ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၂) 🖋 ဟံသာဝတီ ဦးဝင်းတင်




ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၂)

ဟံသာဝတီ ဦးဝင်းတင်

▪ နှစ်ဆင့် နှစ်လွှာ နင်ငါ မိတ်ဆွေ

ထောင်ထဲမှာ နင်ရယ် ငါရယ် မိတ်ဆွေလိုနေကြမယ် ဆိုတာမျိုးက လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူး။ ပိတ်လှောင်ခံထားရတဲ့ဘဝ၊ ငတ်ပြတ်နေရတဲ့ဘဝ၊ အချိန်နဲ့အမျှ ခြိမ်းခြောက် ငေါက်ငမ်းခံနေရတဲ့ဘဝ၊ ကိုယ့်သူမယုံ သူ့ကိုယ်မယုံ တွေ့ကြုံဆုံကွဲတဲ့ဘဝ၊ နေ့မြင်ညပျောက် ရောက်ချင်ရာရောက်ဘဝ၊ သူဖြူရင် ငါမဲ အထင်အမြင်တွေ ကွဲတဲ့ဘဝ။ ဒီလိုဘဝမျိုးတွေမှာ သူသူငါငါ ရန်သူ ဖြစ်ဖို့သာလွယ်တယ်။ မိတ်ဆွေဖြစ်ဖို့ဆိုတာကတော့ ဝေးစွခြောက်ပါးပဲ။

နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာကလည်း ထောင်ထဲမှာ နေရသူတွေ ဆိုတော့ ဒီလိုမျိုးဘဝဖြစ်စဉ်ကိုပဲ ဖြတ်သန်းနေရတာပေါ့။ နေသာသပ လေညှာက ဆိုတာမျိုး လုပ်နေလို့မရ။ သူလည်းလေ လောကီသားပေမို့ ဆိုသလို သူလည်း ထောင်သားပေမို့ ဆိုတော့ ထောင်သားဘဝကို ကြုံဆုံရင်ဆိုင်ရတာပဲပေါ့။

၁၉၉၁ မှာ ကျွန်တော် တိုက်ဝင်းထဲက တိုက်သုံးကို ရောက်သွားတယ်။

တိုက်ခန်းလေးဘက် လေးတန် အပိတ်အကာခန်းမှာ နေရတယ်။ ဘေးအခန်းတွေဆီက ဘာသံမှမကြားရ ဘယ်သူမှမမြင်ရ။ မျိုးသိန်းတို့၊ ဝင်းလှိုင်တို့၊ ရန်အောင်တို့၊ မိုးဇော်ဦးတို့၊ ကိုကိုကြီးတို့ စတဲ့ ဒီချုပ်လူငယ်တွေရှိသတဲ့။

မင်းသားကြီးကိုအောင်လွင်တို့၊ ရှေ့နေဦးထွန်းတင်တို့၊ ဦးတင်ထွတ်တို့၊ မင်းသိင်္ခတို့၊ ဦးချမ်းအေးတို့၊ ဗိသုကာဦးကျော်မင်းတို့၊ ကိုဝံသတို့၊ ဦးရဲထွန်းတို့၊ စံဇာနည်ဘိုတို့၊ ဘိုးတော်ခင်ဝင်းတို့ ရှိကြသတဲ့။ သတင်းတို့တိကလေးတွေ ကြားနေရတယ်။

ကိုယ်တိုင်မိလ္လာ အင်တုံသယ်ပြီး အင်္ဂလိပ်သီချင်းဆိုတဲ့ ကိုအောင်လွင်ရဲ့ ကေးဆယ်ရာ ဆယ်ရာ အသံကို မနက်တိုင်းကြားရတတ်တယ်။ ညတိုင်း စံဇာနည်ဘိုရဲ့ အင်္ဂလိပ်သီချင်း (ရီးဗားအော့ဖ် နိုးရီတန်း)သံကို ကြားရတတ်တယ်။

၁၉၉၂ ခု နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ပြုတ်သွားတော့
တိုက်သုံးကို လူသစ်တွေ ရောက်လာတယ်။ ဘိုဘိုဦးတို့၊ ညီနိုင်အောင်တို့၊ သက်မင်းအောင်တို့၊ ကိုဌေးအောင်တို့၊ ဂျင်မီတို့၊ ဘကြီးမြတ်ထွန်းတို့၊ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာဇော်မြင့်မောင်၊ ကိုမင်းဇင်၊ ဘမျိုးသိန်း၊ ကိုစိုးမြင့်၊ ကိုထွဋ်ခင်၊ ကိုလှမင်း၊ ကိုမျိုးမင်းတို့ စတဲ့ လူသစ်တွေ ရောက်လာကြတယ်။

လူသစ်ရောက်ရောက် လူဟောင်းရွေ့ရွေ့ အခန်းကျဉ်းလေးထဲမှာနေရသမျှ အကျဉ်းသားဟာ အကျဉ်းသားပဲ။ ထောင်သားအကျဉ်းသားရဲ့သောက ဒေါသ ပရိဝေဒ၊ ဒုက္ခ ဒေါမနဿတွေ လူတိုင်းကိုခံစားကြရတာပဲ။ ဒီတော့
အဲဒီဒုက္ခတွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း လူတိုင်းမှာလို ပေါ်ပေါက်ကြုံတွေ့ ရတာပဲပေါ့။ အဲဒါတွေရဲ့ နောက်ဆက်တွဲက အကျဉ်းသားချင်း ဆက်ဆံရေးမှာ မပြေလည်မှု၊ မကြည်လင်မှု၊ မကျေနပ်မှုတွေ ဟိုကပေါ် ဒီကထွက်ဖြစ်လာတာပေါ့လေ။ ကသိကအောက်တွေ ဖြစ်လာတယ်။ အထအနတွေကောက်လာတယ်။ ကဂျီကကြောင်တွေ ထွက်လာတယ်။

အဲဒီလိုနဲ့ အချိန်တွေ လှစ်ခနဲ လှစ်ခနဲ ကုန်ဆုံးကျော်လွန်သွားခဲ့တယ်။ နှစ်နဲ့ချီပြီး ကာလတွေရွေ့လျောသွားခဲ့တယ်။ ပြဿနာတွေကလည်း အချိန်နဲ့အမျှ ကြီးလာတယ်။ ကျယ်လာတယ်။ တစ်ခါတလေ တစ်ခါတစ်ရံထက်ကျော်လွန်ပြီး တစ်ချိန်လုံးလိုလို ပြဿနာတွေ ပွားနေတယ်။ အမှိုက်ကစ ပြဿဒ် တက်ပြီး လောင်တာမျိုးလည်းရှိတယ်။ ပြဿဒ်ကစ အမှိုက်ဆင်း မီးလောင်တာမျိုးလည်းရှိတယ်။ နိုင်ငံရေးအကျဉ်းသားချင်း၊ လူပုဂ္ဂိုလ်ချင်း၊ မျက်စိနောက်၊ စိတ်ကောက်၊ ဒေါသစိတ်ဖြစ်ရာက အုပ်စုချင်း၊ အဖွဲ့ချင်း၊ ပါတီချင်း၊ ကတောက်ကဆ၊ ကသိကအောက်၊ ပဋိပက္ခတွေအထိ ဖြစ်လာတယ်။ နေရင်းထိုင်ရင်း ကျွန်တော်ပါ တရားခံစာရင်းဝင်လာတယ်။ ဖြစ်ပုံက ဒီလို။

အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားတွေကြားမှာ ဝဲကာပျံကာ ရွှေပေလွှာဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်နေတယ်။ ဟိုလူဒီလူ၊ ဟိုအဖွဲ့ ဒီအဖွဲ့က စာတို စာရှည်တွေရေးပြီး ဖြန့်ကြတယ်။ ကျွန်တော်လည်း ဝင်ပါတယ်။ ကျွန်တော်
ဖြန့်တဲ့ စာစောင်မှာ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရေး၊ လွှတ်တော်ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေးဆိုတဲ့ စု-လွှတ်-တွေ့ တောင်းဆိုချက်ကို နိုင်ငံရေးအကျဉ်းသားများက ထောက်ခံကြောင်းဆိုတာ ရေးထားတယ်။ အင်္ဂလိပ်လိုရေးပြီး အတွင်းမှာဝေ၊ အပြင်မှာဖြန့်တာ၊ ထောင်အပြင်အထိ ရောက်တဲ့ကိစ္စ။

ပြဿနာက ကျွန်တော့်စာထဲမှာ နိုင်ငံရေးအကျဉ်းသားများလို့ ရေးတာကို တချို့က မကျေနပ်ကြဘူး။ အဲဒီအချက်တွေ အားလုံးကို သူတို့မထောက်ခံကြဘူး။ ဒါကြောင့် “များ” လို့ ရေးတာကို လက်မခံဘူးတဲ့။ ကျွန်တော်က ကျွန်တော်လိုသဘောထားတဲ့ နိုင်ငံရေးအကျဉ်းသားက တစ်ယောက်ထက်ပိုပါတယ်။ ဒါကြောင့် “များ”လို့ရေးနိုင်ပါတယ်လို့ ရှင်းပြတယ်။ မရဘူး။ ကန့်ကွက်သံတွေ၊ စွပ်စွဲသံတွေ၊ ပြစ်တင်သံတွေ၊ ပွထလာတယ်။ နောက်ဆုံး ဒီချုပ်ပါ လက်ညှိုးထိုးခံလာရတယ်။ ကျွန်တော် ငုံ့ခံနိုင်ပေမဲ့ ဒီချုပ်ပါစွပ်စွဲခံထဲပါလာတော့ ကျွန်တော့်ရဲ့ အပေါင်းပါတချို့က မခံနိုင်ဖြစ်လာတယ်။

