ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း၊ ပြည်တွင်းစစ်နှင့် ရှင်သေမင်း 🖋 ကြေးမုံဦးသောင်း
ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း၊ ပြည်တွင်းစစ်နှင့် ရှင်သေမင်း
ကြေးမုံဦးသောင်း
▪ ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း
မြန်မာနိုင်ငံတွင် ယနေ့အထိ တောက်လောင်နေသော ပြည်တွင်းစစ်မီးကြီးကို စတင်ပြီး မီးရှို့ခဲ့သူမှာ နိုင်ငံရေးအစွန်းထွက်ပြီး များစွာ အယူသည်းသူ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးဖြစ်သည်။
ကမ္ဘာစစ်ဦးကာလကမူ အင်္ဂလိပ်အစိုးရ၏ အကျဉ်းသားအဖြစ် မြင်းခြံထောင်တွင် ထောင်နန်းစံနေသူ ဖြစ်ပါလျက် “အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာစစ်ကြီးမှာ ဖက်ဆစ်အင်အားစုနှင့် ဒီမိုကရေစီအားအင်တို့ ရင်ဆိုင်တိုက်ကြရသည် ဖြစ်သောကြောင့် မြန်မာများ ဒီမိုကရေစီ အင်္ဂ လိပ်အစိုးရကို ကူညီကြပါစို့” ဟု နိုင်ငံရေးစစ်တမ်းထုတ်ခဲ့သည်။ ဂျပန်ကို အကူအညီမပေး ကြရန် လမ်းစဉ်ချမှတ်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ကြီးကို ၁၉၄၁ ခုနှစ်က မျိုးစေ့ချ တည်ထောင်ခဲ့သည်။
ဂျပန်စစ်တပ်နှင့် ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို တိုက်ခိုက်နေကြသူတို့လည်း စိုးကြီး၏ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လက်ခံအားပေးခဲ့သဖြင့် ဖဆပလအဖွဲ့ချုပ်ကြီး ပေါ် ထွန်းလာခဲ့သည်။ စိုးက နိုင်ငံရေး ခေါင်းဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ခေါင်းဆောင် အဖြစ် တာဝန်ယူကာ လှုပ်ရှားခဲ့ကြသည်။
စစ်ကြီးပြီးသွားသောအခါတွင် ဖဆပလအဖွဲ့ကြီးသည် ကြီးမားသော နိုင်ငံရေးတပ် ပေါင်းစုကြီးအဖြစ် လွတ်လပ်ရေးတိုက်ပွဲကို ဆက်လက်တိုက်ခဲ့ကြသည်။ ဒီမိုကရေစီနည်းကို အသုံးပြုပြီး အင်္ဂလိပ်အစိုးရထံ လွတ်လပ်ရေး ဈေးဆစ်ခဲ့ကြသည်။ ခက်သည်မှာ သခင်စိုးက အင်္ဂလိပ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးတောင်းဆိုသော လမ်းစဉ်ကို မယုံကြည်၊ လက်နက်နှင့် တော်လှန်ခြားနားမှသာ စစ်မှန်သည့် လွတ်လပ်ရေးကို ရရှိနိုင်မည်ဟု သူက ယူဆသည်။
ပြင်းထန်တင်းမာသော သူ၏ အယူအဆများ လက်မခံနိုင်ကြသဖြင့် သခင်စိုးကို ကွန်မြူ နစ်ပါတီကရော၊ ဖဆပလအဖွဲ့ချုပ်ကပါ ထုတ်ပယ်ခဲ့ကြသည်။ သူက ငြိမ်ခံသူမဟုတ်၊ အလံနီ ကွန်မြူနစ်ပါတီအမည်နှင့် စင်ပြိုင်ပါတီတရပ် တည်ထောင်ပြီး မြန်မာ့နိုင်ငံရေးလောကတခုလုံး ခလောက်ဆန်အောင် ပြင်းထန်စွာ လှုပ်ရှားခဲ့လေသည်။
