ဂျပန်လက်အောက် သတင်းစာများ၊ သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ကြည်နူး ရသမျိုးစုံ 🖋 ကြေးမုံဦးသောင်း

ဂျပန်လက်အောက် သတင်းစာများ၊ သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ကြည်နူး ရသမျိုးစုံ

ကြေးမုံဦးသောင်း

▪ ဂျပန်လက်အောက် သတင်းစာများ

စစ်ကြီးအတွင်းတွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် နိုင်ငံရေးအင်အားစုအချို့က ဂျပန်နှင့် ပူးပေါင်းခဲ့သော်လည်း သတင်းစာများက ဂျပန်ကျူးကျော်သူများကို တင်
ကြိုပြီး ဆန့်ကျင်ခဲ့ကြသည်။ မြန်မာသတင်းများက တရုတ်-ဂျပန်စစ်ပွဲသတင်းများမှ ဂျပန်တို့က ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်သည်များကို ဖော်ပြဆန့်ကျင်ကြသည်။ အထူးသဖြင့် ၁၉၃၈
ခုနှစ်ဆန်းကာလက ဂျပန်စစ်တပ်ကြီးက တရုတ်ပြည်၊ နန်ကင်းမြို့တော် တမြို့လုံးကို သတ်ဖြတ်ပွဲကြီး ကျင်းပခဲ့သည်ကို မြန်မာသတင်းစာများက ဓာတ်ပုံနှင့်တကွ ဖော်ပြကာ ပြစ်တင်ရှုတ်ချ
ကြလေသည်။

မြို့သူမြို့သား သုံးသိန်းတို့ကို ဂျပန်စစ်တပ်များက ကိုယ်တပိုင်းမြေမြှုပ်ကာ သံချပ်ကာကားများနှင့် နင်းကာ သတ်ခြင်း၊ သေနတ်လက်တည့်စမ်း ပစ်မှတ်အဖြစ် ပစ်ခတ်ကာ သတ်
ဖြတ်ကြခြင်း၊ လျှာနှင့် လည်ချောင်းကို သံချိပ်နှင့် ဖောက်ဆွဲကာ ချိပ်ဆွဲထားပြီး လှံစွပ်နှင့် ထိုးသတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ အမျိုးသမီးမှန်သမျှကို မတရားပြုကျင့်
ပြီးမှ သတ်ဖြတ်ခြင်း စသည့်တို့ကို သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြကာ ဖက်ဆစ်တို့၏ ဆိုးယုတ်ပုံများကို ရဲဝံ့စွာ ဖော်ပြခဲ့ကြသည်။

ဥရောပတွင် ဂျူးလူမျိုးများနှင့် မိမိတို့အနိုင်ရသော နိုင်ငံငယ်များကို ဂျာမနီစစ်တပ်ကြီး နှိပ်စက်ပုံများကိုလည်း ဖော်ပြကြကာ ဖက်ဆစ်တို့ ကျင့်မှုမြဲဓလေ့တို့ကို ပွင့်လင်းစွာ ရေးသားကာ လူထုကို ပညာပေးခဲ့ကြသည်။

သတ္တိကြီးမားသော သတင်းစာဆရာ ဦးဘတင်က ဂျပန်များ မြန်မာနိုင်ငံသို့ လာရောက် တိုက်တော့မည်ကို ခန့်မှန်းသိရှိပါလျက်နှင့် ဂျပန်တို့အန္တရာယ်ကို မြန်မာလူထုသိရှိစေရန်
ဂျပန်သူလျှို အမည်နှင့် နိုင်ငံရေးစာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့ပေသည်။ ဖက်ဆစ်တို့၏
ကျင့်ထုံးနှင့် အန္တရာယ်ကို စာအုပ်တအုပ်နှင့် လူထုကို သတိပေးခဲ့သူ သူရဲကောင်းကြီး ဦးဘတင်ကို ဂျပန်များ ဝင်လာသည်နှင့် ရှာဖွေဖမ်းဆီးခဲ့သည်။ ပြင်းထန်စွာ နှိပ်စက်ခံရပြီး အသက်
ဆုံးရှုံးခဲ့ရရှာသည်။ လူထုအတွက် အသက်ပေးကာ ရေးသားနိုးဆော်ခဲ့သော မြန်မာသတင်းစာ
သူရဲကောင်းကြီးပါပေ။