နောက်ဆုံးတော့ မဖြစ်ချေဘူး။ ဒီကိစ္စမျိုးလောက်သာမဟုတ်။ ပြဿနာရော အခြေအနေပါ တစ်ခုလုံးရှင်းမှဖြစ်တော့မယ်ဆိုတာကို ကျွန်တော် သဘောပေါက်လာတယ်။ ဒါနဲ့ ဦးတင်ထွဋ်တို့၊ ဂျင်မီတို့၊ ကိုစိုးမြင့်တို့၊ ဘိုဘိုဦးတို့နဲ့ ညှိရတယ်။

ကျွန်တော် အဆိုပြုတာက ဒီအခြေအနေ၊ ဒီပြဿနာကို ရှင်းချင်ရင် နိုင်ငံရေးအကျဉ်းသားချင်း ဆက်ဆံရေးကို ပြင်ရပြောင်းရမယ်။ ပြင်ပြောင်းတဲ့အခါမှာ အဆင့်နှစ်ဆင့်လွှာပြီး လုပ်ရမယ်။ ပထမအလွှာက လူမှုရေး
ဆက်ဆံမှုအလွှာ၊ ဒီအလွှာမှာ နိုင်ငံရေးစကား၊ နိုင်ငံရေးအလုပ်၊ နိုင်ငံရေးအဆက်အဆံ ဘာမှမပါဘဲ လူလူချင်းဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ မိတ်ဆွေဆက်ဆံရေး သက်သက်ပဲ လုပ်သွားရမယ်။ ပထမအလွှာ အခိုင်အမာချမိမှ ဒုတိယအလွှာ အစပျိုးမယ်။ ဒုတိယအလွှာကျတော့ နိုင်ငံရေးကိစ္စတွေ၊ ပါတီချင်းကိစ္စတွေ၊ နိုင်ငံရေးလှုပ်ရှားမှုကိစ္စတွေ လုပ်ကြမယ်။

အကြိမ်ကြိမ် ညှိပြီးတဲ့နောက် ကျွန်တော်အဆိုပြုတဲ့အတိုင်း လုပ်ဖို့ သဘောတူကြတယ်။ ဒီလိုနဲ့ နှစ်ဆင့်နှစ်လွှာ နင်ငါမိတ်ဆွေ လှုပ်ရှားမှုပေါ်လာတယ်။ ဂျင်မီနဲ့ ကိုစိုးမြင့်တို့ရဲ့ စိတ်ကူးစိတ်သန်း အကြံဉာဏ်တွေဟာ အများကြီးအထောက်အပံ့ဖြစ်တယ်။ သူတို့က ဦးဆောင်မှုလည်း ပေးနိုင်ကြ
တယ်။ သူတို့ရဲ့လှုပ်ရှားမှုလို့တောင် ပြောလို့ရတယ်။

ဒီလိုနဲ့ တိုက်သုံးရောက် နိုင်ငံရေးအကျဉ်းသား ကြီးငယ်အားလုံး
သိဟောင်းကျွမ်းသစ် မခွဲ၊ ပါတီသင်းဖွဲ့ မခြား၊ နင်ငါမိတ်ဆွေလို ပေါင်းသင်း ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လိုက်ကြတယ်။ ထောင်ဝင်စာ ဝေမျှစားသုံးမှ ဘောင်ချဲ့လိုက်ကြတယ်။ ထောင်ဝင်စာလာရင် နီးစပ်ရာ ဝေမျှကြတာပဲ။ ဒါကို
ဝေနေယျအဝန်းအဝိုင်းလို့ ခေါ်တယ်။ ရင်းနှီးရာ ဝေမျှတာကိုတော့ သဟာယအဝန်းအဝိုင်းလို့ခေါ်တယ်။ ဝေနေယျတွေကို သီးရွက်ဟင်းဝေတယ်။ သဟာယတွေကို အသားဟင်းပို့တယ်။ အခု ဝေနေယျနယ်ကို ချဲ့တယ်။ သဟာယနယ်ကို ချဲ့တယ်။ အဝေအခြမ်း ပိုများလာတယ်။

မွေးနေ့ပွဲတွေ ကျင်းပတယ်။ ကော်ဖီတိုက်တယ်။ မုန့်ဝေတယ်။ ညဦးဆည်းဆာပွဲတွေ လုပ်တယ်။ တစ်ခန်းတစ်လှည့် တေးသီဖွဲ့ကြတယ်။ အတူစားကြတယ်။ အတူကစားကြတယ်။ ပုံစံထမင်းပန်းကန်နဲ့ ဂစ်တာလုပ်တယ်။
အတူ တီးကြခတ်ကြတယ်။ အတူသီချင်းဆိုကြတယ်။ အတူစာဖတ်ကြတယ်။ (စာရွက်စာတမ်း ရှာဖွေရရှိတဲ့ အခါပေါ့)။

အတူ ဝတ္ထုဇာတ်လမ်း၊ ရုပ်ရှင်ဇာတ်လမ်း ပြောကြတယ်။ ဘာစကားဖြစ်ဖြစ် အားလုံးကြားအောင် ပြောကြဆိုကြတယ်။ (အတွင်းရေး ပြောစရာ ရှိရင် ရေချိုးရင်း ဆုံမှပြောကြတယ်။) အဲဒီလိုပြောဖို့တော့ ရေကန်မှာ ဆုံမယ်ဟေ့လို့ ချိန်းကြတယ်။ အိမ်က မျိုးစေ့တွေတောင်းပြီး ဟင်းသီးဟင်းရွက် စိုက်ကြတယ်။ ကိုစိုးမြင့်က မြေကပ်ဗူးစင်လုပ်ပြီး တစ်ပတ်နှစ်ခါလောက် ဗူးညွန့်
ဝေတယ်။ လူငယ်တွေက မုံလာ၊ ခရမ်း၊ ဂေါ်ဖီ ပုံမှန်အခန်းစေ့ဝေတယ်။

နောက်ပိုင်းကျတော့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မျိုးစုံရလာတယ်။ တိုက်သုံးပိုင် စိုက်ခင်းစိုက်ကွက် ရလာတယ်။ ခြင်းလုံးခတ်ခွင့်ရလာတယ်။ (ဒေါက်တာမြင့်နိုင်က ခြင်းလုံးခတ်တာကို အညာစကားနဲ့ နွယ်ကြမယ်ဟေ့လို့ အော်တတ်တယ်။) ပိုက်ကျော်ခြင်းကစားခွင့်ရလာတယ်။ နိုင်ငံရေးအကျဉ်းသား လူငယ်ချင်းတွေ ပျော်လာ၊ ပေါင်းလာ၊ ညီလာတော့ လူကြီးချင်းက ပိုညှိလို့၊ တွဲလို့၊ လှုပ်လို့ရလာတယ်။ ဒီအဆင့်ရောက်လာတော့ နှစ်လွှာနှစ်ဆင့်ရဲ့ ဒုတယိကဏ္ဍ ခြေလှမ်းစတယ်။

တိုက်သုံးမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ တန်းတူညီမျှ ပူးတွဲလုပ်ငန်းကော်မတီ(ဂျေအေစီ) ဖွဲ့တယ်။ တစ်ယောက်တည်းရှိတဲ့
လူ့ဘောင်သစ်ရော ၁၄ ယောက်ရှိတဲ့ ဒီချုပ်ရော တခြားပါတီအဖွဲ့အစည်းတိုင်းကရော တစ်ပါတီတစ်ယောက်ပါဝင်တဲ့ ကော်မတီပါ။

အဲဒီကော်မတီက ဦးစီးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တယ်။ ဟောပြောပုံ လုပ်တယ်။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေ၊ နိုင်ငံရေးပါတီနေ့တွေ၊ နိုင်ငံရေးခေါင်းဆောင်နေ့တွေ ကျင်းပတယ်။ စာအုပ်တွေထုတ်တယ်။
ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ်စာအုပ်၊ ဝန်ကြီးချုပ်ဟောင်းဦးနု အထိမ်းအမှတ်စာအုပ်ထုတ်တယ်။ ဒီလှိုင်းဂျာနယ်ထုတ်တယ်။ ပါတီစာစောင်တွေ၊ သတင်းလွှာတွေထုတ်တယ်။ ထောင်ဝင်စာကရတဲ့ ပါးစပ်သတင်းလောက်နဲ့
မကျေနပ်လို့ “သတင်းလွှာ” ထုတ်တယ်။ ရေဒီယိုတစ်လုံး ထောင်ထဲလျှို့ဝှက်သွင်းတယ်။ ဘကြီးမြတ်ထွန်းက တာဝန်ခံ သတင်းဖမ်းတယ်။ ကိုဌေးအောင် (ဇင်လင်း) က တာဝန်ခံတည်းဖြတ်တယ်။ မိုးဇော်ဦးနဲ့ တခြားလူငယ်တွေက တာဝန်ခံသတင်းလွှာ အချောရေးတယ်။ တိုက်-၄ က မျိုးမြင့်ညိမ်းလို ရဲဘော်တွေနဲ့ပေါင်းပြီး တိုက်ပေါင်းစုံဖြန့်တယ်။ တစ်ပတ်ကို အနည်းဆုံးနှစ်ခါလောက်
ထုတ်တယ်။ တစ်ခါထုတ်ရင် စာမျက်နှာကိုးမျက်နှာ ဆယ်မျက်နှာရှိတယ်။

သတင်းခြေရာဖျောက်ဖို့ ယုံတမ်းစကားသံတွေ လွှင့်ရတယ်။ တိုက်လေးက ပြည်သူ့ကိုယ်စားလှယ် ကိုကျော်သွင်ရဲ့အဖေက သူ့သားကို သိပ်ချစ်တာ၊ သူ့သားကြားချင်တဲ့ သတင်းတွေကို ထောင်ဝင်စာလာတိုင်း ပြောပြတယ်။

