ပြောက်ကျားစစ် အပိုင်း ၄ ◼ ချေဂွေဗားရား
ပြောက်ကျားစစ် (အပိုင်း ၄)
ချေဂွေဗားရား
ဘာသာပြန်
ရဲဘော်ဆလိုင်းပါကျင်
ရဲဘော်ဇော်ထွန်း
အခန်း ၃
ပြောက်ကျားတပ်မတော် ဖွဲ့စည်းပုံ
(က) ထောက်ပံ့ရေး
ပြောက်ကျားတပ်ဖွဲ့အတွက် အရေးကြီးတဲ့ အခြေခံအချက်ကတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ထောက်ပံ့ရေးစနစ်ပဲ ဖြစ်ပါတယ်။ မြေကြီးနဲ့ဆက်စပ်နေတဲ့ လူတစုအဖို့ မြေကြီးက သီးပွင့်လာတာတွေကို စားသုံးပြီး ရှင်သန်လှုပ်ရှားရမှာ ဖြစ်တယ်။ တပြိုင်နက်တည်းမှာ စားနပ်ရိက္ခာကို ထောက်ပံ့နေတဲ့ လယ်ယာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ကြသလားဆိုတာကို သတိထား လေ့လာနေကြရမယ်။ ခက်ခဲကြမ်းတမ်းတဲ့ ပြောက်ကျားစစ်ရဲ့ အထူးသဖြင့် အစဦးပိုင်းကာလတွေမှာ ပြောက်ကျားတပ်ဖွဲ့အတွက် ရိက္ခာထုတ်လုပ်ဖို့ မိမိရဲ့အင်အားတွေကို ပုံအော မသုံးနိုင်သေးဘူး။ ရန်သူကလည်း ရိက္ခာတွေကို အလွယ်တကူရှာဖွေတွေ့ရှိပြီး ဖျက်ဆီးပစ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ရန်သူရဲ့စစ်ကြောင်းတွေက လုံးဝထိုးဖောက်ဝင်ရောက်နိုင်တဲ့ဒေသ ဖြစ်နေသေးလို့ပဲ။ ထောက်ပံ့မှုဟာ ပထမအစပိုင်းမှာ အတွင်းပိုင်းကအမြဲဖြစ်လာရမယ်။
ပြောက်ကျားလှုပ်ရှားမှု ကြီးမားလာတာနဲ့အမျှ ရိက္ခာထောက်ပံ့မှုကို တိုက်ပွဲဒေသအပြင်ဖက်က တင်သွင်းဖို့ စီစဉ်ရမယ်။ လယ်သမားတွေမှာ ရှိနေတဲ့ ထောက်ပံ့တာလောက်နဲ့လည်း တပ်ဖွဲ့တွေ စားသောက်နေထိုင်ကြရမယ်။ တစုံတခုဝယ်ဖို့ တခါတရံမှာ ဈေးဆိုင်တခုတလေဆီ သွားရောက်နိုင်မှာဖြစ်ပေမယ့် ထောက်ပံ့ရေး လမ်းကြောင်းများ ထူထောင်ဖို့ မဖြစ်နိုင်ပေ။ ယင်းသို့ထူထောင်ရန် နယ်မြေမရှိသေးဘဲဖြစ်ကာ ထောက်ပံ့ရေးလမ်းကြောင်းနှင့် စားနပ်ရိက္ခာများကို သိုလှောင်ထားရေးတို့မှာ ပြောက်ကျားစစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေတယ်။
ကနဦး လုပ်ဆောင်ရမည်မှာ ဒေသခံပြည်သူတို့၏ အကြွင်းမဲ့ယုံကြည်ကိုးစားမှု ရရေးပင်ဖြစ်တယ်။ ယင်းတို့၏ပြဿနာများအပေါ် စိတ်ဝင်စားမှုရှိခြင်း၊ ကူညီစောင့်ရှောက်ခြင်းနှင့် တိမ်းစောင်းလွဲချော်မှုများမဖြစ်ရအောင် ဦးတည့်မတ်ပေးသည့်အစီအစဉ်များ မပြတ်မလပ်ချမှတ်ထားရှိရန် လိုအပ်တယ်။ လယ်သမားတို့ရဲ့အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ လယ်သမားတို့အား အကြပ်အတည်းကာလအတွင်း အခွင့်ကောင်းယူကာ
ဖိအားပေးနှောက်ယှက်ခြင်း၊ လယ်သမားပိုင်ပစ္စည်းများကို သိမ်းယူခြင်း၊ ယင်းတို့၏ စပါးသီးနှံများအား လုယက်သိမ်းယူခြင်း စသည်တို့ကို ကျူးလွန်သူအားလုံးအား ပြစ်ဒဏ်စီရင်ခြင်း စသည်တို့ဖြင့်သာ အားကိုးမှုကို ရယူနိုင်မယ်။ တပြိုင်နက်တည်းမှာ နူးညံ့သိမ်မွေ့စွာ ဆက်ဆံမှုတို့ ပေါင်းစပ်ကျင့်သုံးသွားရမယ်။ တော်လှန်ရေးအပေါ်မှာ ရိုးသားစွာ ထောက်ခံသူများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံရေး၊ တော်လှန်ရေးကို ဆန့်ကျင်တိုက်ခိုက်သူများ၊ ရန်သူသတင်းပေးများ၊ သဘောထား ကွဲလွဲမှုများပေါ်ပေါက်လာစေရန် မွှေနှောက်ခလောက်ဆန်သူများကို တော့ ပြတ်သားစွာ ဆက်ဆံရမယ်။
တစတစဆိုသလို ဒေသတွင်းရှင်းလင်းပြီးနောက် လုပ်ငန်းဆောင်ရွက်မှု ပိုမိုလွယ်ကူအဆင်ပြေလာမယ်။ လိုက်နာရမည့် အခြေခံစည်းကမ်းချက်တခုမှာ မိတ်ဆွေတဦးထံမှ ယူငင်သော ကုန်ပစ္စည်းများအတွက် တန်ရာတန်ဖိုး ပေးဆောင်ခြင်း ဖြစ်တယ်။ ဤကုန်ပစ္စည်းများမှာ စပါးသီးနှံများ (ဝါ) အခြားစီးပွားဖြစ် ထုတ်လုပ်သည့် လုပ်ငန်းများမှ လူသုံးကုန်ပစ္စည်းများဖြစ်တယ်။ ကြိမ်ဖန်များစွာ အလှူသဘောထည့်ဝင်ကြမှာဖြစ်သော်လည်း လယ်သမားတို့၏ စီးပွားရေး အခြေအနေက ထိုသို့လှူဒါန်းမှုများကို ခွင့်မပြုလောက်အောင် ဆိုးဝါးနေနိုင်တယ်။
တိုက်ပွဲကာလအတွင်း လိုအပ်သည်များကို ငွေကြေးပေးဆောင်စရာမရှိဘဲ ကုန်စုံဆိုင်များမှ ယူငင်စားသုံးရသည့်အခါများလည်း ရှိပေမယ်။ ထိုအခါမျိုးတွင် ကုန်သည်များအား မိမိအကြွေးယူထားသည့် ငွေပမာဏအား တချိန်ချိန်တွင် ပြန်လည်ပေးဆပ်မည်ဟု ရှေ့ပိုင်းတွင်ဖော်ပြထားသကဲ့သို့ (မျှော်တလင့်လင့် စာချုပ်များ) ကတိဝန်ခံချက်ပါ စာချုပ်လက်ခံတခု ရေးထိုးပေးထားသင့်တယ်။ ဤနည်းနာကို လွတ်မြောက်နယ်မြေပြင်ပရှိ ပြည်သူတို့နှင့်ဆက်ဆံရာတွင်သာ အသုံးချသင့်တယ်။ ငွေပေးချေနိုင်တာနဲ့တပြိုင်နက် အားလုံး (ဝါ) တစိတ်တပိုင်းကို ပေးချေရမယ်။ ရန်သူစစ်တပ်၏လွှမ်းမိုးမှုမှ ထာဝရကင်းလွတ်လာသည့် ဒေသတခုကို ထူထောင်ထိန်းသိမ်းထားနိုင်လောက်အောင် အခြေအနေများ တိုးတက်ကောင်းမွန်လာသည့်အခါ စုပေါင်းထွန်ယက် စိုက်ပျိုးခြင်းများ ပြုလုပ်နိုင်ကြပြီး လယ်သမားများက ပြောက်ကျားတပ်ဖွဲ့ အကျိုးအတွက် လုပ်ဆောင်ပေးကြမှာဖြစ်တယ်။ ဤနည်းဖြင့်သာ ရိက္ခာလုံလောက်မှု
အဆက်မပြတ်ရရှိနိုင်မှုကို အာမခံနိုင်မှာဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့ လက်နက်အရေအတွက်ထက် လူဦးရေက များပြားနေသည့်အခါ ပြောက်ကျားတပ်ဖွဲ့က သူတို့အား လက်နက် မတပ်ဆင်နိုင်သေးမီ၊ ရန်သူ့လက်တွင်းရှိ ဒေသများအတွင်းသို့ ပြန်လည်ဝင်ရောက်ရန်လည်း နိုင်ငံရေးအခြေအနေများက မကောင်းသေးသည့်အခါ
လယ်ယာမြေပေါ်တွင် တိုက်ရိုက်ပါဝင်လုပ်ကိုင်စေနိုင်တယ်။ ယင်းသို့ဖြင့် ရိက္ခာထောက်ပံ့မှု အာမခံချက်ရှိကာ အနာဂတ်တချိန်ချိန်မှာ တိုက်ပွဲဝင် စစ်သည်များအဆင့်သို့ တိုးမြင့်ခံရနိုင်ရေး မျှော်မှန်းနိုင်မည့် အမှုထမ်း မှတ်တမ်းသဖွယ်လည်း ဖြစ်မယ်။ မည်သို့ဖြစ်စေ လယ်သမားများက သူတို့ကိုယ်တိုင် ကောက်ပဲသီးနှံများကို စိုက်ပျိုးသင့်ကြတယ်။ ဒီနည်းဖြင့် အလုပ်ပိုမိုထိရောက်စွာ ပြီးမြောက်ပြီး ကျွမ်းကျင်မှုနှင့် စိတ်ပါလက်ပါရှိမှုတို့ ပိုလာမယ်။ အခြေအနေများ ပိုမိုကောင်းမွန်လာသည့်အခါ သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းသမျှအားလုံးကို ဝယ်ယူရန် အစီအစဉ်များ ပြုလုပ်ကာ ဝယ်ယူခြင်းဖြင့် သူပုန်တပ်ဖွဲ့စားသုံးရန်အတွက် ရိက္ခာသိုလှောင်ရုံများတွင် လည်းကောင်း၊ စပါးကျီများတွင်လည်းကောင်း ထည့်ထားနိုင်မှာဖြစ်တယ်။
လယ်သမားများအား ကုန်စည်ဖြန့်ဖြူးရောင်းချရေး အေဂျင်စီများ ထူထောင်နိုင်သည့်အခါ စားနပ်ရိက္ခာများအားလုံးကို အဖွဲ့အစည်းများက စုဆောင်းဝယ်ယူကြပြီး လယ်သမားများအတွင်း ကုန်ပစ္စည်းချင်းဖလှယ်သည့် ဘာတာစနစ် ထူထောင်ခြင်းဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို လွယ်ကူစေကာ ပြောက်ကျားတပ်ဖွဲ့က ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မယ်။
အခြေအနေများ တိုးတက်လာပါက အခွန်အကောက်များ ကောက်ခံနိုင်မှာ ဖြစ်တယ်။ ယင်းတို့ကို တတ်နိုင်သမျှ လျှော့ကောက်ခံရန်ဖြစ်ပြီး အထူးသဖြင့် နည်းနည်းသာ ထုတ်လုပ်နိုင်သူတို့အတွက် ဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့နှင့် တောင်သူလယ်သမားတို့အကြား ဆက်ဆံမှုတိုင်းကို ဂရုတစိုက်ရှိရန် အရေးကြီးတယ်။ အချို့ကိစ္စများမှာ အခွန်အကောက်ကို ငွေကြေးနဲ့ကောက်ယူနိုင်ပြီး (ဝါ)
ရိတ်သိမ်းပြီးကောက်ပဲသီးနှံမှ တစိတ်တပိုင်းဖြစ်စေ ကောက်ယူနိုင်တယ်။ ဤနည်းဖြင့် စားနပ်ရိက္ခာ တိုးပွားလာမှာဖြစ်တယ်။ အသားမှာလည်း အဓိကလိုအပ်ချက်ဖြစ်တယ်။ ယင်း၏ထုတ်လုပ်မှုနှင့် တာရှည်ခံအောင် ပြုပြင်စီမံခြင်းများ ရှိအပ်တယ်။ မလုံမခြုံရှိနေတဲ့ ဒေသတွေမှာ သူပုန်တပ်ဖွဲ့နှင့် သိသာထင်ရှားသည့်ဆက်စပ်မှု မရှိသေးသည့် တောင်သူလယ်သမားများက မွေးမြူရေးခြံများ ထူထောင်ကြပြီး ကြက် ဆိတ်နဲ့ဝက် စသည်တို့ကို မွေးမြူကာ ယင်းတို့သည် မြေရှင်ကြီးများထံမှ သိမ်းယူထားသည်များ (ဝါ) ဝယ်ယူထားသည့် တိရိစ္ဆာန်များ ဖြစ်တယ်။ စားကျက်နယ်မြေ ကျယ်ဝန်းတဲ့ဒေသများမှာ ကျွဲ နွား တိရိစ္ဆာန်များ အများအပြား
မွေးမြူကြသဖြင့် ယင်းတို့ကိုသတ်ဖြတ်ပြီးနောက် ဆားနယ် (ဝါ) အခြောက်များ ပြုလုပ်ခြင်းဖြင့် တာရှည်ခံအောင် ပြုလုပ်စားသုံးနိုင်တယ်။ ဤနည်းဖြင့် သားရေများလည်းရရှိကာ သားရေနယ်စက်ရုံတခု ထူထောင်၍ (ခေတ်မမီ ရှေးကျချင်လည်းကျမယ်) ဖိနပ်ချုပ်ရန် သားရေများ၊ တော်လှန်တိုက်ပွဲအတွက် အခြေခံအထောက်အကူပစ္စည်းများကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ်။
