စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ၊ စစ်အေးစစ်ပွဲကြီးနှင့် ပြည်မြန်မာ 🖋 ကြေးမုံဦးသောင်း
စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ၊ စစ်အေးစစ်ပွဲကြီးနှင့် ပြည်မြန်မာ
ကြေးမုံဦးသောင်း
▪ စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ
၁၉၄၈ ခု နှစ်ဆန်း၌ လွတ်လပ်ရေးကြေညာချိန်မှ စတင်ပြီး နိုင်ငံခြားသံရုံးများ လာရောက်လာကြသောအခါတွင် သူတို့နိုင်ငံများ အကြောင်းနှင့် သူတို့နိုင်ငံ၏ မူဝါဒများကို ဝါဒဖြန့်ကြရန်အတွက် သံရုံးတိုင်းက သတင်းလွှာအမျိုးမျိုး ထုတ်ကြသည်။ မြန်မာသတင်းစာများတွင် ထိုသတင်းများ ဖော်ပြရန်အတွက် သံရုံးများက မြန်မာသတင်းစာဆရာများကို ပလူးကြရာတွင် ပထမ အရက်သေစာများနှင့် ဆွဲဆောင်မိတ်ဖွဲ့သည်။ နိုင်ငံခြားအရက်အကောင်းစားနှင့် ဧည့်ခံသည့် သံရုံးကြက်မြီး ပါတီများတွင် မြူးတူးပျော်ပါးကြရာမှ ဆရာအတော်များများ သိက္ခာကျကြရရှာသည်။ နောက်ပိုင်းတွင်မူ အခကြေးငွေလက်ခံပြီး သံရုံးဝါဒဖြန့်သတင်းများ ပုံနှိပ်ကြသည်အထိ သိက္ခာပျက်ကုန်ကြသည်။ အယ်ဒီတာတို့က ရောင်းစားသည်လည်း ရှိသည်။ ပိုင်ရှင်ကိုယ်တိုင်က ရောင်းစားသည်လည်း ရှိသည်။
သတင်းလွှာအများ အယ်ဒီတာများ၏ စားပွဲသို့ ဘာသာပြန်ပြီး အသင့်ရောက်လာကြသည်။ အမေရိကန်နှင့် အင်္ဂလိပ်သံရုံးတို့ ထုတ်ပြန်သော သတင်းလွှာများတွင် သတင်းအချက်အလက်အများ ပါရှိလေ့ရှိသောကြောင့် ပုံနှိပ်သူ များသည်။ ရုရှသံရုံးက ထုတ်ပေးသော Tass သတင်းလွှာနှင့် ပြန်တမ်းအများတို့တွင်မူ ခေါင်းဆောင်ကြီးစတာလင်၏ အတွေးအခေါ်များ၊ မိန့်ခွန်းရှည်ကြီးများကို အသားပေးပြီး အတုံးလိုက် အတစ်လိုက် ဝါဒဖြန့်သဖြင့် သတင်းစာများက အသုံးမပြုနိုင်ကြသောကြောင့် ရုရှသံရုံးက မြန်မာကွန်မြူနစ် အဆက်အနွယ်များကို စည်းရုံးပြီး ဝါဒဖြန့်တိုက်ပွဲ စတင်ဆင်နွှဲလေသည်။ သတင်းစာလောကတွင် မြန်မာလက်ဝဲဆရာ များများမရှိသောကြောင့် သတင်းစာကြီးများတွင် မတိုးနိုင်သဖြင့် လက်ဝဲဂျာနယ်၊ လက်ဝဲစာအုပ်များ အများအပြား ထွက်လာခဲ့၏။
တိုးတက်သော သူများဟု မိမိကိုယ်မိမိ သိဒ္ဓိတင်ထားကြသည့် လက်ဝဲဆရာများ၏ ပုံနှိပ်တိုက်အများ ထွန်းကားလာသောအခါ ငွေပင်ငွေရင်း မည်သို့မည်နှယ် ရရှိလာကြသည်ကို စာပေလောက၌ တီးတိုးတီးတိုး သဖန်းပိုး မေးမြန်းကြသည်။ အဖြေကို မသိနိုင်ကြပါပေ။
