ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rule of Engagement) နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ (သို့) စစ်ဥပဒေများ 🖊 Otto

ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rule of Engagement) နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ (သို့) စစ်ဥပဒေများ

Otto

ဆောင်းပါး
ပြည်သူ့ကာကွယ်ရေးစာစဉ်
အတွဲ (၁)၊ အမှတ် (၁)

ထိတွေ့မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ (Rule of Engagement) ဟူသည်မှာ စစ်ပွဲများ လက်နက်ပဋိပက္ခများအတွင်း... လက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သော အကြောင်းအရာများကို ဆိုလိုပါသည်။

မိမိတွင်ရှိသော … အင်အားနှင့်လက်နက်များကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အသုံးပြုရန်သင့်လျော်သော အခြေအနေအချိန်အနေအထားများနှင့် ဆီလျော်သော အင်အားတို့ကို သတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေခြင်းတို့ဖြစ်သည်။

နိုင်ငံတကာတပ်မတော်များတွင် စစ်ဆင်ရေးအလိုက် rule of engagement များကို သတ်မှတ်ရေးဆွဲကာ မိမိတပ်ဖွဲ့ဝင်များအား အသိပေးလိုက်နာစေလေ့ရှိပြီး မလိုက်နာခြင်း၊ သွေဖီခြင်းများရှိက ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်။

ဤထိတွေ့ မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rule of Engagement)မှာ များသောအားဖြင့် နိုင်ငံတကာစစ်ဥပဒေ (Law of War) တနည်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ(Law of Armed Conflicts) ခေါ်ဆိုလေ့ရှိသော နိုင်ငံတကာစစ်စည်းကမ်းဥပေဒေများနှင့် Geneva Convention Protocols များကို အခြေခံ၍ ရေးဆွဲလေ့ရှိသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းစစ်နှင့် ပဋိပက္ခများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ချမှတ်ထားသော Geneva Convention Protocol II အား လေ့လာရန် အထူးတိုက်တွန်းလိုပါသည်။

စစ်ဥပဒေ/ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေတွင်ပါဝင်သော အဓိကအနှစ်သာရများမှာ

(၁) စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခြင်း

(၂)အချိုးညီသောအင်အားအသုံးပြုမှု 

(၃)မလိုအပ်သော အတိဒုက္ခရောက်စေမှုများကို ရှောင်ရှားခြင်း

(၄)တိုက်ပွဲ၀င်စစ်သည်နှင့်ပြည်သူခွဲခြားခြင်း

(၅)လူသားချင်းစာနာမှုနှင့်ခွဲခြားဆက်ဆံခြင်းများကို ရှောင်ကြဉ်ခြင်း စသည်တို့ဖြစ်သည်။

(၁)စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ခြင်း (military necessity)

စစ်ပွဲကာလများအတွင်းတွင် ပစ်မှတ်များ သတ်မှတ်ရာ၌သော်လည်းကောင်းတိုက်ခိုက်ရာ၌သော်လည်းကောင်း စစ်ရေးအရ အရေးပါအရာရောက်ရှိမှ တိုက်ခိုက်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ … ရန်သူ့၏အင်အားနှင့် တပ်ရင်းတပ်ဖွဲ့များနှင့် သက်ဆိုင်သော အင်အားစုများ၊ အရင်းအမြစ်များ၊ ပစ္စည်းကိရိယာများကိုသာ ဖျက်ဆီးတိုက်ခိုက်ရန်ဖြစ်ပြီး စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်နိုင်ခြင်းမရှိသော တိုက်ခိုက်မှုများကို တားမြစ်ရန် ဖြစ်သည်။ သို့မှသာ မလိုအပ်သော တိုက်ခိုက်ဖျက်ဆီးမှုများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ သာသနာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့်ကျောင်းများသည် အကာအကွယ်ပေးရမည့်နေရာများဖြစ်ကြသည်။

(၂)အချိုးညီသောအင်အားအသုံးပြုမှု (Proportionality)

