ဂတိချိုချို ဂတိခါးခါး § ရဝေနွယ် (အင်းမ)
ဂတိချိုချို ဂတိခါးခါး
••••••••••••••••••••••
ရဝေနွယ် (အင်းမ)
တစ်ခါတုန်းက အနိ၀တ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိ၀တ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။
တစ်နေ့တော့ အနိ၀တ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိ၀တ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။
“မီးတစ်ဆယ့်တစ်ပါးဟာ သတ္တဝါတွေကို ကြီးစွာ ဆင်းရဲစေလျက် နောက်ကို မဆုတ်ဘဲ ဆက်ဆက် လောင်သွားတယ်။ ငါလည်း ဒီဆင်းရဲ တွေငြိမ်းဖို့ ဒီမီး လောင်သလို မဂ်တည်းဟူသော မီးနဲ့ ကိလေသာတွေကို လောင်ပြီး ဘယ်လို သွားရပါ့မလဲ”လို့ အတွေးနိမိတ်ယူပါတယ်။
နောက် ရှေ့ဆက်သွားတော့ မြစ်ထဲက ငါးတွေကို ဖမ်းနေတဲ့ တံငါသည်တွေကို တွေ့ရပြန်ပါတယ်။ ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ ငါးတစ်ကောင်းက ပို်က်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားပါတယ်။ ဒီတော့ တံငါသည်တွေက “ငါးက ပိုက်ကွန်ကို ဖြတ်ပြေးသွားပြီ”လို့ အော်ပါတယ်။
အနိ၀တ္တမင်းက ဒီအသံကြားတော့ ရှေ့ကအတိုင်း အာရုံနိမိတ်ယူမိ ပြန်ပါတယ်။
“ငါလည်း မဂ်ဉာဏ်နဲ့ တဏှာဒိဋ္ဌိ တည်းဟူသော ပိုက်ကွန်ကို ဘယ်အချိန် လောက် ဖြတ်နိုင်ပါ့မလဲ”လို့ တွေးပါတယ်။
နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့်ပြီး ၀ိပဿနာ တရားတွေ အားထုတ်လိုက်တာ ပစေ္စကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။
(အပါဒါန်အဋ္ဌကထာ၊ စာမျက်နှာ၂၁၀) သုတ္တနိပါတ်အဋ္ဌကထာ ပတွဲ၊ စာမျက်နှာ ၁၀၂)
အနိ၀တ္တမင်းကတော့ လောင်နေတဲ့မီး၊ ပိုက်ကွန်က လွတ်သွားတဲ့ ငါးကိုကြည့်ပြီး သံေ၀ဂဖြစ်ပါတယ်။ အဲဒီ သံသေ၀ဂကိုပဲ အခြေခံပြီး တရားအား ထုတ်လိုက်တာ တရားထူး တရားမြတ် ရသွားခဲ့ပါတယ်။
ကိုယ့်၀န်းကျင်မှာ သံေ၀ဂဖြစ်စရာ သက်ရှိသက်မဲ့တွေ အများကြီးရယ်ပါ။ ဒါတွေကို ကြည့်ုပြီး သံေ၀ဂဖြစ်ကြတဲ့သူတွေ ရှိကြသလို မဖြစ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။
ပါရမီရှင်တွေကတော့ မမြဲတဲ့ သဘောတရားတွေကို သိပြီး နောက်ဆုံးတော့ မင်းစည်းစိမ်ကိုစွန့် တရားအားထုတ် တော့တာပါပဲ။ တကယ်လို့ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးရင်တောင် နောက်ဘ၀ တွေမှာလည်း ဆက်စွန့်ပြီး ဆက်အားထုတ် နေဦးမှာပါ။ စွန့်ရဲတဲ့အထုံ ပါသွားရင် နောက်ဘ၀တွေမှာလည်း စွန့်ဖို့ ၀န်မလေးတော့ပါဘူး။ မစွန့်ရဲသေးတဲ့ စာရေးသူတို့သာ သံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲတဲ့ သူတွေက စွန့်ပြီး မစွန့်ရဲတဲ ့သူတွေကတော့ စားနေကြတုန်းပါ။