စာပေတိုက်တွင် ပိုမိုခြေသွက်သူမှာ အမေရိကန်သံရုံးဖြစ်သည်။ ရုရှသံရုံးက လက်ဝဲဝါဒီတို့ကိုသာ စိတ်ချယုံကြည်ပြီး အလုပ်ပေးသည်။ အမေရိကန်သံရုံးကမူ ငွေလိုချင်သူ စာပေလောကသားတိုင်းကို ကူညီသဖြင့် ဧရာမ လက်ဝဲဆရာကြီးများပါ ကန်သံရုံးနှင့် တိတ်တိတ်ခိုး ဆက်သွယ်ကြပြီး အမေရိကန်ဝါဒဖြန့် ဘာသာပြန်စာအုပ်များ ပြုစုပြီး ငွေယူကြသည်။
စစ်အေးတိုက်ပွဲကြီး၌ အမေရိကန်တို့ ပထမဆုံး အောင်ပွဲရသော စာအုပ်မှာ “လွတ်လပ်ရေးကို ရွေးတယ်ဟေ့” ဟူသော စာအုပ်ဖြစ်သည်။ ကနေဒါပြည်တွင် ဖွင့်ထားသော ရုရှသံရုံးမှ
ရုရှသံအရာရှိတဦးက နိုင်ငံရေးခိုလှုံခွင့်တောင်းပြီး အနောက်အုပ်စုဘက်ဝင်သည့် အကြောင်းကို မြန်မာဘာသာပြန်ဆိုထားသည်။ သံရုံးက ငွေပေးပြီး ပုံနှိပ်သော စာအုပ်ဖြစ်သည်ဟု ယူဆကြစေကာမူ လူကြိုက်များသည်။
ဝန်ကြီးချုပ် ဦးနုကပင် လက်ဝဲညီညွတ်ရေး နိုင်ငံရေးလမ်းစဉ် ချမှတ်နေရသည်အထိ လက်ဝဲမိုးကောင်းနေချိန်တွင် ကွန်မြူနစ်နိုင်ငံတို့သည် လောကနိဗ္ဗာန်ဟု လက်ဝဲဆရာတို့က ယုံကြည်ကြလေသဖြင့် နိဗ္ဗာန်တွင် မပျော်နိုင်သဖြင့် ထွက်လာသည်ဆိုခြင်းမှာ ဆန်းနေသဖြင့် လူထုက ဝယ်ယူလေ့လာကြသည်။
စာအုပ်သာမက ရုပ်ရှင်ဇာတ်ကားပါ ထွက်လာသောအခါ ဩဇာကြီးမားသော ကွန်မြူနစ်များက စာအုပ်ရော ရုပ်ရှင်ကိုပါ ပြစ်တင်ဝေဖန်တိုက်ခိုက်ကြသည်။ စာအုပ်ထုတ်သော ဗမာ့ခေတ်သတင်းစာက ကွန်မြူနစ်ဆန့်ကျင်ရေး ဆောင်းပါးများကိုပါ ဖော်ပြသဖြင့် ဗမာ့ခေတ်သတင်းစာကို မီးရှို့ဆန္ဒပြပွဲ မကြာခဏ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် “မောင်”ဟူသော ကလောင်အမည်နှင့် ဆရာဦးထွန်းဖေ ရေးသားသော ဆောင်းပါးများကို သူတို့က
ကန့်ကွက်ကြသည်။
စာအုပ်တအုပ် စွံသွားသဖြင့် အမေရိကန်သံရုံးက တအားတက်ပြီး စာအုပ်လုပ်ငန်းတွင် ငွေသွန်ကာ တိုက်လေတော့သည်။ အရှေ့ဆီက လေနီကြမ်းစာအုပ် စသော ကွန်မြူနစ်လောက
ငရဲပြည်ဖြစ်ပါသည်ဟု စာအုပ်အများကို တရကြမ်းထုတ်တော့သည်။ တဆက်တည်းပင် နိုင်ငံရေးစာအုပ်များသာမက အမေရိကန်ဝတ္ထုများနှင့် ယဉ်ကျေးမှုစာအုပ်များကိုပါ မြန်မာဘာ
သာပြန်စေပြီး ထုတ်ဝေတော့၏။
အမေရိကန်သံရုံးက သူတို့၏ အမေရိကန်စာအုပ်တအုပ်ကို ဘာသာပြန်ပြီး ပုံနှိပ်ကာ စာအုပ်ဆိုင်များတွင် တင်ကာ ရောင်းချလျှင် ဘာသာပြန်ခနှင့် စက္ကူဖိုး၊ ပုံနှိပ်ခ အားလုံးတို့ကို ပိုပိုမိုမို ပေးလေ့ရှိသည်။ ပုံနှိပ်သူအဖို့ မိမိသည် ယင်းစာအုပ်ကို ပုံနှိပ်ရောင်းချသည်မှာ မှန်ကန်ပါသည်ဟု သက်သေခံအဖြစ် သံရုံးသို့ စာအုပ်ရေ (၃ဝဝ) သာ အခမဲ့ပေးရသည်။ စာအုပ်စောင်ရေ (၃,၀၀၀) သို့မဟုတ် (၅,၀၀၀) ခန့် ပုံနှိပ်ကာ ရောင်းကြရလေ့ရှိသည်။