ဂျပန်စစ်တပ် အစိုးရအုပ်ချုပ်သော ဂျပန်ခေတ်တွင် သတင်းစာများကို ပုံမနှိပ်မီ သတင်းများကို ဂျပန်ဆင်ဆာရုံးသို့ ပို့ရကာ ဆင်ဆာက စစ်ဆေးပြီးမှ ပုံနှိပ်ရလေ့ရှိသည်။ စာစီပြီးမှ
သတင်းစာကို တင်ပြရရာတွင် စာစီပြီး ပုံနှိပ်ရန် အသင့်ဖြစ်မှ မိတ္တူကို စစ်တပ်သို့ တင်ပြရလေ
သောကြောင့် ဆင်ဆာအဖွဲ့က ဖြတ်တောက်သော စာပိုဒ်များကို ပြန်လည်ပြင်ဆင်ရန် အချိန် မရှိတော့သဖြင့် အဖြူကွက်လပ်များနှင့် သတင်းစာများ ထွက်လာရလေ့ရှိ၏။
အဖြူကွက်ကြီးများနှင့် ထွက်လာသော သတင်းစာတို့မှာ ဖက်ဆစ်တို့၏ ဆင်ဆာစနစ်ကို သက်သေပြနေသဖြင့် စာဖတ်ပရိသတ် လူထုက လှောင်ပြောင် ရယ်မောကြစေကာမူ အ
များပြည်သူတို့ ထင်မြင်ချက်ကို အလေးမထားသော ဂျပန်စစ်အစိုးရက ဂရုမပြုမိကြပေ။

ဂျပန်စစ်တပ်နှင့် ရုပ်သေးအစိုးရကိုမူ ဝေဖန်ခွင့်မရှိ။ သူတို့အား ဝေဖန်သော စာမူများနှင့်
သူတို့မသိစေလိုသော စစ်သတင်းထောက်များကိုသာ ဆင်ဆာဖြတ်ခဲ့သည်။ ယင်းကဲ့သို့ တင်းကျပ်စွာ စိစစ်သည့်အကြားမှ သတင်းစာဆရာကြီး ဇဝနက သူ၏ ပင်တိုင်ဆောင်းပါးများမှ ဂျပန်စစ်အစိုးရကို နေ့စဉ်ဝေဖန် ပြစ်တင်နိုင်ခဲ့သည်။

ဟာသပါရဂူတဦးဟု ချီးကျူးကြသော ဆရာဇဝနက သူ၏ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ စကားပြောခန်းကို ရယ်ရွှင်ဖွယ် ရေးသားလေ့ရှိသည်။ ချက်ကြီးက ခေါင်းကြီးကို “ဆရာ
ရယ်...ကျနော့်မှာ ကန်ဇွန်းရွက်ကိုသာ နေ့တိုင်းစားနေရတာကြောင့် ပြားချပ်နေပါပြီ၊ တခါတလေ သားလေးငါးလေး စားပါရစေ” ဟု တောင်းပန်လေ့ရှိသည်။ ”သနားသဖွယ် တောင်းပန်ပါ
တယ် ဆရာရယ်။ တနေ့တလေ ထောပတ်ကလေးများ...” ဟု တောင်းပန်စဉ်တွင် “ဟေ့ကောင်..တော်၊ တန်၊ တိတ်။ မင်းနဲ့ထောပတ် တန်သလားကွ” စသည်ဖြင့် ပြက်လုံးကလေးများကို ရေးသားကာ ဖက်ဆစ်ဂျပန်စစ်အစိုးရလက်ထက်၌ ပြည်သူလူထုကြီး ငတ်မွတ်နေသည်ကို ဝေဖန်လေသည်။ ယင်းပြက်လုံးကလေးများကို ဆင်ဆာရုံးမှ ဂျပန်စစ်ဗိုလ်များ နားမလည်သောကြောင့် ခွင့်ပြုသဖြင့် လူထုမှာ ထူးခြားသော ဟာသရသကို ခံစားကြသည်။

