အမွန်အစပေါ်ဦးစ မြန်မာသတင်းစာများ 🖋 ကြေးမုံဦးသောင်း

အမွန်အစပေါ်ဦးစ မြန်မာသတင်းစာများ

ကြေးမုံဦးသောင်း

မြန်မာသတင်းစာတို့သည် လွတ်လပ်စွာ ဖွားမြင်လာခဲ့ကြပေသည်။ လွတ်လပ်ခွင့်ကို အစဉ်တဆက် ထိန်းသိမ်းလာသော အင်္ဂလိပ်တို့က သတင်းစာများကို
ဗမာပြည်နှင့် မိတ်ဆက်ပေးခဲ့သည်။ ရန်သူတို့က ယူဆောင်လာသည်ဖြစ်စေကာမူ မြန်မာ ဘုရင်နှင့် မြန်မာများက အင်္ဂလိပ်သတင်းစာများကို ထူးခြားဆန်းပြားသော စိတ်ကူးတခုအဖြစ် များစွာ ကြိုက်နှစ်သက်ကြလေသည်။ ပွင့်လင်းသော မြန်မာစာပေနှင့် သန်စွမ်းသော ဘာသာ ရေးအခြေအနေများသည် လွတ်လပ်သော သတင်းစာများ တိုးတက်စည်ပင်နိုင်သည့် မြေ ကောင်းရေကောင်း ဖြစ်နေလေသည်။ ထိုကြောင့် အင်္ဂလိပ်တို့ သယ်ဆောင်လာသည့် သတင်း စာကို “တယ်ကောင်းပါလား” ဟုဆိုကာ စိတ်ဝင်စားကြလေသည်။

မြန်မာတို့သည် မြန်မာစာကို (၁၁) ရာစုနှစ် ပုဂံခေတ်က စတင်ရေးသားခဲ့ကြသည်။ ထိုခေတ်က ရှေးမြန်မာကြီးများသည် ကျောက်ပြားများပေါ်တွင် ထွင်းထုကာ စာရေးသား ကြပြီး နောင်လာနောက်သား ဖတ်ရှုရန်အတွက် ထားရှိခဲ့ပေသည်။ ယခုထက်တိုင် ကျောက်စာ ပေါင်း (၅၀၀) ကျော်ကို ဖတ်ရှုနိုင်ကြသေးသည်။ “လွတ်မြောက်ပြီဖြစ်သော ငါသည် မလွတ် လပ်သေးသူတို့အား လွတ်စေအံ့” ဟု အလောင်းစည်သူ ဘုရင်ကြီးက ခရစ်သက္ကရာဇ် ၁၁၅ဝ ခုနှစ်က ရေးခဲ့သည်ကို ဖတ်ရှုကာ ဗုဒ္ဓအဘိဓမ္မာနှင့် မြန်မာတို့၏ လွတ်လပ်ရေး ခံယူချက်ကို သိနိုင်ပေသည်။

Maumain Chronicle အမည်ရှိသော သတင်းစာသည် ပထမဆုံး မြန်မာသတင်းစာ ဖြစ်လာသည်။ ၁၈၂၃ ခုမှာ စတင်ပြီး ၁၈၂၆ ခုနှစ်မှာ ပြီးဆုံးသော ပထမအင်္ဂလိပ်- မြန်မာစစ်ပွဲ တွင် အောက်မြန်မာပြည်မှ နယ်မြေအချို့တို့ကို အင်္ဂလိပ်တို့က သိမ်းနိုင်ခဲ့သည်။ ယင်းသတင်း စာကို အင်္ဂလိပ်စစ်တပ်များ၏ အာဘော်အဖြစ် ထုတ်ဝေစဉ်က အမေရိကန် သာသနာပြုအဖွဲ တခုက တည်းဖြတ်စီစဉ်ပေးခဲ့လေသည်။