အမေကြီးက ဘီဘီစီတို့၊ အာရ်အက်ဖ်အေတို့၊ ဒီဗီဘီတို့၊ ဗွီအိုအေတို့ကို အသံဖမ်း၊ အလွတ်ကျက်ပြီး ထောင်ဝင်စာမှာ သူ့သားကို အမြဲပြန်ပြောပြတယ် ဆိုတဲ့စကားမျိုးကို ဝန်ထမ်းတွေ မကြားကြားအောင် လွှင့်ရပြောရတယ်။

အဲဒီကနေတစ်ဆင့် နိုင်ငံရေးရွှေပေလွှာတွေ ရေးထုတ်ကြတယ်။ ကြိုးတိုက်အပါအဝင် တိုက်ပေါင်းစုံကို ရောက်အောင်ပို့ကြတယ်။ ရွှေပေလွှာ ပျံကာ
ဝဲ လှုပ်ရှားမှုလို့ခေါ်တယ်။ နောက်ဆုံးမှာ တိုက်-၄ က ဇော်ထွန်းတို့ ဖြိုးမင်းသိန်းတို့ စေ့ဆော်ချက်နဲ့ ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို စာတမ်းကြီးတစ်စောင်ပြုစုတယ်။

အင်းစိန်ထောင်ထဲမှာသာမက နယ်ထောင်တွေမှာရော၊ ကျောက်ထု
စခန်း၊ အလုပ်စခန်း၊ စိုက်ပျိုးရေးစခန်းတွေမှာပါ ပေါ်ပေါက်ဖြစ်ပျက်နေတဲ့ ထောင်အာဏာပိုင်တွေရဲ့ အကျင့်ပျက်မှုတွေ၊ ညှဉ်းပမ်းမှုတွေ၊ အဓမ္မခိုင်းစေမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အဂတိလိုက်မှုတွေ၊ အကျဉ်းသားတွေရဲ့ ကျိုးပဲ့ဖျားနာမှုတွေ၊ ရေ အစာမဝ ငတ်မွတ်မှုတွေ၊ နေရေးထိုင်ရေး နားနေ အိပ်စက်ရေး ချို့ငဲ့ဆုံးပါးမှုတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ချိုးဖောက်ခံရမှုတွေ စတဲ့
အရေးကိစ္စအားလုံးကို သတင်းအချက်အလက် စုဆောင်းကြတယ်။ ထောက်လှမ်းရေးမှာ ညှဉ်းပန်းခံရကာ ကျိုးကန်း သေကြေတာတွေကို သတင်းစုတယ်။

သတင်းအချက်အလက်တွေကို ဝန်ထမ်းတွေဆီက ရတယ်။ အကျဉ်းစခန်းပြန်တွေဆီက ရတယ်။ ပြင်ပထောက်လှမ်းမှုတွေဆီက ရတယ်။

လူငယ်တွေကလည်း သတင်းအချက်အလက်တွေကို စုဆောင်းပေးတယ်။ ကျွန်တော်ကစုပေါင်းရေးတယ်။ ရေးစရာ စက္ကူအလုံအလောက်မရဘူး။
စာမျက်နှာ ၁၀၀ လောက်ဆိုတော့ မလွယ်ဘူးပေါ့။ ဒါနဲ့ ကျွတ်ကျွတ်အိတ် ပလတ်စတစ်အိတ်တွေကို စက္ကူအရွယ်ဖြတ်၊ ပေါင်ပေါ်တင်၊ ဘောပင်နဲ့ရေးရတယ်။

စာမူအားလုံးကို မိုးဇော်ဦးက စက္ကူပေါ်မှာ အချောကူးရေးပေးတယ်။
စာမူနှစ်ခုကူးတယ်။ တိုက်ပေါင်းစုံ လှည့်ပြပြီး ဖတ်ခိုင်းတယ်။ သဘောတူကြောင်း လက်မှတ်ထိုးကြတယ်။ အကျဉ်းသားတစ်ရာကျော် (ကြိုးသမားတွေ အပါအဝင်) ရဲ့လက်မှတ်တွေကို စုဆောင်းရရှိတယ်။

တောင်းဆိုလွှာနဲ့ လက်မှတ်တွေကို အပြင်ထုတ်လိုက်တယ်။ ကုလ
သမဂ္ဂရောက်သွားတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ပွက်လောရိုက်သွားတယ်။ ကျွန်တော်တို့ လုပ်ရကျိုးနပ်တယ်။

▪ ပီပီတွေလွှတ် လွှတ်တော်ခေါ်

၁၉၉၀ နှစ်ကုန်ပိုင်းလောက်က တိုက်ဝင်းထဲမှာ ဆန္ဒပြမှုတွေပေါ်လာခဲ့တယ်။ ပီပီတွေလွှတ် လွှတ်တော်ခေါ်ဆိုတဲ့ နိုင်ငံရေးတိုက်ပွဲပါ။ ပီပီဆိုတာ
Political Prisoners (PP) နိုင်ငံရေးအကျဉ်းသားကို ဆိုလိုတာပါ။

ဒီတိုက်ပွဲမှာ ထောင်ထဲရောက်နေတဲ့ ဒီချုပ်ခေါင်းဆောင်တွေအများကြီး အရိုက်အနှက်ခံရ၊ အဆောင်ပြောင်းရွှေ့ခံရ၊ ထောင်ပြောင်းခံရဖြစ်ခဲ့ပါတယ်။

ခေါင်းမငုံ့ဘူး၊ ဦးကျိုးမခံ လှုပ်ရှားမှုမှာ လက်တွဲပါဝင်ခဲ့တဲ့ သူရဦးငွေလှိုင်လည်း အထိုးအကြိတ်၊ အကန်အကျောက်တွေ အတော်ခံလိုက်ရတယ်လို့ကြားရတယ်။

ကျွန်တော်က အထူးဆောင်မှာ တိုက်ပိတ်ခံနေရလို့ အဲဒီတိုက်ပွဲမှာမဆင်နွှဲခဲ့ရဘူး။ သတင်းကိုတောင် နောက်တစ်နှစ်လောက်ကြာမှ ကြားခဲ့ရသိခဲ့ရတာပါ။

၁၉၉၀ မေလ ၂၇ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီချုပ်က
တစ်ခဲနက်အနိုင်ရခဲ့တယ်။ ဥက္ကဋ္ဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် အရွေးခံခွင့်မရခဲ့ပေမဲ့ ဦးကြည်မောင် ဦးဆောင်တဲ့ ဒီချုပ်ပြည်သူ့ကိုယ်စားလှယ်တွေ အလုံးအရင်းနဲ့ အောင်ပွဲခံခဲ့ကြတယ်။ စစ်အစိုးရက ရာဇပလ္လင်ပေါ်က ဆင်းမပေးဘူး။ ဒီချုပ်ကို အာဏာလွှဲပြောင်းမပေးဘူး။ ဒီသတင်းချက်ချင်းလိုပဲ ထောင်ထဲကိုရောက်လာခဲ့တယ်။ ဒီချုပ်ခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေရော၊ သာမန်အကျဉ်းသားတွေပါ ကြိတ်ကြိတ် ကြိတ်ကြိတ် ညှိကြနှိုင်းကြ လုပ်လာကြတယ်။ လှုပ်လှုပ်ရှားရှား စီကြစဉ်ကြ လုပ်လာကြတယ်။

အရှိန်လည်းရလာရော ပီပီလွှတ်၊ လွှတ်တော်ခေါ် တောင်းဆိုမှုတွေပေါ်လာတော့တာပဲ။ ဆန္ဒပြအုံကြွမှုတွေပေါက်ကွဲလာတော့တာပဲ။ ဒီတိုက်ပွဲမှာ ခေါင်းဆောင်သူရော နောက်လိုက်ပါဝင်လှုပ်ရှားသူတွေပါ လူပေါင်းများစွာ ရိုက်နှက်အကြမ်းဖက်တာ ခံကြရတယ်။ အဆောင်ရွှေ့ ထောင်ပြောင်းလုပ်တာ ခံကြရတယ်။

(အကြမ်းဖက်ဆိုလို့ သတိရတာလေးရေးလိုက်ရဦးမယ်။ အကျဉ်းဦးစီးဌာနရဲ့ စကားတစ်လုံးခြင်း အမှတ်အသားက အ.က.စ ပါ။ အဲဒီစကားလုံးကို အရှည်အမှတ်အသား ပြန်ဖော်တော့ နိုင်ငံရေးအကျဉ်းသားတွေက တစ်မျိုးတစ်ဖုံ ထွင်ပြောကြတယ်။ အကြမ်းဖက်ဦးစီးဌာနတဲ့။ အူကြောင်ကြောင်ဦးစီး
ဌာနတဲ့။ အကျိုးရှာဦးစီးဌာနတဲ့။ အကုန်နှိုက်ဦးစီးဌာနတဲ့။)

ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မောင်သော်က(ဗိုလ်မှူးဘသော်) အရိုက်ခံရတယ်။ အခြားဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဦးကိုယုတို့၊ ဦးမိုးသူတို့၊ ဒေါက်တာတင်မျိုးဝင်းတို့ အရိုက်ခံကြရတယ်။ ရန်ကုန်တိုင်းစည်းရုံးရေးကော်
မတီဝင်သူရဦးငွေလှိုင် ထိုးကြိတ်ကန်ကျောက်ခံရတယ်။ ရန်ကုန်တိုင်းစည်းရုံးရေး ဗဟိုကော်မတီဝင် ဦးသိန်းဟန် (ရှေ့နေ) လက်လိမ်ချိုးခံရတယ်။ သူတို့လိုပဲ နိုင်ငံရေးအကျဉ်းသမားပေါင်းများစွာလည်း ညှဉ်းပန်းနှိပ်စက်ခံကြရတယ်။