ဂျပန်ခေတ်က သတင်းစာဆရာတို့၏ သတ္တိကို ပြသနိုင်ခဲ့စေကာမူ လမ်းပန်းဆက်သွယ်
မှု ပြတ်တောက်ခြင်း၊ သတင်းစာစက္ကူ ရှားပါးခြင်းတို့ကြောင့် သတင်းစာလုပ်ငန်း တိမ်ကောခဲ့
ပေသည်။ ရရှိနိုင်သမျှ စက္ကူ များပေါ်တွင် မြန်မာသတင်းစာဆရာများ ရေးသားအားထုတ်
ကြသည်။ မီးခြစ်ထုပ်သော စက္ကူနှင့် ပုံနှိပ်သော ဆေးရောင်အမျိုးမျိုး သတင်းစာများ ထွက်ခဲ့ရသည်။

အခက်အခဲများအကြားမှ ထုတ်ဝေကြစဉ်က မြန်မာသတင်းစာဆရာများသည် ဖက်ဆစ်ဂျပန်များ လှံစွပ်တို့ကို ကြောက်လန့်သူများ မဟုတ်ကြသည်ကို ဂုဏ်ယူသင့်ကြရပေမည်။


▪ သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ကြည်နူး ရသမျိုးစုံ

ဂျပန်စစ်အစိုးရသည် (၃) နှစ် (၂) လနှင့် (၁၀) ရက်တိုင်တိုင် မြန်မာနိုင်ငံကို အုပ်စိုးခဲ့
လေသည်။ ထိုခေတ်က နိုင်ငံရေးလုပ်ငန်းမှန်သမျှတို့ကို လျှို့ဝှက်လုပ်ဆောင်ကြရသဖြင့် စာနယ်ဇင်းတို့၏ကဏ္ဍ ငြိမ်သက်နေကြလေသည်။ ဗိုလ်ချုပ်ကြီးစလင်း ကွပ်ကဲသည့် အင်္ဂလိပ်
စစ်တပ်များ ပြန်ဝင်လာကြပြီး ဂျပန်စစ်တပ်များ ထွက်ပြေးကြရသောအခါတွင်မှ မြန်မာ့နိုင်ငံ
ရေးလှုပ်ရှားမှုများ အသက်ဝင်လာပြန်ရာတွင် “လွတ်လပ်ရေးကလွဲလို့ ဘာကိုမှ လက်မခံဘူးဟေ့” ဟု တိကျပြတ်သားသော တောင်းဆိုချက်ကြီး ပေါ်ထွန်းလာခဲ့တော့သည်။ ယခင်က နိုင်ငံရေးအရ အရေးတော်ပုံများတွင် ခေါင်းကြီးများ၊ အာဘော်များ၊ ဆောင်းပါးများ၊ စာ
အုပ်များ၊ စာတမ်းများနှင့် အင်္ဂလိပ်အစိုးရကို တိုက်ခဲ့ကြသော စာရေးဆရာ၊ သတင်းစာဆရာ
များတို့သည် နိုင်ငံရေးစင်မြင့်ပေါ် တက်လာခဲ့ကြသည်။ သူရိယသတင်းစာကို စတင်ဦးစီးခဲ့သူ ဦးဘဖေ၊ ဒီးဒုတ်ဂျာနယ် အယ်ဒီတာ ဦးဘချို၊ ဂျာနယ်ကျော် အယ်ဒီတာ ဦးချစ်မောင်၊ စာရေးဆရာ သခင်နု၊ တက်ဘုန်းကြီး သိန်းဖေ စသော စာပေဝန်ထမ်းများသည် ဖဆပလအဖွဲ့ချုပ်ကြီး၏ ခေါင်းဆောင်များ ဖြစ်လာကြတော့သည်။

