ငါ မအိုသေး (အလောင်းစည်သူ) § ချစ်ဦးညို
ငါ မအိုသေး (အလောင်းစည်သူ)
•••••••••••••••••••••••••••••••••••••
ချစ်ဦးညို
သူ့ကို ဖွားမြင်ချိန်မှာ စည်ကြီးက မတီးဘဲ အလိုလိုမြည်၊ ဥကင်္သ တံခါးကလည်း မဖွင့်ဘဲ အလိုလိုပွင့်၊ ဒီလို နိမိတ်ထူးတွေနဲ့ သတင်းကြီးခဲ့တဲ့ အလောင်းစည်သူ။ ဘိုးတော် ကျန်စစ်မင်းကြီးက သူ့ကို ရင်ခွင်ထဲပိုက်ပြီး “ငါ့ကား ငါ့မြေးနန်းကို စောင့်နှင့်ပါသည်သာ” လို့ မိန့်ပြီး ကလေးငယ်အရွယ် ကတည်းက ဘိသိက်သွန်းခြင်း ခံယူခဲ့ရတဲ့ အလောင်းစည်သူ။ နိုင်ငံတစ်နံတစ်လျား ဖောင်နဲ့ခရီးထွက် တိုင်းခန်းလှည့်ခဲ့ပြီး အခုတိုင် ဖောင်တော်ဦး ဘုရားစေတီမှန်သမျှ သူတည်ခဲ့တာလို့ ပြောစမှတ်ပြုရတဲ့ အလောင်းစည်သူ၊ တူရိယာငါးပါးလွယ် ကျောက်ရုပ်တွေသော်မှ “ငါ့ ဘေးတော် အနော်ရထာ မင်းစော တည်ထားမှာကြားခဲ့ပါလျက် ငါလာသည်ကို ပသို့ကြောင့် မတီး မမှုတ်ကုန်သနည်း” လို့ သူက ပြောလိုက်တဲ့အခါ ကျောက်ရုပ်တွေ အသက် ဝင်ပြီး တီးကြ၊ မှုတ်ကြ၊ လုပ်ကြရတယ်ဆိုတဲ့ အလောင်းစည်သူ။
ဒဏ္႑ာရီဆန်တယ်ပဲပြောပြော၊ ဆွတ်ပျံ့အံ့မောဖွယ် ဖြစ်ရပ်များနဲ့ အတိပြီး နေတယ်ပဲ ဆိုဆို၊ သီရိတြိဘ၀နာဒိတျာပ၀ရပဏ္႑ိတ သုဓမ္မရာဇာ မဟာ ဓိပတိ နရပတိစည်သူဘွဲ့ခံခဲ့တဲ့ အလောင်းစည်သူမင်း အကြောင်းဟာ
နာခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်ခန်းမှာ စွဲမက်စရာ အကောင်းဆုံး ဖြစ်ခဲ့ပါ တယ်။
အလောင်းစည်သူအကြောင်း စဉ်းစားလိုက်ရင် ထိပ်ဆုံးမှာ ပေါ်လာ တာကတော့ ဦးပေါင်းကျားနှင့် မြင်းကျားရှင် လူစွမ်းကောင်းပါပဲ။ အားလုံး လိုလို သိကြပါတယ်။ ဗိုလ်ရှုသဘင်ခံစဉ် လက်ရုံးဆန့် ကြုံးဝါးလိုက်တဲ့အခါ
အသက်က ကြီးပြီမို့ လက်ပျဉ်းကျနေတာကို မှူးမတ်တို့က “ရယ်ခိုး” ကြပါ တယ်။ မင်းကြီးက သင်းတို့ ငါ့ကို မစွမ်းပြီဟု ရယ်ခိုးကြလေသည်လို့ အမှတ် ထားပြီး တစ်နေ့မှာ...
