အဖိုးပုဆိန်... သူ့နေရာသူပြန်ထားပေးပါ § ဒေါက်တာခင်မောင်ညို

အဖိုးပုဆိန် ... သူ့နေရာသူပြန်ထားပေးပါ..
•••••••••••••••••••••••••••••••••••••••••

ဒေါက်တာခင်မောင်ညို
“ပုဆိန်ဟာ သံရိုက်လို့ ရတယ်။ ထင်းခွဲလို့ ရတယ်။ အပင်လှဲလို့လည်း ရတယ်။ ရန်သူကိုခုခံလို့ရတယ်။ တရုတ်မှာ ပုဆိန်ဂိုဏ်းဆိုတာတောင် ရှိဖူးတယ်။ ဘယ်လောက်အသုံးဝင်ဝင် သူ့နေရာမှာသူရှိမှ အသုံးဝင်တယ်”
ငယ်ငယ်ကအကြောင်းလေးတစ်ခု တိုက်တိုက်ဆိုင်ဆိုင် သတိရသွားလို့ပါ။
ကျွန်တော်တို့ ဘီလူးကျွန်း ဘုရားကြီးကုန်အိမ်ကို အိမ်ကြီးလို့ ခေါ်တယ်။
အိပ်ခန်း(၆)ခန်းလောက်ပါတယ်။ အိပ်ခန်းတွေက ပေ၂၀ပတ်လည်တွေပါ။ ဧည့်ခန်းနှစ်ခန်း ပါတယ်။
ဧည့်ခန်းတွေက ပေ၄၀ ပတ်လည်ပါ။
သားသမီးမြေးတွေနဲ့ အတူနေတယ်။ မြေးထဲမှာ ကျွန်တော်လည်း ပါတယ်။
လူ ၁၅ ယောက်ကျော်ကျော်အတွက် နေထိုင်စားသောက်တာတွေကို အဖိုးက အဆင်ပြေပြေ ဖြည့်ဆည်းပေးနိုင်တယ်။
အဖိုးက သစ်ကုန်သည်။ လယ်လည်း ဧက ၆၀ ကျော်လုပ်တယ်။
သူကိုယ်တိုင် လယ်ထဲ ဆင်းခဲ့တယ်။
ဒါပေမဲ့ အဖိုးက စည်းကမ်းအင်မတန်ကြီးတယ်။
တစ်ညမှာ ည ၁၂ နာရီလောက်မှာ တစ်အိမ်လုံးကို နှိုးတယ်။ တောဆိုတဲ့နေရာမှာ ည ၈ နာရီလောက်ဆို အားလုံး အိပ်ကုန်တယ်။ဒီတော့ ည ၁၂ နာရီဆိုတာ အင်မတန်အိပ်လို့ကောင်းတဲ့အချိန်ပဲ။
ကျွန်တော်တို့အားလုံးကို အိမ်ရှေ့မှာ စုခိုင်းတယ်။
ပြီးတော့ ပြောတယ်။
“ညနေက ငါစစ်ကြည့်တယ်။ ပုဆိန်ဟာ သူ့နေရာမှာသူ မရှိဘူး”
ကျွန်တော်တို့အားလုံး တိတ်နေတယ်။ ပုဆိန် သူ့နေရာမှာ မရှိတာနဲ့ ဘာလို့ ကျွန်တော်တို့အားလုံးကို နှိုးရတာလဲပေါ့။
(တောမှာ အိပ်တာနဲ့ စားတာဟာ အရသာအရှိဆုံးပဲ။ အစ်မက ပြောဖူးတယ်။ ‘အိပ်တယ်ဆိုတာ ပိုက်ဆံမကုန်တဲ့အားဆေး”တဲ့)
အဖိုးဟာ လက်သမား ပညာလည်းတတ်တယ်။ သူရဲ့ လက်နက်ကိရိယာတွေကို ဘီရိုတစ်လုံးထဲ နေရာတကျ ထည့်ထားတယ်။ ယူသုံးနိုင်တယ်။ ပြီးရင်ပြန်ထားရတာပဲ။
“ပုဆိန်ဟာ သံရိုက်လို့ရတယ်။ ထင်းခွဲလို့ရတယ်။ အပင်လှဲလို့လည်း ရတယ်။ ရန်သူကိုခုခံလို့ ရတယ်။ တရုတ်မှာ ပုဆိန်ဂိုဏ်းဆိုတာတောင် ရှိဖူးတယ်။ ဘယ်လောက်အသုံးဝင်ဝင် သူ့နေရာမှာသူရှိမှ အသုံးဝင်တယ်”