ကာလဒေသ အခြေအနေအရ မြန်မာသတင်းစာများ၏ ဩဇာသည် ပိုမိုကြီးထွားလာလေသည်။ သတင်းစာအသစ်များလည်း ပေါ်ထွန်းလာကြသည်။ လွတ်လပ်ရေးရရှိသော
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့က မြန်မာပြည်တွင် သတင်းစာပေါင်း (၃၉) စောင်ရှိကြသည်။ အများစုက စောင်ရေများပြားသော မြန်မာဘာသာသတင်းစာများ ဖြစ်ကြသည်။
(၇) စောင်က အင်္ဂလိပ်ဘာသာနှင့် ထုတ်ပြီး တရုတ်သတင်းစာ (၅) စောင်၊ ဂူဂျရတီ၊ အူရဒူ၊ တမယ်လ်၊ တယ်လဂူနှင့် ဟင်ဒီ စသော ကုလားသတင်းစာများ ရှိကြသည်။

တင်မောင်အဖို့ ကံကောင်းပါသည်။ နိုင်ငံရေးရာသီဥတု အပြင်းထန်ဆုံးဖြစ်သော ၁၉၄၇ ခုနှစ်တွင် သတင်းစာလောကတွင်းသို့ ရောက်ရှိခဲ့သောကြောင့် တသက်တွင် တကြိမ်သာ ဖြစ်ပွားနိုင်သည့် သတင်းကြီးများကို ထောက်လှမ်းခွင့်၊ ရေးသားခွင့်၊ ဝေဖန်ခွင့် ရရှိကြုံကြိုက်ခဲ့ရပါသည်။ ဗမာ့ခေတ် သတင်းစာတိုက်တွင် သတင်းထောက်နေရာ (၃) ဦး လစ်လပ်နေသဖြင့်
ကြော်ငြာခေါ်ယူသည်ကို လျှောက်ထားရာမှ ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အရံသတင်းထောက်ခန့်ထားခြင်း ခံခဲ့ရသည်။
အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က အရပ်သားများ
အုပ်ချုပ်ရေးကို စတင်သောအခါတွင် အတိုင်ပင်ခံ ကောင်စီအဖွဲ့ကို ခန့်ထားဖွဲ့စည်းလေသည်။ အတွေးအခေါ်အယူအဆ မတူသူ နိုင်ငံရေးပါတီဝင်များကို ရွေးချယ်ခန့်ထားလေသဖြင့် မကျေမလည်ဖြစ်ခဲ့ရလေသည်။ ထိုပြင် အင်္ဂလိပ်စစ်တပ်ကြီးကလည်း ရှိနေသေးပြန်သည်။ အင်္ဂလိပ်စစ်တပ်မှ အင်အားစုအချို့ တို့က ဝင်ရောက်စွက်ဖက်မှု ပြုကြသောကြောင့် နိုင်ငံရေးအခြေအနေ ပိုမိုတင်းမာခဲ့ရလေသည်။

တနေ့တွင် တင်မောင်တို့ ဗမာ့ခေတ်သတင်းစာတွင် သတင်းဦးကြီးတခုကို ဖော်ပြနိုင်ခဲ့ လေသည်။ အင်္ဂလိပ်စစ်တပ်က လက်နက်သိုလှောင်ရေးစခန်းတခုမှ ဘရင်းဂန်းသေနတ် (၂၀၀) နှင့်တကွ ကျည်ဆံအများပါ ပျောက်ဆုံးကြောင်း ကြောက်မက်ဖွယ်သတင်းကြီးကို တစောင် တည်း ဖော်ပြနိုင်ခဲ့သည်။ အင်္ဂလိပ်စစ်တပ် ဗိုလ်ကြီးများ၏ အကူအညီမပါဘဲ လက်နက်ကြီး များ ပျောက်ဖို့ရန် မလွယ်ပါပေ။ ထိုလက်နက်များ မည်သည့်နိုင်ငံရေးအဖွဲ့၏ လက်ထဲရောက် သွားသနည်း ဟူသော မေးခွန်းများကို မည်သူမှ မဖြေနိုင်ပါပေ။ ဂျပန်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်တို့က လက်နက်ပုန်းများ သိုဝှက်ထားကြသည်။ ပြည်သူ့ရဲဘော်များတွင်လည်း လက် နက်ပုန်းများ ရှိနေကြသည်။ ယခု အကောင်းစား အကြီးစားလက်နက်များ ပျောက်သွားပြန် လေပြီ။