စောစောပိုင်းက စာအုပ်ကောင်းများကို ဆရာကောင်းတို့က ဘာသာပြန်ကြသဖြင့် စာအုပ်ကောင်းအများ ထွက်လာသောကြောင့် လူကြိုက်များပြီး ရောင်းကောင်းကြသည်။ ထုတ်ဝေသူအဖို့ သံရုံးစရိတ်နှင့် ပုံနှိပ်ပြီး လူထုကို ရောင်းစားကြရသောကြောင့် အမြတ်အစွန်း နှစ်ဆမက ရကြ၏။
နောက်ပိုင်းတွင် အရေအတွက်က များပြားလာသဖြင့် အရည်အသွေးညံ့ဖျင်းသည့် စာအုပ်အများ ထွက်လာသောကြောင့် စာအုပ်ဆိုင်များတွင် ဝယ်သူနည်းပါးလာသည်။
နာမည်ရ စာရေးဆရာကြီးများက ဘာသာပြန်အလုပ်အများကို လက်ခံပြီး လက်သင် ဆရာငယ်ကလေးများကို တဆင့်ခိုင်းကာ ခေါင်းပုံဖြတ်ကြလေသဖြင့် အရည်အသွေးက ပိုမို
ကျဆင်းသည်။ ထိုအခါတွင် ထုတ်ဝေသူတို့အဖို့ ပိုမိုပြီး အမြတ်ကြီးစားကြရပြန်၏။ စာအုပ်ရေ (၅,၀၀၀) ပုံနှိပ်ပြီး ရောင်းပါသည်ဟု စာရင်းတင်ကာ စာအုပ် (၃၀၀) တိတိသာ ပုံနှိပ်ကြပြီး သံရုံးသို့ တင်ပြကြကာ ငွေထုတ်ယူကြသည်။ သံအရာရှိများကလည်း စာအုပ် (၃၀၀) ကို လက်ခံပြီး အိုကေဆိုကာ အုပ်ရေ (၅,၀၀၀) အတွက် ငွေပေးကြသည်။ အမေရိကန်သံအရာရှိများကလည်း ရွှံ့ရုပ်များမဟုတ်လေသဖြင့် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ဖြစ်ပွားလာကြသည်။
စာအုပ် (၃၀၀) ပုံနှိပ်သည်နှင့် စာအုပ်ဝယ်သူများနှင့် ဆိုင်များကို ခ,ရန်မလိုပါဘဲနှင့် စာအုပ် (၅,ဝဝဝ) အတွက် ငွေရရှိနိုင်သော ပွဲတော်ကြီး ကျင်ပနေသဖြင့် စာအုပ်ထုတ်ဝေသူများ
မှိုလိုပေါက်ပွားလာတော့၏။ လစာနှင့် အခွင့်အရေးကောင်းကောင်းရသူ သံရုံးဝန်ထမ်း မြန်မာများပါ အလုပ်မှ ထွက်ပြီး ပုံနှိပ်တိုက်ထောင်ကြသည်အထိ ဧရာမပွဲတော်ကြီးပါပေ။ ရလဒ်မှာ
ဘာသာပြန်စာအုပ်လုပ်ငန်း ပျက်စီးသွားလေတော့၏။
ရုရှသံရုံးကလည်း အရှုံးမပေး။ ရုရှဘာသာမှ အင်္ဂလိပ်ဘာသာပြန်ပြီး စာအုပ်များကို မြန်မာဘာသာပြန်စေကာ စာအုပ်အများ ထုတ်ဝေသည်။ လက်ဝဲစာရေးဆရာကြီးများက ရဲဘော်ရဲဘက်များဖြစ်သည့် ရုရှသံရုံးကို မညှာကြချေ။ အမေရိကန်သံရုံးတွင် ဖြစ်နေသည့်နည်းတူ စာအုပ်ရေ လိမ်လည်ပြသပြီး ရူဘယ်ငွေများကို ချွေယူကြလေသည်။
ရုရှသံရုံးက အမေရိကန်သံရုံးထက် တမူးသာသည်။ ရုရှပြည်တွင် အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်သည့် စာအုပ်များကို မြန်မာစာအုပ်ဈေးတန်း၌ သွန်ချပြီး ရောင်းနိုင်ကြသည်။ ရုရှတွင်
စာအုပ်လုပ်ငန်းမှာ ပြည်သူပိုင်ဖြစ်သဖြင့် မာ့က်စ်-လီနင်-စတာလင် ဝါဒစာအုပ်များကို ဈေးပေါပေါနှင့် အရှုံးခံကာ ရောင်းလေ့ရှိသည်။ စက္ကူကောင်း သားရေဖုံး စာအုပ်ထူကြီးများကို တမူးတပဲဈေးနှင့် ချရောင်းသည်။ စာအုပ်ဖြန့်ချိသူ လက်ဝဲခေါင်းဆောင်ကြီးများအဖို့ နေချင်း ညချင်း သူဌေးကြီးများ ဖြစ်လာကြသည်ကို မြင်ကြရသည်။
