ပြောက်ကျားစစ် အပိုင်း ၂ ◼ ချေဂွေဗားရား
ပြောက်ကျားစစ် (အပိုင်း ၂)
ချေဂွေဗားရား
ဘာသာပြန်
ရဲဘော်ဆလိုင်းပါကျင်
ရဲဘော်ဇော်ထွန်း
(အခန်း ၁။ ပြောက်ကျားစစ်၏ အခြေခံမူများ
ခေါင်းစဥ်ခွဲ (င) တပန်းရှုံးဒေသ ပြောက်ကျားစစ်)
ဒီအတွက်ကြောင့်လည်း ရန်သူကိုင်တဲ့ လက်နက်မျိုးတွေကို ပြောက်ကျားတို့ ကိုင်တွယ်နေကြရတာပါ။
ဒီလိုတိုက်ပွဲမျိုးတွေအတွက် တပ်ဖွဲ့ဝင် ၁ဝ မှ ၁၅ ယောက်ထက် မပိုသင့်ပါ။ ပြောက်ကျားတပ်ငယ်တွေဖွဲ့တိုင်း အရေအတွက်အကန့်အသတ်ရှိဖို့ အရေးကြီးတယ် ဆိုတာကို စဉ်းစားရမယ်။ ၁ဝ၊ ၁၂၊ ၁၅ ယောက်စီလောက်ဆိုရင် ဘယ်နေရာမှာမဆို ဖြန့်ခွဲပုန်းအောင်းနေနိုင်ပြီး တဖွဲ့နဲ့တဖွဲ့ ပြန်ပေါင်းပြီး ရန်သူကို ထိရောက်စွာ ခုခံနိုင်တယ်။ ၄-၅ ယောက် ဆိုတာလည်း အလွန်နည်းပြီး ၁ဝ-၁၅ ထက် ပိုရင်လည်း စခန်းချနေတဲ့အခါ (ဝါ) ချီတက်သွားလာတဲ့အခါ ရန်သူက ပိုလို့မြင်တွေ့သွားနိုင်တယ်။ ပြောက်ကျားအဖွဲ့ရဲ့ သွားနှုန်းဟာ အဖွဲ့ထဲက အနှေးဆုံးလူအပေါ် မူတည်တယ်။ ချီတက်နှုန်း တညီတညာတည်းဖြစ်မဖြစ်ကို လူ ၂၀၊ ၃၀ (ဝါ) ၄၀ နဲ့ သွားလာတဲ့အခါ သိသာဖို့မလွယ်ပေမယ့် ဆယ်ယောက်တည်း ဆိုရင်တော့ သိသာနိုင်တယ်။ မြေပြန့်တွေမှာ ပြောက်ကျားဟာ အပြေးသမားလို ဖြစ်နေရမယ်။ ပစ်ပြေး အလေ့အကျင့်ကို ဒီမှာ အသုံးအချဆုံးဖြစ်မှာပဲ။ မြေပြန့်ဒေသ ပြောက်ကျားတပ်ဖွဲ့တွေအတွက်မှာ လျင်မြန်စွာ ပိတ်ဆို့ အဝိုင်းခံရနိုင်မှု အန္တရာယ်နဲ့ ခံစစ်နေရာကောင်းကောင်းလုပ်ဖို့ အခက်အခဲတွေ ရှိခြင်းပါပဲ။ ဒါကြောင့် ကာလအတော်ကြာ ပုန်းလျှိုးကွယ်လျှိုး နေဖို့လိုမယ်။ အနီးအနား ရွာသူရွာသားတွေ ဘယ်လောက်အထိ နှုတ်လုံစိတ်ချရမလဲဆိုတာ မသိနိုင်သေးခင်မှာ စိတ်ချလို့မဖြစ်သေး။ အန္တရာယ်ရှိနိုင်တယ်။ ရန်သူဟာ ရက်စက်ကြမ်းကြုတ်စွာ ပြန်လည်တုန့်ပြန်တတ်ပြီး အိမ်ထောင်ဦးစီး ယောက်ျားတွေသာမက မိန်းမနှင့် ကလေးတွေကိုပါ ဒုက္ခပေးနိုင်တယ်။ ဒီလို ရက်စက်နှိပ်ကွပ်မှုတွေကြောင့် စိတ်ဓာတ် မခိုင်မာသူတွေအဖို့ ရန်သူကိုအလျှော့ပေးပြီး ပြောက်ကျားတပ်ဖွဲ့ စခန်းချရာနေရာနဲ့ လှုပ်ရှားမှုသတင်းအချက်အလက်တွေ ထုတ်ပြောမိနိုင်တယ်။ ဒီလိုဖြစ်လာရင် ရန်သူက အလျင်အမြန်ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်မှာကြောင့် သေကြေမှုတွေ မရှိခဲ့ရင်တောင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ပေါက်နိုင်တယ်။
အခြေအနေတွေပြောင်းလဲတိုးတက်ပြီး လက်နက်အရေအတွက်တွေ၊ ပြည်သူတွေ အများအပြားတိုးတက်ပြီး ပုန်ကန်ထကြွမှုထဲ ပါဝင်လာလို့ တပ်ဖွဲ့လူအင်အား တိုးချဲ့ဖို့ လိုလာရင် တပ်ဖွဲ့ကို ခွဲဖွဲ့သင့်တယ်။ လိုအပ်လာခဲ့ရင် ပြန်လည်ပူးပေါင်း၊ တပြိုင်နက် ထိုးစစ်ထိုး၊ တိုက်ပွဲပြီးတာနဲ့ ဒေသအနှံ့ ၁၀-၁၂-၁၅ ယောက် အုပ်စုလေးတွေ ခွဲထုတ်လိုက်ရမယ်။
တပ်တခုလုံးကို ကွပ်ကဲအုပ်ချုပ်မှုတခုတည်းအောက်မှာ ထားနိုင်ဖို့ လုံးဝဖြစ်နိုင်ရမယ်။ အကြီးအကဲဖြစ်သူကို နာခံမှု၊ ရိုသေလေးစားမှုတို့ ရှိရမယ်။ အုပ်စုကြီးတခုတည်းမှာ နောက်ထပ်အုပ်စုကြီးတခု မဖွဲ့ဘဲ အဖွဲ့ငယ်တွေသာထားရှိပြီး အများယုံကြည်လေးစားခံရတဲ့ ပြောက်ကျားခေါင်းဆောင်များကို ရွေးချယ်ကြရမယ်။ အဖွဲ့ငယ်များရဲ့ ခေါင်းဆောင်လုပ်သူတွေဟာ ဝါဒသဘောတရားရေးအရရော၊ လူပုဂ္ဂိုလ်အရပါ ဒေသဆိုင်ရာပြောက်ကျားခေါင်းဆောင်နဲ့ ရင်းနှီးဆက်သွယ်မှုတွေရှိဖို့ အလွန်အရေးကြီးပါတယ်။
ဘဇူကာ လက်နက်ကြီးဟာ သယ်ယူဖို့လွယ်ကူတာရယ်၊ ကိုင်တွယ်ပစ်ခတ်ရ လွယ်တာကြောင့် တပ်ဖွဲ့တွေ အသုံးချနိုင်တယ်။ ယနေ့အချိန်အခါမှာတော့ ရိုင်ဖယ် သေနတ်ပြောင်းထိပ်မှာ တပ်ဆင်ပစ်ခတ်လို့ရတဲ့ တင့်ကားဖျက်ခွင်းဗုံး လက်နက်နဲ့ အစားထိုးနိုင်ပြီဖြစ်ပါတယ်။ သဘာဝကျစွာပင် ဒီလက်နက်ဟာ ရန်သူဆီကရတဲ့ လက်နက် ဖြစ်တာမို့ သံချပ်ကာယာဉ်တွေ၊ သံချပ်မကာဘဲ စစ်သားတင်လာတဲ့ ယာဉ်တွေကို ပစ်ခတ်ဖျက်ဆီးရာမှာ အလွန်အရာရောက်လှပါတယ်။ လူနည်းနည်းသာ ရှိတဲ့ ကတုတ်ကျင်းစခန်းတွေကို အချိန်တိုအတွင်း ပစ်ခတ်ပြီး သိမ်းယူနိုင်တယ်။
အရေးကြီးတဲ့အချက်ကတော့ ဒီလက်နက်ရဲ့ ကျည်ဆံတွေကို သယ်ဆောင်ရာမှာ လူတယောက် ကျည် ၃ လုံးသာ သယ်နိုင်ပြီး အတော်အားစိုက်ပြီး သယ်ကြရတာ ဖြစ်တယ်။
ရန်သူ့ဆီက လက်နက်တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ပစ်ခတ် အသုံးချရတာကို ဘာမှငြီးငြူနေလို့မဖြစ်ဘူး။ ဒါပေမယ့် သုံးချောင်းထောက် ပစ်ခတ်တဲ့ စက်သေနတ်တွေ၊ လေးလံတဲ့ ၅၀ မီလီမီတာ စက်သေနတ်တွေကို သိမ်းဆည်း ရမိတဲ့အခါ ပြန်လည်လက်လွှတ်လိုက်ရရင်လည်း လက်လွှတ်ရပါစေဆိုတဲ့ စိတ်နဲ့ ကိုင်တွယ်ပစ်ခတ်ကြရတယ်။ တနည်းပြောရရင် ယခု ကျနော်တို့ ဆွေးနွေးနေတဲ့ တပန်းရှုံးဒေသ ပြောက်ကျားစစ်မှာတော့ ဒီလိုလက်နက်ကြီးမျိုး ဒါမှမဟုတ် အခြားဒီလိုလက်နက်ကြီးမျိုးကို ကာကွယ်ထိန်းသိမ်းထားနိုင်ဖို့ တိုက်ရတဲ့စစ်မျိုးကို ခွင့်မပြုသင့်။ သူတို့ကို စွန့်လွှတ်ထားခဲ့ရမယ့်အချိန်ရောက်သည်အထိ သူတို့ကို အသုံးချဖို့သာရှိတယ်။ ကျနော်တို့ ကျူးဘားတော်လှန်စစ် ကာလအတွင်းမှာတော့ လက်နက်တခုကို စွန့်ပစ်ခြင်းဟာ ကြီးလေးတဲ့ပြစ်မှု ကျူးလွန်ရာရောက်တာမို့ စွန့်ပစ်ထားခဲ့ရမယ့်အဖြစ်မျိုး ပေါ်ပေါက်လာတာတောင် လက်နက်စွန့်ပစ်ခဲ့တာ ဘာတခုမှ မကြုံတွေ့ခဲ့ရပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒါကိုထုတ်ပြောရတာက ပိုမိုမြင်သာထင်သာဖြစ်အောင်လို့သာ ပြောရခြင်းဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာသာ အခုလို လက်နက် စွန့်ပစ်ရခြင်းဟာ အပြစ်ကျူးလွန်ရာ မရောက်လို့ပါပဲ။ ဒီဒေသစစ်ပွဲမျိုးမှာ ပြောက်ကျားရဲ့ လက်နက်ဟာတော့ အလျင်အမြန် ပစ်ခတ်နိုင်တဲ့ မိမိကိုင်ဆောင်တဲ့ လက်နက်သာ ဖြစ်ပါတယ်။ ကူးလူးဆက်ဆံမှု လွယ်ကူတဲ့ဒေသဆိုတာ လူသူဝင်ရောက်နေထိုင်လို့ ရတဲ့အပြင် လယ်သမားတွေလည်း ရှိနေတဲ့ ဒေသမျိုးကို ခေါ်ဆိုပါတယ်။ ဒါမှ ရိက္ခာအတွက် မပူပင်ရမှာဖြစ်တယ်။ ယုံကြည်စိတ်ချရတဲ့လူတွေအပြင် ဒေသခံပြည်သူတွေကို ထောက်ကူနေတဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ပြုလုပ်ပြီးနောက်မှာတော့ ခရီးဝေးပြီး အန္တရာယ်များတဲ့အပြင် အချိန်ကုန် ငွေကုန်ကြေးကျများတဲ့ လမ်းကြောင်းတွေ လုပ်ဖို့မလိုတော့တာကြောင့် ပြောက်ကျားတပ်ဖွဲ့တခုကို ပြည့်စုံ ကောင်းမွန်စွာ ဆက်လက်နေနိုင်စေမှာဖြစ်တယ်။ ဒီနေရာမှာ ထပ်ပြီးပြောချင်တာက တပ်ဖွဲ့လူအရေအတွက်နည်းလေ ရိက္ခာအတွက် လွယ်ကူလေဖြစ်တယ်။ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အိပ်ရာနေရာ၊ မိုးရေကာဖျင်၊ ခြင်ထောင်ဖိနပ်ဆေးဝါးနဲ့ အစားအစာတွေဟာ ဒေသတွင်းမှာပဲ ရှာဖွေရရှိနိုင်မှာဖြစ်တယ်။ ဒေသခံပြည်သူတွေကိုယ်တိုင်လည်း နိစ္စဓူဝ ဒါတွေကိုပဲ အသုံးပြုနေရတာဖြစ်တယ်။
လူအရေအတွက် များတာရယ်၊ လမ်းတွေများစွာ ဖောက်လုပ်ထားတဲ့ဒေသမို့ ဆက်သွယ်ရေးလွယ်ကူတာ ဖြစ်ပေမယ့် တနေရာနဲ့တနေရာ ဝေးလံတဲ့အခါ သတင်း လုံခြုံရေးအတွက် ပိုမိုခက်ခဲစရာရှိတယ်။ ယုံကြည်စိတ်ချရတဲ့ ဆက်သား အဆက် အသွယ်တွေ တခုပြီးတခု ဆက်တိုက်ရှိထားဖို့ လိုအပ်တယ်။ ဆက်သား တယောက်ကို ရန်သူက အလစ်အငိုက်ဖမ်းမိနိုင်တာမျိုးလည်း ရှိနိုင်တယ်။ ဘာ့ကြောင့်ဆိုတော့ သူဟာ ရန်သူရဲ့ဒေသတွေအတွင်း အမြဲဖြတ်သန်းသွားလာနေရလို့ဖြစ်တယ်။ အရေးမကြီးလှတဲ့ သတင်းတွေကတော့ ပါးစပ်သတင်းပဲ ဖြစ်သင့်တယ်။ အရေးကြီးလာရင်တော့ လျှို့ဝှက်သင်္ကေတနဲ့ သုံးသင့်တယ်။ အတွေ့အကြုံအရ ပါးစပ်သတင်းဟာ အချက်အလက် အကြောင်းအရာတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတယ်။
ဒီအကြောင်းတွေကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍဟာ ဒီဒေသမှာ အရေးမပါ။ ပိုမိုခက်ခဲပြီး လုပ်ဆောင်ရမလွယ်ကူတာလည်း ပါတယ်။ လက်နက်နဲ့ ဖိနပ်စက်ရုံ လုပ်ငန်းတွေ မဖြစ်နိုင်။ လက်တွေ့ကျကျပြောရရင် ဂရုတစိုက် လျှို့ဝှက်ထားရမယ့် အသေးစား စက်ရုံငယ်လေးတွေ၊ ဥပမာ တလုံးထိုး သေနတ်ကျည်လုပ်တာ၊ မိုင်းဗုံး လက်ပစ်ဗုံးလုပ်တာ၊ အခြားအသေးစား လိုအပ်တာတွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံလေးတွေ ဖြစ်ပါတယ်။ အခြားတဖက်မှာ ဒေသတွင်းရှိ မိမိနှင့်ဆက်သွယ်ပြီးသား စက်ရုံလေးတွေမှာ အထက်ဖော်ပြပါ အလုပ်မျိုးတွေ လုပ်နိုင်ပါတယ်။
အထက်ဖော်ပြပါ အချက်တွေကနေ ယုတ္တိကျတဲ့ အကျိုးဆက်နှစ်ခုကို ထုတ်ယူရရှိတယ်။
