ချစ်သူ့လိပ်ပြာ ၂ ဇာတ်သိမ်း § ဒဂုန်ခင်ခင်လေး
ချစ်သူ့လိပ်ပြာ (ဒုတိယပိုင်း)
••••••••••••••••••••••••••••••••••
ဒဂုန်ခင်ခင်လေး
(၁၉၃၉- ဒီဇင်ဘာလတွင်ရေးသည်)
မှိုင်းညိုစိုပြေ၍၊ ရေတံခွန်တွေတေဝါေဝါကျဆင်းသော တောတောင်ကြီးအလယ်၊ မကျဉ်းမကျယ်လျှို မြှောင်ကြီး တခု၌ အမြီးကော့ပိတ်၊ ရှမ်းလှည်းကလေးကလေးမှာ တအီအီမောင်းနှင်လာလေ၏။ လှည်းသမား ရှမ်းကြီးမှာ ဆေးတံ ကိုခဲလျက်၊ အရစ်ရစ်အလိပ်လိပ်ရှုံ့တွသော မျက်ပျဉ်းများဖြင့် ဖုံးလွမ်း လျက်ရှိသော မျက်မှေးကလေးကို၊ ကြိုးကြိုးစားစားဖြဲကာ၊ လှည်းလမ်းကိုကြည့်ပြီး၊ ပျင်းပျင်း ရိရိကြီး ဆွဲနေသော နွားများကို၊ တပြာတို့ရင်း မောင်းနှင်လာလေ၏။
လှည်းပေါ်တွင်ပါသူကား၊ လောင်းကွက်အကျႌရှည်ကြီးကို ၀တ်ဆင်ထားသော အသက် ၄၀ ကျော် အင်္ဂလိပ် ကပြား ကတော် မပေါကြီးဖြစ်လေ၏။ မပေါကြီးမှာမူ တောင်ကြားဖေါ့ယားရွာရှိ မိမိကိုးကွယ် အားထားသော ဆရာကောင်းတဆူဖြစ်သော အောက်လမ်းရှမ်းဆရာကြီး ဘိုးနန်းထီးထံသို့ အလျင်အမြန် ရောက်လိုဇော ကြောင့် ကသောကမြောဖြစ်ခါ၊ လှည်းဆရာကြီးကိုသာ မကြာမကြာ လောတိုက်ပေး နေခြင်းဖြင့်၊ အဘိုးကြီးမှာ ဆေးကိုမျှ ကြာကြာဇိမ်ယူ၍ မမှိန်းနိုင်ဘဲ၊ နွားများကို တအားခဲ၍ မိီးထိုးပေးရရှာ လေ၏။
ကြိမ်တပြာ တို့၏ သတ္တိတန်ခိုးကြောင့်၊ ခလုတ်၊ ကန်သင်း၊ ကျောက်တုံး၊ ကျောက်ခဲ၊ ချိုင့်၀ှမ်း၊ တွေပေါများ ကြမ်းတမ်းလှသော လမ်းဆိုးကြီးပေါ်တွင် နွားပုကလေးနှစ်ကောင်မှာ ကယောင်ကယင် ခြေကုန်သုတ်၍ တင်ရှာရသဖြင့် လှည်းကလေးမှာ လည်းတဒိန်းဒိန်း တဒေါင်းဒေါင်းနှင့် တောင်စောင်း ချောက်ကြား ကျောက်ကမ်ဘားတခွင်မှ လျှင်မြန် သောအဟုန်ဖြင့်ကျော်ဖြတ်ခါ၊ မူဆေးတောင်ကြားအရပ်ရှိ၊ ဆရာကြီး ဦးနန်းထီး နေထိုင်ရာ၊ ဖေ့ါယား ရွာကလေးအတွင်း မကြာခင်အတွင်း ချောမောစွာ ရောက်ရှိ လာလေ၏။
ဒေါ်ပေါကြီးမှာ ဆရာ့အိမ်ရှေ့ရောက်လျှင် ရောက်ခြင်း၊ လှည်းပေါ်မှခုန်ဆင်းပြီး၊ ဆရာကြီးထံသို့ ကပြာကရာ တက်ပြေးလာလေလျှင်၊ အိမ်ဦးမီးဖိုဆောင်အနီး၌၊ တင်ပလ္လင်ကြီးချိတ် ခါ၊ လဘက်ရည် အကြမ်းကို ၀မ်းနွေး အောင်သောက်နေသူ၊ ဦးနန်းထိီးလည်း ဒေါ်ပေါကြီးကို စိုက်ခါကြည့်ရာမှ။
"အလို- မိပေါကြီးပါကလားဟဲ့၊ လောင်းကွက်ကြီးနဲ့ဘာနဲ့ ဖြစ်လာလို့ ငါကလူများမှားလို့ လဟယ်၊ နို့ ဘယ်လို အရေးဘယ်လိုကိစ္စနဲ့ ရောက်လာတာလဲလဟ၊ နင့်မျက်နှာကြည့်ရတာက လဲ တယ်မကောင်း ပါကလား"
ဟု စကားစလိုက်လျှင် ဒေါ်ပေါကြီးမှာ
"အမယ်လေး ဆရာရယ့်၊ ဆရာ့ကျေးဇူးကြောင့် ကျမမှာ အစစ၊ အရာရာ၊ လိုတိုင်းဖြစ်ခဲ့ပါတယ်၊ ဒါပေတဲ့ အခု တလော အနှာင့်အယှက်တခု ပေါ်နေပြန်လို့ ကြံရာမရတာနဲ့၊ ပြေးလာရတာဘဲ ဆရာရဲ့"
ဟု၊ အလွန်တရာ အားနဲသောအမူအရာနှင့် ဆရာ့အနီးတိုး၍တီး တိုးပြောလေ၏။
ထီး။ ။ ကဲကဲ ဒါဖြင့်လဲခရီးရောက်ဆိုက် အမောပြေနားအုံး၊ ပြီးမှအေးအေးဆေးဆေး အကျိုး အကြောင်းတွေ ပြောတာပေါ့။
ပေါ။ ။ အမယ်လေးဆရာရယ် အမောအပန်းလဲမဖြေ ပါရစေနဲ့၊ မောလဲမမောပါဘူး၊ ကျမမှာ အိမ်ကို ကြာကြာ ပစ်ထားလို့ မဖြစ်ဘူးထင်တယ်ဆရာရဲ့၊ ဒါကြောင့်ဆရာ့ကို အကျိုးအကြောင်းတွေ ခပ်မြန်မြန် ကလေးပြော အကူအညီခပ်မြန်မြန်တောင်းပြီး၊ ခပ်မြန်မြန်ကြီး ပြန်ချင်ပါတယ်၊ ဒီတော့ ကျမပြောပြပြီး ရင်လဲ ဉာဏ်ရှိသလောက် ကောင်းမယ်ထင်တဲ့ ဆေးဝါးလက်ဖွဲ့ တွေကို စီမံရအုံး မှာနဲ့ ဆိုရင်၊ ခုပြောမှဖြစ်ပါ့ လိမ့်မယ် ဆရာရဲ့။
ထီး။ ။ အေးလေ- ဒါဖြင့်လဲပြောဟဲ့ ပြော ပြော။
ပေါ။ ။ ကျမလေ- ဆရာ့ဆီက အဆောင်ဆေး ဟာ ပထမဦးဆုံးရတဲ့ မန်နေဂျာဟဲရစ်ကြီး နဲ့ တွေကြတော့ ကြိုက် တာဘဲ၊ ကြိုက်တော့သူ့အပျော်မယားအဖြစ်နဲ့ နေရတယ်။ ဒုတိယဆရာ့ဆီ က ခပ်ဆေး နဲ့ လက်ဖွဲ့ တလုံး ထပ်ပြီး ချီးမြှင့်လိုက်တဲ့ အချိန်ကစပြီး၊ ဟဲရစ်ဟာ ကျမကိုချစ်သထက်ချစ်၊ မြတ်နိုး သထက်မြတ်နိုး လာပြီး၊ တခါတည်းလက်ထပ်ယူလိုက်တယ်၊ တတိယဆရာ့ အစွမ်းဆုံး ဆေးတန်ခိုးနဲ့ ဟဲရစ် ဟာ ကျမသြဇာကို၊ နေရာတကာ ခေါင်းငုံ့ခံရတဲ့အပြင် ကျမနေချင် သ လိုနေထိုင်ချင်သလိုထိုင် လာခဲ့တာ တွေကိုလဲ၊ နဲနဲမှ မနှစ်သက်တဲ့စကားမပြောဝံ့ဘဲ၊ ကျမက မာန်မဲဆိုဆဲဆိုသမျှတွေကိုတောင်၊ အပြုံးအရယ် မပျက်ခံနေခဲ့ပါ တယ်။ ဒါတွေလဲ ဆရာအသိသား ဘဲလေ၊ အထူးပြောနေစရာမလိုပါဘူး၊ ဒါကြောင့်သာ တနှစ်တခါ၊ ဆရာ့တပည့်ကလေး ချစ်စော နမ္မတူ ကိုဆေးကုရောက်လာတိုင်း၊ ဆရာ့ အတွက် လူကြုံနဲ့ ငွေကြေးအ၀တ်အစားများ ကန်တော့လိုက် ပြီး၊ အကျိုးအကြောင်း တွေနှုတ်နဲ့ မှာလိုက်တာ ပါဘဲ ဆရာရဲ့။
ထီး။ ။ အေးလေဒါတွေငါသိပါတယ်။ အခုဘယ်လိုဖြစ်နေတယ် ဆိုဒါသာပြောစမ်းပါအုံး။
ပေါ။ ။ ဒီလိုပါဆရာ အခုကျမယောကျ်ားဟဲရစ် ဟာ ကျမကို ညားကထဲက ကြောက်ချစ် ရိုသေ နေခဲ့တာမှာ၊ အခုတလော ရှေးက နဲ့ မတူ၊ အမူပြောင်းလာပါတယ်။
ထီး။ ။ အင်း-အင်း ပြောစမ်းပါအုံး ၊ သူကနင့်ကိုမုန်းနေတယ် နင့်စကားနားမထောင်ဘူးလား၊ နင့်သြဇာကို အခု မခံတော့ဘူးပေါ ့လေ။ ငါ ပေးတဲ့ဆေးတွေ နင်အသုံးမချဘူးလား။
ပေါ။ ။ ဆေးတွေတော့ အသုံးချလိုက်တာမှ ကမ်းကုန် လမ်းကုန် ပါဘဲဆရာ ဒါပေတဲ့ ကျမယောကျာ်းဟာ ကျမကို မုန်းတယ်လို့လဲမဆိုနိုင်ဘူး၊ သြဇာမခံဘူးလို့လဲမဆိုနိုင်ဘူး။ ကျမလုပ် ချင်တာတွေ လုပ် နေ ပေမယ့် လို့၊ အရင်တုံးက သူဘာမှမသိ။ အခုတော့ ဘယ့်နှယ်က ဘယ့်နှယ် သူသိသိသွားမှန်း မပြောတတ်ဘူး။ မယားသြဇာကို ဘယ်လို ခေါင်းငုံ့ခံနေတဲ့ ယောကျ်ားဘဲ ဖြစ်ဖြစ် မဟုတ်တယုတ် လုပ်နေတာတွေ့ရင် ဘယ်သူမှမခံချင်ဘူး ဆူတာ ပွက်တာဘဲ၊ ပြောပရစေတော့ ဆရာရယ် ကျမ က စားပွဲထိုး ချစ်တင်ဆိုတဲ့ ကောင်ကလေးဟာ သူ့ရုပ်ကလေးကလဲ သနားကမား မို့၊ ကျမအရေးပေး အရောတ၀င်နဲ့ မျက်နှာသာပေးထားခဲ့တယ်။ သူအပြင် သွားတဲ့အခါ နှစ်ယောက် သားအခန်းထဲမှာဘဲ ပူးပူးကပ်ကပ်နေမိတယ်။ အဲ-ဒီလိုအရင်တုံးကလဲ နေလာ တာဘဲ၊ အခုတလော မှဆန်းကြယ်ပြီး ချစ်တင်နဲ့ ကျမနဲ့ အခန်းထဲမှာနေရင် အပြင်က ဘယ်သူ လာလာပြီး၊ သော့ ခလောက်ခတ်ခတ်သွားမှန်း မသိဘူး၊ သော့ခတ်သွားတော့ ပြတင်းပေါက်ကလဲ သံတိုင် တွေမို့ ကျော်ထွက်လို့မရဘူူး။ ဟဲရစ်ကြီးပြန်လာမှ သော့ဖွင့်ပေးရတာချည့်ပဲ ဒီတော့လဲ ဘယ်ယောကျ်ား ဘဲဖြစ်ဖြစ် သည်းခံနိုင်ပေမယ်လဲ နဲနဲပါးပ ါးတော့ ဆူတာပေါ့။
သူဆူလို့ ကျမကအော်ငေါက်၊ ကြိမ်းမောင်းပစ်လိုက်တော့လဲ ငြိမ်သွားတာပါ။ တခုခက်တာက အခုတလောကျမက ဟဲရစ်မသိ အောင်ဘာလဲလုပ်လုပ် ဟဲရစ်သိမိအောင် သိသိသွားတာရယ် ဟဲရစ်ကို ကျမက ဆူတဲ့ ပူတဲ့ အခါမှာကျမ ကိုယ်ပေါ် တခုခုပြုတ်ကျလာတာဘဲ သူ့ကို ဆူတိုင်း ဆူတိုင်း တခုခု အနာတရ ဆက်ဆက်ပြီး အပြစ်ခံရတာချည့်ဘဲ၊ တခါတလေလဲ ကျမကို ဟဲရစ်ကြီးဘဲစုံးတတ်လို့ ပြုစားလိုက် သလားလို့ သင်္ကာမကင်း ဖြစ်မိတယ်။ ဒါပေတဲ့ ဟဲရစ်ဟာ အင်္ဂလိပ်လူမျိုးပါ။ စုန်းတွေ၊ ပယောဂ တွေလဲ နားလယ်တဲ့လူစားမျိုး မဟုတ်ပါဘူး ၊ သူ့ကိုယ်တိုင်တတ်ဘို့ မပြောနဲ့ စုန်းတတ်တဲ့လူကို တောင်သူကတဆင့် အလုပ်ခိုင်းတတ်ဘို့ နားမလယ်ပါဘူးဆရာရယ်။
နို့ပြီးတော့ ယခုတလော ထူးခြား နေတာကလဲ ရှိသေးတယ်။ အိမ်ပေါ် မှာ မိန်းမအပိုတယောက်ရှိတာကို မကြာ မကြာ ကျမမျက်စိနဲ့ တပ်အပ်မြင်ရတယ်။ လိုက်ရှာရင်လဲ ကိုယ်ပျောက်တတ်တဲ့အတိုင်းဘဲ ပျောက် ပျောက်သွားတယ်။ အဲ-ဒီဟာ ဘယ်လိုမိန်းမလဲမဆိုနိုင်ဘူး ဆရာရဲ့၊ ကျမရိပ်ခနဲမြင်ရတဲ့ ပုံကတော့ မိန်းမရွယ် ခပ်ငယ်ငယ် နောက်ပိုင်းကသာ မြင်ရတဲ့အတွက် မျက်နှာနေပုံတော့ မပြောနိုင်ဘူး။ ကျမလဲ မရရအောင်ဘမ်းတာဘဲ လက်ဆုပ် လက်ကိုင်၊ ဘယ်တော့မှ မမြင်ရဘူး၊ ဟဲရစ်နင်မြင် သလားမေးတော့လဲ သူလဲဘာမှမမြင်ရဘူးလို့ ခါးခါးသီးသီးခံငြင်းတာဘဲ။ ကျမသာဒီကိစ္စနဲ့ ပတ်သက်ပြီး အရူးကြီးဖြစ် ကျန်ရစ်ခဲ့ရတယ်ဆရာရဲ့။
ထီး။ ။ ဒါလဲတမျိုး စဉ်းစားစရာဘဲဟဲ့။ နို့နင်လင်ဟာ အရင်လိုဘဲ အစစနင့်စကား နားထောင် နေတယ် မဟုတ်လား။
ပေါ။ ။ ဟုတ်ပါတယ် အစစ ကျမသြဇာကိုက်ခဲ့ပါတယ်။ အခုလဲကျမသဘောမကျတဲ့ လူတယောက်နဲ့ အပေါင်း အသင်း အဆက်အသွယ် မလုပ်ပါနဲ့ဆိုတာကိုမရဘူး။ အဆူအဆဲခံပြီး ဒီလူနဲ့ ဇွတ်ပေါင်းသင်း တာတခု ဘဲ ဆိုးတာကလား ဆရာရဲ့။