တပ်ရင်းတပ်ဖွဲ့များအနေနှင့် မိမိအပေါ်ကျရောက်လာသော အန္တရာယ်နှင့် 
ကြုံတွေ့လာရသော စစ်ရေးအခြေအနေများ အပေါ်တွင်မူတည်ကာ မျှတသောအင်အားကို အသုံးပြုရန်ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီမှ ရရာစွဲကိုင်တိုက်ခိုက်လျက်ရှိသော လူထုတော်လှန်ရေးများအပေါ်တွင် သံချပ်ကာကားများ၊ လေကြောင်းပစ်ကူများအသုံးပြုခြင်းသည် အချိုးညီသောအင်အားအသုံးပြုမှု (Proportionality)ကို ချိုးဖောက်ခြင်း ပင်ဖြစ်သည်။

(၃)မလိုအပ်သော အတိဒုက္ခရောက်စေမှုများကို ရှောင်ရှားခြင်း (avoid unnecessary suffering)

စစ်ပွဲကာလများအတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒေသခံလူထုအပေါ် အတိဒုက္ခရောက်စေခြင်း မရှိစေရန် ရှောင်ရှားရမည်ဖြစ်သည်။ အထူးသဖြင့် လူထုအပေါ် ညှင်းပန်းနှိပ်စက်ခြင်းအသက်အိုးအိမ် စည်းစိမ်အား ခြိမ်းခြောက်ခြင်းနှင့် လုယက်ဖျက်ဆီးခြင်းတို့သည် ဤစည်းမျဉ်းအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်သည်။

(၄)တိုက်ပွဲဝင်စစ်သည်နှင့်ပြည်သူခွဲခြားခြင်း

တိုက်ပွဲဖြစ်ပွားရာဒေသများ စစ်ဆင်ရေးဂွင်များတွင် ရန်သူ၊ မိတ်ဆွေ တိုက်ပွဲဝင်စစ်သည်၊ သာမန်ပြည်သူ စသဖြင့်ခွဲခြားသတ်မှတ်ခြင်းသည် စစ်ပွဲဥပဒေသများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရာတွင် အထောက် အကူပြုပါသည်။ ဤသို့ခွဲခြားရာတွင် အောက်ပါအတိုင်း အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။

တိုက်ပွဲ၀င်စစ်သည်များ (Combatant)

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပြောက်ကျားစစ်သည်များ၊ တော်လှန်ရေးသမားများ စသည်ဖြင့် လက်နက်ကိုင်ဆောင်တိုက်ခိုက်ကြသော နှစ်ဖက်စစ်သည်များကိုဆိုလိုပါသည်။ ၎င်းတို့သည် စစ်ဥပဒေများကို လိုက်နာရန်တာ၀န်ရှိပြီး စစ်ဥပဒေများ၏အကာအကွယ်ကို ရရှိနိုင်ပါသည်။

ပြည်သူများ (Non-combatant)

စစ်ပွဲကာလတွင်း သာမန်ပြည်သူများတွင် သတင်းထောက်များဆေး၀န်ထမ်းများနည်းပညာဆိုင်ရာဝန်ထမ်းများ၊ သာသနာရေး၀န်ထမ်းများနှင့် ဒေသခံပြည်သူများတို့ပါဝင်ပါသည်။ စစ်ဥပဒေများတွင် ၎င်းတို့အား အကာအကွယ် ပေးရန်နှင့် တတ်နိုင်သရွေ့ ဘေးအန္တရာယ်များ ကျရောက်ခြင်းကာကွယ်ရေးကို ပြုလုပ်ရမည်ဟု ဖော်ပြ ထားပါသည်။

သူလျှို၊ ဒလံများ

သူလျှိုဒလံများဟူသည်မှာ စစ်ဆင်ရေးနယ်မြေများနှင့် စစ်ဖြစ်ပွားရာဒေသများတွင် သတင်းအချက်အလက် စုဆောင်းခြင်းနှင့် နှောင့်ယှက်ဖျက်ဆီးခြင်းများကို ပြုလုပ်သူများကို ဆိုလိုပါသည်။ သူလျှိုပြုလုပ်ခြင်းသည် စစ်ဥပဒေများကို ချိုးဖောက်ခြင်းမရှိသည့်တိုင်၊ သူလျှို၊ ဒလံများမှာ စစ်ဥပဒေများ၏အကာအကွယ်အောက်တွင် မရှိသည်ကို သတိပြုရမည်ဖြစ်သည်။

