ဇက်မျိုးဆက်အတွက် ငုံးပုံပြင် § ခိုင်ကြည်သစ်
ဇက်မျိုးဆက်အတွက် ငုံးပုံပြင်
••••••••••••••••••••••••••••••••
ခိုင်ကြည်သစ်
7Day News
Sunday, February 14, 2021 - 06:00
.
ယခုရက်ပိုင်းအတွင်း ဇက်မျိုးဆက် (Generation Z) တို့အကြောင်း လူပြောသူပြောများလာသည်။ တချို့က ဇက်မျိုးဆက်ကို အတိုကောက် ဂျန်ဇီ (Gen Z) ဟု ခေါ်ကြသည်။ အမည်နာမ ဘယ်လိုပင် တပ်တပ်၊ တိုင်းပြည်၏ အနာဂတ်က ဇက်မျိုးဆက်များအပေါ် များစွာတည်မှီလာနေသည်။ ဇက်မျိုးဆက်များသည် နည်းပညာနှင့် မွေးလာပြီး လွတ်လပ်ခွင့်နှင့် ကြီးပြင်းလာကြသူများ ဖြစ်သည်။ သူတို့တစ်တွေက နည်းပညာကို ကောင်းစွာအသုံးချကာ လွတ်လပ်ခွင့်ကို တန်ဖိုးထားကြသည်။ အခုဆိုလျှင် သူတို့ ဇက်မျိုးဆက်တွေက နိုင်ငံသားတို့၏ ဒီမိုကရေစီရေးအတွက်ပင် ရှေ့တန်းက ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ မျိုးဆက်ဟောင်းများက ဇက်မျိုးဆက်၏ ဦးဆောင်မှုနောက်မှာ ဝန်းရံကြရုံ၊ ကူညီကြရုံ။
ဇက်မျိုးဆက်များတွင် ခေါင်းဆောင်မှုကင်းမဲ့သည်ဟု ထောက်ပြမှုအချို့လည်း ရှိသည်။ စာရေးသူအမြင်မှာတော့ ‘ဇက်မျိုးဆက်များတွင် ခေါင်းဆောင်မှုကင်းမဲ့သည်’ ဟုဆိုလျှင် အစွန်းရောက်သော သုံးသပ်ချက်ဖြစ်ပါသည်။ ထို့အတူပင် ‘ဇက်မျိုးဆက်များတွင် ခေါင်းဆောင်တစ်ယောက်ယောက် ရှိနေသည်၊ ဇက်မျိုးဆက်များကို ဦးဆောင်နေသည့် တစ်စုစုတစ်ဖွဲ့ဖွဲ့ ရှိနေသည်’ ဟု ယူဆခြင်းမှာလည်း အစွန်းကျသော ယူဆချက်ပင်ဖြစ်သည်။ တကယ်တော့ ဇက်မျိုးဆက်များတွင် ခေါင်းဆောင်ရှိပါသည်။ အခြားသူမဟုတ်။ ဇက်မျိုးဆက်ဝင် တစ်ဦးချင်းကပင် ခေါင်းဆောင်တွေ ဖြစ်သည်။ ဒါကို သူတို့က ‘စုပေါင်းခေါင်းဆောင်မှု’ ဟု အမည်ပေးထားသည်။ ဇက်မျိုးဆက်တွင် ‘စုပေါင်းခေါင်းဆောင်မှု’ သာ ရှိသည်မဟုတ်။ ‘စုပေါင်းတာဝန်ယူမှု’၊ ‘စုပေါင်းတာဝန်ခံမှု’ တွေလည်း ရှိနေပြန်သည်။ ‘စုပေါင်းခေါင်းဆောင်မှု’၊ ‘စုပေါင်းတာဝန်ယူမှု’၊ ‘စုပေါင်းတာဝန်ခံမှု’ တို့သည်ပင်လျှင် ဇက်မျိုးဆက်များ၏ ယုံကြည်ချက်ဖြစ်သည်။ ဇက်မျိုးဆက်များ၏ ဒီမိုကရေစီဖြစ်သည်။
ဆိုလိုသည်က ခေါင်းဆောင် တစ်ယောက်ကို ရှာဖွေသုတ်သင်ကာ ယင်းမျိုးဆက်၏ အရှိန်အဟုန်ကို ရပ်တန့်ဖို့ဆိုသည်မှာ အိပ်မက်ထဲမှာပင် မဖြစ်နိုင်သည့်ကိစ္စဖြစ်သည်။ သူတို့သည် သူတို့မျိုးဆက်ကို စုပေါင်းခေါင်းဆောင်ကာ သူတို့အပေါ် ကျရောက်လာသည့် တာဝန်များကို စုပေါင်းထမ်းဆောင်နေကြသည်။ ဖြစ်ပေါ်လာသည့် ကိစ္စရပ်အားလုံးကိုလည်း တစ်ဦးတစ်ယောက်ပေါ် လွှဲမချဘဲ စုပေါင်း တာဝန်ခံနေကြသည်။ တစ်ချိန်တည်းတွင် သူတို့၏ စုပေါင်းခေါင်းဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို နည်းပညာနှင့် ချိတ်ဆက်ထားကြသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ ဇက်မျိုးဆက်များကို ခေတ်ဟောင်းအမြင်များနှင့် ချဉ်းကပ် ကြည့်မည်ဆိုလျှင် အလွန်ပင် ရူးမိုက်ရာ ကျပါလိမ့်မည်။
မျိုးဆက်ဟောင်းများအနေဖြင့် ဇက်မျိုးဆက်များ၏ အံ့သြလောက်စရာ အရည်အချင်းများကို စာဖွဲ့၍ ချီးမွမ်းခန်းဖွင့်ကာ တိုင်းပြည်အပေါ် ကျရောက်လာသည့် တာဝန်များအားလုံးကို ဇက်မျိုးဆက်အပေါ်ပဲ လွှဲထားမည်ဆိုပါကလည်း သင့်လျော်နိုင်မည် မဟုတ်ပါ။ မျိုးဆက်ဟောင်းများ၏ အားသာချက်ဖြစ်သော အတွေ့အကြုံနှင့် ဆင်ခြင်ဉာဏ်ကို ဇက်မျိုးဆက်များထံ လွှဲပြောင်း ပေးနိုင်ပါသည်။
စာရေးသူက ဝိုင်မျိုးဆက် (Generation Y) တစ်ယောက်ဖြစ်သည်။ Millennial တစ်ယောက် ဆိုပါစို့။ ဂျန်ဝိုင်တစ်ယောက် ဆိုပါစို့။ ဝိုင်မျိုးဆက်တစ်ယောက် အနေဖြင့် ကိုယ့်နောက်က ဇက်မျိုးဆက်အတွက် ဖြစ်နိုင်လျှင် အတွေ့အကြုံတွေ၊ ဆင်ခြင်ဉာဏ်တွေ အများကြီးမျှဝေလိုသည်။ သို့သော် မြန်မာပြည်က ဝိုင်မျိုးဆက်များသည် ဘေဘီဘွမ်မာ (baby boomers)၊ အိတ်စ်မျိုးဆက် (Generation X) များလို အတွေ့အကြုံ များများစားစား မရှိ။ ဝိုင်မျိုးဆက်သည် ဟိုမကျ သည်မကျ မျိုးဆက်လိုဖြစ်နေသည်။ လွတ်လပ်ခွင့်နှင့် အဝေးဆုံးကာလ၊ ပညာရေးနှင့် ပတ်သက်၍ အမှောင်မိုက်ဆုံးကာလတွေမှာ မွေးဖွားကြီးပြင်းကာ အရွယ်ရောက်လာကြရသူ အများစု ဖြစ်သည်။ ဒီအထဲမှာ စာရေးသူ လည်း တစ်ယောက်အပါအဝင်ပင်။ သည်တော့ လက်ရှိတိုင်းပြည်ကို ဦးဆောင်ပေးနိုင်မည့် ဂျန်ဇီများအတွက် အတွေ့အကြုံတွေ၊ ဆင်ခြင်ဉာဏ်တွေ များများစားစား မပေးနိုင်။
ပေးနိုင်တာကို လိုက်ရှာရင်း အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကိုသာ သတိရမိသည်။ ရှေ့မျိုးဆက်တွေ အဆက်ဆက် သယ်ဆောင်လာခဲ့သော အိပ်ရာဝင် ပုံပြင်တစ်ပုဒ်က မျိုးဆက်ဇက်အတွက် ပျင်းရိစရာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သူတို့လေးတွေက အိပ်ရာဝင်ခါနီး ပုံပြင်နားထောင်ဖို့ထက် တယ်လီဖုန်းပေါ်မှာ သူငယ်ချင်းတွေနှင့် chatting ဝင်၊ အွန်လိုင်းဂိမ်း ကစားကြသော မျိုးဆက်မဟုတ်လား။ သမိုင်းထဲက သူရဲကောင်းတွေအကြောင်း နားထောင်နေဖို့ထက် အွန်လိုင်းပေါ်မှာ ကိုယ်တိုင်စစ်တိုက်ကြသည့် မျိုးဆက် မဟုတ်လား။ ကော်ဇောပျံနှင့် ခရီးသွားသည့် ပုံပြင်တွေထက် အွန်လိုင်းပေါ်မှာ လေယာဉ်ပျံ ကိုယ်တိုင်မောင်းကြသည့် မျိုးဆက်မဟုတ်လား။ ဒါကိုသိလျက်နှင့်ပင် စုပေါင်းခေါင်းဆောင်တတ်၊ စုပေါင်းတာဝန်ယူတတ်၊ စုပေါင်းတာဝန်ခံတတ်သော ဇက်မျိုးဆက်အတွက် ဝိုင်မျိုးဆက် အစ်ကိုကြီးတစ်ယောက်က ဘုရားဟောဇာတက ပုံဝတၳုတစ်ခုကို ပြန်ပြီး မျှဝေပါရစေ။ ညီငယ်၊ ညီမငယ်တို့အတွက် ပျင်းစရာ ကောင်းသော်မှ တွေးစရာတစ်ခုခု ရနိုင်ပါစေဟူသော စေတနာဖြင့်ပင်။
မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်ကို မှီ၍ နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံးတော်မူစဉ် အခိုက် ခေါင်းခုပုဆိုးကို စွဲ၍ဖြစ်သော ခိုက်ရန်ကို အကြောင်းပြုကာ ‘သမေ္မာဒမာန ဂစ်ဆန္တိ’ အစရှိသော ဂါထာတော်ဖြင့် တရား ဟောတော်မူခဲ့သည်။ ဧကနိပါတ်၊ သမေ္မာဒမာနဇာတ်အဖြစ် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေထဲမှာ နာယူမှတ်သားနိုင်ကြသည်။ ဇာတ်လမ်းက သည်လို။
ဘုရားအလောင်းတော် ငုံးမင်းဘဝက ထောင်ပေါင်းများစွာသော ငုံးများခြံရံကာ တောအုပ်တစ်ခု၌ နေခဲ့သည်။ မုဆိုးတစ်ယောက်သည်လည်း ငုံးအုပ်မှ ငုံးများကို ပိုက်ကွန်ဖြင့် ဖမ်းကာ ရောင်းချခြင်းဖြင့် အသက်မွေးနေသည်။ ထိုသို့ မုဆိုး၏ ပိုက်ကွန် ဒဏ်ကို ခံရဖန်များလာသည့်အခါ ဘုရားအလောင်းငုံးမင်းက ငုံးများကို စုရုံးစေပြီး သူတို့၏ ရန်သူမုဆိုးနှင့် ရန်သူ၏လက်နက် ပိုက်ကွန်ကို မည်သို့ ရင်ဆိုင်အန်တုကြမည်ကို တိုင်ပင်ကြသည်။ မြန်မာစာအဖွဲ့က ထုတ်ဝေသည့် ‘အလိမ္မာ ပုံဝတၳုများ’ တွင် ဘုရားအလောင်းတော် ငုံးမင်း၏ စကားကို ယခုလို မြန်မာမှုပြုကာ ဖော်ပြထားသည်။
‘ဤမုဆိုးသည် ငါတို့၏ ဆွေမျိုးတို့ကို ပျက်စီးစေ၏။ ဤနေ့မှ စ၍ မုဆိုးသည် သင်တို့၏ အပေါ်သို့ ကွန်ကို ပစ်သော် တစ်ကောင် တစ်ကောင်စီသည် ကွန်ပေါက် တစ်ခုတစ်ခုစီ၌ ဦးခေါင်းကို ထား၍ ကွန်ကိုချီကာ ဆူးချုံ၌ ပစ်ချလော့။ ဤသို့ ပစ်ချပြီးလျှင် အောက်မှ ထိုထိုအရပ်သို့ ပြေးကြကုန်အံ့’။
ငုံးမင်း၏ အကြံကို ငုံးများ အားလုံးက လက်ခံအတည်ပြုကြသည်။ နောက်နှစ်ရက်အကြာ မုဆိုးက ကွန်ဖြင့် ငုံးဖမ်းလာသည့်အခါ ငုံးမင်းပြောသည့် အကြံအစည်အတိုင်း ငုံးများအားလုံး ပိုက်ကွန်ကို ညီညီညာညာ ကိုက်ချီကာ ဆူးချုံပေါ်သို့ပစ်ချကြသည်။မုဆိုး၏ဖြစ်အင်ကို သည်လို ဖတ်ခဲ့ရဖူးသည်။
‘ထိုမုဆိုးလည်း နေဝင်သည့် တိုင်အောင် ပိုက်ကွန်ကို ဖြေ၍သာ အချိန်ကုန်၏။ တစ်စုံတစ်ခုကိုမျှ မရ၍ လက်ချည်းသာ ပြန်ရ၏။’
ဇက်မျိုးဆက် ညီ၊ ညီမလေးများသည် ပုံပြင်ထဲက ငုံးကလေးများနှင့်ပင် တူနေသေးတော့သည်။ ပိုက်ကွန်ကို မကြိုက်၊ လွတ်လပ်မှုကို မြတ်နိုးကြသည်။ သူတို့၏ ရန်သူကို ရှောင်ပြေးဖို့ထက် ရင်ဆိုင်တုံ့ပြန်သည်။ တုံ့ပြန်ရာတွင် မည်သည့်နည်းလမ်းကို အသုံးပြုမည်ဟူသော နည်းပညာပိုင်းကို ကျွမ်းကျင်သည်။ စုပေါင်းခေါင်းဆောင်ကာ စုပေါင်းတာဝန်ယူ၊ တာဝန်ခံကြသည်။
ထို့ကြောင့်ပင် သူတို့၏ တိုက်ပွဲမှာ အောင်ပွဲတွေ အလီလီ ရခဲ့ကြသည်။ မုဆိုးကို အခွင့်အရေး မပေးဘဲ ညီညွတ်မှုအားဖြင့် ရင်ဆိုင်တုံ့ပြန်ခဲ့သည်။ ဇက်မျိုးဆက်များသည်လည်း မိမိတို့အပေါ် ပိုက်ကွန်လို အုပ်မိုးချုပ်ကိုင်မည့် ပိုက်ကွန်၊ မိမိတို့အနာဂတ်ကို ဖျက်ဆီးမည့်ပိုက်ကွန်၊ မိမိတို့၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေမည့် ပိုက်ကွန်များအားလုံး၏ ကွန်ပေါက်တစ်ခုစီ၊ တစ်ခုစီကို ညီညီညွတ်ညွတ်ကိုက်ချီကာ ဖယ်ရှားကြရမည်သာ။
နေ့တိုင်းပင် ငုံးများက ထိုသို့ ဆောင်ရွက်ကြသဖြင့် ရက်ကြာလာသည့်အခါ မုဆိုး၏ မယားက မုဆိုးကို အပြစ်စကား ဆိုတော့သည်။ မုဆိုးသည် ဖြစ်ကြောင်း ကုန်စင်ကို မယားအား ပြောပြရင်း နှစ်သိမ့်ရသည်။ မုဆိုးက သူ့မယားကို ပြောသည့်စကားမှာလည်း ဇက်မျိုးဆက် ညီ၊ ညီမငယ်များ မှတ်သားသင့်သည်ဟု ယူဆမိသည်။ ပုံပြင်ထဲမှာ သည်လို ရေးပြသည်။
‘စင်စစ် ငုံးတို့သည် ညီညွတ်ကြကုန်၏။ ငါပစ်သော ပိုက်ကွန်ကို ယူ၍ ဆူးချုံ၌ ပစ်ချကုန်၏။ ထိုငုံးတို့သည် အခါခပ်သိမ်း ညီညွတ်နေကြမည်မဟုတ်။ သင်သည် မစိုးရိမ်လင့်။ တစ်ချိန်တစ်ခါ၌ ထိုငုံးတို့သည် ခိုက်ရန်ဖြစ်လတ္တံ့။ ထိုအခါ အလုံးစုံသော ငုံးတို့ကို ဖမ်းယူ၍ သင်၏မျက်နှာကို ရွှင်လန်းစေအံ့’
မုဆိုး၏ မယားကို နားသွင်းသောစကားမှာ ယနေ့ခေတ် ဇက်မျိုးဆက်များအတွက် သတိပေး ချက်ပင်ဖြစ်ပါသည်။ စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှုဖြင့် တည်ဆောက်ထားသော အသိုက်အဝန်းအတွင်း ညီညွတ်မှုပြိုကွဲချိန်ကို စိတ်ရှည်လက်ရှည်စောင့်ကြည့်နေသည့် ခေတ်သစ်မုဆိုးများကို သတိထားရပါမည်။
ပုံပြင်ကို ဆက်ရလျှင် အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် ရန်သူကို ရင်ဆိုင်နေရင်းမှာပင် တစ်ရက်သောအခါ ငုံးတစ်ကောင်၏ ခေါင်းပေါ်ကို အခြားငုံးက ခြေထောက်ဖြင့် မတော်တဆ နင်းမိရာက အချင်းချင်း မသင့်မမြတ် ဖြစ်လာသည်။ ညီညွတ်မှု ပြိုကွဲလာသည်။ ဘုရားအလောင်း ငုံးမင်းက ညီညွတ်ရေးတရားပြသော်လည်း ညှိနှိုင်းမရခဲ့။ သည်လိုနှင့် ဘုရားအလောင်းက ပြော၍ ရသူကိုခေါ်ကာ အခြားအရပ်သို့ ပြောင်းသွားတော့သည်။
ကျန်ရှိနေသော ငုံးများမှာ မညီမညွတ်ဖြစ်နေကြရာ မုဆိုးကကွန်ဖြင့် ပစ်သည့်အခါတွင်လည်း ယခင်လို စုစုစည်းစည်း မတွန်းလှန်ဘဲ ကွန်ကို ‘သူချီ’ ‘ငါချီ’ စကားများကြတော့သည်။ သည်လိုနှင့် ငုံးများ မုဆိုးလက်သို့ ကျရောက်ရတော့သည်။
‘မုဆိုးသည် ပိုက်ကွန်ကို ရှုံ့၍ ငုံးအပေါင်းကို ဖမ်းယူကာ တောင်းတွင်ထည့်၍ အိမ်သို့ပြန်သွားလေ၏’ ဟု ‘အလိမ္မာပုံဝတၳုများ’ တွင် မြန်မာဘာသာသို့ ပြန်ဆိုပြသည်။ ရင်နာစရာ ဇာတ်သိမ်းပင်။ ဇက်မျိုးဆက်သည် သူတို့ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုအသီးသီးကို ရင်ဆိုင်ရာတွင် သမေ္မာဒမာန ဇာတ်ထဲက ငုံးများလို ဇာတ်မသိမ်းရဖို့ ညီညွတ်ကြဖို့ လိုမည်ဟု ယူဆမိပါသည်။
ဇက်မျိုးဆက်မှမဟုတ်။ မျိုးဆက် အသီးသီးသည်လည်းကောင်း၊ မျိုးဆက်တစ်ခုနှင့်တစ်ခု အကြားတွင်လည်းကောင်း ညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားရပါမည်။ တစ်နည်းအားဖြင့် ဇက်မျိုးဆက်နှင့် ပြည်သူ တစ်ရပ်လုံး ချိတ်ဆက်ကာ ပိုက်ကွန်ကို ပြိုင်တူရုန်းကာ ချီမပြီး ဆူးချုံပေါ်သို့ အရောက်သွားပစ်နိုင်ရပါမည်။ မိမိတာဝန်ကျရာ ကွန်ပေါက်တစ်ခုချင်းစီကို အပြည့်အဝ တာဝန်ယူကာ အားကုန်ရုန်းကြရပါလိမ့်မည်။ ငုံးဖမ်းမည့် မုဆိုးတို့၏ အကြံအစည် အထမမြောက်အောင် ညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ကြရပါလိမ့်မည်။
ဇက်မျိုးဆက်သည် တိုင်းပြည်၏ အနာဂတ်ဖြစ်ပါသည်။ ဇက်မျိုးဆက်အတွက် သမေ္မာဒမာနဇာတ်သည် ဝိုင်မျိုးဆက် အစ်ကိုကြီးကပေးသော လက်ဆောင်ကောင်း ဖြစ်နိုင်ပါစေဟု ဆန္ဒပြုပါသည်။ ကွန်ပေါက်တစ်ခုစီတိုင်းကို ချီမ၍ လွတ်လပ်ပြီး မျှော်လင့်ချက်ပြည့်ဝသော မနက်ဖြန်ကို တည်ဆောက်နိုင်ကြပါစေ။ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်း တာဝန်ယူမှု၊ စုပေါင်းခေါင်းဆောင်မှုမှသည် အနာဂတ် ကောင်းဆီသို့....။
(ဆောင်းပါးရှင် ခိုင်ကြည်သစ်သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)
Copied from 7Day News.
စလေ ငနော့
Comments
Post a Comment