ထီး။ ။ အင်း-အဲ-ဒီလူက ဘယ်လို လူလဲ မိပေါရဲ့။
ပေါ။ ။ သတၳု တွင်းက အင်ဂျင်နီယာထွန်းတင်ဆိုတဲ့ အကောင်ပေါ့ လူပုံကဖြင့် ရှမ်းပုတ်မျက်နှာနဲ့၊ ၀တ်ထား၊ ၀တ်ထားတာစက အင်္ဂလိပ်ဂိုက် သူ့အမေ အင်္ဂလိပ်နဲ့များ ညားဘူးရင်ခက်မယ်။
သောက်လိုက်တဲ့ အရက်ကလဲ မိုးမွှန်နေတာဘဲ။ မောင်းလိုက်တဲ့ကားကလဲ တ၀ီ၀ီနဲ့။ ဒီအကောင် ဟာ ကျမယောကျ်ားအဘိုးကြီး ကို အမြဲတန်းခေါ်ဖျက်ဆီးတယ်။ အရက်တွေ သိပ်မူးအောင်တိုက် တယ်။ ကားအတူ စီးပြီး မြန်မြန်ကြီးမောင်တယ်။ ဟိုတလောကလဲ ဒီအကောင်နဲ့ ဒင့်ရည်းစား စောမြအေးဆိုတဲ့ ကောင်မ နဲ့ လားရှိုးလမ်းကို အထ၊ အကမြင်း သွားကြရာမှာ။ အိမ်ကလူကြီးကို ဆွဲခေါ်သွားတယ်လေ။ အရက် တွေ လူမှန်းမသိအောင် သောက်စားကြပြီး
ထွန်းတင်ဆိုတဲ့အ ကောင်ကမူးမူးနဲ့ ကားအရမ်းမောင်းလိုက်တာ။ လမ်းဘေးက ကညင်ပင်ကြီးနဲက တိုက်ပြီး။ ကားကြီး ရစရာမရှိ ပျက်စီးသွားတယ်။ စောမြအေး ဆိုတဲ့ကောင်းမလေးလဲ၊ ပွဲချင်းပြီးသေရော။ အိမ်ကလူကြီးနဲ့ ထွန်းတင်လဲ သေလုတဲကာ ဖြစ်လာလို့ ဆေးရုံထမ်းစင်နဲ့ တင်ယူလာရပါသ ကောဆရာ။ ဒါနဲ့ကနေတောင်မှ အမှတ်မရှိဘူး။ အခု- ဟိုအကောင်ဟာ ကားတ၀ီ၀ီနဲ့ ဖြစ်နေနေ ပြန်ပြီ။ အဘိုးကြိး ကိုလဲ ခဏ ခဏဘဲလာလာခေါ်တယ်။ အဘိုးကြီးကလဲလေ။ ဒီအကောင်သာ လာခေါ်မယ်ဆိုရင်။ ကျမကဘယ်လိုကြိမ်းကြိမ်း နံ့နံ့ပါ- ပျာပျာခပ်အောင်လိုက်သွား တာဘဲ။ အခုလဲ ကျမဒီကိုလာနေတဲ့ အခိုက်မှာ။ အဘိုးကြီးဟာ ဒီအကောင် နဲ့ တွဲချင်တိုင်း တွဲပြီး။ အရမ်းကြီး ကျနေမှာ စိမ်မချဘူး ဆရာ။ အရင်လဲ ကံကေင်းလို့ မသေတာ။ ဒီအကောင်ဟာ မူးရင်သိတ်သိတ် ရမ်းတားဘဲ။
ထီး။ ။ နို့ ဒီအကောင်ကို ဘယ်လိုထင်သလဲ။ သူ့နင်ကို ယောကျ်ားကို ဆေးနဲ့ ဝါးနဲ့ လုပ်ထား တယ်လို့များ ထင်သလား။
ပေါ။ ။ ဟာ- ဒီအကောင်မျိုးဟာ ဆေးဝါးပယောဂတွေကို နားမလယ်ပါဘူး ဆရာ အဲ-ဒါ ဆရာ လိုက်နိုင်ရင်လိုက်ပြီး ကြည့်ရှုအကဲခပ်ပြီး။ ကျမကို အနှောင့်အယှက်မရှိအောင်။ စီမံကာကွယ်ပေး စေချင်တာဘဲ။ နို့ပြီးတော့လဲ အဲဟိုမြင်ရတဲ့ မိန်းမအရိပ်ဟာက။ တခါတခါကျမကို ဖျပ်ခနဲရိုက်လို ရိုက်ဂလိထိုးလို ထိုးနဲ့ အမျိုးမျိုးလုပ်တယ် ဒါအတွက်လဲ ဘာလဲဆိုတာ သိရအောင်ကြည့်လုပ်ပေး စမ်းပါဆရာ။
ထီး။ ။ အင်း-နင့်ဟာက ခပ်ခက်ခက်ဘဲ။ ငါလဲနင့်ဆီ မလိုက်နိုင်ဘူး။ မှော်ကြီးတိုက်စရာအလုပ် တွေ။ သူရဲခေါ်ဘို့ အလုပ်တွေဟာ။ သိပ်များနေတယ်။ နေအုံးလဟယ်။ ငါမြင်နိုင်သလောက် တော့ကြည့်ပေး ရသေးတာပေါ့။ဟု ဆိုတာ
ဘိုးနန်းထီးသည် မိမိတတ်သမျှ သောအောက်လမ်းပညာထည်းမှ အလွန်အရေးကြီးမှ အသုံးချ လေ့ရှိသော အစိမ်းသူရဲများလွတ်ကြည့်သည့်နည်းမျိုးကို၎င်း၊ ၀ိညာဉ်ကိုလွှတ်၍ကြည့်သော နည်းမျိုး ကို၎င်း၊ အသုံးချရတော့မည်ဖြစ်ရာ။ ထိုကိစ္စမှာ ကာယကံရှင်ဖြစ်သူ မပေါကြီး၏ ၀ိညာဉ် ကိုလွှတ်ကြည့်ရန် စီမံရတော့၏။
"ဟဲ့- မိပေါကြီး နင့်အိမ်နင်ပြန်ကြည့်လေ၊ ဘာမြင်သလဲပြော"
ဟုအမိန့်ထန်သော လေသံနှင့် ဘိုးနန်းထီးက ခက်ထန်စွာပြောနေလေရာ၊ အိမ်ပေါ်တွင် လူသေပမာပက်လက််ကြီး လန်ကာ ငြိမ်သက် လျက် ရှိသော မပေါကြီးပါးစပ်မှ-
"မြင်ပြီ ဆရာ၊ မြင်ပြီ- မြင်ပြီ"
ထီး။ ။ "ဘာလဲ- ဘယ်သူ့ကိုမြင်သလဲ"
ပေါ။ ။ "ဟဲရစ်ရယ်၊ ထွန်းတင်ဆိုတဲ့အကောင်ရယ်၊ တခြားမိန်းမတယောက်ရယ်၊ ကျမအိမ်ပေါ်က စားပွဲ၀ိုင်းမှာထိုင်ပြီး၊ ပျော်ပျော်ပါးပါးကြီး အရက်သောက်နေကြတယ်။ ဟိုမိန်းမရဲ့မျက်နှာ တော့တခါမှ မမြင်ဘူးဘူး၊ အရွယ်ကခပ်ငယ်ငယ်၊ ရုပ်လဲလှတယ်၊ ကောင်မကြည့်ရတာ သိပ်ပျော် ရွှင်နေပုံရတယ်၊ ဟဲရစ်နဲ့ထွန်း တင်ကို သူထင်သလိုမွှေနေတဲ့ မျက်နှာထားမျိုးဘဲ၊ အရက်၀ိုင်ကလပ်ကိုလဲ ယူ သောက်ပြန်ပြီ၊ လက်ထဲမှာ စီးကရက်ညှပ်လိုက်လို့၊ အတော်ဆောင့် ကြွားကြွား နိုင်တဲ့အကောင်မဘဲ ဆရာရဲ့"
ထီး။ ။ "သူတို့ဘာပြောနေကြသလဲ"
ပေါ။ ။ သူတို့ပြောတဲ့ စကားလားဆရာ၊ နေအုံးနားထောင်စမ်း လိုက်အုံးမယ်။ အင်း- အင်း ဟဲရစ် က တယ်စေတနာ ကောင်းလိုက်ပါကလား၊ ဟိုကောင်မကိုသူ့အိမ်မှာ ပျော်ပျော်ကြီးနေချင်သ လောက် နေပါတဲ့၊ ဘာမှအားမနာပါနဲ့တဲ့၊ ထွန်းတင်ကိုလဲ အမြဲသူ့အိမ်လာပြီး မပေါကြီးမပြန် မခြင်း နေလှဲ့ပါ ဆိုကိုးဆရာရဲ့
ထီး။ ။"ဟို မိန်းမကဘယ်လိုသဘောနဲ့ နင်တို့အိမ်ရောက်နေတာလဲ၊ ဟဲရစ်ရဲ့အဆက်လား၊ ထွန်းတင် ရဲ့အဆက် လား အကဲခပ်လိုက်စမ်း"
ပေါ။ ။ ဒီကောင်မမျက်နှာက ပြုံးစီစီချိုမြမြနဲ့၊ ဟဲရစ်အနားကိုလဲ ပွတ်သီး၊ ပွတ်သတ်သွားလုပ် ထာဘဲ ထွန်းတင် ကိုလဲ ပူးတွဲ ပူးတွဲနဲ့ ဧကန္တဘဲ အချောင်ပိုင်းလုံးမထဲက နှင့်တူပါတယ်ဆရာ။ ဒါကြောင့်သာ ဟဲရစ် ဆိုတဲ့ သေခါကြီးကပါပြုံးစိစိနဲ့ ရိက္ခာယူနေတာ ထင်ပါရဲ့။
ထီး။ ။ ဒီမိန်းမဟာ ဘယ်ကတဲ့တုန်း သူတို့ပြောနေကြတဲ့ စကားထဲမှာ အရိပ်အမြွက်မပါဘူးလား။
ပေါ။ ။ ဒီအိမ်မှာနေတယ်တဲ့ သူနေဘို့အခန်းပေးထားတယ်ဆိုဘဲ။ ကျမမြန်မြန်ပြန်ပြီး ဒီကောင်မကို ပါးရိုက် နှင်ချ ပစ်မယ်ဆရာ၊ အရင်ကျမ ရိပ်ကနဲ၊ ရိပ်ကနဲ မြင်ရတာလဲ ဒီကောင်မဘဲ ဖြစ်မှာဘဲ။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျမမြန်မြန်ပြန်မှဘဲဆရာ။
ဟုဆိုကာ မပေါြိကီး သတိရလာလေတော့၏။
ထီး။ ။ ဟဲ့- မပေါကြီးသတိရလာပြီလား။
မပေါကြီးသည် ဒေါသနှင့်ဆပ်ဆပ်တုန်ကာ-
"မဖြစ်ဘူးဆရာရဲ့ ကျမမြန်မြန်ပြန်မှဘဲ၊ ဟဲရစ်သိပ်လူပါး၀နေပြီ ဒီတခါ လက်ပူးလက်ကြပ် ဘမ်း ပြီး ခပ်ကြမ်းကြမ်း ဆော်လွှတ် မှဖြစ်တော့မယ်" ဟုပြောလေ၏။
ဆရာကြီးနန်းထီးသည် မပေါကြီးအား အစွမ်းထက်မြက်သော ဆေးဝါးအဆောင် လက်ဖွဲ့များကို အသုံးချရန် အညွှန်းနည်းများနှင့်တကွ ပေးအပ်လိုက်လေ၏။ မပေါကြီး၏ စိတ်မှာ အဆိုပါမိန်းမကို ခပ်နာနာရိုက်ပုတ်နှင်ထုတ်လိုက်လျှင် ကိစ္စပြီးမှာဘဲဟု အယူစွဲကာ အရေးတကြီး နှင့်မြန်မြန်ကြီးပြန်လာလေ၏။
ဆရာဦးနန်းထီးက အောက်လမ်းဆရာတို့ ပညာစွမ်းဖြင့် မပေါကြီး၏၀ိညာဉ်ကို သူ၏အိမ်သို့ ပြန်လည်စေလွတ်ကြည့်စေသည် ဖြစ်ရာမပေါကြီးပြောသလို၊ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ အများ မြင်သာအောင်ထိုင်နေခြင်းမဟုတ်ပေ။ မပေါကြီးကိုယ်တိုင်လာ၍ ကြည့်လျှင်လည်း တွေ့မြင်နိုင် မည်မဟုတ် ယခုမူကားမပေါကြီး၏ ၀ိညာဉ်သာလျှင် ရောက်လာခြင်းဖြစ်၍ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့အနီးတွင် ပျော်ရွှင်စွာနေသော စောမြအေး၏ ၀ိညာဉ်ကလေးကို ၀ိညာဉ်အချင်းချင်း တွေ့မြင်သွားခြင်းဖြစ်လေသည်။
မပေါကြီး၏၀ိညာဉ်တွေ့မြင်သွားသည့် အတိုင်းလည်း မစ္စတာဟဲရစ် မောင်ထွန်းတင်နှင့် စောမြအေး၏ ၀ိညာဉ်ကလေးမှာ ညစဉ်၊ ညတိုင်း တစားပွဲတည်း ပျော်ပွဲကျင်းပလျက် စောမြအေး အသက်ရှိစဉ်သကဲ့သို့ပင် ပျော်ရွှင်စွာနေကြလေရာ ထွန်းတင်မှာ ချစ်သူကလေး စောမြအေးကို လူကောင်ထင်ရှား မမြင်ငြားလည်း မိမိတို့ အနီးအပါးတွင် စောမြအေး၏ ၀ိညာဉ်ကလေးရှိနေ ကြောင်းကား သိသာထင်ရှားလျှက် တဘ၀ခြားနေရှာသူ စောမြအေးကလည်း မိမိပြောလိုသော စကားမျာကို မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့အား နားအနီးတွင် ကပ်ခါ အပ်ခါ မပြတ်ပြောနေရှာ ခြင်းဖြင့်လည်း တဘ၀ခြားသူနှင့် ဘူသားစင်စစ်တို့မှာရင်းနှီးလျက် အဆက်အသွယ်လွယ်ကူနေ သကဲ့သို့ရှိလေသည်။
၀ိညာဉ်တို့မည်သည်လေကဲ့သို့ လျှင်မြန်သော အဟုန်နှင့်ကုမ္မဇိဒ္ဓတန်ခိုးရှိတတ်သဖြင့်လည်း စိတ် သွားတိုင်းကိုယ်ပါသကဲ့သို့ ရှိနေတတ်ပြန်ရာ စောမြအေး၏၀ိညာဉ်လိပ်ပြာ ဆိုသည်မှာလည်း တဘ၀နှင့် တဘ၀မကူးမှီ လေထဲတွင် တည်ရှိနေသေးသော သာမညအာဂန္တုက၀ိညာဉ်မျိုး မဟုတ်ပေ။ အစွဲအလမ်းနှင့်အစိမ်းသေ သေရရှာသူဖြစ်၍အစိမ်း၏ ၀ိညာဉ်ဘ၀မျိုးတွင် တည်နေရ သူဖြစ်ရကား စိတ်သွားတိုင်းကိုယ်ပါလို ရာသို့ဖြစ်နိုင်ခဲ့လေသည်။