ယေဘုယျအားဖြင့် လိုအပ်သော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်တယ်။ ဒေသလိုက်၍ အသား၊ ဆား၊ ဟင်းသီးဟင်းရွက်နှင့် ကစီဓာတ်ကြွယ်ဝသော အစားအစာဖြစ်သည့် ဆန်၊ ပြောင်း၊ ဂျုံ၊ အာလူး စသည်များဖြစ်တယ်။ အခြေခံ အစားအစာကို လယ်သမားတို့က အစဉ်လိုလို ထုတ်လုပ်ပေးတယ်။ တောင်များ ထူထပ်သော ဒေသဖြစ်သည့် ကျူးဘားနိုင်ငံ၊ အိုးရီးယင့်ပြည်နယ်မှာ မလန်ဂါ ခေါ် အစားအစာ၊ တောင်များထူထပ်သော ဒေသဖြစ်သည့် မက္ကဆီကို၊ အလယ် အမေရိကတိုက်နှင့် ပီရူးတို့မှာ ပြောင်း၊ ပီရူးနိုင်ငံတွင် အာလူး၊ အခြားသော ဒေသများတွင် (အာဂျင်တီးနား) ကျွဲနွားတိရိစ္ဆာန်၊ အခြားသောဒေသများတွင် ဂျုံ စသည်တို့ဖြစ်တယ်။ တပ်ဖွဲ့အတွက် လိုအပ်သောအခြေခံစားနပ်ရိက္ခာများ မပြတ်လပ်စေရန် စေ့စပ်သေချာစွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး အစားအစာများ ကောင်းမွန်စွာစီမံချက်ပြုတ်နိုင်ရန် အဆီတမျိုးမျိုးလည်း ပါဝင်သင့်တယ်။ ယင်းမှာ တိရိစ္ဆာန် (ဝါ) ဟင်းသီးဟင်းရွက်ဆီများ ဖြစ်တယ်။
ဆားမှာ မဖြစ်မနေလိုအပ်တဲ့ ရိက္ခာတမျိုးလည်းဖြစ်တယ်။ တပ်ဖွဲ့ဟာ ပင်လယ်နှင့်နီးကပ်၍ အဆက်အစပ်ရှိလျှင် နေလှန်းဆားကို ချက်ချင်း ထုတ်လုပ်နိုင်တယ်။ ဤနည်းဖြင့် အရံသိုလှောင်ထားနိုင်ဖို့နဲ့ တပ်ဖွဲ့ဝင်များကို ဖြန့်ဖြူး ထောက်ပံ့နိုင်ဖို့ ဆားထုတ်လုပ်မှုလုပ်ငန်းအချို့ကို စနစ်တကျစီမံနိုင်တယ်။ မှတ်သားရန်မှာ အစားအစာအချို့ကိုသာ ထုတ်လုပ်နိုင်တယ်။ ဤကဲ့သို့သော ခက်ခဲ ကြမ်းတမ်းသည့်ဒေသကို ရန်သူက လာရောက်ဝိုင်းဝန်းပိတ်ဆို့နိုင်ခြင်းဖြစ်လျှင် ဒေသတွင်းသို့ ရိက္ခာပေးပို့မှု အဝင်လမ်းကြောင်းများကို ကြီးစွာထိခိုက်နိုင်တယ်။ လယ်သမားအဖွဲ့အစည်းနှင့် မြို့ပြလူထုအဖွဲ့အစည်းများဖြင့် အဆိုပါ မလွှဲမရှောင်သာ ကြုံတွေ့လာရမည့် အခက်အခဲများကို ကောင်းစွာဖြေရှင်းနိုင်ဖို့လိုတယ်။ အခက်ခဲ အကြမ်းတမ်းဆုံးကာလတွင် ဒေသခံပြည်သူတို့ ဆက်လက်ရှင်သန်နိုင်ရန် အနိမ့်ဆုံး လိုအပ်တဲ့ ရိက္ခာအရံများ အသင့်ရှိနေသင့်ပြီး တာရှည်ခံမည့် အစားအစာ သီးနှံအမျိုး အစားများဖြစ်သည့် ပြောင်း၊ ဂျုံ၊ စပါး စသည့်ရိက္ခာများကို အလုံအလောက် သိုလှောင်ထားနိုင်ဖို့ အလျင်အမြန် စုဆောင်းနိုင်ရေးအတွက် ကြိုးပမ်းသင့်ပြီး ဂျုံမှုန့်၊ ဆား၊ သကြားနှင့် စည်သွတ်အစားအစာ အမျိုးမျိုးတို့လည်း ပါဝင်သင့်တယ်။
ထို့အပြင် လိုအပ်သော မျိုးစေ့များအတွက်လည်း ပြုစုပျိုးထောင်သင့်တယ်။ ဒေသတွင်းရှိ တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာပြဿနာများကို ပြေလည်ဖြေရှင်းပြီး သည့်အခါ အခြားသော ကုန်ပစ္စည်းအများအပြားမှာ လိုအပ်နေဦးမည်သာဖြစ်သည်။ ဖိနပ်အတွက် သားရေများ (အကယ်၍ ဒေသအတွက် ထောက်ပံ့နိုင်မည့် စက်ရုံ မထူထောင်နိုင်သေးလျှင်)၊ အဝတ်အစားအတွက် ချည်၊
ပိတ်စနှင့် အခြားသော အထောက်အကူပစ္စည်းများ၊ စက္ကူနှင့် သတင်းစာ ထုတ်လုပ်မှုအတွက် ပုံနှိပ်စက် (ဝါ) ဒေသလုပ် ပုံနှိပ်ဒလိမ့်လုံး၊ မင်နှင့် အခြား ပုံနှိပ်အသုံးအဆောင်ပစ္စည်းများဖြစ်တယ်။ တနည်းပြောရလျှင် ပြောက်ကျား တပ်ဖွဲ့အား ပိုမိုတိုးချဲ့ဖွဲ့စည်း ထူထောင်လာနိုင်သည်နှင့်အမျှ အဖွဲ့အစည်းလည်း ပိုမိုကျယ်ပြန့် ရှုတ်ထွေးလာကာ ပြင်ပဒေသမှ ပစ္စည်းပစ္စယများ လိုအပ်ချက်မှာ ပိုမိုတိုးများလာလေ ဖြစ်တယ်။ ဤသို့ လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် ဖွဲ့စည်းထူထောင်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ချောမောကောင်းမွန်စွာ လည်ပတ်နေရမှာဖြစ်တယ်။
ဒီအဖွဲ့အစည်းတွေမှာ အခြေခံအားဖြင့် မိတ်ဆွေလယ်သမားများ ပါဝင်ပြီး ဝင်ရိုးအစွန်းနှစ်ဖက် ထားရှိသင့်တယ်။ တစွန်းမှာ ကျေးလက်ပြောက်ကျားဒေသ ဖြစ်ပြီး ကျန်တဖက်စွန်းမှာ မြို့ပြတွင်ဖြစ်တယ်။ ကျေးလက်ပြောက်ကျားဒေသမှ စတင်၍ ဖြန့်ခွဲထွက်သွားသော ဆက်သွယ်ရေးလမ်းကြောင်းများမှာ ဒေသတခုလုံးသို့ အနှံ့အပြားထိုးဖောက်ကာ ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် လမ်းဖွင့်ပေးမှာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ လယ်သမားများက အန္တရာယ်နှင့် ကျင့်သားရသွားပြီး သူတို့ရဲ့ အဖွဲ့ငယ်လေးများဟာ အံ့မခန်းလုပ်ကိုင်နိုင်ကြတယ်။ ပစ္စည်းများကို နေရာအရောက် ဘေးမသီရန်မခဘဲ ပို့ပေးကြတယ်။ ဒီလှုပ်ရှားမှုတွေကို ညဖက်မှာ လား (ဝါ) အခြားတိရစ္ဆာန်များ (ဝါ) ကားဖြင့်လည်းကောင်း လုပ်ကိုင်နိုင်တယ်။ ဒေသပေါ်မူတည်လို့ ပြောင်းလဲလုပ်ကိုင်သွားဖို့ လိုပါတယ်။ ဒီနည်းနဲ့ ရိက္ခာများ ကောင်းစွာစုဆောင်းထားရှိနိုင်မယ်။ ဒီလိုသယ်ယူပို့ဆောင်ရေး
စနစ်ဟာ စစ်ဆင်ရေးနယ်မြေအနီးအနားရှိ ဒေသများမှာဖြစ်တယ်။ ဝေးလံတဲ့အရပ်ဒေသများနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတခု
ထူထောင်ထားရှိဖို့ လိုအပ်တယ်။ အဲဒီအဖွဲ့အစည်းတွေအဖို့ ကုန်ပစ္စည်းဝယ်ယူရန် ငွေကြေးများ ထုတ်လုပ်မှာဖြစ်ပြီး မြို့နယ်များ၊ ပြည်နယ်မြို့များမှာ မထုတ်လုပ်နိုင်တဲ့ ပစ္စည်းများကို ထုတ်လုပ်ကြမှာဖြစ်တယ်။ တော်လှန်ရေးအပေါ် ထောက်ထားစာနာသော အသိုင်းအဝိုင်းများက ယင်းအဖွဲ့အစည်းအတွက် တိုက်ရိုက်ငွေကြေးလှူဒါန်းကြမှာ ဖြစ်ပြီး လျှို့ဝှက်စာချုပ်များနဲ့ လဲလှယ် ပေးအပ်သွားရပါမယ်။ ဒီအတွက် ခန့်အပ်ထာဝန်ပေးထား သူကို ထိန်းသိမ်းချုပ်ကိုင်မှု မပြတ်မလပ်ရှိဖို့ လိုအပ်တယ်။ ကိုယ်ကျင့်တရား ဖောက်ဖျက်ကျူးလွန်သူကို အရေးယူပြစ်ဒဏ်ချမှတ်တာတွေ လုပ်ရမယ်။ ပစ္စည်းဝယ်ယူမှုတွေကို လက်ငင်း ငွေချေစနစ် (ဝါ) စာချုပ်စာတမ်းများနဲ့လည်း ပြုလုပ်နိုင်တယ်။ အထူးသဖြင့် ပြောက်ကျားတပ်ဖွဲ့က စစ်ဆင်ရေးအခြေခံစခန်းများမှ ထွက်လာခဲ့ပြီး ဒေသသစ်တခုကို ထိုးဖောက်တိုက်ခိုက်တဲ့အခါ ဖြစ်ပါတယ်။ ဒီကာလမျိုးမှာ
ဘယ်ကုန်သည်ထံမှမဆို ကုန်ပစ္စည်းတွေကို မယူငင်ဘဲ ရှောင်ရှားလို့မရနိုင်။ ကုန်သည်အနေနဲ့ ပြောက်ကျားတပ်ဖွဲ့နဲ့ ကုန်ပစ္စည်းအတွက် တန်ရာတန်ဖိုးကို ပြန်လည်ပေးချေမှာဖြစ်တာကို ယုံကြည်စိတ်ချရပါမယ်။
ကျေးလက်ဒေသကို ဖြတ်သန်းသယ်ဆောင်သွားတဲ့ ကုန်ပစ္စည်းတွေအတွက် နေ့ဘက်မှာ ခေတ္တခဏ သိုဝှက်ထားဖို့ အိမ်တွေ၊ ကွန်းထောက်စခန်းတွေ၊ ခေတ္တ ခိုနားစရာနေရာတွေ ရှိရမှာဖြစ်ပါတယ်။ ညဘက်ကျမှ ရွှေ့ပြောင်းသယ်ယူကြမယ်။ ဒီ ကြားစခန်းနေရာတွေကို ရိက္ခာသယ်ပို့ရန်အတွက် တိုက်ရိုက်တာဝန်ရှိသူတို့သာ သိရှိသင့်ပြီး သက်ဆိုင်ရာကြားစခန်းတွေမှာလည်း တဦးတလေလောက်ကိုသာ အသိပေးသင့်တယ်။ ဒီလူတွေဟာ အဖွဲ့အစည်းက စိတ်ချယုံကြည်ရဆုံးပုဂ္ဂိုလ်များ ဖြစ်သင့်တယ်။
လားသတ္တဝါဟာ ဒီလုပ်ငန်းအတွက် အသုံးအဝင်ဆုံးဖြစ်တယ်။ မယုံနိုင် လောက်အောင် အပင်ပန်းခံနိုင်ပြီး မတ်စောက်တဲ့ တောင်ကြော တောင်တန်းတွေမှာ သွားလာနိုင်တယ်။ ကီလို ၁၀၀ (ဝါ) ပိဿာ ၆ဝ ခန့်အလေးကို ရက်ပေါင်းများစွာ သယ်သွားနိုင်တယ်။ ၎င်းရဲ့ အစားအစာအတွက် အလွယ်တကူ ရနိုင်တာကြောင့် သယ်ယူပို့ဆောင်ရေးအတွက် စံပြဖြစ်ကာ များစွ အားထားရပါတယ်။ လားတန်းတွေ သွားလာတဲ့အခါ သံခွါအပိုတွေ လုံလောက်စွာ ပါရှိရမှာဖြစ်ပြီး လားထိန်းတွေက ယင်းတိရစ္ဆာန်များသဘာဝကို ကောင်းစွာနားလည်ပြီး ထိန်းသိမ်းစောင့်ရှောက် ကြရပါမယ်။ ဒီနည်းနဲ့ ခြေလေးချောင်းပို့ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီး တပ်ဖွဲ့တွေအတွက် များစွာခရီးရောက်လှပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလိုပဲ ခရီးလမ်း ခက်ခဲကြမ်းတမ်းလှတဲ့ နေရာတွေမှာ လားတန်းများ ဆက်လက်သွားလာရန် မဖြစ်နိုင်တဲ့အခါ ကုန်ပစ္စည်းတွေကို တနေရာရာမှာ ခေတ္တချန်ထားခဲ့ရတတ်တယ်။ ဒီအဖြစ်မျိုး ရှောင်နိုင်ဖို့ တိရစ္ဆာန်တွေအတွက် လမ်းချဲ့ထွင်ပြုပြင်ပေးမယ့် အဖွဲ့တခုလည်း ဖွဲ့စည်းထားရှိသင့်တယ်။ ဒီလို လိုအပ်တဲ့ အခြေအနေတွေကို ပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့ အဖွဲ့အစည်းများ ထူထောင်ထားရှိကာ လယ်သမားများနဲ့ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံလုပ်ကိုင်သွားရင် များစွာ အကျိုးရှိပါတယ်။ တပ်ဖွဲ့တခုလုံးအတွက် ရေရှည်ရိက္ခာထောက်ပံ့ရေးစနစ်ကို အာမခံနိုင်ပြီးဖြစ်ပါတယ်။