(၁) ပြောက်ကျားစစ်မှာ အခွင့်သာတဲ့ဒေသ တည်ဆောက်နိုင်ဖို့ အခွင့်သာတဲ့ အခြေအနေတွေဟာ ဒေသတခုရဲ့ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးမှုအခြေအနေတွေနဲ့ ပြောင်းပြန်အချိုးကျတယ်။ လူ့ဘဝ အသက်ရှင်နိုင်ဖို့အတွက် အကူအညီအထောက်အပံ့တွေနဲ့
သာယာကောင်းမွန်တဲ့ အခြေအနေအရပ်ရပ်တို့ဟာ လူသားကို အခြေချဖို့
ဆွဲဆောင်တာဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့အတွက်တော့ ဒါနဲ့ပြောင်းပြန်ပါပဲ။ လူ့အဖွဲ့အစည်းအတွက် အသက်ရှင်သန်ရေး အကူအညီအထောက်အပံ့တွေ ရှိနေလေလေ ပြောက်ကျားရဲဘော်အတွက် ပိုလို့အတည်တကျမရှိ၊ ပိုမိုမသေချာ မရေရာလေပါပဲ။ ဒါကြောင့် ဒီအခန်းရဲ့ခေါင်းစဉ်ကိုက တပန်းရှုံးဒေသ ပြောက်ကျားစစ် ဖြစ်တယ်။ လူသားဘဝအတွက် သာယာကောင်းမွန်တဲ့ အခြေအနေအလုံးစုံဟာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံးဒေသ လူထူထပ်များပြားစွာ နေနိုင်မှု၊ စက်ကိရိယာ ယန္တယားတွေကို လွယ်လင့်တကူ အသုံးချနေတဲ့ ဒေသတွေဖြစ်ပြီး ယင်းအခြေအနေတွေဟာ ပြောက်ကျားတယောက်အတွက် တပန်းရှုံးဖို့ အခြေအနေကို တွန်းပို့တယ်။
(၂) ပြောက်ကျားစစ်မှာ အလွန်အရေးပါအရာရောက်လှတဲ့ လူထု စည်းရုံးရေး လုပ်ငန်း ယှဉ်တွဲပါဝင်ရမယ်ဆိုရင် ဒီလုပ်ငန်းမျိုးဟာ တပန်းရှုံးဒေသ ပြောက်ကျားစစ်မှာ ပိုပြီးအရေးပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်သူရဲ့တိုက်ခိုက်မှု တကြိမ်တခါခံရရုံနဲ့ ကြီးမားသောဆုံးရှုံးမှုတွေ ရင်ဆိုင်ကြုံတွေ့ရလို့ပါပဲ။ ဝါဒဖြန့် စည်းရုံးရေးကို ဆက်တိုက် လုပ်ဆောင်ရမှာဖြစ်ပြီး လယ်သမား၊ အလုပ်သမားနဲ့ အခြားလူထုလူတန်းစားများ အကြား သွေးစည်းညီညွတ်မှု ရရှိဖို့ ကြိုးစားတည်ဆောက်ကြရမယ်။ ဒါမှသာ ပြောက်ကျားတို့အပေါ် စိတ်သဘောထားများ တိမ်းညွှတ်လာပြီး တသားတည်းဖြစ်ကာ ပိုမိုပူးပေါင်းပါဝင်လာကြမယ်။ လူထုလုပ်ငန်းကို မရပ်မနားပြုလုပ်ခြင်းဖြင့် ပြောက်ကျားတို့နဲ့ ဒေသခံပြည်သူတို့ အကြား ဆက်သွယ်ရေးတာဝန်ကြီးတခုကို ထမ်းရွက်တာဖြစ်တယ်။ ဒီဆက်သွယ်ရေး လုပ်ငန်းက ထွက်ပေါ်လာတဲ့ တပ်နဲ့ပြည်သူ တသားတည်းရှိမှုက ဒေသတွင်းရှိ အာခံတဲ့ ရန်သူစစ်သား တဦးတယောက်စီနဲ့ ပတ်သက်တဲ့ သဘောထားကို ညွှန်ကြားကွပ်ကဲရမှာ ဖြစ်တယ်။ အန္တရာယ်ရှိသူဆိုရင် တုန့်ဆိုင်းမနေဘဲ ဖယ်ရှားပစ်သင့်တယ်။ ဒါနဲ့ပတ်သက်ရင် ပြောက်ကျားတပ်ဖွဲ့ဟာ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ်။ စစ်ဆင်ရေး ဒေသအတွင်းရှိ လုံခြုံမှုမရှိတဲ့နယ်မြေက ရန်သူများကို အသက်ရှင် ရပ်တည်ခွင့် မပေးနိုင်။
(စ) မြို့ပြဒေသ ပြောက်ကျားစစ်
စစ်အတွင်းကာလမှာ ပြောက်ကျားတပ်ဖွဲ့တွေဟာ မြို့ပြပတ်ဝန်းကျင်ရှိ ကျေးလက်ဒေသတွေကို ထိုးဖောက်ဝင်ရောက်ပြီး မိမိတို့အတွက် တစုံတရာလုံခြုံတဲ့ အခြေအနေတွေကို ဖန်တီးလုပ်ဆောင်နိုင်ပြီဆိုရင် မြို့ပြစစ်ပွဲကို ဆင်နွှဲနိုင်တယ်။ အထူးလေ့ကျင့်သင်တန်းပေးထားတဲ့ မြို့ပြတပ်ဖွဲ့ငယ်များ ဖွဲ့စည်းရမယ်။ အရင်းခံအချက်ကတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ သူ့ဖာသာ ပေါက်ဖွားပေါ်ပေါက်လာတာမဟုတ်။ သူ့ရဲ့ရှင်သန်မှုအတွက် လိုအပ်သည့် တစုံတရာသော အခြေအနေတွေ ဖန်တီးယူပြီးမှသာ မွေးဖွားပေါ်ပေါက်လာရတယ်။ ဒါကြောင့် ဒီအဖွဲ့တွေဟာ အခြားတနေရာမှာရှိတဲ့ ပြောက်ကျားခေါင်းဆောင်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ အမြဲရှိနေရမယ်။ လုပ်ဆောင်ရမယ့် လုပ်ငန်းရပ်တွေဟာ သီးခြားလွတ်လပ်သောအရာများမဟုတ်၊ အားလုံးခြုံသော သေနင်္ဂဗျူဟာမြောက် အစီအစဉ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်တယ်။ အခြားနေရာရှိ ပြောက်ကျား တပ်ဖွဲ့ကြီးများ လှုပ်ရှားမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ အစီအစဉ်တွေ ချမှတ်ပြီး နည်းပရိယာယ်ဆိုင်ရာ ရည်မှန်းချက် အကောင်အထည်ဖော်ရေး ပါဝင်လုပ်ဆောင်ရမယ်။ အခြားပြောက်ကျားတပ်ဖွဲ့တွေလို စစ်ဆင်ရေးတွေ လွတ်လွတ်လပ်လပ်မလုပ်နိုင်။ ဥပမာ မြို့ပြတပ်ဖွဲ့အနေနဲ့ တယ်လီဖုန်းလိုင်းတွေ ချိုးဖျက်ခြင်း၊ အခြားတနေရာမှာ တိုက်ခိုက်ရန် ရွှေ့ပြောင်းခြင်းနဲ့ ဝေးလံလှတဲ့ လမ်းဘေးတနေရာရှိ ရန်သူ့တိုက်ကင်းအဖွဲ့ကို အလစ်အငိုက်ဖမ်းတိုက်ခြင်း စတဲ့ တိုက်ခိုက်မှုတွေကို မိမိစိတ်ကြိုက် ရွေးချယ်ရန် ခက်ခဲလိမ့်မယ်။ ညွှန်ကြားချက်ကို လိုက်နာလုပ်ဆောင်ရမယ်။ တယ်လီဖုန်းလိုင်းများ ချိုးဖျက်ရန် (ဝါ) ဝါယာကြိုးများ ဖြတ်တောက်ရန်၊ ရေမြောင်းပိုက်လိုင်းများ၊ မီးရထားလမ်းများနှင့် ဆည်မြောင်း တာတမံများ၊ ရေကာတာများ ဖောက်ခွဲဖျက်ဆီးပစ်ရန် ညွှန်ကြားတာဝန်ပေးလာလျှင် မြို့ပြတပ်ဖွဲ့က ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အာရုံစူးစိုက်ရမယ်။
တပ်ဖွဲ့ဝင် ၄-၅ ယောက်ထက် မပိုသင့်။ နေရာဒေသဟာ စိတ်ဒုံးဒုံးချ၍မရ၊ လုံခြုံမှုမရှိ။ ရန်သူရဲ့ မပြတ်စောင့်ကြည့်မှု ရှိနိုင်တဲ့အပြင် တန်ပြန်တိုက်ခိုက်ခံရမှု အလားအလာတွေနဲ့ သစ္စာဖောက်တွေများစွာကို ကြုံတွေ့နိုင်တယ်။ ပိုလို့ အန္တရာယ်ကြီးတဲ့ အချက်တခုဟာ သွားရောက်တိုက်ခိုက်မယ့်နေရာမှ ဝေးလံစွာ မဆုတ်ခွါနိုင်ခြင်းပင်ဖြစ်တယ်။ တိုက်ခိုက်မှုနဲ့ဆုတ်ခွါမှု လျှင်မြန်စွာ လုပ်ဆောင်နိုင်ရေးတို့အပြင် တိုက်ပွဲနေရာမှ ဆုတ်ခွါနိုင်တဲ့အကွာအဝေး အကန့်အသတ်ရှိမှုနဲ့ နေ့ဖက်မှာ ပုန်းခိုနေနိုင်ရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒီအဖွဲ့ဟာ ညပြောက်ကျား တပ်ဖွဲ့သာဖြစ်ပြီး ယင်း၏ စစ်ဆင်မှုပုံစံကို ပြောင်းလဲနိုင်မယ့် အလားအလာတွေဟာလည်း မရှိလှ။ တော်လှန်စစ် အောင်ပွဲခံရန် နီးကပ်သည့် အချိန်မှသာလျှင် မြို့ပြပြောက်ကျားတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်မယ်။
မြို့ပြပြောက်ကျားရဲ့ အသက်သွေးကြောကတော့ အတင်းကြပ်ဆုံး စည်းကမ်း လိုက်နာမှုနဲ့ ခြိုးခြံမှုဖြစ်တယ်။ အစားအစာအတွက် သုံးလေးအိမ်ထက် ပိုလို့မဖြစ်။ ဒီနေရာမျိုးမှာ အဝိုင်းခံရရင် သေတာနဲ့အတူတူပဲ။ လက်နက်တွေဟာလည်း အခြားပြောက်ကျားတပ်ဖွဲ့တွေနဲ့ ကွဲပြားတယ်။ မိမိကိုယ်ကို ခုခံကာကွယ်ရေး အတွက်သာဖြစ်ပြီး မိမိရုတ်ချည်းထွက်ပြေးဆုတ်ခွါမှုကို မဟန့်တားတဲ့လုံခြုံစွာ
ပုန်းအောင်းနေနိုင်ရေး အနှောက်အယှက်မဖြစ်စေတဲ့ လက်နက်မျိုးသာ ဖြစ်သင့်တယ်။ တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်မှုမှာ ကာဘိုင်သေနတ် (ဝါ) ပြောင်းတို တလုံးထိုးသေနတ် (ပြောင်းချော) တလက် (ဝါ) နှစ်လက်ထက် မပိုသင့်ဘဲ အခြားသူအတွက်
ပစ္စတိုသေနတ်တွေ ဖြစ်မယ်။ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေကို အာရုံစူးစိုက် လုပ်ဆောင်ဖို့ဖြစ်ပြီး ရန်သူစစ်သား တယောက်စ နှစ်ယောက်စ၊ ဒါမှမဟုတ်
အလစ်ဝင်တိုက်ခိုက်တာကလွဲလို့ ရင်ဆိုင်တိုက်ပွဲတွေ တိုက်ဖို့မဟုတ်။ ဖောက်ခွဲဖျက်ဆီးရေးအတွက် လွှ၊ ဒိုင်းနမိုက်၊ ယမ်းဘီလူး၊ ပေါက်ချွန်း၊ တူရွင်းပြား၊ မီးရထားသံလမ်း မ,တဲ့ကုပ် စတဲ့ ကိရိယာတွေ လိုအပ်တယ်။ စိတ်ချရတဲ့နေရာဖြစ်ပြီး လိုအပ်တဲ့အခါမှာလည်း အလွယ်တကူ သွားရောက် ယူငင်နိုင်မယ့် နေရာမျိုးမှာပဲ ဒီပစ္စည်းများကို ထားရှိရမယ်။
မြို့ပြပြောက်ကျား တဖွဲ့ထက်ပိုရှိနေရင် ခေါင်းဆောင်တဦးတည်းရဲ့ အုပ်ချုပ်မှုအောက်မှာရှိရပြီး ညွှန်ကြားချက်တွေကို စိတ်ချယုံကြည်ရတဲ့ သာမန်ပြည်သူတွေ အဖြစ်နဲ့ နေထိုင်နေကြတဲ့ ဆက်သားတွေကတဆင့် ဆက်သွယ်ရယူရမယ်။ မိမိဟာ လုံးဝအန္တရာယ်ကြား ရောက်နေသူဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ရမယ်။
မြို့ပြတိုက်ပွဲ အရေးပါမှုကို လျှော့မတွက်သင့်။ စစ်ဆင်မှုကို ထိထိရောက်ရောက်နဲ့ ကျယ်ပြန့်စွာ လုပ်နိုင်ခဲ့ရင် ကူးသန်းရောင်းဝယ် သွားလာမှုများနဲ့ စက်မှုလုပ်ငန်းများ အားလုံးနီးပါးကို ရပ်တန့်ငြိမ်သက်သွားစေနိုင်တယ်။ ပြည်သူအားလုံးကိုလည်း (ဒေသတွင်းရှိ) ထိန်းမနိုင်သိမ်းမရ အုံကြွပေါက်ကွဲမှုတွေဆီသို့ ဦးတည်သွားစေနိုင်တယ်။ ဒီလိုတိုက်ပွဲမျိုးတွေ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်ဖွယ် ရှိတာကို စောစီးစွာကတည်းက စဉ်းစားသုံးသပ်ခဲ့ပြီး အထူးလေ့ကျင့် သင်တန်းတွေပေးပြီး မြို့ပြတပ်ဖွဲ့များ ဖွဲ့စည်းထားရှိကာ လိုအပ်တဲ့အချိန်မှာ စစ်ဆင်တိုက်ခိုက်ခြင်းဖြင့် အသက်ပေါင်းများစွာနဲ့
အမိနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အချိန်တွေ မကုန်စေဘဲ အချိန်မီ ကယ်တင်ရာရောက်နိုင်တယ်။
(အခန်း ၁။ ပြောက်ကျားစစ်၏ အခြေခံမူများ ပြီးပါပြီ။)
◼