စာရေးသူရဲ့ဇာတိ အင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါ။ တစ်နှစ်ကို နှစ်ခေါက် လောက်တော့ ပြည်ကို ရောက်ဖြစ်ပါတယ်။ ပြည်ရောက်ရင် အမြဲသွားဖြစ်တဲ့ နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ် သရေခေတ္တရာ နန်းတော်ဟောင်း နေရာရယ်ပါ။
ရွှေဘုံသာမုနိမှာ ကုသိုလ် ကောင်းမှုပြု၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်း ပေးေ၀ပြီးရင် နန်းတော်ဟောင်း နေရာကို ကြည့်ရတာ အရသာတစ် ခုလို ဖြစ်နေလို့ပါ။ နောက် နန်းတော်ဟောင်းကို ကားနဲ့ တစ်ပတ်ပတ််ပြီး ကြည့်လိုက်ပါသေးတယ်။ ကြည့်ရတိုင်းလည်း ဘယ်အခါမှ ရိုးမသွားခဲ့ပါဘူး။ ကြည့်လို့ကောင်းနေခဲ့တာပါ။
တကယ်ဆို နန်းတော်ဟောင်းကို ကြည့်ပြီး သံေ၀ဂ ပွားရမှာပါ။ သံေ၀ဂမပွားဘဲ အနုပညာတစ်ခုလို ခံစားနေတော့ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
သရေခေတ္တရာမှာ မင်းဆက်(၂၅)ဆက် သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဘာမှ မမြဲတဲ့ သဘောတရားအရ ပျက်စီးခြင်းသာ အဆုံးရှိတဲ့ သဘောတရားအရ ဒီနေ့ဒီအချိန်မှာ သံလျက်ကိုင် အုပ်ချုပ်ခဲ့တဲ့ မင်းတွေ တစ်ပါး မှ မရှိတော့သလို သူတို့ကိုင်ခဲ့တဲ့ သံလျက်တွေလည်း တစ်လက်မှ မရှိတော့ပါ ဘူး။ ဘယ်ဘ၀ ဘယ်ဒေသ ရောက်နေမှန်းလည်း မသိရတော့ပါဘူး။
သံလျက် ကိုင်ခွင့်ရတယ်ဆိုတာ အတိက်ဘ၀တွေက ကုသိုလ်ပါရမီကြီးခဲ့ လို့ပါ။ ဒီတော့ ခပ်ညံညံ့မဟုတ်ဘဲ ကုသိုလ် ပါရမီ ပါခဲ့သူဆိုတာ တွေးလို့ရပါ ပါတယ်။
ဒါကြောင့် ပါလာတဲ့ ကုသိုလ်ပါရမီကို အရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ ကြောင်း ကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီး ဖြည့်သွားလေသလား၊ ပါခဲ့တဲ့
ကုသိုလ်ပါရမီတွေကိုပဲ ထိုင်ပြီးစားသွားကြလေသလား မပြောတတ်ပါဘူး။
တစ်ချို့လည်း ဂတိချိုချိုကို ရောက်နေကြမှာပါ။ တချို့ကျတော့ ဂတိခါးခါးကို ရောက်ချင် ရောက်နေကြမှာပါ။ မျိုးဆက်အဆင့်ဆင့် ခြားသွားပြီ ဆိုတော့ ဂတိခါးခါးရောက် နေသူတွေအတွက် ရည်မှန်းပြီး ကုသိုလ်ပြု အမျှေ၀ ပေးဖို့လည်း ဘယ်သူကမှ စိတ်ကူးမရှိတော့ပါဘူး။
လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ပါရမီပါခဲ့သူ မပါခဲ့သူ နှစ်ယောက် အားထုတ်ရင် ပါရမီ ပါခဲ့သူက မပါခဲ့သူ လိုက်မမီအောင်ကို အကျိုးပေး ပါတယ်။ ပါရမီပါခဲ့တဲ့ သူတွေ အလုပ်လုပ်ရင် ပိုပြီးထိရောက်ပါတယ်။
ဘုရားဟောအရ ဘာမှ မမြဲပါဘူး။ တစ်နေ့မှာ ပျက်စီးမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ မြဲတယ်ဆိုရင်တော့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဖြစ် နေမှာပါ။
ဘာမှ မမြဲတဲ့လောကကြီးမှာ ကိုယ်တစ်ယောက်ကတော့ ကိုယ့်နောက် ပါမယ့် တရားတွေ ရှာနိုင်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။