အစိမ်းအဝါးတို့မည်သည် လူနေ အိမ်အတွင်းသို့ အိမ်စောင့်နတ်ကလက်မခံသဖြင့် ဘယ်နံရောအခါမျှ မ၀င်ရသော ထုံးစံအတိုင်း ပင်စောမြအေးမှာ သူအင်မတန်ချစ်ခင်သော ထွန်းတင်၏နေအိမ်သို့ အတူတကွ လိုက်ပါနေ ချင်ရှာသေ်ာလည်း မဖြစ်နိုင်ရှာပေ ထွန်းတင်၏ မိခင်ကြီးသည် ဗုဒ္ဓဘာသာ ရှမ်းမြန်မာကပြားမ ကြီးတဦးဖြစ်သည်အားလျော်စွာ ရတနာသုံးပါးကို အထူးအာရုံ ထားလျက် အိမ်ဦးဘက်တွင် ဘုရားစင်နှင့် အိမ်တွင်းတွင်လည်း မိရိုးဖလာအတိုင်း နတ်အုံးဆိုင်းများ ဆွဲတင်ပသထားသည့်အ တွက်အစိမ်းမကလေး စောမြအေးမှာချစ်သူ့အိမ်ထက်သို့ အ၀င်ခက်ရှာသဖြင့် ဗုဒ္ဓဘာသာ မြန်မာ မဟုတ်သောကြောင့် ဘုရားစင်၊ နတ်အုံးတို့ လုံးလုံး သား မရှိသော မစ္စတာဟဲရစ်၏ အိမ်သို့သာ လိုက် ပါနေရရှာခြင်း ဖြစ်လေရာ၊ အိမ်ရှင်မဖြစ်သူ မပေါကြီးမှာလည်း ယုတ်ည့ံသော အောက်လမ်း ဆရာ၏တပည့်မတယောက် ဖြစ်နေခြင်းအတွက် အစိမ်းအဝါးတို့ ၀င်ထွက်သွားလာရန် များစွာ လျော်ကန်သင့်မြတ်သည့် သာလာယံ ဇရပ်ကြီး ကဲ့သို့ရှိလေရာ၊ စောမြအေးမှာ လွန်စွာအနေချောင် ၍နေရှာလေသည်။
ထို့ကြောင့်လည်းဤ အိမ်တွင်စတည်းချကာ လူ့ဘ၀ကချစ်ရသူ ထွန်းတင်နှင့် အစဉ်မပြတ်တွေ့ဆုံရခြင်း၊ ထွန်းတင် သွားလေရာရာကို ကားထိုင်ခုံဘေးတွင် ယှဉ်ထိုင်ကာ လူမမြင်ရသော ၀ိညာဉ်ကလေး အမြဲလိုက်ပါနေခဲ့ခြင်းဖြင့် အချိန်ကုန်၍ လူချင်းခွဲပြီး ထွန်းတင်သူ့ အိမ်ထဲသူ၀င်သွားကာမှ၊ အစိမ်းမ ကလေး စောမြအေးခမြာမှာလည်း၊ သူတည်းခိုနေထိုင်ရာ မစ္စတာ ဟဲရစ်ကြီး၏ အိမ်သို့ ၀ိညာဉ်တို့ဘာ၀ အာကာသ ေ၀ဟင်ခရီးမှ လေယာဉ်စီး၍ပြန်ခဲ့ရရှာလေ၏။
ထိုသို့နေထိုင်လာခဲ့ကြရာမှ တနေ့သ၌တွင် ထွန်းတင်သည် မစ္စတာဟဲရစ်အိမ်တွင် မစ္စတာဟဲရစ် နှင့်အတူ လူကိုမမြင်ရသော စောမြအေးပါ ၀ိုင်းဖွဲ့ထိုင်ပြီး ပျော်ပျော်ပါးပါးကြီး စကားလက်ဆုံကျနေ ကြရာမှ အပေါကြီးအကြောင်းကို စကားစပ်မိကြလေ၏။
"ဒါထက်- မစ္စတာဟဲရစ် ခင်ဗျားဇယ်ကြီး ဘယ်တော့ပြန်လာမလဲဗျို့၊ သူလာရင်တော့ ကျွန်တော် တို့ပါတီခိုလို လွတ်လွတ်ကျွတ်ကျွတ်ကြီး မပျော်ရတော့ဘူးနော်"ဟုစ၍ ပြောလိုက်လေ၏။
"သူလား ဒီတခါသွားတာ တော်တော်ကြာကြာ နေမလားမပြောတတ်ပါဘူးဗျာ၊ ကျုပ်အထင် တော့ သူ့အမျိုးတွေ့နဲ့ တွေ့နေရင် ကြာချင်လဲကြာမှာဘဲ ထင်တယ်။ ကြာကြာနေလေ ကျုပ်နား ပူသက်သာလေဘဲဗျာ၊ နေပါစေဒါမှ ခင်ဗျားတို့နှစ်ယောက်လဲ ကျုပ်အိမ်ပေါ်မှာ ပျော်ပျော်နေကြ ရမယ် မဟုတ်လား"ဟု သောက်လက်စဂျော်နီဝါကားဖလ်ခွက်ကို မော့လိုက်ပြီး ယစ်ထုတ်ကြီး စတိုင်နှင့် ဝါယောတွေ လှို်င်လျက်ရှိလေ၏။
"ဒီလိုခင်ဗျား စိတ်ထားကောင်းလွန်းလို့၊ ကျွန်တော်တို့ ကျေးဇူးတင်နေတောဘဲဗျာ၊ ကျွန်တော့် ကြောင့်သေရတဲ့ဒါလင် အေးအတွက်ဟာလေ၊ တနေ့မှ စိတ်မကောင်းဘူးဗျာ၊ ခုလိုသူ့၀ိဉာဉ် ကလေးနဲ့သာ လာမတွေ့ရဘူးဆိုရင်၊ ကျွန်တော်ပါသေသွားမှာဘဲ၊ လူကိုယ်ကို မမြင်ရဘဲ တယောက်နဲ့ တယောက် ထင်သလောက် ကိုယ်ထိလက်ရောက် မတွေ့မထိရပေတဲ့၊ သူကလေးဟာ ကျွန်တော် နဲ့အမြဲတွေ့နေရတာ၊ ကျွန်တော်သွားရာ၊ လာရာ၊ ကားဘေးမှာ သူကလေးအမြဲပါ နေတာသိရတာ့ လုံးလုံး ကွဲသွား တာထက် အပုံကြီးဖြေဖျော်စရာရနေသေးတာပေါ့နော်"
ဟုလျှာခပ်လေးလေး နှင့် တလုံးချင်းဖြည်းဖြည်းပြောနေစဉ်၊ ၎င်းတို့နှစ်ယောက်အလယ်ကြားမှာ လွတ်လပ်စွာ ထားသော စောမြအေး၏ ကုလားထိုင်မှာအလိုက်အလျောက် နောက်သို့ဆုတ်သွား သည်ကို တွေ့မြင်လိုက်ရလေ၏။
"ကစ်ဒီဘယ်လဲ"ဟု မစ္စတာဟဲရစ်က လှမ်းမေးသော်လည်း၊ စောမြအေး၏အဖြေကိုမကြားရပေ၊ သို့နှင့် ဟဲရစ်နှင့် ထွန်းတင်တို့လည်း၊ နှစ်ယောက်သား စကားတပြောပြောနှင့် အချိန်အတန် ကြာမှန်း မသိကြာသွားပြီး အိပ်ချင်စပြုလာသောကြောင့် နေရာမှထတော့မည် အပြုတွင် ပိတ်ထား သောအ၀င် တံခါးပေါက်ကြီး မှာ တစုံတယောက်တွန်း၀င်လာသလို တွေ့မြင်ရသောကြောင့်၊ ဟဲရစ်နှင့် ထွန်းတင်တို့မှာ နှစ်ယောက်သား ခေါင်းထောင်ကာ အံ့အားသင့်ကြည့်နေမိလေ၏။
ထိုခဏမှာပင် ဟဲရစ်နှင့်ထွန်းတင်တို့နားတွင် စောမြအေး၏ အရေးတကြီးပြောသော စကားများ ကိုကြားရလေ၏.
"အန်ကယ်နဲ့ကိုကိုတင် အခုဒေါ်ပေါကြီး ပြန်လာနေပြီ၊ ဘယ့်နှယ်လုပ်မလဲ၊ သူလာရင် ဒီလို ပျော်ပျော် နေကြရတော့မယ်မဟုတ်ဘူး"
ထွန်းတင်နှင့် မစ္စာတာဟဲရစ်တို့မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး ငေးငေးကြီး ဖြစ်သွားကြလေ၏။
"ဟင်-ဟုတ်လား၊ ဒီလိုဖြင့်ခက်တာဘဲ၊ ဒါနဲ့ကစ်ဒီ အကြောင်းကိုဘယ့်နှယ်လုပ်ပြီး သိသလဲ"ဟု မစ္စတာဟဲရစ် ကမေးလေ၏။
အေး။ ။ ကိုကိုတင်နဲ့ အန်ကယ်တို့က ဒေါပေါကြီးအကြောင်းပြောနေတုံးမှာ ကစ်ဒီလဲသိချင်တာ နဲ့ ချက်ခြင်းသူ့ဆီကိုလိုက်ကြည့်တယ်၊ သူအခုစိတ်ဆိုး မာန်ဆိုးနဲ့ ပြန်လာနေပြီ၊ အန်ကယ်က သူသဘော မကျတဲ့ သူတွေကိုအိမ်ပေါ်မှာထင်တားတယ်၊ အားလုံး ရိုက်ချမယ်လို့ ကြိမ်းဝါးလာတယ် လှည်းသမားကြီး ကိုတောင် မြန်မြန်မမောင်းကောင်းလားလို့ ဆူနေတယ်။
ဟဲရစ်။ ။ ကဲ-မစ္စာထွန်းတင် ဘယ်လိုလုပ်ကြမလဲ မပေါကြီးတော့အားကြီး ဒေ ါပွလာပြီဆိုဘဲ။
ထွန်းတင်။ ။ အခြေပျက်တာဘဲဗျာ၊ ခုဘဲခင်ဗျားက သူကြာကြာနေလိမ့်မယ်ထင်တယ်ဆို။
ဟဲရစ်။ ။ ထင်တယ်ဆိုပေမဲ့ အခုသူကျုပ်တို့သတင်းကြားလို့ ပြန်လာသလားမှမသိတာဘဲ သွားတုန်း ကတော့အတော်ကြာနေမယ်လို့ သွားတာနဲကတူတယ်။
ထွန်းတင် ။ ။ ကဲလေလွန်ပြီး ဒါတွေပြောနေလို့ အပိုဘဲ။ အခုကျွန်တော့်တို့ ဘယ်လိုကြံစီကြမလဲ။
ဟဲရစ်။ ။ ကျုပ်တော့ ဘာမှမကြံတတ်ဘူး။ ခင်ဗျားတို့လုပ်ဆိုတာ လုပ်ပေးမှာဘဲ မပေါကြီးလာ ရင်လဲကျုပ်တော့ သိပ်ခေါင်းကြိမ်းတော့မယ်ဗျာ၊ တော်ရာသာရှောင်ပြေး ချင်တော့တာဘဲ။
အေး။ ။ ဒါဖြင့် ဒီလိုလုပ်မလား အန်ကယ်ဒေါ်ပေါကြီးမရောက်ခင် ကလောကဟော်တယ်ကို သွားနေကြမယ် နက်ဖြန်ကိုကိုတင်ရော အန်ကယ်ရော အလုပ်ကအရေးတကြီးခွင့်ယူကြပေ တော့။
ဟဲရစ်။ ။ အေး- အေး- အဲဒါ နေရာကျတယ် ဒါပေတဲ့ မစ္စတာထွန်းတင် အခွင့်ယူဘို့လဲလွယ်တယ် ကျုပ်ကခက်နေတယ် အလုပ်တိုက် ကိုကြာကြာပစ်ထားပြီး ခရီးသွားမနေနိုင်တာရယ်၊ ဘာ အကြောင်းနဲ့ ခရီး သွားရတယ်ဆိုတာကို မပေါကြီးကျေနပ်အောင် အဖြေမပေးနိုင်တာရယ်က အတော်အသက်ရှု ကြပ်နေတာဘဲ။
ထွန်းတင်။ ။ အိုဗျာ- ဒါတွေလောက်တော့ မခက်ပါဘူး။ နေမကောင်းလို့ ဆရာ၀န်က ကလောကို သွားပြီး တလလောက် အနားယူရမယ်ပြောလို့ သွားရတယ်လို့ ပြောလိုက်တာပေါ့၊ အလုပ်တိုက် မှာလဲ ခင်ဗျား လက်အောက် မှာ နောက်ရောက်လာတဲ့ ဒုတိယမန်နေဂျာကလေးဟာ အစစအရာရာ စိတ် ချရတယ် မဟုတ်လား၊ အလုပ်ကိစ္စအားလုံး သူကိုခဏလွဲထား ခဲ့တာပေါ့။
အေး။ ။ ဟုတ်သားဘဲ အန်ကယ်ကလဲ ကိုကိုတင်ပြောတာ သိပ်နေရာကျတယ် ဒါထက်ကောင်း တာ မရှိတော့ဘူး။
ဟဲရစ်။ ။ ကဲလေကောင်းပြီ၊ နက်ဖြန်သွားကြမယ်။ ဒါထက်ကစ်ဒီကော အတူတူလိုက်ခဲ့မယ် မဟုတ်လား။
အေး။ ။ အို-လိုက်မှာပေါ့။ အဲဒီဟော်တယ်မှာ အခုကောင်းကောင်းကြီးနေနိုင်တာဘဲ၊ အရင်တုံးက ကိုကိုတင်နဲ့ ဟော်တယ်မှာအမြဲတဲခဲ့တာပေါ့။
ဟဲရစ်။ ။ အဲ-အဲဒါဖြင့် ဟုတ်ပြီ။ အသင့်ဘဲလေ နက်ဖြန်သွားကြမယ်။
မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့လူစုသည် ဒေါ်ပေါကြီးမလာခင် ကလောဟော်တယ်သို့ သုတ်ချီ တင်ခဲ့ကြလေသည်။
ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းပြည်တောင်ပိုင်းရှိ ကလောသို့ကူးခဲ့ရသည်မှာ နီးလှသည့် ခရီးမဟုတ်ပေ။ သို့ရာတွင် မပေါကြီးနှင့် ရင်ဆိုင်မတွေ့ရလျှင် ပြီးရောဟူသောရည်ရွယ် ချက်နှင့်သာ တေ့လွဲ ကလေး ထွက်လာကြခြင်းဖြစ်လေသည်။
ကလောဟော်တယ်သို့ရောက်လာကြသောအခါမူ စောမြအေး၏အကြံပေးချက်အတိုင်း ထွန်းတင် နှင့်မစ္စတာဟဲရစ်တို့က အခန်းတခန်းငှါးစေပြီးလျှင် အခြားသောအခန်းလွတ်တခုကိုလည်း မစ္စက်ဟဲရစ် အတွက်ဟု ဆိုကာသီးသန့်ငှါးထားစေပြီး မိမိလည်းညညတွင်မစ္စဟဲရစ် သို့မဟုတ် မစ္စတာဟဲရစ်၏ ဇနီးအခန်း တွင်၀င်ရောက်အပန်းဖြေ၍ နေထိုင်ခဲ့လေသည်။ အများအားဖြင့်မူကား အဲရစ်နှင့် ထွန်းတင် တို့အခန်းမှပင် အနေများခဲ့လေ၏။
