ပြောက်ကျားစစ် အပိုင်း ၃ ◼ ချေဂွေဗားရား
ပြောက်ကျားစစ် (အပိုင်း ၃)
ချေဂွေဗားရား
ဘာသာပြန်
ရဲဘော်ဆလိုင်းပါကျင်
ရဲဘောဇော်ထွန်း
(အခန်း ၂။ ပြောက်ကျားတပ်ဖွဲ့
ခေါင်းစဉ်ခွဲ (ဂ) ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပုံ)
ပစ္စည်းဆုံးရှုံး ပျောက်ပျက်မှုတွေလည်း နည်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ စုစုစည်းစည်း ရှိသွားလို့ပဲ။ တပြိုင်နက်တည်းမှာ သယ်ယူပို့ဆောင်သူ ရဲဘော်မှာလည်း ပိုမိုသယ်ဆောင်လာတာ၊ ပိုမိုကောင်းအောင် သယ်ဆောင်လာတာ၊ သယ်ပိုးချင်စိတ် လိုလိုလားလားရှိပုံပြသတာတွေဟာ ဆွဲဆောင်မှုသက်လုံရှိလို့ပါပဲ။ ဒါက ဘာလဲဆိုတော့ ဒီနည်းလမ်းတွေနဲ့သာ အနာဂတ်ကာလတွေမှာ လက်နက် ကိုင်ဆောင်ခွင့် အခွင့်အလမ်းတွေ ရလာမှာမို့ပါပဲ။ ဒီပို့ဆောင်ရေးအဖွဲ့တွေက စစ်ကြောင်းနောက်ပိုင်းက လိုက်ပါဖို့ဖြစ်ပြီး သူတို့မှာလည်း အခြားတပ်ဖွဲ့ဝင်တွေလို တာဝန်တွေ ရှိမှာဖြစ်ပြီး ညီတူညီမျှ ဆက်ဆံရမှာဖြစ်ပါတယ်။
စစ်ကြောင်းရဲ့ လှုပ်ရှားမှုအပေါ်မူတည်လို့ လုပ်ဆောင်စရာတွေလည်း ကွဲပြားခြားနားမှာဖြစ်ပါတယ်။ တပ်တခုလုံး စခန်းချဖို့ဆိုရင် ကင်းအဖွဲ့ သီးသန့်ထားရမယ်။ အတွေ့အကြုံများသူ၊ လေ့ကျင့်ထားသူတွေ ပါဝင်ကြရမှာဖြစ်ပြီး သူတို့ထမ်းရွက်ရတဲ့ ဒီတာဝန်အတွက် အထူးချီးမြှင့်မှုတွေ လိုအပ်တယ်။ ပိုမိုလွတ်လပ်ခွင့်တွေအပြင် တပ်ဖွဲ့တိုင်းကို အညီအမျှဝေပေးပြီး ပိုလျှံလာတဲ့ သကြားလုံး၊ ဆေးလိပ် စတာတွေကို အထူးတာဝန်ထမ်းရတဲ့တပ်စိတ် (ဝါ) တပ်စုအဖွဲ့ဝင်တွေအတွက် ထပ်မံဝေပေးသင့်တယ်။ ဥပမာ လူအင်အား ၁၀၀ အတွက် စီးကရက်ဗူး ၁၁၅ ဗူးဖြစ်နေရင် အပို ၁၅ ဗူးကို အဲဒီလို ပင်ပန်းတဲ့ရဲဘော်တွေကို ဝေပေးနိုင်တယ်။ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့နဲ့ နောက်ပိုင်းကင်းထောက်အဖွဲ့တွေဟာ အခြားတပ်ဖွဲ့တွေနဲ့ သီးသန့်နေပြီး ကင်းစောင့် အထူးတာဝန်ယူရမယ်။ သို့သော်လည်း ဒိအပြင် တပ်စိတ်တိုင်းကလည်း တပ်စိတ်ကင်းတွေ ချထားကြရမယ်။ စခန်းချရာ နေရာကနေ ဝေးသွားလေ၊ စောင့်ကြပ်ကင်းထောက်တာ လုပ်သွားနိုင်လေဆိုရင် တပ်ဖွဲ့အတွက် ပိုမိုလုံခြုံပြီး ဟင်းလင်းပြင်ဒေသတွေမှာ ပိုမို၍အထူးလိုအပ်တယ်။
စခန်းအတွက် နေရာရွေးရင် ပို၍အမြင့်ပိုင်းကျပြီး ဒေသကျယ်ကျယ်ပြန့်ပြန့်ကို အပေါ်စီးမှမြင်နိုင်တဲ့ နေရာမျိုး၊ ညဖက်မှာ ချဉ်းကပ်ဖို့ခက်ခဲတဲ့ နေရာမျိုး ဖြစ်ရပါမယ်။ နေ့ရက်များစွာ နေဖို့အစီအစဉ်ရှိရင် ကတုတ်ကျင်းတွေ တူးဖို့ လိုအပ်တယ်။ ဒါမှလည်း အတိုက်ခံရတဲ့အခါ မိမိက ပြန်လည်ခုခံနိုင်မှာဖြစ်တယ်။ တပ်ဖွဲ့ရွှေ့ပြောင်းတဲ့အခါ ဒီကတုတ်ကျင်းတွေကို ဖျက်ဆီးပစ်နိုင်ပြီး၊ ဒါမှမဟုတ် မိမိခြေရာဖျောက်ဖို့ မလိုဘူးဆိုရင်လည်း ဒီအတိုင်းထားခဲ့နိုင်တာပဲ။
အခြေခံစခန်းကြီးတွေ တည်ဆောက်မယ့်နေရာမှာတော့ ကတုတ်ကျင်းတွေအကာအကွယ်တွေ ပိုကောင်းအောင် တဖြည်းဖြည်းနဲ့ ဆက်တိုက်လုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်။ မှတ်သားစရာရှိသည်မှာ တောင်ပေါ်ဒေသမှာ စေ့စပ်သေချာစွာ ရွေးချယ်ထားတဲ့ စခန်းနေရာမျိုးမှာ ထိရောက်တဲ့ တခုတည်းသော လက်နက်ကြီးကတော့ မော်တာ (Mortar) အမြောက်လက်နက်ကြီးပဲဖြစ်တယ်။ မိမိစခန်းချရာဒေသက ရနိုင်တဲ့ပစ္စည်းတွေနဲ့ အားဖြည့်ပြီး အမိုးအကာ
တည်ဆောက်ကြရမယ်။ ဥပမာ ကျောက်တုံး၊ သစ်လုံး အစရှိသည်တို့ကို အသုံးချနိုင်တယ်။ အမြောက်ကျည်ဆံတွေကနေ အကာအကွယ်ပေးနိုင်မယ့်၊ ရန်သူတပ်ဖွဲ့တွေ ချဉ်းကပ်ဖို့ ခက်ခဲမယ့် ပုန်းခိုကျင်းတွေ ဆောက်ကြရမယ်။ စခန်းတွင်းမှာ စည်းကမ်းရှိဖို့လည်း အရေးကြီးပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ပညာပေးစည်းရုံးဆောင်ရွက်မှုမျိုး ရှိရပါမယ်။ အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်မှအစ သတ်မှတ်ထားတဲ့ အချိန်နာရီအတိုင်း လိုက်နာလုပ်ဆောင်ကြရပါမယ်။ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေမယ့်လူမှုရေးအကျိုးသက်ရောက်မှု မပါတဲ့ ကစားနည်းတွေကို တားမြစ်ရမှာဖြစ်သလို အရက်သေစာ သောက်စားခြင်းကိုလည်း ရှောင်ရှားရမယ်။ ဒီလုပ်ငန်းတွေကို တပ်ဖွဲ့ထဲက တော်လှန်ရေးအစဉ်အလာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရွေးချယ်ဖွဲ့စည်းထားတဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီအဖွဲ့ရဲ့ နောက်လုပ်ငန်းတခုက အဝေးကနေ လှမ်းမြင်နိုင်တဲ့နေရာတွေမှာ မီးထွန်းတာတို့၊ မီးရှို့တာတို့၊ ညဖက်မရောက်ခင် မီးဖိုတာတို့ကို ကာကွယ်ဟန့်တားရမှာဖြစ်ပြီး စခန်းသန့်ရှင်းရေးနဲ့၊ လိုအပ်ခဲ့ရင် ရန်သူ ခြေရာမခံမိအောင် စခန်းကို ရုပ်ဖျက် ရှင်းလင်းထားခဲ့ ဖို့ ဖြစ်ပါတယ်။ မီးတငွေ့ငွေ့လောင်ကျွမ်းခဲ့ပြီး သဲလွန်စလို ကြာရှည်ကျန်နေရစ်နိုင်တာကို ကြီးစွာသတိထားပြီး မြေကြီးနဲ့ ဖုံးအုပ်ခဲ့ရမယ်။ စက္ကူ၊ ဗူးခွံနဲ့ စားကြွင်းစားကျန်တွေ အားလုံးကို မီးရှို့ဖျက်ဆီး ဖျောက်ဖျက်သင့်တယ်။
ချီတက်တဲ့အခါ စစ်ကြောင်းတကြောင်းလုံး ခြေသံလုံလုံနဲ့ အသံမထွက်အောင် သွားလာရမယ်။ အထက်အဆင့်ရဲ့ အမိန့်ညွှန်ကြားချက်တွေကို သင်္ကေတနဲ့ အချက်ပြလို့ ဖြစ်စေ၊ တီးတိုးစကားနဲ့ဖြစ်စေ တယောက်ပြီးတယောက် နောက်ဆုံးရဲဘော်အထိ လက်ဆင့်ကမ်း အသိပေးရမယ်။ ပြောက်ကျားတပ်ဖွဲ့ဟာ မိမိမသိကျွမ်းတဲ့နယ်မြေကို ဖြတ်သန်းတဲ့အခါ၊ ဒါမှမဟုတ် လမ်းကို ဖြတ်ကျော်တဲ့အခါနဲ့ လမ်းပြအားကိုး သွားရတဲ့အခါ ရှေ့က ကင်းထောက်ဟာ မီတာ ၁၀၀ သို့မဟုတ် ၂၀၀ အထိ ဒါမှမဟုတ် ဒါထက်ပိုဝေးလို့ဖြစ်စေ နယ်မြေဒေသပေါ် မူတည်လို့ ရှေ့ကသွားနှင့်ရမယ်။ လမ်းဆုံလမ်းခွဲတွေမှာ လမ်းမှားမလိုက်မိစေရန် နောက်ကလိုက်လာသူရဲဘော်တွေကို စောင့်ဖို့ ရဲဘော်တယောက်စီ ထားခဲ့ရမယ်။ နောက်ချန်တပ်ဖွဲ့ကလည်း ရှေ့ကသွားနှင့်တဲ့ တပ်ဖွဲ့တွေနဲ့ ခွဲချန်နေခဲ့ပြီး နောက်ပိုင်းမှာရှိနေတဲ့ လမ်းတွေကို စောင့်ကြပ်ရမယ်။
ပြီးတော့ ခြေရာ အစအနမကျန်အောင် တတ်နိုင်သလောက် ဖျက်ပစ်ရမှာ ဖြစ်တယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဖက်က ရန်သူချဉ်းကပ်လာနိုင်တဲ့လမ်းမျိုးနဲ့ ဆုံနေခဲ့ရင် အဲဒီလမ်းကို ကျော်ဖြတ်ပြီးသည်အထိ ကင်းစောင့်အဖွဲ့တဖွဲ့က စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်တွေ့ကျတာကတော့ တပ်စိတ်တိုင်းက တပ်စိတ်ရဲဘော်တွေကို တာဝန်ပေးပြီး တလှည့်စီ စောင့်ကြည့်ဖို့ဖြစ်တယ်။ အဲဒီနေရာမှာ တာဝန်ကျတပ်စိတ်ရဲ့ ရဲဘော်တိုင်းဟာ နောက်ကရောက်လာတဲ့ တပ်စိတ်ကို ကင်းတာဝန်လွှဲပေးခဲ့ပြီး ရှေ့ကိုရောက်နှင့်နေတဲ့ သူ့တပ်စိတ်နဲ့ ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။ ဒါကို နောက်ဆုံးတပ်စိတ်က ကျော်ဖြတ်ပြီးသည်အထိ တလှည့်စီဆက်တိုက် တာဝန်ယူကြရမှာ ဖြစ်ပါတယ်။