စစ်သုံ့ပန်းများနှင့်ဖမ်းဆီးထိန်းသိမ်းထားရသူများ

ရန်သူတပ်ဖွဲ့များမှ ဖမ်းဆီးရမိသော … စစ်သုံ့ပန်းများကိုဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီး ထိန်းသိမ်းရသောသူများကို ဖြစ်စေ စစ်ဥပဒေများမှ ၎င်းတို့အား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းကို အထူးတားမြစ်ပါသည်။ သင့်တင့်လျောက်ပတ်သော စောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုတို့ပေးရန်လည်း တိုက်တွန်းထားသည်။

ဤသို့ ဖမ်းဆီးရမိသူများနှင့်စစ်သုံ့ပန်းများအား အမေရိကန်ကမ်းတက်တပ်ဖွဲ့၏(United States Corp)ကိုင်တွယ်ပုံအချို့ကို နမူနာအဖြစ်ဖော်ပြသွားပါမည်။ 

Marine Search (ရှာဖွေခြင်း)လက်နက်ကိရိယာများနှင့် အရေးကြီးသတင်းအချက်အလက်များ စာရွက်စာတမ်းများကို ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း (သတိပြုရန်- တကိုယ်ရေပစ္စည်းများနှင့် အ၀တ်အစားများကို သိမ်းဆည်းခြင်းမပြုရန်)

Silence(တိတ်ဆိတ်စေခြင်း)- သုံ့ပန်းများအချင်းချင်းအား မလိုအပ်ဘဲ စကားပြောဆိုခြင်း၊ ဆက်သွယ်ခြင်းတို့ကို တားဆီးရန် (ထွက်ပြေးလွတ်မြောက်ရန် ပူးပေါင်းကြံစည်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။)

Safeguard(ကာကွယ်ပေးခြင်း) - ဖမ်းဆီးထားသူများအား မိမိတပ်ဖွဲ့ဝင်များမှ ညှင်းပန်းနှိပ်စက်ခြင်းဖြစ်စေ ၎င်းတို့အခြင်းခြင်းဖြစ်စေ စိတ်ပိုင်း၊ရုပ်ပိုင်းထိခိုက်စေခြင်းများမှ ကာကွယ်ပေးရန်

Segregate (ခွဲထုတ်ခြင်း) အုပ်ချုပ်မှုကိစ္စများ လွယ်ကူစေရန် ကျားမခွဲထုတ်ခြင်း၊ အရာရှိများနှင့် အခြားအဆင့်များ ခွဲထုတ်ခြင်း 

Tag(မှတ်သားခြင်း)- သုံ့ပန်းများထံမှ ရမိသော စာရွက်စာတမ်းများ၊ လက်နက်ကိရိယာများနှင့် ၎င်းတို့ ထွက်ဆိုချက်များကို သေချာစွာ မှတ်တမ်းတင်ထားရှိရန်

နိဂုံး

ဤ rule of engagementများ နှင့် စစ်ဥပဒေများအား လိုက်နာစေခြင်းသည် ပြည်သူ့အား အကူအညီပေးခြင်းနှင့် အကာအကွယ်ပေးခြင်းအတွက်သာမကပဲ မိမိတပ်ဖွဲ့များ၏ စစ်ရေးရည်မှန်းချက်များကိုပါ အထောက်အကူပြု စေကြောင်းသိရှိရမည်ဖြစ်သည်။ အထူးသဖြင့် ဒေသခံလူထု၏ထောက်ခံပံ့ပိုးမှုကို အထူးလိုအပ်သော တော်လှန်ရေး စစ်ပွဲများတွင် ဤစည်းမျဉ်းဥပဒေများကို ... လိုက်နာခြင်းသည် လူထုထောက်ခံမှုကိုရရှိရန် အရေးပါမည်ဖြစ်ပြီး ရန်သူတပ်ဖွဲ့များအား လက်နက်ချအညံ့ခံလာစေရန် ဆွဲဆောင်ရာတွင် အလွန်အသုံး၀င်မည်။

Otto (May, 2021)

RULES OF ENGAGEMENT

➡ LAW OF WAR

➡ MILITARY PLANS

➡ POLITICAL POLICY

➡ PUBLIC OPINION

(ပီဒီအက်ဖ်ကနေ စာရိုက်ထားပါတယ်။)



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်