နောက်ပိုင်းမှာ ဒေါက်တာတင်မျိုးဝင်းဆိုရင် ဘောင်းဘီတို ကိုယ်လုံးတီးနဲ့ တိုက်တကာရှေ့မှာ လှည့်ပြအရိုက်ခံခဲ့ရတယ်။ ကျွန်တော်တင်မျိုးဝင်းပါခင်ဗျား
လို့လည်း ပါးစပ်က အော်ရသေးတယ်။

ဒီတိုက်ပွဲဟာ အင်းစိန်အကျဉ်းထောင်ရဲ့ ရာဇဝင်မှာ အပြင်းထန်ဆုံး အုံကြွပေါက်ကွဲခဲ့တဲ့ နိုင်ငံရေးဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပါတယ်။ ဒီချုပ်ကလူတွေသာ
မဟုတ်ပါဘူး။ တခြားနိုင်ငံရေးပါတီတွေက လူတွေလည်း အများကြီးပါဝင် လှုပ်ရှားခဲ့ကြပါတယ်။ ကေအင်ယူကရင်အဖွဲ့က ကိုကိုနိုင် (မြို့တော်ခန်းမဗုံးခွဲ) တို့၊ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ကိုအောင်ဇေယျတို့လို ခေါင်းဆောင်တွေလည်း အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ကြရတာပါပဲ။

ဇာတ်ပေါင်းလိုက်တော့ နိုင်ငံရေးသမားတွေ ဇာတ်ခေါင်းကွဲကုန်ကြတယ်။ ထောင်ပြောင်းခံရသူတွေ၊ အဆောင်ရွှေ့ခံရသူတွေ၊ တိုက်ရွှေ့ခံရသူတွေ
မရေမတွက်နိုင်အောင်ရှိကုန်တယ်။ အဆောင်တွေတိုက်တွေမှာ နှိပ်ကွပ်မှု၊ ချုပ်ချယ်မှု၊ ဖိနှိပ်မှုတွေ အလွန်များပြားတင်းကျပ်ကုန်တယ်။ ထောင်အာဏာပိုင်တွေလည်း ကျောင်းမှန်းကန်မှန်းသိသွားကြတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ခေါင်းငုံ့မခံဘူး။ နိုင်ငံရေးအကြောင်းပေါ်တိုင်း အုံကြွတတ်တယ်။ အာခံတတ်တယ်ဆိုတာ ပိုလို့သဘောပေါက်သွားကြတယ်။

တိုက်ဝင်းဆန္ဒပြပွဲသတင်းက အဆောင်တွေအားလုံးကို ပြန့်သွားတယ်။

သာမန်ရာဇဝတ်အကျဉ်းသားတွေ အတော်လှုပ်လှုပ်ရွရွဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီအချိန်က အထူးဆောင်ထဲမှာ ထောက်လှမ်းရေးတပ် စခန်းသီးသန့်ဖွင့်ပြီး ကွပ်ကဲနေတယ်။ အပြင်က စစ်တပ်အင်အားကလည်း ရောက်လာတယ်။ စစ်သားအချို့ကို အကျဉ်းသားအသွင်ပြောင်းပြီး အဆောင်တွေထဲမှာ ရောထည့်ထားလိုက်တယ်။ လှုပ်ရှားမယ့်အပြောအဆိုတွေ၊ အကြံအစည်တွေ၊ အစီအမံတွေကို ကြိုသိကုန်ကြတော့တာပေါ့။ ဒီလိုမတည်မငြိမ်နဲ့ဘဲ ၁၉၉ဝ တိုက်ဝင်း ဆန္ဒပြမှုဟာ အရှိန်လျော့သွားတယ်။ အားလျော့သွားတယ်။ နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားပြီး ဒုံရင်းအခြေအနေ ရောက်သွားတော့တယ်။

ဖိနှိပ်မှုတင်းမာကြမ်းတမ်းလွန်းတဲ့ နေရာမှာ အုံကြွလှုပ်ရှားမှုဆိုတာ
ကောက်ရိုးမီးလို မဟုတ်ပေမယ့်၊ ရှားမီးလို ကြာရှည်ခံအောင် ထိန်းထားနိုင်ဖို့ ခက်တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေ သင်ခန်းစာယူကြရမှာပဲပေါ့။

▪ ကြက်တူရွေး တွန်သံ

၂၀၀၂ ခုနှစ်လယ်လောက်မှာ ကျွန်တော် ရန်ကုန်ဆေးရုံကြီးတက်ရတယ်။ ရန်ကုန်ဆေးရုံအသွား လမ်းမှာ အင်းစိန်ဆေးရုံ ခဏဝင်ရတယ်။ အင်းစိန်ဆေးရုံတက်တဲ့ သာမန်အကျဉ်းသားတွေကို လိုက်ပို့ရင်း ကျွန်တော်
စီးလာတဲ့ကားက ရပ်စောင့်ရတာပါ။

ခရီးဆက်ဖို့ စောင့်နေတုန်း လူငယ်တစ်ယောက် ရောက်လာတယ်။
ဘကြီးက နှုတ်ဆက်လိုက်ပါတယ်တဲ့။ ကျွန်တော် ချက်ချင်းပြန်ပြောလိုက်တယ်။ “ဟေ့... နှုတ်ဆက်မနေနဲ့။ ကြက်တူရွေးတစ်ကောင် ပို့လိုက်လို့ပြောကွာ။ ပျင်းလွန်းလို့”။ ထောက်လှမ်းရေးတွေ အနားကပ်လာတယ်။ လာနှုတ်ဆက်တဲ့ လူငယ်လည်း လစ်ပြေးရော။ ၁၉၉၃ ခုနှစ်လောက်က တိုက်-၃ မှာ မြတ်ထွန်းနေခဲ့ဘူးတယ်။ သူ့ကိုအားလုံးက ဘကြီးလို့ခေါ်ကြတယ်။

အဲဒီအချိန်က ကျွန်တော်တို့လက်ထဲမှာ ရေဒီယိုတစ်လုံးရှိနေတယ်။
သတင်းတွေဖမ်းတယ်။ ဗွီအိုအေ၊ ဘီဘီစီ၊ မြန်မာ့အသံကအစ သတင်းအစုံပေါ့လေ။ မနက်တိုင်၊ ညတိုင် သတင်းတွေလာတဲ့အချိန်က ထောင်ထဲမှာ လူ စစ်ချိန်ဖြစ်နေတယ်။ အဲဒီအချိန်မှာ မြတ်ထွန်းဖျားတယ်။ စောင်ခေါင်းမြီးခြုံ
အိပ်တယ်။ သူ့နားမှာ ကြက်တူရွေးတွန်သံကတော့ ညံနေတာပဲတဲ့။

ကြက်တူရွေးဆိုတာ ရေဒီယိုကို ကျွန်တော်တို့ခေါ်တာ။ ကြက်တူရွေးတွန်သံထဲမှာ ကျွန်တော်တို့ကြားချင်တဲ့ သတင်းတွေပါတယ်။ ဒါကို မြတ်ထွန်း
က စာရွက်ပေါ်မှာ စာကြမ်းရေးမှတ်တယ်။ မြတ်ထွန်းလုပ်ရတဲ့ အလုပ်က အတော်ရင်တုန်စရာကောင်းတယ်။ ရေဒီယိုလက်ကိုင်ထားတာလည်း ထောင်နှစ်ရှည်ကျနိုင်တယ်။ ဘောပင်တွေ စာရွက်တွေကိုင်ထားလည်း ထောင်နှစ် အတော်ကြီးနိုင်တယ်။

သူက သူ့ဖျာအောက် ခေါင်းရင်းဘက်မှာ အင်္ဂတေအက်ကြောင်းတူးပြီး ရေဒီယိုထည့်ထားတယ်။ အက်ကြောင်းတိမ်တိမ်ဆိုတော့ ကြက်တူရွေးခေါင်း မလုံဘူးပေါ့လေ။ စက္ကူတွေ ဘောပင်တွေကိုနေရာခွဲပြီး ဝှက်ရတယ်။ နေရာ
အတည်တကျ မထားဘူး။ ဒီနေ့ ဒီနေရာ၊ ဟိုနေ့ ဟိုနေရာ ဆိုသလိုပေါ့လေ။ ရေဒီယိုကို တစ်နေရာထဲမှာ ဝှက်ရတာ မလုံခြုံဘူးလို့ ထင်လာတယ်။

ဒါနဲ့ တခြားလူငယ်တွေအခန်းဆီ ရွှေ့ထားရသေးတယ်။ ဒါပေမဲ့ တချို့က ကြာရှည်မသိမ်းချင်ဘူး။ တလာစီဆိုတဲ့ အပတ်စဉ်ရှာဖွေရေးတွေကလည်း
တဂျိုင်းဂျိုင်း၊ တဒေါက်ဒေါက် လာနေတာမဟုတ်လား။ ဂျိုင်းဆိုတာ သံတံခါး ဖွင့်သံ။ ဒေါက်ဆိုတာ အိပ်ရာတွေပေါ် တက်နင်းတဲ့ ဝန်ထမ်းတွေရဲ့ဖိနပ်သံ။
နောက်ဆုံးတော့ မြတ်ထွန်းအခန်းကိုပဲ ကြက်တူရွေးပျံလာရတော့တာပဲ။ စက္ကူတွေ၊ ဘောပင်တွေလည်း ရောက်လာရတော့တာပဲ။ မြတ်ထွန်း ဖျားပြန်ရော။
စောင်ခေါင်းမြီး ခြုံပြန်ရော။

