ဒီမိုကရေစီအစိုးရနှင့် သတင်းစာများ 🖋 ကြေးမုံဦးသောင်း
ဒီမိုကရေစီအစိုးရနှင့် သတင်းစာများ
ကြေးမုံဦးသောင်း
တင်မောင်တို့ သတင်းစာဆရာများအဖို့ အင်္ဂလိပ်ခေတ်က ကျွန်ဘဝသာ ဖြစ်ခဲ့သော် လည်း ယဉ်ကျေးသော အစိုးရများဖြစ်ကြသောကြောင့် လွတ်လပ်မှုအရသာကို ကောင်းစွာခံစားခဲ့ရလေသည်။ လွတ်လပ်သော မြန်မာအစိုးရခေတ်သို့ ရောက်သောအခါတွင်မူ သတင်းစာ တို့၏ တန်ခိုးဩဇာကြီးမားလာကာ အစိုးရအဖွဲ့ဝင်များနှင့် သတင်းစာဆရာများသည် ထီးပြိုင် နန်းပြိုင်ဘုရင်များ ဖြစ်လာကြတော့သည်။ ဒီမိုကရေစီအစိုးရဟူသည်မှာ ပြည်သူတို့က ဆန္ဒမဲ ပေးကာ တင်မြှောက်သည့် အစိုးရမင်းများဖြစ်ကြလေရာ လူထုကိုယ်စားလှယ်များဖြစ်ကြသည်။ နိုင်ငံရေးအစိုးရတို့နှင့်အတူ သတင်းစာများသည်လည်း မင်းတပါးဖြစ်လာခဲ့တော့၏။ ၁၉၅၆ ခုနှစ်က ဖြစ်ရပ်ကလေးကို တင်ပြပါရစေ။
“အမိန့်ရှိပါခင်ဗျာ။ နိုင်ငံတော်ဝန်ကြီးချုပ်အိမ်က စကားပြောနေပါတယ်။ ဘယ်က ခေါ်ပါသလဲခင်ဗျာ။”
“ကျနော် ဦးတင်မောင်ပါ။ ဗမာ့ခေတ်သတင်းစာ အယ်ဒီတာချုပ်ပါ။”
“ဟုတ်ကဲ့ ဦးတင်မောင်၊ ကျနော်က ဝန်ကြီးချုပ်ရဲ့ အတွင်းရေးအရာရှိတဦးပါ။ ကျနော် ဘာလုပ်ပေးရမလဲခင်ဗျာ။”
“ကျနော် အခုချက်ချင်း ဝန်ကြီးချုပ်နှင့် တွေ့လိုပါတယ်။”
“အခု ဘယ်အချိန်ရှိပြီဆိုတာ သိပါသလားခင်ဗျာ။”
“သိပါတယ်လေ။ ည (၁၁) နာရီခွဲ ကျော်ပါပြီ။ အချိန်နှောင်းနေပါပြီ။ ဒါပေမယ့် ဝန်ကြီးချုပ်ကို အခုချက်ချင်း တွေ့မှဖြစ်မယ့် ကိစ္စမို့ပါ။”
“မဖြစ်နိုင်ဘူး ဆရာရေ။”
“ဘာလို့လဲ၊ အဖိုးကြီးနဲ့ တွေ့မှဖြစ်မှာပါ။”
“ဝန်ကြီးချုပ်က ဘုရားဆောင်ဝင်နေပါတယ်။ တရားထိုင်နေပါတယ်။ သန်းခေါင် ကျော်မှ ထွက်လာမှာပါ။”
“ဒါဖြင့် ကျနော်အခုလာခဲ့မယ်။ သူထွက်လာတဲ့အခါ တွေ့တာပေါ့။”
ထိုညက ဝန်ကြီးချုပ်ဦးနုနှင့် တွေ့ပြီး ဆွေးနွေးရပါသည်။ နှစ်နာရီကျော်ကြာ တိုင်ပင်
ကြရသဖြင့် နံနက်မလင်းတလင်းတွင်မှ ပြန်လာရလေသည်။ တင်မောင်၏ ပြဿနာမှာ မိမိ၏ သတင်းစာတိုက် (ဗမာ့ခေတ်သတင်းစာတိုက်) ကို
ကျောင်းသားများက ဝိုင်းထားသဖြင့် သတင်းစာမထွက်နိုင်သော ကိစ္စဖြစ်သည်။ ထိုနေ့ နံနက်က သတ္တမတန်းစာမေးပွဲဖြေဆိုသော နေ့ဖြစ်သည်။ စာမေးပွဲတွင် မေးမြန်းသည့် မေးခွန်းများ ပေါက်ကြားနေသည်ကို တိကျစွာ သတင်းရရှိသဖြင့် ဗမာ့ခေတ်တွင် ပေါက်