(ခ) လူထုအုပ်ချုပ်ရေး
ပြောက်ကျားတပ်ဖွဲ့ရဲ့ လူထုအရေးကိစ္စများကို စီမံခန့်ခွဲပုံမှာ မျက်နှာစာ နှစ်ခုထားရှိပြီး နှစ်ခုစလုံးမှာ အရေးကြီးပါတယ်။ အပြင်မျက်နှာစာနဲ့ အတွင်းမျက်နှာစာ နှစ်ခုလုံးရဲ့ လုပ်ငန်းရပ်များ ကွဲပြားသလို ဝိသေသ လက္ခဏာရပ်များလည်း ကွဲပြားတယ်။ နှစ်ခုစလုံးဟာ ခေါင်းစည်းတခုတည်း အောက်မှာရှိတဲ့ လုပ်ငန်းရပ်များကို လုပ်ဆောင်နေတာဖြစ်တယ်။ အပြင်မျက်နှာစာမှာ စုဆောင်းရရှိနိုင်တာနဲ့ အတွင်းမျက်နှာစာမှာ ရရှိနိုင်တာ မတူညီပါ။ ဝါဒဖြန့်ချိရေး၊ ထောက်ပံ့ရေးတို့မှာလည်း မတူညီကြပါ။ ရှေးဦးစွာ အတွင်းမျက်နှာစာရဲ့ လုပ်ငန်းတွေကို ဖော်ပြလိုပါတယ်။ နှိုင်းယှဉ်ပြီးပြောရရင် လွတ်မြောက်ရေး အင်အားစုတွေက ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေကို အတွင်းမျက်နှာစာလို့ သတ်မှတ်နိုင်ပါတယ်။
ဒီဒေသတွေဟာ ပြောက်ကျားစစ်ပွဲနဲ့ လိုက်လျောညီတွေရှိပြီလို့ ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီလို လိုက်လျောညီတွေ ပြောင်းလဲမှုတွေမရှိခဲ့ရင် ပြောက်ကျား တပ်ဖွဲ့ဟာ တိုက်ပွဲတွေကို တိုးချဲ့နိုင်ရုံသာရှိပြီး အခြေခံဒေသတွေ တည်ဆောက်နိုင်မှာ မဟုတ်။ နေရာအသစ်တွေ သိမ်းပိုက်နိုင်ပေမယ့် လူထုအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်မှာလည်းမဟုတ်။ ရန်သူကလည်း ဒေသတွင်းကို ထိုးဖောက်ဝင်ရောက် နေနိုင်သေးလို့ဖြစ်တယ်။ အတွင်းမျက်နှာစာမှာ လူထုရေးရာများ စီမံခန့်ခွဲရာမှာ ပိုမိုထိရောက်အောင်မြင်ဖို့ လုပ်ငန်းများ သီးခြားစီသတ်မှတ်လုပ်ကိုင်မယ်။ အဖွဲ့အစည်းများ တခုပြီးတခု ဖွဲ့စည်း ထူထောင်သွားဖို့ဖြစ်တယ်။ ယေဘုယျပြောရရင် ဝါဒဖြန့်ချိရေးလုပ်ငန်းဟာ ပြောက်ကျားတပ်မတော်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး တပ်က ၎င်းရဲ့ ချုပ်ကိုင်မှုအောက်မှာ ထားရှိခဲ့လျှင် ခွဲထုတ်လို့လည်းရနိုင်တယ်။ (ဤကိစ္စမှာ အရေးကြီးလှသဖြင့် သီးခြားဆွေးနွေးပါမယ်။အခွန်အတုတ် ကောက်ခံတဲ့ လုပ်ငန်းမှာလည်း လူထုအုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ဖြစ်သလို လယ်သမား၊ အလုပ်သမားတို့အား စည်းရုံးရေးတာဝန်ဟာလည်း သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ တာဝန်များဖြစ်ပါတယ်။ ဒီလူတန်းစားနှစ်ရပ်စလုံးကို ကောင်စီအဖွဲ့အစည်း တခုတည်းက အုပ်ချုပ်ကွပ်ကဲသွားနိုင်ပါတယ်။ ရှေ့ပိုင်းမှာ ရှင်းလင်းဖော်ပြခဲ့သလိုပဲ ရိက္ခာစုဆောင်းရေးကို နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်သွားနိုင်တယ်။ တိုက်ရိုက် (ဝါ) သွယ်ဝိုက်၍ဖြစ်စေ အခွန်အတုတ်များ၊ လှူဒါန်းမှုများကို စုဆောင်းနိုင်ပြီး အများပိုင်အဖြစ် သိမ်းယူခဲ့တဲ့နည်းတွေလည်း
ပါဝင်တယ်။ ပြောက်ကျားတပ်ဖွဲ့အတွက် ရိက္ခာကို ဒီလိုကောက်ခံရရှိမှုတွေက အဓိကဖြည့်ပေးတယ်။
မှတ်သားသင့်တာက မိမိတို့သူပုန်တပ်ဖွဲ့ရဲ့ လုပ်ရပ်ကြောင့် ဒေသခံလူထုအပေါ် ဝန်ထုပ်ဝန်ပိုးသဖွယ် မဖြစ်စေလိုပါ။ ရန်သူရဲ့ ဝိုင်းဝန်းပိတ်ဆို့ အရေးယူမှုတွေကြောင့် ဒေသခံလူထုများ ဆင်းရဲဒုက္ခကြုံတွေ့ကြရတာဟာ ပြောက်ကျားတပ်ဖွဲ့မှာလည်း သွယ်ဝိုက်ပြီးတာဝန်ရှိပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ရန်သူက ထပ်ခါလဲလဲ ဝါဒဖြန့်စွပ်စွဲလေ့ရှိတယ်။ ဒါကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ပဋိပက္ခတွေ မပေါ်ပေါက်အောင် ရှောင်ရှားကြရပါမယ်။ ဥပမာ ဒေသတွင်းမှ ပြည်သူများက ဆန်စပါးကို ဒေသအပြင်ဖက် ထုတ်ရောင်းချတာကို ကန့်သတ်ချုပ်ချယ်မှု မပြုသင့်ပါ။ အလွန့်အလွန် အကြပ်အတည်းနဲ့ ကြုံတွေ့ရတဲ့အခါ ပြည်သူများ နားလည်သဘောပေါက်အောင် ပြည့်ပြည့်စုံစုံရှင်းလင်းပြောပြပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်သင့်တယ်။ မိမိတို့ရဲ့ လုပ်ရပ်တိုင်းကို အကျိုးသင့် အကြောင်းသင့် နားလည်နိုင်စေဖို့ ဝါဒဖြန့်သင့်တယ်။ ဝါဒဖြန့်စည်းရုံးလှုပ်ရှားမှုများနဲ့ တပါတည်း လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအကျိုးအကြောင်းတွေကို မိမိတို့ရဲ့ ဆွေမျိုးသားချင်း (ဝါ) မိဘမောင်ဖွားတွေ ပြောက်ကျားတပ်မတော်မှာ ပါဝင်နေတဲ့ လယ်သမားတွေကတော့ ကောင်းစွာနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလယ်သမားတွေရဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်တဲ့ တပ်မတော်ကိုယ်နှိုက်က သူတို့ရဲ့တပ်မတော်လို ဖြစ်နေပါတော့တယ်။
လယ်သမားတွေနဲ့ဆက်ဆံရေး အရေးကြီးတာကြောင့် သူတို့အကျိုးစီးပွားကို ကာကွယ်ပေးမယ့် အဖွဲ့အစည်းတွေ ထူထောင်ထားရှိရမယ်။ ဒီအဖွဲ့အစည်းတွေက ညွှန်ကြားချက်တွေ ထုတ်ပြန်လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒီအဖွဲ့အစည်းတွေဟာ လွတ်မြောက်တဲ့ အခြေခံဒေသမှာ ရှိနေရုံမျှမက အနီးပတ်ဝန်းကျင်ဒေသတွေနဲ့လည်း အဆက်အသွယ်များ ထားရှိရမယ်။ ဒီအဆက်အသွယ်များကတဆင့် နောက်ဒေသတခု အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ပြောက်ကျားဒေသတွေ တိုးချဲ့သွားနိုင်မှာ ဖြစ်တယ်။ တောင်သူလယ်သမားတို့က တီးတိုးဖြစ်စေ၊ စာရွက်စာတမ်းများ ဝေလို့ဖြစ်စေ စည်းရုံးရေးကိစ္စတွေကို စတင်ပျိုးကြဲ ဆောင်ရွက်ကြလိမ့်မယ်။ အခြားဒေသမှာ နေထိုင်စားသောက်နေကြရတဲ့ ပြည်သူတွေရဲ့ ဘဝတွေ၊ ဆင်းရဲသား လယ်သမားအကျိုးစီးပွားကို ကာကွယ်တဲ့ ထုတ်ပြန်ကြေညာပြီးဥပဒေအကြောင်းတွေ ပြောက်ကျားသူပုန်အဖွဲ့ရဲ့ ကိုယ်ကျိုးမဖက် အများအကျိုးသက်သက် ဆောင်ရွက်တာတွေ စသဖြင့် ဟောပြောစည်းရုံးကြမှာ ဖြစ်တယ်။
တောင်သူလယ်သမား အဖွဲ့အစည်းများအဖို့ ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရေးနဲ့ ရောင်းချနိုင်ရေးအတွက် အဆက်အသွယ်များ ရှိသင့်တယ်။
အဆိုပါကိစ္စတွေအတွက် ပြောက်ကျားတပ်မတော်ရဲ့ ကိုယ်စားလှယ်တွေက ကုန်သည်ပွဲစားတွေမှတဆင့် ရန်သူ့နယ်မြေအတွင်း ဖြတ်သန်းလုပ်ဆောင်ရမှာဖြစ်လို့ ယုံကြည်စိတ်ချရသူများ ဖြစ်သင့်ပြီး ဒေသခံလယ်သမားတွေနဲ့လည်း ခင်မင်ရင်းနှီးသူများ ဖြစ်သင့်တယ်။ ဒီကုန်သည်ပွဲစားတွေဟာ တော်လှန်ရေးနဲ့ ပူးပေါင်းလာပြီးတဲ့နောက်မှာ မည်သည့်အန္တရာယ်မျိုးကိုမျှ အမှုမထားတော့ပါ။ တဖက်မှာလည်း ငွေကြေးမက်မောမှုရှိနေသေးလို့ အမြတ်အစွန်းရနိုင်တဲ့ အခွင့်အလမ်းကို အသုံးချလိုက်တာလည်း ဖြစ်ပါတယ်။
လမ်းဖောက်လုပ်ခြင်းရဲ့ အရေးကြီးပုံကို ရိက္ခာထောက်ပံ့ရေးပြဿနာတွေနဲ့ ဆက်နွယ်ပြီး ကျနော်တို့ ပြောပြခဲ့ပြီးဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့ဟာ ဖွံ့ဖြိုးမှု အဆင့်တခုကို ရောက်တဲ့အခါ စခန်းမတည်ဆောက်ဘဲ နေရာအနှံ့အပြားသို့ လှုပ်ရှားသွားလာနေတော့မှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ နေရာတွေမှာ စခန်းချနေထိုင်လာမှာဖြစ်ပါတယ်။ လမ်းများကိုလည်း သွားလာနိုင်တဲ့လမ်းကျဉ်းမှ ထရပ်ကားမောင်းနိုင်တဲ့ ကားလမ်းများအထိ ဖောက်လုပ်ရမှာဖြစ်တယ်။ ဤကိစ္စအားလုံးမှာ ပြောက်ကျားအဖွဲ့ရဲ့ စွမ်းရည်နဲ့ ရန်သူကျူးကျော်တိုက်ခိုက်လာ နိုင်စွမ်းတို့ကို ထည့်သွင်းစဉ်းစားရမယ်။ ရန်သူဟာ လမ်းများကို ဖျက်ဆီးနိုင်ရုံမက မိမိစခန်းများသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိအောင် အသုံးချနိုင်တာကို မမေ့သင့်ပါ။ အခြေခံအချက်အနေနဲ့ လမ်းများကို အချို့သောဒေသများထံ ရိက္ခာပို့ဆောင်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြားအသုံးချစရာနည်းလမ်းများ မရှိတော့မှသာ ဖောက်လုပ်ရန်ဖြစ်တယ်။ လမ်းကိုလည်း ရန်သူရဲ့တိုက်ခိုက်မှုမှ အကာအကွယ် ကျိန်းသေပေါက်ပေးနိုင်မှသာ တည်ဆောက်ရန်ဖြစ်တယ်။ အရေးကြီးလှတဲ့ စခန်းများအကြား ဆက်သွယ်ရာမှာ လွယ်ကူစေဖို့နဲ့ အန္တရာယ်မကြီးလှရင် လမ်းများဖောက်လုပ်သင့်တယ်။ ဒီအပြင် အခြားသော ဆက်သွယ်ရေး လမ်းကြောင်းများလည်း ထူထောင်ရမယ်။ ယင်းတို့အနက်မှ အရေးကြီးတဲ့အချက်တခုက တယ်လီဖုန်းဆက်သွယ်ရေးပဲ ဖြစ်တယ်။ တောတွင်းအတွက် သစ်ပင်များကို တယ်လီဖုန်းဓာတ်တိုင်အဖြစ် အသုံးချခြင်းဖြင့် ဖုန်းကြိုးများ သက်သက်သာသာ သွယ်တန်းနိုင်တယ်။ တယ်လီဖုန်းဆက်သွယ်မှု ပြုလုပ်သည့်ဒေသများလည်း ရန်သူ မထိုးဖောက်နိုင်တဲ့ဒေသ ဖြစ်ရမယ်။