ရန်ကုန်မြို့သို့ အင်္ဂလိပ်တပ်များ ပြောင်းရွှေ့ပြီး ရုံးစိုက်သောအခါတွင် အစိုးရသတင်းစာ အများ ပေါ်လာပြီး ပုဂ္ဂလိကတို့ကပါ ဝင်ရောက်တည်ထောင်စပြုခဲ့ကြသည်။ ထိုအချိန်တွင် အထက်ဗမာပြည်သည် လွတ်လပ်သော နိုင်ငံတခုဖြစ်ပြီး တိုးတက်သော မြန်မာမင်းတပါးက အုပ်ချုပ်နေသည်။

ခရစ်နှစ် ၁၈၅၃ ခုကစပြီး ၁၈၇၈ ခုနှစ်အထိ အထက်ဗမာပြည်တွင် နန်းစံသူ မင်းတုန်း မင်းတရားကြီးသည် အင်္ဂလန်၊ အိန္ဒိယနှင့် ရန်ကုန်မှလာသော သတင်းစာများကို ပညာရှိ အမတ်မင်းများကို ဖတ်စေကာ လုံးစေ့ပတ်စေ့ ဘာသာပြန်ပြီး တင်လျှောက်စေသည်။ “ကျွန်ုပ်တို့သည် အသက်ဦးပိုင် အဆန်ဆုံး၊ သဘောထားအသေးဆုံး၊ မလိမ္မာဆုံး၊ အ
မြော်အမြင်အနည်းဆုံး၊ အရက်စက်ဆုံးနှင့် မတရားဆုံးသော အစိုးရ၏ အုပ်စိုးခြင်းကို ခံနေကြရပေသည်” ဟု အောက်မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရကို The Rangoon Chronical သတင်းစာဆရာက ၁၈၅၃ ခု၊ ဇန်နဝါရီလ (၅) ရက်နေ့စွဲ သတင်းစာမှာ ပြင်းထန်စွာ ဝေဖန်ထားသည်ကို ဘုရင်ကြီးက နှစ်သက်အံ့သြတော်မူခဲ့သည်။ ထိုအချိန် ထိုအခါက မြန်မာနိုင်ငံသား
တဦးအဖို့ မိမိ၏ဘုရင်ကို ပြန်လည်ဝေဖန်ရန် အမှုကိစ္စကို တွေးရန်ပင် မတွေးဝံ့ကြပါ။

အုပ်ချုပ်သူများကို ယခုကဲ့သို့ ပြန်လည်ဝေဖန်သည်မှာ သက်ဦးဆံပိုင်ခေတ်တွင် ရှိနေသော ရတနာပုံ နေပြည်တော်အဖို့ ကြီးမားသော တော်လှန်ရေးကြီး ဖြစ်နေပေသည်။ ဘုရင်
နှင့်တကွ အမတ်များသည် ရန်သူ၏ နယ်မှလာသော သတင်းစာများကို တအံ့တဩ စိတ်ဝင်စားမိခဲ့ကြသည်။

အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့သော ရန်ကုန်မှ သူရဲကောင်းကြီး၏ အကြောင်းကမူ
သီးခြားဇာတ်လမ်းဖြစ်ပေသည်။ ထိုသတင်းစာထုတ်ဝေသူမှာ မစ္စတာလူးဝစ်ဆိုသူ ရှေ့နေတဦးဖြစ်၏။ ပြင်းထန်သော စကားလုံးများကို အသုံးပြုကာ ဝေဖန်ပြစ်တင်သည်မှာ ရည်
ရွယ်ချက်ရှိပေသည်။ သူသည် ကြီးပွားလိုသော ရည်မှန်းချက်နှင့် သတင်းစာထုတ်ဝေသူဖြစ်သည်။ သူ၏အကြောင်းကို သိရှိနားလည်သော အင်္ဂလိပ်အာဏာပိုင်တို့က သူ့ကို အစိုးရရာထူးတခု ပေးအပ်ပြီး နှုတ်ပိတ်လိုက်ရာမှ ဝေဖန်သံ ဆိတ်သွားခဲ့သည်။
ဇာတ်လမ်းကို မသိရှာသော ဘုရင်ကြီးမှာမူ သတင်းစာများနှင့် သတင်းစာဆရာများ၏ သတ္တိကို အသည်းစွဲနေလေတော့သည်။

