ဒီမိုကရေစီအစိုးရနှင့် ရင်ဆိုင်ကြခြင်း 🖋 ကြေးမုံဦးသောင်း
ဒီမိုကရေစီအစိုးရနှင့် ရင်ဆိုင်ကြခြင်း
ကြေးမုံဦးသောင်း
အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခဲ့ကြစဉ်က ခေါင်းဆောင်ခဲ့ကြသော သတင်းစာများသည် မြန် မာနိုင်ငံ လွတ်လပ်ချိန်တွင်မူ သူတို့၏ ရပ်တည်ချက်နှင့် ရှုထောင့် ပြောင်းကြရလေသည်။ တိုက်ပွဲကာလ နိုင်ငံရေးအင်အားစုနှင့် သတင်းစာများအဖို့ မဟာမိတ်အဖြစ် ညီညွတ်ခဲ့ကြ သော်လည်း ကိုယ့်မင်းကိုယ့်ချင်း ဖြစ်လာသည့်အခါ၌ မင်းနှင့် မင်းဆရာအဖြစ် လိုက်လျောညီ ထွေ ဖြစ်မလာကြတော့ချေ။ အာဏာရ နိုင်ငံရေးသမားများအဖို့ မင်းတို့၏ မာနတက်လာ ကြတော့သည်။ သတင်းစာများကလည်း ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သောကြောင့် သင့်တင့် သရွေ့ မရိုသေနိုင်ဘဲ မင်းတို့၏ ခေါင်းကို ခေါက်သော အပြုအမူများ ပြုမိတတ်သည်။ ပွင့် လင်းစွာ ဝေဖန်ရေးသားမိကြသည်။
ပြည်တွင်းစစ်အခြေအနေအရ ပါလီမန်တွင် အတိုက်အခံအင်အားစု ခိုင်ခိုင်မာမာ မရှိလေ သောကြောင့် အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ဝေဖန်စိစစ်မှု အားပျော့နေခဲ့သည်။ ယင်းတာဝန်ကို သတင်းစာဆရာများက မဟာမိတ် အတိုက်အခံများအဖြစ် ရပ်တည်လုပ် ဆောင်ကြသောအခါတွင် အာဏာရ နိုင်ငံရေးသမားအချို့နှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။ ပဋိပက္ခများ ပေါ်ပေါက်လာလေ့ရှိ၏။ စာရေးဆရာ ဝန်ကြီးချုပ်ဦးနုသည် သတင်းစာတို့ လွတ် လပ်ခွင့်ကို တင်းပြည့်ကျပ်ပြည့် ယုံကြည်သူဖြစ်သည်။ သို့သော် သူသည် ပြည်တွင်းစစ်ကြီးကို တိုက်နေရသူလည်း ဖြစ်သည်။ ထိုပြင် ဖဆပလအဖွဲ့ကြီးသည် ပါတီအများ၏ တပ်ပေါင်းစုကြီး ဖြစ်လေသောကြောင့် သတင်းစာများနှင့် ကတောက်ကဆ မကြာခဏ ဖြစ်လေ့ရှိသည်။ တခု ကောင်းသည်မှာ ဖြစ်လေသမျှ အရေးကိစ္စများကို သက်သက်ညှာညှာ ဖြေရှင်းပေးလေ့ရှိ သည်။
သို့စေကာမူ ဖဆပလ တပ်ပေါင်းစု၏ အဖွဲ့တဖွဲ့ဖြစ်သော ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် များက ခက်ထန်တင်းမာသည်။ ကာကွယ်ရေးဝန်ကြီးက ဦးဗဆွေဖြစ်ပြီး ဆိုရှယ်လစ်ခေါင်း ဆောင်များက စစ်ဗိုလ်ကြီးများနှင့် နီးစပ်ပြီး စစ်တပ်က နောက်ခံရှိသောကြောင့် ပိုမိုဗိုလ်ကျသည်ဟု ယူဆသော သတင်းစာများက ကြည့်မရဖြစ်ခဲ့သည်။