ပျောက်သွားသော လက်နက်များကို ရှာဖွေနေစဉ်တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်သူ ဂဠုန်ဦးစောကို လုပ်ကြံမှု ဖြစ်ပွားလေသည်။ ဦးစောသည် ဝန်ကြီးချုပ် ဟောင်းဖြစ်သည်။ သူရိယသတင်းစာ၏ အုပ်ချုပ်မှု အယ်ဒီတာချုပ်လည်း မှန်၏။ ပါတီရုံးမှ အိမ်သို့ အပြန်တွင် အပစ်ခံရရာတွင် ကံအားလျော်စွာ ကျည်ဆံက တိုက်ရိုက်မထိဘဲ ကား၏ ရှေ့မှန်ဘောင်ကို သိပြီး မှန်ကွဲသဖြင့် ဦးစော၏ မျက်လုံးကို မှန်စတစ ထိမှန်ခဲ့သည်။

စစ်ခေတ်တလျှောက်လုံး အာဖရိကတွင် အချုပ်ခံနေခဲ့သော ဦးစောက မြန်မာဆေးရုံကို ပင် စိတ်မချသောကြောင့် အိန္ဒိယဆေးရုံသို့ သွားကာ ကုသလေသည်။ ပြန်လာသောအခါ တွင် ဗမာ့ခေတ် အယ်ဒီတာချုပ်ကို တွေ့ခွင့်ပေးသဖြင့် ဓာတ်ပုံရိုက်ရန် တင်မောင် လိုက်ပါသွားရ လေသည်။ ဦးစောက “ကွာ…ပတ်တီးကြီးနဲ့ ဓာတ်ပုံတော့ မရိုက်ပါနဲ့ကွာ” ဟု ပြောသဖြင့် သူပြောပြသမျှကိုသာ မှတ်ခဲ့ရပါ၏။

“ကျနော် ဗုဒ္ဓဘာသာကောင်းတယောက်ပါ ကိုအုန်းခင်ရယ်။ ရန်ပြုသူကို ခွင့်လွှတ်ရ မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ ဒါပေမယ့် မျက်စိက ကိုက်လာတဲ့အခါမှာ ဒီကောင်တွေ ကို ခွင့်မလွှတ်နိုင်ဘူး။ မခံနိုင်အောင် နာတဲ့အခါမှာ သည်းမခံနိုင်ဘူး။”

ဒဏ်ရာက နာကျင်သောကြောင့် မျက်နှာကို လက်ကိုင်ပဝါနှင့် အုပ်ပြီး အက်ကွဲသော အသံကြီးနှင့် ကြုံးဝါးသည်ကို တင်မောင်၏ နားတွင်းမှ မထွက်တော့ပါ။ နောက်များမကြာမီ ပင် ဦးစောက စေလွှတ်လိုက်သော လက်နက်ကိုင်တစုက ဝန်ကြီးချုပ် ဦးအောင်ဆန်းနှင့် ဝန် ကြီးအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတော့သည်။

ထိုနေ့ နံနက်က ရေနံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် ဝန်ကြီးချုပ် ဦးအောင်ဆန်းတို့ တွေ့ဆုံရန် ချိန်းဆိုထားကြသည်ကို သတင်းယူရန် ဦးအောင်ဆန်း၏ ရုံးသို့ တင်မောင် သွားခဲ့ရသည်။