ကြက်တူရွေးတွန်သံ သတင်းတွေကို မြတ်ထွန်းက စာကြမ်းရေး၊
ကိုဌေးအောင်ကတည်းဖြတ်၊ မိုးဇော်ဦးက အချောရေးတယ်။ မူချောကို ထပ်ဆင့်မူပွားပေးမယ့် တိုက်-၄ က လူငယ်တွေဆီပို့ရတယ်။ မူချောတွေ ထပ်ပွားပြီးတဲ့နောက်တော့ ဖြန့်ဝေရေးအဆင့် ရောက်လာတယ်။ ဒီအဆင့်မှာ သာမန်အကျဉ်းသား အမြဲဆင်းလုပ်သားတွေလည်း ပါလာတယ်။ ကျွန်တော်တို့ လူငယ်တွေက စည်းရုံးထားတာ။ အမြဲဆင်းတွေက သတင်းလွှာစာမူချောတွေကို တိုက်ပေါင်းစုံလိုက်ပို့တယ်။ တစ်ခါတလေ ဝန်ထမ်းအရိပ်အယောင် မမြင်ရရင်
တိုက်နောက်ဖေး လေသာပေါက်ထဲကို ပစ်သွင်းတယ်။ သတင်းစာပို့သူတွေ အိမ်ထဲ သတင်းစာပစ်သွင်းသလို သတင်းလွှာကို ပစ်သွင်းကြတာ။

ကျွန်တော်တို့အားလုံး ပျော်နေကြတာပေါ့။ တစ်ပတ်သုံးခါလောက်
စာ ၁ဝ မျက်နှာလောက် ဖတ်နေကြရတာကိုး။ ကြက်တူရွေးတွန်သံက ဥဩတွန်သံလို တယ်နားဝင်ချိုလှပေသကိုး။

သတင်းတွေကို တစ်ခန်းချင်းလှည့်ဖတ်တယ်။ တစ်ခါတလေ ဝန်ထမ်း ရှင်းရင် အခန်းတစ်ခန်းထဲမှာ လူလေးငါးခြောက်ယောက် စုဖတ်ကြတာပဲ။ အချိန်ကုန်သက်သာတာပေါ့။ လူဆိုတာ သတင်းစကား ကြားချင်ကြတယ်။
ကြားရတဲ့သတင်းကိုလည်း ပါးစပ်ဆင့်ကမ်းလိုက်ချင်ကြသေးတယ်။ ထောင်ထဲလို နေရာမျိုးမှာတော့ ဘယ်ပြောကောင်းမလဲ။ သတင်းသံတွေက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံပေါ့။ စုံတောမြိုင်ယံမှာ ကြက်တူရွေးတွန်သံ တညံညံမြည်သလို ဖြစ်နေတော့တာပါပဲ။

ဒီလိုနဲ့ သတင်းသံတွေ ပဲ့တင်ညံလာတယ်။ တားမရ ပိတ်မရဖြစ်လာတယ်။ ကြာတော့ လက်ပိုက်ကြည့်နေရတာပေါ့။ ကိုယ့်ရဲဘော်တွေ ပျော်ပျော်
ကြီး လျှာစကြာဖြန့်နေကြတာကို ဘရိတ်မအုပ်ရက်ဘူး။ နောက်ဆုံးတော့ သတင်းခြေရာတွေ ဖုံးရဖိရ ဖျောက်ရဖျက်ရ လုပ်ရတာပေါ့လေ။ ပြည်သူ့ကိုယ်စားလှယ် ဦးကျော်သွင်ရဲ့ သားချစ်မိခင်ကြီးအမည်သုံးပြီး သတင်းနံ့
ဖျောက်ရတယ်။ ဒီအကြောင်း ကျွန်တော် ဒီစာစုတစ်နေရာမှာ ရေးပြထားပါတယ်။

ဖုံးနေဖိနေတဲ့ကြားက သတင်းလွှာရဲ့ သတင်းက ဟိုနေရာဒီနေရာ အသံတွေ တသဲ့သဲ့ထွက်လာတယ်။ (သတင်းလွှာဆိုတာ ကျွန်တော်တို့ထုတ်နေတဲ့
သတင်းစာရဲ့နာမည်) သတင်းရဲ့ သတင်းပါ။ အာဏာပိုင်တွေရဲ့ဆီ ပေါက်သွားပုံရတယ်။ ကျွန်တော်တို့ရဲ့ ကြက်တူရွေးလုပ်ငန်းလည်း ရှေ့ကဖုံး နောက်ကပေါ်ဖြစ်လာတယ်။ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်လောက်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ သတင်းနံ့တွေ တထောင်းထောင်းထွက်တယ်ဆိုရုံလောက်ပါပဲ။ ပြဿနာက ကြက်တူရွေးတွေ နှုတ်သီးပိတ်ကုန်တာပါပဲ။ တစ်ကောင်ပြီးတစ်ကောင် ထောင်ချောက်ထဲမှာ ကွိခနဲပါကုန်တယ်။ တော်သေးရဲ့။ ဘကြီးမြတ်ထွန်းရဲ့ ကြက်တူရွေးက လွတ်နေတယ်။ ထောင်လုံးညံအောင် တွန်သံပေးနိုင်ဖို့ ကျန်ရစ်နေသေးတယ်။ မိသွားတဲ့ ကြက်တူရွေးက တိုက်-၃၊ အခန်း-၁ က ကိုမျိုးမင်းဆီက တစ်ကောင်တဲ့။ အခန်း-၁၄ က ဘိုဘိုဦးဆီက တစ်ကောင်တဲ့။ (ဘိုဘိုဦး ကြက်တူရွေးကိစ္စ နောက်မှကြားရတာ။ ဟုတ်လေသလား၊ မဟုတ်လေသလားတော့ သေချာမသိ။) တိုက်-၄ က ရခိုင်ကွန်မြူနစ်ရဲဘော်ထွန်းဝင်းနဲ့အတူနေ ကိုလင်းမောင်သက်ဆိုတဲ့ လူဝကြီးတို့ဆီကလည်း တစ်လုံး မိတယ်တဲ့။

ကိုမျိုးမင်း ကြက်တူရွေးက အစောဆုံးမိသွားတာ။ တိုက်-၃ ထဲမှာ ကြက်တူရွေးတစ်ကောင်ရှိတယ်။ မကြာခဏ တွန်သံတွေကြားရဖတ်ရတယ်။ ဘာလိုသေးလဲ။ ကိုမျိုးမင်းလိုတာက ကြက်တူရွေးဖြစ်နေတယ်။ သူက ရအောင် ရှာတယ်။ အတူနေ ကိုမင်းဇင်လည်း နားထောင်တယ်။ နားထောင်ရင်း ကြက်တူရွေးက လျှာခေါက်သွားရောထင်ရဲ့။ အသံမထွက်တော့ဘူး။ ဒါနဲ့ တိုက်-၁
မှာရှိတဲ့ သူခိုးကြီးမြင့်သိန်းဆီကိုပို့တယ်။ (ကိုမြင့်သိန်းက နာမည်ကျော် ဖောက်ထွင်းဝိဇ္ဇာလေ။ စာရေးဆရာမြသန်းတင့်ရေးတဲ့ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” ဆိုတဲ့ ဖြစ်ရပ်မှန်ဝတ္ထုထဲက ဇာတ်ကောင်လေ။)

ဘယ်လိုဘယ်လိုဖြစ်ပြီး သတင်းပေါက်သွားတယ် မသိ။ ကိုမျိုးမင်း
အခန်းကို တလစီ(ရှာဖွေရေး)လုပ်တယ်။ ရေဒီယိုမိသွားတယ်။ သူ့ကိုပြစ်ဒဏ်တိုက်ပို့တယ်။ သူက အမှိုက်ပုံးထဲက ကောက်ရတာလို့ ဘူးကွယ်တယ်။ ပြစ်ဒဏ်တိုက်ကနေ သူ့မူလတိုက်ကို ပို့ဖို့တောင်းဆိုတယ်။ မရ။ သူက အစာငတ်
ခံတယ်။ သူ အစာငတ်ခံတဲ့သတင်းကြားတော့ ကျွန်တော်တို့ တိုက်-၃က တစ်တိုက်လုံး အစာငတ်ခံမယ်လို့ ကြေညာတယ်။ နောက်ဆုံးတော့ သူတိုက်-၃
ကို ပြန်ရောက်လာတယ်။ “ကိုယ့်လူ ကြက်တူရွေးနဲ့ အဆင်မပြေရင် သာလိကာသာ မွေးတော့” လို့ ဝိုင်းနောက်ကြတယ်။

တိုက်-၄ က ကြက်တူရွေးရဲ့ ထောင်ချောက်သတင်းက ဒီလို။ တိုက်-၄ ရှည်မှာ ကိုလင်းမောင်သက်နဲ့ ကိုထွန်းဝင်းအတူနေတယ်။ (တိုက်-၄ ရှည်ဆိုတာ တိုက်-၄ ရဲ့ တောင်ဘက်ခြမ်းက အခန်းတွေကိုခေါ်တာ။ မြောက်ဘက်ခြမ်းက အခန်းတွေကို တိုက်-၄တို လို့ခေါ်တယ်။)

ကိုလင်းမောင်သက်က ကျွန်တော်တို့ရဲ့ သတင်းလွှာထဲက ကြက်တူရွေးအသံနဲ့ နားအာသာမပြေဘူး။ ရုပ်ပြထဲက ကြက်တူရွေးအသံကို နားထောင်နေရသလို ထင်နေပုံရရဲ့ ။ ဒါနဲ့ ကိုယ်ပိုင်သက်ရှိ ကြက်တူရွေး ရှာသွင်းတယ်။
(သူက ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာဦးကျော်သက်ရဲ့သား။ တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေ လုပ်တယ်။)