တရုတ်နီ သံရုံးဖွင့်သောအခါတွင်လည်း ခေါင်းဆောင်ကြီး မော်စီတုန်း၏ အတွေးအခေါ်စာအုပ်အများ ပလူပျံမျှ ထွက်လာလေသည်။ တရုတ်နီသံရုံးက အမေရိကန်နယ်ချဲ့ စနစ်နှင့် ရုရှားသြဇာလွှမ်းဝါဒတို့ကို စစ်ကြေညာသော တရုတ်ပြည်တွင် အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်သည့် တရုတ်ကွန်မြူနစ်စာအုပ်များကို လမ်းဘေးမှာ ချရောင်းသည်။ သားရေဖုံး ရွှေစာလုံးနှင့် စာအုပ်ထူကြီးများကို တမူးတပဲနှင့် ဝယ်ယူဖတ်ရှုနိုင်ကြသည်။ အမေရိကန်တွင် စာအုပ်ဈေးက ကြီးမားသောကြောင့် အမေရိကန်သံရုံးက ရုရှနှင့် တရုတ်သံရုံးကို မပြိုင်နိုင်ဘဲ အရှုံးပေးရသည်။ သို့သော် အမေရိကန် အင်္ဂလိပ်စာနယ်ဇင်းတွေက လူကြိုက်များပြီးဖြစ်သောကြောင့် စီးပွားရေးစာအုပ်ကုန်သည်များက တင်သွင်းရောင်းချကြသဖြင့် သြဇာမကျပေ။
နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်အစိုးရက နိုင်ငံရေးစာအုပ်များနှင့် တရုတ်ဝတ္ထုစာပေများကို တရုတ်ပြည်တွင်းရှိ မြန်မာစာတတ်သူများကို အသုံးပြုကာ မြန်မာဘာသာပြန်ပြီး တရုတ်ပြည်မှာပင် မြန်မာစာလုံးများနှင့် စာစီကာ ပုံနှိပ်သော မြန်မာစာအုပ်များကို တင်သွင်း ရောင်းချလာတော့သည်။
ထိုအခါ စာပေဝါဒဖြန့် စစ်ပွဲတွင်းသို့ တင်မောင် ဝင်ရောက်တိုက်ခိုက်မိတော့သည်။ တင်မောင်အဖို့ စိုးရိမ်သောကပွားပြီး ရင်လေးမိပါသည်။ မြန်မာစာအုပ်အမျိုးမျိုးတို့ကို တရုတ်
ပြည်တွင် ပုံနှိပ်ပြီး တင်သွင်းရောင်းချနိုင်သောကြောင့် မြန်မာစာအုပ် ထုတ်ဝေမှုလုပ်ငန်း ပျက်ပြားသွားနိုင်သည့် အန္တရာယ်ကို မြင်မိသည်။ ထိုထက်အရေးကြီးသည်မှာ အနာဂတ်မြန်မာစာပေလောကကို တရုတ်သြဇာလွှမ်းမိုးနိုင်သည့် နိမိတ်ကို မြင်မိသည်။
ထိုကြောင့် တင်မောင်က ကြေးမုံသတင်းစာတွင် စာအုပ်လုပ်ငန်းအခြေအနေကို ဆောင်းပါးရေးသားပြီး “ပြည်ပတွင် မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်လုပ်သော မြန်မာစာအုပ်များကို
တင်သွင်းခွင့် ပိတ်ပင်ပေးပါ” ဟု အယ်ဒီတာအာဘော်မှ တောင်းဆိုလိုက်သည်။ ထိုအချိန်က အိမ်စောင့်အစိုးရခေတ်ဖြစ်ပြီး ဗိုလ်နေဝင်းက နှစ်ပြည်ထောင် နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုကာ တရုတ်နှင့် ချစ်ကြည်ရေး တည်ဆောက်နေချိန်ဖြစ်သည်။ ထို့ပြင် စစ်အစိုးရက ကြေးမုံကို ရန်ရှာနေသော အချိန်ဖြစ်သည်။