ဝန်ကြီးချုပ်၏ ရုံးခန်းသို့ ရောက်သောအခါတွင် ဝန်ကြီးအဖွဲ့ အစည်းအဝေးရှိသဖြင့် တွေ့ဆုံပွဲကို ရွှေ့လိုက်သည်ဟု သိရသောကြောင့် တင်မောင်ပြန်ဆင်းလာခဲ့သည်။ အခြားရုံးတခုအရောက်တွင် ပစ်ခတ်မှုများအကြောင်းကို ကြားရသဖြင့် အလျင်အမြန် ပြန်တက်သွားသော အခါ၌ ဒဏ်ရာရရှိသူ ဝန်ကြီးများကို မီးသတ်သူနာပြုကားနှင့် သယ်နေလေပြီ။

မိတ်ဆွေ မီးသတ်ဝန်ထမ်းတဦး၏ အကူနှင့် သူနာပြုကားတစီးပေါ်မှာ လိုက်သွားခဲ့ သည်။ ထိုခေတ်က မီးသတ်သူနာပြုကားအချို့တွင် လူနာသယ်သော ပုခက်စင်များမှာ အတား အဆီးမရှိပါ။ အသက်မသေသေးသူ ဝန်ကြီးတဦး၏ ခြေထောက်က တင်မောင်၏ ရင်ဘတ် ပေါ်သို့ မကြာခဏ ကျလာသောကြောင့် ပြန်တင်ပြီး ထိန်းပေးရပါ၏။

ဆယ်ကျော်သက်ရွယ်သာ ရှိသေးသူ တင်မောင်အဖို့ ထိုကဲ့သို့သော အတွေ့အကြုံများတို့ကို ရင်ဆိုင်ရသည်မှာ မလွယ်ပါပေ။ ရံဖန်ရံခါ အယ်ဒီတာ၏ ဆူပွက်ပြစ်တင်မှုကိုလည်း ခံရသေးသည်။

၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက်နေ့က လွှတ်သဘင်တွင် ဗမာ့ခေတ်သတင်းစာက အ ထူးထုတ်ရန် စီစဉ်သည်။ အင်္ဂလိပ်ဘုရင်ခံ ပြည်ပြန်ရသည်ကို အဆင့်ဆင့်ဓာတ်ပုံနှင့် ဖော်ပြရန် စီစဉ်၏။ သင်္ဘောနှင့် ထွက်သွားမည်ဖြစ်ရာကို ထိုအချိန်က ရေတပ်ဗိုလ်များဖြစ်ကြသူ ဗိုလ်ခင် နှင့် ဗိုလ်ခင်လေးမောင်တို့က တာဝန်ယူကြသည်။ တင်မောင်ကိုမူ တာဝန်တခုသာပေးသည်။ နံနက် (၇) နာရီ အိမ်တော်ဝင်းမှ ထွက်တော်မူပုံကို ဓာတ်ပုံရိုက်ရန် တာဝန်ယူရသည်။

အင်္ဂလိပ်ဘုရင်ခံ ထွက်တော်မူ နန်းမှခွာခန်းကို မြန်မာအများက စိတ်ဝင်စားကြလှသော ကြောင့် အိမ်တော်ဝင်းတွင် ပရိသတ်စည်ကားလှသည်။ တင်မောင်အဖို့ အချိန်စောစောရောက် ပါလျက် ဓာတ်ပုံကို အနီးကပ်ရိုက်ရမည်လော၊ အဝေးမှ မြင်ကွင်းကျယ် ရိုက်ရမည်လော စဉ်း စားပြင်ဆင်နေမိသဖြင့် ဓာတ်ပုံမရလိုက်ပါ။ အယ်ဒီတာက ဆူလိုက်သည်မှာ ပွက်လောညံသွား တော့သည်။ နောက်တကြိမ် အဆူအပူခံရသေးသည်။

