မြေအောက်ယူဂျီရဲဘော် ဆောင်ရန် ရှောင်ရန် 🖊 မြေအောက်ရဲဘော်

မြေအောက်ယူဂျီရဲဘော် ဆောင်ရန် ရှောင်ရန်

မြေအောက်ရဲဘော် 

ဆောင်းပါး
ပြည်သူ့ကာကွယ်ရေးစာစဥ်
အတွဲ (၁)၊ အမှတ် (၁)
(ပြည်သူ့ကာကွယ်ရေးစာစဉ်ကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေပါတယ်။)

နိဒါန်း

နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဌာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ အဖွဲ့စည်းတိုင်းမှာ သူ့အုပ်စုနဲ့ သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ

ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေးမိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ... ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား

ဘယ်လောက်အရေးကြီးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာရှင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် … စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။

အဝတ်အစား

လှုပ်ရှားမယ့်နေရာရဲ့ အဝတ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ … သတိထားမိစေနိုင်တဲ့ အဝတ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအဝတ်များတဲ့နေရာမှာ ဘောင်းဘီမဝတ်သွားပါနဲ့ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အင်္ကျီတွေမြင်သာမှတ်မိလွယ်သော အရောင်တွေကို မဝတ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ဝတ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။

လှုပ်ရှားမှု

စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီးစိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် … နံပါတ်ပြားများ သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။

အစည်းအဝေး

တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာပ်စည်းနှင့် မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ မြေပေါ်လုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။ မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့လူတွေကို သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး

“လိုင်းလုံးဝ၊ လုံး၀ မပူးပါနဲ့" မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ မြေပေါ်အသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာပ်စည်း တည်ဆောက်ရေးရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ မြေပေါ် (အိုဂျီ) တွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာပ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ … နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။

ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် … ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။ ကိုယ့်ရဲဘော်လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့

စာရွက်စာတမ်း

တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါမလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ .. အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် တော်လှန်ရေးသမားတွေနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။ 

မြေအောက်ရဲဘော်

(ပီဒီအက်ဖ်ကနေ စာရိုက်ထားပါတယ်။)



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်