အိုးအိမ်မဲ့များအဖို့ တွေ့ရာ၊ မြင်ရာ မြေကွက်မှာ နေပိုင်ခွင့်ရှိသည်ဟုဆိုကာ အစိုးရပိုင် မြေကွက်များနှင့် ပိုင်ရှင်ရှိသော အခြားမြေကွက်များတွင် သူကိုယ်တိုင် တူရွင်းတချောင်းနှင့် တွင်းတူး၊ တိုင်စိုက်ပြီး တဲများ ဆောက်ပေးခဲ့လေသည်။ အလံနီပါတီက ဦးစီးကာ ရန်ကုန်မြို့လယ်တွင် ပစ္စည်းမဲ့တို့၏ ရပ်ကွက်များ တည်ထောင်ပေးခဲ့လေသည်။ နယ်ချဲ့အစိုးရနှင့် လက်ပါးစေများသည် ပစ္စည်းမဲ့လူတန်းစားကို မုချအရှုံးပေးစေရမည်ဟု သခင်စိုးက ကြွေးကြော်ပြီး
တည်ဆောက်သော ရပ်ကွက်မှာ အလံပြဘုရားလမ်းမှ မင်းမနိုင်ရပ်ကွက်ဖြစ်လေသည်။ ဖဆပလ
ရပ်ကွက်၊ နောက်အစိုးရက ဆောက်သော ဖဆပလတိုက်တန်းမှာလည်း သခင်စိုး၏ တူရွင်းဖျားမှ ပေါ်လာခဲ့လေသည်။
အိုးမဲ့အိမ်မဲ့ ပြဿနာမှ အလုပ်သမားပြဿနာအထိ ပြဿနာအဝဝကို အလံနီကွန်မြူနစ်ပါတီက ဝင်ရောက်ဖြေရှင်းလေ့ရှိသဖြင့် ထိုအချိန်က နေ့စဉ်သတင်းစာတို့တွင် မည်သည့်ရုံး၊ မည်သည့်ဆိုင်ကို အလံနီဝိုင်းခြင်း စသော သတင်းများကို နေ့စဉ် သတင်းစာတို့တွင် အထပ်ထပ် ဖတ်ရှုနေကြရသည်။
တနေ့တွင် ခေါင်းဆောင်ကြီး သခင်စိုးက နောက်မယားယူသဖြင့် မယားကြီးဖြစ်သူ
ဒေါ်ခင်စီက (၃၃) လမ်းရှိ အလံနီဌာနချုပ်သို့ သွားကာ ရန်တွေ့လေသည်။ ထိုသတင်းကို ဗမာ့ခေတ်သတင်းစာက ဟာသပြုကာ ခေါင်းစဉ်တပ်သည်မှာ ပွဲကျသွားခဲ့လေသည်။ ဗမာ့
ခေတ်၏ သတင်းခေါင်းစဉ်မှာ “အလံနီဌာနချုပ်ကို ဒေါ်ခင်စီ ဝိုင်းခြင်း” ဟူ၏။
ဖဆပလအဖွဲ့ကြီးက ဆွေးနွေးဈေးဆစ်နေကြချိန်တွင် စိုးကြီးက မင်းမဲ့တိုက်ပွဲများ ဆင်နွှဲနေသောကြောင့် ဖဆပလ အစိုးရပင် ဖြစ်စေကာမူ အင်္ဂလိပ်အစိုးရအဖို့ ပိုမိုအလုပ်များ ရလေ
သည်။ ဖဆပလနှင့် အင်္ဂလိပ်အစိုးရတို့ ဆွေးနွေးမှုတွင်လည်း မြန်မာ့ဘက်မှ အထောက်အကူရ
ခဲ့လေသည်။ အလံနီတို့က ရန်ကုန်တမြို့လုံးတွင် တဲဆောက်ပွဲများ၊ ဆန္ဒပြပွဲများ ဆက်တိုက် ကျင်းပလာရာမှ တနေ့တွင် “အင်္ဂလိပ်တို့၏ အုပ်ချုပ်မှု စက်ယန္တရားကြီးကို အသက်အသေ ခံပြီး ရပ်ဆိုင်းကြမည်” ဟု ကြွေးကြော်ပြီး အတွင်းဝန်များရုံးကို ဝိုင်းကြလေတော့သည်။ “သေရဲတာ အလံနီဟေ့” ဟု အော်ဟစ်ပြီး အတွင်းဝန်ရုံးကို ဝိုင်းပြီး ဆန္ဒပြကြသည်။ အလံနီတို့အား ပုလိပ်များက မီးသတ်ရေပိုက်များနှင့် လူစုခွဲကြရလေသည်။ ပွဲကြည့်ပရိသတ်က “ရေရွှဲတာ အလံနီဟေ့” ဟု အော်ဟစ်လှောင်ပြောင်ရင်း အားပေးကြ၏။ ဘေးလူများအဖို့ အန္တရာယ်မရှိသောကြောင့် ဒီမိုကရေစီခေတ်က ဆန္ဒပြပွဲများကို လူထုက ဝိုင်းကြည့်လေ့ရှိ
ကြသည်။ ရယ်ကြ၊ မောကြ၊ လက်ခုပ်လက်ဝါး တီးကြနှင့် အားပေးလေ့ရှိကြသည်။ ရန်ကုန်လူထုအဖို့ ပျော်ပွဲရွှင်ပွဲတမျိုးပင်။
အလံနီများ သောင်းကျန်းလွန်းသဖြင့် ထိုနေ့တွင်ပင် အလံနီပါတီကို အစိုးရက မတရားအသင်းကြေညာပြီး ခေါင်းဆောင်များကို လိုက်လံဖမ်းဆီးတော့သည်။ စိုးကြီးနှင့် အလံနီများ
တို့သည် အပြေးကလည်း ကောင်းပေသည်။ အတွင်းဝန်များရုံးမှ တပ်ခေါက်ပြီး ရွှေတိဂုံကုန်း
တော်ပေါ်အရောက် ပြေးနိုင်ကြသည်။