အမှန်တော့ မမြဲတဲ့တရားတွေနဲ့ နေနေရတာ စိတ်ထဲမှာ ပျော်မှာလည်း မဟုတ်ပါဘူး ။ အမြဲပူနေရတာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေနဲ့ နေနေရင် တရားတွေက ပြန်စောင့်ရှောက် နေတဲ့အတွက် စိတ်က အမြဲအေးချမ်းနေမှာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေကို အမြဲမဟုတ်တောင် အချိန်လေးတစ်ခု အနေနဲ့ ပွားများ အားထုတ်တာတောင် စိတ်ကလေး တဒင်္ဂလေး အေးချမ်းနေတာ က သက်သေပါ။
စာရေးသူကတော့ မမြဲတဲ့ ပျက်စီး သွားပြီဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်း တစ်နေရာကို ရောက်မြဲလည်း ရောက်နေဦးမှာပါ။ ကြည့်မြဲလည်း ကြည့် နေဦးမှာပါ။ တစ်နေ့သောအခါ မှာတော့ သံေ၀ဂအကြည့်နဲ့ ကြည့်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။
ခန္ဓာကိုယ် စား၀တ်နေရေး ရှိနေတဲ့အတွက်၊ မိသားစု ရှိနေတဲ့အတွက် မမြဲတဲ့ တရားတွေလည်း လိုအပ်နေတာပါပဲ။ ဒါပေမယ့် မမြဲတဲ့ တရားတွေကို ခန္ဓာ ကိုယ်လိုအပ်ချက်အရ မလွှဲမရှောင်သာ အနေနဲ့သာ သုံးပြီး မမြဲတာကို မမြဲမှန်းသိပြီး ကိုယ့်နောက်ပါမယ့် တရားတွေကိုလည်း ကျင့်သုံးရင်း နေထိုင်သွားဖို့ပါပဲ။
တကယ့်တော့လည်း သေရင် မမြဲတဲ့ တရားတွေကို အကုန်လုံး ထားခဲ့ ကြရမှာပါ။ မြန်မာနိုင်ငံမှာ မမြဲတဲ့ တရားတွေကို သိခွင့်ရနေတာကကို သူများ နိုင်ငံထက် သာနေပါပြီ။
အခု မြန်မာနိုင်ငံမှာ ၀ိပဿနာတရားကို မဂ်ပေါက် ဖိုလ်၀င် ပြပေးနိုင်တဲ့ သီလ သမာဓိ ပညာကြီးတဲ့ ဆရားတော်ကြီးတွေလည်း အများကြီးပါပဲ။ ဒါကကို ကိုယ့်နိုင်ငံက ကံကောင်းနေတာပါ။
အသက်အရွယ် ကြီးရင့်မှ တရားကို ရှာမယ်ဆိုရင် လူငယ်တစ်ယောက်လို ခရီးမပေါက် နိုင်တော့ပါဘူး။ ငယ်တုန်း ကျန်းမာတုန်း ဖြည့်ကျင့် တာကတော့ အကောင်းဆုံးပါပဲ။
အနိ၀တ္တမင်းကတော့ မမြဲတဲ့ သဘောတရားတွေ သိပြီး ဆက်လက်အား ထုတ်သွားတာ ဂတိချိုချို ဂတိခါးခါးတွေကို ဘယ်တော့မှ ပြန်မလာ တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခဲ့ပါပြီ။
ကိုယ်က အနိ၀တ္တမင်းလို ဂတိချိုချို ဂတိခါးခါးက မလွန်မြောက်နိုင်သေး ရင်တောင် ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနန္တရ ငွေကြေးဥစ္စာ လုပ်ပိုင်ခွင့် ကိုယ့်၀န်းကျင်မှာ ရှိနေတဲ့ သက်ရှိ သက်မဲ့တွေကို ကြည့်ပြီး “သြော်.. မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ဆင်ခြင် ဆင်ခြင်ပေးရပါမယ်။ အဲဒီလို ဆင်ခြင် တာလေးကိုလည်း အထုံအလေ့ အကျင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အထုံဆိုတာ အမြဲလေ့ကျင့်ထားရင် ထုံသွားတာပါပဲ၊လေ့ကျင့့််စမှာသာ ကိုယ်က အားစိုက်ရတာပါ။ အထုံဖြစ်သွားရင်တော့ အထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။ ဆင်ခြင်ပြီးတဲ့အခါ အနိ၀တ္တမင်းကို အားကျ အတုယူပြီး ၀င်လေ ထွက်လေပဲ ဖြစ်ဖြစ် ၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုမှာ သတိကပ်ပြီး ပဲဖြစ်ဖြစ် ၀ိပဿနာ တရားကို နှစ်မိနစ် သုံးမိနစ်လောက်လေး ရှုမှတ်လိုက်ဖို့ပါ။