အခြေခံဒေသတွေမှာ လူထုအုပ်ချုပ်ရေးကို ဖွဲ့စည်းပုံအပြည့်ဖြင့် ဖွဲ့စည်းထားရှိတယ်။ ပြောက်ကျားတပ်မတော်တခုရဲ့ အရေးပါတဲ့ လက္ခဏာရပ် များစွာအနက်မှ တရပ်မှာ ကောင်စီ (ဝါ) ဗဟိုတရားရေးဌာန (တော်လှန်သော တရားဥပဒေများ) နှင့် အုပ်ချုပ်ရေးဖြစ်တယ်။ နိုင်ငံ၏ဥပဒေများကို တတ်သိနားလည်သော ပုဂ္ဂိုလ်တဦးစီရဲ့ ကွပ်ကဲမှုအောက်မှာ ထိုကောင်စီကို ထားရှိရမယ်။ ဒေသတခုရဲ့လိုအပ်ချက်များကို တရားဥပဒေရှုထောင့်မှနေ၍ ရှုမြင်နားလည်နိုင်ရင် ပိုလို့ပင်ကောင်းပါတယ်။ သူပုန်တို့ဒေသတွင်းမှာ တောင်သူလယ်သမားတို့ဘဝ ပုံမှန်ပြန်ဖြစ်ရေးနဲ့ အခြေချနေနိုင်ရေးတို့အတွက် အမိန့်ညွှန်ကြားချက်တွေကို ထုတ်ပြန်နိုင်တယ်။
ဥပမာအားဖြင့် ကျူးဘားတော်လှန်ရေးကာလအတွင်း ကျနော်တို့ဟာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေများ၊ တရားမဥပဒေများ၊ လယ်ယာမြေ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဥပဒေများ၊ လယ်သမားများအတွက် အထောက်အကူ ဖြစ်စေသည့် ဥပဒေများ ထုတ်ပြန်ခဲ့တယ်။ ယင်းမှဆက်၍ တနိုင်ငံလုံးတွင် နောင်အနာဂတ်၌ ကျင်းပမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်နိုင်ခဲ့တယ်။ ဆီယာရာ မီစထရာ လယ်ယာမြေပြုပြင်ပြောင်းလဲရေး ဥပဒေကိုလည်း ထုတ်ပြန်နိုင်ခဲ့တယ်။ ထိုနည်းတူစွာ ယင်းကောင်စီအဖွဲ့က ပြောက်ကျား တပ်ဖွဲ့စစ်ကြောင်းများရဲ့ စစ်ဆင်ရေးဆိုင်ရာကိစ္စများကို ကွပ်ကဲတာဝန်ယူရတယ်။ ထိုကောင်စီကပင် ငွေကြေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရပြီး တခါတရံ ရိက္ခာထောက်ပံ့ရေးကိစ္စတွေကို တိုက်ရိုက်ဝင်ရောက် စွက်ဖက်တယ်။
ဖော်ပြပါအချက်တွေဟာ အခြေအနေပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲနိုင် ပါတယ်။ ဒေသတခုရဲ့ သမိုင်းဖြစ်ပေါ်တိုးတက်မှုနဲ့ ပထဝီအနေအထားတို့ရဲ့ ဂယက်ရိုက်မှုများကြောင့်လည်း ဖြစ်တယ်။ ဒေသတခုအတွင်း လက်တွေ့ ကြုံတွေ့ ရတာတွေအပေါ် အခြေပြုရတာဖြစ်ပြီး ကွဲပြားခြားနားတဲ့ ပထဝီအနေအထား၊ သမိုင်းဖြစ်ပေါ်တိုးတက်မှုနဲ့ လူမှုရေးအခြေအနေများအလိုက် ပြုပြင်ပြောင်းလဲနိုင်တယ်။
ကောင်စီအဖွဲ့အစည်းအပြင် ထိုဒေသရဲ့ အထွေထွေကျန်းမာရေး လုပ်ငန်းကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဒီအချက်ကို ဗဟိုဆေးရုံများနဲ့ လုပ်ဆောင်နိုင်ပြီး လယ်သမားထုကို ဖြစ်နိုင်သမျှ အပြည့်ဝဆုံးအကူအညီများ ပေးရန်ဖြစ်တယ်။ ဆေးဝါးစောင့်ရှောက်ကုသမှု ဘယ်လောက်အထိ လုံလုံလောက်လောက် ပေးနိုင်မလဲဆိုတာကတော့ တော်လှန်ရေးဖွံ့ဖြိုးမှုအဆင့်အပေါ် မူတည်တယ်။ ပြည်သူ့ဆေးရုံတွေ၊ ပြည်သူ့ကျန်းမာရေးဌာနတွေကို ပြောက်ကျား တပ်မတော်နဲ့ တိုက်ရိုက်ပေါင်းစပ်စေပြီး တပ်မတော်မှ အရာရှိနဲ့တပ်သားတွေက ယင်းလုပ်ငန်းကိစ္စတွေကို ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်တယ်။ ထိုသူတို့ရဲ့တာဝန်ဟာ ကုသစောင့်ရှောက်မှုသာမက ပြည်သူတို့ရဲ့ကျန်းမာရေး ပိုမိုမြင့်မားအောင် ဦးတည်လုပ်ဆောင်ရေး တာဝန် ၂ ရပ်ဖြစ်တယ်။ တကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စတဲ့ အခြေခံအချက်အလက်တွေကို လုံးဝ မသိနားမလည်မှုအပေါ် အကြောင်းရင်းခံပြီး ကြီးမားတဲ့ ကျန်းမာရေးပြဿနာများ ပြည်သူတို့အတွင်းမှာ ရှိနေခဲ့တယ်။ ဒီပြဿနာက သူတို့ရဲ့ ချိနဲ့ပြီးသားဖြစ်တဲ့ အခြေအနေကို ပိုဆိုးစေတယ်။
ကျနော်တို့ပြောခဲ့သလို အခွန်အတုတ်ကောက်ခံရေးဟာ အထက်ပါ အထွေထွေကောင်စီရဲ့ လုပ်ငန်းတာဝန်ဖြစ်တယ်။ ရိက္ခာသိုလှောင်ရေး ဂိုဒေါင်တွေဟာလည်း အရေးပါလှပါတယ်။ ပြောက်ကျားအခြေခံဒေသအဖြစ် သတ်မှတ်ပြီးတာနဲ့တပြိုင်နက် ရိက္ခာဂိုဒေါင်တွေကို ဖြစ်နိုင်သမျှအကောင်းဆုံး စနစ်တကျဖြစ်အောင် တည်ဆောက်သင့်တယ်။ ဒီဟာတွေက ကုန်စည်ကူးသန်း ရောင်းဝယ်မှုအတွက် အဖျင်းဆုံး ကွပ်ကဲစောင့်ရှောက်မှုကို သေချာစေမှာဖြစ်တယ်။ ဒိအပြင် အရေးအကြီးဆုံးကတော့ ရိက္ခာဖြန့်ဝေရာမှာ “ညီတူညီမျှ" ဖြစ်စေရေးနဲ့ နောင်မှာလည်း တညီတညာတည်း ဖြစ်နေစေရေးတို့အတွက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်။
လုပ်ငန်းလုပ်ဆောင်ချက်တွေဟာ အတွင်းစည်းရဲ့ အပြင်ဖက်မျက်နှာစာမှာ အရေအတွက်ရော အရည်အချင်းအရပါ ကွဲပြားခြားနားတယ်။ ဥပမာအားဖြင့် ဝါဒဖြန့်စည်းရုံးရေးလုပ်ငန်းတွေဟာ တနိုင်ငံလုံးအတိုင်းအတာ ဆောင်သင့်ပြီး ပြောက်ကျားတပ်ဖွဲ့ရဲ့ အောင်ပွဲရ တိုက်ပွဲသတင်းတွေကိုသာမက အလုပ်သမား၊ လယ်သမားတို့ကို လူထုတိုက်ပွဲများအတွင်းသို့ ပါဝင်လာအောင် လှုံ့ဆော်ခြင်းနဲ့ ဒီရှေ့တန်းစစ်မျက်နှာအသီးသီးက အောင်ပွဲများ ရှိခဲ့လျှင်လည်း သတင်းများ ထုတ်ပြန်ကြေညာခြင်း စသည်တို့ ပြုသင့်တယ်။ ဘဏ္ဍာငွေ ကောက်ခံရေး လုပ်ငန်းကိုတော့ လျှို့ဝှက်ထားရမယ်။ ဒါကို အထူးသတိထား လုပ်ဆောင်ရမှာဖြစ်ပြီး အသေးစား ကောက်ခံပေးသူတွေကို အဖွဲ့အစည်းရဲ့ဘဏ္ဍာထိန်းနဲ့ တိုက်ရိုက် မဆက်စေဘဲ သီးခြားထားရမယ်။
ဒီကောင်စီအဖွဲ့အစည်းအမျိုးမျိုးကို ဒေသတခုနဲ့တခု အပြန်အလှန်အမှီသဟဲပြု ဆက်သွယ်ထားရှိပြီး တပေါင်းတစည်းတည်းဖြစ်စေဖို့ ဖွဲ့စည်းထားရတယ်။ ဒါတွေဟာ ပြည်နယ်၊ တိုင်း၊ မြို့၊ ကျေးရွာကောင်စီများဖြစ်ကာ တော်လှန်ရေးလှုပ်ရှားမှု အဆင့်ပေါ် မူတည်တယ်။ ဒေသတခုစီမှာ ကောက်ခံရရှိထားတဲ့ ဘဏ္ဍာငွေတွေကို ကြီးကြပ်ပေးမည့် ဘဏ္ဍာရေးအဖွဲ့အစည်းတွေ ရှိရမယ်။ စာချုပ်စာတမ်းများ ရောင်းချခြင်း၊ တိုက်ရိုက်အလှူငွေများ ကောက်ခံခြင်းတို့ဖြင့် ငွေကြေး စုဆောင်းနိုင်တယ်။ တော်လှန်ရေးအဆင့် ပိုမိုဖွံ့ဖြိုးလာတဲ့အခါ အခွန်အတုတ်တွေ ကောက်ခံလာနိုင်မယ်။ စက်မှုလုပ်ငန်းကလည်း သူပုန်တပ်ဖွဲ့အင်အား ကြီးမားတာကို အသိအမှတ်ပြုလာတဲ့အခါ ငွေကြေးပေးဆောင်ဖို့ သဘောတူညီလာလိမ့်မယ်။
ပြောက်ကျားတပ်ဖွဲ့ လိုအပ်မှုအပေါ် မူတည်၍ ရိက္ခာပစ္စည်းများကို စုဆောင်းသိုမှီးရမှာ ဖြစ်တယ်။ ဒီလိုစုဆောင်းရာမှာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကွင်းဆက်ပုံစံနဲ့ ဖော်ဆောင်ဖွဲ့စည်းကာ ပိုမိုအသုံးများလွယ်ကူသည့် ပစ္စည်းများကို အနီးအနား ပတ်ဝန်းကျင်မှ ရယူစုဆောင်းပြီး ရှားပါးခက်ခဲသည့် ပစ္စည်းများကို (ဒေသတွင်းမှ မရနိုင်ခဲ့လျှင်) ပိုမိုကြီးမားသော ဈေးကွက်ဌာနများမှ ရယူရမှာဖြစ်တယ်။ ဒီကွင်းဆက်ကို အကန့်အသတ်နှင့် ထားရှိနိုင်ဖို့ အစဉ်ကြိုးပမ်းအားထုတ်ရမှာဖြစ်ပြီး လူနည်းနိုင်သမျှ အနည်းဆုံးကိုသာ အသိပေးရမယ်။ ဒီနည်းအားဖြင့် ဒီလုပ်ငန်းတာဝန်ကို ကြာရှည်လုပ်ဆောင်နိုင်မှာဖြစ်တယ်။
ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေကို အတွင်းစည်း အပြင်ဖက်ဒေသ လူထုအုပ်ချုပ်ရေးဌာနဟာ ဗဟိုဦးစစ်ဦးစီးဌာနနဲ့ ညှိနှိုင်းကာ ညွှန်ကြား လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ အခြေအနေတွေကို သေချာစွာ ဆန်းစစ်လေ့လာပြီးနောက် အထူးကိစ္စရပ်များမှာ ရန်သူ့လူများကို လုပ်ကြံနိုင်တယ်။ ခြုံပြောရရင် လူထုအပေါ် ဖိနှိပ်ညှဉ်းဆဲပြီး ဆိုးသွမ်းယုတ်မာမှုတွေအတွက် သတင်းကြီးနေသူတချို့ကို ဖယ်ရှားပစ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာမျိုးကလွဲရင် ဒီလိုလုပ်ကြံမှုမျိုးကို မလုပ်သင့်ဘူးလို့ ကျနော်တို့ယူဆပါတယ်။ ထိရောက်မှု နည်းလှတဲ့ အထူးတာဝန်တွေအတွက် စတေးခဲ့ရတဲ့ ရဲဘော်တွေရဲ့ အသက်ပေါင်း များစွာကို ကယ်တင်ဖို့ဖြစ်နိုင်ခဲ့မှာပဲလို့ ကျူးဘားတော်လှန်စစ်အတွေ့အကြုံက ပြသခဲ့တယ်။ အကြိမ်ခပ်များများမှာ အဲဒီအထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့သူတွေဟာ ရန်သူရဲ့ တုန့်ပြန်တိုက်ခိုက်မှုတွေကြောင့် ရတဲ့အကျိုးနဲ့ မကာမိအောင် ကျဆုံးခဲ့ကြရတယ်။ ခွဲခြားမှုမရှိဘဲ ရောထွေးလုပ်ကြံမှု၊ အကြမ်းဖက် တိုက်ခိုက်ပစ်ခတ်မှုတွေကို မလုပ်သင့်။