တခါတွင် ဆိုရှယ်လစ်တို့က လူထုသတင်းစာ အယ်ဒီတာ ဦးလှကို အပြစ်ရှာပြီး ဖမ်းဆီး သည်။ ထောင်ထဲ၌ ကြာမြင့်စွာ ချုပ်နှောင်ကာ ညှဉ်းသည်။ ဦးလှက တရားလွှတ်တော်ချုပ်မှာ အယူခံဝင်ခဲ့သည်။ လွတ်လပ်သော တရားရုံးတော်က မုချပင် လွတ်စေအမိန့် အမိန့်ချမည်ကို သိရသဖြင့် သတင်းစာဆရာအသင်း၏ အတွင်းရေးမှူးအဖြစ် တင်မောင်က အမှုရှင်ဖြစ်သူ ဝန်ကြီး ဗိုလ်ခင်မောင်ကလေးနှင့် တွေ့ဆုံကာ ကြိုတင်လွှတ်ပေးပါဟု အရေးဆိုညှိနှိုင်းသည်။ “ဟေ့-ဟေ့... တရားလွှတ်တော်ချုပ်က လွှတ်စေလို့ဆိုလျှင် ငါကိုယ်တိုင် ထောင်ဗူးဝသွားပြီး လက်ထိပ်နှင့် စောင့်ပြီး ဖမ်းမယ်ကွ”ဟု လက်သီးလက်မောင်း တန်းကာ ကြိမ်းမောင်းတော့ သည်။ ထိုစဉ်က သွားရောက်တွေ့ကြသော အဖွဲ့တွင် တင်မောင်နှင့်အတူ ဦးလှဇနီး ဒေါ်အမာ လည်း ပါလေရာ ပြောရက်၊ ကြိမ်းမောင်းရက်သော ဝန်ကြီးကို စိတ်မချမ်းမသာနှင့် ကြည့်မိသည်။
ယင်း ဆိုရှယ်လစ်ခေါင်းဆောင်ကြီးသည် သူ၏ အလှည့်သို့ ရောက်သောအခါ စစ်အစိုးရက ဖမ်းဆီးသည်ကို ခံရသည့်အခါတွင်မူ သက်လုံမကောင်းရှာဘဲ ငိုချင်းချသည်ဟု ကြားရလေသည်။
ထိုကဲ့သို့ သဘောသေးသိမ်သူ ဆိုရှယ်လစ်များကို သတင်းစာတို့က ပိုမိုပြစ်တင်ဝေဖန်ကြတော့သည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းကလည်း ဗမာ့ခေတ်နှင့် သတင်းစာအများကို ချေမှုန်းရန် အားထုတ်လေတော့သည်။ ဝန်ကြီးချုပ်ကိုယ်တိုင်က တရားဥပဒေအပြင်ဘက်မှ နှိပ်စက်သည့်မူကို လက်မခံတာကြောင့် တရားဥပဒေအရ ဗမာ့ခေတ်နှင့် သတင်းစာအများတို့ ကို နှုတ်ပိတ်ရန် အမျိုးမျိုးကြံစည်၏။
ဒီမိုကရေစီဥပဒေအရ သတင်းစာရေးချက်များကို အရေးမယူနိုင်သဖြင့် ဦးကျော်ငြိမ်း က အနိုင်ရနိုင်သည့်နည်းနှင့် အခွင့်အလမ်းကို ရှာပြီး ဗမာ့ခေတ်ကို အလဲထိုးလေတော့သည်။ အစိုးရပုံနှိပ်တိုက်က သုံးစွဲပိုလျှံသော ပစ္စည်းများကို အခါအားလျှော်စွာ လေလံစနစ်နှင့် အရပ်သားများသို့ ရောင်းချလေ့ရှိသည်။ လွန်ခဲ့သော (၂) နှစ်ခန့်က ပုံနှိပ်စက်ကြီးတလုံးကို ဗမာ့ခေတ်က လေလံဆွဲပြီး ဝယ်ယူသုံးစွဲနေသည်။ အစိုးရပုံနှိပ်တိုက်က အရာရှိတဦးကို အမှ တခုနှင့် အရေးယူသောအခါတွင် စောစောက လေလံပစ်ခဲ့သည့် စက်ကြီးက သက်သေခံပစ္စည်း ဖြစ်နေသည်ကို ဦးကျော်ငြိမ်းက တွေ့ရှိလေသည်။ အိန္ဒိယ ရာဇသတ်ကြီးတွင် သက်သေခံ ပစ္စည်းများကို အမှုစစ်ဆေးသူ တရားသူကြီး၏ ရှေ့မှောက်တွင် တင်ပြရမည်ဟု ပါရှိသော ကြောင့် ဗမာ့ခေတ်တွင် အသုံးပြုနေသော ပုံနှိပ်စက်ကြီးကို တရားရုံးတော်သို့ တင်ပြစေဟု အမိန့်ပေးတော့သည်။