စေတီတော်၏ အရိပ်ကို ခိုမိကြသည်နှင့် တပြိုင်နက် ဘေးမဲ့သတ္တဝါများ ဖြစ်သွားကြတော့သည်။ ဒီမိုကရေစီခေတ်က အစိုးရတို့သည် သာသနာတော်ကို ရိုသေပြီး လူ့အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ပေးလေသဖြင့် ကုန်းတော်ပေါ်သို့ တက်ပြီး ဖမ်းလေ့ဆီးလေ့မရှိစေကာမူ နိုင်ငံတော်အစိုးရက မတရားသင်းကြေညာထားသဖြင့် သခင်စိုးနှင့် နောက်လိုက်များကို
ဖမ်းဆီးရန် ကုန်းတော်ပေါ် ခြေတော်ရင်းတွင် ပုလိပ်တပ်များ တပ်စွဲပြီး ဝိုင်းထားကြပါလေသည်။ မုခ်ကြီးလေးမုခ်တွင် ပုလိပ်စခန်းဖွင့်ပြီး ဆင်းသူတက်သူများကို စစ်ဆေးနေလေသည်။
ထိုအချိန်က တင်မောင်၏ တာဝန်မှာ မတရားသင်းခေါင်းဆောင်ကြီး ဆင်းလာသဖြင့် ဖမ်းမိလျှင် သတင်းဓာတ်ပုံရိုက်ပြီး သတင်းယူရန်ဖြစ်သည်။ စိုးကြီးဆင်းလာမည်ဟု ယူဆ
သော စောင်းတန်း၌ ပုလိပ်အရာရှိများနှင့်အတူ စခန်းချပြီး ပုလိပ်မင်းရော၊ သတင်းထောက်များပါ မအိပ်မနေ လူလဲနှင့် စောင့်ခဲ့ကြရသည်။ (၅) ရက်တိုင်တိုင် ဆက်တိုက်စောင့်ကြရာတွင် တရုတ်ကဲ့သို့ ဝတ်ဆင်ကာ ဆင်းလာသူ တတိယတန်းခေါင်းဆောင် (၂) ဦးကို ဖမ်းမိသည့်
သတင်းသာ ရေးနိုင်ခဲ့သည်။
(၆) ရက်မြောက်သောနေ့ နံနက်တွင်မူ သခင်စိုး လွတ်သွားပြီဟု သတင်းထူးကြီးကို
တင်မောင်တို့ ဗမာ့ခေတ်သတင်းစာတွင် ဖော်ပြလိုက်လေသည်။ သခင်စိုးကြီး ခေါင်းတုံးတုံးပြီး
စကောတချပ်ကို ရွက်ကာ မယ်သီလရှင်အသွင်နှင့် ဝတ်ဆင်ပြီး ဆင်းခဲ့သည်ကို ပုလိပ်များနှင့်တကွ သတင်းထောက်များပါ မသိလိုက်ကြဟု အသေးစိတ်ဖွဲ့နွဲ့ပြီး ရေးသားထားသည်။ ပုလိပ်များရော၊ သတင်းထောက်များကပါ စိတ်ဓာတ်ကျသွားတော့ကာ အထက်အမိန့်အရ ပုလိပ်တပ်များ ရုပ်သိမ်းသွားတော့သည်။
ထိုသတင်းသည် သတင်းမှန်မဟုတ်။ အယ်ဒီတာချုပ် ဦးအုန်းခင်က စိတ်ကူးနှင့် ဖန်
တီးရေးသားသည်ဟု နောက်မှ သိကြရသည်။ သတင်းလိမ်ကြောင့် ပုလိပ်များ ရုပ်သိမ်းသွားတော့မှ စိုးကြီးနှင့် အဖွဲ့တို့သည် ကုန်းတော်ပေါ်က လွယ်ကူစွာ ဆင်းပြေးနိုင်ခဲ့သည်။
ဦးအုန်းခင်နှင့်တကွ ဗမာ့ခေတ်သတင်းစာတို့သည် ကွန်မြူနစ်ဝါဒကို လက်မခံဟု အတိအလင်းကြေညာပြီး လက်ဝဲဆန့်ကျင်ရေးကို ရေးသားနေသော သတင်းစာဖြစ်သော်လည်း
ဦးအုန်းခင်နှင့် သခင်စိုးတို့သည် များစွာ ရင်းနှီးသည့် မိတ်ဆွေများဖြစ်ကြသည်က တကြောင်း၊ အလံနီတို့ ဇွဲ၊ သတ္တိကို လေးစားသည်က တကြောင်းတို့ကြောင့် တတ်နိုင်သမျှ ကူညီလေ့ရှိ
သည်။ အလံနီခေါင်းဆောင်များသည် အဖမ်းခံရလျှင် အစာငတ်ခံတိုက်ပွဲကို ဆင်နွှဲလေ့ရှိသည်။ သူတို့ ထောင်ထဲမှာ သေလေမည်ကို အစိုးရက စိုးရိမ်သောကြောင့် တိုက်ပွဲဝင် အလံနီများ အားအင် အထူးဆုတ်ယုတ်နေချိန်တို့၌ နံနက်စောစောတို့တွင် ထောင်ပြင် ပလက်ဖောင်းများ