“တူရွင်းတောင်ခြေမှာ နေဝင်လျှင် ဦးပေါင်းကျားထုပ်နှင့် မြင်းကျားစီး ယောကျာ်းတစ်ယောက် အနိုင်အထက် လုစားတယ်ဆိုတာ နင်တို့ မကြား သလော။ သူ့ကို နင်တို့လေးယောက် ရအောင်ဖမ်း၊ မရလျှင် နင်တို့ကို မျက် အံ့” လို့ တာဝန်ပေးလိုက်ပါတယ်။ စစ်သူကြီး အမတ် လေးယောက်တို့လည်း
တောင်ခြေထွက်ရပါတယ်။ မင်းကြီးက ရွှေပန်းစာပွင့်မြင်းကို ဝမ်းမှာ ဝတ်လုံ ဖြူရစ် မြဲမြံစွာ ကပြီး အိမ်ဓားလွယ်လို့ ဦးပေါင်းကျားထုပ်နဲ့ တောင်ခြေကို အပြင်းနှင်ခဲ့ပါသတဲ့။ စစ်သူကြီး လေးယောက်တို့ အပြင်းလိုက်တဲ့အခါ “တဖျဉ်သုန် ခွာတုံ ချဉ်းတုံ” ပြု၊ ညောင်ဦးကမ်းပါးချောက်ဆင်း၊ မြင်းရေတိုက်၊ ချောက်ကို ပြန်တက်၊ ဟိုမြင်းလေးစီးကို တိုက်ဖောက် လွတ်မြောက်အောင် လုပ်ပြီးမှ ဖိုးဦးကွင်းပြင်မှာ မြင်းရေးအမျိုးမျိုးပြ ကစားပါတယ်။ ပြီးတော့ တစ်ခါ မြင်းလေးစီးသားတို့ ကို ရှေ့ကပေါက်တုံ၊ နောက်ကပေါက်တုံ၊ လက်ဝဲပေါက်တုံ၊ လက်ယာပေါက်တုံ နှင်ပြီးမှ မြို့တော် ပြန်ခဲ့ပါသတဲ့။
မိုးသောက်ညီလာခံမှာ ဟိုလေးယောက်ကို “ဟယ်... အမတ်တို့၊ မြင်းကျားစီးသော ခိုးသူကို နင်တို့ တွေ့ ၏လော့” လို့ မေးတဲ့အခါ စစ်သည် အမတ် လေးယောက်တို့က “လျှောက်ဝံ့သောဘုရား၊ မြင်းကျားစီးသူကား လူဖြစ်ဆန်းကာ မဟုတ်နှယ်၊ ဘီလူးဖြစ်ရာသည်၊ လူဖြစ်သော်လည်း လူမည်ကာ မဟုတ်၊ ကြီးမြတ်သော ဘုန်းတန်ခိုးရှင် ဖြစ်ရာသည်။ ကျွန်တော်တို့ မြင်းလေးစီးကို ထားဘိ၍ နိုင်ငံတော်ဝယ်ရှိသော မြင်းသည် အပေါင်းတို့ ဝန်းရံဆီးဆို့၍ ဖမ်းငြားသော်လည်း မရနိုင်ရာ” လို့ လျှောက်ကြပါတယ်။
ဒီအခါကျမှ အလောင်းစည်သူမင်းကြီးက “ဟယ်... အမတ်တို့ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါ မအိုသေး” လို့ မိန့်တော်မူပါတယ်။ အမတ် ဗိုလ်ပါတို့ အလွန်ကြောက်ရွံ့ခြင်း ပြင်းစွာရှိကုန်၏တဲ့။
ဒီဇာတ်လမ်းကို အိပ်ရာဝင်ပုံပြင်ကဏ္႑ နားထောင်ခဲ့ရကတည်းက ”အလောင်းစည်သူမင်းကြီး ပိုင်လိုက်လေကွာ” လို့ သဘောကျခဲ့ရပါတယ်။ အခုထိလည်း “ငါ မအိုသေး” ဆိုတဲ့ ကြုံးဝါးသံနဲ့ တူရွင်းတောင်ခြေက ဦးပေါင်းကျားနှင့် မြင်းကျားရှင်သရုပ်ကို နှစ်ခြိုက်မိနေတုန်းပါပဲ။ သို့ပေမဲ့...