ကြက်တူရွေးကို အတူနေ ရခိုင်နီကိုထွန်းဝင်း လက်အပ်ထားတယ်။
ကိုထွန်းဝင်က ကြားသမျှသတင်းကို ပြန်ပြောပြရတယ်။ ကြက်တူရွေးမိသွားတော့ ကိုထွန်းဝင်း အမှုသစ်တိုးတာပေါ့။ ကိုလင်းမောင်သက် ဝတ္တရားမပျက်
ပါဘူး။ ကိုထွန်းဝင်းအတွက် တရားရုံးထွက်ပြီး ကောင်းကောင်းသက်သေခံတယ်။ ကိုထွန်းဝင်း စားရေးသောက်ရေး ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးတယ်။ သူ ထောင်ထပ်မကျဘူး။ ကိုထွန်းဝင်းကတော့ မူရင်းနှစ် ၂ဝ ထောင်ဒဏ်မှာ
ခုနစ်နှစ်လားမသိ တိုးသွားတယ်။

အင်းစိန်ထောင်ထဲက ကြက်တူရွေးတွေအကြောင်း ပြောတော့ နယ်
သာလန်နိုင်ငံ အမ်စတာဒမ်မြို့က ကြက်တူရွေးကိုသတိရတယ်။ ၁၉၅၅-၅၇ လောက်မှာ ကျွန်တော် အမ်စတာဒမ်မြို့ ရောက်နေတယ်။ ကိုယ်တိုင်လည်း သတင်းငတ်တယ်။ နိုင်ငံခြားရောက်နေသူတိုင်းလည်း သတင်းငတ်တယ်။ ဒါကြောင့် “ဒို့ပြည်သတင်း”ဆိုတဲ့ သတင်းလွှာတစ်စောင် ကျွန်တော်ထုတ်တယ်။

ရန်ကုန်က သတင်းထောက်ကိုရွှေမောင်တို့၊ ကိုဘထူးတို့၊ အယ်ဒီတာ
ကိုစံလွင်တို့က သတင်းပို့ပေးတယ်။ ရန်ကုန်က မစိုးမြင့်ဆိုတဲ့ အမျိုးသမီး (ကွယ်လွန်သူ ရခိုင်စာရေးဆရာဦးသာညွန့်ရဲ့ ဇနီး)နဲ့ မန္တလေးက မြင့်မြင့်ကြီး ဆိုတဲ့ အမျိုးသမီးကလည်း သတင်းတွေပို့ပေးတယ်။ ကျွန်တော်ကိုယ်တိုင်
လက်နှိပ်စက်ရိုက်တယ်။ ဖယောင်းပုံနှိပ်တယ်။ တစ်ပတ်နှစ်ခါလောက် ထုတ်တယ်။ ကမ္ဘာအနှံ့ဖြန့်ပို့တယ်။

ပျော်လိုက်တာ။ သတင်းတွေဖတ်ရတာ ပျော်တယ်။ တခြားသူတွေ
ဖတ်ဖို့ သတင်းစာထုတ်ပေးရလို့လည်း ပိုပျော်တယ်။ ထောက်လှမ်းရေးက အင်းစိန်ထောင်ထဲမှာလည်း မကောင်းဘူး။ ထောင်အပြင်မှာလည်းမကောင်းဘူး။ ပြည်ပအထိတောင် သူတို့လက်တံက ရှည်တယ်။ “ဒို့ပြည်သတင်း”မှာ အစိုးရဆန့်ကျင်ရေးသတင်းတွေ ပါတယ်လို့ စွပ်စွဲတယ်။ ထောက်လှမ်းရေး
သတင်းအရ အစိုးရက ဆရာမောင်မောင် (ကွယ်လွန်သူ သမ္မတဟောင်း ဒေါက်တာမောင်မောင်)၊ ဆရာဦးထင်ကြီး(စာပေဗိမာန် ညွှန်ကြားရေးမှူး)တို့ကို
အမ်စတာဒမ် လွှတ်တယ်။ သတင်းစာထုတ်တာ ရပ်ခိုင်းတယ်။ ကျွန်တော် မရပ်ဘူး။ ဒါနဲ့ ကျွန်တော် နိုင်ငံခြားက ပြန်လာရတယ်။

ရန်ကုန်ရောက်တော့ ကြေးမုံသတင်းစာ တည်ထောင်ရာမှာ ပါဝင်ပြီး ကျွန်တော် အယ်ဒီတာလုပ်တယ်။ “ဒို့ပြည်သတင်း” က ဉာဏ်တွေ၊ ပညာတွေ ဟုတ်တိပတ်တိ များများစားစား မရခဲ့ပါဘူး။ ဒါပေမဲ့ သတင်းစာမာန်တွေ၊ သတင်းစာသတ္တိတွေ ဒေါင်ဒေါင်မြည် အများကြီးရခဲ့တယ်။ အဲဒီလို မာန်တွေ၊
သတ္တိတွေနဲ့ပဲ အင်းစိန်ထောင်ထဲမှာ သတင်းလွှာကို ထုတ်နိုင်ခဲ့တာပါ။

စောစောကပြောခဲ့တဲ့အတိုင်းပဲ သတင်းလွှာ ထုတ်ရာမှာ လူငယ်နိုင်ငံရေးအကျဉ်းသားတွေ အများကြီးပါဝင်ခဲ့ပါတယ်။ သတင်းလွှာက လူတစ်ယောက်တည်း လုပ်ရုံနဲ့ ပြီးနိုင်တဲ့ကိစ္စကလေးပါ။ ဒါပေမဲ့ ထောင်ထဲမှာထုတ်ရတာ။ ထောက်လှမ်းရေးရဲ့ မျက်ခုံးပေါ် စင်္ကြံလျှောက်ပြီးထုတ်ရတာ။ သတင်းပေးတွေ ဝိုင်းဝိုင်းလည်တဲ့ကြားက ထုတ်ရတာ။ ဒီလိုအလုပ်မှာ လူငယ်ပေါင်းများစွာ ပါဝင်လှုပ်ရှားကြတယ်ဆိုတာ သိပ်အရေးကြီးပါတယ်။

ဒီလုပ်ငန်းက စစ်အာဏာရှင်တွေ ထောင်အာဏာရှင်တွေကို နားရွက်
တံတွေးဆွတ်လိုက်တာပါ။ အကျဉ်းသားတွေကို မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် လုပ်နေတဲ့ အာဏာရှင်တွေရဲ့ အရှိုက်ကိုထိုးလိုက်တာပါ။ ဒါကြောင့် ဒီလုပ်ငန်းက သာမန်မီဒီယာလုပ်ငန်း သတင်းလုပ်ငန်းမဟုတ်ဘူး။ နိုင်ငံရေးလှုပ်ရှားမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းက နိုင်ငံရေးအားမာန်တွေ၊ နိုင်ငံရေးသတ္တိတွေ၊ နိုင်ငံရေး
သန္နိဌာန်တွေ ခိုင်ခိုင်မာမာ နက်နက်ရှိုင်းရှိုင်းကြီး သွတ်သွင်းပေးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လူငယ်နိုင်ငံရေး အင်အားစုတွေဟာ ဒီမာန် ဒီသတ္တိတွေ ဒီသန္နိဌာန်တွေနဲ့ အာဏာရှင်တွေရဲ့ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် အာဏာသော့ခလောက်တွေကို တစ်ပြည်လုံးနေရာအနှံ့မှာ အော်ကြီးဟစ်ကျယ်ဖြစ်ဖြစ်၊ တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ရိုက်ချိုးသွားရေးတာဝန်ကို ထမ်းဆောင်သွားနိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ ယုံတယ်။ မျှော်လင့်တယ်။ တိုက်တွန်းတယ်။

▪ နိုး သံခြေကျင်း နိုး ထမင်း

နိုင်ငံရေးအကျဉ်းသားရဲ့ နောက်ဆုံးခုခံလက်နက်ကြီးဟာ ထောင်ထဲမှာ အစာငတ်ခံတောင်းဆိုချက်ပဲဖြစ်ပါတယ်။ ဆရာတော်ဦးဝိစာရဟာ ထောင်
ထဲမှာ ရက်ပေါင်း ၁၆၆ ရက် အစာငတ်ခံခဲ့ပါတယ်။ ထောင်ထဲမှာပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ဆရာတော်ဦးဝိစာရရဲ့ နိုင်ငံရေးတိုက်ပွဲဟာ သမိုင်းပြောင်လှ
ပါပေတယ်။

နောင်အခါ ဗမာပြည်ကွန်မြူနစ်ခေါင်းဆောင် ဖြစ်လာတဲ့ သခင်
သန်းထွန်းကတော့ “အစာငတ်ခံခြင်းကား ကိုယ်ခံဘက်ကပဲ'' လို့ ဆောင်းပါး ရေးခဲ့ဘူးတယ်။ သခင်သန်းထွန်းအမြင်ကတော့ အစာငတ်ခံလက်နက်ကို
ဘာမှမရတဲ့အဆုံးကျမှ သုံးသင့်တယ်လို့ ယူဆတယ်။ “ကိုယ်ကချရတဲ့လက်နက်မျိုး ကိုင်သင့်တယ်” လို့ သူကဆိုတယ်။ သခင်သန်းထွန်းက ထောင်တွင်းအစာငတ်ခံပွဲ ဆုံးဖြတ်ချက်ကို လိုက်နာပါတယ်။ ဘုန်းကြီးတစ်ပါးကိစ္စနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တစ်ရက် အစာငတ်ခံဖို့ ဆုံးဖြတ်ခဲ့ကြ
ပါတယ်။

ကိုကိုးကျွန်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံခဲ့ကြတယ်။ အင်းစိန်၊ သာယာဝတီ၊ မြောင်းမြ၊ မန္တလေး၊ မြင်းခြံ၊ မော်လမြိုင် စတဲ့ ထောင်ပေါင်းများစွာမှာလည်း နိုင်ငံရေးအကျဉ်းသားများစွာတို့ အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြပါတယ်။