ပေါ်စွန့်ပစ်ထားလေ့ရှိသည်။ အဖမ်းခံရသူ အလံနီများနှင့် ထောင်ဆရာဝန်တွေပါ ပြင်ပလောကနှင့် အချိတ်အဆက်ကောင်းသောကြောင့် ဗမာ့ခေတ်က အမြဲကြိုတင်သိပြီး ထိုသို့စွန့်ထားသူ
လမ်းဘေးပလက်ဖောင်းပေါ်မှ လူနာများကို ဗမာ့ခေတ်သို့ သယ်ယူပြီး တိုက်အပေါ်ထပ်၌ တင်ကာ ဆေးကုပေးလေ့ရှိသည်။ ပုလိပ်များက သိကြစေကာမူ မျက်စိမှိတ်ထားကြသည်။
ပုလိပ်တို့သည်လည်း လွတ်လပ်ရေးတိုက်ပွဲဝင်များ ဖြစ်ကြသည်။ ဒီမိုကရေစီခေတ်က နိုင်ငံရေးလှုပ်ရှားမှုများသည် ကြည်နူးဖွယ်၊ ပျော်ဖွယ်၊ ချစ်စဖွယ်ကောင်းလှပေသည်။ ဤတချီတွင် ဦးအုန်းခင်က အကျဉ်းအကျပ်တွေ့နေသော သူ၏ မိတ်ဆွေကို မဟုတ်သတင်းရေး
ပြီး ကယ်တင်လိုက်လေရာ ယင်းလုပ်ကြံသတင်းသည် အမေရိကန်တိုင်းမ်မဂ္ဂဇင်းက ဖော်ပြရလေသည်အထိ ကမ္ဘာကျော်သွားတော့သည်။
တင်မောင်အဖို့ ဘဝင်မကျသဖြင့် သတင်းစာကျင့်ဝတ်ကို ချိုးဖောက်သည်ဟု ဦးအုန်းခင်အား စွပ်စွဲကာ ဝေဖန်သောအခါတွင် သူ၏ အဖြေမှာ “ငါ့လခွေး၊ တို့က အင်္ဂလိပ်ကို တိုက်
နေတာကွ၊ အလံနီတွေ ခလောက်ဆန်တာတွေက အောင်ဆန်းတို့ ဖဆပလကို အထောက်အကူ ဖြစ်စေတယ်ကွ” ဟူ၏။
မည်သို့ပင် သူက ထုချေနိုင်စေကာမူ မဟုတ်မမှန်သတင်းကို ရေးသားမှုသည် သတင်းစာအဖို့ ပါရာဇိက ကံထိုက်သည်။ ထိုပြင် နောက်ပိုင်း ဖြစ်ပျက်လာသော ကွင်းဆက်သတင်း
များကိုလည်း ပြန်ပြီး သုံးသပ်သင့်ပေသည်။
သခင်စိုးနှင့် အလံနီများအဖို့ ဗမာ့ခေတ်သတင်းလိမ်၏ အကူအညီနှင့် ၁၉၄၇ ခု၊ ဇန်
နဝါရီလ (၂၆) ရက်နေ့က ရွှေတိဂုံကုန်းတော်ပေါ်မှ ဆင်းပြီး တိုက်ရိုက်တောခိုကြသည်။ ပြည်တွင်းစစ်မီးကြီး၏ အမွန်အစ မီးပွားများ ဖြစ်လာခဲ့သည်။ သူတို့သည် (၁၅) နှစ်တိုင်တိုင် လက်
နက်ကိုင် သူပုန်များအဖြစ် တောတွင်းသို့ ရောက်သွားကြသည်။ ၁၉၆၂ ခု၊ နိုဝင်ဘာလတွင်မှ
ဗိုလ်နေဝင်း၏ တော်လှန်ရေးအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်လေမှ ရက်အနည်းငယ်သာ မြို့ပေါ်ပြန်ကာ ရက်အနည်းငယ်မျှ ခြေချနိုင်ခဲ့သည်။ အလံနီ တောခိုပြီးနောက် အလံဖြူများနှင့် လူမျိုးစုများပါ သူပုန်ထခဲ့ကြသည်။ စစ်တပ်က အပြီးအနိုင် မတိုက်နိုင်သကဲ့သို့
သူပုန်များကလည်း အနိုင်မတိုက်နိုင်ခဲ့သောကြောင့် ပြည်တွင်းစစ်မီးကြီး ကြာရှည်လာပြီး စစ်
အာဏာရှင်စနစ် ပေါက်ဖွားလာခဲ့ရသည်။
သခင်စိုးအဖို့ ပထမအင်္ဂလိပ်အစိုးရကို တိုက်သည်ဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာဒီမိုကရေစီအစိုးရများကို တိုက်ခဲ့သည်။ ပစ္စည်းမဲ့များကို အစစ်အမှန် ချစ်မြတ်နိုးကာ နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုသည်မှာ မှန်ကန်သည်ဆိုစေကာမူ ဆင်စွယ်ရွာအမည်ရှိ ရွာစွန်
ကလေးတခုမှ ဆင်းရဲသား လယ်သမားအားလုံးတို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူး
လွန်မိသည်လည်း ရှိသည်။