သို့စေကာမူ စစ်တပ်က ကွန်မြူနစ်ဝါဒကို စစ်မျက်နှာတိုင်းမှ တိုက်နေချိန်ဖြစ်သည့်အတိုင်း တောင်းဆိုချက်ရေးပြီး တပတ်အတွင်းမှာပင် “ပြည်ပတွင် ထုတ်လုပ်သော မြန်မာဘာ
သာစာအုပ်များကို တင်သွင်းခွင့် ပိတ်သည်”ဟု အစိုးရက အမိန့်ထုတ်လေသည်။ အမိန့်အရ ခရစ်ယာန်ဘာသာဝင်များအတွက် နိုင်ငံခြားတွင် ထုတ်လုပ်သည့် သမ္မာကျမ်းစာ စာအုပ်များပါ
တင်သွင်းခွင့်ပိတ်သွားကြောင့် ဘာသာရေးအဖွဲ့များက ပန်ကြားသဖြင့် ခြွင်းချက်နှင့် သွင်းစေရသည်။
အမေရိကန်ဒေါ်လာ၊ ရုရှရူဘယ်လ်နှင့် တရုတ်ယွမ်ဒင်္ဂါးများ သွန်းလောင်းပြီး မြန်မာစာနယ်ဇင်းလောကကြီးကို ဝင်ရောက်ဝယ်ယူကြရာ၌ အင်အားအကြီးဆုံးမှာ ဝမ်ဒင်္ဂါးဖြစ်သည်။
မြောက်ကိုးရီးယားပြည် သံရုံးက သူတို့၏ မဟာခေါင်းဆောင်ကြီး ကင်အိဆွန်ကို မြန်မာလူထုကြီးက ကိုးကွယ်ဆည်းကပ်ကြစေရန် ပန်းတိုင်ပြုပြီး ဝမ်ငွေစက္ကူများကို ရေကဲ့သို့ ဖြုန်း၏။
မြန်မာစာနယ်ဇင်း မှန်သမျှတို့တွင် အခကြေးငွေပေးပြီး ကြော်ငြာအဖြစ် ပုံနှိပ်ပေးနိုင်သမျှ စာမျက်နှာပြင်ကို ဝယ်ယူပြီး ကင်အိဆွန်၏ ဘုန်းတော်ဘွဲ့ကြော်ငြာများကို ပုံနှိပ်စေသည်။
သူတို့ဦးတည်ချက်အတိုင်း ခေါင်းဆောင်ကြီး ကင်အိဆွန်၏ ပုံတော်ကို စာနယ်ဇင်းတိုင်းတွင် ဖော်ပြထားကြလေသဖြင့် လူသိများနိုင်စေကာမူ မြန်မာလူထုအပေါ်မှာ ဩဇာတစိတ်
တမ္ဘာမှ မလွှမ်းရှာပါ။
၁။ ခေါင်းဆောင်ကြီး၏ အတွေးအခေါ်များက များစွာ ထိုင်းမှိုင်းသည်။
၂။ မူလက ညံ့ဖျင်းထိုင်းမှိုင်းသည့် စာများကို သံရုံးက ဝယ်ယူခန့်ထားသူ ကွန်မြူနစ်ဘာသာပြန်ဆရာများက အရည်အသွေးကင်းမဲ့သောကြောင့် သံရုံးမှ ထုတ်သမျှ စာများကို လူထုက
နားမလည်ကြချေ။
၃။ ထိုအချိန်က ကုန်ထုပ်စက္ကူ လွန်စွာ ရှားသောကြောင့် ကင်အိဆွန်ဝါဒသည် မြန်မာနိုင်ငံအဖို့ အကောင်းဆုံး ကုန်ထုပ်စက္ကူသာ ဖြစ်ခဲ့ပေသည်။
မည်သို့ဆိုစေကာမူ ဖွံ့ဖြိုးစည်ပင်ပြီး အင်အားခိုင်မာသော မြန်မာစာပေကို နိုင်ငံခြားသံရုံးများက ပျက်စီးစေအောင် ဖျက်ဆီးခြင်းမပြုနိုင်ခဲ့သော်လည်း စာပေလောကသား အများကိုမူ ပျက်စီးစေပေသည်။
◼
▪ စစ်အေးစစ်ပွဲကြီးနှင့် ပြည်မြန်မာ
အဖြေကို ရှာကြစို့ဟု ဆိုရလျှင် မြန်မာနိုင်ငံပျက်စီးရသည်မှာ အမေရိကန်အုပ်စုနှင့် ရုရှအုပ်စုတို့ တိုက်ခိုက်ကြသော စစ်အေးတိုက်ပွဲကြီးသည် အဓိက အကြောင်းရင်းတရပ် ဖြစ်ပေသည်။ ဖဆပလ အစိုးရက အမေရိကန်အုပ်စုဘက်ကို ယိမ်းလေသဖြင့် စစ်တပ်ကို အမေရိကန်က အားပေးပြီး ရုရှနှင့် တရုတ်က ကွန်မြူနစ်သူပုန်များကို အားပေးသောကြောင့် နှစ်ဘက်စလုံး အပြုတ်မတိုက်နိုင်ဘဲ ပြည်တွင်းစစ်မီးကြီး ကြာရှည်ခဲ့ရကာ တိုင်းပြည်နာပြီး စစ်တပ်က တန်ခိုးကြီးလာ၏။