ဤဟော်တယ်သို့ရောက်မှာလည်း စောမြအေးမှာ အရင်ကထက်ပျော်ရွှင်နေရှာပုံဖြင့် ဟဲရစ်နှင့် ထွန်းတင်တို့အတွက် မကြာ- မကြာလူ၏အသွင်ဖြင့် မိမိကိုယ်ကိုထင်စေမြင်စေ သည်ဖြစ်ရာ ထွန်း တင်မှာ မိမိချစ်သူကလေးအား ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ့မြင်နေရခြင်း များကြောင့် အားရမဆုံး တပြုံးပြုံးနှင့် ၀မ်းသာလုံးဆို့၍ပင် နေမိရှာတော့သည်။
အစိမ်းမကလေးစောမြအေးကလည်း မိမိအားယခုခဲ့သို့ ထင်ထင်မြင်မြင်တွေ့နေချင်က ဘယ်အခါ မျှ မထိမကိုင် မိအောင် သတိပြုရမည်။ အစိမ်းအဝါးတို့မည်သည် လူနှင့်နီးနီးနားနား မည်မျှနေနိုင် သည်ဖြစ်စေ၊ လူသားတစ်ဦးတယောက် ၏ ထိကိုင်ခြင်းကိုမူကား မခံမရပ်နို်င်ကြောင်း ပြောပြ ထား သောကြေင့် ထွန်းတင်မှာ ကောင်းပါပြီဟု ကတိ၀န်ခံထားရရှာလေတော့သည်။
စောမြအေးလည်း လူနှင့်မခြား ပျော်ရွှင်စွာနေထိုင်သွားလာ စားသောက်ခါ နေရှာလိုသောကြောင့် ဤ ဟော်တယ် သို့ လူ့ဘ၀တုန်းက လာရောက်တည်ဘူးသည့် နည်းတူ ချစ်သူနှင့် ထမင်းတစား ပွဲတည်းအတူစားခြင်း၊ လဘက်ရည် အတူသောက်ခြင်းများကို၊ လူကောင်ထင်ရှားနှင့်သော်၎င်း၊ လူမမြင်ရသော်လက် များနှင့်သော်၎င်း၊ အချက်ကျစားသောက်နေထိုင်တတ်ပေ၏။
မစ္စတာဟဲရစ်၏ အမိန့်အရ၊ ဟော်တယ်အစေခံကုလားများမှာ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ အဘို့ ဟော်တယ်စားပွဲခန်း တွင်၊ ထမင်းနှင့် လဘက်ရည်များကို ဘယ်အခါမျှမပြင်ရဘဲ၊ ၎င်းတို့ အခန်း ထဲသို့သာ သွားရောက်ပြင်ဆင် ကျေွးရသည့်အပြင်၊ ထိုအခန်းတွင်လည်း မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ နှစ်ယောက် တည်းသာ နေထိုင်ကြပါလျက်၊ ထမင်းစားချိန်နှင့် လဘက်ရည်သောက် ချိန်များတွင်၊ သုံးယောက် တွက် အစားအစာများကို အမြဲပေးနေရသေကြောင့် အတော်အံ့သြနေမိ ကြလေရာ၊ မစ္စတာဟဲရစ် ၏ ဇနီးအတွက်ဆို၍၊ ငှါးထားသောအခန်းမှာလည်း၊ မည်သူတဦး တယောက်မျှ မနေသေး ဘဲလျက် နံနက်တိုင်း အိပ်ရာအိမ်ခင်း တွေ အနေအထား ပျက်နေကြောင်း၊ အခန်းကို ပြုပြင် သုတ်သင်ရန် လာသော ဟော်တယ်အစေခံ ကုလားမကြီး က ပြောပြပြန်သောအခါ၊ အစေခံကုလားများမှာအံ့အား သင့်သည်ထက် သင့်ကြပြန်တော့၏။
စောမြအေး သည် ရှေးယခင် လူအဖြစ်နှင့်ရောက်လာတိုင်းကပင် ဟော်တယ်အလယ် ခန်းမကြီး အတွင်းရှိ ပီယာနိုကြီး နှင့် မိမိက အင်္ဂလိပ်သီချင်း အမျိုးမျိုးတီးပေးတိုင်း၊ ထွန်းတင်နှင့်တကွ ဟော်တယ်ပေါ်ရှိိ အခြားသော ဧည့်သည်များပါ၊ ၎င်းတို့လက်လှည့်သင့်ရာ၊ သင့်ရာ၊ တွဲ၍ ကကြ၊ ခုန်ကြ၊ သီချင်း တကျော်ကျော် ဟစ်အော်သီဆိုတတ်ကြပြီး တခါတရံလည်း ထွန်းတင်က ပီယာနိုးတီး၍ အင်္ဂလိပ်စိတ်၀င်ပြီး ခေတ် အဆန်ကြီး ဆန်နေသော စောမြအေး က အခြားသော မိတ်ဆွေများနှင့် တွဲကတတ်လျက်၊ အများအားဖြင့်မူကား၊ သူတပါး တီးပေးသော အခါများတွင်၊ ထွန်းတင်နှင့် စောမြအေးတို့သာ တခါတည်း တွဲ၍ အမြဲလိုလို ကတတ်လေ့ ရ်ှိကြရာ၊ ယခုကဲ့သို့ လူ့ဘ၀မဟုတ်သော အခါမူကား၊ စောမြအေး ခမြာမှာ၊ ကချင်လျက် မကနိုင် ရှာတော့ပေ၊ သို့နှင့်ကား တခါတခါ၊ မစ္စတာဟဲရစ် တို့ သောက်စားနေကြသော အရက်စားပွဲအနီးတွင်၊ အူရွှင်ရွှင် နှင့် သူပါ ၀င်၍သောက်တတ်လျက်၊ ခပ်သွက်သွက်ကလေးမူးယစ်လာသောအခါ၊ ပီယာနိုကြီး ရှိရာ သို့ ရောက်သွားပြီး အဖုံးကြီးကိုလှန်လှောဘွင့်လှပ်ခါ၊ လူမမြင်ရသောလက်များနှင့်၊ လူ့ဘ၀တုန်း က ရ ထားသောအင်္ဂလိပ်သီချင်းများကို အားပါးတရတီးတတ်လေ၏။
ယင်းသို့ စောမြအေးပီယာနို တီးလျှင်၊ ထွန်းတင် မှာ အခြားလူတွေသိပြီး အထိတ်တလန့် တအံ့ တသြကြီး ဖြစ်သွားမည်စိုးသောကြောင့်၊ ကပြာကရာ ပီယာနိုကြီးရှိရာသို့လိုက်လာပြီး၊ မိမိကိုယ် တိုင် တီးသည့် အနေမျိုးနှင့် လက်ကားကား၊ ခြေကားကား၊ လုပ်ခါလိုက်၍ ဖါရလေတော့သည်။ သို့ရာတွင် စောမြအေး မှာ ထိန်းမနိုင်အောင် မူးသံကလေးနှင့်။ ....
"ဟေ့ ကိုကိုတင် ဖယ်ပေးကွာ၊ အိုင့်ဘာသာတီးနေတာ လာမရှုပ်နဲ့"ဟု ဖယ်ထုတ်တတ်လျက်...
"မဟုတ်ဘူး ဒါလင်ရဲ့၊ လူတွေရိပ်မိကုန်ရင် မကောင်းဘူး၊ ကိုကိုတင် တို့ကို နှင်ချလိမ့်မယ်"ဟု ပြောသည့် တိုင်အောင်...
"အို လူသိကော ဘာအရေးစိုက်စရာရှိလဲမင်၊ ကိုယ်ထင်တာကိုယ်လုပ်မှာပေါ့"ဟု ဆိုကာ၊ ပီယာနို ကိုသာ သွက်သွက် ပါအောင် တီးနေလေတော့သည်။ ထွန်းတင်ကား လက်ကားကားနှင့် ဟန်ဆောင်ကာ ဖါ နေရလေ၏။ သို့သော်မူးလွန်း၍ ပျော်လွန်းနေသော စောမြအေးမှာ၊ ထွန်းတင် ကိုတမင်တကာ၊ ကျီစား ဂျောက်ချ နေဘိအလား၊ ထွန်းတင်လက်လှုပ်ရှားနေတုန်း၊ မိမိကအတီးရပ် ထားလျက်၊ ထွန်းတင် အတီးရပ်ထားသောအခါများတွင် ရုတ်တရက် အလန့်တကြားဆူညံသွား အောင်တီးပစ်လိုက်သောအခါ၊ ထွန်းတင် ပါ လန့်ပြီးကပြာကသီကြီး ဟန်မပျက်လိုက်တီးရလေ တော့သည်။
ယင်းသို့အခါများစွာ အတိုင်အဖောက်မညီ ဖြစ်နေတတ်ရာတွင်၊ ကခုန်နေကြသူများမှာ တခန်း လုံးအမူးအရူး တွေသာဖြစ်၍ မည်သူမျှသတိမထားမိကြသေးစေကာမူ၊ ဘွိုင်ကုလား အချို့မူကား။ မဲနက်သော အသားပေါ်တွင်၊ ပေါ်လွင်ထင်းရှားနေသော မျက်လုံး ဖြူဖြူကြီးများကို ပိုကျယ် သွားအောင် ပီယာနိုကို၊ တအားပြူး၍ကြည့်မိကြပြီး၊ ၀ိဝါဒမကွဲသော မျက်နှာကြီးတွေနှင့် ထုံပေပေ လုပ်၍နေမိ ကြလေသည်။
အစိမ်းမကလေး စောမြအေးသည်။ ထူးပေဆန်းပေသည်၊ မူးရင်ရမ်းတတ်သည် ဆိုသော စကား အတိုင်း များများသောက်၍ များများမူး လာသောအခါ။ အပျော်ကြီး ပျော်လာပြီး။ အရမ်းကြီး ရမ်း တတ် လေ တော့သည်။ အမူးကြီးမူးလာသောအခါ၊ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့မှာ၊ စောမြအေး ကို ထိန်းမနိုင်အောင် ဖြစ်လာလေသည်။ ထွန်းတင်က မလုပ်ပါနှင့်ဆိုလျှင် တိုးလုပ်သည်၊ တိုး၍ ကျီစားသန် တော့သည်၊ ထွန်းတင်မှာ ချစ်သူကလေးအား မဆိုရက်ရှာပေ၊ သူလုပ်သ၍ကိုသာ လူတွေ မထိပ်မလန့်အောင် အမြဲတန်းလိုက်၍ ဖါထေးနေရရှာတော့သည်။
စောမြအေးသည် ခပ်များ များမူးလာသောအခါ၊ မစ္စတာဟဲရစ်ကြီးကိုလည်း ချမ်းသာမပေး၊ ကလေး ကစားသော ကော်ရုပ် ကြီးပမာ၊ သူလုပ်ချင်ရာလုပ်သွားတတ်၏ လူသူလေးပါးရှေ့မှာပင်၊ လူမမြင်ရသော လက်များ နှင့် ဟဲရစ်ဆောင်းထားသော ဦးထုပ်ကို ပုတ်ချချင် ချပစ်၍၊ သောက်နေသော စီးကရက်ကိုလည်း၊ ရုတ်တရက်ဆွဲလုျင် လုသွားတတ်ခါ တခါ တခါလည်း ဟော်တယ်အသောက်ခန်းတွင်း ရှိသော အပြင်ဧည့်သယ်များကိုပင်၊ သွားရောက် နောက်ပြောင် ရန်တိုက်ပေးခြင်းဖြင့်၊ တဦးနှင့်တဦး အထင် မှားပြီး၊ စကားကတောက်တဆများလျှင် တနေရာမှ အသံကျယ်ကျယ်နှင့် အားရပါးရရယ်ပစ် တတ် လေသည်။
ထွန်းတင်နှင့် ဟဲရစ်တို့မှာ၊ စောမြအေး မကြာမကြာမူး၍ ရမ်းလာသောအခါ၊ နောက်ဆုံးကြံရာမရ တော့သည် နှင့် အရက်ကိုလျော့၍သောက်ကြတော့သည်။ ခါတိုင်းတပုလင်းလုံးစားပွဲပေါ် ထောင်၍ သောက် သော်လည်း။ ယခုကား သောက်ချင်မှတခါသောက်၊ တခါသောက် မှာ၍သောက် ကြတော့ လျက်၊ စောမြအေး က သူ့အတွက်တောင်းသည် တိုင်အောင်လည်း တနည်းနည်းနှင့် လှည့်ပတ် ချော့မော ထားရ လေတော့သည်။
သို့သော် ဂဇော်သမား သူရဲ ဘိုးဘွားကြီးကဲ့သို့သော စောမြအေးမှာ၊ ခေတ်သစ်အင်္ဂလိပ်စိတ် ၀င်နေသော အစိမ်းမကလေး ဖြစ်လေရာ၊ ထွန်းတင်တို့ထံမှတောင်း၍ မရလျှင်၊ အခြားသော အရက်စားပွဲတို့မှာ ခွက်လ့ှဲ၍ကြိတ် လေတော့၏။
တခါလည်း ဟော်တယ်အပြင်ခန်းတွင်၊ အင်္ဂလိပ်ယစ်ထုတ်ကြီး တယောက်၊ အရက်ကိုပုလင်း လိုက်ထောင် သောက် နေစဉ်၊ စောမြအေးမှာ လူမမြင်ရဘဲနှင့် ပုလင်းလိုက် ကောက်မော့လိုက် သောကြောင့်၊ ယစ်ထုတ်ကြီး မှာ ထိတ်လန့်တကြား၊ ငယ်သံများပါအောင် အော်ပြေးလေ တော့သည်။
တခါတည်း အရက်ဘီရိုအနီးတွင်၊ အရက်ပုလင်းတခုလေထဲမှ ပျံသန်းသွားပြီး၊ ဖလ်ခွက်ထဲသို့ အလိုလို ငှဲ့သွား နေသည်ကို တွေ့ရသောကြောင့်၊ အလုပ်သများဘွိုင်ကုလားတွေမှာ၊ ၀ူးဝါး- ၀ူးဝါးနှင့်၊ အထိတ်တလန့် ပြေးလွှားနေကြလေတော့သည်။ တခါတခါမူကား၊ လက်ရာ ခြေရာ မထင် ယဉ်ယဉ် ကျေးကျေး နှင့်၊ ခပ်အေးအေးနေလေ၏။ သော့ခတ်ထားသော မှန်ဘီရိုတွင်၊ အလှခင်းကျင်း ထားသော အရက်ပုလင်း အချို့မှာ ဘူးဆို့ကွာပြီး ပုလင်းလွတ်ချည်း ကျန်နေသည်ကို တွေ့ရသ ဖြင့်၊ ဟော်တယ် မန်နေဂျာမှာ၊ မကြာခဏ ဆူပူကြိမ်းမောင်းနေလေ တော့သည်။
မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့မှာ၊ စောမြအေးလက်ရာမှန်း ကောင်းစွာသိ၍၊ တယောက်မျက်နှာ တယောက် ကြည့်ပြီး။ ကဲ- ဘယ့်နှယ်ရှိစဟု အချင်းချင်းအချက်ပြကြသည်။ ငါမနိုင် မ သ္မီးကလေး ပမာ၊ စောမြအေး ရမ်းကားနေတာတွေကို ဆိုရမည်လည်းအခက်၊ စိတ်ကွက် မည်လည်း မဖြစ်နိုင်၊ ချော့တလှည့် မော့တလှည့် နှင့်သာ ဖျောင်းဖျရရှာကြတော့၏။
မမူးသောအခါ၊ ချော့ချော့မော့မော့အကျိုး အကြောင်းပြောလျှင်၊ ကောင်းပါ ပြီဟု ၀န်ခံခါ၊ နောက်တခါ မရမ်းပါဘူး ဟု ကတိပေးသော်လည်း။ အမူးကြီးမူးလာသောအခါမူကား၊ ထားပြီးသား ကတိကိုမေ့လျက်၊ လက်သင့်ရာရာ လုပ်ချင်တာလုပ်သွားပြန်တော့သည်။ သူကခခြာ အစိမ်းအဝါ ဘ၀ရောက်နေရှာသဖြင့်၊ ချစ်သူနှင့်လွတ်လပ်စွာ နေရပါသည်ဆို စေကာမူ လူသားနှင့် အစိမ်း၊ အဝါး ဇာတ်နွယ်ခြားလျက် ်ရှိသောကြောင့် စိတ် သွားတိုင်း ကိုယ်မပါအမြင်သာ နီး၍ခရီးခြင်း အလှမ်းကွာနေရှာသဖြင့် မချင့်မရဲရှိတိုင်း ထင်ရာ စိတ်ရူးပေါက် သလောက် စိုင်းနေရာသည်ဟု၊ သိရှိ ရိပ်မိသောထွန်းတင်မှာ ချစ်သူကို သနားကြင်နာ ၍ မဆုံးနိုင်ရှာတော့ပေ။
သို့နှင့်ဟော်တယ်တွင် ရက်ပေါင်းအတန်ငယ်ကြာသောအခါ၊ ဘွိုင်ကုလားများ၊ အလုပ်သမားများ၊ မသင်္ကာမှု အတွက် နောက်ပိုင်းတွင် ပွစိပွစိ ဖြစ်လာလျှင်၊ ဟော်တယ်မန်နေဂျာကပါ၊ ထိုကိစ္စ ကိုစုံစမ်းသမှု ပြု၍လာလေ၏။ သို့ရာတွင်- ထိုကိစ္စမျိုးမှာ ယုံတမ်းစကားပမာ၊ ဘလာသက်သက်ကြီး ဖြစ်ရကား မန်နေဂျာ မှာ ယုတ္တိမရှိနိုင်သော ဘွိုင်ကုလားများ၏ စကားကို နားမ၀င်နိုင်အောင် ရှိလေ သည်။
ဟဲရစ်နှင့်ထွန်းတင် တို့သည်၊ လူနှစ်ယောက်ထည်းဖြစ်ပါလျက်၊ အစား အစာကို သုံးယောက်တွက် အမြဲ မှာယူ စားသောက်ခြင်းကို၎င်း၊ မစ္စတာဟဲရစ်၏ ဇနီးမစ္စစ်ဟဲရစ်အတွက်ဟုလည်း သူတို့ ရောက်ကတည်းက အခန်းသီးသန့် ငှားထားခြင်းကို၎င်း၊ အခန်းမှာ မစ္စက်ဟဲရစ်ဆိုသူလည်း၊ ယနေ့အ ထိ မရောက်လာသေး ဘဲလျက်၊ နေ့စဉ်၊ နေ့စဉ်အခန်း၏ အခြေအနေပျက်နေ ကြောင်းများကို ထပ်မံ အစစ်ခံကြပြန်၏ သို့ကြောင့် တနေ့သောအခါတွင် မန်နေဂျာနှင့် စာရေးအချို့၊ ဘွိုင်ကုလားအချို့တို့သည် ထွန်းတင်နှင့် ဟဲရစ် ကို ညစာထမင်းစားနေကြသော အချိန်တွင် မှန်တံခါးကြား မှ ချေဖျားထောက်ခါ ချောင်းကြည့် နေကြတော့၏။
အခန်းထည်းတွင် ထွန်းတင် နှင့် ဟဲရစ်သည်၊ စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းစား တော့မည်် ပြုနေကြသည် ကို တွေ့ရသည်။ စားပွဲ၏ အလယ်မှာလည်း ကုလားထိုင်အလွတ်တချပ် နှင့် ထမင်းတယောက်စာ အတွက် ပန်ကန်ပြားနှင့်ဇွန်းခရင်းများချထားလျက်၊ အရက်ဖလ်ခွက်မှာ လည်း သုံးခွက် ချထားသည်ကို တွေ့ရသဖြင့်၊ မန်နေဂျာနှင့် စာရေးများမှာ အတော်အ့့ံအားသင့်မိ ကြလေ၏။
မစ္စတာဟဲရစ်သည် ဘွိုင်ကလားများ ညာစာပြင်ဆင်ပေးသွားပြီးနောက်၊ အခန်းတံခါးကို လုံခြုံစွာ ပိတ်လိုက်လျှက်၊ ထွန်းတင်ကိုခေါ်ကာ၊ ထမင်းစားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်လိုက်စဉ်ကလည်း၊ အလယ်က ပြင်ထားသော ကုလားထိုင်မှာ လူကောင်ကိုမမြင်ရဘဲလျက်၊ လူတစုံတယောက်မှီ ထိုင်သလို၊ ဖင်ထိုင်ခုံ ဆိုဖါ မှာ အိကျသွားသည်ကို တွေ့မြင်ကြရပြီးနောက်၊ အစာမစားမှီအရက်ကို ရှေးဦးစွာ ခံတွင်း လိုက်အောင် သောက်ကြရာမှာလည်း လူမရှိသောနေရာမှ အရက်ဖလ်ခွက်မှာ အလိုလိုလေထဲသို့ မြှောက်ကြွ လာပြီ၊ လူတစုံတယောက်က မော့သောက်လိုသောကြောင့်၊ ဖလ် ခွက်တွင်းရှိ အရက်များ ထက်၀က် ကျိုးကျသွားသည်ကို နောက်ထပ် တွေ့မြင်ရသောအခါ မန်နေဂျာ အစဘွိုင်ကုလားအဆုံး၊ မျက်လုံး တွေ ပြူးနကြလေပြီ၊
ထို့နောက်ထွန်းတင်တို့ က ညစာကို စတင် စားကြသောအခါလည်း အင်္ဂလိပ်ဒင်နာနည်းအတိုင်း စွပ်ပြုတ် နှင့် ပေါင်မုန့် ကို စတင်၍စားကြရာ ၌ လူမရှိသောနေရာက စွပ်ပြုတ်ပန်းကန်နှင့် ဟင်းချိုသောက်ဇွန်း မှာလေထည်းတွင် နိမ့်ချည်မြင့် ချည်ဖြစ်နေသည်ကို တွေ့မြင်ရပြီး၊ ပန်းကန်ထည်းကစွပ်ပြုတ်တွေလည်း တဖြည်းဖြည်း လျော့ကျ သွားသည်ကို တွေ့မြင်ရလေ၏။ နောက်တဖန် ဆိုက်ဒစ် ကတ္တလစ်၊ အိစ်ဖရိုက်၊ စသောဟင်းပန်း ကန်များမှာလည်း လေထည်းတွင် ဇွန်းခရင်းဒါး တို့နှင့် တစုံတယောက်က ကော်ယူ စားနေသည် ကို တွေ့နေရ သောအခါမန်နေဂျာအမှုးရှိသာ သူများမှာ ကြက်သီးမွေးညှင်း တဖြင်းဖြင်းထတော့ မလောက်ကြောက်ရွံ့ထိပ်လန့်လာကြလျှက်၊ အမူအရာတွေ ပျက်ပြီးလျှင်၊ ချေွးသီး များ ပေါက် ပေါက်ကျ၍ လာကြလေ၏။
ဟဲရစ် နှင့် ထွန်းတင်တို့ကာ မိမိတို့ကိုလူများချောင်းကြည့်နေကြမှန်း မသိကြပေ၊ နောက်တကြိမ် ဆိတ်သား မာတင်ချော့ကို စားကြသောအလှည့်၌မူကား ထွန်းတင်သည် မာတင်ချော့မှ ဆိတ်ရိုးကို ကိုက်ရင်း မှန်ပြူတင်း-ဆီသို့ မျက်စိရောက်သွားမိသည်တွင် ရိပ်ခနဲတိမ်းသွားသော သူတဦး၏ ခေါင်းကို တွေ့မြင်လိုက် ရသောကြောင့်
ဟော- ဟိုမှာကိုယ်တို့ကို လာချောင်းကြည့်နေတယ် ထင်တယ်
ခု၊ ခပ်အုပ်အုပ်ပြောလိုက်သဖြင့် ဟဲရစ်ပါ ပြူတင်းပေါက်ဆီသို့ မသိမသာမျက်စိကိုစွေကာ ကြည့် လိုက် နေလေသည်။ ထိုခဏ၌ စောမြအေးဘက်ရှိလူမမြင်ရဘဲစားနေသော ပန်းကန်ထဲသို့ဇွန်းနှင့် ခရင်းများ ဂျောက်ခနဲပစ်ချလိုက်ပြီး၊ ကုလားထိုင်မှာလည်း တစုံတယောက်ထသွားသလို နောက်သို့ စွေ့ကနဲ ရွွေ့သားသည်ကို တွေ့လိုက်ရကာ စားပွဲပေါ်တွင်ငြိမ်သက်တိတ်ဆိတ်သွားသဖြင့်၊ ထွန်းတင်နှင့် မစ္စတာဟဲရစ် မှာ အခြေမပျက် ညစာကိုဆက်လက်စားနေကြရလေ၏။
အကြည့်ခံရသူများ ရိပ်မိသွားသည်ကို အကဲမခပ်မိဘဲ မှန်ပြူတင်းမှသူ့ထက်ငါကဲပြီး၊ ချောင်းကြည့် နေကြသူများ အနက်တွင် ဘွိုင်ကုလားနှစ်ယောက်မှာ နောက်ဆုံးကဖြစ်နေလေသည်၊ သို့နှင့် နောက်ဆုံး ကုလားအား တစုံတယောက်ကနောက်ဆီမှ ဖင်ကိုဘတ်ခနဲကန်လိုက်ခြင်းခံရ၍ လှည့် အကြည့်တွင် ကုလားသည် ဘာမျှမမြင်ရဘဲနှင့် ဖြန်းခနဲကြက်သီးထပြီး ခေါင်းကြီးလာသောကြောင့် အသာအယာ ခြေဖျားထောက်ပြီး တစ်ယောက်ထည်း လစ်လေတော့သည်။
ဒုတိယကျန်ရစ်သောဘွိုင်ကုလားမှာလည်း ရှေးနည်း၎င်းပင်၊ မိမိဖင်ကိုလူမမြင်ရဘဲ၊ ဘတ်ခနဲအ ကန် ခံရသောကြောင့်၊ ကြက်သီးထကာကြောက်ကြောက်နှင့် တိတ်တဆိတ်လစ်ပြန်ရှာသည်။ ထို့ နောက်ဟော်တယ်စာရေးကပြား ကလေးနှစ်ဦးမှာလည်း ဘွိုင်ကုလားများနည်းတူ တဦးပြီး တဦးအနှံခံ အကန်ခံ ရသောကြောင့်၊ ကျောတချမ်းချမ်း ကြက်သီးတဖြန်းဖြန်းနှင့်ကိုယ့်အခန်းကိုယ် လစ်ကုန်လေရာ နောက်ဆုံး ဟော်တယ်မန်နေဂျာ တယောက်ထည်းသာ ကျန်ရစ်လေတော့သည်။
မန်နေဂျာကား "မကြည့်ချင်မြင်ချင်ရက်သား"ဆိုသလို ထူးဆန်းလှသော အဖြစ်တော်ပုံကို အာရုံ မျက်မြင်ဇော ကြီးစွာ နှင့် ကုန်းကုန်းကြီးကြည့်နေမိရာမှ မိမိဖင်ကိုတစုံတယောက်က နောက်မှ ဘတ်ခနဲ ပစ်ကန်လိုက်သည်ကို ခံရခြင်းကြောင့် စာရေးကလေးများနှင့် ဘွိုင်ကုလားတို့ကို ဆူပူ ကြိမ်းမောင်းရန် လှည့်ကြည့် လိုက်ရာတွင် မည်သူ့ကိုမျှမတွေ့မမြင်ရတော့ဘဲမိမိတဦး ထည်းရှိနေ သောောကာင့် မိမိအကန်ခံ ရခြင်းမှာ စိတ်ထင်လို့သာဖြစ်ရမည်ဟု သဘောရသဖြင့်၊ ဖင်ကြီးကို ကုန်းပြီး ချောင်းမြဲတိုင်း ချောင်းကြည့်နေပြန်ရာ၊ ဒုတိယမ္ပိအကြိမ်ခပ်စပ်စပ်ကလေးဘတ်ခနဲ အဆော် ခံရပြန်သည်တွင်ကာ၊ မန်နေဂျာမှာ ဒေါပွကာ ချာခနဲလှည့်အကြည့်တွင်- ခေါင်းမွေးစုတ်ဖွားနှင့် မဲမဲငုတ်တုတ်ကောင်ကြီး တကောင် မှာ ရဲဖြဲဖြဲနှင့်မိမိကို ပြူးတူးပြဲတဲ ကြည့်နေရာမှ ပြောင်သလိုလို ပြုံးစိစိမျက်လုံးရဲကြီနှင့် လျှာတွဲ လွဲထုတ် ပြလိုက်သောကြောင့်၊ ဟော်တယ်မန်နေဂျာမှာ "အို-မိုင်ဂေါ့"ဟုငယ်သံပါအောင်အော်ပြီး ဖနောင့်နှင့် တင်ပါး တသားထည်းကျအောင် ပြေးရှာလေတော့ သည်။
စားပွဲတွင်ဟန်မပျက် ညစာစားနေသော ထွန်းတင်တို့မှာ မန်နေဂျာအော်ပြေးသံကြားက ထည်းကပင်၊ စောမြအေး လက်ချက်မှန်းသိကာ၊ ကြိတ်၍ပြုံးနေကြရတော့သည်။
နံနက်မိုးလင်းသောအခါမူကား၊ မန်နေဂျာသည် ရှေ့ဆောင်ပြုကာ နောက်ပါဟော်တယ်လုပ် သားများနှင့် အတူ၊ မျက်နှာထားဆိုးကြီးနှင့် ထွန်းတင်တို့အခန်းသို့ ရောက်လာခါ...