အခန်း ၂
ပြောက်ကျားတပ်ဖွဲ့
(က) တော်လှန်သော ပြောက်ကျားရဲဘော်
ပြောက်ကျားရဲဘော်ဟာ လူမှုတော်လှန်ရေးသမားလည်းဖြစ်တယ်။ ပြည်သူတို့ရဲ့ လွတ်လပ်ရေးလိုအင်ဆန္ဒတွေကို ဝေမျှခံစားနိုင်သူဖြစ်တယ် ဆိုတဲ့အချက်နဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေလှုပ်ရှားမှုတွေ၊ ပြုလုပ်ခွင့်တွေကို ရုတ်သိမ်းပိတ်ပင်ခံရတဲ့အခါကစပြီး လက်နက်ကိုင် တိုက်ပွဲဆင်နွှဲကာ မိမိကိုယ်တိုင်လည်း ပြည်သူနဲ့အတူ တိုက်ပွဲဝင်၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုလည်း ကာကွယ်စောင့်ရှောက်သူအဖြစ် ပြောင်းလဲပစ်လိုက်နိုင်သူ ဖြစ်တယ်ဆိုတာ ကျနော်တို့ ဆွေးနွေးပြောပြခဲ့ပြီးဖြစ်တယ်။ တိုက်ပွဲရဲ့ အစကနဦးကတည်းကပဲ တရားမျှတမှုမရှိတဲ့ စနစ်ဆိုး စနစ်ဟောင်းကို ဖျက်ဆီးပစ်ဖို့ ဆန္ဒရှိသူဖြစ်ပြီး သူ့မှာ အနည်းနဲ့အများဆိုသလို ပုန်းလျှိုးကွယ်လျှိုးဖြစ်နေမယ့် အဟောင်းကို အသစ်နဲ့အစားထိုးပြောင်းလဲ လဲလှယ်လိုတဲ့ဆန္ဒရှိမှာဖြစ်တယ်။ ယုတ်စွအဆုံးပြောရရင် လက်တင်အမေရိကတိုက်နဲ့ အခြားသော စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံအားလုံးလိုလိုမှာ ကျေးလက်ဒေသဟာ လက်နက်ကိုင်တိုက်ပွဲအတွက် လိုအပ်တဲ့ စံထားလောက်တဲ့ အခြေအနေတွေ ရှိနေကြောင်းကို ယနေ့ပကတိအခြေအနေများအရ ကျနော်တို့ ပြောခဲ့တယ်။ ဒါကြောင့် ပြောက်ကျားရဲဘော် တည်ဆောက်မယ့် လူမှုအဆောက်အဦးသစ်ရဲ့
အုတ်မြစ်ဟာလည်း လယ်ယာမြေပိုင်ဆိုင်မှုပုံစံ ပြောင်းလဲမှုတွေနဲ့ စတင်တယ်။ ဒီတော်လှန်ရေးကာလတလျှောက်လုံး တိုက်ပွဲရဲ့ ခေါင်းစီးစာတန်းဟာ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။ အစ ပထမမှာ ဒီပန်းတိုင်ရဲ့ အတိုင်းအတာ ပမာဏနဲ့ ကန့်သတ်မှုတို့အတွက် အကုန်အစင်ရှင်းလင်းဖော်ပြနိုင်စွမ်း ရှိချင်မှရှိမယ်။ အဲဒါက သူထွန်ယက်လုပ်ကိုင်မယ့် (ဝါ) လုပ်ကိုင်လိုတဲ့
လယ်ယာမြေအတွက် လယ်သမားက တသက်လုံး မွတ်သိပ်တောင့်တမှုကို ရိုးရိုးရှင်းရှင်းရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။
လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေဟာ တော်လှန်ရေးမတိုင်မီ တည်ရှိနေပြီးသား အခြေအနေတွေနဲ့ တော်လှန်ရေးရဲ့ လူမှုရေးနက်ရှိုင်းမှုအပေါ် မူတည်ပါတယ်။ ဒါပေမယ့် ပြောက်ကျားရဲဘော်ဟာ ပြည်သူတို့ရဲ့ ဒိုင်း၊ လွှားရယ်လို့ ခံယူထားသူပီပီ သူရည်မှန်းတဲ့ လူမှုပြုပြင်ပြောင်းလဲရေးတရားနဲ့အညီ ကျင့်ကြံနေထိုင်သူဖြစ်ကြောင်း ပြသနိုင်တဲ့ ကိုယ်ကျင့်တရားမျိုးလည်း ရှိရမယ်။ ပြောထားတဲ့ တရားဒေသနာနဲ့အညီ ကျင့်ကြံအားထုတ်တဲ့ သူတော်စင်လို ဖြစ်ရမယ်။ ခက်ခဲကြမ်းတမ်းတဲ့ စစ်အခြေအနေတွေက တွန်းပို့လို့ ပေါ်ပေါက်ရတဲ့ ဥပေက္ခာပြုစွန့်လွှတ်ခြင်းနဲ့အတူ ခြိုးခြံချွေတာခြင်းပါ ပေါင်းစပ်ရတယ်။ အခြေအနေတွေ ဘယ်လိုပဲရှိရှိ တင်းကြပ်တဲ့ ကိုယ့်ကိုယ်ကိုချုပ်တည်းမှုက ပေါ်ပေါက်လာတဲ့ ဒီခြိုးခြံချွေတာခြင်းဟာ
အလွန်အကျွံဖြစ်တာ၊ လွဲချော်တာကို ကာကွယ်မှာဖြစ်တယ်။ ပြောက်ကျားစစ်သားဟာ တောထွက်ကျင့်ကြံအားထုတ်တဲ့ ရသေ့တပါးလိုဖြစ်သင့်တယ်။ လူမှုဆက်ဆံရေးအပိုင်းကတော့ စစ်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ
ပြောင်းလဲတိုးတက်လာမှာ ဖြစ်ပါတယ်။ အစဦးပိုင်းမှာတော့ တည်ဆဲလူမှုရေး
အခြေအနေတွေဟာ အပြောင်းအလဲဖြစ်အောင် ချက်ချင်းလုပ်ဆောင်ဖို့ မဖြစ်နိုင်သေးဘူး။ ကုန်ပစ္စည်းတွေအတွက် လက်ငင်းငွေပေးချေစရာ မရှိသေးရင်လည်း ကတိစာချုပ်တွေနဲ့ လုပ်ကြရပါမယ်။ အခြေအနေပေးတာနဲ့ ငွေတွေပေးချေနိုင်အောင် ကြိုးစားကြရပါမယ်။
လယ်သမားတွေကို လယ်ယာလုပ်ငန်းဆိုင်ရာ နည်းနာတွေနဲ့ စီးပွားရေး၊ စိတ်ဓာတ်ရေး၊ ယဉ်ကျေးမှုရေးရာတွေမှာပါ ဝိုင်းဝန်းကူညီကြရမှာ ဖြစ်ပါတယ်။ ပြောက်ကျားရဲဘော်ဟာ ဒေသတွင်းရှိ ဆင်းရဲသားလယ်သမားတွေ နဲ့အတူ ပြဿနာတွေကို ဝိုင်းဝန်းကူညီဖြေရှင်းကြရမယ်။ စစ်ပွဲရဲ့အစကာလတွေမှာ လူချမ်းသာတွေကို အတတ်နိုင်ဆုံး ဒုက္ခမပေးကြဖို့လိုတယ်။ သို့သော်လည်း စစ်ပွဲကတော့ သူ့လမ်းကြောင်းအတိုင်း ဆက်သွားနေမှာဖြစ်တယ်။ ပဋိပက္ခတွေဟာ ဆက်တိုက်ပြင်းထန်လာမှာ ဖြစ်တယ်။ တချိန်ချိန်မှာတော့ တော်လှန်ရေးအပေါ် အစပထမဦးပိုင်း စာနာထောက်ထားကြတဲ့ လူအများအပြားဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အနေအထားကို ရောက်သွားကြတယ်။ ပြည်သူ့ဘက်တော်သား အင်အားစုတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲထဲ ပထမခြေလှမ်းတွေ လှမ်းလာကြတယ်။
အဲဒီအချိန်မျိုးမှာ ပြောက်ကျားရဲဘော်ဟာ စံပြပြည်သူ့ဘက်တော်သားတယောက်လို ကျင့်ကြံပြီး သစ္စာဖောက်မှုတိုင်းကို တရားဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ပါတယ်။ ဥပမာ လူချမ်းသာမိသားစု အသက်ရှင်သန်ရပ်တည်နေရေးအတွက် မဖြစ်မနေလိုအပ်တာတွေထက် ပိုလျှံနေတဲ့ လယ်ယာမြေတွေနဲ့ ကျွဲနွားတိရိစ္ဆာန်တွေကို တရားနည်းလမ်းကျစွာနဲ့ မျှတစွာ ဝေခြမ်းပေးရမှာ ဖြစ်ပါတယ်။
လူမှုရေးတရားမျှတမှုအတွက် ဝေခြမ်းပေးလိုက်တဲ့ မြေရှင်တို့ပိုင်တဲ့ ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့ လျော်ကြေးငွေတွေ ရပိုင်ခွင့်အခွင့်အရေးတွေကို အမြဲလေးစားသင့်ပါတယ်။ ကတိစာချုပ်တွေ ချုပ်ဆိုထားသင့်ပါတယ်။ ကျနော်တို့ကို ပြောက်ကျားစစ်သင်တန်းတွေ မက္ကဆီကိုမှာ သင်ကြားပေးခဲ့တဲ့ စပိန်ပြည်တွင်းစစ်ပြန် ကျူးဘားလူမျိုးဆရာ ဗိုလ်မှူးကြီး အယ်ဘာတို ဘာယို က အဲဒီစာချုပ်တွေကို မျှော်တလင့်လင့် စာချုပ်များ (Bonds of hope) လို့ ခေါ်ခဲ့တယ်။ ဆရာ ရည်ညွှန်းတာက မြီရှင်နဲ့မြီစားအကြား ပေါ်ပေါက်လာတဲ့ နှစ်ဦးနှစ်ဖက်စလုံးနဲ့ ပတ်သက်တဲ့ အကျိုးစီးပွား အတွက်ပဲ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ရန်သူ ဆူးညောင့်ခလုတ်တွေ ပိုင်တဲ့ လယ်ယာမြေ၊ ဥစ္စာပစ္စည်းတွေကိုတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲ ချက်ချင်းလက်ငင်း ရောက်စေရမယ်။ ဒိအပြင် စစ်ရဲ့အားအရှိန်ကြောင့် ဒီအချိန်တွေမှာ လူတဦးနဲ့တဦး ချစ်ခင်ရင်းနှီးမှု အထွတ်အထိပ်ကို ရောက်နေတာမို့ စုပေါင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်ကြဖို့ ဒေသခံပြည်သူတို့ စိတ်ဓာတ် အခြေအနေပေါ် မူတည်လို့ အားပေးလှုံ့ဆော်သင့်တယ်။ လူမှုတော်လှန်ရေးသမား ပြောက်ကျား ရဲဘော်ဟာ သူ့ဘဝစံပြဖြစ်နေရုံသာမက ဝါဒသဘောတရားရေးရာ တွေမှာလည်း အမှားအမှန်ကို ဝေဖန်ထောက်ပြတာတွေ အစဉ်မပြတ် လုပ်ဆောင်နေရမှာဖြစ်တယ်။ ကိုယ်သိတာတွေကို ရှင်းပြပြီး အချိန်သင့်တဲ့အခါ ဘာလုပ်ချင်တယ်ဆိုတာတွေလည်း ဆွေးနွေးတိုင်ပင်ရမယ်။ လတွေ နှစ်တွေ နဲ့ချီတဲ့ စစ်ပွဲကာလ အတွေ့အကြုံတွေက တော်လှန်ရေးအသိအမြင်တွေကို ရင့်သန်ခိုင်မာလာစေတာနဲ့အမျှ လုပ်ဆောင်မှုတွေ ပိုမိုတွင်ကျယ်လာမှာဖြစ်တယ်။
ယခင်ကာလတွေက သဘောတရားရေးရာအရ အရေးပါမှုတွေကို သိမြင်ခဲ့ပေမယ့် လက်တွေ့အရ ချက်ချင်းလက်ငင်းဖော်ဆောင်ဖို့ အခွင့်မသာခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်သွားဖို့နဲ့ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတမှုနဲ့ ရှင်သန်ရေးအတွက် မလွဲမသွေ လိုအပ်ကြောင်း ပိုမိုသဘောပေါက်လာခြင်း၊ ဒေသခံပြည်သူတွေကလည်း ပြောက်ကျားရဲဘော်ရဲ့ စိတ်ဓာတ်နဲ့ ရုပ်ဘဝလုပ်ဆောင်မှုတွေကို သဘောပေါက် လက်ခံလာကြခြင်း၊ လက်နက်ကိုင်တိုက်ပွဲရဲ့ ထိရောက်မှုစွမ်းပကားဟာလည်း
ထင်ရှားလာခြင်း တို့ကြောင့် သူဟာ ပိုမိုပြီး အရင်းအမြစ်ကနေ ပြောင်းလဲလိုသူတဦးအဖြစ် ပြုပြင်တိုးတက်ခဲ့တယ်။
ဒီလို တိုးတက်ဖြစ်ထွန်းမှုတွေဟာ မကြာခဏလိုပဲဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သူတွေ (ဝါ) ပြောက်ကျားစစ်ကို ညွှန်ပြခဲ့သူတွေဟာ လယ်သမားကြီးတွေလို ခါးချိအောင် မြေကိုတူးဆွ လုပ်ကိုင်ခဲ့ကြရသူတွေ မဟုတ်ကြလို့ပါ။ လယ်သမားတွေရဲ့ လူမှုရေးဘဝ နိမ့်ကျမှုတွေကို ပြောင်းလဲပစ်ဖို့ မဖြစ်မနေလိုအပ်တာကို နားလည်သဘောပေါက်ကြပေမယ့် သူတို့ကိုယ်တိုင်ကိုယ်ကျ ဒီလောက်ခါးသီးတဲ့ အတွေ့အကြုံတွေကို မခံစားခဲ့ကြရပါဘူး၊ ဒီလိုနဲ့ အဆိုပါခေါင်းဆောင်တွေနဲ့ ပြည်သူအကြား ယခင်က မကြုံခဲ့ဖူးတဲ့ စစ်မှန်တဲ့ အပြန်အလှန်နားလည် ဆက်စပ်မှုတခု ဖြစ်ပေါ်လာတယ်။ တော်လှန်ရေးရဲ့ အရေးကြီးပုံကို ပြည်သူတွေ သိနားလည်စေဖို့ သင်ပေး၊ ပြည်သူတွေကိုယ်တိုင်ကလည်း တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားလာကြရင်း လက်တွေ့ဘဝလိုအပ်ချက်တွေကို ခေါင်းဆောင်တွေက သိမြင်နားလည်လာစေဖို့ သင်ပေးတယ်။