၁၉၉၅တုန်းက ကျွန်တော်လည်း အစာငတ်ခံတိုက်ပွဲဝင်ခဲ့ဘူးတယ်။
တစ်ရက်တည်းပဲ တိုက်ပွဲဝင်ချိန်ကြာခဲ့တယ်။ သခင်သန်းထွန်းရဲ့အယူအဆ အစဉ်အလာကိုလိုက်ပြီး တစ်ရက်တည်းတိုက်ပွဲဝင်တာ မဟုတ်ပါဘူး။ ထောင်
အာဏာပိုင်တွေက ကျွန်တော်တို့တိုက်ပွဲ တောင်းဆိုချက်ကို လိုက်လျောလိုက်လို့ တစ်ရက်တည်းနဲ့ တိုက်ပွဲစခန်းသိမ်းသွားတာပါ။

အစာငတ်ခံတိုက်ပွဲမှာ ကျွန်တော်နဲ့အတူ ဒီချုပ် ကိုကိုးကျွန်းပြည်သူ့
ကိုယ်စားလှယ်ဦးလှသန်းနဲ့ ကျောင်းသားလူငယ်အစုအဖွဲ့က ကိုမှိုင်းတို့ပါဝင်ခဲ့ကြပါတယ်။

အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားအုပ်စုတွေကလည်း တိုက်ပွဲသွေးဆူနေတယ်။ အာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးအခြေအနေသစ်ကို အကဲ
ခတ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကလွတ်လာလို့ နိုင်ငံရေးအင်အားစုတွေကြားမှာလည်း သွေးကြွလှုပ်ရှားလာနေတယ်။ ဒါကို ထောင်အာဏာပိုင်တွေက ကောင်းကောင်း ရိပ်စားမိနေပြီ။ ဒီလိုကိစ္စမျိုးမှာ အာဏာပိုင်တွေဟာ သိပ်နပ်ကြပါတယ်။

ကျွန်တော်တို့တိုက်ပွဲကို တစ်ရက်တည်းနဲ့ လိုက်လျောဖြေရှင်းပေးလိုက်တာဟာ အာဏာပိုင်တွေရဲ့ နပ်ကြောမိသွားလို့ပဲရယ်လို့ ပြောနိုင်တယ်။ ဒါမှမဟုတ်လည်း အောက်သက်ကြေတဲ့ ဝါရင့်ထောင်အရာရှိကြီးတစ်ယောက်
အင်းစိန်ရောက်လာတာရဲ့ အကျိုးသက်ရောက်မှုလို့ပြောနိုင်ရဲ့။ သူ့အမည်က ဦးလူလှ။ ဘယ်ထောင်က ပြောင်းလာသလဲတော့မသိဘူး။ ကျွန်တော်တို့တိုက်ပွဲဝင်ချိန်မှာ သူက တွဲဘက်ထောင်ပိုင်ဖြစ်နေတယ်။ ထောင်ပိုင်ဗိုလ်ကြီးသာဦး ဆိုသူနဲ့အတူ အင်းစိန်ထောင်ကြီးကို တွဲကိုင်နေတယ်။

ကျွန်တော်တို့တိုက်ပွဲဝင်တဲ့ကိစ္စက ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။
နိုင်ငံရေးကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ငြိနေတဲ့ကိစ္စ။ ကျွန်တော်တို့တိုက်ပေါင်းစုံ သဘောတူဆုံးဖြတ်ချက်ရှိတယ်။ နိုင်ငံရေးအကျဉ်းသားများကို သံခြေကျင်းခတ်ပြီး အပြစ်မပေးရ။

အဲဒီအချိန်မှာ တိုက်−လေးရှည်ကလား၊ တိုက်-လေးတိုကလားမသိ။
နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြစ်ဒဏ်ပေးခံရတယ်။ ကိုဗလကြီးတဲ့။ သူ့အဖေဆီ စာရေးတယ်။ သူ့ဆီက စက္ကူနဲ့ဘောပင်မိတယ်။ ပြစ်ဒဏ်ကျခံစေ။ သူ့ပြစ်ဒဏ်က ရိုးရိုးမဟုတ်ဘူး။ သံခြေကျင်းခတ်တဲ့ပြစ်ဒဏ်။

တခြားတိုက်တွေ ဘယ်လိုလုပ်ကြသလဲမသိ။ တိုက်-သုံးကတော့
တစ်ရက်ထမင်းမယူဖို့ ဆုံးဖြတ်တယ်။ တစ်ရက်အစာငတ်ခံမယ်။ ကိုဗလကြီးကို နေရင်းတိုက်၊ နေရင်းအခန်းပြန်ပို့ပေး။ သံခြေကျင်းဖြုတ်ပေး။ ဒါပဲ။

အာဏာပိုင်တွေက ငြင်းတယ်။ တောင်းဆိုတာတွေ ဘာတစ်ခုမှမပေး။ ထောင်ပိုင် ဗိုလ်ကြီးသာဦးရဲ့ အမိန့်နဲ့တူရဲ့။

ထမင်းမယူဘူးဆိုတာ ဟုတ်သလား။ တိုက်-သုံးမှာ အခန်း-၁၄
စမေးလာတယ်။ တခြားအခန်းတွေ ဘယ်လိုဖြေကြသလဲတော့မသိ။ ကျွန်တော့်အခန်း-၂ကို မေးတဲ့အရာရှိတွေ ရောက်တယ်။ ဟုတ်တယ်။ မယူဘူးလို့ ကျွန်တော် ဖြေလိုက်တယ်။

ကျွန်တော့်ကို ခေါင်းစွပ်နဲ့ တိုက်ရုံးခေါ်တယ်။ မေးတယ်။ စစ်တယ်။
တိုက်ရုံးအပြင်ဘက် နေပူထဲမှာ ရပ်ခိုင်းထားတယ်။ ကျွန်တော့်ပါးစပ်က ဆူသံပူသံတွေ ထွက်လာတော့ တိုက်-ခြောက်ကို ခေါ်သွားတယ်။

တိုက်-ခြောက် အခန်း-၁ဝ မှာ ထောင်စစ်ကြောရေးအခန်းဖွင့်ထားတယ်။ အထူးဆောင်ထဲက ထောက်လှမ်းရေး စစ်ကြောရေးကိုမပို့ဘူး။ တွဲဘက်ထောင်ပိုင်ဦးလူလှ ရုံးထိုင်နေတယ်။ ဦးလူလှက ကရင်လူမျိုး။ စကားပြော
ညင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံး ချော့လုံးတွေအများကြီး ပြောတယ်။

“သူ့သံခြေကျင်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

“နောင်ကျရင် သူ့သံခြေကျင်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”

ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။

“ခင်ဗျားကို တိုက်-ငါးပို့မယ်”

တိုက်-ငါးဆိုတာက တိုက်-လေးရဲ့ ရှေ့ဘက်၊ တိုက်-ခြောက်ရဲ့ဘေး
ဘက်မှာရှိတယ်။ ယုဝတီဆောင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့တိုက်။
မိကျောင်းတိုက်ရယ်လို့လည်း လူသိများတယ်။ ယုဝတီဆောင်လို့ခေါ်တာက ဒဏ်ခံရသူတွေကို နာမည်ခေါ်ရင် ရှင်လို့ထူးရတယ်။ ဗျာမထူးရ။ ယောက်ျားဘသားတွေ လုံးရာက ပြားသလိုဖြစ်ရတယ်။ ဖိုသတ္တဝါရဲ့ ဂုဏ်မာနကိုချိုးနှိမ် သိက္ခာချတာ။ လူသားဂုဏ်ရည်ကို ဖဲ့ချွေတာ။ မိကျောင်းတိုက်လို့ခေါ်တာက ဒီလို။ မြေနီခဲကျိုးခဲကျေ ခဲချွန်တွေခင်းထားတဲ့ တိုက်ရှေ့ကွက်လပ်မှာ ဝမ်းလျားမှောက်၊ တံတောင်ထောက်၊ မိကျောင်းသွား သွားရလို့ ခေါ်တာတဲ့။

“တိုက်-ငါးပို့ရင် ကျုပ် အစာငတ်ခံမယ်”

ကျွန်တော် အော်ပြောတယ်။ ဦးလူလှဘေးမှာ ရပ်နေတဲ့ သုံးရစ်ဝန်ထမ်း ကျွန်တော့်ကို မာန်တယ်။ “ဟေ့လူ ဒီလိုမအော်နဲ့” တဲ့။ “မင်းနဲ့ဘာဆိုင်လို့ ဝင်ပြောရတာလဲ။ မင်းထောင်ပိုင်လား။ သူ ထောင်ပိုင်လား”။ ကျွန်တော်က ဦးလူလှကို လက်ညှိုးငေါက်ငေါက်ထိုးတယ်။ ဦးလူလှက ငြိမ်ပါတယ်။ အခန်း
၁ဝ ရှေ့မှာ ရပ်နေကြတဲ့ ဝန်ထမ်းတွေကိုခေါ်တယ်။ ကျွန်တော့်ကို တိုက်-ငါး အခန်း-၁၈ ကို ပို့ခိုင်းတယ်။

ကျွန်တော် အခန်းကို လှည့်ကြည့်တယ်။ သေးအိုးတစ်လုံးပဲရှိတယ်။
ဘာပစ္စည်းမှမရှိ။ ထောင်မှူးဦးလှဆိုတဲ့ ကုလားအိုကြီးရောက်လာတယ်။ အရိပ်အကဲကြည့်ပြီးပြန်သွားတယ်။ ခဏကြာတော့ ထမင်းပုံစံတစ်ခွက်နဲ့ ပဲဟင်း
မဲမဲတစ်ခွက် လာပို့တယ်။

