လှေပေါ်မှာ အပုပ်နံ့ရပြီလား § မောင်သာချို
ဆရာမောင်သာချိုရဲ့ ဆောင်းပါးအသစ်။
လှေပေါ်မှာ အပုပ်နံ့ရပြီလား
••••••••••••••••••••••••••••••••••
မောင်သာချို
7Day News
Friday, January 29, 2021 - 06:00
(တစ်)
ဘီစီ ၅၅၁ တွင်မွေး၍ ၄၇၉ ၌ အနိစ္စရောက်ခဲ့သူ ကမ်ဘာကျော် တရုတ်ပညာရှိကြီးတစ်ဦး ရှိပါသည်။ အင်္ဂလိပ်တို့က Confucius ဟု စာလုံးပေါင်း၍ မြန်မာတို့က ကွန်ဖျူးရှပ်ဟု အသံထွက်ပါ သည်။ အမှန်စင်စစ် နှစ်ခုစလုံး လွဲချော်နေခဲ့ကာ ခုန်ဖူးဇိဟု ဇိကို အသံရှည်ရှည် အတန်ငယ်ဆွဲထားပြီး ရွတ်ဆိုပါမှ တရုတ်တို့ သိနိုင်မည်ဖြစ်ကြောင်း တရုတ်ပြည် တက္ကသိုလ်များဆီသို့ ရောက်ရှိစဉ် တရုတ်ကျောင်းသူတချို့ ပြုပြင်ပေးသဖြင့် အသံထွက်အမှန်ကို ရရှိခဲ့ပါသည်။
ထိုခုန်ဖူးဇိ (သို့မဟုတ်) မြန်မာ့လျှာအရ ကွန်ဖျူးရှပ်အကြောင်းကို အမေရိကန် စာရေးဆရာ သမိုင်းပညာရှင် ဒဿနိကဗေဒသမား ဒူးရန့် (William James Durant) က ရေးသားခဲ့သည့်အခါ တရုတ်ပညာရှိကြီး၏ စကားကို ကောက်နုတ်ဖော်ပြခဲ့ပါသည်။
‘‘မင်းသည် မင်းကဲ့သို့ ကျင့်၍၊ မှူးမတ်တို့ကလည်း မှူးမတ်တို့ကဲ့သို့ ကျင့်၍၊ မိဘတို့ကလည်း မိဘတို့ကဲ့သို့ ကျင့်၍၊ သားသမီးတို့ကလည်း သားသမီးကဲ့သို့ ကျင့်လျှင် အုပ်ချုပ်ခြင်းကောင်း၏’’ စသည်ဖြင့် ဖြစ်ပါသည်။ အနှစ်ချုပ်၍ အနှစ်သာရကို ပြောတတ်သူ ဆရာတို့ကမူ ကိုယ့်အလုပ် ကိုယ်လုပ်လျှင် ကောင်းသည်ဟု တိုတိုပဲ အနက်ဖွင့်ပါသည်။
အင်စတီကျူးရှင်း (Institution) ၏ နေရာနှင့် ပုံရိပ်ဟုပဲ နားလည်ရပါသည်။ အသင်းအပင်း အဖွဲ့အစည်း နေရာဌာနတို့၏ နယ်နိမိတ်အကန့်အသတ်။
(နှစ်)
၂၀၂၀-၂၀၂၁ စပ်ကူးမပ်ကူးကာလများအတွင်း အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲပြီးသည့်အခါ ဒီမိုကရက်တစ်ပါတီက ဂျိုး ဘိုင်ဒန် အသာစီးရသွားစဉ် ရီပက်ဘလေကန်သမ္မတ ဒေါ်နယ် ထရန့်က မဲဆန္ဒရလဒ်များအပေါ် တောင်ပြောမြောက်ပြော ပြောလာကာ ကဖျက်ယဖျက်လုပ်လာခဲ့ပါသည်။ ထို့အပြင် ဆူပူအုံကြွမှုကို အားပေးကာ ရွေးကောက်ပွဲ ရလဒ်အရာမထင်ဖို့အထိ လမ်းခင်းလာခဲ့ပါသည်။
ထိုအချိန်တွင် အမေရိကန် ကာကွယ်ရေးဦးစီးချုပ်၏ စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါ သည်။
‘‘Politics not about the military. I am not a political dictator. I Have no reason to criticize. My job is to protcet. There is am election law. They will deal with it by law. My job is to be Loyal to the goverment.’’