ဒါကြောင့် ပြောက်ကျားရဲဘော်နဲ့ ပြည်သူတို့အကြား ဒီ အပြန်အလှန် ဆက်စပ်မှုရဲ့ ရလဒ်အဖြစ်၊ တိုးတက်တဲ့ အရင်းအမြစ်ကနေ ပြောင်းလဲလိုမှုတွေ ပေါ်ပေါက်လာပြီး ယင်းကမှတဆင့် လွတ်မြောက်ရေးလှုပ်ရှားမှုကို တော်လှန်ရေးလက္ခဏာ ပိုမိုဆောင်လာစေဖို့ အရှိန်မြင့်ပေးတယ်။ ဒိအပြင် တပြည်လုံး တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ပြန့်သွားစေမှာဖြစ်တယ်။
(ခ) ဘာမထီပြောက်ကျားရဲဘော်
ပေးအပ်လာတဲ့ တာဝန်တွေကို ပြီးဆုံးသည်အထိ သယ်ပိုးနိုင်ဖို့ရယ်၊ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့ရယ်အတွက် ပြောက်ကျားရဲဘော်တယောက်ရဲ့ လိုအပ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ကျင့်ဝတ်ဆိုင်ရာ အရည်အသွေးတွေကို ယေဘုယျခြုံငုံပြီး ကျနော်တို့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်။
ပြောက်ကျားရဲဘော်တယောက်ဟာ ဘယ်လိုပုံစံကိုက်ညီမှုမျိုး ရှိရမလဲဆိုရင် သူဟာ ဒေသခံလူတဦး ဖြစ်သင့်တယ်။ ဒီအတွက် သူ့မိတ်ဆွေသူငယ်ချင်းတွေက သူ့ကို ကူညီနိုင်မှာဖြစ်တယ်။ ဒေသတွင်းကလူဖြစ်လို့ နယ်မြေဒေသကိုလည်း ကျွမ်းကျင်နှံ့စပ်မှာဖြစ်တယ်။ ဒါဟာ ပြောက်ကျားစစ်မှာ အရေးပါတဲ့အချက်တခုပဲ။ ဒေသတွင်း ထူးခြားတဲ့ အကြောင်းခြင်းရာတွေကိုလည်း အလေ့အကျင့်ရှိပြီးသားမို့ သူဟာ ထိရောက်စွာ လုပ်ဆောင်နိုင်တယ်။ သူ့ပြည်သူကို အကာအကွယ် ပေးနိုင်တာရယ်၊ သူနေထိုင်ရာ ကမ္ဘာနေရာကို ထိခိုက်ပျက်စီးစေတဲ့ ဖောက်ပြန်တဲ့ လူ့အဖွဲ့အစည်းတွေကို ပြောင်းလဲပစ်ဖို့ရယ် တိုက်ခိုက်ရတာကြောင့် ဒီအလုပ်တွေမှာ သူ့ရဲ့ စိတ်အားထက်သန်မှုပါ ပေါင်းစပ်နေတယ်။
ဘာမထီ ပြောက်ကျားရဲဘော်ဟာ ညဉ့်တိုက်ခိုက်ရေးသမားဖြစ်တယ်။ ဒီလိုပြောတာဟာ ဒီတိုက်ပွဲမျိုးအတွက်လိုအပ်တဲ့ ထူးခြားတဲ့ အရည်အချင်းတွေ အားလုံး သူ့မှာရှိရမယ်လို့ ပြောတာနဲ့ အတူတူပဲ။ သူဟာ ပါးနပ်လျင်မြန်ရမှာဖြစ်ပြီး တိုက်ပွဲနေရာဆီသို့ မြေပြန့် ဒါမှမဟုတ် တောင်တွေကျော်ဖြတ်တာ ဘယ်တဦးတယောက်မှ သတိမပြုမိဘဲ အရောက်သွားဖို့၊ တိုက်ခိုက်ရာမှာလည်း ရန်သူကို အလစ်အငိုက် ဖမ်းတိုက်ရမယ်ဆိုတာကို ဒီမှာထပ်ပြီး အလေးအနက်ထား ပြောရတာကတော့ ဒီလိုတိုက်ခိုက်မှုမျိုးဟာ ဒီတိုက်ပွဲမျိုးမှာ အရေးကြီးလို့ပါပဲ။ ရန်သူ ကစဉ့်ကလျားဖြစ်သွားအောင် ဒီလို အလစ်အငိုက်ဖမ်း တိုက်ခိုက်ပြီးနောက် ဒီအားနည်းချက်ကို အခွင့်ကောင်းယူတာ၊ မိမိဘက်တော်သား ပြောက်ကျားရဲဘော် တယောက်မကျန် အားနည်းချိနဲ့မှု တခုတလေမှမရှိစေဘဲ သူကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ သဲသဲမဲမဲဖိလို့တိုက်ရမှာဖြစ်တယ်။ လေမုန်တိုင်းတိုက်သလို အားလုံးကို ဖျက်ဆီးနည်းပရိယာယ်အရ တောင်းဆိုမှုမရှိရင် ဘာတခုမှ မချန်ဘဲ တရားစီရင်ရမယ့်သူများကို စီရင်လို့ ရန်သူစစ်သားတွေအပေါ်မှာတော့ ရုတ်ရုတ်သဲသဲ အထိတ်တလန့်ဖြစ်နေစေရမှာဖြစ်တယ်။ မည်သို့ရှိစေ အကာအကွယ်မဲ့နေတဲ့ သုံ့ပန်းစစ်သားတွေကို ကောင်းမွန်သက်ညှာစွာနဲ့ ဆက်ဆံရမှာဖြစ်ပြီး ကျဆုံးသူတွေအတွက် လေးစားသမှု ပြရမှာဖြစ်တယ်။
ဒဏ်ရာရ ရန်သူစစ်သားကို ဂရုတစိုက် ဆေးကုသပေးပြီး ယခင်ကာလများက သူ့မှာ ပြည်သူတွေအပေါ် ကြီးလေးတဲ့ ပြစ်မှုတစုံတရာ ကျူးလွန်ခဲ့တာရှိရင် အဲဒီအတွက် သူ့ကို ပြစ်ဒဏ်စီရင်ရမှာဖြစ်တယ်။ မလုပ်နိုင်တဲ့အလုပ်တခုက အကျဉ်းသားတွေအတွက် ထောင်မရှိတာပဲ။ လုံခြုံတဲ့ အခြေခံဒေသတခု၊ ရန်သူက တိုက်ခိုက်သိမ်းပိုက်လို့ မရနိုင်တဲ့ လွတ်မြောက်နယ်မြေ မထူထောင်သေးခင် ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရန်သူအကျဉ်းသားဟာ ဒေသတွင်းပြည်သူတို့ရဲ့ အသက်အိုးအိမ် လုံခြုံမှုဒါမှမဟုတ် ပြောက်ကျားတပ်ဖွဲ့အတွက်ကိုပင် အန္တရာယ်ပြုလာနိုင်စရာရှိတယ်။ ဘာကြောင့်ဆို သူဟာ ရန်သူစစ်တပ်နဲ့ ပြန်လည်ပေါင်းမိတဲ့အခါ သတင်းအချက်အလက်တွေ ပေးနိုင်လို့ပါပဲ။ သူ့မှာ ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား မဟုတ်ခဲ့ရင် ဝါဒဖြန့်စည်းရုံးရေးတရားဟောပြီး ပြန်လွှတ်သင့်တာပါပဲ။
ပြောက်ကျားရဲဘော်ဟာ ဘယ်အရာမဆို လိုအပ်လာရင် သူ့အသက်စွန့်လွှတ်ဖို့ ဝန်မလေးရဘူး။ ကြောက်စိတ် စိုးစဉ်းမျှမပြဘဲ သေဖို့လည်း အဆင်သင့်ဖြစ်ရမယ်။ သို့သော်လည်း တပြိုင်နက်တည်းမှာ သူဟာ သတိရှိရမှာဖြစ်သလို မလိုအပ်ဘဲနဲ့ သူ့ကိုယ်သူ ရန်သူရဲ့ ပစ်ကွင်းထဲ မထွက်သင့်။ ရှုံးနိမ့်မှု၊ တပ်ပျက်မှု မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ တတ်စွမ်းနိုင်သမျှ သတိဝီရိယရှိကြရမှာဖြစ်တယ်။ ဒီအကြောင်းတွေကြောင့် တိုက်ပွဲတိုင်းမှာ အလွန်ကိုအရေးကြီးတာကတော့ ရန်သူရဲ့တပ်ကူ ရောက်လာနိုင်မယ့်လမ်းဆုံပွိုင့်တွေ အားလုံးကို သတိရှိရှိ စောင့်ကြည့်ရမှာဖြစ်သလို ရန်သူအဝိုင်းမခံရအောင်လည်း သတိထားဖို့ဖြစ်တယ်။ ဒါရဲ့အကျိုးဆက်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု မကြီးမားလှပေမယ့် စိတ်ဓာတ်ရေးရာအရ တော်လှန်ရေးတိုက်ပွဲရဲ့ အလားအလာအပေါ် ယုံကြည်မှု လျော့နည်းသွားလောက်အောင် ထိခိုက်နိုင်တယ်။
မည်သို့ပင်ဖြစ်စေ သူဟာ ရဲရင့်တည်ကြည်ရမယ်။ တိုက်ပွဲတခုအတွင်း အန္တရာယ်တွေနဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို စေ့စပ်စွာ လေ့လာသုံးသပ်ပြီး အမြဲလိုလို အကောင်းမြင်ဝါဒနဲ့ အခြေအနေတွေကို ချဉ်းကပ်နိုင်ဖို့ အသင့်ဖြစ်နေရမယ်။ သင့်တင့်လျောက်ပတ်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကျိုးကြောင်းဆီလျော်တဲ့ အချက်အလက်တွေကို ရှာဖွေရုံမက၊ ဒီလိုဆုံးဖြတ်ချက်မျိုးတွေကို မိမိအတွက် အားသာချက် အားနည်းချက်တွေနဲ့ စုပေါင်းသုံးသပ်အဖြေထုတ်တဲ့အခါ သိသာခံစားနိုင်လောက်အောင် အပေါင်းလက္ခဏာအဖြေမျိုး မထွက်တဲ့အခါလည်း လုပ်နိုင်လုပ်ဝံ့ရမယ်။ ဒီလိုဘဝအခြေအနေတွေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့နဲ့ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ဖို့ ပြောက်ကျားရဲဘော်မှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေနိုင်စွမ်းရည် ရှိရမှာဖြစ်တယ်။ ဒါမှသာ သူဟာ အသက်ရှင်နေတဲ့ ပတ်ဝန်းကျင်ရဲ့တစိတ်တပိုင်းဖြစ်လာပြီး သူ့မိတ်ဖက်တယောက်လို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ဖြစ်နိုင်သမျှအစွမ်းကုန် အားထုတ်ရမှာဖြစ်တယ်။ သူဟာ အခြေအနေကို လျင်မြန်စွာ နားလည်သဘောပေါက် သုံးသပ်သူဖြစ်ပြီး တီထွင်နိုင်စွမ်းလည်း မြန်ဆန်ထက်သန်မှသာ သူ့အဖို့ နည်းလမ်းတွေကို အခြေအနေအချိန်အခါနဲ့ ကိုက်ညှိပြီး လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်။
ဒီလိုလိုက်လျောညီထွေဖြစ်အောင် ညှိယူနိုင်စွမ်းနဲ့ တီထွင်မှုအတတ်ပညာတို့ဟာ ပြည်သူတို့ရဲ့ တော်လှန်ရေးတပ်မတော်မှာသာ ရှိကာ၊ စစ်ဘုရင်ဗိုလ်ချုပ်ကြီးတွေရဲ့ စာရင်းဇယားတွေကို ပျက်စီးစေပြီး သူတို့ကို လမ်းလွဲသွားစေတယ်။ ပြောက်ကျားရဲဘော်ဟာ ဒဏ်ရာရ မိမိရဲဘော်ကို ရန်သူ့လက်ထဲမှာ ဘယ်တော့မှ မထားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သူ့ကို သေတွင်းပို့တာနဲ့အတူတူပဲ။ ဘယ်နည်းနဲ့မဆို သူ့ကို စစ်ပွဲနေရာကနေ လုံခြုံစိတ်ချရတဲ့ တနေရာကို ပို့ပေးရမှာ ဖြစ်တယ်။ အကြီးမားဆုံး အားထုတ်မှုနဲ့ အကြီးမားဆုံး စွန့်စားခြင်းတို့ကို ဒီအလုပ်မှာ အသုံးချရမှာ ဖြစ်တယ်။ ပြောက်ကျားရဲဘော်ဟာ သာမန်မဟုတ်ဘဲ ရှာမှရှားတဲ့ အဖော်ကောင်းလည်း ဖြစ်ရမယ်။
တပြိုင်နက်တည်းမှာ သူဟာ နှုတ်လုံသူတဦးလည်း ဖြစ်ရမယ်။ သူ့ရှေ့မှာ ပြောဆိုလုပ်ကိုင်တာ သိမြင်သမျှကို စိတ်ထဲမှာပဲ ထားရမယ်။ သူ့ရဲဘော် ပြောက်ကျားတွေကြားထဲမှာလည်း မလိုအပ်ဘဲ စကားအပိုတလုံး မပြောသင့်။ ရန်သူရဲ့ သူလျှိုတွေ ပြောက်ကျားအဖွဲ့ထဲမှာ ရာထူးနေရာမျိုးစုံမှာ ရှိနေနိုင်တာကြောင့် မိမိရဲ့ အကြံအစည်တွေ၊ တည်နေရာနဲ့ ရှင်သန်လှုပ်ရှားနေနိုင်နည်းတွေ ပေါက်ကြားသွားနိုင်တယ်။
ဖော်ပြပါ စိတ်ဓာတ်ခိုင်မာမှု အရည်အသွေးတွေအပြင် ပြောက်ကျားရဲဘော်ဟာ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုလည်း အရေးကြီးလိုအပ်ပါတယ်။ သူဟာ မမောပန်းနိုင်သူ ဖြစ်ရပါမယ်။ မောပန်းနွမ်းလျလွန်းလို့ မလှုပ်နိုင်ဖြစ်နေရင်တောင် နောက်ထပ် အားထုတ်လုပ်ဆောင်မှုတခုကို လုပ်နိုင်ရမယ်။ မယိမ်းယိုင် ခိုင်မာအမြစ်တွယ်ပြီး ဖြစ်တဲ့ ယုံကြည်ချက်ဟာ သူ့မျက်နှာပေါ်က အရေးကြောင်းကြီးတွေ တခုစီပေါ်မှာ ဖော်ပြနေပြီး နောက်ထပ် ခြေတလှမ်းလှမ်းဖို့ တိုက်တွန်းနေတယ်။ ဒီခြေလှမ်းဟာ နောက်ဆုံး မဟုတ်သေး။ နောက်ထပ်နောက်ထပ်လို့ ခြေလှမ်းတွေ ထပ်လှမ်းရဦးမှာ ဖြစ်တယ်။