“ပြန်ယူသွား။ မစားဘူးကွ။ အစာငတ်ခံမယ်။ ထောင်ပိုင်ကို ပြောခဲ့ပြီးပြီ”

ဦးလူလှကရော၊ ထမင်းလာပို့တဲ့ ဝန်ထမ်းကရော ဘာမှမပြောဘူး။ ထမင်းဟင်းခွက်ချတယ်။ လှည့်ထွက်သွားကြတယ်။

“ဟေ့ကောင် ပြန်ယူ။ မယူရင် ငါကန်ထုတ်ပစ်မယ်”

ပြောမရဘူး။ ထမင်းပန်းကန်တွေ ကျွန်တော် ကန်ကျောက်ပစ်လိုက်တယ်။ ခြေထောက်တောင် နာရော။ အခန်း-၁၆ က အသံထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျွန်တော့်ကို မေးတယ်။ “တိုက်-သုံးက ဦးဝင်းတင်ဗျို့'' လို့ ပြောလိုက်တယ်။ “ဟာ ဆရာ” ဆိုတဲ့အသံ ကြားရတယ်။ ဘာဖြစ်နေတာလဲတဲ့။

“ကျုပ် အစာငတ်ခံနေတာဗျို့။ ထမင်းဟင်းတွေ အတင်းလာပေးနေလို့ စကားများနေတာ”

အခန်း-၁၆ ထဲကလူက ဘာစကားမှမပြန်။ ရှေ့မျက်နှာစာမှာရှိတဲ့
တိုက်-လေးဆီကို သံကုန်ဟစ်တယ်။ သံကုန်သာဟစ်တယ်။ သူ့အသံက သိပ်မကျယ်။ လူက ကျန်းမာပုံမရ။

“ဟေး ဦးဝင်းတင် HS ဝင် (အစာငတ်ခံ) နေပြီ" လို့ သံကုန်ဟစ်တယ်။ ခဏကြာတော့ သူနဲ့တစ်ခန်းခြားလို့ထင်ရတဲ့ နေရာက အကျဉ်းသားတစ်ယောက်က သံကုန်ဟစ်ပြန်ရော။

“အဘဦးဝင်းတင် HS ဝင်နေပြီဟေ့”

တိုက်-လေးကလူတွေက နောက်ဘက်မှာရှိတဲ့ တိုက်-သုံးကို သံကုန်
ဟစ်တယ်။ တိုက်-သုံးက နောက်ဘက်မှာရှိတဲ့ ကြိုးတိုက်ကိုသံကုန်ဟစ်တယ်။ ကြိုးတိုက်က နောက်ဘက်မှာရှိတဲ့ တိုက်-တစ်ကို သံကုန်ဟစ်တယ်။ ဒီလိုနဲ့ တိုက်ဝင်းတစ်ခုလုံး ဆူသွားတယ်။

တော်ကြာမှ သိရတာက အခန်း-၁၆ က ဦးလှသန်းနဲ့ အခန်း-၁၄ က ကိုမှိုင်းတို့လည်း ဒီသံခြေကျင်းကိစ္စနဲ့ ပြစ်ဒဏ်တိုက်ကို ရောက်နေကြတာတဲ့။
ဦးလှသန်းနဲ့ကျွန်တော် စကားမပြောမိခင် စောစောပိုင်းမှာ ညာဘက် တစ်ခန်းကျော်ကလူနဲ့ ကျွန်တော်ချိတ်မိတယ်။ “ဗျို့... ညာဘက်ခန်းမှာ လူရှိလား။ ကျွန်တော် ဝင်းတင်ပါ” လို့ အော်ပြောတယ်။ အခန်း-၂ဝ က လူက ကျွန်တော် ကျွဲကြီးပါလို့ဖြေတယ်။

“ကျွဲကြီးဆိုရင် ပြောစမ်းပါဦး ကိုရင့်အကြောင်း" လို့ ကျွန်တော် ဖိတ်
ခေါ်တယ်။

သူကလည်း ဟက်ဟက်ပက်ပက်ပါပဲ။ “ပြောမယ်ဗျို့။ ညကျမှပြောပြမယ်။ အခု ရုံးထွက်ရတော့မယ်။ လာခေါ်နေပြီ”လို့ ပြန်အော်တယ်။ တံခါးဖွင့်သံကြားရတယ်။ လူရိပ်တွေမြင်ရတယ်။ ပြီးတော့ အသံတိတ်သွားရော။

ဒါနဲ့ ဦးလှသန်းနဲ့ ကျွန်တော် ချိတ်မိတာ။ HS သံကုန်ဟစ်သံတွေ တိုက်ဝင်းလုံး ညံသွားတာ။

ညနေ ၆ နာရီလောက်မှာမှ ထောင်မှူးဦးလှ ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော့်ကို တိုက်-သုံးပြန်ပို့မယ်တဲ့။ “ဟုတ်လား။ ကောင်းပေါ့ဗျာ။ ပြစ်ဒဏ်က လွတ်ငြိမ်းပလား”လို့ မေးတော့ ဟုတ်ကဲ့တဲ့။

ကျွန်တော် တိုက်-သုံးပြန်ရောက်တယ်။ ထောင်မပိတ်သေး။ ညနေလမ်းလျှောက် အခန်းဖွင့်ထားသူတွေ ကျွန်တော့်ဆီ ဝိုင်းလာကြတယ်။ မေးကြ မြန်းကြတယ်။ အဲဒီအချိန်ကျမှ ဝန်ထမ်းတချို့ ရောက်လာတယ်။ တိုက်-ငါးကို လိုက်ခဲ့ပါဦးတဲ့။

“ဟ... မင်းတို့ဟာက ဘယ်လိုဖြစ်ပြန်တာတုန်း။ ခုလွှတ်-ခုပြန်ဖမ်းလား”

ကျွန်တော် ဒေါသထွက်သွားတယ်။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပြန်
ပလားလို့ တွေးမိတယ်။ ဒီလိုသာ ကသိကအောက်လုပ်ရင်တော့ ကျွန်တော် ခံမနေဘူး။ တိုက်ဆူအောင် လုပ်ပစ်မယ်လို့ စိတ်ကူးမိတယ်။

“မဟုတ်ပါဘူး အဘရဲ့။ မဟုတ်ပါဘူး။ အဘပစ္စည်းတွေ ပြန်သယ်ပေးမလို့။ ပစ္စည်းစုံမစုံ လာစစ်ပေးပါ”

ဝန်ထမ်းတွေက တောင်းပန်တယ်။

“ဟေ့ စစ်စရာမလိုဘူး။ သယ်တုန်းကလည်း မင်းတို့ဘာသာ သိမ်းကျုံးသယ်တာ။ ခုလည်း မင်းတို့ သယ်ချင်သလိုပြန်သယ်။ ပျောက်တာရှတာရှိရင် မင်းတို့တာဝန်”

ကျွန်တော်တို့တိုက်ပွဲနိုင်ပြီပဲ။ မာမာပေါ့။ ဦးလှသန်းတို့၊ ကိုမှိုင်းတို့လည်း နေရင်းအခန်း ပြန်သွားကြရပြီတဲ့။

ကိုဗလကြီးလည်း သံခြေကျင်းကျွတ်ပြီတဲ့။ နေရင်းအခန်းပြန်ရောက်ပြီတဲ့။ ပြီးရောပေါ့။

နာသွားတာလေးတစ်ခုပဲရှိတယ်။ ကျွဲကြီးနဲ့ စကားမပြောလိုက်ရတာ။ ကာယကံရှင်ကိုယ်တိုင်ရဲ့ ဇာတ်ကြောင်းပြန်လေးကို အသေးစိတ်နားထောင်ချင်တာ။

ကျွဲကြီးဆိုတာက ၁၉၉၄ မိုးတွင်းကြီးမှာ အင်းစိန်ထောင် အုတ်တံတိုင်းကြီးကိုကျော်တက် ခုန်ဆင်းသွားတဲ့ ဟီးရိုး။

အင်းစိန်ထောင်သက် နှစ်ပေါင်း ၁၀၀ ကျော်မှာ ပထမဆုံးထောင်ကျော် ပြေးနိုင်တဲ့သူ။ တခြားအဖော်တစ်ယောက်လည်း သူနဲ့ပါသေးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။

တီဗွီအဖွဲ့တွေ ထောင်ထဲရောက်လာတယ်။ ကျွဲကြီးရဲ့ စွန့်စားခန်းကို
ရုပ်ရှင်ကားရိုက်တယ်။ ဘယ်လိုရိုက်သလဲ။ ဘယ်မှာပြသလဲ။ အသေးစိတ်တော့ ကျွန်တော်တို့မသိ။

ကျွဲကြီးသတင်းကတော့ ထောင်ထဲမှာ ဟိုးဟိုးကျော်ပဲ။ ရုပ်ရှင်ရိုက်တာ မြင်နေတွေ့ နေရတော့ ဟိုးဟိုးကျော်ရာကနေ ဟိန်းဟိန်းကျော်သွားတော့တာပေါ့။

ဒီလိုသတင်းဆန်းတွေ ကြားရတော့လည်း ထောင်ဆိုတာ ပျော်စရာကြီးပါပဲလား။ ရယ်စရာကြီးပါပဲလား။

လူ့ငရဲဘုံကြီး နောက်ကောက်ကျသွားတယ် ပြောမလား။ မျက်ဖြူဆိုက် သွားတယ်ဆိုမလား။ ခါးကလိထိုးခံရတယ် ခေါ်မလား။

(ဟံသာဝတီ ဦးဝင်းတင်၊ ဘာလဲဟဲ့...  လူ့ငရဲ ပီဒီအက်ဖ် စာမျက်နှာ ၇၁ - ၉၅)

စာရိုက် - ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်