၁၉၇၇ ခုက ဦးအုန်းခင်နှင့် တွေ့စဉ်က သူ၏ သတင်းလိမ်တခု၏ အကျိုးဆက်ကို ဆွေးနွေးမိပြန်သည်။ ဇွဲအင်းဂူတွင် တရားထိုင်နေပြီဖြစ်သော ဦးအုန်းခင်က ဟေတုပစ္စယော အဘိဓမ္မာကို ရွတ်ဆိုပြပြီး ပြောပြသည်။ “ဒီအဖြစ်အပျက် အကျိုးဆက်တွေမှာ ငါရေးတဲ့သတင်းက
တစိတ်တမှုန့်သော အကြောင်းတရားတခုအဖြစ် ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် အကျိုးတရား မှန်သမျှတို့ဟာ အကြောင်းတရားတခုအပေါ်မှာသာ မတည်ဘူး။ မြောက်မြားလှတဲ့ အကြောင်း
တရားများကို အခြေခံပါတယ်” ဟု ဖြေလေသည်။
🔳
▪ ပြည်တွင်းစစ်နှင့် ရှင်သေမင်း
၁၉၂၇ ခုနှစ်က မြန်မာနိုင်ငံသို့ ကွန်မြူနစ်ဝါဒ မျိုးစေ့ရောက်ရှိခဲ့၏။ စတင်ပျိုးထောင်ခဲ့သူမှာ ဟင်္သာတမှ မြေပိုင်ရှင်တဦး၏သား ကိုကျော်ဦးဆိုသူ ဖြစ်သည်။ အင်္ဂလန်သို့သွားကာ
ဥပဒေပညာသင်ကြားရာမှ ဝတ်လုံ ဦးကျော်ဦးအဖြစ် ပြန်လာစဉ်က ဥရောပတွင် ခေတ်စားနေသော ဝါဒကို ယူဆောင်လာခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကိုမူ ၁၉၃၉ ခုနှစ်၊ သြဂုတ်လ
(၁၅) ရက်နေ့တွင် စတင်တည်ထောင်သည်။ ဗဟိန်း၊ သိန်းဖေ၊ လှဖေတို့ ပါဝင်ပြီး အောင်ဆန်းက အတွင်းရေးမှူး။ ထိုမှ ကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၄၆ ခု၊
မတ်လညီလာခံတွင် သခင်သန်းထွန်း၊ သခင်သိန်းဖေတို့ တက်လာပြီး အတွင်းရေးမှူး သခင်စိုးနှင့် အုပ်စုအား ပါတီမှ ထုတ်ပယ်လိုက်ရာမှ ကွန်မြူနစ်ပါတီ ဗမာပြည်ဟု အမည်သစ်နှင့်
စတင်တည်ထောင်ခဲ့ကြသည်။ ပါတီအသစ်က အလံနီပါတီဟု ကြေညာသဖြင့် မူလရှိရင်းစွဲ
ပါတီကို အလံဖြူပါတီဟု ဗမာ့ခေတ်သတင်းစာက ကင်ပွန်းတပ်သောကြောင့် နစ်ဖြူ၊ နစ်နီ စသည်ဖြင့် အမည်တွင်ကြရလေတော့သည်။
ထိုအချိန်က ပါတီနှစ်ခုစလုံးတို့က အင်္ဂလိပ်တို့ကို လက်နက်ကိုင်တိုက်ခိုက်သော တော်လှန်ရေးလမ်းစဉ်နှင့် တိုက်မှသာ ဗမာ့လွတ်လပ်ရေးကို ရရှိနိုင်မည်ဟု ယုံကြည်လုပ်ဆောင်ခဲ့
ကြသည်။ သခင်သန်းထွန်းခေါင်းဆောင်သော အလံဖြူပါတီက အလံနီတို့ထက် များစွာ အင်အားကြီးမားသည်။
ဖဆပလအဖွဲ့ကြီးက ဒီမိုကရေစီနည်းနှင့် လှုပ်ရှားပြီး အင်္ဂလိပ်တို့နှင့် စေ့စပ်ဆွေးနွေး၍ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကာ လွတ်လပ်သော သမ္မတနိုင်ငံသစ်ကို တရားဝင်ထူထောင်
နိုင်ခဲ့ကြသည်ကို သူတို့က လက်မခံ။ လွတ်လပ်ရေး အတုအယောင်သာဖြစ်သည်ဟု ဝေဖန် တိုက်ခိုက်နေကြသည်။
ကံဆိုးသည်ဟု ဆိုရပေမည်။ အမေရိကန်အုပ်စုနှင့် ရုရှအုပ်စုတို့ ပြင်းထန်စွာ တိုက်ခိုက်ကြသော စစ်အေးတိုက်ပွဲကြီးသည် မြန်မာပြည် စစ်မြေပြင်တွင် ဝင်ရောက်လာကြကာ တိုက်
ကြသည်ကို ခံခဲ့ရပေသည်။
မြန်မာ့လွတ်လပ်ရေးနှင့် ပတ်သက်၍ မြန်မာလူထု၏ တောင်းဆိုချက်များ မပါရှိပေ။ ဖဆပလအစိုးရက လက်ဝဲအင်အားစုကို ဖယ်ထုတ်ကာ အလုပ်သမားလူတန်းစား ပစ္စည်းမဲ့