‘‘နိုင်ငံရေးက စစ်တပ်ကိစ္စ မဟုတ်ဘူးဗျ။ ကျုပ်က နိုင်ငံရေး အာဏာရှင်လည်း မဟုတ်ဘူး။ နိုင်ငံရေးကို ဝေဖန်နေဖို့ အကြောင်းလည်း မရှိဘူး။ ကျုပ်အလုပ်က နိုင်ငံတော်ကာကွယ်ရေး။ ရွေးကောက်ပွဲ ဥပဒေဆိုတာရှိတယ်။ ဥပဒေအတိုင်း သူတို့တွေ လုပ်ကြလိမ့်မယ်။ ကျုပ်အလုပ်က အစိုးရအပေါ် သစ္စာစောင့်ဖို့။’’
မူရင်း အင်္ဂလိပ်စကားက ရှင်းရှင်းကလေးဖြစ်ရာ နားလည်ဖို့ရာ မခက်ခဲလှ။
ကိုယ့်အလုပ်ကိုယ်လုပ်ရန်၊ ကိုယ့် Institution အသင်းအပင်း အဖွဲ့အစည်း၏ နယ်နိမိတ်အတိုင်း ကိုယ့်ဂုဏ်ကို သမိုင်း၌ ဝေဝါးထွေပြားမသွားစေရန် ခိုင်ခိုင်မတ်မတ် ရပ်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။
အနိုင်အရှုံးအတွက် ဘောလုံးကွင်းထဲ၌ မည်မျှအငြင်းပွား နေကြစေကာမူ ပရိသတ်တွေ ကွင်းထဲဆင်းကန်၍ကမူ မဖြစ်နိုင်ပါလေခဲ့။
ထို့နောက် ပို၍ ထူးဆန်းသည်က အငြိမ်းစားယူထားခဲ့ကြသည့် စစ်တပ်အကြီးအကဲများ (Ex-pentagon Chiefs)က သတိပေးလာခြင်းဖြစ်ပါသည်။ စစ်တပ်ကို ရွေးကောက်ပွဲပြဿနာထဲသို့ ဆွဲမခေါ်ဖို့။ ထိုထိပ်သီးစစ်တပ် အရာရှိကြီး ၁၀ ဦးတို့တွင် ဒီမိုကရက် (Democrats) တွေလည်း ပါကြ၊ ရီပက်ဘလေကန် (Republicams)တွေလည်း ပါကြပါသည်။ ထောက်ခံသော ပါတီမတူ ကြ။ သို့သော် သူတို့အသင်းအဖွဲ့ အားကောင်းဖို့ရာ သူတို့ Institution ၏ ပုံရိပ်ကို ကာကွယ်ရာ၌မူ တစ်သံတည်းဖြစ်ပါသည်။
ကိုယ့်အလုပ်ကိုယ်လုပ်ကြ၊ ကိုယ့်အသင်းအဖွဲ့၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်တာဝန်၊ ကိုယ့်ဝတ္တရား၏ ပုံရိပ်ကို အထိမခံကြနဲ့ဟူသည့် မဟာတံတိုင်းကြီးနံဘေးက ပညာရှိ၏ စကားအတိုင်း ကျင့်ကြံကြလေခြင်းဟု နားလည်ရပါသည်။
(သုံး)
ပုဆိုးနာမည်ကြီးသည့် မြို့တစ်မြို့ရှိပါသည်။ ပရမ်းပတာ လုပ်ငန်းရှင်တစ်ယောက်က ချည်အပေါစား၊ ဆိုးဆေးအညံ့စားများနှင့် သူ့ပုဆိုးကို မြို့တံဆိပ်ရိုက်၍ ထုတ်လုပ်နေလေသောအခါ ပုဆိုးထုတ်လုပ်သူ လုပ်ငန်းရှင်တို့ စုဝေးကာ ထိုသူနှင့်ဆုံပြီး အရည်အသွေးကောင်းရန် အကြံဉာဏ်ပေးရုံမက လိုအပ်သည့် အကူအညီများ ပေးကာ ဆွဲတင်ခဲ့ဖူးပါသည်။
ပဲခူးက ငါးချဉ်တွေ၊ တွံတေးက မာလကာတွေ၊ ဝမ်းတွင်းက ပုဆိုးတွေ၊ ပုသိမ်က ဟာလဝါတွေ၊ မန္တလေးက ထိုးမုန့်တွေ၊ အမေရိကန်က ဗိုလ်ချုပ်တွေ စသည့် စကားတွေထဲ၌ Institution တစ်ခု၏ အဆိုးအကောင်း သဘောတွေ ပါဝင်နေပုံကို တွေ့နိုင်ပါသည်။ တစ်ဦးတစ်ယောက် တစ်စုံတစ်ခုကြောင့် တစ်သိုက်တစ်မြုံလုံး သမိုင်းတွင် နာမည်ညှိုးနွမ်းကြရ။
ပုပ်စော်နံနေသည့် လှေကြီးများ ရှိတတ်ပါသည်။ တကယ့် တရားခံက ငါးခုံးမတစ်ကောင်စ၊ နှစ်ကောင်စ။ အကယ်၍များ ငါးခုံးမက တစ်ကောင်မကခဲ့သော် ထိုလှေပေါ်မှာ လိုက်ပါဖို့ရာ အကြောင်းမရှိပါလေတော့။
ကိုယ့်အသင်းအဖွဲ့ အသက်မွေးဝမ်းကျောင်း၏ ဂုဏ်ဒြပ်ကို နယ်နိမိတ်အသေအချာ သတ်မှတ်ကာ မစောင့်ကြပ်နိုင်သူတို့သည် ကိုယ့်လောကကို ကိုယ်ဖျက်ဆီးပစ်ကြစတမ်း။
(စာရေးဆရာ မောင်သာချိုသည် ကဗျာ၊ ဝတၳုတို၊ ခရီးသွားစာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)
Copied from 7Day News.
စလေ ငနော့
Comments
Post a Comment