ထိုထက် စောစောကပင် အထက်မြန်မာပြည်သို့ ပုံနှိပ်စက်တလုံး ရောက်ရှိနေခဲ့ပြီဖြစ်၏။
မစ္စတာယုဒသန်ဆိုသူ အမေရိကန်သာသနာပြုဆရာတဦးက ခရစ်ယာန်ဘာသာ တရားစာများ ပုံနှိပ်ရန် တည်ထောင်ခဲ့သည်။ ထိုစက်အတွက် ဘုရင်က ငွေကြေးထောက်ပံ့ခဲ့သောကြောင့် ယင်းပုံနှိပ်စက်တွင် မြန်မာဓမ္မသတ်များ၊ ဥပဒေများလည်း ပုံနှိပ်သည်။ ပထမဆုံး
မြန်မာဘာသာနှင့် ပုံနှိပ်သော “နိဗ္ဗာန်ဘုံသို့ သွားရာလမ်း” အမည်ရှိသော ခရစ်ယာန်ကျမ်းစာအုပ်ကို ၁၈၁၆ ခုနှစ်က ထုတ်ခဲ့သည်။

သတင်းစာကို ကြိုက်နှစ်သက်နေသော ဘုရင်ကြီးအဖို့ မိမိနန်းမြေတွင် ပုံနှိပ်စက်ကလည်း
အသင့်ရှိနေသဖြင့် ဆောလျင်စွာ သတင်းစာလုပ်ငန်းကို တည်ထောင်တော်မူလေသည်။ ဘုရင်
၏ အာဘော်ဖြစ်သော ရတနာပုံ နေပြည်တော်သတင်းစာ အင်္ဂလိပ်ဘာသာနှင့် Mandalay
Gazette ကို ၁၈၇၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ နောက် (၄) နှစ်အကြာကာလတွင် ရန်ကုန်တွင်လည်း အင်္ဂလိပ်တို့ပိုင်သော သတင်းစာများကို တုံ့ပြန်ရန် ရည်ရွယ်ချက်နှင့် မြန်မာ
သံတော်ဆင့် သတင်းစာကို ရန်ကုန်မြို့တွင် အခြေစိုက်ပြီး မင်းတုန်းမင်းကပင် ထုတ်ခဲ့သေးသည်။

ထိုသတင်းစာများကို သက်ဦးဆံပိုင် မြန်မာဘုရင်က ပိုင်သော်လည်း သတင်းစာများသည် လွတ်လပ်စွာ ရေးသားခွင့်ရှိသည်ဟု လွတ်လပ်စွာ ရေးသားခွင့်ကို ဥပဒေပြုကာ ပေးအပ်ခဲ့၏။ ပုဒ်မပေါင်း (၁၇) ချက် ပါဝင်သော သတင်းစာများ လွတ်လပ်ခွင့်ဥပဒေကို ထုတ်ပြန်အတည်ပြုခဲ့ရာတွင် ယင်းဥပဒေပုဒ်မ (၃) တွင် (၃) အချက်၊ ဥရောပတိုက်၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ စသည်များက အရပ်ရပ် အကြောင်းအရာကို ကြားသိရသဖြင့် နိုင်ငံသားတို့ အလုပ်အကိုင်၊ အကူးအသန်း၊ အကြံအစည်တိုးတက်ရန် အကျိုးအတွက် ထုတ် ဝေသော သတင်းစာဖြစ်သည်ဟု ဖော်ပြထားလေသည်။

အရာရှိဆိုးများကို သတင်းစာက ဖော်ထုတ်ရေးသားကာ ပြစ်တင်ရှုတ်ချ ဝေဖန်ရေး သားရန် အခွင့်ပေးသော စာပိုဒ်ကိုလည်း ဥပဒေပုဒ်မ (၈) တွင် “ပြည်သူတို့တွင် မတော်ပြု ကျင့်သူရှိခဲ့လျှင် ၎င်းသတင်းစာက ကဲ့ရဲ့ကြေညာ၍ ပြုမိသူနှင့်တကွ လူအများရွံ့ကြောက်ကြ သဖြင့် အတိုင်းအထက် အလွန်ကောင်းမွန်ကြရန် အကျိုး” ဟု ဖော်ပြပါရှိလေရာ ယနေ့သ တင်းစာလောကအတွက်ပင် ပြီးပြည့်စုံသော သတင်းစာဥပဒေဖြစ်ပေသည်။ ထို့ပြင် ညီလာခံ အစည်းအဝေးတခု ကျင်းပစဉ်တွင် သတင်းစာဆရာတို့၏ လွတ်လပ်ခွင့်ကို သိဒ္ဓိတင်ပေးခဲ့ သေးသည်။