ချီတက် မှုဟာ ပုံစံတပုံစံတည်းဖြစ်ပြီး စည်းစနစ်ကျကာ အမြဲလို တူညီနေရမှာဖြစ်တယ်။ သို့ဖြစ်၍ တပ်စိတ် ၁ ဟာ ရှေ့တိုက်ကင်း၊ တပ်စိတ် ၂ က နောက်ကလိုက်၊ တပ်စိတ် ၃ က အုပ်ချုပ်ကွပ်ကဲရေးအဖွဲ့ဖြစ်ပြီး နောက် တပ်စိတ် ၄၊ တပ်စိတ် ၅ သို့မဟုတ် နောက်ချန်ကင်းတပ်ဖွဲ့ သို့မဟုတ် အခြားတပ်စိတ် တပ်ဖွဲ့များဖြစ်ပြီး အမြဲလို အဲဒီပုံစံ အစီအစဉ်အလိုက် သွားကြရမှာဖြစ်ပါတယ်။ ညဖက် ချီတက်တဲ့အခါ အသံမထွက်အောင် ပိုမိုလိုက်နာကြရမှာဖြစ်ပြီး တဦးကိုတဦး အလှမ်းမကွာဝေးစေဘဲ ပိုမိုနီးကပ်စွာ ချီတက်ကြရမှာဖြစ်တယ်။ ဒါမှသာ ရဲဘော်တဦးစီ အုပ်စုကွဲ လမ်းပျောက်၍ အော်ခေါ်စရာ၊ မီးထွန်းညှိစရာ မဖြစ်တော့ပါ။ အလင်းရောင်ဟာ ပြောက်ကျားတပ်သားရဲ့ ရန်သူပဲ။ ချီတက်သွားလာခြင်းရဲ့ ဦးတည်ချက်ဟာ ရန်သူကို တိုက်ခိုက်ဖို့ဆိုရင် သတ်မှတ်တဲ့နေရာ (ဒီနေရာဟာ ဦးတည်ချက်အတိုင်း တိုက်ခိုက်အောင်မြင်ပြီးတဲ့အခါ ပြန်လည်စုရုံးကြဖို့ သတ်မှတ်ရာနေရာလည်းဖြစ်တယ်။ တနည်းအားဖြင့် စုရပ် ကို ရောက်တဲ့အခါ ဝန်ထုပ်ဝန်ပိုး (ကျောပိုးအိတ်၊ ချက်ပြုတ်ဒယ်အိုး) စတာတွေကို ချထားခဲ့ပြီး တပ်ဖွဲ့ရှိ ရဲဘော်တဦးစီတိုင်းဟာ လက်နက်နဲ့ကျည်ဆံသာ သယ်ဆောင်ပြီး ရှေ့ဆက်ချီတက်ဖို့ပဲ။
တိုက်ခိုက်မဲ့နေရာ မြေပြင်အခြေအနေကို လေ့လာသတင်းထောက်လှမ်းပြီး ရန်သူရဲ့ အစောင့်ကင်းနေရာတို့ကို သိရှိပြီးဖြစ်ရမယ်။ ခေါင်းဆောင်တွေကတော့ ရန်သူရဲ့ အခြေခံစခန်းအနေအထားနဲ့ ရန်သူအရေအတွက် အစရှိတဲ့ ရန်သူတပ်ဖွဲ့ရဲ့ အခြေအနေအရပ်ရပ်ကို သိရှိပြီးနောက် အပြီးသတ်တိုက်ခိုက်ချေမှုန်းပစ်ဖို့ အစီအစဉ်တွေ ပြုလုပ်ပြီး တပ်ဖွဲ့ဝင်တွေကို အသီးသီးနေရာခွဲဖြန့်ထားရမှာ ဖြစ်တယ်။ အမြဲသတိရှိဖို့ကတော့ တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးကောင်းတဲ့ ရဲဘော်တွေကို ရန်သူစစ်ကူ လာနိုင်မယ့်နေရာတွေကို ဖြတ်တောက်တိုက်ခိုက်နိုင်ဖို့အတွက် နေရာယူစေဖို့ပဲ။ ရန်သူရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်မှုဟာ အရန်တပ်ကူတွေရောက်လာအောင် စစ်မြှူတိုက်ခိုက်မှုသာဖြစ်ရင် ရဲဘော်တဦးကို ဆက်သားအဖြစ်ထားပြီး သူက တိုက်ပွဲပြီးတာနဲ့တပြိုင်နက် စစ်ပွဲရဲ့ ရလဒ်ကို ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ထံ အလျင်အမြန် သတင်းပို့ခြင်းဖြင့် မိမိအဝိုင်းခံရမှုကို ချိုးဖောက်နိုင်ပြီး လိုအပ်ခဲ့ရင်လည်း နောက်ကျောကနေတိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်မှာဖြစ်တယ်။
ဘယ်လိုဖြစ်ဖြစ် တိုက်ပွဲနေရာဆီ ရန်သူရောက်လာနိုင်တဲ့လမ်းတွေကို သတိနဲ့ အမြဲစောင့်ကြပ်နေရမှာ ဖြစ်ပြီး တချိန်တည်းမှာပဲ စခန်းသိမ်းတိုက်ပွဲ (ဝါ) တိုက်ရိုက်ထိုးစစ်ကို လုပ်ဆောင်နေမှာဖြစ်တယ်။ ညဖက်မှာတော့ တိုက်ရိုက်ထိုးစစ်ကို ရွေးချယ်သင့်တယ်။ ရန်သူ့စခန်းကို သိမ်းနိုင်အောင် လုံလောက်တဲ့တွန်းအားနဲ့ လိုအပ်တဲ့စိတ်ဓာတ်အခြေခံတွေရှိရင် ဖြစ်နိုင်တယ်။
မိမိအတွက်စွန့်စားမှုတွေလည်း အလွန်အကျွံမဖြစ်စေရဘူး။ ရန်သူ့စခန်း ဝိုင်းနိုင်ဖို့ဆိုရင် အကာအကွယ်ယူဖို့နဲ့ စောင့်ဆိုင်းမှု ပြုလုပ်ဖို့လိုတယ်။ ရန်သူနဲ့ နီးကပ်သွားအောင် တဖြည်းဖြည်း ချဉ်းကပ်သွားပြီး နည်းလမ်းစုံနဲ့ နှောက်ယှက်ပေးကြရမယ်။ အဓိကကျတာကတော့ မီးရှို့ဖျက်ဆီးပစ်ပြီး သူတို့ထွက်လာအောင် လုပ်စေဖို့ပဲဖြစ်တယ်။ ဝိုင်းဝန်းပိတ်ဆို့နိုင်ဖို့ အနီးကပ်သွားတဲ့အခါ မိုလိုတော့ (Molotov) ဓာတ်ဆီဗုံးဟာ အလွန်ထိရောက်တဲ့လက်နက် ဖြစ်ပါတယ်။ အဲဒါကတော့ ရေနံဆီ ၃ ဆ၊ အင်ဂျင်ဝိုင် ၁ ဆ ရောပြီး ဖန်ပုလင်းတလုံးထဲထည့်၊ ဗူးဆို့ဆို့ပြီး
ဓာတ်ဆီဆွတ်ထားတဲ့ ဂွမ်းစကို အပြင်မှာပတ်ပြီးတော့ မီးရှို့ပြီး ပုလင်းကို ပစ်မှတ်ဆီ
ပစ်ပေါက်လိုက်ရတယ်။ ပုလင်းကွဲပြီး အတွင်းကရေနံဆီ ပြန့်ကျဲ မီးလောင်ကူးစက်ပြီး မီးတောက်တခု ဖြစ်သွားစေတယ်။
မိုလိုတော့ ဓာတ်ဆီဗုံးကို လက်နဲ့ပစ်သွင်းနိုင်လောက်အောင် မနီးကပ်သေးရင်လည်း ပြောင်းချောသေနတ်နဲ့ အထူးပေါက်ကွဲစေနိုင်တဲ့ ယမ်းအားကိုသုံးပြီး ပစ်ခတ်နိုင်ပါတယ်။ ဒီလက်နက်တွေကို ကျနော်တို့ စစ်ပွဲကာလတုန်းက M-16 လို့ နာမည်ပေးခဲ့တယ်။ အဲဒီသေနတ်ကတော့ ၁၆ မီလီမီတာ ပြောင်းကျယ်ရှိပြီး ဖြတ်ထားတဲ့ ပြောင်းချောသေနတ်ကို အသုံးချတာပါပဲ။ ထောက် ၂ ချောင်း တပ်ဆင်ထားပြီး သေနတ်ဒင်ကိုပါ ပေါင်းထောက်စေတဲ့ ၃ ချောင်းထောက် ပုံသဏ္ဌာန်ဖြစ်တယ်။ ဒီလက်နက်ကို ၄၅ ဒီဂရီစောင်းပြီး ဒေါက်ထောက်ထားနိုင်တယ်။ ခြေထောက်နှစ်ခုကို ရှေ့တိုးနောက်ဆုတ်လုပ်ခြင်းဖြင့် သူ့အနေအထားကို ပြောင်းနိုင်တယ်။ သူ့ရဲ့ကျည်ဆံကတော့ အထဲက ခဲကျည်စတွေထုတ်ထားတဲ့ ယမ်းပါရုံ ကျည်ခွံသက်သက်သာဖြစ်၍ ဆလင်ဒါပုံ တုတ်ချောင်းတခုခုကို ပြောင်းဝကနေ ကျည်ခွံထဲထိုးထည့်ပြီး အဲဒါကို ကျည်ဆံထိပ်ဖူးအဖြစ် အသုံးချတယ်။ ရေနံဆီပါတဲ့ ပုလင်းတလုံးကို ဖင်မှာ ရာဘာပြားခံပြီး တုတ်ရဲ့အဆုံးမှာ တပ်ဆင်ထားတယ်။ ဒီလက်နက်က မီးလောင်ဗုံးလို မီတာ ၁၀၀ သို့မဟုတ် ပိုဝေးတဲ့ပစ်မှတ်ကို ပိုမိုတိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်တယ်။ ရန်သူဟာ မီးအလွယ်တကူလောင်ကျွမ်းနိုင်တဲ့ သစ် ဝါး စတဲ့ အဆောက်အဦးတွေနဲ့ စခန်းဆောက်ထားခဲ့ရင် ဝိုင်းပတ်ချေမှုန်းတဲ့အခါ ဒီလက်နက်ဟာ အလွန်ထိရောက်တဲ့ လက်နက်ဖြစ်တယ်။ တောတောင်ထူထပ်တဲ့ နေရာဒေသတွေမှာလည်း တင့်ကားတွေကို ပစ်ခတ်နိုင်တယ်။ ဝိုင်းပတ်ချေမှုန်းလို့ အောင်ပွဲရပြီးဆုံးတဲ့အခါ (ဝါ) ရည်မှန်းချက် အောင်မြင်ပြီးတဲ့အခါ စုရပ်သို့ ပြန်လည်ဆုတ်ခွါကြရမှာဖြစ်တယ်။
အားလုံးသောတပ်စုများ စနစ်တကျ အစီအစဉ်အတိုင်း ဆုတ်ခွါကာ သာမန်နေရိုးနေစဉ် သွားရိုးသွားစဉ်ဘဝသို့ ပြန်လည်နေထိုင် အနားယူရပါမယ်။ ဒီအဆင့်မှာရှိတဲ့ အတည်တကျမရှိသေးတဲ့ ခြေသလုံးအိမ်တိုင်
ပြောက်ကျားဘဝဟာ ရဲဘော်များအတွင်း သွေးစည်းချစ်ကြည်မှုစိတ်ဓာတ်ကို နက်ရှိုင်းစွာပေါ်ပေါက်စေရုံမက တခါတရံမှာ အန္တရာယ်ရှိတဲ့ အုပ်စု ဒါမှမဟုတ် တပ်စိတ်ချင်းပြိုင်ဆိုင်မှုတွေ ပေါ်လာတတ်တယ်။ အကျိုးရှိတဲ့ ပြိုင်ဆိုင်မှုမျိုးဖြစ်အောင် ထိန်းကျောင်းမပေးခဲ့ရင် တပ်ဖွဲ့တွင်းညီညွတ်မှုကို ထိပါးနိုင်တယ်။ တော်လှန်ရေးရဲ့ အစမှာကို ပြောက်ကျားရဲဘော်ကို ပညာပေးနိုင်ဖို့ အရေးကြီးတယ်။ သူတို့ကို တော်လှန်ရေးရဲ့ လူမှုရေးမျှော်မှန်းချက်တွေနဲ့ တာဝန်တွေကို ရှင်းလင်းပြပြီး ပိုမိုနားလည်သဘောပေါက်စေကာ စာရိတ္တကောင်းတွေ ပေါ်ပေါက်အောင် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ပညာပေးသင်ခန်းစာတွေ ပေးကြရမယ်။ တိုက်ပွဲအတွေ့အကြုံ တခုစီတိုင်းဟာ အောင်မြင်မှုအတွက် အင်အားသစ်တွေ ဖြစ်စေရမယ်။ အသက်ရှင်ရပ်တည်ဖို့သာ တိုက်ရတဲ့ သာမန်စစ်ပွဲတခုမျိုး မဖြစ်စေသင့်။
ပညာပေးနည်းလမ်းတွေထဲက ထိရောက်အောင်မြင်တဲ့ နည်းလမ်းများစွာအနက် အကောင်းဆုံးတခုကတော့ စံပြနေထိုင်ပြခြင်းပဲဖြစ်တယ်။ ခေါင်းဆောင်တွေဟာ သန့်စင်တဲ့၊ ကိုယ်ကျိုးမဖက်တဲ့ နမူနာကောင်းတွေ ပြသနေထိုင်ကြရမှာဖြစ်တယ်။ ပြောက်ကျားရဲဘော်တယောက်ရဲ့ ရာထူးတိုးမြှင့်မှုဟာ ရဲရင့်မှု၊ စွမ်းဆောင်နိုင်ရည်နဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ် စတာတွေပေါ် အခြေခံရမှာဖြစ်ပါတယ်။ ဒီလိုမြင့်မားတဲ့ အရည်အသွေးတွေ မရှိတဲ့သူတွေကို တာဝန်ပို၍ယူရသော ရာထူးနေရာဌာနတွေမှာ မခန့်အပ်သင့်။ သူ့ကြောင့် ကံအကြောင်းမလှတဲ့ မတော်တဆမှုတွေ အချိန်မရွေး ပေါ်ပေါက်လာနိုင်လို့ဖြစ်တယ်။
အိမ်တအိမ်ကို တစုံတခုတောင်းခံဖို့ ချဉ်းကပ်နဲ့အခါ ပြောက်ကျားရဲ့ အပြုအမူတွေကို ပြည်သူလူထုက အကဲဖြတ်ပြီး တုံ့ပြန်ဆက်ဆံလိမ့်မယ်။ ဝန်ဆောင်မှုအတွက် (ဝါ) အစားအစာ (ဝါ) အခြားလိုအပ်သောအရာ တစုံတခုအတွက် တောင်းခံပုံနဲ့ လိုအပ်တဲ့အရာတွေ ရရှိအောင် ပြုမူဆက်ဆံပုံတွေအပေါ်မူတည်လို့