သူ့ရဲ့ခေါင်းဆောင်တွေ သတ်မှတ်ထားတဲ့ နေရာဒေသ ရောက်တဲ့အထိပေါ့။
သူဟာ အစွန်းတရားတွေကိုလည်း ခံနိုင်ရမယ်။ အစားအစာ၊ ရေ၊ အဝတ်အစား၊ အမိုးအကာ စတာတွေပြတ်လပ်တာနဲ့ မကြာခဏကြုံတွေ့ရမှာဖြစ်ပြီး ဒါတွေကို တောင့်ခံရုံတင်မက အဖျားရောဂါနဲ့ ဒဏ်ရာအနာတွေအတွက်လည်း ခံနိုင်ရည် ရှိရမယ်။ ဒါတွေဟာ သဘာဝနည်းနဲ့ပဲ ပျောက်ကင်းရမှာဖြစ်ပြီး ဆရာဝန်ဆီက ကုသမှု ခံရမှာ မဟုတ်လို့ပဲ။ ဒီအချက်က ပိုလို့တောင် လိုအပ်ပါတယ်။ ဒဏ်ရာအနာ (ဝါ) ဖျားနာတာ ကုသဖို့ ပြောက်ကျားဒေသက ခွာသွားသူဟာ ရန်သူရဲ့လုပ်ကြံမှုကို ခံရနိုင်လို့ပဲ။
ဒါတွေ ကျော်လွှားနိုင်ဖို့ သူ့မှာ သံမဏိဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိရမယ်။ စိတ်ဓာတ်အရရော ခန္ဓာကိုယ်အရပါ ကြံ့ခိုင်ပါမှ ဆင်းရဲဒုက္ခအမျိုးမျိုးကို မဖျားမနာဘဲ တွန်းလှန်ပစ်ပယ်နိုင်မှာဖြစ်တယ်။ မုဆိုးအလိုက်ခံရလို့ ပြေးလွှားနေရတဲ့ သားကောင်နဲ့တူတဲ့ သူ့ဘဝကိုက သူ့ကို ခွန်အားရှိအောင် လုပ်ပေးတဲ့အချက်တခုပါပဲ။ ဒီလို သဘာဝကျကျ လိုက်လျောညီထွေ နေထိုင်မှုကြောင့် ဒါဟာလည်း သူ့ရဲ့ တိုက်ပွဲဝင်ရာ ပတ်ဝန်းကျင် နယ်မြေဒေသ ဖြစ်လာတယ်။ ဒါတွေအားလုံးက ကျနော်တို့အတွက် မေးစရာမေးခွန်းတခု ပေါ်လာပါတယ်။
အဲဒါကတော့ ပြောက်ကျားရဲဘော်ဟာ ဘယ်အသက်အရွယ်လောက် ရှိသင့်သလဲ။
အသက်အရွယ်အကန့်အသတ်ကို အတိအကျပြောရမှာ ခက်ခဲပါတယ်။ လူပုဂ္ဂိုလ် တဦးချင်းစီအလိုက်နဲ့ လူမှုရေးဆိုင်ရာ သီးခြားအချက်တွေကြောင့် ဖြစ်ပါတယ်။ ဥပမာ ကျေးလက်လယ်သမားတဦးဟာ မြို့သားတဦးထက် ခံနိုင်ရည်ရှိမှာပါ။ မြို့သားချင်းမှာတောင် ကိုယ်ကာယလှုပ်ရှားမှု လေ့ကျင့်ခန်းတွေ အလေ့အကျင့်ရှိသူဟာ ကျန်းမာမှာဖြစ်ပြီး၊ စာရေးစာချီလို စားပွဲကုလားထိုင်မှာ ထိုင်ပြီး အလုပ်လုပ်သူထက်ပိုလို့ ခံနိုင်စွမ်းအား ရှိမှာဖြစ်တယ်။ သို့သော် ယေဘုယျခြုံပြောရရင် နေရာအတည်တကျမရှိ လှည့်လည်သွားလာလှုပ်ရှားနေရတဲ့ ပြောက်ကျားတိုက်ပွဲ အဆင့်တွင်မူ အကြီးဆုံးအသက်မှာ ၄ဝ ထက် မကျော်သင့်ပေ။ အားလုံးထဲတွင် ခြွင်းချက်တွေတော့ ရှိပါတယ်။ တောင်သူလယ်သမားတွေဆိုရင် ခြွင်းချက်ထားပေးရမယ်။ တော်လှန်စစ်ကာလအတွင်း သူရဲကောင်းရဲဘော်များထဲမှ တပ်မှူး ကရက်စင်ဆီယိုပီရက် (Crescencio Perez) ဆိုရင် အသက် ၆၅ နှစ်အရွယ်ကျမှ ဆီယာရာ ကနဦးပြောက်ကျားစခန်းကို ဝင်ရောက်လာခဲ့ပြီး တပ်ဖွဲ့အတွင်း အားအကိုးရဆုံးထဲမှ တယောက်ဖြစ်တယ်။
နောက်ထပ်မေးစရာ မေးခွန်းတခုမှာ ပြောက်ကျားရဲဘော်များကို တစုံတရာ လူတန်းစားအလွှာက စုဆောင်းရင် ဘယ်လိုရှိမလဲ။ စစ်ဆင်ရေးတွေပြုလုပ်ရန် အချက်အချာနေရာအဖြစ် ရွေးချယ်ထားတဲ့ဒေသအတွင်းမှ လူမှုရေးဖွဲ့စည်း တည်ဆောက်ပုံနဲ့ညှိပြီး ပြောက်ကျားတပ်ကို ဖွဲ့ရမှာဖြစ်တယ်။ ပြောလိုတာကတော့ ပြောက်ကျားတပ်ဖွဲ့ရဲ့ အမြုတေ တိုက်ခိုက်ရေးတပ်စိတ်ငယ်တွေကို လယ်သမားတွေနဲ့ပဲ ဖွဲ့စည်းရမှာဖြစ်တယ်။ လယ်သမားဟာ အကောင်းဆုံး စစ်သားရဲဘော်ဖြစ်မယ်ဆိုတာ ထင်ရှားပါတယ်။ အခြား လူတန်းစားအလွှာ အသီးသီးကိုလည်း တရားတဲ့စစ်ပွဲမှာ ပါဝင်နိုင်တဲ့အခွင့်အရေးကို မပိတ်ပင်သင့်ဘဲ လူတဦးချင်းစီအလိုက် ခြွင်းချက်တွေ ထားရှိဖို့ အလွန်အရေးပါတယ်ဆိုတာ သတိပြုရမှာဖြစ်တယ်။
ကျနော်တို့ အနည်းဆုံးအသက် ကန့်သတ်ချက်ကို မပြောရသေးဘူး။ အသက် ၁၆ နှစ်ထက် ငယ်ရွယ်သူတွေကို တိုက်ပွဲအတွက် လက်မခံသင့်။ အလွန်ထူးခြားသော အခြေအနေတွေကလွဲရင်ပေါ့။ ဒီလူငယ်တွေဟာ ကလေးသာသာအရွယ်တွေမို့ သူတို့
ကြုံတွေ့လာရမယ့်အလုပ်၊ ရာသီဥတု ပြင်းထန်မှုနဲ့ ဒုက္ခဆင်းရဲတွေကို ကြံ့ကြံ့ခိုင်လောက်အောင် လုံလုံလောက်လောက် မဖွံ့ဖြိုးသေး။ အကောင်းဆုံး အရွယ်ကတော့ အသက် ၂၅ နှစ်နဲ့ ၃၅ နှစ်အကြား အရွယ်တွေပဲ။ ဒီအသက်အရွယ် တွေမှာ လူအများရဲ့ ဘဝတွေဟာ တည်ငြိမ်လာလို့ပဲ။ ဘယ်သူမဆို ဒီအသက်အရွယ် မှာ ထွက်ခွါခဲ့သူတွေဟာ သူ့အိုးသူ့အိမ်၊ သူ့ကလေးတွေသူ့ရဲ့ ကမ္ဘာလေးတခုလုံးကို စွန့်ပစ်ခဲ့ပြီး တာဝန်တွေကို ကောင်းစွာစဉ်းစား သဘောပေါက်ခဲ့ပြီးဖြစ်ကာ နောက်တလှမ်းပြန်မဆုတ်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားသူတွေဖြစ်တယ်။ သာမန်မဟုတ်ဘူး၊ ထူးချွန်တဲ့ ကလေးငယ် တချို့တော့ တိုက်ပွဲဝင် ပြောက်ကျား ရဲဘော်ဖြစ်လာပြီး ကျနော်တို့သူပုန်တပ်ဖွဲ့အတွင်း အမြင့်ဆုံးရာထူးအဆင့်ထိ ရောက်ခဲ့တာတွေ ရှိပါတယ်။ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ကလေးတယောက်ရှိတိုင်း ကျန် ၁၀ ယောက်လောက်ကတော့ အိမ်ပြန်သွားသင့်တာ ဖြစ်တယ်။ သူတို့ကြောင့် ပြောက်ကျားတပ်ဖွဲ့အဖို့ ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာစေနိုင်တယ်။
သူ့ကျောကုန်းပေါ်မှာ ကျနော်တို့ပြောခဲ့သလို ပြောက်ကျားရဲဘော်ဟာ ခရုသတ္တဝါလို ကိုယ့်အိမ်ကိုယ်သယ်ပြီး သွားလာနေသူဖြစ်တယ်။ ဒါကြောင့် သူ့ကျောပိုးအိတ်ထဲမှာ နည်းနည်းနဲ့ကျဲကျဲ ဝိုင်းနိုင်မယ့် အသုံးအဆောင် ပစ္စည်းမျိုးကိုသာ သယ်ယူသွားသင့်တယ်။ မဖြစ်မနေ လိုအပ်တဲ့ပစ္စည်းလောက်ကိုပဲ သယ်ဆောင်ဖို့ ဖြစ်တယ်။ ဒီပစ္စည်းကိုလည်း သူဟာ မပျောက်ပျက် ရအောင် ဂရုစိုက် ထိန်းသိမ်းရမယ်။ အလွန်ဆိုးဝါးတဲ့ အခြေအနေမှာတော့ မတတ်သာဘူးပေါ့။
သူ့ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းကိုလည်း သူကိုယ်တိုင် သယ်ပိုးနိုင်ရမယ်။ ဒါတွေပြန်လည်တပ်ဆင်ဖို့ အထူးသဖြင့်ကျည်အင်အား ပြန်လည်ဖြည့်တင်းဖို့ အလွန်ခက်ခဲပါတယ်။ လက်နက်ခဲယမ်းများကို ခြောက်သွေ့အောင်၊ အမြဲသန့်ရှင်းနေအောင်၊ တခုတလေမှ လေလွင့်ဆုံးရှုံးတာမျိုး မဖြစ်အောင် ရေတွက်သိမ်းဆည်းတာတွေ လုပ်ဖို့လိုတယ်။ ဒီအချက်တွေဟာ ပြောက်ကျားတို့ရဲ့ ဆောင်ပုဒ်ဖြစ်တယ်။ သေနတ်ကိုလည်း အမြဲလို သန့်ရှင်း၊ ဆီသုတ်ဖို့၊ ပြောင်းတိုက်ဖို့သင့်တယ်။ ဒီလိုအခြေအနေမျိုးရှိအောင် ထိန်းသိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က စည်းကမ်းချမှတ်တာ၊ မလိုက်နာသူကို အရေးယူအပြစ်ပေးတာမျိုး လုပ်သင့်တယ်လို့ အကြံပြုလိုတယ်။
အထက်ဖော်ပြပါ တော်လှန်ရေးအပေါ်သစ္စာရှိတဲ့စိတ်ဓာတ်ခိုင်မာတဲ့ ပြည်သူတွေမှာ စံထားချက်တခုတော့ ရှိကြတယ်။ အလွန်ကျဉ်းကြပ်တဲ့ အခြေအနေတွေထဲမှာ သူတို့ရှင်သန်နေနိုင်တာ အဲဒီအချက်ကြောင့်ပဲဒီစံထားချက်ကလည်း ရိုးရိုးလေးပါ။ ဟန်ဆောင်မှု ပကာသနတွေမရှိတာ၊ အဲဒါအတွက် တုံ့နှေးမနေဘဲ အသက်ပေးဖို့ အလွန်ခိုင်မာ ပြတ်သားတာပါ။
လယ်သမား အားလုံးအတွက် ဒီစံထားချက်ကတော့ လယ်မြေလေးတကွက် ပိုင်ဆိုင်ခွင့်နဲ့ လယ်လုပ်ကိုင်နိုင်ပြီး တရားမျှတတဲ့ လူမှုဆက်ဆံရေးဘဝထဲမှာ အသက်ရှင်မွေ့လျော်နိုင်ဖို့ပါပဲ။ အလုပ်သမားတွေအတွက်က အလုပ်အကိုင်ရရှိဖို့နဲ့ လုံလောက်တဲ့လုပ်ခလစာအပြင် တရားမျှတတဲ့ လူမှုဆက်ဆံရေးကိုပဲဖြစ်တယ်။ ကျောင်းသားတွေနဲ့ အသက်မွေးဝမ်းကျောင်းပညာရှင် ပြည်သူတွေအတွက်ကတော့ ပိုမိုပြီး စိတ်ကူးနဲ့သာဆိုင်တဲ့ ဒြပ်မဲ့အယူအဆတွေဖြစ်တဲ့ လွတ်လပ်ခြင်း စတဲ့ စံထားချက်တွေဟာ တိုက်ပွဲအတွက် မောင်းနှင်အားတွေ ဖြစ်တယ်။
ပြောက်ကျားရဲဘော်ရဲ့ဘဝဟာ ဘာနဲ့တူပါ့မလဲလို့ မေးစရာမေးခွန်း ပေါ်လာပြန်တယ်။ သူ့ရဲ့ သာမန်လုပ်ရိုးလုပ်စဉ်က ခရီးဝေးလမ်းလျှောက်တာ ဖြစ်တယ်။ နမူနာအနေနဲ့ တောင်ပေါ်တောထူတဲ့ဒေသမှာ ပြောက်ကျားရဲဘော် တယောက်ဟာ အမြဲလိုလို ရန်သူရဲ့အနှောက်အယှက်လည်း ခံနေရတယ် ဆိုပါစို့။ ဒီအချိန်တွေမှာ ပြောက်ကျားတပ်ဖွဲ့ဟာ နေ့ဖက်မှာ ထမင်းပင်ချက်စားဖို့ အချိန် မယူတော့ဘဲ လှုပ်ရှားသွားလာပြီး ပြောင်းရွှေ့နေရာယူကြတာဖြစ်တယ်။ ညဖက်မှာ ရေနားနီးတဲ့ နေရာမှာ စခန်းချဖို့ရှင်းလင်းကြပြီး ချက်ပြုတ်ဖို့ ဝိုင်းဝန်းစီမံကြရမယ်။ မိုးချုပ်လာတာနဲ့ ရနိုင်သမျှထင်းတိုထင်းစတွေနဲ့ မီးတွေဖိုကြရတယ်။
ပြောက်ကျားရဲဘော်ဟာ စားသောက်လို့ရတဲ့အချိန်အခိုက်အတန့်မှာ အစာကိုစား၊ စားလို့ရတာမှန်သမျှကိုလည်း စားရတယ်။ တခါတလေမှာ မယုံနိုင်စရာ စားကောင်းသောက်ဖွယ်တွေနဲ့ ကြုံရတတ်တယ်။ တခါတခါလည်း ထမင်း ၂ ရက် ၃ ရက် မစားရဘူး။ ဒီလိုမစားရလို့ သူ့ရဲ့လုပ်နိုင်စွမ်းအားတွေကတော့ နည်းနည်းမှ