အလေးချိန်တတန်ခွဲခန့်ရှိသော စက်ကြီးကို တစစီဖြုတ်ပြီး ယူကြကာ ရုံးတော်ရင်ပြင် တွင် တင်ထားလေသည်။ ဗမာ့ခေတ်အဖို့ စာမျက်နှာလျှော့လိုက်ရတော့သည်။ အမှုမှာ လ များစွာကြာသဖြင့် စက်အခက်အခဲကြောင့် များစွာ ကသီလင်တ ဖြစ်ရလေတော့သည်။
တရားဥပဒေနှင့်အညီ ဆောင်ရွက်သည်ဖြစ်သဖြင့် ဗမာ့ခေတ်က အံကိုခဲပြီး ခံရသည်။ “ရယ်တာပေါ့” ဟုပင် ရေးလိုက်သေး၏။ အခွင့်အရေးရှာနေသူ ဦးကျော်ငြိမ်းအဖို့ ထိုထက် ကောင်းသော နည်းကို တွေ့ပြန်လေသည်။ ဤအချီတွင်မူ သတင်းစာများအဖို့ မရယ်နိုင်ကြ တော့ပဲ ငိုကြရရှာတော့သည်။
ဦးကျော်ငြိမ်းက သက်သေခံဥပဒေကိုပင် အသေးစိတ်ဖတ်ရှုသည်။ ရာဇဝတ်မှု တစုံတခု ဖြစ်ပွားလျှင် သက်သေခံပစ္စည်းများကို အထူးရှာဖွေခွင့် ဥပဒေအရ ရဲတို့က ရှာဖွေသိမ်းဆည်း နိုင်သည့် အခွင့်အရေးကို ဝန်ကြီးက တွေ့သွားပြန်သည်။ ဦးကျော်ငြိမ်းက ယင်းဥပဒေ၏ အခွင့်အရေးကို ဖောဖောသီသီ သုံးစွဲပါတော့သည်။ ရဲတို့အဖို့ အမှုတခုခုရှာရန်သာ လိုအပ်သည်။ မည်သို့သောအမှုပင် ဖြစ်စေ၊ အမှုတခု
တွေ့လျှင် သတင်းစာတိုက်ဥပစာနှင့် အဆောက်အအုံပစ္စည်းအားလုံးကို မွှေနှောက်ရှာဖွေလေ
တော့သည်။ အထူးသဖြင့် စာစီသော ခဲစာလုံးကို အကွက်ငယ်ကလေးများ ခွဲကာ ထည့်ထား
ရသော စာခွက်ကြီးများကို ကြမ်းပြင်ပေါ်၊ မြေကြီးပေါ်သို့ မှောက်ချပြီး သေးငယ်သည့် စာ
လုံးကလေးများတွင် သက်သေခံတွေ့ရနိုး စစ်ဆေးကြည့်ရှုကြတော့သည်။
ခဲစာလုံးများထဲတွင် မည်သည့်အခြားပစ္စည်း မရှိနိုင်သည်ကို သတင်းစာတိုက်က ရှင်းပြ
ရန် မလိုပါ။ ရဲတို့က သိပြီးဖြစ်ပေသည်။ အမှုအတွက် သက်သေခံပစ္စည်း မရနိုင်သည်ကို ရဲတို့ တင်ကြိုသိရှိထားပါလျက် အမှုတခုခုအတွက် သတင်းစာတိုက်တွင်းသို့ ဝင်မိသည်နှင့် ခဲစာ
လုံးခုံများကို သွန်မှောက်ပြီး ရှာဖွေကြလေ့ရှိသည်။ ရည်ရွယ်ချက်မှာ သတင်းစာတိုက်ကို ဒုက္ခ
ပေးရန်သာ ဖြစ်၏။ ခဲစာလုံးခွက်ကိုရော မွှေနှောက်လိုက်လျှင် ကကြီးစာလုံး၊ ခကွေးစာလုံး
စသည်ဖြင့် ရွေးချယ်ကာ ပြန်လည်အသုံးပြုရန် မဖြစ်နိုင်တော့ပေ။ အသုံးမပြုနိုင်တော့သည့်
ခဲစာလုံးများကို အရည်ကျိုရတော့သည်။ စာလုံးစက်မှ ခဲစာလုံးအသစ် ဝယ်ရသောကြောင့်
စာခွက်များ တခါမှောက်လေတိုင်း သတင်းစာကို တလခွဲခန့် ရပ်ကြရသည်။ ငွေကုန်သေးသည်။
ထိုခေတ်က မြန်မာပုံနှိပ်လောကအဖို့ ပုံနှိပ်ရမည့် စာသားများကို စာစီခွက်ထဲတွင် ထည့်