ကြားသော မေးခွန်းများကို မူရင်းအတိုင်း ဖော်ပြခဲ့သည်။ သတင်းမှန်လွန်းသဖြင့် ပညာရေးဌာနအဖို့ မငြင်းနိုင်သောကြောင့် စာမေးပွဲကို ဖျက်လိုက်သည်ဟု ကြေညာလိုက်ရသည်။ စာမေးပွဲဖြေရန် စာစစ်ခန်းသို့ သွားကြသော ကျောင်းသားများသည် တံခါးပိတ်ကာ ကပ်ထားသည့် ကြေညာစာကို ဖတ်ကြရရာမှ မကျေမနပ်ဖြစ်ကြကာ ပညာရေးဝန်ကြီးဌာနရုံးကို ဝိုင်းကာ ဆန္ဒပြကြတော့သည်။
ကျောင်းသားများ၏ မကျေနပ်ချက်ကို ဝန်ကြီးရုံးက ပြေလည်အောင် ဖြေရှင်းမပေးနိုင်သဖြင့် မေးခွန်းများ ဖော်ပြသော ဗမာ့ခေတ်သတင်းစာတိုက်သို့ ချီတက်လာပြီး သတင်းစာတိုက်ကို ဝိုင်းကြတော့လေသည်။
ရဲအဖွဲ့က တင်ကြိုသိထားသောကြောင့် ဗမာ့ခေတ်တိုက်ရှေ့မှ စောင့်နေကြသည်။ ဒေါသနှင့် ချီတက်လာသော ကျောင်းသားများနှင့် ရဲအဖွဲ့တို့ ထိပ်တိုက်တွေ့ကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားလေတော့သည်။ ကျောင်းသားတဦး သေနတ်ထိသွားရှာသည်။ ငယ်ရွယ်သူကျောင်းသားကလေးများက ဒဏ်ရာရရှိသော ကျောင်းသားကို ဆေးရုံသို့မပို့ဘဲ ပုခုံးပေါ်မှာ
တင်ထမ်းပြီး ဆန္ဒပြကြလေသည်။ ထိုကျောင်းသားငယ် (ဟယ်ရင်တန်) သေဆုံးသွားလေရာ ကျောင်းသားများက မကျေနပ်နိုင်တော့ဘဲ ဗမာ့ခေတ်ရှေ့မှာ တပ်စွဲထားပြီး ဆက်လက်ဆန္ဒ
ပြလေကြတော့သည်။ သတင်းစာအလုပ်သမားများ ဝင်ခွင့်မပြုသောကြောင့် သတင်းစာ မထွက်နိုင်တော့ပါ။
ထိုကြောင့် အစိုးရက ကျောင်းသားများကို ဖယ်ရှားပေးရန်၊ ဖြေရှင်းပေးရန် ဝန်ကြီးချုပ်အား တင်မောင်က ပန်ကြားပါသည်။
ဝန်ကြီးချုပ်က ပြည်ထဲရေးဝန်ကြီးကို ဖုန်းဆက်မေးမြန်း၏။ အခြေအနေအဝဝကို တင်မောင်နှင့် တိုင်ပင်ပြီး စဉ်းစားကြသည်။ ငယ်ရွယ်သူ ကျောင်းသားကလေးများ၏ ပြဿနာ ဖြစ်သောကြောင့် ညင်သာစွာ ကိုင်တွယ်သင့်သည်ဟု ဝန်ကြီးချုပ်က ဆုံးဖြတ်လိုက်သည်။
ရဲအဖွဲ့က ကျောင်းသားများကို ဖယ်ရှားပေးရန် တင်မောင်၏ တောင်းဆိုချက်ကို လိုက်လျောမှုမပြုသောကြောင့် နောက်တနေ့ နံနက်မှာ သတင်းစာမထွက်နိုင်တော့ပါ။ နိုင်ငံသား
တို့၏ အမှုကိစ္စကို ဝန်ကြီးချုပ်ကိုယ်တိုင် သန်းခေါင်ကျော် လင်းအားကြီးအထိ လက်ခံတွေ့ဆုံအရေးယူစဉ်းစားဆောင်ရွက်သည်မှာ များစွာ ကျေနပ်ဖွယ်ကောင်းလှပေသည်။
လိပ်ခဲတည်းလည်းဖြစ်နေသော ဗမာ့ခေတ်သတင်းစာတိုက်ရှေ့၌ တပ်စွဲထားသည့် ကိစ္စကို ဖြေရှင်းရန်အတွက် နောက်တနေ့ နံနက်တွင် ဝန်ကြီးချုပ်အိမ် သွားရပြန်လေ၏။ သက်ဆိုင်ရာ ဝန်ကြီးများပါ တက်ရောက်ပြီး ဆွေးနွေးကြသောအခါတွင် ကျောင်းသားငယ်များ ဒေါသပြေငြိမ်းရေးက အရေးကြီးသဖြင့် အစိုးရက တင်မောင်အား ဖမ်းဆီးရန်