သံေ၀ဂစစ်စစ်၊ ၀ိပဿနာစစ်စစ်တာ့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဆင်ခြင်နေတဲ့ အခိုက်အတန့် ရှုမှတ်နေတဲ့ အခိုက်အတန့် လေးမှာတော့ အကုသိုလ် ကိလေသာတွေ ကင်းနေတာ အမှန်ပါပဲ။ အကိုသိုလ် ကိလေသာ ကင်း နေရင် တဒင်္ဂလေးတော့ စိတ်အေး ချမ်းနေပါတယ်။
ဒါတင်မကပါဘူး။ နောက်ဘ၀ နောက်ဘ၀တွေအထိလည်း ဆင်ခြင်တဲ့ အထုံ ပွားများတဲ့ အထုံလေးတွေ ဆက်ဆက်ပါသွားမှာပါ။ ဒီဘ၀ ဆင်ခြင်ပွားများရင် နောက်ဘ၀ နောက်ဘ၀တွေလည်း ဆက်ပြီး ဆင်ခြင်ပွားများနေဦးမှာပါပဲ။ အဲဒီလို ဆင်ခြင် ပွားများနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတယ်လို့ လည်း သဘောထားပေါ့။ တစ်နေ့ကို ဆင်ခြင်တာ တစ််မိနစ်၊ ပွားများတာ သုံး မိနစ် စုစုပေါင်း လေးမိနစ် လောက်လေးတော့ လေ့ကျင့် လေ့ကျင့်သွားသင့်ပါ တယ်။ လေးမိနစ်ဆိုတော့ ဘာမှ မကြာပါဘူး။ နောက်ဘ၀ ဘ၀အထုံတွေ အတွက် အဲဒီလောက် လေးတော့ အချိန်ပေးသင့်ပါတယ်။ ပါရမီ ပြည့်တဲ့ ဘ၀တစ်ခုမှာတော့ အနိ၀တ္တမင်းလို တရားထူး ရသွားမှာပါ။
ဒါကြောင့်လည်း ရုံးတက်ရင်းလည်း ဆင်ခြင်ပွားများလို့ ရပါတယ်။ ကားစီးရင်းလည်း ဆင်ခြင်ပွားများ လို့ရပါတယ်။ ဈေးရောင်းရင်းလည်း ဆင်ခြင်ပွား များလို့ရပါတယ်။ နောက်ဆုံး ရေချိုးခန်း ၀င်နေရင်းလည်း ဆင်ခြင် ပွားများလို့ ရတာပါပဲ။
ရေချိုးခန်း ၀င်နေတုန်းဆို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အတွက်၊ အသံတိတ်ဆိတ်မှုလည်း ရှိနေတဲ့အတွက် ဆင်ခြင်ပွားများရတာ ပိုလို့တောင် လွတ်လွတ်လပ်လပ်ရှိဦးမှာပါ။ ရေချိုးခန်း၀င်နေတဲ့ အချိန်မှာ ဧည့်သည်လည်း မလာသလို ဖုန်းလည်း မလာပါဘူး။ ပြင်ပ လုပ်စရာလည်း ဘာမှမရှိပါဘူး။ ဘာအနှောင့်အယှက်မှမရှိတဲဲ့ တကယ့် သီးသန့်ကိုယ်ပိုင် အချိန်တစ်ခုပါပဲ။ ရေးချိုးခန်း ၀င်တာကတော့ လူတိုင်း လူတိုင်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် တော့ မဖြစ်မနေ ၀င်ကြရတာပါ။ တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ဆိုတဲ့ သူတွေအတွက် “သီးသန့် ကိုယ်ပိုင် အချိန်လေး”တစ်ခုပါ။ ကိုယ်က ရေချိုးခန်း ၀င်တုန်းမှာ ဆင်ခြင်ပွားများတဲ့ အထုံအလေ့ အကျင့်လေး လုပ်ထားလိုက်ရင် နောက်ဆို ရေချိုခန်း၀င်လိုက်တာနဲ့ ဆင်ခြင်ပြီးသား၊ ပွားများပြီးသား ဖြစ်နေပါလိမ့်မယ်။ အမြဲဆင်ခြင် ပွားများ နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရာလည်း ရောက်ပါတယ်။ တရားတွေ အများကြီး မလုပ်နိုင်သေး ပေမယ့် နေ့စဉ် မိနစ်ပိုင်း ဆင်ခြင် ပွားများနေတဲ့အတွက် “ငါတရားနဲ့ သိပ်ကွာဟ မနေပါဘူးလေ“ ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးလို့ရပါတယ်။ တရားမလုပ်ဖြစ်သေးလို့ တစ်ခါတစ်လေ စိတ်ဓာတ် ကျရသူတွေအတွက် ဖြေဆည်ရာ တစ်ခုပါ။