စစ်အေးတိုက်ပွဲက အရှိန်အဟုန် ပြင်းထန်လာသည့်အခါတွင် နိုင်ငံကြီးများ၏ တပည့်ရှာ၊ တပည့်မွေး လုပ်ငန်းကလည်း ကြီးထွားလာသောကြောင့် “ကျနော်များရဲ့ ရွှေပြည်တော်ကို လာရောက်လေ့လာ ကြည့်ရှုပါ” ဟု ဖိတ်ကြားကြသည့် ဖိတ်စာများသည် ပလူပျံမျှ ပေါများလာတော့သည်။
အင်္ဂလန်နှင့် အမေရိကန်က မြန်မာကျောင်းသားများအတွက် ပညာတော်သင်ဆုများ တိုးချဲ့ပေးသည်။ စာနယ်ဇင်းဆရာများ၊ ပညာရေးလောကမှ ပညာရှင်များ၊ အနုပညာသည်များ၊ အရာရှိများ စသည်တို့ကိုလည်း လေ့လာရေးခရီးများ ဖိတ်ကြားကြသည်။ စစ်တပ်မှ စစ်
ဗိုလ်အများကိုလည်း စစ်ပညာသင်ဆုအများ ပေးလေသောကြောင့် စစ်ဗိုလ်ကြီးအများတို့လည်း လိပ်ကန်တို့၏ ပညာရည်နို့ကို သောက်စို့ခဲ့ကြ၏။ စစ်ဗိုလ်ကြီးများသည် ဉာဏ်သစ်လောင်း ပညာတော်သင်သွားကြသည်ကို ခပ်လျှိုလျှိုထားသဖြင့် လူသိမများစေကာမူ ဗမာ့တပ်မတော်မှာ လိပ်ကန်သြဇာ ကြီးမားသည်ကို ဖုံးကွယ်၍ မရပါ။ စစ်ဗိုလ်ကြီးများကို နယ်ချဲ့လက်ပါးစေများဟု လက်ဝဲဆရာများက စွပ်စွဲလေတော့သည်။
တဖန် လက်ဝဲဆရာကြီးများကလည်း သူတို့ကိုယ်တိုင် လက်ဝဲနိုင်ငံများသို့ အိမ်ဦးနှင့် ကြမ်းပြင် ကူးသန်းသွားလာနေကြသည်ကို ခပ်လျှိုလျှို သိုသိပ်ထားလေ့ရှိသည်။ သို့သော် သူတို့အဖို့ ဖဆပလအစိုးရထံ နိုင်ငံကူးလက်မှတ် လျှောက်ရသေးသဖြင့် အခက်ခဲတွေ့ရှိတတ်သည်။
တရုတ်ပြည်နှင့် ရုရှတို့သို့ ပညာသင်သွားကြရန်မှာ ဘာသာစကားအခက်အခဲရှိသောကြောင့် သွားလိုသူ နည်းပါးသဖြင့် ပညာတော်သင် မြန်မာကျောင်းသားများ များများစားစား
မရလေရာ အကြောင်းအမျိုးမျိုးပြပြီး မြန်မာအများကို ဖိတ်ကြရသည်။ ရုရှနှင့် တရုတ်ပြည်တွင် ကျင်းပသော အစည်းအဝေးကြီးများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲကြီးများသို့ မြန်မာ
ကိုယ်စားလှယ်များ ဖိတ်ကြားလေ့ရှိသည်။ မြန်မာကိုယ်စားလှယ် ဆိုရငြားသော်လည်း သူတို့က မြန်မာမှန်သမျှကို မလိုချင်ဘဲ တပည့်ဖြစ်နိုင်သူ လက်ဝဲဝါဒီများကိုသာ လိုချင်သည်ဟူသော
အချက်ကို တင်မောင်၏ ကိုယ်တွေ့အရ သိရှိရပါသည်။
၁၉၅၀ ခုနှစ်က အရှေ့ဂျာမနီပြည်၊ အရှေ့ဘာလင်တွင် လူငယ်ပွဲတော် ကျင်းပစဉ်က မြန်မာအမျိုးသားကော်မတီက တင်မောင်နှင့် လူငယ် (၂) ဦးကို ရွေးချယ်သောကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ကြသည်။ အစိုးရက တင်မောင်တဦးတည်းကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီး အဖော် (၂) ဦးကို ပယ်ချသည်။ နိုင်ငံခြားရေးဝန်ကြီး စောခွန်ချိုက သတင်းထောက်