“ငါမကောင်းက ငါ့အကြောင်းကို ရေး။ ငါ့၏ မိဖုရားတွေ မကောင်းလျှင် သူတို့အ ကြောင်းကို ရေး။ ငါ့သားတော်၊ သမီးတော်များ မကောင်းလျှင်လည်း သူတို့အကြောင်းကို ရေး။ လွှတ်တော်တရားသူကြီးတွေ၊ မြို့ဝန်တွေ မကောင်းလျှင်လည်း ဒင်းတို့အကြောင်းကို ရေး။ မှန်ကန်တဲ့ အကြောင်းကို ရေးတာကြောင့် သတင်းစာဆရာများကို မည်သူကမှ အရေးမ ယူစေရ။ သတင်းစာဆရာများကို နန်းတော်တွင်းသို့ လွတ်လပ်စွာ သွားလာခွင့်ရှိကြစေ”ဟု စေတလုံးပေးခဲ့ပေသည်။

မြန်မာမင်းများလက်ထက် လွတ်လပ်စွာ ရေးသားကြစေဟု အထူးအခွင့်အရေးကို ရွှေ စာလုံးများနှင့် ရေးသားထားခဲ့သော ဥပဒေနှင့် မြန်မာသတင်းစာများ ပေါက်ဖွားလာခဲ့ပေ သည်။

ယင်းနောက် နိုင်ငံတခုလုံး အင်္ဂလိပ်ကျွန်ဘဝသို့ ရောက်ရှိသွားစေကာမူ သတင်းစာများသည် အထိုက်အလျောက် လွတ်လပ်ခဲ့ပေသည်။ သို့သော် အင်္ဂလိပ်အစိုးရအဖို့ သူတို့၏ နိုင်ငံ ချဲ့စနစ် တည်မြဲရေးကို ထိန်းသိမ်းရပေသည်။ အထက်တွင် ရေးခဲ့သည့်အတိုင်း အင်္ဂလိပ်အစိုး ရကို ပက်ပက်စက်စက် ဆဲရေးဝေဖန်သူ အယ်ဒီတာကို ရာထူးပေးပြီး နှုတ်ပိတ်သကဲ့သို့ ပရိယာယ်နှင့် အုပ်ချုပ်ခဲ့သည်။ သတင်းစာနှင့် ပုံနှိပ်တိုက်ဆိုင်ရာ စည်းကမ်းဥပဒေများလည်း ချမှတ်ခဲ့သည်။

၁၉၄၇ ခုနှစ်က တင်မောင်၏ အတွေ့အကြုံကလေးကို မှတ်မိပါသေးသည်။ “တို့တတွေ ပြန်တိုက်ကြမှ ဖြစ်မယ်။ ဒါဟာ သတင်းစာလွတ်လပ်ခွင့်ကွ” ဟု မြန်မာ ပြည်သတင်းထောက်များအသင်း အစည်းအဝေးတွင် အသင်းခေါင်းဆောင်က ပြောပါသည်။ ထိုနေ့ နံနက်က အင်္ဂလိပ်ပုလိပ်မင်းကြီးက ထုတ်ပြန်သော အမိန့်ကို တိုက်ကြရန် စည်းဝေးခဲ့ ကြသည်။

