၂၀၂၀ နှင့် အဓိပ္ပာယ်မရှိတဲ့ လူတွေ § မောင်သာချို
ဆရာမောင်သာချိုရဲ့ ဆောင်းပါးအသစ်။
၂၀၂၀ နှင့် အဓိပ္ပာယ်မရှိတဲ့ လူတွေ
•••••••••••••••••••••••••••••••••••••
အထူးတင်ဆက်မှု
မောင်သာချို
7Day News
Thursday, December 31, 2020 - 06:00
(တစ်)
အလှကိုရှာ ဘယ်မှာမှ မတွေ့။ တစ်နေ့အချိန်တန်တော့ ဆူညံညံ ငိုသံကြားတယ်။ ရထား ရွေ့ရွေ့။
ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၏ ကဗျာပဲ ဖြစ်ပါသည်။ နောက်ဆုံးရထား... တဲ့။ ကဗျာ ခေါင်းစဉ်။ ဒွေးချိုးတိုတိုကလေး။ ချစ်ရကြိုက်ရမြတ်နိုးရပါသည်။ ဘဝဟူသည် ဘာမှ အဓိပ္ပာယ် ရေရေရာရာ သေသေချာချာ မရှိပါဘူးဆိုသည်ကို ကဗျာကလေး တိုတိုတိတိနှင့် ကျယ်ကျယ်ပြန့် ပြန့် ပြောထားခဲ့သည်မဟုတ်လား။
လှမည်ထင်၍ ဆင်ခဲ့ကြ ပြင်ခဲ့ကြ။ နောက်ဆုံးတွင် ခေါင်းတလားကို မသာရထားပေါ်၌ တင်ကာ ငိုသံများနှင့်သာ။ ထို့ကြောင့် ဘဝမှာ ဘာအဓိပ္ပာယ်ရှိပါသလဲ ဟူ၍ မေးခွန်းရှိလာခဲ့ခြင်း ဖြစ်ပါသည်။
အဘဇပ် (Absurd) ဟူသည့် ဝေါဟာရကို ဒဿနိကဗေဒ အသိုင်းအဝိုင်းက ကြားရတတ်ပါသည်။ အဓိပ္ပာယ်မရှိသောဟူသည့် အနက်။ Absurd Situation ဟူသည်ကိုလည်း ကြားရတတ်ပါ၏။ အဓိပ္ပာယ်မရှိသည့် အခြေအနေ။ အဘဇပ်ဒတီ (Absurdity) ကမူ အဓိပ္ပာယ်မရှိမှု။ အဘဇပ်ဒစ်ဇင် (Absurdism) ကမူ ဒဿနိက နယ်ပယ်က ဝေါဟာရ။ အဓိပ္ပာယ်မဲ့ အနှစ်သာရမဲ့ဝါဒ။
ကမ်ဘာကျော် စာရေးဆရာ အယ်လ်ဘတ်ကမြူး (Albert Camus) ၏ ဝါဒကို ရှာဖွေကြည့်သည့်အခါ ထိုဝေါဟာရကို တွေ့ပါသည်။ ဘဝ၏ တကယ့်တန်ဖိုး နှင့် အနှစ်သာရ အဓိပ္ပာယ်ကို ရှာဖွေသည့်အခါ အဓိပ္ပာယ်ဗလာနှင့် စကြဝဠာကြီးထဲမှာ ဟင်းလင်းဟာလာကြီးပါတဲ့။
လူ့ဘဝကိုယ်တိုင်က အဓိပ္ပာယ် ရေရေရာရာ မရှိလေသောအခါ ၂၀၂၀ ခုနှစ်ဆိုသည်ကြီးကကော မည်ရွေ့မည်မျှ အနက်အဓိပ္ပာယ် ရှာဖွေ၍ ရနိုင်မှာပါလိမ့်။ ကမ်ဘာသူကမ်ဘာသားအားလုံး ကပ်ဆိုးကြီး၏ အောက်၌ စိုးတထိတ်ထိတ် နေခဲ့ကြရသည်ပဲ ဥစ္စာ။
အလဟဿ ၂၀၂၀။ ကန်ရေနောက် မြက်ခြောက် ၂၀၂၀။ မီးစာကုန် ဆီခန်း ၂၀၂၀။ ခရမ်းသီးပိန် ဓားတုံး ၂၀၂၀။ ကမ်းမမြင် လမ်းမမြင် ၂၀၂၀။ ပေးစာ ကမ်းစာ ၂၀၂၀။ မျက်နှာလွှဲခဲပစ် ၂၀၂၀။
(နှစ်)
ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တစ်ယောက်ကို ဆေးရုံသို့ ပို့လိုက်သည်။ သူနှင့်အတူ လူနာစောင့် တစ်ယောက်ကို ထည့်ပေးလိုက်သည်။ ထိုအချိန်မှစကာ ဝေဒနာရှင်မှာ မိသားစုနှင့် ထပ်မတွေ့ရတော့။ ဆေးရုံတွင် ပထမရက်များအတွင်း ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ လူနာများအခန်း၌ ကုသမှုခံယူနေခဲ့ပြီး ဝေဒနာမသက်သာသဖြင့် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခြင်းခံရသည်။ ယင်းမှ စကာ မိသားစုနှင့် မတွေ့ရတော့။ ထို့နောက် ရက်ပိုင်းကလေးအတွင်း ဆုံးသည်။ ဆုံးကြောင်း ဖုန်းဖြင့် သတင်းရောက်လာသည်။ မိသားစု လာရောက်ကြည့်ရှုရန် အခွင့်မရ။
သို့ဖြင့် သင်္ဂြိုဟ်မည့် သင်္ချိုင်းနှင့် နေ့ရက်ကို အကြောင်းကြားသည်။ လိုက်ပါပို့ဆောင်နိုင်ကြောင်း၊ အလောင်းကို အဝေးက ကြည့်ရှုနိုင်ကြောင်း၊ သို့သော် လူသေထည့်ထားသည့် အိတ်များကို တစ်အိတ်ချင်းဖွင့်၍ မပြနိုင်ကြောင်း၊ စုပေါင်းသင်္ဂြိုဟ်ရသည့် အစီအစဉ်ဖြစ်၍ အလောင်းက လေးငါးဆယ်လောင်းမက ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် သင်္ဂြိုဟ်ရန် စုပုံထပ်ထားသည့် လူသေအိတ်များကိုသာ ခပ်လှမ်းလှမ်းက တစ်ခဏ အသုဘရှုခွင့်ပေးနိုင်ကြောင်း စသည်စသည်ဖြင့် ဆက်သွယ်အကြောင်းကြားပါသည်။
မိသားစုခေါင်းချင်းဆိုင်ကြရပါသည်။ နောက်ဆုံးအနေနှင့် မျက်နှာကလေးသော်မှ မကြည့်ရဘဲ Dead Body ထည့်ထားသည့် အိတ်အစုအဝေးကြီးကို လှမ်း ကြည့်ကာ တစ်အိတ်အိတ်ထဲတွင် ရှိနေမည့် ကိုယ့်သွေးသား သွားလေသူကို နှုတ်ဆက်ရမည့်ကိစ္စ။ မထူးတော့ပြီမို့ မလိုက်ပါတော့ဟု ဆုံးဖြတ်ကြောင်း အကြောင်းပြန်ရပါသည်။
ရေအိုးလည်းမခွဲတော့။ မီးအိုးလည်း မခွဲတော့။ ယပ်တောင်လည်း မကမ်းတော့။ ရေဘူးလည်း မလှမ်းတော့။ ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားစာလည်း မကမ်းတော့။ အိမ်ကနေ ဆေးရုံသို့ ဆင်းသွားကတည်းက သည်ဘဝ သည်မျှသာ ပြန်မတွေ့ကြရတော့။ နာရေးအိမ်ပဲ ဟုဆိုကာ မိတ်ဆွေသင်္ဂဟတို့ သွားလာဝင်ထွက် အားပေးကူညီ နွေးထွေးသမှု ဘာတစ်ခုမျှမရှိ။
ကိုဗစ်က အားလုံးကို ပစ္စည်းထုပ်သလို ထုပ်ပိုးသယ်ဆောင်သွားကာ တစ်တန်းတစ်စားတည်း ဟူသည့် ဓမ္မတရားဖြင့် အစုလိုက် အပြုံလိုက် ရောနှောပေါင်းစည်း သင်္ဂြိုဟ်ပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။
လူဖြူတွေ၊ လူမည်းတွေ၊ ဉာဏ်ကြီးရှင်တွေ၊ နလပိန်းတုံးတွေ၊ ကျိကျိတက်တွေ၊ ဖတ်သီ ဖတ်သီတွေ၊ ဟိုးလေးတကျော်တွေ၊ လူမလေးခွေးမခန့်တွေ။ အားလုံးအနားတွင် မည်သူမျှမရှိ။ ကြီးကျယ်ခွင့်၊ ခမ်းနားခွင့်၊ တောက်ပခွင့် အလိုမရှိ။ အချိန်မရွေး ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့ကူးစက်လာနိုင်သည့် ရုပ်ကလာပ်ကြီး။