"ခင်ဗျားတို့သာ သိပ်ရှုတ်တဲ့လူနှစ်ယောက်ဘဲ၊ ညကခင်ဗျားတို့ထမင်းစားနေရာမှာ၊ ကျုပ်တို့ မသင်္ကာလို့လာ ချောင်းကြည့်တယ်၊ လူနှစ်ယောက်ရှိတာမှာ သုံးယောက်စာပွဲမှာစားတယ်၊ ကုလား ထိုင် နေရာ ဟာလဲ သိပ်ဆန်းတယ်၊ ကျုပ်တို့ဟော်တယ်မှာ အရင်ကမဖြစ်ဘူးတာတွေ ခင်ဗျားတို့ လာမှ ှဖြစ်နေတယ်၊ အရက်ပုလင်းတွေပျောက်ပုံလဲ သိပ်ဆန်းတယ်၊ ဟို-အခန်းတခုဟာလဲ လူမနေဘဲနဲ့ ခင်ဗျားတို့ ငှါးထားတာဟာ အများကြီးစဉ်းစားစရာရှိတယ်၊ ကျုပ်ခင်းဗျားတို့နှစ် ယောက်ကို မသင်္ကာဘူး"
ဟု ရှူးရှူးရှားရှား နှင့် ပြောလျှင်၊ ထွန်းတင်နှင့်ဟဲရစ်မှာ ရုတ်တရက်ကြောင်စာစာဖြစ်နေကြလေ၏။ ထို့နောက်မှ ထွန်းတင်က ကပြာကရာစိတ်ကူးရလာကာ-
"ခင်ဗျားကျုပ်တို့ကိုဘယ်လိုအကြောင်းနဲ့ အခုလိုစွပ်စွဲနိုင်သလဲ၊ ကျုပ်တို့ဟာဂျပိုးမဟုတ်ဘူး၊ လူကြီး လူကောင်း တွေဖြစ်တယ်၊ အခုခင်ဗျားပြောလိုက်တဲ့ စကားဟာအများကြီး တရားလွန်နေ တာဘဲ"ဟု ခံပြောလျှင်၊ မနနေဂျာလည်းမခံမခရပ်နိုင် ဖြစ်လာကာ-
ဂျာ။ ။ ခင်ဗျားတို့ လူကြီးလူကောင်းမကလို့ ဘာဖြစ်ဖြစ် ကျုပ်မသင်္ကာနိုင်ဘူး၊ ညကကျုပ်ကိုယ် တိုင်ခင်ဗျား တို့ ထမင်းစားပွဲကို မြင်ရတယ်၊ လူမရှိဘဲနဲ့ တနေရာကလှုပ်နေတယ်။
တင်။ ။ အဲဒါကျုပ်တို့နှစ်ယောက် လောင်းကြေး စားကြေးနဲ့ မျက်လှည့်ပြနေတာ၊ ခင်ဗျားတို့ကျုပ် အခွင့် မရှိဘဲ လာချောင်းကြည့်တဲ့ အတွက်တောင် အပြစ်ရှိနေသေးတယ်မဟုတ်လား၊ ကျုပ်တို့ နှစ်ယောက် စားဘို့ ဟာကို သုံးယောက်အတွက် မှာစားလို့ကော ခင်ဗျားတို့မှာ ဘာနစ်နာသလဲ ပိုရောင်း ရတာဘဲ မဟုတ်လား။
မန်နေဂျာသည် ခဏငိုင်သွားလေ၏။ ထို့နောက်စဉ်းစားကာ-
ဂျာ။ ။ ဒါပေမဲ့- ခင်ဗျားတို့ နှစ်ယောက်ကြည့်ရတာ၊ သူများထက်ပိုပြီးဆန်းကျယ်ပါတယ်ဗျာ၊ ဟော ဟို မစ္စတာဟဲရစ်ဆိုတဲ့ လူဟာလဲ၊ တခါတခါသူ့လက်ထဲက ဆေးလိပ်ဟာလေထဲကို ပျံထွက်သွား လားသွားရဲ့ သူ့ခေါင်းကဦးထုတ်ဟာ မကြာမကြာ မြောက်ချည် ကြွေချည်ဖြစ်ဖြစ်သွားလား သွားရဲ့၊ မစ္စတာထွန်းတင် ဆိုတဲ့ ခင်ဗျားကလဲ ပီယာနိုကို လက်နဲ့မထိဘဲ မြည်အောင်တီးတဲ့အခါလဲတီး တယ်။ တခါတလေလဲ ဟိုအခန်းလွတ်တခုကို လူမနေဘဲနဲ့ အပိုငှားထားတာဟာ သိပ်စဉ်းစားရ ခက်နေတယ်၊ ဒီတော့ ခင်ဗျားတို့ရှိတဲ့အတွက် ကျုပ်ဟော်တယ် နာမည်ပျက်သွားမှာ အများကြီး စိုးရိမ်တာဘဲ။
တင်။ ။ အဲ-ဒါခင်ဗျား မှားတာဘဲ၊ ကျုပ်တို့နှစ်ယေက်ဟာ ရှမ်းလူမျိုးတွေဆီကရလာတဲ့ မျက်လှည့် နည်းအဆန်း ကို တခါတခါစမ်းကြည့်မိတာပါ၊ ဘာမှခင်ဗျားတို့ကြောက် လန့်စရာမရှိပါဘူး၊ ဒီအ တွက်နဲ့လဲ ခင်ဗျားတို့ဟော်တယ်မှာ ဘာမှနစ်နာစရာမရှိပါဘူး၊ ဟိုအခန်းတခုငှါးထားတာကလဲ၊ ဟောဒီမစ္စတာ ဟဲရစ်ရဲ့ ဇနီးမစွက်ဟဲရစ်လိုက်လာမယ်ဆိုလို့ တင်ကြိုင်ပြီးငှါးထားရတာဘဲ၊ ဟိုကလဲ ဘာများဖြစ်နေတယ် မသိပါဘူးဗျာ၊ ခုတောင် ရောက်မလာသေးဘူး၊ ဟုအတည်ပေါက် ကြီးဖြီးနေလေရာ၊ မစ္စတာဟဲရစ် မှာ သံယောင်လိုက်ခါ-
"ဟုတ်ပါရဲ့ဗျာ၊ ဒီမိန်းမကိုနေရာတကာ ဂွကျပါတယ် သူလိုက်လာမယ်ဆိုလို့ အခန်းတခု တင်ကြို ငါှးထားရသေးတယ်၊ တကယ်လို့သာသူမလာတော့ဘူးဆိုပြီး၊ ဒီအခန်းကိုပြန်အပ်လိုက်တဲ့နောက်၊ သူ ရောက်လာရင် ကျုပ်တို့ ခေါင်းကြိမ်းအောင်ဆူမှာစိုးလို့ သာပိုက်ဆံအကုန်ခံပြီး ငှါးထားရတာ၊ အဲလေ ဒီမိန်းမကြောင့် ကျုပ်တော့ခက်ပါသဗျာ"
ဟုခေါင်းကြီးကုတ်ခါမှင်တည်တည်နဲ့ ငြီးနေသည်တွင် မန်နေဂျာမှာ၊ "အင်း- သူတို့ပြောတာလဲ ဟုတ်လောက် စရာရှိပါရဲ့လေ"ဟု စဉ်းစားပြီး-
"ကိုင်း -ကောင်းပြီလေ၊ ခင်ဗျားတို့ပြောတဲ့အတိုင်း ဟုတ်ရင်ပြီးတာဘဲ၊ သို့သော်လဲ ကျုပ်အရက် ဘီရိုထဲက အရက်ပျောက်တာတော့ အတော်ဆန်းနေသဗျာ"
ဟုလုံးလုံးကြီး သင်္ကာယနမကင်း စိတ်တွင်းမှဒွိဟဖြစ်နေသေးသော အမူအရာနှင့် ပြောကာလှည့် ပြန်သွားတော့ သည်တွင်မှ ဟဲရစ်နှင့်ထွန်းတင်မှာ ဟင်း -ကနဲသက်ပြင်းကြီး ပြိုင်တူချလိုက် စဉ်မှာ ပင်လှေကားမှ ဆင်းသွားသောဟော်တယ်မနနေဂျာမှာ လှေခါးထပ်မှ တစုံတယောက်က ဖင်ပိတ် ကန်လိုက်ဘိအလား၊ ရှေ့သို့ဟတ်ထိုးကြီး စိုက်ကျသွားပြီး၊ ကံအားလျောစွာ လက်ရမ်းကို ကမန်းကတန်း ဆွဲကိုင် လိုက်မိ၍သာ ဒေါက်လျှောက်ကြီး ကျမသွားဘဲ၊ လှေကားနှစ်ထစ်လောက် တွင်တွဲလွဲကြီးခိုသလို ဖြစ်နေသည်ကို လှမ်းမြင်လိုက်ရသောကြောင့်၊ တယောက်မျက်နှာ တယောက်ကြည့်ကာ စိတ်မော သွားမိကြလျက်၊ အတွင်းဘက်သို့ကပြာကရာ မျက်နှာလွှဲနေ လိုက်ရ ပြန်လေတော့ သတည်း။
ဒေါကြီး၊ မောကြီးနှင့် ပြန်လာသော ဒေါ်ပေါကြီးမှာ အိမ်သို့ ရောက်လျှင် ရောက်ချင်း ဟဲရစ်ကို မတွေ့ ရဘဲ၊ မကျမ္မာသဖြင့် ဆရာ၀န်ကြီးက ကလောသို့တလလောက် အမြန်သွားပြီး အနားယူရ မည်ဆို၍ သွား နေရကြောင်း စာတစောင်ရေးထားခဲ့သည်ကို တွေ့ရရုံမက၊ ဟဲရစ်ကလောသွား သည်မှာ တယောက်တည်း မဟုတ် အင်ဂျင်နီယာထွန်းတင်လည်း အခွင့်တလယူကာ၊ ဟဲရစ်နှင့် အတူ ပါသွားကြောင်း သိရသောအခါမူကား ယမး်ပုံမီးကျအမျက်ကြီး ကြလေတော့သည်။
"ဟို ကောင်မနဲ့အချောင်ပျော်ကြမလို့၊ နှစ်ယောက်တိုင်ပင်သွားတာဖြစ်လိမ့်မယ်။ မနေဘူး-မနေဘူး ငါ လိုက် သတ်မယ်"ဟု ကြိမ်းဝါးကာခရီး ရောက်မဆိုက်ပင် ကလောလိုက်မည် ပြင်ဆင်မိရာမှ စပယ်ယာ ကလေး စားပွဲထိုးချစ်တင်က ကနွဲ့ကရအမူအယာနှင့် မပေါကြီးအနီးသို့ရောက်လာကာ-
"မမပေါရယ် ဒါလောက်လဲ ရှေ့လောမကြီးနေပါနဲ့၊ မပေါ လင် ဘူတာကြီးကို ဒါလောက်ဘဲချစ် သလား၊ သူ့ ဘာသာ အလေလိုက်သွားကော မမပေါဒီမှာကျွန်တော်နဲ့ ချောင်ချောင်ချဲ့ချဲ့ကြီး ပျော်မနေရပါလား၊ ဘာကြောင့် အရေးတကြီးလိုက်သွားချင်ရတာလဲ မမပေါရဲ့"ဟု ပြောသဖြင့်၊ အင်းဒါလဲဟုတ်ပါရဲဲ့ဟု ဆိုကာ ကလော သို့ ချက်ခြင်းလိုက်မည်ဆိုသော စိမံချက်ကိုရုတ်တရက် ပို့စပုန်း လုပ်ပစ်လျှက်၊ နောက်ဆုံး မွေးသည့် စပယ်ယာလေး ချစ်တင် နှင့်ပျော်ရွှင်ရွှင်လေးငါး ရက် နေလိုက်လေ၏။
ယင်းသို့ မပေါကြီးနှင့်ချစ်တင် တို့ ပျော်ရွှင်စွာနေသည့်အတွင်းတွင် အိမ်သို့အင်္ဂလိပ်ကပြား ဧည့်သည် တယောက် ရောက်လာလေ၏။ ထိုဧည့်သည်မှာ ယခုအခါပိုက်ဆံတော်တော် ချမ်းသာသော မုဆိုးဖိုကြီး တယောက် ဖြစ်နေယုံမက ရှေးယခင်ကလည်း မပေါကြီးနှင့်အလွန် ရင်နှီးချစ်ခင်ဘူး သည့် မြောက်ပန်း လှန်ဘက် ဘက်သတ်မွေးထားသော ခယားပွင့်တံဆိပ် စပယ်ရာလက်ဟောင်း ကြီးတဦးဖြစ်လေရာ၊ မစ္စတာဟဲရစ် လူပါး၀နေသည်ကိုမခံချင်နေသော မပေါကြီးတွင်၊ မှာထားအလား သင့်ကြုံရသည်ဆိုသည် နာရီတိုတို နှင့် ဧည့်သည်နှင့်အိမ်ရှင်နှစ်ယောက်သား အပေါင်းထုပ်စား လိုက်ကြပြန်လေတော့သည်။
မပေါကြီး၏စိတ်မှာ ဟဲရစ်တည်းဟူသော တွဲဟောင်းကြီးကိုဖြုပ်၍၊ တွဲဖြူအသစ်တတွဲနှင့် ခုတ် တော့မည် စိတ်ပိုင်း ဖြတ်လိုက်သည်။ သူ့တွဲသစ်ကြီးကလည်း ခေတ်ကောင်းတန်ခိုးလားမသိ၊ အတော်မိမိရရ ကပ်လျက်ရှိလေရာ၊ မပေါကြီးစိတ်မှာ ဟဲရစ်အပေါ်တွင်လည်း နင်သာလေလိုက်နိုင် တာမဟုတ်ဘူး၊ ငါလဲ နင့်လိုဘဲ ဟု အားကျလိုက်လုပ်ပြလိုက်ချင်သည်၊ နင့်ထက်သာတဲ့ သူေဋ္ဌးတယောက် နဲ့နင့်ရှေ့မှာ တွဲ လျှောက်ပြမယ်။ အို-ကြာတယ်၊ ဟဲရစ်လုပ်နေတာတွေငါသိတယ် ဆိုတဲ့ သဘောမျိုးလဲရောက်အောင်၊ ငါနဲ့ နောက်ယူမဲ့ လူကိုလဲဒင်းတို့ရှေ့မှာတွဲပြနိုင်အောင် ကလော ဟော်တယ်ကိုတခါထဲ လိုက်သွားမယ်ဟု စိတ်ပိုင်း ဖြတ်ပြီး၊ ဧည့်သည်မုဆိုးဖိုကြီး ဂျွန်ဆင်အား လေးငါးရက်အိမ်ထဲတွင် ၀တ်တရားကျေပြွန်စွာ ဧည့်ခံ ပြီးနောက်၊ ချစ်တင်ကိုလည်း အနည်းနည်းနှင့် လှည့်စားယုံသွင်းထားခဲ့ကာ ကလောသို့ စုံတွဲ လိုက်ကြရန် ပြန်ဆင်လေတော့သည်။
ထိုသို့ကလော သို့မလိုက်မှီလည်း၊ ဟဲရစ်ကြီးကို ဂျောက်ကျသည်ထက် ကျစေခြင်းငှါတကြေင်း၊ မိမိ ဘယ်အခါ ကမျှမျက်နှာကြောမတဲ့ခဲ့ဘဲ၊ ဟဲရစ်ကိုအမြဲသွေးဆောင်ဖျက်ဆီးနေသူဟု အယူရှိခဲ့သော ထွန်းတင် ကိုလည်း အပိုဂျောက်တွန်းလိုသောကြောင့် ထွန်းတင်၏မိခင်ကြီးထံသို့ သွားကာ ထွန်းတင် သောက်စား ရမ်းကားအလေလိုက်နေပုံ၊ တလောကလည်း မိန်းမတယောက်နှင့် အပျော်သွားရာ တွင် ကားမှောက် ခံခဲ့ရပုံ၊ အခုလည်းမိန်မတယောက်ကိုခေါ်ကာ ကလောဟော်တယ်တွင် အရမ်းမဲ့ ပျော်ပါး သောက်စား နေကြောင်း၊ သားလူပျိုကို ဤလိုကြာကြာပစ်ထားပါ က ရှေ့ရောက် ထိန်းမရ အောင် ပျက်စီးသွားမည်ဖြစ်ကြောင်း၊ သို့အတွက်သင့်လျှော်သော မိန်းမတယောက်နှင့် နေရာချ ထားလိုက်ပါက ငြိမ် သွားမည်ဖြစ်၍ သူ့ကိုအလျှင်အမြန်ပြန်လာခဲ့ရန် အရေးတကြီးစာရေးခေါ်လျှင် ကောင်းကြောင်း၊ စသည် များကို သွားရောက်ဂုံးချောလေရာ၊ ထွန်းတင်၏ရိုးသာသော မိခင်ကြီးမှာ သားအတွက်အပြင်း အထန် စိတ်ပူ လာရှာပြီး ရှေးအထက်အခါကတဲက လူကြီးချင်းစကားစပ်ထား ဘူးသော လဘက်ခြောက် ပွဲစားကြီး ဦးပေါယုံသ္မီးကလေး မနန်းအေးနှင့်အလျှင် အမြန်ပေးစားလိုက် တော့မည်ဟု စီစဉ်ကာ သားဖြစ်သူ ထွန်းတင် ထံသို့ အရေးကြီးသော ကိစ္စရှိ၍ပြန်လာရန် စာတစောင် အမြန် ရေးထည့် လိုက် လေ၏။
ဂျောက်တွန်းတန်သည်ကို တွန်း၍ချော့တန်သူကလည်း ချော့မော့လှည့်ပတ်ထားခဲ့ပြီး၊ ဟဲရစ်ကြီး ကိုလည်း ကလှည့်စား ချေရစေခြင်းငှာ မစ္စတာဂျွန်ဆင်နှင့် တွဲပြီး ကလောမြို့ရှိ ဟဲရစ်နှင့် ထွန်းတင် တို့ရှိသော ဟော်တယ် ပေါ်သို့ တူပျော်ပျော်ရောက်လာလေသည်။ ရောက်ရောက်ခြင်းပင် ဟော်တယ် အခန်း လိုကြောင်း ပြောသော် မန်နေဂျာက။
အခန်းအား မရှိကြောင်း၊ သို့ရာတွင်မစ္စက်ဟဲရစ်အမည်နှင့် မစ္စတာဟဲရစ်ငှားထားသော အခန်းတခု လူမရှိကြောင်း၊ မူလငှားထားသူ မစ္စတာဟဲရစ် ကိုအခွင့်တောင်း၍နေလိုမူ ရနိုင်မည်ထင်ကြောင်း ပြောလျှင် မပေါကြီးမှာ ရုတ်ရက်အားရ၀မ်းသာနှင့်...