များကို ဖမ်းဆီးနေလေပြီ... စသည်ဖြင့် မော်စကို ရေဒီယိုက စတင်ဝေဖန်စပြုလာသောအခါတွင် နစ်တို့အဖို့ သူတို့ကိုးကွယ်သော ရုရှနိုင်ငံကြီးက သူတို့ကို ထောက်ခံပြီဟု သိရသဖြင့် မိမိတို့လမ်းစဉ် မှန်ကန်သည်ဟု အားတက်သွားကြသည်။ ဂျပန်ကို တော်လှန်စဉ်က လက်နက်များကို ရရှိထားသည့် လယ်သမားလူတန်းစားက တကယ့်လွတ်လပ်ရေးကို တောင်းဆိုနေလေပြီ ဟု မော်စကိုက အသံလွှင့်သွေးထိုးသဖြင့် မြန်မာကွန်မြူနစ်များတို့ စိတ်ဓာတ်များ တက်ကြွ
လာကြသည်။ ဖဆပလခေါင်းဆောင်များကလည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ချမှတ်လုပ်ဆောင်နေပါလျက် အပြစ်တင်သည်ကို မခံမရပ်နိုင်ဖြစ်ကာ လက်ဝဲဝါဒကို ဆန့်ကျင်ကြတော့
သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ထောင်ပြီး (၈၂) ရက်မြောက်နေ့တွင် စစ်မီး
စတင် တောက်လောင်တော့သည်။ ၁၉၄၈ ခု၊ မတ်လ (၂၇) ရက် မြန်မာလူထု၏ တော်လှန်ရေး
နေ့အစည်းအဝေးကို နေရာ (၂) ခုတွင် စင်ပြိုင်ကျင်းပခဲ့ကြသည်။
“ဗားကရာချောက်ကြီးကို ဆိုရှယ်လစ် ဖဆပလတို့ရဲ့ အရိုးတွေနဲ့ ဖို့မယ်ဟေ့” ဟု အလံဖြူ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းက ကြေညာသည်။ ဖဆဆိုရှယ်တို့ကလည်း
အညံ့မခံ၊ ထိုကဲ့သို့ပင် ပြင်းထန်သော စကားလုံးများနှင့် တိုက်ခဲ့လေသည်။ တင်မောင်တို့
သတင်းထောက်များအဖို့ အစည်းအဝေး (၂) ခုစလုံးကို တက်ရောက်လေရာ ခေါင်းဆောင်များသာမက အစည်းအဝေး (၂) ခုစလုံးတွင် တက်ရောက်သူ ကြီးမားသော လူထုကြီးများက ဒေါသအမျက် တချောင်းချောင်းထွက်နေသည်ကို မြင်တွေ့ ကြရသောကြောင့် တုန်လှုပ်
ချောက်ချားမိပါ၏။
နောက်တနေ့ မတ်လ (၂၈) ရက်နေ့ နံနက် (၁၀) နာရီတွင် စမ်းချောင်းတွင်ရှိသော
ဗမာပြည် ကွန်မြူနစ်ဌာနချုပ်ကို ပုလိပ်တပ်နှင့် ဝိုင်းပြီး ကွန်မြူနစ်များကို ဖမ်းဆီးလေတော့သည်။ တဦးတယောက်မှ မမိလိုက်ပါချေ။ သတင်းကို တင်ကြိုရကြပြီးဖြစ်သဖြင့် ပုလိပ်များ
မရောက်မီကပင် တောခိုသွားကြလေပြီ။
မူလက တောထဲရောက်နေနှင့်သော အလံနီတို့ထက် အင်အားများစွာ ကြီးမားသည့် အလံဖြူတို့ တောခိုသွားသောအခါတွင် ဗမာ့တပ်မတော်လည်း ကွဲအက်သွားသည်။ တပ်ရင်း
(၄) ခုရှိသည့်အနက် တပ်ရင်း (၂) ခုက တောခိုကြလေသည်။ အချိန်အနည်းငယ်အတွင်းတွင်
အင်အား (၁၅,ဝဝဝ) ရှိသော အလံဖြူ လက်နက်ကိုင် သူပုန်တပ်ကြီး ဖြစ်လာလေတော့၏။ တဖန် ရဲဘော်ဖြူတို့ကလည်း တောခိုကြ
ပြန်သည်။
နိုင်ငံ၏ အခြေအနေအရ မယ်ရွေးပွဲ၊ ဘောလုံးပွဲ၊ နိုင်ငံရေးစည်းဝေးပွဲ... စသည့် သတင်းများကို ထောက်လှမ်းနေကြရသော တင်မောင်တို့ သတင်းထောက်များအဖို့ စစ်သတင်းထောက်များအဖြစ် ပြောင်းလဲကြရတော့လေသည်။
ရုတ်တရက် ဘဝပြောင်းရသောအခါတွင် တင်မောင်အဖို့ သတင်းစာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် သင့်၏၊ မသင့်၏ သံသယပင် ဖြစ်မိပါတော့သည်။ အဘယ့်ကြောင့်ဟူမူ