ရပ်သူရွာသားတွေက နှစ်သက်စရာ (ဝါ) အော့နှလုံးနာစရာ စသဖြင့် သတ်မှတ်ပေးကြတယ်။ ခေါင်းဆောင်လုပ်သူဟာ ဒီအခက်အခဲတွေကို အသေးစိတ်ရှင်းလင်းပြောပြပြီး အရေးကြီးပုံကိုလည်း အထူးအကျယ်ချဲ့ပြောပြဖို့လိုတယ်။ ကိုယ်တိုင်ကလည်း နမူနာပြသ သင်ကြားပေး ရမယ်။ မြို့တမြို့ကို ဝင်ခဲ့ရင် အရက်သေစာ သောက်စားမှုကို တားမြစ်ပြီး တပ်ဖွဲ့ဝင်တွေကို လည်း ပြေပြစ်တဲ့ စည်းကမ်း နမူနာကောင်းတွေ ပြသကြဖို့ တိုက်တွန်းနှိုးဆော်ထားရမှာဖြစ်တယ်။ မြို့ဝင်ပေါက်
ထွက်ပေါက်တွေကိုလည်း မပြတ်မလပ် စောင့်ကြပ်ကြည့်ရှုရမှာ ဖြစ်တယ်။ အဖွဲ့အစည်းစိတ်ဓာတ်၊ စစ်တိုက်စွမ်းရည်၊ သူရဲကောင်းဝါဒနှင့် ပြောက်ကျား တပ်ဖွဲ့စိတ်ဓာတ် အစရှိတာတွေဟာ ရန်သူအဝိုင်းခံရတဲ့အခါ စမ်းသပ်ခံကြရတာ ဖြစ်တယ်။ ဒီဟာကလည်း စစ်ပွဲကာလမှာ ကြောက်စရာ အကောင်းဆုံး အခြေအနေ ဖြစ်တယ်။ ကျနော်တို့ ပြောက်ကျားရဲဘော်များအကြားမှာ ရေပန်းစားတဲ့ စကားတလုံး ပေါ်ပေါက်လာတယ်။ အဲဒီစကားလုံးကတော့ ကြောက်လန့်တကြား ဖြစ်နေတဲ့ ရဲဘော်ရဲ့ မျက်နှာထားမျိုးကို “အဝိုင်းခံ မျက်နှာပေး" လို့ သုံးနှုန်းကြတာပါပဲ။ ပြုတ်ကျသွားခဲ့ပြီးဖြစ်တဲ့ အစိုးရနဲ့ ရာထူးအဆင့်ဆင့်က သူတို့ရဲ့ ဝိုင်းပတ်သုတ်သင် ချေမှုန်းရေး စစ်ဆင်မှုတွေကို ဝင့်ဝါစွာ ပြောတတ်ကြတယ်။ သို့ပေမယ့် နယ်မြေ ကျွမ်းကျင်တဲ့အပြင် ခေါင်းဆောင်တပ်မှူးနဲ့လည်း သဘောတရားရေး၊ စိတ်ဓာတ်ရေးရာအရ ညီညွတ်စုပေါင်းနေတဲ့ ပြောက်ကျားတပ်ဖွဲ့တခုဖို့ရာ ဒီပြဿနာဟာ အလေးထားစရာမဟုတ်။
ဒီနောက် လိုအပ်တာက အကာအကွယ်ယူဖို့၊ ရန်သူ ရှေ့ကိုချီတက်လာတာကို နှောင့်နှေးအောင်လုပ်ဖို့လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ရန်သူ့လှုပ်ရှားမှုကို ဟန့်တားဖို့၊ ညဖက်ထိုးဖောက်ပြီး (ပြောက်ကျားရဲ့ သဘာဝမဟာမိတ်) ရန်သူမသိအောင် တိတ်တဆိတ်လျှို့ဝှက်စွာနဲ့ အကောင်းဆုံးလမ်းကို ရှာဖွေရွေးချယ်ပြီး တပ်ဖွဲ့ ထွက်ခွါလာစေရမှာဖြစ်တယ်။ အလွယ်တကူ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေနဲ့ လုံးဝအသံလုံအောင် ထွက်ခွါရမှာဖြစ်တယ်။ ညဖက်ကာလတွေမှာတော့ လူတစုကို မလွတ်နိုင်အောင် ဝိုင်းထားနိုင်ဖို့ဆိုတာ အလွန်ကို ခက်ခဲပါတယ်။
(ဃ) ပြောက်ကျားတိုက်ပွဲ
ပြောက်ကျားတိုက်ပွဲဟာ ပြောက်ကျားရဲ့ဘဝမှာ အရေးအကြီးဆုံး စိတ်ဝင်စားဖွယ် ဖြစ်စဉ်တခုဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ခေတ္တမျှသာ ဖြစ်ပေမယ့် ဒီ ထွန်းပြောင်လှတဲ့ အခိုက်အတန့်တွေဟာ လွန်စွာ အရေးပါ အရာရောက်လှတယ်။ သေးငယ်တဲ့ ရင်ဆိုင်တိုက်ပွဲတခုစီဟာ ရဲဘော်များအတွက် အခြေခံကျလှတဲ့ တိုက်ပွဲအမျိုးအဖြစ်တယ်။
အောင်ပွဲရဖို့ သေချာရေရာမှသာ တိုက်ပွဲတပွဲတိုက်သင့်ကြောင်း ကျနော်တို့ ထောက်ပြခဲ့ပြီးပြီ။ ပြောက်ကျားစစ်တိုက်ပွဲရဲ့ နည်းပရိယာယ်ဆိုင်ရာ လုပ်ရပ်များနဲ့ပတ်သက်တဲ့ ယေဘုယျခြုံငုံသုံးသပ်ရမယ့် အချက်တွေအပြင် တိုက်ပွဲတခုစီရဲ့ ကွဲပြားခြားနားတဲ့ ဝိသေသလက္ခဏာတွေ ရှိနေနိုင်တာကိုလည်း မှတ်သားသင့်တယ်။ ဖော်ပြရလွယ်ကူအောင် အခွင့်သာသောဒေသ ပြောက်ကျားစစ်ကို ဦးစွာရည်ညွှန်းလိုပါတယ်။ အကြောင်းမှာ ဒီစစ်ဟာ ပြောက်ကျားစစ်ရဲ့ မူလနမူနာ ပုံစံပင်ဖြစ်လို့ပါ။ ဒီအချက်နဲ့ စပ်လျဉ်းပြီး တစုံတရာသော အခြေခံမူများကို ဆန်းစစ်လေ့လာရမယ်။ ဆန်းစစ်ပြီးတဲ့နောက်မှာ အခြားသောပြဿနာရပ်တွေကို လက်တွေ့နဲ့ ပေါင်းစပ်ပြီး ကိုယ်တွယ်ဖြေရှင်း ရမှာဖြစ်တယ်။ မြေပြန့်ဒေသစစ်ပွဲတွေတိုက်ခိုက်ခြင်းဟာ ပြောက်ကျားတပ်ဖွဲ့ အင်အားကြီးထွားမှုနဲ့ အခြေအနေတွေ ပြောင်းလဲတိုးတက်မှုတို့ရဲ့ အကျိုးရလဒ်ပဲ ဖြစ်တယ်။ ပြောက်ကျားအတွေ့အကြုံတွေ ရင့်ကျက်တိုးပွားလာခြင်းနဲ့အတူ ယင်းအတွေ့အကြုံကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ အလားအလာတွေလည်း များလာပါတယ်။
ပြောက်ကျားစစ်ရဲ့ အစပထမပိုင်းမှာ ရန်သူစစ်ကြောင်းများဟာ သူပုန် ဒေသအတွင်းသို့ နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်လာလိမ့်မယ်။ ထိုစစ်ကြောင်းတို့ရဲ့ အင်အားအပေါ် မူတည်၍ ပြောက်ကျားထိုးစစ်နှစ်မျိုး ဆင်နွှဲနိုင်တယ်။ တခုက အချိန်အပိုင်းအခြား အလိုက် ရန်သူ့ထိုးစစ်စွမ်းရည် ကျဆင်းအောင် သတ်မှတ်ကာလတခုအတွင်း စနစ်တကျတိုက်ခိုက်ခြင်းပါ။ ဤနည်းပရိယာယ်ကို ရန်သူရဲ့ ရှေ့ပြေးတိုက်ကင်းများကို တိုက်ခိုက်ရာမှာအသုံးချရမှာဖြစ်တယ်။
တပန်းရှုံးဒေသတွေမှာတော့ ရန်သူရဲ့ လက်ဝဲလက်ျာ တောင်ပံ စစ်ကြောင်းများရဲ့ တိုက်ခိုက်လာမှု ကို မိမိတပ်ဖွဲ့ကပိတ်ဆို့တားဆီးဖို့ ခက်ခဲတယ်။ ဒါကြောင့် ရှေ့ပြေးတိုက်ကင်းအဖွဲ့ထိုးဖောက်ဝင်ရောက်လာစဉ်မှာပဲ အပေါင်းပါစစ်သားတွေဟာ အကာအကွယ်မဲ့ ဖြစ်လာမယ်နောက်မှာကျန်နေတဲ့
စစ်ကြောင်းလုံခြုံရေးအတွက် တာဝန်ယူတဲ့ အဲဒီရှေ့ပြေးတိုက်ကင်းအဖွဲ့အတွက် ပွိုင့်အမှတ် တနေရာဟာ အမြဲရှိမှာ ဖြစ်တယ်။
မိမိဘက်မှာ ကျည်၊ ရိက္ခာ မလုံလောက်သည့်အခါဖြစ်ပြီး ရန်သူ အင်အားကြီးနေရင် အဲဒီကင်းတပ်ဖွဲ့ပွိုင့်ကို ချေမှုန်းပစ်ရေး ရည်ရွယ်ရမှာ ဖြစ်တယ်။ နည်းစနစ်ပိုင်းမှာ ရိုးရိုးလေးပင်ဖြစ်တယ်။ တစုံတရာညှိနှိုင်း ဆောင်ရွက်နိုင်ဖို့သာ အရေးကြီးပါတယ်။ မိမိရွေးချယ်ထားတဲ့နေရာ မတ်စောက် ကျဉ်းမြောင်းလေ ကောင်းလေပဲ။ ထိုရှေ့ပြေးကင်းအဖွဲ့ ရောက်လာသည့်အခါ မိမိနိုင်နင်းသလောက် ရန်သူအချို့ကို ကျွံခွင့်ပေးကာ ယင်းတို့ကို ချေမှုန်းပစ်ရမယ်။
ကျန်ပြောက်ကျားရဲဘော် အနည်းငယ်ခန့်က ရန်သူ၏စစ်ကြောင်းကို ခေတ္တမျှ ဟန့်တားပစ်ခတ်ကာ ရန်သူ့လက်နက်၊ ကျည်ဆံနဲ့ စစ်ပစ္စည်းများကို စုဆောင်း သိမ်းဆည်းရမှာ ဖြစ်တယ်။ မိမိအတွက် လက်နက်၊ ကျည်ဆံ ထောက်ပံ့သူမှာ ရန်သူသာဖြစ်တယ်ဆိုတာကို စွဲမြဲစွာမှတ်ထားကြရမှာလည်းဖြစ်တယ်။ အထူးအရေးကြီးသော အခြေအနေမျိုးမှလွဲ၍ ထိုကဲ့သို့ စစ်လက်နက်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခြင်း မရှိနိုင်သော တိုက်ပွဲမျိုးကို မတိုက်သင့်ပေ။ ပြောက်ကျားတပ်ဖွဲ့ အင်အားအလုံအလောက် ရှိလာတဲ့အခါ ရန်သူ့စစ်ကြောင်းအား လုံးဝဝိုင်းပတ် ပိတ်ဆို့ချေမှုန်းရေးကို လုပ်နိုင်တယ်၊ သို့မဟုတ် ဒီလိုတိုက်ခိုက်မယ့်ပုံ ဟန်ရေးပြနိုင်တယ်။ ဒီအခြေအနေမှာ ပြောက်ကျားတပ်ဖွဲ့ရဲ့ ရှေ့တန်းဟာ တောင့်တင်း ခိုင်မာရမှာဖြစ်သလို အကာအကွယ် ကောင်းကောင်း ယူထားနိုင်မှသာ ရန်သူရဲ့ထိုးစစ်ကို ရင်ဆိုင်နိုင်မယ်။ သဘာဝကျစွာပင် မိမိတို့တိုက်ခိုက်စွမ်းရည်နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တို့ကိုလည်း ထည့်သွင်း စဉ်းစားကြရမှာဖြစ်တယ်။ ရွေးချယ်ထားတဲ့နေရာအချို့မှာ ရန်သူကို ထိန်းချုပ်နိုင်တဲ့အခိုက်အတန့်မှာ ရန်သူရဲ့ နောက်ကြောင်းကို ပြောက်ကျား နောက်ခံတပ်ဖွဲ့က တိုက်ခိုက်တယ်။ ရွေးချယ်တဲ့နေရာဟာလည်း ဘေးတောင်ပံမှ တိုက်ခိုက်လာတာမျိုးအတွက် ခက်ခဲတဲ့နေရာဖြစ်သင့်ပြီး လက်ဖြောင့်တပ်သားများက သူတို့ထက် ၈ ဆမှ ၁ဝ ဆအထိ အရေအတွက် သာလွန်တဲ့ ရန်သူ စစ်ကြောင်း တခုလုံးအား ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ထားနိုင်တယ်။ ဒီအခြေအနေမျိုးမှာ အင်အားအလုံအလောက်ရှိပါက ရန်သူစစ်ကူလာနိုင်သော လမ်းများအားလုံးကို ကင်းပုံးဝပ်ကာ လျှပ်တပြက်တိုက်ခိုက်မှုများဖြင့် ပိတ်ဆို့ထား ရမှာဖြစ်တယ်။ ရန်သူကို ဝိုင်းပတ်ချေမှုန်းစစ်ဟာ တဖြည်းဖြည်းနဲ့ ထွက်ပေါက်မရှိ ပိတ်သွားစေရမယ်။ အထူးသဖြင့် ညဖက်မှာဖြစ်တယ်ပြောက်ကျားရဲဘော်ဟာ နယ်မြေကျွမ်းကျင်ပြီး ရန်သူအတွက်မူ ထိုသို့မဟုတ်ပေ။ ပြောက်ကျားရဲဘော်ဟာ ညဖက်မှာ ပိုမိုလှုပ်ရှားနိုင်သလောက် ရန်သူစစ်သားအဖို့မှာမူ အမှောင်ထုအတွင်း၌ ကြောက်အားပိုလာလေဖြစ်တယ်။ ဤနည်းဖြင့် အခက်အခဲများစွာမရှိလှဘဲ စစ်ကြောင်းတခုလုံး ချေမှုန်းပစ်နိုင်တယ်။ သို့မဟုတ် ရန်သူစစ်ကြောင်း ပြန်၍မထိုးနိုင်လောက်အောင်နဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်ကြာစေရန်အတွက် ရန်သူစစ်ကြောင်းအား တပ်ပျက်လုနီးပါး အင်အားချိနဲ့သွားအောင် တိုက်ပစ်နိုင်တယ်။ မိမိပြောက်ကျား တပ်ဖွဲ့အင်အားကလည်း နည်းနေတဲ့အချိန်မျိုးမှာ ရန်သူစစ်ကြောင်း ထိုးစစ်အားကို နှေးကွေးဟန့်တားလိုပါက လက်ဖြောင့်တပ်သား ၂ ယောက်မှ ၁၀ ယောက်အထိကို ရန်သူပတ်လည်မှ အချက်အခြာ ၄ နေရာမှာ နေရာယူစေကာ စစ်ပွဲကို စတင်နိုင်တယ်။ ဥပမာအားဖြင့် ယာဖက်တောင်ပံမှ စတင်ပစ်ခတ်ပြီး ရန်သူမဲလာတဲ့အခါ ကျန်တဖက်မှ ပစ်ခတ်ရန် ဖြစ်တယ်။ ဤနည်းဖြင့် ကျည်ဆံအနည်းငယ်မျှဖြင့် ရန်သူအား အချိန်အကန့်အသတ်မရှိ ထိန်းထားနိုင်တယ်။
ရန်သူတပ်ဖွဲ့နေရာ (ဝါ) ကားတန်းအား တိုက်ခိုက်တဲ့နည်းနာကို တိုက်ခိုက်ရန် ရွေးချယ်သည့် နေရာအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်တယ်။ ယေဘုယျအားဖြင့် ဝိုင်းထားတဲ့ရန်သူကို ညဖက်အချိန်မျိုးမှာ အလစ်ဝင်တိုက်ရမယ်။ ကျွမ်းကျင်တဲ့ ကွန်မင်ဒိုတပ်ဖွဲ့နဲ့ ရုတ်တရက် အလစ်ဝင်တိုက်ပြီး ရန်သူစခန်းကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။ ထိုအချက်ဟာ အလစ်အငိုက်ဖမ်း ဝင်တိုက်ခိုက်နိုင်သည့် အကျိုးကျေးဇူးပဲဖြစ်တယ်။
လုပ်ရိုးလုပ်စဉ် ဝိုင်းပတ်ချေမှုန်းစစ်မှာတော့ ရန်သူ့ထွက်ပေါက်လမ်းတွေကို တပ်အင်အားအနည်းငယ်မျှနဲ့ ထိန်းထားနိုင်ပြီး ရန်သူစစ်ကူလာနိုင်တဲ့ လမ်းတွေကိုလည်း ခြုံခိုကင်းချထားနိုင်တယ်။ ဒီလို ကင်းနေရာချထားမှုတွေကို တထပ်ပြီးတထပ် နေရာယူစေပြီး ပထမကင်းတထပ်က မနိုင်နင်းခဲ့ရင် နောက်ပြန်ဆုတ်ပြီး နောက် ဒုတိယတထပ်က ကျန်နေရစ်မှာဖြစ်တယ်။ အဲဒီနည်းလမ်းအတိုင်း တထပ်ပြီးတထပ် ဆုတ်နိုင်တယ်။
အလစ်တိုက်ခိုက်နိုင်ဖို့ အခွင့်မသာရင်တော့ စခန်းတခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ဖို့အတွက် ဝိုင်းဝန်းပိတ်ဆို့တဲ့တပ်ဖွဲ့က တပ်ကူလာမယ့်စစ်ကြောင်းတွေကို ရှေ့တိုးမလာနိုင်အောင် ထိန်းထားနိုင်တဲ့စွမ်းရည်အပေါ် မူတည်တယ်။ ဒီလိုအချိန်မှာ ရန်သူဘက်က အမြောက်လက်နက်ကြီးတွေ (artillery)၊ စိန်ပြောင်းလက်နက်တွေ၊ လေယာဉ်ပျံ၊ တင့်ကားတွေနဲ့ ထောက်ကူလာနိုင်တယ်။ မိမိအတွက် အားသာတဲ့ မြေပြင်အနေအထားမှာတော့ တင့်ကားအန္တရာယ်မကြီးလှပါ။ လမ်းကြမ်းတွေမှာ သွားလာရမှာမို့ မိုင်းထောင်၍ အလွယ်တကူဖျက်ဆီးပစ်နိုင်တယ်။ ဒီလိုဒေသမှာ တင့်ကားတွေ အများအပြား ရင်ဘောင်တန်း မချီတက်နိုင်တော့ဘဲ သူတို့ဟာ တစီးပြီးတစီး ရှေ့နောက် (ဝါ) နှစ်စီးလောက်သာ ရင်ဘောင်တန်း မောင်းနှင်နိုင်လိမ့်မယ်။ အကောင်းဆုံးနဲ့ အသေချာဆုံး လက်နက်ကတော့ မိုင်းတွေပါပဲ။ ထို့ထက်နီးနီးကပ်ကပ်တိုက်ခိုက်တဲ့နေရာတွေမှာ၊ ဥပမာ မတ်စောက်တဲ့နေရာမျိုးတွေမှာ အလွယ်တကူတိုက်ခိုက်နိုင်တာကတော့ မိုလိုတော့ မီးလောင်ဗုံးဟာ အလွန်ထိရောက်လှပါတယ်။
ယခုအချိန်ထိ ကျနော်တို့ ”ဘဇူကာ” လက်နက်အကြောင်း မပြောရသေးဘူး။ ယင်းလက်နက်ဟာ ပြောက်ကျားတပ်ဖွဲ့အတွက် အဆုံးအဖြတ်ပေးနိုင်သော်လည်း ပြောက်ကျားတပ်ဖွဲ့က ဒီလက်နက်တွေကို ရရှိနိုင်ဖို့ မလွယ်ဘူး။ အထူးသဖြင့် အစဦးပိုင်း စစ်ပွဲတွေမှာတော့ မော်တာစိန်ပြောင်းကျည်တွေကိုတော့ ကတုတ်ကျင်းတူး အမိုးအကာလုပ်ပြီး အရေးပေါ်ကာကွယ်နိုင်တယ်။ မော်တာ လက်နက်တွေဟာ ထိရောက်ပြင်းထန်တဲ့လက်နက်ပါ။ အထူးသဖြင့် ဝိုင်းဖမ်းပိတ်ဆို့ရေး စစ်ဆင်ရေးမှာ သုံးတယ်။ သို့သော်လည်း တဖက်မှာတော့ လှုပ်ရှားရွှေ့ပြောင်း တိုက်ခိုက်နေသူတွေကို ချေမှုန်းရာမှာ သူ့ရဲ့ ထိရောက်မှုစွမ်းရည် ဆုံးရှုံးနိုင်ပြီး မော်တာစိန်ပြောင်းများ အင်နဲ့အားနဲ့ တခါတည်း မသုံးနိုင်တဲ့အခါမျိုးတွေမှာ ဖြစ်တယ်။
အမြောက်လက်နက်ကြီးတွေကလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ နေရာမျိုးမှာသာ ဖြစ်နိုင်ပြီး ပစ်မှတ်ကိုလည်းမမြင်နိုင်၊ ပစ်မှတ်ကလည်း အမြဲလိုလို နေရာရွှေ့ပြောင်းနေတာမို့ ထိရောက်နိုင်စွမ်းလည်း မရှိတော့ဘူး။ လေကြောင်း တိုက်ခိုက်မှုက ရန်သူရဲ့ အဓိကလက်နက်ဖြစ်သော်လည်း သူ့ရဲ့ ပစ်မှတ်တွေဟာ ပုန်းလျှိုးကွယ်လျှိုးဖြစ်နေတဲ့ ကတုတ်ကျင်းတွေသာ ဖြစ်တာမို့ ထိရောက်မှုမရှိလှ။ ရန်သူလေယာဉ်ပျံတွေက ပေါက်ကွဲမှုပြင်းထန်တဲ့ ဗုံးတွေ၊ မီးလောင်ဗုံးတွေ ကြဲချနိုင်ပေမယ့် တကယ့်တကယ်မှာ အန္တရာယ်မကြီးလှ။ နေရထိုင်ရ ခက်ခဲကြပ်တည်းတာမျိုးပဲဖြစ်တယ်။ ဒါ့အပြင် ပြောက်ကျားတပ်ဖွဲ့တွေက ရန်သူ့ခံစစ်ကြောင်းတွေအနား နီးသွားအောင် ချီတက်နိုင်လေ၊ လေယာဉ်ပျံတွေအနေနဲ့ မိမိတို့ရဲ့ရှေ့ပြေးကင်းတပ်ဖွဲ့ကို ချေမှုန်းဖို့ အလွန်ခက်ခဲလှပါတယ်။
မိုင်းလက်နက်အမျိုးအစားမှာ အထိရောက်ဆုံးကတော့ အဝေးကနေ ထိန်းထားပြီး ဖောက်ခွဲတဲ့ မိုင်းအမျိုးအစားပါပဲ။ နည်းစနစ်ကျွမ်းကျင်မှု အလိုအပ်ဆုံး အမျိုးအစားတွေပဲ ဖြစ်တယ်။ နင်းမိုင်း၊ ဖျူးစ် (fuse)မိုင်းနဲ့ အားလုံးထဲမှာ လျှပ်စစ်နဲ့ခွဲတဲ့ မိုင်းတွေကျတော့ ကြိုးရှည်ရှည်နဲ့ သွယ်ယူရတာမို့ အလွန်အသုံးဝင်လှပြီး တောင်ပေါ်လမ်းတွေမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေအတွက် အကာအကွယ်ပေးတယ်။ ရန်သူ ထိုးဖောက်ဝင်ရောက်လာဖို့ မဖြစ်နိုင်သလောက်ပဲ။
ကားလမ်းတလျှောက်မှာတော့ ရန်သူ့သံချပ်ကာယာဉ်တွေအတွက် အကာအကွယ် ကောင်းတခုက စောက်နက်တဲ့ကျင်းတွေပါ။ အဲဒီကျင်းထဲ ကျသွားတဲ့အခါ ပြန်တက်ဖို့ မဖြစ်နိုင်။ ရန်သူမမြင်နိုင်အောင် ဖုံးကွယ်ထောင်ချောက်ဆင်ထားလို့ရတယ်။ အထူးသဖြင့် ညဖက် ဒါမှမဟုတ် ပြောက်ကျားတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ခြေလျင်တပ်သားတွေ တင့်ကားရှေ့က ယှဉ်တက်မလာနိုင်တဲ့ အခြေအနေမျိုးမှာဖြစ်တယ်။
သိပ်ပြီး မတ်စောက်မှုမရှိတဲ့နေရာတွေမှာ ရန်သူ စစ်ချီတက်တတ်တာမျိုးက အမိုးဖွင့်ထရပ်ကားတွေနဲ့ စစ်သားတွေ သယ်ပို့တာမျိုးပဲဖြစ်တယ်။ စစ်ကြောင်းတွေကို သံချပ်ကာယာဉ်တွေ နဲ့ ဦးဆောင်ခေါ်လာပြီး ထရပ်ကားလေးတွေနဲ့ ခြေလျင်တပ် စစ်သားတွေတင်ကာ ခေါ်လာတယ်။ ပြောက်ကျားရဲ့ အင်အားအပေါ်မူတည်လို့ စစ်ကြောင်းတခုလုံးကို ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းနိုင်တယ် (ဝါ) မိုင်းခွဲပြီးတာနဲ့ တပြိုင်နက်တည်းမှာ ထရပ်ကားတချို့ကို ပစ်ခတ်လို့ ဖြိုခွဲဖြတ်ဝိုင်းနိုင်တယ်။ ဒီအခါမှာ လျှင်မြန်စွာလှုပ်ရှားနိုင်ဖို့ လိုအပ်ပြီး သေဆုံးတဲ့ရန်သူရဲ့ လက်နက်တွေရရင် ဆုတ်ခွါရမှာပါ။
ရန်သူထရပ်ကားကို တိုက်ခိုက်တဲ့အခါ ထိရောက်တဲ့ လက်နက်ကတော့ ပြောင်းချောသေနတ်တွေပဲဖြစ်တယ်။ ၁၆-ကာလီဘာ ပြောင်းချောသေနတ်တွေသုံးပြီး ကျည်လုံးဆံကြီးကြီးနဲ့ ၁၀ မီတာဗျက်အကျယ် (ထရပ်ကားတစီးလုံး) လောက်ကို တချို့သေ တချို့ဒဏ်ရာရအောင်နဲ့ ရန်သူ အကြီးအကျယ်စိတ်ရှုတ်ထွေး တုန်လှုပ်အောင် ပစ်ခတ်နိုင်တယ်။ ရနိုင်ရင် လက်ပစ်ဗုံးတွေကလည်း ထိရောက်တဲ့ လက်နက်တွေ ဖြစ်တယ်။