တနေ့တွင် ဗမာ့ခေတ်သို့ ကြော်ငြာခနှင့်အတူ ကြော်ငြာတိုကလေးတခု ရောက်လာ သည်။ ဖူးစာရှင် အလိုရှိသည်ဟု ကြော်ငြာက ဆို၏။ အသက် (၂၃) နှစ်၊ ရုပ်ရည်အသင့်အ တင့်၊ ပစ္စည်းအသင့်အတင့် ရှိပါသည်။ မိဘမရှိပါ။ သင့်လျော်သော ဖူးစာရှင်အလိုရှိပါသည်။ ဗမာ့ခေတ်မှတဆင့် ဓာတ်ပုံနှင့် အကြောင်းစုံ ဆက်သွယ်ပါ ဟူ၏။ ၁၉၄၇ ခုနှစ်ကာလ အင်္ဂလိပ် ကျွန်ခေတ်တွင် ကြော်ငြာတိုမှာ များစွာ ထူးဆန်းနေသည်။ အခြားသတင်းစာတိုက်များက ဗမာ့ခေတ်က တီထွင်သည်ဟု စွပ်စွဲသေး၏။

ကြော်ငြာကို ယုံကြည်သူတို့ကမူ သူ့ထက်ငါ ဦးအောင် လျှောက်လွှာတင်ကြလေသည်။ ဗမာ့ခေတ်ငွေစာရင်းဌာနမှ စာရေးတဦးကလည်း လျှောက်သေးသည်။ တယောက်ကမူ လံ ကွတ်တီကို ဝတ်ထားကာ တကိုယ်လုံး ဆီသုတ်ပြီး ကြွက်သားများညှစ်၍ ကိုယ်ဟန်ပြဓာတ်ပုံနှင့် လျှောက်လေသည်။

ရက်စေ့သောအခါတွင် ကြော်ငြာရှင်က ဆက်သွယ်သည်။ သူက တယ်လီဖုန်းဆက်သည်။

“အယ်ဒီတာနဲ့ ပြောပါရစေရှင်။” 

“ဘာကိစ္စပါလဲ၊ ကျနော်အယ်ဒီတာပါ။”

“ကျမက ဖူးစာရှင်ရှာတဲ့ ကြော်ငြာရှင်ပါ။”

“အော်….ဟုတ်ပြီ၊ ဟုတ်ပြီ။ လျှောက်လွှာ (၃၁၂) စောင် ရပါတယ်။ အထုပ်လိုက်ရှိ
ပါတယ်။ တိုက်ကိုလာပြီး ယူပါလား။ လာခဲ့ပါ။ လာခဲ့ပါ။”
 
“ဘာရမလဲ အကိုကြီးရယ်တိုက်ကိုလာရင် ဓာတ်ပုံရိုက်ယူမှာပေါ့။” 

“အဲလေ၊ ဒါဖြစ်လဲ လာပို့ပေးမယ်။ လိပ်စာကို ပြောလေ။”

“အကိုကြီးတို့ကို မယုံဘူး။”

“ဟောဗျာ။ ဒါဖြင့် ဘယ်လိုယူမလဲ။”

“ကျမက ဗဟိုဈေးအလယ် အထည်တန်းမှာ ညနေ (၃) နာရီမှာ စောင့်နေပါမယ်။ ပန်းရောင်ဝတ်စုံကို ဝတ်ထားပြီး နှင်းဆီပန်းအဝါကို ပန်ထားပါမယ်။ လာပို့ပေးပါ။ တောင်း ပန်ချင်တာကတော့ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ လိုက်မလာကြပါနဲ့။”

“စိတ်ချပါ၊ စိတ်ချပါ။ ကတိပေးပါတယ်။” 

တယ်လီဖုန်းချသွားသည်နှင့် တပြိုင်နက် အယ်ဒီတာက ကတိဖျက်ပါတော့သည်။ အယ်ဒီ တာအဖွဲ့ အစည်းအဝေးခေါ်ပြီး ဖူးစာရှင် သတင်းစီမံကိန်း ဆွေးနွေးကြသည်။
 
“ရာဇဝတ်မှု ကြီးတွေကို စုံထောက်တွေ အများကြီးမလွှတ်ရဘူး။ ဒီတော့ မင်းတို့ထဲက အတော်ဆုံး (၂) ကောင်ပဲ သွားကြပေတော့” ဟု အမိန့်ပေး၏။