ဆုံးဖြတ်ကြပါသည်။ တင်မောင်ကလည်း အဖမ်းခံပါမည်ဟု သဘောတူခဲ့သည်။ ပြည်ထဲရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့၏ အဆိုပြုချက်သည် မှန်ကန်သဖြင့် တင်မောင်က လက်
နှစ်ဖက်ကို ပူးတွဲပြကာ လက်ထိပ်ခတ်ခံပါမည်ဟု ပြောရလေသည်။ စာမေးပွဲမေးခွန်းကို ပုံနှိပ်
သဖြင့် နိုင်ငံတော်လျှို့ဝှက်ချက်ကို ပေါက်ကြားစေမှုဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့၏။
လက်တွေ့မှာ လက်ထိပ်ခတ်ခြင်းမခံရပါ။ ရဲတို့က အာမခံပေးပိုင်သော အမှုဖြစ်လေသောကြောင့် အာမခံပြီး မိတ်ဆွေတဦးနှင့်အတူ ရဲဌာနသို့ တင်မောင်သွားရောက်ပြီး အဖမ်းခံခဲ့ပါ၏။ (၁၅) မိနစ်အတွင်း အာမခံနှင့် ပြန်ထွက်ခဲ့နိုင်လေသည်။ ဖြစ်ခဲ့ရသော ကိစ္စအဝဝအတွက် ဂြိုဟ်မွှေသူ တရားခံသည် သတင်းစာဖြစ်သည်ဆိုကာ တင်မောင်အား ဖမ်းလိုက်သော
အခါတွင် ကျောင်းသားများက အောင်မြင်စွာ တပ်များကို ရုပ်သိမ်းသွားကြတော့သည်။
ဤတွင်မှ တင်မောင်နှင့် အဖွဲ့သားများ တိုက်ထဲပြန်ဝင်နိုင်ပြီး သတင်းစာကို ဆက်လက်
ထုတ်ဝေနိုင်ပါတော့သသည်။ တင်မောင်အား ဖမ်းဆီးအရေးယူသည်ဆိုသော အမှုကြီးကို လပေါင်းများစွာ စစ်ဆေးမှုမပြုဘဲ ဆွဲထားပြီး၊ ကာလရှည်ကြာပြီး ကျောင်းသားများ မေ့
လောက်သောအခါတွင်မှ အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့ပေသည်။
ကျောင်းသားများအဖို့ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံနိုင်ကြပါသည်။ မေးခွန်းပေါက်ကြားမှုကြောင့် ပျက်သွားရသော သတ္တမတန်းစာမေးပွဲကို ပြန်လည်စစ်ဆေးခြင်းမပြုတော့ဘဲ စာဖြေသူအားလုံးကို အောင်စေအမိန့်ထုတ်ပြီး (၈) တန်းသို့ အတန်းတင်ပေးလိုက်လေသည်။
ကံဆိုးရှာသူ ကျောင်းသားကလေးတယောက် အသက်ဆုံးရှုံးရသည်မှတပါး အေးချမ်းပျော်
ရွှင်စွာ ဇာတ်သိမ်းခဲ့၏။
ကြီးမားသော ပဋိပက္ခကြီးကို သတင်းစာဆရာနှင့် အစိုးရတို့ “မြွေမသေ တုတ်မကျိုး”
ဖြေရှင်းနိုင်ကြသည်မှာ လွတ်လပ်သော ဒီမိုကရေစီစနစ်၏ အကျိုးကျေးဇူး ဖြစ်ပေသည်။ ဤသို့သော မွန်မြတ်သော ဒီမိုကရေစီစနစ်ကို အလိုအလျောက် လွယ်ကူစွာ ရရှိခဲ့သည် မဟုတ်ပေ။ အမြော်အမြင်ကြီးမားသူ သတင်းစာဆရာများနှင့် နိုင်ငံရေးခေါင်းဆောင်များ
ပူးပေါင်းကာ လူထုကြီး၏ အင်အားနှင့် အားထုတ်ရယူခဲ့ပေသည်။ နှစ်ပေါင်းများစွာ တိုက်ခိုက် ရယူခဲ့ကြရသည်။ သွေးနှင့် ချွေးနှင့် တိုက်ခဲ့ရပေသည်။
(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၂၃ - ၂၅)
စာရိုက် - ငနော့
Comments
Post a Comment