ဒီတိုက်ခိုက်မှုတွေ အားလုံးရဲ့ အခြေခံဟာ ရန်သူကို လုံးဝအလစ်အငိုက် တိုက်ခိုက်နိုင်မှုပဲဖြစ်တယ်။ ဘာကြောင့်ဆိုရင် ပထမဦးဆုံး စပစ်တဲ့ အခိုက်အတန့်မှာ အလစ်အငိုက်ဖမ်းလိုက်နိုင်တာဟာ ပြောက်ကျားစစ်ရဲ့ အခြေခံ လိုအပ်ချက်တွေထဲက တချက်ပဲ။ ရန်သူ အလစ်အငိုက်မိဖို့ကတော့ မိမိတို့သူပုန်တွေ ရှိနေတယ်ဆိုတာ ရပ်သူရွာသားတွေ မသိမှပဲဖြစ်နိုင်မယ်။ ဒါကြောင့် စစ်ဆင်ရေးအတွက် ချီတက်တာတွေကို ညဖက်မှ လုပ်ရမယ်။ ချုပ်တည်း စောင့်ထိန်းမှုနဲ့ သစ္စာရှိတဲ့လူတွေလောက်နဲ့သာ အဆက်အသွယ်လုပ် အသိပေးရမှာဖြစ်တယ်။ ခြုံခိုကင်းပုန်းဝပ်တဲ့အခါ ကျောပိုးအိတ်ထဲမှာ ၂ ရက်၊ ၃ ရက်၊ ၄ ရက်စာလောက် အစားအသောက်တွေ ထည့်သွားကြရမှာဖြစ်တယ်။
လယ်သမားတွေရဲ့ နှုတ်လုံစောင့်စည်းမှုနဲ့ပတ်သက်လို့တော့ အလွန်အမင်း ယုံကြည်ကိုးစားခွင့် မရှိသင့်ပါ။ ပထမအကြောင်းက မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖြစ်စေ အဖြစ်အပျက်အကြောင်းအရာတွေကို
ပြောကြဆိုကြ ထင်မြင်ချက်တွေပေးတတ်ကြတဲ့ သဘာဝအလေ့အထတွေကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တကြောင်းက ရန်သူစစ်သားဟာ စစ်ရှုံးပြီးတဲ့နောက် ပြည်သူတွေအပေါ် ရက်စက်စွာ နှိပ်ကွပ်ဆက်ဆံမှာ ကျိန်းသေလို့ဖြစ်တယ်။ ကြောက်လန့်အောင် ခြိမ်းခြောက်ပြီး ဒီကြောက်လန့်မှုကနေ တစုံတယောက်ကို စကားတွေ အလွန်အကျွံ ပြောစေမှာဖြစ်ပြီး အရေးကြီးတဲ့ သတင်းတွေနဲ့ သူ့အသက် လွတ်ရာလွတ်ကြောင်း ဖော်ကောင်လုပ်ရမှာကြောင့် ဖြစ်တယ်။
ယေဘုယျ ခြုံပြောရရင် ခြုံခိုတိုက်ခိုက်မယ့်နေရာဟာ မိမိစခန်းချရာ နေရာကနေ တနေ့ခရီးလောက် သွားရမယ့် နေရာမျိုးမှာ ဖြစ်သင့်ပြီး ဒီလိုလုပ်ရတာကလည်း ရန်သူက မိမိရဲ့ စခန်းနေရာကို အတိအကျသိနိုင်လို့ပဲ ဖြစ်တယ်။ သေနတ်ပစ်ခတ်ပုံ၊ ကျည်ဆံသုံးပုံကို လေ့လာလို့ ရန်သူနဲ့မိမိဘက်ကို ခွဲခြားသိနိုင်တယ်။ တဖက်မှ ရန်သူစစ်သားဟာ ထုံးစံအတိုင်း ကျည်ဆံ၊ လက်နက် ပေါပေါသုံးနိုင်ပြီး အခြားတဖက်က သူပုန်တွေကတော့ ကြိုကြားကြိုကြား တချက်ချင်းစနစ်နဲ့ ပစ်ခတ်နေတာဖြစ်တယ်။ ပြောက်ကျားစစ်သားအဖို့ ကျည်တတောင့်စီရဲ့တန်ဖိုးကို သိရှိထားပြီး ချွေတာလို့ ပစ်ခတ်သုံးစွဲတာဖြစ်တယ်။ လိုအပ်တာထက် ကျည်တတောင့် ပိုမပစ်မိအောင် ဂရုစိုက်ကြရတယ်။ ကျည်ဆံ ချွေတာတာကို အကြောင်းပြုလို့ ခြုံခိုမတိုက်ခိုက်ဖြစ်တာ၊ ရန်သူစစ်သားတယောက် လွတ်သွားတာတို့ဟာ အကျိုးအကြောင်းမဆီလျော်ဘူး။ ဒါပေမယ့် ဆုံးဖြတ်ထားပြီးသား တိုက်ပွဲတွေအတွက် ကျည်ဆံဘယ်လောက်ကုန်နိုင်တယ်ဆိုတာ ကြိုတွက်ဆပြီး ဒီတွက်ဆထားတာပေါ်မူတည်လို့ တိုက်ခိုက်လုပ်ဆောင်သင့်တယ်။ ကျည်ဆံ၊ လက်နက်ဟာ ပြောက်ကျားတွေအတွက် ကြီးလေးတဲ့ပြဿနာ ဖြစ်တယ်။ သေနတ်တွေက အမြဲလို ရနိုင်တယ်။ ရတဲ့လက်နက်တွေကျတော့လည်း ပြောက်ကျားစစ်မှာ ကျည်ဆံသာ ဆုံးရှုံးသွားတာမို့ သေနတ်လက်နက်တွေချည်း ကျန်ရစ်တယ်။ တခါ သေနတ်နဲ့ကျည်ဆံကို တွဲပြီး ရန်သူ့ဆီက သိမ်းဆည်းမိနိုင်ပေမယ့် ကျည်ဆံချည်း သက်သက်ကတော့ ရှားပါတယ်။ ရတဲ့သေနတ်တိုင်းမှာ ကျည်ဆံပါပြီးဖြစ်ပေမယ့် အပိုမပါရှိတာကြောင့် အခြားသေနတ်များအတွက် မမျှဝေနိုင်ပါ။ ဒီစစ်ပွဲတွေမှာ ကျည်ဆံချွေတာရေးဟာ အခြေခံနည်းပရိယာယ်တရပ် ဖြစ်ပါတယ်။
မိမိအလုပ်တာဝန်အပေါ် ဂုဏ်ယူတတ်တဲ့ ပြောက်ကျားခေါင်းဆောင် တယောက်အဖို့ ဆုတ်ခွါတဲ့အခါ ဘယ်တော့မှ သတိလက်လွတ် မလုပ်တတ်ပါ။ ဒါကို အချိန်ကွက်တိဖြစ်စေပြီး လျင်မြန်စွာနဲ့ ဒဏ်ရာရရှိသူ၊ လက်နက်နဲ့ကျည်ဆံ၊ ကျောပိုးအိတ် စတာတွေအားလုံး ပါအောင် လုပ်ဆောင်ရတယ်။ ဆုတ်ခွါနေတဲ့အခါ သူပုန်တွေအဖို့ အလစ်အငိုက်မခံရအောင်လည်း သတိလက်လွတ် ဂရုမမူမိတာတွေ မရှိအောင် လုပ်ဆောင်ကြရမယ်။ ဒါကြောင့် အစောင့်ရဲဘော်တွေကို ရွေးခြယ်တဲ့ လမ်းတလျှောက် ကင်းချထားသင့်ပြီး၊ ရန်သူက သူ့တပ်ဖွဲ့တွေ နဲ့ ချီတက်ဝင်ရောက်လာပြီး ဝိုင်းဝန်းပိတ်ဆို့မခံရအောင် စောင့်ကြပ်စေသင့်တယ်။ သူပုန်တပ်ဖွဲ့တွေကို ရန်သူတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ဖို့ ကြိုးစားခဲ့ရင် သတင်းအမြန်ပို့နိုင်အောင် ဆက်သွယ်ရေးစနစ်တခုလည်း ထားရှိရမယ်။
စစ်ပွဲမှာ လက်နက်ကိုင်ဆောင်မထားတဲ့ ရဲဘော်တချို့လည်း လိုအပ်တယ်။ သူတို့ဟာ ကျဆုံး (ဝါ) ဒဏ်ရာရစစ်သားတွေရဲ့ လက်နက်တွေကို သယ်ရမှာဖြစ်ပြီး ဒဏ်ရာရသူတွေကို ရွှေ့ပြောင်းသယ်ယူရမှာလည်း ဖြစ်တယ်။ သတင်းတွေလည်း တနေရာကနေ တနေရာကို ပို့ဆောင်ဆက်သွယ်ရမှာဖြစ်တယ်။ ဒါတွေအပြင် ခရီးရှည်ချီတက်သွားလာနိုင်မယ့် သတင်းပို့ဆက်သွယ်ရေးသမားတွေ ဖြစ်သင့်ပြီး သူတို့ဟာ လိုအပ်တဲ့ သတင်းအချက်အလက် တွေကို အချိန်အတိုဆုံးအတွင်း မြန်မြန်ပေးပို့ဆက်သွယ်နိုင်အောင် တာဝန်ယူတတ်တဲ့ အသိစိတ်ရှိသူတွေ ဖြစ်ရမယ်။
လက်နက်ကိုင် ပြောက်ကျားရဲဘော်တွေအပြင်လိုအပ်တဲ့ သေနတ်မကိုင်တဲ့ ပြောက်ကျားရဲဘော် အရေအတွက်ကတော့ အပြောင်းအလဲ အတိုးအလျော့ရှိပါတယ်။ ယေဘုယျ ဥပဒေသတရပ်ကတော့ လက်နက်ကိုင် ရဲဘော် ၁၀ ယောက်မှာ ၂ ယောက်၊ ၃ ယောက်လောက် ရှိသင့်ပါတယ်။ ဒီအထဲမှာ တိုက်ပွဲနေရာမှာရှိနေမယ့် ရဲဘော်အပါအဝင် နောက်ချန်ကင်းအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဆုတ်ခွါလမ်းကြောင်းတွေကို စောင့်ကြပ်ကြည့်ရှုတာနဲ့ အထက်မှာဖော်ပြခဲ့သလို သတင်းပို့ဆောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ ရဲဘော်တွေပါဝင်တယ်။
ကာကွယ်တဲ့စစ်ပွဲမျိုးတွေ တိုက်ကြတဲ့အခါ (တနည်း) ပြောက်ကျား စစ်သားတွေက ရန်သူတပ်ဖွဲ့တွေ တစုံတရာထက် ကျော်လွန်ပြီး ထိုးဖောက် ဝင်ရောက်မလာနိုင်အောင် ကြိုးစားတားမြစ် တိုက်ခိုက်ကြတဲ့အခါ တိုက်ပွဲဟာ နေရာယူစစ်ပွဲအဆင့်ကို ရောက်ပြီဖြစ်တယ်။ သို့သော်လည်း အစပထမပိုင်းမှာတော့ ရန်သူကို အမြဲလိုပင် အလစ်အငိုက်ဖမ်း တိုက်ကြရမှာဖြစ်တယ်။ ဒီအခြေအနေမှာ ကတုတ်ကျင်း စတဲ့ အခြား ကာကွယ်တဲ့စနစ်တွေကို လယ်သမားတွေက အလွယ်တကူလိုက်နာကျင့်သုံးနိုင်ကြတာမို့ သူတို့တွေဟာ စိတ်ချရတဲ့ လုံခြုံတဲ့ဒေသမှာ ရှိဖို့လိုအပ်တယ်။ အာဏာရှင်အစိုးရကလည်း ဒီဒေသကို လုံးဝပိတ်ဆို့လာပြီမို့ ထွက်ပြေးမသွားဘဲ ကျန်နေရစ်တဲ့ လယ်သမားတွေအဖို့ သူတို့အတွက်လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေကို ဝယ်ဖို့အတွက် ပြောက်ကျားဒေသ အပြင်ဖက်မှာရှိတဲ့ ဈေးနေရာတွေကို သွားကြရမှာဖြစ်တယ်။ သေရေးရှင်ရေးကာလမှာ ဒီလူတွေ အခုလို ထွက်ခွါသွားကြရင် အခုကျနော်တို့ ပြောဆိုဆွေးနွေးနေကြသလို လယ်သမားတွေဟာ ကျနော်တို့ရဲ့ နေရာဒေသနဲ့ သတင်းအချက်အလက်တွေကို ရန်သူ့ထံ ပေးပို့နိုင်ကြတာမို့ အလွန်ကြီးမားတဲ့ အန္တရာယ် ဖြစ်ပါတယ်။ လုံးဝသီးခြားခွဲထားရေး ပေါ်လစီကို ပြောက်ကျား တပ်ဖွဲ့အနေနဲ့ ဒီအခါမျိုးမှာ မဟာဗျူဟာမြောက် အခြေခံလမ်းစဉ်အဖြစ် ကျင့်သုံးရမှာဖြစ်ပါတယ်။
အကာအကွယ်တွေနဲ့ ခံကတုတ်တွေအားလုံးကို တည်ဆောက်တဲ့အခါမှာ ရန်သူရဲ့ ရှေ့ပြေးတိုက်ကင်းတိုက်ကွက်ကို အမြဲလို ခြုံခိုတိုက်ခိုက်လို့ ရတဲ့အနေအထားမျိုး စီမံထားရှိ သင့်တယ်။ စိတ်ဓာတ်ရေးရာအရ အရေးပါတာက စစ်ပွဲတိုင်းမှာ ရှေ့တိုက်ကင်းက ရန်သူစစ်သား အားလုံးကို လုံးဝမလွတ်စေဘဲ သေစေရမှာဖြစ်ပါတယ်။ ဒါမှသာ ရန်သူစစ်တပ်အတွင်းမှာ ဒီအန္တရာယ်အပေါ် သတိမူဂရုပြုမိပြီး ဘယ်သူမှ ကင်းအဖွဲ့အလှည့်မကျချင်တော့အောင် ဖြစ်တဲ့ အချိန်တချိန်ကို ရောက်လာရမယ်။ ထင်ရှားတာကလည်း ကင်းအဖွဲ့မပါဘဲ ဘယ်စစ်ကြောင်းမှ ချီတက်လို့မရတာဖြစ်တယ်။ တစုံတယောက်ကတော့ ဒီအတွက် တာဝန်ယူရမှာဖြစ်တယ်။ ဝိုင်းပတ်ချေမှုန်းရေး စစ်တွေလည်း အကျိုးရှိမယ်လို့ ယူဆရင် တိုက်ကြရမယ်။ အာရုံလွဲသွားအောင် တောင်ပံကနေ ဝိုင်းတာမျိုး (ဝါ) ရန်သူ ရှေ့ကိုမတက်နိုင်အောင် ထိန်းထားတဲ့ ထိပ်တိုက်တိုက်ခိုက်နည်းတွေ အသုံးပြုကြရမယ်။ အခါတိုင်းမှာ ရန်သူက တောင်ပံကနေ ပန်း၍ တိုက်ခိုက်မှုအတွက် အသုံးချလာနိုင်မယ့် နေရာတွေကို အားဖြည့်ထားရမယ်။