"အို-ဒီလိုလား မစ္စက်ဟဲရစ်ဆိုသူက သူများမဟုတ်ပါဘူး၊ ကျမပါဘဲ၊ ဘယ်မလဲ၊ ဘယ်မလဲ၊ ဒီအခန်း၊ ကျမပစ္စည်းတွေကို ကုလားတွေကို အခန်းထဲသယ်လာပါစေ"
ဟုပြောသည်တွင် မန်နေဂျာ လည်း ယခင်က မစ္စတာဟဲရစ်ကြီးပြောဘူးသော စကားအတိုင်းပင် မစ္စတာဟဲရစ်၏ ဇနီးလိုက် လာသည်ဟု သိသွားကာ ပစ္စည်းများသယ်စေလျက်၊ အခန်းသော့ကိုလည်း မပေါကြီးလက်သို့အပ် လိုက်လေတော့ သည်။
မပေါကြီးသည် မိမိနာမည်နှင့် ဟဲရစ်အခန်းငှားထားသည်ကို စဉ်းစားမရအောင်ရှိလေ၏။ မိမိနှင့် မစ္စတာဂျွန်ဆင့်လာမည်ကိုများ ဟဲရစ်သိထားနှင့်၍ ယခုလိုအခန်းငှားထားခြင်းဖြစ်လေသလား၊ သို့တည်း မဟုတ်၊ မိမိလိုက်လာလိုက လာနိုင်စေရန် အကယ်ပင်စေတနာရိုးနှင့် ငှားထားလေ သလား၊ ဤသို့ တွေးမိသော်လည်း ဟဲရစ်ကြီးသည် ထွန်းတင်နှင့် တိုင်ပင်ကာ မကျန်းမာဘူးဟု အကြောင်းပြပြီး အလေလိုက်ရန် လာသူဖြစ်၍ ဘယ်နည်းနှင့်မှ၊ စေတနာရိုးနှင့်ငှားထားမည် မဟုတ်၊ အကြောင်းတခု ရှိရမည် ဟု ပိုင်ပိုင်ကြီး တွေးတောဆုံးဖြတ် လိုကိမိသည်။
လိုရင်းအချုပ်မှာလည်း ဟဲရစ်ကြီးအား ဖုတ်လေသည့် ငါးပိရှိလေတယ် မမှတ်ခဲ့ဘူးသော ဝါဒအတိုင်း၊ ဟဲရစ် အကြောင်း တခုနှင့် မိမိအမည်တတ်ခါငှားထားသော အခန်း ကို မိမိ၀င်၍ အခန့် စား နေပြလိုက်ရခြင်းမျာလည်း တနည်းတလမ်းအားဖြင့် ဟဲရစ်အပေါ် တွင် အောင်မြင်ပြီးခြင်း တရပ်ဟု စွဲမှတ်လိုက်ခါ ဟော်တယ် မန်နေဂျာနှင့် စေခံများကို အခြေမပျက်၊ ပြုံးကာ၊ ရယ်ကာ စကားပြောစရာ ရှိသလောက်ပြောဆို၍ လိုတာရှိသမျှမှာ ကြားနေရစေကာမူ၊ စိတ်တွင်းကား မိမိအောင်မြေ နင်းထားရပြီး ဖြစ်သည်ကို ဟဲရစ် ကြီးအား ပြချင်လှလေပြီဖြစ်တော့၏။
ဟဲရစ်နှင့် ထွန်းတင်တို့မှာ အိပ်ရာထဲတွင် သက္ကလပ်စောင်ကြီးတွေနှင့် ကွေး၍ကောင်းကြတုန်းပင် ရှိလေသည်။ ထိုအခိုက် အစိမ်းမကလေး စောမြအေး လေသံနှင့် ဒေါ်ပေါကြီးနှင့် လူကြီးတယောက် ရောက် လာကြောင်း မစ္စတာဟဲရစ်ငှားထားသော အခန်းကိုပင် အဆင်သင့် ၀င်နေလိုက်ပြီဖြစ် ကြောင်းများ ပြောလာသောကြောင့် နှစ်ယောက်သား မပေါကြီးလိုက်လာပုံ ထူးခြားခြင်းကို မစဉ်းစား နိုင် အောင်ဖြစ် နေကြလေ၏။ ဟဲရစ်မှာ မိမိ၀တ္တရားရှိသလောက် ထွက်၍ကြိုဆိုရမည်ဖြစ်သော ကြောင့် ကြာကြာကြီး စဉ်းစားမနေအားဘဲ၊ အ၀တ်အစားများလဲကာ မပေါကြီးရှိရာသို့ ရောက်လာ လေသည်။
"ဟလို-မပေါကြီး ခင်ဗျားစာမရေးဘဲနဲ့ လိုက်လာသလား၊ အို-မစ္စတာဂျွန်ဆင်လဲပါသကိုး"ဟု ချိုပြုံးစွာ နှုတ်ခွန်း ဆက်သော်လည်း မစ္စတာဂျွန်ဆင်ကသာ လက်ဆွဲ နှုတ်ဆက်လျက်၊ မပေါကြီးကမူ "ရှုးသိုးသိုးကြီး" နှင့် နှုတ်ခမ်းစူလျှက်ရှိလေသည်။ မစ္စတာဂျွန်ဆင်မှာ မျက်နှာပူသလားမသိ၊ စကားရော ဖွဲရော လုပ်ခါ တနေရာ သို့ ရှောင်ထွက်သွား၍ လင်မယားနှစ်ယောက်တည်း ကျန်ရစ်သည်တွင်
"ဘယ့်နှယ်လဲ မပေါကြီး ခင်ဗျားကျွနု်ပ် ကို စိတ်ဆိုးသေးသလား"
"အေးဆိုးတယ်ဟဲ့ ဆိုးတယ်၊ နင်ဒီမှာလာပြီးအကောင်မ တကောင်နဲ့အလေလိုက်နေဒါငါမသိ ဘူး မှတ်သလား၊ နင့်အဘေထွန်းတင်နဲ့ ဒီမှာသိပ်ပျော်နေကြတယ်ပေါ့၊ နင့်အကြောင်းငါသိလို့ လိုက် ကလှည့်စား ချေမလို့ လိုက်လာတာနားလည်လား၊ နင်ကဒီပြင်ကောင်မတွေနဲ့ ပျော်လို့ ငါလဲဒီပြင်လူနဲ့ နင့်ရှေ့ တွဲခုတ် လာခဲ့တယ်၊ နင့်ကိုကွာပြီး၊ ငါ-ဂျွန်ဆင်နဲ့ ယူတော့မယ်၊ နင်လဲနင် ပျော်ရာနဲ့ နေချေ၊ ခွေး ကောင်ကြီး သေခါနီးမှနန့်ကြောဆွဲလိုက်ရတာ လွန်နေတာဘဲ"
"အိုး-မိုင်ဂေါ့၊ မပေါကြီးကျုပ်ကို အထင်မှားနေတယ်၊ ကျုပ်ဆရာ၀န်ကလွှတ်လို့ ဒီကိုလာတယ်၊ မစ္စတာထွန်းတင် နဲ့ ကျုပ်နဲ့နှစ်ယောက်ထဲပါ၊ ဘယ်မိန်းမမှမပါပါဘူး၊ ခင်ဗျားမယုံရင် ဟော်တယ် က လူတွေကို မေးကြည့်ပါ"
"မလိမ်ပါနဲ့ဟဲရစ်ရာ နင့်အကြောင်းတွေ ငါသိပါတယ်၊ ငါ့မျက်စိနဲ့တပ်အပ်မြင်ပြီးပါပြီ၊ ငါတောသွား နေတုန်း က အိမ်မှာ ကောင်မတကောင်ကိုခေါ်ထားပြီး၊ အားမနာပါနဲ့ နေချင်သလောက် နေပါလို့ ခွင့်ပြု ထားတယ်၊ ဒီကောင်မရယ် ထွန်းတင်ရယ်နင့်အိမ်မှာ ညတိုင်း ညတိုင်း အရက်၀ိုင်းနဲ့ ထမင်းစားပွဲနဲ့ လောကွတ်ချော် ဧည့်ခံနေတာတွေ ငါ သိတယ်၊ ငါမြင်တယ် အဲဒီလိုငါမကြိုက် တာတွေလုပ်နေတဲ့အတွက်၊ နင် ့ကို အခုချက်ချင်း ကွာပစ်မယ်၊ ဒါကြောင့်နင့်ဆီကိုလိုက်လာတာ ဟဲ့"
"မပေါကြီး ကျုပ်ကိုအထင်မမှားပါနဲ့၊ ကျုပ်ဆရာ၀န် လွတ်လို့လာရတာပါ"
"အို- မရဘူး၊ မရဘူး၊ ကွာရမှအေးမယ်၊ နင့်ကိုမကွာရရင် မနေနိုင်ဘူး၊ သွားပါ-သွားပါ-နင်လုပ် ချင်တာတွေ လုပ်ခဲ့ပြီးမှ ဘိန်းစားချွဲ လာမချွဲပါနဲ့ နင့်မျက်နှာလဲငါမကြည့်ချင်ပါဘူး" ဟု ဆိုကာ ဒေါနှင့် မာန် နှင့်ဟဲရစ်၏ ရင် ပတ်ကိုတွန်းလွှတ်ခါ အခန်းတံခါးကို ဂျောင်းကနဲ ပိတ်ထား လိုက်သည် တွင်၊ ဟဲရစ် နှင့် မိမိနေသော အခန်းထဲသို့ နောက်ပြန်ဖင်ထိုင်ရက်ကြီး ရောက်လာလေ၏။ မပေါကြီး ဆူပူကြိမ်းမောင်း သမျှနှင့် ဟဲရစ်ပြန်ပြောနေသော စကားများအစအဆုံးကြားရသော ထွန်းတင် မှာ ပါးစပ်ကိုပိတ်ခါ ရယ်မော နေ၍မျှ မပြီးသေးမှီ၊ ဟဲရစ် တပ်လန်လာသည်ကို တွေ့မြင်ရသော ကြောင့်၊ အသာဣနြေ္ဒ ဆောင် နေလိုက်ရလေ၏။ ဟဲရစ်သည်မျက်နှာသေးကလေးနှင့် ဖုတ်ဖက် ခါ ၍လဲရာမှထလာကာ-
"မစ္စတာထွန်းတင်မပေါကြီး ကျုပ်ကိုသိပ်စိတ်ဆိုပြီး ကွာတော့မယ်ဇွတ်လုပ်နေပြီ၊ ကျုပ်တော့ ဒုက္ခဘဲဗျာ"ဟု မျက်နှာငယ်ကလေးနှင့် ညီးညီးညူညူပြောလိုက်သောအခါ၊ ထွန်းတင်မှာဟဲရစ် အား ယောကျ်ား တန်မဲ့ အသဲငယ်ရမည်လားဟု မခံနိုင်ဖြစ်လာပြီး...
"အို- ခင်ဗျားမိန်းမကြီး က ဘွိုင်လာကြီးဘဲဗျာ၊ သူကွာကောဘာအရေးလဲ၊ ခင်ဗျားတောင်နာအေး သေးတယ် မဟုတ်လား၊ မက်စရာဆိုလို့လဲ တရွေးသားမှ မရှိဘဲနဲ့၊ ကွာစမ်းပါစီဗျာ၊ ကွာပါစီ-" ဟုဒေါနှင့် မောနှင့် ပြောမိရာ၊ ဟဲရစ်မှာပူပုံပန်း မျက်နှာကလေးနှင့်-
"မဟုတ်ဘူးလေ- ကျုပ်ပြောအုံးမယ် မစ္စတာထွန်းတင်၊ မပေါကြီးနဲ့ကွာရမှကို ပူလွန်းလို့ မဟုတ်ဘူးဗျ၊ သူ့ကိုကျုပ်ကွာလိုက်ရင်၊ ကျုပ်လည်ပင်းမှာ တခါထဲကြိုးတပ်မိသလို ဖြစ်သွားမယ်၊ အို-ကျုပ်ကို မိုက် ပါတယ်လေ၊ ဟာ-သူ့ကိုကျုပ်ကွာလို့ မဖြစ်ပါဘူးဗျာ- မဖြစ်ပါဘူး"
ဟုခေါင်းကိုစုံကုတ်ခါ ညီးညီးတွားတွား ပြောရှာ ပြန်လျှင်၊ ထွန်းတင်မှာ ရီချင်လာသောကြောင့်-
"သြော်-တယ်လဲစွဲနေသကိုး ဘုရားတကာဟဲရစ်ကဲ့၊ ကဲ-ကွာလို့မဖြစ်တဲ့ အကြောင်းကလေးလဲ ပြောအုံးမှပဗျာ"
"ကျုပ် မိုက်ခဲ့တာဘဲ မစ္စတာ ထွန်းတင်ရယ်၊ ကျုပ်သိပ်မိုက်ခဲ့တယ်၊ ဒီမိန်းမကိုယူခါစက ဘာကြောင့်လဲ မသိဘူး၊ သူ့ကိုမိုးမမြင်၊ လေမမြင် သိပ်ချစ်ခဲ့မိတယ်၊ အစကသူ့ကို လက်ထပ်ဘို့ စိတ်မကူးဘဲနဲ့၊ နောက်တော့ သိပ်ချစ်တာနဲ့ လက်ထပ်လိုက်တယ်။ အိုး-ကျုပ်ရဲ့ အသက်ကိုပါ သူ့လက်ထဲ အပ်ထားချင် သလို စေတနာထက်သန်လာတာဘဲ၊ ဒါနဲ့တိုတိုပြောရရင် ကျုပ်ပိုင်တဲ့ ပစ္စည်းမှန်သမျှ၊ တိုက်တွေ၊ အိမ်တွေ၊ မြေယာတွေကစပြီး အပ်တိုကလေးတချောင်းအထိ မပေါ ကြီးနာမည်နဲ့ ချည်းထားခဲ့မိတယ်၊ ကျုပ် အသက်ပေါင် ထားတာလဲ သူ့နာမည်နဲ့၊ ကျုပ်ရှိသမျှ ဘဏ်မှာထားတဲ့ ငွေတွေဟာလဲသူ့နာမည်နဲ့၊ နို့ပြီးတော့ဒီပစ္စည်းတွေဟာ သူနဲ့ ကျုပ်နဲ့ ဘယ်သူက ဆိုးလို့ကွဲရ ကွဲရ ကွဲတာနဲ့ တပြိုင်ထဲကျုပ်တပြားမှ မဆိုင်တော့ဘူးလို့၊ အချစ်ရူး ရူးနေတုန်းက စာချုပ်ပြီးပေးမိတယ်။ အို-ဒါတွေကြောင့် ပေါ့ဗျာ၊ မစ္စတာ ထွန်းတင်ကျုပ်ဒါလောက် အသဲမငယ်လှပါဘူး၊ ပစ္စည်းအရကြောင့် ဒါ လောက်ဆွေးရတာပါ"ဟု ပြောကာမှ ထွန်းတင်မှာ-
"ဟာ- ဒါ ဖြင့်ခင်ဗျားဟာဂျောက်ကြီးဘဲ၊ ဒီမိန်းမကြီးကို ကျားမြီးဆွဲသလို မသေမချင်းဆွဲထားရုံ ရှိတော့တာပေါ့၊ ခက်သဗျာ-ခက်ထာမှလွန်နေရော"
ဟု အပြစ်တင်သံနှင့် ငြီးနေမိလေတော့သည်။ မစ္စတာဟဲရစ်မှာလည်း၊ မပေါကြီးကွာမည်ဆိုသော စကားကို နားမှ လေသံ မခံနိုင်အောင်ရှိလျှက်၊ မျက်စေ့ပျက်ပျက် မျက်နှာပျက် ပျက်နှင့်မှိုင်၍သာ နေရှာတော့သည်။ မပေါကြီးမှာမူကား မစ္စတာဂျွန်ဆင်နှင့် တပူးတွဲတွဲအမြဲအကြည်ဆိုက်၍၊ တမင် အရွဲ့တိုက်ပြ နေလေတော့သည်။ ဂျွန်ဆင်မှာလည်း ဆေးမိသူအလား မပေါကြီးအား တမ်းတမ်းစွဲမခွဲနိုင် မခွါရက်ဖြစ်ခါ နေလေတော့၏။
"ခက်တယ်ဗျာ၊ ဟို-အကောင်ကလဲကျုပ်ရှိရက်သားနဲ့ တောင်ဒါလောက်ကဲနေမှ မယားခိုးမှု တမ်း စွဲလိုက်ရင်၊ ဟာ-ဒီနည်းလဲ ဟန်မကျပါဘူး၊ မပေါကြီးအပြစ်ရှိလို့ ကွဲရင်လဲ၊ ကျုပ်သာပစ္စည်း လက်မဲ့ဖြစ် ကျန်ရစ်မှာဘဲ"ဟု ဟဲရစ်က မှိုင်ပုံချကာပြောလျက်၊ ထွန်းတင်မှာလည်း ဟဲရစ်အတွက် နှင့် စိတ်ပျက်ခါ အရက်ကိုမျှမသောက်နိုင်၊ တနေ့လုံးမှိုင်၍နေမိလေ၏။
