ကံကို ပြင်လိုက်ပါ § ရဝေနွယ် (အင်းမ)

ကံကိုပြင်လိုက်ပါ
•••••••••••••••••••••
ရဝေနွယ်(အင်းမ)

သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ မင်းမဖြစ်ခင် သာမန်လူ တစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေ, နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်။ ဒီစကားကြားရတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘအမည်ရှိတဲ့သူ အားလုံးကို သတ်စေလို့ မိန့်ပါတယ်။ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲ့ ၀သဘကို မင်းဆီအပ်ဖို့ မယားလုပ်သူကို ပြောပြပါတယ်။ ရာထူးတိုးချင်တာလည်း ပါမှာပါ။ နံနက်စောစောရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်၊ ၀သဘကို သတ်ဖို့ ခေါ်သွားပြီဆိုတာ သိထားတဲ့ စစ်သူကြီးရဲ့မယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာတွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။ ၀သဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့မယားက သူကြံစည်တဲ့ အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ပဲ “၀သဘ သင့် ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီး သတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့” ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ၀သဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှုထားကြပါတယ်။

ဒီလိုနဲ့နေရင်း တစ်နေ့မှာ ပညာရှိ လူနူတစ်ယောက်က ဝသဘရဲ့ဇာတာကိုကြည့်ပြီး “သင် မင်းဖြစ်လိမ့်မယ်” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ဝမ်းမြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ယောက်ျားတွေ စုရုံးပါတယ်။ အတော်အတန်စုမိတော့ “မုန့်သည်မ, သားသည် မုန့်အနားက စ၍ စားရသည်” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး၊ မြို့စွန်ရွာစွန်ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံး ဝသဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဝသဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူဘယ်နှနှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး “(၁၂)နှစ် မင်းပြုရမယ်” လို့ ဟောလိုက်ပါတယ်။ ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင် ပေးပြီး ဒီအကြောင်း ဘယ်သူ့မှမပြော နဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီကပ်ပြီး “အရှင်ဘုရားတို့ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှု မရှိဘူးလားဘုရား” လို့ လျှောက်ပါတယ်။

ဒီတော့ သံဃာတွေက……

          “ဝသဘမင်းမြတ်… ရေစစ်လှူပါ။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။ ဟောင်းနွမ်းဆွေးမြည့် နေတဲ့ ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင်ပါ။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။ ရှစ်ရက် ဥပုသ်၊ ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ။ ဒါဆို မင်းသက်ရှည်လိမ့်မယ်” လို့ မိန့်လိုက်ပါတယ်။

          ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ စာထဲမှာတော့ ဝသဘမင်းပြုခဲ့တဲ့ ကောင်းမှုတွေ အများကြီးပြထားပါတယ်။ စာရှည်နေမှာစိုးလို့ ရေးမပြတော့ပါဘူး။ လိုရင်းပြောရရင်တော့ ဝသဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရပါတယ်။

          ဒီဝထၳုမှာ အဓိကပြောချင်တာက ဝသဘမင်းဟာ အတိတ်ကံအရ(၁၂)နှစ်ပဲ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ (၄၄)နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေးအနေနဲ့ (၃၂)နှစ် ပိုနန်းစံခဲ့ရပါတယ်။

          ဝသဘမင်း ပြုခဲ့တဲ့ ကုသိုလ်(၆)မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့တော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။ ဒီကုသိုလ်(၆)မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။ ဗဟုသုတ အဖြစ်ပေါ့။

          “ရေစစ်, ဆေးး ကျောင်း အဟောင်းပြုပြင်၊

        ပဉ္စင်အဋ္ဌ သီလဖြူစင်၊

        သက်ရှည်ကြောင်းစု ကောင်းမှုခြောက်အင်၊  

        အခွင့်စိုက် ပြုလိုက်ထာဝစဉ်။”

        ဝသဘမင်းကတော့ သူနဲ့ အသုံးတည့်မယ့် သက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး ပြုပြင်သွားတာပါ။

          အခုစာဖတ်သူတွေကတော့ တခြားဘဝလိုအပ်ချက်တွေ တခြားအဆင်မပြေမှုတွေလည်း ရှိနေကြမှာပါ။

          လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ ပညာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ ရာထူးဌာနန္တရနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ နိုင်ငံခြားခရီးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ ကြိုက်သလောက် ဆိုးနေပါစေ။ နောက်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေစမ်းပါစေ။ ဝသဘမင်းဝထၳုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက်ပြုပြင်ယူလို့ရတယ်ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

          ဒီတော့ ဘယ်လိုပြုပြင်ယူမလဲ….?

          အဲဒီအမြင့်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေတဲ့ကံကို ကုသိုလ် (၅) မျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ်(၅)မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ “နင်နေ ငါသွား” ဖြစ်သွားပါလိမ့်မယ်။

          ကုသိုလ်(၅)မျိုးက ဒါနရယ်, သီလရယ်, ဂုဏ်တော်ရယ်, မေတ္တာရယ်, ဝိပဿနာရယ်ပါ။

          အဲဒီကုသိုလ်(၅)မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ်ပြုလုပ်သွားဖို့ပါပဲ။

          ကုသိုလ်(၅)မျိုးထဲက ဒါနဆိုတဲနေရာမှာ ရှင်တစ်သောင်းတွေပြုမှ၊ ကျောင်းကြီးတွေဆောက်လှူမှ ဒါနမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့်ဆန်ထဲက လက်တစ်ဆုပ်စာလောက်လေး နှိုက်ပြီး အိမ်ရှေ့မှာ စာကလေးတွေ၊ ခိုကလေးတွေ ကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုပ်စာလောက်တော့ မိသားစုထမင်းဝိုင်း အတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး။ နေ့စဉ် ဆန်လက်တစ်ဆုပ်စာ ငှက်ကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့ညီမျှတဲ့ ဒါနဖြစ်နေတာပါ။

          ဒုတိယက သီလပါ။

          သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံလေး စောင့်ထိန်းနိုင်လိုက်တယ် ဆိုရင်ပဲ တော်တော်လုံလောက်သွားပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

          တတိယက ဂုဏ်တော်ပါ။

          ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

          အရဟံံဂုဏ်တော်ကိုပဲ အရဟံ- ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ- ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားလို့ရပါတယ်။

          အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့အနက် သုံးမျိုးရယ်က ပွားလို့ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါ။

          ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။

          စတုတၳက မေတ္တာပါ။

          မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီးသန့် အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ “မေတ္တာအတွေးများစာအုပ်” မှာလည်း ပွားပုံပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

          မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာကတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်းနတ်မြတ်တွေကို ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစပြီး လမ်း, မြို့နယ်, မြို့, နိုင်ငံကို စောင့်ရှောက်နေကြတဲ့ နတ်ကောင်း နတ်မြတ်တွေကို အဆင့်ဆင့်ပွားပါ။ “ငါ၏အိမ်ကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်အားလုံး ကိုယ်ဆင်းရဲ ကင်းပါစေ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ” စသည်ဖြင့်ပေါ့။

          ပဉ္စမက ဝိပဿနာပါ။

          ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်းအတိုင်း မှတ်လို့ရပါတယ်။

          ကဲ. . . စာဖတ်သူ စိတ်ကူးနဲ့ပဲ ကုသိုလ်(၅)မျိုး စမ်းကြည့်ရအောင်ပါ။

          မနက်အိပ်ရာကထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှမလုပ်ပါနဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။ ဘုရားသောက်တော်ရေကို အရင်ကပ်လိုက်ပါ။ ကပ်ပြီးရင် ငါးပါးသီလ ခံယူလိုက်ပါ။ အဲဒီနှစ်မျိုး ပြီးတော့မှ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ်ပွားပါ။ ဆယ့်ငါးမိနစ်လောက်တော့ အားလုံး လုပ်နိုင်လောက်မယ်ထင်ပါတယ်။

          ဘဝတစ်နေ့တာရဲ့အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားသလဲ။ မနက် အိပ်ရာထမှာပဲ ကုသိုလ်ငါးမျိုးက ရနေပါပြီ။

          အဲဒီလို ကုသိုလ်(၅)မျိုးပြုပြီးမှ မိသားစုရဲ့ ဝေယျာဝစ္စတွေကိုပြုပါ။ 

          အဲလိုနဲ့ မနက်စာစားပြီးသွားတဲ့အခါ ဆန်လက်တစ်ဆုပ်ယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေအတွက် ပက်ကျွေးလိုက်ပါဦး။

          ကျွေးပြီးသွားရင် အဆစ်အနေနဲ့ “ဒီနေ့မနက်ပြုတဲ့ ကုသိုလ်(၅)မျိုးကို နတ်ကောင်းနတ်မြတ်အားလုံး ကိုလည်း အမျှဝေပေးပါတယ် အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု သာဓု သာဓု” ဆိုပြီး နတ်ကောင်းနတ်မြတ် တွေကိုလည်း အမျှဝေပေးလိုက်ပါဦး။

          တတ်နိုင်တယ်၊ အချိန်ရတယ်ဆိုရင် ညပိုင်း ကိုရီးယားဇာတ်ကားမလာခင်၊ ဒါမှမဟုတ် ကိုရီးယားဇာတ် ကား ပြီးသွားတဲ့အခါ ကုသိုလ်(၅)မျိုးကို ထပ်လုပ်လိုက်ပါဦး။

          ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီးတောင် ထွက်သွားဦးမှာပါ။

          ဒါပေမယ့် ဒီနေ့လုပ် မနက်ဖြန်ဖြစ်ဆိုတဲ့ ပုံစံမျိုးတော့ ဘယ်ဖြစ်မှာလဲ၊ တစ်လတန်သည်၊ နှစ်လတန်သည်၊ တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါ့မယ်။ အကုသိုလ်ဆိုတဲ့ရန်သူက အင်အားကြီးနေတော့ ချက်ချင်းတော့ တောင့်တင်းလာရင် ရန်သူကံဆိုးလည်း ပြန်တောင်တိုက်နေမှာ မဟုတ်တော့ပါဘူး။ ကုသိုလ်အင်အားကိုကြည့်ပြီး လန့် ပြေးတော့မှာပါ။

          ဒါတွေက ကံဆိုးနေတဲ့သူအတွက် ပြောတာပါ။    

          ကံကောင်းနေတဲ့သူတွေအတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်(၅)မျိုးကို နေ့စဉ် ပြုနေသင့်ပါတယ်။

          ဒီဘဝကုသိုလ်(၅)မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘဝ၊ တတိယဘဝ စသည်တွေမှာ လည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

          ကုသိုလ်(၅)မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့်မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခုအနေနဲ့ ပြုနေမယ်။ အဲဒီလိုပြုနေစဉ်အတွင်းမှာပဲ ဘဝအခက်အခဲတစ်ခုနဲ့ ကြုံလာမယ်။ ဒါဆို ကိုယ်ပြုနေတဲ့ ကုသိုလ်(၅)မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လည်း ရပါတယ်။ “ကျွန်ုပ်သည် ကုသိုလ်(၅)မျိုးကို နေ့စဉ်ပြုပြီး နတ်ကောင်းနတ်မြတ်တို့ကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသောအခက်အခဲ ပြေပျောက်ပါစေသတည်း။ နတ်ကောင်းနတ်မြတ်တို့ကလည်း ကူညီမစတော်မူပါ” စသည်ဖြင့်ပေါ့။

          ကုသိုလ်(၅)မျိုးထဲမှာ ဝိပဿနာလည်း ပါနေတာဆိုတော့ တရားမှတ်ရင်း ပါရမီပါခဲ့ရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ တရားထူး တရားမြတ်တွေရသွားပြီး သံသရာဝဋ်ကတောင် ကျွတ်သွားဦးမှာပါ။

          ကုသိုလ်(၅)မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့တစ်နေ့တာ ကုသိုလ်(၅)မျိုးကို မပြုဖြစ်လိုက်ရင် အိပ်လို့မပျော်တဲ့အဆင့်အထိ ပြုရပါ့မယ်။

          ကဲ. . . စာဖတ်သူ ကံနဲ့ပတ်သက်လို့ “သေချင်လောက်အောင်ဆိုးနေပါစေ” ကုသိုလ်(၅)မျိုးနဲ့သာ နေ့စဉ် ပြုပြင်လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

                               ရဝေနွယ်(အင်းမ)

ကျမ်းကိုး-

-မဟာဝင်ဝထၳု၊

-ကျီးသဲလေးထပ်ဆရာတော်။

 
အလင်းတန်းဂျာနယ်။                                                                  
                                       ၁၈၊ ၇၊.၂၀၀၅။ 

ဆရာတော် ရဝေနွယ် (အင်းမ) (Yawainwe Inn Ma) ရဲ့ ဖေ့စ်ဘုတ်ခ်ကနေ ကူးယူပါတယ်။

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်