ဒီနေရာအထိ ဖော်ပြခဲ့တဲ့စစ်ပွဲတွေမှာ လက်နက်နဲ့ လူအရေအတွက် ပိုများပြားလာပြီး ဖြစ်လို့ ယခုလိုပြောဆိုနေခြင်း ဖြစ်ပါတယ်။ ထင်ရှားတာကတော့ ဒေသတခုအတွင်းသို့ ဝင်ရောက်တဲ့လမ်းဆုံလမ်းခွတွေအားလုံးပိတ်ဆို့ထားဖို့လူလည်း အများကြီး လိုအပ်ပါတယ်။ ထောင်ခြောက်တွေအမျိုးမျိုးနဲ့ ထောင်ထားပြီး ဒီနေရာတွေမှာ သံချပ်ကာယာဉ်တွေကို တိုက်ခိုက်မှုတွေ တိုးများလာမှာဖြစ်ကာ ဒီနည်းဖြင့် ရန်သူက ခံကတုတ်စနစ်ကို နေရာမသတ်မှတ်နိုင်ဘဲ အကောင်းဆုံး လုံခြုံအောင် ထိမ်းသိမ်းထားနိုင်မှာဖြစ်တယ်။ ယေဘုယျခြုံပြောရရင် ဒီစစ်ပွဲမျိုးမှာ မိမိရဲ့နယ်မြေကို လိုအပ်ခဲ့ရင် အသက်ပေးကာကွယ်ဖို့ပဲ။ ကာကွယ်သူ တယောက်စီတိုင်းရဲ့ အသက်ရှင်နိုင်ရေးအလားအလာ အမြင့်မားဆုံးဖြစ်အောင် သေချာလုပ်ဆောင်ဖို့ လိုအပ်တယ်။ ကတုတ်ကျင်းကို အဝေးက မမြင်သာအောင် ဖုံးကွယ်ဝှက်ထားနိုင်လေ ကောင်းလေ ဖြစ်တယ်။ အရေးကြီးတာက မော်တာ စိန်ပြောင်းကျည်ဆံ မထိရောက်အောင် အကာအကွယ်ပြုလုပ်ဖို့ပဲ။ ၆၀.၁ (ဝါ) ၈၅ မမ မော်တာ ကျည်တွေဟာ ဒေသက ရတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့ အမိုးအကာတွေကို မထိုးဖောက်နိုင်ဘူး။ အမိုးအကာတွေကို အောက်ခံမှာ သစ်သားကျောက်ခဲ၊
မြေကြီးတွေနဲ့ ပြုလုပ်ပြီး ရုပ်ဖျက်ပေးတဲ့အကာပစ္စည်းနဲ့ ဖုံးအုပ်ထားရမှာဖြစ်တယ်။ အစွန်းတဖက်မှာ ထွက်ပေါက်တခုကို အမြဲဖောက်လုပ်ထားရင် ကာကွယ်ခုခံသူက အန္တရာယ်မများလှဘဲ လွတ်မြောက်နိုင်မှာဖြစ်တယ်။ အောက်ပါပုံကတော့ Sierra Maestra ဒေသမှာ ဆောက်လုပ်ခဲ့တဲ့ ကတုတ်ကျင်းတွေဖြစ်တယ်။
(ဤပုံကို ပထမအကြိမ် ထုတ်ဝေသည့်စာအုပ်မှ ကူးယူဖော်ပြပါတယ်။)
တဖက်ပါပုံကို ကြည့်ခြင်းအားဖြင့် ရန်သူ့ကျည်လမ်းကြောင်းဟာ ပုံသေ သတ်မှတ်လို့ရတာမျိုးမဟုတ်ပါ။ ကျည်လမ်းကြောင်းများဆိုတာဟာ အနည်းနဲ့အများ ဆိုသလို သီဝရီသဘောမျှသာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ယင်းတို့ကို ချင့်ချိန်လှုပ်ရှားကြရတာဖြစ်ပြီး အလွန့်အလွန်ပျော့ပြောင်းကာ နှစ်ဖက်စလုံးကို တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်တယ်။
တကယ်ရှိနေတာက ကျယ်ပြန့်လှတဲ့ ကြားဒေသကြီးပဲ။ ပြောက်ကျားစစ်မှာ ထူးခြားတဲ့ ဝိသေသလက္ခဏာကတော့ ဒီနယ်မြေကြီးကို အရပ်သားပြည်သူတွေ နေထိုင်ကြတာဖြစ်ပြီး ဒီပြည်သူတွေက တဖက်ဖက်ကို ကူညီပူးပေါင်း လုပ်ဆောင်နိုင်တယ်။ ဒါတောင်မှ အများစုပြည်သူတွေက သူပုန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတာဖြစ်တယ်။ ဒီလူတွေကို တစုတစည်းနဲ့ ရွှေ့ပြောင်းသွားစေဖို့ ဆိုတာကလည်း မဖြစ်နိုင်။ ဘာကြောင့်လဲဆိုရင် လူအရေအတွက် များပြားတာရယ်သည်မျှလောက်သော လူထုကြီးကို ကျွေးမွေးနိုင်ဖို့ ကြိုးစားတဲ့ အားပြိုင်နေတဲ့ အုပ်စုနှစ်စုအနက် တခုခုအတွက် ကြီးလေးတဲ့ အခက်အခဲတွေ ပေါ်ပေါက်စေမှာ ဖြစ်တယ်။ ဒီနယ်မြေဒေသကြီးကို နေ့ဘက်မှာ ရန်သူရဲ့ ဖိနှိပ်ရေး အင်အားစု တွေက ဝင်ရောက်ကြမှာဖြစ်ပြီး ညဘက်တွေမှာတော့ ပြောက်ကျားတွေက ထိုးဖောက် လာရောက်ကြမှာဖြစ်တယ်။ ပြောက်ကျားတွေအဖို့ရာ အရေးကြီးလှတဲ့ အခြေခံဒေသအဖြစ် ထိန်းသိမ်းထားရမယ်။ နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမှာဖြစ်တယ်။ ဒေသခံပြည်သူတွေနဲ့ အစဉ်အမြဲလို
ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းကြရမယ်။ သူတို့တွေဟာ လယ်သမားနဲ့ ကုန်သည်ပွဲစားတွေဖြစ်တယ်။
လက်နက်မကိုင်ရတဲ့ ရဲဘော်နဲ့ စစ်ပွဲထဲဝင်မတိုက်ရတဲ့ ရဲဘော်တွေရဲ့ လုပ်ငန်းတာဝန်တွေဟာ ဒီဒေသစစ်ပွဲမျိုးမှာ အလွန်အရေးပါတယ်။ စစ်ပွဲဒေသတွေ ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းရဲ့ အချို့သောလက္ခဏာများကို ဖော်ပြခဲ့ပြီး ဖြစ်တယ်။ ပြောက်ကျားတပ်ဖွဲ့တခုလုံးဟာ ပြန်ကြားဆက်သွယ်ရေး အဖွဲ့အစည်းလည်း ဖြစ်တယ်။ ဒေသအတွင်း ရရှိနိုင်တဲ့ အမြန်ဆုံးနည်းလမ်းတွေ အသုံးပြုပြီး အဝေးဆုံးမှာရောက်ရှိနေတဲ့ ကွပ်ကဲရေးဌာနနဲ့ ဆက်သွယ်တာ (ဝါ) အဝေးဆုံးမှာရှိနေတဲ့ ပြောက်ကျား ရဲဘော်တွေဆီ ပြန်ကြားဆက်သွယ်တာကို တနေရာကနေ တနေရာ အမြန်ဆုံး ရောက်အောင် ကြိုးစားသင့်တယ်။ ဒီလုပ်ငန်းတွေကို အလွယ်တကူ ခုခံကာကွယ်ထားနိုင်တဲ့ မိမိအတွက် အခွင့်သာစေတဲ့ နယ်မြေဒေသနဲ့ တပန်းရှုံးနယ်မြေဒေသတွေမှာပါ လုပ်နိုင်တယ်။
မိမိအတွက် မကောင်းလှတဲ့ တပန်းရှုံးနယ်မြေဒေသ ပြောက်ကျားစစ်တွေမှာ ခေတ်မီဆက်သွယ်ရေးစနစ်တွေကို တပ်ဖွဲ့တွေ အသုံးမချနိုင်ဘဲ (ဥပမာ ကြိုးမဲ့ကြေးနန်း၊ လမ်း - စသဖြင့်) ခြွင်းချက်အနေနဲ့ ခုခံကာကွယ်ထားနိုင်တဲ့ တပ်စခန်းနေရာတွေမှာ ရေဒီယိုစက်အမျိုးမျိုးကို အသုံးပြုနိုင်တယ်။ ဤ စက်ပစ္စည်းများ ရန်သူ့လက် ကျရောက်ခဲ့လျှင် လျှို့ဝှက်သင်္ကေတများ၊ ဆက်သွယ်လွှင့်ထုတ်နေကျ ရေဒီယိုလှိုင်းများကို ပြောင်းလဲပစ်ဖို့လိုတယ်။ ဒီလုပ်ငန်းဟာ အတော်ခက်ခဲပင်ပန်းတဲ့ လုပ်ငန်းဖြစ်တယ်။
ဒီကိစ္စတွေအားလုံးဟာ တော်လှန်ရေးစစ်အတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို မှတ်သားမိသမျှ ပြန်လည်ဖေါက်သည်ချတာဖြစ်တယ်။ ရန်သူရဲ့ လှုပ်ရှားမှုသတင်းများကို နေ့စဉ်နှင့်အမျှ တိတိကျကျ အစီရင်ခံနိုင်ဖို့ ဆက်သွယ် ပြန်ကြားရေး လုပ်ငန်းဖြင့်ဖြည့်စွက်ကြရတယ်။ သူလျှိုထောက်လှမ်းမှုလုပ်ငန်း စနစ်များကို သေချာစွာ လေ့လာပြီး အစီအစဉ်ကျနစွာ အကောင်အထည် ဖော်ရမှာ ဖြစ်တယ်ပြီးတော့ ကြီးစွာသော သတိထား၍ လူရွေးချယ်ကြရမယ်။ တန်ပြန် တော်လှန်ရေးသမားတယောက်က ကြီးစွာသော ဒုက္ခပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပြီး ဤကဲ့သို့သော အလွန်အကျွံကိစ္စမျိုး မဖြစ်သည့်တိုင်အောင် အကျယ်ချဲ့ကား သတင်းပေးပို့မှုများဟာ အန္တရာယ်ကို လွဲမှားစွာတွက်ဆစေပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်စေနိုင်တယ်။ အန္တရာယ်ကို လျှော့တွက်ဆတာမျိုးကတော့ ဖြစ်နိုင်ခဲတယ်။ ကျေးလက်ပြည်သူတွေရဲ့ သဘာဝက ပိုမိုတွက်ဆပြီး အကျယ်ချဲ့တတ်ကြတယ်။ ရန်သူရဲ့တပ်စိတ်တစိတ် (ဝါ) တိုက်ကင်း တဖွဲ့တလေတောင် မရှိဘဲ ဧရာမတပ်ကြီး ချီတက်လာတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လိုဖြစ်အဟုတ်တကယ်မရှိတာတွေကို မျက်မြင်တွေ့ရသယောင် ပြောဆိုပြီး အမျိုးမျိုးသော သဘာဝလွန် တစ္ဆေကဝေ၊ နတ်ဒေဝါတွေကို ဖန်တီးကြတယ်။ သူလျှိုလုပ်သူက ကြားနေသမားတယောက်ပုံစံမျိုး နေထိုင်သင့်ပြီး ရန်သူက လွတ်မြောက်ရေးအင်အားစုတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ မသိစေရ။ ဒီဟာက ထင်သလောက် မခက်လှပါ။ ဒီလိုလူမျိုးတွေ စစ်ပွဲကာလမှာ တွေ့ကြုံခဲ့ရတာပါ။ လုပ်ငန်းရှင်တွေ၊ အသက်မွေးဝမ်းကြောင်းပညာရှင်တွေ နဲ့ ဘုန်းတော်ကြီးတွေတောင် ပါဝင်ကူညီပြီး အချိန်မီ တန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေ ပို့ပေးနိုင်ခဲ့တယ်။