အစိမ်မကလေး စောမြအေးမှာ သူ့လူမှာ မှိုင်ပုံထုတ်၍ ကုတ်နေကြသည်ကို တွေ့မြင်ရသည်တ ကြောင်း၊ ၎င်းတို့စကားအရ မပေါကြီးနှင့်ဟဲရစ် တနည်းနည်းနဲ့ကွဲကြလျှင်၊ ဟဲရစ်မှာမစ္စည်းဆုံး၍ အသက်ထက်ဆုံး နစ်နာ သွားတော့မည်။ မပေါကြီးလည်း ဂျွန်ဆင်အားကိုးရှိသောကြောင့်၊ ဟဲရစ် အပေါ် ဤမျှလောက် အပေါက်ဆိုး နေခြင်းဖြစ်သည်တို့ကို သိသွားလေတော့သည်။ ထို့ကြောင့် နောက်တနေ့ကစ၍ မပေါကြီး နှင့် ဂျွန်ဆင်တို့မှာ ဂျောက်ကျမှန်းမသိကျလာလေ၏။
မပေါကြီးမျက်စေ့ထဲ၌ ဂျွန်ဆင်အနားတွင် အခြားမိန်းမတဦးပူးတွဲ၊ ပူးတွဲနှင့် အမြဲလိုက်နေသည်ဟု ထင်မြင် နေရသည်။ ဂျွန်ဆင်မှာလည်း မပေါကြီးကို ရှေးကလိုအရေးမလုပ်ဘဲ မျက်နှာထားကြီး တခွဲသားနှင့် အမြဲတန်း သုံမှုံနေပြီး၊ ၎င်းအနီးကတွဲလိုက်နေသော မိန်းမကိုမူကားပြုံးချိုကြည်သာ သောမျက်နှာထားနှင့် များစွာ အရေးပေးယုယလျှက် ရှိသည်ကိုတွေ့ရလျှင်၊ မပေါကြီးမှာမကျေ မနပ်နှင့်မခံမရပ်နိုင် ဖြစ် နေလေသည်။ ဒီလူလဲမညံ့ပါဘဲကလား၊ ငါ့ကိုအင်မတန်ကြီး အရေးပေး ထားရက၊ ကောင်မလဲ ရောက်လာရော၊ ငါကိုခွာတာတာလုပ်ထာဘဲ၊ ဒီကောင်မဟာလဲဘဲ သူ့မယားလား ၊ ရည်းစားလား မသိ ရဘူး၊ ငါချောင်းဘမ်းဦးမှဘဲဟုစိတ်ကူးကာ၊ ပြောကြသော စကားများကိုနားစိုက်ထောင်မိလျှက်-
"မစ္စတာဂျွန်ဆင်၊ ရှင်ဟာကျမကိုလက်ထပ်ထားပြီးဘာပြုလို့ ခုလိုတယောက်ထဲထွက်သွားရတာ လဲ၊ အိမ်က ကလေးတွေကလဲ ပါပါဘယ်သွားလဲ၊ ဘယ်သွားလဲနဲ့ မေးကြလှပြီၤ၊ ကျမလဲရှင်စိတ်ရူး ပေါက်ပြီး ထွက်သွားတယ်ဆိုတာ ရိပ်မိတာနဲ့၊ ရှင်သွားတတ်တဲ့နေရာတွေကို စုံးစမ်းပြီးလိုက်ရှာ တာဘဲ၊ အခုတခါထဲ ကျမနဲ့ ပြန်လိုက်ခဲ့ပ ါ၊ ဟုတ်လားဂျွန်ဆင်နော်၊ ပြန်လိုက်ခဲ့နော်"
ဟု မိန်းမဖြစ်သူကပြောနေပြီး ဂျွန်ဆင်ကြီးကလည်း မိန်းမ ပျိုကိုယုယဘက်ပွေ့ကာ-
"လိုက်မှာပေါ့ဒါလင်ရယ်၊ ဒါလင်လိုလှလှပပ ငယ်ငယ်ရွယ်ရွယ်မယားကလေးကို ကျုပ်အလကား ပစ်ထားရက် ပါ့မလား၊ ဒါပေတဲ့-မပေါကြီးမှာသူ့လင်နဲ့ ကွာရင် ပစ္စည်းတွေအများကြီးပါလာမယ် ကွဲ့၊ သူ့ဆီကပစ္စည်း တွေကို သိုက်တူးချင်လို့သူ့ကိုနှူးနေရတာပါ၊ မင်းလိမ္မာရင် သူ့ဆီကရလာသ မျှ ပစ္စည်းတွေဟာ မင်းတို့သားအမိတတွေ စံစားဘို့ဘဲမဟုတ်ဘားကွဲ့” ဟု ပြောလျှင်၊ မိန်းမပျိုက-
"အို-ဟင့်အင်း၊ ဟင့်အင်း၊ ပစ္စည်းတွေကိုလဲ မလိုချင်ပါဘူး၊ ကိုယ့်လင်သူများနဲ့ ချစ်နေတာကိုလဲ မကြည့် နိုင်ပါဘူး၊ လာပါ-ပြန်သာလိုက်ခဲ့ပါ"
ဟုပြောကာ မစ္စတာဂျွန်ဆင်ကို မရမကခေါ်နေလျှင်၊ ဂျွန်ဆင်မှာ အေးပါကွယ်၊ ဒါဖြင့်လဲပြန်လိုက်ပါ့ မယ် ဟု နောက်ဆုံးအာမခံလိုက်သည်ကို ကြားရလျှင်၊ ခက်ထန်လှသောမပေါကြီးမှာ ၀မ်းနည်းရှက် ကြောက်လှသည် နှင့် မိမိအခန်းကိုလုံခြုံစွာပိတ်ပြီး ကြိတ်ခါ ငိုနေမိလေသည်။ "ငါမှားပြီ၊ ငါမှားပြီး ငါ့လင် ဟဲရစ်ကြီး ကို ပစ်ပြီးအသစ်ရှာမယ် ကြံလိုက်တာ ကံကောင်းလို့ ကျားငစဉ်းလဲနဲ့ မတွေ့ရ တယ်"ဟု နောင်တ တရားရကာ မစ္စတာဟဲရစ်အားချက်ချင်း ပြန်၍ချော့မော့ပြီး၊ မိမိအခန်းထဲသို့ သွင်းလိုက်လေ တော့၏။
ဂျွန်ဆင်မှာမူကား၊ ထိုညအဘို့ အရက်တွေများစွာသောက်ပြီး တယောက်ထည်းအမူးကြီး မူးနေသည် ဖြစ်ရာ၊ ဟော်တယ်အရက်ခန်းကလူးများနှင့် ကတောက် ကဆပ်စကားများပြီး၊ ထိုးလား ကြိတ်လား၊ လုပ်သည် ဟု စွပ်စွဲကာ၊ ဟော်တယ်မန်နေဂျာက ဆိုင်ပြင်သို့ ဆွဲထုတ်ပစ်ခြင်းခံရလေ လျှင်၊ ဂျွန်ဆင်သည် ဆိုင်ပြင် မှနေ၍ ကြိမ်းမောင်ရေရွှတ်နေမိသည်။ ထိုအခိုက် ဂျွန်ဆင်ရပ်နေသော အနီးအနားမှာ လမ်းခင်းရန် ချထားသော ကျောက်ခဲပုံကြီးမှ ကျောက်ခဲလုံးများသည် လူမမြင်ရဘဲ တစုံတယောက် သောသူက၊ လေထည်းမှနေ၍ ဟော်တယ်မှန်ပြူတင်းများ သို့အဆက်မပြတ် တဗြုံးဗြုံးပေါက်နေလျှင်၊ မှန်ပြူတင်းများလည်း၊ ဂျွမ်ကနဲ၊ ဂျွမ်ကနဲ ပျက်စီးကျေကွဲကုန်သည်ကို တွေ့ရသောကြောင့်၊ ဆူပူ ရေရွတ်နေသော ဂျွန်ဆင်ကြီးမှာ ထူးဆန်းသော အဖြစ်အပျက်များကို၊ ရုတ်တရက် အံ့အားသင့် ကြည့်နေမိရာမှ မိမိအားဟော်တယ်မနေဂျာ တိုင်တမ်းချက်အရ၊ ကျောက်ခဲ ပုံနားတွင် တယောက်ထည်း ဆူပူ နေခြင်းအားဖြင့်၊ အရက်မူး၍ ခဲပေါက်မှုအပြစ်နှင့် ပုလိပ်များဘမ်း ယူသွားပြီး ဂါတ်အချုပ်ခန်း ထည်းတွင် ချထားခြင်း ခံရမှ သတိရလာလေတော့၏။
နောင်တရသော မပေါကြီးမှာ ဟဲရစ် ထွန်းတင်တို့နှင့် အတူနောက်တနေ့တွင် နေရပ်သို့ ပြန်မည်စီစဉ် နေ လေသည်။ ဟဲရစ်မှာ မပေါကြီးရုတ်တရက် စိတ်နူးည့ံလာသည်ကို မတွေးတတ် အောင်ရှိနေရာမှ ထွန်းတင် က စောမြအေးလက်ချက်တွေ ဖြစ်ကြောင်း စောမြအေးပြောပြ၍ သိရကြောင်း၊ တီးတိုး တဆင့်ပြန်ပြော သောအခါမှ "ကစ်ဒီဟာ အခုလိုအရေးထဲကျတော့လဲ အတော်ရှာ သားဘဲ"ဟု ချီးမွမ်းကာ ပြုံးချိုကြီး ဖြစ်လာလေ၏။ သွားခါနီးခရီးထွက်ဆဲမှာပင်၊ ထွန်းတင်၏မိခင်ထံ မှပြန်လာရန်ခါ်သော စာတစောင်ရောက်လာလေ၏။ မပေါကြီးမှာ မိမိလက်ချက်မှန်းသိသော် လည်းမြုံနေလေ၏။ သို့နှင့် မိမိတို့မြို့ သို့ ပြန်ရောက်လျှင် ရောက်ခြင်း၊ ထွန်းတင်မှာ မိခင်ကြီးအ သင့်ပြင်ဆင်ထားသောမင်္ဂလာပွဲနှင့် ဘွားကနဲ ရင်ဆိုင်တိုးရလေတော့၏။
"အို-မေမေကလဲ ဘာမပြော၊ ညာမပြောနဲ့၊ ဘွားကနဲလုပ်တာကိုး"ဟုပြောမိသော်လည်း၊ မိခင်ကြီး က
"ငါ့သား ကြာရင်ပျက်စီးမျာစိုးလို့ ဗြုံးကနဲ မိန်းမပေးစားရတာဘဲ၊ ကဲ-ကဲ- စကားများမနေနဲ့၊ အ၀တ် အစားသာလဲပေတော့၊ ရောက်ရောက်ခြင်း မင်္ဂလာပွဲ စမယ်လို့အချိန်စောင့်နေတယ်၊ ပရိသတ် တွေလဲစုံလှပြီ"ဟုဆိုကာ ပြောပြောဆိုဆိုပင်၊ ထက်ကြပ်မကွာအ၀တ်လဲ ခိုင်းပြီး သတို့သမီး မနန်းအေးနှင့် အတူ ပွဲထုတ်လျက်၊ မိဘနှစ်ဘက်စုံညီ လက်ထပ်ပေးစားလိုက်ကြလေ၏။
ညနေ စောင်းလောက်တွင် လက်ထပ်ကိစ္စပြီး၍ ည(၈)နာရီလောက်တွင် ထွန်းတင်သည် သတို့သမီးအား မိမိကားနှင့် တင်ကာ၊ အိမ်သို့ခေါ်ဆောင်ခဲ့ရာ၌၊ လမ်းသို့ရောက်လျှင် ကျောက်လမ်းဘေးမှ မဲမဲ ကောင်ကြီး တကောင်ပြေးထွက်လာပြီး ရုတ်တရက်ကားရှေ့တွင် ပစ်လှဲလိုက်သောကြောင့်၊ အရှိန် နှင့် မောင်းလာသော ကားမှာ ချာကနဲတပတ်ဂျွမ်းလှိမ့်ကာ မှောက်သွားပြီးနောက် ဆေးရုံရောက်မှ သတိရလေတော့သည်။ သတို့သမီးမနန်းအေးမှာ ကားမှောက်ရာတွင် ပွဲချင်းပြီးသေဆုံးရှာလေ ၏။ ဟဲရစ် နှင့် ထွန်းတင် တို့မှာ စောမြအေးလက်ချက်ဟု အတတ်သိကြလေသည်။
သို့ရာတွင် ထွန်းတင်မှာ "စောမြအေးအပေါ်၌၊ စိတ်မကွက်နိုင်ရှာဘဲ၊ မိခင်ကြီးစကားကြောင့်၊ ဘွား ကနဲလက်ထပ်ပြီး၊ နာရီပိုင်းမျှသာ မိမိဇနီးအမည်ခံသွားရရှာသူကလေး မနန်းအေးအားလည်း၊ အချစ်စိတ် များမှ မမွေးမြူရသေးမှီ အသက်ဆုံးရှံးသွားရှသဖြင့်၊ သနားခွင့်ရှိသလောက် သနားနေ မိရှာလေ တော့သည်။
စောမြအေးမှာ စိတ်ဆိုးသုံမှုံသော အသံကလေးနှင့် ထွန်းတင်နား နားသို့ကပ်ခါ-
"ကိုကိုတင်ဟာ ဘာကောင်းသလဲ၊ လူကိုကြောင်တောင်ထားပြီး မယားယူရက်တယ်၊ အေးက တော့ ချစ်လွန်းလို့ ကိုကိုတင့် အနားက တဘဝါးမှ မခွါရက်ဘူး"
ဟု ပြောတတ်လေရာ၊ ထွန်းတင်မှာလည်း၊ သူခမြာဟုတ်ရှာမှာဘဲဟု စဉ်းစားမိကာ-
"ကိုကိုတင့်သဘောနဲ့ ယူတာမဟုတ်ဘူးအေးရယ်၊ ရောက်ရောက်ခြင်း၊ မေမေတို့က မလိမ့်တ ပတ်နဲ့ ဆွဲပြီး လက်ထပ်လိုက်လို့၊ ကိုကိုတင်ငြင်းရင်၊ သူ့ခမြာလဲအရှက်ကွဲသွားမယ်၊ မေမေ လဲ မျက်နှာပျက် တော့မယ်ဆိုပြီး၊ ဇွတ်မှိတ်လိုက်ရတာပါ၊ နောက်များ တော့ ေ၀းပါသေးတယ်၊ ကိုကိုတင်တသက်မယ်လေ ဘယ်မိန်းမ ကိုမှ မယူတော့ဘူး၊ အေးနဲ့ဒီလိုဘဲနေသွားမယ်သိလား၊ အေးဘ၀ကျွတ်သွားတောင် ကိုကိုတင် ဖြစ်ရာဘ၀ ကို လိုက်စောင့်မယ်နော်"
ဟု တကဲ့စေတနာ၊ တကဲ့အချစ်နှင့် ပြောရှာသည်တွင်မှ အစိမ်းမကလေး စောမြအေးမှာ ကျေနပ် သွား တော့သည်။ ဟဲရစ်ကြီးမှာ ကားချစ်သူနှစ်ဦး၏ "မကြင်ရမောင့်ကိုယ်" ဇာတ်ကားကို အလကား တန်းက အမြဲကြည့်လျက် မိမိနှင့် မပေါကြီးတို့၏ အတွင်းရေးအခက်အခဲ ရှိတိုင်းလည်း စောမြအေး ၏အကူအညီ နှင့် ခူရှီကျ၍ နေလေတော့သတည်း။
အထက်ပါ အဖြစ်၊ အပျက်များမှာ ကာယကံရှင် အင်ဂျင်နီယာ မောင်ထွန်းတင်နှင့် အင်္ဂလိပ် ကုန်စုံ စတိုးတိုက်ဆိုင် မန်နေဂျာ မစ္စတာဟဲရစ်တို့ထံမှ တဆင့်ကြားသိရသော အချစ်စိတ်နှင့်လိပ်ပြာစင် သွားရရှာသူ ခေတ်မှီ အစိမ်းမကလေး စောမြအေး၏ အတၳုပ္ပတ္တိကလေးတရပ် ဖြစ်ပေကြောင်း။
ပြီးပါပြီ
”ရွှေစင်ဦး” ဘလော့ဂ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment