လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာသတင်းစာများကဏ္ဍ၊ သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ 🖋 ကြေးမုံဦးသောင်း
လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာသတင်းစာများကဏ္ဍ၊ သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ
ကြေးမုံဦးသောင်း
▪ လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာသတင်းစာများကဏ္ဍ
အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သူတို့၏ ကျွန်နိုင်ငံဖြစ်လေပြီဟု ၁၈၈၆ ခု၊ ဇန်နဝါရီလ
(၁) ရက်နေ့တွင် ကြေညာသည်။ မြန်မာများက လက်မခံပါ။ သူ့ကျွန်မခံပြီဟု ပြန်လည်တိုက်
ခိုက်ကြလေသည်။ သေနတ်နှင့် အုပ်ချုပ်သော အင်္ဂလိပ်အစိုးရကို ဓားများ၊ လှံများနှင့် ပြန်လည် တိုက်ခိုက်ခဲ့ကြ၏။
ရဲရင့်စွာ တိုက်ခိုက်သော မြန်မာသူပုန်များကို အင်္ဂလိပ်တို့က စစ်အင်အားကြီးမားစွာ
အသုံးပြုကာ ချေမှုန်းတိုက်ခဲ့ရလေသည်။ ထိုစဉ်က လူဦးရေ (၃,ဝဝဝ,ဝဝဝ) သုံးသန်းသာရှိသော အထက်မြန်မာလူထုကို အင်္ဂလိပ်စစ်ပုလိပ် (၁၇,၃၈၆) ဦးနှင့် နှိမ်နင်းရလေရာ မြန်မာ
(၁၇၃) ဦးတွင် အင်္ဂလိပ်စစ်သား တဦးနှုန်း စောင့်ကြပ်နှိမ်နင်းရပါသည်။ အိန္ဒိယပြည်၊ ဘင်္ဂလား
နယ်တွင် တိုင်းရင်းသား (၂,၉၀၂) ဦးတွင် အင်္ဂလိပ်စစ်သား တဦးနှုန်း ထိန်းကွပ်ရသည်နှင့် နှိုင်းစာပါက မြန်မာများ မည်မျှလှုပ်ရှားခဲ့သည်ကို ခန့်မှန်းနိုင်ပါ၏။
အင်္ဂလိပ်တို့အဖို့ ငြိမ်းချမ်းရေးရရှိရန်၊ တရားဥပဒေစိုးမိုးသည့် အစိုးရဖြစ်မြောက်ရန် နှစ်ပေါင်း များစွာ အားထုတ်ရလေသည်။ ၁၉ဝဝ ပြည့်နှစ်ကာလ ရောက်ရှိလေမှ လက်နက်နှင့်
ပြန်လည်တိုက်ခိုက်ထကြွမှုများ ငြိမ်သက်သွားကာ အင်္ဂလိပ်အစိုးရအဖို့ ထိရောက်စွာ အုပ်ချုပ်
နိုင်ခဲ့သည်။ ထိုအချိန်လောက်တွင်ပင် မြန်မာသတင်းစာများ ပေါက်ဖွားလာလေသည်။ သတင်းစာများက ဓားလှံလေးမြား အမြောက်သေနတ်များကို အသုံးမပြုဘဲ စကားလုံးများကို လက်နက်အဖြစ်သုံးကာ ကျွန်ဘဝမှ လွတ်မြောက်ရေးကို တိုက်ခိုက်ခဲ့ကြသည်။
မြန်မာများအဖို့ အသက်ဦးဆံပိုင် ဘုရင်စနစ်ကို မကျေနပ်ခဲ့ကြစေကာမူ ကိုယ့်မင်းကိုယ့်ချင်းဘဝတွင် နေထိုင်လိုကြသည်။ အင်္ဂလိပ်လက်အောက်တွင် စားဝတ်နေမှု တိုးတက်လာစေကာမူ နိုင်ငံ၏ သယံဇာတများကို လူမျိုးခြားတို့က သွေးစုပ်နေသည်ကို လက်မခံနိုင်ပါ။ ကျွန်ဘဝတွင် စိတ်ပျော်၊ ကိုယ်ပျော်မနေနိုင်ကြပါ။
အင်္ဂလိပ်တို့က အိန္ဒိယမှ ခေါ်လာသော အိန္ဒိယအမျိုးသား စာရေးစာချီများနှင့် အုပ်ချုပ်
သည်ကိုလည်း မကျေနပ်နိုင်ကြပေ။ မြန်မာပညာတတ်များအဖို့ အင်္ဂလိပ်တို့ အုပ်ချုပ်ရေးစနစ် အောက်၌ နေရာမရှိ ဟူသည့် အချက်ကို မြန်မာများ သိရှိလာစေရန် မြန်မာသတင်းစာများက
ရေးသားညွှန်ပြကြ
သောကြောင့် မြန်မာပညာတတ်များ အသိဉာဏ်ပွင့်လာပြီး နိုင်ငံရေးလှုပ်
ရှားမှုများ ပေါ်ပေါက်လာလေသည်။ ယင်းလှုပ်ရှားမှုများကို သတင်းစာများကပင် ဦးဆောင်ခဲ့သည်။
မြန်မာတို့အကျိုးကို ရှေ့ရှုသော ဗမာပိုင်သတင်းစာများနှင့် အင်္ဂလိပ်ကုမ္ပဏီများ အကျိုးကို ရေးသားစေကာမူ သစ္စာတရားကို အခြေခံသော လူမျိုးခြားပိုင် သတင်းစာများက လူမှုလှုပ်ရှားမှုသတင်းများ ရေးသားဝေဖန်စပြုကြသည်။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိကြစေ
ကာမူ အင်္ဂလိပ်အစိုးရ ဗျူရိုကရက်အရာရှိများက သတင်းစာများနှင့် နိုင်ငံရေးလှုပ်ရှားများကို
ဖိနှိပ်ကြရပြန်သည်။
“ဘုရင်ကိုဖြစ်စေ၊ ဘုရင်က တရားဥပဒေအရ ခန့်ထားသော အစိုးရကိုဖြစ်စေ မုန်းတီးစေရန်၊ မလေးမခန့်ဖြစ်စေရန် လှုံ့ဆော်သည်ဖြစ်စေ၊ လှုံ့ဆော်ရန် အားထုတ်သည်ဖြစ်စေ၊ မည်သူမဆို စကားလုံးနှင့် ရေးသားသည်ဖြစ်စေ၊ နှုတ်ဖြင့် ပြောသည်ဖြစ်စေ၊ အချက်လက္ခဏာ
ပြ၍ဖြစ်စေ၊ သိမြင်စေရန် ပြသသည်ဖြစ်စေ၊ အားထုတ်သည်ဖြစ်စေ၊ အောက်ပါပြစ်ဒဏ်များကို ချမှတ်စေရမည်” ဟု အိန္ဒိယ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) မှာ အသေးစိတ်ရေးထားသည်။
လူတယောက်အဖို့ မျက်စေ့မှိတ်ပြရုံမျှနှင့် အင်္ဂလိပ်ဘုရင်နှင့် အစိုးရကို အကြည်အညိုပျက်စေသည်ဟု တစုံတယောက်က ထင်မြင်ယူဆလေပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်မှ
(၅) နှစ်အထိ အပြစ်ပေးခံရနိုင်သည်။
ထိုကဲ့သို့ လက်ရောခြေပါ တုတ်နှောင်ထားသည့် ဥပဒေဆိုးများကို မြန်မာများက ကန့်ကွက်ဆန္ဒပြကြသည်။ တို့ဗမာအစည်းအရုံးခေါင်းဆောင်တဦးဖြစ်သူ သခင်လှမောင်က စာ
တိုက်မှ စာပို့ရာတွင် အင်္ဂလိပ်ဘုရင်၏ ပုံပါသော တံဆိပ်ခေါင်းကို ဇောက်ထိုးကပ်ပြီး စာထည့်ပါသည်။ “ခွေးခေါင်းပြောင်းပြန် ကပ်သည်”ဟုလည်း စာအိပ်ပေါ်တွင် သိသာထင်ရှားစွာ ရေးလိုက်ပါသေးသဖြင့် ဘုရင်မင်းမြတ်ကို အကြည်အညိုပျက်စေမှုနှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်
(၅) နှစ် အပြစ်ပေးခဲ့လေသည်။
သခင်လှမောင်သည် အလားတူ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြုခဲ့သေးသည်။