တင်မောင်လိုက်ရသော သတင်းများတို့မှာ လူသတ်သတင်းများသာ ဖြစ်နေသဖြင့် ဖြစ်၏။ လူဆိုး၊ ဓားပြ၊ ထကြွနေသော ထိုအချိန်က သေဒဏ်အပြစ်ပေးခံရသော ဓားပြ လူဆိုးများကို အားကစားကွင်းများတွင် ကွပ်မျက်လေသည်။ အရပ်သားလူထုကို ဖိတ်ကြားပြီး လူထုရှေ့၌
သတ်ဖြတ်လေသည်။ တရားခံကို ထုတ်လာပြီး၊ မျက်နှာကို ခေါင်းစွပ်ဖုံးကာ ကွင်းလယ်ရှိ တိုင်တွင် ကြိုးနှင့်ချည်ပြီး အထူးစစ်တပ်က ပစ်သတ်သည်ကို သတင်းထောက်များအဖို့ မိမိတို့ ကြိုက်ရာရှုထောင့်က ဓာတ်ပုံရိုက်ခွင့်ပြုလေ့ရှိသည်။
တင်မောင်နှင့် သက်တူရွယ်တူ သတင်းထောက်ကလေးများက လက်စွမ်းပြကြရာတွင်
တရားခံ ကိုယ်ခန္ဓာကို ကျည်ဆံထိချိန် အခိုက်အတန့်တွင်မှ ဓာတ်ပုံရိုက်နိုင်ရန် ပြိုင်ကြလေ့ ရှိသည်။ “ငါ့ပုံက ကျည်ဆံဝင်ပြီး လိပ်ပြာထွက်သွားတာကိုတောင် မြင်ရတယ်ကွ” ဟု ကြွားဝါသူလည်း ရှိသည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် အင်္ဂလိပ်စစ်ဗိုလ်ကြီးတဦးက သေဒဏ်
ပေးအံ့ဆဲဆဲ မြန်မာသူပုန်များ၏ မျက်နှာတည့်တည့်တွင် ကင်မရာချိန်ထားပြီး ကျည်ဆံလာသောအခါ၊ ကျည်ဆံထိသော အခါတို့၌ မျက်နှာထားပြောင်းလဲသည့် ခံစားချက်များကို ဓာတ်
ပုံရိုက်လေ့ရှိသည်။ ရက်စက်ရိုင်းစိုင်းပေသည်ဟု လန်ဒန်တိုင်းမ်သတင်းစာက ဝေဖန်သောကြောင့် ဗြိတိသျှပါလီမန်တွင် ဝေဖန်ဆွေးနွေးကြသည်ကို သတိရမိလေသည်။
တင်မောင်အဖို့ တရားခံကို မျက်နှာဖုံးအိတ်မစွပ်မီ အခိုက်အတန့် သေရအံ့မူးမူး အချိန်ပိုင်းကလေးတွင် လူ့လောကကြီးအား နောက်ဆုံးကြည့်ရှာသော မျက်လုံးပြောင်ကြီးများက
ခြောက်လှန့်နေသောကြောင့် အိပ်မပျော်သော ညများက များပြားလှပါတော့သည်။ သေခြင်းတရားကို အမြဲမြင်နေရပြန်သည်။ ထိုအချိန်တွင် ကရင်အမျိုးသားများ၏ ပြဿနာနှင့် အခွင့်
အရေးများကို ဆွေးနွေးနေသော ဆွေးနွေးပွဲများလည်း ပျက်ရပြန်လေသည်။ ၁၉၄၂ ခုနှစ် စစ်အတွင်းက ဗမာ့လွတ်မြောက်ရေးတပ်မတော် ဗိုလ်တဦးက ဝန်ကြီးဟောင်းနှင့် မိသားစု အပါအဝင် ကရင်ရွာတရွာလုံး သတ်ဖြတ်ခဲ့သည်က စတင်ကာ ကရင်-ဗမာ သွေးကွဲခဲ့ရလေသည်။ အမှန်စင်စစ်မှာ ဂျပန်စစ်ဗိုလ်ကြီးများ၏ အမိန့်အရ သတ်ဖြတ်ခဲ့သည် ဖြစ်၏။
၁၉၄၉ ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်သေနာပတိ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းနှင့် ကရင်စစ်ဗိုလ်ကြီးများကို တာဝန်မှ အနားယူစေသည်။ ဗိုလ်ချုပ်နေဝင်းက တပ်မတော်
သေနာပတိဖြစ်လာသည်။ ရက်မဆိုင်းဘဲ နောက်တနေ့တွင်ပင် ရန်ကုန် အလုံရပ်ကွက်တွင် ရှိသော ကရင်ရွာသားများကို စစ်တပ်က ဝိုင်းပြီး လက်နက်ရှာဖွေရာမှ သတ်ဖြတ်မှုများ ဖြစ်
ပွားခဲ့သည်။ အိမ်အချို့ မီးလောင်ကြသော်လည်း စစ်တပ်က မီးသတ်ကားများ ဝင်ခွင့်မပြုဟု သိရသည်။