ထို့ကြောင့် ဘာအဓိပ္ပာယ် ရှိပါသလဲတဲ့။ အယ်လ်ဘတ်ကမြူး၏ ဒဿနက ထို့ကြောင့်များ အနှစ်သာရဗလာဒဿန ဖြစ်နေလေရော့သလား။
(သုံး)
၂၀၂၀ ရှုခင်းက ပပ်ကြားအက် အကွဲကွဲနှင့် ကန္တာရကြီးပဲ ဖြစ်ပါသည်။
ရုပ်ရှင်ရုံတွေ ငုတ်တုတ်။ အသံသွင်း စတူဒီယိုတွေ ငုတ်တုတ်။ လေယာဉ်တွေ၊ ရထားတွေ၊ ကားတွေ ငုတ်တုတ်။ ဆိုက်ကားဂိတ်ကလေးတွေ ငုတ်တုတ်။ ကူးတို့လှေကလေးတွေ ငုတ်တုတ်။ စာသင်ခန်းတွေ ငုတ်တုတ်။ ဟိုတယ်တွေ ငုတ်တုတ်။ ကမ်းခြေတွေ ငုတ်တုတ်။ ဧရာမ ဈေးကြီးတွေ ငုတ်တုတ်။ စားသောက်ဆိုင်တွေ ငုတ်တုတ်။ အနှိပ်ခန်းတွေ ငုတ်တုတ်။ ဘဏ်တွေ ငုတ်တုတ်။ ပုံနှိပ်စက်တွေ ငုတ်တုတ်။ တရားဟောပလ္လင်တွေ ငုတ်တုတ်။ ဟောပြောပွဲ စင်မြင့်တွေ ငုတ်တုတ်။ စက်ရုံ၊ အလုပ်ရုံတွေ ငုတ်တုတ်။
မနက်ဖြန် ဘာဖြစ်လာမလဲ ဘာဖြစ်လာမလဲ ဆိုသည့် သောကကြီး ဖိစီးကာ ကိုယ့်အိမ်တံခါးကို ကိုယ်လုံအောင်ပိတ်၍ တထိတ်ထိတ် ဖြတ်သန်းခဲ့ကြရသည့် နှစ်ကြီးမှာ ၂၀၂၀ ပဲ ဖြစ်ပါသည်။
ဘဝဆိုသည် ဘာမျှ မရေရာတော့။ မသေချာတော့။
အယ်လ်ဘတ်ကမြူးက ထိုအနှစ်သာရမဲ့သည့် ကမ်ဘာလောကကြီး၌ နည်းနည်းကလေး နေပျော်ဖို့ရာ Social Responsibility ခေါ် လူမှုရေးတာဝန်သိမှု၊ တာဝန်ရှိမှုဖြင့် အဓိပ္ပာယ်ရှိအောင် ကြံဖန် နေထိုင်ကာ ခရီးနှင်ရကြောင်း ဆိုပါသည်။
၂၀၂၀ ၌ ထိုအလုပ်တွေ တော်တော်ကလေး လုပ်နိုင်ကြပါသည်။ တချို့အဖွဲ့အစည်းနှင့်၊ တချို့ ကိုယ့်လက်လှမ်းမီရာ လူစုနှင့်၊ တချို့တစ်ကိုယ်တော် စားဖို့၊ သောက်ဖို့၊ သုံးဖို့၊ စွဲဖို့၊ ကုဖို့၊ သဖို့၊ နေဖို့၊ သေဖို့ လိုက်လံကြိုးပမ်းပေးနေကြသည်မှာ ၂၀၂၀ ၏ ပုံရိပ်များပင် ဖြစ်ပါသည်။
သည့်အတွက် ဘာကို အားကိုးရမှန်းမသိသည့် ၂၀၂၀ ကြီးသည် နည်းနည်းကလေး စိတ်၏ ခိုတွယ်ရာကို ရရှိခဲ့သည်ဟု ထင်ပါသည်။
ကိုယ်တိုင်က အဓိပ္ပာယ်မရှိလှသည့် လောကကြီးထဲ၌ လူ၏ အဓိပ္ပာယ်မဲ့လှသည့် ရှင်သန်နေထိုင်မှုများအတွင်း လူမှုတာဝန် ကျေပွန်သူတို့က စိတ်သက်သာရာ ရစေဖို့ရာ ၂၀၂၀ ကို ထုဆစ်ပေးခဲ့ကြသည်ဟု ရှုမြင်မိပါသည်။ ။
(စာရေးဆရာ မောင်သာချိုသည် ကဗျာ၊ ဝတၳုတို၊ ခရီးသွားစာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)
Copied from 7Day News.
စလေ ငနော့
Comments
Post a Comment