တဦးအဖြစ် သိသဖြင့် လက်မှတ်ထုတ်ပေးခဲ့၏။ ထို့ပြင် ဖဆပလ ဆိုရှယ်လစ်အစိုးရက ဆိုရှယ်
လစ်ပါတီဝင် လူငယ် (၂) ဦးကို နိုင်ငံကူးလက်မှတ်နှင့် စရိတ်ပေးပြီး ပွဲတော်တက်စေသည်။ ဆရာ ကိုချစ်လှိုင်တို့ပင် ဖြစ်၏။
တင်မောင်ခမျာမှာ နိုင်ငံကူးလက်မှတ် အိတ်ထဲထည့်ပြီး ရုရှသံရုံးသို့ သွားကာ စရိတ်တောင်းသောအခါတွင် ကွန်မြူနစ်အမာခံမဟုတ်ဟု ဆိုပြီး ငြင်းသောကြောင့် မသွားရပါ။
အသက်အစိတ်သာရှိသေးသော တင်မောင်ကို ပယ်လိုက်စေကာမူ အသက် (၆၀) ကျော်သူ လက်ဝဲဆရာကြီးတဦးကို ရုရှသံရုံးက ခရီးစရိတ်ပေးပြီး ဘာလင်လူငယ်ပွဲကို တက်စေသည်။
စိတ်ဝင်စားဖွယ် ဇာတ်လမ်းမှာ ပွဲတော်အပြီးတွင် ငွေပွဲလာ လူငယ်များအားလုံးတို့ကို ရုရှပြည်သို့ လေ့လာရန် ဖိတ်သောအခါတွင် မြန်မာဆိုရှယ်လစ်ပါတီက စရိတ်စက အလုံအလောက်ပေးပြီး စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ကို ရုရှပြည်ဝင်ခွင့် ဗီဇာမပေးဘဲ ငြင်းလိုက်
သည်။ ထိုအကြောင်းကြောင့် မြန်မာဆိုရှယ်လစ် လူငယ်တို့သည် မကျေမနပ်ဖြစ်ပြီး မော်စကိုထက် သာယာသော ပဲရစ်မြို့တော်တွင် သောင်တင်နေလိုက်ကြတော့သည်။ အလံနီလူထွက်
စောစောက တပိုင်းနီဖြစ်သူ ဆရာကိုချစ်လှိုင်သည် နစ်ဆန့်ကျင်ရေးအထက် အဆင့်ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်။ ထိုစစ်ဗိုလ်ကလေးမှာ သတင်းစာပညာဘွဲ့ ရှိနေပြီဖြစ်ရာ စစ်ဗိုလ်ဖြစ်သဖြင့် ရာထူးတိုးပေးတာ မဟုတ်ပါ။ အရည်အချင်းအလျောက် ရာထူးတက်ပေးရတာပါဟု စစ်ဗိုလ်ဝန်ကြီးက ဆင်ခြေပေး၏။ သတင်းစာလောက တရပ်လုံးက သိထားသည်မှာ ထိုစစ်ဗိုလ်ကလေးသည် အင်္ဂလိပ်စာနှင့် စကားမတတ်သည့်အပြင် ဂျာမန်ဘာသာစကားကို တွေ့ဖူးကြားဖူးသူ မဟုတ်လေသဖြင့် လေးလလုံးလုံး ကွန်မြူနစ် ဂျာမနီပြည်မှာ ဘယ်လိုများ နေထိုင်ပြီး ဘယ်လိုဘွဲ့ရရှိလာပါလိမ့်ဟု အံ့သြကြရသည်။ မသိသော နိုင်ငံသို့သွားပြီး မတတ်သည့် ဘာသာစကားနှင့် ရရှိလာတဲ့ မဟာဘွဲ့ထူးကြီးပိုင်ရှင် စစ်ဗိုလ်လေးအဖို့ တဆင့်ပြီးတဆင့် ရာထူးတက်ရာက အခုဆို ထိပ်သီးအရာရှိကြီးတပါး ဖြစ်နေလေပြီ။