ဒီလိုပါပဲ၊ ဈေးရောင်း နေရင်းလည်း ဆင်ခြင်ပွားများလို့ ရတာပါပဲ။ ဈေး ဆိုတာ အချိန်ပြည့်ရောင်းနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ ၀ယ်သူမလာသေးတဲ့ အချိန်ဆိုတာ ရှိနေတာပါပဲ။ ၀ယ်သူ မလာသေးတဲ့ အချိန်တွေမှာ ဆင်ခြင်ပွားများ နေလို့ရတာပါပဲ။ ဒါဆိုရင် ဈေးရောင်းရင်း ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ဆင်ခြင် ပွားများနေတဲ့ ဈေးသည် တစ်ယေက်ဟာ ဘယ်တော့မှ အကုသိုလ် မကင်းတဲ့ ဈေးရောင်းမှုကို မပြုပါဘူး။ ဈေးရောင်းရင်း ကုသိုလ်ဖြစ်တဲ့သူတွေ ရှိသလို ဈေးရောင်းရင်း အကုသိုလ် ဖြစ်တဲ့သူတွေလည်း အများကြီးပါ။
ဈေးရောင်းတာဟာ သတိရှိရင် နိဗ္ဗာန်နဲ့နီးရသလို သတိမရှိရင် ငရဲနဲ့လည်း နီးရပါတယ်။ ဒါကြောင့် ငရဲနဲ့နီးတဲ့ ဈေးရောင်း နည်းကိုတော့ အထူး ရှောင်ကြဉ် ရပါမယ်။
တရားထူး ရသွားကြတဲ့ ထေရီထေရာ အရှင်မြတ်တွေဟာ တစ်ပါးနဲ့တစ်ပါး ဆင်ခြင်ပုံချင်းတော့ မတူကြပါဘူး။ ဒီတော့ ကိုယ်အားကျကြည်ညိုတဲ့ ထေရီ ထေရာ တစ်ပါးပါးရဲ့ ဆင်ခြင်မှုကို အတုယူပြီး ဆင်ခြင်လို့ ရသလို ကို်ယ်ကြားဖူး တဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုမျိုးတွေန့ဲလည်း ဆင်ခြင်လို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည် သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။
သီလ သမာဓိ ပညာ ကြီးမားတဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုလောက် အဆင့်မမြင့်ပေမယ့် သူတော်ကောင်းတွေရဲ့ အပြုအမူ အတိုင်း အတုယူ ကျင့်သုံးနေတဲ့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုလို့ရနေပါပြီ။ ဒါ သူတော်ကောင်းဓာတ် ကူးဆက်တယ်လို့လည်း ခေါ်ပါတယ်။
ဘာပဲပြောပြော ကိုယ့်၀န်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ မမြဲတဲ့သဘော တရားတွေကို ကြည့်ပြီး “သြော်… မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ပျက်စီးရမှာပဲ”လို့ နေ့စဉ် ဆင်ခြင်ပေးပါ။ နောက်ဘ၀မှာ အထုံပါရမီလေးပါသွား အောင်လို့ပါ။
ရေ၀နွယ်(အင်းမ)
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
ဇန္နဝါရီ ၂၀၁၀
ကျမ်းကိုး
ပုံတော်စုံထေရအပါဒါန်၀တၳုတော်ကြီး (အရှင်ဓမ္မသာမီဘိဝံသ)
အိမ်လွမ်းသူဘလော့မှ ကူးယူဖော်ပြသည်
Buddha's Son
”ရဝေနွယ် (အင်းမ)” ဘလော့ဂ်ကနေ ထပ်ဆင့် ကူးယူပါတယ်။ သည်ဘလော့ဂ်လိပ်စာကို ကွန်မင့်မှာ ရေးပေးပါမယ်။
စလေ ငနော့
Comments
Post a Comment