ဘုန်းစွမ်းလူစွမ်း ပြခဲ့တဲ့ ”ငါ မအိုသေး” မင်းကြီးရဲ့ နောက်ဖြစ်ရပ်လေး တစ်ခုကို သတိရလိုက်မိတဲ့အခါမှာတော့ မျက်မှောင်ကြုတ် စဉ်းစားစရာ လေး တစ်ခု ပေါ်လာပြန်ပါတယ်။
မင်းကြီးက တစ်ခါမှာတော့ ရောဂါဝေဒနာ မရှိဘဲ အကောင်း ပကတိ ကနေ ဖြုန်းခနဲ မျက်လုံးနှစ်ဖက် ကွယ်သွားခဲ့ဖူးပါသတဲ့။ အဲဒါ ဘာကြောင့် လဲဆိုတော့ မင်းကြီး ဒီလို တွေးကြံကျူးရင့်ပါသတဲ့။
“ငါကား ဘုန်းကြီးသော မင်း၊ ဇမ္ဗုသပြေပင်ရင်းသို့ ရောက်၍ သိကြားပေးသောအမည်ကို ခံရသောသူ၊ သရက္ခန်ငါးပိုင်း၊ ဒက္ခိဏသာခါ
ဗောဓိခက်တို့ကို ဘုရားရုပ်တုတော်ထု၍ ကိုးကွယ်ရသူ၊ သိန်းဃိုကျွန်း၊ မလ္လာယုကျွန်း၊ မာန်အောင်ကျွန်းသို့ ရောက်ခဲ့ပြီး အထူးထူး ရှုကြည့်ဖွယ်တို့ကို မြင်ရသူ၊ ငါ့ဘိုးဘေးတို့သည် ငါ့လောက် ဘုန်းတန်ခိုး ကြီးမည်မထင်”
အဲဒီ ၀စီကံ၊ မနောကံကြောင့် “ကံကြီးထိုက်” ပြီး မျက်စိကွယ်သွားခဲ့ တာပါ။ အလောင်းစည်သူမင်းကြီးဟာ ခင်ပွန်းကြီး ဆယ်ပါးမှာ အပါအဝင် ဖြစ်တဲ့ ဗုဒ္ဓါပစာယန- အသက်သိက္ခာ၊ သီလ၊ ဂုဏ်ဝါ၊ အာစာရအမျိုး စသည် တို့မှာ မိမိထက် ကြီးမြတ်ရိုသေအပ်သူ၊ တိတကရ- ထမင်း၊ အဖျော်၊ အိပ်ရာ နေရာ၊ အဝတ်၊ ပုဆိုး စသော အာမိသနဲ့တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူ ဒီနှစ်ပါးကို စော်ကားပြစ်မှားခဲ့ပြီ။
ကျေးဇူးရှင်ဆယ်ပါး၊ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားသူတို့ ခေါ်တဲ့ အပြစ်ဆယ်ပါးမှာ နံပါတ်တစ်ဖြစ်တဲ့ ကြီးမားသောဝေဒနာ ခံရခြင်းနဲ့ လုံးလုံးကြီး ကြုံရပါပြီ။
ပညာရှိဟူးရားတို့ကို မေးတဲ့အခါ ဘိုးဘေးတို့ကို စော်ကားလို့ ဆိုတဲ့အကြောင်း သိရပြီး၊ ပညာရှိတို့ အစီအမံနဲ့ ပုဂါရာမပြည် တည်ထောင်စ သမုဒ္ဒရာဇ်မင်းကစလို့ ခမည်းတော် စောယွမ်းတိုင်အောင် မင်း ၄၄ ဆက် ရုပ်တို့ကို ရွှေနဲ့ သွန်း၊ ရွှေအင်းပျဉ်းဆက်ထား၊ ရွှေပန်းခိုင်၊ ရွှေပေါက်ပေါက်နဲ့ ပူဇော်ဝန်ချ မာန်လျှော့ရှိခိုးတော့မှပဲ မျက်လုံး ပြန်ကောင်းခဲ့ပါတယ်။ (မှန်နန်း)။ ဒါတောင်မှ ၄၄ ဆက် မင်းအရုပ်တွေကို အလောင်းစည်သူမင်း ပူဇော်တဲ့အခါ ပျူမင်းထီး၊ အနော်ရထာ၊ ကျန်စစ်သား ဒီသုံးရုပ်ပဲ ထားမြဲ အတိုင်း တည်ပြီး ကျန်လေးဆယ့်တစ်ရုပ် တုံးရရုံး လဲကျကြပါသတဲ့။