ထားသည့် ခဲစာလုံးများနှင့် စီကြရသည်။ ခဲစာလုံးတစုံ အပြည့်အစုံဆိုလျှင် စာလုံးအမျိုးမျိုး
(၂၁၄၀) ရှိသည်။ အနည်းဆုံး ခဲစာလုံး (၂၂၉) လုံးရှိမှသာ သတင်းစာနှင့် ခေတ်ပေါ်စာအုပ်များကို ပုံနှိပ်နိုင်သောကြောင့် ခဲစာလုံးခုံတခုတွင် စာလုံး (၂၂၉) မျိုးတို့အတွက် စာလုံးခွက် (၂၂၉)
ခွက်ရှိသည်။ ပါဠိပါဌ်သားပါစီရန် အပိုစာလုံး (၁၉၅) လုံးအတွက် သီးခြားခွက်များ ရှိရသေး
သည်။ ထိုအချိန်က ရန်ကုန်မှာ ခဲစာလုံးသွင်းသော စက်ရုံ (၂) ခုသာ ရှိလေသဖြင့် စာခွက်
မှောက်ခံရလျှင် သတင်းစာတိုက်များအဖို့ ကျောကော့ကာ ခံကြရရှာ၏။
မည်သို့ပင် ခက်ခဲစေကာမူ စာခွက်မှောက်လေလေ သူတို့ကို ပြစ်တင်ဝေဖန်သူ ပေါလေလေ ဖြစ်လာတော့သည်။ တဘက်ကလည်း ခေတ်မီစာလုံးစက်များကို သတင်းစာတိုက်များက တည်ထောင်လာကြသဖြင့် လှပပြီး အရွယ်အစားစား စာလုံးသစ်များ ပေါ်လာသည်။ မြန်
မာစာလုံးပုံစံများ တိုးတက်များပြားလာသည်မှာ ဦးကျော်ငြိမ်း၏ ကျေးဇူးပါပေ။
တခါတွင် ဆိုရှယ်လစ်ဝန်ကြီးတဦး၏ ဖောက်ပြန်မှု၊ အညှီအဟောက်သတင်းတပုဒ်ကို
သတင်းစာသုံးစောင်က ဖော်ပြခဲ့ကြသည်။ ထိုသတင်း မဟုတ်မှန်ဟု ဆိုရှယ်လစ်ခေါင်းဆောင်
များက ငြင်းဆိုပြီး လယ်သမားထု အစည်းအဝေးကို ရန်ကုန်၊ ဗန္ဓုလပန်းခြံတွင် ကျင်းပကာ
ကန့်ကွက်ဆန္ဒပြကြသည်။ လယ်မြေ ပြည်သူပိုင် စီမံကိန်းလုပ်ဆောင်နေသူ ခေါင်းဆောင်ကြီးကို မြေရှင်ကိုယ်စားလှယ် သတင်းစာများက သိက္ခာချသည်ဟု ဟောပြောကြသည်။ အရက်
မူးနေကြပြီး ပေါက်တူးပေါက်ပြားများကို ထမ်းလာကာ အစည်းအဝေးတက်ကြသူ လယ်
သမားကြီးများတို့က ဒေါသကို မထိန်းနိုင်ကြပြီဟု အော်ဟစ်၍ ပြည်သူ့ဟစ်တိုင်နှင့် အိုးဝေ
သတင်းစာတိုက်များမှ ပုံနှိပ်စက်များ၊ စာစီခုံများကို ဖျက်ကြတော့သည်။ ရဲတို့ကို ခေါ်သော်
လည်း ရဲတို့က မလာဘဲ ရှောင်နေကြသည်။
ဆိုရှယ်လစ် ဆန္ဒပြသူများသည် ထိုသတင်းကို ဖော်ပြသော ကွန်မြူနစ် နေ့စဉ်သတင်းစာတိုက်ကိုမူ မသွားဝံ့ကြပေ။ ၁၉၄၈ ခု၊ မတ်လ (၂) ရက်နေ့က အခင်းဖြစ်ပွားသည်။ (၁၅) ရက်အကြာတွင် ပြည်တွင်းစစ်ကြီး ကြေညာရန်အတွက် ကွန်မြူနစ်တို့တွင် လက်နက်များရှိနေ ကြသည်ကို ဆိုရှယ်လစ်တို့က သိနေကြသည်။ တင်မောင်တို့ သတင်းထောက်များလည်း သိ ကြသည်။ တင်မောင်တို့အဖို့ ပွဲကြီးပွဲကောင်း၊ ဓာတ်ပုံကောင်း ရရှိနိုင်ရန်အတွက် သတင်းစာ တိုက်ရှေ့ရှိ သစ်ပင်ကြီးပေါ် တက်ကာ ကင်မရာကိုယ်စီနှင့် စောင့်ကြသည်။ ဘေးကင်းမည့် အကာအကွယ်ကိုလည်း ကြည့်ထားရသေးသည်။
ဆိုရှယ်လစ်တို့သည် လက်နက်များ စုပြီး၊ ဆောင်းပြီးဖြစ်သည့် ကွန်မြူနစ်ပါတီ ဌာနချုပ် ရှိ သတင်းစာတိုက်သို့ မလာဝံ့ကြပေ။ လာခဲ့လျှင် ပြည်တွင်းစစ်သည် (၁၅) ရက်စောကာ ဖြစ် ပွားပေလေမည်။
ဤတချီတွင် ဝန်ကြီးချုပ်ဦးနုက ဆိုရှယ်လစ်တို့ဘက်မှ ရပ်တည်၏။ မဟုတ်မမှန် သတင်း ရေးနေသော သတင်းစာတွေကို မဖတ်တော့ပြီဟုပင် ကြေညာသည်။ ပြန်ကြားရေးဌာန ရုံးတွင် ဖွင့်ထားသည့် သတင်းစာဆရာများ အသင်းနှင့် သတင်းထောက်များ အသင်းကို နှင်ချသည်။ ဒီမိုကရေစီခေတ် ဖြစ်လေသောကြောင့် သတင်းစာများက ပြင်းထန်စွာ ရေးသားသည်သာမက သတင်းစာဆရာအသင်းက ဟောပြောပွဲများ ကျင်းပပြီး
ပုဆိန်ဆရာများကို တိုက်ကြလေသည်။
“သတင်းစာတွေမပြောနဲ့ သတင်းစာတွေရဲ့ အဖေတောင် မကြောက်ဘူး”ဟု ကြိမ်းသေးသည်။ ထိုအခါ သတင်းစာဆရာအသင်းက စာပေလောက၊ နိုင်ငံရေးလောကမှ အနား ယူနေသူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပင့်ခေါ်ကာ “သတင်းစာတို့ ဘိုးအေကြီး လာပါပြီ”ဟု ကြေညာပြီး တရားဟောစေသည်။ ဆရာကြီး (၂) ကြိမ်သာ တရားဟောရသည်။ “ခင်ဗျားတို့ အတော်ဆိုးတဲ့ သူတွေပဲဗျာ”ဟု ဦးနုက ဦးအုန်းခင်ထံ ဖုန်းဆက်ပြီး အရှုံးပေးရရှာသည်။ အဖျက်ခံရသည့် သတင်းစာများကို လျော်ကြေးပေးသည်။ သတင်းစာဆရာအသင်း ရုံးနေရာနှင့်တကွ မူလအခွင့်အရေး တွေ ပြန်ပေးသည်။ နှစ်စဉ် သတင်းစာအသင်း ညီလာခံသို့ ဦးနုက တက်ရောက်ကာ သတင်းစာနှင့် ဝန်ကြီးချုပ်တို့ ချစ်ကြည်ရေး ပြန်ပေါင်းထုတ်ကြသည်။
ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော ဤကဲ့သို့သော နိုင်ငံရေးတိုက်ပွဲ၏ အရသာကို ဒီမို ကရေစီခေတ်၌တွင်သာ ခံစားနိုင်ပါသည်။ သူမတူ တရားဟောကောင်းလှသော ဆရာမှိုင်း၏ ဟောသံကလေးတခု ယခုထက်တိုင် ကြားယောင်နေမိတော့သည်။ ဆရာကြီးက “ငါ့အမြင်ကို ပြောရရင်တော့ ခွေးမသား၊ မင်းတို့ သတင်းစာဆရာတွေ မှားတယ်ကွ၊ မင်းတို့တတွေ တယ် ပြီး မိုက်ကြပါကလားကွာ။ တို့မောင်နုဆိုတာက ဝန်ကြီးချုပ်ကြီးကွ။ ဧရာမဝန်ကြီးချုပ်ကြီး တပါးကို မင်းတို့ သတင်းစာဆရာတွေက ခွေးပိန်မကလေးကို ကြိုးနှင့် တိုင်မှာချည်ပြီး ရိုက်ချင် သလို ရိုက်ကြလေတော့ သူက ပြန်ကိုက်မှာပေါ့ကွ” ဟု ဟော၏။
(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၄၉ - ၅၂)
စာရိုက် - ငနော့
Comments
Post a Comment