ပြောက်ကျားစစ်မှာ အရေးကြီးတဲ့ အခြေခံအချက်တွေအနက် တခုကတော့ ပြောက်ကျားသူပုန်တွေထံ ရောက်လာတဲ့ သတင်းအချက်အလက်တွေနဲ့ ရန်သူရတဲ့ သတင်းအချက်အလက်တွေ သိသိသာသာ ကွာခြားတာပဲဖြစ်တယ်။ ရန်သူစစ်တပ်ဟာ သူတို့ကို လုံးဝမလိုလားတဲ့ဒေသမှာ စစ်ဆင်ရတာမို့ လယ်သမားတွေဆီက ဘာမှမကြားရဘဲ ရေငုံနှုတ်ပိတ် အသံတိတ်နေတယ်။ သူပုန်တွေမှာတော့ အိမ်တိုင်းမှာကို မိတ်ဆွေ (ဝါ) ဆွေမျိုးတောင် ရှိကြတယ်။ ဆက်သွယ်ရေးအဖွဲ့ကနေ သတင်းတွေကို ပြောက်ကျားတပ်ဖွဲ့ ဗဟိုဌာနချုပ် (ဝါ) ဒေသတနေရာအတွင်းရှိ ပြောက်ကျားတပ်ဖွဲ့ထံ ရောက်ရှိအောင် ဆက်သွယ်ပေးပို့ရမယ်။
ပြောက်ကျားတွေကို ဒေသခံပြည်သူတွေက အဆက်မပြတ် အားတက်သရော ထောက်ခံလာပြီး လယ်သမားတွေကိုယ်တိုင် လူထုတော်လှန်ရေးထဲ ပါဝင်လာတဲ့အခါ ဒီလိုဒေသမျိုးထဲကို ရန်သူထိုးဖောက်တိုက်ခိုက်လာခဲ့ရင် ကြီးလေးတဲ့ပြဿနာနဲ့ ကြုံရတယ်။ အများစုလယ်သမားတွေဟာ ပြည်သူ့တပ်မတော် ပြောက်ကျားတွေနဲ့ အတူ လွတ်ရာရှောင်တိမ်းကြတဲ့အခါ သူတို့မိသားစုတွေနဲ့ အလုပ်တွေကို ထားပစ်ခဲ့ကြရတယ်။ တချို့ကတော့ မိသားစုတစုလုံး ပြောင်းရွှေ့ပြီး တချို့ကတော့ အဖြစ်အပျက်တွေကို စောင့်ကြည့်နေကြတယ်။ မိသားစုအချို့က သူတို့အတွက် ခက်ခဲကြမ်းတမ်းတဲ့အခါ ကစဉ့်ကလျားဖြစ်ကာလုနီး အခြေအနေတွေနဲ့ ကြုံတွေ့ကြရတယ်။ အဲဒီမိသားစုတွေကို အကူအညီအများဆုံးပေးသင့်ပြီး မိမိနေထိုင်အသက်မွေးခဲ့ရာနေရာနဲ့ဝေးလံတဲ့၊ မိမိနဲ့မကိုက်ညီသေးတဲ့ အရပ်ဒေသသို့ ပြေးလွှားပုန်းတဲ့အတွက် ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်အသိပေးသင့်တယ်။ အဲဒီအရပ်ဒေသမှာ အခက်အခဲတွေလည်း အစဉ်အမြဲလိုလို ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။
ရန်သူက ပြည်သူ့အပေါ် ဖိနှိပ်ညှဉ်းဆဲမှုတွေကတော့ ဖော်ပြလို့တောင် မရနိုင်တော့ပါ။ ရန်သူရဲ့ လုပ်နေကျ ဖိနှိပ်ရေးနည်းလမ်းတွေကတော့ အစဉ်အမြဲလိုလို တူညီပေမယ့် ဒေသတခုရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ သမိုင်းရေးဆိုင်ရာ ထူးခြားတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး အနည်းနဲ့အများဆိုသလို ရာဇဝင်မြောက်တဲ့ ရက်စက်မှုတွေကို တွေ့ရတယ်။ မိမိရဲ့ မိသားစုအိမ်ယာတွေကို စွန့်ခွါပြီး ပြောက်ကျားဒေသတွင်းကို ပြေးလာသူတယောက်အတွက် ဘယ်လိုမှ ကြီးကြီးကျယ်ကျယ်တုန့်ပြန်မှုမျိုး မပေါ်ပေါက်တဲ့ နေရာဒေသတွေလည်း ရှိတယ်။ တချို့နေရာတွေမှာ အိုးအိမ်စည်းစိမ်တွေ သိမ်းယူတာ၊ မီးရှို့ဖျက်ဆီးတာ၊ ကျန်တဲ့မိသားစုဝင်တွေကို သတ်ပစ်တဲ့အထိ ကျူးလွန်ကြတယ်။ ဒါကြောင့် ရန်သူက ထိုးစစ် ဆင်လာနိုင်တဲ့ နေရာဒေသတွေမှာရှိတဲ့ လယ်သမားတွေကို လုံလောက်တဲ့ ဖြန့်ကျက်နေရာ ချထားမှုနဲ့ စုစည်းပြင်ဆင်မှုတွေ စီစဉ်ရမှာဖြစ်တယ်။ ဒါတွေကို ဒေသတွင်း(ဝါ) နိုင်ငံအတွင်းရှိ ပြည်သူတို့အလေ့အထကိုလိုက်ပြီး စီစဉ်ဆောင်ရွက်ရမယ်။
ရန်သူရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို လုံးဝဖြတ်တောက်ပြီး ထိုကဲ့သို့ဒေသ အတွင်းမှ ပြန်လည်မောင်းထုတ်နိုင်ဖို့ အစီအစဉ်များကို လုပ်ဆောင်နိုင်ဖို့ အထူးလိုအပ်တယ်။ မိမိပြောက်ကျားတပ်ဖွဲ့ငယ်တွေနဲ့ ရိက္ခာထောက်ပံ့မှုတွေကို တိုက်ခိုက်ဖျက်ဆီးခြင်းနဲ့ ရန်သူ့ရိက္ခာထောက်ပံ့ရေး အခက်အခဲအတွက် လူအင်အားတွေ ပိုသုံးလာရဖို့ ဖြစ်စေနိုင်တယ်။ ဒီတိုက်ပွဲတွေအားလုံးမှာ အလွန်အရေးကြီးတဲ့ အချက်တချက်က အရန်အင်အားတွေကို မှန်ကန်စွာအသုံးချနိုင်ရေးပဲ။ ပြောက်ကျားတပ်အနေနဲ့ မိမိရဲ့ထူးခြားချက်တွေအရကို အရန်အင်အားတွေကို အားထားနိုင်ခဲ့ကြတယ်။ ပြောက်ကျားတို့ အစဉ်အမြဲလိုတိုက်ခိုက်ကြတဲ့ နည်းလမ်းမှာ ရဲဘော်တဦးစီတိုင်းရဲ့ အင်အားတွေကို ကွပ်ကဲထိန်းချုပ်ပြီး တစုံတခုအတွက် တာဝန်ပေးထားခြင်း ဖြစ်တယ်။ မည်သို့ပင်ဖြစ်စေ ခန့်မှန်းမရနိုင်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေအတွက် တုန့်ပြန်ရင်ဆိုင်ဖို့ အချို့သောနေရာတွေမှာ အသင့်အနေအထား အရန်တပ်ဖွဲ့တွေကို ဖွဲ့ထားသင့်တယ်။ သူတို့ဟာ ဘယ်လိုအခါမျိုးမှာမဆို ရန်သူရဲ့ တန်ပြန်ထိုးစစ်ကို ဟန့်တားဖို့ (ဝါ) အခြေအနေတခုကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဖြစ်တယ်။
ပြောက်ကျားတပ်ဖွဲ့အတွင်းမှာ အခြေအနေ အချိန်အခါတွေက အခွင့်ပေးရင် ပေးသလောက် အဆင်သင့်ဖြစ်နေဖို့လိုအပ်တယ်။ အရေးပေါ်တပ်စိတ်တခု ဖွဲ့စည်းထားပြီး ထိုတပ်စိတ်ဟာ အန္တရာယ်အကြီးမားဆုံးကို ရင်ဆိုင်ရန် ချီတက်တိုက်ခိုက်ရမှာဖြစ်တယ်။ ယင်းတပ်ဖွဲ့အား အသေခံတပ်ဖွဲ့ (ဝါ) အခြား အလားတူနာမည် တမျိုးမျိုး မှည့်ခေါ်ကာ တပ်ဖွဲ့နာမည်ကပင် သူ့အလုပ်ကို ရည်ညွှန်းဖော်ပြနေတယ်။ တိုက်ပွဲစတော့မယ်လို့ ဆုံးဖြတ်သောနေရာတိုင်းမှာ ဤတပ်ဖွဲ့ ရှိနေစေရမှာဖြစ်တယ်။ ရန်သူရှေ့ပြေးကင်းထောက်ကို အလစ်ဝင်တိုက်တဲ့အခါနှင့် အရေးကြီးတဲ့စခန်းနေရာများကို ကာကွယ်ရန်၊ တနည်းပြောရလျှင် ရန်သူက မိမိစစ်ကြောင်းနေရာများ ကျည်လမ်းကြောင်း တည်တံ့မှုကို ချိုးဖောက်ရန် ခြိမ်းခြောက်လာတဲ့အခါတိုင်း တိုက်ရမှာဖြစ်တယ်။ ဒီတပ်ဖွဲ့ကို ဗော်လံတီယာရဲဘော်များ (မိမိကိုယ်တိုင်က စိတ်ရောကိုယ်ပါ ပါဝင်တိုက်ခိုက်ခြင်းဖြင့် ရှေ့ထွက်လာသူများ) နဲ့သာ ဖွဲ့စည်းသင့်တယ်။ ဒီတပ်ဖွဲ့အတွင်း ဝင်ရောက်ရသည်ကိုပင် မိမိစွမ်းဆောင်မှုအတွက် ခံစားထိုက်တဲ့ဆုလာဘ်အဖြစ် မှတ်ယူစေသင့်တယ်။ အချိန်ရလာတာနဲ့အမျှ မည်သည့်ပြောက်ကျားစစ်ကြောင်းအတွက်မဆို ဤတပ်စိတ်က ဂုဏ်ယူဝံ့ကြွား လူကြိုက်များစရာတပ်စိပ်ဖြစ်လာပြီး ဤတပ်စိပ်ရဲ့ တံဆိပ်အမှတ်အသား ဝတ်ဆင်ရသူ ပြောက်ကျားရဲဘော်ဟာ ကျန်သော တပ်ဖွဲ့ဝင်ရဲဘော်များရဲ့ အားကျဂုဏ်ယူမှုနဲ့ လေးစားမှုကို ခံရတယ်။
(င) ပြောက်ကျားစစ်၏ အစ၊ အလယ်နှင့် အဆုံး
ပြောက်ကျားစစ်ပွဲ၏ သဘာဝကို အတော်များများ ပြောပြဆွေးနွေးခဲ့ပြီးနောက် လာမည့် စာမျက်နှာများမှာ အဆိုပါပြောက်ကျားစစ်၏ စံပြုလောက်သော ဖြစ်ထွန်းတိုးတက်မှုမှ တစတစ အင်အားကြီးထွားလာခဲ့တာတို့ကို တင်ပြမှာဖြစ်တယ်။
တနည်းအားဖြင့် ကျူးဘား အတွေ့အကြုံကနေ သီဝရိသဘောတရားတခုကို ထပ်မံ၍ ထုတ်နုတ်တင်ပြမှာဖြစ်တယ်။ အစပထမမှာ တသားတည်းရှိနေသော အဖွဲ့ဟာ လက်နက်တချို့နဲ့ အခက်ခဲအကြမ်းတမ်းဆုံး၊ လူသူအရောက်အပေါက် အနည်းဆုံး ဒေသများမှာ လုံးဝလိုလိုသီးသန့်ခွဲ၍ ပုန်းအောင်းနေထိုင်ကာ လယ်သမားများနှင့်လည်း ဆက်ဆံမှု မရှိသလောက်ပင်ဖြစ်လေတယ်။ ဤ အဖွဲ့လေးက အောင်ပွဲတခုကို စတင်ဆင်နွှဲကာ ယင်း၏ဂုဏ်သတင်းမှာလည်း ထင်ရှားကျော်ကြားလာတယ်။ လယ်သမားအချို့နဲ့ [ထိုသူတို့မှာ မိမိကိုယ်ပိုင် လယ်မြေများကို မတရား သိမ်းပိုက်ခံရသော (ဝါ) လယ်မြေပိုင်ဆိုင်ခွင့်ရရှိရေးအတွက် တော်လှန်ရေးထဲ ပါဝင်လာသူများဖြစ်ကာ] အခြားလူတန်းစားအလွှာအသီးသီးမှ လူငယ် စိတ်ကူးယဉ်သမားများကလည်း ယင်းအမြုတေအဖွဲ့နှင့် ပူးပေါင်းကြတယ်။ ဤအဖွဲ့ငယ်လေးဟာ ပို၍ရဲရင့်စွန့်စားကာ လူနေဒေသတွင်းသို့ စတင်ဝင်ရောက် ထိုးဖောက်ပြီး တိုက်ခိုက်ကာ ဒေသတွင်းရှိ ပြည်သူတို့နှင့်လည်း ပိုမိုထိတွေ့ ဆက်သွယ်ကာ ရင်းနှီးမှုများ ရရှိကြတယ်။ တိုက်ပွဲများကို ထပ်ကာထပ်ကာ တိုက်ခိုက်ပြီး တိုက်ပြီးတိုင်းလည်း ရှောင်ပြေးပုန်းအောင်းကာ ရုတ်တရက် ချက်ချင်းဆိုသလို အခြားစစ်ကြောင်း (ဝါ) နောက်တခုကို တိုက်ခိုက်ကာ ယင်း၏ ရှေ့ပြေးကင်းတပ်ဖွဲ့ကို ဖျက်ဆီးပစ်တယ်။