အသက်ကြီးပေမယ့် စိတ်မကျေ(စိတ်ကို ချမပစ်)ဘဲ မိမိအစွမ်းကို မိမိ ယုံကြည်တာဟာ၊ သက်သေပြနိုင်တာဟာ ချီးမ တုယူချင်စရာပါ။ သို့သော် မင်းကြီးရဲ့ “ငါမအိုသေး” ဆိုတဲ့ မာန်ဟာ တူရွင်းတောင်ခြေမှာ ဦးပေါင်းကျားပတ်ပြီး မြင်းကျားစီးတဲ့အဆင့်မှာ မရပ်နိုင်ခဲ့ဘဲ ရှေးကလူများ ငါ့လောက် ဘုန်းစွမ်းရှိမည်မထင် ဆိုတဲ့အထိ ရောက်သွားလေတော့ (စိတ် ပညာအရဆိုရင် အမြင့်စိတ်အလွန် (Superiority complex) လို့ ခေါ်မယ် ထင်ပါတယ်) မျက်စိ ကွယ်တဲ့အထိ ခံရတာပါ။
မာန်မာန၊ အတ္တဗဟိုပြု အယူအဆတွေ လွန်ကဲလာတော့ ကျေးဇူးရှင် တွေပါလားဆိုတဲ့ အသိဉာဏ်ကစပြီး ကွယ်ပါတယ်။ မျက်စိ ကွယ်ခဲ့ရတာ ဟာ အသိဉာဏ် ကွယ်ခြင်းရဲ့ ပြယုဂ်ပါ။ ဘယ်နတ်ဒေဝတာ၊ ဘယ်ကျိန်စာ ကြောင့်မှ မဟုတ်ပါ။ မိမိရဲ့ ဟဒယရုပ် အတွင်းက အတ္တမာန အခိုး ကြောင့် ”မာန်ခိုးရိုက်” ပြီး ကွယ်တာပါ။
ကျွန်တော်တို့တစ်တွေ ”ငါ မအိုသေး” လို့များ ကြုံးဝါးပြသဖို့ အခွင့် သင့်ခဲ့ရင် တူရွင်းတောင်ခြေက ဦးပေါင်းကျားနဲ့ မြင်းကျားရှင်ကို မြင်ယောင် အားကျနိုင်သလို တစ်ဆက်တည်းမှာပဲ ရွှေရုပ်တုတွေ ရှေ့မှောက် မမြင်မစမ်းနဲ့ ပျပ်ဝပ်ဒူးတုပ် ရှိခိုးခဲ့ရလေတဲ့ အလောင်းစည်သူမင်းကြီးပုံကိုပါ ”မြင်အောင် ရှု” နိုင်ဖို့ အရေးကြီးလှပါကလားလို့ တွေးမိပါတယ်။
“ငါ မအိုသေး" တဲ့။ ဟုတ်ပါတယ်၊ မအိုသေးပါဘူး။
ဒါပေမဲ့...။
PDF - burmeseclassic
ဆရာချစ်ဦးညို၊ သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့စကားများ ပီဒီအက်ဖ်၊ စာမျက်နှာ ၂၅ - ၂၈။
(ကော်ပီယူပြီး ပြန်တင်လိုသူများ စာရိုက်ထားသူရဲ့ နာမည်ကို ဖြုတ်မပစ်ကြဖို့ မေတ္တာရပ်ခံပါတယ်။)
စာရိုက် - စလေ ငနော့
Comments
Post a Comment