ပိုမိုပြီး ဦးစားပေး ဆောင်ရွက်သင့်တာက လူထုအတွင်း တော်လှန်ရေး အတွေးအခေါ် စိုက်ထူရှင်သန်ပွားများစေဖို့ပဲ။ ဒီအတွက် အလုပ်သမား၊ လယ်သမားနဲ့ အသက်မွေးဝမ်းကျောင်း ပညာရှင်တွေပါဝင်တဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေဟာ ယင်းတို့ရဲ့ သက်ဆိုင်ရာ အလွှာအသီးသီး ပြည်သူတွေအတွင်း တော်လှန်ရေးမျိုးစေ့တွေ ပြန်လည်ကြဲဖြန့်ပေးဖို့ လိုအပ်ပါတယ်။ လေ့လာဖတ်ရှုဖို့ တော်လှန်ရေးစာပေတွေကို ဖြန့်ဝေရင်း ရှင်းလင်းပြောပြရင်းနဲ့ အမှန်တရားကို နားလည်လာစေမှာဖြစ်တယ်။ တော်လှန်ရေးကျတဲ့ ဝါဒဖြန့်ချိရေးရဲ့ အခြေခံ လက္ခဏာတခုကတော့ "အမှန်တရား ဖြစ်ကိုဖြစ်ရမယ်" ဆိုတာပါပဲ။ ဒီနည်းအားဖြင့် တစစနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို ရရှိမှာဖြစ်တယ်။ လူထုအတွင်းက အကောင်းဆုံးကြိုးစားလုပ်ဆောင်သူတွေကို ရွေးခြယ်ပြီး သူပုန်တပ်ဖွဲ့မှာ
ဝင်ရောက်အမှုထမ်းစေခြင်း (သို့မဟုတ် ထမ်းဆောင်စေခြင်းတို့ ပြုလုပ်ပေးရမယ်။ ) ပိုမိုကြီးလေးတဲ့ အခြားတာဝန်တွေမှာ ဒါဟာ လူထုတော်လှန်စစ်ကာလတခုအတွင်း ပြောက်ကျားဒေသရဲ့ အတွင်းစည်းနဲ့ အပြင်ဖက် လူထုအုပ်ချုပ်ရေး အဖွဲ့အစည်းတွေအကြောင်း အကြမ်းဖျင်း ဖော်ပြချက်မျှသာ ဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို ပိုမိုပြည့်စုံတဲ့အဆင့်တခု ရောက်အောင် ဖော်ဆောင်နိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ ကျူးဘားအတွေ့အကြုံတွေ အကြောင်းကို ကျနော်ကနေတဆင့်ပဲ ထပ်မံလို့ ဖောက်သည်ချတာပါ။ အသစ်အသစ်သော အတွေ့အကြုံတွေက ဒီအယူအဆတွေကို ပြောင်းလဲတိုးတက်စေမှာဖြစ်တယ်။ ကျနော်တို့ ဝေမျှနိုင်တာက ကျမ်းတစောင် မဟုတ်ပါ။ အချက်အလက်မျှသာ ဖြစ်ပါတယ်။
(ဂ) အမျိုးသမီးတို့၏ အခန်းကဏ္ဍ
တော်လှန်ရေးလှုပ်ရှားမှုတခုရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အမျိုးသမီးတွေ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ဒီအချက်ကို အလေးအနက်ထား ပြောကြားလိုပါတယ်။ ကိုလိုနီကျွန်စိတ်ဓာတ် ကြွင်းကျန်နေသေးတဲ့ ကျနော်တို့နိုင်ငံတွေ အားလုံးလိုလိုမှာ အမျိုးသမီးတို့အပေါ် အထင်အမြင်သေးမှုတွေ ရှိနေသေးပြီး ဒါကိုက သူတို့ကို အတန်းအစားခွဲခြားသလို ဖြစ်နေတယ်။
အမျိုးသမီးဟာ အခက်ခဲဆုံးပြဿနာတွေကို ပြေလည်အောင် ဆောင်ရွက်နိုင်စွမ်းရှိသလို အမျိုးသားများနဲ့လည်း ရင်ပေါင်တန်းပြီး စစ်တိုက်နိုင်တယ်။ ဒိပြင် အများက ယုံကြည်လက်ခံထားကြသလိုမဟုတ်ဘဲ တပ်ဖွဲ့များအတွင်း လိင်ဆက်ဆံရေးအရှုတ်အထွေးတွေကို ဖန်တီးပေါ်ပေါက်လာစေမှာ မဟုတ်ပါ။
ခက်ခဲကြမ်းတမ်းလှတဲ့ တိုက်ပွဲဝင်စစ်သည်ဘဝအတွက် အမျိုးသမီးဟာ ရဲဘော်ရဲဘက်ကောင်းတယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ မသဘာဝနဲ့ လျော်ညီတဲ့
တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူလည်း ဖြစ်တယ်။ ဒါပေမယ့် သူမဟာ ယောက်ျားတယောက်လိုပဲ အလုပ်လုပ်နိုင်ပြီး စစ်လည်း တိုက်နိုင်တယ်။ သူမဟာ ခွန်အားအရ ယောက်ျားထက် သေးငယ်ပေမယ့် ခံနိုင်စွမ်းရည်မှာ သူ့ထက်မလျော့။ ယောက်ျားတယောက်လိုပဲ ရှေ့တန်းစစ်မျက်နှာ လုပ်ငန်းအသီးသီးကို ပြီးမြောက်စေနိုင်တယ်။ ကျူးဘားတော်လှန်စစ်ကာလ အတွင်းက အချို့ဖြစ်ရပ်တွေမှာ သူမဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပါဝင်လုပ်ဆောင်ခဲ့တယ်။
သဘာဝကျစွာပဲ အမျိုးသမီးစစ်သည် ရဲမေများမှာ အနည်းစုသာ ဖြစ်ပါတယ်။ အတွင်းစည်း (အခြေခံဒေသ) ခိုင်မာအောင် တည်ဆောက်နေတဲ့အခါဖြစ်လို့ တိုက်ပွဲဝင်စစ်သည်အများအပြားတို့ကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါမျိုးတွေမှာ (ထိုစစ်သည်များဟာ တပ်ဖွဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားသူများလည်း မဟုတ်ကြ) ရဲမေများကို သီးခြားဖြစ်တဲ့ လုပ်ငန်းတာဝန် အတော်များများမှာ တာဝန်ပေးနိုင်တယ်။ ယင်းတို့အနက် အရေးအကြီးဆုံး လုပ်ငန်းဟာ တပ်ဖွဲ့များအတွင်း အထူးသဖြင့် ရန်သူ့ နယ်မြေအတွင်းရှိ တပ်ဖွဲ့များ ဆက်သွယ်ရေး လုပ်ငန်း ဖြစ်ပါတယ်။ ပစ္စည်းပစ္စယများ၊ သတင်းများ (ဝါ) ငွေကြေးများနှင့် သေးငယ်သလောက် အရေးကြီးလှတဲ့ ပစ္စည်းတွေကို လုံးဝယုံကြည်စိတ်ချရတဲ့ ရဲမေများအား လျှို့ဝှက်သယ်ဆောင်သွားဖို့ တာဝန်ပေးသင့်ပါတယ်။ အမျိုးသမီးတို့က ၎င်းတို့ကို ပရိယာယ်အမျိုးမျိုးသုံးပြီး သယ်ဆောင်သွားနိုင်တယ်။ ဖိနှိပ်မှုတွေ ဘယ်လောက်ရက်စက် ကြမ်းကြုတ်သည်ဖြစ်စေ အမျိုးသမီးတွေဟာ ယောက်ျားများလောက် ရှုံ့ရင်းကြမ်းတမ်းစွာ ဆက်ဆံခြင်းမခံရတာကြောင့် သတင်းအချက်အလက်တွေ (ဝါ) လျှို့ဝှက်ပစ္စည်းတွေကို ခရီးလမ်းဆုံးရောက်အောင် ပို့ဆောင်ပေးနိုင်တယ်။ ရိုးရိုးဆက်သားတယောက်အနေနဲ့လည်း တဆင့်စကား (ဝါ) စာရေးသား သတင်းပေးပို့ချက်တွေကို အမျိုးသမီးက ယောက်ျားထက် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်လေ့ရှိပါတယ်။ အမျိုးသမီးဖြစ်နေလို့လည်း ဂရုတစိုက်သိပ်မရှိ၊ တပြိုင်နက်တည်းမှာပဲ ရန်သူစစ်သားတွေက သူတို့ကို အလစ်ဝင်ရောက် တိုက်ခိုက်ခံရမယ့် အန္တရာယ်အတွက်လည်း စိုးရိမ်ကြောင့်ကြမှု သိပ်မဖြစ်။ စင်စစ် ညှဉ်းပမ်းနှိပ်စက်တာတွေကို ကျူးလွန်လေ့ ရှိသူဟာ သူ့ကို အလစ်တိုက်ခံရမယ့် အန္တရာယ်အတွက် စိုးရိမ်ကြောက်ရွံ့စိတ်ကြောင့်ဖြစ်တယ်။ ဤသို့ အလစ်ဝင်တိုက်ခြင်းဟာလည်း ပြောက်ကျားတိုက်ခိုက်နည်းတခုပင် မဟုတ်ပါလား။
တပ်ဖွဲ့များအကြား ဆက်သွယ်ရေး၊ အတွင်းစည်းပြင်ပဒေသတင်မက နိုင်ငံရပ်ခြားသို့ပါ ပို့ဖို့လိုတဲ့ သတင်းအချက်အလက်များ၊ ကျည်ဆံ၊ ခဲယမ်းမီးကျောက်
စတာတွေကို လျှို့ဝှက်သယ်ဆောင်သွားနိုင်တယ်။ ကြားကာလ အေးချမ်းငြိမ်သက်တဲ့ အခါတွေမှာ လုပ်ကိုင်နေကျ အိမ်တွင်းမှုလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နိုင်ကြတယ်။ ဟင်းခပ်အမွှေးအကြိုင်တွေနဲ့ စီမံချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ခက်ခဲကြမ်းတမ်းလှတဲ့ဘဝ ရင်ဆိုင်နေရတဲ့ ပြောက်ကျားရဲဘော်တို့ အရသာခံ စားသောက်ရတာ ကြည်နူးစရာပါပဲ။ (တော်လှန်စစ်ကာလရဲ့ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေထဲမှာ မပြောင်းမလဲ အေးစက်စက်နဲ့ အရသာမရှိတဲ့ ဟင်းလျာတွေကို စားသောက်ရခြင်းဟာလည်း တခုအပါအဝင်ဖြစ်တယ်။) အမျိုးသမီးဟာ ချက်ပြုတ်သူအဖြစ်နဲ့ အစားအသောက်တွေကို ပိုမိုကောင်း၊ အရသာရှိစေရုံသာမက အိမ်တွင်းမှုလုပ်ငန်းတွေမှာ အမျိုးသမီးတွေကို တာဝန်ချထားရတာဟာ ပိုမိုလွယ်ကူအဆင်ပြေစေတယ်။ ပြောက်ကျားတပ်ဖွဲ့တွေအတွင်း ပြဿနာများထဲက တခုမှာ အရပ်သားလုပ်ငန်းတွေကို လုပ်ကိုင်ရတာ စိတ်လက်မပါတာပါ။ သူတို့ဟာ စစ်ပွဲမှာသာ တက်ကြွစွာ ပါဝင်တိုက်ခိုက်ကြလိုတာ၊ ဒီလိုလုပ်ငန်းတွေက ကင်းဝေးနေနိုင်ဖို့အတွက် အမြဲကြိုးစားနေတတ်တယ်။
အမျိုးသမီးများအတွက် အလွန်အရေးကြီးတဲ့ အခြား လုပ်ဆောင်ရန်ကိစ္စ တခုမှာ ဒေသတွင်းရှိ တောင်သူလယ်သမားနှင့် တော်လှန်ရေးသမား ပြောက်ကျား စစ်သည်တွေကို အသုံးလုံးသင်တန်းတွေ ပေးကာ တော်လှန်ရေး သဘောတရားများကိုပါ ပို့ချသွားဖို့ဖြစ်တယ်။ လူထုအုပ်ချုပ်ရေးအတွက် အစိတ်အပိုင်းတခုဖြစ်တဲ့ ကျောင်းများဖွင့်လှစ်ပြီး ကလေးသူငယ်တွေကို စာပေသင်ကြားပေးရေး စသည်တို့ကို အမျိုးသမီးများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်သင့်တယ်။ စာသင်ပေးတဲ့ ဆရာမကြောင့် ကလေးများ ကျောင်းစာ သင်ယူလိုစိတ်တွေ ပိုမိုများပြားစေကာ ကျောင်းသားကျောင်းသူများရဲ့ လေးစားချစ်ခင်မှုကိုလည်း ပိုမိုရရှိလာမှာဖြစ်တယ်။ ထိုနည်းတူ ရှေ့တန်း စစ်မျက်နှာတွေကို ခိုင်မာအောင် ပြုလုပ်ပြီးတဲ့အခါ နောက်တန်းလည်း ရှိလာပြီဖြစ်လို့ လူမှုရေးလုပ်ငန်းတွေမှာလည်း အမျိုးသမီးတို့ ထမ်းရွက်ဖို့ဖြစ်လာမယ်။ သူတို့က ဒေသတွင်းရှိ စီးပွားရေးနဲ့ လူမှုရေးအခက်အခဲတွေကို စွမ်းအားရှိသလောက် ပြုပြင်ပြောင်းလဲသွားရေးအမြင်နဲ့ အချက်အလက်တွေ ရှာဖွေစူးစမ်းရမှာဖြစ်တယ်။