လျော့မသွားပါဘူး။ သူ့ရဲ့အိမ်ဟာ ဟင်းလင်းဖြစ်နေတဲ့ မိုးကောင်းကင်ပဲ။ အဲဒါနဲ့ သူ့ရဲ့ ပုခက်ကြားမှာ မိုးရေကာ နိုင်လွန်ခင်းတခုကို ချိတ်ဆွဲပြီး သူ့အဝတ်အစားနဲ့ ပုခက်အောက်မှာတော့ ကျောပိုးအိတ်၊ သေနတ်နဲ့ခဲယမ်းမီးကျောက်တွေ ပြောက်ကျားရဲ့ ရတနာတွေပေါ့။ တချို့အချိန်တွေမှာ ဖိနပ်ကို မချွတ်သင့်။ ရန်သူ အလစ်ဝင်ရောက်တိုက်ခိုက်တာ ခံရတတ်လို့ပဲ။ ဖိနပ်တွေဟာ အဖိုးတန်တဲ့ ရတနာတပါးလည်းဖြစ်တယ်။ ဖိနပ်တရံ ရှိထားတဲ့ မည်သူမဆို လတ်တလော အခြေအနေတွေရဲ့ ကန့်သတ်မှုတွေကြားထဲက လုံလုံခြုံခြုံရှိတဲ့ ပျော်ရွှင်ကြေနပ်မှု ဘဝလေးကို ရကြတယ်။
သို့ဖြစ်လို့ လူနေဒေသတွေနဲ့ အလှမ်းကွာတဲ့နေရာတွေမှာ ပြောက်ကျား ရဲဘော်တယောက်အဖို့ ရက်များစွာနေတဲ့အခါ နေရမယ်။ ဒီအရင် အစီအစဉ် လုပ်ထားပြီးသားမဟုတ်တဲ့ အဆက်အသွယ်တွေအားလုံးနဲ့လည်း မတွေ့အောင် ရှောင်နေပြီး ဆာလောင်မွတ်သိပ်ခြင်း၊ တခါတရံရေငတ်ခြင်း၊ အပူအအေးဒဏ်တွေ
ခံရမှာဖြစ်ပြီး ကြမ်းတမ်းခက်ခဲတဲ့ သဘာဝတောနက်ကြီးထဲမှာ နေရတာတွေလည်း ရှိမယ်။ လှုပ်ရှားချီတက်တဲ့အခါ ချွေးထွက်၊ ထွက်တဲ့ချွေး ကိုယ်ပေါ်မှာတင်ခြောက်၊ နောက်ထပ်ချွေးထွက်နဲ့ ကိုယ်လက်သုတ်သင်မှု မှန်မှန်မလုပ်နိုင်တဲ့အခါတွေလည်း ရှိလိမ့်မယ်။ (တခြားအရာကိစ္စတွေမှာလိုပဲ ဒီအချက်မှာလည်း တဦးချင်းစီ ကွာခြားမှုတော့ရှိပါတယ်။)
မကြာသေးခင်စစ်ပွဲကာလအတွင်းမှာ အယ်ရူပါရို ကျေးရွာထဲ ဝင်လာတော့ ကျနော်တို့နားကို လူမကပ်နိုင်အောင်ကို ထူးထူးခြားခြားနံစော်တဲ့ အနံ့အသက်တွေ ထွက်ခဲ့တယ်။ အဲဒီတုန်းကတိုက်ပွဲဟာ ၂ နာရီ ၄၅ မိနစ်လောက်ကြာပြီး နေပူထဲ တိုက်ရတာဖြစ်တယ်။ ပြီးတော့ ရွာရောက်အောင် ၁၆ ကီလိုမီတာခရီး လမ်းလျှောက်၊ ကြမ်းတမ်းဆိုးဝါးတဲ့ ပင်လယ်ကမ်းရိုးတန်းတလျှောက် နေပူကြဲကြဲအောက်မှာ ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ရတာတွေပါ ပေါင်းလိုက်တော့ ပိုဆိုးတာပေါ့။ ကျနော်တို့ နှာခေါင်းတွေက ဒီအနံ့အသက်တွေကို အလေ့အကျင့်ရပြီး ဖြစ်တယ်။ ပြောက်ကျား ရဲဘော်တဦးစီရဲ့ ပုခက်ကို တဦးစီရဲ့ ထူးခြားနဲ့အနံ့အသက်နဲ့ ခွဲခြားလို့ရနိုင်ခဲ့တယ်။
ဒီလိုအခြေအနေတွေမှာ စခန်းချတဲ့နေရာကို ခြေရာလက်စမကျန်အောင်
အလျင်အမြန် ရှင်းလင်းဖျက်ဆီးပစ်ရမှာဖြစ်တယ်။ သတိအထူးထားဖို့လိုအပ်ပြီး
အိပ်ရသူ ၁ဝ ယောက်အတွက် ၁ ယောက်ကနေ ၂ ယောက်အထိ ကင်းတာဝန်ယူပြီး စောင့်ကြပ်ရမယ်။ စခန်းချရာနေရာ ဝင်ပေါက်ထွက်ပေါက်တွေကို သတိနဲ့ စောင့်ကြပ်ပြီး တယောက်တလှည့်စီ အဆက်မပြတ် ကင်းချသွားရမယ်။ စခန်းချ နေထိုင်သွားလာတဲ့ဘဝက ကျနော်တို့ကို အစားအသောက် ပြင်ဆင်ချက်ပြုတ်နည်းနာ အမျိုးမျိုး သင်ပေးခဲ့တယ်။ တချို့နည်းနာတွေနဲ့ မြန်မြန်ကျက်အောင် ချက်လို့ရတယ်။ တချို့တွေကျတော့ တောထဲကရတဲ့ အနည်းငယ်မျှသာဖြစ်တဲ့ အရာတွေနဲ့ ဟင်းခပ် အမွှေးအကြိုင်အဖြစ် အသုံးပြုကြတယ်။ ဒီပြင်
ပြောက်ကျားရဲဘော်ရဲ့ဟင်းခွက်တွေမှာ ပိုမိုအရသာစုံအောင် ချက်ပြုတ်နည်းသစ်တွေလည်း ထွင်ကြသေးတယ်။ ဒီဟင်းခွက်တွေကလည်း အဓိကကတော့ ပြောင်းဆန်၊ သစ်ဥသစ်ဖု ၊ ဆားနဲ့ ဆီနည်းနည်း (ဝါ) ဝက်ဆီနဲ့ချက်တာ များပါတယ်။ တခါတလေကျမှသာ အသားနည်းနည်းစီ စားကြရတယ်။ ပူပြင်းခြောက်သွေ့တဲ့အရပ်မှာ တိုက်ခိုက်ကြရတဲ့ ရဲဘော်တွေရဲ့ ဘဝဟာ ဒီလိုပါ။
တိုက်ပွဲစစ်ဆင်တဲ့ကာလမှာ စိတ်ဝင်စားစရာအကောင်းဆုံး အဖြစ်အပျက်ကတော့ စစ်ပွဲအကြောင်းပါပဲ။ စစ်ပွဲက လူအားလုံးကို ဝမ်းသာအားရဖြစ်စေပြီး၊ လူတိုင်းလူတိုင်းကိုလည်း စိတ်လက်ပေါ့ပါးသွားအောင်ကို စိတ်သစ်အားသစ် ဖြည့်ပေးလိုက်ပါတယ်။ ပြောက်ကျားအသက်တာရဲ့ အထွတ်အထိပ်ဖြစ်တဲ့စစ်ပွဲကို မိမိအတွက် အခွင့်သာစေတဲ့ အချိန်အခိုက်အတန့်ကို
ရွေးပြီး တိုက်ကြရတယ်။ မိမိက သုတ်သင်ချေမှုန်းပစ်နိုင်လောက်အောင် အင်အားချိနဲ့တဲ့ ရန်သူ့စခန်းကို သတ်မှတ်လေ့လာပြီးတဲ့အခါ (ဝါ) ရန်သူစစ်ကြောင်းက လွတ်မြောက်ရေး အင်အားစုတွေ နေရာယူထားတဲ့ ဒေသထဲကို တိုက်ရိုက်ဝင်လာတဲ့ အခါမျိုးတွေမှာ ဖြစ်တယ်။ ဒီအခြေအနေနှစ်ခုဟာ ကွဲပြားခြားနားတယ်။ ရန်သူစခန်းချထားတဲ့နေရာကို ခပ်ပါးပါးသာ ဝိုင်းရံထားပြီး အခြေခံကျတာက
မိမိဝိုင်းထားတဲ့စခန်းကို တပ်ကူလာသည့် ရန်သူစစ်ကြောင်းအား လိုက်လံဖြတ်တောက် တိုက်ခိုက်တာပဲဖြစ်တယ်။ ကတုတ်ကျင်းထဲက ရန်သူ စစ်သားဟာ ပြောက်ကျားအတွက် စွဲမက်စရာသားကောင်မဟုတ်။ ပြောက်ကျား စစ်သား လိုလားတာက လှုပ်ရှားနေတဲ့ ရန်သူထိတ်လန့်တကြားဖြစ်နေပြီး ဒေသလည်းမကျွမ်း၊ အားလုံးကို ကြောက်ရွံ့နေပြီး အကာအကွယ်အတွက်လည်း သဘာဝအတားအဆီးတွေ ကင်းမဲ့နေသူမျိုးကို ဖြစ်ပါတယ်။ အကာအကွယ် နံရံနောက်က အစွမ်းထက်တဲ့ လက်နက်တွေနဲ့ ရန်သူက တိုက်ခိုက်လာတာကို ခုခံနိုင်စွမ်းရှိတဲ့သူအဖို့ အခြေအနေက ဘယ်လောက်ပင်ဆိုးဆိုး သူ့ရဲ့ဒုက္ခမကြီးလှ။ သို့ပေမယ့် ၂ နေရာ ၃ နေရာလောက်မှာ ရုတ်တရက်ဖြတ်တောက် တိုက်ခိုက်ခံရတဲ့ ရန်သူစစ်ကြောင်းအဖို့တော့ ကြီးလှတဲ့ဒုက္ခပါပဲ။ ပြောက်ကျားတွေ အနေနဲ့ ရန်သူစစ်ကြောင်းကို ဝိုင်းပိတ်ပြီး လုံးဝချေမှုန်းမရနိုင်ရင် တန်ပြန်တိုက်ခိုက်မှုတွေ မခံရခင် တပ်ပြန်ဆုတ် အနားယူသင့်တယ်။
ကတုတ်ကျင်း၊ စခန်းထဲကရန်သူကို စားနပ်ရိက္ခာ၊ ရေတို့ ပြတ်တောက်လို့ (ဝါ) တိုက်ရိုက် တိုက်ခိုက်ချေမှုန်းနိုင်တဲ့နည်းတွေနဲ့ နှိမ်နင်းလို့မရရင် ဝင်ကူလာတဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်ချေမှုန်းပြီးတာနဲ့ နောက်ဆုတ် အနားယူဖို့ ဖြစ်ပါတယ်။ ရန်သူ့စစ်ကြောင်းက အားကြီးမားပြီး မိမိက အားချိနဲ့နေရင် ရှေ့တိုက်ကင်းကို ချေမှုန်းပစ်ဖို့ အာရုံစိုက်ကြရမယ်။ မျှော်မှန်းခဲ့တဲ့အဖြေ ဘယ်သို့ပင် ရှိစေ ဒီနည်းပရိယာယ်ကိုတော့ အထူးဂရုပြုရွေးကြရမှာဖြစ်တယ်။ ရှေ့တိုက်ကင်း ထွက်လည်းပဲ ဦးဆောင်လမ်းပြစစ်သား၊ အကြပ် စသူတွေကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခံရပြီး ရန်သူစစ်သားတွေကြားမှာလည်း ရှေ့တိုက်ကင်းသမားတွေ တယောက်ပြီးတယောက် သေပြီးရင်းသေရင်း ဖြစ်နေတယ်ဆိုတာ သတင်းပျံ့နှံ့သွား ခဲ့ရင် ဒီတာဝန်ယူဖို့ ဝန်လေးကြောက်ရွံ့သွားမှာ ဖြစ်ပြီး ဒီအရာကား တပ်တွင်း ပုန်ကန်တဲ့အထိ ကျယ်ပြန့်သွားနိုင်တယ်။ ဒါကြောင့် အဲဒီကင်းအဖွဲ့ကို မလွတ်တမ်း တိုက်ခိုက်သင့်ပါတယ်။ ရန်သူစစ်ကြောင်းရဲ့ တည်နေရာတွေကိုလည်း တိုက်ခိုက်ခဲ့ရင်တောင် အဲဒီရှေ့ပြေးကင်းအဖွဲ့ကိုတော့ မလွတ်တမ်း တိုက်ခိုက်ဖို့သင့်ပါတယ်။
ပြောက်ကျားရဲဘော်တယောက်အနေနဲ့ အခက်အခဲမရှိလှဘဲ အဆင်ပြေပြေနဲ့
သူ့ရဲ့လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်နိုင်ဖို့ ဒါ့အပြင် ပတ်ဝန်းကျင်ဒေသ အခြေအနေနဲ့ လိုက်လျောညီတွေနေနိုင်ဖို့ သူ့ရဲ့အသုံးအဆောင် ပစ္စည်းတွေအပေါ် မူတည်ပါတယ်။ အဖွဲ့ငယ်တွေဖွဲ့ပြီး အခြားရဲဘော်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့တိုင် သူ့မှာ တဦးချင်းစီ သီးခြားလက္ခဏာတွေလည်း ရှိပါတယ်။ သူ့ရဲ့ကျောပိုးအိတ်ထဲမှာ ပုခက်၊ မိုးကာစောင် စသည်တို့အပြင် တယောက်တည်းလည်းနေ ရတဲ့ အချိန် အခိုက်အတန့်တွေမှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့အရာမှန်သမျှ ပါဝင်ရမယ်။ ပစ္စည်းစာရင်းထဲမှာ မိုးများပြီး အေးမြသောရာသီဥတုနဲ့ ရန်သူရဲ့
အနှောက်အယှက်ခံရမှုတွေ ကြုံတွေ့ရမှာဖြစ်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဒေသမျိုးမှာ စစ်ပွဲအစကာလပိုင်း တိုက်ပွဲဝင်နေရတဲ့ ပြောက်ကျားရဲဘော်အတွက် သယ်သွားသင့်တာကို အဓိကရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျူးဘားတော်လှန်စစ်ရဲ့ အစဦးပိုင်းကာလ ကျနော်တို့ ကိုယ်တွေ့ကြုံခဲ့ရတာတွေကို ပြန်လည်ဖောက်သည်ချနေတာ ဖြစ်ပါတယ်။
ပြောက်ကျားတယောက်အတွက် လိုအပ်တဲ့ပစ္စည်းစာရင်းကို နှစ်ပိုင်းခွဲလို့ ရပါတယ်။ အခြေခံနဲ့ အရံရယ်လို့ဖြစ်ပါတယ်။ ပထမဦးစားပေးကတော့ ပုခက်ပါပဲ။ ကောင်းစွာအနားယူနိုင်တယ်။ ပုခက်ကို တွဲလောင်းချည်ထားဖို့ မခက်လှပါ။ မြေကြီးပေါ် အိပ်ရတဲ့အခါလည်း အိပ်ယာခင်းလို အသုံးချနိုင်ပါတယ်။ မိုးရွာနေတဲ့အခါဖြစ်ဖြစ်၊ မြေကြီးစွတ်စိုနေတာမှာဖြစ်ဖြစ် ပုခက်နဲ့မအိပ်လို့မဖြစ်ဘူး။ ဒီလိုအဖြစ်မျိုးကလည်း အပူပိုင်းဒေသ တောတောင်ထူထပ်တဲ့နေရာတွေမှာ မကြာမကြာကြုံတွေ့ရနိုင်တယ်။ မိုးရေကာ နိုင်လွန်အစ (ဝါ) ပလတ်စတစ် အစကို အပေါ်ကနေ မိုးအုပ်ထားနိုင်တယ်။ နိုင်လွန်အစကိုလည်း ဒေါင့် ၄ ဒေါင့်ကနေ ကြိုးနဲ့ဆွဲချိက်လိုက်ရင် ပုခက်ကို ဖုံးအုပ်ထားနိုင်ရမှာဖြစ်ပြီး ပုခက်ကို တွဲလောင်းချည်ထားတဲ့ သစ်ပင်နှစ်ပင် ကြိုးတလျှောက်ကို နိုင်လွန်စ အလယ်ခေါင်ဖြတ်လို့ ဆက်ချည်နှောင်ထားရင် ယာယီတဲကလေးလို ခေါင်မိုးစောက်နဲ့ဖြစ်ပြီး မိုးရေမတင်တော့ဘဲ ရေဆင်းကောင်းမှာဖြစ်တယ်။ (ပုံမှာ ကြည့်နိုင်ပါတယ်။) ခြုံစောင်တထည်စီလည်း မဖြစ်မနေလိုအပ်ပါတယ်။ ညဘက်တွေမှာ
