယ်။

ကိုခင်မောင်မြင့်နဲ့ ဇာဂနာက စိမ်ခေါ်ပြီး သီချင်းဆိုပြိုင်နေကြတာ။
မင်း ဟိုသီချင်းရလား၊ ငါ ဒီသီချင်းရတယ်နဲ့ စိမ်ခေါ်ပြီး ဆိုနေကြတာ။ ဆိုရင်း ဆိုရင်း ရှေးခေတ်သီချင်းတွေ ရောက်သွားတယ်။ ဒေါ်ရာသန်းအေး၊ မေရှင်၊ မအေးမိ၊ မကြည်အောင်၊ ခင်မောင်ရင်၊ မောင်တင်မောင်၊ ပြည်လှဖေ၊ ရွှေညာမောင် စတဲ့ သူတွေဆိုထားတဲ့ သီချင်းတွေရောက်သွားတယ်။ တော်ကြာတော့ နဂါးနီသီချင်းရောက်၊ ဆင်းရဲသားဝါဒသီချင်းရောက်၊ နိုင်ငံရေးသီချင်းတွေ ရောက်၊ နောက်ဆုံးတော့ ”သူပုန်သူပုန်ထထ” သီချင်းတွေဆီ ခုန်ပေါက်ကြွေးကြော် ရောက်သွားကြတယ်။

“ဒိုင်း … ဒိုင်း … ဒိုင်း”

သေနတ်သံမဟုတ်။ ဇာဂနာ အခန်းခေါင်မိုးပေါ် ခဲတွေကျလာတယ်။

တဒိုင်းဒိုင်းနဲ့ပေါ့။

ဇာဂနာ မခံနိုင် မရပ်နိုင် ဖြစ်သွားတယ်။ “ဟေ့ ဘယ်သူလဲကွ၊ ဘာလဲကွ” တွေ ကုန်းအော်တော့တာပေါ့။ ခဲတွေက ကျမြဲကျတော့ ဇာဂနာ ပေါက်ကွဲရော။ ကလော်တုတ်ကရော။

“ဟေ့ ငါအနုပညာသမားကွ။ ခဲပေါက်တာ မခံနိုင်ဘူး။ ပြောစရာရှိလာပြော။ ငါ့အနုပညာကို မစော်ကားနဲ့”

ကျွန်တော်တို့တိုက်ကလည်း ဝိုင်းအာကြ၊ အော်ကြတယ်။

အထူးဆောင်ထဲမှာပဲ တိုက်တစ်လုံးနဲ့ အခြေစိုက်ထားတဲ့ ထောက်လှမ်းရေးတွေက ခဲနဲ့ပေါက်ကြတာ။ ဟိုကအော်၊ ဒီကဆဲဖြစ်လာတော့ ခဲပေါက်တာ
တွေရပ်သွားတယ်။ ဘာမှပြန်မပြောဘူး။ တော်တန်တိတ် ဖြစ်သွားတယ်။

ဆဲသံ ဆူသံ ဟိန်းသံ ဟောက်သံတွေလည်း ပျောက်သွားတယ်။

နောက်တစ်ရက် နှစ်ရက်လောက်ကြာတော့ ထောင်ပိတ်ချိန်ရောက်တာနဲ့ သီချင်းသံတွေ ဟိုကကြား ဒီကကြားဖြစ်လာတယ်။ အဆောင်တွေဘက်ကလည်း သီချင်းသံတွေ ပြန့်လာတတ်တယ်။ ဇာဂနာဘာလုပ်လိုက်တယ်မသိ။

၁၉၇၀ ကျော်လောက်ကတည်းက ဇာဂနာကို ကျွန်တော် ကြားဘူးနေခဲ့တယ်။ သူ့ပြက်လုံးတွေကလည်း ဟိုးဟိုးကျော်နေတာ မဟုတ်လား။ လွှတ်တော်အမတ်ချင်းတွေ့တော့ တစ်ယောက်ရဲ့ ခေါင်းပေါင်းကို တစ်ယောက်က လက်ညှိုးထိုးပြီး “အားလုံးညာချချည်းပဲဟေ့ နိတ်ဟ” လို့ ပြောတယ်။ အဲဒီပြက်လုံးမျိုးတွေက သိပ်ရေပန်းစားတာကိုး။

ရှစ်လေးလုံးကာလအတွင်းမှာ သူ့ကိုစတွေ့ဘူးတယ်။ သူ့လှုပ်ရှားမှ
တွေကိုလည်း မြင်တွေ့ နေရတယ်။ သူ့သြဇာအရှိန်အဝါကိုလည်း အံ့သြနေရတယ်။