အမျိုးသမီးတွေဟာ ဆေးဝါးကုသမှုလုပ်ငန်းများမှာလည်း အရေးပါတဲ့အခန်းမှ ပါဝင်နိုင်ကြပါတယ်။ သူမဟာ သူနာပြုဆရာမအဖြစ်နဲ့သာမက ဆရာဝန်အဖြစ်လည်း ဆောင်ရွက်နိုင်ပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံပြုစုမှုတို့မှာ ယောက်ျားများထက် အဆများစွာ သာလွန်ပါတယ်။ ဒီလိုပြုစုမှုကို သက်တောင့်သက်သာမရှိ၊ အကူအညီ အဖော်မဲ့ပြီး ဝေဒနာအပြင်းအထန် ခံစားနေရတဲ့အခါများမှာ များစွာတန်ဖိုးထား နားလည်နိုင်ကြပါတယ်။ အန္တရာယ်အမျိုးမျိုးတို့ဟာ ပြောက်ကျားစစ်ပွဲမှာ ကြုံတွေ့နေကျအရာများသာ ဖြစ်တယ်။ အသေးစား စစ်လက်နက်ပစ္စည်းစက်ရုံတွေ စတင်တည်ထောင်နိုင်တဲ့ အခါများမှာ အမျိုးသမီးတို့လည်း ပါဝင်ထမ်းရွက်နိုင်ကြပြီး အထူးသဖြင့် စစ်ဝတ်စုံထုတ်လုပ်ရေး လုပ်ငန်းမှာ ပါဝင်နိုင်တယ်။ ယင်းမှာလည်း လက်တင်အမေရိကတိုက် အမျိုးသမီးတို့ရဲ့ ထုံးတမ်းစဉ်လာလုပ်ငန်းတခုပဲ ဖြစ်ပါတယ်။ အပ်ချုပ်စက်လေးတလုံးနဲ့ ဒီဇိုင်းပုံစံအချို့ဖြင့် သူမဟာ အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်တယ်။ လူထုအုပ်ချုပ်ရေး လုပ်ငန်းအသီးသီးမှာလည်း အမျိုးသမီးတွေ ပါဝင်နိုင်ကြတယ်။ သူတို့ဟာ ယောက်ျားတွေကို ကောင်းစွာ အစားထိုးလုပ်နိုင်ကြတယ်။ ယင်းသို့လည်း ဖြစ်သင့်ပါတယ်။ လက်နက်တွေ သယ်ဆောင်ဖို့ လူအင်အားလိုတဲ့အချိန်မှာလည်း ပါဝင်နိုင်ကြတယ်။ သို့သော် ယင်းမှာ ပြောက်ကျားဘဝမှာ ကြုံတောင့်ကြုံခဲ တိုက်ဆိုင်မှုတခုသာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးမှာ အမျိုးသမီးနှင့် ယောက်ျား စစ်သည်များကို စိတ်ဓာတ်ရေးရာ သင်တန်းများ ပေးရန်ဖြစ်တယ်။ ဤသို့ဖြင့် တပ်ဖွဲ့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ထိခိုက်စေနိုင်တဲ့ အပြောအဆိုအနေအထိုင် အလုံးစုံတို့ကို ရှောင်ကြဉ်နိုင်ကြစေဖို့ ဖြစ်တယ်။ သို့သော်လည်း လွတ်လပ်သောသူများဖြစ်၍ တဦးကိုတဦး ချစ်ခင်စုံမက်ကြရင် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြဖို့ လက်ထပ်ခွင့်ပြုရမှာဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့ရဲ့ ရိုးရိုးမျှသာဖြစ်တဲ့ စည်းကမ်းချက်တချို့ကို လိုက်နာစောင့်စည်းသွားကြဖို့ပဲ။
(ဃ) ဆေးဘက်ဆိုင်ရာပြဿနာများ
ပြောက်ကျားစစ်သည်တို့ ရင်ဆိုင်နေရသော အခက်အခဲများစွာတို့အနက် တခုမှာ မတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်ကာ အထူးသဖြင့် ထိခိုက်ဒဏ်ရာများနှင့် ဖျားနာဝေဒနာများဖြစ်တယ်။
၎င်းတို့မှာ ပြောက်ကျားစစ်မှာ အလွန်အဖြစ်များလှတယ်။ ပြောက်ကျား တပ်ဖွဲ့မှာ ဆရာဝန်ဟာ အလွန်အရေးပါသူဖြစ်တယ်။ အသက်ပေါင်းများစွာကို
ကယ်တင်သည်သာမက အကြိမ်ပေါင်းများစွာ သူ၏ ခေတ်မီ သိပ္ပံနည်းကျ ဆေးအတတ်ပညာများမှာ ဆေးဝါးနှင့်ပစ္စည်းပစ္စယများ မစုံလင်မှုကြောင့် ပြုစုကုသတာ မလုပ်နိုင်ပေမယ့် ဝေဒနာခံရသူ၊ ရဲဘော်အား စိတ်ဓာတ် တက်ကြွလာအောင် နှစ်သိမ့်အားပေးခြင်းအပြင် ယင်း၏ ဝေဒနာခံစားနေရမှုအားလုံး လျော့နည်းသက်သာလာအောင် အစွမ်းကုန်ဖေးမ ကူညီမည့်သူတဦးလည်း အနီးအနားတွင်ရှိနေသောကြောင့် စိတ်ချလက်ချဖြစ်စေတယ်။
ဆေးရုံများ ဖွဲ့စည်းထူထောင်မှုလုပ်ငန်းမှာ ပြောက်ကျားတပ်ဖွဲ့များရဲ့ တိုက်ပွဲအဆင့်ဆင့် ဖွံ့ဖြိုးမှုများအပေါ်မှာ အဓိကမူတည်တယ်။ တိုက်ပွဲအဆင့်ဆင့်နဲ့ကိုက်ညီတဲ့ ဆေးရုံဖွဲ့စည်းတည်ဆောက်ပုံ အခြေခံပုံစံ ၃ မျိုးကို ဖော်ပြလိုက်ပါတယ်။
ဤဖွံ့ဖြိုးမှုအဆင့်ဆင့်တို့အနက် ပထမအဆင့်မှာ ကျနော်တို့ဟာ အတည်တကျ မဟုတ်သေးဘဲ လှုပ်ရှားသွားလာနေရတဲ့အဆင့်ဖြစ်တယ်။ ဤအဆင့်မှာ အကယ်၍ ဆရာဝန်တဦးဦးရှိခဲ့ပါလျှင် သူဟာ အခြားပြောက်ကျားရဲဘော်များနှင့်အတူ တသမတ်တည်း ခရီးလှည့်လည်သွားလာနေရမည်ဖြစ်ရာ သူသည်လည်း တပ်ဖွဲ့၏ အဖွဲ့ဝင်ရဲဘော်တယောက်မျှသာဖြစ်ကာ စစ်တိုက်ခိုက်ခြင်းအပါအဝင် အခြားလုပ်ငန်းဆောင်တာအဝဝကို ပူးပေါင်းလုပ်ဆောင်နေရမှာဖြစ်တယ်။ တခါတရံမှာလည်း စိတ်ဓာတ်ကျဖွယ် ပစ္စည်းကိရိယာ မစုံမလင်နဲ့ အသက်ကယ်နိုင်ဖို့ ပြုစုကုသပေးရမှုများ ကိုလည်း ကြုံတွေ့ရမှာဖြစ်တယ်။ ဒီအဆင့်မှာ ဆရာဝန်က ပြောက်ကျားတပ်ဖွဲ့အပေါ် ဩဇာအရှိဆုံးဖြစ်ကာ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ အတွက်လည်း အရေးကြီးဆုံးဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုးတက်ဖြစ်ထွန်းမှု အဆင့်အနက်မှ ဤအဆင့်မှာ ဆရာဝန်ရဲ့ ဆေးလွယ်အိတ်လေးထဲမှာ ဆေးဝါး မစုံမလင်နှင့် ရဲဘော်တို့အလိုကျ တတ်စွမ်းသမျှ ကုသပေးနိုင်ဖို့ အတည်အကျမရှိ လှည့်လည်သွားလာနေရတာမို့ ရွာစဉ်လှည့်ပြီး ဆေးကုပေးတဲ့ ဆရာဘုန်းကြီးနဲ့သာ တူမှာဖြစ်တယ်။ ဝေဒနာခံစားနေရသူ၊ ရဲဘော်တဦးအတွက် အက်စပရင် အကိုက်အခဲဆေးပြားလေးတပြားဟာ တန်ဖိုးမဖြတ်နိုင်ပါ။ (ယင်းဆေးပြားကို မိမိကိုယ်တိုင် ဝေဒနာခံစားနေရဘိသကဲ့သို့၊ စာနာထောက်ထားစိတ်နှင့် ကြင်နာစွာပေးလာသည့်အခါဖြစ်ပါလျှင် ထိုရဲဘော်ရဲ့ ဝေဒနာကို တဝက်မျှ သက်သာစေမည်မှာ ဧကန်ပင်။)
ဒါ့ကြောင့် ရှေးဦးပထမအဆင့်မှာ ဆရာဝန်ဖြစ်သူဟာ တော်လှန်ရေး စံထားချက်များနဲ့ တထေရာတည်း၊ တထပ်တည်းကျသူဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့စကား အပြောအဆိုများဟာ အခြားမည်သူထက်မဆို တပ်ဖွဲ့အပေါ် ဩဇာသက်ရောက်ပြီး ဖြစ်တယ်။
ဒုတိယအဆင့် - ပြောက်ကျားစစ်၏ သာမာန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုပါက လှုပ်ရှားသွားလာလိုက်၊ ခေတ္တစခန်းချထိုင်လိုက်အဆင့်ဟု ခေါ်ဆိုနိုင်မည့်အဆင့်သို့ ရောက်လာလေပြီ။ ယင်းတွင် စခန်းချနေထိုင်မှုများ (ပြောက်ကျားတပ်ဖွဲ့များက အနည်းအများဆိုသလို ဝင်ထွက်လှည့်ပတ်နေမှု) ရှိလာကာ လုံးဝယုံကြည် စိတ်ချနိုင်သည့် မိတ်ဆွေများအိမ်တွင် အသုံးအဆောင်ပစ္စည်းများ ခေတ္တသိမ်းဆည်းထားနိုင်၍ ဒဏ်ရာရသူများကိုပင် ခေတ္တခိုအောင်းနေဘို့ ထားရစ်နိုင်ပါတယ်။ တပ်ဖွဲ့အနေနှင့်လည်း အခြေစိုက်စခန်းများ ထူထောင်ရန် အလားအလာများစွာကောင်းလာပြီဖြစ်တယ်။ ဤအဆင့်မှာ ဆရာဝန်လုပ်ငန်းဟာ အနည်းငယ်ပိုမိုအဆင်ပြေလာပြီဖြစ်တယ်။ သူရဲ့ဆေးလွယ်အိတ်မှာ အရေးပေါ်ခွဲစိတ်ကိရိယာများ ပါရှိကာ ခွဲစိတ်ကုသမှုများ ပြုလုပ်လာနိုင်တယ်။ အရေးပေါ် ခွဲစိတ်ရန် မလိုသေးသော ဝေဒနာများအတွက် ပိုမိုပြည့်စုံသော ခွဲစိတ်ကိရိယာများကို မိတ်ဆွေများအိမ်မှာထားနိုင်မှာဖြစ်တယ်။ ဖျားနာဝေဒနာ ခံစားနေရတဲ့ ရဲဘော်များ၊ ဒဏ်ရာရ ရဲဘော်များကို လယ်သမား မိတ်ဆွေများအိမ်မှာ ထားနိုင်မယ်။ သူတို့ကလည်း သစ္စာရှိစွာဖြင့် ကုညီစောင့်ရှောက်ကြမှာဖြစ်တယ်။ အဆင်ပြေစိတ်ချရတဲ့ နေရာများမှာ ဆေးဝါးများ သိုလှောင်ထားနိုင်တယ်။ မိမိနေထိုင်ရတဲ့ အခြေအနေများအပေါ် သုံးသပ်ပြီး ယင်းဆေးဝါးပစ္စည်းများနှင့် ပတ်သက်သော ပြည့်စုံသည့်စာရင်းတခုကို ကောင်းစွာပြုစုထားနိုင်ရမယ်။ ဒီအဆင့်မှာပင် ရန်သူက လုံးဝတိုက်ခိုက်ခြင်း မပြုနိုင်တဲ့ နေရာများ၊ နာလံထစခန်းများ ဖွင့်လှစ်ထားနိုင်တယ်။ ယင်းနေရာများမှာ ဖျားနာသူ ဒဏ်ရာရရှိသူများက ဝေဒနာပျောက်ကင်းသည်အထိ တက်ရောက်ကုသနိုင်မှာ ဖြစ်တယ်။
တတိယဆင့် - ရန်သူ မထိုးဖောက်နိုင်သော အခြေခံဒေသများ ရှိလာသည့်အခါတွင် ဆေးဝါးကိရိယာ အစုံအလင်နှင့် ဆေးရုံများ ဖွင့်လှစ် ထားရှိနိုင်တယ်။ ဒါကြောင့် အဖွံ့ဖြိုးဆုံး အဆင့်မှာဆေးရုံ သုံးမျိုးသုံးစား ရှိမယ်။ စစ်မြေပြင်ဆေးရုံမှာ ဆရာဝန်တဦး ရှိသင့်ပါတယ်။ သူဟာ တပ်ဖွဲ့က ချစ်ခင်လေးစားမှုခံရဆုံးသော ပုဂ္ဂိုလ်ပင်ဖြစ်ကာ သူရဲ့ ဆေးပညာ နားလည်တတ်ကျွမ်းမှုမှာ များစွာနက်ရှိုင်းရန်မလို၊ သူ၏ အဓိကတာဝန်မှာ ရှေးဦးသူနာပြုစု ကုသပေးခြင်းနှင့် ဖျားနာသော၊ ဒဏ်ရာရသော ရဲဘော်များအား ပိုမိုလုံခြုံစိတ်ချရမှုရှိသော နေရာတွင် တည်ရှိသည့် ဆေးရုံများတွင် တက်ရောက် ကုသနိုင်ဖို့ ပြင်ဆင်ပို့ဆောင်ခြင်း ဖြစ်တယ်။ ယင်းဆေးရုံကျမှသာ ထိရောက်သောခွဲစိတ်ကုသမှုများ ပြုလုပ်မှာဖြစ်တယ်။ အရည်အချင်းပြည့် ခွဲစိတ်ဆရာဝန်တဦးကို ကျည်ဆံအကြားမှာ အစတေးမခံသင့်ပေ။
ရှေ့တန်းမှာ ရဲဘော်တဦး ဒဏ်ရာရရှိသည့်အခါ လူနာထမ်းစင်ဖြင့် ယင်းပထမအဆင့် ဆေးရုံ (စစ်မြေပြင်) ဆရာဝန်က ကြီးကြပ်ကာ သယ်ဆောင်သွားရမှာဖြစ်တယ်။ အထမ်းသမားများ မရနိုင်ခဲ့လျှင် တပ်ဖွဲ့ဝင် ရဲဘော်များကိုယ်တိုင် ဤတာဝန်ကို ထမ်းရွက်ရမယ်။ ခရီးလမ်းကြမ်းများမှာ လူနာကို ထမ်းပိုးသယ်ဆောင်ရာ၌ အဖြေးညှင်းဆုံး၊ အသိမ်မွေ့ဆုံး လုပ်ရမှာဖြစ်တယ်။ စစ်သည်ဘဝမှာ စိတ်ထိခိုက်ဘွယ်ရာ အဖြစ်ဆိုးများထဲက အတွေ့အကြုံတခုပင် ဖြစ်တယ်။ မည်မျှဆိုးဝါးလှသော ဒဏ်ရာပင်ဖြစ်စေ ဒဏ်ရာရရှိတယ် ဆိုတဲ့ ပကတိဖြစ်ရပ်ကပင် ဒဏ်ရာရရှိသူအား သယ်ဆောင်ရခြင်းက ကျန်ရဲဘော်အားလုံးကို စိတ်ထိခိုက်စေပါတယ်။ သူ့ရဲ့ ဝေဒနာခံစားနေရမှုများကို ကိုယ်ချင်းစာနာမိကြတဲ့ အပြင် တပ်ဖွဲ့တွင်း ကိုယ်ကျိုးမဖက်၊ အများအကျိုးသက်သက် ဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကြောင့်လည်း ပိုမိုစိတ်ထိခိုက်စရာဖြစ်တယ်။ မြေပြင်အနေအထားလိုက်၍ နည်းပေါင်းစုံနဲ့ သယ်ယူနိုင်ပါတယ်။ ပြောက်ကျားစစ်တွင် တွေ့ကြုံနေကျဖြစ်တဲ့ကြမ်းတမ်း၍ တောတောင်ထူထပ်သည့်ဒေသတွေမှာ ရှေ့နောက်စီတန်းသွား၍ သယ်ပိုးနိုင်တယ်။ ဤတွင် အကောင်းဆုံးစနစ်မှာ ဝါးလုံးရှည် (ဝါ) သစ်ကို အသုံးပြု၍ ပုခက်ဖြင့် သယ်ဆောင်ခြင်း ဖြစ်တယ်။
ယင်းသို့တလှည့်စီ လူလဲဖြင့်သယ်ဆောင်ခြင်းသည် ပုခုံးပွန်းပဲ့ခြင်း၊ မောပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းခြင်းတို့ကို သက်သာစေမှာဖြစ်တယ်။ လူနာသယ်ရသည်မှာ လေးလံပြီး သိမ်မွေ့စွာ ထမ်းပိုးသယ်ဆောင်ရန် လိုအပ်လှပါတယ်။
ဤသို့ သယ်ယူပို့ဆောင်ပေးသော ဆေးရုံအဆင့်ကို ကျော်ဖြတ်ပြီးနောက် သူ့အား ပြုစုကုသပေးထားသည့် ဆေးမှတ်တမ်းနှင့်တကွ ဒုတိယအဆင့် ဆေးရုံကို ရောက်ရှိမှာ ဖြစ်တယ်။ အဲဒီဆေးရုံကျမှသာ ခွဲစိတ်ဆရာဝန်များ၊ အထူးကု ဆရာဝန်များက အသက်ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ ခွဲစိတ်ကုသမှုများ (ဝါ) အသက် ဘေးအန္တရာယ် ဖြစ်စေနိုင်လောက်သော အခြေအနေမှ သက်သာခွင့်ရရန် ကုသမှုများ ပြုကြရမှာဖြစ်တယ်။
ဒီနောက်မှာ တတိယနှင့်နောက်ဆုံးအဆင့်ဖြစ်သော ဆေးရုံသို့ ရောက်ရှိမည် ဖြစ်ကာ ဤဆေးရုံများတွင် လူနာသက်တောင့်သက်သာ ရှိရန်အတွက် အကောင်းဆုံး အခြေအနေများ ထူထောင်ထားရှိပြီး ကုသမှုများ ပြုလုပ်ရမှာဖြစ်တယ်။ အခြား တဖက်တွင် ဒေသတွင်းနေ ပြည်သူတို့ ခံစားနေရသော ရောဂါဝေဒနာများကို ပြုစုကုသသည့်အပြင် ရောဂါဝေဒနာ ဖြစ်ပွားစေသည့် အကြောင်းရင်းများနှင့် ဆိုးကျိုးသက်ရောက်မှုများကို စူးစမ်းလေ့လာမှုများ ပြုလုပ်ရမှာဖြစ်တယ်။ ဤဆေးရုံလုပ်ငန်းများဟာ များစွာမပင်ပန်းလှသည့် လုပ်ရိုးလုပ်စဉ် လုပ်ငန်းမျိုးသာ
ဖြစ်ပါတယ်။ နာလံထနှင့် အရေးပေါ်မဟုတ်သော ခွဲစိတ်ကုသမှုများသာမကလူထုကျန်းမာရေးပညာရှင်တို့ကလည်း ဒေသအတွင်း ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းရပ်များကို ရွေးချယ်သတ်မှတ်ကာ လူထုကျန်းမာရေးကာကွယ်စောင့်ရှောက်မှု လုပ်ငန်းဌာနလည်းဖြစ်ပါတယ်။
ပြည်သူတဦးစီ၏ ကျန်းမာရေးကို အလုံအလောက် စစ်ဆေး စောင့်ရှောက်ပေးမည့် ဒေသန္တရဆေးပေးခန်းများလည်း ထူထောင်ဖွင့်လှစ်ရမယ်။ ဤအဆင့်ဆေးရုံများတွင် လူထုအုပ်ချုပ်ရေး အဖွဲ့အစည်းများက ဘဏ္ဍာငွေကြေး ထောက်ပံ့နိုင်ခဲ့လျှင် ရောဂါရှာဖွေ စမ်းသပ်မှုကို အထောက်အကူပြုမဲ့ ဓာတ်ခွဲခန်းနဲ့ ဓာတ်မှန်ရိုက်ဌာနများအသီးသီးကို ဖွင့်လှစ်သွားရမယ်။
အခြားသော အကူအညီများပေးနိုင်မယ့် ပုဂ္ဂိုလ်များမှာ ဆရာဝန်ရဲ့ လက်ထောက်များဖြစ်တယ်။ သူတို့မှာ ယေဘုယျအားဖြင့် လူငယ်လူရွယ်များဖြစ်ကာ ပညာအခြေခံလည်းရှိ၍ ကျန်းမာသန်စွမ်းသူများဖြစ်တယ်။ သူတို့အလုပ်ဟာ တခါတရံမှာ ဆိုရင် သေနတ်ကို သယ်ဆောင်ရမှာမဟုတ်ဘဲ ဆေးဝါးများကို သယ်ဆောင်ရမှာဖြစ်တယ်။ သို့သော် အများအားဖြင့် သေနတ်ကိုင်ဆောင်လိုသူ သေနတ်မလုံလောက်မှုလည်း ရှိတယ်။ သူတို့က ဆေးဝါး အားလုံးအတွက် ကိရိယာများကို ကြီးကြပ်တာဝန်ယူသယ်ဆောင်ရပြီး တိုက်ပွဲဒဏ်ရာရသူများကို တာဝန်ခံသယ်ယူရမယ်။
သူတို့မှာ လူနာထမ်းစင် (ဝါ) ပုခက် စသည်တို့လည်း ပါဝင်ရမယ်။ ရန်သူ့ နယ်မြေအတွင်းမှာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် အဆက်အသွယ်များ ပြုလုပ်၍ လိုအပ်သောဆေးဝါးများကိုလည်း ရယူနိုင်တယ်။ တခါတရံ ယင်းဆေးဝါးများကို နိုင်ငံတကာ ကြက်ခြေနီအသင်းကဲ့သို့သော အဖွဲ့အစည်းများထံမှ ရယူနိုင်တယ်။ ဒါပေမယ့် အစပိုင်းမှာ ဤကဲ့သို့သော အလားအလာများအပေါ် အားကိုး၍ မရနိုင်။ အကျဉ်းအကြပ်ကာလများမှာ လိုအပ်သောဆေးဝါးများကို အလျင်အမြန် သယ်ယူပို့ဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်းတခုကို ထူထောင်ကာ လူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့်စစ်ဘက်မှ လိုအပ်သည့် ဆေးဝါးများကို နောက်တန်းဆေးရုံများသို့ ထောက်ပံ့ဖြည့်ဆည်းခြင်းကို ပြုလုပ်နိုင်ပါတယ်။ ပြောက်ကျားတပ်ဖွဲ့က မစွမ်းနိုင်သော (ဝါ) ပစ္စည်းကိရိယာ မလုံလောက်မှုကြောင့် ခွဲစိတ်ကုသမပေးနိုင်တဲ့ ဒဏ်ရာရလူနာများကို ကုသပေးနိုင်မယ့် ပတ်ဝန်းကျင်ဒေသရှိ ဆရာဝန်များနှင့် အဆက်အသွယ် ယူထားရမယ်။ ပြောက်ကျားစစ်ပွဲအတွက် လိုအပ်သောဆရာဝန်များမှာ အမျိုးမျိုးဖြစ်တယ်။
ပထမအဆင့်ရှေ့တန်းဆရာဝန်ဟာတိုက်ပွဲဝင်စစ်သည်တို့ရဲ့ ရဲဘော်ရဲဘက်ဖြစ်တယ်။ သူ့ရဲ့လုပ်ငန်းတာဝန်ဟာလည်း တပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများ ပိုမိုရှုတ်ထွေးလာလေလေ၊ ဆက်စပ်နေသော အဖွဲ့အစည်းများ ဆက်တိုက် ထူထောင်နိုင်လေလေ၊ ပိုမိုများပြား ကျယ်ပြန့်လာလေလေဖြစ်တယ်။ အထွေထွေ ရောဂါကု ဆရာဝန်များဟာ ပြောက်ကျားတပ်ဖွဲ့များအတွက် အကောင်းဆုံးဖြစ်တယ်။ မေ့ဆေး ဆရာဝန်များ ရရှိလျှင် သာ၍ပင် ကောင်းမွန်ပါတယ်။ အားလုံးနီးပါး ခွဲစိတ်ကုသပေးမှုများကို ဓာတ်ငွေ့မေ့ဆေးနှင့် မဟုတ်ဘဲ (largactil) ခေါ် ပိုမိုအစွမ်းထက်သည့် စိတ်ငြိမ်ဆေး တမျိုးနှင့် (Sodium pentothal) ခေါ် အကြောတွင်း ထိုးသွင်းရသည့် မေ့ဆေးများဖြင့် ပြုလုပ်လို့ရတယ်။ (မှတ်ချက် - ကြားဖူးရုံမျှဖြင့် လက်တည့်မစမ်းသင့်ပါ။)
အရိုးအထူးကုဆရာဝန်များလည်းအလွန်လိုအပ်ပါတယ်။ ဒေသအတွင်း မကြာခဏ ဖြစ်ပွါးလေ့ရှိတဲ့ မတော်တဆထိခိုက်မှုများ၊ ကျည်ဆံထိမှန်သဖြင့် ခြေလက်များတွင် အရိုးကျိုးဒဏ်ရာများလည်း အဖြစ်များလှပါတယ်။ ဆေးရုံဆေးပေးခန်းများဟာ တောင်သူလယ်သမားများကို အဓိက ကုသစောင့်ရှောက်ပေးပြီး ပြောက်ကျားစစ်သည်များထဲက ဖျားနာမှုအများစုက ရောဂါအမျိုးအမည်ရှာဖွေဖော်ထုတ်ရန် လွယ်ကူလှသဖြင့်အားလုံးလိုလိုက ပြုစုကုသပေးနိုင်တယ်။ ကုသရာ၌အခက်ခဲဆုံးမှာ အာဟာရချို့တဲ့မှုကြောင့် ရရှိသော ရောဂါများပင်ဖြစ်တယ်။
ပိုမို၍ ဖွံ့ဖြိုးတိုးတက်လာသည့်အဆင့်တွင် ဓာတ်ခွဲခန်းကျွမ်းကျင်သူများပင် ဝင်ရောက်လုပ်ကိုင်လာနိုင်ကြကာ ခေတ်မီ ဆေးရုံကောင်းများ ရှိလာမှာဖြစ်တယ်။ ဆေးဘက်ပညာရှင်အများအပြားတို့ကို တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်မှုများ ပြုလုပ်သင့်တယ်။ ဤသို့ ဆင့်ခေါ်မှုများကို အများအပြားကပင် တုံ့ပြန်ပါဝင် ကူညီကြမှာ ဖြစ်တယ်။ ခွဲစိတ်ဆရာဝန်များ၊ သွားဘက်ဆရာဝန်များ အစရှိသည့် အထူးကု ဆရာဝန်များ အပြင်၊ အခြားဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များအားလုံးတို့လည်း လိုအပ်တာဖြစ်ပြီး အထောက်အကူများစွာ ရရှိမှာဖြစ်တယ်။ သွားဆရာဝန်များကို နယ်လှည့်သွားလာသည့်အခါ ကိုင်ဆောင် အသုံးပြုနိုင်သည့် ရိုးရိုးရှင်းရှင်း ကိရိယာများ ယူဆောင်လာကြဖို့ အကြံပေးသင့်ပြီး၊ နယ်လှည့် သွားဖာ၊ သွားနုတ်ကိရိယာများ လွန်သွားများ ယူဆောင်သင့်တယ်။ လိုအပ်သည့်ကိစ္စများကို ဤကိရိယာများဖြင့် လက်တွေ့ပြီးမြောက်စေနိုင်တယ်။
(င) ဖောက်ခွဲဖျက်ဆီးရေးနှင့် လျှို့ဝှက်လုပ်ကြံမှုများ