သတင်းထောက်များကို ဝင်ခွင့်ပြုချိန်တွင် အလောင်းများကို မဖယ်ရသေးပေ။ သေကြရရှာသူများမှာ အရပ်သား ကရင်အမျိုးသားများ ဖြစ်ပြီး၊ အရှောင်အတိမ်း မကျင်လည်သော ကလေးများနှင့် အမျိုးသမီးများက ပိုမိုများပြားသည်။
တင်မောင်သည် ကရင်ဒုံးယိမ်းကို များစွာ ကြိုက်သူဖြစ်သည်။ သွက်လက်သန်မာသော ကရင်အမျိုးသမီးကလေးများက ပဝါများကို အရှိန်လျင်မြန်စွာ ဝှေ့ယမ်းပြီး ကပြသော အက
နှင့် သွက်လက်သော တေးဂီတတို့ကို များစွာ နှစ်သက်သည်။ လူငယ်ပီပီ စိတ်ကူးယဉ်မိသည်
လည်းရှိသည်။ မေးရိုးကားကား၊ ကိုယ်ထည်ဖွံ့ဖွံ့ ကရင်မကလေးများ၏ ရုပ်သွင်ကို မြတ်နိုးခဲ့သည်။ အလုံရပ်ကွက်၌ တင်မောင်စိတ်ကူးယဉ်လေ့ရှိသူကလေးများ သေကျေနေပုံကို မြင်ရသည်။ ဓာတ်ပုံရိုက်ရသောအခါတွင် မိမိတာဝန် ဝတ္တရားကို ဆောင်ရွက်နိုင်ရန် စိတ်ကို ထိန်း
ထားရသည်။ သူတပါးတို့ သေကြသည်ကို သတင်းယူရင်း ရှင်သေမင်းက ပုခုံးကို လာပုတ်ပြီး “ဟေ့... မောင်ရင်လည်း လိုက်ခဲ့ပါလား”ဟု ဖိတ်ခေါ်သည်ကိုလည်း လွတ်အောင်ရှောင်ခဲ့ရသေးသည်။
အင်းစိန်စော်ဘွားကြီးကုန်းကို ကရင်တို့လက်မှ အစိုးရတပ်က ပြန်လည်သိမ်းသောနေ့က တင်မောင်တို့ သတင်းထောက်တစုတို့သည် ဗမာ့ခေတ်က ထရပ်ကားနှင့် သွားရောက်ကာ
ဓာတ်ပုံရိုက်ကြသည်။ အပြန် တောလမ်းတွင် တင်မောင်တို့ ကားဆီသို့ စိန်ပြောင်းကျည်တလုံး လိုက်လာပြီး ကားနှင့် မလှမ်းမကမ်းတွင် ပေါက်ကွဲရာ ကားဆရာက လမ်းဘေးထိုးရပ်လိုက်လေသည်။
တင်မောင်တို့တတွေအဖို့ စိတ်က မည်သို့မှ မသိသေးစဉ်တွင် ခန္ဓာကိုယ်က ကားပေါ်မှ ဆင်းပြေးပြီး လမ်းဘေးမြောင်းထဲတွင် ဝပ်ချပြီးသား ဖြစ်သွားသည်။ များစွာ မြန်ဆန်ကြသည်။ နောက်ထပ် ကျည်ဆံတလုံး လာသောအခါတွင် ကားကို ထိတော့လေသည်။ အမိုးတွင် တပေအကျယ်ခန့် ပေါက်သွားပြီး တင်မောင်တို့ ထိုင်သော ခုံများကိုပါ ထိမှန်သည်။ အချိန်မည်
မျှကြာသည်မသိ ဝပ်နေကြရသည်။ ကျည်ဆံများ ရပ်စဲသွားသောအခါတွင်လည်း တင်မောင်တို့ လူစုက မြောင်းထဲမှာ ရှိနေကာ မည်သူမှ ကားပေါ်ပြန်မတက်ကြသောကြောင့် အနီးအနား
တွင် ရှိနေသော စစ်သားများက သတင်းထောက် သတ္တိခဲကြီးများတို့ကို လှောင်ပြောင်ကြတော့မှ ကားပေါ်ပြန်တက်ခဲ့ကြသည်။ တင်မောင်အဖို့ ပုခုံးတဘက်နာသွား၏။
အကယ်၍သာ ကားပေါ်၌ မိမိရှိနေစဉ်အခိုက်တွင် ကျည်သင့်ခဲ့လျှင်ဟု တွေးတောမိ
သော အခါတို့တွင် မိမိ၏ ဘဝနှင့် သတင်းထောက်အလုပ်ကို သံသယဖြစ်ခဲ့မိလေသည်။ ရှင်သေမင်းနှင့် နီးကပ်သည်ဟု ဆိုရစေကာမူ နိုင်ငံရေး၊ လူမှုရေး သတင်းများတွင် မိမိတွေ့သိ
သည့်အတိုင်း ယုံကြည်ရာကို ရေးခွင့်ရသော အခွင့်အရေးကို တသက်လုံးမစွန့်လွှတ်ခဲ့ပါပေ။
(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၄၁ - ၄၈)
စာရိုက် - ငနော့
Comments
Post a Comment