တောင်ပေါ်တွင် ခိုက်ခိုက်တုန် ချမ်းလှပါတယ်။ အပူအအေး လွန်ကဲစွာ ပြောင်းလဲမှုဒဏ်ကို ခံနိုင်စေဖို့ ဂျာကင်အင်္ကျီ (ဝါ) ကုတ်အင်္ကျီလို အပေါ်ရုံတခုနဲ့ အဝတ်အစားမျိုးလည်း သယ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အဝတ်အစားအတွက် ယူနီဖောင်းဖြစ်ချင်ဖြစ်မယ်။ မဖြစ်လည်း အလုပ်ကြမ်းလုပ်နိုင်တဲ့ ဘောင်းဘီတို့ အင်္ကျီရှည်ဖြစ်ဖို့ လိုအပ်တယ်။ ဖိနပ်တွေကတော့ အမျိုးအစားကောင်းဖို့လိုပြီး
ဖိနပ်ကောင်းကောင်းမရှိဘဲ ခရီးရှည်သွားလာရန် မဖြစ်နိုင်။ ဒါကြောင့် အရံသိမ်းဆည်းသိုလှောင်ထားသင့်တဲ့ ပထမဦးစားပေး အမျိုးအစားများထဲမှ တခုဖြစ်တယ်။
(ပုံစာ - ဤပုံကို ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်မှ ကူးယူထားခြင်းဖြစ်ပါသည်။)
မိမိ၏နေအိမ်ကို ကျောမှာသယ်ပိုးထားရတာကြောင့် ကျောပိုးအိတ်မှာ အရေးကြီးလှတယ်။ ရှေးဦးကျတဲ့ပုံစံတွေမှာ ကြိုးနှစ်ချောင်းပါတယ်။ မည်သည့်အိတ်မျိုးမဆို ကျောပိုးအိတ်ချုပ်လို့ ရတယ်။ ကင်းဗတ်ပိတ်စ ဈေးမှာ ဝယ်ယူရရှိနိုင်တယ် (ဝါ) ပြုပြင်ထုတ်လုပ်သူဆီက ရနိုင်တဲ့ အဲဒီအစမျိုးနဲ့ ချုပ်လုပ်ရင် ပိုကောင်းတယ်။ မိမိအဖွဲ့အတွက် စခန်းတွင်း သယ်ဆောင်စားသုံးမယ့် ရိက္ခာများအပြင် တကိုယ်ရည်တကာယအတွက် အစားအသောက်အချို့လည်း သယ်ဆောင်သွား သင့်တယ်။ မရှိမဖြစ် ပါသင့်သည်မှာ ဝက်ဆီ (ဝါ) နှမ်းဆီဖြစ်တယ်။ အဆီဓာတ်မှာ ကိုယ်ခန္ဓာအတွက် အပူဓာတ်နှင့် ခွန်အားတို့ကို ဖြစ်ပေါ်စေတယ်။ ချက်ပြုတ်ဖို့ ရိက္ခာမများတဲ့အခါ စည်သွတ်ဘူးတွေကို အသုံးပြုနိုင်တယ်။ စည်သွတ်ဘူးများ ပိုလျှံနေလို့ ခရီးသွားလာမှု နှောင့်နှေးစေလျှင်လည်း ယင်းတို့ကို စားသောက်ပစ်ရမယ်။ ငါးခြောက်၊ ငါးဆားနယ်များမှာလည်း အာဟာရတန်ဖိုး များလှပါတယ်။ အာဟာရ ပြည့်ဝတဲ့ နို့ဆီဘူးများမှာ သကြားများစွာ ပါဝင်တာကြောင့် သင့်တော်တယ်။ အရသာရှိတဲ့ သကြားလုံးတွေနဲ့ နို့မှုန့်၊ သကြား၊ ဆား စသည်တို့လည်း ပါသွား သင့်တယ်။ ဒါတွေမပါဝင်ဘဲ ပြောက်ကျားဘဝဟာ ငြီးငွေ့စရာ အထီးကျန်ဖြစ်မယ်။ ကြက်သွန်ဖြူ၊ နီ အစရှိတဲ့ ဟင်းခပ်အမွှေးအကြိုင်တွေလည်း အနည်းအပါးစီ ပါသွားသင့်တယ်။ ဒါတွေဟာ သက်ဆိုင်ရာနိုင်ငံတနိုင်ငံရဲ့ စားသောက်နေထိုင်တဲ့ အလေ့အထနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်ပြီး မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းစာရင်းလည်း ဖြစ်တယ်။
ပြောက်ကျားရဲဘော်အနေနဲ့ ပန်းကန်ပြား၊ ဒါးတချောင်းနှင့် ခက်ရင်းအချို့လည်း ပါသွားသင့်တယ်။ သူ့နေရာနဲ့သူ အသုံးချသွားနိုင်တယ်။ ပန်းကန်ပြားဆိုရာမှာ စစ်သုံး (ဝါ) စခန်းချနေထိုင်ရာတွင် အသုံးပြုကြတဲ့ အမျိုးအစား (ဝါ) အသားငါး စသည်မှ အာလူးအထိ ချက်ပြုတ်နိုင်တဲ့ ပန်းကန်ကဲ့သို့ပစ္စည်းများ (ဝါ) ကော်ဖီ (ဝါ) လက်ဖက်ရည်ကျိုချက် အသုံးပြုနိုင်တဲ့ ဟန်းကောလို ခွက်တွေဖြစ်တယ်။
ရိုင်ဖယ်သေနတ်များအတွက် သေနတ်တိုက်ဆီ သီးသန့်လိုပါတယ်။ အခြားသော အထူးဆီသန့်များ မရနိုင်ခဲ့ရင် အပ်ချုပ်စက်ဆီကို အသုံးပြုနိုင်တယ်။ သေနတ်တိုက်တဲ့အခါ သုံးဖို့ အဝတ်စနဲ့ သေနတ်ပြောင်းထဲ ထိုးသွင်းဖို့ သစ်သား သံနဲ့ ပြုလုပ်ထားတဲ့ အတံရှည်တချောင်းလည်း လိုအပ်တယ်။ ကျည်ဆံခဲယမ်း ခါးပတ်တို့မှာ အခြေအနေပေါ်မူတည်၍ အိမ်လုပ် (ဝါ) စီးပွားဖြစ်ရောင်းချတဲ့ အမျိုးအစား ဖြစ်မယ်။ ကျည်တတောင့် မဆုံးရှုံးစေရအောင် ပြုလုပ်ထားတာမျိုးလည်း ဖြစ်သင့်တယ်။ ကျည်ဆံခဲယမ်းဟာ တိုက်ပွဲအတွက် အခြေခံလိုအပ်ချက် ဖြစ်တာကြောင့် ယင်းသာမရှိခဲ့ရင် အရာခပ်သိမ်း အချီးအနှီးသာဖြစ်မယ်။ ဒါကြောင့် ရွှေလို ဂရုစိုက် ထိန်းသိမ်းရမယ်။ ရေမရှိတဲ့နေရာမှာ အသက်ရှင်နေနိုင်ရေးအတွက် ရေဘူးလည်း လိုအပ်တယ်။
ဆေးဝါးများအနက် အသုံးများတဲ့ဆေးဝါးအချို့ သယ်ဆောင်သွားဖို့လိုတယ်။ ဥပမာ ပင်နယ်စလင် (ဝါ) အခြား ပဋိဇီဝဆေးအမျိုးမျိုး၊ ထိုးဆေးထက် သောက်ဆေးကို အဖုံးလုံအောင် ပိတ်ဖို့လိုတယ်။ အဖျားနဲ့ ကိုယ်လက်နာကျင် ကိုက်ခဲမှုအတွက် အက်စပရင် (ဝါ) ဘက်စပရိုဆေးမျိုးနဲ့ ဒေသတွင်း အဖြစ်များတဲ့ရောဂါတွေအတွက် ဆေးဝါးတွေ ပါသွားသင့်တယ်။ ယင်းတို့မှာ ငှက်ဖျားဆေးဝါးများ၊ ဝမ်းလျှောဝမ်းကိုက် ရောဂါအတွက် သင့်တော်မယ့်ဆေးများ (ဥပမာ မက်ထရိုနီတာဇော၊ ဒစ်စင်ကို၊ လိုပရာမိုက်) အခြားသော ကပ်ပါး ပိုးမွှားများအတွက်အတွက် ဆေးဝါးများလည်း ပါဝင်ရမယ်။ မြွေဆိပ်ဖြေဆေး များလည်း ဒေသအလိုက် လိုအပ်လျှင် ရှာဖွေစုဆောင်းရမယ်။ (မှတ်ချက် - မြန်မာနိုင်ငံ အတွက် မြွေဆိပ်ဖြေဆေးဟာ ဘီပီအိုင်မှထုတ်တဲ့ မြွေဆိပ်ဖြေဆေးအမျိုးအစားဟာ အသင့်တော်ဆုံးဖြစ်တယ်။) ခွဲစိတ်ကိရိယာပစ္စည်းတွေပါဆိုရင် ဆေးဝါးစာရင်း ပြည့်စုံပြီ။ ပေါ့ပေါ့တန်တန်ဒဏ်ရာ
အနာတွေအတွက် ကိုယ်ပိုင်သုံးဖို့ ဆေးဝါးအချို့လည်း ယူဆောင်သင့်တယ်။ ဓလေ့ထုံးစံတခုလည်းဖြစ် ပြောက်ကျားဘဝမှာ အလွန်ဇိမ်ရှိလှတဲ့အရာကတော့ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးပေါ့လိပ် (ဝါ) ဆေးတံ စသည်တို့ကို ဖွါရှိုက်ရခြင်းပဲ။ အနားယူ အပန်းဖြေတဲ့အခါ ဆေးလိပ်သောက်ရခြင်းဟာ အထီးကျန် ပြောက်ကျား စစ်သားတွေအတွက် အကောင်းဆုံးအဖော် ဖြစ်ပါတယ်။ ရှားပါး ပြတ်လပ်တဲ့အခါ ဆေးပြင်းလိပ်၊ စီးကရက် အတိုအစတွေမှ ကျန်တဲ့ဆေးတွေကို ဆေးတံနဲ့သောက်လို့ ရတယ်။ မီးခြစ်ဟာလည်း ဆေးလိပ်မီးညှိဖို့တင်မက မီးမွှေးဖို့လည်း အသုံးဝင်တယ်။ မိုးတွင်းအချိန် တောတောင်ထဲမှာ အခက်အခဲတွေ့နိုင်တာကြောင့် မီးခြစ်ဘူးအပြင် ဓာတ်ဆီ (ဝါ) ယနေ့နောက်ဆုံးပေါ် ဓာတ်ငွေ့ရည်ထည့်ထားတဲ့ မီးခြစ်မျိုးလည်း ယူဆောင်သွားသင့်တယ်။ တခုကုန်ရင် ကျန်တခုနဲ့ အလုပ်ဆက်လုပ်သွားနိုင်တယ်။
ဆပ်ပြာတို့ကိုလည်း အဝတ်လျှော်ဖွတ်ရ၊ ကိုယ်လက်သုတ်သင်ရရုံသာမက ပန်းကန်ခွက်ယောက်တွေ ဆေးကြောဖို့အတွက်ပါ သယ်ဆောင်သွားသင့်တယ်။ သို့မဟုတ်က ဝမ်းလျှောဝမ်းကိုက်ရောဂါတွေ ရနိုင်ပြီး အိုးခွက်တွေမှာ ပေရေကျံခဲ့တဲ့ ထမင်းဟင်းကျန်တွေ ပုပ်သိုးပြီး ဝမ်းလျှောဝမ်းနာ ဖြစ်စေနိုင်တယ်။ ဒီလို ပစ္စည်းအသုံးအဆောင်တွေ နဲ့ ပြောက်ကျားရဲဘော်တွေအဖို့ ဘယ်လောက်ဆိုးဝါးတဲ့ အခြေအနေမှာပဲဖြစ်စေ တောတောင်ထဲမှာ စိတ်ချလက်ချနေနိုင်တယ်။ အခြေအနေကို မိမိက စိုးမိုးချယ်လှယ်နိုင်တဲ့ အချိန်ကာလအထိ ကြာဖို့လိုသလောက် ကြာကြာ နေနိုင်တယ်။
တခါတလေအသုံးဝင်တဲ့ အထောက်အကူပစ္စည်းတချို့နဲ့ ၊ ဒုက္ခပေးတတ်ပေမယ့် အသုံးကျတဲ့ ကျန်ပစ္စည်းအချို့လည်း ရှိပါတယ်။ သံလိုက်အိမ်မြောင်ဟာ အဲဒီထဲက တခုပါပဲ။ အစပိုင်းမှာတော့ အရပ်လေးမျက်နှာ သိဖို့ဖြစ်ပြီး နေသားတကျဖြစ်ကာ ဒေသကျွမ်းလာပြီး တစတစနှင့် မလိုအပ်တော့ဘဲ အပိုဖြစ်လာတယ်။ တောင်ထူထပ်တဲ့နေရာတွေမှာ အိမ်မြောင်ဟာ အသုံးမဝင်လှပါ။ အိမ်မြှောင်ညွှန်တဲ့ အရပ်ဟာ တခါတခါ လုံးဝဖြတ်သန်းဖို့မဖြစ်နိုင်တဲ့ အခက်အခဲအတားအဆီးတွေ ဖြစ်နေတတ်တယ်။
အခြား အသုံးကျတဲ့ပစ္စည်းတမျိုးဟာ နိုင်လွန်စ (ဝါ) ပလက်စတစ်စ အပိုတခုဖြစ်ပြီး မိုးရွာတဲ့အခါ ပစ္စည်းတွေကို ဖုံးအုပ်ထားနိုင်တယ်။ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ အပူပိုင်းဒေသနိုင်ငံတွေမှာ လအတော်များများ မပြတ်တမ်း မိုးဆက်တိုက်ရွာနေတတ်တာကြောင့် မိုးရေဟာ ပြောက်ကျား သယ်ဆောင်ထားတဲ့ ပစ္စည်းအသုံးအဆောင်တွေရဲ့ ရန်သူပဲဖြစ်တယ်။ ဒီပစ္စည်းတွေကတော့ အစားအစာ၊ ကျည်ဆံလက်နက်ခဲယမ်းနဲ့ ဆေးဝါးများ၊ စက္ကူနဲ့ အဝတ်အစားများဖြစ်တယ်။
လဲလှယ်ဖို့အတွက် အဝတ်အစားအပို သယ်ဆောင်နိုင်သော်လည်း ဒါဟာ အတွေ့အကြုံ မရင့်ကျက်မှုကိုပြတယ်။ အများအားဖြင့် ဘောင်းဘီအပိုတစုံထက် ပိုမသယ်ဆောင်ပါ။ အောက်ခံဘောင်းဘီတွေ၊ ပုဝါတဘက်တွေ မလိုအပ်တော့ပါ။ ပြေက်ကျားဘဝ လက်တွေ့အတွေ့အကြုံတွေက ဘယ်လိုအင်အားချွေတာနိုင်ပြီး မလိုအပ်တာတွေကို တစတစဖယ်ထုတ်ကာ မရှိမဖြစ်လိုတာလောက်ကိုပဲ သူ့ကျောပိုးအိတ်ထဲမှာ ထည့်ပြီး တနေရာကတနေရာ သယ်ဆောင်သွားလာနိုင်ဖို့ သင်ကြားပေးတယ်။ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာတွေ သယ်ဆောင်သွားခြင်းဖြင့် တကိုယ်ရေသန့်ရှင်းရေးနဲ့ အိုးခွက်ပန်းကန်တွေ ဆေးကြောသုတ်သင်ရာမှာ အသုံးဝင်တယ်။
ပိုလို့သင့်တော်တာက သက်ဆိုင်ရာနိုင်ငံနဲ့ ပတ်သက်တဲ့ သူရဲကောင်း အာဇာနည်တွေ၊ သမိုင်း (ဝါ) စီးပွားရေး ပထဝီဝင်နဲ့ အထွေထွေအကြောင်းအရာတွေ ပါဝင်တဲ့ စာအုပ်အမျိုးမျိုးတို့ဟာ ပြောက်ကျားတို့ကို အသိပညာပေးပြီး ဗဟုသုတ တိုးပွားစေတယ်။ လောင်းကစားခြင်းတွေနဲ့ အခြား မလိုလားဖွယ်ရာ အချိန်ဖြုန်းတီးမှုတွေကိုလည်း ဟန့်တားပေးမှာဖြစ်တယ်။
(ဂ) ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပုံ
ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပုံသေသတ်မှတ်လို့ မရနိုင်ပါ။ စစ်ဆင်ရေးဒေသပေါ် မူတည်လို့ မရေမတွက်နိုင်တဲ့ ကွဲပြားခြားနားမှုတွေ ရှိနိုင်တယ်။ အသေးစိတ် ရှင်းလင်း ဖော်ပြရာမှာ လွယ်ကူအဆင်ပြေအောင် ကျနော်တို့အတွေ့အကြုံအရ ကျယ်ကျယ် ပြန့်ပြန့် ပြန်လည်အသုံးပြုနိုင်ပုံကို တင်ပြလိုပါတယ်။ ဒါပေမယ့် မှတ်သားစရာတခုက လက်နက်ကိုင် တပ်ဖွဲ့တခုရဲ့ ထူးခြားတဲ့ လက္ခဏာရပ်များနဲ့ လိုက်လျောညီထွေ အဆင်ပြေတဲ့ ဖွဲ့စည်းပုံအသစ်တွေလည်း ရှိနိုင်ပါတယ်။
အခက်အခဲပြဿနာကတော့ ပြောက်ကျားတပ်ဖွဲ့တပ်ရင်းတွေ ရဲ့ အရွယ်အစားနဲ့ပတ်သက်လို့ပဲ။ လူအရေအတွက် ကွဲပြားခြားနားမှုနဲ့ တပ်ရင်းဖွဲ့စည်းပုံ ကွဲပြားခြားနားမှုတွေ ရှိနိုင်တယ်ဆိုတာ ကျနော်တို့ ရှင်းပြခဲ့ပြီးပြီ။ တောတောင် ထူထပ်တဲ့ ဒေသမိမိအတွက် လုံခြုံစိတ်ချရမှုရှိပြီး တရံမလပ် ရှောင်ပုန်းနေဖို့လည်း မလို၊ စစ်ဆင်ရေး အခြေခံစခန်း လုပ်နိုင်ဖို့ကလည်း သိပ်မကောင်းလှတဲ့ အခြေအနေမှာရှိတဲ့ ပြောက်ကျား တပ်ဖွဲ့တခုကို စဉ်းစားကြည့်ကြပါစို့။ ဒီလိုနေရာမျိုးမှာ တပ်ဖွဲ့အင်အားဟာ လူ ၁၅၀ ထက် မပိုသင့်။ ဒါတောင် နည်းနည်းများသေးတယ်။ ပိုလို့စံကိုက်ဖြစ်တာကတော့ လူ ၁ဝဝ လောက်ပဲ။ ဒါဆိုရင် စစ်ကြောင်း တကြောင်းဖြစ်ပြီး ကျူးဘားဖွဲ့စည်းပုံမှာတော့ တပ်ရင်းမှူးတယောက် (Commandante) က အုပ်ချုပ်တယ်။ မှတ်သားသင့်သည်မှာ ကျနော်တို့ ကျူးဘားတော်လှန်စစ်ကာလတွင် တပ်ကြပ်နှင့်တပ်ကြပ်ကြီးရာထူးများကို ချန်လှပ်ထားခဲ့တယ်။ အဘယ်ကြောင့်ဆိုသော် ယင်းရာထူးနေရာများဟာ ပြည်သူတို့အား ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့သည့် ဘာတစ္စတာ အစိုးရလက်ထက် သတိရစရာ အမှတ်လက္ခဏာများ ပါရှိလို့ဖြစ်တယ်။ (ဘာတစ္စတာဟာ တပ်ကြပ်ကြီးများ ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးက ဂါရာဒို မာချာဒို အစိုးရအား သက္ကရာဇ် ၁၉၃၃ ခုတွင် တော်လှန်ပုန်ကန်မှုပြီးနောက် ပထမဆုံး အာဏာ ရလာခဲ့သူဖြစ်သည်။)
အခြေခံတပ်ရင်းမှူးက လူ ၁၀၀ နှင့် ၁၅ဝ ပါ တပ်ဖွဲ့ကို ကွပ်ကဲတယ်။ လူ ၃ဝ မှ ၄၀ ကို တပ်စုများဖွဲ့ကာ တပ်စုမှူး ဗိုလ်ကြီးများက အုပ်ချုပ်တယ်။ တပ်စုမှူး ဗိုလ်ကြီးက ယင်းတပ်စုအား ညွှန်ကြားအုပ်ချုပ်ရန်နှင့် စုစည်းရန် တာဝန်ရှိတယ်။
တိုက်ပွဲတွေမှာ တစုတဖွဲ့အနေနဲ့ အမြဲတမ်းလို ပါဝင်တိုက်ခိုက်ရမှာဖြစ်ပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေ ဖြန့်ကျက်နေရာချထားရေးနဲ့ အထွေထွေဖွဲ့စည်း တည်ဆောက်ရေး တာဝန်တွေကိုလည်း ယူရတယ်။ ပြောက်ကျားစစ်မှာ အရင်းခံ အကျဆုံးဟာ တပ်စိတ်ပဲဖြစ်တယ်။ တပ်စိတ်တစိတ်မှာ လူ ၈ ယောက်မှ ၁၂ ယောက်ဖြစ်ပြီး ဗိုလ်တဦးက အုပ်ချုပ်တယ်။ သူ့တပ်ဖွဲ့တာဝန်တွေကို ဗိုလ်ကြီးကဲ့သို့ တာဝန်ယူထမ်းဆောင်ရတယ်။ ဗိုလ်ကြီးထံကိုလည်း မပြတ်သတင်းပို့ အစီရင်ခံရမှာဖြစ်တယ်။
ပြောက်ကျားတပ်ဖွဲ့ရဲ့ စစ်မြေပြင်အနေအထားအရ အဖွဲ့ငယ်တွေခွဲပြီး တိုက်ခိုက်ရတာဖြစ်လို့ တပ်စိတ်လှုပ်ရှားမှုဟာ တကယ့်အခြေခံပဲဖြစ်တယ်။ ၈ ယောက်မှ ၁၀ ယောက် အခြေခံအဖွဲ့တခုအနေနဲ့ ဒီအခြေအနေတွေမှာ လှုပ်ရှားတိုက်ခိုက်နိုင်တဲ့ လူအရေအတွက်ဖြစ်ပြီး တပ်စုမှူးဗိုလ်ကြီးနဲ့အတူ တွဲပြီး တိုက်ခိုက်နေသည် မှန်သော်လည်း အခါအားလျော်စွာ ခွဲခွါသွားကာ မိမိတပ်စိတ်မှူးရဲ့ အမိန့်အတိုင်း တိုက်ခိုက်ရတဲ့ ခြွင်းချက်တွေတော့ ရှိတတ်ပါတယ်။ တပ်စိတ်ကိုတော့ ထပ်မံပြီး လူမခွဲသင့်။ တိုက်ပွဲမရှိတဲ့ ကာလတွေမှာလည်း ဖြန့်ကျက်မနေစေသင့်ပါ။ တပ်ဖွဲ့ခေါင်းဆောင်တယောက် ကျဆုံးတဲ့အခါ ဘယ်သူက ခေါင်းဆောင်တာဝန် ယူမှာကို တပ်စိတ်၊ တပ်စုတိုင်းက သိရှိထားရမယ်။ တာဝန်သစ်ကို ထမ်းဆောင်ရမယ့် ဒီရဲဘော်တွေကိုလည်း ကောင်းမွန်စွာသင်တန်းတွေပေးရမယ်။
တပ်ဖွဲ့အတွက် အခြေခံပြဿနာဟာ စားနပ်ရိက္ခာပဲဖြစ်တယ်။ ရိက္ခာခွဲဝေရာမှာ နောက်ဆုံးလူမှ ခေါင်းဆောင်အထိ တဦးစီတိုင်းကို တူညီစွာ ခွဲဝေရမှာဖြစ်တယ်။ ဒီကိစ္စဟာ အရေးကြီးတယ်။ စားနပ်ရိက္ခာ ကြာရှည်စွာ နည်းပါးချို့တဲ့ မှုကြောင့်သာမက အစားအသောက်ဟာ နေ့စဉ်လုပ်နေကျအရာ ဖြစ်တယ်။ တရားမျှတမှု လိုလားကြတာဖြစ်တဲ့အတွက်ကြောင့် တပ်ဖွဲ့ဝင်တွေဟာ ရိက္ခာဝေတာကအစ ဂရုတစိုက်ကြည့်ရှုနေမှာဖြစ်တယ်။ ဘယ်သူတဦးတယောက်ကိုမှ မျက်နှာသာမပေးရ။ ပေးတာကိုလည်း ခွင့်မပြုရ။ တပ်ရင်းတရင်းလုံး အတူစားသောက်ကြတဲ့အခါမှာ စနစ်တကျ စုစည်းဝေငှပြီး စည်းကမ်းလိုက်နာစေကာ ရဲဘော်တယောက်စီတိုင်း ရရှိတဲ့ အစားအစာပမာဏနဲ့ ကောင်းမကောင်းကို ဂရုတစိုက် စစ်ဆေးပေးသင့်တယ်။
အဝတ်အစား ဝေငှတဲ့အခါ ပြဿနာဟာ မတူတော့ပါ။ ဘာကြောင့်လဲဆိုရင် လူတဦးစီ သုံးရမယ့်အရာတွေဖြစ်လို့ပဲ။ စဉ်းစားစရာ ၂ ချက် ပေါ်လာတယ်။ ပထမတချက်က အမှန်တကယ်လိုအပ်လို့ တောင်းဆိုသူ - ရှိနေတဲ့ပစ္စည်းထက် တောင်းဆိုသူ ပိုများနေတတ်တာရယ်နောက်တချက်က တောင်းဆိုသူရဲဘော်ရဲ့ စစ်မှုထမ်းသက်နဲ့ သူ့ခံစားပိုင်ခွင့်ပဲဖြစ်တယ်။ စစ်မှုထမ်းသက်နဲ့ သူ့ရဲ့ခံစားပိုင်ခွင့်ကို အတိအကျသတ်မှတ်ဖို့ရာမှာ အလွန်ခက်ခဲတာတွေဖြစ်တယ်။ တပ်မှူးရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရဲဘော်တယောက်ကို တာဝန်သီးခြားပေးပြီး ယင်းအချက်တွေကို အထူးမှတ်တမ်းစာအုပ်မှာ မှတ်သားထားသင့်တယ်။ လူတဦးချင်းစီအတွက် အသုံးချရမှာဖြစ်တဲ့ပစ္စည်းတွေရတဲ့အခါမှာလည်း ဒီအတိုင်းပဲ ဝေမျှရမှာဖြစ်တယ်။ စီးကရက်နဲ့ ဆေးလိပ်တွေကိုတော့ အားလုံးအတွက် အညီအမျှဝေပေးတဲ့စနစ်နဲ့ ဝေရမယ်။
ခွဲဝေရေးတာဝန်ကို သီးခြားသတ်မှတ်လို့ တာဝန်ပေးရမှာဖြစ်ပြီး ထိုတာဝန်ပေးခံရသူကို တပ်မှူးနဲ့တိုက်ရိုက် တွဲဖက်ပေးထားရမှာဖြစ်ပါတယ်။ တပ်မှူးဗဟိုရုံးအဖွဲ့က အလွန်အရေးကြီးတဲ့ ကွပ်ကဲအုပ်ချုပ်ရေးလုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်ပြီး အခြား လိုအပ်တဲ့ အထူးလုပ်ငန်း တာဝန်တွေကိုလည်း လုပ်ဆောင်ကြရမှာဖြစ်တယ်။ ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ထဲမှာ ဉာဏ်ပညာထူးချွန်သူ အရာရှိတွေ ပါဝင်ရမယ်။ ကွပ်ကဲရေးအဖွဲ့နဲ့ တွဲဖက်ထားတဲ့ ရဲဘော်တွေကလည်း သတိမပြတ်ရှိနေရမှာဖြစ်ပြီး တော်လှန်ရေးအပေါ်မှာ အမြင့်မားဆုံး သစ္စာစောင့်သိသူတွေလည်း ဖြစ်ရမယ်။ သူတို့ရဲ့ ထမ်းရွက်ရတဲ့ တာဝန်တွေဟာ အခြားသောတပ်ဖွဲ့ဝင်တွေထက် ကြီးလေးလှလို့ပဲဖြစ်တယ်။ မည်သို့ဆိုစေ အစာစားသောက်ကြတဲ့အခါတော့ အခွင့်ထူးမခံစားကြရဘဲ လက်ရေတပြင်တည်း စားကြရမယ်။
ပြောက်ကျားရဲဘော်တယောက်ဟာ သူ့ရဲ့ကျောကုန်းမှာ ပစ္စည်းစုံစုံလင်လင် သယ်ထားပြီးပြီမို့ တပ်ဖွဲ့တခုလုံးအတွက် အသုံးပြုရမယ့် လိုအပ်တဲ့ပစ္စည်းတွေကို တပ်ဖွဲ့အတွင်း ညီညီမျှမျှခွဲဝေ သယ်ပိုးကြရမယ်။ လုပ်နည်းတခုကတော့ သယ်ပိုးကြရမယ့် တပ်ဖွဲ့တခုလုံးဆိုင်ရာ ဆေးဝါးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ အဝတ်အစားနဲ့ အခြားပစ္စည်းတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လေးလံတဲ့၊ လက်နက်ကြီးတွေကို တပ်စုအလိုက် အညီအမျှ ခွဲဝေတာဝန်ပေးခြင်းနဲ့ ဒီပစ္စည်းတွေ ထိန်းသိမ်းစောင့်ရှောက်ရေးကိုပါ တာဝန်တွေ အသီးသီးယူကြရမယ်။ တပ်စုမှူး ဗိုလ်ကြီးတွေက တပ်စိတ်အလိုက် ထပ်ပြီးခွဲပြီးတာဝန်ပေး၊ တပ်စိတ်မှူးဗိုလ်က ထပ်ဆင့်ပြီး တပ်ဖွဲ့ဝင်တွေကို အညီအမျှ သယ်ပိုးခိုင်းရမှာဖြစ်ပါတယ်။
နောက်ဖြေရှင်းရန်တချက်ကတော့ လက်နက်မတပ်ဆင်ရသေးတဲ့ တပ်ဖွဲ့ဝင်တွေကို စုစည်းပြီး အထူးသယ်ယူပို့ဆောင်ရေးတပ်စိတ် (ဝါ) တပ်စု သီးသန့်ဖွဲ့လို့ သယ်ပို့လုပ်ဆောင်စေတာပဲဖြစ်ပါတယ်။ ဒီနည်းဟာ များစွာ ထိရောက်လှပါတယ်။ ရဲဘော်စစ်သားအတွက် ကျည်ဆံနဲ့ ရိုင်ဖယ်သေနတ်တွေကလွဲလို့ ကျန်တဲ့အထုပ်အပိုး သယ်စရာမလိုတော့ဘူး။ ပစ္စည်းဆုံးရှုံး ပျောက်ပျက်မှုတွေလည်း နည်းသွားတယ်။
(ပီဒီအက်ဖ် စာမျက်နှာ ၃၉ - ၆၅)
စာရိုက် - ငနော့
Comments
Post a Comment