ပြောက်ကျားစစ်ပွဲဖြင့်ဆန့်ကျင်တော်လှန်သော ပြည်သူလူထုရဲ့ အစွမ်းထက် ထိရောက်လှတဲ့လက်နက်ဟာ ဖောက်ခွဲဖျက်ဆီးခြင်းပင်ဖြစ်တယ်။ ယင်း ဖောက်ခွဲရေးအဖွဲ့ကို လူထုအုပ်ချုပ်ရေးအဖွဲ့အစည်း(ဝါ) လျှို့ဝှက်အဖွဲ့အစည်းတခု၏ အုပ်ချုပ်ကွပ်ကဲမှုအောက် ထားရှိကာ ဖောက်ခွဲဖျက်ဆီးခြင်းကို တော်လှန်ရေး အခြေခံဒေသ အပြင်ဖက် နယ်မြေများတွင်သာ အသုံးချဆင်နွှဲသွားရေးဖြစ်တယ်။ ဤအဖွဲ့အစည်း (ဖောက်ခွဲဖျက်ဆီးရေးအဖွဲ့) ကို ပြောက်ကျားတပ်ဖွဲ့စစ်ဦးစီးဌာနက အုပ်ချုပ်မှာဖြစ်ပြီး ညွှန်ကြားမှုများလည်း ပြုလုပ်ရမှာဖြစ်တယ်။ ယင်းစစ်ဦးစီးဌာနက မည်သည့်စက်ရုံများ၊ လမ်းပန်း၊ အဆက်အသွယ်များ (ဝါ) အခြားသော အရေးကြီး ပစ်မှတ်များကို ဖောက်ခွဲဖျက်ဆီးပစ်မှာကို တာဝန်ယူဆုံးဖြတ်ပေးသွားရမှာ ဖြစ်တယ်။
ဖောက်ခွဲဖျက်ဆီးခြင်းဟာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်းနဲ့ မည်သို့မျှ မသက်ဆိုင်။ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ပုဂ္ဂိုလ်တဦးချင်း လုပ်ကြံသတ်ဖြတ်ခြင်းတို့မှာ လုံးဝကွဲပြားခြားနားသော နည်းနာများဖြစ်တယ်။ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်းဟာ အနုတ်လက္ခဏာသာဆောင်တယ်လို့ ကျနော်တို့ရိုးသားစွာယုံကြည်ပါတယ်။ မိမိတို့လိုလားတဲ့အကျိုးကို မရနိုင်ပြည်သူတို့က တော်လှန်ရေး လှုပ်ရှားမှုအပေါ် ဆန့်ကျင်လာနိုင်သည်သာမက ရလဒ်နှင့်မကာမိအောင်ပင် မိမိရဲဘော်များ၏ အသက်ပေါင်းများစွာကို ဆုံးရှုံးစေနိုင်တယ်။ အခြားတဖက်မှာ အလွန်ထူးခြားသော အခြေအနေများအောက်၌ ရန်သူ့ဘက်တော်သားအချို့ကို လုပ်ကြံပစ်ဖို့ကြိုးစားသင့်ပြီး ဒီနည်းလမ်းနဲ့ ပြည်သူကိုညှဉ်းပန်းနှိပ်စက်နေတဲ့ ရန်သူအကြီးအကဲတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ မည်သည့်အခါမျှ မလုပ်သင့်တဲ့ အလုပ်တခုမှာ အထူးလေ့ကျင့်ပေးထားပြီးဖြစ်သော ကိုယ်ကျိုးမဖက် အသက်စွန့်ရဲသူ ရဲဘော်တွေကို အရာမရောက်လှတဲ့ ရမ်းကားရက်စက်သူတယောက်ကို ဖယ်ရှားပစ်ရုံအတွက် မခိုင်းစေသင့်ပါ။ ယင်းသို့ ဖယ်ရှားသုတ်သင်ပစ်မှုကြောင့် တန်ပြန်ကလဲ့စားချေမှုများ ပြုလုပ်ကာ တော်လှန်ရေးရဲဘော်များကိုပါ ထိခိုက်နစ်နာစေပြီး ပိုလို့ပင်ဆိုးလာနိုင်ပါတယ်။ ဖောက်ခွဲဖျက်ဆီးခြင်း နှစ်မျိုးနှစ်စားရှိတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိမိရည်မှန်းတဲ့ပစ်မှတ်တွေကို ဖျက်ဆီးပစ်ခြင်းနဲ့စစ်ချီရာ လမ်းကြောင်းတလျှောက် ဒေသဆိုင်ရာ မိုင်းထောင်၊ ဖောက်ခွဲ ဖျက်ဆီးခြင်းတို့ဖြစ်တယ်။ တနိုင်ငံလုံး အတိုင်းအတာအရ ဖောက်ခွဲဖျက်ဆီးပစ်ရာတွင် အဓိကထားရမယ့် ပစ်မှတ်မှာ ဆက်သွယ်ရေး လမ်းကြောင်းများဖြစ်တယ်။ ဆက်သွယ်ရေးစနစ်တခုစီကို နည်းနာတမျိုးစီနဲ့ ဖျက်ဆီးပစ်နိုင်တယ်။ ယင်းတို့အားလုံးဟာ ဖျက်ဆီးလို့လည်း လွယ်ကူတယ်။ ဥပမာအားဖြင့် ကြေးနန်းနှင့် တယ်လီဖုန်းတိုင်များကို ဆက်တိုက်ဆိုသလို လွှနဲ့တိုက်ဖြတ်ပြီးနောက် ညဘက်မှာ ယင်းတို့အားလုံးမှာ ဟန်မပျက်ရှိနေမှာဖြစ်တယ်တယ်လီဖုန်းတိုင်တခုကို လှဲပစ်ရုံနဲ့ ကျန် တိုင်တွေအားလုံး ဘုံးဘုံးလဲကျပြီး နေရာအတော်များများမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်မှာဖြစ်တယ်။
တံတားတွေကိုတော့ ဒိုင်းနမိုက်ယမ်းဘီလူးတွေနဲ့ ဖြတ်တောက်ပစ်နိုင်တယ်။ ဒိုင်းနမိုက်မရှိခဲ့ရင် သံမဏိဘောင်နဲ့ပြုလုပ်ထားတဲ့ တံတားတွေကို အောက်ဆီအက်ဆီတလင်း ဂဟေဆော်မီးတောက်နဲ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ တံတားရဲ့အောက်ခံပင်မ ဘောင်နဲ့ အပေါ်ဘောင်တန်း ကို ဂဟေဆော်မီးတောက်နဲ့ဖြတ်ပစ်ရမယ်အခြား တဖက်စွန်းမှာလည်း ဤသို့ပင်ဖြတ်ပစ်ခြင်းဖြင့် တံတားမှာတဖက်သို့ လုံးဝစောင်းကျသွားပြီး တွန့်လိမ်ကောက်ကွေးကာ ပျက်စီးသွားမယ်။ ဤနည်းမှာ ဒိုင်းနမိုက်မပါဘဲ သံမဏိတံတားတခုကို အထိရောက်ဆုံး ဖျက်ဆီးပစ်ခြင်းပဲ ဖြစ်တယ်။ မီးရထားလမ်းတွေကိုလည်း ဖျက်ဆီးပစ်သလို ကားလမ်းတွေ ၊ ကားလမ်း ရထားလမ်း အောက်ရှိရေနှုတ် ကွန်ကရစ် ပိုက်လုံးကြီးတွေ၊ တခါတရံမှာ စစ်သားတင် ရထားတွေကို ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲနိုင်စွမ်းရှိသလောက် ဖောက်ခွဲဖို့ ကြိုးစားရမှာဖြစ်တယ်။
တချိန်ချိန်မှာ ဒေသတခုရဲ့ အရေးပါတဲ့ စက်မှုလုပ်ငန်းတွေကို လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အသုံးပြုပြီး ဖျက်ဆီးပစ်နိုင်တယ်။ ဤသို့သော အရာကိစ္စများတွင် ပြဿနာတခုလုံးကို ခြုံငုံစဉ်းစားဖို့ လိုအပ်ပြီး အဆုံးအဖြတ် ပေးမယ့်အချိန် မရောက်သေးလျင် ဗဟိုစက်မှုလုပ်ငန်းတွေကို မဖျက်ဆီးသေးဘဲ ထားရှိရမှာဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် အလုပ်သမားများစွာ အလုပ်လက်မဲ့ဖြစ်ပြီး ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံတွေ့ရနိုင်တယ်။ စစ်အစိုးရရဲ့ လက်ဝေခံတွေ ပိုင်ဆိုင်တဲ့ စီးပွါးရေး လုပ်ငန်းတွေကို ဖောက်ခွဲဖျက်ဆီးပစ်နိုင်တယ်။ (ယင်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော အလုပ်သမားများကို ထိုသို့လုပ်ရန် လိုအပ်တဲ့ အကြောင်းကို ရှင်းလင်းပြဖို့ အားထုတ်ဖို့လိုတယ်။) ထိုသို့ ဖောက်ခွဲဖျက်ဆီးပစ်ခြင်းဟာ အလွန်ဆိုးဝါးတဲ့ လူမှုရေးအကျိုးဆက်တွေ မပေါ်ပေါက်စေဖို့ သတိပြုကြရမယ်။
ဆက်သွယ်ရေးလုပ်ငန်းတွေကို ဖျက်ဆီးပစ်ရန် အရေးကြီးပုံကို ကျနော်တို့ ပြောခဲ့ပြီးပြီပိုမိုညီညာတဲ့မြေပြင်ဒေသမှာ ရန်သူစစ်တပ်အင်အားဟာ လျှင်မြန်စွာ ဆက်သွယ်ကူးလူးနိုင်တာကြောင့် ကျနော်တို့အဖို့ ယင်းအင်အားကို ချိနဲ့သွားအောင် မနားမနေ လုပ်ကိုင်သွားဖို့ဖြစ်တယ်။ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ တံတားတွေ၊ ရေနုတ်ပိုက်လုံးကြီးတွေ၊ လျှပ်စစ်မီး (ဓာတ်အားပေးစက်ရုံနဲ့ မဟာဓာတ်အားလိုင်း တိုင်ကြီး) တွေနဲ့ တယ်လီဖုန်းတိုင်တွေကို ဖျက်ဆီးပစ်ရမှာဖြစ်တယ်။ ရေသွယ် တံတားတွေလည်း အပါအဝင်ဖြစ်ပြီး ယေဘုယျအနေဖြင့် ပုံမှန်နဲ့ ခေတ်မီတဲ့ နေထိုင်မှုမျိုးအတွက် လိုအပ်သမျှသောအရာဟူသမျှကို ဖျက်ဆီးပစ်ဖို့ဖြစ်တယ်။
ရန်သူ့စစ်ချီရာ လမ်းကြောင်းတလျှောက် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း တွေကို အထက်ပါနည်းအတိုင်း ပိုမိုရဲရင့်စွာနဲ့ ပြုလုပ်ဖျက်ဆီးပစ်ရမယ်။ ပိုမို၍အကြိမ်များများနဲ့ ပိုမိုအာရုံစူးစိုက်ပြီးလုပ်ဆောင်ရမယ်။ ဤနေရာမှာ ပြောက်ကျားတပ် လှုပ်ရှားတိုက်ကင်း အဖွဲ့များရဲ့ အကူအညီက များစွာ အရေးပါလှတယ်။ ဒေသဆိုင်ရာ လူထုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ခွဲဝေတာဝန်ချထားတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက် ယင်းရဲဘော်အဖွဲ့များက ကူညီနိုင်တယ်။ အဓိကပစ်မှတ်မှာ ဆက်သွယ်ရေး လမ်းကြောင်းများပင် ဖြစ်တယ်။ တခုထူးခြားသည်မှာ မနားမနေ ဇွဲရှိရှိ လုပ်ဆောင်သွားဖို့ပင်ဖြစ်တယ်။ စက်ရုံအားလုံးနဲ့ ကုန်ထုတ်လုပ်ငန်းအားလုံးကို ဖျက်ဆီးချေမှုန်းပစ်ရမယ်။ ယင်းစက်ရုံ အလုပ်ရုံတွေဟာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေကို ရန်သူက ထိုးစစ်ဆင်လာနိုင်စေဖို့ လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးနေလို့ဖြစ်တယ်။
အထူးဂရုပြုစေလိုသည်မှာ ကူးသန်းရောင်းဝယ်မှုလုပ်ငန်းကို ထိန်းချုပ်ပစ်ရေး ဖြစ်တယ်။ ရိက္ခာဖြတ်တောက်ပစ်ဖို့ လိုအပ်လာရင် မြေရှင်ကြီးတွေရဲ့ လယ်ယာ ထွက်ကုန်ပစ္စည်းတွေ မရောင်းဝယ်အောင် ခြိမ်းခြောက်ရေး၊ ဝန်တင်ထရပ်ကားတွေ မီးရှို့ဖျက်ဆီးရေးနဲ့ ယင်းတို့ကိုအသုံးပြုပြီး လမ်းတွေပိတ်ဆို့ပစ်ရေးတို့ဖြစ်တယ်။ ပစ်ခတ်လိုက် ပြေးပုန်းလိုက် စနစ်ကို ကျင့်သုံးပြီး ရန်သူနဲ့ မလှမ်းမကမ်းနေရာကနေ မကြာခဏ နှောက်ယှက်ဖျက်ဆီးရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အထူးလိုအပ်တယ်။ ပြင်းထန်တဲ့ ခုခံမှုတွေပြုလုပ်ဖို့ မလိုအပ်။ သို့သော် ဖောက်ခွဲဖျက်ဆီးမှုလုပ်တဲ့ နေရာတိုင်းမှာ ရန်သူကို မိမိတို့ ပြောက်ကျားရဲဘော်တွေက တိုက်ခိုက်ဖို့ အသင့်ရှိနေကြောင်း ပြသဖို့လိုတယ်။ ဤအကြောင်းကြောင့် ရန်သူဟာ လူများများနဲ့သာ ခရီးသွားလာနိုင်တော့ခြင်း၊ သတိထားလာခြင်း (ဝါ) လုံးဝမလှုပ်ရှား ရဲအောင် ဖြစ်သွားမယ်သို့ဖြစ်၍ တစတစနဲ့ ပြောက်ကျား စစ်ဆင်မှုဒေသ ပတ်ဝန်းကျင်က မြို့တွေဟာ အကြောသေသလို မလှုပ်မယှက်နိုင်ဖြစ်သွားမယ်။
(ပီဒီအက်ဖ် စာမျက်နှာ ၈၉ - ၁၁၂)
စာရိုက် - ငနော့
Comments
Post a Comment