တင်မောင်အား အတော်ဆုံးသတင်းထောက်တဦးအဖြစ် တာဝန်ပေးသဖြင့် ဝမ်းသာလုံး ဆို့သွားမိသည်။ တင်မောင်နှင့် မှုခင်းသတင်းထောက်ကြီးတို့ (၂) ယောက်သည် တနာရီစောပြီး
သွားကြသည်။ မိုးက တဖွဲဖွဲလာလေသဖြင့် မိုးကာအင်္ကျီကို လည်ပင်းထိ ကော်လံကြယ်သီးပါ တပ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည်။ ကျနော့်အဖို့ မိမိကိုယ်မိမိ ကိုယ်ပျောက်နေ
ပြီဟုပင် ထင်မိခဲ့၏။

ချိန်းဆိုသော အချိန်ရောက်သောအခါ အထုပ်ကြီးနှင့် စောင့်နေသော ကြော်ငြာမန်နေ ဂျာထံကို အမျိုးသမီးတဦး ပေါက်လာပါသည်။ မခင်နှင်းဆီက ကြော်ငြာစဉ်က ရုပ်ရည်အသင့် အတင့်ဟု ဆိုသည်မှာ မမှန်ကန်ပါ။ များစွာ ချောမောလှပပါပေသည်။ “ဟယ်-တကယ့် ကို ချောပါလား။ ငါ့ ဘာလို့များ လျှောက်လွှာမတင်မိပါလိမ့်” ဟု နောင်တကြီးစွာ ရမိသည်အထိ ချောမောလှပသည်။

မခင်နှင်းဆီက အထုပ်ကိုယူပြီး အထည်ဆိုင်တွင်း ဝင်သွားသည်။ အထည်များ လှမ်း ခင်းထားသည်ကို သူကြည့်နေစဉ်တွင် တင်မောင်တို့ ကိုယ်ပျောက်သတင်းထောက်ကြီးနှစ်ဦးက ဆိုင်ရှေ့မှ ချောင်းနေကြပါသည်။ အတန်ကြာ၍ ထွက်မလာသောကြောင့် ဆိုင်ထဲဝင်ကြည့် ကြသောအခါ ဆိုင်မှာ နောက်ဖေးဘက်တွင် တံခါးပေါက်ကြီးတခု ရှိနေသည်ကို တွေ့ရပါတော့ သည်။

ထိုခေတ်က ဗဟိုဈေးမှာ တထောင်ကျော်ရှိပြီး ဝင်္ကပါကဲ့သို့ လမ်းမြှောင်များက ရှုပ်ထွေး လှပသည်။ ဆင်ခြေဆင်လက်များ မည်သို့ပေးစေကာမူ ထိပ်သီးသတင်းထောက်ကြီး (၂) ယောက်ကို အယ်ဒီတာမင်းက ဆူလိုက်ဆဲလိုက်သည်မှာ ရစရာမရှိတော့။

ဆူပူနေဆဲမှာ မခင်နှင်းဆီက ဖုန်းဆက်ပြန်သေးသည်။
 
“အကိုကြီးတို့ မကောင်းဘူး။ သတင်းထောက်ကြီးတွေ လိုက်လာတာ သိပါတယ်။ ဘာရမလဲ ဆိုင်အောက်ဝင်ပြေးတာပေါ့... ဟီဟိ။”

ထိုကြော်ငြာ၏ သတင်းဆက်မှာ လျှောက်လွှာရှင် ရုံးဝန်ထောက်တဦးနှင့် လက်ထပ် လိုက်ကြသည်ဟု မခင်နှင်းဆီက စာရေးအကြောင်းပြန်ကြားပါသည်။ ဆူသည်၊ ပူသည်ကို ခံခဲ့ရစေကာမူ ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်းဟု နိဂုံးသတ်ရသည့် ဆွတ်ပျံ့ကြည်နူးသော သတင်းကလေးကိုတော့ မမေ့နိုင်တော့ပါ။

(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၃၄ - ၄၀။)

စာရိုက် - ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်