ပြန်ကြားရေးဌာနမှ ဖော်နည်းကားကို သိကြလေသောအခါ အခြားဝန်ကြီး ဌာနအသီးသီးများတွင် ရောက်နေကြသော စစ်ဗိုလ်များကို ရုရှ၊ ပိုလန်၊ ဂျာမနီစသည့် တက္ကသိုလ်များသို့ ပို့ပြီး ဘွဲ့များယူကြစေကာ ရာထူးတိုးပေးကြတော့၏။ ထိုမျှမကသေး အပိုဆုအဖြစ် နိုင်ငံခြားတွင် သုံးလထက်ပိုပြီး ကျောင်းနေသူများကို မော်တော်ကားဝယ်ခွင့်ပေးစေ အမိန့်ကို ထုတ်ပြန်သဖြင့် စစ်ဗိုလ်မှန်သမျှ ကားတဝီဝီနှင့် မတန်မရာ ရာထူးကြီးများ ရရှိကုန်ကြသည်။ ထို့အပြင် သူတို့တတွေသည် ကွန်မြူနစ်နိုင်ငံများသို့ သွားကြစေကာမူ အပြန်ခရီးမှာ အရင်းရှင်နိုင်ငံများတွင် ဝင်နားပြီး ပစ္စည်းပစ္စယ ဝယ်ကြလေ့ရှိသဖြင့် စစ်ဗိုလ်ငယ်များ သုံးထပ်ကွမ်း အပိုဆုများ ရကြလေတော့၏။ စစ်ဗိုလ်များသာမကပါပေ၊ အရပ်သား အမှုထမ်းရာထမ်းများပါ နိုင်ငံခြားသို့ သွား ရောက်ခွင့်သည် များစွာ အဖိုးတန်သော အခွင့်အရေးဖြစ်သည်။ ၁၉၅၀ ခုနှစ်လောက်က စတင် ခဲ့သော အခွင့်အရေးသည် ယနေ့တိုင် မပြောင်းလဲသေးချေ။ မြန်မာအများတို့သည် နိုင်ငံခြား သွားရမည်ဆိုပါက ကွန်မြူနစ်နိုင်ငံများထက် အနောက်အုပ်စု အရင်းရှင်စနစ် နိုင်ငံများသို့ ပိုမိုသွားလိုကြသည်။ အရင်းရှင်နိုင်ငံများမှာသာ ပျော်ရွှင်သာယာသည့် ညပွဲ၊ နေ့ပွဲများ ရှိသည့် အပြင် ဈေးဝယ်ယူရန်ကလည်း အရင်းရှင်နိုင်ငံများမှာသာ ပစ္စည်းကောင်းများ ရရှိနိုင်သော ကြောင့် ဖြစ်၏။ လက်ဝဲဆရာကြီးများ၊ ကွန်မြူနစ်နိုင်ငံများသို့ တိုင်းခန်းလှည့်လည်သောအခါ များတွင်လည်း အရင်းရှင်နိုင်ငံများကို ဖြတ်သန်းရပ်နားပြီးမှ သွားကြလေ့ရှိကြသည်။
တခါတွင် ကြေးမုံအယ်ဒီတာ ဦးခင်မောင်ရီတယောက် ရုရှပြည်ကို သွားခွင့်ကြုံခဲ့သည်။ မသွားမီတွင် ရုရှပြန် လက်ဝဲဆရာကြီးများက လမ်းညွှန်သြဝါဒ အမျိုးမျိုး ပေးကြသည်ကို နာခံမှတ်သားပြီးမှ သွားရှာသည်။ ရုရှတွင် ရောက်ခိုက် လက်ပတ်နာရီတလုံးဝယ်ခဲ့ရာ၌ ရန်ကုန်ပြန်ရောက်လေသည်နှင့် ပျက်သွားသဖြင့် လူရယ်ခံရရှာသည်။
ရုရှ (၃) ခေါက်ပြန် လက်ဝဲစာရေးဆရာကြီး ဦးဘဝင်းတယောက်ကမူ မရယ်နိုင်ဘဲ ကိုခင်မောင်ရီကို “မိုက်လိုက်လေ ခင်မောင်ရီရယ်... ငါမှာတဲ့ စကားကို ဘာလို့ နားမထောင်ရတာလဲကွာ” ဟု ဝမ်းနည်းပက်လက် အထပ်ထပ်ပြောပြီး ဆူပူရှာသည်။ ကရုဏာဒေါသောနှင့် သူ့ရဲ့ ဆူသံပူသံကလေးကို ယခုတိုင် ကြားယောင်မိပါသေးသည်။
“ခင်မောင်ရီ၊ မင်း ရုရှကို နောက်ထပ်သွားရဦးမှာ သေချာပါတယ်။ အဲဒီတော့ နောက် တခါ ငါထပ်ပြီးပြောမယ် မသေမချင်း မှတ်ထားကွ။ ရုရှမှာ ဘာပစ္စည်းမှ မဝယ်လေနဲ့။ ရုရှ မှာ ဘာပစ္စည်းမှ ကောင်းတာမရှိဘူး။ ကွန်မြူနစ်ဝါဒတခုပဲ ကောင်းတာရှိတယ်။ ကွန်မြူ နစ်ဝါဒကလွဲလို့ ဘာမှ ကောင်းတာမရှိဘူးကွ” တဲ့။
(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၅၇ - ၆၃)
စာရိုက် - ငနော့
Comments
Post a Comment