ရန်ကုန်မြို့ရှိ ပုလိပ်ဌာနများတွင် အမှုတခုကို လာရောက်တိုင်တန်းသည်နှင့် တပြိုင်နက် တိုင်ချက်ကို စာရေးကြီးက မှတ်ကြရသော “ပထမ သတင်းမှတ်တမ်း” ဟုခေါ်သော စာအုပ်ကြီး ထားရှိကြရသည်။ သတင်းထောက်များက ပုလိပ်ဌာနများကို သွားရောက်ပြီး ထိုမှတ်တမ်းကြီး ကို ဖတ်ပြီး အမှုဖြစ်ပွားသော ဒေသသို့ သွားရောက်ထောက်လှမ်းရလေ့ရှိသည်။ ထိုနေ့ နံနက်ကမူ မှတ်တမ်းစာအုပ်များကို သတင်းထောက်များ ဖတ်ခွင့်မရှိဟု ပုလိပ်မင်းကြီးက အမိန့်ထုတ်လိုက်ခဲ့သည်။
အမိန့်ထုတ်စေကာမူ အပေါင်းအသင်းကောင်းလျှင် ခိုးဝှက်ဖတ်ရှုနိုင်ကြသဖြင့် ကျနော်တို့ သတင်းထောက်များအဖို့ မထိခိုက်ပါ။ သို့စေကာမူ သတင်းပိတ်သော ပုလိပ်မင်းကြီး အာဏာပြသည်ကို ခပ်ဆတ်ဆတ်ကလေး ပြစ်တင်ကြရန် ညှိခဲ့ကြသည်။
နောက်တနေ့တွင် ရန်ကုန်မြို့မှ ထုတ်ဝေသော သတင်းစာ (၃၉) စောင်စလုံးတို့တွင်
သတင်းတူတပုဒ်ကို ဖော်ပြကြလေသည်။

“ပုလိပ်မင်းကြီး မိမိကိုယ်မိမိ သတ်သေခြင်း” ဟူသော ခေါင်းစဉ်နှင့် ဖော်ပြထားလေ
သည်။ ရန်ကုန်မြို့ ပုလိပ်မင်းကြီးသည် မိမိကိုယ်မိမိ သတ်သေသွားရှာသည်ဟု သတင်းရရှိကြောင်းနှင့် ဖွဲ့နွဲ့ရေးသားကာ ယင်းသတင်းကို ယမန်နေ့ညက ရရှိသော်လည်း ဆက်လက်စုံ
စမ်းအတည်ပြုချက်မရပါဟု ရေးသားထား၏။

နောက်တနေ့တွင် ပုလိပ်မင်းကြီးက သတင်းစာရှင်းလင်းပွဲ ခေါ်တော့သည်။ ဒေါသကြောင့် မျက်နှာကြီး ပိုနီနေသည့် ပုလိပ်မင်းကြီးက “ဒီလိုမဟုတ်မမှန် သတင်းကို ဘယ်ကရသလဲ” ဟု မေးလေသည်။ “အမည်မဖော်နိုင်တဲ့ ဒေသက ရပါတယ်။ ကျနော်တို့သတင်းထောက်များမှာ ပုလိပ်ဌာနက ပထမသတင်းမှတ်တမ်းကိုလည်း ဖတ်ရှုခွင့်မရှိတော့ မှန်၏၊
မှား၏ မသိဖြစ်ရ၊ မသိကြရပါ” ဟု မျက်နှာသေကလေးများနှင့် ဖြေလိုက်ကြသည်။

တင်မောင်တို့ အောင်နိုင်ပါသည်။ သတင်းပေးသူ၏ အမည်ကို သတင်းစာများက ဖွင့်မပြောရဟူသော စည်းကမ်းကို သိသဖြင့် ပုလိပ်မင်းကြီးက ဆက်လက်မေးမြန်းခြင်းမပြုတော့ပါ။ အမှုမှတ်တမ်းစာအုပ်ကြီးကိုလည်း ဖတ်ခွင့်ရရှိလိုက်ပါသည်။

ကျွန်ဘဝတွင် နေရစေကာမူ ယဉ်ကျေးသူများနှင့် ဆက်ဆံကြရသည်မှာ နှစ်သိမ့်ဖွယ် ကောင်းပါသည်။ မိမိက နိုင်ရသည်ဖြစ်စေ၊ အရှုံးပေးလိုက်ရသည်ဖြစ်စေ သာယာကြည်နူးဖွယ်ကောင်းပါ၏။

(ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ ပီဒီအက်ဖ် စာမျက်နှာ ၁၈ - ၂၂)

စာရိုက် - ငနော့




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်