▪️▪️▪️

အဖိုးက သူ့နေရာမှာသူရှိရတယ်ဆိုတဲ့ စကားကို ကျွန်တော်တို့ တတ်နိုင်သမျှလိုက်နာကြတယ်။ လိုက်နာသမျှလည်း အကျိုးရှိတယ်။
အိမ်တစ်အိမ်ကိုပဲ ကြည့်ပါ။
အိမ်သော့ ဘယ်မှာ ထားမလဲ။ ကားသော့ဘယ်မှာ ထားမလဲ။
ကြက်သွန်နီလှီးတဲ့ဓားကအစ သူ့နေရာသူထားရင် စိတ်ညစ်စရာ မရှိဘူး။
အဖိုးပြောတာကို ကျွန်တော် ခဏခဏသတိထားမိပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မေ့လျော့လို့ပါပဲ။
ဘာမဆိုင်ညာမဆိုင် ကျွန်တော်နိုင်ငံရေးကိုသတိထားမိတယ်။
၁၉၈၉ ခုနှစ်က အတိအကျပြောရရင် ၂၇-၃-၁၉၈၅ (တော်လှန်‌ရေးနေ့)မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က
“ကျွန်တော်တို့ တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီး မူလအဓိကတာဝန်ကြီးဖြစ်တဲ့ ခုပြောရာမှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမှာဖြစ်တယ်” လို့ ပြောသွားခဲ့ပါတယ်။
ဪ.. အဖိုးပြောတဲ့ သူ့နေရာမှာသူ ရှိရပါလားလို့ ကျွန်တော် စဉ်းစားမိတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က
၂၃ -၉-၁၉၈၈ နေ့ကလည်း ”ကျွန်တော်တို့တတွေဟာ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တ်ို့အဖွဲ့အစည်းအနေနဲ့လည်း နိုင်ငံတော်ကျေးဇူးသစ္စာကို ခံယူထားတဲ့ အဖွဲ့အစည်းဖြစ်လို့.. နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ် ဝန်ခံထားရှိပြီးတဲ့ ကတိသစ္စာကို မည်သို့သောအကြောင်းကြောင်းကြောင့်မှ ဖောက်ဖျက်မှာမဟုတ်ကြောင်း ယုံကြည်ထားရှိစေလိုပါတယ်”
ဒါပေမဲ့ အဲဒီနေ့မှာ ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားခံလိုက်ရတယ်။ နဝတ သတင်းထုတ်ပြန်ချက် ၈/၉၂ အရ ဗိုလ်ချုပ်မှူးကြီး စောမောင်အား တာဝန်မှ အနားယူခွင့်ပြုလိုက်တယ်။ ၁၉၉၂ ခုနစ်၊ ဧပြီလ ၂၄ ရက်နေ့စွဲဖြင့် အမိန့် ၁၁/၉၂ အရ နဝတဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး သန်းရွှေကိုခန့်ထားခဲ့တယ်။

▪️▪️▪️

ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲက စပြီးဒီမိုကရေစီခရီးကို သွားနေကြတာပါ။
အဖိုးဟာ အသက် ၁၀၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အဓိက ကတော့ အဖိုးဟာ စိတ်ရှင်းလို့ပဲပေါ့။
ကျွန်တော်တို့ ဒီမိုကရေစီရော။ အဓွန့်ရှည်ဖို့ သူ့နေရာမှာသူ ရှိဖို့လိုတယ်လို့ ထင်ပါတယ်။
အဖိုးသာရှိရင် အဖိုးရဲ့ဘီဒိုထဲက သူ့ပုဆိန် ဘယ်သူယူသွားတာလဲလို့ မေးနေမှာလား။
သူ့ပုဆိန် ဘယ်မှာ ထားမလဲ။
အဖိုးပုဆိန် သူ့နေရာသူ ပြန်ထားပေးပါ။

ဒေါက်တာခင်မောင်ညို

(ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၁)

”ဒေါက်တာခင်မောင်ညို” ပေ့ဂျ်ကနေ ကူးယူပါတယ်။

Photo - Google

စလေငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်