နောက်ထပ်လာရောက်ပူးပေါင်းသူတွေနဲ့ လူအင်အား ထပ်မံတိုးများလာ တဲ့နောက် ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပုံက မပြောင်းလဲဘဲ အားလုံးနီးပါး အတူတူပင်ဖြစ်တယ်။ အရင်လောက် ရန်သူကို သတိမူ ဂရုပြုစရာနည်းသွားသလို လူနေပိုမိုများပြားတဲ့ ဒေသတွေဆီ ဝင်ထွက်စွန့်စား၍ တိုက်ခိုက်လာကြတယ်။
နောက်ပိုင်းမှာ ယာယီစခန်းများ ချကာ ရက်များစွာ နေထိုင်ကြတယ်။ ရန်သူစစ်ကြောင်း နီးကပ်လာပြီလို့ သတင်းရတဲ့အခါ (ဝါ) ဗုံးကြဲခံရတဲ့အခါ (ဝါ) အဲဒီလို ဘေးအန္တရာယ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သင်္ကာမကင်းရှိတဲ့ အခါမှာ ယင်းစခန်းများ စွန့်ပစ်ထားခဲ့တယ်။ ပြောက်ကျားတပ်ဖွဲ့၏ အရေအတွက်ဟာလည်း ပြည်သူတို့အတွင်း ဝါဒဖြန့်ချိရေး၊ စည်းရုံးရေးနှင့် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လာနိုင်မှုကြောင့် လယ်သမားများ၏ စိတ်ပါလက်ပါ တော်လှန်ရေးအတွင်း ပါဝင်လာကြသဖြင့် တိုးပွါးလာတယ်။ အဆုံးတွင် ရန်သူအရောက်အပေါက်နည်းသော ဒေသတခုကို ရွေးချယ်ကာ အခြေစိုက်နေထိုင်ရန် အစပျိုးကာ အသေးစား ကုန်ထုတ်လုပ်ငန်းများ စတင်တည်ဆောက်တယ်။ ရှူးဖိနပ်စက်ရုံ၊ စီးကရက်နှင့် ဆေးပြင်းလိပ်လက်နက်ပြင်စက်ရုံ၊ ပေါင်မုန့်ဖို၊ ဆေးရုံများနှင့် ရေဒီယို အသံလွှင့်စက်နှင့် ပုံနှိပ်စက်တို့ကို ထူထောင်ကြရတယ်။
ပြောက်ကျားတပ်ဖွဲ့အတွက် ယခုအခါတွင် အဖွဲ့အစည်းနှင့်ဖြစ်လာပြီး တည်ဆောက်မှုပုံစံသစ် ဖြစ်လာတယ်။ ယင်းသည် ကြီးမားသော လှုပ်ရှားမှုတခု၏ ဦးဆောင်ဦးရွက်ဖြစ်ကာ အစိုးရအသေးစားတရပ်၏ လက္ခဏာအင်္ဂါရပ်များ အားလုံးနှင့်လည်း ပြည့်စုံတယ်။ တရားစီရင်ရေးအတွက် တရားရုံးတခုကို ထူထောင်ကာ တရားဥပဒေများကို ထုတ်ပြန်ပြီး လယ်သမားထုအား ဝါဒဖြင့်ချိရေး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ကြကာ အနီးအနားဒေသရှိ အလုပ်သမားများကိုပါ တိုးစည်းရုံးကာ သူတို့အားလည်း တော်လှန်ရေးအတွင်းသို့ ပါဝင်လာအောင် ဆွဲဆောင်ယူရမှာဖြစ်တယ်။ ရန်သူအား ထိုးစစ်များဖြင့် ရှုံးနိမ့်စေရမှာဖြစ်တယ်။ လက်နက် သေနတ်များ အရေအတွက်ပိုလာကာ ပြောက်ကျားတပ်ဖွဲ့နှင့်အတူ တိုက်ခိုက်မည့် လူအရေအတွက်လည်း များလာတယ်။ မိမိတပ်ဖွဲ့ လူအရေအတွက် များလာသလောက် မိမိစစ်တိုက်နိုင်သော နယ်မြေအကျယ်အဝန်း အချိုးညီညီ မတိုးချဲ့နိုင်သော အချိန်တချိန်သို့ ရောက်ရှိလာသောအခါ သင့်တော် လျောက်ပတ်သော အရေအတွက်ရှိသည့် ပြောက်ကျားတပ်ဖွဲ့တခုကို ခွဲထုတ်ကာ ယင်းစစ်ကြောင်း (ဝါ) တပ်စုက အခြား စစ်ပွဲဒေသတခုသို့ သွားရောက်မှာဖြစ်တယ်။
ဒီဒုတိယစစ်ကြောင်းရဲ့ လုပ်ငန်းဟာ ကွဲပြားခြားနားတဲ့ လက္ခဏာရပ်တွေနဲ့ စတင်တယ်။ ၎င်းမှာ အတွေ့အကြုံများ ရရှိပြီးဖြစ်ကာ စစ်ပွဲဒေသတွင် တပ်ဖွဲ့ဝင်များ၏ ဩဇာလွှမ်းမိုးမှုကြောင့်လည်းဖြစ်တယ်။ မူလအမြုတေ တပ်ဖွဲ့မှာလည်း အင်အားကြီးထွားလာတယ်။ ဒီအခါမှာ စားနပ်ရိက္ခာ အမြောက်အများနဲ့ သေနတ်များပင် စုဆောင်းရရှိထားပြီးဖြစ်တယ်။ လူသစ်များ တဖွဲဖွဲရောက်ရှိလာပြီး လူထုအုပ်ချုပ်ရေး အဖွဲ့များကလည်း တရားဥပဒေများ ထုတ်ပြန်ကာ ဆက်လက်လုပ်ဆောင်သွားနိုင်တယ်။ သင်တန်းကျောင်းများ စတင်ဖွင့်လှစ်နိုင်မှုကြောင့် တပ်ဖွဲ့ဝင်တပ်သားသစ်များအတွက် ဝါဒဖြန့်ချိရေးနှင့် စစ်ရေးသင်တန်းများ ပို့ချနိုင်တယ်။ ခေါင်းဆောင်များမှာလည်း ပြောက်ကျားစစ်ပွဲ ဖွံ့ဖြိုးလာတာနဲ့အမျှ အတွေ့အကြုံသင်ခန်းစာသစ်တွေ အများအပြားရရှိတယ်။ ယင်းတို့၏ အုပ်ချုပ်ကွပ်ကဲမှု စွမ်းရည်များလည်း အရေအတွက်ရော အရည်အချင်းပါ တိုးပွားလာတဲ့ တပ်ဖွဲ့ဝင်တွေအတွက် ပိုမိုလာတဲ့ မြင့်မားလာခဲ့တယ်။ တာဝန်ဝတ္တရားများ ထမ်းဆောင်ရင်း ဝေးလံတဲ့ အရပ်ဒေသများအဖို့ဆိုလျှင် တပ်ဖွဲ့တခုက တချိန်ချိန်မှာ ထိုနေရာသို့ ထွက်ခွါသွားပြီး အဲဒီအရပ်ဒေသတွေမှာ တိုးချဲ့လုပ်ငန်းများ၊ ပြီးစီးခဲ့သမျှလုပ်ငန်းများ ပြန်လည်ဆန်းစစ်ဖို့နဲ့ လုပ်ငန်းများ ရှေ့ဆက်လည်ပတ်သွားနိုင်ရေးတို့အတွက် ဖြစ်တယ်။
ဒါပေမယ့် ရန်သူစိုးမိုးထားတဲ့ နယ်မြေတခုလည်း ရှိနိုင်မှာဖြစ်ပြီး အဲဒီနေရာဟာ ပြောက်ကျားစစ်အတွက် တပန်းရှုံးစေမယ့်ဒေသမျိုးလည်း ဖြစ်နေမယ်ဆိုရင် တပ်ဖွဲ့ငယ်များက အဲဒီနေရာကို တစတစ ထိုးဖောက်ကာ လမ်းတံတားများ ဖောက်ခွဲ ဖျက်ဆီးပစ်ခြင်း၊ မိုင်းစစ်ဆင်ခြင်း၊ လူထုဆူပူအုံကြွလာအောင် ဆောင်ရွက်တာတွေ လုပ်ရမယ်။ စစ်ပွဲရဲ့ အဆုတ်အတက်သဘာဝအရ တော်လှန်လှုပ်ရှားမှုများ ဆက်လက်တိုးပွား ကျယ်ပြန့်နေမှာသာဖြစ်တယ်။ ဤအချိန်ကာလတွင် ပြည်သူတို့အတွင်း ကျယ်ပြန့်စွာ စည်းရုံးထားနိုင်မှုကြောင့် မိမိတို့အတွက် တပန်းရှုံးဒေသများတွင် ပြောက်ကျားတပ်ဖွဲ့များ လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ပြီး နောက်ဆုံးအဆင့်ဖြစ်သော မြို့ပြပြောက်ကျားစစ်အတွက် လမ်းပွင့်သွားမယ်။
လျှို့ဝှက်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဒေသတခုလုံးမှာ တိုးချဲ့ဆောင်ရွက်ရမယ်။ ဒေသရဲ့ အသက်သွေးကြောလုပ်ငန်းများ မလှုပ်နိုင်မရှားနိုင် ဖြစ်လာတဲ့အခါ ဒေသတခုလုံးကို စိုးမိုးထားနိုင်မှာဖြစ်တယ်။ ပြောက်ကျားများ အခြားဒေသများသို့ ထပ်မံထိုးဖောက်ကာ ရွေးချယ်သတ်မှတ်ထားတဲ့ ရှေ့တန်းနေရာများမှာ ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲပြီး ထိုအချိန်လောက်ဆိုလျှင် လက်နက်ကြီးများလည်း ရရှိသိမ်းဆည်းမိပြီး ဖြစ်သဖြင့် တင့်ကားအချို့ကိုပင် လက်ဝယ်ရရှိနေနိုင်ပြီဖြစ်ကာ တိုက်ခိုက်ရာတွင် လက်နက်ချင်း မကွာလှတော့ပေ။ တပိုင်းတစအောင်ပွဲများမှ အဆုံးသတ်အောင်ပွဲဆီသို့ ပြောင်းလဲဖော်ဆောင်နိုင်သော အခါ ရန်သူမှာ ကျဆုံးခန်းရောက်ပေပြီ။ ပြောလိုသည်မှာ ရန်သူဟာ ပြောက်ကျားတပ်ဖွဲ့က ပြုသမျှ နုရသည့် တိုက်ပွဲများကိုသာ မရှောင်မတိမ်းသာဘဲ ဆင်နွှဲနေရကာ အဆုံးတွင် အရှုံးနှင့်သာ ရင်ဆိုင်ရပြီး မဖြစ်မနေ လက်နက်ချရသည့် အခြေသို့ ဆိုက်ရောက်ရတော့တယ်။
ကျူးဘားတော်လှန်စစ်၏အဆင့်ဆင့်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို အကြမ်းဖျင်း ဖော်ပြထားတဲ့ ပုံကြမ်းတခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေ ပါဝင်ပါတယ်။ မည်သို့ဆိုစေ ကျနော်တို့ တော်လှန်စစ်ကာလအတွင်း ပြည်သူတွေနဲ့ ဘယ်လောက်ထိ နီးကပ်စွာ တသားတည်းရှိခဲ့တယ်ဆိုတာရယ်၊ ထိုကာလတလျှောက် ရှိနေခဲ့တဲ့ ပကတိအခြေအနေတွေနဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကို ခွဲခြားပြီး တခုစီရေတွက်ဖော်ပြဖို့ မတတ်နိုင်ပါ။ ဖီဒယ်ဟာ တိုက်ခိုက်ရေးသမားကောင်း
တယောက်သာမက လူထုခေါင်းဆောင်တဦးရဲ့ အရည်အသွေးတွေလည်း ပိုင်ဆိုင်တာဖြစ်ပါတယ်။ ကျနော်တို့ ချီတက်ခဲ့တဲ့ လမ်းခရီး၊ ရုန်းကန်လှုပ်ရှားမှုနဲ့ အောင်ပွဲတွေဟာ သူ့ရဲ့ အမြော်အမြင်ကြီးမားမှုကြောင့် ဖြစ်ပါတယ်။ သူမပါဘဲ ပြည်သူတို့ အောင်ပွဲမခံနိုင်လို့ ကျနော်တို့မပြောနိုင်ပါ။ သို့သော်လည်း ထိုအောင်ပွဲဟာ အရင်းအနှီးတွေ ပိုမိုများပြားစွာ ပေးအပ်ခဲ့ရမှာဖြစ်ပြီး တော်လှန်ရေးမှာလည်း ဆုံးခန်းတိုင် ပြီးမြောက်ခဲ့မည်မဟုတ်ပေ။
(အခန်း ၂။ ပြောက်ကျားတပ်ဖွဲ့ ပြီးပါပြီ။)
(ပီဒီအက်ဖ် စာမျက်နှာ ၆၅ - ၈၈။)
စာရိုက် - ငနော့
Comments
Post a Comment