ဒီချုပ်ရုံးချုပ်ကို သူလာလေ့ရှိတယ်။ မင်းကိုနိုင်တို့၊ မိုးသီးဇွန်တို့၊ အောင်ဒင်တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တတ်တယ်။ ကျွန်တော်တို့ မကြာခဏ စကားပြောဖြစ်ကြတယ်။

“ဟေ့ ကိုဇာ ဒီချုပ် ဝင်မလုပ် ချင်ဘူးလား။ တာဝန်ပေးချင်တယ်။
ကျုပ်တို့ စဉ်းစားနေတယ်”

နိုင်ငံရေးသီချင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ ဟစ်ကြတယ်။ ပုံးသံ၊ ပန်းကန်သံ၊ ဘူးသံ၊ ခွက်သံ၊ ဗုံသံ၊ ခရာသံတွေ စုံလာတယ်။

ဘာဖြစ်တယ်မသိဘူး။ ထောင်ဝန်ထမ်းတွေလည်း ငြိမ်သွားတယ်။

ထောက်လှမ်းရေးတွေလည်း ကုပ်သွားတယ်။

အထူးဆောင်မှာ ဘာတွေဆက်ဖြစ်တယ်မသိဘူး။ ကျွန်တော်လည်း
တိုက်သုံးရောက်သွားတယ်။ တိုက်ရောက်တော့လည်း သီချင်းသံတွေ ဗုံသံတွေကို ညတိုင်းကြားနေရတာပဲ။ နဂါးနီလိုသီချင်းက တာအစားဆုံးပဲ။ ဇော်ဝင်းထွဋ် ဆိုတဲ့ “မေမေ့ရဲ့သားနိုင်တယ် …. မေမေရယ် အန္တရာယ်တွေ ရင်ဆိုင်တွေ့တိုင်း မေမေ့ရဲ့ သွေးတွေ သားလေးထဲစီးဝင်နေ” သီချင်းလည်း လူငယ်တွေ ညတိုင်း ဆိုကြဟစ်ကြတယ်။

ဘာပဲပြောပြော၊ ဘောပဲပြားပြားဆိုတဲ့ ဘိုးတော်ခင်ဝင်းရဲ့ ဆောင်ပုဒ်ကို သတိရတယ်။ တိုက်−၃ မှာ ဒီဆောင်ပုဒ်ကို သီချင်းလုပ်ဆိုနေကြပြီ။ ကြိုးတိုက်ထဲက ရဲဘော်ဝင်းထူးစောတို့၊ ရစ်ဘီတို့ရဲ့ “တောင်ပေါ်သူကလေး၊ အိပ်စက်နေ
ရော့မယ်” ဆိုတဲ့ ကြိုးကျကရင်တော်လှန်ရေးရဲဘော်တွေရဲ့ လွမ်းတေးအေးငြိမ့်ငြိမ့်ကိုလည်း ကြားလာရပြန်ပြီ။ ၁၉၈၉ ကျွန်တော် ထောင်ထဲရောက်စ၊ ကြိုးတိုက်မှာ နေရတုန်းကတည်းက ဒီသီချင်း စွဲခဲ့ရတာ။ အခုကြားရပြန်ပြီ။
တောကြိုတောင်ကြား တော်လှန်ရေးတိုက်ပွဲတွေ ကြားက ကရင်ရဲဘော်တွေရဲ့ အိမ်သူလွမ်းတေးဟာ ကျွန်တော်တို့ရင်ထဲမှာ စိမ့်နေတယ်။

တိုက်တိုင်းမှာ ညတိုင်းသီချင်းဝိုင်းတွေ လုပ်တယ်။ တိုက်သုံးမှာ တေး
ပွဲတော် (Song Fest) တွေရှိတယ်။ မွေးနေ့တွေ၊ နိုင်ငံရေးနေ့တွေ၊ ပါတီနေ့တွေ၊ ဘာသာရေးနေ့တွေမှာ အခန်းစေ့လူစေ့ တေးဆိုကြတယ်။

ဒီတိုက်ပွဲဟာ ကျွန်တော်တို့ရဲ့ မကြေညာသောအာခံပွဲလား။ ကြေညာသော အန်တုပွဲလား။ အမှတ်တော့ မထားမိတော့ပါဘူး။ တေးသံထဲ မျောပါနေလို့ပါ။ အာခံအန်တုတေးသံတွေထဲက တစ်ချက်တစ်ချက် ပေါက်ကွဲထွက်
လာတဲ့ ကျွန်တော်တို့ရဲ့ ကြုံးဝါးသံက

“အာဏာအရှင် ရာဇာပလ္လင်
သီချင်းဆိုကွယ် အတင်းဖြိုမယ်...” တဲ့။

(ဟံသာဝတီ ဦးဝင်းတင်၊ ဘာလဲဟဲ့... လူ့ငရဲ ပီဒီအက်ဖ် စာမျက်နှာ ၉၆ - ၁၂၃)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်