အမှုအမျိုးမျိုးနှင့် ထောင်အကြိမ်ကြိမ်ကျခံခဲ့ရရာမှ ခုနစ်ထောင်စံ သခင်လှမောင်ဟု ဘွဲ့ထူးပေးခံခဲ့ရလေသည်။ သခင်လှမောင်နှင့်တကွ တို့ဗမာအစည်းအရုံးခေါင်းဆောင်များ အားထုတ်
မှုများ အထက်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း လှုပ်ရှားမှုများ စသည်တို့ကို သတင်း
စာများက ဦးဆောင်အားပေးခဲ့လေသည်။ အဓိကရည်မှန်းချက်မှာ ဖိနှိပ်သော ဥပဒေများ မရှိတော့မည့် လွတ်လပ်သော မြန်မာနိုင်ငံတည်ဆောက်ရေးဖြစ်ပေသည်။
အစဉ်အဆက် အားထုတ်ကြိုးစားခဲ့ကြရာမှ လွတ်လပ်သော နိုင်ငံသစ်ကို တည်ဆောက်နိုင်ခဲ့ကြသော်လည်း ၁၈၆၁ ခုနှစ်က အိန္ဒိယပြည်၊ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရခေတ်က ရေး
သားအတည်ပြုခဲ့သော လူထုကို ဖိနှိပ်ချုပ်ချယ်သော ဥပဒေများသည် ယနေ့ ယခုထက်တိုင် ရှင်သန်ကြီးထွားနေပေသေးသည်။ စစ်အစိုးရများ တက်လာချိန်တွင် ယင်းဥပဒေဆိုးများသည် စစ်အစိုးရတို့အဖို့ များစွာ အသုံးဝင်သော ဥပဒေများဖြစ်နေပေတော့သည်။ ဖိနှိပ်ချုပ်ချယ်မှုများ ဆက်လက်တည်ရှိနေသေး၏။
◾
▪ သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ၌ ၁၈၆၁ ခုနှစ်က၊ အိန္ဒိယပြည်တွင် အင်္ဂလိပ်-အရှေ့အာရှကုမ္ပဏီအစိုးရက ရေးသားခဲ့သော ပုဒ်မ ၁၂၄ (က) အကြည်ညို
ပျက်စေမှု စသည့် အိန္ဒိယ ရာဇသတ်ကြီးတခုလုံးကို အမွေရရှိခဲ့ရာတွင် ယင်းအမွေဆိုးကို အုပ်ချုပ်သူများက လက်နက်ကောင်းများအဖြစ် သုံးစွဲခဲ့လေသည်။
နိုင်ငံတည်စကာလက ဒီမိုကရေစီစနစ်ကို တည်ဆောက်ခဲ့ကြစေကာမူ လက်စောင်း
ထက်သူ အာဏာရနိုင်ငံရေးသမားများက ဖောဖောသီသီအသုံးပြုကြပေသည်။ နိုင်ငံရေး
ခေါင်းဆောင်အများ ထောင်နန်းစံခဲ့ရသည်။ သတင်းစာဆရာအများပါ ထိကြ၏။ ဒီမိုကရေစီခေတ်က သတင်းစာဆရာများလည်း ခံကြရစေကာမူ ထောင်တွင်းတွင် ကြာကြာနေရလေ့မရှိဘဲ ညှာညှာတာတာထားလေ့ရှိသည်။ ဆရာကြီး လူထုဦးလှကိုမူ ကြာမြင့်စွာ ညှဉ်းဆဲခဲ့၏။ စံချိန်တင်ရမည့် ထောင်မင်းသားမှာ ဆရာဗန်းမော်တင်အောင် ဖြစ်သည်။ အသက် (၅၅) နှစ်ခန့်မှာ ကွယ်လွန်ရှာသူ ဗန်းမော်တင်အောင်၏ ထောင်သက်သည် (၂၁) နှစ်ရှိသည်ဟု ဆို၏။
၁၉၆၂ ခု၊ စစ်အစိုးရတက်လာချိန်တွင်မူ ဥပဒေဆိုးများကို လက်လွတ်စပယ် အသုံးပြုလေသဖြင့် ထောင်ပေါင်းများစွာသော နိုင်ငံရေးခေါင်းဆောင်များ၊ သတင်းစာဆရာ၊ စာရေး
ဆရာများ၊ အရာရှိအရာခံများ၊ အလုပ်သမား၊ လယ်သမားများပါ ဖမ်းဆီးခံခဲ့ကြရ၏။
“ထောင်အပြင် တန်းမရှိ” ဟု ဆိုရိုးရှိသည်။ စစ်အစိုးရများလက်ထက်တွင် ထောင်ထက်
ဆိုးသော တကျွန်းထောင်စခန်းများ တည်ဆောက်ကာ ညှဉ်းပန်းခဲ့ကြသည်။
မည်သို့ပင်ရှိကြစေကာမူ မြန်မာတမျိုးသားလုံးသည် ကိုယ်မင်းကိုယ့်ချင်း နေနိုင်ရေးသည်သာ အဓိကဖြစ်သည်။ ယင်းသို့ လွတ်လပ်ရေးအတွက် နှစ်ပေါင်းများစွာ တိုက်ခဲ့ကြရာ၌
တိုက်ပွဲတလျှောက်လုံးတွင် သတင်းစာဆရာများက ဦးဆောင်ခဲ့ပေသည်။
အင်္ဂလိပ်အစိုးရထံမှ မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရေး တိုက်ပွဲကြီးတွင် မြန်မာသတင်းစာများက ဦးဆောင်ပြီး တိုက်ခိုက်ကြရာ၌ ပထမဆုံးတိုက်ပွဲက ဖိနပ်မစီးရသော တိုက်ပွဲ ဖြစ်သည်။
မြန်မာမင်းများခေတ်က အင်္ဂလိပ်သံတမန်များအား ရှေ့တော်သို့ ဝင်ခွင့်ပေးသည့်အခါတွင် ဖိနပ်ချွတ်မှသာ ဝင်ရောက်ခစားခွင့် ပေးလေ့ရှိသည်။ သံအမတ်ကြီးအဆက်ဆက်တို့က
မြန်မာမင်းများရှေ့သို့ ဝင်ရာ၌ ဖိနပ်စီးနင်းခွင့်ကို အကြိမ်ကြိမ်တောင်းဆိုကြသော်လည်း မြန်
မာမင်းများက လိုက်လျောခြင်းမပြုခဲ့ပေ။ မြန်မာမင်းဆက်ကို ဖြုတ်ပြီးနောက် သူတို့အနိုင်ရသောအခါတွင်မူ နန်းတော်တွင်းသာမက ဘုရားကျောင်းကန်များတွင်ပါ အင်္ဂလိပ်တို့က ဖိနပ်
စီးနင်းကာ ဝင်ရောက်ကြသဖြင့် မြန်မာများတို့ စိတ်မချမ်းမသာဖြစ်ခဲ့ကြရသည်။
၁၉၁၇ ခုနှစ်တွင် ပဲခူးမြို့၌ ငလျင်လှုပ်သောအခါ ရွှေမော်ဓောစေတီတော်လည်း ငလျင်ဒဏ်သင့်ခဲ့လေသည်။ ထို့ကြောင့် အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်နှင့် ဇနီးတို့က
သွားရောက်ကြည့်ရှုသောအခါတွင် စေတီတော်ရင်ပြင်ပေါ်၌ ဖိနပ်မချွတ်ခဲ့စေကာမူ ဘုရားလူကြီးများက ကြိုဆိုခဲ့ကြသည်။ ထိုအခင်းကို အခွင့်ကောင်းယူကာ မူလက မြန်မာများ မကျေမနပ်ဖြစ်နေသော ဖိနပ်ကိစ္စကို သူရိယသတင်းစာက ဖော်ထုတ်ကာ တိုက်ပွဲဝင်ခဲ့လေသည်။
ဘုရင်ခံက ဘုရားပေါ်၌ ဖိနပ်စီးသည်ကို ဝေဖန်သရော်သော ရုပ်ပြောင်နှင့် ကဗျာကို သတင်းစာတွင် ဖော်ပြပြီး ပြစ်တင်ဝေဖန်လေသည်။ ကာတွန်းဆရာကြီး ရွှေတလေးက မျက်နှာဖြူ
ဘုရင်ခံနှင့် ဘုရင်ခံကတော်ကို ဘုရားလူကြီးများက ကုန်းပေးပြီး ကျောပိုးနေသည့်ပုံကို ရေးဆွဲထားကာ “သူတို့ ဖိနပ်မချွတ်လျှင် ဘုရားလူကြီးတွေ ကျောပိုးပါလား” ဟု လှောင်ပြောင်
ထားလေသည်။ ရုပ်ပြောင်ကို “ဘကြီး မေတ္တာတုံးရဲ့ သစ္စာတုံး-ဒီပနီတေးထပ်” ဟု ပြောင်မြောက်သော ကဗျာနှင့် သရုပ်ဖော်ပြန်ပါသေးသည်။
“ဖိနပ်ကို မစီးရငယ်လို့၊ နည်းကျကျဆွဲဆင်။
ကမ္ဗည်းသ အကဲတင်သည်၊ မရဲချင်လေကော။
နှစ်ပါးလုံး ဗိုလ်မောင်မယ်မှာ၊ ဟိုတောင်စွယ် ကုန်းမြင့်သာမော။
တကျွတ်ကျွတ် ဘွတ်ရွှတ်ဆင်သည်၊ မချွတ်ချင်ဟူသော။
ထွဋ်သခင် သူပြောတော့၊ ဂေါပကဖြစ်အင်။
ပုခုံးမှာ ကုန်းကာပို့မယ်ပ၊ ပြုံးပါလို့ ဦးချပန်ဆင်။
ကျွန်တော် (မျိုးကြီး) တို့ ကျောပြင်ကို၊ ဝေါယာဉ်လို ထင်မှတ်လို့။
သခင်မြတ် ကုန်းမြင့်သည်တောင်၊ ရုန်းပင့် ချီဆောင်၊
ဘိနပ်ချွတ်လှည့်နည်းပြောင်သည်၊ ဝိနည်းရှောင် ကုန်းပုံတဲ့လေး။”
သူရိယသတင်းစာတွင် ထိုကဗျာနှင့် ကာတွန်းပါလာသောအခါတွင် အင်္ဂလိပ်ပုလိပ်မင်းကြီး မစ္စတာရှပ်တယ်လ်ဝပ်က အယ်ဒီတာ ဦးဘဘေနှင့် ဦးလှဘေတို့ကို ဆင့်ခေါ်ကာ “ဘုရင်ခံ
၏ ဂုဏ်သရေကို ပျက်စေသော ကဗျာကို ဘာကြောင့် ပုံနှိပ်သနည်း”ဟု မေးတော့လေသည်။
ပုလိပ်မင်းကြီးက သူ၏ ရုံးစားပွဲတွင် ကုလားထိုင်နှင့် ထိုင်နေပြီး အယ်ဒီတာများကို
ကုလားထိုင်မပေးဘဲ ကြမ်းပေါ်မှာ ခင်းထားသည့် သင်ဖြူးကို ညွှန်သည်ဆို၏။ ထိုအခါ အယ်
ဒီတာများက ကြမ်းပေါ်သို့ ဆင်းကာ မထိုင်ကြဘဲ မတ်တတ်ရပ်ပြီး ရှင်းပြောကြလေသည်။
“အင်္ဂလိပ်ဘုရင်ခံကို ရည်ရွယ်ရေးသည်မဟုတ်၊ ဂေါပကလူကြီးများကို ဝေဖန်သည်သာဖြစ်
သည်။ ဂေါပကလူကြီးများ မကျေနပ်လျှင် အသရေပျက်မှုနှင့် တရားစွဲနိုင်” ဟု ဖြေကြားသည်ကို ပုလိပ်မင်းကြီးအရေးမယူနိုင်ဘဲ လက်ပိုက်ကျန်ရစ်ရရှာတော့သည်။
သတင်း၏ဂယက်မှာ ဆက်တိုက်ဖြစ်ပေါ်လသည်။ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးက ဦးစီးကာ လူထုအစည်းအဝေးများ ကျင်းပပြီး ရွှေမော်ဓောကုန်းတော်ပေါ်တွင် ဖိနပ်စီးမှုကို ကန့်ကွက်ကြောင်း အဆိုများ ဆုံးဖြတ်ကာ တိုက်ပွဲဆင်ကြသည်။ လူထုဆန္ဒပြပွဲအစည်း
ဝေးများ၏ သတင်းများကို သူရိယတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကာ ဝါဒဖြန့်ပေးသဖြင့် စည်းဝေးပွဲများ အမြို့မြို့တို့တွင် ဆက်တိုက်ကျင်းပကြတော့သည်။ အစည်းဝေးအကြိမ်ကြိမ်
ကျင်းပ တောင်းဆိုကြသဖြင့် အင်္ဂလိပ်အစိုးရက ဘုရားကျောင်းကန်များတွင် “ဖိနပ်မစီးရ” ဟု တရားဝင်ဆိုင်းဘုတ်များ ဆွဲချိတ်ကာ တားဆီးစေဟု လိုက်လျောခဲ့ရတော့သည်။
ယင်းတိုက်ပွဲသည် အင်္ဂလိပ်အစိုးရအပေါ် မြန်မာလူထုက ပထမဆုံး အနိုင်ရရှိလိုက်သည့် အောင်ပွဲဖြစ်၏။ ကာရန်တဆက်၊ စုတ်တချက်နှင့် တိုက်ခဲ့သော ထိုတိုက်ပွဲမှ စတင်ကာ သတင်း
စာတို့၏ သြဇာနှင့် လူထုကြီး၏ အင်အားကြီးမားပုံကို မြန်မာများတို့ နားလည်သိရှိကာ ဆက်လက်တိုက်ခိုက်ကြရာမှ လွတ်လပ်ရေးတိုက်ပွဲများကို အစဉ်တဆက် ဆင်နွှဲဖြစ်ခဲ့ကြလေသည်။
လူမှုရေး၊ ဘာသာရေး အခွင့်အရေးတောင်းဆိုချက်များမှာ နိုင်ငံရေးတောင်းဆိုချက်များဆီသို့ ပစ်မှတ်ပြောင်းခဲ့ကြလေသည်။ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့်ကို ပြည်သူတို့က
တောင်းဆိုခဲ့ကြသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ အုပ်စိုးခွင့်ကို တောင်းကြသည်။ အင်္ဂလိပ်တို့က ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်အုတ်မြစ်ချပေးစေကာမူ လူထုသို့ အာဏာလွှဲပေးရေးလုပ်ငန်းတွင် များစွာ နှေးကွေးလှသည်။ အင်္ဂလိပ်ဘုရင်ခံက အတိုင်ပင်ခံ ကောင်စီလူကြီး (၉) ဦးပါသော အဖွဲ့ကို ၁၈၉၂ ခုမှာ စတင်ဖွဲ့ခဲ့ရာတွင် လူထုက
ရွေးကောက်တင်မြှောက်ခြင်း မပြုရဘဲ အင်္ဂလိပ်၊ အိန္ဒိယနှင့် မြန်မာများမှ ခေါင်းခေါက်ပြီး
ရွေးချယ်ခန့်ထားသည်။ ၁၉၁၅ ခုတွင် ယင်းအဖွဲ့ကို (၁၅) ဦးအထိ တိုးချဲ့ခဲ့သည်။
ကောင်စီအဖွဲ့ဝင်များကို (၁၅) ဦးအထိ တိုးချဲ့သည့်အခါ၌ (၁၃) ဦးတို့ကို ဘုရင်ခံက
မိမိစိတ် ကြိုက်ခန့်ထားကာ အင်္ဂလိပ် (၂) ဦးကိုမူ ဥရောပကုန်သည်ကြီးများအသင်းက ရွေးချယ်စေဟု သီးခြားအခွင့်အရေးပေးသည်။ ပထမဦးဆုံးပေးသော ရွေးချယ်တင်မြှောက်ခွင့်ကို
အင်္ဂလိပ်များကိုသာ ခွဲခြားပေးအပ်သော စနစ်မှ စတင်ပြီး သတင်းစာများက ဝေဖန်ရေးသားကြသဖြင့် မြန်မာများ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ကို နိုင်ငံရေးအဖွဲ့ အစည်း
ဝေးများမှ တောင်းဆိုကြပြန်တော့သည်။
မျက်စိပွင့်လာသော မြန်မာလူထု၏ တောင်းဆိုချက်ကို အင်္ဂလိပ်တို့က တစတစ လိုက်လျောကြရပေသည်။ ၁၉၂၁ ခုနှစ်တွင်မူ လူထုက ရွေးကောက်တင်မြှောက်သူ (၇၉) ဦးပါဝင်ပြီး
အစိုးရခန့် (၂၄) ဦးပါဝင်သော ပါလီမန်စနစ်ကို ရရှိခဲ့လေသည်။ မြန်မာသတင်းစာများက မကျေနပ်နိုင်သေးဘဲ တင်းပြည့်ကျပ်ပြည့် ပါလီမန်စနစ်ကို တောင်းဆိုကြသည်။
ရွေးကောက်တင်မြှောက်သူ အမတ် (၁၃၂) ဦးကို အခြေခံသော ပါလီမန်ကို ၁၉၃၅ ခု
နှစ်တွင် ရရှိခဲ့လေသည်။ ဒီမိုကရေစီစနစ် ပီသစပြုလာသော ထိုအချိန်တွင် ရွေးကောက်ပွဲကျင်းပချိန်မှ စတင်ပြီး ပါလီမန်အစည်းဝေးများ၌ အစိုးရတင်မြှောက်ကြသည်အထိ ဝေဖန်ဆန်းစစ်ရသော ကြီးမားသော တာဝန်ရပ်များကို သတင်းစာများက ထမ်းရွက်ခဲ့ကြသည်။
သတင်းစာတို့ ဆော်သြမှုကြောင့် လူထုကြီးက နိုင်ငံရေးကိစ္စသည် မိမိတို့ အရေးကိစ္စ ဖြစ်သည်ဟု နားလည်လာကြ၏။ ၁၉၂၂ ခုနှစ်က အမတ် (၇၉) ဦးကို ရွေးကောက်တင်မြှောက်
ရစဉ်က မဲပေးခွင့်ရှိသူ (၆.၉၂) ရာခိုင်နှုန်းသာ မဲပေးခဲ့ရာမှ ၁၉၂၅ ခု၊ ရွေးကောက်ပွဲတွင်မူ မဲ
ပေးခွင့်ရှိသူ (၁၆.၂၆) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
၁၉၃၇ ခုနှစ်၊ (၉၁) ဌာန အုပ်ချုပ်ရေးခေတ်တွင် အမတ် (၁၃၂) ဦးတို့ကို ရွေးကောက်စဉ်က (၅၀) ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက မဲပေးကြသည်။
နိုင်ငံရေးဒီရေ အတက်ဆုံးမှာ တည်မြဲ-သန့်ရှင်းကွဲကြသော ၁၉၆၀ ခုနှစ်၊ ရွေးကောက်
ပွဲဖြစ်၏။ ထိုရွေးပွဲတွင် (၅၉) ရာခိုင်နှုန်း မဲပေးခဲ့ကြလေရာ မြန်မာတို့သည် ဒီမိုကရေစီအခွင့်အရေးကို နားလည်သိရှိသုံးစွဲသော နိုင်ငံသားများ ဖြစ်ကြသည်ကို သက်သေပြခဲ့သည်။ ထို
ရွေးကောက်ပွဲ၌ စစ်တပ်က နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုရှိသည်ကို ထောက်ခံအားပေးသော တည်မြဲဖဆပလတို့ (၃၁) ရာခိုင်နှုန်းသာ အရွေးခံရပြီး စစ်တပ်က နိုင်ငံရေးလော
ကတွင်းသို့ ဝင်လာသည်ကို ဆန့်ကျင်သော သန့်ရှင်းဖဆပလတို့အဖို့ (၅၂) ရာခိုင်နှုန်း အရွေးခံရကာ ကွန်မြူနစ်အနွယ် ပမညတတို့က (၅) ရာခိုင်နှုန်းသာ အရွေးခံရသည်ကို ထောက်ရှု
ပါက မြန်မာလူထုက အာဏာရှင်စနစ်ကို မည်သည့်အသွင်နှင့်မှ လက်မခံခဲ့ဘဲ ဆန့်ကျင်ခဲ့
သည်မှာ သိသာထင်ရှားပေသည်။
နိုင်ငံရေးအဖွဲ့များ တည်ထောင်လှုပ်ရှားကြခြင်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေး အဆိုများ၊ ဥပဒေများ စသည်ဖြင့် များမြောင်လှသော အရေးကိစ္စများကို သတင်းစာများက
ဝေဖန်ရေးသားကြရာတွင် အင်္ဂလိပ်အစိုးရနှင့် ထိပ်တိုက်တွေ့ ကြရသည်လည်း ရှိသည်။ ဒီမိုက
ရေစီအခွင့်အရေး ပေးသည်ဆိုစေကာမူ ကာကွယ်ရေး၊ နိုင်ငံခြားရေး စသည့် အရေးကြီးသော အမှုကိစ္စများကို ဘုရင်ခံ၏ လက်တွင်သာ ထိန်းသိမ်းထားသည်။ အင်္ဂလိပ်၏ ကျွန်
နိုင်ငံတခုအဖြစ်ကိုမူ အင်္ဂလိပ်တို့က လက်လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့် လွတ်လပ်ရေးကို
ဦးတည်သော သတင်းစာများကို အင်္ဂလိပ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည်လည်း ရှိသည်။ သို့သော် ကျွန်ဘောင်ကြီးအတွင်းတွင် ရရှိခဲ့သော သတင်းစာလွတ်လပ်ခွင့်မှာ အတိုင်းအဆ ကြီးမားသည်။
ကျောင်းသားမဂ္ဂဇင်းတစောင်တွင် ဖော်ပြခဲ့သော ဆောင်းပါးတပုဒ်က ကြီးမားပြင်းထန်သည့် လူထုအုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်အထိ ကလောင်သွားထက်ခဲ့၏။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ထုတ်သော အိုးဝေမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင်များကို သရော်ထားသော ”ငရဲခွေးကြီး လွတ်နေပြီ” အမည်ရှိသည့် ဆောင်းပါးတပုဒ်
ကို ဖော်ပြခဲ့သည်။ ထိုစာမူရေးသားသူကို သိလိုပါသည်ဟု တက္ကသိုလ်ကျောင်းအုပ်ကြီးက သမဂ္ဂ မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလေသည်။ ယင်းဆောင်းပါးကို ရေး
သူမှာ ညိုမြအမည်ရှိ ကျောင်းသားရေးသည်ကို ကျောင်းအုပ်ကြီးနှင့်တကွ ကျောင်းသားအများက သိရှိပြီးဖြစ်သည်။ ထိုကြောင့် စာရေးဆရာကို မရေးသင့်၊ မရေးအပ်သော စာပေကို ရေး
သဖြင့် အရေးယူအပြစ်ပေးရန်အတွက် တရားဝင် တောင်းဆိုခဲ့၏။ အယ်ဒီတာက စာနယ်ဇင်းတို့ ကျင့်ထုံးကို ထိန်းသိမ်းကာ ဆောင်းပါးရှင် ကျောင်းသား၏ အမည်ကို ထုတ်ဖော်ပြောခြင်း
မပြုနိုင်ဟု ငြင်းဆိုသည်။ တက္ကသိုလ်အာဏာပိုင်များက အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းက ထုတ်လိုက်သည်။ ယင်းသို့ အရေးယူလိုက်စဉ်တွင် တက္ကသိုလ်အာဏာပိုင်များကို ဝေဖန်ပြစ်တင် ဟောပြောနေသူ သမဂ္ဂဥက္ကဋ္ဌ ကိုနုကိုပါ ကျောင်းထုတ်ပြန်သဖြင့် အထွေထွေကျောင်း
သားသပိတ်ကြီး ပေါ်ပေါက်လာပြီး အလုပ်သမား၊ လယ်သမားသပိတ်များပါ ကူးစက်ခဲ့ကာ
နိုင်ငံတခုလုံး လှုပ်ရှားခဲ့သည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံ အမည်နှင့် ပြည်လုံးကျွတ်ပါဝင်သော
ကြီးမားသည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
သတင်းစာများ၊ မဂ္ဂဇင်းများ၏ ဩဇာက ကြီးမားသဖြင့် လူထုလူတန်းစားတိုက်ပွဲများ အစဉ်အဆက် ဖြစ်ပေါ်စေခဲ့ပါသည်။ တဆူဆူ တပူပူ တိုက်ခိုက်နေကြချိန်တွင် ဒုတိယကမ္ဘာ
စစ်ကြီးမှ စစ်မီးကြီးသည် မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့လေတော့သည်။
ဤနေရာတွင် အင်္ဂလိပ်နယ်ချဲ့ ဗျူရိုကရက်များ၏ ဖြောင့်မှန်သော လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သင့်ပေ၏။ ဆူပူမှုကြီးများ၏ စနက်တံဖြစ်သော ငရဲခွေးကြီး လွတ်နေ
ပြီဟု အာဏာပိုင်ကျောင်းအုပ်ကြီးကို သရော်စာ ဆောင်းပါးရေးသူ ကိုညိုမြအား အင်္ဂလန်သို့
သတင်းစာပညာတော်သင် စေလွှတ်ခဲ့သည်။
(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၂၇ - ၃၃)
စာရိုက် - ငနော့
Comments
Post a Comment